မောင်ပိန်လို မလုပ်ကြေး

တစ်ခါက မောင်ပိန်လို့ခေါ်တဲ့ အရက်သမားတစ်ယောက်ရှိတယ်။ တစ်နေ့သူက အရက်လေး တထွေထွေနဲ့ သူတို့ရပ်ကွက်နားက ဘုရားကို ရောက်သွားတယ်။ ဘုရားစောင်းတန်းတစ်လျှောက် လှေကားက တက်လာရင်း ဘေးဘီဝဲယာနံရံပေါ်မှာ သရုပ်ဖော်ထားတဲ့ ပုံတွေကိုလည်း ကြည့်လာ တယ်။ ငါးပါးသီလကို ကျူးလွန်မိရင် ငရဲမှာ ဘယ်လိုဝဋ်ခံရတယ်ဆိုတာ ပန်းချီဆရာကြီးများက သီလတစ်ပါးခြင်းဆီအတွက်ကို ဘုရားဖူးတွေ သိရလေအောင် နံရံပေါ်မှာ သေချာသရုပ်ဖော်ထားတယ်။ မောင်ပိန်လည်း စောင်းတန်းတလျှောက် တက်လာရင်း နံရံက သရုပ်ဖော်ပုံတွေနဲ့ စာတွေကို စိတ်ဝင်တစား ကြည့်ရင်း ထုံးစံအတိုင်း သူ့ရဲ့အသံ ကျယ်လောင်ကျယ်လောင်နဲ့ အသံထွက် ဖတ်လာမိတယ်။
” ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ “ – အင်း.. သူ့အသက်မသတ်ရ ဆိုတာကို သတ်တာကိုး။ ခံ..ခံ ..။ ဒီလိုကံမျိုး ကျူးလွန်သူတွေ ငရဲမှာခံရ.. နည်းတောင်နည်းသေး။ ကိုယ့်အသားပဲ ကိုယ်ဆိတ်ကြည့်ဦး.. နာတတ်ကြသေတာ။ သူများအသက်တစ်ချောင်းကို မဆင်မခြင် ရက်ရက်စက်စက် သတ်တာ..ငရဲကျတာ နည်းတောင်နည်းသေး..။
ဘုရားဖူးလာသူတွေက မောင်ပိန်အသံ ကျယ်လောင်ကျယ်လောင်ကို ကြားတော့ မနေနိုင်တော့ပဲ စောင်းငဲ့ကြည့်ကြတယ်။ ဒါက သူ့ကို လူတွေ စိတ်ဝင်စားလေအောင် အမြဲထွင်လေ့ရှိတဲ့ မောင်ပိန်ရဲ့ အကွက်ရိုးကြီးပေါ့။
” အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ “ – သြ… သူတစ်ပါးပစ္စည်း အချောင်လိုချင်၊ ခိုးချင်သူတွေ၊ ဒီလိုငရဲမျိုး ကျမယ်ဆိုတာ မသိသား ဆိုးဝါးနိုင်လိုက်တာ …။ ကိုယ့်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ဘူး။ သူများပစ္စည်းလိုချင်မျက်စိရှိတော့ စာရိထ္ထက ပျက်စီးပြီပေါ့။ ကိုယ်စရိတ်နဲ့ ကိုယ်သွားပေရော့..။
မောင်ပိန်ကတော့ အာပေါင်အာရင်း သန်သန်နဲ့ စွတ်တင်နေလေတယ်။ သူ့အနားမှာ ရှိနေတဲ့ ဘုရားဖူးတွေက မောင်ပိန်ဆီက ပျံ့လွင့်လာတဲ့ အရက်နံ့ တစ်ထောင်းထောင်းကို နှာခေါင်းအုပ်လျှက်က မောင်ပိန်ရဲ့ တတိယမှတ်ချက်ကို စိတ်ဝင်တစားဖြစ်လာကြတယ်။ မျက်နှာတွေကတော့ ပြုံးစေ့စေ့နဲ့ပေါ့။
” ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ “ - သူများသားမယား ပြစ်မှားချင်သေးတယ်။ လူ့စည်း ဘီလူးစည်း နားမလည်ကြဘူး..။ အော့နှလုံးနာလိုက်တာ။ ဒီလိုလူမျိုးတွေ ငရဲကျတာ မဆန်းဘူး။ နည်းတောင်နည်းသေး ။
ဘုရားဖူးတွေက နီးစပ်ရာကို လက်တွေတို့ကြလေပြီ။ မောင်ပိန်လည်း သူ့ကို လူတွေဝိုင်းကြည့်လေတော့ စိတ်တွေ တက်ကြွလာပြီး အသံကို မူလကထက် ပိုမြှင့်လိုက်တယ်။
” မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ “ – အိုး.. ဟိုး လိမ်ညာပြောလို့ ငရဲမှာတန်းစီ နေရသူ တွေ အောတိုက်ပါလား။ ကိုယ့်သိက္ခာ ကိုယ်မငဲ့.. ကိုယ့်လိပ်ပြာ ကိုယ်မလုံ လျှာအရိုးမရှိတိုင်း လိမ်ချင်သူတွေ ငရဲအိုးထဲ ကျ.. ကျ….ခေါင်းစိုက်ပြီးကို ကျပါစေဗျာ..။
ဘုရားဖူလာသူတွေရဲ့ အာရုံစူးစိုက်မှုက မောင်ပိန်ကို သွေးနထင်ရောက်သွားစေတော့တယ်။ ဒီလိုနဲ့ ပုံတွေကြည့်… စာတွေဖတ်.. ပါးစပ်က တောပြော တောင်ပြော အော်လာလိုက်တာ.. ၅ပါးသီလရဲ့ နောက်ဆုံးသီလကို သရုပ်ဖော်ထားတဲ့ ပုံနေရာလည်း ရောက်ရော… သူ့နဘေး ပတ်ဝန်းကျင်ကို တစ်ချက် အကဲခပ်လိုက်တယ်။ ပြီးမှ….
” သူရာမေရယ …ယ…ယ….မဇ္ဇပ္ပမာဒဌာနာ …..
ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ..မိ..မိ…”
“…ဘာ….”
” သေရည်သေရက်ကို ရှောင်ကျဉ်ရမယ်.. ဟုတ်လား..။ ဟေ့..ဟေ့…ဒီမှာ ငပိန့်ကို အချဉ်မှတ်လို့လား ။ ငပိန့်ကို ဆရာလာမလုပ်ကြ နဲ့..။ မွေးထဲက အရက်ပုလင်းဖက်မွေးလာတာ။ ငရဲလည်း ငါမမှုဘူး။ သောက်ချင်ရာ သောက်မယ်ကွ… ဂေ့ ….. ”
မောင်ပိန်ရဲ့ ဂေ့ကနဲ လေချင်တက်သံလည်းဆုံးရော ဘုရားဖူးတွေရဲ့ ၀ါးကနဲရယ်လိုက်သံတွေက ဘုရားစောင်းတန်းမှာ နားနေတဲ့ ခိုတစ်အုပ်တောင် လန့်ပျံသွားတော့တယ်။
ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ငါတကောကောနေကြပြီး၊ သူများမျက်ချေးသာမြင်တတ်ပြီး၊ ကိုယ်မျက်ချေးကိုယ်မမြင်တတ်သူ မောင်ပိန်လို လူစားမျိုးတွေကို မကြာခဏတွေ့မြင်နေရလေတိုင်း ဒီပုံပြင်လေးထဲက ဘုရားဖူးပရိသတ်တွေလိုပဲ မရိုးနိုင်ပဲ မပြုံးပဲနဲ့ ၀ါးလုံးကွဲ ရယ်ဖြစ်မိပါတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာ မောင်ပိန်လို လူစားတွေ အများကြီးပဲရှင့်..။ ![]()
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Topics: ပြုံးထေ့ထေ့ | 15 Comments »
ငါးချဉ်စားကြသူများ

ဟိုးရှေးရှေးတုန်းက…..
ရွာတစ်ရွာမှာ မောင်နုဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာအမေတစ်ခု သားတစ်ခုဖြစ်ပြီး ဆင်းရဲ နွမ်းပါးပေမယ့် မုဆိုးမအမေအိုကြီးကို ကောက်စိုက်၊ ပျိုးနှုတ်၊ သူရင်းငှါးအလုပ်လုပ်ရင်း ရှာဖွေ ကျွေးမွေးနေတဲ့ သားလိမ်မာတစ်ဦးဆိုရင်လည်း မမှားဖူးလို့ပြောရမှာပါဘဲ။ မောင်နုအမေဟာ မောင်နုကို သူအသက်ထင်ရှား ရှိနေစဉ်မှာ စိတ်ချရလေအောင် အိမ်ထောင်ရက်သားချ ပေးချင်ပေမယ့် သားဖြစ်သူ မောင်နုဟာ ရည်းစားသနာရှိဖို့ဝေးလေစွ၊ အမေကိုယ်တိုင်က ချွေးမလေးတွေလိုက်ရှာဖို့ မ၀ံ့ရဲလှလေအောင် ဘ၀အကျိုးပေးနည်း ရုပ်ဆိုးလှသူတစ်ဦးဖြစ်နေလို့ပါဘဲ။ မောင်နုဘ၀မှာ မှတ်မှတ်ရရ မှန်တစ်ခါသာသေချာကြည့်ဘူးတယ်။ သူလူပျိုပေါက်အရွယ် အမေမရှိခင် အမေ သနပ်ခါးလိမ်းတဲ့ မှန်အကွဲလေးနဲ့ သူ့မျက်နှာကို မထင်မှတ်ပဲ ကြည့်လိုက်မိပါတယ်။ သူတော်တော် စိတ်ဓာတ်ကျသွားမိတယ်။ သူ့ဆံပင်တွေက သန်စွမ်းတယ်။ တောသားပီပီ လုပ်ကြမ်းတွေ လုပ်ရလို့ ခနာကိုယ်က တောင့်တောင့်တင်းတင်းရှိတယ်။ အသားက မဖြူပေမယ့် လတ်တယ်ပြောလို့ရတယ်။ အဲ့ဒီမှာ သူ့မျက်နှာကို ရုပ်ဆိုးလေအောင် ဖျက်ဆီးနေတာက သူ့ရဲ့ သွားတွေပါဘဲ။
