အဆင့်

Number of View: 8074

အဆင့်ဆိုတာက သတ်မှတ်ချက်တစ်ခု။ အဆင့်ဆိုတာ နေရာတစ်နေရာ။ သက်ရှိတွေအတွက်ရော၊ သက်မဲ့တွေအတွက်မှာပါ အဆင့်တွေခွဲခြား သတ်မှတ်ထားတယ်။ အဆင့်တွေနဲ့ ကင်းလွတ်တဲ့သူတွေ မရှိသလောက်ပါဘဲ။

အလုပ်တွေမှာ ရာထူးတွေ၊ ဌာနတွေနဲ့ အဆင့်တွေ ခွဲခြားထားတယ်။ မီးရထား၊ လေယာဉ် ၊ ဘတ်(စ်)ကား၊ ရုပ်ရှင်ရုံတွေမှာ အဆင့်တွေခွဲခြားထားတယ်။ ရိုးရိုးတန်း၊ အထက်တန်း၊ စပယ်ရှယ်၊ အထူးစပယ်ရှယ်၊ စီးပွားရေးသမားများသာ၊ ဗွီအိုင်ပီ၊ လက်ဖက်ရည်တောင် ရိုးရိုးနဲ့ ရှယ်ဆို အဆင့်ခွဲထားလိုက်သေး။ အို… နောက်ဆုံး လူ့လောကကနေ စွန့်ခွာရတာတောင် ရှယ်သဂြိုလ် မလား၊ ရိုးရိုးသဂြိုလ်မလား..တဲ့။ ခွဲထားလိုက်တဲ့ အဆင့်တွေ။

တလောတုန်းက လမ်းသွားရင်း ရန်ဖြစ်တာ ကြုံရတယ်။ အဲ့ဒီမိန်းမကလေ ၀တ်ထားတဲ့ ရွှေဆွဲကြိုးကြီးကိုမ၊ှ ဖြူဥသန့်ပျံ့နေတဲ့ သူ့ရုပ်ကိုမှ အားမနာ၊ ထမိန်ကို လက်နှစ်ဖက်က မလို့  တစ်ဘက်လူကို ရန်ထောင်နေတာ ” အဆင့်မရှိတဲ့ကောင်၊ ဥတစ်လုံးချိုင့်တွေ၊ နင်တို့ကို အခုလိုပြောနေရတာကို သနတယ် ” ဆိုပဲ။

အဆင့်ဆိုတာကို လူတွေကပဲ ပြဌာန်းသတ်မှတ်နေတာ။ ကိုယ်ရထားတဲ့ အဆင့်ကနေ ဒီထက် သာလွန်အောင် ကြိုးစားနေကြ သူများရှိသလို၊ ကိုယ်ရထားတဲ့အဆင့်လေးမှာပဲ တင်းတိမ်ပျော်မွေ့ နေသူတွေလည်းရှိတယ်။ တချို့ကလည်း ကိုယ်ရနေတဲ့ အဆင့်ကနေ ပိုမိုကောင်းမွန်တဲ့ အဆင့်ရောက်အောင် အားထုတ်ကြတယ်။ ကောင်းမွန်တဲ့ ပြယုဂ်နဲ့ အဆင့်တွေမြင့်မားလာ အောင် အားထုတ်နေသူ များကို လေးစားနေမိပေမယ့် တချို့က နောက်ဆုံးပေါ်ကားစီးနိုင်မှ၊ နောက်ဆုံးပေါ် ပစ္စည်းတွေ သုံးနိုင်မှ၊ ရာထူးတွေ မိုးထိထိုးနေပါမှ၊ အထင်တကြီးနေရာပေးလေးစားနေကြလေတော့ အပေါ်ယံ အဆောင်အယောင်တွေကို ကြည့်ပြီး အဆင့်တွေ မြင့်လှချည်လားလို့ ထင်နေကြလေ သူတွေကိုတော့ သနားတယ်လို့ပဲ ပြောလိုက်ချင်မိတယ်။

