ပီတိ
Number of View: 17621
ဒီနေ့တော့ စာဖတ်သူတွေကို သိပ်မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်အပျက်လေး တစ်ခုကို ဒီပို့စ်လေးနဲ့ ပြောပြချင်မိတယ်ရှင့်။
အဲ့ဒီနေ့က ဘတ်စ်ကားပေါ်ကဆင်းလို့ ကတ္တရာလမ်းပေါ် ခြေချမိတာနဲ့ လက်ထဲက နာရီကို ကျွန်မကြည့်လိုက်မိတယ်။ ၉နာရီထိုးဖို့ ၁၅မိနစ်။ တဖွဲဖွဲကျနေတဲ့ မိုးစက်မှုန်တွေကို ကာကွယ်ဖို့ အိတ်ထဲက ထီးကို ထုတ်ဖွင့်လိုက်တယ်။ ဒီမှတ်တိုင်ကနေ ရုံးကိုလျှောက်ဖို့ဆိုရင် ၅မိနစ်လောက်ပဲ ကြာမှာမို့ တဂွီဂွီနဲ့ ဆန္ဒပြနေတဲ့ အစာအိမ်မီးကို ငြှိမ်းသတ်ဖို့ ကားမှတ်တိုင်နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ခြံဝင်းထဲက မုန့်ဟင်းခါးဆိုင်ဆီကို ကျွန်မခြေဦးလှည့်လိုက်တယ်။ နေရာလေးက ကျယ်ဝန်းအေးဆေးပြီး မုန့်ဟင်းခါး၊ အသုတ်စုံ၊ ကော်ဖီရတဲ့အပြင် သန့်ရှင်းတာမို့ အခုလို ရုံးလာတာ စောတဲ့နေ့မျိုးဆိုရင်  ဒီဆိုင်လေးမှာ မကြာခဏ ၀င်စားဖြစ်တယ်။ ဒီနားတ၀ိုက်မှာ လူနေအိမ်ခြေ နည်းပေမယ့် မနက်ပိုင်း စာရင်းကိုင် သင်တန်းရှိလေတော့ သင်တန်းတက်တဲ့သူတွေကို အဓိက အမှီပြုရောင်းတာမို့ ဆိုင်ထဲ ၀င်လိုက်တာနဲ့ စားသူတွေပြည့်လု နီးပါးပါဘဲ။ ကျွန်မရဲ့ရုံးက ၉နာရီထက်နောက်ကျရင်  ဒါဏ်ကြေးထိမှာ။ လမ်းလျှောက်တာက ၅မိနစ်၊ စားတာက ၅မိနစ်ဆိုရင် အနည်းဆုံး ၉နာရီမထိုးခင် ၅မိနစ်တော့ ရုံးရောက်မှာမို့ သွက်သွက်စားမှလို့ တွေးလိုက်မိတယ်။
ဆိုင်ထဲမှာတော့ လူတွေက ခုံအပြည့်နီးပါးပါဘဲ။ ထီးကိုပိတ်လို့ စားပွဲနဲ့ အနီးဆုံး ခုံလွတ်တစ်ခုမှာ နေရာယူပြီးတော့ ညှပ်ခေါက်ဆွဲကို မုန့်ဟင်းရည်ပူပူ မွှေးမွှေးလေးနဲ့အတူ ဘူးသီးကြော် ထည့်မှာပြီး ရှောက်သီးအချဉ်ညှစ်၊ ငရုပ်သီးအကျက်မှုန့်လေးဖြူးပြီး ဆာဆာနဲ့ စားနေမိတယ်။ ကျွန်မစားနေလို့ တ၀က်တောင် မကုန်ချင်သေးပါဘူး။ မျက်လုံးထောင့်ထဲမှာ ဆိုင်ထဲကို တစ်ယောက်ယောက် ၀င်လာတယ်လို့ မြင်လိုက်မိသလိုရှိလို့ ကြည့်လိုက်မိတယ်။ သီလရှင်ပန်းသွေးရောင်ဝတ်စုံဝတ် အဖွားအိုတစ်ယောက်။ လက်တဖက်က ပိုက်ဆံအလှူခံတဲ့ နှီးဇကာကုံးလေးနဲ့။ ကျန်လက်တစ်ဖက်ကတော့ ၀ါးတောင်ဝှေးကို မြေကြီးကိုထောက်လို့ ဆိုင်ထဲကို တစ်လှုပ်လှုပ်နဲ့ ၀င်လာလေတယ်။
ဆိုင်ထဲမှာ လူတွေက အပြည့်ပါဘဲ။ ဒီနှစ်သင်္ကြန် ပိတ်ရက်ရှည်မှာ သီလရှင်တစ်ပါတ် ၀တ်ပြီးထဲက သီလရှင်တွေရဲ့ဘ၀ကို စာနာနားလည်ခဲ့လို့ သီလရှင်ဆို စိတ်ဝင်စားမိတဲ့အပြင် သက်ကြီးရွယ်အို တစ်ဦးဖြစ်နေတာကြောင့်မို့ ကျွန်မရဲ့စားလက်စ မုန့်ဟင်းခါးပေါ်မှာ အာရုံပြတ်သွားပြီး အဖွားကို ကြည့်နေမိတယ်။ အဖွားက တလှုပ်လှုပ်နဲ့ ၀င်ဝင်ခြင်းတွေ့ခဲ့တဲ့ စားပွဲတွေမှာ အလှူလိုက်ခံလေတယ်။ အနားကို အဖွားရောက်လာချိန်မှာတော့ လက်ထဲက မုန့်ဟင်းခါးဘိုးရှင်းဖို့ အသင့်ထုတ်ထားတဲ့ ငါးရာကျပ်တန်ကို လက်နှစ်ဖက်နဲ့ ဇကာကုံးထဲ သေသေချာချာ ထည့်ပေးလိုက်မိတယ်။ အဖွားက အ၀င်ဝမှာ ၀င်လာထဲက အလှူခံလာတာဖြစ်ပြီး တစ်ယောက်မှ မထည့်ရသေးတာမို့  ကျွန်မက ဈေးဦးဖောက်လှူလိုက်တာလို့ ပြောမယ်ဆိုရပါတယ်။ အဖွားက “ကျန်းမာချမ်းသာပါစေ၊ အန္တရာယ်ကင်း ဘေးရှင်းပါစေ၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ၊ လိုရာဆန္ဒ တစ်လုံးတစ်ဝထဲ ပြည့်ပါစေလို့ ” ဆုပေးတာကို လက်အုပ်လေးချီလို့ ကျွန်မနားထောင်မိတယ်။
