စိတ်အသစ်နဲ့လူ

Number of View: 3314

ဒီပို့စ်လေးကို မစခင်… တစ်ခု အရင် ပြောပြချင်ပါတယ်။ ကျွန်မရဲ့ဘလော့ဂ်မှာ လေးစားထိုက်သူများ ဆိုပြီး ခေါင်းစဉ်တစ်ခု ခွဲထားတာကို တွေ့ရမှာပါ။ ဒီခေါင်းစဉ်လေးရဲ့ အောက်မှာ လူတန်းစားအမျိုးမျိုး၊ အလွှာအသီးသီးက လူအမျိုးမျိုးတို့ရဲ့ လေးစားထိုက်တဲ့ အမူအကျင့်နဲ့ သူတို့ ဘာတွေ လုပ်ခဲ့တယ် ဆိုတာကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာကျော်ကောင်း ကျော်သွားလိမ့်မယ်၊ ဒါမှမဟုတ် သူတို့ ပါတ်ဝန်းကျင်မှာ   မွှေးပျံ့တဲ့ ဂုဏ်သတင်း ကျန်ရစ်ခဲ့မယ်၊ ဒါမှမဟုတ် ဘယ်သူမှတောင် မသိလိုက်တဲ့ ကိစ္စတစ်ခုလည်း ဖြစ်ကောင်း ဖြစ်နေမယ်။ ဒါပေမယ့် သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်မရဲ့ ရင်ထဲမှာ   လေးစားလောက်တယ်.. စံနမူနာ ထားလောက်တယ်လို့ မှတ်ကျောက်တင် ခံရမယ့်သူတွေ   ဖြစ်နေတာကတော့ အသေအချာပါဘဲ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူကလူငယ်လေးတစ်ဦးပါ။

သူ့အသက်က၂၄နှစ်။ သူ့ဝါသနာက ဂရပ်ဖစ်ဒီဇိုင်းနာ တစ်ယောက်ဖြစ်ဖို့ပါ။ သူ့အိမ်စီးပွားရေးက သိပ်မပြေလည်လှပါဘူး။ လက်ရှိ သူအလုပ်လုပ်   နေတဲ့ မြို့ထဲကရုံးမှာဘဲ ညအိပ်နေခွင့်သူရတယ်။ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ရှိတဲ့ သူအိမ်ကိုတော့ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေမှ သူပြန်တယ်။ အခု လက်ရှိရုံးမှာ သူ့အထက်စီနီယာတွေစီကနေ ဂရပ်ဖစ်ဒီဇိုင်းပညာကို သင်ယူနေသူတစ်ဦးပါ။ သူက နှုတ်လည်းနည်းတယ်၊ အလုပ်ကိုလည်း    လေးလေးစားစားနဲ့ လုပ်တတ်လို့ လူကြီးတွေက သူ့ကိုသဘောကြတယ်။ သူ့မှာ ထူးခြားတာက ဘာသာရေးကို လေးလေးနက်နက် လုပ်တယ်။ ညနေ ၆နာရီ တစ်ကြိမ်၊ မနက် ၆နာရီတစ်ကြိမ်၊ တစ်နေ့၂ကြိမ် ရွှေတိဂုံဘုရားကို မပျက်မကွက် ပုံမှန်တက်တယ်။ သူ ဘုရားကို နေ့စဉ် သွားရတဲ့ အကြောင်းကို ကျွန်မဘာလို့ အဓိကထား ပြောနေရသလဲဆိုတော့ ကျွန်မဒီပို့စ်လေး   ရေးဖြစ်တာဟာ သူဘုရားတက်ရင်း ကြုံတွေ့ခဲ့ရတဲ့ ကိစ္စက အဓိကအကြောင်းရင်း   ဖြစ်နေလို့ပါဘဲ။

အဲ့ဒီနေ့ညနေ ရုံးဆင်းချိန်နောက်ပိုင်း ထုံးစံအတိုင်းသူ ဘုရားကို သွားခဲ့တယ်။ အဲ့ဒီနေ့က သူအဓိဋ္ဌာန်ဝင်တာရက် (၆၀)ပြည့်တဲ့ နောက်ဆုံးနေ့ရက်။ ပုတီးအမြဲ စိတ်နေကြ ရှင်စောပုဘုရားနားက စေတီလေးနားကို သူဖြတ်အသွား သူ့ခြေထောက်က တစ်စုံတစ်ခုကို တက်နင်းမိတယ်။ ကြည့်လိုက်တော့   ရွှေရောင်းဝင်းအိနေတဲ့ ကြိုးပျော့လက်ကောက်လေးတစ်ကွင်း၊

