အိမ်မက်ကောက်ကြောင်း
Number of View: 30495
တစ်နေ့မှာ….။
အင်း… တစ်နေ့မှာဆိုတာထက် အနီးစပ်ဆုံးရက်ကို ခန့်မှန်းကြည့်လိုက်ရင် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလရဲ့ တနင်္ဂနွေတစ်ရက်မှာပေါ့။ သူ….၊ သူဆိုတာက အိမ်ကလူကြီး။ အဲ့ဒီနေ့က သူက ကျွန်မကို …
“ အဲ့ဒါလေးတွေ ဖြည့်ပေးပါဦး၊ ကိုယ်လည်း ကိုယ့်ဟာကိုယ် အတတ်နိုင်ဆုံး ဖြည့်ကြည့်သေးတယ်၊ ဒေါ်မြသွေးနီနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ဖြည့်လို့ရပေမယ့်  ဘိုး၊ဘေး၊ ဘီ၊ဘင်တွေရဲ့ ပရိုဖိုင်းတွေကြတော့ ကိုယ်လည်း မသိတော့ဘူး ၊ အမြန်လေးဖြည့်ပေးနော် ” ဆိုပြီး ကျွန်မရှေ့ကို စာရွက်တစ်ထပ်ချပေးတယ်။ ကျွန်မကြည့်လိုက်တော့ ပါတ်စ်ပို့လျှောက်တုန်းကလိုမျိုး ရာဇ၀င်အူပေါက် ဖြည့်ရတဲ့ ဖောင်စာရွက်တစ်ထပ်။ ကျွန်မ မြသွေးနီရဲ့ မျက်ခုံးနှစ်ဘက် ရုတ်ချည်းတွန့်ခေါက်လို့ ချိုးသွားရပြီး…
“ အဲ့ဒါတွေက ဘာတွေလဲ..၊ ဘာအတွက် ဖြည့်ပေးရမှာလဲ၊ အဲ့ဒါတွေ ဖြည့်ရတာ မုန်းတယ်ဆိုတာ သိရက်သားနဲ့နော် ” လို့ ပြောမေး မေးလိုက်မိတယ်။ တစ်လက်စထဲ ဖောင်စာရွက်တွေကို ကောက်ယူပြီး ခေါင်းစဉ်ကို ဖတ်ကြည့်လိုက်တော့….။ သူ….. တစ်ခုခုကြံစည်ထားပြီဆိုတာ ကျွန်မရိပ်စားမိလိုက်ပြီ။
ဘာလို့ဆိုတော့ သိပ်မကြာသေးတဲ့ လွန်ခဲ့တဲ့ ၂၀၁၀ခုနှစ် ပထမနှစ်ဝက်ကာလတုန်းက ဒီလိုစာရွက်တွေနဲ့ မြသွေးနီ ရင်းနှီးခဲ့ဘူးသေးလို့ပါဘဲ။
အဲ့ဒီတုန်းက သူက သူ့ရဲ့ ပုံနှိပ်လုပ်ငန်း၊ စာအုပ်စီစဉ်၊ ဖန်တီး၊ ဖြန့်ချိရေးလုပ်ငန်းကို ကိုယ်ပိုင်စလုပ်ကာစ သုံး၊ လေးလသာရှိသေးချိန်။ ကျွန်မကလည်း အွန်လိုင်းမှာ ဘလော့(ဂ)ဂင်းလို့ အရှိန်ရကာစ။ ကျွန်မစိတ်ကူးနဲ့ရူးလို့ နှစ်သက်ခင်မင်တဲ့ မိတ်ဆွေဘလော့ဂ်ဂါများရဲ့ စာစုလေးတွေကို စုပေါင်းပြီး စာအုပ်လေး တစ်အုပ်လောက် ထုတ်ချင်တယ်လို့ ချင်ခြင်းတပ်နေမိချိန်။ ကျွန်မရဲ့ ရောဂါပိုးက သူ့ပါကူးပြီး ဒီစိတ်ကူးကို အမြန်အကောင်အထည်ဖော်ဖို့ နှစ်ယောက်လုံး ကြိုးစားခဲ့ကြပါတယ်။
၂၀၀၈ခုနှစ်လောက်မှာ မြသွေးနီတစ်ယောက် အွန်လိုင်းကို စတင်အသုံးပြုတတ်ချိန်၊ စတင်အသုံးပြုဖို့ အခွင့်အရေးရချိန်မှာ တကယ်အရည်အသွေးပြည့် ရသ၀တ္တုတွေ၊ အက်ဆေးတွေ၊ ကဗျာရေးနေသူတွေရဲ့ စာတွေဖတ်ခွင့်ရလာပြီး အွန်လိုင်းပေါ်မှာ ဒီလိုအနှစ်သာရရှိတဲ့ စာတွေရှိနေပါလားဆိုတာကိုပါ သိခွင့်ရလာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ အခြေအနေပေးတိုင်း အွန်လိုင်းက ဘလော့(ဂ)ဂါတွေရဲ့ စာတွေကို စွဲစွဲမြဲမြဲဖတ်နေမိရာက ကိုယ်တိုင် ၂၀၁၀ခုနှစ်မှာ အွန်လိုင်းပေါ် စတင်အခြေချလို့ စာစရေးဖြစ်လာတော့ အဲ့ဒီစာတွေကို ပုံနှိပ်စာမျက်နှာပေါ်မှာ ဖတ်ချင်မိတဲ့ စိတ်တွေ၊ စာအုပ်လေးအဖြစ်နဲ့ စာချစ်သူတို့ရဲ့လက်ဝယ်မှာ သိမ်းဆည်းထားနိုင်လိုစိတ်တွေ တဖွားဖွား ဖြစ်ပေါ်ခဲ့ရပြန်ပါတယ်။
ဒီလိုနဲ့ အွန်လိုင်းမှာ စာရေးရင်း ခင်မင်သိကျွမ်းလာခဲ့ရတဲ့ အွန်လိုင်းက ဘလော့(ဂ်)ဂါများ၊ တချို့ မခင်မင်ဘူးပေမယ့် သူတို့ရေးတဲ့စာတွေကို နှစ်သက်မိသော ဘလော့(ဂ်)ဂါများ၊ စုစုပေါင်း ခုနှစ်ယောက်လောက် ရွေးချယ်လိုက်မိတယ်။  ပြီးတော့ သူတို့နဲ့ ဆက်သွယ်ပြီး ကျွန်မတို့ရဲ့ စာအုပ်ထုတ်မယ့် အစီအစဉ်ကို အီးမေးလ်ပို့ ပြောပြဖြစ်၊ ခွင့်တောင်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီ ရွေးချယ်လိုက်တဲ့ ခုနှစ်ယောက်ထဲမှာ ကျွန်မကလည်း ကပ်မြှောင်တစ်ယောက်အဖြစ် ပါနေမယ်ဆိုတာကတော့ ဗေဒင်မေးစရာတောင်မလိုပါဘူး။
