ဟက်ပီဘလော့ဂ်ဒေး

Number of View: 16800

ဒ်ီနေ့…. သြဂုတ်လ (၃၁)ရက်နေ့ဟာ “ အပြည်ပြည်ဆိုင်ရာ ဘလော့ဂ်နေ့ ” ရယ်လို့ သိပ်မကြာခင်ကပဲ ကျွန်မ သိခွင့်ရခဲ့ပါတယ်။ “ဘလော့ဂ်နေ့ ” ကို ဂုဏ်ပြုလို့လားတော့ မသိ၊ ပြီးခဲ့တဲ့တစ်နေ့က Blogspot တွေကို ဒီကနေ ဖတ်လို့ရ၊ ကွန်မန့်တွေပါ ပေးလို့ရလို့ မြသွေးနီတစ်ယောက် ဖွားကျိုင်းတုတ်ဖြစ် သွားပြီး ဘလော့ဂါများရဲ့ ဘလော့ဒေးအမှတ်တရပို့စ်တွေကို စိတ်ဝင်တစား ဖတ်မိခဲ့ပါတယ်။ အထူးသဖြင့် ဘလော့ဂါအသီးသီးရဲ့ ဘလော့ဂါတစ်ယောက် အဖြစ် ဘယ်လို စတင်ခဲ့တယ်ဆိုတာလေးတွေကို ဖတ်ရတာ   မြသွေးနီတစ်ယောက် အင်မတန်မှ သဘောကျ  နှစ်သက်မိရပါတယ်။ မိမိရင်းနှီးသူတွေကို ပို့စ်ထဲမှာ ထည့်ရေးပေးထားကြတာဟာ ဘလော့ဂါ အချင်းချင်း ရင်းနှီးမှုပိုခိုင်ခန့်စေပြီး တကယ့်ကို ချစ်စရာ၊ နွေးထွေးစရာလို့   မြင်မိပါတယ်။

မြသွေးနီ ဘလော့ဂါ စဖြစ်ခဲ့ရတာက သိပ်မထူးခြားလှပါဘူး။ ဒီလို အွန်လိုင်းမှာ စာရေးသူဖြစ်လာမယ်လို့လည်း တစ်ခါမှ မတွေးထားခဲ့ပါဘူး။ ကျွန်မ လုပ်ငန်းခွင်မှာ ရှိနေစဉ် ၂၀၀၈ခုနှစ်အစောပိုင်းမှာ အင်တာနက်ကို အလုပ်အတွက် မဖြစ်မနေ စတင်အသုံးပြုဖို့ ဖြစ်လာပါတယ်။ အွန်လိုင်းမှာ အခုလို စာတွေ ရေးနေသူရှိမှန်းကိုတော့ ပြည်ပက ကျွန်မမောင်လေးက လင့်ခ်တစ်ခုပေး ဖတ်ခိုင်းရာက စတင်သိခဲ့ရပါတယ်။ အဲ့ဒီတုန်းက သူတို့ကို ဘလော့ဂါလို့ ခေါ်မှန်းတောင် မသိသေးချိန်ပါ။

မှတ်မှတ်ရရ ကျွန်မ စဖတ်ဖြစ်ခဲ့တာနိုင်းနိုင်းစနေ ပါ။ မောင်လေးပေးဖတ်တဲ့ လင့်ခ်ကနေ သူ့ရဲ့ ထူးခြားတဲ့ ကလောင်နာမည်နဲ့ ဆွဲဆောင်မှုရှိတဲ့ စာတွေကို ဖတ်ရင်း စာဖတ်ဝါသနာပါလွန်းတဲ့ ကျွန်မ၊ သူ့အရေးအသားမှာ စွဲနစ်ခဲ့ရပြီး၊ သူ့စာတွေ အမြဲဖတ်ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ကပ်ပါပေ့ပီကေရန်အောင်၊  ကိုရင်နော်ခင်လေးငယ်တေဇာ-လရောင်လမ်း တို့ရဲ့ စာတွေက  မဖတ်ရ မနေနိုင်ရအောင် ကျွန်မကို ညှို့ယူခဲ့ပါတယ်။

“ဘလော့ဂ်နေ့ ”ကို ဘလော့ဂါတွေ အမျိုးမျိုး ပုံဖော်နေချိန်မှာ   မြသွေးနီ ဘလော့ဂါတစ်ယောက်ဖြစ်လာဖို့ မဖြစ်မနေ မှတ်ကျောက်တင်ရမယ့်သူများကို  ယနေ့ကျရောက်တဲ့ “ဘလော့ဂ်နေ့ ”မှာ ပြောပြချင်မိပါတယ်။

