မြသွေးနီရဲ့ တစ်နေ့တာအလွဲများ

Number of View: 11297

လွဲတာက မနက်မိုးလင်း မျက်စိနှစ်ကွင်း စဖွင့်ထဲက စလွဲတာ။ ကျွန်မ မနက်အိပ်ရာ ပုံမှန်နိုးချိန်က ၆နာရီခွဲ။ ဒီနေ့မနက်တော့ လုပ်စရာ ကိစ္စလေးတွေ မနက်ရုံးမသွားခင် လုပ်ချင်လေတော့  နာရီနှိုးစက်ကို ညထဲက မနက် ၆နာရီဆို နာရီဝက်လေးစောပြီး သေချာပေးထားခဲ့တာ။ တကယ်တမ်းကျတော့ နာရီက နှိုးစက်က မအော်လေပဲ သီချင်းသံတွေ၊ ကားသံတွေ၊ ပဲပြုတ်သံတွေ ဆူဆူညံလေတော့မှ ကိုယ့်ဟာကိုယ် နိုးထလာရတာ။ နာရီကြည့်လိုက် တော့…  အမယ်လေးလေး… ၇နာရီကျော်လို့ ၁၀မိနစ်တောင် စွန်းချင်နေပြီ။ ရုံးမသွားခင်လုပ်ဖို့ စီစဉ်ထားတာတွေ အကုန်ပျက်ရော။  ဓာတ်ခဲအား ကုန်ချင်နေတဲ့ နာရီကိုမှ နှိုးစက်ပေးမိလေတာကိုး။ အဲ့ဒီက စလိုက်တာ..။

ဒီမနက် ရုံးအသွား အထူးသီးသန့်ကားကို ရောက်မရောက် သေချာမေးပြီးမှ တက်စီးတာ။ စပယ်ရာက “ အစ်မ.. အစ်မဆင်းမယ့် မှတ်တိုင်မှာ ကျွန်တော်တို့ကားဂိတ်ဆုံးမှာ ” တဲ့။ ရောက်မယ်ဆိုလို့ စပယ်ရာကို မေးပြီးတက်စီးလိုက်လေကာမှ ကားက ရုံးမရောက်ခင် တစ်မှတ်တိုင် ရုံးရှိရာ ညာဘက်ကွေ့ရမှာကို ဘယ်ဘက်ကွေ့ချလိုက်ပြီး ကျွန်တော်တို့ကားက ရှေ့မှာဂိတ်ဆုံးပါပြီတဲ့။ ဆင်းမယ့်မှတ်တိုင်ရဲ့ ဆန့်ကျင်ဘက်ကို ပျော်ပျော်ကြီး ချိုးကွေ့မောင်းချသွားတဲ့ ကားပေါ်မှာ မြသွေးနီတစ်ယောက် လွဲပြန်ပြီဆိုပြီး စိတ်ထဲ ကျလွိကျလွိနဲ့။ ကားပြန်စီးဖို့ကလည်း ရောက်နေတဲ့ နေရာက ရုံးမရောက်ခင် မှတ်တိုင်နှစ်ခုကြားမှာ။ ဒါနဲ့ ဒီနေ့မှ ရှိုးထုတ်စီးလာမိတဲ့  ဒေါက်ဖိနပ်နဲ့ စောစောစီးစီး ကျဲကျဲတောက်ပူနေတဲ့ ရန်ကုန်မိုးရာသီရဲ့ နေရောင်အောက်မှာ ချွေးတစ်လုံးလုံးနဲ့ အပူရုပ်ကို ဟန်လုပ်လို့ လျှောက်ရပြန်တော့တာပေါ့။