တစ်ချိန်ထဲမှာ အိမ်က တစ်ယောက်ကလည်း စာအုပ်ထုတ်ဝေခွင့်အတွက် လုပ်ထုံးလုပ်နည်းတွေကို ဆိုင်ရာမှာ စတင်ပြီး စုံစမ်းပါတော့တယ်။ ပုံမှန်ထုတ်နေကြ စာအုပ်တွေအတွက်က သူ့မှာ အတွေ့အကြုံ ကောင်းကောင်းရှိခဲ့ပေမယ် ဒီလိုမျိုး အွန်လိုင်းပေါ်က ဘလော့ဂ်ဂါတစ်ဦးစီရဲ့ ရသ၀တ္တုတိုတွေ စုပေါင်းဖော်ပြတဲ့ စာအုပ်မျိုးက ဈေးကွက်မှာ မရှိခဲ့လေတော့ ထူးထူးခြားခြားလေးဖြစ်နေပြီး စိတ်အားထက်သန်စွာနဲ့ အကောင်အထည်ဖော်ဖို့ ဆိုင်းပြင်းပါတော့တယ်။ တဖက်မှာ သူက ကြိုးစားနေသလို ကျွန်မကလည်း ဒီဘက်က လေးစားခင်မင်ရတဲ့ ဘလော့(ဂ)ဂါများနဲ့ ဆက်သွယ်ညှိနှိုင်းလို့ စာမူလိုချင်တဲ့ နောက်ဆုံးရက်ကို သတ်မှတ်ခဲ့ကြပါတယ်။
ဖြစ်ချင်တော့ ရွေးထားတဲ့ ဘလော့(ဂ်)ဂါများမှာ ကျွန်မတစ်ယောက်ကလွဲလို့ ကျန်သူများအားလုံးက ရွှေပြည်ကြီးရဲ့ အဝေးမှာ နေထိုင်ရင်း ရေးနေကြသူတွေ….။ ဒီလိုနဲ့ အီလက်ထရောနစ် စာမျက်နှာကနေ ပုံနှိပ်စာမျက်နှာပေါ် ကူးပြောင်းမယ့် ကျွန်မတို့ဘလော့(ဂ်)ဂါတွေ၊ တနည်းပြောရရင် စာရေးဆရာ၊ စာရေးဆရာမအသစ်တွေအတွက် လုပ်ထုံးလုပ်နည်းနဲ့အညီ တစ်ဦးစီရဲ့ ကိုယ်ရေးရာဇ၀င် အသေးစိတ်ကို ၀က်(ဘ)ဆိုက်တွေနဲ့တကွ သက်ဆိုင်ရာကို တင်ပြရမယ်ဆိုပြီး သိလာခဲ့ရပါတယ်။ တစ်ချိန်ထဲမှာပဲ စာအုပ်စီစဉ်သူက ဒီစာရေးဆရာတွေ အားလုံးရဲ့ကိုယ်စား အစစ တာဝန်ယူကြောင်း ခံဝန်ရေးထိုးရမယ်ဆို ထပ်ဆောင်းလာပါတယ်။
ဒါနဲ့ ကိုယ်ရေးရာဇ၀င်ဖောင်တွေ ကျွန်မလက်ထဲရောက်လာခဲ့ပြီး၊ ခုနရွေးချယ်ထားတဲ့ မိတ်ဆွေဘလော့(ဂ်)ဂါအချို့ဆီ စတင်ပို့ပေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းများက စာအုပ်စီစဉ်ဖို့ အခက်အခဲတွေ စတွေ့လာပါတယ်။ ဖောင်တွေမှာ ကိုယ်ရေးရာဇ၀င် အသေးစိတ်တွေကို ဖော်ပြပေးဖို့ကလည်း လွယ်သယောင်ယောင်နဲ့ ခက်လှပါတယ်။  နောက် ကျွန်မတို့ မြန်မာဘလော့(ဂ်)ဂါဆိုတာမျိုးက တစ်ခါတစ်ခါ မိမိရဲ့စိတ်ထဲမှာ၊ မိမိရဲ့ပတ်ဝန်းကျင်မှာ၊ မိမိရဲ့ရပ်ရွာမှာ အမြင်မတော်တာ၊ မျက်မွှေးထော်လော်ကန့်လန့် ဖြစ်နေတာတွေကို စိတ်ထဲရှိတဲ့အတိုင်း မိမိဘလော့ဂ်မှာ ဒိုးဒိုးဒေါက်ဒေါက်၊ လွတ်လွတ်လပ်လပ်နဲ့ ကလောင်အစွမ်းထက်ထက် ဆော်မိတတ်ကြ သူမျိုးများဆိုတော့ ကလောင်ရှင်များရဲ့ နှစ်သက်လို့ ရွေးချယ်ထားမိတဲ့ ပို့စ်များကလည်း ခွင့်ပြုချက်ကျနိုင်ဖို့ရာမှာ အဆင်မပြေဖြစ်နိုင်ကြောင်း တွေ့လာရပြန်ပါတယ်။ နောက်အခက်အခဲ တစ်ခုကတော့ ပြည်တွင်းစာအုပ်စီစဉ်သူရဲ့ ပြည်ပစာရေးသူများရဲ့အပေါ် တာဝန်ယူခိုင်းမှု အပိုင်းကလည်း ကျွန်မတို့ရဲ့ဆန္ဒကို ကြိုးတစ်ကြိုးနဲ့ တုတ်နှောင်ခံထားရသလို တင်းကြပ်နေစေခဲ့ပါတယ်။
ဒီလိုနဲ့ အကြိမ်ကြိမ် နည်းလမ်းရှာ၊ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ကျွန်မတို့နှစ်ယောက်ရဲ့ စိတ်ကူးအိမ်မက်လေးက ၀မ်းနည်းစွာနဲ့ အကောင်အထည်မဖော်နိုင်တော့ပဲ လေထဲက ဆပ်ပြာပူဖောင်းလို ဖောက်ကနဲ ပျောက်ကွယ်ခဲ့ရပါတယ်။
………………@@@……………..
အဲ့ဒီ စိတ်ကူးပြီးမှ လွဲချော်သွားခဲ့ရတဲ့ စာအုပ်လေးအပေါ် ကျွန်မရဲ့စိတ်အားထက်သန်မှုကို တစ်ဖက်ကနေ ပြန်လည်ဖြည့်ဆည်းပေးဖို့ ကြိတ်ကြံစည်နေသူတစ်ဦး အနီးကပ်ရှိနေတာကို ကျွန်မသိခွင့်ရလိုက်တာကတော့ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလရဲ့ တနင်္ဂနွေတစ်ရက်မှာ…၊ ခုန အစပိုင်းမှာပြောပြခဲ့တဲ့၊ သူကမ်းပေးတဲ့ ဖောင်တစ်ထပ်ကို ယူကြည့်လိုက်မိပြီး၊ သူရှင်းပြတာ နားထောင်ပြီးလိုက်ချိန်မှာပဲ ဖြစ်ပါတယ်။
သူက…..