၂၀၀၉ ခုနှစ်ရောက်တော့ ကျွန်မ အွန်လိုင်းအသုံးပြုနည်းတွေကို တော်တော် တီးမိခေါက်မိနေပြီ။ အဲ့ဒီမှာ Gmailက တဆင့် Forward လုပ်လိုက်တဲ့   မေးလ်တစ်စောင်ရရင်း အဲ့ဒီကနေ sing up လုပ်ရင်း auroranewgeneration group ဆိုတဲ့ google ကနေ မန်ဘာတွေကို   မေးလ်တွေ ပို့တဲ့ဆီမှာ ကျွန်မ မန်ဘာဖြစ်ရင်း သူတို့ မျှဝေတဲ့ စာတွေ ဖတ်ဖြစ်လာပြန်ပါတယ်။ ၀င်လာတဲ့ စာတဖွဲဖွဲတွေ ဖတ်ရင်းက တစ်ရက်မှာ ကျွန်မ မိသားစုနဲ့ ချောင်းသာကအပြန် ကျွန်မစိတ်ကို ရိုက်ခတ်လာတဲ့ အကြောင်းအရာလေးကို စာတစ်ပုဒ် အဖြစ် auroranewgeneration group မှာ ပထမဦးဆုံး မွေးဖွားဖြစ်ခဲ့ပါတယ်။ အဲ့ဒီပို့စ်လေးအပေါ် တုန့်ပြန်မှုအမျိုးမျိုး   ပြန်ရလာတဲ့အခါမှာ  အွန်လိုင်းမှာ စာတွေရေးချင်စိတ် တဖွားဖွားဖြစ်နေ ခဲ့ရပါပြီ။ aurora က adminမာင်ငယ်ဘုန်းဇင်ဦး(ဘုန်းကြီး)၊ ညီမ 9popco®n နဲ့ ကျွန်မ ခင်မင်ခွင့် စတင်ရခဲ့ပြီး သူတို့နှစ်ဦးဟာ ကျွန်မရဲ့ အွန်လိုင်းပေါ်က ပထမဆုံးသော စာပေမိတ်ဆွေများ   ဖြစ်ခဲ့ပါတယ်။   ပြင်ပမှာလည်း တကယ့်   မောင်နှမတွေလို ချစ်ခင်လေးစားခွင့် ရရှိနေဆဲ   ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ဘလော့ရေးနေသူတွေ ဒီလိုမျိုးစာတွေကို အွန်လိုင်းပေါ်မှာ ဘယ်လိုများ   ရေးကြပါလိမ့်လို့ ကျွန်မ အတော်ကို စိတ်ဝင်စားနေချိန်   ရောက်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ aurora က ဘုန်းဇင်ဦးက “ aurora ကို ning siteအသွင်   ပြောင်းမယ်၊ အစ်မ၀င်ရေးပါ…” ဆို ရေးနည်းတွေ သင်ပေးခဲ့ ပါတယ်။ ဒီလိုနဲ့ aurora က ning site မှာ ကျွန်မပို့စ်တွေ အပုဒ်၂၀လောက်အထိ တင်ဖြစ်ခဲ့ပါတယ်။ ning site ကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့ပါပြီ။ ဒါကြောင့် aurora က ဘုန်းဇင်ဦးက ကျွန်မကို ပထမဆုံး အွန်လိုင်းပေါ် စာရေးနည်းကို မိတ်ဆက်ပေးခဲ့သူပါ။

အဲ့ဒီအချိန်မှာ ချောကလက်မြို့တော် ning site က မြို့စားလေးနဲ့ သိခွင့်ရခဲ့ပြီး   ချောကလက်မှာလည်း ကျွန်မဆိုက်မှာ ရေးထားတဲ့ စာတွေကို   ပြန်တင်ဖြစ်ခဲ့ပြန်ပါတယ်။ အဲ့ဒီနောက် အခြား ning site အချို့မှာပါ ကျွန်မစာတွေ တင်ဖြစ်ခဲ့ပါတယ်။ လက်ရှိလည်း တင်ပေးနေဆဲပါ။ ကျွန်မရဲ့ ဘလော့ရေးဖြစ်ခဲ့ခြင်းက ning site ကနေ စခဲ့တာမို့ ning site တွေကိုလည်း ကျွန်မ မမေ့မလျော့ ထည့်ပြောရမှာပါ။