ရုံးရောက်တော့ အလုပ်တွေက ကမ်းမွန်..ကမ်းမွန်နဲ့ မြသွေးနီကို စောင့်ကြိုလို့နေပါပြီ။ မနက်စာဘာမှ မစားရသေးလို့ လက်စွဲတော်သန်းသန်းကို ညှပ်ခေါက်ဆွဲဝယ်ခိုင်းပြီး တစ်နေ့စာ အလုပ်လေးစဖို့ ကိုယ့်ကိုယ်ကို ကီသွင်းလိုက်မိတယ်။ အဲ.. မရွှေသန်းသန်းက ညှပ်ခေါက်ဆွဲမရလို့ အုန်းနို့ခေါက်ဆွဲတွေ ၀ယ်ချလာပြန်လေတော့ အပေါ်သွေးတွေ ခုရက်ပိုင်းတိုးချင်ချင်ဖြစ်နေတာ ခဏမေ့၊ ငါ့ဝမ်းပူစာမနေသာဆိုပြီး ခေါက်ဆွဲတစ်ပန်းကန်လုံး တွယ်ထဲ့လိုက်တယ်။ မှတ်ကရော။ မြသွေးနီတို့ လွဲပြီဆို အဲ့ဒီလိုကို ဆက်တိုက်လွဲနေတော့တာ။ စိတ်တစ်ထင့်ထင့်နဲ့ အလုပ်လုပ်ရင်း ဒီနေ့ ကာစတန်မာတွေ နဲ့ ဘာတွေများ လွဲဦးမလည်း.. သတိထားမှဆိုပြီး စိတ်ပူနေမိသေး။ အလုပ်လေးတွေ အမြန်ဖြတ်လို့ ထမင်းစားချိန် မတိုင်ခင် ညက တစ်ညလုံးရေးလာတဲ့ ဘာသာပြန်ဟာသလေးတွေ ဆိုက်မှာ တင်ဦးမယ်ပေါ့။ အဲ့ဒီမှာ ထပ်လွဲပြန်တယ်။ ဒါက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကြုံနေရတာပါဘဲ။ အလုပ်စလုပ်မယ် မကျန်သေးဘူး.. အင်တာနက်ကွန်နက်ရှင် ဒေါင်းသွားလိုက်တာ ..။ အရင်ကမှ တက်လိုက် ကျလိုက်နဲ့ လာသေးတယ်။ ဒီတစ်ခါတော့ ပြတ်ပြတ်သားသား ကိုးနတ်ရှင်တို့ စိမ်းကားလေတာ မွန်းလွဲ၁နာရီကို ကျော်သွားရော..။ ကျွန်မရဲ့ ရုံးအလုပ်တွေက အင်တာနက်ကို အမှီပြုပြီး ၈၀%လောက်လုပ်ရလေတော့ သွားရှာလေပြီပေါ့။ ခိုင်လုံတဲ့ အတင်းရပ်ကွက်တွေက ပြောတာကတော့ ဆာဗာပြင်နေလို့ ဒီနေ့လုံးဝ ရပ်ထားမယ်ဆိုဘဲ။ သေရောပေါ့။

ဒါနဲ့ နေ့လည်စာစားအပြီး အချိန်ကို အလကားမထားပဲ လုပ်ဖော်ကိုင်ဖက်များနဲ့ ဟိုအရေး၊ ဒီအရေး လိပ်တက်စ်နျူးတွေကို ဂေါ့ဇစ်(ပ်)လုပ်ရင်း ကိုးနတ်ရှင်ကို နာနာမေတ္တာပို့နေတုန်း ရုံးက တိုင်ကပ်နာရီဆီ မျက်စိက ရောက်သွားချိန်မှာ ကျွန်မဘဏ်မှာ ငွေသွားထုတ်ဖို့ကိစ္စ သောင်တင်နေတာကို သတိရလိုက်မိတယ်။ ဘဏ်မှာ ငွေသွားထုတ်တာက ရုံးကိစ္စမဟုတ်ပါဘူး။ ကျွန်မရဲ့ပါစင်နယ်ကိစ္စပါ။ ဒီလိုဆိုလိုက်လို့ “ ဟယ်… မြသွေးနီတစ်ယောက် သာမြင်ညောင်ည မဟုတ်ဘူး.. ဘဏ်မှာ ငွေသွင်းငွေထုတ်တောင် လုပ်နိုင်တဲ့အဆင့်.. အင်းလေ.. ဘာပဲဖြစ်ဖြစ် ကြွားတာမဟုတ်ပေမယ့် ဒီလိုမျိုး ပို့စ်ထဲတော့ ထည့်မရေးသင့်ပါဘူးဟယ် ” လို့ ဆန္ဒတွေစော၊ အတွေးတွေ မချော်ကြပါလေနဲ့နော်။

