မဟူရာအလင်းနေ့

Number of View: 7263

လစဉ် အလှူတစ်ခုပြီးတိုင်း အဲ့ဒီအလှူခရီးရဲ့ပို့စ်ကို အဖွဲ့ရဲ့ဆိုက်မှာ မတင်နိုင်မချင်း စားလည်း ဒီစိတ်၊ သွားလည်းဒီစိတ်နဲ့ မြသွေးနီတစ်ယောက် ဘာလုပ်လုပ် စိတ်မဖြောင့် အမြဲဖြစ်ရပါတယ်။ အလှူခရီး တစ်ခုပြီးဆုံးတိုင်း အတူမလိုက်ဖြစ်နိုင်တဲ့ ပြည်တွင်း+ပြည်ပက အဖွဲ့ဝင်များ၊ အလှူရှင်များကို ခရီးရဲ့ အတွေ့အကြုံတွေကို အမြန်ဆုံးမျှဝေလိုတဲ့ စိတ်က ကျွန်မကို အမြဲဖိစီးထားပါတယ်။ တနလာင်္ရဲ့ သဘောက လည်း အလုပ်များလေတော့ အလုပ်နဲ့ အားလပ်အချိန် အပြန်အလှန် လွန်ဆွဲနေရပါတယ်။ ဒါနဲ့ စနေနေ့ထဲက ရေးထားတဲ့ ကိုရီးရဲ့ အင်တာဗျူးလေး အရင်တင်လိုက်ပြီး အလုပ်အားလပ်မယ့် အချိန်နဲ့ မုဒ်ဝင်မယ့်အချိန် ထပ်တူကျဖို့ စိတ်သွင်းနေမိပါတယ်။ စာဆိုတာကလည်း မုဒ်လေးဝင်တုန်း သွေးနွေးတုန်း ဆက်တိုက်ရေး လိုက်ရင် ချောနေတာမျိုးပါ။ ရေးနေတုန်း ဖုန်းဝင်၊ အလုပ်နဲ့ ပါတ်သက်တာတွေ ဖြေရှင်း၊ စာကို ပြန်ရေးနဲ့ အာရုံတော်တော် နောက်ရပါတယ်။ အခုဒီပို့စ်လေးကို ရေးမလို့လုပ်လိုက်၊ အလှူနေ့က ဖြစ်စဉ်တွေက ဖလက်ရှ်ဘက်ခ်လို မျက်လုံးထဲ ပြန်ပေါ်နေလိုက်မို့ စိတ်အလျှင်ကို လက်က ချမရေးနိုင်ဖြစ်နေတာ ညနေ ၅နာရီထိုးတဲ့ အထိပါဘဲ။

ဒီတစ်ခေါက် ဇွန်လ ပရဟိတအလှူအတွက် ကျွန်မတို့ Save The Aged အဖွဲ့က ရွေးချယ်လိုက်တဲ့ နေရာလေးက အရင်အလှူများနဲ့ မတူတဲ့၊ ကျွန်မတို့ အဖွဲ့ တစ်ခါမှ မသွားဘူးသေးတဲ့ အပြစ်မဲ့ အပယ်ခံများရဲ့ သီးခြားနယ်ပယ်လေး တစ်ခုလို့ ပြောလို့ရတဲ့ မှော်ဘီမြို့နယ်မှာရှိတဲ့ မရမ်းချောင် အနာကြီးရောဂါသည်များရဲ့ စခန်းပဲ ဖြစ်ပါတယ်။ ဒီခရီးကို မစခင်ထဲက အဖွဲ့ရဲ့ ဆိုက်မှာ သေချာ ကြေငြာထားခဲ့ပြီး Dr. နတ်စိုးကလည်း အပြစ်မဲ့အပယ်ခံ ပို့စ်လေးနဲ့ လူနာတွေရဲ့စိတ်မှာ အနာတရမဖြစ်ရလေအောင် အဖွဲ့ဝင်တွေကို ခတ်ရှရှလေး ကြိုတင် မိတ်ဆက်ပေးထားခဲ့ပါတယ်။ ဒီနေရာမှာ ကြားဖြတ်လို့ ကျွန်မရှေ့ဆက်ရေးမယ့် နေရာမှာ အနာကြီး ရောဂါသည်များ ၊ ဝေဒနာရှင်များလို့ မသုံးပဲ အများသူငှါသုံးနေကြဖြစ်တဲ့ နာမ်စား ” သူတို့” လို့ သုံးနှုန်းသွား ပါ့မယ်။ ဘာလို့လည်းဆိုတော့ သူတို့ကို ဒီလိုထိရှတဲ့ အသုံးအနှုန်းတွေ အောက်ကနေ ပယ်လွင့်စေချင်တဲ့၊ လူတွေထဲက ဘာဆိုဘာမှ မခြားနားတဲ့ လူတွေလို့ ကျွန်မရင်ထဲက လှိုက်လှဲစွာ ခံစားမိလို့ပါဘဲ။

