မရမ်းချောင်းသို့ တစ်ကြော့ပြန်
Number of View: 17627
ကျွန်မတို့ Save The Aged အဖွဲ့ရဲ့ အောက်တိုဘာလအတွက် အလှူကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်းကျေးရွာမှာရှိတဲ့“အပြစ်မဲ့ အပယ်ခံ ” များလို့ ကျွန်မတို့ရဲ့ ရင်တွင်းက အမည်ပေးထားခဲ့ဘူးတဲ့ အနာကြီးရောဂါသည်များရဲ့ သီးခြားကမ္ဘာလေးဆီကို ဒုတိယအကြိမ် ပြန်လည်ရွေးချယ်လိုက်မိပါတယ်။ ဟုတ်ပါတယ်ရှင်။ ကျွန်မတို့အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဇွန်လခရီးစဉ်မှာလည်း မရမ်းချောင်းကျေးရွာလေးကိုပဲ သွားခဲ့ကြပြီး အဲ့ဒီအခေါက်မှာ အဖွဲ့ဝင်များအားလုံးရဲ့ရင်ထဲက စာနာ၊ ဂရုဏာ၊ သနားကြင်နာ မိုးစက်မိုးပေါက်တွေဟာ ဂေဟာက စောင့်ရှောက်ထားသူ ရောဂါသည် ဘိုးဘွားများရဲ့ ရင်ထဲ ဒုတ်ဒုတ်ထိရောက်အောင် ဖြိုင်ဖြိုင်ရွာသွန်းခဲ့ဖူးပါတယ်။
အဲ့ဒီအခေါက်တုန်းက အဖိုးတို့၊ အဖွားတို့ ရင်ထဲမှာ လုပ်ချင်တာ ဘာများရှိလည်းလို့ မေးမိတော့ တချို့က “ မသေခင် ကျိုက်ထီးရိုး ဘုရားဖူးသွားချင်တယ် ” လို့ ပြောတယ်။ တချို့ကတော့ “ ဒီမရမ်းချောင်မှာ ဆောင်းတွင်းဆို မတရားအေးတယ်.. သမီးတို့၊ သားတို့ မ၀တ်တော့တဲ့ အနွေးထည်အဟောင်းလေး များရှိခဲ့ရင် အဖွားတို့ကို လာပို့ပေးပါလားကွယ် ” လို့ သားသမီးတွေကို ပြောသည့်ပမာ သူတို့ ပြောခဲ့ကြတယ်။ ဒီတစ်ခေါက် မရမ်းချောင်းခရီးကို မရွေးချယ်ခင် စပ်ကြား သူတို့တွေ အလှူရှင်များရဲ့အစီအစဉ်နဲ့ ကျိုက်ထီးရိုး ဆံတော်ရှင်မြတ်ပါးထံ ဖူးမြှော်ခွင့်ရခဲ့ကြတာကို သိရတော့ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပြန်တယ်။ ဒါနဲ့ ကျန်နေသေးတဲ့ သူတို့ရဲ့ ဆန္ဒပြည့်ဝဖို့ ဆောင်းမ၀င်ခင်အမှီ အနွေးထည်များသွားပို့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒါနဲ့ အဖွဲ့ဝင်တွေအားလုံး တာဝန်တွေ စံနစ်တကျခွဲဝေယူကြပါတယ်။ အနွေးထည်လှလှပပ အရောင်ဆင်တူလေးများ ရဖို့အတွက် မေမြို့မှာနေသူ
အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ နေမင်းသူရိန် ဆက်ပိုင်ကို အရောင်တူအနွေးထည်များလှမ်းမှာ၊ Save The Aged စာတန်း ရင်ဘတ်မှာထိုးဖို့ စီစဉ်၊ အဲ့ဒီအချိန် Save The Aged စကာင်္ပူရဲ့ အမာခံအလှူရှင် ကိုရီး {ကိုကြီး} မှ ဂေဟာရှိ လူနာများတစ်နေ့တာ ကျွေးရန်လှူမယ့်အပြင် သွားရောက်မယ့် အဖွဲ့ဝင်များအားလုံးအတွက် နေ့လည်စာပါ ဒါနလုပ်မယ် ဆိုပြန်တော့ အားလုံးက ၀မ်းသာပီတိနဲ့ သာဓုခေါ်မဆုံးတော့။ ဒီတော့ ဂေဟာအတွက် တစ်နေ့တာ အလှူနဲ့ ရွာကျောင်းမှ ကလေးများ၃၇၀စာ အတွက် ကြာဇံချက်ကိုတော့ မရမ်းချောင်း အုပ်ချုပ်ရေး အဖွဲ့ကို ငွေပေးလှူလိုက်ရင် ပြီးပေမယ့် အဖွဲ့ဝင်တွေ စားမယ့် နေ့လည်စာ ကြက်ဆီထမင်းအတွက် ကိုတော့ အော်ဒါမှာကြ၊ ကားကြီး၂စီးငှားဖို့ ကြိုတင်စီစဉ် သူက စီစဉ်၊ ဂေဟာမှာ အမှတ်တရထားဖို့ ဓာတ်ပုံနဲ့အယ်လ်ဘမ်စီစဉ်သူက စီစဉ်၊ အဖွဲ့ဝင်အဟောင်းတွေကလည်း ဒုတိယ အကြိမ် အရောက် သွားဖို့ အားခဲကြ၊ အဖွဲ့ဝင်အသစ်တွေကလည်း ဒေါက်တာနတ်ဆိုးရဲ့ သွေးပူလေ့ကျင့်ခန်းလုပ်ပေး ထားတဲ့ ပို့စ်လေးဖတ်ပြီး လိုက်ဖို့ အားယူကြနဲ့ အားလုံးကိုယ်စီ တက်ကြွလို့နေကြပါတယ်။