လွှဲလိုက်တဲ့ငွေက ဒီခောတ်ကြီးမှာ ရှာရင်ခက်၊ သုံးရင် “ဖတ်” ဆိုကုန်သွားမယ့် သုံးသောင်းခွဲလေးပါ။ တကယ်က ငွေကသိပ်မများလှပေမယ့် သွားထုတ်သင့်နေတာ တစ်လကျော်လို့ နှစ်လတောင် ပြည့်ချင်နေပြီ။ ရုံးက ဘတ်စ်ကားစီးသွားရင် ၅မှတ်တိုင်သာဝေးတဲ့ လမ်းမတော်သံဈေးနားက နာမည်ကြီး ဘဏ်ကြီးတစ်ခုမှာ။  အဲ့ဒါလေးကို သွားမထုတ်နိုင်ပဲ မအားတာနဲ့၊ ပျင်းတာနဲ့၊ အားပြန်တော့ ဘဏ်ပိတ်ချိန်က ကျော်နေပြီ။ ဒီလိုနဲ့ ဒီငွေလေးက တစ်အိအိနဲ့ သောင်တင်နေတာ နှစ်လနီးလာပြီ။ အခုလို ရုံးမှာ ကွန်နက်ရှင် ပြတ်ပြတ်သားသားကျနေတုန်း အလကားနေ အလကား အပြေးထုတ်လိုက်ရင် မကောင်းပေဘူးလား။

ဒီငွေ၃သောင်းခွဲက ကျွန်မရဲ့ ချော (အစိမ်းရောင်လွင်ပြင်)က လွှဲပေးထားတဲ့ငွေပါ။ အဲ.. အဲ့ဒီလို ဆိုလိုက်လို့ “ မချောတစ်ယောက် ကျောက်စိမ်းတွင်း တွေပိုင်နေရက်နဲ့ ဒီငွေလေးနဲ့ သူ့ကို ဒီလောက်ခင်တဲ့ မမြသွေးနီကြီးကို ငွေတိုးချေးစားနေတာ မကောင်းပါဘူးဟယ်..” လို့ အထင်တော်မလွဲလိုက် ကြနဲ့ဦး။ ပြီးခဲ့တဲ့ တစ်ခေါက် သူနဲ့ ကျွန်မနှစ်ယောက်လုံးရဲ့ Websiteလေး ဒေါင်းသွားရှာလေတော့ ကျွန်မက ဘလော့ဂ်လောက ကနေ စိတ်လျှော့ လို့ အပြီးအပိုင်အနားယူချင်စိတ်တွေ ပေါက်နေပြီ။ အဲ့ဒီအချိန်မှာ သူက စိတ်မလျှော့၊ အားတွေပေး၊ ဇွဲနပဲနဲ့ စုံစမ်း၊ နောက်ဆုံး ဒိုမိန်းနဲ့ဟိုစတင်ကို ၇သောင်းနဲ့အပိုင် နှစ်ယောက်စပ်တူ ၀ယ်လိုက်ကြတယ်။ သူကအွန်လိုင်းက စုံစမ်းပြီးလုပ်တယ်။ ကျွန်မက ဒီမှာဝန်ဆောင်ခကို ရှင်းပေးရတယ်။ ရှင်းပေးပြီး သိပ်မကြာခင် သူက ခုနပြောတဲ့ သူ့အတွက်ကျသင့်မယ့် ငွေ၃သောင်းခွဲကို ဘဏ်ကိုလွှဲပေးလိုက်လေတာ။