ကဲ.. ဆက်လိုက်ကြအောင်။ တကယ်တမ်း ၂၀.၆.၂၀၁၀ မနက်၊ ဆုံရပ်ကို ရောက်တော့ အတူလိုက်ပါမယ့် အဖွဲ့ဝင်တွေက အရင်တစ်ခေါက်နဲ့ မခြား။ ကားကြီးတစ်စီးမဆန့်လို့ BM တစ်စီးပါထပ်ငှား။ လှူဘွယ်ရာတွေကို ကားကြီးပေါ် တင်အပြီးမှာတော့ ဆုံရပ်(၂) က အဖွဲ့ဝင်တွေကို ခေါ်ပြီး ရန်ကုန်မြေကနေ ၉နာရီခန့်မှာ စတင်ထွက်ခွာခဲ့ပါတယ်။ ဒီတစ်ခေါက်မှာ အားရ၀မ်းသာစရာက အဖွဲ့ဝင်မျက်နှာသစ် အများအပြား ပါဝင်လာတာကို တွေ့ရလို့ပါဘဲ။ လမ်းတစ်လျှောက် အဖွဲ့ရဲ့ ပျော်တော်ဆက်များကလည်း ပါးစပ်မစေ့ရအောင် ဟာသများနဲ့ အသောဖောက်ပါတယ်။ လှည်းကူးရောက်တော့ ကျွန်မတို့ အနောက်မှာ ကျန်ခဲ့တဲ့ BMကားကို ခဏစောင့်ကြရင်း BM မှီလာချိန်မှာ မရမ်းချောင်ကို ခရီးဆက်ခဲ့ကြပါတယ်။ လမ်းခရီးတလျှောက် Dr.နတ်စိုးပြင်ဆင်လာတဲ့ အဖွဲ့ရဲ့ သီချင်းနှစ်ပုဒ်ကို သံပြိုင်ဆိုကြပါတယ်။ နောက် ရိုးရှင်းတဲ့ဘ၀၊ ဖြေသိမ့်လိုက်၊ သဘာဝရဲ့ရင်သွေးငယ် နဲ့ နဂါးနီပါမကျန် သံပြိုင်ဆိုကြပါတယ်။

မှော်ဘီရောက်တော့ ၁၁နာရီကျော်လေပြီ။ မြသွေးနီတို့ကားကြီးက ရွာအ၀င်မှာ ဘီးပေါက်လေတော့ အားလုံး တက်ညီလက်ညီ လမ်းလျှောက်ကြပါလေတယ်။ ဂေဟာရောက်တော့ ဂေဟာမှာ တာဝန်ရှိ လူကြီးများက ကြိုဆိုပါ တယ်။ ကလေးငယ်များကလည်း အုပ်စုဖွဲ့ စောင့်နေကြလေပြီ။ သူတို့ကတော့ ဂေဟာရဲ့ ခန်းမမှာ စုရုံးရောက်ရှိ စောင့်နေကြလေပြီ။ ကျွန်မတို့လိုပဲ လာရောက်လှူဒါန်းတဲ့ ” Equation” အဖွဲ့က အရင်ရောက်နှင့်နေပြီး သူတို့အတွက် လှူဒါန်းနေကြပါတယ်။

Save The Aged အဖွဲ့လည်း မိမိတို့ရဲ့အလှူအစီစဉ်အတွက် စောင့်နေချိန်မှာ အလကားမနေပဲ အပြင်မှာ ရှိနေတဲ့ သူတို့ရဲ့ ကလေးငယ်များနဲ့ ရွာထဲက အခြားသူတို့နဲ့ စကားပြော၊ သီချင်းဆို၊ ကလေးများနဲ့ ကတမ်းခုန်တမ်း ကစားပြီး မုန့်များပေးဝေကာ နွေးထွေးစွာ အဖော်ပြုပေးကြပါတယ်။

မြသွေးနီလည်း ဒီရက်မတိုင်ခင် အွန်လိုင်းမှာတွေ့ပြီး ဖြစ်တဲ့ ဆေးပညာလောက (ning site) ရဲ့ Admin – တောကျီးကန်း ရောက်နေတယ်လို့ ဂေဟာရဲ့ ဥက္ကဋ္ဌကပြောလို့ သူ့ကို အပြေးလေး သွားရှာလိုက်ပါတယ်။ သူဟာ ဒီမရမ်းချောင်ဂေဟာက သူတို့အတွက် ကျန်းမာရေးဆေးကုသမှုကို ပုံမှန် တာဝန်ယူထားသူ ပရဟိတ လူငယ်ဆရာဝန် တစ်ဦးပါ။ တောကျီးကန်းနဲ့ အပြင်မှာ အခုမှတွေ့ဘူးလေတော့ ၀မ်းသာအားရ စကားပြော ဖြစ်ပါတယ်။ နောက်သူက ဆေးပညာလောကအဖွဲ့ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊နောက်.. သူတို့အားလုံးကို ရွှေတိဂုံ ဘုရားဖူးခေါ်သွားပုံ၊ မျက်စေ့ခွဲစိတ် ကုသမှုပေးပုံတွေကို ဓာတ်ပုံ မှတ်တမ်းများနဲ့ တကွပြောပြပါတယ်။ သူနဲ့ စကားခဏ ဖြတ်ပြီး မြသွေးနီ ပင်မ အဆောင်ရှိရာကို ပြန်ပြေးရပါလေတော့တယ်။

ပြန်ရောက်တော့ ရွာခံကလေး၊ လူကြီးများကို သီချင်းဆို ဖျော်ဖြေတင်ဆက်နေတဲ့ နေရာမှာ လူတွေပွဲစည် နေကြပြီး ရွာခံများက ပြန်လည်ပြီး သူတို့တတ်နိုင်သလောက်လေးနဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ ခရေပန်းကုံးများ၊ စပယ်ပန်း ကုံးလေးများကို အမှတ်တရ စွတ်ပေးရှာ ကြပါတယ်။

ပန်းကုံးလေးတွေနဲ့ အဖွဲ့က မောင်ညီမလေးတွေရဲ့ မျက်နှာမှာ ပီတိတွေ လှိုင်လှိုင်ဝေနေတာပါပဲရှင်။

” Equation” အဖွဲ့ရဲ့ အစီအစဉ်လေး အပြီးမှာတော့ ကျွန်မတို့ သူတို့ကို နေ့လည်စာထမင်း တည်ခင်းကျွေး ပါတယ်။

ကျကျနန သေချာချက်ထားတဲ့ ကြက်သားနဲ့အာလူးဟင်း၊ ငပိကြော်၊ သီးစုံကုလားဟင်းမွှေးရနံ့က ထမင်းစား ဆောင်ထဲမှာ ပျံ့လွင့်နေပါတယ်။

အမျိုးသား၊ အမျိုးသမီး ထမင်းစားဆောင်ခွဲထားပြီး သူတို့အားလုံးက ထမင်းမစားခင် အလှူရှင်တွေကို ဆုတောင်း မေတ္တာ ပို့သကြပါတယ်။

