သမီးရဲ့မျက်လုံးလေး
Number of View: 36800
အဆုံးရဲ့အစ။
” အဖေ ….. “
” အမေ..ရေ…..”
” အမယ်လေး…. လုပ်ပါဦး….. လုပ်ပါဦး …..ဒါ… သမီး မဟုတ်ဘူး….သမီး မဟုတ်ဘူး… “
ဖြစ်စဉ် (၁)
ကျွန်တော့်မှာ သမီးလေး တစ်ယောက်ရှိတယ်။ သမီးက သိပ်လိမ်မာတယ်။ ကျွန်တော်တို့ လင်မယား အိမ်ထောင်ကျပြီး တော်တော်ကြာတဲ့အထိ သားသမီးမရဘူး။ မိန်းမကလည်း ကျန်းမာရေးသိပ်မကောင်းလှသူ ဆိုတော့ ဘုရားပေးတဲ့အချိန် ရမှသာ ယူတော့မယ်ဆို နေလာခဲ့တာ။ ကျွန်တော်တို့ လင်မယား အိမ်ထောင်သက် ၁၀နှစ်၊ အသက်(၃၅)နှစ်ကျမှ သမီးကို ရခဲ့တယ်။ လင်နဲ့မယား နှစ်ကိုယ်ထဲတုန်းက ကျွန်တော့်ရုံးစာရေး လစာလေးနဲ့ ရအောင် ချိုးခြံချွေတာ စားသောက်ခဲ့တယ်။ မိန်းမကို ရွှေငွေတွဲလွဲ မဆင်နိုင်ပေမယ့် အကြွေးကင်း ထမင်းနပ်မှန်ခဲ့တယ်။  တကယ်တမ်း သမီးမွေးလာတော့ ကျွန်တော့်လစာလေးနဲ့က ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့   နှစ်ယောက်လုံး သမီးကို အရမ်းချစ်တယ်။ အသက်ကြီးမှ ရှားရှားပါးပါးရတဲ့ ဒီသမီးလေးကို ငုံထားမတတ် ချစ်မိတာ မဆန်းပါဘူးနော်။
သမီးကို ကျွန်တော်တို့ လင်မယားအတွက်  ဘုရားက ပေးသနားထားတာပါ။ သမီးက လိမ်မာတယ်။ မွေးထဲက ချူခြာတယ်ဆိုတာ မရှိ။   ပြောစကား နားထောင်ပြီး ပညာကို ကြိုးစားသင်ယူတယ်။ အရွယ်ရောက်လာတော့ ကျန်းမာရေး သိပ်မကောင်းလှတဲ့ သူ့အမေကိုလည်း အိမ်မှုကိစ္စကအစ ကူညီတယ်။ နောက်နှစ်ဆို ပင်စင်သွားရတော့မယ့် ဌာနတစ်ခုရဲ့ ၀န်ထမ်းအိုတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်ရဲ့ ၀င်ငွေလေးနဲ့ မလောက်ငှလေတော့ မိန်းမက အိမ်နား အပ်ချုပ်ဆိုင်က အထည်တွေကို အိမ်မှာယူ လက်ချုပ်လိုက်ပေး၊ ကြယ်သီးတံတပ်ပေးနဲ့ အပိုဝင်ငွေလေး ရှာပေးတယ်။ သူကလည်း ဒီထက်ပိုပြီး ဘာမှမလုပ်တတ်သူ။ ဒီတော့ ကျွန်တော်က အရင်ကထက် ပိုလိုကြိုးစားရှာဖွေ၊ ရှာဖွေရသမျှက သမီးအတွက်ပဲပေါ့။
သမီးက အရွယ်ရောက်လာတော့ ပိုပြည့်စုံလှပလာတယ်။ ပျားပိတုန်းတွေ ကလည်း သမီးရဲ့နဘေးမှာ တစ်ဝဲလည်လည်နဲ့ ရှိနေမှာပေါ့။ ကျွန်တော်တို့ လင်မယားက သာမာန် ရုပ်ရည်သာရှိတာပါ။ သာမန်ရုပ်ရည်သာရှိတဲ့ သာမာန်လူတန်းစား မိဘကပေါက်ဖွားလာတဲ့ ကျွန်တော့်ရဲ့ သမီးကလည်း သာမန် ရုပ်ရည်လေးနဲ့ သာမာန်ဘ၀လေးနဲ့ပါဘဲ။ ဒါပေမယ့် မိဘဆိုတာမျိုးက ကိုယ့်သားသမီးဆိုရင် မျက်လုံးထဲ ကြည့်လို့လှ၊ ကြည့်မ၀ရှုမ၀ကိုး။ ဒီတော့ ကျွန်တော့်မျက်လုံးထဲမှာကတော့ သမီးက   ပြေပြစ်ချောမောနေတာပါဘဲ။ သမီးမှာ ထူးခြားချက်က သူ့ရဲ့ မျက်လုံးလေးပဲ။ ထူထဲရှည်လျားတဲ့ မျက်တောင်စိပ်စိပ်တို့ ၀န်းရံထားတဲ့ သမီးရဲ့ မျက်ဝန်းတောက်တောက်လေးတွေက သမီးရဲ့မျက်နှာမှာ စွဲဆောင်မှု အရှိဆုံး၊ နှစ်လိုဖွယ်ရာ အကောင်းဆုံးနဲ့ မိုးကောင်းကင်မှာ တဖြတ်ဖြတ် လက်နေတဲ့ သောက်ရှုး ကြယ်ပွင့်လေးတွေလိုပဲလို့ ကျွန်တော် ထင်ထားမိတယ်။ သမီးဟာ ထူးခြားတဲ့၊ စွဲဆောင်မှုရှိတဲ့ မျက်ဝန်းအစုံကို အပိုင်စားရထားသူ တစ်ယောက်ပါ။
ဖြစ်စဉ် (၂)
ကျွန်တော် စိတ်မကောင်းဖြစ်နေမိတယ်။ ဘာလို့လဲဆိုတော့ သမီးက ကျွန်တော်တို့ လင်မယား မသိလိုက်ခင်မှာပဲ အဝေးရောက်ဘွဲ့ယူဖို့ ဆုံးဖြတ် လိုက်လို့ပါဘဲ။ တစ်သက်မှာ တစ်ကြိမ်သာယူရတဲ့ ဒီဘွဲ့နှင်းသဘင်ကို မိဘနှစ်ပါးခြံရံလို့ သမီးသာမက ကျွန်တော်တို့လင်မယား နှစ်ယောက်လုံး အခြားမိဘတွေလိုပဲ တက်ရောက်ချင်ခဲ့တာပါ။ ဒါပေမယ့် သမီးရဲ့ အကြောင်းပြချက်က ခိုင်လုံတယ်။ အမေက မကျန်းမာသူ၊ အိပ်ရာထဲ လဲနေတာတဲ့။ နောက်.. ဘွဲ့တစ်ခါယူရင် ရီဟာဇယ်နေ့ရော၊ အစိမ်နေ့မှာပါ ၀တ်စား၊ ပြင်ဆင်၊ ကုန်ကျစရိတ်တွေက မနည်းမနောတဲ့။
သမီးအမေက ကျန်းမာရေးကြောင့် အရင်လို အပိုဝင်ငွေ မရှာနိုင်၊ ကျွန်တော်လစာလေး မစို့မပို့နဲ့ သမီးအိမ်နားက ကလေးတွေ ကျူရှင်ပြလို့ရတဲ့ ငွေလေးနဲ့ အိမ်စရိတ်၊ သမီးအမေရဲ့ ဆေးကုသစရိတ်၊ သမီးရဲ့တက္ကသိုလ်တက်တဲ့ စရိတ်တွေကို မနည်းကို ကျော်ဖြတ်ခဲ့ရတာ။ ဒီတော့ သမီးက အခုလို အလိုက်တသိ ဆုံးဖြတ်လိုက်လေတော့ ကျွန်တော့မှာ ရင်ထဲ တော်တော်နဲ့ မကောင်းဘူးရယ်။ သမီးက အကင်းပါးသူဆိုတော့ ကျွန်တော့် မျက်နှာရိပ် မျက်နှာကဲကြည့်ပြီး…
” အဖေ.. စိတ်မပူလေနဲ့၊ သမီး ဘွဲ့နှင်းသဘင်မတက်ဖြစ်ပေမယ့် ဘွဲ့ဝတ်စုံနဲ့ အလှဓာတ်ပုံသွားရိုက်မယ်၊ ပြီးရင် အဖေနဲ့ အမေကြည့်ရအောင် အိမ်မှာ အလှချိတ်ထားမယ်လေ၊ သမီးသူငယ်ချင်း အလှပြင်ဆိုင်က အလကား မိတ်ကပ်လူးပေး၊ ဆံထုံးထုံးပေးမယ်တဲ့၊ သူတို့ဆိုင်က သင်တန်းသူ တစ်ယောက် သင်တန်းဆင်းဖို့အတွက် သမီးကို သရုပ်ပြအနေနဲ့   ပြင်ဆင်ခိုင်းမှာဆိုတော့ အားလုံးဖရီးပဲ အဖေရ၊ လက်ဝတ်လက်စားကအစ အပြည့်အစုံ ပြင်ဆင်ပေးမှာ၊ ဒီတော့ အဲ့ဒီက ပြီးတာနဲ့ သမီးက ဓာတ်ပုံဆိုင်မှာ ဘွဲ့ဝတ်စုံလေးနဲ့ အမှတ်တရ သွားရိုက်လိုက်မယ်လေ၊ ဒါဆို ဘွဲ့ဝတ်စုံငှားတာနဲ့ ဓာတ်ပုံဖိုးနဲ့ပဲ ကုန်မှာ။ သမီးစုထားတဲ့ ပိုက်ဆံနဲ့ ဒီလောက်ကတော့ တတ်နိုင်ပါတယ် အဖေရဲ့၊  မကောင်းဘူးလားဟင် “
ငွေကုန်ကြေးကျမများပဲ သမီးလေး ဘွဲ့အလှပုံ ရိုက်နိုင်မှာမို့ သမီးပြောတာ နားထောင်ပြီး ကျွန်တော့်မှာ ၀မ်းသာဝမ်းနည်း ဖြစ်ရပြန်ပါတယ်။ ၀မ်းသာတာက သမီးဘွဲ့အလှပုံလေးကို အိမ်မှာ မကြာခင်တွေ့ရတော့မှာမို့။ ၀မ်းနည်းမိတာက သမီးအတွက် ကျွန်တော်ဘာမှ မလုပ်ပေးနိုင်ခဲ့လို့ ။