ဟုတ်ပါတယ်။ သူ့ပါးစပ်ထဲက ၀ါထိန်နေတဲ့သွားတွေက မညီမညာရတဲ့အထဲ၊ ခေါထွက်၊ ငေါထွက်လို့ တောင်တစ် ချောင်း မြောက်တစ်ချောင်းပေါက်နေလိုက်တာ စကားပြောမလို့ ပါးစပ်များ ဟလိုက်ရင် ပြောင်းဖူးစေ့တွေများ ကျဲပက်ထား သလို။ သူ့ပါးစပ်ကို ပိတ်လို့မရလောက်အောင် ကြီးမားတဲ့ သွားတွေက ညီညာမှုမရှိပဲ ထိုးထောင်ထွက်နေတာ။ ဒီသွားတွေကြောင့် သူက ရွက်ကြမ်း ရည်ကြိုအဆင့်ကို ကျော်လွန်ပြီး ရုပ်ဆိုးတဲ့ အဆင့်ကိုရောက်နေရတာ။ တော်ယုံဂျီကျနေတဲ့ ကလေးငယ်များဆို “ ဟေ့ မောင်နုခေါ်လိုက်ရမလား ” ဆို ခြောက်လိုက်တာနဲ့ ပတ်တောပိတ် တိတ်သွားရလေတာ။ ဒီသွားတွေ ကြောင့် ရှက်လို့ စကားပြောရင် လက်ကလေးနဲ့ ကွယ်ကာကွယ်ကာ ပြောရတယ်။ ဒီသွားတွေကြောင့် ပဲ ရွာကအပျိုတွေက အချင်းချင်း “ ညည်းတို့ လင်ဆန်ရွေးနေကြနော်.. တော်ကြာ မောင်နုနဲ့ ညားလိမ့်မယ် ” လို့ ရယ်သွေးသွမ်းကြတယ်။ ဒီလိုနဲ့ မောင်နုဟာ ဘယ်မှသိပ်မသွားဘူး။ အလုပ်နဲ့လက်မပြတ်လုပ်၊ ပြီးရင် အမေအိုကြီးပြုစု.. ဒါနဲ့ပဲ သူ့ဘ၀အချိန်တွေ ကုန်ဆုံးရတယ်။ ရွာထဲက လူငယ်အုပ်စုတွေထဲမှာ မောင်နုကို မတွေ့ရသလောက်ပဲ။
ဒါပေမယ့် သူလည်းလေ ပုထုစဉ်လူသားပေမို့ မောင်နုတစ်ယောက် သူ သူရင်းငှားလုပ်ရတဲ့ ရွာလည်က အရီးကျော့သမီး မယ်ဖော့ကို နေ့တစ်ဓူဝတွေ့မြင်ရင်း မေတ္တာသက်ဝင်မိလေတယ်။ မယ်ဖော့လေးက ကွမ်းတောင်ကိုင် မဟုတ်ပေမယ့် ချစ်စဖွယ်ညိုချော ၊ လိမ်မာယဉ်ကျေးသူလေးပါဘဲ။ အရီးကျော့က လူကြီးပီပီ မောင်နုသူ့သမီး အပေါ် စိတ်ဝင်စားနေတာ ရိပ်မိတယ်။ အသောက်အစားလည်းကင်း၊ ဖင်ပေါ့ပေါ့နဲ့ အလုပ်ကို မခိုမကပ်ကျိုးစားတဲ့ လူယုံသူရင်းငှားမို့ မောင်နုကို သဘောကျသလိုရှိပေမယ့် သူ့ရဲ့ဆိုးရွားလှတဲ့သွားတွေနဲ့ မျက်နှာကို ကြည့်မိပြန်တော့ ဘယ်လိုမှ သမီးဖြစ်သူနဲ့သဘောတူဖို့ မဖြစ်နိုင်ပြန်ဘူး။ မယ်ဖော့ကလည်း မောင်နုတစ်ယောက် သူမသိငါပိုးလုပ်နေတာ သိနေပေမယ့် ဒီလိုတစ်နေ့လုံးမပြောနဲ့ တစ်မိနစ်လောက် ထိုင်ကြည့်တာတောင် အဆင်မပြေလေအောင် ရုပ်ဆိုးလေတဲ့ မောင်နုကို ခင်မင်ယုံကလွဲလို့ သူ့ရဲ့စာရင်းထဲ လုံးဝမှ ထည့်မထားပါဘူး။
တစ်နေ့ မောင်နုက သူ့အမေကိုပြောတယ်။ “အမေ.. ကျွန်တော် နက်ဖြန်ည တစ်ဖက်ရွာကို အလုပ်ကိစ္စနဲ့ ညအိပ်သွားရမယ်။ မသွားခင် ငါးချဉ်ဟင်းလေး စားချင်တယ်ဗျာ..။ မနက်ဖြန် တစ်ရက်လောက် ချက်ကျွေးပါလား ” လို့ အမေကို ပူဆာလေတယ်။ အမေကလည်း “ ငါ့သား စားချင်ရင် အမေချက်ကျွေးရမှာပေါ့ ” လို့ပြောပြီး နောက်တစ်နေ့ သေသေချာချာ ကျကျနနချက်ကျွေးလေတယ်။ အဲ့ဒီနေ့က မောင်နုလည်း သူစားချင်တဲ့ ငါးချဉ်ဟင်းဆိုတော့ နေ့ရော ညပါစားကောင်းကောင်းနဲ့ တွယ်ပြီး ညရောက်တော့ အမေအိုကြီးကို နှုတ်ဆက်လို့ တစ်ဖက်ရွာကို ခရီးထွက်ခဲ့လေတယ်။ ဒီလိုနဲ့ တစ်ယောက်ထဲ ခရီးထွက်လာလိုက်တာ တစ်ဖက်ရွာထိပ်က ဇရပ်ကြီးဆီရောက်လာပြီး ဇရပ်ထဲက ခဏ၀င် ခရီးတစ်ထောက်နားလေတယ်။
လေကလေးက တဖြူးဖြူးနဲ့ ဇရပ်ကတိုင်ကိုမှီရင်း အနားယူလိုက်တာ စားလာတဲ့ ငါးချဉ်ဟင်းနဲ့ ထမင်းဆိပ် တက်ပြီး အိပ်ပျော် သွားပါလေရော။ အိပ်မောကျလို့ တခေါခေါဟောက် အိပ်ပျော်နေတုန်း အဲ့ဒီ ဇရပ်ကို အပိုင်စိုးရထားတဲ့ ဇရပ်စောင့်ဘီလူးက “ သယ်.. ဘာအသံပါလိမ့်.. ငါအရှင် အိပ်မရအောင် နားအနှောက်ယှက်ပေးလိုက်တာ.. ” ဆို လာအကြည့် ပါးစပ်အဟောင်းသားပွင့်၊ အိပ်ပျော်နေတဲ့ မောင်နုကို တွေ့လေတယ်။ ဒါနဲ့ ဒေါသထွက်ထွက်နဲ့ မောင်နုကိုဖမ်းစားပစ်မှလို့ ကျုံးဝါးနေတုန်း ဘီလူးနှာခေါင်းထဲ မွှေးရနံ့တစ်ခု ရလိုက်တယ်။ ဒါနဲ့ ဘီလူးလဲ နှာခေါင်းလေး ရှုံ့ပွရှုံ့ပွလုပ်လို့ အနံ့ခံလိုက်တော့ ဟောင်းလောင်းပွင့် အိပ်နေတဲ့ မောင်နုပါးစပ်ထဲက ငါးချဉ်နံ့ကိုရလိုက်ပြီး သွားရည်တစ်မျှားမျှားကျလာလေတယ်။ ဒါနဲ့ ဘီလူးလည်း အိပ်မောကျနေတဲ့ မောင်နုရဲ့ဘေးမှာ စပ်ကျမတ်ကျထိုင်လို့၊ မောင်နုပါးစပ်ထဲက တောင်တစ်ချောင်း၊ မြောက်တစ်ချောင်းပေါက်နေတဲ့ သွားတွေကို ဘီလူးတို့ရဲ့တန်ခိုးနဲ့ မနာမကျင်ရလေအောင် တစ်ချောင်းပြီးတစ်ချောင်း ဖြုတ်ယူလို့ သွားကြားထံမှာကပ်ငြိကျန်နေတဲ့ ငါးချဉ်တွေကို စိမ်ပြေနပြေ စုတ်ပြီး စားနေလေတော့တယ်။ ဒီလိုနဲ့ မောင်နုသွားမှာ ကပ်သမျှ ငါးချဉ်တွေ စားအပြီးမှာတော့ ဘီလူးပါ ငါးချဉ်ဆိပ်တက်လာပြီး သူ့ဗိမ္မာန်မှာ ပြန်အိပ်လေတော့တယ်။
မနက်မိုးလင်းလာတော့ မောင်နုလည်း အိပ်ရာကထလို့ လုပ်စရာရှိတာတွေလုပ်အပြီး မွန်းမတိမ်း နေမပြင်းခင် သူ့ရွာကို အသော့ပြန်လာခဲ့တယ်။ ရွာကို ပြန်အ၀င်မှာ သူ့ကိုတွေ့တဲ့ ရွာလူတွေက ကွက်ကြည့် ကွက်ကြည့်လုပ်ကြတယ်။“ မင်း. မောင်နုပါနော်..” ဆိုတဲ့ အူကြောင်ကြောင်မေးခွန်းတွေ မေးတာခံရတယ်။ ရွာထိပ်ရေတွင်းမှာ သောက်ရေချိုခပ်နေကြတဲ့ အပျိုမတွေကလည်း သူ့ကိုကြည့်ပြီး တီးတိုးသဖန်းပိုးလုပ်နေသလို၊ အရင်က ကြောက်ပါတယ်ဆိုတဲ ကလေးတစ်ချို့တောင် ထူးထူး ဆန်းဆန်း သူ့နောက်က လိုက်လာလို့။ အိမ်ဝိုင်းထဲ ၀င်လိုက်တယ်ဆိုရင်ပဲ အမေကိုယ်တိုင်က “ မောင်နု.. သားဘယ်လိုဖြစ်လာတာလဲ..။ ငါ့သား ချောလာလိုက်တာ။ မင်းသွားတွေ ဘယ်လို လုပ်လိုက်လဲ.. ဟင် ” ဆိုပြီး မေးလာလေတော့ မောင်နုလည်း ၀ုန်းကနဲ မှန်အကွဲလေး အပြေးယူကြည့်တယ်။ ဟုတ်ပ။ သူ့သွားတွေ စီရရီနဲ့ ဖြူစင်ညီညာလှပနေပါရော့လား။ မောင်နုရုပ်ကလည်း အရင်ကနဲ့ ဘာမှမဆိုင်တော့အောင်ကို ယောကျာ်းပီပီသသနဲ့ လှပလို့နေတော့တယ်။ ဒီလိုနဲ့ ပုံပြင်လေးကို နိဂုံးချုပ်လိုက်တော့ မောင်နုဟာ ယခင်မောင်နုမဟုတ်တော့လို့ အရီးကျော့လည်း မယ်ဖော့နဲ့သဘောတူ ပေးစားတာကြောင့် သူချစ်သူနဲ့အတူ ပျော်ရွှင်စွာရာသက်ပန် ပေါင်းသင်းနေထိုင်သွားရတော့သတဲ့။ မောင်နုသွားလေးတွေကို ပုလဲသွယ်လိုစီတန်း ညီညာသွားတာအောင် ဘယ်လိုလုပ်လိုက်တယ် ဆိုတာကတော့ ဘီလူးကလွဲလို့ ဘယ်သူမှ မသိနိုင်ပါဘူးတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲကွယ်..။
……………………….@………………………..
ဒီပုံပြင်လေးကို ချက်ကြီးက သူ့ရဲ့သောက်ဖော်သောက်ဖက် ငတုတ်က မနက်စောစော ခပ်ထွေထွေရှိနေတုန်း ပြောပြတာကို နားထောင်လိုက်ရတယ်။ သူတော်တော်လေး စိတ်ဝင်စားသွားတယ်။ ဒါနဲ့ ငတုတ်ကို သူ့ကိုယ်တာထဲက အရက်တစ်စိတ် မျှတိုက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ပြောခိုင်းတယ်။ ချက်ကြီး သေသေချာချာ နားထောင်တယ်။ နားထောင်ပြီးတာနဲ့ ချက်ကြီး အိမ်ကို တစ်ချိုးထဲ သုတ်ချေတင်လေတော့တယ်။ အိမ်ရောက်တော့ အ၀တ်လျှော်ထွက်တော့မယ့် မာတာမိခင်ကို ဆေးပေါ့လိပ်မီးညှိ နေတုန်း လက်မတင်လေး မှီလိုက်တယ်။
“ အမေ.. ဒီနေ့ ဘာဟင်းချက်လဲ..”
“ မနက်စောစော ဒီအရေတွေနဲ့ မျက်နှာသစ်လာပြီး ငါ့ကို ဘာလာရစ်ဦးမလို့လဲ..။ ဘာမှမချက်ထားဘူး။ ချက်စရာပိုက်ဆံလည်းမရှိဘူး။ ထမင်းတစ်လုံးပဲ တည်ထားတယ်။ ဆားဖြူးသာ စားပေတော့ ”
“ ဟာ.. အမေကလဲ.. ကျွန်တော်ဆိုပြောဖို့ချည်းပဲ။ ငါးချဉ်ဟင်းလေးစာချင်လို့ပါ.. ချက်ကျွေးပါဗျာ..”