“ အမှန်က ကိုယ်က အသိမပေးပဲ ကြိတ်ကြံစည်နေတာ တစ်လကျော်နေပြီ။ လာမယ့် ၂၀၁၁၊ ဇန်န၀ါရီ (၁)ရက်နေ့၊ အွန်လိုင်းမှာ ဒေါ်မြသွေးနီစာရေးတာ (၁)နှစ်ပြည့်တဲ့နေ့မှာ စာအုပ်ကို ထုတ်ပြပြီး အံ့သြအောင်လုပ်မလို့၊ ၀က်(ဘ)ဆိုက်ထဲက ကိုယ်နှစ်သက်ရာတွေ အကုန်ရွေးထုတ်ထားတယ်၊ ပြီးရင် စာအုပ်တစ်အုပ် စီစဉ်ပြီး လက်ဆောင်ပေးမလို့၊ ဒါပေမယ့် ထုံးစံအတိုင်း မဖြစ်မနေ ဖောင်မှာ ဖြည့်ရမယ့် ဒေါ်မြသွေးနီရဲ့ ဘိုးဘေးတွေ၊ နောက်… တစ်ခြားအချက်အလက်တွေက ကိုယ်စဉ်းစားပေမယ့် ဘယ်လို့မှ ဖြည့်လို့မရဘူးကွာ..၊ ဒါနဲ့ အခုလိုထုတ်ပြောပြီး ဖြည့်ခိုင်းရတာ၊ မြန်မြန်လေးလုပ်ပေးဦး၊ ဒီတစ်ခါတော့ တစ်ယောက်ထဲဖြစ်တဲ့အပြင် ကိုယ့်အချင်းချင်းမို့ တာဝန်ယူပြီး ရအောင်ထုတ်ကြည့်မယ် စိတ်ကူးတယ်၊ ကိုယ့်ရဲ့ လက်ဆောင်ပေါ့ ”
မချိုမချဉ်ထုတ်ပြောလာတဲ့ သူ့မျက်နှာကို ကြည့်ပြီး စိတ်ထဲ ဒီလိုရတောင့်ရခဲ အခွင့်အရေးကို ကြိတ်ပုန်းလေး ၀မ်းသာနေမိပေမယ့်  ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း…..
“ အဲ့ဒီလို ဆပရိုက်လုပ်ရတာ တော်တော်ဝါသနာကြီးတယ်နော်၊ ဘာပဲဖြစ်ဖြစ် အရင်ခွင့်တောင်းဖို့တော့ ကောင်းတယ်၊ ဒီတစ်ခါတော့ ရှိစေတော့..၊ အဲ… အရေးကြီးတာ တစ်ခုတော့ တောင်းဆိုချင်တယ်။ အဲ့ဒါက ကြာရင်ကြာပါစေ၊ စာအုပ်လေးကို သေချာ သပ်သပ်ရပ်ရပ်လေး ဖြစ်အောင်တော့ လုပ်ပေးရမယ်နော်၊ တော်ရိ ရော်ရိဆိုရင်တော့ စာအုပ်ကို ထုတ်ကိုမနေနဲ့တော့၊ အဲ့ဒီကုန်ကျမယ့် ပိုက်ဆံတွေကို အမှတ်တရ ဒီကိုသာပေးလိုက်တော့ ”
အနိုင်ယူပြီး ပြောမယ့်သာပြောရတယ် သူ့လက်က ထွက်တဲ့ စာအုပ်တိုင်းကို သေချာအသေးစိတ် ကျကျနန ဖန်တီးတတ်သူတစ်ယောက်၊ မကြိုက်မချင်း လက်မလွှတ်တတ်သူမို့ ကျွန်မစိတ်ထဲ သူဘယ်လိုများ ထူးထူးခြားခြား ပြင်ဆင်ထားမယ်ဆိုတာသာ သိချင်နေမိပါတယ်။
သူပြောပြတာနားထောင်ကြည့်လိုက်တော့ စာမူတွေက ဆိုက်ထဲမှာ ရေးပြီးသားအဟောင်းတွေထဲက (၂၁)ပုဒ်ကို စုစည်းထားပြီး ခွင့်ပြုချက်ကျဖို့ တင်ထားပြီးပြီဆိုပဲ။ မျက်နှာဖုံးကိုတော့ ဝေးဝေးလံလံ ကျွန်မရဲ့မောင်၊ သူ့ရဲ့ယောက်ဖတော် ဒီဇိုင်းနာကို ကြိတ်အပ်ထားတာတဲ့။ အတွင်းက သရုပ်ဖော်ပုံလေးတွေကိုလည်း သူ့မိတ်ဆွေ ပန်းချီဆရာများက မေတ္တာနဲ့ပေးတယ်ဆိုပဲ။ ထူးထူးခြားခြားဖြစ်အောင် ဆိုက်ထဲမှာ စာဖတ်သူတွေပေးထားတဲ့ ကွန်မန့်လေးတွေကိုပါ “ ပဲ့တင်သံ ” ဆို ဖော်ပြပေးထားတယ်တဲ့။ ဒါနဲ့မပြီးသေး… အမှာစာကိုလည်း ကျွန်မရဲ့ ငယ်ရွယ်စဉ် ၁၇.. ၁၈နှစ်ကာလတုန်းက သူ ခြေတိုအောင် စာမူတွေလိုက်ပို့ပေးခဲ့စဉ် မြသွေးနီအဖြစ် ပထမဦးဆုံး ပေဖူးလွှာမဂ္ဂဇင်းရဲ့စာမျက်နှာပေါ် စတင်ခြေချခွင့်ရအောင် မြေတောင်မြှောက်ပေးခဲ့တဲ့၊ အစဉ်အဆက် လေးစားခဲ့ရတဲ့ ယခု ရွှေအမြုတေမဂ္ဂဇင်း၊ ဖူးငုံမဂ္ဂဇင်းနဲ့ အလင်းတန်းဂျာနယ်တို့ရဲ့ တာဝန်ခံ အယ်ဒီတာတစ်ဦးဖြစ်တဲ့ ဆရာမျိုးမြင့်ညိမ်းကို ရေးခိုင်းမလို့ စီစဉ်ထားတယ်တဲ့။
အဲ့ဒီလို သူက အကွက်စေ့နေအောင်၊ ထောင့်စေ့အောင် စီစဉ်ထားလေမှတော့ ကျွန်မ မြသွေးနီ ဘာဆက်ပြောရမှန်းမသိတော့။ ဒါပေမယ့် ထုံးစံအတိုင်း နှမ်းလေးတော့ ဖြူးမိချင်တာမို့  စာအုပ်ခေါင်းစဉ်ကိုတော့ ကျွန်မကိုယ်တိုင် ပေးမယ်ဆို သူ့ကိုတောင်းဆိုခဲ့တယ်။ နောက်…ကျွန်မကို ပုံနှိပ်စာမျက်နှာပေါ်မှာ စာရေးဖို့ အမြဲတစေ တိုက်တွန်းခဲ့တဲ့ လေးစားရတဲ့ ကျွန်မရဲ့ဆရာကြီး လူထု(ဦး)စိန်ဝင်းရဲ့မျက်နှာကို ပြေးမြင်မိပြီး ဆရာကြီးဆီကပါ အမှတ်တရ အမှာစာတောင်းဖို့ ဆုံးဖြတ်လိုက်မိပါတယ်။