ကျွန်မကို အဖွားဆုပေးပြီးချိန်မှာ ကျွန်မဘေးနားမှာ ထိုင်စားနေတဲ့ ညီမတစ်ဦးကလည်း အလှူငွေ ထည့်ပြန်တယ်။ ပြီးတော့ အဖွားက ဆိုင်အတွင်းပိုင်းက ခုံဝိုင်းအပုလေးတွေဆီ တရွေ့ရွေ့ သွားပြန်ပါလေတယ်။ ကျွန်မလည်း စားလက်စ မုန့်ပန်းကန်ကို ကောက်ကိုင်လိုက်ပေမယ့် လူကတော့ အဖွားကို မျက်ခြေမပြတ် လိုက်ကြည့်နေမိပါတယ်။ တချို့က အလှူငွေထည့် ကြပါတယ်။ တချို့ကလည်း ပြောလက်စ စကားမပြတ်စေပဲ လက်အုပ်ချီကန်တော့လို့သာ။ အဖွားက ခင်းထားတဲ့ စားပွဲလေးတွေအားလုံးစီကို စုံစေ့အောင် တစ်လှုပ်လှုပ်နဲ့ သွားနေပါတယ်။  အတွင်းပိုင်းမှာ ၃ယောက်လောက်စီက အလှူငွေရပြီးတော့ အဖွားက ကျွန်မတို့ဘက်ကို ပြန်လျှောက်လာပြန်ပါတယ်။ လူ၃၀လောက်ရှိနေတဲ့ဆိုင်မှာ သီလရှင်အဖွားအိုကို ငွေလှူတဲ့သူက ၅ယောက်ထဲပါ။ ကျွန်မအနားကို အဖွားပြန်ရောက်လာချိန်မှာတော့ ကျွန်မစိတ်ကို မထိန်းနိုင် တော့ဘဲ အဖွားလက်ကိုဆွဲလို့…
“ အဖွား.. ဒီမှာ ခဏထိုင်ပါဦး ” ဆြိုပီး ဘေးနားက လွတ်သွားတဲ့ ခုံနေရာမှာ လက်ကိုဆွဲလို့ အတင်းထိုင်ခိုင်းလိုက်မိပါတယ်။ “ အဖွား..တစ်ခုခုစားပါ..။ ကျွန်မလှူပါရစေ..။ ” ဆိုတော့ အဖွားက “ အဖွားမစားတော့ပါဘူး သမီးရယ်။ ရေနွေးပူပူလေးတော့ သောက်ချင်မိသား ” လို့ပြောလာလို့ အဖွားကို ရေနွေးတစ်ခွက်ထည့်ပြီး ကပ်မိပါတယ်။ “ အဖွားတစ်ခုခုစားပါ..။ မုန့်ဟင်းခါးပဲ မှာလိုက်မယ် ” လို့ပြောချိန်မှာ ဆိုင်က ရောင်းတဲ့ အစ်မကလည်းဝင်ပြီး “ အဖွား.. စားလိုက်.. ဒီက ညီမလေးက လှူချင်နေတာကို ” လို့ ၀င်ပြောပေးတယ်။ ဒါနဲ့ အဖွားလည်း မငြင်းရှာတော့ပဲ ကျွန်မကပ်လှူတဲ့ မုန့်ဟင်းခါးငါးဖယ်ကြော်နဲ့ကို သာဓုအကြိမ်ကြိမ်ခေါ်ပြီးတော့ စားပါတယ်။
မုန့်ဟင်းခါးစားနေတုန်း အဖွားကို အနီးကပ် သေချာကြည့်မိတယ်။ အသားညိုညို၊ အရပ်ရည်ရှည်၊ မျက်နှာက သွယ်သွယ်။ ခါးက အနည်းငယ် ကိုင်းနေပြီ။ ချိုင်းမှာ သီလရှင် လွယ်အိတ်တစ်လုံးကို လွယ်ထားသေးတယ်။ အဖွားပုံစံက မောနေသလို ရင်ဘတ်က ဖုတ်လှိုက်ဖုတ်လှိုက်နဲ့။ အဖွားခန္ဓာကိုယ်က တုန်ရီနေသလိုလို။ အဖွားရဲ့မျက်နှာပေါ်၊ ဦးပြည်းပေါ်မှာ မိုးစက်မှုန်တွေနဲ့ ဟိုသည်တစ်ပေါက် စိုစွတ်လို့။ စားပွဲပေါ်က တစ်ရှုးဗူးထဲက တစ်ရှုးစာရွက် နည်းနည်းယူပြီး “ အဖွားကန်တော့နော်။ မိုးစက်တွေ ကျွန်မသုတ်ပေးမယ် ” ပြောပြီး မိုးစက်တွေကို အသာအယာ သုတ်ပေးဖြစ်ပါတယ်။ မိုးစက်တွေ သုတ်ပေးရင်း ကျွန်မလက်က အဖွားရဲ့မျက်နှာကို အသာထိမိတယ်။ အလို.. အဖွားရဲ့ အသားတွေက ပူနွေးနေပါလား။ ကျွန်မ ဇိုးဇိုးဇတ်ဇတ်နဲ့ အဖွားနဖူးပြင်ကို လက်ခုံနဲ့ စမ်းသပ်လိုက်မိတယ်။ သေချာပါပြီ။ အဖွားဖျားနေပြီ။
အဖွားက မုန့်ဟင်းခါးကို မှန်မှန်စားနေတယ်။ မုန့်စားနေတဲ့ အဖွားကိုကြည့်ပြီး ကျွန်မရဲ့ ခေါင်းထဲမှာ ဖျားနေတဲ့ အဖွားကို ဘယ်လို လုပ်ရင်ကောင်းမလဲ..။ ဒီနေ့ ရုံးအစည်းအဝေးကလည်း ၁၀နာရီစဖို့ရှိတယ်။ ကျွန်မပါဝင်ထားတဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေးအဖွဲ့က အဖွဲ့ဝင် ဆရာဝန်များကို ဖုန်းလှမ်းဆက်ရင် ကောင်းမယ်ဆို.. စဉ်းစားမိလိုက်တယ်။ ဒါနဲ့ ကျွန်မက  အဖွားကို မေးမိတယ်။
“ အဖွား.. အသက်ဘယ်လောက်ရှိပြီလဲ ”
“ ၆၉နှစ် ရှိပြီသမီး..”