သတ်မှတ်ထားတဲ့ အပြင်ဗဟိဒ္ဓကတော့ အဆင့်မြင့်မြင့် နေရာတစ်နေရာတော့ ရောက်နေပါရဲ့။ အတွင်းအဇ္ဖျိတ္တတွေကရော အဆင့်မှမြင့်ကြရဲ့လားလို့ တွေးမိတယ်။ လူတွေကတော့ အဆင်တန်းမြင့်မြင့်နဲ့ နေနေကြပါရဲ့၊ စိတ်ဓာတ်ရေးရာကြတော့ သေးသိမ်နိမ့်ကျနေလိုက်တာ။ လူနေခြုံကြား၊ စိတ်နေဘုံဖျားနဲ့ မြေစာမြက်လောက် အမြင့်ကိုတောင် မြင့်လိုက်တာလို့ ထင်နေကြသေးရင် သိပ်မဟုတ်သေးဘူး။

တစ်နေ့ကပဲ သိခဲ့ရတယ်။ ကလေးတစ်ယောက်နဲ့ သူ့အမေရဲ့အဖြစ်။ အခုခောတ်ကလေးတွေဟာ အရွယ်နဲ့မမျှအောင် ပညာတွေသင်ယူနေရတယ်။ ကစားချိန်ဆိုတာမရှိပဲ  ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီး ဂိုဒ်နဲ့စာဆက်ကျက်၊ လွယ်အိတ်တွေထဲမှာ စာအုပ်တွေက ၂ဒါဇင်လောက်ထည့်။ သနားစရာ။ ဒါပေမယ့် မိဘတွေက အတန်းထဲမှာ ဘာသာရပ်လိုက် ရတဲ့အမှတ်တွေက ပျံလန်နေလေတော့ ၀မ်းသာပီတိပေါ့။ တစ်နေ့.. အမေဖြစ်သူက လစဉ်စာမေးပွဲအပြီး ရီပို့ကဒ်ရတယ်။ အမြဲအဆင့်(၁)ရခဲ့တဲ့ သမီးက အဆင့် (၁၃)တဲ့။ သမီးဖြစ်သူက မျက်ရည် တစမ်းစမ်းနဲ့။ ဒါနဲ့ အမေဖြစ်သူလဲ မျက်ကလဲဆန်ပြာနဲ့ ကလေး လက်ဆွဲပြီး ကျောင်းက ဆရာမဆီကို သုတ်ခြေတင်တော့တာပေါ့။ ဆရာမက ရှင်းပြတယ်။ ဒီလ အတန်းထဲမှာ အမှတ်တူ အဆင့်(၁)ကြီးပဲ ၁၂ယောက်ရတယ်တဲ့။ အမှတ် ၁မှတ်သာကွာတဲ့ ဒီသမီးငယ်က ဒါကြောင့် အဆင့် (၁၃) ဖြစ်ရတာပါတဲ့။ မအေဖြစ်သူလည်း အမှတ် (၁)မှတ်သာနည်းပြီး အဆင့် (၁၃) ဖြစ်ရတဲ့ သမီးအတွက် ရင်ထုမနာဖြစ်ရတော့တယ်။ အမေရော၊ သမီးရော ကောင်းမွန်သာလွန်နေတဲ့ အမှတ်တွေကို ဂရုမပြုမိတော့ပဲ အဆင့်ဆိုတာကို ဂရုပြုလေတော့ ခံစားရပြီပေါ့။ ဒီလို အမှတ်တူတွေ ရှေ့မှာခံနေတာနဲ့ အဆင့်ကို လျှော့ချရတာမျိုးကရော ဖြစ်သင့်လို့လား။ အတန်းထဲက လူဦးရေပေါ် အခြေမခံပဲ အမှတ်အလိုက် အဆင့်လေးတွေ ပေးမသွားသင့်ဘူးလား။ ဒီအဖြစ်လိုမျိုးတွေနဲ့ ကိုယ့်မှာရှိနေတဲ့ ပင်ကိုယ် အရည်အချင်းကို မမြင်တော့ပဲ အခုလိုအဆင့်တွေပေါ်မှာပဲ သာယာလွန်းသူတွေ ဘယ်လောက်တောင် ရှိနေကြမလည်း မသိဘူးနော်။