ဒါနဲ့ နေ့လည်၁နာရီခွဲလေပြီမို့ ဘဏ်၂နာရီမပိတ်ခင်အမှီ တက်စီငှားလို့ ကျွန်မဘဏ်ကို ဒုန်းစိုင်းပြေးခဲ့ပါတော့တယ်။ အဲ့ဒီမှာ ဒီနေ့အဖို့နောက်ထပ် အလွဲတစ်ခုနဲ့ မြသွေးနီ ထပ်မံကြုံရ ပြန်လေတယ်။ သံဈေးလို ချိုင်းနားတောင်းမှာ၊ ကုန်သည်တွေ ဈေးဝယ်တွေနဲ့ ဒင်းကြမ်းပြည့်နေတဲ့ နေရာမှာ ဖွင့်ထားတဲ့ ဘဏ်ဆိုတော့ အောက်ထပ်ဝင်ဝင်လိုက်ချင်း လူတွေနဲ့ စည်ကားလို့နေပါတယ်။ ဘဏ်ဆိုတဲ့နေရာကို မိမိကိစ္စအတွက်နဲ့ မြသွေးနီ မရောက်ဖြစ်တာ ၁၀နှစ်နီးပါးရှိနေလေတော့ ချောရဲ့ကောင်းမှုနဲ့ ဘဏ်ထဲမှာ ကျီးကြည့်ကြောင်ကြည့်နဲ့ပေါ့။ မြင်မြင်ချင်း ကောင်တာက အလုပ်ရှုပ်နေတဲ့ အစ်မတစ်ယောက်ကို မ၀ံ့မရဲနဲ့ ငွေလွှဲတာထုတ်ချင်လို့… လို့ မေးလိုက်တော့ အနောက်နားမှာရှိနေတဲ့ အစ်ကိုတစ်ယောက်က  ဘေးကလှေခါးကတက်ပြီး ပထမထပ်ကို သွားပါလို့ ပြောပြပေးပါတယ်။ အသက်လေးရလာတော့ လှေကားနှစ်ဆစ်ချိုးတက်တာတောင် အပေါ်ရောက်တော့ မောနေတယ်။ အပေါ်မှာလည်း လူတွေအများသား။ ဒီတစ်ခါတော့ ကောင်တာကို တန်းတန်းမတ်မတ်သွားပြီး ငွေလွှဲထုတ်ချင် လို့ပါလို့ ပြောပြလိုက်တယ်။ မှတ်ပုံတင်ပေးလိုက်တော့ သူတို့ရဲ့ အလုပ်သဘောအရ ၁၅နှစ်သမီး.. ဟိုးထဲက လုပ်ထားတဲ့ ပုံနဲ့ အခုအရွယ် ဆံပင်တိုနဲ့ပုံကို ၃..၄..ကြိမ် အပြန်အလှန် တိုက်ကြည့်လေတယ်။ ဘယ်ကလွှဲတာလဲ.. လို့ မေးခွန်းပြန်ထုတ်တော့ ကျွန်မရုတ်တရက် “အ” သွားပြီး ကျွန်မရဲ့ မီမိုရီတွေကို ရီကောအမြန်လုပ်လိုက်ရတယ်။ ဘယ်ကလွှဲတာလည်း? ချော..ဘယ်ကနေများ လွှဲတာလဲ ? နောက်.. ကျောင်းတုန်းက သင်ထားတဲ့ ပထ၀ီဝင်ကို သတိရလိုက်တယ် ။ တရုပ်ပြည်နယ်စပ်ဆိုတော့ “ရွှေလီ” .. ဟုတ်ပြီ။ ရွှေလီကလွှဲတာလို့ ပြောလိုက်တယ်။ သူတို့ရှာနေကြတယ်။ တော်တော်ကြာတယ်။ ရှာမတွေ့ကြဘူး။ မေးခွန်းထုတ်ပြန်တယ်။  ဘယ်ရက်ကလွှဲတာလဲတဲ့ ။ ကျွန်မကလည်းတိတိကျကျပါပဲ …  အဲ..၂လနီးပါးရှိပြီလို့ ဟန်ကိုယ့်ဖို့ဆိုတင်းပြီး ဝေတေ၀ါးတားဖြေလိုက်တယ်။ သူတို့ရှာကြပြန်တယ်။ မတွေ့။ ဒါနဲ့တစ်ယောက်က ကျွန်မကို ဘယ်လောက်လွှဲလိုက်လဲတဲ့။ ဟုတ်သား…. ငွေဘယ်လောက်လွှဲတယ် ပြောရင် ရှာနိုင်သေးတာပဲဆို ၀မ်းသာအားရနဲ့ ၃သောင်းခွဲ…၃သောင်းခွဲပါလို့ ပြောလိုက်တယ်။ အဲ့ဒီမှာ “ ဟာ… အစ်မ ..ဒီအထပ်မှာ ၅သိန်းနဲ့ ၅သိန်းအောက် လွှဲငွေတွေပဲ ထုတ်ပေးတယ်..။ ဟိုမှာ စာကပ်ထားတယ်လေ.. မတွေ့ဘူးလား။ ဒီငွေလေးလောက်နဲ့ဆို အပေါ်ထပ်ကို သွားရမှာ ” လို့ ပြောလာတော့ ကျွန်မမှာ “ ငါ့နှယ် ၃သောင်းခွဲလည်း ငွေပါပဲဟယ်..။ ချော..က အနည်းဆုံး ၁သိန်းလောက်လွှဲပေးရင် ခုလို မျက်နှာငယ်ရမှာ မဟုတ်ဘူး“ ရယ် ဆိုပြီး ၀မ်းနည်းစိတ်လေးတောင် ၀င်လာသလို ဖြစ်သွားမိတယ်။ ၃သောင်းခွဲလည်း ၅သိန်းအောက်မှာ အကြုံးဝင်တာပဲ.. ဟုတ်ဖူးလားလို့ ဇဝေဇ၀ါတွေးမိပြန်တယ်။ ငွေများများထုတ်သူကို အောက်ထပ်သွား၊ ငွေနည်းနည်းထုတ်သူတွေက အပေါ်ထပ်သွား၊ အင်း.. လူတန်းစားတွေမတူညီ၊ ငွေနည်းလေ အထပ်မြင့်မြင့်ကို အမောဆို့အောင် တက်ရလေလေပဲ လား..လို့ မဆီလေးရယ်မှ အို…မဆိုင် တွေးလိုက်မိရင်း တတိယထပ်ကို အသက်၀၀ရှုလို့ ထပ်မံတက်ခဲ့ရပြန်တယ်။

