ရွာစားကျော် “ ကိုရီး ” ရဲ့လက်သံပြောင်ပြောင် အဖွင့်တီးလုံး စီးစီးပိုင်ပိုင်နဲ့အတူ ကတ္တီပါကားလိပ် အပေါ်သို့ တရွေ့ရွေ့တက်အသွားမှာတော့ အများမျှော်လင့်တောင့်တနေတဲ့ ဇာတ်ဆရာ“ဗေဒါဇော်” စီစဉ်တဲ့ STAရဲ့ အငြိမ့် အစီအစဉ် စတင်ပါလေတော့တယ်။ အငြိမ့်စင်ရဲ့ ၀ဲယာနှစ်ဘက်ကနေ တောင်ရှည်၊ ခေါင်းပေါင်း၊ လက်ထဲမှာလည်း စက္ကူလိပ်ကိုယ်စီနဲ့ Save The Aged အဖွဲ့ရဲ့ လူရွှင်တော်များ တစ်ဖက်နှစ်ယောက်စီ ထွက်ပြီး ခွန်းတောက်နဲ့ အစပြု နှုတ်ခွန်းဆက်ပါတယ်။ ပွဲကြည့်ပရိသတ်ထဲမှ အဖွဲ့ဝင်များက သူတို့ လေးယောက်ရဲ့ ဟာသ၊ ဇ၀နဥာဏ်ရွှင်တာကို အကြောင်းသိ ဖြစ်နေပြီးသားမို့ ပျြက်လုံးမထုတ်ခင်ထဲက လူကိုတွေ့ယုံနှင့် ရယ်မောကာ လက်ခုပ်လက်ဝါးတီး အားပေးကြပါတော့တယ်။
ကျီးကန်း >> တိုင်းးးးးးးးး မြန်ပြည်တစ်ခွင်….သာယာလှစေဖို့…
တို့လူငယ်တွေ… စုကာပေါင်းလို့ရယ်…
ဟောဒီက ကျီးကန်းတို့ လူငယ်တွေ….ဟေ…. စုကာ ပေါင်းစည်းလို့ရယ်…
အဖိုးးးးးတွေ……. အဖွားးးးးးးးတွေ….အတွက်….
ပရဟိတစိတ်နဲ့ ခွန်အားသစ်တွေ….
လောင်းးးးးးးး……လောင်းးးးးးးးးးးး …။
ဖိုးသောကြာ >> ကောင်းလှချည်လား ကိုကျီးကန်းရေ..။ မင်္ဂလာရှိလိုက်တာဗျာ။ ခင်ဗျားဒီလို ခွန်းတောက်ဆို လေတော့ ကျွန်တော်စိတ်ထဲလည်း မရိုးမရွနဲ့ ဆိုချင်လာမိတယ်ဗျ..။
သားမောင် >> ဒါဆို.. ဆိုစမ်းဗျာ ဖိုးသောကြာ..။ ခင်ဗျား ဘယ်လောက်တောင် ဆိုတတ်သလဲဆိုတာ နားထောင်ကြည့်ရအောင်။
ဖိုးသောကြာ >> အမယ်… မင်းက.. ငါ့ကို အထင်သေးတဲ့ သဘောလား။ ငါက ဆိုနေကြပါကွ။ အဖွဲ့အလှူခရီးတိုင်း လမ်းခရီးတလျှောက်လုံး ကားပေါ်မှာ င့ါအဆိုဘယ်လောက်ကောင်းတယ်ဆိုတာ အဖွဲ့ဝင်တိုင်း သိပါတယ်ကွ..။
နောင်ရိုး >> ဟုတ်တယ်ဗျာ..။ ကိုဖိုးသောကြာအဆိုကောင်းတာ ကျွန်တော့်ကိုယ်တွေ့မို့ လုံးဝယုံတယ် ။ မရမ်းချောင်အလှူတုန်းက ကားပေါ်မှာလေ ကိုဖိုးသောကြာသီချင်းလည်း ဆိုလည်းပြီးရော….
သားမောင် >> ဆိုလည်းပြီးရော… ဘာတွေဖြစ်ကြသလဲဟင်…ဟင်…?
နောင်ရိုး >> ဆိုလည်းပြီးရော.. အသစ်ပါလာတဲ့ အဖွဲ့ဝင် ကောင်မလေးတွေများ… ဘာပြောကောင်း လိမ့်မလဲ……
ကျီးကန်း >> ဘာလဲ… လက်ခုပ်တွေတီးပြီး နောက်တစ်ကြိမ်ဆိုဖို့ ပွဲတောင်းကြရောလား…?
နောင်ရိုး >> ဘယ်ကသာ… တစ်ကားလုံး ထိုးအန်လိုက်ကြတာများ တဝေါ့ဝေါ့နဲ့.. ဖွီ.. ပြောရင်းတောင် ရွံလာတယ်..။ ဒါတောင် နားထဲ ဂွမ်းဆို့ထားသူတွေမပါသေးဘူး..။
“ ဖုန်းးးးးးးးး ”
ကျီးကန်းက လက်ထဲက စက္ကူလိပ်နဲ့ နောင်ရိုးရဲ့ ကျောကို ခြေနှစ်ချောင်း စုံခုန်လျှက်က ဖုန်းကနဲနေအောင် ရိုက်ထဲ့လိုက်တယ်။ ပရိတ်သတ်က “၀ါး” ကနဲ ပွဲအကျ လင်းခိုင်က ပတ်မတုတ်လို့ အရယ်ကို ရပ်လိုက်လေ တယ်။ ဖိုးသောကြာက မျက်နှာငယ်လေးနဲ့..
ဖိုးသောကြာ >> သူတို့ ကားမူးပြီးအန်တာပါဟယ်..။ နင်တို့က ငါ့ဆိုရင် နှိပ်ကွက်ဖို့ပဲ ကြည့်နေတယ်။ ဟင့်…ခါထဲမှဘဲ…။ ကဲ.. ကဲ…ငါတကယ် ခွန်းတောက်ဆိုပြမယ်။ နားထောင်..။ အဟမ်းးးး
“ နှစ်ထောင့်တစ်ဆယ်…. ဇန်န၀ါရီ (၃) ရက်….မှာလ….
Save The Aged ကို တည်ထောင်ကာ…အစပြုခဲ့တယ်…
ယနေ့ဆိုလျှင်… (၁)နှစ်ပင်….ပြည့်ခဲ့ပြီ….သမို့…
ကျွန်တော်များ STAအဖွဲ့ရဲ့ အဖိုးအဖွားများကို…
ကျွန်တော်များအဖွဲ့ရဲ့ ကိုယ်စားမိဘများကို…..
ကြွရောက်လာကြတဲ့ ဧည့်ပရိသတ်များကို…..
အဲ…ကြွရောက်လာကြတဲ့ အလှူရှင်များကို….
အဲ.. ကြွရောက်လာကြတဲ့ မီဒီယာများကို….
အဲ…ကြွရောက်လာကြတဲ့ ပြည်တွင်း၊ ပြည်ပအဖွဲ့ဝင်များးးးးးးကို
ယနေ့လို နေ့ထူးနေ့မြတ်မှာ…STA အဖွဲ့ဝင်များရဲ့ကိုယ်စား….
ကျွန်တော်တို့ လူရွှင်တော်များက….
ဦးညွတ်ကာရယ်…. ကန်တော့ပန်း……..ပန်ဆင်ပါကြောင်းးးးးးးးးးးးးးးးးး ”
လူရွှင်တော်အားလုံး လက်အုပ်ချီမိုးလို့ ပရိသတ်ကို တစ်ညီတစ်ညာထဲ ဦးညွတ်ကန်တော့ပန်းဆင်ချိန်မှာတော့ ပရိသတ်များက သဘောကျစွာ လက်ခုပ်တီးအားပေးကြပြန်ပါတယ်။
ကျီးကန်း >> မင်္ဂလာရှိတဲ့ အချိန်ခါသမယ မဟုတ်ပါလား ကိုဖိုးသောကြာရေ..။
ဖိုးသောကြာ >> မှန်ပါတယ် ကိုကျီးကန်းရေ..။ ဒီနေ့ ဇန်န၀ါရီလ (၃) ရက်နေ့ဟာဖြင့် ကျွန်တော်တို့ “ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး နှင့် ထောက်ပံ့ရေးအသင်းကြီး – Save The Aged ” ရဲ့ (၁)နှစ်တင်းတင်း ပြည့်တဲ့နေ့ပါပဲဗျ။
နောင်ရိုး >> မှန်ပါ့ဗျာ..။ အခုလို မင်္ဂလာရက်မြတ်အခါမှာ Save The Aged ရဲ့ ပျော်တော်ဆက်များအနေနဲ့ အခုလို ပရိသတ်နဲ့ ထိတွေ့ဖြေဖျော်ခွင့်ရတာ ၀မ်းမြောက်လို့ မဆုံးပါဘူးဗျာ..။
သားမောင် >> အခုလို အဖွဲ့ဝင်တွေစုံစုံညီညီနဲ့ရှိနေချိန်မှာ တစ်ထောင့်တစ်နေရာက ကျွန်တော်တို့ ပျော်တော်ဆက်တွေ အားဖြည့်ပါဝင်ခွင့်ရတာ ဂုဏ်ယူဝမ်းမြောက်စရာပါပဲဗျာ..။ အမယ်… အမယ်… ဒါနဲ့ ပြောရဦးမယ်… ကိုကျီးကန်းကြီးကလေ တအအနဲ့ ပွဲမစခင်က ကျွန်တော့်ကိုကြွားနေတယ်..။ သူ့ကောင်မလေး တွေက သူအငြိမ့်ကတာကို လာကြည့်ကြမှာတဲ့။ တစ်ယောက်ထဲတောင် မဟုတ်ဘူးဗျ..။ ၃ယောက်တောင်တဲ့ …။ မယုံရင် ကိုကျီးကန်းတစ်ယောက် ပီတိတွေ ကြိတ်ဖြာနေတာ..သူ့မျက်နှာကို ကြည့်လိုက်။
ကျီးကန်းက မျက်နှာကို စပ်ဖြည်းဖြည်းနှင့် စင်အောက်သို့ ဟိုသည်ကြည့်လျှက်က….
ကျီးကန်း >> အ.. အ… အ…အ
ဖိုးသောကြာ >> အမယ် … ရုပ်ကိုက ကျီးလန့်စာစားနေတဲ့ရုပ်ကြီး။ စ..တာပါဗျာ။ ကိုကျီးကန်းက မထင်ရဘူး။ တယ်စွံပါလားဗျ..။ ကျွန်တော်ဖြင့် တကယ် အားကျတယ်ဗျာ..။
နောင်ရိုး >> ဟွန့်… နားရှိလို့သာ ကြားရတယ်..။ သူ့မှာ ကောင်မလေးတွေရှိတယ်ဆိုတာ “အင်တာနက် ကွန်နက်ရှင်တွေ ယနေ့မှစလို့ လာမယ့်နေ့တိုင်း….၂၄နာရီလုံး ဖလန်း ဖလန်းနဲ့ ကောင်းပါတော့မယ်ရှင် ” လို့ ကြေညာတာ ကြားလိုက်ရသလိုပဲ..။ တို့…… ယုံဘူးးးးးးးးးးး။
(ပရိသတ်ရဲ့ လက်ခုပ်သံများ..)
ကျီးကန်းက လက်ညှိုးကို ပါးစပ်က ကိုက်လို့…
ကျီးကန်း >> ဂယ်..လာ…ကြည့်…မှာ..တဲ့..။ ကျီးကန်းတို့ ဂယ်…. စွံ….နေ…တာ..။ မနာလို မဖြစ်ကြနဲ့..။
သားမောင် >> ဒါတော့ဟုတ်တယ်…။ သူ့ကောင်မလေးတွေက “ ကိုကိုကျီးရယ်… သူများတို့ လာကြည့်မှာမို့ သူများတို့ ထိုင်တဲ့နေရာကို ပျက်လုံးတွေပျက်ရင်း စင်ပေါ်က လှမ်းလှမ်းကြည့်နေရမယ်နော် ” တဲ့..။
မျက်လုံးကြီးပြူးလို့ စင်ပေါ်ကနေ စင်အောက်ကို ဟို.. သည်.. ဒရဇပ် ကြည့်နေဟန်ပြုနေတဲ့ ကျီးကန်းကို ကြည့်လို့ နောင်ရိုးက….