သတ်မှတ်ထားတဲ့ ဆုံရပ်ကို မနက်(၈)နာရီ ရောက်လေတော့ အဖွဲ့ဝင်ဟောင်းများသာမက အဖွဲ့ဝင် အသစ်များစွာကိုလည်း ၀မ်းမြောက်ဖွယ် တွေ့ကြရပါတယ်။ အဖွဲ့ဝင်တွေကိုယ်စီ သယ်လာတဲ့ အ၀တ်အစားများကလည်း ကျားမအရွယ်စုံ (၁၂၀၀) နီးပါးရှိပါတယ်။ ကားပေါ်မှာ အသီးသီး နေရာယူပြီးချိန် ၉နာရီဝန်းကျင်မှာ ဆုံရပ်(၂) ဖြစ်တဲ့ ၈မိုင်မှာ စောင့်ဆိုင်းနေတဲ့ အဖွဲ့ဝင်များကို ၀င်ခေါ်အပြီးမှာတော့ အဖွဲ့ဝင်များ (၁၅၀)နီးပါးကိုတင် ဆောင်လာတဲ့ ကားကြီး(၂)စီးစာနဲ့ Light Truck (၂)စီးအပါအ၀င် ကျွန်မတို့ Save The Aged အဖွဲ့ဝင်များဟာ လှည်းကူးမြို့နယ်မှာရှိတဲ့ မရမ်းချောင်းကျေးရွာကို စတင် ထွက်ခွာ လာခဲ့ကြပါတယ်။
လမ်းမှာ ကားပေါ်ပါအဖွဲ့ဝင်အချင်းချင်း လူသစ်နဲ့ လူဟောင်းမိတ်ဆက်ကြ၊ သံပြိုင်သီချင်းတွေ သီဆိုကြနဲ့ ထုံးင်္စအတိုင်း တပျော်တပါး ခရီးဆက်ခဲ့ကြပါတယ်။ ထောက်ကြံ့မှာ ၁၅မိနစ်ခန့် ခရီးတစ်ထောက်နားပြီး ခရီးဆက်ခဲ့ကြတာ မရမ်းချောင်းကို ရောက်တော့ ၁၂နာရီနီးပါး ရှိနေပါပြီ။ အရင်ကြိုရောက်နှင့်နေတဲ့ ကားမှ အဖွဲ့ဝင်များက ကလေးများကို ကြာဇံချက်တိုက်ကျွေး ထားပြီး ကြပါပြီ။
ဒီနေရာမှာ ကြားဖြတ်လို့ သူတို့တွေကို ဝေဒနာရှင်တွေ၊ အနာကြီးရောဂါသည်တွေလို့ မသုံးနှုန်းပဲ “ သူတို့ ” လို့ပဲ သုံးနှုန်းသွားပါ့မယ်။ ဒါ.. ပထမတစ်ခေါက်အလှူထဲက ကျွန်မဆုံးဖြတ် ထားခဲ့တာပါ။ သူတို့ဟာ လူတွေထဲက လူတွေဆိုတာ ကျွန်မ မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီးထံက သူတို့ဟာ ကျွန်မတို့နဲ့ ဘာမှမကွဲပြားဘူး။ သူတို့ရှင်သန်နေစဉ်ကာလမှာ ဘ၀အကျိုးပေးကြောင့် ဒီလူဖြစ်ရှုံးတဲ့ ဝေဒနာဆိုးကို ကပ်တွယ်ငြိခံခဲ့ရတယ်။ ဒါပေမယ့် သူတို့ဟာ အခုအခါမှာ ဝေဒနာတွေ ကင်းပသလောက်ဖြစ်နေကြပေမယ့် ဝေဒနာဖြစ်စဉ်က အရှိန်ကြောင့် ခြေ၊ လက်၊ မျက်နှာတို့က ပုံသဏ္ဍာန် ပျက်ယွင်းနေကြပါပြီ။ ဒီလို ပုံသဏ္ဍာန်တွေ ဘယ်လောက်ပဲပျက်ယွင်းနေစေဦးတော့ သူတို့ရဲ့  ရင်ထဲက ခံစားတတ်တဲ့ နှလုံးသားတွေကတော့ ကျွန်မတို့နဲ့ ဘာမှမခြားနားပဲ ထပ်တူ ထပ်မျှပါဘဲ။ ကျွန်မတို့က သူတို့ကို အပေါ်ယံအမြင်၊ အပေါ်ယံအကြည့်နဲ့ မသတီ ရွံရှာမနေကြပဲ လူချင်းသူချင်းအတူတူ စာနာစိတ်လေးမွေးနိုင်ဖို့ လိုအပ်လှပါတယ်။ ဒါကြောင့် သူတို့ကို နွေးနွေးထွေးထွေး ဆက်ဆံနိုင်ဖို့၊ သူတို့ရဲ့စိတ်အားတွေကို ရောက်တဲ့အချိန်တဒင်္ဂလေးမှာ မြှင့်တင်ပေးနိုင်ဖို့ကို ဇင်အိက လမ်းခရီးမှာထဲက အဖွဲ့ဝင်များကို ကြိုတင်ရှင်းလင်း မေတ္တာရပ်ခံ ထားခဲ့ပါတယ်။
ကျွန်မတို့ကားက လမ်းမှာ ခဏရပ်နားကာ ပြင်ရသေးလို့ နောက်ကျမှ ရောက်ပါတယ်။ ကျွန်မတို့ ရောက်တဲ့အချိန်မှာပဲ ဂေဟာက သူတို့တွေကို ထမင်းကျွေးဖို့ ပြင်ဆင်နေကြပါပြီ။ အဖွဲ့ဝင်တွေ အားလုံးက သူတို့အနားမှာ ကိုယ်စီဝိုင်းရံလျှက်။ သူတို့က ထမင်းမစားခင် အလှူရှင်များကို ဆုတောင်းမေတ္တာပို့သချိန် မှာတော့ ကျွန်မတို့အားလုံးရဲ့ရင်ထဲမှာ အမည် မဖော်ပြနိုင်တဲ့ ဂရုဏာလှိုင်းတို့ ရိုက်ခတ်သွားခြင်း ခံလိုက်ရပါတယ်။