လား..လား ။ တတိယထပ်မှာ လူတွေက ပိုတောင်များနေသေးပါလား။ ဒီတစ်ခါတော့ ၃ထပ်အထိ တက်ခဲ့ရလို့ ပါးရည်နပ်ရည် တော်တော်ရှိလာပြီ။ မေးခွန်းတွေ မမေးလာခင် မှတ်ပုံတင်ကဒ်ထိုးပေးပြီး ကျွန်မနာမည် xxxx ပါ၊ ရွှေလီက ၃သောင်းခွဲလွှဲလိုက်တာ၊ ၂လနီးပါးကြာနေပြီ..လို့ မေးခွန်းတွေမေး မလာခင် စုံစုံစေ့စေ့ သွက်သွက်လေးပြောချလိုက်တယ်။ ကျွန်မပြောတာကို နားထောင်ပြီး သူတို့ ကျေနပ်ပြုံးလား.. ဘာပြုံးလားတော့မသိ..ပြုံးရင်း စာရင်းဟောင်းတွေထဲ လှန်လှောရှာကြပါတယ်။ ခဏကြာတော့ စာရင်းမှာမတွေ့ပါတဲ့။ လွဲပြီ။ တစ်ခုခုတော့ သေချာပေါက်လွဲပြီ။ ဟိုက လွှဲလိုက်သူ နာမည်သိလားတဲ့..? ။ “ ချော- အစိမ်းရောင်လွင်ပြင်” လို့ ပြောထွက်မိတော့မယ့် ပါးစပ်ကို အချိန်မှီ ဘရိတ်အုပ်လိုက်ရတယ်။ ဘေးဘီဝေ့ကြည့်လိုက်တော့ ငွေထုတ်သူတွေဆိုတာ ယောကျာ်းတွေရဲ့ တာဝန်လို့များ သတ်မှတ်ထားလား မသိရလေအောင် ကျွန်မမှတစ်ပါး ကျန်လူအားလုံးက အရွယ်စုံ ယောကျာ်းတွေ။ ကျွန်မရဲ့အဖြစ်ကို ၀ိုင်းကြည့်နေကြပြီ။ ချော..က သူ့နာမည်အရင်းကို ပြောပြဘူးခဲ့ ပေမယ့် သူနဲ့သိကာစက ပြောခဲ့တာဆိုတော့ လုံးဝမမှတ်မိ။ ကျွန်မတောင် ကျွန်မရဲ့နာမည်အရင်း (၄)လုံးကို တစ်ခါတစ်ခါ မေ့နေသေးတာ. သူ့နာမည်၎လုံးမေ့နေတာကို “ ကျွန်မမေ့မိ အပြစ်ရှိသည် ” လို့ ပြောလို့မရ။ ကျွန်မတစ်ကိုယ်လုံး ထူပူလာပြီ။ သံဗ္ဗုဒ္ဓေကို ရွတ်မလို့ရှိသေး ဖုန်းဆက်မေးလို့ ရတာပဲဆိုတာ သတိရလိုက်ပြန်တယ်။ အသိဥာဏ်တွေ ပွင့်လာအောာင် ဘုရားကယ်မတာ။ ဒါနဲ့ အိတ်ထဲက ဖုန်းစုတ်လေးထုတ်၊ လူကြီးမင်းနဲ့မတိုးပါစေနဲ့ ဆုတောင်းရင်း ဂဏန်း၉လုံးနှိပ်ပြီးရော ရှောကနဲ လိုင်းဝင်သွားလိုက်တာ။ ရန်ကုန်နဲ့ တရုပ်ပြည် ဟိုဘက်ခန်း၊ ဒီဘက်ခန်းတောင် ထင်လိုက်မိသေး။ လိုင်းက ၀င်တယ်.. ခေါ်တယ်..ခေါ်တယ်..ခေါ်တယ်။ ဗုဒ္ဓေါ… မကိုင်ပါလား။ အွန်လိုင်းပေါ်မှာ ဘလော့ဂင်ရင်း ဖုန်းသံတောင် မကြားတော့လေဘူးလား။ ဒါမှမဟုတ် ဖုန်းမေ့ကျန်ခဲ့ပြီး အပြင်များ ထွက်သွားလေသလား..။ နောက်ဆုံး ဘယ်လို ခေါ်ခေါ်မရလေတော့မှ စိတ်လျှော့ကာ ဖုန်းချလိုက်ရတယ်။ မြသွေးနီတစ်ယောက် လွဲမိရင် မဆုံးတော့ပါလား။ အဲကွန်းအခန်းထဲမှာ ကျွန်မဇောချွေးတွေနဲ့ နင့်နေပြီ။ အဲ့ဒီအချိန်မှာ ဘဏ်က “ အစ်မရေ.. တွေ့ပြီ.. အစ်မငွေက မူဆယ်ကနေလွှဲထားတာ။ လကျော်နေတော့ တော်တော်ရှာ လိုက်ရတယ် ” ဆိုမှ ၀ုန်းကနဲ ရင်ထဲက အလုံးကြီး ကျသွားတော့တယ်။ တရုပ်ပြည်နယ်စပ်မှာ ရွှေလီအပြင် မူဆယ်ရှိတယ်ဆိုတာကို ငါဘာလို့များ မေ့နေတာပါလိမ့်.. ငါ..ငယ်ငယ်ကကျောင်းစာတွေ မကျေသေးပါလားလို့ ကျဉ်းထဲကျပ်ထဲမှာတောင် အူကြောင်ကြောင်နဲ့ စဉ်းစားလိုက်မိသေးတယ်။ ဒါနဲ့ အရွယ်စုံ ပုရိသများကြားမှာ ငွေထုတ်ခွင့်ရဖို့ စောင့်ရပြန်သေးတယ်။ တစ်အောင့်နေတော့ “ x x x x ” လာထုတ်လို့ရပြီဆို ကျွန်မနာမည်ကို မျိုးကြီးကီးနဲ့ လှမ်းအော်လေတော့ ကျွန်မမှာ ရုတ်တရက် လန့်သွားရပြီး ပုရိသများကြားထဲ တိုးဝင်လို့ ရရှိကြောင်း လက်မှတ်အမြန်ထိုးပေးပြီး ပိုက်ဆံ၃သောင်းခွဲထည့်ထားတဲ့ ပလပ်စတစ်အိတ်လေးကို ကျစ်ကျစ်ပါအောင်ဆုတ်လို့ ၃ထပ်ကနေ ဘယ်လိုက ဘယ်လို ဆင်းချလာလိုက်သလည်းမသိ.. လမ်းမပေါ်ကို ရောက်ချလာပါတယ်။ လမ်းမရောက်လို့ ကားသံ၊ လူသံ၊ ဈေးသည်သံတွေကြား ပြန်ရောက်လေမှ လူတစ်ကိုယ်လုံး လွတ်လပ် ပေါ့ပါးသွားလေတော့တယ်။