လူတစ်ဦးချင်းစီအတွက်ကတော့ အဆင့်ဆိုတာမျိုးက ကိုယ့်ကိုယ်ကို သတ်မှတ်ရတာမျိုးမဟုတ်။ အများက ကိုယ့်ရဲ့လုပ်ရပ်၊ ကိုယ့်ရဲ့အပြုအမှူ၊ ကိုယ့်ရဲ့အားထုတ်မှု၊ ကိုယ့်ရဲ့အနစ်နာခံ ကိုယ်ကျိုးစွန့်မှု ..အဲ့ဒီလို အမျိုးမျိုးအပေါ်မှာ ဆုံးဖြတ်ကာ၊ မှတ်ကျောက်တင်ကာ သတ်မှတ်ပေးရ တာမျိုး။ တချို့က ကိုယ့်ကိုယ်ကို တံဆိပ်တွေကပ်ပြီး အဆင့်တွေမြှင့်၊ ကိုယ့်ကိုယ်ကို ကြော်ငြာတွေဝင်ပြီး  သတ်မှတ်နေတာမျိုးလည်းရှိရဲ့။ ကိုယ့်သမိုင်းကိုယ် လုပ်ကြံဖန်တီးနေကြတာမျိုးလည်း ကြုံနေရရဲ့။ ဒါမျိုးတွေကြတော့ ရယ်သွေးသွမ်းစရာ အတုအယောင် အဆင့်တွေပေါ့။

မဟတ္တမဂန္ဒီဟာ ချည်ထည်ဖျဉ်ကြမ်းဝတ်ပြီး ဘ၀ကို သမရိုးကျ သာမာန်လူတစ်ယောက်လို ဖြတ်သန်းခဲ့ရပေမယ့်  သူ့ကို တစ်ကမ္ဘာလုံးကလေးစားခဲ့ရတယ်။ မာသာထရီစာဟာ ဆင်းရဲမွဲတေ ရောဂါဝေဒနာသည်တွေကြားမှာ လုံးထွေးပြုစုပြီး နေခဲ့ရပေမယ့် သူမရဲ့ မေတ္တာရနံ့တွေဟာ တစ်ကမ္ဘာလုံးကို ဖြာဝေခဲ့ရတယ်။ ဟိုချီမင်းဟာ ရိုးရာဝတ်စုံသာဝတ်ပြီး သမ္မတအိမ်တော်ကို သာမာန်လူတစ်ယောက်လို နေ့စဉ် လမ်းလျှောက်ပြီး အလုပ်ဆင်းခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပေမယ့် ပဲပြုတ်ထမင်းလေးကိုပဲ အာသီသရှိခဲ့တယ်။ သူတို့ဟာ လူရော၊ စိတ်ဓာတ်တွေပါ အဆင့်မြင့်မားခဲ့သူတွေပါ။ သူတို့ဟာ သူတို့အတွက်သာမက သူတို့ရဲ့ပတ်ဝန်းကျင်၊ သူတို့ရဲ့ကမ္ဘာ၊ သူတို့ရဲ့သမိုင်းကို အဆင့်မြင့်မြင့်နဲ့ လှပအောင်ချယ်မှုန်းခဲ့သူများပါ။