သူတို့တွေရဲ့ နေ့လည်စာက ငါးဟင်း၊ ပဲဟင်းချိုနဲ့ ငပိတို့စရာပါ။ သူတို့တွေ မြိန်ရည်ယှက်ရည် စားနေချိန်မှာ အဖွဲ့ဝင်များက အနားကနေယပ်ခပ်သူခတ်၊ ငါးအရိုးနွှံသူကနွှံ၊ ထမင်းဟင်းလိုက်သူက လိုက်နှင့်။ ကျွန်မတို့ကလည်း သူတို့ကို မှတ်မိနေတယ်.. သူတို့ကလည်း ကျွန်မတို့တွေကို မှတ်မိနေကြတယ်။ အပြုံးပန်းတွေ လှိုင်လှိုင်ပွင့်ကြတယ်။ တချိန်ထဲမှာ ၀ှီးချဲနဲ့သွားရတဲ့ သူတို့တွေကတော့ မိမိရဲ့ ကုတင်နေရာလေးမှာပဲ ထမင်းစားကြပါတယ်။ အဖွဲ့ဝင်များကလည်း အနားက တစ်ဖ၀ါးမှမခွာ ကူညီကာ ထမင်းကျွေးကြပါတယ်။
ကျွန်မမျက်လုံးများက ထမင်းစားဆောင်ထဲမှာ အဘဦးတင်ခိုင်ကို ရှာနေမိပါတယ်။ မတွေ့တော့ အဆောင်ထဲလိုက်သွားတော့ အဘကို သူ့ရဲ့ ကုတင်နံပတ်(၃၀) မှာ မတွေ့ရပြန်ပါဘူး။ ဒါနဲ့ထမင်းစားဆောင်ထဲ ပြန်လိုက်ပါတယ်။ တွေ့ပါပြီ။ အဘက ပထမတစ်ကြိမ်ထက် ပိုလို့ ပိန်သွားသလိုထင်ရပါတယ်။ အဘရဲ့ ကုတင်နေရာက်ု ကျွန်မပြန်လာခဲ့ပါတယ်။  အဘက ကျွန်မကို ကောင်းစွာ မှတ်မိနေပါတယ်။ အဘအားနည်းလို့ ပြီးခဲ့တဲ့၂ရက်လောက်ကပဲ ဂလူးကို့စ်သွင်းရသေးတယ်လို့ပြောပါတယ်။ ပထမအကြိမ်က အဘနဲ့ အတူသီချင်းဆိုနေတာ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးပေးဖြစ်ပါတယ်။ အဘက ဘာသာတရားမြဲဖို့၊ မိဘကို ဂရုစိုက်ဖို့ ဆုံးမပါတယ်။ အဘဟာ ပထမတစ်ကြိမ်တုန်းကလည်း ကားထွက်တဲ့အထိ ရွာဝကိုလိုက်ကာ နှုတ်ဆက်ရှာခဲ့သူပါ။
နေ့လည်စာ စားအပြီးမှာတော့ ဇင်အိနဲ့ အဖွဲ့ဝင်အချို့၊ လိုက်ပါလာတဲ့ Total ဧည့်သည်များ၊ အဖွဲ့ဝင် ကိုဝေဖြိုးဘော် ဦးဆောင်တဲ့ ယုဇနဥယျာဉ် အိမ်ရာစခန်းမှ ကြက်ခြေနီအဖွဲ့ဝင်များ အင်အား(၁၄) ယောက်က ကျေးရွာထဲမှာ အ၀တ်အစားများ သွားရောက်ဝေငှဖို့ ထွက်ခွာသွားကြပါတယ်။ ကျန်တဲ့ အဖွဲ့ဝင်အများစုကတော့  ပင်မခန်းမဆောင် မှာ အစီစဉ်စဖို့ ပြန်စုရုံးကြပါတယ်။ သူတို့ကလည်း ထိုင်ခုံကိုယ်စီမှာ အသင့် နေရာယူနေပြီးကြပါပြီ။ ဒီတစ်ခေါက် ကျွန်မတို့ ကံအားလျှော်စွာ မရမ်းချောင်စခန်းရဲ့ ပဲ့ကိုင်ရှင် ဆရာ(ဦး)ချစ်စံဝင်းနဲ့ ကြုံခွင့်ရလိုက်ပါတယ်။ ဆရာ(ဦး)ချစ်စံဝင်းနဲ့ ဧည့်သည်များရောက်လာကြလို့ ဂေဟာမှုးက ကျွန်မတို့အဖွဲ့နဲ့ မိတ်ဆက်ပေးပါတယ်။
ဆရာက ဂေဟာအတွက် လှူဒါန်းထားတဲ့ ဓာတ်ပုံအယ်လ်ဘမ်မှ ပုံများကိုကြည့်ပြီး ပုံတချို့ ယူခွင့်တောင်းပါတယ်။ အဲ့ဒီနောက် အတူပါလာတဲ့ ဧည့်သည်များနဲ့ဆရာကမိတ်ဆက်ပေးပါတယ်။ အဲ့ဒီနောက် ဆရာ(ဦး)ချစ်စံဝင်းမှ မရမ်းချောင်ဖြစ်ပေါ်လာ ပုံနဲ့တကွ ဂေဟာမှ သူတို့ရဲ့ ဘ၀နဲ့အတူ လူငယ်များပရဟိတ အလုပ်မှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်လာတာကို အားရစဖွယ်တွေ့ရလို့ ၀မ်းမြောက်ကြောင်း ပြောကြား သွားပါတယ်။ ဆရာစကားပြောလို့အပြီးမှာတော့ ဆရာ့ရဲ့ဧည့်သည်များနဲ့ အတူပါလာတဲ့ ရေခဲမုန့်များကို အဖွဲ့ဝင်များက ကူညီလို့ သူတို့ကို ၀ိုင်းဝန်းကာ ကျွေးပေးကြပါတယ်။
