STA တစ်နှစ်ပြည့်နှင့်အိပ်မက်အငြိမ့် (၁)

Number of View: 5064

နေရာ      :   မြကျွန်းညိုညိုပန်းခြံကြီး၏အလည်မှ ခမ်းနားလှပသော မီးရောင်စုံနှင့်အငြိမ့်စင်မြင့်

နေ့ရက်   :  ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ (၃) ရက်

စတင်ချိန်  :  ည ၇:၀၀ နာရီတိတိ

ဖိုးလမင်းကြီးက ရွှန်းမြမြသာလို့နေတယ်..။ ကြယ်ပွင့်လေးများကလည်း ကောင်းကင် တခွင်လုံး ပျိုးပျိုးပြက်ပြက် လင်းလက်လို့။ သာယာလှပတဲ့ မြကျွန်းညိုညိုပန်းခြံကြီးရဲ့ အလည်မှာတော့ Save The Aged ရဲ့ Logo နှင့်အတူ ကတ္တီပါပိတ်ကား အိအိမွန်းမံလို့ မီးရောင်စုံထိန်ထိန်ညီးနေတဲ့ ခမ်းနားလှပတဲ့ အငြိမ့်စင်တစ်ခု တည်ရှိနေတယ်။

ပွဲမစမီ..

ဒီနေ့ဟာ Save The Aged ရဲ့ တစ်နှစ်တင်းတင်းပြည့်မြောက်တဲ့နေ့။ ပြည်တွင်း၊ ပြည်ပ အဖွဲ့ဝင်များသာမက Save The Aged ရဲ့ စေတနာရှင် အလှူရှင်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ၊ ပရဟိတအဖွဲ့များ၊ စာနယ်ဇင်းမီဒီယာများနဲ့ အထူးစည်ကား လို့နေပါတော့တယ်။ စကာင်္ပူပြန် ရွာစားကျော် ကိုရီးနဲ့အဖွဲ့က မြန်မာ့ရိုးရာဝတ်စုံအပြည့်နှင့် ခန့်ငြားနေလျှက်ရှိကာ ခေါင်းပေါင်းစများ တစ်လူလူလွင့်လို့။ ကိုရီးရဲ့ “ မြန်မာ့လက်သံ ” မြန်မာဆိုင်းဝိုင်းက အငြိမ့်စင်ရဲ့ ညာဘက်မှာ နေရာယူထားပြီး သူ့ရဲ့လက်သံပြောင်ပြောင် ပတ်စာစမ်းတီးနေလေသံ တစ်ထုံထုံက ပွဲခင်းထဲမှာ ပျံ့လွင့်လို့နေလေပြီ။ အငြိမ့်စင်ရဲ့ ဘယ်ဘက်မှာတော့ ကိုသူရ ဦးဆောင်တဲ့ “ အလင်းသစ် ” ခေတ်ပေါ် အီလက်ထရောနစ်တီးဝိုင်းရဲ့ ဂစ်တာကြိုးညှိသံ၊ တေးသွား စမ်းသပ်တီး ခတ်သံတို့ကလည်း ရွှေပွဲလာဧည့်ပရိသတ်တို့ရဲ့ စိတ်ကို မရိုးမရွဖြစ်အောင် လုပ်ပေးနေသလို နှယ်။