နောင်ရိုး >> ဒါကြောင့် ကိုကျီးကန်းတစ်ယောက် စင်ပေါ်ကနေ ကျီးကန်းတောင်းမှောက်ဖြစ်နေရှာတာကိုး။ ဘယ့်နှယ့်.. ခင်ဗျားကောင်မလေးတွေ ရှာတွေ့ပြီလား ကိုကျီးကန်း..။ ကျွန်တော်ကိုလည်း မိတ်ဆက်ပေးနော်..။
ကျီးကန်းက ခေါင်းကုတ်ပြီး လက်ညှိုးကို ပါးစပ်က ကိုက်လို့ မချိုမချင်မျက်နှာပေးနဲ့….
ကျီးကန်း >> ဟီး….ငါကလေပေါ့… သူတို့လေးတွေကိုပေါ့… အွန်လိုင်းမှာပဲပေါ့.. သိပြီးပေါ့… အပြင်မှာပေါ့ တစ်ခါမှ မမြင်ဖူးဘူးပေါ့….. ဟီး..။
နောင်ရိုးက စက္ကူလိပ်နဲ့ ကျီးကန်းရဲ့ကျောကို ဖုန်းကနဲ ရိုက်ရင်း…
“ ဖုန်းးးးးးးး ”
နောင်ရိုး >> သေဟဲ့……ကျီးစုတ်..။ နင့်ဟာက ပွဲပြီးတာတောင် ရှာတွေ့မယ့်ပုံမရှိဘူး..။ ငါက တကယ်မှတ်လို့ ..ဟွန့်…။
ဖိုးသောကြာ >> ငါ့လိုဆို မပြောဘူး။ ငါဆို အဲ့ဒီလို အပြင်မှာ မတွေ့ဘူးတဲ့ အွန်လိုင်းက ကောင်မလေးတွေ အယောက်၂၀လောက်ရှိတယ်။ ဒါတောင် ကွန်နက်ရှင်က မကောင်းလို့…. ဟီးးးးး..။
သားမောင်က “ ကြောင်ချက်က…လာလာချည်သေး ” လို့ဆိုပြီး ဖိုးသောကြာခေါင်းကို စက္ကူလိပ်နဲ့ “ ဖုန်း” ကနဲရိုက်ထည့်လိုက် တယ်။
ကျီးကန်း >> ကဲ…အပြောအသာလျှော့လို့ ပရိသတ်ကို Save The Aged ရဲ့ ရှေ့ထွက် မင်းသမီးအလန်းလေး တွေနဲ့ မိတ်ဆက်ပေးရအောင်လားဗျာ..။ ကိုဖိုးသောကြာရေ.. ခင်ဗျားက စခေါ်ဗျာ..။
ဖိုးသောကြာ >> ပဲပြုတ်သယ်… လာပါဦး..။
“ ဖုန်းးးးးးးးး ”
သားမောင်က စက္ကူလိပ်နဲ့ ဖိုးသောကြာကို တွယ်ထည့်လိုက်တယ်..။
သားမောင် >> မင်းသမီးခေါ်ပါဆိုမှ အရေးထဲ သူ့ကြီးတော် ပဲပြုပ်သည်ကို လှမ်းခေါ်နေတယ်။ ကျွန်တော် ခေါ်ပြမယ်။ လူရွှင်တော်လုပ်ပြီး မင်းသမီးမခေါ်တတ်ကြဘူး..။ ကဲ..နားထောင်..။
“ ထားခင်နှမ.. ခါးရင်လှပါလို့…
ထားခင်နှမ.. ခါးရင်လှပါလို့…
( ဆိုင်းအဖွဲ့က လင်းခိုင်ရဲ့ ပတ်မကြီးက “ ဂျိ ” ကနဲနဲ့ တီးချလိုက်တယ် )
ငါးပဉ္စတဲ့… ကောင်းခြင်း..”
ဖိုး+ကျီး+နောင် (သံပြိုင်) ။ ငါးပဉ္စတဲ့ ကောင်းခြင်း..။
သားမောင် >> “ ကဲ… အများဘ၀င်ကျအောင်… နှမတို့ရေ….
ဖားကင်ကာ…ကားစင်ကိုကြွ….”
“ ဖုန်းးးးးးးးး ” “ ဖုန်းးးးးးးးး ” “ ဖုန်းးးးးးးးး ”
ဖိုး+ကျီး+နောင်တို့ (၃)ယောက် ၀ိုင်းရိုက်တာ သားမောင်တစ်ယောက် ခေါင်းပင်မဖော်နိုင်လေတော့။
ကျီးကန်း >> အဟုတ်မှတ်လို့ နားထောင်နေတာ။ ကဲ … နောင်ရိုး… ဒီကောင်ခေါ်တာ မနိပ်ဘူး။ ဒီတစ်ခါတော့ မင်းခေါ်ကွာ… မင်းက ခေါ်တတ်တယ်..။
နောင်ရိုး >> အေး.. ဟုတ်ပြီ..။ ဒါဆိုငါခေါ်မယ်..။
“ အဆန်းတွင်… အယဉ်ဆင့်ပါလို့…
သြော်… အဆန်းတွင်… အယဉ်ဆင့်ပါသမို့…
အလန်းတွင်… ဘုရင်ဖြစ်ပါတဲ့…
သရဲလေးကောင်….ချော…….နှမ…. ပျို…………..ရေ..”
အငြိမ့်စင်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှ သရဲလေးကောင်အမည်ခံ စနိုး၊ နွေးနွေး၊ ဖြူစင်၊ မိုးညချမ်းတို့က နီ၊ ပြာ၊၀ါ၊ စိမ်း လေးရောင် တစ်ရောင်စီချယ်လို့၊ ထိုင်မသိမ်းနဲ့ ခောတ်ပေါ်ဆံမြိတ်လှလှလေးများ ချလို့ သီချင်းသီဆိုရင်း မီးရောင်အောက်ကို ခုန်ဆွခုန်ဆွ ကလျှက်နဲ့ သီချင်းသီဆိုကာ ၀င်လာကြပါတယ်။
မင်္ဂလာရှိတဲ့ ဒီညချမ်းမှာ ….. ချစ်စရာ ညီအစ်မလေးဖော်………. သရဲလေးကောင်းတို့က ……. ကပြဖြေဖျော်……………. ဘိုးဘွားတွေလဲပျော်….. အသင်းသားတွေလဲပျော်……… စိတ်ချမ်းမြေ့ရစေမနော် …. လှလှပပ ညီညီညာညာ………. တူယှဉ်ကာ ကာမဲ့ အငြိမ့်ပွဲနော်…..
STA အဖွဲ့ကြီးရဲ့ …. အားကိုးရတဲ့ အမာခံပါနော်… သရဲလေးကောင်လို့ခေါ်…….. ကလို့ခုန်လို့ပျော်…….. တစ်နှစ်ပြည့်ဒီပွဲတော်…. အားလုံးတို့နွဲပျော်……………. ညီညွှတ်ကြစေနော်……………. မြူးမြူးကြွကြွ တီတီတာတာ…………. ပါဝင်ကာ ကတဲ့ … တို့လေးဖော်.
STA အသင်းကြီး….. ရှေ့ခရီးသို့ ချီတက်မလေ…ရေရှည်ခိုင်မြဲ.. တည်တံ့နိုင်ရန်လေ.. တို့အတူလက်တွဲလို့.. ညီညွှတ်ကြစို့လေ.. သာတူညီမျှ မခွဲခြားဘဲ…. တစ်သားတည်းစိတ်နဲ့လေ.. အများအကျိုးထမ်းစို့လေ.. ငြိမ်းချမ်းဖို့အတွက် ရည်ရွယ်ကာလေ .. STA အသင်းကြီး လာပြီလေ…….
အနုမြူ နီယွန်မီးဆလိုက်ရောင်စုံက သရဲလေးကောင်ပေါ်မှာ လှပစွာ ယက်ဖြာကျနေလေတယ်။ ရွာစားကိုရီးနဲ့ အဖွဲ့ရဲ့ မြိုင်ဆိုင်တဲ့ ဆိုင်းလက်သံနဲ့အတူ ကွေးနေအောင် ကနေတဲ့ သရဲ(၄)ကောင်အဖွဲ့ရဲ့ အကအဆုံး မှာတော့ ပရိသတ်က သောင်းသောင်းဖျဖျနဲ့ လက်ခုပ်တီး အားပေးကြပြန်ပါတယ်။သရဲလေးကောင် ကန့်လန့်ကာနောက် ခဏပြန်ဝင်အသွားမှာတော့ လူရွှင်တော်များက တစ်စခန်းထကြပြန်ပါတယ်။
နောင်ရိုး >> ကဲ.. STAရဲ့ သရဲမလေးတွေ ဆို..က..သွားတာတွေ့တော့ ကျွန်တော်တို့(၄)ယောက်လည်း သီချင်းဆိုချင်စိတ်တွေ ဖြစ်မလာဘူးလား..။
ဖိုးသောကြာ >> ဟုတ်ပဗျာ။ ဒါဆို ကျွန်တော်တို့လည်း ကြုံတောင့်ကြုံခဲ ဒီလိုညမျိုးမှာ ကျွန်တော်တို့ရဲ့ ရင်တွင်းဖြစ်လေး တစ်ပုဒ်လောက် ဟဲကြရအောင်..။ သီချင်း ခေါင်းစဉ်လေးက ဘာတဲ့….???
သားမောင် >> “ စဉ်းစားပေးပါတဲ့ ” ..။
ကျီးကန်း >> အိုခေ… အာ… ယူ….ရယ်ဒီ… ၀မ်း…တူး….သရီး….ဂိုး….။
ကိုသူရရဲ့ ခေတ်ပေါ် တီးဝိုင်းကလည်း သြရသနဲ့ အေသင်ချိုဆွေရဲ့ “ လမ်းမခွဲကြေး ”သီချင်းအလိုက်နဲ့ ရင်တွင်းဖြစ်တွေကို ပုံဖော်နေတဲ့ လူရွှင်တော်များကို အပီအပြင် ပံ့ပိုးပေးနေပါတယ်။
ကျီးကန်း >> { ခရီးကလည်းဝေး….နေက.. ပူသေး…
ဒါပေမယ့်အားလုံးကတော့… သွားကြဖို့ကို… တက်ကြွ…ကြလို့…
အဖိုးအဖွားများ.. တွေ့ဖို့ကို….အတူသွားးးးး…..ကြ……စို့…
တစ်လတစ်ခေါက်မှတွေ့……….ရ……..တာ……..ဘဲ….… }
( ဖြောင်း…ဖြောင်း…ဖြောင်း ….)
ကျီးကန်းရဲ့ သီချင်းအတောလေး ၀င်အပြီးမှာတော့.. ပရိသတ်များက လက်ခုပ်သံများ ချီးမြှင့်လာပါတယ်။ အဲ့ဒီနောက် သားမောင်က သူ့ရဲ့လက်တစ်ဖက်ကို နဖူးပေါ်တင်၊ ကျန်တစ်ဖက်က ရင်ဘတ်ကိုဖိလို့….
သားမောင် >> “ နဖူးပေါ် လက်တင် စဉ်းစားမိရင်.. ကျွန်တော်လေ ရင်မောတယ်…
ဘိုးဘွားရိက္ခာထောက်ပံ့သွားတော့… လူတွေက…များတယ်…
ဘယ်နှစ်ယောက်လိုက်ကြမယ်… ဘယ်ခရီး…သွားရမယ်…
ကျွန်တော်သိတယ်… ပြောမထွက်ဘူး ”
ကျီးကန်း >> ( ဘုရား…ဘုရား….ဘုရားးးးးးး )
နောင်ရိုး >> “ ကားခလေးများ…ပေးရတဲ့အခါ …ရင်တောင်…တုန်သွားတယ်…
အဖွဲ့ဝင်အသစ်နဲ့…အဟောင်းများပေါင်းတော့… လူနှစ်ဆယ်ကျော်သွားတယ်…
ကျွန်တော်ပဲ ထုတ်ရတယ်… သူတို့…..မေ့ကြတယ်
တကယ်ထိတယ်… မတွေးချင်ဘူးးးးးးး….”
