….“ သုခရိပ်မြုံ -Happy Heaven Humanitarian Project (HHHP) ” ….
Save The Aged ရဲ့ လစဉ်အလှူပြီးတိုင်း အလှူနေ့ရက်အကြောင်းပို့စ်ပြီးရင် နောက်ထပ် မပျက်မကွက် ရေးဖြစ်တဲ့ပို့စ်ကတော့ အလှူနေရာများနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် များပါတဲ့ ပို့စ်ဘဲဖြစ်ပါတယ်။ ဒီပို့စ်လေးတင်ရတဲ့ ရည်ရွယ်ချက်ကတော့ အဖွဲ့အတွက် မှတ်တမ်းလေး ဖြစ်စေတဲ့အပြင် အခြားဖတ်မိသူများလည်း ကိုယ်တိုင်ကိုယ်ကျ သဒ္ဒါပေါက်ကာ သွားရောက်လှူဒါန်းနိုင်ဖို့ ဖြစ်ပါတယ်။
ကျွန်မတို့ အဖွဲ့ဝင်များ စက်တင်ဘာလမှာ ထိတွေ့မိတ်ဆက်ခွင့်ရခဲ့တဲ့ “ သုခရိပ်မြုံ -Happy Heaven Humanitarian Project (HHHP) ” လို့ခေါ်တဲ့ HIV ရောဂါဆိုး ကပ်ငြိတွယ်နေတဲ့ မိဘမဲ့ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေတဲ့ နေရာအကြောင်းလေးကို ပြောပြချင်ပါ တယ်။ သုခရိပ်မြုံကို တာဝန်ယူဆောင်ရွက်နေတဲ့ အမှုဆောင်များထဲမှာ ကျွန်မနှစ်သက်တဲ့ စာရေးဆရာမများဖြစ်တဲ့ ဆရာမသန်းမြင့်အောင်၊ ဆရာမဂျုး၊ ဆရာမ စုထား တို့ဖြစ်တာမို့ အရင်ကထဲက လေးစားစိတ်နဲ့ စိတ်ဝင်စားနေခဲ့တာပါ။ အခုလိုရောက်ခဲ့ချိန်မှာ ဆရာမတို့ ခရီးသွားချိန်နဲ့ တိုက်ဆိုင်နေတာမို့ တာဝန်ခံအုပ်ချုပ်ရေးမှုး ဆရာမကြီးဖြစ်သူ ဒေါ်အေးမြင့်နဲ့သာ တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။
….တာဝန်ခံအုပ်ချုပ်ရေးမှုး ဆရာမကြီးဖြစ်သူ ဒေါ်အေးမြင့်….
မြသွေးနီရဲ့ မေးမြန်းချက်အပေါ် ဆရာမကြီးရဲ့ပြောပြချက်အရ အခုလိုသိခဲ့ရပါတယ်။
” သုခရိပ်မြုံ ” မှာ မွေးရာပါ HIV ရောဂါတွယ်ငြိနေကြရှာတဲ့ အသက် ၂နှစ်ကနေ အသက် ၁၅နှစ် ၀န်းကျင်အရွယ်ရှိ ကလေးပေါင်း ၅၈ယောက်ကို လက်ခံပြီး ပြုစုစောင့်ရှောက်ပေးနေပါတယ်။ ဒီရိပ်မြုံလေးကို ၂၀၀၆ ခုနှစ်မှာ သံလျှင်မြို့မှာ အိမ်ကလေးတစ်လုံးငှားခဲ့ပြီး အစပျိုးခဲ့ပါတယ်။ ကလေးများကို လူမှူဝန်ထမ်းကျောင်းကို ပေးပို့ခဲ့ပေမယ့် ရောဂါတွယ်ကပ်နေရှာတဲ့အတွက် စောင့်ရှောက်ဖို့ရာ အခက်အခဲရှိလာတာမို့ နောက်ပိုင်းမှာ လက်မခံဘဲ ပြန်လည်ပေးပို့ခြင်း ခံခဲ့ရပါတယ်။ ၂၀၀၆ ခုနှစ်လည်လောက်မှာတော့ ဒဂုံမြို့သစ်အရှေ့ပိုင်း ယခုနေရာလေးမှာ မြေကွက်၎ကွက်ကို အမှု့ဆောင်အဖွဲ့များက ၀ယ်ယူခဲ့ပြီး စေတနာ့အလှူရှင်များရဲ့ ပံ့ပိုးမှုနဲ့ ဒီ ” သုခရိပ်မြုံ ” လေးကို စတင်ခဲ့တာ ယခုတိုင်ပါဘဲ။ အဓိကကတော့ ကလေးတွေက ဆေးရုံများကနေရောက်လာကြပါတယ်။ ဝေဘာဂီ ကူးဆက်ရောဂါကုဆေးရုံကနေ ရောက်လာသူများပါတယ်။ တခြား နယ်ဘက်ကနေ ရောက်လာတာမျိုးလည်း ရှိပါတယ်။