Save The Aged ရဲ့ တစ်နှစ်ပြည့် အခမ်းအနားကို တက်ရောက်လာကြသူတွေကလည်း တကယ့်ကို မနည်းမနော။ ကွင်းလုံးပြည့်လျှံလို့။ ပွဲကြည့်စင်မြင့်ရဲ့ အရှေ့ဆုံးမှာတော့ Save The Aged ရဲ့ ရာသက်ပန် အစောင့်ရှောက်ခံ ဘိုးဘွား(၁၉) ဦးက နေရာယူလို့။ အဘိုးအဘွားများကလည်း မြန်မာ့ရိုးရာဝတ်စုံဆင်မြန်းထားပြီး သူတို့ရဲ့ ပီတိအပြုံး မျက်နှာများက မိုးကောင်းကင်က ကြယ်ပွင့်များနဲ့ဆတူ လင်းလက်တောက်ပလို့။ ဧည့်သည်တော်များအတွက် သတ်မှတ်ထားတဲ့နေရာမှာတော့ ၊ မမကြီးဒေါ်အေးမြင့်ကြည် (Selta -လုမဏီ စာသင်ကျောင်းမိသားစု)၊ ဒူဘိုင်းမှ ဦးအေးဝင်းကို ( ကန္တာရ၀သ၁ မိသားစု)၊ ပဒုမ္မာကိုအောင်မျိုးမင်းတို့ မိသားစုနှင့်အတူ Save The Aged ကို အမြဲမပြတ်လှူဒါန်း နေသော ပြည်တွင်း+ပြည်ပမှ သဒ္ဓါဖြူစင် စေတနာ့အလှူရှင်များ၊ ဖိတ်ကြားထားတဲ့ ပြည်တွင်း+ပြည်ပမှ အခြားသော ပရဟိတအဖွဲ့များ၊ နောက်.. ရရာလေယာဉ်နဲ့ အမှီရောက်လာကြတဲ့ ပြည်ပမှ အဖွဲ့ဝင် ဘလော့ဂ်ဂါများဖြစ်တဲ့ ချော (အစိမ်းရောင်လွင်ပြင်) ၊ စင်္ကာပူမှ မချစ်ကြည်အေး၊ ဘန်ကောက်မှ သဒ္ဓါလှိုင်း ၊ ဒူဘိုင်းမှ နှင်းနဲ့မာယာ၊ စကာင်္ပူမှ အဖွဲ့ဝင် ကိုဖြိုးနဲ့ ကိုရဲထွဋ်အောင်၊ STAကို ကဗျာရေးသားချီးမြှင့်ဘူးတဲ့ ဆရာငြိမ်းစိုးဦး တို့ကလည်း ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့အတူ နေရာယူထားကြပါတယ်။ Save The Aged ရဲ့ အဖွဲ့ဝင်များကလည်း ပွဲခင်းထဲမှာ တူညီ မြန်မာ့ရိုးရာ ၀တ်စုံများနဲ့ ပွဲခင်းအနှံ့ ပျားပန်းခတ်မျှ လူးလာသွား လာလို့။

ဧည့်ခံကြိုဆိုရေးတာဝန်ယူထားရတဲ့ ဗေဒါဇော်၊ ဇင်အိ၊ မချောကေလင်း၊ မမလှလှနဲ့ မနောဖြူလေးတို့ကလည်း တက်ရောက်လာကြသော ဧည့်သည်တော်များအား လစ်ဟာမှု မရှိရလေအောင် ပျူငှာဖော်ရွေစွာဖြင့် အပြုံးပန်းများ ဆင်မြန်းကာ ကြိုဆိုလို့။ ဖြူဖြူ၊ မျိုး၊ မေသဲ၊ ၀င်းလဲ့၊ သားလေး၊ သားပြည့်၊ ရကောက်၊ အပ်ချည်ကြိုးနဲ့ နွယ်ပင်တို့ကလည်း လူငယ်လေးများပီပီ ပေါ့ပါးသွက်လက်စွာနဲ့ ရွှေပွဲလာဧည့်သည်များကို ထိုင်ခုံအရောက် နေရာချပေးလို့။

Save The Aged ရဲ့(၁)နှစ်ပြည့် အခန်းအနားအမှီ အလုပ်တွေပစ်လို့ ရန်ကုန်ကို ရရာလေယာဉ်နဲ့ အချိန်မှီ အပြေးအလွှား ရောက်လာကြရှာတဲ့ ပြည်ပအဖွဲ့ဝင်များဖြစ်ကြတဲ့ မလေးရှားက ဖြိုးသီရိ၊ စကာင်္ပူက ချစ်သူမောင်၊ ခင်ငြိမ်းချမ်းကို၊ ဂျပန်မှ မိုးမခနဲ့ ဗေဒါရောင်၊ ကမ္ဘောဒီးယားမှ မနန်းဟွမ်တို့ကလည်း ပင်ကိုအလှမှာ ပရဟိတပီတိများ ထပ်ဆင့် လွှမ်းခြုံထားတာမို့ အလှတွေ တိုးချင်တိုင်းတိုးနေပြီး သူတို့အနားမှာလည်း ရွှေပွဲလာတို့က တိုးမပေါက်ပါဘူး။ သူတို့ကလည်း တစ်တပ်တစ်အားနဲ့ ပွဲခင်းအ၀င်အ၀က Save The Aged (၁)နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းဆိုင်မှာ အဖွဲ့ရဲ့ တစ်နှစ်ပြည့် အမှတ်တရ စာစောင်၊ ရင်ထိုး၊ အလှူမှတ်တမ်း VCDများ၊ ပြက္ခဒိန်များ၊ အဖွဲ့လိုဂိုပါ တီရှပ်များ၊ သော့ချိတ်များ ကူညီပါဝင်လို့ ရောင်းချပေးနေပါတာမို့ စိတ်ဝင်စားသူတိုင်းက ၀ယ်ယူအားပေးနေကြတာဖြင့် ရောင်းလို့ပင် လက်မလည် အောင်ရှိနေပါတော့တယ်။