ဆရာကြီးနဲ့တွေ့ဆုံပြောပြတော့ “ သူများတောင်ရေးပေးရသေးတာ၊ ကိုယ့်တပည့်ပဲ၊ ရေးပေးရမှာပေါ့၊ ဒါပေမယ့် အမှာစာရေးရင် သုံး၊လေးခေါက်လောက် သေချာဖတ်ပြီးမှ ရေးလေ့ရှိတယ်၊ အရှေ့မှာလည်း အမှာစာရေးဖို့ (၄)အုပ် လာပေးထားသေးတယ်၊ စောင့်ပေးရမယ်နော် ” လို့ လေးစားချစ်ကြောက်ရတဲ့ ဆရာက ၀မ်းမြောက်စွာနဲ့ လက်ခံတော့ ရင်ထဲ ၀မ်းသာခဲ့ရပြန်တယ်။ ကျန်းမာရေးကြောင့် အောက်ဆီဂျင်ပိုက် တပ်လျှက်က မာသော၊ ပြောင်မြောက်သော စာတွေကို ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အဆက်မပြတ်ရေးနိုင်နေတဲ့ ဆရာကြီးရဲ့ စာပေအပေါ် တာဝန်ကျေပုံတွေကလည်း အံ့မခန်း ကြက်သီးထလောက်စရာပါဘဲ။ အမှာစာကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ယူခဲ့ရပြီး ချိန်းထားတဲ့နေ့ အမှာစာသွားအယူမှာတော့ စာမေးပွဲအောင်စာရင်းသွားကြည့်တဲ့ ကလေးတစ်ယောက်ရဲ့ စိတ်မျိုးနဲ့ ရင်တွေ တစ်ထိတ်ထိတ် ခုန်ခဲ့ရပါသေးတယ်။
မြသွေးနီရဲ့ အိမ်မက်ကောက်ကြောင်း မျက်နှာဖုံး
အမြဲတမ်းစိမ်း သရုပ်ဖော်ပုံ
အိပ်မက်ဂီတာ သရုပ်ဖော်ပုံ
တစ်မူးသာ ၀တ္ထုတိုလေးရဲ့ သရုပ်ဖော်ပုံ
အိမ်နီးနားချင်း သရုပ်ဖော်ပုံ
အင်း… စာအုပ်တစ်အုပ်ဖြစ်မြောက်ဖို့ဆိုတာ မလွယ်ရေးချမလွယ်၊ အဆင့်တွေ၊ အခက်အခဲပေါင်း သောင်းခြောက်ထောင်နဲ့ဆိုတာ ကိုယ့်စာအုပ်မှ မှ နဖူးတွေ့၊ ဒူးတွေ့သိလိုက်ရပြီ။ ဒီလိုနဲ့ ၂၀၁၀၊ နိုဝင်ဘာလကနေ စလိုက်တဲ့ ဒီဇာတ်လမ်းက ဇန်န၀ါရီ(၁)ရက်၊ ဘလော့ဂ်ရေးတာ နှစ်ပတ်လည်နေ့ မမှီလိုက်တော့ပဲ အကြောင်းအမျိုးမျိုး၊ အခက်အခဲ အမျိုးမျိုးကြားကနေ ကျော်လွှားလို့ နောက်ဆုံး ဧပြီလ (၅)ရက်၊ သူ့ရဲ့မွေးနေ့ကျမှပဲ ထွက်ဖို့စီစဉ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီစာအုပ်လေးကိုပဲ သူ့ရဲ့မွေးနေ့မှာ လက်ဆောင်အဖြစ် packing လှလှလေးထုတ်လို့ ပြန်ပေးရင်ကောင်းမလားလို့..။ ကုန်ကုန်ခမ်းခမ်း စဉ်းစားလိုက်တာလေ။ :)
ဒီစာအုပ်လေးကို စီးပွားရေးအရ ရည်ရွယ်ထုတ်ခဲ့တာ မဟုတ်ပေမယ့်၊ ကိုယ်ရေးထားတာ ကိုယ်တိုင် ပြန်ထုတ်သလိုဖြစ်နေတာမို့ ဘာရယ်မဟုတ် မျက်နှာတွေတော့ ပူရှိန်းနေသလို ခံစားနေရတာကိုတော့ ၀န်ခံချင်ပါတယ်။ သူကတော့ ငွေကြေးအတွက် လုပ်တာမဟုတ်၊ ရှုံးလည်း အမှတ်တရဖြစ်ဖို့ပဲ၊ ဘာမှတွေးပူမနေနဲ့ ပြောပေမယ့် ကျွန်မကတော့ မိန်းမသားပီပီ ကုန်ကျသွားတဲ့ ငွေတွေကို နှမြောမိပြီး တကယ့် စာပေအရရော၊ ငွေကြေးအရပါ အကျိုးအမြတ်ရှိစေမယ့် စာရေးဆရာ၊ ဆရာမများရဲ့ စာအုပ်မျိုးကိုသာ ထုတ်စေချင်မိပါတယ်။ ပထမဆုံးချုပ်လုပ်ပြီးတဲ့ စာအုပ်လေးနဲ့ ကြော်ငြာဗီနီုင်းများ ထွက်လာတော့ သပ်သပ်ရပ်ရပ်လေးမို့ စိတ်ကလေးက နည်းနည်းတော့ အေးသွားရပါတယ်။ မြန်မာတစ်ပြည်လုံးကို ဧပြီလ(၅)ရက်နေ့မှာ စတင်ဖြန့်မှာလို့ သိရပါတယ်။
အင်းဝစာအုပ်တိုက်ရှေ့က အိပ်မက်ကောက်ကြောင်း
သတင်းစာထဲက အိမ်မက်ကောက်ကြောင်း
ဒါနဲ့ ဦးဦးဖျားဖျားချုပ်ပြီးတဲ့ စာအုပ်လေးကို အမှာစာရေးတဲ့ ဆရာနှစ်ဦးဆီ မဖြန့်ခင် အရင်သွားပို့ ပေးမိပါတယ်။  ဆရာမျိုးမြင့်ညိမ်းကို လက်ရောက်ပေးခွင့် ရလိုက်ပေမယ့်၊ ဆရာလူထု(ဦး)စိန်ဝင်းကတော့ ကျွန်မရောက်သွားချိန်မှာ အနားယူအိပ်ပျော်နေကာစမို့ တွေ့ခွင့်မရခဲ့ပါဘူး။ ကျွန်မမရောက်ခင် လေး ငါးရက်လောက်ထဲက ရာသီဥတုပူပြင်းလွန်တဲ့အရှိန်နဲ့ အတော်လေး နေမကောင်းပြန်ဖြစ်နေတာမို့ ဆရာ့ကို စောင့်ရှောက်တဲ့ဆရာဝန်လေးက ဆေးကုပြီးပြန်သွားကာစမို့ ဆရာအနားယူနေတာကို အနှောက်ယှက် မပေးချင်တော့တာနဲ့ ထွက်ပြီးစာအုပ်များကိုသာ ညီမငယ်များနဲ့ မှာပြီး ထားခဲ့လိုက်ရပါတယ်။