တချို့လမ်းမလျှောက်နိုင်သူများကတော့ မိမိရဲ့ နေရာ ကုတင်လေး များပေါ်မှာ သနားဂရုဏာ သက်စဖွယ် စားကြရပါတယ်။ ထမင်းစားစဉ်မှာ အဖွဲ့သူ၊ အဖွဲ့သားများ အားလုံးဟာ ဇာတ်မတိုက်ထားရပဲ သူတို့ရဲ့ ယိုစီး ကျလာတဲ့ စာနာမေတ္တာစိတ်အဟုန်ရဲ့ ရိုက်ခတ်မှုနဲ့ အတူ သူတို့အားလုံးရဲ့ နဘေးမှာ ကိုယ်စီဂရုတစ်စိုက် ယုယလို့၊ သူတို့တွေရဲ့ မရှိတော့တဲ့ လက်ချောင်းလေးများ နေရာမှာ မိမိတို့ရဲ့ လက်ချောင်းလေးများကို အသုံးပြုပေးလို့ အသားလေးတွေ နွှင်ပေးကြ၊ ထမင်းတွေ ခွံ့ကျွေးကြ၊ ဟင်းတွေ ထမင်းတွေ လိုက်ပေးကြနဲ့။

အခန်းထဲမှာ ပျားပန်းခတ် လှုပ်ရှားနေကြတဲ့ အဖွဲ့ဝင် အားလုံးကိုကြည့်ပြီး ပီတိ မျက်ရည်တွေ လည်လို့ မြသွေးနီရင်ထဲ ဆို့ကျပ် လာရတယ်။ အဖွဲ့ရဲ့ ပျော်တော်ဆက် တွေက ဟာသတွေ ဖောက်ပြန်တော့ လည်းသူတို့တွေရဲ့ မျက်နှာကိုယ်စီမှာ အပြုံးပန်းတွေ ခြုံလွှမ်းလို့ ။

အသက်(၇၂) နှစ်အရွယ်ရှိတဲ့ အဖွားဒေါ်ဝင်းမေက ” အဖွားက ဖျာပုံဇာတိပါ။ အရင်က စက်ချုပ်ပါတယ်။ ဒီရောဂါက အသက်၃၀မှာ ဘယ်ခြေထောက်မှာ ယားနာကွက်ကနေ စဖြစ်တာ။ မသိတော့ ဗမာဆေး တွေလိမ်းရင်း ကြွလာ။ နောက်ပိုင်း ညာခြေကိုပါ ကူးလာမှ အနာကြီးရောဂါမှန်း သိတာ။ သိတော့ မိသားစုက စွန့်သွားပြီလေ။ ရောဂါမပြန့်အောင် ဆေးစား၊ ခြေနှစ်ဘက်လုံး ဖြတ်လိုက်ရတယ်။ အခုတော့ ရောဂါမရှိတော့ပါဘူး။ ခြေထောက် ငုတ်တိုလေးနဲ့ပဲ ဂေဟာအတွက် စက်ချုပ်ရုံမှာ စက်ချုပ် ပါတယ်။

ထမင်းတောင်မစားချင်လောက်အောင် ၀မ်းသာလုံးဆို့နေမိတယ်။ သားသမီးတွေတောင် သူတို့ကို ဒီလို မလုပ်ပေးနိုင်ခဲ့ကြပါဘူး။ အမေ့သားသမီးတွေကို တွေ့ရသလိုပါပဲ။ ၀မ်းနည်းစရာ အမေတို့ရဲ့ဘ၀တွေမှာ ဒီလို ၀မ်းသာရမယ့် နေ့ရက်မျိုးနဲ့ ကြုံတွေ့ရမယ်လို့ တစ်ခါမှ မမျှော်လင့် ခဲ့ဘူးပါဘူး။ အမေတို့အတွက် နတ်ဘုံနတ်နန်းက သိကြားမင်းတွေ ဖန်ဆင်းပေးလိုက်တဲ့ နတ်သား၊ နတ်သမီးလေးတွေရောက်လာ သလိုပါဘဲ ။ အမေတို့ သမီးတို့သာ ပြန်သွားရင် ဒီအကြောင်းတွေ တသသ ပြောနေမိတော့မှာ” .. လို့ တုန်ရီဝမ်းနည်းစွာ သနားစဖွယ် ပြောပြရှာပါတယ်။

ထမင်းစားအပြီး နေ့လည် ၁း၂၀မိနစ်မှာ ကျွန်မတို့ အဖွဲ့ရဲ့ အလှူ အစီစဉ်လေးကို ပြန်စလိုက်ပါတယ်။ သူတို့အားလုံးကို ပင်မခန်းမရှိရာကို တွဲခေါ်သူကတွဲခေါ် ၊ ၀ှီးချဲတွန်းပို့သူက ပို့နဲ့ပေါ့။ ခန်းမရောက်တော့ လှူဘွယ်ပစ္စည်းတွေက အဆင်သင့်၊ သူတို့ အားလုံးလည်း နေရာယူလို့ အသင့် ဖြစ်နေကြပါပြီ။

အခမ်းအနားအစီစဉ် မစတင်မှီ ကျွန်မတို့ အဖွဲ့က ညီမငယ်များက မြနန္ဒာသီချင်းနဲ့ ဖျော်ဖြေပြန်တော့ သူတို့က ကျွန်မတို့နဲ့အတူ သီချင်း လိုက်ဆိုလျှက် လက်ခုပ်လက်ဝါးတီးကာ အားပေးကြရှာပါတယ်။

အဖွဲ့က တစ်ဖန် သူတို့တွေကို ပြန်လည် ဖြေဖျော်ပေးဖို့ တောင်းဆိုတော့ ထမီတောင် ခါးစည်းကြိုး စည်းနှောင်ထားရတဲ့ ၊ခြေထောက်လေးတွေတောင်မှ ကောင်းကောင်း မထောက်နိုင်ရှာတဲ့ အဘွားတစ်ဦး ထွက်လာပြီး လက်ခုပ်သံ စည်းချက်များ အကြားမှာ မမောမပန်းနိုင် ကပြပေးရှာပါလေတယ်။