အဆင့်ဆိုတာတွေက မခွဲထားလို့လည်း မရပြန်ပါဘူး။ အဆင့်တွေ ခွဲထားမှ ကိုယ်ဟာ ဘယ်နေရာနဲ့သင့်လျှော်တယ်၊ ကိုယ်ဟာ ဘယ်အဆင့်ဆိုတာကို သတ်မှတ်နိုင်မှာပါ။ အဆင့်တွေကို ခွဲခြမ်းစိတ်ဖြာဖို့ သက်ဆိုင်ရာ စံနှုန်းတွေလည်း ရှိထားပြီးသားပါ။ အဆင့်တွေမှီအောင်တော့ နေရာတိုင်းမှာလုပ်နေကြတာပဲ။ ဒါပေမယ့် အခြေခံအဆင့်လေးတွေကိုပဲ အနည်းဆုံး ပြည့်မှီစေချင်တာ။ အခြေခံအဆင့်လေးတွေကိုပဲ အောက်သက်ကြေကြေနဲ့ ပြည့်မှီအောင်လုပ်၊ အဲ့ဒီကမှ တစ်ဆင့်ပြီး တစ်ဆင့်ရှေ့ကို တစ်လှမ်းချင်း တက်သင့်တာပေါ့နော်။  ကျွန်မတို့လူမျိုးဆိုတာမျိုးက ရောင့်ရဲတင်းတိမ်တတ်ကြတာများတယ်။ အခြေခံအဆင့်လေးတွေမှာ ခိုင်ခိုင်မာမာမရှိရင်  အလှမ်းကျယ်အလည်လပ်နေမှာ စိုးမိပါရဲ့။

အင်း… ထမင်းချိုင့်တောင် အဆင့်တွေလွဲနေရင် ချိတ်လို့မရဘူးမဟုတ်လား။ အဆင့်တွေ လွဲနေမှာကိုတော့ စိုးရိမ်မိသားရှင်။

ဘာရယ်မဟုတ်ပါဘူး…။ ကွန်နက်ရှင်တွေမကောင်းတုန်း ဟိုတွေးသည်တွေးနဲ့ တွေးပြီး ကောက်ခြစ်လိုက်မိတာလေးပါ။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in တွေးမိတွေးရာ ရေးမိရေးရာ. Bookmark the permalink.

12 Responses to အဆင့်

  1. အဆင့် ဆိုတဲ့စကားကလူတွေ တော်တော်အသုံးများတယ်နော်
    တစ်ချို့က အဆင့်မြင့်သယောင်နဲ့ တကယ်တမ်းကျတော့ ကျီးအာသီးလို လူတွေ ….
    တစ်ချို့ကျတော့ ရိုးရိုးကုတ်ကုတ်ပေမဲ့ စိတ်ဓာတ်တကယ်မြင့်တဲ့သူတွေ
    ညီမတော့ စိတ်ဓာတ်အဆင့်အတန်းမြင့်တာကို သဘောကျနှစ်သက်မိတယ်.. လေးစားအားကျတယ်..
    အစ်မရဲ့ဒီပိုစ့်လေးထဲက စကားလုံးတွေက ကောင်းလိုက်တာ
    တကယ့်ကို အတွေးကောင်းလေးပါဘဲ

  2. မ ရယ် ဟိ မြန်မာနိုင်ငံမှာ အဲလိုပဲလေ ကလေးတွေကပဲ တော်တာလား ဘာလားတော့ သမီးလဲ မသိဘူး သမီးတို့ ငယ်ငယ်တုံးကလဲ အဲလိုပဲ အဆင့်တွေ သေအောင်ထပ်တယ်
    ကိုယ်လား ငယ်ငယ်ကတော့ ၁ ကနေ ၁၀ အတွင်း ဝင်တယ် နောက်ပိုင်းကျ မဝင်တော့ဘူး သမီးကတော့ အဲဒီမှာ ဘယ်လိုခံယူထားလဲ ဆိုတော့ အဆင့်က အဓိက မကျဘူး တကယ်တတ်ဖို့ လိုတယ်လို့ထင်တယ်
    အဆင့် အင်းးး အဆင့် မ ရေ ပို့စ်လေး အတွက် ကျေးဇူးပါ