သူ့ရဲ့ပုံနှိပ်လုပ်ငန်းထဲမှာ အကျုံးဝင်တဲ့ ဒီလို ၀တ္တု၊ ကဗျာ၊ အက်ဆေး၊ နည်းပညာ စာအုပ်လေးတွေကို ၀ါသနာရှင်တွေ စာမူကြမ်းပေးယုံနဲ့  ဆိုင်ပေါ်အရောက် အဖိုးနှုန်း အချိုသာဆုံးနဲ့ မြန်မာတစ်ပြည်လုံး ဖြန့်ချိပေးနိုင်တဲ့အထိ အစအဆုံးစီစဉ် ဖန်တီးပြီး ဆောင်ရွက်ပေးရတာကို သူ.. အင်မတန်မှ နှစ်သက်လှပါတယ်။ ဖန်တီးပြီးသား သူ့ရဲ့စာအုပ်လေးတွေကို ကြည့်ပြီး ကျေနပ်နေတတ်တာ သူ့ရဲ့ ၀ါသနာပါ။ ( ဒါကတော့ စာအုပ်တစ်အုပ်လုံး ထုတ်ပေးထားလေတော့ အားနာပါးနာနဲ့ ကြော်ငြာဝင်ပေးတာပါ) ။ :) သူကတော့ ဇွဲမလျှော့သေးပဲ ဒီတစ်အုပ်ပြီး နောက်တစ်အုပ် အရှုံးခံထုတ်ဦးမယ်ဆို တာစူနေပြန်လေရဲ့။
ကျွန်မတို့ရဲ့ ရွှေပြည်ကြီးမှာ အရင်လို စာအုပ်ထုတ်ဖို့ ခွင့်ပြုချက်ယူစရာမလိုတော့ပဲ လွတ်လွတ်လပ်လပ် စာတွေရေးလို့ရပြီ၊ စာပေလွတ်လပ်ခွင့်တွေ ပေးပြီလို့ ဒီရက်ပိုင်းမှာပဲ ကြားသိလာရပြန်တဲ့အတွက်၊ ကြားရတဲ့ သတင်းက ဟုတ်မဟုတ် တစ်ခဏတာလောက် အချိန်ယူ စောင့်ကြည့်ပြီးရင်တော့ သေချာပြီဆိုတာနဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ သစ်လွင်နေဆဲဖြစ်တဲ့ အိမ်မက်အဟောင်းလေးကို ပြန်လည် တူးဆွဖြစ်ဦးမလား မသိပါဘူး။
သူ့ရဲ့ လက်ဆောင်
ဘာပဲဖြစ်ဖြစ် ဒီစာအုပ်လေးက ကျွန်မဘ၀အတွက် အမှတ်တရဖြစ်စေခဲ့ပါပြီ။ ဒီအတွက် စိတ်ရောကိုယ်ပါနှစ်လို့ ဖန်တီးပေးခဲ့တဲ့ ကျွန်မရဲ့ စိတ်ကူးဖော်၊ အိပ်မက်ဖော်ကိုလည်း ရင်မှ ကျေးဇူးတင်နေမိပါတယ်။ မအားလပ်တဲ့ကြားက ၀ါသနာအလျှောက် ကျွန်မရဲ့စိတ်နဲ့ရင်းလို့ ရေးခြစ်ခဲ့တဲ့ ဒီကောက်ကြောင်းလေးတွေ၊ ကျွန်မရဲ့ စိတ်ကူးအိပ်မက်လေးတွေကို ဒီ “ အိပ်မက်ကောက်ကြောင်း ” စာအုပ်လေးနဲ့အတူ အကောင်ထည်ဖော် မက်ခွင့်ရခဲ့လိုက်ပါပြီ။
ပြည်ပမှ ဖတ်ရှုလိုသူများအတွက် ဒီနေရာလေးမှာလည်း မြသွေးနီရဲ့ စာအုပ်လေး ကြော်ငြာပေးထားတာတွေ့ရလို့ တင်ထားပေးသော Book Lover ကိုလည်း ဒီနေရာကနေ ကျေးဇူးစကားဆိုပါရစေ။
ရန်ကုန်မှာတော့…. စာပေလောက (ပန်းဆိုးတမ်းတစ်လျှောက်ဆိုင်ခွဲများ၊ရန်ကင်း၊ လှည်းတန်း အပါအ၀င် ဆိုင်ခွဲများအားလုံး)၊ အင်းဝစာအုပ်တိုက် (ပန်းဆိုးတမ်းအထက်)၊ အာရုဏ်သစ်စာပေ (ဗိုလ်ချုပ်အောင်ဆန်းလမ်း)၊ အာရုဏ်သစ်စာပေ(ကမ်းနားလမ်း)၊ စာပေရတနာ ( ရွှေဘုံသာ အထက်လမ်း)၊ ပါရမီစာပေတိုက် (၂၉လမ်းအထက်)၊ ပြည့်ဝေကျော် (ရွှေဘုံသာ အထက်လမ်း)၊ အမြင်သစ်၊ ပညာရွှေတောင်၊ အမေ့အိမ်၊ သာလွန်၊ ၀ါမိုးအောင်၊ ခောတ်သစ်စာပေ (လှည်းတမ်း)၊ ရာပြည့် (ဆိုင်ခွဲများအားလုံး)မှာ တင်ပေးထားပြီး ဖြစ်ကြောင်းနဲ့ မန္တလေးမြို့အတွက်ကိုတော့ (၂၂.၄.၂၀၁၁) နေ့မှာ စတင် ဖြန့်ချိပို့ပေးမယ်လို့ သိရပြီး ထွန်းဦးစာပေ၊ နဂါးစာပေနဲ့ ညိုစာပေတို့မှာ သွားရောက်မြည်းစမ်းနိုင်ကြောင်း သိရပါတယ်။ ကျန်ရှိသော နယ်မြို့များ၊ ရန်ကုန်မြို့ပေါ်ရှိ  စူပါမားကတ်များမှ စာအုပ်ဆိုင်များနှင့် ပြည်ပမှ မြန်မာစာအုပ်ဆိုင်များ အတွက်ကိုတော့ ရက်ပိုင်းအတွင်း ဆက်လက်ပြီး ဖြန့်ချိပေးသွားမယ်လို့ သိရပါတယ်ရှင်။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။
Share
This entry was posted in မြသွေးနီ. Bookmark the permalink.
46 Responses to အိမ်မက်ကောက်ကြောင်း
  1. စာအုပ်ဒီဇိုင်းလေးက ချစ်ဖို့ကောင်းလိုက်တာ
    ခုချက်ခြင်းတောင် ပြေးဝယ်လိုက်ချင်သေး
    အွန်လိုင်းပေါ်မှသည်…….
    အပြောကျယ်တဲ့ စာပေမြစ်ဆီသို့ ………
    အဆီးအတား အပိတ်အဆို့မရှိ လွတ်လပ် အောင်မြင်စွာ
    စီးဆင်းနိုင်ပါစေကြောင်း ဆုမွန်တောင်းမိပါတယ် အစ်မရေ…..
    Congratulations!………………..