” သုခရိပ်မြုံ ” မှာ လောလောဆည် အဆောင်(၄)ဆောင်ရှိပါတယ်။ အုပ်ချုပ်ရေးဝန်ထမ်း၊ နာ့စ်၊ ကလေးအကူ၊ ထမင်းချက်၊ ယာဉ်မောင်း၊ ညစောင့်၊ ပြင်ပဆက်သွယ်ရေး အစရှိတဲ့ ၀န်ထမ်း (၂၂) ယောက်နဲ့ လည်ပတ်နေပါတယ်။ သူငယ်တန်းကနေ ဆဌမတန်း အထိ ကလေး ၃၈ယောက်ကို ကမ္ဘာအေးစေတီအရှေ့ဘက်ရှိ ” ပညာသိပံ္ပ” ဘုန်းတော်ကြီးစာသင်ကျောင်းမှာ ပညာသင်ယူစေ ပါတယ်။ နေ့စဉ်ကျောင်းသွားနိုင်ဖို့အတွက်လည်း သုခရိပ်မြုံမှ အပိုင်မော်တော်ယာဉ်နဲ့ နေ့စဉ်ကြို၊ ပို့ပေးပါတယ်။ ကျန် မူကြိုအရွယ်ကလေးများကိုတော့ မူကြိုသင်တန်းဆင်းဆရာမများ နဲ့ ” သုခရိပ်မြုံ ” မှာပဲ ပညာသင်ကြားပေးပါတယ်။
ကျန်းမာရေးနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ် အနီးကပ် ပြုစုစောင့်ရှောက်ပါတယ်။ ကိုယ်ခံအား စီဒီဖိုး နှစ်ရာအောက်ဆင်းသူများကို အေအာတီဆေး တိုက်ကျွေးပြီး လက်ရှိ ၃၈ယောက် တိုက်ကျွေး နေရပါတယ်။ ကျန်ကလေးများကတော့ ပိုးသတ်ဆေးပုံမှန်တိုက်ကျွေးနေပါတယ်။ သဇင်ဆေးခန်း ကနေပြီးတော့ ကလေးများအတွက် ဆေးကုသမှုထောက်ပံ့ပေးနေပါတယ်။ လိုအပ်တဲ့ ရက်ချိန်းမှာ ဆေးစစ်၊ သွေးဖောက်၊ ညွှန်ကြားချက်အတိုင်း ကုသမှုခံယူပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး အတွက်လည်း အထူးအလေးထားပြီး ဆရာမတွေကိုယ်တိုင် ရေချိုး၊ ထမင်းကျွေး၊ အနာဆေးထည့်၊ စသဖြင့် အနီးကပ်ကြီးကြပ်မှုပြုလုပ်ပေးပါတယ်။ အသုံးဆောင်ပစ္စည်းများကို တစ်ဦးချင်းစီ သီးသန့်ထားပေးပါတယ်။
ကလေးများအတွက် စည်းကမ်းပိုင်းနဲ့ လိမ်မာရေးခြားရှိဖို့ကိုလည်း သေချာသွန်သင် ဆုံးမပေးပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု၊ အသုံးအဆောင် ပစ္စည်းများသန့်ရှင်းသပ်ရပ်မှု၊ မနက်ကနေ ညနေအထိမျက်နှာမှာ သနပ်ခါးရှိနေမှု၊ အချင်းချင်းကူညီယိုင်းပင်းမှု၊ စာနာစိတ်ရှိမှု၊ ငယ်သူကို ကြီးသူကစောင့်ရှောက်လိုစိတ်၊ ငယ်သူက ကြီးသူကို ရိုသေလေးစားစိတ်ရှိမှု၊ အုပ်ချုပ်သူဆရာမများ ရိုသေစွာစကားနားထောင်မှု..စတဲ့ အချက်အလက်တွေပေါ်မှာ ကြည့်ပြီး အတော်ဆုံးကလေးများကို လစဉ် အရုပ်လေးများ၊ စားစရာ၊ အ၀တ်အစား၊အသုံးအဆောင် လေးများ ဆုချပေးပါတယ်။ ကလေးများ အဆင်မပြေမှု တစ်ခုခုရှိလာပါက ကိုယ်တိုင် တိုင်ကြားနိုင်အောင် ကလေးများအတွက် စာတိုက်ပုံးလေးများ လုပ်ပေးထားပါတယ်။
….ကလေးများအား အစာကျွေးမွေးရန် အချိန်ဇယား….