“ အဖွားအသက်က မနည်းဘူးပဲ။ အခု အဖွား ဘယ်ကျောင်းတိုက်ကနေ ဒီအထိလာတာလဲ ”
“ အဖွားက ဒေါပုံက သီလရှင်တိုက်ကပါ။ ဇာတိက စစ်ကိုင်းကပါ..။ ဒီကျောင်းကို မနှစ်က ပြာသိုလ အဖိုးကြီးမရှိတော့ထဲက ရောက်နေတာပေါ့ ”
အဲ့ဒီလို အဖွားနဲ့ ကျွန်မ အပြန်အလှန် မေးဖြေနေချိန်မှာ ကျွန်မတို့နှစ်ယောက်ရဲ့ နဘေးနားမှာ မုန့်ဟင်းခါးလာစားတဲ့ ကျောင်းသူကလေးမတချို့နဲ့ ကျောင်းသားတချို့ ၀ိုင်းလာကြတယ်။ ကျွန်မက အဖွားကို ထပ်မေးမိတယ်။
“ အဖွား ဒီကို ဘာနဲ့လာသလဲ ”
“ အဖွား.. လိုင်းကားစီးလာတယ်..။ ဒီနေရာမှာ ဆန်လာခံနေကြလေ ”
“ အဖွားက တစ်ပါးထဲ အဝေးကြီးကလာရတာပဲ။ အဖော်လည်းမပါဘူး။ ထီးလည်းမပါဘူး မဟုတ်လား။ မိုးသည်းလာရင် ဒုက္ခပါဘဲ..။ ကိုယ်တွေလည်း ပူနေတယ်.. ”
အဲ့ဒီမှာ ဘေးနားရပ်ကြည့်နေတဲ့အထဲက ညီမတစ်ယောက်က..
“ အဖွားကြည့်ရတာ အားမရှိသလိုပဲနော် အစ်မ..။ ကိုယ်တွေပူနေတာ ဆေးသောက်ထားသေးလားအဖွား ”
“ အင်း.. နည်းနည်းတော့ မောနေတယ်..။ ဆေးကတော့ တော်နေကြာ ဟိုဘက်က ဈေးလေးရောက်ရင် ၀ယ်သောက်မယ်..။ ထီးကလည်း အရွက်လည်းဖို့ ဆိုင်မှာ အပ်ထားတာ ညနေမှ ၀င်ယူရမယ်” လို့ အဖွားက ပြောတယ်။
အဲ့ဒီအချိန်မှာ အသက်၅၀အရွယ် အတွင်းက စားပွဲခုံမှာ မုန့်မှာစားနေတဲ့ ယောကျာ်းကြီး တစ်ယောက် ကျွန်မတို့ စကားဝိုင်းထဲ ၀င်လာတယ်။
“ အမေကြီးက အဖျားတက်နေပြီ။ ကျွန်တော့်ကားပါလာတယ်။ အမေကြီး ပြီးရင်ကျွန်တော်နဲ့ လိုက်ခဲ့ပါ။ ကျွန်တော်က ဒီနားမှာနေတဲ့ ဆရာဝန်တစ်ယောက်ပါ။ အမေကြီးကို ကျွန်တော့အိမ်မှာ စမ်းသပ်ပေးပြီး ဆေးတွေပေးပါ့မယ်..။ အခမဲ့ ဆေးကုလှူမှာပါ။ ကျွန်တော်ပေးတဲ့ ဆေးသောက်ပြီး အမေကြီး နေပြန်ကောင်းသွားမှာ။ ဖြေးဖြေးစားပါ။ ကျွန်တော်စောင့်ပါ့မယ် ”
ကျွန်မတို့ အားလုံးရဲ့ မျက်နှာတွေ ၀င်းကနဲဖြစ်သွားရပြီး အဖွားအတွက် ၀မ်းသာသွားမိရတယ်။ အဖွားက “ ရပါတယ်.. ဒုက္ခရှာလို့..။ ဆေးဝယ်သောက်လိုက်ရင် ရတဲ့ဟာကိုကွယ်..” လို့ အားနာစကား ဆိုပါတယ်။ ကျွန်မတို့ အားလုံးလည်း ဆရာဝန်ဦးလေးနဲ့ လိုက်သွားဖို့ အဖွားကို တစ်ယောက်တစ်ပေါက် ၀ိုင်းပြောကြပါတယ်။ အဲ့ဒီအချိန်မှာ ဆိုင်မှာလာစားနေကြသူ တော်တော်များများက ကျွန်မတို့အားလုံးကို သတိပြုမိနေကြပါပြီ။ အဲ့ဒီမှာ မိန်းကလေးတစ်ယောက်ကလာပြီး အဖွားအတွက် အလှူငွေထည့်လေတယ်။ အဖွားလည်း ဆုတွေပေးတယ်။ တစ်ခဏပဲရှိသေးတယ် နောက်တစ်ယောက်ကလည်း ငွေလာလှူပြန်တယ်။ အဖွားလည်း ဆုထပ်ပေးရပြန်ရော..။
ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် လာလှူကြတယ်။ ခုနက လက်အုပ်ကလေးပဲချီပြီး “ ကန်တော့ပါသေးရဲ့” လို့ပြောသူတချို့လည်း သူတို့နိုင်သလောက်လေး လာလှူကြတယ်။ လှူတဲ့သူတွေများလာတော့ အဖွားက ဆုတွေကို တစ်ယောက်ချင်းဆီ မပေးနိုင်တော့ဘူး။ အားလုံးရဲ့ မျက်နှာတွေကို လိုက်ကြည့်ပြီး ဆုကိုတစ်ပြိုင်နက်ထဲပေးတယ်။ အဖွားရဲ့ နှီးဇကာလေးထဲမှာ တစ်မဟုတ်ချင်း ငွေစက္ကူတွေ ဗောင်းသလံလျှံ သွားတယ်။ နဘေးက ညီမတစ်ဦးက ပိုက်ဆံတွေကို သေသေချာချာ စီစီရီရီ ထပ်ပေးတယ်။ အဖွားကို သေချာသိမ်းဖို့ပြောတော့ အဖွားက နှုတ်က သာဓု တတွတ်တွတ် ရွတ်ခေါ်ရင်း ပိုက်ဆံတွေကို သူ့ရဲ့ ချွေးခံအိကျီ င်္လေးထဲက အိတ်ကပ်လေးထဲထည့်ပြီး တွယ်ချိတ်လေးနဲ့ အိတ်ကို တွယ်ပိတ်လိုက်တယ်။