  2. rose says:
    Congratulation ပါ အစ်မမြသွေးနီ။ အစ်မက စာအရေးအသား ကောင်းတယ်။ အခုလို ၀ါသနာတူ မောင်နှံ နှစ်ယောက် အတူတူ လက်တွဲ လုပ်ကိုင်တော့ ပျော်စရာ ကောင်းသားလှနော်။ စာအုပ်လေးကို လိုချင်လိုက်တား)။ သြော်… အစ်မရေ… ရို့စ် အစ်မကို အွန်လိုင်း ရွှေဝတ္ထုတို ရွေးချယ်ပွဲမှာ အစ်မ ရေးသားထားတဲ့ “သမီးရဲ့မျက်လုံးလေး” ၀တ္ထုကို မဲပေးခဲ့တယ်နော်။ အစ်မ ကံကောင်းပါစေ။
  3. phyophyo says:
    မမြသွေးနီ ရေ
    စာအုပ်လေးမြင်ရတာ ၀မ်းသာဂုဏ်ယူမိပါတယ်၊
    အစ်မ မစုမီအောင်ကို ၀ယ်ခိုင်းလိုက်မယ်၊
    သရုပ်ဖော်ပုံလေးတွေလည်း ကောင်းလိုက်တာ၊ အိမ်နီးချင်းနဲ့ အမြဲတမ်းစိမ်းလေးလည်းပိုကြိုက်တယ် တစ်မူးသာလည်းကောင်းတာပဲ၊
    ကိုယ့်စာမူလေးတွေ စာအုပ်မှာ မြင်ရတာ သိပ်ပျော်စရာကောင်းမှာပဲ
    စာဖတ်စရာတွေအများကြီးပဲ၊ အစ်မစာတွေပြန်ဖတ်ဦးမယ်၊
    ဘလော့ဂ်တွေသိပ်မလည်နိုင် စာသိပ်မဖတ်နိုင်ဖြစ်နေတာမကောင်းဘူး
    ပထမဆုံး လုံးချင်းလေးမှသည် လုံးချင်းပေါင်းများစွာ အောင်မြင်စွာထုတ်ဝေနိုင်ပါစေ၊ (အခက်အခဲကင်းကင်း၊ စီစစ်ရေးချောင်ချောင်လည်လည်၊ လုံးဝမရှိပိုကောင်း :D )
    ဘလော့ဂ်လေးလည်း နှစ်တွေအများကြီး ကျန်းမာပျော်ရွှင်ပါစေ
    ဘလော့စာရေးသက် ၁နှစ်မှသည် နှစ်ပေါင်းများစွာ
    လုံးချင်းစာအုပ်လေး တစ်အုပ်မှသည် လုံးချင်းပေါင်းများစွာ
    ဆန္ဒပြုပါတယ်၊ အွန်လိုင်းရွှေဝတ္ထုဆန်ကာတင်အတွက်လည်း ဂုဏ်ယူပါတယ်။
  4. ပါရမီဖြည့်ဖက်ဆိုတာ ဒါမျိုးနေမှာနော်…ဖတ်ရတာ ကြည်နူးမိပါတယ်။
    စာအုပ်လေးလဲ ၀ယ်ပြီး အားပေးမှာအသေအချာပါပဲ။ စကားမစပ် ကျမလည်း ဆရာ့ FMA တပည့်ဟောင်းပါပဲ။ နယ်မှာ အကြာကြီးနေနေရတာမို့ အဆက်အသွယ်ပြတ်သွားပြီး အဝေးကနေပဲ နားစွင့်နေမိတော့တာ။
    ကဗျာလှလှ စာလှလှလေးတွေ ဆထက်ထမ်းပိုး ဆက်လက်ရေးသား နိုင်ပါစေလို့ ဆုတောင်းပါတယ်။
  5. အယ်.. တယ်မိုက်ပါလား… ဒီကိုတစ်အုပ်.. (လက်ဆောင်..) :P.. ဟိဟိ… မြန်မာပြည်ရောက်ရင် သွားရှာဝယ်ဦးမယ်…း))
    ခင်မင်တဲ့
    နေ၀ဿန်
  6. စော(အဝါရောင်မြေ) says:
    အမရဲ့  ဆန္ဒနဲ့ ဘဝ တစ်ထပ်တည်း ကျအောင် ကူညီဖန်းတီးပေးတဲ့  သူမျိုးကို အမရတာလဲ အမရဲ့ ကံကောင်းမူပေါ့။
    ကျတော်ပြောသားပဲ အမရေးတာ တကယ်ကောင်းပါတယ်ဆို။ အမ အောင်မြင်မှာပါ။ ဒီမှာ ရောက်၊ မရောက် ရှာကြည့်အုံးမယ်။
  7. ရတနာနွယ် says:
    မမရေ—
    အရမ်းကို ဂုဏ်ယူဝမ်းမြောက်ပါတယ်ရှင်
    မမရဲ့ ကြိုးစားမှု အသီးပွင့်လေးတွေက မမရဲ့ စေတနာ ဆိုတဲ့ မြေသြဇာကြောင့်
    အပင်မှန်မှန် အသီးသန်သန် နဲ့ ကြီးထွားလာပါပြီရှင်
    မြသွေးနီ ဆိုတဲ့ အောင်မြင်တဲ့ စာရေးဆရာ တစ်ယောက် ဖြစ်လာမယ်လို့လည်း အကြွင်းမဲ့ယုံကြည်ပါတယ်ရှင်
  8. ချစ်ကြည်အေး says:
    စာအုပ် အဆင်အပြင်လေးက ချစ်စရာလေး….။ စာအုပ်တအုပ်ဖြစ်လာဖို့ဆိုတာ တကယ်လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး ငွေရေးကြေးရေးအစ ကာဗာ ပန်းချီ အတွင်းသရုပ်ဖော် အမ မသိတဲ့တခြားအဆင့်တွေ အများကြီး ရှိသေးရဲ့၊ ခုလို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့တာကိုက…ကောင်းနေပြီ။ နာမည်ရော အမြတ်အစွန်းပါ ကျန်တဲ့စာအုပ်လေး ဖြစ်ပါစေ မြသွေးရေ…။ ရှေ့ဆက် ခြေလှမ်းတွေ အများကြီး အောင်မြင်စွာ လှမ်းနိုင်ပါစေနော်…..:)
  9. မင်းလူန says:
    ဂုဏ်ယူပါတယ်မမြသွေးနီ…………..
    စာရေးသူတစ်ယောက်ရဲ့ ပီတိကိုက်ုယ်ချင်းစာမိသလို
    လူ့ လောကဟောင်းလောင်ပေါက်တွေကိုစာပေလောကထဲကနေဖာထေးချီတက်ကြတာပေါ့ ဗျာ
    လေးလဲလေးစားမိပါရဲ့ …………..
    ဖတ်ဖြစ်အောင်တော့ ဖတ်အုံးမှပဲ။။။။။။။။။။။။။။။။။။။။။။။
    မင်းလူန
  10. မေဇင် says:
    အမ စာလေးတွေကို အစထဲက နှစ်သက်ပါတယ်…ခုလဲ မနက်ဖြန် ပြန်မှာဆိုတော့ အတော်ပဲ…..အမှတ်တရ အနေနဲ့…..၀ယ်ခဲ့ဦးမယ်။း)
  11. angelhlaing says:
    မမရေ အတိုင်းမသိထပ်တူ ဝမ်းမြောက်မိပါတယ်မမရေ..
    နောက်ထပ်လည်း စာပေလောကအလယ်မှာ ထွန်းလင်းတောက်ပမဲ့ ကြယ်စင်တစ်ပွင့်လား
    မားမားမတ်မတ် ရပ်တည် နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းရင်း
    အားပေးနေတဲ့
    ညီမလေး…
  12. အွန်လိုင်းစာမျက်နှာပေါ်ကနေ စာအုပ်အဖြစ်ပုံနှိပ်ထွက်ရှိလာပြီဆိုတော့ မြန်မာပြည်က အမစာတွေချစ်တဲ့သူတွေ
    အဆင်ပြေသွားတာပေါ့အမရေ။။။ စာအုပ်လေးဝယ်ဖတ်လိုက်ရင်ပရုပ်ဆီအပူလောင်တဲ့ဒဏ်တွေမခံရတော့ဘူးပေါ့။။။
    စာအုပ်လေး ဒီဇိုင်းလေးမိုက်တယ်။။။ အမမြသွေးနီ နိုင်ငံကျော် လူကြိုက်များတဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်
    အဖြစ်အောင်မြင်နိုင်ဖို့ ဆန္ဒပြုပါတယ်။။။။။။။။။။။။။
  13. Wynne says:
    အချိန်တိုအတွင်းမှာ မှတ်တိုင်တစ်ခု စိုက်နိုင်ခဲ့တဲ့ အစ်မအတွက် ထပ်တူဂုဏ်ယူဝမ်းသာမိပါတယ်။ ဦးကျော်ကျေးဇူးလဲပါ၏ ပေါ့။ တစ်ချိန်မှာ အဘိုးခြေရာနင်းနိုင်တဲ့ ကလောင်ရှင်ဖြစ်ပါစေလို.။
  14. hanlintunn says:
    အစ်မရေ အမှတ်တမဲ့ရောက်လာမှသိရတာက
    အစ်မစာအုပ်တစ်အုပ်ကို ကြိုးစားပမ်းစားမွေးထုတ်လိုက်တယ်ဆိုတာပါပဲ….