စာရင်းအဖွဲ့မှ သီတာ ဦးဆောင်တဲ့ အငြိမ့်စင်ရဲ့ ညာဖက်က Information Camp မဏ္ဍပ်လေးအောက်မှာတော့ မေဒေး၊ ရွှေရုပ်လွှာ၊ Ki Ki ၊ မသူဇာ (Preeti)၊ မသန္တာ (Black Rose)၊ ထွဋ် (9popcorn)၊ ငြိမ်းငြိမ်းထိုက် တို့က  ပွဲခင်းထဲမှာ သတင်းနဲ့ ပြန်ကြားရေး တာဝန်ကို ယူထားပြီး လက်ပ်တော့ပ် ကိုယ်စီဖွင့်လို့ ခက်ခဲတဲ့ ကွန်နက်ရှင် ကြားထဲက ချွေးတလုံးလုံးနဲ့  မန်ဘာအသစ်ဝင်လိုသဖြင့် ကြိတ်ကြိတ်တိုးနေသူများကို အွန်လိုင်းကနေ အဖွဲ့ဝင် ဖြစ်အောင်၊ အမာခံမန်ဘာဖြစ်အောင် ချက်ချင်းဆောင်ရွက်ပေးနေပါတယ်။

သူတို့အဖွဲ့ရဲ့ နဘေးမှာတော့ အဖွဲ့ရဲ့ သာလိကာမလေးများ ဖြစ်ကြတဲ့ ကောင်မလေး၊ ယုန်လေး၊ မေဇွန်၊ မေဂျွန်၊ စုသီ၊ သံသာနဲ့ ခရေတို့ကတော့ အဖွဲ့ရဲ့ အကြောင်းသိလိုလို့ မေးမြန်းလာသည်များကို ချက်နဲ့ လက်နဲ့ မမောမပမ်းနိုင် အသံတစာစာနဲ့ ဖြေကြားပေး နေပါတယ်။

အနက်ရောင်၊ ဝေယံမင်း၊ ဝေဖြိုးဘော်၊ ရဲထွဋ်၊ ဟိန်းထက်၊ ဟန်လင်းထွန်းတို့နဲ့အတူ ဒူဘိုင်းအဖွဲ့က ကိုမိုးဇော်လွင်နဲ့ ကိုကျော်သာယာတို့က အားဖြည့်ကာ တာဝန်လက်ပတ် အနီကြီးတွေပတ်လို့ ပွဲခင်းထဲမှာ အထစ်အငေါ့ မရှိရလေအောင် လုံခြုံရေးနဲ့ စည်းကမ်းထိမ်းသိမ်းရေး တာဝန်ယူပေးနေတာကို တွေ့ရသလို အဖွဲ့ရဲ့ ဗလတောင့်တင်းတဲ့ အဖွဲ့ဝင်များဖြစ်ကြတဲ့ ဇော်ဆီဆေ့ခ်ျ၊ သက်ဝင်း၊ သူရိန်ဆက်ပိုင်နဲ့ မလေးရှားအဖွဲ့မှ တာဝန်ခံ ရဲနိုင်ဝင်း၊ အရူးလေး၊ စကာင်္ပူမှ ဖိုးသောကြာ၊ ကိုရီးယားမှ စောဝဏ္ဏစိုးတို့ကတော့ ပွဲကြည့်စင် နောက်ဖက်က STA အဖွဲ့ရဲ့ နာမည်ကြီး အလှပဂေး အငြိမ့်မင်းသမီးများထံ ကြိတ်ကြိတ်တိုးမပေါက် အော်တို ရေးခိုင်းနေတဲ့ ပရိသတ်ကြီးကို စံနစ်တကျရှိစေဖို့ အံကြိတ်လို့တဖုံ၊ မျက်လုံးပြုးလို့တစ်မျိုး၊ ချော့တစ်ခါ ခြောက်တလှည့်၊ နဖူးကချွေး ခြေမသို့ ဒီးဒီးကျအောင် မျက်လုံးဒေါက်ထောက် ကြည့်လို့ ဗလအားကိုးနဲ့ အကာကွယ်ပေးနေရတာကို တွေ့ရပါတယ်။