ကျီးကန်း >> ( အဟင့်… ဟင့်…. ဟင့်….ငိုချင်တယ်..)
ဖိုးသောကြာ >> “ ထောက်ပံ့ရေးအတွက် ခရီးသွားတော့ကွယ်… အားလုံးပါတယ်..
ခရီးစရိတ်လေးများ… ထုတ်ပေးပါဦး…
တကယ်ကို ထိလို့ပါဗျ… တကယ်ကို အိပ်မစိုက်နိုင်သမို့…..
တာဝန်ခံများ…. စဉ်းစားပါဦးနော်…… ရေး… ရေး…. ”
ကျီးကန်း >> { ခရီးကလည်းဝေး….နေက ပူသေး…
ဒါပေမယ့်အားလုံးကတော့… သွားကြဖို့ကို… တက်ကြွ…ကြလို့…
အဖိုးအဖွားများ… တွေ့ဖို့ကို… အတူ..သွားကြစို့…
တစ်လတစ်ခေါက်မှ… တွေ့ရတာဘဲ….
အဆင်ပြေသူ….လိုက်……}
ကျီး+နောင်+သား+ဖိုး >> { ဒါပေမယ့်…ခရီးစရိတ်ကလေး… ချပေးဖို့ကို…စဉ်းစား…ပေးဖို့…
အခွင့်သင့်တုန်း…ပြောပါရစေ….အားလုံးအတွက်
သီချင်းလေးနဲ့… ပြောပြချင်သေးးးးးးး….. }
ဟန်အမူအရာများနဲ့ အပြီအပြင်ဟဲနေကြတဲ့ သီချင်းတစ်ပိုဒ်ဆီ ဆုံးတိုင်းမှာတော့ သဘောတကျအားပေးလာတဲ့ ရွှီ..ဖြောင်း…ဖြောင်းသံတွေ ညံသွားရပါတယ်။ ရှေ့ဆုံးတန်းမှာ ထိုင်နေကြတဲ့ တာဝန်ခံများနဲ့ စာရင်းအဖွဲ့က လည်း အပြုံးမျက်နှာများနဲ့ တီးတိုးတီးတိုး သဖန်းပိုးကာ ခေါင်းခြင်းဆိုင်ကုန်ကြပါတယ်။ ခနနေတော့ “ သရဲလေးကောင် ” က မချိုမချဉ်မျက်နှာပေးနဲ့ စင်ပေါ်ကို ဘောက်ဆတ်ဘောက်ဆတ်နဲ့ တက်လာပြီး လူရွှင်တော် လေးယောက်ကို ဆုတော်ငွေများချီးမြှင့်ကြပါတယ်။ “ သရဲလေးကောင်က STAရိက္ခာ ထောက်ပံ့ရေးအဖွဲ့ရဲ့ တာဝန်ခံများပါ ” လို့ ကျီးကန်းက ကြေညာပေးလိုက်လေတော့ သူတို့ဆုတော်ငွေ ချီးမြှင့်ရခြင်းရဲ့ အကြောင်းရင်းကို နားလည်သွားပြီး လက်ခုပ်သံများနဲ့ ရွှေပွဲလာပရိသတ်တို့က ထပ်မံအားပေးကြပြန်ပါတယ်။
ကျီးကန်း >> ကျွန်တော်တို့ရဲ့ ရင်တွင်းဖြစ် သီချင်းလေးကို အခုလိုအားပေးကြတာ ၀မ်းသာစရာ မကောင်းဘူး လားဗျာ..။
နောင်ရိုး >> ဘယ်နှယ့်ပြောပါလိမ့်ဗျာ..။ တကယ်ကို ၀မ်းသာမိပါတယ်။ ပရိသတ်နဲ့ လူရွှင်တော်ဆိုတာ အစပ်အဟပ်တည့်ဖို့ လိုသေးတာကိုနော်ဗျ..။
သားမောင် >> ကိုဖိုးသောကြာရေ…ကျွန်တော်တို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ထောက်ပံ့ရေးအဖွဲ့က ခိုကိုးရာမဲ့ ကျောထောက်နောက်ခံမရှိရှာလေတဲ့ ဘိုးဘွားများကို ရှာဖွေပြီး အဖွဲ့ဝင်များရဲ့ ကိုယ်စားမိဘများ အဖြစ် သတ်မှတ်ပြီး ရာသက်ပန် စား၊ ၀တ်၊ နေရေး၊ ကျန်းမာရေးမှအစ တာဝန်ယူလို့ စောင့်ရှောက်ခဲ့တာ အခုဆို အဖွဲ့ရဲ့ သက်တမ်း (၁) နှစ်ကာလမှာ (၁၉) ဦးတိတိရှိခဲ့ပါပြီဗျာ..။
ဖိုးသောကြာ >> ဟုတ်ပါတယ်..။ ကျွန်တော်တို့ဟာ အွန်လိုင်းက လူငယ်များရဲ့ ပရဟိတစိတ်များကို အခြေပြုလို့ သနားဂရုဏာသက်စဖွယ် အဖိုးအဖွားများအတွက် စေတနာရှေ့ထားလို့အတတ်နိုင်ဆုံးပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေတာဖြင့် အဖွဲ့ဝင်ပေါင်း (၂၀၀၀)ကျော်လို့ (၃၀၀၀) နားကပ်လာပါပြီဗျာ..။
ကျီးကန်း >> အားရစရာပါပဲ ကိုဖိုးသောကြာရေ..။ ကျွန်တော်တို့ဟာလည်း တစ်နေ့မှာ အိုမင်းမစွမ်း ဖြစ်ကြရဦးမှာပါဘဲဗျာ..။ တကယ်တော့ သနားစာနာစိတ်လေးများထားလို့ သက်ကြီးရွယ်အိုများကို သူတို့ရဲ့ဘ၀နေ၀င်ချိန်မတိုင်မီ အခုလို စောင့်ရှောက်ရတာဟာဖြင့် အင်မတန်ကို ကုသိုလ်ရကြပါတယ်ဗျ..။
နောင်ရိုး >> ဟုတ်တယ်ဗျ..။ အဖိုးအဖွားတွေက ချစ်ဖို့အရမ်းကောင်းတယ်..။ သူတို့ အချင်းချင်း ချစ်ခင်ကြတာကိုလည်း အဖိုးအဖွားတွေကို သံဃာတော်များကို ၀ါဆိုသင်္ကန်း ပေးကပ်လှူစေတဲ့နေ့က ကျွန်တော့်မျက်မြင်တွေ့ခဲ့ရတယ်။
သားမောင် >> ဟုတ်လား..ဘယ်လိုများ ချစ်ချစ်ခင်ခင်နေနေကြလို့လဲ…ပြောပြစမ်းပါဦး..
နောင်ရိုး >> အဟဲ…….အဲ့ဒီနေ့ကလေ….. ဆီစက်ဝင်းထဲမှာနေတဲ့ အဖိုးကလေ…. အင်းစိန် ဘူတာရုံလမ်းကလေ… အဖွားကိုလေ….. မျက်စလှမ်း… လှမ်း ပစ်ပြနေတာ ငါတွေ့တယ်..။
ဖုန်းးးးးးးးးးး……….
ဖိုးသောကြာက နောင်ရိုးခေါင်းကို စက္ကူလိပ်နဲ့ ရိုက်ထည့်လိုက်ပြီး…
ဖိုးသောကြာ >> ငတုံးရဲ့… အဲ့ဒီအဖိုးက လေတစ်ခြမ်းဖြန်းနေလို့ မျက်လုံးက ပုတ်ခလတ် ပုတ်ခလတ် ဖြစ်နေတာဟဲ့..။ နင့်ဂျီးတော် ဒီအသက်အရွယ်ကြီးရောက်မှ အဖွားကို မျက်စပစ်ပါ့မလား..။
နောင်ရိုး >> ဟီး…. ငါလည်း သိဘူးလေ..
သားမောင် >> ငါကတော့ ကိုယ်တွေ့..။ တို့အဖွဲ့ ရွှေသံလွင်ဘိုးဘွားရိပ်သာ သွားလှူတုန်းကလေ အဖွားအချင်းချင်း ယိုင်းပင်းကြတာ မြင်ခဲ့တယ်ဗျ..။
ကျီးကန်း >> ဟုတ်လား.. ပြောပါဦးဗျ..။
သားမောင်>> အဲ့ဒီနေ့က ကျွေးတဲ့ဟင်းထဲမှာ ငါးကြင်းပေါင်းပါတယ်လေ..။ နေ့လည်ထမင်းစားချိန်မှာ ငါက အဖွားတစ်ယောက်ကို သူ့ဘေးနားရပ်လို့ ငါးအရိုးထွင်ပေး၊ ဟင်းလိုက်ပေး၊ ယပ်ခတ်ပေးနဲ့ လိုတာလုပ်ပေးနေတယ်လေ..။ အဲ့ဒီအချိန်မှာ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အဖွားက အဲ့ဒီအဖွားကို ဘာလှမ်းပြောလိုက် သလဲသိလား.. အချင်းချင်းယိုင်းပင်းတာများ ပြောပါတယ် ?
နောင်+ဖိုး+ကျီး >> ဘာများပြောလိုက်သလဲ…
သားမောင်က အဖွားအိုလေသံဖြင့်….
သားမောင် >> တော့…အဖွားကြီး.. ရှင့်ရဲ့ငါးဟင်းတွေ ဟိုသူငယ် ယပ်တောင်ကွယ်ပြီး နှိုက်စားနေတာ ကုန်နေပြီ….တဲ့…။
( ပရိသတ်မှ ၀ါးကနဲရယ်)
ဖိုးသောကြာ >> ငတ်လိုက်တဲ့ အငတ်ရယ်..။ STAကို နာမည်မဖျက်နဲ့နော်..။
သားမောင် >> ငါလည်း ဟင်းကမွှေးတော့ ဗိုက်ဆာဆာနဲ့ စိတ်မထိမ်းနိုင်တော့လို့ပါကွာ..။
ကျီးကန်း >> ငါကတော့ ဥက္ကံဘိုးဘွားရိပ်သာမှာ သိပ်ချစ်ကြတဲ့ အဖိုးအဖွားအကြောင်း သိခဲ့တာဗျ..။
နောင်+ဖိုး+သား >> ဟုတ်လား.. ပြောပြပါဦး..။
ကျီးကန်း >> အဲ့ဒီရိပ်သာမှာ အဖိုး+အဖွားလင်မယားတစ်တွဲရှိတယ်။ ကျောထောက် နောက်ခံသားသမီး မရှိလေတော့ ရိပ်သာမှာ နေနေရတာပေါ့။ တစ်နေ့ အဖိုးက အဖွားကိုပြောတယ်။ “ အမယ်ကြီး .. မနက်ဖြန် တနင်္ဂနွေဆို မင်းနဲ့ငါရဲ့ မင်္ဂလာသက် ငွေရတုရောက်ပြီ။ ဒီတော့ နက်ဖြန် ရိပ်သာပန်းခြံထဲက ခရေပင် အောက်မှာ မနက်(၁၀)နာရီတိတိ မင်း.. ငါ့ကိုစောင့်နေ..။ လွန်ခဲ့တဲ့ အနှစ်(၅၀)က လို မင်းကိုငါ ခရေပန်းလေး ကုံးပြီး အမှတ်တရပေး ချစ်ရေးပြန်ဆိုကြည့်ချင်တယ် ”ဆိုတော့ အဖွားကလည်း ပီတိတွေ ဖြာပြီး “ စိတ်ချပါ တော်.. ကျုပ်လာခဲ့ပါမယ် ” ပေါ့..။
ဖိုးသောကြာ >> သူများတွေများ ချစ်တတ်လိုက်ကြတာနော်..