အဖွားကို ဆရာဝန်ဦးလေးရဲ့ ကားဆီသွားဖို့ ၀ိုင်းတွဲကြချိန်မှာ ကျောင်းသူညီမလေးနှစ်ဦးက “ သမီးတို့ အဖွားနဲ့အဖော်လိုက်ခဲ့ပေးမယ် ” လို့ပြောလာတယ်။ အဲ့ဒီအခါမှာ သူတို့နဲ့ အတူ မုန့်လာစားတဲ့ ယောကျာ်းလေးအဖွဲ့ထဲက တစ်ယောက်က လူငယ်ပီပီ“ ဟေး ” ဆိုအော်ပြီး စပြီး လက်ခုပ်တီး အားပေးလိုက်တယ်။ တစ်ခဏတွင်း လက်ခုပ်သံတွေ ဆိုင်ထဲ ညံသွားတော့တယ်။ ကျွန်မလည်း ဘယ်နေမလဲ။ တီးမိတာပေါ့။ ကျွန်မတို့ အဖွားကို လမ်းမမှာရပ်ထားတဲ့ ကားပေါ် တွဲပို့တင်နေချိန်မှာ “ ခဏလေး.. ခဏလေး” ဆို အော်သံကြားရပြန်လို့ အနောက်ကို လှည့်ကြည့်လိုက်တော့ လူတစ်ယောက် ဆိုင်ထဲက အပြေးထွက်လာပြီး “ ကျွန်တော့ထီးလေး အဖွားကို လှူပါတယ်။ အဖွား အပြန်မှာ မိုးမိနေမှာစိုးလို့ပါ ” ဆိုပြီး သူ့ရဲ့ထီးကို အဖွားရဲ့လက်ထဲထည့်ပေးလိုက်တယ်။ အဖွားက သာဓုခေါ်ရင်း လက်ခံယူတယ်..။ ကားမထွက်ခင်မှာ အဖွားလက်ကို ဆုတ်ကိုင်လို့ ကျွန်မ နှုတ်ဆက်တယ်။ ကျွန်မလက်ကိုလည်း အဖွားက တစ်ဖန်ပြန်လို့ တင်းတင်းဆုတ်ကိုင်ပြီး အပြုံးမျက်ရည်ကြည်တွေလဲ့လျှက်က နှုတ်ဆက်တယ်။
အဖွားကိုခေါ်သွားတဲ့ ကားလေးမျက်စိအောက်က ပျောက်သွားလေမှ ကျွန်မလည်း လှမ်းမြင်နေရတဲ့ ရုံးဘက်ဆီကို ခြေဦးလှည့်လိုက်တယ်။ လက်က နာရီလေးကို ကြည့်လိုက်တော့ ၉နာရီ၁၅မိနစ်တောင်မှ ရှိနေပြီရှင့်။ ရုံးနောက်ကျလို့ ဒဏ်ကြေးထိတော့မယ်ဆိုတာသိပေမယ့် ကျေနပ်စိတ်နဲ့ ကျွန်မ တစ်ဦးထဲ နှစ်နှစ်ကာကာ ပြုံးလိုက်မိတယ်။ ဒီအပြုံးကို ပီတိအပြုံးလို့ နာမည်တပ်လို့ ရမယ်ထင်ပါတယ်။ ပေါ့ပါးသွက်လက်နေတဲ့ ကျွန်မရဲ့ ခြေလှမ်းအစုံက ရုံးရှိရာဆီကို ဦးတည်လို့ပေါ့…။
ကျွန်မတို့အားလုံးဟာ တစ်ယောက်နဲ့ တစ်ယောက် ယခင်က သိကျွမ်းခဲ့ကြခြင်းမရှိပါဘူး။ နောင်လည်း  ဆုံတွေ့ဖြစ်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စာနာတတ်တဲ့၊ ကြင်နာတတ်တဲ့ နှလုံးသားတွေကတော့ အမှတ်မထင်ပဲ ဆုံမှတ်တစ်ခုရဲ့ အောက်မှာ အတူတူ တဒင်္ဂရှိနေခဲ့ကြတာ မငြင်းနိုင်ပါဘူးရှင်။
ပီတိဆိုတာမျိုးက ကျေနပ်မှုတစ်ခုအတွက် တစိမ့်စိမ့်တွေးပြီး ရင်ထဲမှာ ကြည်နူးနေရတာမျိုးပါ။ သူများကလုပ်ပေးလို့ ကိုယ်က ရလိုက်တဲ့ ပီတိထက်၊ သူများကို ကိုယ်က လုပ်ပေးလိုက်လို့ ကိုယ်တိုင် ပြန်ရလိုက်တဲ့ ပီတိက ပိုပြီးချိုမြိန်တယ်ဆိုတာ အခုနောက်ပိုင်း ကျွန်မတဖြည်းဖြည်းနဲ့ သိလာရတယ်ရှင့်။ အဲ့ဒီလို ပီတိမျိုးက စားသုံးမိပြီးရင်လည်း ထပ်ကာတလဲလဲ စားသုံးချင်လာမိပြီး စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝလာတတ်တာမျိုးမို့ ကျွန်မတို့တစ်တွေ ရှာဖွေစားသုံးသင့်တယ် မဟုတ်ပါလားရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
Share
This entry was posted in Save The Aged, အသိသစ်တံခါးချပ်များ. Bookmark the permalink.
48 Responses to ပီတိ
  1. ဇင်အိ says:
    မျက်ရည်ဝဲ…..မိတယ်…………
    ဒိထက်မက…ထပ်ထပ်ပြီးပေးလှူရသူဖြစ်လိုပါတယ်… ဖြစ်စေချင်ပါတယ်
    ချစ်သော
  2. Ko Gyi says:
    ဘရာဗိုပါ မမြသွေး
    သာဓု…..သာဓု…..သာဓု….. ပါဗျာ
    ဆင့်ပွား ကုသိုလ် အစ်မရသွားတယ်ပေါ့
    ဒါပဲဗျ…… ဒီပီတိက ဘယ်လိုအရာတွေနဲ့မှ တန်ဖိုးဖြတ်လို့မရနိုင်ဘူး
    ဒီနေ့အတွက်တော့ အတော် မင်္ဂလာရှိသွားပြီ အစ်မရေ။
    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}
  3. ဒီပို့စ်လေးကို ဖတ်ပြီး အမ နဲ့ ထပ်တူ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကိုယ်တိုင် မကြုံတွေ့ရ၊ မလှူလိုက်ရပေမယ့် ဒုက္ခရောက်နေတဲ့ အဖွားကို ဝိုင်းဝန်း ကူညီစောင့်ရှောက်ပြီး လှူဒါန်းမှု အားလုံး အတွက် ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်သွားပါတယ် ခင်ဗျ..