အဲ့ဒီနောက် အဖွဲ့က သူတို့ထဲမှ ရော့ခ်တီရှပ်နဲ့ ရှိုးထုတ်ထားတဲ့ အစ်ကို တစ်ယောက်ကို မျက်စေ့ကျကာ ကပြဖို့ ပွဲတောင်းပါ လေတယ်။ အဖွဲ့က သီဆိုပေးတဲ့ “ ရှာပုံတော်မင်းသားကြီးသီချင်း ” နဲ့ အဲ့ဒီ အစ်ကိုခမျာလည်း မငြင်းနိုင်ပဲ ကရပါတော့ တယ်။

အဲ့ဒီနောက် ဦးလေးနဲ့ အဒေါ်စုံတွဲက တစ်ပုဒ် သီချင်းဆိုကာ ကပြ ဖြေဖျော်ရှာပါတယ်။

ကျွန်မတို့နဲ့ သူတို့ အပြန်အလှန် ပွဲတောင်းပြီး သီဆိုကကြပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မတို့အားလုံးဟာ သူသူငါငါ ခွဲခြားမှု လုံးဝမှ မရှိတော့ပါဘူး။ အားလုံးဟာ တစ်သွေးထဲ တစ်သားထဲ ဖြစ်နေကြတာကို အားလုံးက အံ့သြစဖွယ်၊ ၀မ်းမြောက်စဖွယ်၊ ပီတိဖြစ်စဖွယ် သိလိုက် ရပါတယ်။အဲ့ဒီနောက်မှာတော့ အခမ်းအနားအစီစဉ်လေးကို ဂေဟာဥက္ကဋ္ဌ ဦးလှဋ္ဌေးမှ အစီစဉ် (၁) အနေနဲ့ စတင် ဖွင့်လှစ် ပေးပါတယ်။ အစီအစဉ်(၂)အရ ဂေဟာဥက္ကဋ္ဌ ဦးလှဋ္ဌေးမှ မရမ်းချောင်အနာကြီး စခန်းစတင် ပေါ်ပေါက်လာပုံနဲ့ လက်ရှိ အခြေအနေများကို ရှင်း လင်း ပြောပြပေးပါတယ်။ ဒီအကြောင်းကို ပို့စ်သီးခြား ကျွန်မရေးပါဦးမယ်ရှင်။

အစီအစဉ်(၃)အရ Dr.နတ်စိုးက ကျွန်မတို့ အဖွဲ့လေးအကြောင်းကို သူတို့အားလုံးကို သိရှိအောင် ပြောပြ မိတ်ဆက်ပေးပါတယ်။

အစီအစဉ်(၄)အရ လှူဖွယ်များကို ဂေဟာမှူးထံ လွှဲပြောင်းပေးလှူပါတယ်။

ဂေဟာမှ ပြန်လည်ပေးအပ်တဲ့ ဂုဏ်ပြု မှတ်တမ်းလွှာကို အဖွဲ့ကပြန်လည် လက်ခံခဲ့ပါတယ်။ ဒီနေ့ အလှူမှာ အမာခံမန်ဘာ ကိုမင်းကြည်ဝင်း+မသီရိသူု က ဂေဟာရှိ လူနာများ နေ့လည်စာ အတွက် ငွေကျပ် ၁သိန်းခွဲ ပါဝင်လှူဒါန်းပါတယ်။

ဒီ့အပြင် Save The Aged ပြည်တွင်း+ပြည်ပ အဖွဲ့ဝင်များနဲ့ ပြင်ပမှ စေတနာရှင် အလှူရှင်များရဲ့ အလှူဖြစ်တဲ့ ဆန်အိတ် (၃၀)၊ ပဲအိတ် (၃)အိတ်၊ ဆီ၁၀ပိသာ (ရ)င်္ပုး၊ EVDတစ်စုံ၊ ဘက်ထရီ၊ အက်ဆစ်၃ပုံး၊ ဒီဇယ်ဂါလံ (၃၀)၊ ဂွမ်း၊ ပတ်တီး၊ ယူဇော၊ ထိုးဆေး၊ သောက်ဆေး၊ ပိုးသတ်ဆေးနဲ့ အစာအိမ်ရောဂါပျောက်ဆေးဝါးများ၊ ခန့်မှန်းတန်ဖိုး ကျပ်၁၂သိန်းကျော်ဖိုး လှူဒါန်းနိုင်ခဲ့ပါ တယ်ရှင်။

အစီအစဉ်(၅)အရ အဖွဲ့သူ၊ အဖွဲ့သားများက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဇလပ်ရေးသားထားတဲ့ သီချင်းကို ပထမဆုံး သီဆိုကြပါ တယ်။ စာဖတ်နိုင်တဲ့ အဖိုးအဖွားများ ဦးလေးများ၊ အဒေါ်များကလည်း ကျွန်မတို့တွေနဲ့အတူ ပါဝင်လို့ သံပြိုင် သီဆိုကြပါတယ်။

{… ကြည့်..ကြည့်..ကြည့်လိုက်ပါ.. သနားဖို့ကောင်းတဲ့ သူတို့ ဘ၀တွေ… ကူညီမယ့်သူ ရှားပါးလို့နေတယ်.. အကြောင်း မလှခဲ့တဲ့..သူတို့ဘ၀မှာ…ကံကြမ္မာကိုပဲအပြစ်တင်မလား…စာနာစွာနဲ့ဖေးကူမလား…အကြင်နာလက်ကမ်း…တို့ပါဝင်စို့လေ…. }


သီချင်းကို ဆိုနေကြသူ ကျွန်မတို့ အားလုံးရော.. နားထောင်နေကြသူ .. သူတို့အားလုံးရော… အားလုံးရဲ့ မျက်ဝန်းမှာ ပီတိ မျက်ရည်တွေ ကိုယ်စီ တွဲလွဲခို နေကြပါပြီ။