ပြင်ပစာနယ်ဇင်း၊ ဂျာနယ်များမှလည်း ပွဲခင်းရဲ့ ရှေ့ဆုံးတန်းက အစောင့်ရှောက်ခံ အဘိုးအဘွားများသာမက အဖွဲ့တာဝန်ခံများ၊ အဖွဲ့ဝင်များနဲ့ ဧည့်ပရိသတ်များပါမကျန် အင်တာဗျူးနေတာကို တွေ့ရပါတယ်။ ဦးဥက္ကာအောင်၊ ကိုနေမျိုး၊ ဝေမျိုးဦး၊ ရုရှအဖွဲ့တာဝန်ခံ တေဇာကျော်ညွန့်နဲ့ ဧပိုင်တို့ ဦးဆောင်တဲ့ သတင်း၊ ရုပ်သံ/ကင်မရာအဖွဲ့ရဲ့ မီးရောင်တဖျတ်ဖျတ်ကလည်း ပွဲခင်းအနှံ့လင်းလက်ကာ မှတ်တမ်းတင် လျှက်ရှိပါ တယ်။ ရုပ်မြင်အသံလွှင့် လိုင်းတစ်လိုင်းမှလည်း မြန်မာတပြည်လုံး သာမက ကမ္ဘာ့နိုင်ငံများကပါ ဖမ်းယူ ကြည့်ရှုနိုင်အောင် Live Show ရိုက်ကူးနေကာ ထုတ်လွှင့် ပြသပေးနေတာမို့ ဒီအခမ်းအနားကို မတက်ရောက်နိုင်တဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့ဝင်များမှ အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့် အားပေးနိုင်ကြမှာ ဖြစ်ပါတယ်။

မကြာမီအချိန်အတွင်းမှာပဲ အခမ်းအနားမှူးဖြစ်တဲ့ ဒေါက်တာသော်ဇင်က ပီသချိုမြသော အသံနဲ့ ရွှေပွဲလာ ဧည့်ပရိသတ်များကို နေရာယူဖို့ပြောကြားပြီး အစီအစဉ်များကို စတင်ပါတော့တယ်။

အစီအစဉ်(၁)အရ ကိုဗေဒါဇော်က ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များကို ကျေးဇူးစကား ပြောကြားပြီး Save The Aged အဖွဲ့ကြီး စတင်ဖြစ်တည်လာပုံကို သူ့ရဲ့စတိုင်အတိုင်း မသိုင်းမ၀ိုင်းတော့ပဲ လိုရင်းပြောကာ Save The Aged နဲ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါတယ်။

အစီအစဉ်(၂)အရ ဒေါက်တာနတ်ဆိုးမှ အဖွဲ့ရဲ့ ရည်ရွယ်ချက်နဲ့ တစ်နှစ်တာအတွင်း ဆောင်ရွက်မှုများကို ပရိုဂျက်တာအသုံးပြုကာ ထုံးစံအတိုင်း ဝေေ၀ဆာဆာ သုံးသပ်တင်ပြသွားပြန်ပါတယ်။

အစီအစဉ်(၃)အရ ဇင်အိအိဝင်းက အဖွဲ့ရဲ့ ဖွဲ့စည်းပုံနဲ့တကွ ရှေ့လုပ်ငန်းစဉ်များကို အချက်အလက်နဲ့တကွ သွက်သွက်လက်လက် ရှင်းလင်းပြောကြားပါတယ်။

အစီအစဉ်(၄)အရ အဖွဲ့မှ အဖွဲ့ရဲ့ စံပြအဖွဲ့ဝင်များအဖြစ်ရွေးချယ်ခံထားရသူများနှင့် (၁)နှစ်ပြည့် ဖိတ်ခေါ် စာမူပြိုင်ပွဲမှာ ဆုရရှိသူများကို ကြေညာကာ အဖွဲ့ရဲ့အစောင့်ရှောက်ခံ အဖိုးအဖွား (၁၈) ဦးမှ ဆုရ အဖွဲ့ဝင် များကို အလှည့်ကျ ဂုဏ်ပြုဆုချီးမြှင့်ပါတယ်။

အစီအစဉ်တစ်ခုပြီးလေတိုင်း အားပေးကြတဲ့ လက်ခုပ်သံတဖြောင်းဖြောင်းက ပွဲခင်းထဲမှာ ညံညံစီလို့ နေပါတော့တယ်။ အဲ့ဒီနောက် အများမျှော်လင့်တောင့်တနေကြတဲ့ အဖွဲ့ဝင်များရဲ့ ဖျော်ဖြေရေး အစီအစဉ် စတင်ပါတော့တယ် ။

~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~~


ဖျော်ဖြေရေးအစီအစဉ်စပြီ..