နောင်ရိုး >> အဲ့တာ ပြန်နှူးတာခေါ်တယ်…
သားမောင် >> ငယ်မူပြန်တာပါကွာ..။ တော်တော်ကဗျာဆန်တဲ့ အဖိုးပဲဗျ..။ ဆက်ပါဦး..
ကျီးကန်း >> နောက်တစ်နေ့ ..အဖိုးခမျာ အဖွားကို ခရေပင်အောက်ကနေ မျှော်ရှာတယ်.. မျှော်ပေမယ့်… မလာ..မလာ..နေ့တစ်ဝက်သာကျိုးသွားတယ် အဖွားက ပေါ်မလာဘူး။ ဒါနဲ့ အချိန်အတော်ကြာလာတော့ အဖိုးလဲ ဒေါကန်ပြီး အဖွားအဆောင်ကို ရှူးရှူးရှဲရှဲနဲ့လိုက်သွားတယ်။
နောင်ရိုး >> လိုက်သွားတော့ အဖွားကို တွေ့ရောလား..။
ကျီးကန်း >> တွေ့ပါ့ဗျာ..။ အဖွားကိုတွေ့တော့ အဖိုးက ဒေါသတွေထွက်ပြီး မင်းဘာလို့ ငါချိန်းထားတဲ့နေရာ မလာတာလဲဆို လက်ထဲက ခရေပန်းကုံးနဲ့ ပစ်ပေါက်ပြီးမေးတော့တာပေါ့။ အဖွားက ခုံတန်းလေးပေါ်မှာ ထိုင်လျှက်က သူခြုံထားတဲ့ တဘက်ထဲ မျက်နှာလေးဝှက်လို့ အဖိုးကို ရှက်စနိုးနဲ့ လှမ်းပြုံးပြပြီး .. ဘာပြန်ပြောလိုက်တယ် ထင်သလဲ?
ဖိုး+နောင်+သား >> ဘာပြန်ပြောလိုက်လဲ………….?
ကျီးကန်း >> “ အမေကလေ… ညည်း..သွားရဲသွားကြည့် … အသိပဲလို့ …ဆူထားလို့.. ” တဲ့…
(ပရိသတ်များ ၀ါးကနဲ ပွဲကျ)
အဲ့ဒီနောက် ရွာစားကိုရီးက တီးလုံးလေးပြန်စလိုက်ချိန်မှာ သရဲလေးကောင်တို့ ပြန်ထွက်လာပြီး ရွှေပွဲလာတို့ကို ထပ်မံလို့ နောက်တစ်ကြော့ ကကာ ဖြေဖျော်ကြပြန်ပါတယ်။ အပြီးမှာတော့ ပရိသတ်ကို လက်ပြနှုတ်ဆက်လို့ သရဲလေးကောင် ကန့်လန့်ကာ နောက်ကွယ်ကို ၀င်ရောက်သွားပါတယ်။ အဲ့ဒီနောက်.. လူရွှင်တော်များက ထပ်မံလို့ ပျော်တော်ဆက်ကြပြန်ပါတယ်..။
ကျီးကန်း >> ကျွန်တော်တို့ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေးအဖွဲ့မှာ ပါဝင်ကြတဲ့ အဖွဲ့ဝင်အများစုဟာ လူငယ်များမဟုတ်ပါလားဗျာ…။
သားမောင် >> ဟုတ်ပါ့ ကိုကျီးကန်းရေ…။
ကျီးကန်း >> ကျွန်တော်တို့ အားလုံးမှာ အဖိုးအဖွားသက်ကြီးရွယ်အိုတွေကို ချစ်တတ်ခင်တတ်တဲ့ စိတ်လေးတွေက ကိုယ်စီရှီနေတယ်ဗျ..။
ဖိုးသောကြာ >> ဒါတင်ဘယ်ကမလည်းဗျာ… အဖိုးတို့ အဖွားတို့အပေါ် သနားကြင်နာဂရုဏာ ထားမိကြတဲ့ စိတ်လေးတွေကလည်း အံ့မခန်းပါဘဲဗျ..။
နောင်ရိုး >> ဟုတ်ပဗျာ..။ အားလုံးက မိမိရဲ့ ကိုယ်ပိုင်အချိန်၊ ချွေးနည်းစာလေးများကို ဖဲ့လို့ အဖိုးအဖွားများကို မိမိတတ်နိုင်တဲ့ဖက်ကနေ စောင့်ရှောက်ခဲ့တာ အခုဆို ရာသက်ပန် အစောင့်ရှောက်ခံ အဖိုးအဖွား (၁၉) ဦးတောင် ရှိခဲ့ပါပြီ…။
သားမောင် >> ဒါတင်ဘယ်ကပါ့မလဲ…ကျွန်တော်တို့ STA အဖွဲ့က ဘိုးဘွားများကို စောင့်ရှောက်တာအပြင် တချိန်ထဲမှာ တွဲဖက်ပရဟိတ လုပ်ငန်းများကို ဘုန်းတော်ကြီး စာသင်ကျောင်း၊ အနာကြီးရောဂါသည်စခန်း၊ ဘိုးဘွားရိပ်သာ၊ မသန်မစွမ်း မိဘမဲ့ကလေးများဂေဟာတို့မှာလည်း လစဉ် အလှူဒါနတွေ ပြုလုပ်ပေး နေပါတယ်ဗျား…
ကျီးကန်း >> ဒါတင်ဘယ်ကဦးမလဲဗျာ.. အခါကြီးရက်ကြီးတွေမှာ ဘုရားမှာ အအေးစတုဒီသာလှူတာမျိုး၊ စုပေါင်းဆီမီးထွန်းညှိပူဇော်တာမျိုး၊ အဖွဲ့ရဲ့ အဖိုးအဖွားများကို သံဃာတော်များထံမှာ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူစေတာမျိုးလည်း လုပ်ခဲ့ကြသေးတာဗျ…။
ဖိုးသောကြာ >> ပြီးခဲ့တဲ့ နွေရာသီရေပြတ်လပ်တုန်းကလည်း ကျွန်တော်တို့အဖွဲ့အနေနဲ့ သောက်ရေရှားပါးတဲ့ ကျေးရွာတွေအရောက် ကုန်းတစ်တန် ရေတစ်တန်နဲ့ အင်တိုက်အားတိုက် သွားရောက်လှူဒါန်းခဲ့ ကြပါသေးတယ်ဗျာ..။
နောင်ရိုး >> ဒါတင်မကပဲ ရေရှားပါးတဲ့ကျေးရွာတွေမှာ အ၀ီစိတွင်းတွေ၊ သောက်ရေကန်တွေ တူးလှူခဲ့ကြပါ သေးတယ်ခင်ဗျ..။
သားမောင် >> ဒီလို အရှိန်ဟုန်မပျက် လှူဒါန်းနိုင်ဖို့ကလည်း အဖွဲ့ဝင်များအားလုံးရဲ့ ပရဟိတစိတ်များနဲ့ အဖွဲ့ကို လစဉ်လှူဒါန်းနေကြတဲ့ ပြည်တွင်း+ပြည်ပက စေတနာအလှူရှင်များရဲ့ ကောင်းမှုစေတနာပေါ့ဗျာ…။
ကျီးကန်း >> ကဲ… ကဲ….သရဲလေးကောင်ကတော့ တာဝန်ကျေသွားကြပြီမို့ ကျွန်တော်တို့ရဲ့ မမကြီးများကို အလှည့်ပေးကြဦးစို့လား..။
နောင်ရိုး >> ဟုတ်ပါ့ဗျာ..။ ဒီတစ်ခါ STAရဲ့ ချစ်ခင်လေးစားရပါတဲ့ အပျိုကြီးမမများဖြစ်ကြတဲ့ “ နန်းသန္တာပို ” တို့ကို အလှည့် ပေးကြပါဦးစို့ရဲ့…။ ခင်ဗျားခေါ်ဗျား ကိုဖိုးသောကြာ..။
ဖိုးသောကြာ >> အရင်လာသူတွေလည်းဝေး… ကြင်နာသူတွေလည်းပြေး
အရင်လာသူတွေလည်းဝေး… ကြင်နာသူတွေလည်းပြေး
( ပတ်မကြီးက …ဂျိ… ကနဲ ပံ့ပိုးပေးလိုက်တယ်)
ဘ၀င်မှာဆူ.. ရင်မှာပူကာ..မနေချင်ကြသူမို့
လူတကာရယ်… အထင်မမှားလိုက်ကြပါနဲ့….
ဟဲလို….ဘူတာမှာ ရထားထွက်ပြီလားဟင်…
ဖုန်းးးးးးးးးးးး………. သားမောင်က စက္ကူလိပ်နဲ့ ဖိုးသောကြာကို တွယ်ထည့်လိုက်ပြီး…
သားမောင် >> ဒီကောင်….ဒါအငြိမ့်ကနေတာကွ..။ ဘူတာရုံမှတ်နေလား။ ပေါက်ကရတွေ..။ မင်းနဲ့ မဖြစ်ဘူး…ငါ့..မမကြီးတွေကို ငါခေါ်မှဖြစ်တော့မယ်…။
ကျီးကန်း >> ဒါဆို..ကိုသားမောင်ခေါ်ကွာ…
သားမောင် >> “ မေဘ၀င် ရွှေရင်မှာ….ခိုက်စရာ…… တွေ့ရပေမယ့်
မကြင်နာ.. မကြိုက်ရဲသူ.. အရွယ်တော်ဟိုင်းတွေမို့
ကျန်ရစ်ဖြစ်နေတယ်လို့.. အထင်တော်မလွဲပါနဲ့….
အပူဝန်တာတွေ မထမ်းချင်တာကြောင့်…
ဒိုင်လျိုကာပင်….မှန်းလို့ မောနေရလေတဲ့….
နန်းသန္တာပို အစ်မတော်တို့……………..ရေ……………
မနှေးအမြန် ရှေ့တော်သို့………လှမ်း….ကာ….ကြွ…. ”
ဖိုးသောကြာရဲ့ ခေါ်သံအဆုံးမှာတော့ STA ရဲ့ ချစ်ခင်ဖွယ်ရာ အပျိုကြီးများ ဖြစ်ကြတဲ့ ပိုပိုချစ်၊ သန္တာPaulineနဲ့ နန်းကလျာတို့ လူရွှင်တော်များကို မျက်စောင်းကိုယ်စီထိုးလျှက် အငြိမ့်စင်ရှေ့ကို ထိုင်မသိမ်းလေးများ မ…လျှက်က ဖနောင့်လေးများ ကိုယ်စီဆောင့်လို့ ထွက်လာကြပါတယ်။
အဖြူရောင် တူညီဝတ်ထားကြတဲ့ ထိုင်မသိမ်းဝတ်စုံက ရောင်စုံနီယွန်မီးရောင်အောင်မှာ တစ်ဖျတ်ဖျတ် လင်းလက်နေပါတယ်။ အဲ့ဒီနောက် အဖွဲ့အတွက် ရေးစပ်ထားတဲ့ ဂုဏ်ပြုတေးတစ်ပုဒ်ကို ကျက်သရေရှိရှိ လှပနေကြတဲ့ မင်းသမီးအပျိုကြီး (၃) ဦး အလှည့်ကျ သီဆိုကာ ခေါင်း၊ ခါး၊ခြေ၊လက် အချိုးကျလျက် စည်းချက် ၀ါးချက်မိမိနဲ့ ကပြအသုံးတော်ခံ သွားပါတယ်။
` ကျက်သရေဖြာဝေ STA ´
မီးရောင်စုံ ထိန်ထိန်ဝေ…………ကျက်သရေမင်္ဂလာ ပြည့်ဝတဲ့ ဒီညချမ်းချိန်ခါမလေ……. အပြောချိုတဲ့ နန်းသန္တာပို နှမတို့က ကပြဖျော်ဖြေ…. ဘိုးဘွားတွေ အားလုံးကျန်းမာစေ…. အလှူရှင်တွေလဲ မာပါစေ… အသင်းဝင်တွေလဲ သာပါစေ…. ဘေးဘယာဝေးကွာကြလို့…. လိုရာဆန္ဒပြည့်ဝကြစေ……………. စိတ်ရွှင်လန်း ၀မ်းမြောက်ကြစေ…….. မေတ္တာရေချမ်းသွန်းဖြန်းလို့လေ … အောင်ပါစေ.. အောင်ပါစေ STA အဖွဲ့ကြီး ရှေ့ခရီးအောင်ပါစေ။
တို့ဂုဏ်ယူနိုင်ပြီလေ………….. အကြင်နာမေတ္တာ ပြည့်ဝတဲ့ ဒီအဖွဲ့ကြီး ညီညာပေ………. . ညီညွှတ်တဲ့.. STA အသင်းကြီးက တစ်နှစ်ပြည့်ပြီလေ….. စေတနာပန်းတွေ လန်းဆန်းလို့ဝေ…. သဒ္ဓါကြည်လင် လန်းဖြာစေ.. .. ညီညာလက်တွေ မြဲခိုင်စေ… ယိုင်းပင်းကူညီ လက်တွဲကြလို့… ဘိုးဘွားတို့ဘ၀ ချမ်းမြေ့ရစေ….. တို့လူငယ်များ ကြိုးစားစို့လေ…… အားငယ်သူကို အားပေးစို့လေ … စေတနာတွေ ဝေဆာနေ…. STAအဖွဲ့ကြီး အောင်ပွဲခံပြီလေ။
“ နန်းသန္တာပို” တို့အဖွဲ့ ကန်လန့်ကာ အနောက်ဖက် ပြန်ဝင်သွားချိန်မှာတော့….