ဒုတိယ တစ်ပုဒ်အနေနဲ့ ကျွန်မတို့ရဲ့ အလှူနေ့ဟာ ” အဖေများနေ့ ” နဲ့ တိုက်တိုက်ဆိုင်ဆိုင်မို့ ဇင်အိ ဦးဆောင်တဲ့ အဖွဲ့က အဖေများ အားလုံးကို ဂုဏ်ပြုသောအားဖြင့် သီချင်းတစ်ပုဒ်သီဆို တင်ဆက်ပါတယ်။

တတိယသီချင်းအနေနဲ့ Save The Agedအဖွဲ့ရဲ့ Title သီချင်းကို သံပြိုင်သီဆိုကြပါတယ်။ သီဆိုနေရင်း တီးလိုက်တဲ့ သူတို့ရဲ့ လက်ခုပ်သံများနဲ့ ကျွန်မတို့ရဲ့လက်ခုပ်သံတွေ ပေါင်းစည်းပြီး မရမ်းချောင်တစ်ရွာလုံး ဝေေ၀စည်စည် ပျံ့လွင့်သွားပါတော့တယ်။

အဲ့ဒီနောက်မှာ သူတို့ရဲ့ အမျိုးသမီးများထဲမှ ရောဂါကြောင့် ခြေထောက်နှစ်ဖက်လုံး ဖြတ်ထားရရှာတဲ့ အဖွားဒေါ်ဝင်းမေက ၀ှီးချဲပေါ်မှ အခုလို ကျေးဇူးစကားကို ၀မ်းသာ လှိုက်လှဲစွာ ပြောခဲ့ရာ ငြိမ်သက်စွာ နားထောင်ရင်းက ကျွန်မတို့ အဖွဲ့ဝင်အားလုံး ၀မ်းနည်း ၀မ်းသာနဲ့ ရင်ထဲမှာ ဆို့နစ်ရပါတယ်။

“ အဖွားတို့ အားလုံးဟာ သီးသန့်ဘ၀လေးထဲမှာ ကျင်လည်နေရတဲ့ မေတ္တာငတ်မွတ် ခေါင်းပါးနေကြ ရှာသူများပါ။ သားတို့၊ သမီးဆို့က အခုလို ချစ်ခြင်း၊မေတ္တာ၊ စေတနာတွေ ဗလပွနဲ့ လှူဒါန်းကျွေးမွေးကြတဲ့ အပြင် ယုယကြင်နာ ကြတဲ့ အတွက် ၀မ်းမြောက်၊ ၀မ်းသာဖြစ်ကြရပါတယ်။ အရင်တုန်းက အဖွားတို့လို ဝေဒနာသယ်တွေကို ရွာပြင်ဇနပုဒ် ထုတ်၊ တဲကုတ်နဲ့ နေဆိုပြီး လူကောင်းတွေနဲ့ မရောနှောပဲ သီးသန့်ထားခဲ့ကြတာပါ။ မသဒီ ရွံရှာခဲ့ကြတာပါ။ သမီးတို့ သားတို့ အခုလို အဖွားတို့ရဲ့ ဘ၀ကို စာနာနားလည်ပေးတာ တွေ့ရတော့ အိပ်မက်အလားတောင် ထင်မိပါတယ်။ ၀မ်းသာလွန်းလို့ ထမင်းလည်း မစားနိုင်ပါဘူး။ သမီးတို့ သားတို့ဆီက ဒီနေ့ရလိုက်တဲ့ အားပေးစကား၊ သမီးတို့ သားတို့က ပေးတဲ့၊ ဘ၀ရဲ့ အားမာန်တွေနဲ့ အဖွားတို့ အားလုံး စိတ်ဓာတ်မကျပဲ လက်ရှိဘ၀မှာ ဆက်လက်ရှင်သန်ပါ့မယ် ”

အဖွားပြောပြီးတဲ့အခါမှာတော့ အမျိုးသားများထဲမှ အဘ ဦးစောဖေသောင်းက အခုလို ရင်တွင်းစကားပြောကြားပါတယ်။

“ ကျွန်တော်ပြောပါရစေ။ ဒီနေ့မှာ ၀မ်းမြောက်လွန်းလို့ ကျွန်တော် မပြောပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ဒီနေ့ကို ကျွန်တော်က “ မဟူရာအလင်းနေ့ ” လို့တင်စား ပြောချင်ပါတယ်။ အခု ကျွန်တော်တို့နေထိုင်ရာနေရာက မဟူရာသစ်တောကြိုးဝိုင်း လို့ခေါ်ပါတယ်။ ကျွန်တော်တို့ တစ်တွေရဲ့ ဘ၀တွေဟာလည်း နေရောင်မဲ့နေတဲ့၊ အလင်းရောင်မဲ့နေတဲ့ မဟူရာလို မှောင်မိုက်နေရတဲ့ ဘ၀တွေပါ။ ဒီလို ဘ၀တွေထဲကို အခုလို အလှူရှင်တွေ ရောက်လာတာဟာ အမှောင်ထဲက အလင်းရောင်ကို တွေ့လိုက်ရသလို အံ့သြတကြီးနဲ့ ၀မ်းသာရပါတယ်။ အခုလို ကိုယ်ချင်းစာနာစိတ်နဲ့ လာကြတာ ကျေးဇူးတင်လို့ မဆုံးပါဘူး။ စိတ်ဓာတ်မကျဘူးလို့ အားတင်းပေမယ့်လည်း ဒီလိုရောဂါရတော့လို့ စိတ်ဓာတ်မကျသူ မရှိသလောက်ပါဘဲ။ ကျွန်တော်တို့ အားလုံးဟာ နေခထားလို့ မြေပြင်ပေါ်မှာ နွမ်းကြွေနေကြရတဲ့ အစွန့်ပစ်ခံ ပန်းပွင့်အကြွေ? အနွမ်းတွေတွေပါ။ ဒါပေမယ့် အပယ်ခံတွေရဲ့ ဘ၀ဟာ ဒီနေ့မှာတော့ မေတ္တာသည် အလှူရှင်တွေကြောင့် မြေပြင်ပေါ်မှာ ဖုန်တစ်လူးလူးနဲ့ ကြွေနေရရှာရာက ငွါးငွါးစွင့် ပွင့်လန်းခွင့်ရလိုက်ပါတယ်။ ဒီက လူတွေအားလုံး.. အားလုံးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ ”