အဲ့ဒီနောက်မှာတော့ ကျွန်မတို့ရဲ့ အစီအစဉ်လေးကို စတင်လိုက်ပါတယ်။ မြသွေးနီက အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ မရမ်းချောင်ကို ပထမအကြိမ် သာမက ဒုတိယအကြိမ်လာရောက်လှူဒါန်းဖြစ်ရခြင်း အကြောင်းကို ရှင်းလင်းပြောပြပါတယ်။
အဲ့ဒီနောက် အဖွဲ့ဝင်များမှ အနွေးထည်များကို တစ်ယောက်ချင်းစီ ပေးအပ်လှူဒါန်းပါတယ်။
အဲ့ဒီနောက် ၀ါလကင်းလွတ်သီတင်းကျွတ် အခါသမယရောက်တော့မှာမို့ အဖိုးအဖွားများအား ကိုသူရတိုင်ပေးတဲ့ ကန်တော့ကြိုးနဲ့ ထိခြင်း၅ပါးဖြင့်
ကန်တော့ကြပါတယ်။
အဲ့ဒီနောက် အမာခံအဖွဲ့ဝင် ဇလပ်ဖြူမှ သူမရဲ့ “ အပြစ်မဲ့အပယ်ခံ ” သီချင်းနဲ့ ကိုယ်တိုင်ဂစ်တာတီး သီချင်းသီဆိုတဲ့အခါ အဖွဲ့ဝင်များမှ သံပြိုင်လိုက်ပါ သီဆိုကြပါတယ်။ ဒီသီချင်းလေးဟာ အဖွဲ့ရဲ့ အလှူခရီးတိုင်းမှာ ဆိုဖြစ်ပါတယ်။ ဆိုတိုင်းလည်း ကျွန်မတို့အားလုံးရော… အလှူနေရာကသူတွေပါ မျက်ရည်လည်ရတဲ့ သီချင်းလေးပါဘဲရှင်..။
“…..ကြည့်…ကြည့်….ကြည့်လိုက်ပါ… သနားဖို့ကောင်းတဲ့…သူတို့ဘ၀တွေ ကူညီမယ့်သူ ရှားပါးလို့နေတယ်… အကြောင်းမလှခဲ့တဲ့ သူတို့ ဘ၀မှာ … ကံကြမ္မာကိုပဲ ပြစ်တင်မလား… စာနာစွာနဲ့ ဖေးကူမလား… အကြင်နာလက်ကမ်း… တို့ပါဝင်စို့လေ…. ”
မရမ်းချောင်းတစ်ရွာလုံး ကျွန်မတို့တွေရဲ့ တေးသံတွေက ပျံ့လွင့်လွှမ်းခြုံလို့နေတယ်။ သူတို့.. နောက် ကျွန်မတို့ အားလုံးဟာ နှလုံးသားကိုယ်စီရှိကြပြီး ခံစားတတ်ကြတာချင်းပါတူညီ နေကြသူများပါ။ ပထမ ခရီးစဉ်ကလိုပဲ ကျွန်မတို့နဲ့ သူတို့ဟာ မကွဲပြားပဲ တစ်သားထဲ ရှိနေကြပြန်ပါတယ်။ သူတို့.. သူတို့တွေရဲ့ မျက်ဝန်းမှာ မျက်ရည်ဥတွေ ခိုတွယ်နေကြတယ်။ ကျွန်မတို့တွေရော ဘာသားနဲ့များ ထုလုပ်ထားကြတာမို့လဲ..။ အဲ့ဒီအချိန်မှာ ကျွန်မတို့တွေ မျက်ဝန်းမှာ မျက်ရည်စကိုယ်စီနဲ့ တစ်ယောက်ကို တစ်ယောက် စေတနာတွေ၊ မေတ္တာတွေ၊ ဂရုဏာတွေ၊ စာနာစိတ်တွေနဲ့ အပြန်အလှန် နွေးထွေးစွာ ရင်းနှီးစွာ ရှိနေကြတယ်ဆိုတာ ငြင်းမရနိုင်ပါဘူးရှင်။
ပထမအကြိမ် မရန်းချောင်းအလှူတုန်းက ကျွန်မတို့အဖွဲ့ရဲ့ ပင်တိုင်သီချင်း(၂)ပုဒ်ကို လက်ကမ်း စာရွက်လေးများနဲ့ ရှေ့နောက် ရိုက်ကာ မရမ်းချောင်က သူတို့ကို ဝေခဲ့ရင်း သူတို့နဲ့ အတူ သီချင်းတွေသီဆိုခဲ့ကြဘူးပါတယ်။ အခုတစ်ခါမှာတော့ ကျွန်မတို့ အဖွဲ့ဝင်များကို မထင်မှတ်တဲ့ ကြားဖြတ်အစီအစဉ်အဖြစ် ဂေဟာမှ အဘ(၄)ဦးက “ Save The Aged ” သီချင်းနဲ့ သံပြိုင်သီဆို ဖျော်ဖြေ ပါတယ်။ တစ်ယောက်ရဲ့လက်ထဲမှာက ပထမအကြိမ် ကျွန်မတို့ပေးဝေခဲ့တဲ့ သီချင်းစာရွက် အဖြူလေးက ဘယ်လောက်များ တရိုတသေသိမ်းထားသလဲမသိ၊ မနွမ်းကြေပဲ သန့်ရှင်းလျှက်။ နောက် (၃)ဦးရဲ့ လက်ထဲမှာတော့ ဗလာစာရွက်လေးတွေ ကိုယ်စီမှာ ဘောပင်နဲ့ ကူးရေးထားတဲ့ “ Save The Aged ” သီချင်း။ ကျွန်မတို့အဖွဲ့လာမှာသိနေလို့ ကျွန်မတို့အဖွဲ့ အတွက် ကြိုတင်ပြင်ဆင်ထားကြတာတဲ့။ သီချင်းတွေလည်း ကြိုတင်လေ့ကျင့်ထားတယ်ဆိုပဲ။ ကျွန်မတို့ တကယ့်ကို ၀မ်းသာစိတ်နဲ့ အံ့သြမိရပါတယ်။ ဒီလိုနဲ့ အဘတို့(၄) ဦးနဲ့အတူ ကျွန်မတို့အဖွဲ့ “ Save The Aged ” သီချင်းလေးကို သံပြိုင်သီဆိုကြပါတယ်။