ကျီးကန်း >> ကျွန်တော်တို့ အပျိုကြီးမမတွေ ဆိုသွား၊ ကသွားလိုက်တာများ မလှပေဘူးလားဗျာ…။
နောင်+ ဖိုး+ သား (ပြိုင်တူ) >> န၀င်ပီယံရှိကာ မျက်စိပသာဒဖြစ်ရကြောင်းပါဗျာ..။
ကျီးကန်း >> အဖိုးအဖွားတွေနဲ့ ပတ်သက်ရင် ကြုံတုန်းလေး ကျီးကန်းရဲ့ အဖိုးအကြောင်းပြောပြချင်တယ်..။
နောင်+ ဖိုး+ သား (ပြိုင်တူ) >> မျှဝေစမ်းပါဦး ကိုကျီးကန်းရေ…
ကျီးကန်း >> ကျွန်တော့် အဖိုးက လူ့ဂွစာကြီးဗျ..။ အသက် ၈၀ကျော်ပေမယ့် မျက်စိမမှုန်၊ နားမလေး သေးဘူး..။
နောင်ရိုး >> ဘ၀အကျိုးပေးကောင်းတာကိုးဗျ..။
ကျီးကန်း >> တနေ့ သူက.. ပန်းခြံထဲက ခုံတမ်းလျားမှာ နေစာလှုံရင်း စာထိုင်ဖတ်နေသတဲ့။ အဲ့ဒီမှာ သမီးရည်းစားတစ်တွဲက သူ့ဘေးက ခုံတမ်းမှာ ထိုင်နေသတဲ့။ အဲ့ဒီမှာ ကောင်မလေးက ကောင်လေးကို ညုတုတုနဲ့“ မောင်ရေ.. သူများရဲ့ ဘယ်ဖက်က ပါးလေးက နာလိုက်တာ ” လို့ပြောတော့ ကောင်လေးက ကောင်မလေးရဲ့ပါးကို နမ်းလိုက်ရောတဲ့။ တအောင့်နေတော့ “ မောင်ရေ.. လည်ပင်း ဒီနေရာလေးက နာနေပြန်ပြီ ” လို့ပြောပြန်တော့ ကောင်လေးက လည်ပင်းလေးကို နမ်းလိုက်ပြန်ရောတဲ့.။ အဲ့ဒီမှာ နားကြားမြင်းကပ်လာတဲ့ လူ့ဂွစာ ငါ့အဖိုးက ဘာပြောလိုက်သလဲ..သိလား ..?
နောင်+ ဖိုး+ သား (ပြိုင်တူ) >> ဘာပြောလိုက်သလဲ ..
ကျီးကန်း >> “ ဒီမှာ.. ငါ့တူ… အဘရဲ့ လိပ်ခေါင်းရောဂါကိုရော ပျောက်အောင် မကုတတ်ဘူးလားဟင်..” တဲ့..။
( ပရိသတ်များက “ ၀ါး ” ကနဲပွဲကျ)
နောင်ရိုး >> အေးလေ..။ အနေအထိုင်မတတ်တာများ..။ ငါလည်း ငါ့အဖိုးအကြောင်းပြောပြချင်သေးတယ်။ မင်းတို့အသိပဲ .. ငါက အဖိုးအဖွားနဲ့ အတူနေတာ။ ငါ့အဖိုးက အဖွားကို သိပ်ချစ်၊ သိပ်ညှာတာတာကွ။ တစ်နေ့ ငါအပြင်ကနေအိမ်ကို ဖုန်းလှမ်းဆက်တယ်။ တော်တော်ကြာမှ အဖိုးက ဖုန်းလာကိုင်တယ်။ ငါလည်းစိတ်ပူပြီး “ အဖိုးဘာတွေလုပ်နေလို့ ကြာနေတာလဲ ” မေးတော့..“ ခြင်ထောင်သံပြုတ်လို့ သံရိုက်နေတာပါကွာ” တဲ့..။ ဒါနဲ့ ငါက “ လက်တွေဘာတွေ တူနဲ့ ရိုက်မိပါဦးမယ် သတိထားဦးလို့ပြောတော့ အဖိုးပြောပုံက “ မပူနဲ့ ငါ့မြေးရေ… သံ..က.. မြေးရဲ့အဖွားကိုင်ထားတာ ” တဲ့ ..။
( ပရိသတ်များက “ ၀ါး ” ကနဲပွဲကျ)
ဖိုးသောကြာ >> မင်းအဖိုးက အဖွားကို ညှာလိုက်တာ.. အတုယူရမယ်…။ ငါလည်း တစ်နေ့က ငါ့အဖွားအိမ်ရောက်တယ်။ ငါရောက်တော့ အဖွားက မီးဖိုထဲ ဟိုရှာသည်ရှာနဲ့။ ဒါနဲ့ ငါလည်း “ အဖွား ဘာတွေရှာနေလဲ ” ပေါ့..။ အဖွားက “ အဖွား စကောလေး တစ်ချပ်ပျောက်နေလို့ပါမြေးရယ် ” တဲ့..။ ဒါနဲ့ ငါလည်း ကူရှာပေးချင်လို့ အဖွားကို မေးလိုက်တယ် “ စကောက တစ်ချပ်လုံးပျောက်တာလား အဖွား ” လို့…။
ဖုန်းးးးးးးးး……..
( ပရိသတ်များက “ ၀ါး ” ကနဲပွဲကျ)
သားမောင်က စက္ကူလိပ်နဲ့ ဖိုးသောကြာကို ရိုက်လိုက်ရင်း….
သားမောင် >> စကောပဲ ကိုရီးယားဇာတ်လမ်းတွေလို အပိုင်းလိုက်ခွဲပျောက်စရာလား.. ဟွန့်…။ ငါခရီးသွားတုန်းက တွေ့ခဲ့တဲ့ အဖိုးအကြောင်းပြောပြမယ်…။
ဖိုး+ကျီး +နောင် >> ပြောပါဦး.. မရယ်ရရင်တော့ နာပြီမှတ်…
သားမောင် >> ငါအထက်မြန်မာပြည် ခရီးရှည်ထွက်တော့ ငါ့ဘေးနားမှာ အဖိုးတစ်ယောက်။ အဖော်လည်း မပါဘူး။ ဒါနဲ့ ငါလည်း STAက အဖွဲ့ဝင်ပီပီ စပ်စုမိတယ်..။ “ အဖိုး.. ဒီလောက် ခရီးရှည်၊ ခရီးကြမ်းကြီးကို တစ်ယောက်ထဲ သွားနိုင်အောင် ဘယ်လိုနေထိုင်စားသောက်ပါသလဲ..” လို့မေးတော့.. အဖိုးက ဘာပြန်ပြောသလဲသိလား..?
ဖိုး+ကျီး +နောင် >> ဘာပြန်ပြောလဲ…
သားမောင် >> “ တစ်နေ့ကို စီးကရက် နှစ်ဘူးသောက်တယ်..။ ၀ီစကီတစ်သေတ္တာကို သုံးရက်နဲ့ ပြောင်အောင်သမတယ်..။ တစ်ပါတ်တစ်ခါ အနှိပ်ခန်းသွားတယ်..။ ကေတီဗွီမှာ နေ့တိုင်း ကောင်မလေးတွေနဲ့ သီချင်းဆိုတယ်..။ နိုက်ကလပ်တက်တာ တစ်ပါတ်တစ်ခေါက်တောင်မပျက်ဖူးဘူး ” ..တဲ့..။
( ပရိသတ်များထံမှ ရယ်သံသဲ့သဲ့ထွက်လာ)
ဖိုး+ကျီး +နောင် >> ဟ…တယ်လန်းတဲ့အဖိုးပါလား…
သားမောင် >> ဒါနဲ့ ငါက “ ထူးဆန်းလှချည်လား.. ဒါနဲ့ အဖိုးအသက်ဘယ်လောက်ရှိပြီလဲ ” လို့မေးလိုက်တော့…
ဖိုး+ကျီး +နောင် >> ဘယ်လောက်တဲ့လဲ…
သားမောင် >> “ နှစ်ဆယ့်ရှစ်နှစ် ”…တဲ့..။
( ပရိသတ်များက “ ၀ါး ” ကနဲပွဲကျသံက ပတ်မတုတ်မှ ရပ်တော့တယ်)
နောင်ရိုး >> အင်း… မဟုတ်တာတွေချည်းပဲ လုပ်နေတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုစာနာကျနေတာပေါ့..
ကျီးကန်း >> ကဲ…အသောလေးတွေ အသာရပ်လို့ အလုပ်လေးတွေနဲ့ သက်သေပြကြစို့ဦးရဲ့..
ဖိုးသောကြာ >> ဟုတ်ပဗျာ.. ညီမတော် သရဲလေးကောင်နဲ့ အစ်မတော် နန်းသန္တာပိုတို့ကို ပွဲထုတ်လို့ပြီးပြန်တော့ ဒီစင်မြင့်ထက်ကနေ ဒီနေ့ပွဲအတွက် ကျေးဇူးစကားလေးများ ပြောချင်တယ်ဗျာ..။
ဖိုးသောကြာ >> ကောင်းပါ့.. ကိုကျီးကန်းရေ…။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ရတာ မင်္ဂလာတစ်ပါးပါပဲဗျာ ..။
ကျီးကန်း >> ဒီနေ့ အငြိမ့်မှာ ကကြတဲ့ မင်းသမီးတွေအားလုံး အခုလို ကနိုင်ဖို့ကို မာမီဇော်ဆီ၊ မာမီဒါဒါနဲ့ အစိမ်းမတို့ တစ်နာရီငါးရာကျပ်ပေးပြီး အွန်လိုင်းကနေ စခန်းသွင်း လေ့ကျင့်ပေးထားရတာလေ…။
နောင်ရိုး >> ဟယ်… ငါတို့ရပ်ကွက်ထဲက ဆိုင်မှာ တစ်နာရီလေးရာပဲပေးရတယ်…။ ဈေးကြီးလိုက်တာဟယ်..။
ဖိုးသောကြာ >> STAရဲ့ အမာခံအဖွဲ့ဝင်တွေဖြစ်တဲ့ ပဒုမ္မာကိုအောင်မျိုးမင်း၊ စာရင်းအဖွဲ့က မသီတာနဲ့ မသန္တာPauline၊ မသန္တာ (Black Rose)နဲ့ ကိုနေလင်းတို့ဆိုင်မှာ သွားသုံး။ ကွန်နက်ရှင်များ ကောင်းချက်က ဖလန်း ဖလန်းကိုထနေတာပဲ။ သူတို့က STA အဖွဲ့ဝင်တွေဆို အင်တာနက် Freeပေးသုံးဆိုပဲ ..။
ကျီးကန်း >> တိတ်…..မရှည်ကြနဲ့..။ အရေးထဲ ကြော်ငြာဝင်နေသေးတယ်…။ ငါ့သုံးတဲ့ဆိုင်က မီးစက်မောင်းပေးရလို့ ဈေးကြီးတာ..။ နင်တို့လုပ်တာနဲ့ ပြောနေတဲ့ စကားတောင် ဘယ်ရောက်သွားပြီလဲ မသိတော့ဘူး။ အဲ…. ဒါကြောင့် မာမီဇော်ဆီ၊ မာမီဒါဒါနဲ့ အစိမ်းမတို့ကို ကျွန်တော်တို့ လူရွှင်တော်များက ဒီနေရာက ကျေးဇူးတင်ကြောင်း ပြောပါရစေ။
သားမောင် >> နောက်ထပ် ကျေးဇူးတင်ရမယ့်သူ ကျန်သေးတယ်…
ဖိုးသောကြာ >> ဟုတ်လား.. ဘယ်သူတွေလဲ..