    ခင်မင်စွာဖြင့်
    ဇော်သိင်္ခ
  4. မမမြသွေး
    ဖတ်ပြီးရင်ထဲမှာ ခံစားရတယ်။ မမနဲ့ထပ်တူပီတိဖြစ်မိပါတယ်။ သူများရဲ့လိုအပ်ချက်လေးကိုပဲလုပ်ပေးနိုင်ရင်
    ရလာတဲ့ဝမ်းသာမှု မျိုးကဘာနဲ့မှမလဲနိုင်ဘူးနော်မမ..။ သဒ္ဓါလည်းအမြဲတမ်း တဘက်သားရဲ့လိုအပ်ချက်လေးတွေကို
    ဖြည့်စွမ်းပေးနိုင်တဲ့သူဖြစ်ပါရစေ..။
    ချစ်တဲ့
    ညီမသဒ္ဓါ့
  5. စာရေးကောင်းလွန်းလို့ပဲလား တကယ်ပဲ စေတနာတွေ ကူးလူးလာလို့ပဲလား မပြောတတ်
    ရင်ထဲမှာ ဆို့ပြီး မျက်ရည်က ကျလုလုဖြစ်သွားရတယ်..
    ထပ်တူ သာဓုခေါ်ပါတယ်
  6. ကာယကံရှင်တွေရဲ့ ပီတိတော့ ဘယ်လိုနေမယ်မသိ
    ကိုယ်တွေကတော့ ဖတ်ပြီးတာနဲ့ ပီတိက ရင်ထဲမှာ လျှံတက်လာတယ်…
    ဒီလို စိတ်ကောင်းရှိသူတွေ အများကြီးရှိလာရင် သာယာတဲ့ လောကကြီး ဖြစ်လာမှာ သေချာပါရဲ့
    ပီတိကိုမျှဝေပေးတဲ့အစ်မကိုရော ပြုခဲ့ကြသူများကိုပါ ကျေးဇူးတင်ပါတယ်..
  7. မေဇွန် says:
    မျက်ရည်ဝဲမိသလို ငါတို့အစ်မရဲ့ စေတနာတွေကို သာဓု.အကြိမ်ကြိမ်ခေါ်သွားပါတယ်အမရေ..STA ကိုယ်စားလည်း ဂုဏ်ယူမိပါတယ်……
  8. မြသွေးနီ says:
    ခံစားချက်လေးတွေကို မျှဝေယူကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
    အားလုံးပေးထားတဲ့ Comment လေးတွေဖတ်ပြီး မြသွေးနီ ပီတိမျက်ရည် ၀ဲနေရပြန်ပါပြီရှင်..။
  9. ရွှေရုပ်လွှာ says:
    ပီတိ မျက်ရည်တွေပဲလား
    မျက်ရည်ဝဲမိပါတယ် မမရေ
    မမ ရဲ့  ပီတိကို မျှယူစားသုံးရင်း ကုသိုလ်ကိုပါ သာဓု ခေါ်ပြီး မျှဝေယူသွားပါတယ်နော်
    သာဓု သာဓု သာဓု ပါ မမရေ
    နှလုံးသားနဲ့ သာဓု ခေါ်ပါတယ် ~~~
  10. အမရေ…အလှူရှင်တွေတော့မည်မျှပီတိဖြစ်မည်မသိ…
    ခိုင်နုတော့ ပိုစ့်လေးကိုဖတ်ပြီး သက်ကြီးရွယ်အိုတွေအတွက်
    သာဓု..သာဓု…..သာဓုပါ။
    အမရေ..ဒီမကအလှူရေစက်လက်နဲ့မကွာ
    လှူဒါန်းနိုင်ပါစေ……………..
    ခင်မင်စွာဖြင့်
    ခိုင်နုငယ်
  11. tin min nwe says:
    အမ ရေ လာဖတ်သွားတယ်နော်။အမ ဒိထက်လည်း ပိုလှူနိုင်ပါစေလို့ ဆုတောင်းရင်း………..။
  12. sdl says:
    မျက်ရည်ဝဲမိပါ၏။
  13. နွေးနွေး says:
    မမရေ… ညလေးဖတ်ပီးတော့ မျက်ရည်ဝဲနေမိတယ်… ပီတိမျက်ရည်ပါမမရယ်… ခုလိုမျိုး မျှဝေပေးတဲ့ မမကို ကျေးဇူးအရမ်းတင်ပါတယ်… သာဓု သာဓု သာဓု ပါမမရေ……
  14. မြသွေးရေ…ဖတ်ရတာကြည်နူးစရာကောင်းလိုက်တာ..။
  15. phyophyo says:
    အစ်မရေ
    သာဓုခေါ်ပါတယ်၊
    တော်လိုက်ကြတာနော်၊ ပီတိဖြစ်ရပါတယ်၊
    ပီတိမျှဝေပေးတဲ့ အစ်မရယ် ကုသိုလ်ပြုခဲ့ကြသူတွေအားလုံး အဖွားသီလရှင်ရော ကျန်းမာချမ်းသာကြပါစေ။
    ခင်မင်လေးစားလျှက်
  16. ကြည်ကြည်နူးနူး သာဓုခေါ်သွားပါတယ် ညီမ မြသွေးရေ…အမတို့ဆီမှာ ညီမတို့လိုလူမျိုးတွေ အများကြီး ရှိဖို့လိုတယ် ညီမရယ်…
  17. သာဓုဗျာ သာဓု သာဓု
    မျက်ရည်တောင်လည်မိတယ်
  18. blackroze says:
    အမမြသွေးရေ…
    ကြည်ကြည်နူးနူးနဲ့သာဓုခေါ်ပါတယ်
    နောက်လဲအခုလိုပီတိအပြုံးလေးတွေအများကြီးလှူနိုင်ပါစေအမရယ်..