  3. shwezinu says:

    ဟားးးးးးးး

    အဆင့် တဲ့ ဟုတ်တယ် အဆင့် မရှိတဲ့ နေရာ မှာ နေရတာဒုက္ခရောက်တယ် တက်စရာ မရှိလို့ အဆင့် ရှိမှ တက်လို့ ရမယ် မဟုတ်လား

    ခင်မင်စွာဖြင့်
    ရွှေစင်ဦး

  4. ဘာပဲဖြစ်ဖြစ်ပါ လူတွေအကုန်လုံး တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီပြီး အဆင့်တန်းမခွဲပဲ နားလည်ပေးနိုင်ရင် အကောင်းဆဲုးပေါ့ဗျာ။

  5. အလည်လာပြီး စာဖတ်သွားပါတယ်
    အရေးအသားလေး ကောင်းပါတယ်
    ပြောချင်တာကို ထိထိမိမိပြောသွားတာတော်ပါတယ်

  6. Ko Gyi says:

    မမြသွေး

    လူ့လောကကနေ စွန့်ခွာရတာတောင် ရှယ်သဂြိုလ် မလား၊ ရိုးရိုးသဂြိုလ်မလား..တဲ့။ ခွဲထားလိုက်တဲ့ အဆင့်တွေ။

    လက်ရှိဖြစ်ပျက်နေတာလေးတွေနဲ့ အံ့ဝင်ဂွင်ကျ ရှိလှတယ်ဗျာ။

    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}

  7. အားဟား……. ”ထမင်းချိုင့်တောင် အဆင့်တွေလွဲနေရင် ချိတ်လို့မရဘူးမဟုတ်လား “တဲ့ ….. တွေးတတ်လိုက်တာ…

  8. sosegado says:

    အဆင့်ရှိမှာကြိုက်တယ်ဆိုလို့၊ သားအဆင့်လေးဆယ်ရတယ် မေမေ၊
    အယောက် ၅၀ ရှိတဲ့အတန်းမှာ ၄၀ ရတာနည်းတာမဟုတ်ဘူး၊ ကိုယ်ထက်ကြီးတာနောက်ထပ် ၁၀ ယောက်ပဲကျန်တော့တယ် ဆိုပြီး ဂူဏ်ယူခဲ့ဘူးတယ်၊

  9. ကိုယ့်ရဲ့ အဆင့်အတန်းကို ကိုယ်တိုင်ပြန်သတ်မှတ်နေတဲ့သူမျိုးတွေလည်း……..ရှိနေသေးတယ်ဆိုတာ အဟုတ်……။
    ဥပမာ……ငါက…..“………“………ဘာဖြစ်တယ်ဆိုတာမျိုးတွေပေါ့…..။
    အဲ့သလိုလူမျိုးတွေတွေ့ရလို့ကတော့ သိပ်သနားစရာကောင်းတာပဲလို့တွေးမိတတ်တာပါပဲ………။ ။

    ခင်မင်ခြင်းအားဖြင့်………
    ဏီလင်းညို

  10. thiha says:

    ကွန်နက်ရှင်တွေမကောင်းတုန်း ဟိုတွေးသည်တွေးနဲ့ တွေးပြီး ကောက်ခြစ်လိုက်မိလိုနော်၊ကွန်နက်ရှင်တွေက ကောင်းပြီ၊ထိထိ မိမိ တွေးလို အသေအချာ ရေးလိုက်မယ်ဆိုရင်…မိုးလင်းသည်ထီ ဖတ်ဖြစ်သွားနိုင်တယ်ဗျာ။

  11. maymoe says:

    ama yae
    ama yat sar thar tway ko ayan ko taball kya tal

  12. မိုးစက် says:

    လာလယ်သွားတယ် မမ အရမ်းကောင်းပါတယ်…

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>