အဖိုး၊ အဖွားတွေရဲ့ နှလုံးသည်းပွတ်ထဲက ယိုဖိတ်ကျလာတဲ့ ဟန်ဆောင်ကင်းမဲ့တဲ့ စကားလုံးတွေက ကျွန်မတို့ အားလုံးရဲ့ နှလုံးသည်းပွတ်ကို ဆွဲကိုင်လှုပ်ခြင်း ခံလိုက်ရပါပြီ။ ဒီလိုပြောင်မြောက်တဲ့၊ ထိမိတဲ့ ရင်တွင်းဖြစ် စကားလုံးတွေကို ကျွန်မတို့အားလုံး မမျှော်လင့်ပဲ ကြားလိုက်ရတဲ့ အခါ မိမိပြုတဲ့ ကောင်းမှုအတွက် ကြက်သီးများ ဖြန်းဖြန်းထမတတ် ပီတိတွေ ဝေဖြာကြရပါတယ်။ သောင်းသောင်းဖျဖျ တီးလိုက်တဲ့ လက်ခုပ်သံတွေကလည်း သောသောညံလို့ သွားပါတော့တယ်။

အခန်းနားပြီးဆုံးကြောင်း မကြေငြာခင်မှာ မထင်မှတ်ပဲ ကြေငြာလိုက်တဲ့ ကျွန်မတို့ရဲ့ ပွဲသိမ်း အစီစဉ်ကြောင့် သူတို့အားလုံး မင်သက် သွားကြတယ်။ ကျွန်မတို့အားလုံး သူတို့ကို ရိုရိုသေသေ ထိခြင်းငါးပါးနဲ့ ကန်တော့ခွင့် တောင်းခဲ့ပါတယ်။

Dr.နတ်စိုး တိုင်ပေးတဲ့အတိုင်း ရွတ်ဆိုကန်တော့လို့ ဦးသုံးကြိမ်ချအပြီးမှာတော့ သူတို့ အများစုဟာ ဟန်မဆောင်နိုင်ပဲ မျက်ရည် တွေတွေ ကျလာရှာပါတော့တယ်ရှင်။

သူတို့ဘ၀မှာ သူတို့ရဲ့ သားသမီးတွေကတောင် ဒီလို မကန်တော့ခဲ့ကြပါဘူးတဲ့။ သူတို့ဟာ သူတို့ကိုယ်သူတို့ ကန်တော့ခံထိုက် သူများ စာရင်းထဲက နှုတ်ထားခဲ့တာပါတဲ့။ သူတို့ကို အခုလို လူရာသွင်းယုံမက မိဘတွေလို ဆက်ဆံခံရတော့ ဘ၀မှာ သေမယ်ဆိုရင်တောင် သေပျော်ပါပြီတဲ့။ သူတို့ဘ၀မှာ ဒီလိုနေ့ရက်မျိုး နောက်တစ်ကြိမ် ထပ်မံရရှိနိုင်ဖို့ မသေချာပါဘူးတဲ့။ မျက်ရည်စက်လက်နဲ့ သူတို့ကို သူတို့ရဲ့ ကုတင်နေရာတွေဆီကို အဖွဲ့ဝင်များက ဖေးမကူကာ ပြန်ပို့ပေးကြပါတယ်။ အဖွဲ့သူ၊ အဖွဲ့သားများရဲ့ မျက်ဝန်းတွေမှာလည်း မျက်ရည်များနဲ့ စိုလဲ့နေကြပါပြီ။ မြသွေးနီလည်း ဘာသားနဲ့များ ထုထားလို့လဲ။ တောင့်ခံထားပေမယ့် မရခဲ့ပါဘူးရှင်။

အဲ့ဒီနောက်မှာ သူတို့ကို တစ်ဦးချင်းဆီ လက်ရောက် စားစရာမုန့်၊ ကွေကာအုတ်၊ ခေါက်ဆွဲခြောက်များ ပေးလှူ ကြပြန်ပါတယ်။

အားပေးစကားတွေ ထပ်မံ ပြောကြပါတယ်။ ငိုကြွေးနေတဲ့ သူတို့ကို ဖေးမချော့ကြပါတယ်။ သူတို့ရဲ့ အိပ်ခန်းဆောင်ထဲမှာကျွန်မ တို့ အဖွဲ့သားတွေနဲ့ အတူတူ အပြန်အလှန် နှုတ်ဆက် စကားတွေ ဆိုကြပါတယ်။

သမီးတို့ သားတို့ ထပ်လာကြပါဦးနော်။ ပြန်သွားကြရင် ဂေဟာတစ်ခုလုံး လွမ်းကျန်နေရစ်တော့မှာ။ ပျော်တယ်.. ဒီနေ့လောက် တစ်ခါမှ မပျော်စဖူးဘူး။ ပျော်လွန်းလို့ ဓာတ်ပုံရိုက်ပေးပါဦး။ ပြည်တန်ပတ္တမြားတွေ မရမ်းချောင်ကို ရောက်လာကြတာ။ စေတနာတွေ အတုံးလိုက်၊ အခဲလိုက်ပါပဲလား။