ပါတ်ဝန်းကျင် ဘယ်ညာကို သူကြည့်လိုက်တော့ သူ့ကို ဂရုပြုမိတဲ့သူ ဘယ်သူမှမရှိ။ သူ့ဟာသူ သတိမထားမိခင်မှာဘဲ တဖြတ်ဖြတ် လက်နေတဲ့ အဖြူရောင်စိန်ပွင့် သေးသေးလေးတွေပါတဲ့ ဒီရွှေလက်ကောက်လေးကို သူ့ရှပ်အိင်္ကျီ ညာဘက်အိပ်ကပ်ထဲ ကောက်ယူ ထည့်လိုက်မိတယ်။ လက်ကောက်လေးက အလေးချိန်   တော်တော် စီးပုံရတယ်။ အိတ်ထဲမှာ   လေးပြီး အေးနေတဲ့ အတွေ့ကိုရတယ်။ ဒါပေမယ့် သူ့ရင်တွေကတော့ ရုတ်ချည်း ပူလောင်လာသလို ခံစားလာရပြီး ရင်ထဲမှာလည်း တစ်ဒိတ်ဒိတ် ခုန်လာတော့တယ်။

အဓိဋ္ဌာန်ပုတီး စိတ်မယ့်နေရာရောက်တော့ ထုံးစံအတိုင်း ဘုရားရှိခိုးပြီးတော့ ပုတီးစစိတ်တယ်။  ဒါပေမယ့် အိတ်ကပ်ထဲက လက်ကောက်လေးက သူ့အာရုံကို ရှုပ်ထွေးအောင် တော်တော်လုပ်နေပါပြီ။ သူ… စိတ်ပုတီးထဲ အာရုံနှစ်ထည့်ကြည့်တယ်။ မရဘူး။ သူ့အတွေးတွေက လက်ကောက်လေး ဘယ်လောက်တန်ကြေးရှိမလည်း တွေးနေမိပြီ။ သူ.. စိတ်ပုတီးဆီ အာရုံပြန်နှစ်တယ်။ မရပါဘူး။ အတွေးတွေက အိတ်ကပ်ထဲက လက်ကောက်လေးဆီမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတယ်။

“ ပြန်ရောင်းရင်   တော်တော်ရမှာ…၊ အင်း… ကွန်ပြူတာလေး တစ်လုံးလောက် အပိုင် ၀ယ်ချင်နေတာနဲ့ အတော်ပဲ၊ ဟာ… ငါ့စိတ်တွေ မဟုတ်သေးပါဘူး..” ဆိုပြီး အာရုံကို ပြန်စုစည်း၊ စိတ်ပုတီးထဲမှာ အာရုံပြန်ထည့်၊  သူဘယ်လိုဘဲ အကြိမ်ကြိမ် ကြိုးစားပေမယ့် အချည်းနှီးပါဘဲ။ အဆုံးတော့ သူစဉ်းစားပြီး ယတိပြတ် ဆုံးဖြတ်ချက်ချလိုက်တယ်။

“ အင်း…. ဒီနေ့ဟာ ငါအဓိဋ္ဌာန်ဝင်တာ နောက်ဆုံးရက်၊ ဒါတွေဟာ အနှောက်ယှက်တွေ၊ ငါ့သမာဓိကို စမ်းနေပြီ၊ ငါ့ရဲ့ ရိုးသားတဲ့ စိတ်ကို ဒီလက်ကောက်လေး တစ်ကွင်းနဲ့ ငါ မလဲလှယ်နိုင်ဘူး၊ ငါ့စိတ်တွေတောင် ဒီလောက် ပူလောင်နေရရင် ပစ္စည်းပိုင်ရှင်ဆို ဘယ်လောက်များ   သောကရောက် နေရှာမလဲ..၊  အဓိဋ္ဌာန်ပုတီးက အချိန်နဲ့ စိတ်ရတာဆိုတော့ ပုတီးစိတ်ပြီးတာနဲ့ ပိုင်ရှင်ကို ငါတွေ့အောင် ရှာပြီး ပြန်ပေးရမယ် ”

သူ ဒီလို စိတ်နှလုံးဒုံးဒုံးလည်း ချလိုက်ရော အံ့သြစရာ။ သူဟာ ပုတီးကို အနှောက်ယှက်ကင်းစွာနဲ့ ပြီးဆုံးတဲ့အထိ စိတ်လိုက်နိုင်တယ်။ အပြီးမှာတော့ သူဟာ ဘုရားပေါ်က ရှိသမျှ တန်ဆောင်းတွေစီ တစ်ခုဝင် တစ်ခုထွက်နဲ့ လက်ကောက်ပိုင်ရှင် ရှာပုံတော် ဖွင့်ပါတော့တယ်။ ဒီလိုနဲ့ ရှာလာလိုက်တာ တနင်္ဂနွေထောင့်မှာရှိတဲ့ မင်းကွန်းခေါင်းလောင်းကြီးရှိရာ တန်ဆောင်းလည်း   ရောက်ရော အသက်၄၀၀န်းကျင် အမျိုးသမီးတစ်စု ဆူဆူညံညံနဲ့ ဟိုဟိုဒီဒီ ရှာနေတာတွေ့လိုက်ရတယ်။ ကံကောင်းထောက်မစွာ သူတို့ထဲက တစ်ယောက်ဟာ လက်ကောက်ပိုင်ရှင် ဖြစ်နေတယ်။ ပိုင်ရှင်ဖြစ်သူဟာ ဆရာမတစ်ဦးဖြစ်ပြီး နယ်ကနေ ရန်ကုန်ရောက်နေသူ တစ်ဦးလည်းဖြစ်တယ်။