    ခင်တဲ့ညီမ….blackroze
  19. မမရေ..မမအစားလည်း ၀မ်းသာပီတိဖြစ်ရပါတယ်..အဲ့ သီလရှင် အဘွား ကံကောင်း တာပေါ့နော်…
    သူတော်ကောင်းတွေနဲ့ ကြုံတွေ့ သွားရလို့ လေ…း)
  20. အိုးးးးးးးး
    တကယ့်ကို ပီတိတွေ ကူးစက်လာပါတယ်မမရေ။
    လူတိုင်း အဲလို သနားညှာတာတက်တဲ့ စိတ်ကလေးတွေ ရှိကြရင် သိပ်ကောင်းမှာပဲနော်။
  21. ဇင်အိ, ကိုရီး, ဇော်သိင်္ခ, သဒ္ဓါ, မေပယ်လ်, ချော, မေဇွန်, ရွှေရုပ်, ခိုင်နုငယ်, တင်မင်းနွယ်, sdl, နွေးနွေး, ကိုကြီးကျောက်, phyo, မချစ်ကြီး, ကိုဘကြိုင်, Black Roze, ဟန်နာ, ညီမမြတ်မွန်…တို့ရေ…
    မြသွေးနီရဲ့ ပီတိတွေကို မျှဝေစားသုံးပေးတာကျေးဇူးတင်ပါတယ်ရှင်..။အစားကောင်းစားရရင် ချစ်သူ ခင်သူများကို သတိရမိလို့ ဒီပို့စ်လေး ရေးဖြစ်ခဲ့တာပါ..။ နောက်တစ်ခုက… မြသွေးနီတို့ မြန်မာတွေမှာ တစ်ခုအားနည်းချက်လေးက..
    စတင်ပြီး လုပ်ရမှာကို ၀န်လေးကြတာပါဘဲ။ အဲ..တစ်ယောက်ယောက်က စလိုက်ပြီး ဆိုရင်တော့ အနောက်က လိုက်ပါလုပ် တတ်ကြပါတယ်။ စ..မယ့်သူ လုံးဝမရှိရခဲ့ရင်တော့ အကောင်အထည်ဖော်ဖို့ ဆိုတာဝေးသွားကြပြီပေါ့..။ ဒါကြောင့် ဒီလို ကိစ္စမျိုးတွေမှာ ဘယ်သူမဆို စတင်ဖို့ကို ၀န်မလေးသင့်ပါဘူးနော်..။ မြသွေးနီလည်း အဲ့ဒီလို ၀န်လေးခဲ့ဘူးလို့ ဒါနလေးတွေ မမြောက်လိုက်ပဲ လက်လွတ်ခဲ့ရတာကို ကိုယ်တွေ့သာဓက ရှိခဲ့ဘူးလေတော့ နောက်ပိုင်းမှာတော့ မတုန့်ဆိုင်းပဲ ချက်ချင်း လုပ်ဖြစ်လာပါတယ်။ ဒီတော့ သက်ကြီးရွယ်အိုတွေနဲ့ ပတ်သက်လာခဲ့ရင် မတုန့်ဆိုင်းပါနဲ့။ လုပ်သင့်လုပ်ထိုက်တာမှန်သမျှ ချက်ချင်းသာ ထလုပ်လိုက်ပါနော်။ ဒီ Message လေးကိုလည်း ဒီပို့စ်လေးနဲ့ အတူ ပေးချင်ပါတယ်ရှင် ။
  22. ကသစ်နီ says:
    မင်္ဂလာပါဗျာ။ ယောကျာင်္းတစ်ယောက်မျက်ရည်ဝဲတယ်လို့ ပြောရင်နဲနဲတော့ ဟားမယ်ထင်တယ်။
    ဒီစာဖတ်ပြီးကြက်သီးထမိတယ်။ အဲ့ တာ ပီတိပဲဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ်မုဒိတာပွားမိတာလဲဖြစ်မယ် ။
    ခေါင်းစဉ်တော့ အတိအကျမတပ်တက်ဘူး။ ဟားးးးးးးးးးးးးးး…..လှုပ်ခတ်သွားစေတယ်လို့ ပြောရမယ်ထင်တယ်။
    ကောင်းတဲ့ ကိစ္စလေးဆောင်ရွက်လိုက်တဲ့ အတွက်ရော၊ စာရေးကောင်းတာအတွက်ရော၊
    ချီးကျူးပါတယ် မမြသွေးနီ။
    မင်းလူန
  23. ကသစ်နီ says:
    မျက်လုံးအိမ်ထက်၊ ခိုတွဲရွှန်းစို
    မျက်ရည်ချိုကို၊ ပီတိအဟုန်
    စိတ်တွေတုန်လို့ ၊ထိန်းရန်ခက်မို့ 
    စီးဆင်းသမျှ၊ ကူးစက်ကြ၏
    စာဆိုရှင်လဲ၊ စွမ်းလှသည်
    စာရှု့ သူလဲ၊ ကျွမ်းလောက်သည်မို့ 
    နှစ်ချုပ်သာဓု၊ ခေါ်မိသည်။
    ပီတိကိုစား၊ အားရှိသည်။
    မင်းလူန
  24. လ၀န်း says:
    ရင်ထဲမှာ ပီတိ တကယ်ဖြစ်ရပါတယ်ဗျာ..။
  25. တကယ့်  ပီတိ အပြုံး ပါပဲ အစ်မ …..မျက်ဝန်းမှာ မျက်ရည်ဝဲနေပြီး မျက်နှာကတော့ ပြုံးနေလို့…..
    စာဖတ်နေရင်းနဲ့လည်း မြင်ကွင်းလေးကို မြင်ယောင်ကြည့်ပြီး ကြက်သီးထ နေမိတယ်…….
    စေတနာတွေ ကောင်းလိုက်ကြတာ အစ်မရာ……
    အစ်မပေးတဲ့ မက်ဆေ့ခ်ျလေးကိုလည်း အပြည့်အဝ ခံယူကျင့်သုံးဖို့ ကြိုးစားပါ့မယ်အစ်မ……..
    (မနေ့ကတဲက မေဇွန် ပြောလို့ အရမ်းဖတ်ချင်နေတာ……ညီမလေး မေဇွန်ကိုလည်း ကျေးဇူးတင်ပါတယ်……)
  26. အဖွဲ့အစည်းလိုက် အလှူသွားလုပ်တဲ့ ပို့စ်တွေထက် မျက်ရည်ဝဲမတတ်ဖြစ်ရပါတယ်။
    မမျှော်လင့်ဘဲ မစီစဉ်ဘဲ ဖြစ်သွားသလို မသိမကျွမ်းတဲ့သူတွေပါ စိတ်တူကိုယ်တူ ပါလာတာကြောင့်
    ပိုပီတိဖြစ်ရပါတယ်။ ပီတိနဲ့ သဒ္ဒါတရားကိုသာ အရောင်ရှိတဲ့ အဝန်းအဝိုင်း အဖြစ် မြင်ရရင်လေ
    အဲဒီနေ့က အားလုံးကို အဲဒီ အဝန်းအဝိုင်း လွှမ်းခြုံသွားတာပါပဲ။ သဒ္ဒါတရားကို စတင်လှုံ့ဆော်သူက
    ကိုယ့်အစ်မ ဖြစ်နေလို့ အင်မတန် ပီတိဖြစ်ရပါတယ်။ carry on !!!