အလှူရှင်တွေလာတော့ ဟင်းကောင်းလေးတွေ စားရတာပေါ့။ ကျန်အချိန်မှာတော့ မျှတစွာ စီစဉ်ပေး သလောက်နဲ့ စားရတာပေါ့။ သမီးတို့ မ၀တ်တဲ့ အနွေးထည် အစုတ်လေးတွေ ရှိရင် သိမ်းထားပြီး လာလှူပါလားသမီးရယ်။ မိုးတွင်း၊ ဆောင်းတွင်းဆို ဒီနေရာ သိပ်အေးတာ။ ရွှေတိဂုံဘုရားတော့ ရောက်ဖူးပြီးပြီ။ ကျိုက်ထီးရိုး ဘုရားလေးဖူးချင်လိုက်တာ။ သူတို့က သူတို့ရဲ့ သားသမီးတွေလို သဘောထားပြီး စိတ်ထဲရှိတာတွေကို သနားစဖွယ် ဟန်မဆောင်နိုင်ပဲ ပွင့်ပွင့်လင်းလင်း အသီးသီး ပြောပြကြတယ်။ ကျွန်မတို့ အားလုံး ဖေးမနားထောင်ကာ ပေးစကား ပြောကြတယ်။ သူတို့တွေကို နှုတ်ဆက်တော့ သူတို့ရဲ့ အငိုမျက်လုံး အပြုံးမျက်နှာလေး တွေနဲ့ ဆုမွန်တွေ ချွေပေးကြရှာတယ်။

အပြီးမှာတော့ ကျွန်မတို့ အဖွဲ့ဝင်အားလုံး သစ်ပင်ရိပ်တွေအောက်မှာ စုထိုင်ကြလို့ အဖွဲ့ဝင်အသစ်နဲ့ အဟောင်း အပြန်အလှန် ပျော်ရွှင်စွာ မိတ်ဆက်ကြပါတယ်။

နောက်ဆုံး အစီအစဉ် အဖြစ် Save The Aged အဖွဲ့မှ မရမ်းချောင်အနာကြီးရောဂါသည် စခန်းအရှေ့ မြေနေရာ အလွတ်မှာ အမှတ်တရ သစ်ပင်စိုက်ပျိုးကြပါတယ်။ ကျွန်းပင်က ၂ပင်၊ ယူကလစ်ပင်က ၅ပင်။

Save The Aged အဖွဲ့သားများရဲ့ ညီညွတ်သော၊ စည်းလုံးသော လက်များနဲ့ အတူတကွ စိုက်ပျိုးခဲ့ကြတာပါ။ နောင်တစ်ချိန် ဒီအပင်တွေ ကြီးပြင်းလာချိန်မှာ အေးမြတဲ့ သစ်ရိပ်ကို ဒီစခန်းမှာ ရှိနေမယ့်သူများ မုချခံစားခွင့် ရကြဦးမှာပါ။

ပြီးတော့ အုပ်စုလိုက် အမှတ်တရ ဓာတ်ပုံများ ရိုက်ကြပါတယ်။

ဂေဟာဥက္ကဋ္ဌနဲ့ လူနာအဘဦးတင်ခိုင်တို့ကို နှုတ်ဆက်အပြီးမှာတော့ ကျွန်မတို့အဖွဲ့ မရမ်းချောင် အနာကြီးရောဂါသည် စခန်းမှ သနားစဖွယ်၊ ဂရုဏာသက်စဖွယ် သူတို့ကို ထားခဲ့လို့ ရန်ကုန်မြေကို ညနေ ၃နာရီခွဲခန့်မှာ ပြန်လာခဲ့ကြပါတယ်။

သူတို့.. သူတို့…အားလုံးဟာ လူချင်းသူချင်း အတူတူ ကျွန်မတို့တွေနဲ့ တန်းတူရည်တူ အခွင့်အရေး မရရှိသူများလို့ ဘယ်သူတွေကပြောကြမလဲ။ တစ်သားထဲပါ။ ကျွန်မတို့တွေ အားလုံး ဘာမှ မကွဲပြားကြပါဘူး။ သူတို့ကို နွေးထွေးစွာ ထွေးဖက်ကြတယ်။ သူတို့ရဲ့ တုံးတိနေပေမယ့် နွေးထွေးသက်ဝင်နေတဲ့ လက်ချောင်းတွေကို ကိုင်တွယ် နှုတ်ဆက်ကြတယ်။ သူတို့ရဲ့ နှုတ်ခမ်းဝအရောက် ထမင်းလုပ်တွေခွံ့ ကျွေးခဲ့ကြတယ်။ သူတို့ရဲ့ မျက်ရည်တွေကို ဖေးကူ သုတ်ရင်း ပြိုင်တူ မျက်ရည်ကျကြရတယ်။ အားပေးလက်ခုပ်တီးတဲ့ သူတို့ရဲ့မပြည့်စုံတဲ့ လက်ဖ၀ါးလေးတွေက အသံမထွက်တဲ့ အကျယ် လောင်ဆုံးသော လက်ခုပ်သံတွေကို ကျွန်မတို့ အားလုံး နားနဲ့ ဆတ်ဆတ် ကြားလိုက်ရတယ် ။

၂၀.၆.၂၀၁၀နေ့… ။ အဲ့ဒီနေ့က သူတို့နဲ့ ကျွန်မတို့ အဖွဲ့သား အားလုံးရဲ့ ရင်ဘတ်ကိုယ်စီက ခံစားချက်တွေ ထပ်တူကြခဲ့တဲ့နေ့။

…………………………………………………………………………………………………………………………………………………………………..