ရုံးမှာ အင်တာနက် သုံးမရမယ့်အတူတူ၊ တစ်ဖက်လမ်းက ပထမထပ်မှာ ဆိုင်းဘုတ်တပ်ထားတာတွေ့ရတဲ့ အင်တာနက်ဆိုင်ဝင်ပြီး အလုပ်နဲ့ ဆိုင်တဲ့ မေးလ်လေး ၀င်စစ်ဦးမှဆို ပျားပန်းခတ်ရှုပ်ထွေးနေတဲ့ လူတွေ၊ ကားတွေကြားထဲက လမ်းကူးလာခဲ့တယ်။ လှေကားအတိုင်း ပထမထပ်ကိုတက်ပြီး တံခါးပိတ်ထားတာကို ခေါက်လိုက်တယ်။ တံခါးဖွင့်လာသူက တရုပ်လူမျိုး အဖွားအိုတစ်ဦး။ သွားပြီ။ ကျွန်မ လှေကားမှားတက်မြိပန်ပြီ။ ရှက်ရှက်နဲ့ တောင်းပန်ပြီး လှေကားက ဒရောသောပါး ပြန်ဆင်းချလာရတယ်။ မြသွေးနီ လွဲနေတုန်းပါပဲလားဝေ..လို့သာ ငိုချင်းချလိုက်ချင်မိတော့တယ်။ အောက်ပြန်ရောက်တော့ ရုံးက ဖုန်းဝင်လာတယ်။ ကွန်နက်ရှင် ပြန်ရနေပြီတဲ့။ “ရွှီ” … ကျွန်မ လေကလေးတောင် သတိလက်လွတ် ရွှီကနဲ ချွန်လိုက်မိတယ်။ ကျွန်မရုံးကို အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးကာ ပြန်တော့မည်။