ဒါပေမယ့် အဲ့ဒီအချိန်အထိ ကိုယ်ပိုင်ဘလော့ကို ဘယ်လို ဖန်တီးရမယ် ဆိုတာကို မသိသေးပါဘူး။ အဲ့ဒီအချိန်မှာ ခုနကပြောခဲ့တဲ့ aurorageneration groupက မေးလ်မန်ဘာတွေထဲမှာ ကျွန်မရဲ့ ချစ်ရတဲ့ ရေးဖော်ညီမ ချော (အစိမ်းရောင်လွင်ပြင်) ကလည်း မန်ဘာတစ်ဦးဖြစ်နေခဲ့ပြီး သူနဲ့ကျွန်မက လုံးဝမသိကြပဲ nink name များကိုသာ မေးလ်ပေါ်မှာ အပြန်အလှန် ရင်းနှီးသတိထားမိနေကြပါတယ်။ တစ်နေ့မှာ သူနဲ့ gtalkမှာ အပြန်အလှန် add ရင်း သိခဲ့၊ ခင်မင်ခဲ့ရပါတယ်။ အဲ့ဒီတုန်းက ကျွန်မသုံးတဲ့ gtalk က nick name ကို  ကြည့်ပြီး တော်တော်များများက ကျွန်မကို ယောကျာ်းလေးနဲ့ အထင်မှား ကြပါတယ်။

ချောနဲ့ကျွန်မခင်လာပြီး သိပ်မကြာခင် ကျွန်မဟာ မိန်းကလေး တစ်ယောက်   ဖြစ်မှန်းရော၊ ကျွန်မတို့နှစ်ယောက် အသက်လည်း သိပ်မကွာ၊ ၀ါသနာတူ၊   နောက်… လုပ်ငန်းချင်း ဆက်စပ်ပတ်သက်ခဲ့ဘူးတာရော သိလိုက်ရချိန်မှာ တစ်ယောက်တစ်နေရာစီ ဝေးနေပေမယ့် သူနဲ့ကျွန်မ အရမ်းကို နီးစပ်သွား သလို ခံစားလိုက်ရပါတယ်။

အဲ့ဒီမှာ ချောက တစ်နေ့ပြောလာပါတယ်။ “ အစ်မ… ညီမ ဘလော့စရေးဖို့   ပြင်ဆင်နေတယ်၊ ပြီးရင် အစ်မအတွက်ပါ ဘလော့တစ်ခုလုပ်ပေးမယ်..၊ အစ်မရေးပါ” ဆိုပြီးပြောလာတော့ ရေငတ်တုန်း ရေတွင်းထဲကို တွန်းချ ခံလိုက်ရသလိုပါဘဲ။ အဲ့ဒီ ရေချိုတွင်းလေးထဲ ယက်ကန်ယက်ကန်နဲ့ ကျွန်မကူးခတ်နေရင်း ကျွန်မပျော်မွေ့လာပါတယ်။ ညီအစ်မနှစ်ယောက် ၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ mylovecafeကို သုံးပြီး စာတွေ တပျော်တပါး စတင်ရေးဖြစ်ခဲ့ပါတယ်။ အဲ့ဒီတုန်းက တစ်နေ့တစ်ပုဒ် တင်ခဲ့ရတာတောင်   နှစ်ယောက်သား နည်းတယ်ထင်နေခဲ့ကြတာ..။ “ အစ်မရေ.. အသစ်တက်   တော့မလား.. ” “ ချောရေ… အသစ်တင်တော့လေ ” နဲ့ အပြန်အလှန်   ဖေးမခဲ့ကြတာ..။ အဲ့ဒီအချိန်တုန်းက အင်တာနက် ဖောဖောသီသီ သုံးခွင့်ရနေချိန်၊  ရေးသမျှ စာတွေ လျောခနဲ ထွက်နေချိန်ပေါ့။ နည်းပညာမှာ သုည ဗဟုသုတသာရှိတဲ့ ကျွန်မအတွက် ချောက တကယ့်ကို ဘလောဂ်နဲ့ ပတ်သက်လာရင် အကူအညီတွေ ပေးခဲ့ပါတယ်။ အခုထိလည်း သူ့ အကူအညီတွေ ကျွန်မယူနေရတုန်းပါဘဲ။