ဖြစ်စဉ် (၃)
အဲ့ဒီနေ့ မနက်က အိမ်ကနေ ရေမိုးချိုးပြီးတာနဲ့ သမီးက သူ့သူငယ်ချင်းရဲ့ အလှပြင်ဆိုင်ကို ထွက်သွားလေတယ်။ နေ့ခင်းကြတော့ သမီးပြန်ရောက် လာတယ်။ ပြင်ဆင်ထားတဲ့ သမီးရဲ့ မိတ်ကပ်မျက်နှာ လက်ကျန်လေးက   ချွေးလေး တစို့စို့ကြားမှာတောင် လှနေဆဲလို့ အဖေတစ်ယောက်ရဲ့   မေတ္တာနဲ့    တွေးမိတယ်။ သမီးရဲ့ အမေကလည်း အိပ်ရာထဲ လှဲလျှက်က သမီးကို ပီတိအပြုံးနဲ့ ကြည့်လို့။ သမီးက တစ်မနက်ခင်းလုံး သူအလှပြင်ခဲ့တာ၊ ဓာတ်ပုံရိုက်ခဲ့တာတွေကို အဖေနဲ့ အမေကို ပြန်ဖောက်သည်ချလေတယ်။
ဘွဲ့ဆိုတာ တစ်သက်တစ်ခါ ယူရတာဆိုတော့ ဒီလို ဓာတ်ပုံလေးရိုက် ယူရတာနဲ့တောင် သမီးလေး ၀မ်းသာနေရင် တကယ်တမ်း ဘွဲ့နှင်းသဘင်သာ တက်ခဲ့ရမယ်ဆို ဒီထက်တောင် ပျော်ရှာလေမှာလို့ ကျွန်တော်တွေးနေမိတယ်။ အဖေဖြစ်သူ ကျွန်တော်လို သူ့အမေပါ တူညီတဲ့ အတွေးတွေ ရှိနေမယ်လို့ ကျွန်တော်ထင်တယ်။ သမီးက သူ့လက်ဆွဲအိတ်ထဲက ဘောက်ချာစာရွက်လေး တစ်ရွက်ကို ထုတ်ပေးတယ်။
” အဖေ… နောက်နှစ်ရက်ဆို ဓာတ်ပုံရပြီ၊ အဖေတို့ ရုံးနားက ဆိုင်မှာ ရိုက်ခဲ့တာဆိုတော့ ရုံးသွားရင်းနဲ့ ဒီဘောက်ချာလေးပြပြီး သမီးဓာတ်ပုံလေး   ရွေးခဲ့ပေးပါနော်၊ ဘောင်ပါသွင်းခိုင်းခဲ့တာမို့ အိမ်ရောက်ရင် ချိတ်ရုံဘဲ၊  ပိုက်ဆံအကြေချေပြီးသားမို့ ဘာမှ ထပ်ပေးဖို့ မလိုတော့ဘူးနော် အဖေ “
ဝမ်းသာအားရနဲ့ “ရွေးပေးမယ်၊ စိတ်ချ” လို့ သမီးကို ကျွန်တော် ဂတိပေးလိုက်တယ်။ တစ်ဖက်ကလည်း သမီးလေးရဲ့ ဘွဲ့ဓာတ်ပုံအတွက် တစ်စိတ်တစ်ပိုင်း ကူညီခွင့်လိုက်လို့ ၀မ်းသာစိတ်နဲ့ ကျေနပ်သွားရတယ်။ ဓာတ်ပုံဘောက်ချာစာရွက်လေးကို အလုပ်သွားရင်ကိုင်တဲ့ ပတ္တူအိတ် အနွမ်းလေးထဲမှာ သေသေချာချာ ထည့်ထားလိုက်မိတယ်။ ဒီလောက်ကတော့ ကျွန်တော် လုပ်ပေးနိုင်ရမှာပေါ့နော်။
ဖြစ်စဉ် (၄)
နောက်နှစ်ရက်ကြာတော့ သမီးလေးရဲ့ ဓာတ်ပုံကို ရွေးဖို့ ဓာတ်ပုံဆိုင်ကို   ရောက်ခဲ့တယ်။ ကျွန်တော့်ရုံးနဲ့ လမ်းအနည်းငယ်သာ ခြားတာမို့ တကူးတကန့် မသွားရပါဘူး။ တကယ်လို့များ တကူးတကန့်သွားရမယ် ဆိုရင်လည်း သမီးအတွက်ဆိုလေတော့ ကျွန်တော် မငြင်းပဲ သွားပေးမိမှာပါဘဲ။ ဆိုင်လေးက သိပ်နာမည်ကြီး မဟုတ်ပေမယ့် သူ့ဟာသူ စည်ကားနေပါတယ်။ ဆိုင်ကောင်တာရှေ့ရပ်ပြီး ပါလာတဲ့ ဘောက်ခြာလေး ထုတ်ပေးလိုက်တယ်။  ကောင်တာက ကလေးမလေးက ဘောက်ချာကို   သေသေချာချာဖတ်ပြီး အနောက်ဘက်က စင်လေးမှာတင်ထားတဲ့ ရွေးဖို့ ဓာတ်ပုံတွေ ထည့်ထားတဲ့ စက္ကူအိတ်အကြီးကြီးတွေထဲက တစ်အိတ်ကို ဆွဲထုတ်လို့ ကျွန်တော့လက်ထဲ ထည့်ပေးလိုက်တယ်။ ဆိုင်မှာ လူတွေကျနေလေတော့ ကျွန်တော် ကပျာကယာ ထုတ်ကြည့်ပြီး ဓာတ်ပုံအိတ်လေး ရင်ထဲမှာ ပိုက်လို့ အိမ်ကို သုတ်ချေတင်ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ အကျီ င်္တောင်မှ မလဲနိုင်ပါဘူး။ သမီးဓာတ်ပုံကို ထုတ်လို့ အိပ်ရာထဲ လှဲလျောင်းနေတဲ့ မိန်းမကို ပြလိုက်တယ်။ မိန်းမက သမီးပုံကို သေချာကြည့်တယ်။ ဓာတ်ပုံကို အပြန်ပြန်အလှန်လှန် ကြည့်နေတဲ့ မိန်းမကို မသိမသာ အကဲခတ်ရင်း သမီးအတွက် သူလည်း မိခင်တယောက်အနေနဲ့ ၀မ်းနည်းဝမ်းသာ ဖြစ်နေရှာမှာပဲလို့ တွေးမိတယ်။ သမီးလေး ကျူရှင်စာသင်သွားရာက ပြန်မလာခင် ပုံကို အိမ်ရှေ့နံရံမှာ ချိတ်ထားပေးချင်လို့ မိန်းမအပြောတောင် မစောင့်တော့ပဲ သူ့လက်ထဲက ပုံကို ဆွဲယူလို့ အိမ်ရှေ့အခန်းကို ထွက်ခဲ့လေတယ်။ ၀င်ပေါက်နဲ့ တည့်တည့်နံရံမှာ သမီးဓာတ်ပုံချိတ်မယ့် နေရာကို  သမီးနဲ့ကျွန်တော် အရင်နေ့တွေထဲက နေရာကြိုတင် ရွေးထားပြီးသား။ အမှန်က သမီးက အဲ့ဒီနေရာမှ မချိတ်ချင်ဘူး။ အိမ်ကို လူဝင်လာတာနဲ့ တမ်းတွေ့မယ့်   နေရာကြီးတဲ့။
ကျွန်တော်ကတော့  ကျွန်တော့်သမီးအလိမ္မာလေးရဲ့ ဘွဲ့ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှနေတဲ့ပုံကို အိမ်ဦးခန်းမှာ ဂုဏ်ယူပြီး ချိတ်ချင်နေမိတာ။ အိမ်ကို လာသမျှလူ တွေ့စေချင်နေမိတာ။ နောက်ဆုံး သမီးက ကျွန်တော့်အလိုကို လိုက်လျှောပြီး ချိတ်ဖို့ သဘောတူထားခဲ့တာ။ အခုနေချိတ်ထားရင် သမီးပြန်လာလို့ တွေ့တာနဲ့ သူ့ပုံကို ကြည့်ပြီး ၀မ်းသာနေလေမှာ မြင်ယောင်ကြည့်နေမိတယ်။ နံရံမှာ သံရိုက်ချိန် အချိန်အဆလွဲသွားလို့ လက်ကို တူနဲ့ ချော်ထုမိပေးမယ့် နာရကောင်းမှန်း ကျွန်တော် မသိပါဘူး။ ကျွန်တော့်စိတ်က  အခုနေ ချိတ်ထားရင် သမီးအပြင်က ပြန်လာလို့ တွေ့တာနဲ့ သူ့ရဲ့ ဘွဲ့ဝတ်စုံနဲ့ ပုံလေးကို ကြည့်ပြီး ၀မ်းသာနေလေမှာ မြင်ယောင်ကြည့်နေမိတယ်။ သံချိတ်လေးမှာ သမီးပုံလေးကို ချိတ်လိုက်တယ်။ အဆောင်အယောင် မရှိလေတဲ့၊ သုတ်ဆေးတွေ ကွာနေတဲ့ နံရံညစ်ညစ်လေးပေါ်မှာ သမီးရဲ့ ဘွဲ့ဓာတ်ပုံလေးက ကျက်သရေရှိစွာ နေရာယူလို့နေတယ်။ သမီးရဲ့ပုံကို အခုမှ ကျွန်တော် သေချာကြည့်မိလေတယ်။