ပထမဦးဆုံး လိဒ်ဂစ်တာ ကိုသူရ၊ ရစ်သမ် ၀ဏ္ဏ ၊ ဘေ့စ် – ကိုဇောင်း၊ ဒရမ် နိုင်စစ်သွေး၊ ကီးဘုတ် နေရောင်၊ ဟာမိုနီ – ဇလပ်၊ ရွှေရုပ်လွှာ၊ သိဂီ င်္၊ မယ်တင်၊ နွယ်ပင်၊ သက်တန့်တို့ပါဝင်တဲ့ STA အဖွဲ့ရဲ့ “ အလင်းသစ် ” ခေတ်ပေါ်တေးဂီတ ၀ိုင်းကနေ လက်စွမ်းပြတီးခတ်ပါတော့တယ်။ ပြီးနောက် ကိုသူရမှ သူကိုယ်တိုင် ရေးဆိုထားပြီး အဖွဲ့ကိုယ်စားပြု သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ Save The Aged ” သီချင်းကို သီဆိုပါတော့တယ်။

(……ပျိုမြစ်နုနယ်ခြင်းရဲ့အဆုံး… မလွဲမသွေကြုံရမှာ… ….အိုမင်းခြင်းကို ရင်ဆိုင်ပါ… လောကဓံတရားနဲ့…. ….မိုးခါးရေခြင်းအတူတူ… အများထက်ပိုလို့ ခါးသက်သူ…. ….ဘိုးဘွားများရယ်… ပင့်သက်မောလို့… အခါခါချနေတာ…)

{ Save The Aged… Save The Aged.. လူငယ်များရဲ့စေတနာ… လူ့ပတ်ဝန်းကျင် အလှတရား.. တို့စွမ်းအားနဲ့ အလှဆင်မှာ ..}

ပွဲခင်းထဲမှာရှိနေတဲ့ အဖွဲ့ဝင်များအားလုံးရဲ့ အားမာန်နှင့် တူညီလိုက်ပါ သီဆိုသံတွေ မိုးကောင်းကင်က ကြယ်ပွင့်လေးတွေတောင် လန့်ဖြန့်ကုန်ပါတော့တယ်။ လမင်းကြီးကတော့ ၀မ်းသာအားရစွာ အစွမ်းကုန် သာလို့။

(…ကိုယ်စားမိဘရှာလို့ရယ်.. Save The Aged လေးဖွဲ့ခဲ့တယ်..….အိုမင်းခြင်းကို စာနာပါ… ကိုယ်ချင်းစာတရားနဲ့…ကွန်းခိုရမယ့် ကူညီသူ.. ၀ိုးတ၀ါးမျှော်လင့် တောင့်တသူ… ..ဘိုးဘွားတို့ရဲ့ အခက်အခဲ… ၀ိုင်းဝန်းကူညီမယ်…)

စည်းချက်ညီညီ လက်ခုပ်တီးလို့ ပွဲခင်းတစ်ခုလုံးမှ (၂၀၀၀) ကျော်သော အဖွဲ့ဝင်များရဲ့ တစ်ခဲနက်ပြိုင်တူ လိုက်ဆိုသံတွေကြောင့် အဖွဲ့ဝင်တိုင်းရဲ့ ခန္ဓာကိုယ်ထဲက ညီတူသော ပရဟိတသွေးများဟာ သီချင်းကို လိုက်ပါသီဆိုနေရင်းက ပွက်ပွက်ဆူလို့ လာခဲ့ပါပြီ။

{ Save The Aged… Save The Aged.. လူငယ်များရဲ့စေတနာ… လူ့ပတ်ဝန်းကျင် အလှတရား.. တို့စွမ်းအားနဲ့ အလှဆင်မှာ ..}

သူတို့ ဒီအပိုဒ်ကို အကြိမ်ပေါင်းများစွာ ရင်ခုန်သံများနဲ့အတူ ဟစ်ကြွေးသီဆိုခဲ့ကြပါတယ်။ အဆုံးသတ်မှာတော့ လက်ခုပ်တီးတဲ့ သူတို့ရဲ့ လက်ဖ၀ါးလေးများ သွေးခြေဥ ကျန်နေခဲ့ ရပါတယ်။