“ Save The Aged …. Save The Aged လူငယ်များရဲ့ စေတနာ.. လူ့ပတ်ဝန်းကျင်အလှတရား.. တို့စွမ်းအားနဲ့ အလှဆင်မှာ…”
အဘဦးသိန်းလွင်ဆိုရင် ခေါင်းတွေခါ၊ ချွေးတွေမျက်နှာမှာ ဒီးဒီးယိုစီးကျအောင် သီဆိုဖျော်ဖြေပါတယ်။ အားပေး လက်ခုပ်သံတွေက သွပ်မိုးကို ကျော်ဖြတ်လို့ မရမ်းချောင်ရဲ့ မိုးကောင်းကင်ယံအထိ ပျံ့လွင့်သွားပါတော့တယ်။
အဲ့ဒီအစီစဉ်ပြီးတဲ့နောက် ဆရာ(ဦး)ချစ်စံဝင်းက ကျွန်မတို့ အဖွဲ့နှင့်ထပ်မံလို့ တွေ့ချင်သေးကြောင်း ပြောပြကာ နှုတ်ဆက်လို့ မရမ်းချောင်မှ ပြန်လည်ထွက်ခွာသွားပါတယ်။
အဲ့ဒီနောက် အဖွဲ့ရဲ့ အမာခံအဖွဲ့ဝင်တစ်ဦးဖြစ်သူ သက်ဝင်းမှ လျှပ်တပြက်အစီအစဉ်လေးတစ်ခုကို စတင်ပါတယ်။ ဒီအစီ အစဉ်လေးက အဖွဲ့ဝင်များနဲ့ ဂေဟာက သူတို့အကြား ရင်ထဲက ခံစားချက်လေး တွေကို အစီစဉ်မရှိပဲ ပေါ်လွင်အောင် ပြောဆိုတင်ဆက်စေတာပဲဖြစ်ပါတယ်။
အဖွဲ့မှ သက်ဝင်းနဲ့ ဂေဟာမှ အဘဦးတင်ခိုင်တို့စုံတွဲ့ရဲ့ ဖျော်ဖြေတင်ဆက်မှု၊ အဲ့ဒီနောက် ကချင်ပြည်နယ်မှာ စစ်မှုထမ်းခဲ့ဘူးတဲ့ အဘဦးသိန်းလွင်က အဖွဲ့မှဖိုးသောကြာ (ရန်ကုန်) နဲ့တွဲဖက်ပြီး အဖေနဲ့သား ရှေ့တန်းထွက်ခါနီး မှာကြားနေပုံမျိုး သရုပ်ဆောင်တာ ပီပြင်လွန်းလို့ ဖိုးသောကြာတောင် အဘကို မနည်းအမှီလိုက်ယူရပါတယ်။ လက်ခုပ်သံများကလည်း သောသောညံလို့ပါဘဲရှင်။
အဲ့ဒီနောက် လွန်ခဲ့တဲ့ ၂ရက်က နေမကောင်းလို့ အားဆေးဒရစ်ချိတ်ရတဲ့ အဘဦးတင်ခိုင်က “ အောင်ပါစေ ” သီချင်းနဲ့ အတီးမပါ အဆိုသက်သက်နဲ့ ပီသကြည်မြ အောင်မြင်စွာသီဆိုပြလေရာ ကျွန်မတို့ရဲ့ “ အောင်ပါစေ ”  “ အောင်ပါစေ ” “ အောင်ပါစေ ” လို့ အတူလိုက်အော်ပေးသံများဟာ ကြက်သီးမွေးညင်းများတောင် ထမိသည်အထိ ကောင်းမွန်လှတာမို့ အဘဦးတင်ခိုင်အတွက် လက်ခုပ်သံတွေ အများကြီးကို ရခဲ့ရပါတယ်။
အဲ့ဒီနောက် အဘဦးသိန်းလွင်က “ Par Par… He loves Mar Mar.. Mar Mar… She loves Par Par ” သီချင်းကို အဖွဲ့ဝင်များနဲ့ အတူ သံပြိုင်သီဆိုကြပါတယ်။ ဒီအစီစဉ်လေးမှာလည်း အားလုံးရဲ့ မေတ္တာလက်ခုပ်သံတွေဟာ လျှံထွက်ခဲ့ရပြန်ပါတယ်။ အဲ့ဒီနောက် အဖွဲ့ရဲ့ Save The Aged သီချင်းနဲ့ အဆုံးသတ်ကာ သူတို့ကို သူတို့ရဲ့ အဆောင်တွေ ရှိရာကို အဖွဲ့ဝင်များက ပြန်လည်ပို့ဆောင်ပေးပါတယ်။
အဲ့ဒီအချိန်မှာတော့ မွန်းတိမ်း(၂)နာရီရှိနေပါပြီ။ အဖွဲ့ဝင်အားလုံးရဲ့ ၀မ်းဗိုက်တွေဆီက သံစုံတီးဝိုင်း တွေက ဂွီဂွီဂွမ်ဂွမ်နဲ့ တီးမှုတ်နေကြပါပြီ။ ဂေဟာအပြင်ဖက် သစ်ပင်ရိပ်အောက်မှာ အဖွဲ့ဝင်များ အားလုံး စုပေါင်းထိုင်ကာ ကိုရီး {ကိုကြီး} ဒါနလုပ်တဲ့ ကြက်ဆီထမင်းကို တပျော်တပါး စုဝိုင်းလို့ ခေါင်းမဖော်စတမ်း စားကြပါတော့တယ်။
စားပြီးချိန်မှာတော့ ထုံးစံအတိုင်း အဖွဲ့ဝင်အသစ်နဲ့ အဟောင်း အပြန်အလှန် ပျော်ရွှင်စွာ မိတ်ဆက် ကြပါတယ်။
မိတ်ဆက်အပြီးမှာ ဂေဟာမှူးမှ ဆရာ(ဦး)ချစ်စံဝင်းမှာကြားခဲ့သည်များကို ကျွန်မတို့အဖွဲ့အား ထပ်မံပြောပြပေးပါတယ်။ ဂေဟာနဲ့ ဂေဟာဝန်းကျင်မှာရှိနေတဲ့ လူငယ်များ အတန်းပညာ ခါးကြောမပြတ်စေပဲ ပြီးမြောက်အောင် သင်ယူနိုင်ဖို့ သဒ္ဒါထက်သန်တဲ့ စေတနာ့အလှူရှင်များ လိုအပ်ပါကြောင်း အဓိကထား ပြောသွားပါတယ်။