  27. ဟုတ်တယ်နော်။ အလှူကြီးလှူမှတင်မဟုတ်ဘူး။
    ဖြူစင်စိတ်ကိုအခြေခံထားရင် မြတ်သောအလှူကြီးပဲ။
    မမမြသွေးနီရဲ့စာကိုဖတ်နေရင်းနဲ့ ကြက်သီးထတဲ့အထိ ကြည်နူးမိသွားတယ်။
    ပျော်ရွှင်ပါစေမမ။
  28. zaw lynn htoon says:
    သာဓု သာဓု သာဓု ပါ အစ်မရေ……
    ကျွန်တော်တို့လူမျိုးမှာ လူတိုင်း အလှူရေစက် လက်နဲ့မကွာဆိုသလို လှူချင်တယ်…. ဒါပေမယ့် ရှေ့ဆောင်လမ်းပြ မလုပ်ပေးကြဘူး….
    အစ်မထိုင်တဲ့ဆိုင်ကသူတွေ အရင်တည်းက လှူမယ်ဆို လှူနိုင်တဲ့သူတွေချည်းပဲဖြစ်မှာပါ… ဒါပေမယ့် အစ်မလို မလုပ်ရဲကြဘူးလေ… အစ်မက ရှေ့ဆောင်ခေါင်းရွက် လုပ်ပြလိုက်တော့မှ နောက်ကလိုက်လုပ်ဖြစ်ကြတာလေ… အစ်မက အားလုံးထက် မြင့်မြတ်တဲ့ ကြီးမားတဲ့ မေတ္တာ စေတနာကို ဖော်ပြလိုက်တာပါပဲ…. သာဓုပါ… အစ်မရေ
  29. K Nyein Chan Ko says:
    မ ….
    တကယ်ပဲ ကျွန်မ ၀န်ခံပါရစေ …။ကျွန်မ ပီတိ ဆိုတာကို ခုလောလောဆယ် မပြောနိုင်ပါဘူး အစ်မ။ မျက်ရည်ကျနေတာတော့ တကယ်ပါပဲ ..ရင်ထဲမှာ အောင့်သလို အောင့်ပီး ၀မ်းနည်းမိပါတယ် …။ အဲ့ဒါက ပီတိ ဆိုတာမျိုးလား ဝေခွဲမရပေမယ့်
    ကျွန်မ လက်ရှိခံစားလိုက်ရတာတော့ အရမ်းဝမ်းနည်း မျက်ရည်ကျနေပါတယ် … ။။
  30. မိုးညချမ်း says:
    မမရေ .. သာဓုပါနော် .. မမပိုစ့်လေးကိုဖတ်လိုက်ရတာ ရင်ထဲမှာတော်တော်စိတ်မကောင်းစရာပါပဲ .. ညလေးလည်း အဲလိုအဘိုးတစ်ဦးနဲ့ ကြုံခဲ့ဘူးပါတယ်.. သမိုင်းလမ်းဆုံဘက်မှာပါ … ညလေး မမကို အားကျလို့ အဲဒိအဘိုးအကြောင်း ပိုစ့်လေးတစ်ခုရေးပြီးတင်ဦးမယ်နော် ….
  31. သူရအောင် says:
    အစ်မ ရေ အစ်မ စာ ဖတ်မယ် ဆို ရင် တစ်ရှူး ဆောင်ထားမလို့ မေ့သွားတယ် ။ ဖတ်ရင်း နဲ့ မော်နီတာ နားတိုးကပ်သွားမိတယ်။
    ဘေးလူမြင်မှာစိုးလို့လေ။ မျက်ရည်ဝဲမိပါတယ် ။ပီတိမျက်ရည်ပါ အစ်မ ။
    (အခု ဒီစာရေးရင်း ပြန်စဉ်းစားမိတာက မျက်ရည်ဝဲတာ သူများမြင်လည်း ဘာဖြစ်လဲနော် ပီတိမျက်ရည်ပဲဟာ။ နော်…။ )
  32. လွမ်းစရာလိုလို၊၀မ်းနည်းသလိုလို၊စိတ်မကောင်းသလိုလိုပီတိပေးတဲ့ပို့စ်လေးပါ။
    လိုက်ပြီးကူညိဖေးမသူတွေအားလုံးလေးစားစရာပါ။
    တာဝန်လို့သဘောမထားပဲ.ကိုယ်ချင်းစာစိတ်နဲ့ဆိုတော့..ပိုကောင်းတာပေါ့။
  33. ထွန်းထွန်း says:
    အရမ်းဟုတ်တယ်..အစ်မရေ။ကိုယ်ပိုင်ရတဲ့ပီတိကပိုကောင်းတယ်.။
    အလွန်ပဲချစ်ဖို့ကောင်းတဲ့အပြုအမူလေးပါ။
    ချို့တဲ့သူကို ကူညီတာကုသိုလ်တင်မကဘူး..ပီတိကိုလည်းရတာပေါ့။
    ခုခေတ်ထမင်းတလုပ်အတွက်အနိုင်နိုင်ရုန်းသူတွေများကြီးပဲနော်.။
ုခုလိုယုယမှုလေးတွေပေးတော့.သူတို့တွေအတိုင်းမသိပျော်ကြမှာပေါ့..
  34. မေဇွန် says:
    အမရဲ့ပို့စ်ကိုဖတ်ပြီးတဲ့အချိန်က ရလိုက်တဲ့အမြတ်က ဘာမဆို ဘေးလူတွေကိုမကြည့်တော့ပဲကိုယ်ကစပြီး ကူညီမယ်ဆိုတာပါပဲ.ဟုတ်ပါတယ်အမရေ.အရင်ကဆို ကိုယ်အဲ့လိုလုပ်နေတာ သူများတွေဝိုင်းကြည့်မှာရှက်တာနဲ့ ..ကူချင်တဲ့စိတ်တွေရှိပါရဲ့နဲ့ဘေးကို ဂရုစိုက်မိပြီး မလုပ်ဖြစ်လိုက်ရတာတွေရှိခဲ့ဘူးပါတယ်..ခုတော့ အဲ့လိုမဖြစ်တတ်တော့ဘူး..ဘေးမှာ ဘယ်သူတွေ ဘယ်လိုပဲကြည့်ကြည့် ကိုယ်ကစပြီး ကူညီမိသွားပါပြီ..လုပ်လည်းလုပ်ဖြစ်သွားပါပြီ..အဲ့လိုစိတ်ဖြစ်ပေါ်လာမိအောင် အားပေးသွားတဲ့ မမြသွေးကို အရမ်း..အရမ်းကျေးဇူးတင်နေမိတာ အမှန်ပါ…
  35. minyarzar says:
    I admire all of philanthropists.