သားမောင် >> STAရဲ့ အငြိမ့်မင်းသမီးတွေကို အခုလို အပြီလန်းနေအောင် မိတ်ကပ်ပြင်ဆင်ပေးတဲ့ မိတ်ကပ်မာမီဝေနဲ့ မာမီအစော၊ စကာင်္ပူကနေ အငြိမ့်ဝတ်စုံတွေကို ချုပ်ပြီး ယူလာပေးတဲ့ မာမီကြာကြာ၊ ပန်းအလှနဲ့ လက်ဝတ်ရတနာ ဆင်မြန်းပေးပါသောအစိုးမနဲ့ အထွန်းတို့ကိုလည်း ဒီနေရာက ကျေးဇူးစကားလေး ပြောပါရစေ..။
နောင်ရိုး >> နင်တို့ပဲ ကျေးဇူးစကားပြောနေကြတယ် ။ ငါလည်းပြောချင်သေးတယ်။
ဖိုး +သား >> ပြောဟာ.. ပြော..ပြော..။ ရင်ထဲမှာ ရှိတာအကုန်ပြော..။
နောင်ရိုး >> သားတို့ကိုလေ အလှူခရီးတွေမှာ မကြာမကြာ နေ့လည်စာဒါနလုပ်တဲ့ “အရီး” ကိုလည်း သားသားနောင်ရိုးက ကျေးဇူးစကားပြောချင်ပါတယ်။ မဟုတ်ရင်လေ နေ့လည်စာ စားလို့မရတဲ့ အလှူနေရာမျိုးတွေဆိုရင်လေ သားသားတို့… ဗိုက်ထဲမှာ သံစုံတီးဝိုင်းတွေ တီးနေရလို့ပါ..။ “ အရီး” ကလည်းလေ ပြန်ရောက်နေတော့ ရှေ့လျှောက် သံစုံတီးဝိုင်းနဲ့ပဲ နှစ်ပါးသွားရမယ်ထင်ပါရဲ့…။
ဖိုးသောကြာ >> ဟွန့်.. သူ့အသက်ကဖြင့် ရေဝေးကို မျက်စပစ်နေတာကို သားသားက… လုပ်ချင်နေသေး တယ် ..။ တော်တော် လေကြောရှည်တဲ့ကောင်..။ သောကြာသား ငါ.. အခုထိ ဘာမှကိုမပြောရသေးဘူး.. အလှည့်ပေးဦး..။ ငါလည်း အရမ်းပြောချင်နေပြီ..။
ကျီး+နောင်+သား >> အမလေး.. ဖြစ်နေလိုက်တာ..။ ကဲ..ကဲ.. သူလည်း ပြောချင်ရှာမှာပေါ့..။ ပြောပါစေ..။ ပြော…ပြောစေဗျာ…။
ဖိုးသောကြာ >> အဲ…. ဟီး… အစ မေ့သွားပြီ။ အလယ်လဲ မမှတ်မိတော့ဘူး။ အဆုံးက ရှာလို့ကို မတွေ့တော့တာ…။
“ ဖုန်းးးးးးးးးး ” “ ဖုန်းးးးးးးးးး ” “ ဖုန်းးးးးးးးးး ”
“ မေ့ဦးဟယ် ” ဆိုပြီး ကျီးကန်း၊ နောင်ရိုးနဲ့ သားမောင်တို့ရဲ့ ရိုက်ချက်အောက်မှာ ဖိုးသောကြာခမျာ အလူးအလှိမ့်။
ဖိုးသောကြာ >> ငါသတိရပါပြီဟ..။ ရပ်ပါတော့..။
ကျီး+နောင်+သား >> ဒါဆိုပြော.. မဟုတ်လို့ကတော့ နာပြီသာမှတ်..။
ဖိုးသောကြာ >> ကျွန်တော်တို့ အဖွဲ့အတွက် အကြံဥာဏ်တွေပေးပြီး လိုအပ်သမျှ အမြဲပံ့ပိုးကူညီပေးတဲ့ မမကြီးဒေါ်အေးမြင့်ကြည် ( Selta – လုမ္ပဏီစာသင်ကျောင်း ) ၊ ကိုအောင်မျိုးမင်း ( ပဒုမ္မာဖိနပ်နဲ့ အင်တာနက်ဆိုင်)၊ ဦးအေးဝင်းကို ( ဒူဘိုင်း-ကန္တာရ၀သ၁အဖွဲ့)နှင့်တကွ Save The Aged ပရဟိတအဖွဲ့မှာ အမြဲပါဝင်လှူဒါန်းနေကြပါသော ပြည်တွင်း+ပြည်ပအလှူ ရှင်များကိုလည်း ကျွန်တော်များက ဒီနေရာကနေ အဖွဲ့ကိုယ်စား လေးစားစွာကျေးဇူးစကားပြောကြားပါရစေ..။
သားမောင် >> အခုလို ကျေးဇူးစကား ပြောကြားပြီးသွားပြန်တော့… Save The Aged (၁) နှစ်ပြည့် အခါသမယ မင်္ဂလာအချိန်မှာ Save The Aged အဖွဲ့ကြီး အဓွန့်ရှည်ဖို့ ကျွန်တော်တို့ လူရွှင်တော်တွေ ၀ိုင်းပြီး ဆုတောင်းပေးကြရင် မကောင်းပေဘူးလား။
ကျီး+ဖိုး+နောင် ( ပြိုင်တူ) >> ဟာ.. သိပ်ကောင်းတဲ့ အကြံပါပဲဗျာ..။
သားမောင် >> ကဲ… ဒါဆို… ကိုကျီးကန်းက စပြီး ဆုတောင်း။
ကျီးကန်း >> အ…. အ….အ.. သက်ကြီးရွယ်အို ဘိုးဘွားများ၊ ကျန်းမာချမ်းသာကြပါစေ…။
သားမောင် >> သဒ္ဒါတတ်အား အလှူရှင်များ၊ လစဉ်လှူနိုင်ကြပါစေ…။
ဖိုးသောကြာ >> STAက တာဝန်ခံများ၊ ကွန်တက် အချင်းချင်းရပါစေ…။
နောင်ရိုး >> STAက အမာခံများ၊ မန်ဘာကြေး မှန်မှန်သွင်းပါစေ…။
ကျီးကန်း >> အဖွဲ့ဆိုက်တွင်ပို့စ်တင်လျှင်၊ Approve မြန်မြန်လုပ်ပါစေ..။
သားမောင် >> အဖွဲ့ဝင်အသစ်နဲ့အဟောင်းများ၊ ချစ်ခင်ညီညွတ်ကြပါစေ..။
ဖိုးသောကြာ >> လစဉ်အလှူခရီး လိုက်သူများ၊ ဆုံရပ်အချိန်မှန်ရောက်ပါစေ..။
နောင်ရိုး >> ပြည်ပအလှူငွေ လွှဲလေတိုင်း၊ လက်ခံရကြောင်း ပြောပါစေ..။
ကျီးကန်း >> ရိက္ခာထောက်ပံ့ ထွက်သူများ၊ ခရီးစရိတ်လေးရပါစေ…။
သားမောင် >> အလှူနေ့မှာ နေ့လည်စာ၊ ဒကာတော်ရှင် ပေါ်ပါစေ…။
ဖိုးသောကြာ >> လစဉ်အစည်းဝေး တက်သူတိုင်း၊ စံတော်ချိန်တွေ မှန်ပါစေ…။
နောင်ရိုး >> ကောလဟလ သတင်းများ၊ ဥာဏ်နှင့်ယှဉ်ပြီး ယုံပါစေ..။
ကျီးကန်း >> အွန်လိုင်းတက်ကာ ပို့စ်ဖတ်စဉ်၊ ကွန်နက်ရှင်လေးကောင်းပါစေ..။
ဖိုး+ကျီး+နောင်+သား (ပြိုင်တူ) >> အဲ့….ဒါ…..မှ… Save The Aged ကြီး အ….ဓွန့်….ရှည်…….နိုင်….မ….လေ……..။
လူရွှင်တော်များရဲ့ လက်အုပ်ချီဆုတောင်းအပြီးမှာတော့ ပရိသတ်များရဲ့ လက်ခုပ်သံက ၀က်ဝက်ကွဲ ထွက်ပေါ်လာပါတယ်။ မြိုင်ဆိုင်လှတဲ့ လက်ခုပ်သံအများစုက အဖွဲ့ဝင်များထံမှဖြစ်ကြောင်း အထူးတလည် ပြောစရာလိုမည်မထင်ပေ။
လူရွှင်တော်လေးယောက်ရဲ့ ဆုတောင်းအပြီးမှာတော့ “သရဲလေးကောင်” နှင့်အတူ “ နန်းသန္တာပို” တို့ စင်မြင့်ထက် ပြန်လည်ရောက်ရှိလာကာ ပရိသတ်များအတွက် “ အဓွန့်ရှည်စေ STA ” ဆိုတဲ့ နောက်ဆုံး နှုတ်ဆက်သီချင်းသီဆိုကာ မင်းသမီး (၇) ယောက်လုံး ညီညာလှပတဲ့ ကကြိုးကကွက်များနဲ့ အချိုးကျကျ ကပါလေတော့တယ်။
“ အဓွန့်ရှည်စေ STA ”
( သက်ကြီးရွယ်အို ဘိုးဘွားများကို….
ဖေးမကာရယ်…
လူငယ်များပေါင်းစည်းလို့ စွမ်းအားနဲ့….
လက်တွဲကူမယ်…
အဖိုးအဖွားများ ကျန်းမာချမ်းသာ…
ဘေးဘယာကင်းဝေးကြပါစေကွယ်…
ဆုမွန်ချွေကာ နှုတ်ခွန်းဆက်တယ်.. )
{{ STAက ဖေးမကာ…ကူမယ်…
STAက စာနာကာ…သနားတတ်တယ်….
STAရဲ့ မေတ္တာက… လှိုင်လှိုင်ဝေဖြာတယ်….
STA၀ိုင်းတော်သားများ…စိတ်လက်တူကာ ဖြူစင်တယ်…}}
( ၁နှစ်ပြည့် မင်္ဂလာ… ဒီအချိန်ခါဝယ်..