ဂေဟာမှလူများနဲ့အဖွဲ့ဝင်တွေ ဘောလုံးကန်ဖို့ အစီစဉ်လုပ်ထားပေမယ့် အချိန်က ၃နာရီနီးပါး ရှိနေပြီမို့ ရန်ကုန်ပြန်အ၀င် နောက်ကျမှာ စိုးတာကြောင့် ဒီအစီအစဉ်ကို စိတ်လျှော့ထားလိုက်ရပါတယ်။
တဖက်မှာလည်း ရွာထဲမှာ အ၀တ်အစားတွေ သွားဝေငှနေတဲ့ ဇင်အိတို့ အဖွဲ့ပြန်အလာကို စောင့်နေကြပါတယ်။ ဒါတောင် အဖွဲ့ရဲ့ Royal STA Football Team က ဘောဝါသနာအိုးများက  ရတဲ့အချိန်လေးမှာ အချင်းချင်း လုကန်နေကြတာတွေ့ လိုက်ရပါသေးတယ်။
အဲ့ဒီအချိန်မှာ ကျွန်မအနားရောက်လာတာက အဘဦးတင်ခိုင်။ တန်ဖိုးရှိတဲ့ လက်ဆောင်တော့မဟုတ်ပါဘူးတဲ့။ သမီးကို အမှတ်တရပေးချင်လို့ လက်ခံပေးပါဆိုပြီး သူ..ကျိုက်ထီးရိုးသွားတုန်းက ပါလာတဲ့ ရင်ထိုးလေးကို တုံးတိနေရှာတဲ့ သူ့လက်ဖ၀ါးလေးပေါ်တင်လို့ ပေးပါတယ်။
ကျွန်မရင်ထိုးကို ချက်ချင်းပဲ တတ်လိုက်ပါတယ်။ ဖြစ်ချင်တော့ ရင်ထိုးချိတ်က ချက်ချင်းတွယ်မရလေတော့ အားစိုက် တွယ်နေတုန်း သူက ” အဘလက်ကလေးတွေမရှိလို့ .. မဟုတ်ရင် ကူညီပေးချင်သား” တဲ့။ ကျွန်မ မျက်ဝန်းထဲ မျက်ရည်စတွေ ရုတ်ချည်းရစ်ခိုလာပါတယ်။ အဖေ့နဲ့ အဘက အသက်တူတူလို့ ပြောပြထားတော့ အဖေ့ကို ဂရုစိုက်ဖို့မှာပါတယ်။ ကျွန်မလည်း သူ့ရဲ့ တုံးတိနေတဲ့ လက်နှစ်ဖက်ကို ဆုတ်ကိုင်ယူလို့ အဘကျန်းမာရေးကောင်းအောင်နေဖို့၊ ပထမအကြိမ်တုန်းကပြောခဲ့တဲ့အတိုင်း ကျွန်မတို့ ထပ်လာခဲ့ကြတယ်၊ ကျွန်မတို့ နောက်တစ်ကြိမ် ထပ်လာဖို့လည်း ကြိုးစားပါ့မယ်လို့ ပြန်မှာမိပါတယ်။
တအောင့်နေတော့ ဇင်အိတို့(၁၄)ယောက်အဖွဲ့ ခြေကုန်လက်ပမ်းကျကာပြန်လာတာတွေ့ရပါတယ်။ မပမ်းခံနိုင်မလား.. အိမ်ထောင်တစ်စုကို (၁၀)ထည်နှုန်းနဲ့ အိမ်ခြေ၁၅၀လုံးမရောက်ခဲ့ပေမယ့် အိမ်ခြေ (၁၂၀) အိမ်အထိကို အိမ်တိုင်ရာရောက် သွားရောက်ဝေငှခဲ့တာပါ။ ကျေးရွာ အတွင်းမှာ မိသားစုနဲ့ နေထိုင်တဲ့ ရောဂါဒဏ်ခံခဲ့ရဖူးတဲ့ ၇၉ဦးအတွက်လည်း Save The Aged အနွေးထည်များ ပေးလှူခဲ့ပါတယ်။ ကျေးရွာအတွင်း အပင်ပမ်းခံ လိုက်ပါဝေငှပေးသူများအားလုံးကို ကျေးဇူးမှတ်တမ်း ဒီနေရာကနေ တင်ပါရစေရှင်။
အဲ့ဒီနောက် အဖွဲ့လိုက် အမှတ်တရ ဓာတ်ပုံရိုက်ယူကြပါတယ်။
အချိန်တန် အိမ်ပြန်ရပေဦးမည်။ ညနေ (၄)နာရီအထိုးမှာတော့ ကျွန်မတို့ Save The Aged အဖွဲ့ မရမ်းချောင်းက အပြစ်မဲ့ အပယ်ခံ သူတို့အားလုံးကို နှုတ်ဆက်လို့ ရန်ကုန်မြေစီ ခြေဦးပြန်လှည့် ရပါတော့တယ်။ လက်ပြကျန်ခဲ့တဲ့ အပြစ်မယ့်အပယ်ခံများရဲ့ မျက်နှာများက ကျွန်မတို့ မျက်ဝန်းထဲမှာ စွဲထင်နေပါတော့တယ်။
အံ့သြစရာက ရန်ကုန်မှာ မိုးသည်း ထန်စွာရွာလို့ ရေတွေတောင် တချို့နေရာတွေ ကြီးနေခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် မရမ်းချောင်းမှာတော့ Save The Aged ရဲ့ မေတ္တာတန်ခိုးနဲ့ နေတွေကျဲကျဲပူခဲ့ပါတယ်။ သေချာပါတယ်။ Save The Aged က လိုအပ်နေသူများအတွက် အနည်းဆုံးတော့….