    ကျွန်တော်လည်း ၀ယ်ဖြစ်အောင်တော့ဝယ်ထားလိုက်ပါဦးမယ်အစ်မ..
    ခင်မင်လျက်။
  15. ထပ်တူ ၀မ်းမြောက်ရပါတယ်။ အောင်မြင်ပါစေ ခင်ဗျာ။
  16. အစ်မရေ အစ်မရေးတဲ့စာလှလှလေးတွေကို စာအုပ်ထုတ်လိုက်တော့ သွားလေရာယူပြီးဖတ်လို့ရပြီလို့တွေးပြီးဝမ်းသာနေမိပါတယ်။ အရမ်းအားကျဂုဏ်ယူမိပါတယ်ရှင်။
    အစ်မရေ ဘလော့ဂါတွေအတွက် ဆိုက်အသစ်လေးတစ်ခု လုပ်နေပါတယ်ရှင်။ လာရောက်ပြီး စာတွေ ဝင်ရေးပေးဖို့ လှိုက်လှဲစွာဖိတ်ခေါ်ပါတယ်နော်။ မြန်မာအွန်လိုင်းဘလော့ဂ္ဂါများအသင်း (MOBA) ပါရှင်။ ဒီလိပ်စာလေးပါရှင် >>> http://www.moba4all.org ပါ။ အစ်မသာ ဝင်ရောက်ရေးသားပေးမယ်ဆိုရင်တော့ အတော့်ကို အားတက်စရာဖြစ်လာမှာပါရှင်။
    မျှော်နေမယ်နော်။
    ခင်မင်လေးစားလျက်
    မေသိမ့်သိမ့်ကျော်
  17. Congratulation ပါချစ်သော အစ်မရေ..သတင်းစာထဲမှာ ကြော်ငြာလေးတွေ့ တော့ အရမ်းအံ့သြပြီး နှစ်ခေါက်လောက် ပြန်ဖတ်မိတယ်…ကပ်ကြေးနဲ့ညှပ်ပြီး scan ဖတ်ပြီး အမကို congratulation လုပ်မလို့ဟာ.အလုပ်မအားလို့ အကောင်အထည် မဖော်ဖြစ်လိုက်ဘူး..စာအုပ်လေးကို အမှတ်တရ သိမ်းထားပါ့မယ်… ဂုဏ်ယူပါတယ်.မရေ….
    နောက်တစ်အုပ်ကိုမျှော်နေမယ်နော်….:P
  18. ၀မ်းသာဂုဏ်ယူမိကြောင်းပါ…
    ဆက်လက်ပြီး အောင်မြင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းလျှက်..
    ခင်မင်လျှက်..
    မလေး (အိမ့်ချမ်းမြေ့)
  19. အုပ်ကြီး says:
    အိမ်မက်ကောက်ကြောင်း ..
    သင်္ကြန်နှစ်သစ်မှာ
    လက်တွေ့ အကောင်အထည်ပေါ်လာတာ မင်္ဂလာပါ …
  20. ဂုဏ်ယူပါတယ်မမရေ။ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာဖြစ်လာပါစေ။
    အိမ်မက်မှသည် လက်တွေ့အောင်မြင်မှုများအထိ တက်လှမ်းသွားပါစေရှင်။
  21. ဝမ်းသာစရာ သတင်းကောင်းလေးပါပဲ အစ်မမြသွေးရေ…။
    စာအုပ်ပုံစံလေးကိုက သပ်ရပ်လွန်းတယ်။ သဘောကျမိတယ်။
    နောက်ထပ် စာကောင်းပေမွန်တွေ ဆက်လက်ရေးသားပြီး စာအုပ်ပေါင်းများစွာ
    ထုတ်ဝေနိင်မယ်လို့ ယုံကြည်ပါတယ်။
  22. oburma says:
    ဘ၀ရဲ့မှတ်တိုင်လေးတစ်ခု စိုက်ထူနိုင်တဲ့အတွက်.ဂုဏ်ယူမိပါတယ်။
    နောက်နောင်လည်း..အောင်မြင်မှုတွေပိုင်ဆိုနိုင်ပါစေ….
    ထပ်တူညီတဲ့..ဆရာမရဲ့ဆန္ဒတွေအားလုံး……….ဘ၀နဲ့..ပေါင်းစပ်နိုင်ပါစေလို့…။
  23. မမမြသွေး.
    အခုမှ နောက်ကျစွာသိခဲ့ရတယ်.။ ဝမ်းသာဂုဏ်ယူမိပါတယ်မမ.။
    စာအုပ်လေးကို တစိမ့်စိမ့် ကြည့်နေမိတယ်. စာအုပ်လေးကသပ်သပ်ရပ်ရပ်နဲ့ လှပါတယ်။
    စာအုပ်လေးကိုပဲ ကိုင်ပြီး ဖတ်ချင်နေမိတယ်.။ ရှေ့ဆက်ပြီးတော့လည်း စာအုပ်လေးတွေ
    ဆက်လက် ထုတ်ဝေနိုင်ဖို့မျှော်လင့်ဆုတောင်းမိပါတယ်။။
    မမတို့ မိသားစု မင်္ဂလာရှိသော နှစ်သစ်မှာ ကျန်းမာရွှင်လန်းပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ လိုအပ်သော
    ဆန္ဒတွေ ပြည့်ဝပါစေ…။
    ချစ်တဲ့
    ညီမသဒ္ဓါ
  24. nyeinsoeoo says:
    အိပ်မက်ကောက်ကြောင်းဟာ မှတ်တိုင်တစ်ခု ဖြစ်လာမှာ သေချာပါတယ် …
    ငြိမ်းစိုးဦး
  25. wa lay says:
    Your husband is so good. You should value him.
    I wish your book to be successful. =)
  26. ၀မ်းသာတယ်ဗျို့
    စာရေးသူ လက်မှတ်နဲ့
    စာအုပ် လက်ဆောင်ကိုလည်းလိုချင်ပါတယ်
  27. tin min nwe says:
    ဂုဏ်ယူပါတယ် အမ ရေ။ရန်ကုန် ပြန်ရောက်မှပဲ အမ စာအုပ်ကို ၀ယ်ရတော့မယ်။အမ ဒီထက်မက စာတွေပိုရေးနိုင်ပါစေ
    လို့ ဆုတောင်းရင်း။
  28. ဖြူစင် says:
    မမစာအုပ်လေးကိုရှာဝယ်မယ်..ပြီးရင်စာရေးသူအမှတ်တရ
    လက်မှတ်လေးထိုးပေးရမယ်နော်…STAမှာပို့စ်တွေကိုမလွတ်တမ်းဖတ်သလို
    မမမြသွေးပို့စ်တွေကိုလဲအမြဲဖတ်နေတဲ့သူပါ..