” ဘာ.. ငါးချဉ်ဟင်းဟုတ်လား..။ ငါးချဉ်ဈေးများ ပေါ့သေးသေးမှတ်လို့။ ကြက်သားထက်တောင် ဈေးကြီးသေးတာ။ သားတစ်ယောက်ရှိတယ် မိဘကိုဘာမှ ကူဖော်လောင်ဖက်မရ။ အရက်လေးက တမြမြနဲ့။ ဟိုလပ်ယား၊ ဒီလပ်ယားနဲ့။ ဟိုစားချင် ဒီစားချင် အာသီသလေးကရှိသေး။ ရူးသလို ပေါသလိုနဲ့ ။ အလိုက်ကန်းဆိုးကို မသိဘူး။ သေသွားတဲ့ နင့်အဖေပဲကောင်းတယ်..။ ငါ့ကို ဒီ.. ဒုက္ခအိုးကွဲနဲ့ ထားခဲ့တယ်.. ဟင်း ”
“ ဟာ..အမေကလဲ ကျွန်တော်ဈေးဖိုးပေးမှာပေါ့။ မနေ့က ကူရောင်းပေးထားတာလေးတွေ ကော်မရှင်ရထားတယ်လေ။ နောက်ပြီး ကျွန်တော်လည်း ညနေတစ်ရာတစ်ကွက် ပေါက်ထားသေး တယ်ဗျ။ အမေဒီနေ့ အ၀တ်လျှော်မထွက်ပါနဲ့တော့ဗျာ ”
ချက်ကြီးက သူ့ရဲ့အရောင်လွင့်ညစ်ပေနေတဲ့ ဂျင်းဘောင်းဘီ အနောက်အိပ်ကပ်ထဲက လိပ်ထည့်ထား တဲ့ ပိုက်ဆံကို ထုတ်လိုက်တယ်။ ပြီးတော့ အမေလက်ထဲကို ပိုက်ဆံနှစ်ထောင်ထည့်ပေးလိုက်တယ်။ လက်ထဲက ပိုက်ဆံကို ဇောင့်ကနဲယူပြီး ဘောက်ဆတ်ဘောက်ဆတ်နဲ့ ထွက်သွားတဲ့ အမေရဲ့ နောက်ကျောကို ကြည့်ပြီး “ အမေ ကောင်းကောင်းလေးချက်ပါနော်..” လို့အော်လိုက်သေးတယ်။
ပြီးတော့ အိကျီ င်္အိတ်ကပ်ထဲက ပြားချက်နေတဲ့ စီးကရက်ကို ထုတ်မီးညှိလိုက်တယ်။ မီးခိုမျှင်တမ်း ထဲမှာတော့ သူတစ်ဖက်သတ် ချစ်ရတဲ့ နွေမရဲ့ သမင်မျက်လုံးနဲ့ လမင်းမျက်နှာကို မြင်နေမိတယ်။ နွေမက လမ်းထိပ်က ဆံပင်အလှပြင်ဆိုင်က။ ချက်ကြီးမျက်လုံးထဲမှာတော့ နွေမသည်သာ အလှ နတ်သမီး။ ချက်ကြီးကို လူတွေက အရူးအပေါလို့ဆိုရင် သတ်ပစ်ချင်အောင်ဒေါသ ထွက်မိပေမယ့် နွေမက “ ကိုချက်ကြီးက ရူးပေါပေါသာနေတာ ခိုင်းရင်သေချာလုပ်ပေးတယ်တော့။ ခင်ဖို့သိပ်ကောင်းတာပဲ ” လို့များ ပြောလိုက်ရင် သဘောတွေခွေ့နေတာ။ တိုင်ဆိုင်လိုက်ပုံကချက်ကြီးက ငတုတ်ပြောပြတဲ့ ပုံပြင်ထဲက မောင်နုလိုပဲ သွားတွေက ထွန်ခြစ်လို ငေါပြီး ခေါထွက်နေတာ။ ပုံပြင်ထဲကလိုများ ပြန်သာကောင်းသွားရင် နွေမလေးကို သူချဉ်းကပ်ရတာ ဒီထက်ပိုလွယ်မှာ။ သူ့ကိုပြန်ချစ်လာမှာ။ မတော် နွေမက သူ့ကိုလိုက်နေတဲ့ ဗွီဒီယိုဆိုင်က ကောင်ကို ပြန်အဖြေပေးလိုက်ရင် သူနောက် ကောက်ကျမှာ။ သူ့အကြံကို ဘယ်သူမှပေးမသိပဲ တစ်ယောက်ထဲ ဒီညပဲ အမြန် အကောင်အထည် ဖော်ဖို့ ဆုံးဖြတ်လိုက်တယ်။
ဒါနဲ့ အမေချက်ကျွေးတဲ့ ငါးချဉ်ဟင်းကို နေ့၊ ည အပြီတွယ်ပြီး ညဖက်မှာတော့ သူက သရဲရော၊ ဘီလူးရှိတယ်လို့ ငတုတ်ပြောဘူးတဲ့ လမ်းထိပ် ညောင်ပင်အောက်က ဟိုးအရင် ကင်းတဲလုပ်ခဲ့ဘူးတဲ့ နေရာလေးကို ရွေးချယ်လိုက်တယ်။ သွားကြားမှာ ကပ်နေတဲ့ ငါးချဉ်တွေ ပြောင်သွားမှာစိုးလို့ ခါတိုင်းလို ထမင်းစားပြီး ရေတောင်မသောက်ခဲ့ဘူး။ ည၁၀နာရီလောက်မှာ ဗွီဒီယိုရုံက အသာလေးလစ်ထွက်လာလို့ အမေပုတို့ဆိုင်မှာ ရဲဆေးတစ်ပက်ဝင်တင်ပြီး ညောင်ပင်အောက်က ကင်းတဲဆီတက်နေလိုက်တယ်။ အမေကတော့ ညစဉ်အိမ်ပြန်နောက်ကျနေကျ ချက်ကြီးကို သတိပြုမိမယ် မထင်ပါဘူး။ ကင်းတဲပေါ်မှာ မျက်စိလေးမှိတ်လို့ အိပ်ချင်ယောင်ဆောင်နေရင်း ချက်ကြီးရင်တွေ တစ်ဒိန်းဒိန်းခုန်နေတယ်။ မောင်နုလို အိပ်မောကျသွားဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့တွေးမိတယ်။ ချက်ကြီး ကင်းတဲပေါ်ရောက်နေတာ တစ်နာရီမကတော့.. နှစ်နာရီနီးပါး ရှိနေပြီ။ ခြင်တွေကလည်းတ၀ီဝီ။ ခွေးတစ်ကောင်ရဲ့ စွဲစွဲငင်ငင် အူလိုက်သံနဲ့၊ လေအဝှေ့မှာ ညောင်ရွက်အချင်းချင်း ပွတ်တိုက်မိသံ တစ်ရှဲရှဲကြောင့် ချက်ကြီးရဲ့ ကျောထဲ စိမ့်ကနဲ ဖြစ်သွားရတယ်။ ဒါနဲ့ ၀တ်လာတဲ့ ပုဆိုးလေးကို ခြေရော၊ ခေါင်းရောလုံအောင် ကွေးကွေးလေး ခြုံလိုက်တယ်။
တထိတ်ထိတ်နဲ့ မှေးကနဲ ဖြစ်သွားချိန်မှာ သူအိပ်နေတဲ့ ကင်းတဲလေး သိမ့်ကနဲ တုန်သွားတယ်။ တစ်စုံတစ်ယောက် ကင်းတဲကို လှေခါးက တစ်ဆင့်တက်လာပြီဆိုတာသိလိုက်တယ်။ လှချင်လွန်း လို့သာ ဒီလိုကြံရတာ။ ကြက်သီးတွေ ဖြန်းကနဲထသွားတယ်။ ချက်ကြီး ပုဆိုးခြုံထဲက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုတ်ပြီး အားတင်းကာ သူ့မျက်နှာပေါ်က ပုဆိုးကို ဘီလူးဖယ်ချိန်မှာ အသင့်ဖြစ် နေအောင် ပါးစပ်လေးများတောင် အဆင်သင့်ဟထားပေးလိုက်တယ်။ ဒါပေမယ့် သူထင်သလို မဖြစ်လာပါဘူး။ “ ဖုန်း ” ကနဲနေအောင် အကန်ခံလိုက်ရလို့ ချက်ကြီးကျောကော့တက် သွားတယ်။ နောက်တစ်ကြိမ် အကန်မှာတော့ “ အောင်မလေးဗျ.. ကြောက်ပါပြီဗျ..” ဆို ငုတ်တုတ်ထိုင်မိလျှက်သား ဖြစ်သွားတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ညကင်းလှည့်တဲ့ ပတ်တရောင်။
နိဂုံးချုပ်လိုက်တော့ နောက်တစ်နေ့မနက် မသကာင်္မှုနဲ့ အဖမ်းခံထားရတဲ့ ချက်ကြီးကို အမေက ရင်ဘတ်စည်တီးပြီး ရဲစခန်းမှာလာတွေ့ရတယ်။ ချက်ကြီးကတော့ အချုပ်သံတိုင်တွေထဲကြားမှာ။ ရပ်ကွက်ထဲကနေ ချက်ကြီး ဘာများဖြစ်တာပါလိမ့်လို့ လာမေးတဲ့သူမရှိပါဘူး။ ချက်ကြီးအကြောင်း လည်း ဘယ်သူမှ တခုတ်တရ ပြောမနေကြပါဘူး။ ချက်ကြီးကလည်း သံဓိဋ္ဌာန်ချထားတယ်။ ကင်းတဲပေါ် ဘာတက်လုပ်လည်းလို့ သူ့ကိုဘယ်သူကပဲ မေးလာလာ ဘူးခံနေလိုက်မယ်လို့ပေါ့။
(ပုံများကို Google မှယူသုံးပါတယ်ရှင်။ မူရင်းရေးဆွဲသူများကို ကျေးဇူးတင်စွာ..)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Topics: ၀တ္ထု | 7 Comments »
အရူးလွယ်အိတ်
လွယ်အိတ်ဆိုတာကို မူကြိုအရွယ် ကျောင်းစတက်ထဲက စတင်ရင်းနှီးခဲ့ရတာပါ။ အဲ့ဒီတုန်းက အခုလို နိုင်ငံခြားဖြစ် ကျောပိုးအိတ်တွေ မပေါ်သေးဘူး ပေါ့။ “က၀” လွယ်အိတ်သေးသေးနီနီလေးကို အမေက ပေးလွယ်တော့ ကိုယ့်ကိုယ်ကို တယ်ဟုတ်တဲ့ငါဆို လွယ်အိတ်လွယ်ရတာကို ဂုဏ်ယူနေခဲ့မိ တာ။ ဒီလိုနဲ့ ပြည်တွင်းဖြစ် ပိတ်လွယ်အိတ်လေးတွေကို အထက်တန်းကျောင်းရောက်တဲ့အထိ မဖြစ်မနေ လွယ်ခဲ့ရပါတယ်။ တက္ကသိုလ်ရောက်ပြန် တော့လည်း ရုပ်ရှင်ထဲက မမတက္ကသိုလ်ကျောင်းသူတွေ ဒီဇိုင်းပုံတူဖမ်းလို့ စာအုပ်လေး တစ်အုပ်နှစ်အုပ်လက်မှာ အဖြစ်ပိုက်လို့ လွယ်အိတ်ကို ဆက်လွယ်ခဲ့ပါတယ်။ အဲ့ဒီအချိန်၊ အဲ့ဒီအရွယ်မှာတော့ ပန်းဖွားလှလှလေးတွေပါတဲ့ ကချင်လွယ်အိတ်တွေ ခောတ်စားခဲ့တာပေါ့။ နောက်.. ကျော်သူ လွယ်အိတ်ဆိုပြီး ထောင်လိုက်အစင်းတွေနဲ့ လွယ်အိတ် အကြီးကြီး တွေခောတ်စားလိုက်သေးတယ်။ ခောတ်အဆက်ဆက် ဘယ်လိုပဲပြောင်းပြောင်း၊ ပြည်ပက ကျောပိုးအိတ် အရောင်သွေးစုံ၊ ဒီဇိုင်းစုံတွေ ပေါ်လာပေမယ့် ပြည်တွင်းဖြစ် လွယ်အိတ်တွေက မတိမ်ကောခဲ့ပါဘူး။