အကျွေးအမွေးပိုင်းမှာတော့ မနက်ပိုင်းမှာ ခွန်အားရှိစေမယ့် ပဲပြုတ်ထမင်းကြော်၊ ကြက်ဥထမင်းကြော် ၊ ကြာဇံကြော်၊ ခေါက်ဆွဲပြုတ် ကျွေးပါတယ်။ နေ့လည်စာနဲ့ ညစာကိုလည်း ပုံမှန် အသား၊ငါးဟင်းများနဲ့ချက်ကျွေးပါတယ်။ နေ့လည် အဆာပြေစာများကိုလည်း အလျဉ်းသင့်သလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆာပြေစာများကျွေးမွေးပေးပါတယ်။နေ့စဉ် နွားနို့တစ်ခွက်လည်း ပုံမှန်တိုက်ပါတယ်။
ကလေးတွေ စိတ်အပမ်းပြေစေဖို့ နေ့စဉ် TV ပေးကြည့်ပါတယ်။ စနေ၊ တနင်္ဂနွေလိုနေ့မျိုး မှာတော့ Video အခွေများပေးကြည့်ပါတယ်။ ရန်ဖန်ရံခါ ပြင်ပမှာ ရုပ်ရှင်ပြသပေးခြင်းမျိုးလည်း ပြုလုပ်ပေးပါတယ်။ ညစဉ် ၈နာရီခွဲအိပ်ရာဝင်ရပြီး မအိပ်ခင် ဘုရားဝတ်ပြုစေပြီးမှ အိပ်စေပါတယ်။
ကျွန်မတွေ့သလောက် ကျောင်းပါတ်ဝန်းကျင် အတွင်း၊ အပြင် သန့်ရှင်း သပ်ယပ်ကာ ကျန်းမာရေးနဲ့ အထူးညီညွတ်အောင် ဆောင်ရွက်ထားတာကို တွေ့ရလို့ သူတို့လေးတွေ ဘ၀ဟာ ဒီဝေဒနာဆိုးကြီး တွယ်ငြိကပ်နေကြရှာပေမယ့် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုသာမက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ အပြည့်အ၀ရရှိနေကြတာတွေ့ရလို့ မတည်ခဲ့သူများရော၊ စောင့်ရှောက်ပေးနေ သူများရော၊ လှူဒါန်းနေကြသူများကိုပါ မုဒိတာပွားကာ သာဓုခေါ်မိပါတယ်။
ကလေးတွေအတွက် နေ့စဉ်စားသောက်ဖို့၊ ၀တ်ဆင်ဖို့၊ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများ နဲ့ ကျောင်းစာရေးကရိယာများ လိုအပ်လှပါတယ်။ မိဘတွေက လိင်မှုလိုက်စားခဲ့လို့ပဲဖြစ်စေ၊ မူးယစ်ဆေးဝါးသုံးရင်ကနေ ကူးလာလို့ပဲဖြစ်စေ၊ မတော်တဆ သွေးကနေပဲ ကူးဆက်ခဲ့လို့ ဖြစ်စေ၊ အပြစ်မဲ့ကလေးများကတော့ မိခင်ဝမ်းထဲမှာထဲကနေ ဘုမသိဘမသိ ကူးဆက်ခြင်း ခံခဲ့ရပါပြီ။ ထို့အတူ သူတို့လေးတွေမှာ HIVလို့ အများက ထိတ်လန့်ကြောက်ရွံနေတဲ့ ဒီရောဂါဆိုးကြီးအပြင် အပိုဆုအနေနဲ့ အုပ်ထိမ်းသူ မိဘမဲ့ဘ၀လေးတွေကိုပါ သနားဂရုဏာ သက်စဖွယ် ပိုင်ဆိုင်ထားရပြန်ပါသေးတယ်။ သူတို့အသက်လေးတွေ ရှင်သန်နေစဉ် အချိန်လေးမှာ နေခြည်မှာ ရွှေရည်လောင်းနိုင်ဖို့ စာနာဖေးမသူများရဲ့ မေတ္တာတရားတွေ အထူးလိုအပ်လှပါ ကြောင်း ပြောလိုပါတယ်ရှင်..။