ဒုတိယ ဖျော်ဖြေတင်ဆက်မှုအစီအစဉ်ကတော့ ကဗျာရွတ်ဆိုပွဲလေးပါ။ အဖွဲ့မှာ ကဗျာများကို ပီပီပြင်ပြင် ထိထိမိမိ ရေးတတ်တဲ့ ပျိုးခတ်တိမ်က STAအဖွဲ့ဝင်များရဲ့ ရင်ထဲက ခံယူချက်များကို ဖော်ညွှန်းထားတဲ့ သူ့ရဲ့ နာမည်ကျော် “ ငါတို့ရဲ့မနက်ဖြန် ” ကဗျာလေးကို ဌာန်နဲ့မာန်နဲ့ ပီသကြည်မြစွာ ရွတ်ဆိုသွားပါတယ်။ ရွာစားကျော် “ ကိုရီး ” ရဲ့ မြန်မာ့တီးဝိုင်းက လက်ပေါက်စိတ်တဲ့ တီးလုံးဆန်းများ တီထွင်လို့ ကဗျာရွတ်ဆိုမှုရဲ့ အပိုဒ်တိုင်းမှာ ကူညီပံ့ပိုးလိုက်တာဖြင့် ထူးထူးခြားခြား လုပ်တတ်တဲ့ ပျိုးခတ်တိမ်ရဲ့ ကဗျာနဲ့ မြန်မာ့ဆိုင်းဝိုင်း ထူးခြားတဲ့တွဲဖက်မှုပါဘဲ။ ထူးခြားတဲ့ တင်ဆက်မှု အတွက် လက်ခုပ်သံများကလည်း အသောမသတ် နိုင်အောင်ပါဘဲ။

“ ငါတို့ရဲ့မနက်ဖြန် “

တိမ်ညိုတွေလည်းမတောက်ဘူး…

ကဝေအိုတွေလည်း မကြောက်ဘူး…
လူငယ်တစ်စုရဲ့
ဆန္ဒပြင်းအားနဲ့ အရာအားလုံးကိုလင်းပြမယ်…..

သံလိုက်အိမ်မြောင်မလိုဘူး…
ဓူဝံကြယ်မလိုဘူး…
ကိုလံဘတ်စ်ရဲ့ သွေးတောင်မလိုဘူး…..

နှလုံးသားက ပဲ့ကိုင်…
အိပ်မက်တွေက ရွက်တိုင်…
လောင်စာဆီကတော့ ငါတို့ကိုယ်တိုင်ပေါ့…..

လင်္ကာတွေလည်း ရွာလိုကရွာ…
နက္ခတ်တွေလည်း ကြွေလိုကကြွေပေါ့…
ငါတို့ကတော့ တစ်ပွင့်တည်းနဲ့တောင် ဝေနေကြဦးမှာ…

ငါတို့တွေရဲ့ ချွေးစက် ဖိုးဖွားတို့အတွက်ဖြစ်တယ်…
ငါတို့တွေရဲ့ နွေးတဲ့လက် လိုအပ်နေသူတွေအတွက်ကမ်းမယ်…
ငါတို့တွေရဲ့ သမိုင်းသစ် Save The Aged နဲ့ တွင်ရစ်မယ်…

ကြွားဝါပြီး ဂုဏ်ယူနေစရာတော့ မဟုတ်ဘူးပေါ့…
ဒါပေမယ့် ငါတို့အားလုံးရဲ့မနက်ဖြန်ဟာ
ဘယ်…တော့…မှ… နေမ၀င်တော့ဘူး…..။

(ပရိသတ်များရဲ့လက်ခုပ်သံများ)

အဲ့ဒီနောက် အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာ ကသစ်နီ(မင်းလူန)ကလည်း အဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုတဲ့ “ပေးကိုပေးလိုက်သူများဆီသို့ ” အမည်ရှိ ကဗျာကို အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဆရာ ရာမရဲ့ တယောလက်သံ နဲ့အတူ ဆွေးဆွေးမြေ့မြေ့နဲ့ ရွတ်ဖတ်သွားပြန်တော့ ပရိသတ်ရဲ့ နားထဲ ချိုအီစိမ့်ကာ တစ်မျိုးအရသာထူး နေရပြန်ပါတယ်။