မြသွေးနီလည်း လွယ်အိတ်တွေကို မက်မက်စက်စက် လွယ်ခဲ့ဘူးပါတယ်။ လွယ်ရုံတင်မက လွယ်အိတ်ထဲမှာ စုံစီနဖာထည့်ရတာလည်း အလွန်ကို ၀ါသနာပါလှပါတယ်။ မြသွေးနီငယ်ငယ်ထဲက လွယ်အိတ် ပွပွကြီးတွေဆို အသေကြိုက်ခဲ့တာပေါ့။ ထည့်ချင်သမျှအကုန်သိမ်းကျုံးထည့်တော့တာလေ။ မိန်းကလေးဆိုတော့ လုပ်ငန်းခွင်ထဲရောက်လာပြန်တော့ လွယ်အိတ်နေရာမှာ အစားထိုးလို့ ဆလင်းဘက်လို့ခေါ်ကြတဲ့အိတ်တွေ လွယ်လာရ ပြန်တယ်။ မြသွေးနီကတော့ လွယ်အိတ်ဆို စလွယ်သိုင်းလွယ်လို့ရမှ လွယ်အိတ်လို့ သတ်မှတ်ချင်တာမဟုတ်ပါဘူး။ ပုခုံးမှာလွယ်ထားရလည်း လွယ်အိတ်ပဲပေါ့နော်။ အရူးဆိုတဲ့ ဂုဏ်ပုဒ်လေးပါထပ်ဖြည့်ချင်တာကတော့ သိတဲ့အတိုင်း အရူးကပုံမှန်အသိစိတ်မရှိလေတော့ စိတ်ကူးပေါက်ရာ စုံနီနဖာကို သူ့လွယ်အိတ်ကောက်ထည့်တာ။ မြသွေးနီကတော့ ( တစ်ခါတစ်ခါ လွတ်..လွတ် သွားတာလေးကလွဲလို့) ပုံမှန်အသိစိတ်လေးရှိပေမယ့် ထင်သမျှ၊ မြင်သမျှ ဒီအိတ်ကြီးထဲ ကောက်ကောက်ထည့်တတ်သူပါ။ ဒါကြောင့် မြသွေးနီလွယ်တဲ့ အိတ်ဆို အမြဲတမ်း ဖောင်းကားနေ၊ နင့်နေအောင် လေးနေတတ်တာပါ။ အိတ်တစ်လုံးကို ဓာတ်ကျမိပြီဆိုရင် လည်း ၃..၄..၅လလောက် မလဲစတမ်းကို လွယ်နေတော့တာ။ အရောင်၊ ဒီဇိုင်းဆန်းပြား လွန်းတာ လည်း မကြိုက်တတ်လေတော့ ၀ယ်လိုက်သမျှအိတ်က ညိုရင်ညို၊ မညိုရင်မဲဘဲ။ ကျန်တဲ့အရောင်က ခပ်ရှားရှား။ အိတ်ဆိုရင်လည်း ပုံသဏ္ဍာန် တိတိကျကျ အိတ်မျိုးလုံးဝမှ မကြိုက်တတ်။ သေးသေး ကွေးကွေး မကြိုက်။ ကြီးမှ။ ပျော့ပျော့အိအိ အိတ်လေးတွေမှ ကြိုက်တတ်တာ။ ( လက်ဆောင်ပေးချင်သူတွေ သေချာသိရလေအောင် ကြုံတုန်းကြော်ငြာဝင်ထားတာ)
မြသွေးနီမလွယ်ဖြစ်တော့တဲ့ အိတ်တွေဆို ကြိုးပြတ်ရင်ပြတ်၊ မပြတ်ရင် အတွင်းချုပ်သားတွေပြုတ်ရင်ပြုတ်။ ဒါမှသာအဲ့ဒီအိတ်ကို လွယ်ခြင်းအမှုက စွန့်လွှတ်တာ။ မဟုတ်လို့ကတော့ လိမ်ပိန်ပြီးလွယ်နေ တော့တာ။
အခုလို အစပျိုးခြေဆင်းနေတာ အကောင်းတော့မဟုတ်ပါဘူး။ မြသွေးနီကိုယ်တိုင် သမုတ်ထားတဲ့ အရူးလွယ်အိတ်လို့ခေါ်တဲ့ မြသွေးနီရဲ့ လောလောလတ်လတ် ဓာတ်ကျပြီးလွယ်နေတဲ့ ဆလင်းဘက်အိတ်ကြီးအကြောင်း ပြောပြချင်မိလို့ပါ။ ဒီအိတ်ကြီးကို ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မွေးနေ့လက်ဆောင်ရခဲ့လေတာ။ ဘယ်သူပေးတာလည်း ဟင်..ဟင်… လို့ မမေးနဲ့။ ပြောဘူး။ သတ်လိုက်..။
အိတ်အသစ်ကလည်း မြသွေးနီ အကြိုက် တော်တော်လေးထည့်သိုလို့ရပြီးတော့ အတွင်းအပြင်မှာ အိတ်အသေးလေးတွေ ၅အိတ်လောက် ထပ်ဆောင်းပါနေတော့ ပြောဖွယ်ရာ မရှိပေါ့။ အသစ်လေးရယ်လို့မှ မညှာတာ ပျော်ပျော်ကြီးကို ဆန့်သလောက်ထည့်တော့တာ ။ ဘာရယ်မဟုတ် ဘလော့ဂ်ဂါပီပီ စာရေးဖို့ ကုန်ကြမ်းရှာရင်း တစ်နေ့တစ်နေ့ တနင့်တပိုးလွယ်လွယ်နေရတဲ့ ဒီအိတ်ကို မျက်စိကျမိသွားတယ်။ ဒါနဲ့ စာဖတ်သူတွေကို မြသွေးနီအိတ်ထဲမှာ ဘာတွေများအမြဲ ထည့်သယ်သွားတတ်သလဲဆိုတာ ပြောပြချင်လာမိတယ်။ သည်းညည်းခံပြီး အတူတူကြည့်လိုက်ရအောင်နော်။
ဒီယပ်တောင်လေးက ချွေးတစ်ပြိုက်ပြိုက်ကျအောင် အိုက်တတ်လွန်းသူ ကျွန်မအတွက်မပါမဖြစ်။ သူ့အရင်တစ်ချောင်းက ပျောက်သွားလို့ ဒါလေးကိုတော့ မပျောက်ရလေအောင် သတိလေးထားနေရတယ်။
ဒါလေးကတော့ ပိုက်ဆံထည့်တာ။ အနီးကပ်ဆွဲရိုက်ထားလို့ကြီးနေတာ။ ပိုက်ဆံကို မခေါက်ပဲ အလျားလိုက် ထည့်လောက်အောင်လေးပဲ ရှည်တယ်။ အထဲမှာတော့ ပိုက်ဆံကနည်းနည်း၊ လူအထင်ကြီးအောင် စက္ကူစုတ်တွေ ထည့်ထားရတာပေါ့။
Miss Dior ရေမွှေးပုလင်းပိစိလေး..။ သူကလည်း အရေးအကြောင်း သုံးရလေအောင် ထည့်ထားရတယ်။
ဒီကန်းထရီးအိတ်လေးကတော့ သော့ပေါင်းစုံထည့်တာ။ ရုံးသော့၊ အိမ်သော့၊ ရှိသမျှသော့။
ဒါက Save The Aged အလှူဖြတ်ပိုင်းဘောက်ခြာ။ သွားရင်းလာရင်း အဖွဲ့အတွက်လည်း အလှူငွေကောက်ပေးရသေးတယ်ရှင့်။
ဒီစာအုပ်နဲ့ဘောပင်ကမပါမဖြစ်။ စပ်စပ်စုစု မှတ်တတ်သူဆိုတော့.. မေ့ကလည်းမေ့တတ်တော့ တစ်ခုခုဆို ကောက်မှတ်ပေတော့တာပဲ။ ဘောပင်ကတော့ ပျောက်လို့လွန်းလို့ တော်ရိရော်ရိ ရေးကောင်းရင်ကိုရပြီ။
သူ့အသံကိုယ်မကြား၊ ကိုယ့်အသံကိုယ်ပြန်ကြားနေရတဲ့ Samsung ဖုန်းအစုတ်လေးနဲ့ ပါရမီဖြည့် ဘက်ထရီချာချာလေးပေါ့။
အလှပြင်ပစ္စည်းက နှုတ်ခမ်းဆိုးဆေးနှစ်ချောင်း၊ မက်စ်ကာရာ၊ ကရင်ပတ်ဖ်နဲ့ ဘီးတစ်ချောင်းဆို တော်တော်လေး လှတပတဖြစ်သွားပြီ။
လိပ်စာကဒ်ဘူးလေးကလည်း ပါဦးမှ။
Fujifilm A850အစုတ်လေးပါ။ သူ့ခမျာလည်း ရိုက်လွန်းအားကြီးလို့ အသက်မနည်းဆက်နေရရှာတာ။ ရိုက်တာကတော့ ဘာရိုက်သလဲမမေးနဲ့။ ခွေး၂ကောင်ကိုက်လည်း ရိုက်တာပဲ။ ဓာတ်ကြိုးတွေ ရှုပ်ယှက်ခတ်နေတာလည်း ရိုက်တာပဲ။ တိမ်တွေပြေးနေရင်လည်း ရိုက်တာပဲ။ စပွန်စာလုပ်ပေး မယ့်သူများရှိရင် ” Mya Thway Ni – One Lady Photo Exhibition Show ” ဆိုပြီးတောင် လုပ်လိုက်ချင်မိသေး။
ဘက်ထရီခြောက်၎လုံးက ဆောင်ထားရသေးတယ်။ ဈာန်ဝင်ပြီး ရိုက်နေတုန်း ဘက်ထရီကုန်လို့ ဗျာများခဲ့ဘူးပြီးပြီလေ။
ထီးတစ်လက်ကလည်းပါမှ။ အသားတော်နုနု နေခမှာစိုးမိတယ်လေ…. ခွိ..။
Address Book လေးပေါ့။ ခေါင်းထဲဘယ်တော့မှ မမှတ်ဘူး။ ဒီထဲမှာပဲ။
သူက ” မရှိမဖြစ်စတစ်ခ် ” ။ သူနဲ့ပဲ ထည့ှ်၊ သယ်၊ ကဲ့၊ ကူး နေရတာ။
French Kitty တံဆိပ်နေကာမျက်မှန်လေး။ ဘာ.. အလှအပကြိုက်..ဟုတ်လား။ မျက်လုံးအားနည်းသူရှင့်..။ အလင်းရောင်စူးစူးတွေ လုံး…….၀မှ မခံနိုင်လို့။ ဘုရားစူး.. မှန်တာပြောရင် ကွန်နက်ရှင် ၂၄နာရီ ဆက်တိုက်ကောင်းရပါစေ့။
ကဲ.. ဖတ်ကောင်းကောင်းနဲ့ ဖတ်နေလိုက်တာ ပစ္စည်းအမယ်ဘယ်နှမျိုးဆိုတာတောင် မရေမိဘူးမဟုတ်လား။ ထည့်ထားတာ တကယ့်ကို အများကြီး ပဲနော်။ ကြည့်ပါဦး။
ဒီအိတ်လေးတစ်အိတ်ထဲ ဒီလောက်ထည့်ထားတာ..။ သူ့ခမျာ သနားစရာ။ တစ်နေ့က ရုံးအပြန် ဖုန်းကျန်ခဲ့ပြီထင်လို့ အိတ်ထဲမွနေအောင်ရှာ။ မတွေ့တော့ လမ်းတစ်ဝက်ရောက်မှ ရုံးကိုပြန်။ ရုံးရောက်တော့ ဖုန်းက ရုံးမှာလည်း မရှိ။ ဒါနဲ့ ရုံးဖုံးနဲ့ပြန်ခေါ်ကြည့်တော့ ဖုန်းသံက ဒီအရူးလွယ်အိတ် ချောင်တစ်နေရာကပဲ ထွက်လာတယ်။ ဒီအိတ်ထဲမှာပဲ ပစ္စည်းတွေက သနားစဖွယ် လမ်းပျောက်နေရှာတာ။ ဒါကြောင့် မြသွေးနီက ဒီအိတ်ကို အရူးလွယ်အိတ်လို့ အမည်ပေးလိုက်တာပေါ့ ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Topics: တွေးမိတွေးရာ ရေးမိရေးရာ | 15 Comments »
မြိန်
အရွက်အဖျားအနုလေးတွေကို လက်ညှိုးနဲ့ လက်မထိပ်လေးတွေကို အသုံးပြုလို့ ဆိတ်ကာဖဲ့လိုက်တယ်။ ပြီးမှ ရိုးတိုင်ကိုကိုင်လို့ အရွက်တွေကို တစ်ရွက်ချင်း သွက်သွက်လေး ချွေချလိုက်တယ်။ ပြီးမှ ရိုးတိုင်တလျှောက်ကို လက်နဲ့ ခပ်သာသာဖိချေပြီး အရိုးလေးတွေ ခပ်မွမွလေး ကြေသွားမှ လက်တစ်ဆစ်ခန့်ဆီ ဆတ်ကနဲဆတ်ကနဲ ချိုးလို့ နဘေးနားက ၀ါးဇကာထဲ ထည့်လိုက်တယ်။ ဒီလိုနဲ့ လယ်ကန်စွန်းရွက် ချွန်ချွန်လေးနှစ်စီးစာက ချွေလို့ပြီးသွားတယ်။ သစ်သားစားပွဲဝိုင်း အပုလေးပေါ်မှာတော့ စုံစီနဖာဟင်းရွက်မျိုးစုံနဲ့ နေရာပြည့်လို့။ ကန်စွန်း ပြီးတော့ ဘူးညွန့်အစည်းကို မနော်က ယူလိုက်တယ်။ လတ်ဆတ်လိုက်တဲ့ ဘူးညွန့်တွေ။ ကဗျာဆန်တဲ့ဘူးညွန့်တွေလို့ပဲ ခေါ်လိုက်ချင်မိသေး။ အစိမ်းရောင်အရွက် ဖားဖားတွေကြားက အညွန့်လေးတွေ စပလိမ်လို ကွေ့လိပ်လို့ ၀ဲခွေကျနေပုံက တကယ့်ကို ကဗျာဆန်တဲ့ အလှ။ မနော်က ဘူးရွက်၊ ဘူးညွန့်လေးတွေကို ချွေ၊ ဖဲ့၊ ဆိတ်၊သင်လို့ ၀ါးဇကာထဲက ကန်စွန်းရွက်နဘေးမှာ နေရာချလိုက်လေတယ်။