ဒါပေသိ… တက်စီငှားမယ်အလုပ် ကျွန်မမျက်လုံးထောင့်ထဲ စာအုပ်တွေကို မြင်လိုက်ရတယ်။ ဟုတ်ပါတယ်။ သန့်ရှင်းသပ်ယပ်တဲ့ အပြင်အဆင်နဲ့ စင်ပေါ်က စာအုပ်အမျိုးအစား အမျိုးမျိုးတို့က ကျွန်မကို မဟာဒရား ဆွဲဆောင်နေပါပြီ။ ပုရွက်ဆိတ် ပျားရည်အိုးတွေ့ပြီ။ ဆိုင်တစ်ခုလုံး ၀ယ်သူဆိုလို့ ကျွန်မတစ်ယောက်ထဲ။ သဘောရှိ ကလောဟိ နာရီဝက်လောက် မွှေအပြီးမှာတော့ ကျွန်မအရမ်းကို ၀ယ်ဖတ်ကာ သိမ်းထားချင်နေမိတဲ့ “ ရန်ကုန်ဘဆွေ ” ရဲ့ “ မြန်မာပြည်သား ” စာအုပ်အပါအ၀င် စာအုပ်၁၀အုပ်လောက် ၀ယ်ဖြစ်လိုက်တယ်။ အရင်းစစ်လိုက်တော့ ကျွန်မကို ချော…လွှဲလိုက်တာက ၃သောင်းခွဲသာ။ အသွားအပြန် ကားငှားခအပါအ၀င်၊ စာအုပ်ဝယ်လိုက်တာ ငွေတစ်သောင်းခွဲနီးပါး ရှောကနဲ ထွက်သွားလေပြီ။ ဟင်.. မဟုတ်သေးပါဘူး။ ချော..က လွှဲလိုက်တယ် ဆိုပေမယ့် ဒါ.. စိုက်ပေးထားတဲ့ ငွေပြန်ရတာဆိုတော့ ငါ့ငွေတွေပဲ။ ရော်… တွေးတာတောင် လွဲနေပြန်သေးပါလား။

ရုံးကို ပြန်လာတဲ့လမ်းမှာ မိုးလင်းထဲက လွဲသင့်တာတွေ တောက်လျှောက်လွဲခဲ့တာမို့  ” အလွဲတွေရယ် ဒီနေ့အဖို့ မြသွေးနီကို သက်ညှာသောအားဖြင့် ထပ်မလွဲပါနဲ့တော့.. ” လို့ ဆုတွေတောင် တောင်းမိလို့…။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ပြုံးထေ့ထေ့. Bookmark the permalink.

15 Responses to မြသွေးနီရဲ့ တစ်နေ့တာအလွဲများ

  1. ဟိဟိ ဖုန်းမကိုင်တာက ဖုန်းကို အပြင်ဧည့်ခန်းမှာထားခဲ့ပြီး အခန်းတံခါးပိတ်လို့ အိပ်ပျော်နေခဲ့တာပါရှင်။
    မနေ့ညက ခေါင်းတွေတအားကိုက်လို့ ကောင်းကောင်းအိပ်မပျော်တာနဲ့ နေ့လည်ကျတော့ အခန်းထဲဝင်ပြီး အိပ်နေလိုက်တာ..
    ညနေမှ အစ်မရဲ့ missed calls နဲ့ Message ကိုတွေ့တာ… ဆောရီး…ဆောရီး
    ဘာဘဲဖြစ်ဖြစ် ရေးစရာ စာတစ်ပုဒ်ရသွားတယ် မဟုတ်လား.. ကျေးဇူးတင်လိုက်ပါ.. ဟဲဟဲ.
    ခပ်လွှဲလွှဲဘဲ ကောင်းပါတယ် အစ်မရယ်..း)

  2. shwezinu says:

    မမြသွေးနီ ရေ

    အလွဲလေး တွေ ဖတ်ပြီး ရီသွားတယ် ညီမ က စာရေးကောင်းတယ် တကယ် မျက်လုံးထဲမှာ မြင်လာတယ် ဟုတ်ပ ချောက လွဲမယ့် လွဲ သုံးသိန်းခွဲ လောက် လွဲရောပေါ့