ဝန်ခံချက်။ ။ ဒီပို့စ်လေးကို ရင်နဲ့ခံစားပြီး ရေးခဲ့ရတာပါ။ ဒီပို့စ်လေးကို အရင်ကလို ရှောရှောရှူရှူ မရေးနိုင်ပါခဲ့ဘူး။ ပုံတွေ ထိုင်ကြည့်တာကပဲ တစ်နေကုန်တယ်။ စာတစ်ပိုဒ်ရေးတိုင်း ရင်ထဲ ဆို့နင့်လို့။ အံ့သြစရာက ဒီအလှူ အတွက် ပို့စ်ရေးနေသူတိုင်း ပို့စ်ရေးနေစဉ် ခံစားချက်လေးတွေ ထပ်တူကြနေတာပါဘဲ။ Dr.နတ်စိုး ပြောသလို ကျွန်တော်တို့ မေထ္ထာတွေ စူးနေကြတာ အစ်မရဲ့…တဲ့။ ပို့စ်ခေါင်းစဉ်ပေးတော့လည်း ဒီအလှူ အကြောင်း ရေးသူအားလုံး ခေါင်းစဉ်တွေ အံ့သြစွာ တူညီ နီးစပ်လို့ နေကြတယ်။ ကျွန်မလည်း ဒီအလှူမှာ မလိုက်ပါနိုင်ခဲ့တဲ့ အဖွဲ့ဝင် ညီမလေး ထွဋ်သာမက စကာင်္ပူက မိတ်ဆွေ ဘလော့ဂ်ဂါ တစ်ဦးကို စာမူကြမ်း ပေးဖတ်ပြီး ခေါင်းစဉ်လေး တပ်ပေးကြဖို့ အကူညီတောင်းတော့ သူတို့ အားလုံးကလည်း ” မဟူရာအလင်းနေ့” တဲ့။ ကျွန်မ မြတ်ဘုရားရှင်ဆီမှာ ဆုတောင်းမိပါတယ်။ သူတို့တွေ ဒီလို ဘ၀ဆိုး၊ အဖြစ်ဆိုးမျိုး နောင် ဘ၀ ဘ၀ ဆက်တိုင်း ဘယ်တော့မှ မကြုံတွေ့ကြပါစေဘို့..။ နောက် သူတို့ဆီကို နောက်ထပ် တစ်ကြိမ် ကျွန်မတို့ထပ်မံသွား ခွင့်ကြုံရပါစေလို့…။


ဒီပို့စ်လေးကို Save The Aged အဖွဲ့ရဲ့ ဆိုက်ဖြစ်တဲ့ ဒီနေရာ မှာလည်းဝင်ဖတ်နိုင်ပါတယ်ရှင်။

နောက်… ” စကားပြောသောဓာတ်ပုံများ “ ရဲ့ အသံကို နားထောင်ချင်ရင်တော့ ဒီနေရာ လေးကိုသာ ကလစ်နှိပ်လိုက်ပါနော်..။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။

မြသွေးနီ


Share
This entry was posted in Save The Aged and tagged . Bookmark the permalink.

8 Responses to မဟူရာအလင်းနေ့

  1. mg lay says:

    အမတို့ရဲ့ မွန်မြတ်လှတဲ့အလှူကို ဝမ်းမြောက်၊ကြည်နူးစွာ သာဓုခေါ်လိုက်ပါတယ်ခင်ဗျာ

  2. ဖတ်ရင်းနဲ့ မျက်ရည်မကျမိအောင် မနည်း ထိန်းလိုက်ရတယ်
    ကြည်နုးပီတိဖြစ်ရသလို စိတ်မကောင်းလဲ ဖြစ်ရတယ်..
    တကယ်ဘဲ ဒီပိုစ့်ဖတ်ပြီး တော်တော်ကို ခံစားရတယ်..

  3. မမြသွေး..
    ဆိုဒ်အသစ်လေးကိုသဘောကျစွာနဲ့လာခဲ့ပါတယ်.။ မဖတ်ရတာကြာလို့တခုခုလိုနေသလိုချည်းဖြစ်နေတယ်။
    အလှူပိုစ့်လေးကိုလည်းစိတ်မကောင်းစွာနဲ့ဖတ်သွားပါတယ်..။ သာဓု၃ကြိမ်ခေါ်ဆိုပါတယ်…။
    အဆင်ပြေပါစေ..
    လင့်ပေးထားခဲ့တယ်နော်..။
    ခင်တဲ့
    သဒ္ဓါ (http://thadarhline.blogspot.com)

  4. အစ်မရေကောမင့်ပေးမရလို့ညစ်နေတာအခုတော့ရတဲ့နေရာလိုက်ပေးရတော့တာပေါ့
    နောင်နှစ်ပေါင်းဂလုံဂလွမ်တိုင်အောင်စာတွေဆက်လက်ရေးသားရင်းရည်မှန်းချက်ရည်ရွယ်ချက်တွေ
    ကိုခလုတ်မထိဆူးမငြိဘဲလျှောက်လှမ်းနိုင်ပါစေလို့ဆန္ဒပြုလျှက်

  5. မျက်ရည်ဝဲမိတယ်။ အစွန့်ပစ်ခံအဖိုးအဖွားတွေအတွက် အစ်မတို့ အဖွဲ့ရဲ့
    အလှူလေးက သိပ်ကို မွန်မြတ်ပါတယ်။ ဆထ ထမ်းပိုးတိုးပြီး လူမှုရေး လုပ်ငန်းတွေ
    လုပ်ဆောင် နိင်ပါစေ။

  6. ဇင်အိ says:

    နောက်တခေါက် အနွေးထည်တွေယူပြီးထပ်သွားမယ်နော်

    ချစ်သော

  7. မောင်မျိုး says:

    ကုသိုလ်တွေ အများကြီးရခဲ့မှာပဲ ၀မ်းသာရသလို စိတ်မကောင်းလည်းဖြစ်မိပါတယ် သူတို့လေးတွေ ဒီလိုမျိုး ခဏခဏ ကြုံရပါစေဗျာာ။

  8. Ma Moe says:

    ပိုစ့်လေး ဖတ်ပြီး မျက်ရည်ကျမိတယ်။ အပယ်ခံလို ဖြစ်နေခဲ့တဲ့ သူတို့တွေ ခမျာ ဘယ်လောက်များ ၀မ်းသာလိုက်ကြရှာမလဲ…. သွားလှူသူတွေကိုရော အလှူဖြစ်မြောက်အောင် အစစအရာရာ ပံ့ပိုးသူများကိုပါ တကယ့်ကို လေးစားချီးကျူးမိပါတယ်ရှင်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>