ပြီးတော့ အလှည့်ကျတဲ့ စားပွဲပုလေးအပေါ်က ပဲညွန့်အစည်းကိုယူလို့ ချည်ထားတဲ့ နှီးစကို ဖြည်လိုက်တယ်။ “ ပဲညွန့်က သိပ်ချိုတာ..။ နုတာလေးပဲ ရွေးထည့်ရမယ်..။ ကျွန်မတို့ရွာမှာဆို အလကားပဲတင်းရတဲ့ အရွက်တွေ..။ ဒီမှာဝယ်စားနေရတော့ အရမ်းကို အံ့သြမိတာပဲ..” မနော်က ပါးစပ်က ပြောလည်းပြော၊ လက်က သိုးသိုးသွက်သွက်နဲ့ ပဲညွန့်တစ်စီးကို ချွေသွားလိုက်တာများ တစ်ခဏလေးသာ။ ပဲညွန့်ချွေပြီးသားလေးလည်း သွားပေဦးတော့ ၀ါးဇကာထဲက ဘူးညွန့်ရွက်တွေရဲ့ နဘေးကို။ ၀ါးဇကာက ဒီအရွက်သုံးမျိုးနဲ့တင် နေရာလပ်မရှိ ပြည့်သွားလေပြီ။
မနော်က ဆင့်ပေါ်မှာ မှောက်ထားတဲ့ ဒန်အိုးလွတ်တစ်လုံးကို ယူလိုက်တယ်။ ဒီတစ်ခါတော့ အချွေခံရမှာက ဟင်းနုနွယ်။ “ဟင်းနုနွယ်က စိတ်ရှည်လက်ရှည် ချွေယူရတာမျိုး..၊ ရေလည်း နိုင်နိုင်ဆေးယူမှ..၊ မဟုတ်ရင် သဲက တရှပ်ရှပ်နဲ့ အရသာပျက်ရော..၊ ကျွန်မ အမေက သူ့ကို စိမ်းစိမ်းအိအိလေးများ ကြော်ကျွေးရင် သိပ်ကြိုက်ရှာတာ” လို့ ပြောရင်း အမေကို သတိရသွားပုံရလေတယ်။ ချွေပြီးသား ဟင်းနုနွယ်ရွက် ထည့်ထားတဲ့ ဒန်အိုးထဲကို ရေလောင်းထည့်လို့ ခဏဘေးမှာ ဖယ်ထားလိုက်တယ်။
“ ဆူးပုတ်ရွက်ချွေပြီးရင် ချွေစရာပြီးပြီ.. ” လို့ပြောရင်း ဆူးပုတ်ရွက်နုနုလေးတွေကို အစည်းလိုက် ရေအရင် ဆေးလိုက်တယ်။ ပြီးမှ အစူးလေးတွေကို သတိထားလို့ ပန်းကန်တစ်ချပ်ထဲ သပ်ချကာချွေထည့်လေတယ်။ “ ဆူးပုတ်က အနံ့သာဆိုးတာ၊ ချွေရတာသာ လက်ဝင်တာ၊ စားရတာ မွှေးပြီးကောင်းမှကောင်း ။ နောက်.. စားပွဲပေါ်မှာ တွေ့ရတဲ့ ပင်စည်မှာ ဖော့အဖြူလေးတွေ ကပ်နေသလို အမြစ်မွှားလေးတွေပါလျှက်က အရွက်သေးသေးလေးတွေနဲ့ ဟင်းရွက်တစ်စည်းကျန်နေလေတော့ “ အဲ့ဒါဘာခေါ်လည်း မနော်..။ အဲ့ဒါရော ထည့်ချက်မှာလား..” လို့ မေးတော့ “ အဲ့ဒါက ချက်စားဖို့ မဟုတ်ဘူး။ ပြီးတော့ သိမယ်.. ဘာအတွက်လည်း..ဆိုတာ ” ..ဆိုပြီး ကျွန်မရဲ့ စိတ်ဝင်စားနေမှုကို အရှိန်မြင့်လေအောင် ပဟေဋ္ဌိဖွက်လိုက်တယ်။
ကျွန်မ စိတ်ပါလက်ပါ ထိုင်ကြည့်နေမိတာ။ မီးဖိုထဲမှာ ဒီနေ့တစ်ရက် သူကိုယ်တိုင် အစအဆုံး စီမံပြီး လျှာလည်သွားအောင် ချက်ကျွေးပါ့မယ်ဆိုတဲ့ မနော်ရဲ့ ဟင်း၊ မနော်ရဲ့ လက်ရာ။ ကျွန်မ အရမ်းကို စိတ်ဝင်စားနေမိတာ။ ပုံမှန်က အိမ်မှာ အမေက ဟင်းရံ စီစဉ်သူ၊ ကျွန်မက ဈေးဝယ်၊ မနော်က ကျွန်မ၀ယ်လာသမျှ ဒိုင်ခံချက်သူ။ ဒီတစ်ခါ အမေ့ကို မနော်က “အန်တီခံတွင်းပျက်နေတယ်ဆို၊ တစ်နေ့ တစ်နေ့ သားကြီး၊ ငါးကြီးတွေ စားနေရတာ ညည်းငွေ့ရောပေါ့..။ ကျွန်မတစ်ရက်လောက် ဟင်းရံစီစဉ်ပြီး ကျွန်မတို့ တောဟင်းချက်ကျွေးပါ့မယ်.. ကျွန်မ ချက်တဲ့ဟင်း တစ်ရက်လောက် စားကြည့်..။ မမြိန်ရင် ကြိုက်သလိုပြော..” ။ ဒါနဲ့ပဲ ကျွန်မတို့ ဒီတနင်္ဂနွေတစ်ရက်အတွက် ဟင်းရံကို မနော်ရဲ့ လက်ထဲ ၀ကွက်အပ်လိုက်တာ။ သူ..ဈေးက ပြန်လာလေတော့ လက်ဆွဲခြင်းတစ်ခုလုံး ဟင်းရွက်တွေနဲ့ ဖောင်းသလံလျှံလို့။ ဈေးခြင်းတောင်းထဲက ပစ္စည်းတွေ တစ်ခုခြင်း ထုတ်တော့ ဟင်းရွက်တွေ အောက်က ငါးဘဲဖြူ သေးသေးလေးတွေက တစ်ထုတ်၊ ငါးပနော် အရွယ်တော်က ၂ကောင်၊ ငါးပိရည်ကြိုက နည်းနည်း၊ ဒညင်းဝက်လည်းပါသေး၊ မျှစ်ဝါသေးသေး ဆုံတိုလေးတွေ၊ ခရမ်းပြုပ်သီးလေးတွေ၊ ကုလားအော် ငရုပ်ကနှစ်တောင့်။
ဈေးခြင်းတောင်းချချခြင်း မနော်က ငါးဘဲဖြူလေးတွေကို နှီးဇကာအဟောင်းထဲ ထည့်လို့ ပွတ်တိုက်လိုက်တယ်။ အံ့သြဖွယ်ရာ တစ်အောင့်လောက် ပွတ်တိုက်ပြီးလို့ ရေဆေးချ လိုက်ရော ငါးအကျည်းခွံသေးသေးလေးတွေက ဓားနဲ့ချွတ်စရာမလိုတော့ဘဲ ရေနဲ့မျောပါသွားတော့တာ။ ပြီးမှ ဓားဦးချွန်လေးနဲ့ တစ်ကောင်စီ စိတ်ရှည်လက်ရှည် ၀မ်းဗိုက်ဖောက်၊ ဗိုက်ထဲက အညစ်အကြေး ကလီစာတွေကို ဓားဦးလေးနဲ့ ဖိလို့ဆွဲထုတ်။ တစ်ကောင်ပြီးတစ်ကောင် လုပ်သွားလိုက်တာများ ကြည့်လို့တောင်ကောင်းလှသေး။ အားလုံးဗိုက်ဖောက်ပြီးတော့ ရေအသန့်နဲ့ထပ်ဆေး၊ ဆား၊ နနွင်း၊ အချိုမှုန့် နည်းနည်းနဲ့ နယ်ထားလိုက်တယ်။ ပြီးတော့ ငါးပနော်၂ကောင်ကိုလည်း အကျည်းထိုး၊ ဓားနဲ့ပါးပါးမွှမ်း၊ တစ်ကောင်ကို ငန်ပြာရည်နည်းနည်းနဲ့ ပြုတ်လိုက်ထားလိုက်တယ်။ တစ်ဆက်ထဲမှာ မီးသွေးမီးဖိုအောက်က လေ၀င်ပေါက်မှာကျနေတဲ့ ပြာပူထဲ ကုလားအော် နှစ်တောင့်နဲ့ ကြက်သွန်နီ တစ်ဥလောက်၊ ကြက်သွန်ဖြူနည်းနည်း ပစ်ထည့်ထားလိုက်သေးတယ်။ ကျွန်မကိုလည်း ဘာမှ ၀င်လုပ်ကူခွင့်မပေးပဲ ” ကြည့်ချင်ရင် ဘေးကနေသာ ငြိမ်ငြိမ်ကြည့်နေ.. ” ဆိုတော့ သူဇယ်ဆက်သလို လုပ်နေတာတွေကို ကျွန်မမှာ မျက်ခြေပြတ်မခံနိုင်ပဲ လိုက်ကြည့်နေမိပါတယ်။ သားကြီး၊ ငါးကြီး မယ်မယ်ရရ ဘာမှမပါလာတဲ့ ဈေးခြင်းထောင်းထဲက ဟင်းလျှာတွေကိုနဲ့ ကျွန်မတို့ကို မနော်တစ်ယောက် ဘယ်လိုဘယ်ပုံများ ထမင်းမြိန်လေအောင် လက်စွမ်းပြမလည်းဆိုတာ မဟာဒယားကြီးကို စိတ်ဝင်စားနေမိတော့တာ။ “ မနော်… တကယ်စားကောင်းမှာ သေချာတယ်နော်..” လို့ ကျွန်မက သူ့ရဲ့ဆွဲဆောင်မှု မရှိလေတဲ့ ဟင်းလျှာတွေကို ကြည့်ပြီးပြောလေတော့ “ သြော်.. ဒါကြောင့် မပြီးခင် ဗမာမမြင်စေနဲ့လို့ ပြောတာ ..” ဆိုပြီး ကျွန်မကို ပြုံးစေ့စေ့နဲ့ စလေတော့ “ ကောင်းပြီ.. ကျွန်မတကယ်စားကောင်းရင် ဟိုနေ့က မနော်က လှတယ်လို့ပြောတဲ့ လမ်းထိပ်စတိုးဆိုင်က တရုပ်ပိတ်ဝမ်းဆက်အစလေး ၀ယ်ပေးမယ်.. ဘယ့်နှယ့်လဲ.. ” လို့ ကျွန်မ စိမ်ခေါ်လိုက်မိတယ်။ မနော်ကတော့ ဘာမှ မပြော။ ပြုံးတုံ့တုံ့နဲ့သာ။
တကယ်တော့ မနော်ကို ကျွန်မကိုယ်တိုင် သွားခေါ်ခဲ့ရတာ။ ကျွန်မ တက္ကသိုလ်ကျောင်း စတက်တော့ အမေကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ အိမ်မှာ အိမ်အလုပ်လည်းကူရအောင်၊ ကျွန်မလည်းအဖော်ရလေအောင် အိမ်အကူတစ်ယောက်လောက်တော့ ရှာမှဆိုလို့ အမေ့မိတ်ဆွေ တစ်ယောက်ရဲ့ အကြံပေးချက်နဲ့ အလုံမစ်ရှင်ကျောင်းလမ်းမှာ အိမ်အကူသွားရှာခဲ့ပါတယ်။ ရောက်သွားတော့ အလုပ်လာခေါ်သူတွေကို တန်းစီပြီး ထိုင်စောင့်နေသူတွေထဲမှာ မနော်ကို ကျွန်မမျက်စိကျသွားရပါတယ်။ ဒူးဆစ်အထိ ရှည်လျှားနက်မှောင်တဲ့ ဆံပင်ကို အုန်းဆီရွှဲနေအောင်လူးလို့ နဖူးအပြောင်သိမ်းကာ စည်းထားလျှက်၊ မျက်လုံးပြူးပြူး၊ မျက်နှာကျဝိုင်းဝိုင်း၊ နဖူးပြင်ကျယ်ကျယ်၊ အရပ်ခပ်ပြတ်ပြတ်နဲ့ ရိုးသားပွင့်လင်းတဲ့ ဟန်ပန်ရှိတဲ့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ ကျန်းမာသန်စွမ်းတဲ့ ကျေးလက်ကရင်တိုင်းရင်းသူ မနော်ကို ကျွန်မစိတ်ကြိုက်ရွေးခေါ်ယူခဲ့ပါတယ်။ ကျွန်မရွေးတာမှန်ခဲ့ပါတယ်။ မနော်ရဲ့ နာမည်အရင်းက “ နော်ခရီးမေ ”၊ မြစ်ဝကျွန်းပေါ် တောင်ပို့ကြီးလို့ ခေါ်တဲ့ ကရင်လူမျိုးတွေ အများစုနေတဲ့ ကျေးရွာလေးက။ မနော်က ကျွန်မထက် အသက်၆နှစ်တောင် ကြီးတယ်။ အစသန်တဲ့ ကျွန်မ၊ မိန်းကလေးအဖော်မရှိလေတဲ့ ကျွန်မအတွက် စိတ်ရှည်တဲ့ မနော်က တကယ့် အဖော်ကောင်း တစ်ယောက်ပါ။ မနော်ကလည်း အဆင့်အတန်း မခွဲခြားတတ်တဲ့၊ ပွင့်လင်းဖော်ရွေတဲ့ ကျွန်မတို့မိသားစုကို မကြာခင်မှာပဲ ခင်တွယ်လာခဲ့ပါတယ်။ အခုတစ်လော ခံတွင်းပျက်နေတယ်လို့ အမေညည်းလိုက်တာကို ကြားပြီး ဒီနေ့တော့ မနော်တစ်ယောက် သူ့စိတ်ကြိုက် လက်စွမ်းပြနေလေပြီ။