ရွှေပွဲလာများကိုလည်း … မေတ္တာဝေတယ်…
နောင်နှစ်မှာလည်း.. ယခုလို…ပြန်ဆုံမယ်…
သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေးအသင်းကြီး…
အဓွန့်ရှည်ကာ… တည်မြဲပါစေကွယ်…..}
သီချင်းအဆုံးမှာတော့ Save The Aged ရဲ့ လူရွှင်တော်များနဲ့ မင်းသမီးများက စင်ပေါ်မှ ရွှေပွဲလာ ဧည့်ပရိသတ်များကို လက်ပြနှုတ်ဆက်စဉ် ကတ္တီပါပိတ်ကားလိပ် တအိအိ ကျလာကာ လက်ခုပ်သံများ အောက်တွင် Save The Aged ရဲ့ (၁)နှစ်ပြည့်အခမ်းအနားနဲ့ အငြိမ့်ဖျော်ဖြေခြင်းကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတော့တယ်။
~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~~
ကျေးဇူးစကား။
ဒီပို့စ်လေးဖြစ်မြောက်လာဖို့ အောင်ဖော်ပြပါ အဖွဲ့ဝင်များရဲ့ ကူညီပံ့ပိုးမှုမပါပဲ ဘယ်လိုမှ မဖြစ်နိုင်တာမို့ ကျေးဇူးစကားဒီနေရာက ဆိုပါရစေရှင်။
၁။ ဒီပို့စ်လေးရေးဖြစ်ဖို့ အစကနေ အဆုံးထိတိုင် တွန်းအားပေး၊ အကြံဥာဏ်ပေးခဲ့တဲ့ အမာခံ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မြသွေးနီရဲ့ ကိုမော်ကြီး။
၂။ အငြိမ့် သီချင်း ပထမ (၂) ပုဒ်ကို မအားလပ်တဲ့ကြားက ရေးသားပေးခဲ့တဲ့ ချစ်ခင်ရပါသော အမာခံအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ချော (အစိမ်းရောင်လွင်ပြင်)။
၃။ ပို့စ်မှာ အသုံးပြုဖို့ မေတ္တာဖြင့် ပုံဆွဲကူညီပေးပါသော ပန်းချီ နော်အိမ်ခန့်။
၎။ ရိက္ခာထောက်ပံ့ရေးဟာသသီချင်းအတွက် သီချင်းသံစဉ်ရွေးချယ်ပေးပါသော အသက်အငယ်ဆုံး မန်ဘာဖြစ်တဲ့ မြသွေးနီရဲ့သားပြည့်နဲ့၊ စာသားများကို စဉ်းစားမိစေအောင် ပံ့ပိုးပေးခဲ့တဲ့ ရိက္ခာထောက် အဖွဲ့ဝင်များရဲ့ဆန္ဒ။
၅။ ယခုပို့စ်လေးဖြစ်မြောက်စေအောင် တွန်းအားပေးတဲ့ Save The Aged နဲ့ အဖွဲ့ဝင် (၂၀၀၀) ကျော်တို့ထံမှ မြသွေးနီထံသို့ ရိုက်ခတ်လာတဲ့ ပရဟိတစိတ်အဟုန်နှင့် ခင်မင်ရင်းနှီးမှုများ။
အားလုံးကို ရင်ထဲက တကယ့်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိပါတယ်ရှင်။
ခွင့်လွှတ်နားလည်စေချင်
မြသွေးနီရဲ့ လုပ်ငန်းတာဝန်တွေ အပြောင်းအလဲဖြစ်နေချိန်နဲ့ တိုက်ဆိုင်စွာ အဖွဲ့ရဲ့(၁)နှစ်ပြည့်နဲ့ ကြုံနေလေ တော့ မရေးတော့ဘူးရယ်လို့ ထားထားတဲ့ကြားက နောက်ဆုံး ဒီပို့စ်လေးကို အမှတ်တရဖြစ်အောင် ရေးမယ် လို့ ဆုံးဖြတ်မိခဲ့ပါတယ်။ ဒီပို့စ်မှာပါဝင်တဲ့ ပြက်လုံးများက မြသွေးနီမူပိုင်ပြက်လုံးများပါ။ ရေးချင်စိတ်သာရှိ နေခဲ့ပြီး အငြိမ့်နဲ့ပတ်သက်ရင် ၀မ်းစာဗလာဖြစ်သူမို့ ပြက်လုံးများက စာဖတ်သူများရဲ့စိတ်ကို ရွှင်လန်းမှု မပေးနိုင်ရင်ဖြင့် မြသွေးနီရဲ့ အားနည်းချက်မို့ သည်းခံနားလည်ပေးကြပါလို့။
နောက်ပြီး ဒီပို့စ်လေးမှာ ပါဝင်သူ အဖွဲ့ဝင် (၁၀၀) နီးပါးရဲ့နာမည်များကို ခွင့်မတောင်းပဲ အသုံးပြုမိတာရယ်၊ ပို့စ်မှာ ရေးသားထားတဲ့ အကြောင်းအရာများဟာ မည်သူ့ကိုမှ ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပဲ ပုဂ္ဂိုလ်စွဲ ကင်းကင်းနဲ့ စိတ်ကူးနဲ့ရေးဖွဲ့ ထားတာဖြစ်ပြီး၊ အဖွဲ့ဝင်များအချင်းချင်း အမှတ်တရ ဖြစ်အောင်၊ ပျော်ရွှင်ရရ လေအောင်၊ ရင်းနှီးမှု ရရလေအောင် ရေးထားခြင်းဖြစ်တာမို့ အမှားအယွင်းရှိပါက နားလည်ခွင့်လွှတ်ကြ မယ်လို့ မ၀ံ့မရဲမျှော်လင့်မိပါကြောင်း။
ပရိသတ်များနဲ့ STA အငြိမ့်
ဒီပို့စ်မှာ နာမည်မပါဝင်ခဲ့သူ အဖွဲ့ဝင်များကလည်း တို့တော့မပါဝင်ပါလားရယ်လို့ မဖြစ်ကြစေလိုပါဘူး။ ဘာလို့လည်းဆိုတော့ နာမည်မပါဝင်ခဲ့သူတို့က ယခုပို့စ်မှာ အဓိကကျပြီး အတူတကွ အစမှ အဆုံးထိတိုင်အောင် ပါဝင်နေခဲ့ကြတာမို့ပါဘဲ။ ဒီအငြိမ့်ပွဲလေးအစမှ အဆုံးတိုင်အောင် ပွဲခင်းထဲမှာ ကြည့်ရှုအားပေး လက်ခုပ်သံ သောသောညံအောင် တီးခဲ့ကြတဲ့သူတွေဟာ နှစ်ထောင်ကျော်သော STAရဲ့ကျန်ရှိနေတဲ့ အဖွဲ့ဝင်ရွှေပွဲလာ ပရိသတ်များပါပဲ မဟုတ်ပါလားရှင်။ ပရိသတ်မရှိပဲ ကတဲ့ပွဲ၊ ဘယ်လိုလုပ် အောင်မြင်နိုင် ပါ့မလဲနော်။ အဖွဲ့ဝင်တွေရဲ့ ညီညာဖျဖျ စုပေါင်းစွမ်းအား မပါရှိပဲ Save The Aged ( STA) ဆိုတာလည်း မဖြစ်လာနိုင်ပါဘူး….လို့။
{လွန်ခဲ့တဲ့ ၆လလောက်ထဲက မြသွေးနီမက်ခဲ့မိတဲ့ အိမ်မက်လေးကို Save The Aged ရဲ့ (၁)နှစ်ပြည့်အခါသမယ မှာ ချစ်ခင်ရပါတဲ့ အဖွဲ့ဝင်များအတွက် အမှတ်တရဖြစ်စေဖို့ စကားလုံးလေးများနဲ့ ပြန်လည်အသက်သွင်း မိခြင်းပါရှင်}
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
good.
မမရေ..အိမ်မက်အငြိမ့်လေးကိုအပြည့်အစုံလာရောက်ဖတ်ရူသွားပါတယ်..
သရဲလေးကောင်ကအငြိမ့်မင်းသမီးကိုဖြစ်ရော..ဟိဟိ
သက်ကြီးရွယ်အို ဘိုးဘွားများ၊ ကျန်းမာချမ်းသာကြပါစေ…။
သဒ္ဒါတတ်အား အလှူရှင်များ၊ လစဉ်လှူနိုင်ကြပါစေ…။
STAက တာဝန်ခံများ၊ ကွန်တက် အချင်းချင်းရပါစေ…။
STAက အမာခံများ၊ မန်ဘာကြေး မှန်မှန်သွင်းပါစေ…။
အဖွဲ့ဆိုက်တွင်ပို့စ်တင်လျှင်၊ Approve မြန်မြန်လုပ်ပါစေ..။
အဖွဲ့ဝင်အသစ်နဲ့အဟောင်းများ၊ ချစ်ခင်ညီညွတ်ကြပါစေ..။
လစဉ်အလှူခရီး လိုက်သူများ၊ ဆုံရပ်အချိန်မှန်ရောက်ပါစေ..။
ပြည်ပအလှူငွေ လွှဲလေတိုင်း၊ လက်ခံရကြောင်း ပြောပါစေ..။
ရိက္ခာထောက်ပံ့ ထွက်သူများ၊ ခရီးစရိတ်လေးရပါစေ…။
အလှူနေ့မှာ နေ့လည်စာ၊ ဒကာတော်ရှင် ပေါ်ပါစေ…။
လစဉ်အစည်းဝေး တက်သူတိုင်း၊ စံတော်ချိန်တွေ မှန်ပါစေ…။
ကောလဟလ သတင်းများ၊ ဥာဏ်နှင့်ယှဉ်ပြီး ယုံပါစေ..။
အွန်လိုင်းတက်ကာ ပို့စ်ဖတ်စဉ်၊ ကွန်နက်ရှင်လေးကောင်းပါစေ..။
အဲ့….ဒါ…..မှ… Save The Aged ကြီး အ….ဓွန့်….ရှည်…….နိုင်….မ….လေ……..။
မမရေ
STA တစ်နှစ်ပြည့်မှသည်
နောင်နှစ်ပေါင်းများစွာအထိ…
အဓွန့်ရှည်အောင်မြင်ပါစေ…..
မြန်မာပြည်တွင်းမှ ဘိုးဘွားများကို အရှည်သဖြင့် စောင့်ရှောက်နိုင်ပါစေ…..
မမနဲ့အတူ STA အဖွဲ့သားများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်….
နှင်းနဲ့မာယာ
ဒီအငြိမ့်လေးကိုဖတ်တာနဲ့ အချိန်ဘယ်လောက်ပေးပြီး အားစိုက်ထုတ်ထားရတယ်ဆိုတာ သိသာပါတယ်…
အဖွဲ့အတွက် စိတ်ရောကိုယ်ပါ အချိန်ပေးအလေးထားပြီး လုပ်ဆောင်နေတဲ့ အစ်မရဲ့ စေတနာနဲ့ ဆောင်ရွက်မှုတွေကို ချီးကျူးလေးစားမိပါတယ်..
မျက်စိထဲပုံပေါ်လာစေတဲ့ တကယ့်အငြိမ့်လိုပါဘဲ ရယ်လဲရယ်ရ.. ဖတ်လို့လဲ ကောင်းပါ့..
တစ်နှစ်ပြည့် STA အဖွဲ့ကြီးမှသည် နောင်နှစ်ပေါင်း များစွာတိုင် ခိုင်ခိုင်မာမာ တည်တံ့နိုင်ပါစေ..
အဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွှတ်စွာ ရှေ့ခရီးကို ချီတက်နိုင်ပါစေ.