    ခင်တဲ့
    ရွှေစင်ဦး

  3. ဖြစ်ရမယ်လေ…မြသွေးရယ်..။ ရေးတတ်တော့လည်း ချောပြောသလို စာတပုဒ် ရသွားသပေါ့…ဟ ဟ :P

  4. Ko Gyi says:

    တစ်ခါတစ်လေတော့လည်း လွဲလွဲလေးပဲ ကောင်းမနေဘူးလား အစ်မရယ်

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}

  5. ဒီကိစ္စ မချောမှာ တာဝန်ရှိသည် လို့ရေးတာ..။ဘယ်လိုဖြစ်တယ်မသိဘူး..။ ခုတော့ မမြသွေးမှာပါ တာဝန်ရှိသွားပြီ..။
    လွဲတဲ့ အကြောင်းတွေရေးမှတော့ ကွန်မန့် ပေးတဲ့သူပါလွဲကုန်ပြီ..။

  6. မယ်မြရေ…..ခပ်လွဲလွဲလေးပဲကောင်းပါတယ်

  7. obuma says:

    ၁၅နှစ်သမီး.. ဟိုးထဲက လုပ်ထားတဲ့ ပုံ(အဲဒီ..ပုံလေးတင်ဖို့ဆရာမမေ့နေတယ်)

    “ x x x x ” လာထုတ်လို့ရပြီဆို( ကြက်ခြေခတ်မှာ..ဆရာမစာရေးဖို့မေ့နေတယ်.)

    ရုံးက ဘတ်စ်ကားစီးသွားရင် ၅မှတ်တိုင်သာဝေးတဲ့ လမ်းမတော်သံဈေးနား.(ကားနံပတ်ရေးမထားတော့.ရုံးကိုသိရတော့ဘူး)

    အိတ်ထဲက ဖုန်းစုတ်လေးထုတ်(နံပတ်ပြောဖို့ဆရာမမေ့နေတယ်)

    ဟူး…………….မောပါ့…

  8. မမရဲ့ လွဲလွဲလေးဖတ်ပြီး ပူအိုက်လိုက်မယ် ဖြစ်ခြင်း..။
    ခင်မင်လေးစားတဲ့

  9. လွဲပါစေ … လွဲလွဲလေးလည်း ကောင်းပါတယ် လို့ ကိုငှက် က ရင့်ကျူးထားတာပဲ …
    ငြိမ်းစိုးဦး

  10. မမမြသွေး..
    ဖတ်ပြီးမောသွားတာပဲ.. မချောကနည်းနည်းပဲလွှဲတော့အထပ်အမြင့်ကြီးတက်ရတော့တာပေါ့.. အနည်းဆုံးတော့
    ငါးသိန်းလောက်လွှဲသင့်တယ်နော်မမ..။
    ချစ်တဲ့
    ညီမသဒ္ဓါ

  11. ဇင်အိ says:

    ……………မမ မို့ ရေးတတ်တယ်.. ဒါမျိုးက လူတိုင်းတွေ့ကြုံဖူးကြပါတယ်..
    ညလေးတို့ဆိုရင်တော့ ဖြစ်တယ်..ဖြစ်ခဲ့ကြုံခဲ့တယ်ဆိုတာနဲ့ ပြီးသွားမှာ..
    ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းတယ်

  12. လွဲလွဲလေးလည်း ကောင်းပါတယ်ဗျာ
    ကျွန်တ်ာတို့ ဖတ်ရင်းနဲ့ ရီရတာပေါ့
    :)

  13. မောတောင် မောတယ် ။
    ကျနော်ဆိုရင် ဘာကို စိတ်တိုမှန်းမသိ တိုနေမိတော့မှာပဲ။။
    နေ့လည်ဘက် လွဲတာပဲ ရှိသေးတယ်။ ညနေနဲ့ ညဘက် အကြောင်းပါ ဆက်လွဲ အဲ ဆက်ရေးအုံးလေ ။

  14. ဟားဟား….အစ်မကတော့လေ ဖြစ်ရမယ်….ဒီမှာဖတ်ပြီး တစ်ဟားဟားနဲ့ရီနေရတယ် :D

    ချစ်ခင်လေးစားစွာ
    ဂျင်း

  15. နွေ says:

    oh….is from is get air basket :P ဖြစ်မှဖြစ်ရလေခြင်း

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>