“ ကဲ.. စချက်ပြီဝေ့…” လို့ မနော်က အသံပေးပြီး ငရုပ်သီး၊ ကြက်သွန်ကို မွှေးလာတဲ့အထိ ဆီသတ်လိုက်ပြီး ခုနနှပ်ထားတဲ့ ငါးဘဲဖြူများကို ဆီသတ် ဒယ်အိုးထဲထည့်လို့ လက်နှီးလေးနဲ့ ဒယ်အိုးကိုလှုပ်လိုက်၊ အဖုံးလေးအုပ်လိုက်နဲ့ တအောင့်နေတော့ မကျည်းရည်ပျစ်ပျစ်လေးဆမ်းလို့ ဆားပြား၊ အချိုမှုန့်ထည့်ပြီး နံနံပင် လတ်လတ်ဆတ်ဆတ်လေးတွေကို လက်နဲ့နှစ်ပိုင်းချိုးဖြတ်လို့ အပေါ်ကအုပ်ဖြူးကာ ဒယ်အိုးလေးကို လှုပ်ပေးပြန်ပါတယ်။ ငါးအိုးဆီပြန်လို့ မခြောက်ခင်မှာ ခုနပြုတ်ထားတဲ့ ငါးပနော်ကို အရိုးသင်ပါတယ်။ ခဏကြာတော့ ငါးဘဲဖြူအိုးကပ်ဟင်းလေးက ဆီသံတဖျစ်ဖျစ်မြည်လာကာ မွှေးလာပါတယ်။ ငါးဘဲဖြူဟင်းကျက်လေတော့ ငါးပြုတ်ရည်အိုး မီးဖိုပေါ်ပြန်တင်ပြီး ခုနက အရိုးနွှံထားတဲ့ ငါးပနော်အသားများ၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာကို ပွက်ပွက်ဆူလာတဲ့ ပြုတ်ရည်အိုးထဲကို ပစ်ထည့်လိုက်ပါတယ်။ ပြီးတော့ သင်ထားတဲ့ ကန်စွမ်းရွက်၊ ဘူးညွန့်၊ ဟင်းနုနွယ်နဲ့ ပဲညွန့်တို့ကို ကရင်လို သီချင်းတစ်ပုဒ် ပါးစပ်က ညည်းလျှက်က ဟင်းအိုးထဲ ပစ်ထည့်ပြန်တယ်။ ဟင်းအိုးပွက်လို့ ဟင်းရွက်တွေ နူးလာချိန် စောင့်နေတုန်းမှာ ဘယ်ကရှာလာမှန်းမသိတဲ့ ၀ါးသီတံတစ်ချောင်းကို ကျန်တဲ့ ငါးပနော်တစ်ကောင်ကို ပါးစပ်ကနေ အမြှီးထိအောင်လျိုလို့ ငါးကင်ဖို့ ပြင်ပါလေတယ်။ ဟင်းရွက်ပြုတ်အိုး ပွက်လာချိန်မှာ အပေါ့အငန်မြည်းလို့ ငရုပ်ကောင်းလှော်ခတ်၊ ဆူးပုတ်ရွက်ကို နောက်ဆုံးဘိတ် ပစ်ထည့်ပြီး အဖုံးအုပ်ကာ ဖိုပေါ်မှချလိုက်ပါတော့တယ်။
ဆူးပုတ်ရွက်ရနံ့လေးမွှေးလာတော့ ကျွန်မဗိုက်ထဲ ဂွီကနဲတောင် မြည်လာပါတယ်။ အိမ်ရှေ့ကနေ အဖေ့ရဲ့ “ မွှေးတယ်ဟေ့.. ကျက်တာနဲ့ စားမယ်နော် ” လို့ ပြောလိုက်သံကြားလိုက်လို့လားမသိ။ မနော်က ချက်နေတာကို အရှိန်မြှင့်လိုက်လေတယ်။ ခုနသီထားတဲ့ ငါးကင်တံကို မီးဖိုပေါ်မှာ ဟိုသည်လှည့်လို့ ကင်တယ်။ တခဏနေတော့ ငါးကင်နံ့မွှေးမွှေးက နှာဝကို လာကလူလေတယ်။ “ အဲ့ဒီငါးကင်က ဘာလုပ်ဖို့လည်း ” မေးတော့ ငပိရည်ဖျော်မှာဆိုပဲ။ အရွယ်တော် ဟင်းပန်းကန် တစ်လုံးယူပြီး အရိုးထွင်ထားတဲ့ ငါးကင်၊ ခုနက ပြာပူမှာ မီးအုံးထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားအော်ငရုပ်တောင့်တို့ကို လက်နဲ့ ပယ်ပယ်နယ်နယ် ရောသမကာ ဖိချေပါတော့တယ်။ ကျေနပ်လောက်အောင် ချေပြီးတော့မှ စောစောက ကျိုထားတဲ့ ငပိရည်ကျိုကို အပေါ်ကနေလောင်းထည့်တယ်။ ငပိတို့စရာကြိုက်တဲ့ ကျွန်မအတွက် ငါးမီးဖုတ်ငပိရည်ဖျော်စိမ်းမြမြရဲ့ မွှေးရနံ့က စိတ်ကို မထိမ်းနိုင်တော့လေပြီမို့ လျှာဖျားတလျှောက် လျှံတက်လာတဲ့ သွားရည်ကို လည်ချောင်းထဲကို ဂလုကနဲ မျိုချပစ်လိုက်ရပါတယ်။ စိတ်ကိုဘယ်လိုမှ မထိမ်းနိုင်တော့တာနဲ့ ပန်းကန်တွေ ရေဆေးလို့ ထမင်းကို ကြိုတင်ခူးခပ်ထားလိုက်နှင့်ပါတယ်။ အဲ့ဒီအချိန်မှာ မနော်က ဆီဒယ်အိုး မီးဖိုပေါ်တင်လို့ ဒညင်းဝက်ကို အခြမ်းလေးတွေခြမ်းလို့ မီးလက်ကျန်လေးနဲ့ ဆီပူထိုးကာ ကြော်နေပါပြီ။
ကျွန်မလည်း ထမင်းခူးပြီးတာနဲ့ ငါးဘဲဖြူ မကျည်းနှစ်အိုးကပ်ချက်ကို ပန်းကန်နဲ့ထည့်။ အလယ်သောက် ပန်းကန်ကြီးထဲမှာ ငါးပနော်ဟင်းရွက်စုံ ဟင်းချိုပူပူလောင်လောင်ကိုခပ်။ ငါးမီးဖုတ်ငပိရည်ဖျော် မွှေးမွှေးနဲ့ မနော်ယူလာပေးတဲ့ ဒညင်းဝက်ကြော်ပန်းကန်ကို နေရာချ။ တစ်ချိန်ထဲမှာ “ အမေရေ.. စားလို့ရပြီ ” လို့ အိမ်ရှေ့ကို လှမ်းအော်လိုက်တယ်။ ကျွန်မတို့ မိသားစုလေးယောက် ထမင်းဝိုင်းမှာ နေရာယူလိုက်ချိန်မှာ မနော်က တို့စရာဆိုပြီး ပန်းကန်တစ်ချပ်လာချပေးလို့ ကြည့်လိုက်တော့ မျှစ်ပြုတ်ဝါ၀ါလေးတွေနဲ့ အတူ စစချင်းတုန်းက ကျွန်မက ဒါဘာအရွက်တွေလည်း လို့မေးခဲ့ရတဲ့ အရွက်လေးတွေကို ရိုးတံနဲ့အတူ အစိမ်းလိုက် အလောတော်ပိုင်းဖြတ် ထည့်ထားတာ တွေ့ရလေတယ်။ “ ဒါ.. ထိကရုန်းရွက်လေ..။ ကျွန်မတို့ ရွာမှာဆို ပေါချင်းသောချင်း..။ ဒီအတိုင်းပေါက်နေတာ။ ငပိဖျော်နဲ့ တို့စားရင် ခံတွင်းမြိန်ပြီး ဆေးဘက်လည်း ၀င်တယ် ” လို့ မနော်က ပြောပြလေတော့ ကျွန်မတို့ မိသားစုရဲ့ လက်တွေက တို့စရာ ပန်ကန်းပေါ်မှာ ရစ်ဝဲသွားပြန်ပါတယ်။
ကျွန်မတို့ မိသားစုလေးယောက် စကားမပြောနိုင်ကြတော့ပါဘူး။ ငါးဘဲဖြူအိုးကပ်ဟင်းရဲ့ အရသာက အရိုးပါဝါးစားလို့ လျှာမှာ အရာသာစွဲငြိ နေပါတယ်။ ထိကရုန်းအရွက်တွေကို ထမင်းထဲမြုပ်၊ ငပိဖျော်စပ်စပ်နဲ့ တဂျွမ်းဂျွမ်းတို့၊ ဒညင်းဝက်လေးကိုက်လိုက်၊ မျှစ်ကလေးမြုပ်တို့လိုက်နဲ့ ရှူးရှူးရှဲရှဲနဲ့ စပ်လာတော့ ဆူးပုတ်ရွက်နံ့သင်းနေတဲ့ ငရုပ်ကောင်းနိုင်နိုင်နဲ့ ဟင်းရွက်စုံပြုတ်ရည်ပူပူကို တရှူးရှူးမှုတ်သောက်နဲ့။ ထမင်းလုပ်တွေက တစ်လုပ်ပြီးတစ်လုပ် အသောမသတ်နိုင်တော့။ ချွေးသီးချွေးပေါက်တွေက အားလုံးရဲ့ နဖူးမှာ.. နှာသီးဖျားထိပ်မှာ.. နှုတ်ခမ်းတစ်ဝိုက်မှာ တွဲရွဲခိုလို့..။ နှာရည်များတောင်ယိုလာချင်ချင်..။ ထမင်းဝိုင်းမှာ လက်တွေက ရှုပ်ရှက်ခတ်လို့နေပြီ။ ဇွန်းတွေ ခလုပ်တိုက်ကုန်ပြီ။ လက်တွေ ဟင်းပန်းကန်တွေ အပေါ်မှာ မနားတမ်းဝဲပျံနေကြပြီ။ ကျွန်မတို့မိသားစု မနော်ရဲ့ တောဟင်းလက်ရာအောက်မှာ ခေါင်းမဖော်နိုင်တော့လေပြီ။ မနော်လည်း မြိန်ရည်ယှက်ရည် စားနေတဲ့ ကျွန်မတို့ မိသားစုအတွက် ချွေးတလုံးလုံးနဲ့ စားပွဲနဘေးကနေ ထမင်း၊ ဟင်း လိုအပ်တာတွေ ဒရဇပ်လိုက်ပေးလို့။ ထမင်းစားနည်းတဲ့ အမေတောင် နှစ်ပန်းကန်မောက်မောက်စားလို့။ အသားမပါရင် မစားတတ်လေတဲ့ မောင်လေးကလည်း အစားကြီးတဲ့ ကျွန်မကို အမှီလိုက်လို့။ နောက်ဆုံးဘိတ် ဟင်းချိုတစ်ဇွန်းခတ်သောက်အပြီး ကျွန်မရဲ့ဗိုက်က တင်းဖောင်းလို့ ပြည့်အင့်သွားချိန် မနော်ဘာတွေ လုပ်နေပါလိမ့်လို့ မီးဖိုထဲကို လှမ်းကြည့်လိုက်တော့ သူစားဖို့တောင် တစ်စိမကျန်တော့အာင် ပြောင်သလင်းခါသွားလေတဲ့ လေးလုံးချက်ထမင်းအိုးကို ပီတိမျက်နှာနဲ့ ပြုံးပြုံးကြီးရှိလျှက်က ကျွန်မကိုလှမ်းပြလေတယ်။
အင်း… ထမင်းလုံးစီပြီးလို့ နိုးလာရင်တော့ လမ်းထိပ်က စတိုးဆိုင်လေးကို မနော်နဲ့အတူ သွားဦးမှ..။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Topics: ၀တ္ထု | 13 Comments »
မြသွေးနီရဲ့ တစ်နေ့တာအလွဲများ

လွဲတာက မနက်မိုးလင်း မျက်စိနှစ်ကွင်း စဖွင့်ထဲက စလွဲတာ။ ကျွန်မ မနက်အိပ်ရာ ပုံမှန်နိုးချိန်က ၆နာရီခွဲ။ ဒီနေ့မနက်တော့ လုပ်စရာ ကိစ္စလေးတွေ မနက်ရုံးမသွားခင် လုပ်ချင်လေတော့ နာရီနှိုးစက်ကို ညထဲက မနက် ၆နာရီဆို နာရီဝက်လေးစောပြီး သေချာပေးထားခဲ့တာ။ တကယ်တမ်းကျတော့ နာရီက နှိုးစက်က မအော်လေပဲ သီချင်းသံတွေ၊ ကားသံတွေ၊ ပဲပြုတ်သံတွေ ဆူဆူညံလေတော့မှ ကိုယ့်ဟာကိုယ် နိုးထလာရတာ။ နာရီကြည့်လိုက် တော့… အမယ်လေးလေး… ၇နာရီကျော်လို့ ၁၀မိနစ်တောင် စွန်းချင်နေပြီ။ ရုံးမသွားခင်လုပ်ဖို့ စီစဉ်ထားတာတွေ အကုန်ပျက်ရော။ ဓာတ်ခဲအား ကုန်ချင်နေတဲ့ နာရီကိုမှ နှိုးစက်ပေးမိလေတာကိုး။ အဲ့ဒီက စလိုက်တာ..။