အို… လှလိုက်တဲ့ သမီးလေး..။ ပန်းရောင်အစင်းတွေပါတဲ့ ဘွဲ့ဝတ်စုံ အနက်ရောင်နဲ့ ပနံရနေတဲ့ သမီး၊ ဆံထုံးလှလှလေးမှာ ပန်ဆင်ထားတဲ့ ပန်းရောင်သစ်ခွပန်းတွေက သမီးမျက်နှာရဲ့ ဘယ်ဘက်အခြမ်း ပုခုံးနား မရောက်တရောက်မှာ တွဲလွဲခိုတွယ်လို့။ လည်ပင်းမှာ ဆွဲထားတဲ့ ပတ္တမြားရတနာ အဆင်တန်ဆာတွေကလည်း သမီးရဲ့ အလှကို ပံ့ပိုးပေးထားသလို။ သမီးရဲ့ ပြုံးယောင်သန်းနေတဲ့ ပန်းဆီရောင်   နှုတ်ခမ်းဖူးလေးကလည်း  ၀မ်းသာဂုဏ်ယူနေပုံရတယ်။  သမီးလေးရဲ့ ဓာတ်ပုံကို ကျွန်တော်   သေချာ စူးစိုက်ကြည့်မိတယ်။
အလို… ကျွန်တော်သမီးလေးရဲ့ မျက်လုံးတွေက တစ်စုံတစ်ခုကို အလိုမကျသလိုပါပဲလား။  သမီးရဲ့ မျက်လုံးတွေမှာ တင်းကြပ်မှု တစ်ခုခု   ပေါ်လွင်နေပါလား။ သမီးစိတ်ထဲမှာ ဘာတွေများ တင်းကြပ်နေပါလိမ့်။ ဘာတွေများ အလိုမကျနေပါလိမ့်။ လှပအောင် တပ်ထားတဲ့ မျက်တောင်အတုတွေကြောင့်များလေလား။ ဆိုးဆေးတွေ   ခြယ်သထားတာများ လွန်ကဲနေလို့လား။
ဒါကြောင့် ခုနက သူ့အမေလည်း  သမီးပုံကို ကြည့်ပြီး ကျွန်တော့်လိုပဲ ခံစားနေရပုံရတယ်။ သမီးရဲ့မျက်လုံးတွေက ဖော်ပြနေတယ်။ သမီးရဲ့မျက်လုံးအစုံကို ကြည့်ပြီး ကျွန်တော့ရင်ထဲ ဘ၀င်မကျသလိုမျိုး၊ တစ်စုံတစ်ခုကို ဖော်ပြနေသလိုမျိုး ကျွန်တော် ခံစားလိုက်ရတယ်။ မိန်းမကို ထမင်းကျွေးဖို့အချိန် ရောက်လာလို့ ကျွန်တော် နောက်ဖေးခန်းကို   ပြန်ဝင်ခဲ့တယ်။ နာတာရှည် လူမမာ၊ အိပ်ရာထဲ လဲနေရှာတဲ့ သမီးရဲ့အမေကို ဂရုဏာသက်စွာနဲ့ ကျွန်တော် ထမင်းခွံ့နေမိတယ်။ အဲ့ဒီအချိန်မှာပဲ အပြင်က တံခါးကို တွန်းဖွင့်လိုက်ပြီး ” သမီးပြန်လာပါပြီ ” ဆိုတဲ့ အသံနဲ့အတူ မရှေးမနှောင်းမှာ…….။
အစရဲ့အဆုံး။
” အဖေ ….. “
” အမေ…ရေ….”
” အမယ်လေး…. လုပ်ပါဦး… လုပ်ပါဦး….ဒါ….သမီး မဟုတ်ဘူး…. သမီးမဟုတ်ဘူး…”
သမီးရဲ့ စူးရှစွာ အော်ဟစ်လိုက်တဲ့ အသံနဲ့အတူ  ထိုင်ခုံတွန်းရွှေ့သံတွေ ကြားလိုက်ရတယ်။ မိန်းမလည်း လန့်ဖျတ်ပြီး သူ့ရင်ဘတ်ကို ဖိထားရှာလေ တယ်။ ကျွန်တော်လည်း သမီးရဲ့ အထိတ်တလန့်   အော်သံကြောင့်   ခေါင်းနပမ်းကြီးပြီး အိမ်ရှေ့ကို အမြန်ထွက်လာလိုက်တော့ သမီးက ထိုင်ခုံကို ခုလို့ နံရံက သူ့ရဲ့ဓာတ်ပုံကို  ဆွဲဖြုတ်ယူနေတာ တွေ့လိုက်ရတယ်။ ပြီးတော့ သမီးက ခေါင်းကို တွင်တွင်ခါလျှက်က….
” မဟုတ်ဘူး…. မဟုတ်ဘူး…….သေချာတယ်… သေချာတယ်…၊ အဖေ…. ဒါ….ဒါ… သမီးမျက်လုံး မဟုတ်ဘူး၊  အဖေ သေချာကြည့်၊ ကျန်တာတွေ အားလုံးက သမီး၊ ဒါပေမယ့် ဒီမျက်လုံးနှစ်လုံးလုံးက သမီးရဲ့မျက်လုံး မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး အဖေ ၊ ဒီလို မျက်တောင် အတုတွေလည်း သမီး မတတ်ခဲ့ဘူး၊ ဒီလို မျက်ခွံဆိုးဆေးတွေလည်း သမီး လွန်လွန်ကျူးကျုး အခြယ်မခံခဲ့ပါဘူး၊ အို.. တစ်ခုခုတော့လွဲနေပြီ၊ ဒီမျက်လုံးနှစ်လုံးက ဘာကြောင့် သမီး မျက်လုံးမဟုတ်ရတာလဲ၊ သမီးပုံမှာ သမီးရဲ့မျက်လုံးမဟုတ်ပဲ ဘာလို့ ရောက်နေရတာလဲ…. “
ကျွန်တော် မျက်မှန်ကို ပင့်ရင်း ပုံထဲက သမီးရဲ့ မျက်လုံးကို   သေချာစူးစိုက် ကြည့်လိုက်မိတယ်။ ဟုတ်တယ်။ ဓာတ်ပုံထဲက မျက်ဝန်းတွေက အပြင်က သမီးရဲ့ မျက်ဝန်းတွေနဲ့ ကွဲပြားခြားနားနေတယ်။ သမီးရဲ့မျက်ဝန်းတွေက ထူးထူးခြားခြား တောက်ပတယ်။ ပကတိ   နွေးထွေးတယ်။   နှစ်လိုဖွယ် ရာကောင်းတယ်။ ဒါကြောင့် ဓာတ်ပုံထဲက   နွေးထွေးမှု ကင်းတဲ့၊ အလိုမကျမှု လွှမ်းခြုံနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော် စိမ်းနေတာကို စိတ်ထဲက မသိလိုက်ပဲ သတိပြုနေမိတာကိုး။ သမီးအမေလည်း ကျွန်တော်လိုပဲ ခံစားနေရမှာ။ သမီးက စိတ်တွေ လှုပ်ရှားနေလို့ အသံလေးတွေတောင် တုန်နေရှာတယ်။ သမီးမျက်ဝန်းမှာ မျက်ရည်ကြည်တွေ ခိုတွယ်စပြုလာပြီ။ သမီးမပြောနဲ့ ကျွန်တော်တောင် ရင်ထဲ ကတုန်ကရင်ဖြစ်လာတယ်။  အခု.. သမီးကိုယ်တိုင်က ဒီမျက်လုံးတွေက သူ့မျက်လုံးတွေ မဟုတ်ပါဘူးလို့ ဆိုနေလေတော့ သမီးရဲ့ မျက်လုံးလှလှလေးတွေက ဘယ်ရောက်သွားလေသလဲ..? ။
” အဖေ.. ခုန ဓာတ်ပုံရွေးလာတဲ့ ဘောက်ချာ သမီးကို ခနပေးပါ၊ သမီး ဓာတ်ပုံဆိုင်ကို ဖုန်းသွားဆက်မယ် “
ဘောက်ချာကိုင်ပြီး အောက်ကိုဆင်းသွားတဲ့ သမီးရဲ့ နောက်ကျောကို ကြည့်ပြီး ကျွန်တော် စိတ်တွေ ရှုပ်ထွေးလို့ ကျန်ခဲ့တယ်။ သမီးအတွက် ကျွန်တော် ဖန်တီးထားတဲ့ အပျော်တွေက အခုတော့ အရာမထင် အလဟဿ   ဖြစ်ရလေပြီ။ နံရံကဖြုတ်ထားတဲ့ သမီးရဲ့ဓာတ်ပုံကို မ၀ံ့မရဲယူလို့ စားပွဲပေါ် အသာမှောက်လို့ တင်ထားမိလိုက်တယ်။ ဓာတ်ပုံထဲက သမီးဟာ ရုတ်ချည်း ကျွန်တော်နဲ့ စိမ်းသွားသလိုပါဘဲ။ မိန်းမကို အိပ်ရာထဲ အသာတွဲလို့    ပြန်နားစေလျှက်က သမီးပြန်အလာကို   စောင့်နေမိတယ်။ တအောင့်နေတော့ သမီးပြန်ရောက်လာတယ်။
ဘာမပြောညာမပြောနဲ့ စားပွဲပေါ်က ဓာတ်ပုံကိုဆွဲယူလိုက်ပြီး အနောက်ကို လှန်လိုက်လေတယ်။ ပြီးတော့ အနောက်က ဘောင်နဲ့မှန်ကို ချိတ်တွယ်ထားတဲ့ သံချက်တွေကို ဆွဲလှည့်ဖွင့်လိုက်တယ်။ ပြီးတော့ အထဲက ဓာတ်ပုံကို ဆွဲထုတ်ယူလိုက်တယ်။ ပြီးတော့ သမီးက ဓာတ်ပုံကို   သေသေချာချာ စူးစိုက် ကြည့်နေပြန်တယ်။ သမီးရဲ့ မျက်ဝန်းအစုံနဲ့ ဓာတ်ပုံထဲက မျက်ဝန်းအစုံ အားစမ်းလို့ ကြည့်နေကြတာကို ကျွန်တော် မှင်သက်စွာ ကြည့်နေမိတယ်။ မထင်မှတ်တဲ့ အချိန်အတွင်းမှာပဲ ဓာတ်ပုံကို ဗြိခနဲ၊ ဗြိခနဲနေအောင် သမီးက ဆွဲဖြဲပစ်လိုက်တော့တယ်။  တစ်ခဏအတွင်းမှာပဲ ဓာတ်ပုံစာရွက် အစိတ်စိတ် အမွမွက ကြမ်းပြင်ပေါ်မှာ ပျံ့ကြဲသွားလေတယ်။