သူက ”  ပစ္စည်းတစ်ခုခုများ ပျောက်နေသလားခင်ဗျာ.. “လို့ မေးတော့ ကြိုးပျော့လက်ကောက်တစ်ကွင်း ဘုရားပေါ်မှာ ပျောက်သွားခဲ့ကြောင်း၊ တန်ဘိုး ရှစ်သိန်းခန့်တန်ကြောင်း၊ အခု ဆွဲထားတဲ့ ဆွဲကြိုးနဲ့ ဒီဇိုင်းတစ်မျိုးထဲ   ဖြစ်ကြောင်း၊ မိဘအမွေအနှစ်ဖြစ်လို့ နှမြောမိကြောင်း ပြောပြတယ်။ ဒါနဲ့သူလည်း အိတ်ကပ်ထဲက ဒီဇိုင်းတူ ကြိုးပျော့လက်ကောက်ကို ထုတ်ပေးလိုက်တယ်။ ဆရာမခမျာ ၀မ်းသာလွန်းလို့ ကျေးဇူးတင်စကားကို ဗလုံးဗထွေး ပြောရှာတယ်။ နောက်… သူ့ကို ကျေးဇူးဆပ်ပါရစေဆိုပြီး လက်ကိုင်အိတ်ထဲက တစ်ထောင်တန် ငွေစက္ကူတစ်အုပ် ချက်ခြင်း ထုတ်ပေးတယ်။ လက်ခံဘို့လည်း အတင်းတိုက်တွန်းတယ်။

သူ့ရဲ့ ကိုယ်ကျင့်တရားကို ငွေတစ်သိန်းနဲ့ သူတန်ဖိုးမဖြတ်ရက်ဘူး။ ဒါကြောင့် ယဉ်ကျေးစွာနဲ့ဘဲ သူငြင်း ပယ်လိုက်တယ်။ တန်ဆောင်းထဲက ထွက်လာတော့ သူ့ကို ဆရာမနဲ့အဖွဲ့က တအံ့တသြကြည့်ရင်း ကျန်ခဲ့ကြတယ်။

လမ်းလျှောက်လာတဲ့ သူ့ခြေဖ၀ါးနဲ့ ရင်ပြင်တော်က.. စကျင်ကြွေပြား ခင်းလမ်းနဲ့ ထိတိုင်းထိတိုင်းမှာ အေးမြမှုကို ခံစားသိနေတယ်။ သူ့ရင်ထဲမှာလည်း အတိုင်းမသိ အေးချမ်းနေတယ်။ အမည်မဖော်နိုင်တဲ့ ပီတိကို စားသုံးခွင့် ရလိုက်လို့ပေါ့။

ကားမှတ်တိုင်ရောက်တော့ အိတ်ကပ်ထဲက ဘတ်(စ)ကားခကို သူ ထုတ်လိုက်တယ်။ သူ့လက်ထဲမှာတော့ ငါးရာတန်တစ်ရွက်နဲ့  ငွေစက္ကူ အကြွေ အချို့သာ…။

( သူ့နာမည်ကို ကိုပိုင်လို့ပဲ မှတ်ထားပေးပါ။ ဒီအကြောင်းလေးကို ကိုပိုင့်ရုံးက ဆရာကိုယ်တိုင် ပြောပြလို့ သိခွင့်ရခဲ့တာပါ။ သူ့လို ကိုယ်ကျင့်တရား   ကောင်းသူ၊ လောဘစိတ်ကို ချုပ်ထိမ်းနိုင်သူဟာ ရှိတော့ရှိတယ်။ ရှားပါတယ်။ ဒီအကြောင်းလေးကို ကျွန်မဘလော့ဂ်ရဲ့   လေးစားထိုက်သူများ   ခေါင်းစဉ်ရဲ့ အောက်မှာ ထည့်ဖို့ ဆုံးဖြတ်လိုက်မိပါတယ်။ သူ့ကို ခွင့်မတောင်းဘဲ ရေးမိပေမယ့် ကိုပိုင်သိရင် ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်။ )

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in လေးစားထိုက်သူများ. Bookmark the permalink.

One Response to စိတ်အသစ်နဲ့လူ

  1. ခဏတာအချိန်လေးတွင်းမှာ သူ့စိတ်ကိုနိုင်သွားတယ်နော် အားကျစရာ အတုယူစရာပါ ကိုယ့်လိပ်ပြာ ကိုယ့်လန့်ပြီး သန့်အောင် ကြိုးစားသူကို တကယ်လေးစားမိတယ်ခင်ဗျာ
    တကယ်လေးစားမိပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>