ဒီမနက် ရုံးအသွား အထူးသီးသန့်ကားကို ရောက်မရောက် သေချာမေးပြီးမှ တက်စီးတာ။ စပယ်ရာက “ အစ်မ.. အစ်မဆင်းမယ့် မှတ်တိုင်မှာ ကျွန်တော်တို့ကားဂိတ်ဆုံးမှာ ” တဲ့။ ရောက်မယ်ဆိုလို့ စပယ်ရာကို မေးပြီးတက်စီးလိုက်လေကာမှ ကားက ရုံးမရောက်ခင် တစ်မှတ်တိုင် ရုံးရှိရာ ညာဘက်ကွေ့ရမှာကို ဘယ်ဘက်ကွေ့ချလိုက်ပြီး ကျွန်တော်တို့ကားက ရှေ့မှာဂိတ်ဆုံးပါပြီတဲ့။ ဆင်းမယ့်မှတ်တိုင်ရဲ့ ဆန့်ကျင်ဘက်ကို ပျော်ပျော်ကြီး ချိုးကွေ့မောင်းချသွားတဲ့ ကားပေါ်မှာ မြသွေးနီတစ်ယောက် လွဲပြန်ပြီဆိုပြီး စိတ်ထဲ ကျလွိကျလွိနဲ့။ ကားပြန်စီးဖို့ကလည်း ရောက်နေတဲ့ နေရာက ရုံးမရောက်ခင် မှတ်တိုင်နှစ်ခုကြားမှာ။ ဒါနဲ့ ဒီနေ့မှ ရှိုးထုတ်စီးလာမိတဲ့ ဒေါက်ဖိနပ်နဲ့ စောစောစီးစီး ကျဲကျဲတောက်ပူနေတဲ့ ရန်ကုန်မိုးရာသီရဲ့ နေရောင်အောက်မှာ ချွေးတစ်လုံးလုံးနဲ့ အပူရုပ်ကို ဟန်လုပ်လို့ လျှောက်ရပြန်တော့တာပေါ့။
ရုံးရောက်တော့ အလုပ်တွေက ကမ်းမွန်..ကမ်းမွန်နဲ့ မြသွေးနီကို စောင့်ကြိုလို့နေပါပြီ။ မနက်စာဘာမှ မစားရသေးလို့ လက်စွဲတော်သန်းသန်းကို ညှပ်ခေါက်ဆွဲဝယ်ခိုင်းပြီး တစ်နေ့စာ အလုပ်လေးစဖို့ ကိုယ့်ကိုယ်ကို ကီသွင်းလိုက်မိတယ်။ အဲ.. မရွှေသန်းသန်းက ညှပ်ခေါက်ဆွဲမရလို့ အုန်းနို့ခေါက်ဆွဲတွေ ၀ယ်ချလာပြန်လေတော့ အပေါ်သွေးတွေ ခုရက်ပိုင်းတိုးချင်ချင်ဖြစ်နေတာ ခဏမေ့၊ ငါ့ဝမ်းပူစာမနေသာဆိုပြီး ခေါက်ဆွဲတစ်ပန်းကန်လုံး တွယ်ထဲ့လိုက်တယ်။ မှတ်ကရော။ မြသွေးနီတို့ လွဲပြီဆို အဲ့ဒီလိုကို ဆက်တိုက်လွဲနေတော့တာ။ စိတ်တစ်ထင့်ထင့်နဲ့ အလုပ်လုပ်ရင်း ဒီနေ့ ကာစတန်မာတွေ နဲ့ ဘာတွေများ လွဲဦးမလည်း.. သတိထားမှဆိုပြီး စိတ်ပူနေမိသေး။ အလုပ်လေးတွေ အမြန်ဖြတ်လို့ ထမင်းစားချိန် မတိုင်ခင် ညက တစ်ညလုံးရေးလာတဲ့ ဘာသာပြန်ဟာသလေးတွေ ဆိုက်မှာ တင်ဦးမယ်ပေါ့။ အဲ့ဒီမှာ ထပ်လွဲပြန်တယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကြုံနေရတာပါဘဲ။ အလုပ်စလုပ်မယ် မကျန်သေးဘူး.. အင်တာနက်ကွန်နက်ရှင် ဒေါင်းသွားလိုက်တာ ..။ အရင်ကမှ တက်လိုက် ကျလိုက်နဲ့ လာသေးတယ်။ ဒီတစ်ခါတော့ ပြတ်ပြတ်သားသား ကိုးနတ်ရှင်တို့ စိမ်းကားလေတာ မွန်းလွဲ၁နာရီကို ကျော်သွားရော..။ ကျွန်မရဲ့ ရုံးအလုပ်တွေက အင်တာနက်ကို အမှီပြုပြီး ၈၀%လောက်လုပ်ရလေတော့ သွားရှာလေပြီပေါ့။ ခိုင်လုံတဲ့ အတင်းရပ်ကွက်တွေက ပြောတာကတော့ ဆာဗာပြင်နေလို့ ဒီနေ့လုံးဝ ရပ်ထားမယ်ဆိုဘဲ။ သေရောပေါ့။
ဒါနဲ့ နေ့လည်စာစားအပြီး အချိန်ကို အလကားမထားပဲ လုပ်ဖော်ကိုင်ဖက်များနဲ့ ဟိုအရေး၊ ဒီအရေး လိပ်တက်စ်နျူးတွေကို ဂေါ့ဇစ်(ပ်)လုပ်ရင်း ကိုးနတ်ရှင်ကို နာနာမေတ္တာပို့နေတုန်း ရုံးက တိုင်ကပ်နာရီဆီ မျက်စိက ရောက်သွားချိန်မှာ ကျွန်မဘဏ်မှာ ငွေသွားထုတ်ဖို့ကိစ္စ သောင်တင်နေတာကို သတိရလိုက်မိတယ်။ ဘဏ်မှာ ငွေသွားထုတ်တာက ရုံးကိစ္စမဟုတ်ပါဘူး။ ကျွန်မရဲ့ပါစင်နယ်ကိစ္စပါ။ ဒီလိုဆိုလိုက်လို့ “ ဟယ်… မြသွေးနီတစ်ယောက် သာမြင်ညောင်ည မဟုတ်ဘူး.. ဘဏ်မှာ ငွေသွင်းငွေထုတ်တောင် လုပ်နိုင်တဲ့အဆင့်.. အင်းလေ.. ဘာပဲဖြစ်ဖြစ် ကြွားတာမဟုတ်ပေမယ့် ဒီလိုမျိုး ပို့စ်ထဲတော့ ထည့်မရေးသင့်ပါဘူးဟယ် ” လို့ ဆန္ဒတွေစော၊ အတွေးတွေ မချော်ကြပါလေနဲ့နော်။
လွှဲလိုက်တဲ့ငွေက ဒီခောတ်ကြီးမှာ ရှာရင်ခက်၊ သုံးရင် “ဖတ်” ဆိုကုန်သွားမယ့် သုံးသောင်းခွဲလေးပါ။ တကယ်က ငွေကသိပ်မများလှပေမယ့် သွားထုတ်သင့်နေတာ တစ်လကျော်လို့ နှစ်လတောင် ပြည့်ချင်နေပြီ။ ရုံးက ဘတ်စ်ကားစီးသွားရင် ၅မှတ်တိုင်သာဝေးတဲ့ လမ်းမတော်သံဈေးနားက နာမည်ကြီး ဘဏ်ကြီးတစ်ခုမှာ။ အဲ့ဒါလေးကို သွားမထုတ်နိုင်ပဲ မအားတာနဲ့၊ ပျင်းတာနဲ့၊ အားပြန်တော့ ဘဏ်ပိတ်ချိန်က ကျော်နေပြီ။ ဒီလိုနဲ့ ဒီငွေလေးက တစ်အိအိနဲ့ သောင်တင်နေတာ နှစ်လနီးလာပြီ။ အခုလို ရုံးမှာ ကွန်နက်ရှင် ပြတ်ပြတ်သားသားကျနေတုန်း အလကားနေ အလကား အပြေးထုတ်လိုက်ရင် မကောင်းပေဘူးလား။
ဒီငွေ၃သောင်းခွဲက ကျွန်မရဲ့ ချော (အစိမ်းရောင်လွင်ပြင်)က လွှဲပေးထားတဲ့ငွေပါ။ အဲ.. အဲ့ဒီလို ဆိုလိုက်လို့ “ မချောတစ်ယောက် ကျောက်စိမ်းတွင်း တွေပိုင်နေရက်နဲ့ ဒီငွေလေးနဲ့ သူ့ကို ဒီလောက်ခင်တဲ့ မမြသွေးနီကြီးကို ငွေတိုးချေးစားနေတာ မကောင်းပါဘူးဟယ်..” လို့ အထင်တော်မလွဲလိုက် ကြနဲ့ဦး။ ပြီးခဲ့တဲ့ တစ်ခေါက် သူနဲ့ ကျွန်မနှစ်ယောက်လုံးရဲ့ Websiteလေး ဒေါင်းသွားရှာလေတော့ ကျွန်မက ဘလော့ဂ်လောက ကနေ စိတ်လျှော့ လို့ အပြီးအပိုင်အနားယူချင်စိတ်တွေ ပေါက်နေပြီ။ အဲ့ဒီအချိန်မှာ သူက စိတ်မလျှော့၊ အားတွေပေး၊ ဇွဲနပဲနဲ့ စုံစမ်း၊ နောက်ဆုံး ဒိုမိန်းနဲ့ဟိုစတင်ကို ၇သောင်းနဲ့အပိုင် နှစ်ယောက်စပ်တူ ၀ယ်လိုက်ကြတယ်။ သူကအွန်လိုင်းက စုံစမ်းပြီးလုပ်တယ်။ ကျွန်မက ဒီမှာဝန်ဆောင်ခကို ရှင်းပေးရတယ်။ ရှင်းပေးပြီး သိပ်မကြာခင် သူက ခုနပြောတဲ့ သူ့အတွက်ကျသင့်မယ့် ငွေ၃သောင်းခွဲကို ဘဏ်ကိုလွှဲပေးလိုက်လေတာ။
ဒါနဲ့ နေ့လည်၁နာရီခွဲလေပြီမို့ ဘဏ်၂နာရီမပိတ်ခင်အမှီ တက်စီငှားလို့ ကျွန်မဘဏ်ကို ဒုန်းစိုင်းပြေးခဲ့ပါတော့တယ်။ အဲ့ဒီမှာ ဒီနေ့အဖို့နောက်ထပ် အလွဲတစ်ခုနဲ့ မြသွေးနီ ထပ်မံကြုံရ ပြန်လေတယ်။ သံဈေးလို ချိုင်းနားတောင်းမှာ၊ ကုန်သည်တွေ ဈေးဝယ်တွေနဲ့ ဒင်းကြမ်းပြည့်နေတဲ့ နေရာမှာ ဖွင့်ထားတဲ့ ဘဏ်ဆိုတော့ အောက်ထပ်ဝင်ဝင်လိုက်ချင်း လူတွေနဲ့ စည်ကားလို့နေပါတယ်။ ဘဏ်ဆိုတဲ့နေရာကို မိမိကိစ္စအတွက်နဲ့ မြသွေးနီ မရောက်ဖြစ်တာ ၁၀နှစ်နီးပါးရှိနေလေတော့ ချောရဲ့ကောင်းမှုနဲ့ ဘဏ်ထဲမှာ ကျီးကြည့်ကြောင်ကြည့်နဲ့ပေါ့။ မြင်မြင်ချင်း ကောင်တာက အလုပ်ရှုပ်နေတဲ့ အစ်မတစ်ယောက်ကို မ၀ံ့မရဲနဲ့ ငွေလွှဲတာထုတ်ချင်လို့… လို့ မေးလိုက်တော့ အနောက်နားမှာရှိနေတဲ့ အစ်ကိုတစ်ယောက်က ဘေးကလှေခါးကတက်ပြီး ပထမထပ်ကို သွားပါလို့ ပြောပြပေးပါတယ်။ အသက်လေးရလာတော့ လှေကားနှစ်ဆစ်ချိုးတက်တာတောင် အပေါ်ရောက်တော့ မောနေတယ်။ အပေါ်မှာလည်း လူတွေအများသား။ ဒီတစ်ခါတော့ ကောင်တာကို တန်းတန်းမတ်မတ်သွားပြီး ငွေလွှဲထုတ်ချင် လို့ပါလို့ ပြောပြလိုက်တယ်။ မှတ်ပုံတင်ပေးလိုက်တော့ သူတို့ရဲ့ အလုပ်သဘောအရ ၁၅နှစ်သမီး.. ဟိုးထဲက လုပ်ထားတဲ့ ပုံနဲ့ အခုအရွယ် ဆံပင်တိုနဲ့ပုံကို ၃..၄..ကြိမ် အပြန်အလှန် တိုက်ကြည့်လေတယ်။ ဘယ်ကလွှဲတာလဲ.. လို့ မေးခွန်းပြန်ထုတ်တော့ ကျွန်မရုတ်တရက် “အ” သွားပြီး ကျွန်မရဲ့ မီမိုရီတွေကို ရီကောအမြန်လုပ်လိုက်ရတယ်။ ဘယ်ကလွှဲတာလည်း? ချော..ဘယ်ကနေများ လွှဲတာလဲ ? နောက်.. ကျောင်းတုန်းက သင်ထားတဲ့ ပထ၀ီဝင်ကို သတိရလိုက်တယ် ။ တရုပ်ပြည်နယ်စပ်ဆိုတော့ “ရွှေလီ” .. ဟုတ်ပြီ။ ရွှေလီကလွှဲတာလို့ ပြောလိုက်တယ်။ သူတို့ရှာနေကြတယ်။ တော်တော်ကြာတယ်။ ရှာမတွေ့ကြဘူး။ မေးခွန်းထုတ်ပြန်တယ်။ ဘယ်ရက်ကလွှဲတာလဲတဲ့ ။ ကျွန်မကလည်းတိတိကျကျပါပဲ … အဲ..