ကျွန်မတို့ Mylovecafeလေးက ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သုံး..လေးခါလောက် ပျက်သွားချိန်မှာ ကျွန်မရဲ့ဆိုက်က ပို့စ်တွေ back up လုပ်ထားရကောင်းမှန်း မသိလို့ နှစ်သက်တဲ့ ပို့စ်တော်တော်များများ ဆုံးရှုံးသွားခဲ့ရပါသေးတယ်။ Ning Site မှာ တင်ခဲ့ဘူးတဲ့ ပို့စ်အချို့ကိုသာ ပြန်ဆည်ယူလို့ ရခဲ့ပေမယ့် စာဖတ်သူတွေရဲ့ ကွန်မန့်တွေကတော့ ဘယ်လိုမှ ပြန်မရနိုင်တော့တာမို့  အဲ့ဒီတုန်းက ၀မ်းနည်းလွန်းလို့ စာဆက်မရေးဖို့အထိတောင် ဆုံးဖြတ်ခဲ့မိ ပါသေးတယ်။ အဲ့ဒီနောက် ညီအစ်မနှစ်ယောက် အပြန်အလှန်အားပေးရင်း၊ အခက်အခဲတွေ ကျော်ဖြတ်ရင်း စာတွေ ဆက်ရေးဖြစ်ခဲ့ကြတယ်။ နောက်ပိုင်း ညီမချောက စိတ်ချရအောင် ဒိုမိန်းဝယ်သုံးဖို့ အကြံပေးလာလို့ နှစ်ယောက်သား ၀ယ်သုံးဖြစ်နေတာ ယနေ့အထိပါဘဲ။

ချောဆီက ကျွန်မသင်ယူဖို့ လိုနေသေးတာက တုန့်ပြန်မှုပါ။ ချောက မိတ်ဆွေ ဘလော့ဂါများနဲ့ နွေးနွေးထွေးထွေး နေတတ်သူပါ။ တုန့်ပြန်မှု   ပေးတတ်သူပါ။ ဘလော့ဂါအချင်းချင်း အပြန်အလှန် တုန့်ပြန်မှုကလည်း အွန်လိုင်းမှာ စာရေးနေသူတွေအတွက် တကယ်လိုအပ်လှပါတယ်။ ဒါပေမယ့် ကျွန်မအတွက် ကတော့ မိသားစုတာဝန်၊ အလုပ်တာဝန်၊ ပရဟိတကိစ္စများနဲ့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ အခြေအနေတွေ ရှိနေတာမို့  တစ်ခါတစ်ခါ ကျွန်မက ဘလော့တွေ ရေးနေရင်းကကိုပဲ ကိုယ့်ကိုယ်ကို တာဝန်မကျေသလို၊ ဒီလောကက လူစိမ်းသက်သက်လို ခံစားမှုတွေ ၀င်လာလေ့ရှိပြန်ပါတယ်။

စာစရေးကာစက ချောနဲ့ကျွန်မကို တစ်ယောက်ထဲလို့ ထင်သူတွေ ရှိခဲ့ဘူးတယ်။ အခုအချိန်မှာတော့ တကယ့် ညီအစ်မ အရင်းတွေလို   ဖြစ်နေကြပါပြီ..။ သူပျော်ရင် ကိုယ်ပျော်၊ သူဝမ်းနည်းရင် ဖေးမနဲ့ပေါ့။ အခုလို အချိန်တိုအတွင်းမှာ ညီမချောရဲ့ အောင်မြင်မှုတွေအတွက် ၀မ်းသာပီတိ အဖြစ်ရဆုံးသူက ကျွန်မပဲလို့ ပြောရရင် ပိုမယ်မထင်ပါဘူး။ ကျွန်မ ဘလော့ဂါဖြစ်ဖို့ ချော(အစိမ်းရောင်လွင်ပြင်) က အဓိကနေရာက ပါဝင်ခဲ့တယ် ဆိုတာ ကျွန်မဘယ်တော့မှ မမေ့ပါဘူး။

နောက်…ကျွန်မကို ပရဟိတအလုပ်တွေ လုပ်နိုင်ဖို့ လင့်ခ်ပေးခဲ့တဲ့ ကိုဇော်ကိုလည်း ကျွန်မရဲ့ ဘလော့သက်တမ်းမှာ ထည့်မပြောလို့ မရပါဘူး။ သူနဲ့ဘလော့ဂ်ရေးရင်း သိခဲ့ရပြီး သူပေးတဲ့ လင့်ခ်ကနေ ပရဟိတ အလုပ်တွေကို စိတ်ရောကိုယ်ပါ ကျွန်မ ဆောင်ရွက်ခွင့် ရခဲ့ပါတယ်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနဲ့ထောက်ပံ့ရေးအသင်း မှာ ကျွန်မအဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ပြီး စာတွေလည်းရေး၊ အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်နဲ့ လူ့ဘ၀သက်တမ်း   ခေါက်ချိုးမှာမှ ပရဟိတလုပ်ရခြင်းရဲ့ ချိုမြိန်ပီတိတွေကို   သောက်သုံးခွင့် ရခဲ့ပါတယ်။ ဘလော့ရေးစဉ်ကာလမှာ ပရဟိတအလုပ်တွေ လုပ်ခွင့်ရခဲ့တာမို့ ဒါလေးကလည်း ကျွန်မအတွက် အမှတ်တရပါဘဲ။