ကျွန်တော့်ရင်ခွင်ထဲ ” ဟီး ” ကနဲ ခေါင်းထိုး ငိုချလိုက်တဲ့ သမီးကို ကျွန်တော် ဘယ်လို နှစ်သိမ့်ပေးရမယ်မသိဘူး။ သမီးက တစ်သိမ့်သိမ့် ရှိုက်ငိုနေလေတယ်။ သမီးအားရအောင် ငိုပြီးတဲ့အထိ ကျွန်တော် စိတ်ရှည်လက်ရှည် စောင့်နေလိုက်တယ်။ ကျွန်တော့အတွက် ရှုပ်ထွေးနေတဲ့ ပုစ္ဆာကို သမီးက မျက်ရည်စများကြားက အခုလို ရှင်းပြလေတယ်။
” အဖေ.. ဓာတ်ပုံဆိုင်က အဲ့ဒီနေ့က မင်္ဂလာပွဲတစ်ပွဲအတွက်   အောက်ဒိုးသွားရိုက်ရမှာမို့ သမီးရောက်တော့ ကမန်းကတမ်းနဲ့ သမီးပုံကို ရိုက်ပေးလိုက်တာ၊ အဲ့ဒါကြောင့် ရိုက်လိုက်ချိန်မှာ  မျက်လုံးမှေး သွားတာကို သတိမထားမိလိုက်ဘူးတဲ့၊ ၀န်ခံပါတယ်တဲ့၊ ဒါနဲ့ ပုံထုတ်ချိန်မှာ မလှမှာစိုးပြီး တခြားပုံတစ်ခုက လှတဲ့ မျက်လုံးတစ်စုံကို ကွန်ပြူတာ နည်းပညာသုံးပြီး ယူထည့်ပေးထားလိုက်တာတဲ့၊ အခုပုံလည်း မသိသာပါဘူး.. လှပါတယ်တဲ့၊ သမီးရဲ့ မျက်လုံးမဟုတ်တဲ့ တခြားသူမျက်လုံးနဲ့ ဒီပုံကြီးကို  သမီးက ဘယ်လိုစိတ်ထားမျိုးနဲ့ လက်ခံပြီး အိမ်ဦးခန်းမှာ ချိတ်ထားရမလဲဟင်။ အဖေဆိုရင်ရော.. လက်ခံနိုင်ပါ့မလား “
” သမီးတို့ရဲ့ ကွန်ပြူတာနည်းပညာတွေကို အဖေတော့ နားမလည်ပါဘူးကွယ်၊ ဒါပေမယ့် သမီးမျက်လုံးမဟုတ်တဲ့ ပုံကိုတော့ အဖေလည်း ရဲရဲကြည့်ရဲမယ် မထင်ဘူး၊ စိတ်မပူပါနဲ့ သမီးရယ်၊  မှေးနေတာပဲ ဖြစ်ပါစေ၊ သမီးရဲ့ နဂိုမျက်လုံးလေးကိုပဲ ဓာတ်ပုံမှာ ပြန်တပ်ပေးဖို့ ဆိုင်ကို အဖေ သွားပြောကြည့်ပေးပါ့မယ် “
” ဟုတ်တယ်နော် အဖေ..၊ မှေးလည်းဘာဖြစ်လဲ၊ မလှတာထက် သမီးရဲ့မျက်လုံးနဲ့ ပုံကိုပဲ ပြန်လိုချင်တယ်၊ အဖေသိတဲ့အတိုင်းပဲ၊ ဒီဓာတ်ပုံလေးက သမီးအတွက် အရမ်းကို တန်ဘိုးထားတဲ့ အရာပါ။ သမီးတို့အတွက် နောက်တစ်ခါ ထပ်ရိုက်ဖို့ကလဲ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး၊ အဖေကြိုးစားကြည့်ပေးပါဦးနော် “
မျှော်လင့်ချက်ရောင်ခြည်လေး ယှက်သန်းလာတဲ့ မျက်ရည်စတွေကြားက သမီးရဲ့ မျက်ဝန်းတောက်တောက်လေးတွေက ကျွန်တော့်ကို ချက်ချင်း ဓာတ်ပုံဆိုင်ကို သွားစေဖို့ တွန်းအားပေးလိုက်သလိုပါဘဲ။ ဖြဲဆုတ်ထားတဲ့ ဓာတ်ပုံစာရွက် အပိုင်းအစလေးတွေကို သမီးနဲ့အတူ ကျွန်တော်ကောက်ယူ လိုက်တယ်။ ပြီးတော့ တိုင်မှာချိတ်ထားတဲ့ ကျွန်တော် ရှပ်အကျီ င်္အနွမ်းလေးရဲ့ အိပ်ကပ်ထဲထည့်လိုက်ပြီး  အကျီ င်္ကို ကောက်စွတ်ကာ အိမ်ကနေ ကျွန်တော် ထွက်လာခဲ့တယ်။
အဆုံးရဲ့နောက်ဆက်တွဲ။
ကျွန်တော့်ရဲ့ ခြေလှမ်းတွေသွက်လို့နေတယ်။ ကြပ်သိပ်နေတဲ့ ဘတ်စ်ကားကို တိုးစီးခဲ့ရပေမယ့် အရင်လို ပင်ပမ်းလိုက်တာရယ်လို့ မတွေးမိပါဘူး။ ရာသီဥတုက ပူလို့ ကျွန်တော့်တကိုယ်လုံး ချွေးစေးတွေနဲ့ နစ်နေပေမယ့် ကျွန်တော် အပူဒဏ်ကို သတိမပြုမိပါဘူး။ လမ်းတလျှောက် ကျွန်တော် တွေးလာမိတယ်။ နည်းပညာတွေ ထွန်းကားလာတဲ့ ကမ္ဘာ့ရွာလို့ ရုံးက ကလေးတွေ ပြောပြောနေတာကြားနေရတယ်။ အခုမှ နဖူးတွေ့ဒူးတွေ့ သူကိုယ်တိုင် တွေ့လိုက်ရလေပြီ။ ဓာတ်ပုံက မသိသူဆို ပြုပြင်ထားမှန်း သိရက်စရာမရှိ။ အဖေဖြစ်တဲ့ ကျွန်တော့်ကိုတောင် လှည့်စားနိုင် ရက်လောက်အောင် နည်းပညာတွေက ကောင်းနေလိုက်တာ။ ကွန်ပြူတာဆိုတာ ရုပ်ပုံတွေထဲမှာသာ မြင်တွေ့နေရပြီး အသုံးပြုဖို့နေနေသာသာ  ကိုင်တောင်မကိုင်ဘူးလေသူ ခေတ်နောက်ပြန်ဆွဲ အဖိုးကြီးပေါက်စဆိုလေတော့ ဖြစ်ခဲ့သမျှက ကျွန်တော့်အတွက် အံ့ဘနန်းပါဘဲ။
ဆိုင်ထဲမှာ လူတွေက ထုံးစံအတိုင်း စည်ကားလို့နေပါတယ်။ ပါလာတဲ့ ဘောက်ခြာလေး ထုတ်ပြလို့ အဖြစ်အပျက်ကို ရှင်းပြမိပါတယ်။ ခုနက သမီးက ဖုန်းဆက်ထားလေတော့ သူတို့ ချက်ချင်းသိလိုက်ပါတယ်။ ဒါနဲ့ သူတို့ကို အရင်ပုံအဟောင်းက သမီးရဲ့ မျက်လုံးလေးပဲ ဓာတ်ပုံမှာ   ပြန်တပ်ပေးဖို့  တောင်းတောင်းပန်ပန်နဲ့ ကျွန်တော်   ပြောဆိုမိပါတယ်။ သူတို့က ဓာတ်ပုံအဟောင်းပြပါလို့ ပြောလာလို့ ယူလာတဲ့ သမီးလေး ဆွဲဖြဲထားမိတဲ့ ဓာတ်ပုံစက္ကူစ အစုတ်လေးတွေကိုပဲ ရှပ်အကျီ င်္အိပ်ကပ်ထဲက အသာထုတ်ပြမိပါတယ်။
ဓာတ်ပုံအပြဲအစတွေကို ကြည့်ပြီး ဆိုင်ရှင်မျက်စိမျက်နှာ ပျက်သွားပါတယ်။ အခုလို ဆွဲဖြဲလိုက်တော့ ဘယ်လိုကြည့်လို့ ရတော့မလဲ..တဲ့။ မူလမျက်လုံးနဲ့ပဲ ဓာတ်ပုံအသစ်တစ်စုံ ထုတ်ပေးပါလို့ ပြောကြည့်လိုက်တော့ ပုံတွေက တစ်နေ့တစ်နေ့များလွန်းတော့ လာရွေးပြီး သွားတဲ့ပုံဆိုတာနဲ့ ကွန်ပြူတာထဲ သိမ်းမထားတော့ပဲ အကုန်လုံး ဖျက်ချလိုက်ပြီတဲ့။ ဘယ်လိုမှ   ပြန်မရနိုင်တော့ပါဘူး။ အားနာပါတယ်…တဲ့။
ကျွန်တော့် ရင်ထဲက ခံနိုင်ရည်စွမ်းတောင်ကြီးက ပြိုကျ   ပေါက်ကွဲသွားရပါတယ်။ ရုတ်ချည်းလှိမ့်တက်လာတဲ့ ဒေါသတွေကို မြိုချဖို့အတွက် အံကို တင်းတင်းကြိတ်လျှက်က လက်ထဲက စုတ်ပြဲနေတဲ့ ဓာတ်ပုံစက္ကူအပိုင်းအစတွေကို ဆိုင်ထဲမှာ ပစ်ပေါက်လို့ လွှင့်ပစ်လိုက် မိပါတယ်။ စာရွက်စတွေက အနားတ၀ိုက်မှာ   ဝေ့၀ဲလျှက်   ပြန့်ကျဲကာ ကျသွားပါတော့တယ်။  ဒီထက်ပိုလို့ ကျွန်တော် ဘာများတတ်နိုင်ဦးမှာလဲ။ ဆိုင်က ၀န်ထမ်းကောင်လေးတွေက ကျွန်တော့်ရဲ့ ချိုင်းနှစ်ဘက်ကို ညှပ်လို့ ဆိုင်အပြင်ကို ဆွဲခေါ်ထုတ်သွားပါတယ်။