၂လနီးပါးရှိပြီလို့ ဟန်ကိုယ့်ဖို့ဆိုတင်းပြီး ဝေတေ၀ါးတားဖြေလိုက်တယ်။ သူတို့ရှာကြပြန်တယ်။ မတွေ့။ ဒါနဲ့တစ်ယောက်က ကျွန်မကို ဘယ်လောက်လွှဲလိုက်လဲတဲ့။ ဟုတ်သား…. ငွေဘယ်လောက်လွှဲတယ် ပြောရင် ရှာနိုင်သေးတာပဲဆို ၀မ်းသာအားရနဲ့ ၃သောင်းခွဲ…၃သောင်းခွဲပါလို့ ပြောလိုက်တယ်။ အဲ့ဒီမှာ “ ဟာ… အစ်မ ..ဒီအထပ်မှာ ၅သိန်းနဲ့ ၅သိန်းအောက် လွှဲငွေတွေပဲ ထုတ်ပေးတယ်..။ ဟိုမှာ စာကပ်ထားတယ်လေ.. မတွေ့ဘူးလား။ ဒီငွေလေးလောက်နဲ့ဆို အပေါ်ထပ်ကို သွားရမှာ ” လို့ ပြောလာတော့ ကျွန်မမှာ “ ငါ့နှယ် ၃သောင်းခွဲလည်း ငွေပါပဲဟယ်..။ ချော..က အနည်းဆုံး ၁သိန်းလောက်လွှဲပေးရင် ခုလို မျက်နှာငယ်ရမှာ မဟုတ်ဘူး“ ရယ် ဆိုပြီး ၀မ်းနည်းစိတ်လေးတောင် ၀င်လာသလို ဖြစ်သွားမိတယ်။ ၃သောင်းခွဲလည်း ၅သိန်းအောက်မှာ အကြုံးဝင်တာပဲ.. ဟုတ်ဖူးလားလို့ ဇဝေဇ၀ါတွေးမိပြန်တယ်။ ငွေများများထုတ်သူကို အောက်ထပ်သွား၊ ငွေနည်းနည်းထုတ်သူတွေက အပေါ်ထပ်သွား၊ အင်း.. လူတန်းစားတွေမတူညီ၊ ငွေနည်းလေ အထပ်မြင့်မြင့်ကို အမောဆို့အောင် တက်ရလေလေပဲ လား..လို့ မဆီလေးရယ်မှ အို…မဆိုင် တွေးလိုက်မိရင်း တတိယထပ်ကို အသက်၀၀ရှုလို့ ထပ်မံတက်ခဲ့ရပြန်တယ်။
လား..လား ။ တတိယထပ်မှာ လူတွေက ပိုတောင်များနေသေးပါလား။ ဒီတစ်ခါတော့ ၃ထပ်အထိ တက်ခဲ့ရလို့ ပါးရည်နပ်ရည် တော်တော်ရှိလာပြီ။ မေးခွန်းတွေ မမေးလာခင် မှတ်ပုံတင်ကဒ်ထိုးပေးပြီး ကျွန်မနာမည် xxxx ပါ၊ ရွှေလီက ၃သောင်းခွဲလွှဲလိုက်တာ၊ ၂လနီးပါးကြာနေပြီ..လို့ မေးခွန်းတွေမေး မလာခင် စုံစုံစေ့စေ့ သွက်သွက်လေးပြောချလိုက်တယ်။ ကျွန်မပြောတာကို နားထောင်ပြီး သူတို့ ကျေနပ်ပြုံးလား.. ဘာပြုံးလားတော့မသိ..ပြုံးရင်း စာရင်းဟောင်းတွေထဲ လှန်လှောရှာကြပါတယ်။ ခဏကြာတော့ စာရင်းမှာမတွေ့ပါတဲ့။ လွဲပြီ။ တစ်ခုခုတော့ သေချာပေါက်လွဲပြီ။ ဟိုက လွှဲလိုက်သူ နာမည်သိလားတဲ့..? ။ “ ချော- အစိမ်းရောင်လွင်ပြင်” လို့ ပြောထွက်မိတော့မယ့် ပါးစပ်ကို အချိန်မှီ ဘရိတ်အုပ်လိုက်ရတယ်။ ဘေးဘီဝေ့ကြည့်လိုက်တော့ ငွေထုတ်သူတွေဆိုတာ ယောကျာ်းတွေရဲ့ တာဝန်လို့များ သတ်မှတ်ထားလား မသိရလေအောင် ကျွန်မမှတစ်ပါး ကျန်လူအားလုံးက အရွယ်စုံ ယောကျာ်းတွေ။ ကျွန်မရဲ့အဖြစ်ကို ၀ိုင်းကြည့်နေကြပြီ။ ချော..က သူ့နာမည်အရင်းကို ပြောပြဘူးခဲ့ ပေမယ့် သူနဲ့သိကာစက ပြောခဲ့တာဆိုတော့ လုံးဝမမှတ်မိ။ ကျွန်မတောင် ကျွန်မရဲ့နာမည်အရင်း (၄)လုံးကို တစ်ခါတစ်ခါ မေ့နေသေးတာ. သူ့နာမည်၎လုံးမေ့နေတာကို “ ကျွန်မမေ့မိ အပြစ်ရှိသည် ” လို့ ပြောလို့မရ။ ကျွန်မတစ်ကိုယ်လုံး ထူပူလာပြီ။ သံဗ္ဗုဒ္ဓေကို ရွတ်မလို့ရှိသေး ဖုန်းဆက်မေးလို့ ရတာပဲဆိုတာ သတိရလိုက်ပြန်တယ်။ အသိဥာဏ်တွေ ပွင့်လာအောာင် ဘုရားကယ်မတာ။ ဒါနဲ့ အိတ်ထဲက ဖုန်းစုတ်လေးထုတ်၊ လူကြီးမင်းနဲ့မတိုးပါစေနဲ့ ဆုတောင်းရင်း ဂဏန်း၉လုံးနှိပ်ပြီးရော ရှောကနဲ လိုင်းဝင်သွားလိုက်တာ။ ရန်ကုန်နဲ့ တရုပ်ပြည် ဟိုဘက်ခန်း၊ ဒီဘက်ခန်းတောင် ထင်လိုက်မိသေး။ လိုင်းက ၀င်တယ်.. ခေါ်တယ်..ခေါ်တယ်..ခေါ်တယ်။ ဗုဒ္ဓေါ… မကိုင်ပါလား။ အွန်လိုင်းပေါ်မှာ ဘလော့ဂင်ရင်း ဖုန်းသံတောင် မကြားတော့လေဘူးလား။ ဒါမှမဟုတ် ဖုန်းမေ့ကျန်ခဲ့ပြီး အပြင်များ ထွက်သွားလေသလား..။ နောက်ဆုံး ဘယ်လို ခေါ်ခေါ်မရလေတော့မှ စိတ်လျှော့ကာ ဖုန်းချလိုက်ရတယ်။ မြသွေးနီတစ်ယောက် လွဲမိရင် မဆုံးတော့ပါလား။ အဲကွန်းအခန်းထဲမှာ ကျွန်မဇောချွေးတွေနဲ့ နင့်နေပြီ။ အဲ့ဒီအချိန်မှာ ဘဏ်က “ အစ်မရေ.. တွေ့ပြီ.. အစ်မငွေက မူဆယ်ကနေလွှဲထားတာ။ လကျော်နေတော့ တော်တော်ရှာ လိုက်ရတယ် ” ဆိုမှ ၀ုန်းကနဲ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ တရုပ်ပြည်နယ်စပ်မှာ ရွှေလီအပြင် မူဆယ်ရှိတယ်ဆိုတာကို ငါဘာလို့များ မေ့နေတာပါလိမ့်.. ငါ..ငယ်ငယ်ကကျောင်းစာတွေ မကျေသေးပါလားလို့ ကျဉ်းထဲကျပ်ထဲမှာတောင် အူကြောင်ကြောင်နဲ့ စဉ်းစားလိုက်မိသေးတယ်။ ဒါနဲ့ အရွယ်စုံ ပုရိသများကြားမှာ ငွေထုတ်ခွင့်ရဖို့ စောင့်ရပြန်သေးတယ်။ တစ်အောင့်နေတော့ “ x x x x ” လာထုတ်လို့ရပြီဆို ကျွန်မနာမည်ကို မျိုးကြီးကီးနဲ့ လှမ်းအော်လေတော့ ကျွန်မမှာ ရုတ်တရက် လန့်သွားရပြီး ပုရိသများကြားထဲ တိုးဝင်လို့ ရရှိကြောင်း လက်မှတ်အမြန်ထိုးပေးပြီး ပိုက်ဆံ၃သောင်းခွဲထည့်ထားတဲ့ ပလပ်စတစ်အိတ်လေးကို ကျစ်ကျစ်ပါအောင်ဆုတ်လို့ ၃ထပ်ကနေ ဘယ်လိုက ဘယ်လို ဆင်းချလာလိုက်သလည်းမသိ.. လမ်းမပေါ်ကို ရောက်ချလာပါတယ်။ လမ်းမရောက်လို့ ကားသံ၊ လူသံ၊ ဈေးသည်သံတွေကြား ပြန်ရောက်လေမှ လူတစ်ကိုယ်လုံး လွတ်လပ် ပေါ့ပါးသွားလေတော့တယ်။
ရုံးမှာ အင်တာနက် သုံးမရမယ့်အတူတူ၊ တစ်ဖက်လမ်းက ပထမထပ်မှာ ဆိုင်းဘုတ်တပ်ထားတာတွေ့ရတဲ့ အင်တာနက်ဆိုင်ဝင်ပြီး အလုပ်နဲ့ ဆိုင်တဲ့ မေးလ်လေး ၀င်စစ်ဦးမှဆို ပျားပန်းခတ်ရှုပ်ထွေးနေတဲ့ လူတွေ၊ ကားတွေကြားထဲက လမ်းကူးလာခဲ့တယ်။ လှေကားအတိုင်း ပထမထပ်ကိုတက်ပြီး တံခါးပိတ်ထားတာကို ခေါက်လိုက်တယ်။ တံခါးဖွင့်လာသူက တရုပ်လူမျိုး အဖွားအိုတစ်ဦး။ သွားပြီ။ ကျွန်မ လှေကားမှားတက်မြိပန်ပြီ။ ရှက်ရှက်နဲ့ တောင်းပန်ပြီး လှေကားက ဒရောသောပါး ပြန်ဆင်းချလာရတယ်။ မြသွေးနီ လွဲနေတုန်းပါပဲလားဝေ..လို့သာ ငိုချင်းချလိုက်ချင်မိတော့တယ်။ အောက်ပြန်ရောက်တော့ ရုံးက ဖုန်းဝင်လာတယ်။ ကွန်နက်ရှင် ပြန်ရနေပြီတဲ့။ “ရွှီ” … ကျွန်မ လေကလေးတောင် သတိလက်လွတ် ရွှီကနဲ ချွန်လိုက်မိတယ်။ ကျွန်မရုံးကို အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးကာ ပြန်တော့မည်။
ဒါပေသိ… တက်စီငှားမယ်အလုပ် ကျွန်မမျက်လုံးထောင့်ထဲ စာအုပ်တွေကို မြင်လိုက်ရတယ်။ ဟုတ်ပါတယ်။ သန့်ရှင်းသပ်ယပ်တဲ့ အပြင်အဆင်နဲ့ စင်ပေါ်က စာအုပ်အမျိုးအစား အမျိုးမျိုးတို့က ကျွန်မကို မဟာဒရား ဆွဲဆောင်နေပါပြီ။ ပုရွက်ဆိတ် ပျားရည်အိုးတွေ့ပြီ။ ဆိုင်တစ်ခုလုံး ၀ယ်သူဆိုလို့ ကျွန်မတစ်ယောက်ထဲ။ သဘောရှိ ကလောဟိ နာရီဝက်လောက် မွှေအပြီးမှာတော့ ကျွန်မအရမ်းကို ၀ယ်ဖတ်ကာ သိမ်းထားချင်နေမိတဲ့ “ ရန်ကုန်ဘဆွေ ” ရဲ့ “ မြန်မာပြည်သား ” စာအုပ်အပါအ၀င် စာအုပ်၁၀အုပ်လောက် ၀ယ်ဖြစ်လိုက်တယ်။ အရင်းစစ်လိုက်တော့ ကျွန်မကို ချော…လွှဲလိုက်တာက ၃သောင်းခွဲသာ။ အသွားအပြန် ကားငှားခအပါအ၀င်၊ စာအုပ်ဝယ်လိုက်တာ ငွေတစ်သောင်းခွဲနီးပါး ရှောကနဲ ထွက်သွားလေပြီ။ ဟင်.. မဟုတ်သေးပါဘူး။ ချော..က လွှဲလိုက်တယ် ဆိုပေမယ့် ဒါ.. စိုက်ပေးထားတဲ့ ငွေပြန်ရတာဆိုတော့ ငါ့ငွေတွေပဲ။ ရော်… တွေးတာတောင် လွဲနေပြန်သေးပါလား။
ရုံးကို ပြန်လာတဲ့လမ်းမှာ မိုးလင်းထဲက လွဲသင့်တာတွေ တောက်လျှောက်လွဲခဲ့တာမို့ ” အလွဲတွေရယ် ဒီနေ့အဖို့ မြသွေးနီကို သက်ညှာသောအားဖြင့် ထပ်မလွဲပါနဲ့တော့.. ” လို့ ဆုတွေတောင် တောင်းမိလို့…။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Topics: ပြုံးထေ့ထေ့ | 13 Comments »