ဖြေးဖြေးအေးအေးဖတ်ရင်း သဘောကျ ရယ်မောသွားပါတယ်အစ်မရေ
ဒီတခါ အဖိုးအဖွားတွေဆီသွားရင် ကက်ဆက်လေးဖွင့်ပြီး သီချင်းကို မင်းသမီးတွေကပေါ့
ပျက်လုံးကို တကယ်ထုတ်ပြီး အဖိုးအဖွားတွေကို ဖျော်ဖြေရင် ပျော်သွားမယ်ထင်တယ်နော်။
STA အဖွဲ့ကြီး နှစ်ပေါင်းများစွာ အဓွန့်ရှည်ပါစေ။ အရှိန်အဟုန်ပြင်းပြင်းနဲ့ လူမှုရေးလုပ်ငန်းတွေ
ဆက်လက်ဆောင်ရွက်နိင်ပါစေ။
ဝင်ရောက်ဖတ်ရှုသွားပါကြောင်း
မမရေ .. စိတ်ကူးယဉ်အိပ်မက် အခမ်းအနားလေး အပြင်မှာလက်တွေ့တစ်ကယ်ဖြစ်လာရင် သိပ်ကောင်းမှာပဲနော် .. (၂)နှစ်ပြည့်လေးမှာ ဒီလိုလေးလုပ်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးစားကြမယ်ဆိုတာ အရမ်းကိုမျှော်လင့်လျှက် …
ညလေး(သရဲလေးကောင်)
အငြိမ့်ပွဲမိုးလင်းပေါက်ကြည့်ပြီး လက်ခုပ်တဖြောင်းဖြောင်းမြည်အောင်တီး အားပေးသွားတယ်ဗျို့
STA အဖွဲ့ကြီးရှေ့ဆက် အကျိုးဆောင်နိုင်ပါစေ…..
မိုက်တယ်ဂျာ … ၀ါးလက်ခုတ်ကြီးနဲ့ ကောင်းကောင်းကြီး ကဲပလိုက်မယ် …
🙂
မမရေ..စိတ်ကူးကောင်းကောင်းနဲ့ကြိုးစားရေးသားထားတဲ့အိမ်မက်အငြိမ့်လေးကို
လာဖတ်သွားပါတယ်..
မမရေ.. တနေ.တော့ စိတ်ကူးကို လက်တွေ.ဖြစ်အောင် ကြိုးစားကြတာပေါ့
မျက်စိထဲတောင် မြင်ယောင်လာတယ်…အဟီး
အသက်လည်းဝင်တယ်….ဂွတ်ရှယ် :)))
အမရေ ဒီပို့စ်လေးကို ဖတ်ပြီး ကိုယ်တိုင် တကယ်ကြီး ပါဝင်ခွင့်ရခဲ့သလိုမျိုး ခံစားမိပါတယ် အကြောင်းအမျိုးမျိုးကြောင့်မလုပ်နိုင်ခဲ့တာကိုလည်း နားလည်မိပါတယ် ….အရမ်းလည်း ပျော်ရွင်ရယ်မောဖို့ကောင်းပါတယ် ….နောက်များ အခွင့်သာမယ်ဆိုရင်တော့ အဲဒီထဲကအတိုင်း နွဲလိုက်ချင်ပါသေးတယ် ဗျာ….
တကယ်လေးစားပါတယ် အစ်မ မြသွေးနီ…….အိမ်မက်မဟုတ် တဲ့ တနေ့ အမြန်ရောက်လာပါစေလို့ ဆုတောင်းရင် ( အံကြိတ်လို့တဖုံ၊ မျက်လုံးပြုးလို့တစ်မျိုး၊ ချော့တစ်ခါ ခြောက်တလှည့်၊ နဖူးကချွေး ခြေမသို့ ဒီးဒီးကျအောင် မျက်လုံးဒေါက်ထောက် ကြည့်ရင်း ပေါ့ ) 🙂
မကြီးရေ..အပြင်မှာလည်းမောင်လေးက ဗလတောင့်တာဗျ..စိတ်ချတာဝန်အပြည့်နဲ့ကို အံကြိတ်ပြီးအစွမ်းကုန်ထမ်းဆောင်မှာဗျ….တာဝန်ယူခွင့်ရတဲ့အတွက်မကြီးကိုအရမ်းကျေးဇူးတင်ပါတယ်ဗျ…
အပြင်မှာလည်းဒီတိုင်းပဲတစ်ပွဲလောက်နွှဲလိုက်ချင်သေးတယ် မကြီးရေ………
ဟေး ………..
ဖြောင်းးဖြောင်းးးဖြောင်းးးးး
ဂွတ်ထ … အမတော်ရေ 🙂
ဂယ်…….ကောင်း……
တကယ်ကြီးကောင်းတယ်ပြောတာပါ
ကောင်းလိုက်တာ…………………။
မမ ရေ .. အပိုင်း (၃)ခုလုံးပြီးတဲ့အချိန်မှာ ပြီးပြည့်စုံကောင်းမွန်တဲ့ အငြိမ့်ပြဇာတ်တပုဒ်ကို ကြည့်လိုက်ရသလိုပါပဲ .. ၀မ်းစာမပြည့်ဝဖူးရယ်လို့တော့ မပြောပါနဲ့အမရယ် .. ဟာကွက်မရှိပါဘူးးးးးးးးးးးးးးးးးးးးးး ..ဖန်တီးမှုက လည်း ရုပ်လုံးကြွ . ခံစားမှုအစစ်တွေ ထည့်ထားတော့ တကယ့် အငြိမ့်ပွဲအလား မျက်လုံးထဲ မြင်လာရတယ် ။
STA ရဲ့နာမည် ထားဝရရှင်သန်အောင်မြင်ပါစေ ။။။။။။။။။။ ဆုမွန်ကောင်းတောင်းလျက် ………… အားပေးဖတ်ရှုသွားပါ၏ ။။
အငြိမ့်ပွဲကြည့်သွားပြီး သဘောကျသွားပါတယ်။
ညီမ မလာနိုင်ပေမဲ့ ဒီပို့စ်လေး ဖတ်ရင်း ကိုယ်တိုင်လာကြည့်ရသလို ခံစားရပါတယ်၊ကျေးဇူးပဲနော်မမရေ။
တစ်ကယ် က ရင် ဒါရိုက်တာ လုပ် ချင် ပါ တယ် အစ်မ ပြော လို့ ကျနော် စဉ်းစားထားတဲ့ ပုံ စံ လေး တွေ အများြ့ကီးဗျ
good ထပါပဲ အမမြသွေးနီရေ……။တကယ်ကိုရယ်ရပါတယ်……အရမ်းလဲကောင်းပါတယ်ဗျာ…….။
“ အဓွန့်ရှည်စေ STA ”
( သက်ကြီးရွယ်အို ဘိုးဘွားများကို….ဖေးမကာရယ်…
လူငယ်များပေါင်းစည်းလို့ စွမ်းအားနဲ့….လက်တွဲကူမယ်…
အဖိုးအဖွားများ ကျန်းမာချမ်းသာ…
ဘေးဘယာကင်းဝေးကြပါစေကွယ်…
ဆုမွန်ချွေကာ နှုတ်ခွန်းဆက်တယ်.. )
{{ STAက ဖေးမကာ…ကူမယ်…
STAက စာနာကာ…သနားတတ်တယ်….
STAရဲ့ မေတ္တာက… လှိုင်လှိုင်ဝေဖြာတယ်….
STA၀ိုင်းတော်သားများ…စိတ်လက်တူကာ ဖြူစင်တယ်…}}
( ၁နှစ်ပြည့် မင်္ဂလာ… ဒီအချိန်ခါဝယ်..
ရွှေပွဲလာများကိုလည်း … မေတ္တာဝေတယ်…
နောင်နှစ်မှာလည်း.. ယခုလို…ပြန်ဆုံမယ်…
သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေးအသင်းကြီး…
အဓွန့်ရှည်ကာ… တည်မြဲပါစေကွယ်…..}
တကယ့်ကို မင်္ဂလာရှိစေတဲ့၊ ကျက်သရေရှိစေတဲ့ အားအင်အသစ်တွေရှိစေတဲ့ STA ရဲ့ အိပ်မက်အငြိမ့်ပွဲလေးပါပဲဗျာ …. စ ၊ လယ် ၊ ဆုံး အကောင်းဆုံးဖြစ်အောင် ဖန်တီရေးသားခဲ့တဲ့ အမ မမြသွေးနီကို ကျေးဇူးတင်လေးစားလျှက်ပါ။။
အငြိမ့်လေးထဲမှာ ပါဝင် ဖျော်ဖြေတဲ့ အဖွဲ့ဝင်မောင်နှမ များအားလုံးကို လေးစားအားကျ ဂုဏ်ယူစွာ အားပေးသွားပါတယ်နော်.. မမရေ အိမ်မက်အငြိမ့် 3 ပိုင်းလုံးကို ဒီနေ့မှတစ်ထိုင်တည်း ပြီးအောင် ကြည့်လိုက် အဲ.. ( ဖတ်လိုက် ) တာ.. အရမ်း အရသာ ရှိပါတယ်နော်.. မမရဲ့ အဖွဲ့ပေါ် ပေးဆပ်နေတဲ့ ကာယ စွမ်းအား၊ ဥာဏ်ဏ စွမ်းအားတွေကို လေးစား ဂုဏ်ယူစွာ အားရ ပါးရ လက်ခုပ်တီး အားပေးသွားပါတယ်…. ရွှီး…………………… ဖြောင်းး … ဖြောင်းးး…..ဖြောင်းးးး…………………
လူရွှင်တော်တွေရော မင်းသမီးတွေရော
ဇာတ်ဆရာရော အကုန်လုံးကို အားပေးသွားပါ၏ ။
မရေ…
နောက်ထပ် အစီအစဉ် ရှိရင်ပြောနော် ဧည့်သည် သရုပ်ဆောင် ပဲလုပ်ရ လုပ်ရပေါ့ …ဈေးရောင်းရင်း ခဏလာ က မယ်လေ နော် ….း)) ။
အားရပါးရ ဖတ်ပြီးတော့ မျက်လုံးထဲမှာ အားလုံးက ဆိုင်းတီးသူ ရော က သူရော လူရွှင်တော်တွေရော အားလုံးကို မျက်လုံးထဲမှာ မြင်နေတယ် …. အရမ်းကောင်းတယ် မ ရေ ဇာတ်ညွှန်းရေးလို့ တောင်ရနေပြီနော် မ အားလုံး ပာာကွက် မရှိဘူးလေ ဖတ်ရတာ တကယ်ကြည့်နေရသလိုပဲ …… ။
((((((( ဖြောင်း..ဖြောင်း…ဖြောင်း ..))))))))))) အရမ်းကောင်းတယ် နောက်တကြိမ် ထပ်က ပါဦးဗျို့  …း))
တကယ်ကောင်းပါတယ်…..
ဒါနဲ့စကားမစပ်အဲဒီညက မမြသွေးနီတစ်ယောက်ဘယ်ရောက်.. ????
မမြသွေးရေ ရယ်ရတယ် ဟိဟိ
၁ နှစ်ပြည့်မှသည် နောက်နှစ်ပေါင်း များစွာ တိုင်ပါစေ နော်
မမြသွေးရေ ပြဇာတ်ဇာတ်လမ်းလေး ကောင်းတယ်ဗျာ။ မောင်မျိုးမင်း ကြွေလောက်တယ်။
မမရေ..
မြကျွန်းညိုညိုပန်းခြံကြီးထဲကို တကယ်ရောက်ခဲ့သလို STA မောင်နှမအားလုံးနဲ့ တကယ့်ကိုရင်းရင်းနှီးနှီး ဆုံကြ
ရသလို ခံစားလိုက်ရတယ်။ ရွာစားကိုကြီးရဲ့ လက်သံကလည်း အရမ်းကောင်းတယ်. မင်းသမီးလေးတွေကလည်း
လှပလို့..။ တနေ့တော့ ခုလိုမျိုးတကယ့်အငြိမ့်နဲ့ စည်စည်ကားကား ဖြစ်လာပါစေလို့လည်း ဆုတောင်းနေမိတယ်။
STA အဖွဲ့ကြီးလည်း အဖွဲ့ရဲ့မောင်နှမအင်အားတွေနဲ့ ဆက်လက်မောင်းနှင်နိုင်ပြီး အဖွဲ့ကမောင်နှမအားလုံးလည်း စိတ်ကျန်းမာ၊ကိုယ်ကျန်းမာပြီး လိုအပ်သောဆန္ဒတွေအားလုံး အကောင်အထည်ဖေါ်လုပ်ဆောင်နိုင်ကြပါစေ..။
ခုမှရောက်လာရတာ သဒ္ဓါ့ကို ခွင့်လွှတ်နားလည်ပေးပါနော်မမမြသွေး…
ချစ်တဲ့
ညီမသဒ္ဓါ