ပိုင်ရှင်ရှိပြီးသား မျက်လုံးအစုံကတော့ ဆိုင်ရဲ့ ကြမ်းပြင်က စက္ကူစုတ်လေးတွေထဲမှာ ကျန်နေခဲ့ပါပြီ။ အိမ်ကိုပြန်မယ့် ကျွန်တော့်ရဲ့ ခြေ လှမ်းတွေက ပေါင်တစ်ရာခဲဆွဲထားသလို လေးဖင့်လို့နေပါတော့တယ်။ တဒင်္ဂဒေါသကို ကျွန်တော်ဘာလို့များ မထိန်းချုပ်နိုင် လိုက်ရတာလဲ။ ကျွန်တော်ဆိုင်ရှင်ကို ဒီ့ထက် သိမ်သိမ်မွေ့မွေ့နဲ့ ပြောဆိုနိုင်ခဲ့ရင် သမီးကို ဓာတ်ပုံနောက်တစ်ကြိမ် အလကား ပြန်ရိုက်ပေးမယ်ဆိုတာမျိုး   ဖြစ်လာနိုင်တာဘဲ။  အခုတော့…။ မလိမ်မာတဲ့..၊ မပါးနပ်တဲ့ ဖခင်ကြောင့်….။
အခုအချိန်မှာ ကျွန်တော် အလိုချင်ဆုံးအရာက သမီးကို   ကျေနပ်လောက်သည်အထိ   ဖြောင်းဖျပေးနိုင်မယ့် နှလုံးသားတစ်စုံပါ။
မျှော်လင့်အားကြီးနဲ့ စောင့်နေရှာမယ့် သမီးရဲ့ တောက်ပမျက်ဝန်းအစုံကို ကျွန်တော် တွေးမြင်မိလေတော့ ရင်ထဲ ဘယ်လိုမှ မကောင်းနိုင်တော့ပါဘူးဗျာ။ ကျွန်တော် ဘယ်လို စကားလုံးတွေနဲ့များ သမီးကို ဖြောင်းဖျပေးရပါ့မလဲ။ အိမ်မှာ စောင့်နေရှာမယ့် သမီးကို ကျွန်တော် ဘယ်လို ခွန်အားနဲ့ ရင်ဆိုင်ရပါ့မလဲ။
ဆိုင်ရှေ့ကနေ လေးလံတဲ့ ခြေလှမ်းနဲ့ ခေါင်းငိုက်စိုက်ချ ထွက်လာတဲ့ ကျွန်တော့် ပုခုံးကို လှမ်းတို့ခံလိုက်ရလို့ ကြည့်လိုက်တော့…
” ဦးလေး… ကျွန်တော်ဓာတ်ပုံဆိုင်က ကွန်ပြူတာသမားပါ၊ ဦးလေးရဲ့သမီးပုံကို ကျွန်တော့် ကွန်ပြူတာထဲမှာ ဖျက်လိုက်ပေမယ့် ကွန်ပြူတာရဲ့အမှိုက်ပုံးထဲမှာ ကျွန်တော် ပြန်ရှာလို့ ရလိုက်ပါသေးတယ်။ ကျွန်တော့် အလုပ်ရှင်ကို ပြောပြတော့ ဓာတ်ပုံအသစ်   ပြန်ထုတ်ပေးလိုက်ဆိုလို့ ဦးလေးကို ၀မ်းသာရအောင် အပြေးလာပြောတာပါ၊  နောက်ထပ် တစ်နာရီလောက်ဆို ဆိုင်ကို ပြန်လာပြီး ပုံလာယူလှည့်ပါဦးလေး “
ကွန်ပြူတာထဲက ဖျက်လိုက်ပြီဆိုတဲ့ ပုံက ဘာလို့ အမှိုက်ပုံးထဲကနေ ပြန်ရှာလို့  တွေ့ရတာလဲ။ စဉ်းစားကြည့်ရလောက်အောင် ကျွန်တော် ဥာဏ်မမှီပါဘူး။ ဒါပေမယ့် ကျွန်တော့် မတ်တပ်ရပ်လျှက်က ဒူးတွေ ညွတ်ခွေကျ သွားမတတ်အောင်  ပျော်သွားမိတော့တယ်။
.
နိဂုံး။
နံရံမှာ ချိတ်ထားတဲ့  သမီးရဲ့ ဘွဲ့ဓာတ်ပုံကို သမီးနဲ့အတူ ကျွန်တော် ကြည့်နေမိတယ်။
” အဖေ… ပုံထဲမှာ မျက်လုံးက မှိတ်နေသလို ဖြစ်နေပေမယ့် သမီးတော့ အခုမှ ကြည့်ရတာ အဆင်ပြေသွားသလို ခံစားမိတယ်.. “
ကျွန်တော် ခေါင်းကို ဆတ်ခနဲ ငြိမ့်လိုက်ပြီး…..
” ဟုတ်တယ်သမီး၊ သမီးရဲ့ပုံထဲမှာ သမီးမဟုတ်တဲ့ တခြားသူရဲ့ အင်္ဂါအစိတ်အပိုင်း ပါဝင်နေတာကို ဘယ်လိုမှ လက်ခံလို့မရဘူးဆိုတာ သဘာဝကျပါတယ်၊ ပုံထဲမှာ မျက်လုံးလေးက မှေးနေပေမယ့် သမီးမျက်လုံးလေးမှန်း ဖေဖေသိတယ်၊ အဲ့ဒီလိုပဲ သမီးကိုယ်တိုင်လည်း သိနေတယ်လေ။ မှတ်တမ်းဓာတ်ပုံဆိုတာ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်မှာ တစ်ကြိမ်သာ ရိုက်ခွင့်ရကြတာ၊ ရိုက်သင့်ကြတာ မဟုတ်လား၊ အိမ်နံရံမှာ အမြဲတမ်း ခြိတ်ထားရမယ့် ဒီပုံလေးအတွက်  မျက်လုံးလေး မှေးနေပါစေဦးတော့ ဒီပုံလေးကပဲ ဖေဖေတို့အတွက် အဆင်ပြေပါတယ် သမီးရယ် “
သမီးရဲ့ဘွဲ့ဓာတ်ပုံအတွက် ဖခင်တစ်ယောက်အနေနဲ့ တစ်စိတ်တစ်ပိုင်းကနေ အကောင်းဆုံး လုပ်ပေးနိုင်ခွင့်ရခဲ့လို့ ကျွန်တော့စိတ်ထဲ ဘ၀င်ကျနေမိတယ်။ ဓာတ်ပုံဆိုင်ကို ပုထုဇဉ်ပီပီ ကျွန်တော်ရော၊ သမီးပါ စိတ်ဆိုးမိခဲ့ကြပေမယ့် မိမိမသိကျွမ်း၊ မရင်းနှီးတဲ့ မျက်လုံးစိမ်းတစ်စုံကို စွန့်ပယ်ခွင့်ရလိုက်လို့ ကျွန်တော်တို့ ကျေနပ်မိကြပါတယ်။
ပြုံးနေတဲ့ သမီးရဲ့ မျက်နှာကို ကြည့်လိုက်တော့ ကျွန်တော်အနှစ်သက်ဆုံး မျက်တောင်စိတ်စိတ်တွေနဲ့ ခြယ်မှုန်းထားတဲ့ သမီးရဲ့ တောက်ပ မျက်ဝန်းအစုံက   ရွှန်းလက်နေလေပြန်တော့   ကျေနပ်စိတ်နဲ့   နှုတ်ခမ်းအစွန်းတွေ     ကွေးညွတ်သွားသည်အထိ   နှစ်နှစ်ကာကာ ကျွန်တော် ပြုံးနေလိုက်မိပါတယ်။
———————————————————————————-
ဝန်ခံချက် ။    ။ မိတ်ဆွေတစ်ဦးရဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံပြီး ခံစားပုံဖော်ယူပါသည်။
———————————————————————————-
နောက်ဆက်တွဲ - ဒီပို့စ်လေးက  အွန်လိုင်းရွှေဝတ္တုတိုဆုပေးပွဲ မှာ ပထမဆု ရရှိခဲ့တဲ့အတွက် ကျွန်မအတွက် တကယ့်ကို အမှတ်တရ ဖြစ်စေခဲ့ရပါတယ်။ “သမီးရဲ့မျက်လုံးလေး” အပေါ်မှာ လေးစားရတဲ့ ဆရာကြီး၊ ဆရာမကြီးများရဲ့ မှတ်ချက်များကိုလည်း အမှတ်တရ ဖြစ်စေရန် အလို့ငှါ ပြန်လည်စုစည်း ဖော်ပြလိုက်ပါတယ်ရှင်။
ဆရာ ဦးဝင်းငြိမ်း (ရွှေအမြုတေ) ၏ မှတ်ချက်
စတုတ္ထအဖြစ် ၁၃မှတ် သတ်မှတ်ပါတယ်။ ရေးသားတင်ပြပုံ ပိုင်နိင်ပြီး ဆွဲဆောင်သွားပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအနေနဲ့ စွဲမက်လောက်စရာ မရှိတာကြောင့် စတုတ္ထအဖြစ်  ကျွန်တော် သတ်မှတ်ခြင်းပါ။   ခေတ်ပေါ်နည်း ပညာဖြစ်တဲ့ photoshop နည်းနဲ့ မှေးနေတဲ့ မျက်လုံးကို သူများဓါတ်ပုံက မျက်လုံးနဲ့  လဲထည့်လိုက်ခြင်းကို ဝတ္ထုအဖြစ် ဖန်တီးထားခြင်းသာ   ဖြစ်ပါတယ်။ ရေးသားတင်ဆက်ပုံ နိင်နင်းသူတစ်ယောက်အနေနဲ့ ဒီ့ထက်လှတဲ့   အတွေးရစေချင်ပါတယ်။
ဆရာနေ၀င်းမြင့်၏ မှတ်ချက်
-ခေတ်သစ်နည်းပညာများနှင့်လူ့ပကတိစိတ်အားပြိုင်မှုကိုဖော်ကျူးနိင်ပါသည်။