“ပေးကိုပေးလိုက်သူများဆီသို့ ”

နှလုံးသားပန်းငယ်တို့ …

အမှန်တစ်ကယ်ဖူးပွင့်ခဲ့ပြီ။                                                                                                                                                                                                                                             ဒီနေရာမှာ…
အကြင်နာတရားသည်

ဖြူစင်သောမေတ္တာတရားနှင့် 

မျဉ်းပြိုင်လျှောက်လှမ်းဆဲ
ပေးဆပ်ဖို့ကို ပေးလိုက်တာ
ဘာမှ မမျော်လင့်ခဲ့ဘူး ။
ဒါပဲလေ…
ငါသိတဲ့ ပရဟိတရဲ့

ဖြာထွက်ခြင်းတွေ
ရောင်စဉ်တွေ

စည်းချက်မှန်တိုက်စားသော

နရီသည် အိုမင်းခြင်းကို
ငါတို့ ထံသယ်ဆောင်လာအံ့ ။

ဒီစကားက…                                                                                                                                                                                                                                             ရင်ထဲကထွက်ကျလာသောအခါ                         ဒီနေရာဟာ                                                                                                                                                                                                                                                               အင်မတန်ခမ်းနားသော                                                                                                                                                                                                                                                      မွန်မြတ်သူတို့ နေထိုင်သည်ကို
သံသယမဖြစ်မိတော့ချေ။

ခမ်းနားမှု့ကို

ပြင်ဆင်သောအရာထက်                                                                                                                                                                                                                               ထည်ဝါနေတတ်ခြင်းတွေ                                                                                                                                                                                                                                                ဒီနေရာမှာ

စုစည်းနေခြင်းကိုက

တောက်ပသောအဖြူရောင်များနှင့်                                                                                                                                                                                           ဘောင်ကွပ်ထားသောစေတသိတ်တို့ 
ကွန်းခိုနေလေတော့သည်။

ပရိသတ်တို့ရဲ့စိတ်ထဲ ကဗျာစကားလုံးများရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ပီတိတွေ တဝေေ၀ဖြစ်ရ တာမို့   လက်ခုပ်သံများ ထပ်မံချီးမြှင့်ကြပြန်ပါတယ်။

အဲ့ဒီနောက် အဖွဲ့ဝင် “ ဇလပ်ဖြူ ” ရဲ့ အလှူနေရာတိုင်းမှာ မျက်ရည်တွေချူယူနေကြဖြစ်တဲ့၊ အမြဲတမ်း ပွဲတောင်းခံ ရတဲ့ ကိုယ်တိုင်ရေး/ဆို သီချင်းတစ်ပုဒ်ဖြစ်တဲ့ အပြစ်မဲ့အပယ်ခံသီချင်း ပထမအပိုဒ်ကို သီဆိုနေချိန်မှာတော့ အငြိမ့်စင်တစ်ခုလုံး မီးကို မှိန်မှိန်လေး အမှောင်ချထားလိုက်ပါတယ်။ “ ဇလပ်ဖြူ ”ရဲ့ စူးရှထိမိတဲ့ ဂရုဏာသံ ထွက်ပေါ်လာချိန် မှာတော့  ပွဲခင်းတစ်ခုလုံး မီးကို ရေနဲ့ငြိမ်းပက်လိုက်သလို တိတ်ဆိတ်သွားပါတော့တယ်။

(… ငိုသံတွေနဲ့ ပြည့်နှက်နေ… ခိုလှုံရာမဲ့ သူတို့ဘ၀တွေ…စာနာလက်ကလေး ကမ်းဖို့ကို ….နှလုံးသားတို့က မာကြောလို့နေတယ်…. ဟန်ဆောင်ကင်းတဲ့ ချစ်မေတ္တာတွေ…. တောင့်တနေတဲ့ အပြစ်မရှိ နှလုံးသားငယ်တွေ… ဒီကမ္ဘာမြေကြီးလှပအောင်… တွဲလက်တွေ..ခိုင်ခိုင်မြဲ….)