နေပူချိန်မှာ အိုအေစစ်ငယ်လေးတစ်ခု (ဒါမှမဟုတ်)
မိုးသည်းချိန်မှာ နေပျောက်လေးတစ်ပွင့် (ဒါမှမဟုတ်)
ဆောင်းအေးချိန်မှာ ထင်းမီးဖိုလေးတစ်ခုလောက် အဖြစ်နဲ့ပဲဖြစ်ဖြစ် ဆက်လက်ရှိနေဦးမှာပါ။
ဒီတစ်ကြိမ်လည်း ကျွန်မတို့ Save The Aged အဖွဲ့သားများကို ယခုလိုပြောလိုက်ချင်ပါသေးတယ်..။
We Did It Again !
အဖွဲ့ဆိုက်ဖြစ်တဲ့ ဒီနေရာလေး မှာလည်းဝင်ဖတ်နိုင်ပါတယ်ရှင်..။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Share
This entry was posted in Save The Aged. Bookmark the permalink.
20 Responses to မရမ်းချောင်းသို့ တစ်ကြော့ပြန်
  1. ကြည့်..ကြည့်..ကြည့်လိုက်ပါ
    သနားဖို့ကောင်းတဲ့..သူတို့ဘ၀တွေ။။။။။
    အားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    မခံစားနိုင်ဘူး…။
  2. thiha says:
    အမ မြသွေးနီ ရဲ ဆောင်ပါးတွေက ကျွန်တော် ရင် ကို တော်တော် ထိတယ်ဗျာ။အခုလို အလှူမျိုးတွေကို ကျွန်တော် ပါဝင်ကူညီနိုင်အောင်ကျိုးစားရအုံးမယ်ဗျာ။STA အဖွဲ့သား အားလုံးကိုလည် အားကြမိတယ်ဗျာ။
  3. minyarzar says:
    Real beauty is the beauty of soul.
    Coming together is the beginning;
    keeping together is the progress;
    working together is the success.
  4. လေးလေးစားစားနဲ့ ဖတ်သွားတယ်အစ်မ
    တက်နိုင်သလောက် ကြိုစားအားဖြည့်ပေးနိုင်ကြပါစေ…
    အားပေးနေတယ်အစ်မရေ…..
    သူတို့ဆီမရောက်ပေမယ့် သူတို့ဆီရောက်နေသူတွေရဲ့ သတင်းကြောင့်ပိတိဖြစ်ရပါတယ် အပယ်ခံတို့ဘဝဟာတကယ့်ကို ကိုယ်ချင်းစာစရာပါ
  5. ဖတ်ပြီး ရင်ထဲမှာ တစ်စုံတစ်ရာ အတိုင်းအတာထိအောင် ခံစားလိုက်မိတယ်..
    တကယ်ကိုသနားဖို့ကောင်းပါတယ်.. အစ်မတို့နဲ့ထပ်တူ ရင်ထဲမှာ ခံစားရပါတယ်…
    မျက်ရည်လည်း ၀ဲမိရပါတယ်..
    သူတို့ဘ၀တွေမှာ ကူညီမဲ့တွေ အများကြီးပေါ်လာစေချင်ပါတယ်.. တသားတည်းသဘောထားပြီး ကူညီဝေမျှခဲ့ကြတဲ့
    စေတနာရှင် STA အဖွဲ့သားများအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိကြပါစေ
    ရှေ့ဆက်လည်း လိုအပ်တဲ့နေရာတွေမှာ ပါဝင်ကူညီဖြည့်ဆည်းပေးနိုင်ကြပါစေရှင်။
  6. Ko Gyi says:
    မမြသွေး
    အခါခါဖတ်မိလေ အကြိမ်ကြိမ် ကြက်သီးမွေးညင်း ထမိလေပဲ။
    သီချင်းလေးက ရင်ထဲကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ရိုက်ခတ်စေတယ်။
    အဖွဲ့က မောင်နှတွေ အားလုံးအတွက် ဂုဏ်ယူအားကျ မိပါတယ်။
    STA အဓွန့်ရှည်ပါစေဗျာ။
    လေးစားစွာဖြင့်
    ကိုရီး{ကိုကြီး}
  7. ထီးကြည်နုအောင် says:
    ကိုယ်တိုင်ပါဝင်ခွင့် မရပေမယ့်လည်း STA အဖွဲ့သားတွေနဲ့ထပ်တူ ၀မ်းသာပီတိဖြစ်ရပါတယ်။ နောင်ကိုလည်း လိုအပ်နေတဲ့ နေရာတိုင်းမှာ အမြဲထာဝရ ကူညီနိုင်ပါစေနော်….