-အတွေ့အကြုံလား စိတ်ကူးလား မပြောနိင်သော်လည်း လှပစွာ ဖွဲ့နိင်ပါသည်ဟု မှတ်ချက်ပြုချင်ပါသည်။ ခေါင်းစဉ်ကတော့ ရိုးသည်။
-ကျစ်ကျစ်လစ်လစ်နှင့် ပြည့်စုံသော ဝတ္ထုတိုဖြစ်သည်။
-လူနှင့် လူ့သဘာဝ၏ အနှစ်သာရကို နုညံ့စွာဖွဲ့နိင်သည့် ဝတ္ထုတိုပင်။
-ဝတ္ထုတို လက်ကောင်းဖြစ်သည်။
-ပေးမှတ် ၁၈ (ဆယ့်ရှစ်) မှတ်။
ဆရာမ ခင်ခင်ထူး၏ မှတ်ချက်
-နည်းပညာတွေ ဘယ်လောက် ဖွံ့ဖြိုးတိုးတက်ပါစေ သဘာဝတရားလောက်   နှလုံးသားကို ခံစားမှု မပေးနိင်တာကို ဖော်ပြလိုသော ဝတ္ထုတစ်ပုဒ်   ဖြစ်သည်။
-ဇာတ်လမ်းဇာတ်အိမ် ပါးပါးကလေးနှင့် ထိရောက်အောင် တင်ပြနိင်သည်။
-ဓါတ်ပုံကို ကွန်ပြူတာထဲက ဖျက်လိုက်ခြင်းဖြင့် အဆုံးမသတ်ဘဲ ကွန်ပြူတာရဲ့ အမှိုက်ပုံးထဲက ပြန်ရှာတွေ့ပြီး ပင်ကိုယ်ဓါတ်ပုံ   ပြန်ထုတ်ရလိုက်ခြင်းဖြင့် အနားသတ်နိင်လိုက်သည့်အတွက် ဝတ္ထုက ပိုပြီး လှသွားပါသည်။
-ခေတ်ပြိုင်ခံစားမှုပါသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။
-ပေးမှတ် (၁၉) မှတ်
ဆရာ ဦးမင်းဒင်၏ မှတ်ချက်
(၄) သမီးရဲ့မျက်လုံးလေး(ရေးသူ။ မြသွေးနီ)
ချို့ငဲ့သော ဇနီးမောင်နှံတွင် အသက်အရွယ်ထောက်လာမှ လှပသော မျက်ဝန်းအစုံနှင့် သမီးလေးကို မွေးဖွားခဲ့သည်။ သမီးငယ် အဝေးရောက်ဘွဲ့ ယူပြီး ဆိုင်တွင်ဓာတ်ပုံရိုက်သည့်အခါ ကွန်ပြူတာပညာဖြင့် မျက်ဝန်းအစုံကို   ပြုပြင်လိုက်သောကြောင့် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ရပြီး   နောက်ဆုံးတွင် ဓာတ်ပုံဆိုင်မှ ကွန်ပြူတာသမား၏ ကူညီမှုကြောင့် မူရင်းမျက်ဝန်းအစုံကို   ပြန်လည်ရရှိသွားသဖြင့်   ဖြေသိမ့်ရာ ရခဲ့ကြောင်း ရေးဖွဲ့ထားသည့် စာတစ်ပုဒ်ဖြစ်သည်။ ဖခင်ဖြစ်သူက   ဖြစ်စဉ်ရှင်းပြသည့် ပုံစံဖြင့် တင်ပြထား သည်။ အကြောင်းအရာကား ထူးခြားလှသည်ဟု မဆိုနိုင်ချေ။ မထူးလှသောအကြောင်းကို ကြိုးပမ်းရေးဖွဲ့ထားခြင်းကိုမူ ဂရုပြုမိသည်။   ခေါင်းစဉ်ပေးပုံ ရိုးစင်းလွန်းသည်ဟု ထင်မြင်ပါသည်။
ပျားပိတုန်းတွေကလည်း သမီးရဲ့နဘေးမှာ တစ်ဝဲလည်လည်ရှိနေမှာပေါ့ ဟူသော အချက်သည် ဖခင်တဦး၏ ခံစားချက်နှင့် လွဲချော်နိုင်သဖြင့် မထည့်သွင်းသင့်ဟု မြင်ပါသည်။ အချို့နေရာများတွင် ၊ပြန်ရောက်လာလေ တယ်၊ပျံ့ကျဲသွားလေတယ်၊ ရှင်းပြလေတယ်၊ ဟု လေတယ်ဟူသော အသုံးအနှုံးများ နီးနီးကပ် ကပ်ထပ်လျက် အသုံးပြုထားသည်ကို တွေ့ရသည်။ အလေ့အကျင့် ဆက်လက်ပြုလုပ်ရန် တိုက်တွန်း အားပေးလိုပါသည်။
သတ်ပုံအကျအပေါက် များလှသည်။ ထောက်ပြရုံသာဖြစ်၍ အမှတ်လျော့ ထားခြင်းမရှိပါ။ ကြည့်မဝရှုမဝကို (ကြည့်မဝရှုမဝကိုး)။ မျက်တောင်စိတ်စိတ် (မျက်တောင်စိပ်စိပ်)။ တဖြတ်ဖြတ် (တဖျတ်ဖျတ်)၊ နောက်၂ရက် (နောက်နှစ်ရက်)။ ပဏ္ဍာရ(ပနံရ)။ ရုတ်ချည်း(ရုတ်ခြည်း)။ ပျံ့ကျဲ(ပျံ့ကြဲ)။ အံ့နဘမ်း(အံ့ဘနန်း) (၁၃)မှတ် ပေးလိုပါသည်။
ဆရာ ဒါရိုက်တာဝင်းဖေ၏ မှတ်ချက်
ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ အခက်အခဲတစ်ချို့ကြောင့် ဆရာဦးဝင်းဖေ၏ မှတ်ချက် စကားများ မပါဝင်နိင်ခဲ့ဘဲ စာမူတစ်ပုဒ်ချင်း စီကိုသာ အမှတ်ပေးထားပါသည်။
သမီးရဲ့ မျက်လုံးကလေး ( မြသွေးနီ) – ပေးမှတ် (၁၆ ) မှတ်
ချီးမြှင့်ခံရတဲ့ ဆုတံဆိပ်
ရွှေအမြုတေ၏ ပဲ့ကိုင်ရှင် ဦးဝင်းငြိမ်းမှ ဆုချီးမြှင့်စဉ်။
ဆုရငွေUS$ 100ကို “သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်  ထောက်ပံ့ရေးအသင်း” ၏   ၂၀၁၁ခုနှစ်၊ ဇွန်လအလှူသို   ပေးလှူခဲ့ပြီးဖြစ်ပါသည်။
Scan1
ဒီဝတ္တုလေးက ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလထုတ်၊ မဟေသီမဂ္ဂဇင်းမှာလည်း ပါဝင်ခဲ့ပါတယ်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
Share
This entry was posted in ၀တ္ထု. Bookmark the permalink.
60 Responses to သမီးရဲ့မျက်လုံးလေး
  1. မျောသွားတယ် စာဖတ်တာ
    ဒါနဲ့ စကားမစပ် နောက်ခံ အရောင် ချိန်းပေးပါလား ဟင်
    ဖတ်ရင်း မျက်လုံးတွေ ဝါးလာလို့ ဟိ
    အသက်ကလေးက ရလာပြီ ဆိုတော့လေ မျက်စိကလဲ မှုန်ချင်ချင်ရယ် ဟီးးးး
  2. မေဇင် says:
    ကိုယ်တိုင်ကြုံခဲ့ဖူးတယ်….ကိုယ်တိုင် ဘွဲ့ ယူတာတော့ မဟုတ်ဘူး…အစ်မ ဘွဲ့ ယူတော့ မိသားစု ဓာတ်ပုံရိုက်တာ…ဓာတ်ပုံရတော့..နောင့် မျက်လုံးက အတု ဖြစ်နေတယ်။ မကြိုက်ပေမယ့်…ဒီလိုပဲ လက်ခံခဲ့ရတယ်။
  3. Ko Gyi says:
    မမြသွေး
    ဖတ်ရတာ ထိထိရှရှလေးရယ်….
    ကိုယ်တိုက ဘွဲ့မယူခဲ့ရဘူးတော့ အဲ့ဒီခံစားချက်ကို မသိခဲ့ဘူးဗျာ။
    ခင်မင်စွာဖြင့်
    ကိုရီး{ကိုကြီး}
  4. shwezinu says:
    ညီမ မြသွေးနီ ရေ
    စိတ်ဝင်စားစွာနဲ့ ဖတ်သွားပါတယ်
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး
  5. sosegado says:
    ဇာတ်လမ်းထဲက အရှိကို အရှိအတိုင်းဖြစ်စေချင်တဲ့ သမီးရဲ့ ဆန္ဒကို လေးစားမိပါတယ်၊
  6. ကိုယ့်ရဲ့ မွေးရာပါ အစိတ်အပိုင်းလောက် ဘယ်အရောကမှ ပိုပြီးတန်ဖိုး ရှိမနေပါဘူးနော်။
    ဖခင်တစ်ယောက်ရဲ့ မေတ္တာ၊ သမီးလေးရဲ့ အရှိကိုအရှိအတိုင်းလက်ခံတတ်တဲ့စိတ်ကလေးကို လေးစားတန်ဖိုးထားမိပါတယ်..