Happy Heaven Humanitarian Project – HHHP လို့ ခေါ်တဲ့ ဒီ ” သုခရိပ်မြုံလေး ” ဟာ ကလေးများအတွက်တော့ တကယ့်ကို အိုအေစစ်လေး ပါဘဲ။ ဆက်သွယ်လှူဒါန်းလိုသူများရှိပါက ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ အမှတ် ၉၇၉-၉၈၂ ၊ တပင်ရွှေထီးလမ်း၊ ၁၁ရပ်ကွက်၊ ဖုန်း – ၅၈၁၉၅၅ ကို ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း…။
ဒီနေရာလေးမှာလည်း ၀င်ရောက်ဖတ်နိုင်ပါတယ်ရှင်။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
ကိုယ်တိုင် ကိုယ်ကျ ပါဝင်လှူဒါန်းနေသလို အမြဲမပြတ် မျှဝေပေးနေတာ ဝမ်းသာပီတိ
ဖြစ်ရသလို ကျေးဇူးအထူးတင်ရပါတယ် မမြသွေး။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
ကျေးဇူးတင်ပါတယ်မရေ..ခုလို သတင်းပေးတဲ့အတွက်..လှူဒါန်းချင်သူများကိုလည်း share လိုက်ပါပြီနော်..
ကျွန်တော် အဖေနှင့်အမေ နာမည်လေးနဲ့ ပါဝင်လှူဒါန်း လိုက်ပါမယ်ဗျာ။
ခိုလှုံခွင့်ရတဲ့ ကလေးတွေအတွက် ၀မ်းသာရပေမဲ့
ခိုလှုံခွင့် မရရှာသူတွေ အများကြီးနေမှာနော်
သူတို့အတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ်..
လှူနိုင်သူတွေ အများကြီး ပေါ်လာပါစေ
ဒီလို ရိပ်မြုံတွေလဲ များလာပါစေ
ကလေးငယ်တိုင်း ခိုလှုံခွင့်ရပါစေ
အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေသော ကလေးများ ဒီလို သုခရိပ်မြုံလေး မှာ ခိုလုံခွင့်ရ ရှိတဲ့ ကလေးများအတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်ဗျာ.. ထို့အတူ သုခရိပ်မြုံလေးကို ဦးစီးတည်ထောင် ခဲ့ကြသူများနှင့် တကွ အခုလို သတင်းလေးများကို မျှဝေပေးသော မမ ကိုလည်း ကျေးဇူး တင်ပါတယ်.. ဒီလို နေရာမျိုးလေး တွေမှာ လှူဒါန်း သူများလည်း များများလှူဒါန်းနိုင်ပြီးတော့ နောက်ထပ်လည်း လှူဒါန်းသူများ အမြဲပေါများလာပါစေလို့လည်း…… ဆုတောင်းလိုက်ပါတယ်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
ကျွန်တော်ကတော့ဗျာ ဒီဂေဟာမှာ volunteer အနေနဲ့ပါဝင်ကူညီခွင့်ရတာအရမ်းဝမ်းသာမိပါတယ်။
နောင်အနာဂါတ်မျီူးဆက်သစ်လေးများ ခုလိုရောဂါမျီူးမကူးစက်နိုင်ပါစေနဲ့လို့သာဆုတောင်းချင်ပါတယ်။
ကလေးများအားလုံးကျန်းမာပြီးပျော်ရွှင်နိုင်ပါစေ။