    ခင်မင်လေးစားလျှက်…………
  8. ဖတ်ပြီးရင်ထဲမှာ လှိုက်ဖိုရပါတယ်..။ အပြစ်ပယ်ခံဆိုတဲ့ နာမည်လေးကိုကြားရတာကိုက သူတို့အတွက်
    ရှိနေတယ်ဆိုတာ သူတို့အတွက် အားဆေးထက် အဖိုးတန်မှာပါ..။
    STA အဖွဲ့ကမောင်နှမတွေအားလုံးကျန်းမာချမ်းသာစွာနဲ့ ကူညီစောင့်ရှောက်ပေးနိုင်တဲ့သူများ ဖြစ်ကြပါစေရှင်..။
    ချစ်တဲ့
    ညီမသဒ္ဓါ
  9. sosegado says:
    တကယ့် ဂုဏ်ယူစရာလုပ်ဆောင်ချက်တစ်ခုပါပဲ၊
  10. အပယ်ခံဘဝတွေမို့လို့ အစ်မတို့ အဖွဲ့ရောက်သွားတာကို သူတို့ အင်မတန်ဝမ်းသာကြမှာပဲ။
    ရည်ရွယ်ချက်ကောင်းလွန်းတဲ့ ဒီအဖွဲ့လေး ထာဝစဉ် တည်တံ့ပါစေနော်။
    သူတို့တတွေစီကိုလည်း နောက်ထပ် ထပ်သွားပေးနိင်ပါစေဗျာ။
  11. sai myint tun says:
    အစ်မ မြသွေးနီ………..ကျွန်တော် စိုင်းမြင့်ထွန်း ပါ။ အစ်မ တို့ ရဲ့ လုပ်ဆောင်မှုကို စကားအရာနဲ့  ပြောလို့ မရအောင် မွန်မြတ်လှ
    ပါတယ် လို့  ယူဆပါတယ်။ ကျွန်တော် လည်းဒီလိုမျိုး ပါဝင်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် က အဝေးမှာဆိုတော့ ကိုယ်တိုင်
    ကိုယ်ကျ ပါဝင်လို့  မရဘူးဖြစ်နေပါတယ်။ ဒီတော့ အလှူငွေ လေးပဲ ပါဝင်ခွင့်ပြုပါရန် အစ်မ မြသွေးနီ ကို ခွင့်တောင်းပန်ကြား
    အပ်ပါတယ်။ ကျေးဇူးပြုရ်ျ ကျွန်တော် မေးလ် ကိုဆက်သွယ် ပေးပါ။
    လေးစားလျှက်…………..စိုင်းမြင့်ထွန်း
  12. Nan Hom says:
    မ .. ကြက်သိမ်းတွေ တဖြန်းဖြန်းထရလောက်အောင်ကို ထပ်တူထပ်မျှ ၀မ်းသာမိပါတယ် …
    STA တဖွဲ့ လုံး ကျန်းမာကြပါစေ …
  13. ahphyulay says:
    ကျွန်တော် အစအဆုံး လိုက်ဖတ်ကြည့် မိလာပြီး
    ပြောမပြတတ်တဲ့  ပီတိ တွေ ရရှိခဲ့ ပါတယ်။
    ဒီလို အလှုမျိုးလေးတွေက ကျွန်တော်တို့ ဆီမှာပဲ
    ရှိနေမယ်ထင်တာပဲနော်..။
  14. အစ်မဆီက ပီတိတွေကို မျှဝေ ဖတ်ရှုသွားပါတယ်။
    ………………………………………………………………………………….
    အစ်မရေ.. နောက်နောက်ပြောင်ပြောင်သော် လည်းကောင်း အတည်သော်လည်း ပြောမိတဲ့ စကားတွေ ထဲမှာ အမှားပါခဲ့ပြီး ကာယကံ ၊ ဝစီကံ နဲ့ ပတ်သတ်သော အပြစ်များကို ခွင့်လွှတ်ပါရန် လေးစားစွာ ဝန်ချကာ ရှိခိုး တောင်းပန်ပါတယ် အစ်မ။
    အစ်မလည်း စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
    ကိုဇော်
  15. စာလေးဖတ် ဓာတ်ပုံလေးတွေကြည့်ရင်း စိတ်ထဲလှိုက်လှဲစွာ ချီးမွမ်းမိပါတယ်အစ်မရေ့……….။
    အမြဲတမ်း ဆထက်တပိုးဆောင်ရွက်သွားနိုင်စေဖို့ ဆုတောင်းပေးမိတယ်………။
    ခင်မင်ခြင်းအားဖြင့်……..
    ဏီလင်းညို
  16. Thida (mawlamyine) says:
    စာတွေကို အစအဆုံး ဖက်ဖြစ်ခဲ့ပါတယ် ပြောမပြတတ်အောင် ၀မ်းသာပါတယ် STA အဖွဲ့သားအားလုံးကျန်မာပါစေ ဒီထက်ပိုပြီးအောင်မြင်ပါစေ ရန်ကုန်ကိုလာဖြစ်တဲ့အခါကျရင် အချိန်ပိုင်း လုပ်အားလေးနဲ့ ပါဝင်ခြင်ပါတယ် အခုတော့ တစ်နယ်ဆီဖြစ်နေတော့ ဘယ်လိုမှ လာလို့မရဘူးဖြစ်နေတဲ့ အတွက် အားလုံးကိုတောင်းပန်ပါတယ် တစ်နေ့တစ်ချိန်တော့ ဆုံဖြစ်မှာပါ အဲဒီနေ့ကိုမျှော်ရင်း ပီတိဖြစ်နေရှာတဲ့ အဝေးတစ်နေရာက……….
    STA တစ်ဖွဲ့သားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
  17. ခိုင်သဇင်အေး says:
    လေးစားချစ်ခင်ရသော အမရေ
    ဒီလို ရောဂါ ဝေတနာရှင်တွေအတွက် စိတ်မကောင်းဖြစ်ပြီး မျက်ရည် ကျမိသလို
    အမတို့ရဲ့ စေတနာနဲ့ လုပ်ဆောင်မှုတွေကိုကြောင့်လည်း ရင်ထဲမှာ
    လှိုက်လှိုက် လှဲလှဲု ကြည်နူး ပိတိ ဖြစ်ပြီး မျက်ရည်ကျမိခဲ့ရပါတယ် ။
  18. ကလေးမလေး says:
    မမရေ ..
    ဖတ်ရင်းနဲ့ထပ်တူပီတိဖြစ်ရသလို သီချင်းလေးကလည်းအရမ်းကိုကောင်းလွန်းပါတယ်
    STA ရဲ့အောင်မြင်မှု မိုးထိအောင် တည်ပါစေ
  19. ကူးကူးလှိုင် says:
    အစ်မရယ် တစ်ကယ်မွန်မြတ်လှတဲ့အလှူတစ်ခုကို အစ်မတို့ တစ်ဖွဲ့သားလုံး လုပ်ဆောင်နိုင်ခဲ့ပြီနော် သာဓု သာဓု သာဓု ခေါ်သွားပါတယ်နော် အစ်မတို့အဖွဲ့ကြီး ထာဝစဉ်စည်းစည်းလုံးလုံးနဲ့ အများအကျိုးပြု လုပ်ငန်းတွေ ဆထက်တစ်ပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်အစ်မ…
  20. ma ei says:
    ထပ်တူထပ်မျှ ၀င်ခံစားသွားပါတယ် အစ်မရေ . . .
Leave a Reply
Your email address will not be published. Required fields are marked *