    ကိုယ်သာဆိုရင် ပိုလှနေတဲ့ ပုံကိုများ ပိုပြီး လိုချင်မိမလား မပြောတတ်ဘူး
  7. ဘွဲ့ယူဖို့ တက္ကသိုလ်မတက်ရတော့ အတွေ့ကြုံမရှိပေမယ့်
    မမြသွေးနီပို့စ်ဖတ်ရတာ ဗဟုသုတတချို့ရလိုက်တယ်ကျေးဇူးပါ
    နောက်ခံအရောင်ပြောင်းတာက ဖြစ်နိုင်ရင်တော့ပြောင်းစေချင်တယ် စာကြာကြာဖတ်ရတာ တကယ်အဆင်မပြေလို့း)
    အဖြူနောက်ခံက စာဖတ်ရတာ အဆင်ပြေတယ်ဗျာ့
    အစ်မ စာတွေက ကဗျာလိုတိုတိုလေးလည်းမဟုတ်တော့ သိတယ်ဟုတ် အရောင်ကြောင့် ကြာကြာမဖတ်နိုင်မှာစိုးလို့ပါ
  8. မရေ…ရောက်ခဲ့ပါတယ်…ဖတ်ရင်းဖတ်ရင်းနဲ့  ရောသွားလိုက်တာများးးးး
    ဖခင်နေရာရောက်သွားလိုက်၊ ကောင်မလေးနေရာကနေ ပေါက်ကွဲလိုက်၊ မိခင်နေရာကနေ ကြေကွဲလိုက်နဲ့ 
    ရသတော်တော် စုံခဲ့ပါတယ်။ အတွေးတွေပေးတဲ့ POST လေးပါ။ အရှိကို အရှိတိုင်းပဲပေါ့။ အဲဒါပဲ ကောင်းပါတယ်။
    ဖခင်နဲ့ မိခင်ရဲ့ မတ္တာတရားနဲ့ သမီးတစ်ယောက်ရဲ့ သိတတ်မှုတွေကတော့ အားကျအတုယူမိရပါတယ်။
    နောက်ပြီးးးး Computer အမှိုက်ပုံးထဲက ပြန်ကောက်ပြီး အသစ်ပြန်လုပ်ပေးခဲ့တဲ့ စာနာတတ်မှုလေး မြင်ရပြန်တော့
    ကျေနပ်ပီတိ ဖြစ်ရပြန်တယ်။ အဆုံးမှာတော့ အားလုံးနဲ့ အတူ ပြုံးပျော်ရင်း ….:)
    …ခင်မင်လေးစားလျှက်…ခင်မာလာအောင်..:)
    Link လေး ယူသွားပါတယ်..မရေ ။။ :)
  9. ဖတ်ရင်းနဲ့ ဇာတ်အိမ်လေးက ဆန်းလိုက်တာလို့ သဘောကျနေတာ။
    တကယ့်ဖြစ်ရပ်တွေက စာရေးဆရာတွေရဲ့ ဖန်တီးနိင်တာရဲ့ အပြင်ဘက်ကို ရောက်နေတာ သဘာဝပါပဲ။
    အရေးအသားကောင်းတော့ စိတ်ထဲစွဲကျန်မယ့် ဝတ္ထုလေး တစ်ပုဒ် ဖြစ်သွားပြီ။
  10. ထီးကြည်နုအောင် says:
    မိဘတိုင်းရဲ့ မျက်လုံးတွေထဲမှာတော့ သားသမီးများအားလုံးဟာ ထာဝရလှပနေကြပါတယ်…..
    အမ… ဒီထက်ပိုပြီး စာတွေ ရေးသားနိုင်ပါစေနော်…
    ခင်မင်လေးစားလျှက်…………..
  11. Chit Thu Mg says:
    မိဘများရဲ့မေတ္တာတရားတွေကို ပိုလို့ခံစားမိပါတယ် မ.ရေ။ ဇာတ်လမ်းထဲက သမီးဖြစ်သူရဲ့ သိတတ်နားလည်မှုကိုလည်း ချီးကျူးလေးစားမိပြန်ပါတယ်။ အရေးအသားနဲ့ ဇာတ်လမ်းကို အချက်ကျကျ ပီပီပြင်ပြင်ရေးသားထားလို့ ပိုလို့တောင် ရသစုံစွာ ခံစားဖတ်ရှုသွားပါတယ်။
  12. wno says:
    ဒီလို ခံစားချက်ကို ကိုယ်ချင်းစာပါတယ်၊ အမေဆုံးသွားလို့ ရှားပါးလှတဲ့အမေ ပုံ တွေထဲက အကောင်းဆုံးပုံ ကို သွားပြီး ပုံကြီးချဲ့ ပါတယ် ၊ လက်စွမ်းပြလိုက်တဲ့ ပုံက အမေပုံ မဟုတ်တော့သလို ခံစားရပါတယ်၊
    တခါ အဖေဆုံးသွားတော့ သေသေချာချာပြောထားရက်နဲ့ ပြင်လိုက်ကြပြန်တယ်၊ ဒီတော့ အဖေပုံ မဟုတ်တော့သလို ခံစားရပြန်ရော ၊ ဒါပေမဲ့ မိဘပုံတွေဆိုတော့ ဆွဲဆုတ်လဲ မပစ်ရက်ပါဘူး ၊ အရမ်းစိတ်ပျက်ရပါတယ်
    ဓါတ်ပုံဆိုင်တွေ အထူးသတိထားသင့်တဲ့ အချက်ပါဘဲ
  13. အမရေ… တော်တော်လေးလည်းဖတ်လို့ ကောင်းပါတယ်….ဖတ်ရင်ဖတ်ရင်းနဲ့ မျောပါသွားတယ်ဗျာ…
    မိဘတွေရဲ့ အနှိုင်းမဲ့မေတ္တာကိုလည်းမြင်တွေ့ လိုက်ရတော့မသိလိုက်ရတဲ့ အချက်တွေတော်တော်များများသိရှိနားလည်းသွားပါပြီဗျာ………..အစဉ်အမြဲလေးစားလျက်
    မောင်လေးနွယ်ပင်
  14. tin min nwe says:
    အမ ရေ ပို့စ်လေးက တကယ်ဖတ်လို့ကောင်းတယ် စိတ်လည်းမကောင်းဖြစ်မိပါတယ်။
  15. မမရေ
    ရင်နဲ့ထပ်တူ ခံစား အားပေးသွားပါတယ်ရှင် ။
    မလှပတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ရှိနေပေမယ့်လဲ မိမိ ကိုယ်အင်္ဂါက တန်ဖိုး အရှိဆုံးဆိုတာ သိလိုက်တယ် ။
    အားပေးနေပါဦးမယ်ရှင် ။
  16. အတု ဆိုတာ အတုပါပဲ။ အစစ် နဲ့ ဘယ်လိုမှ မနှိုင်းသာကြောင်း ထိမိစွာ သဘောပေါက်လာစေပါတယ် …
    ငြိမ်းစိုးဦး
    nyeinsoeoo.multiply.com
  17. လင်းလက် says:
    စာလေးက တော်တော်လေးကို ကောင်းပါတယ်။ ခုခေတ်အနေထားနဲ့လည်း သင့်လျော်ပါတယ်။ ခေတ်ကိုဆန့်ကျင်တာမဟုတ်ပါပေမယ့်။ လူသားရဲ့နလုံးသားနဲ့ အသုံးချခံခေတ်တစ်ခုရဲ့ တိုက်ပွဲတစ်ခုပါပဲ။ ခံစားချက်ခြင်းတိုက်ဆိုင်တယ်။ ခေတ်ဆိုတာ ဘာလဲ။ တစ်ကယ်တော့ အဲဒိလိုပြောနေကြတဲ့ လူတွေနှုတ်က ပြောနေတာဟာ ခေတ်ပါပဲ။ အေးချမ်းပါစေ။
  18. ရတနာနွယ် says:
    မမရေ
    မောလိုက်တာရှင်
    ဓာတ်ပုံလေး ပြန်ရပါစေလို့ ဆုတောင်းပေးရင်းဖတ်သွားတာ ပြန်ရသွားလို့ တော်သေးတယ် — :)
  19. ဖတ်လိုက်ရတာ
    မျက်ရည်တောင် ၀ဲမိတယ် ..း((
    ကြားဖူးနေပေမယ့်
    မရောက်ဖြစ်ခဲ့ဘူး .. ဒီလင့်ခ်လေးကို ..
    ခု ၀တ္တုတို စကာတင် မှာတွေ့လို့
    လာဖတ်ရင်း လင့်ခ်ပါယူသွားပါတယ် ..
    ခင်မင်လျှက်
    ဆောင်းနှင်းရွက်
  20. hsu hsu says:
    နောက်ခံ Background အမည်းရောင် ကြီးက စာဖတ်ရတာ အဆင် မပြေပါ..စာကောင်းလေးတွေ ရှာဖတ်ချင် လို့ background colour ပြောင်းပေးပါနော်..
  21. eainmon says:
    ရှေ့ကပြောသလိုပဲ နောက်ခံ colour လေးပြောင်းပေးပါနော်
  22. ရိုးရိုးလေးရေးထားလို့ထင်ပါရဲ့…
    ဖတ်လိုက်ရတာ တစ်ကယ့်ကို အရသာရှိလိုက်တာ ။
  23. မမြသွေးရေ
    မျက်လုံးထဲ စိတ်ထဲမှာ တကယ်ထင်မြင်လာမိအောင်ကို အရေးအသားနဲ့ ဇာတ်လမ်းလေးက ဆွဲဆောင်မှုရှိလွန်းတယ်။ အရမ်းသဘောကျမိပါတယ်ရှင်။
    ခင်မင်လေးစားလျက်
    မေသိမ့်သိမ့်ကျော်
    မမရေ ဒီကိုလဲ လာရောက်ကူညီပါဦးလို့ ဖိတ်ပါတယ်။ >>> http://www.moba4all.org ပါရှင်။ မျှော်လင့်နေပါတယ်။
  24. ဇာတ်လမ်းလေးကို ရင်တထိတ်ထိတ်နဲ့ ဖတ်မိပါတယ်။ ဘာဖြစ်သွားမလဲပေါ့။ စိုးရိမ်စိတ်တွေ အများအပြားပါဘဲ။ ထိုက်တန်တဲ့အတွက် ထိုက်တန်တဲ့ ဆုကို ရတယ်လို့ မြင်မိပါတယ်။ ၀မ်းမြောက် ဂုဏ်ယူပါတယ်။ ဒီထက် ပိုကောင်းတဲ့ ၀တ္ထုတိုတွေ အများကြီး ရေးသားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)
  25. ဖြစ်ရပ်အမှန်မို့ ဖတ်ပြီး ပိုခံစားရပါတယ်။ မူရင်းကို မိတ္တုနဲ့ အစားထိုးခံလိုက်ရတဲ့ သူတို့သားအဖရဲ့ ရင်ထဲ ၀င်ကြည့်မိပါတယ်။ တကယ်ကို သနားစရာပါ။ အဖြစ်အပျက်အမှန်ကို မြင်သာအောင် ပုံဖော်ပေးနိုင်တဲ့အတွက် ချီးကျူးဂုဏ်ပြုပါတယ်။
    ကျန်းမာပျော်ရွှင် အန္တရာယ်ကင်းပါစေ။
    အင်္ဂါမောင်
  26. Your Won! Congratulation on Your Achievement.
    ရသ၀တ္ထုတိုအတွက် ပထမဆုရရှိတာကို ဂုဏ်ယူပါတယ်။
    အောင်မြင်မှုများ ထာဝရရရှိနိုင်ပါစေ။
    ဆန္ဒနဲ့တကွ မေတ္တာဖြင့်
    (ဥယျာဉ်မှူးလေး)
  27. ပန်းချီ says:
    အစ်မမြသွေးနီ
    အွန်လိုင်းရွှေဝတ္ထုတို ပထမဆုရရှိတဲ့ အတွက်ဂုဏ်ယူမိပါတယ်..