  29. chaw says:
    Congratulation မမြသွေး။
    ကိုယ့်စာအုပ်ထွက်လာတာ ကျနေတာပဲ ရင်ခုန်လိုက်တာ။
    လှပသော စာကလေးများ နောက်ထပ်လဲရေးနိုင်ပါစေလို့….။
    စာအုပ်ဝယ်ပြီးရင်လက်မှတ်ထိုးပေးရမယ်နော်။
    ပျော်ရွှင်ပါစေ။
  30. မနေ့က ကျော်အောင်မော် စာအုပ်လာပေးလို့ဖတ်လိုက်ရပါတယ်….။
    စာလေးတွေကို သဘောကျပါတယ်။
    ခုမှပဲ ဘယ်သူဆိုတာ သေသေချာချာသိလိုက်ရလို့ အံ့သြကြောင်း ကျော်အောင်မော်ကိုပြောလိုက်သေးတယ်။
  31. အရမ်း ၀မ်းသာဂုဏ်ယူပါတယ် မမရေ………………သံစဉ်လဲ စာအုပ်လေးကို ရအောင် ၀ယ်ခိုင်းထားပါတယ်ရှင် ။ ဒီ ရက်ပိုင်းအတွင့်တော့ ရောက်မယ် ထင်ပါရဲ့ ။ အမှတ်တရ သိမ်းထားချင်လို့ပါ ။
    အားပေးပါတယ် မမ ။
  32. MA NWE says:
    အစ်မရေ
    အခုမှဘဲအစ်မစာအုပ်ထွက်တာသိတော.တယ် ။ သွားဝယ်ပြီးဖတ်လိုက်ဦးမယ်နော် ။နောက်ထပ်လည်းစာတွေအများကြီးရေးနှိုင်ပါစေ ။ ပထမရည်မှန်းထားတဲ.အိမ်မက်လည်း အကောင်အထည်ဖေါ်နိုင်ပါစေလို.ဆုတောင်းပေးပါတယ်။
    အားပေးနေပါတယ်။
  33. မမြသွေးနီရေ… အခုလို စာအုပ်လေးတစ်အုပ် အဖြစ် မြင်ရတာ ကာယကံရှင်မပြောနဲ့ ဘေးကလူတောင် ဝမ်းသာကြည်နူးရပါတယ်။ တဆက်ထဲ ရသဝတ္ထတို ပထမဆုအတွက်လည်း ဝမ်းသာဂုဏ်ယူပါတယ်နော်။ မမြသွေးနီ ဖြောင့်ဖြူးငြိမ်းချမ်းသော စာပေလမ်းကို လျှောက်လှမ်းနိုင်ပါစေ…
  34. အစ်မရေအင်မတန်ဝမ်းသာဖို့ကောင်းလှပါတယ်ဗျာ
    နောင်နှစ်ပေါင်းများစွာတိုင်အောင်…..အောင်မြင်သော
    စာရေးဆရာမကြီးဖြစ်ပါစေကြောင်းဆုမွန်တောင်းပေးလိုက်ပါတယ်
  35. ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ။။။။။။။။နောက်ထပ်…နောက်ထပ်တွေလည်းးးးးးးးးးးးးးး
    ဆက်လက်အောင်မြင်ပါစေလို့……….
  36. အမ နာမည်နဲ့ စာအုပ်လေးမြင်လိုက်ရတော့ အရမ်းကိုအံ့သြ၀မ်းသာပြီး လှိုက်ခနဲဖြစ်သွားမိခဲ့တယ်။ အမ ကို မိုဘာမှာရင်းနှီးပြီးသားဆိုတော့ အခုလို အပြင်မှာစာအုပ်လေးပေါ်မှာ မြင်လိုက်ရတော့ ကြည်နူးမိသွားတယ်။
    စာအုပ်လေးက အရမ်းကောင်းတယ် အမရေ။ တကယ်ကို ရသစာစုလေးတွေပါ။ သိပ်ကိုကောင်းလွန်းလို့ အလုပ်သွားရင်တောင် ယူသွားမိတယ်။
    ဆက်လက်အောင်မြင်ပါစေနော်။
    ခင်မင်လေးစားစွာဖြင့်
    အဖြူလေး (မိုဘာ)
  37. 8Yar says:
    Congratulation! လို့ထပ်ပြောပါရစေအစ်မမြသွေးရေ။ စာအုပ်ဒီဇိုင်းလေးက အရမ်းအဓိပ္ပါယ်ရှိတယ်လို့ခံစားရပါတယ်။ စာအုပ်လုပ်ပေးတဲ့ အစ်ကိုရဲ့စိတ်တွေကိုမြင်နေရတယ်။ အစ်မရော အစ်ကိုပါ ကိုယ်စိတ်နှဖြာကျန်းမာကြပါစေခင်ဗျာ။
  38. စံပယ် says:
    အမနဲ့ထပ်တူဝမ်းသာမိပါတယ်
    အမရေ စိတ်ကူးတိုင်း အကောင်အထည်ဖော် အောင်မြင်ပါစေနော်
  39. Pingback: မြသွေးနီနှင့် ရွှေမြန်မာဥယျာဉ်မိသားစုအင်တာဗျူး |
  40. Congratulations !!!
    အစ်မ မြသွေးနီ … အိပ်မက်ကောက်ကြောင်းကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါဦးမယ် ခင်ဗျာ …
  41. နွေလ says:
    အရင်တစ်ပတ် စနေ့နေ့က ၀ယ်ထားလိုက်ပါတယ်
    ဆရာမရေ … တစ်နေ့တည်းနဲ့ ပြီးအောင် ဖတ်ဖြစ်တယ်
    အရမ်းကောင်းလို့လေ …
    အကယ်ဒမီရှော့ကို အရမ်းကြိုက်တာ
    မိခင်မေတ္တာကို သရုပ်ဖော်ထားတဲ့ အပုဒ်လေးဆိုရင်လည်း
    တိုတိုဆိုပေမယ့် အရမ်းထိတယ်
    ကြိုက်တယ် . . . နောက်ထွက်မယ့် စာအုပ်တွေကိုလည်း
    ဆက်ပြီး အားပေးနေမယ်နော်
  42. ခွန်ပန်းအောင်(သပက၊ပလ) says:
    နောင်တောင်းမှာ အင်တာနက်ရမှ ကိုဖတ်ချင်တဲ့ စာရေးဆရာရဲ့ အမည်တွေကို ရေးပြီးရှာဖတ် အဲဒါနဲ့ပဲ အဆင်ကိုပြေလို့ အမှန်အတိုင်းပြောချင်ပါတယ် ဆရာမကို သိတာမကြာသေးပေမယ့် အခုတော့ဆရာမရဲ့ စာပေတွေကို တော်တော်ဖတ်ဖြစ်ခဲ့ပါပြီလေ။
    နောင်တောင်းပရဟိတလူငယ်မှ
  43. mamyathway says:
    စာတွေဖတ်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်…ကိုခွန်ပန်းအောင်။
  44. အစ်မက Youth မှာလည်းဝင်ရေးတာကို တွေ့ရတယ်နော်
    အစ်မရဲ့ စာတွေကို ကြိက်ပါတယ်
    Youth ဆိုတစ်အုပ်လုံးကိုကြိုက်ပါတယ်
    ကြိုးစားနော် အစ်မ နောက်လ Youth မှာမျှော်နေမယ်…
  45. oburma says:
းးးးးး
  46. Thwin says:
    အစ်မ မြသွေးနီ ရဲ့ စာအုပ်လေး အတွက် ဂုဏ်ယူပါတယ်…။ ဘာနဲ့ မှ လဲလို့ မရတဲ့ လက်ဆောင်လေးပေါ့နော်..။
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>