ကောရက်စ်အပိုဒ် မ၀င်ခင်လေးမှာပဲ ကန်လန့်ကာနောက်ကွယ်မှ အဖွဲ့ဝင်ညီမငယ် ချောချောလေးများဖြစ်ကြတဲ့ “သေမင်း (၆)ယောက် ” က ဆီမီးထွန်းညှိထားတဲ့ ဖယောင်းတိုင်ငယ်ကိုယ်စီ ကိုင်ဆောင်ထွက်လာပြီး စင်မြင့်ရဲ့ အလယ် ဂစ်တာတီး သီချင်းသီဆိုနေတဲ့ “ ဇလပ်ဖြူ ” ရဲ့ ဘေးပတ်လည်မှာ ၀ိုင်းရံထားလိုက်ပါတော့တယ်။

{…ကြည့်..ကြည့်..ကြည့်လိုက်ပါ.. သနားဖို့ကောင်းတဲ့ သူတို့ဘ၀တွေ… ကူညီမယ့်သူ ရှားပါးလို့နေတယ်.. အကြောင်းမလှခဲ့တဲ့ သူတို့ဘ၀မှာ… ကံကြမ္မာကိုပဲ အပြစ်တင်မလား.. စာနာစွာနဲ့ ဖေးကူမလား… အကြင်နာ လက်ကမ်း….တို့ပါဝင်စို့လေ….}

“ ကိုသူရ ” ရဲ့ ခေတ်ပေါ်တီးဝိုင်းကလည်း သီချင်းကို ပိုမိုရုပ်လုံးကြွလာအောင် ပံ့ပိုးပေးနေပါတယ်။  “ ၀ဏ္ဏ ” ကလည်း မုဒ်အပြည့်နဲ့ သူ့ရဲ့ဆံပင်ရှည်ကြီးကို ယမ်းခါလို့။ “ ဇောင်း ” “ သူရ” နဲ့ “ နေရောင် ” တို့ကလည်း သူတို့ရဲ့ ဂီတသံစဉ်တွေကြားမှာ စီးမျောလို့ အသားတကျ ပေါင်းစည်းနေမိကြပြီ။ “ နိုင်စစ်သွေး ” ကလည်း သူ့နဲ့ ဒရမ်ရိုက်ချက်တွေကြားမှာ စိတ်ကိုနှစ်လို့။ နောက်တစ်ကြော့ ပြန်အဆိုမှာတော့ သီဆိုသူ “ ဇလပ်ြဖူ ” သာမက၊ ပါဖောင်းမန့်စ်လုပ်ပေးတဲ့ “ သေမင်း(၆) ယောက် ” အပါအ၀င် ပွဲလာကြည့်နေကြတဲ့ အဖွဲ့ရဲ့ ကိုယ်စားမိဘ အဖိုးအဖွားများနဲ့ ပရိသတ်တော်တော်များများဟာ မျက်ရည်လည်နေကြရပါပြီ။ သီချင်းအဆုံး မှာတော့ နောက်တစ်ခေါက်… နောက်တစ်ခေါက် လို့ဆိုပြီး လက်ခုပ်သံတွေနဲ့အတူ တောင်းဆိုနေတဲ့ ပရိသတ်ကြီးကို ဦးညွတ်တောင်းပန်လို့ “ ဇလပ်ဖြူ ” တစ်ယောက် သေမင်း(၆)ယောက် ၀ိုင်းရံကာ ကန့်လန့်ကာ နောက်ကွယ်သို့ ပီတိမျက်ရည်စများသုတ်လျှက် ပြန်ဝင်သွားခဲ့ပါတယ်။

အဲ့ဒီနောက် ကတ္တီပါကန့်လန့်ကာ တအိအိကျလာပြီး ရွာစား “ ကိုရီး ” ၊ ကြေးမောင်း “ထွန်းထွန်း ”၊ ၀ါးလက်ခုပ် “ စိမ်းလန်း ”၊ နှဲ “ မိုးစွတ်နေ” ၊ ပတ်မကြီး “ လင်းခိုင် ” ၊ ပတ္တလား “ သွေးစက်မင်း” တို့ပါဝင်တဲ့ STA ရဲ့ “ မြန်မာ့လက်သံ ” ဆိုင်းဝိုင်းက လက်စွမ်းပြပါလေတော့တယ်။

(အပိုင်း-၂ အငြိမ့်အစီအစဉ်ကို စောင့်မျှော်အားပေးကြပါဦး)

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in Save The Aged. Bookmark the permalink.

2 Responses to STA တစ်နှစ်ပြည့်နှင့်အိပ်မက်အငြိမ့် (၁)

  1. အပိုင်း၁ ကနေ စဖတ်ပြီ အစ်မမြသွေးရေ…။

  2. ကြည်နူးစရာလေးပါ အစ်မရေ ..
    လေးစား အားကျမိပါတယ်

Comments are closed.