    In charity, there is no excess.
  36. Chit Thu Mg says:
    မရေ… ကဗျည်းမထိုးတဲ့ ပြည့်ဝတဲ့ စေတနာ့အလှူဆိုတာ ဒါမျိုးပေါ့နော်။ အရမ်းမွန်မြတ်ပြီး အကျိုးများလှတဲ့ အလှူမို့ ရင်ထဲကို ပီတိလေးတွေ ကူးစက်လို့ ၀မ်းမြောက်ဝမ်းသာနဲ့ သာဓု၃ကြိမ်ခေါ်လိုက်ပါတယ်နော်။ ဒီထက်မကလည်း ပိုပြီး လှူနိုင်တန်းနိုင်ပြီး သာသနာအကျိုး၊ အများအကျိုးကို ဆထက်တံပိုး သယ်ပိုးရွက်ဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
  37. Dr.နတ်စိုး says:
    လျှာပေါ်မှာ စွဲကျန်သွားတဲ့ ကော်ဖီကောင်းတစ်ခွက်လို… ရင်ထဲမှာစွဲသွားတဲ့ အမရဲ့လုပ်ရပ်အတွက် သာဓုအကြိမ်ကြိမ်ခေါ်မိပါရဲ့ အမရေ… ကျွန်တော်တို့ ဗမာလူမျိုးတွေက ပရဟိတစိတ် သဒ္ဒါတရား ဒါတွေမနည်းကျပေမယ့်… အဲဒါတွေကို ဆွဲထုတ်နိုင်ဖို့ အရာလေးတစ်ခုကတော့ လိုကိုလိုတာပါအမရေ… အရမ်းကို ကြိုက်နှစ်သက်မိတဲ့ Post လေးနဲ့ လုပ်ရပ်ပါ… ကျွန်တော်လည်း နောင်ကို အမကို အတုယူပြီး လုပ်ဆောင်ဖြစ်အောင် နေသွားရဦးမယ်…..။
  38.ွှwunna Soe says:
    အမ ရေ ဒီစာလေးကို ဖတ်ပြီး ကြက်သီးထမိတဲ့အထိ ၀မ်းသာပီတိဖြစ်ရပါတယ်…..ကျွန်တော်တို့လည်း အဲလိုအမြဲတမ်းလုပ်နိုင်ဖို့အတွက် ဒီထက်မက ပိုပြီးကြိုးစားနေပါတယ် ဗျာ……
  39. ဧပိုင် says:
    စိတ်ထားကောင်းသလို.. စာအရေးအသားလည်း ကောင်းပါတယ်…လေးစားပါတယ်.. မမြသွေးနီ….နောက်လည်း ဒီထက်မက ပိုပိုပြီး….ကူညီနိုင်ပါစေဗျာ
  40. ခိုင်သဇင်အေး says:
    မျက်ရည်ကျမိတဲ့အထိကိုကြည်နူးဝမ်းသာပီတိဖြစ်ရပါတယ်။ အဖွားကအဝင်ဝမှာဝင်လာထဲကတောင်းလာတာဖြစ်ပြီးဆိုတဲ့နေရာမှာ အလှူခံလာတာလို့ရေးရင်ပိုမကောင်းဘူးလာ အမ။ အမရဲ့စာတွေကိုဖတ်ပြီး အမကို အရမ်းလေးစားမိတယ်။
  41. မြသွေးနီ says:
    ညီမ ခိုင်သဇင်အေး…
    အကြံပြုချက်ကို လေးစားစွာ လက်ခံပါတယ်ညီမ။
    အစ်မ ပြင်လိုက်ပါ့မယ်။
    စာတွေဖတ်ပေးတာလဲ ကျေးဇူးပါနော်..။
    ခင်မင်စွာ…
    မြသွေးနီ
  42. yehtutaung says:
    မမြသေွးနီ ရေ … စေတနာပီတိ ဂွမ်းဆီထိသို့ ဆိုတာ ဒါမျိုးထင်ပါရဲ့ ဗျာ … အမ ပြောတဲ့ မုန့်ဟင်းခါး ဆိုင်မှာ မုန့်ဟင်းခါး မစားဖူး ကြပေမယ့် မောင်နှတွေ အားလုံး အမ ကြောင့် ပီတိ တွေ တ၀ကြီး စား ဖူး လိုက် ပါပြီ … တကယ် ဗျာ ဖတ်နေရင်း နဲ့ ကြက်သီး ထမိပါတယ် အမရေ ….
  43. ကျော်နေစိုး says:
    ညီမလေးရယ်
  44. ပိုးအိ says:
    ကိုယ်တိုင်လှူရတာမဟုတ်ပေမဲ့ဒီစာလေကိုဖက်မိချိန်မှာရင်ထည်ကဖြစ်ပေါ်လာတဲ့ ပျော်ရွှင်တဲ့ပီတိတစ်စုံးကိုခံစာ
    လိုက်ရပါတယ်…..
  45. Thura Kyaw AUng says:
    Thanks for your post !
    Please distribute more stories
    I admire your stories and I had once experience like that.
    Actually I Like that kind of Donations than any other else.
    Regds
    Kyaw Aung
  46. Yazar Aung says:
    ဒီဘလော့ဂ်လေးဖတ်ပြီးတာနဲ့လူကကြည်နူးမိပါတယ်…..အဲ့ဒါလည်းပီတိပေါ့နော်..
  47. anne says:
    S O B
    :(((((
  48. lin says:
    ဒီပို့စ်လေးကို ဖတ်ပြီး…မျက်လုံးထဲမှာ မြင်ယောင်ရင်း..ကြက်သီးများပင် ထလောက်အောင် ပီတိဖြစ်မိပါ၏…စာရေးသူနှင့်တကွ သူငယ်ချင်းများ၏ စိတ်ထားအလှူများ အတွက်လည်း..သာဓုခေါ်မိပါသည်…
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>