    အစ်မဒိထက်မကအောင်မြင်နိုင်ပါစေရှင်..
    လေးစားခင်မင်စွာဖြင့်
  28. nyeinsoeoo says:
    မျက်လုံးလေးရဲ့ အောင်မြင်မှုကိုကြားရလို့ ၀မ်းသာရပါကြောင်း …
  29. GP says:
    သမီးလေးရဲ့မျက်လုံးရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူပါတယ်အမ
    နောက်လဲဒီထက်မက ပိုအောင်မြင်ပါစေဗျာ
    ဒီထက်မကလဲ ပိုရေးနိုင်ပါစေ
  30. လှပတဲ့ ၀တ္ထုလေးကို ပြန်ဖတ်သွားတယ်။ ဆုရတဲ့အတွက် ၀မ်းသာတယ်။ နောက်ကိုလည်း အများကြီး ရေးနိုင်ပါစေ။
  31. ခွန် says:
    ဒီအဖြစ်အပျက်လေးကို ဖတ်ပြီးတော့ သာမာန် အစိုးရဝန်ထမ်း မိသားစု တွေအတွက် ဘွဲ့ယူဖို့ဘယ်လောက်ခက်ခဲတယ်ဆိုတာ စာနာမိပါတယ်။ ပထမဆုရဖို့ထိုက်တန်ပါတယ် ဂုဏ်ယူပါတယ် မမြသွေးနီ ခင်ဗျား။
  32. kiki says:
    ဒီလို ရသ စာပေ အရေးအသားကောင်းလေးတွေ ထိုက်ထိုက်တန်တန်နဲ့ ဆုရသွားတဲ့ အတွက် ဝမ်းမြောက်မိပါတယ် ။
  33. မင်းလူန says:
    ရသစာပေတွေအတွက်တစ်ကယ်ကိုကျေးဇူးတင်ကျေနပ်အားကျမိပါတယ်အစ်မတော်ရေ……..
    အောင်မြင်မှု့ နဲ့ လည်းထိုက်တန်ပါပေတယ်
  34. boke boke says:
    like very much
  35. AMY says:
    I like it.Congratulations! for your success.
  36. ဘယ်တော့မှ မေ့လို့မရတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ
    ဆုရလို့ အရမ်းဝမ်းသာပါတယ် အမ
    ဘယ်တော့မှ မေ့လို့မရတဲ့ အဲဒီ့ဇာတ်လမ်းလေးကို
    ပြောင်မြောက်လှတဲ့ အရေးအသားတွေနဲ့ ရေးတော့
    ဆုရတယ်ဆိုတာ မဆန်းပါဘူး
    ဂုဏ်ယူပါတယ်ဗျာ
  37. မျက်လုံးလေးကိုလာခံစားသွားပါတယ်ဗျာ။
  38. Ya Min Tun (DAMCO) says:
    လာရောက်ဝင်ဖတ်သွားတယ်အမရေ…ဆုရရှိတဲ့အတွက်ဂုဏ်ယူပါတယ် အမ… Save The Aged က နံမည်တူတဲ့ညီမလေးကို မှတ်မိတယ်ဟုတ်..အောင်မြင်မှုတွေ… အများကြီးရပါစေလို့..ဆုတောင်းပါတယ်..
  39. Chaw K says:
  40. Me Me says:
    Good …..
  41. waieco says:
    Congratulations!
    I like it.
  42. waieco says:
    Congratulation!
    I like it.
  43. Greenery says:
    ဒီဝတ္ထုလေးနဲ့ ဆုရတာအရမ်းထိုက်တန်ပါတယ်။ဒီဆုအတွက်လည်းဝမ်းသာမိပါတယ်။
    စာတွေဆက်လက်ရေးအားကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။
  44. စံပယ် says:
    အမရေ
    လေးလဲလေးစားတယ်
    အားလဲကျတယ်
    အမကိုအားပေးနေမယ်နော်
  45. thuzar says:
    အမရေ…အရမ်းဖတ်လို.ကောင်းတယ်..မိဘမေတ္တာကို ခံစားရလွန်းလို. မျက်ရည်တောင်ကျမိပါတယ်…
  46. TTSweet says:
    ကောင်းလိုက်တဲ့ ၀ထ္ထုလေး။ ဆုရသင့်ပါတယ်။ တကယ့်အဖြစ်အပျက်ကို ရေးထားတာဆိုတော့ ဖတ်ရတာ ပို အသက်ဝင်လာသလိုပဲ။ သမီးလေးနဲ့ အဖေကြီး အဖြစ်ကို ကွက်ကွက်ကွင်းကွင်း မြင်ယောင်မိတယ်။
    ဒီ့ထက်အောင်မြင်ပါစေ။
  47. Pingback: မြသွေးနီနှင့် ရွှေမြန်မာဥယျာဉ်မိသားစုအင်တာဗျူး |
  48. စန်းထွန်း says:
    မထင်မှတ်ထားတဲ့ အချိုးအကွေ့ လေးတွေနဲ့  ပြင်ထားတာထက် ကိုယ့်ရဲ့  သဘာဝမျက်လုံးလေးကိုပဲ နှစ်သက်တဲ့ အရေးအဖွဲ့ လေးက ဆုနဲ့  ထိုက်တန်ပါပေတယ်…
  49. linlin says:
    အားပေးသွားတယ်နော..
    အရှိကိုအရှိတိုင်းလက်ခံတာအကောင်းဆုံးပါပဲနော
  50. အီးတီ says:
    အမရေ…ဖတ်လို့ကောင်းလိုက်တာ
    အဖေ့ကိုတောင်မျက်လုံးထဲမြင်လာမိတယ်….
    မိဘရဲ့သားသမီးအပေါ်ထားတဲ့မေတ္တာတရားကို ကွက်ကွက်ကွင်းကွင်းပြနေသလိုခံစားမိပါတယ်……….
  51. နွေလ says:
    နည်းပညာ၏ ကောင်းကျိုးကြောင့်
    ခံစားလိုက်ရတဲ့ ဝေဒနာက မချိမဆန့်ပါလား ဆရာမရယ်
    ဟုတ်တော့ဟုတ်တယ် …
    ကိုယ့်မျက်လုံးမဟုတ်တဲ့ ဓာတ်ပုံကြီးကို
    ကိုယ် ဘယ်လိုရင်ဆိုင်ကြည့်မလဲ
    ဖတ်ရတာတော့ တထိတ်ထိတ်နဲ့ပဲ
    ဘလော့မှာ ဖတ်တာတော့ မဟုတ်ပါဘူး
    အရင်တစ်ပတ်က စာအုပ်အပိုင်ဝယ်လိုက်တာ
    ဆရာမရေ … ဒုတိယမြောက်ခြေလှမ်း ကိုလည်း
    ဆက်လက်အားပေးပါ့မယ်
  52. လွင်မာမျိုး says:
    အရမ်းကောင်းလိုက်တာ ဆရာမရယ် .. မျက်ရည်တောင်ကျမိပါတယ်။
  53. ဆ၇ာမေ၇
    အ၇မ်းကောင်းတယ်……
    ဖတ်၇င်းနဲ့ တောင်
    အိမ်ကိုလွမ်းနေမိတယ်…….
    အ၇မ်းကောင်းတယ်ဆ၇ာမေ၇
  54. Pingback: မြသွေးနီနှင့် အွန်လိုင်းစာပေဆွေးနွေးဝိုင်း |
  55. သဲစုလှိုင် says:
    အရေးအသားကောင်းလို့ အားကျမိပါတယ်…။
  56. Yan Aung says:
    Sis ရေ…
    မင်္ဂလာပါ. ဒီဝတ္ထုတိုလေးကို Myanmar Blogs Digest Page လေးမှာ ဝေမျှချင်လို့ လာယူသွားပါတယ်နော်. ရသဝတ္ထုကောင်းလေးတွေ ဆက်လက်ရေးဖွဲ့နိုင်ပါစေဗျာ…
    https://www.facebook.com/mmblogsdigest
    ခင်မင်လျက်
    Yan.
  57. ရွှေရည် says:
    အစ်မရေ ။အားပေးသွားပါတယ် ။ ဖခင်အိုတစ်ဦးရဲ့မေတ္တာကို ထိတွေ့ခံစားလိုက်ရတယ် …
  58. Ye Khaung says:
    သမီးရှိတဲ့ဖခင်တစ်ယောက်အနေနဲ့ ကိုယ်တိုင်ခံစားလိုက်ရသလိုပါပဲ… အရမ်းကောင်းပါတယ်
  59. Khaing Khin says:
    ဖတ်လို့ ကောင်းပါတယ်ရှင်
  60. ကိုသား ကြီး says:
    ကောင်းတယ် ဆိုတာထက်ပိုကောင်း
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>