နောက်.. ကျွန်မရဲ့ “ အိပ်မက်ကောက်ကြောင်း ” စာအုပ်ထွက်ချိန် ကံအားလျှော်စွာ အွန်လိုင်းရွှေဝတ္တုတိုဆုပါ ရခဲ့ခြင်းကလည်း ကျွန်မအတွက် စာတွေဆက်ရေးဖို့ ခွန်အားတစ်ရပ် ဖြစ်ခဲ့ရပါတယ်။ ဒီကဏ္ဍလေးကို အကောင်ထည်ဖော် စီစဉ်ခဲ့သူ၊ “ ရသစာပေတွေ အဆက်မပြတ် ရေးပါအစ်မ ” လို့ ပြောခဲ့တဲ့ ကျွန်မရဲ့ စီနီယာ ဘလော့ဂါ ရသစာပေ ချစ်မြတ်နိုးသူ မြစ်ကျိုးအင်း ကလည်း ကျွန်မရဲ့ ဘလော့သက်တမ်း တစ်လျှောက်မှာ အမှတ်တရ   ဖြစ်စေသူပါ။

အခုနောက်ပိုင်း ကျွန်မနှစ်သက်မိလို့ ၀င်ဝင်ဖတ်ဖြစ်နေတဲ့ ဘလော့(ဂ်)တွေ ထဲက ဘလော့(ဂ်) (၅)ခုကို “ဘလော့ဂ်နေ့ ” အတွက် အမှတ်တရ   ပြောပြချင် ပါသေးတယ်။ ရသစာပေနှစ်သက်သူမို့ သူတို့ရဲ့ အရေးအသားလေးတွေက   နှစ်သက်စရာပါ။

၁။ အိန်ဂျယ်လှိုင်း

၂။ အလင်းသစ်

၃။ မိုးပန်းချီ

၎။ မျောလွင့်တိမ်တို့နားခိုရာ ( ညိမ်းနိုင် )

၅။ နှင်းနုလွင်

ကျွန်မစာရေးပြီး နောက်ပိုင်းမှာ ကျွန်မလေးစားရတဲ့၊ အားကျရတဲ့၊   နှစ်သက်ရတဲ့  ဘလော့ဂါအချို့နဲ့ ခင်မင်ခွင့်ရခဲ့ပါတယ်။ အွန်လိုင်းပေါ်က စာတွေကိုတော့ ရတဲ့ အချိန်လေးမှာ အမြဲမျက်ခြေမပြတ် ဖတ်နေခဲ့တာမို့ စာတွေ ရေးဖို့ထက် စာဖတ်သူအဖြစ်နဲ့ ပျော်မွေ့နေတဲ့ အချိန်တွေက ပိုလို့များနေမလားတောင် မသိပါဘူး။ ကျွန်မ ချစ်ခင်လေးစားရတဲ့ ဘလော့ဂါများ၊ ကျွန်မ ချစ်မြတ်နိုးရတဲ့   ပြင်ပမှ စာဖတ်သူများ၊ အဲ့ဒီ ချစ်ခြင်းအားတွေ မပါဝင်ဘဲ ကျွန်မရဲ့ ဘလော့ဂ်လေး ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မအမြဲ   လေးစား တန်ဘိုးထားလျှက်ပါ။  ကံအားလျှော်စွာ ပုံနှိပ်စာမျက်နှာပေါ်   ရောက်ခဲ့ရပေမယ့် ကျွန်မဘလော့ဂင်   နေရတာလောက် ကျွန်မရဲ့ စိတ်ကို ဘယ်အရာမှ   ကျေနပ်မှု   ပေးစွမ်းနိုင်တာ မရှိပါဘူး။ ပုံနှိပ် စာမျက်နှာအတွက် စာတွေရေးရတိုင်း ကျွန်မလက်တွေက၊ ကျွန်မစိတ်တွေက   လေးဖင့်တုန့်နှေးနေတတ်တာ အံ့သြစရာပါ။ ဘလော့ဂ်အတွက်ဆိုရင် တစ်ထိုင်ထဲ ကျွန်မလက်တမ်း ရေးချလိုက်နိုင်ပါတယ်။ အဲ့ဒီလိုရေးမိတဲ့ စာမျိုးတွေကို အွန်လိုင်းစာဖတ်သူတွေက ပိုအားပေးတာကိုလည်း သတိပြုမိ ပါတယ်။

အွန်လိုင်းပေါ်မှာ စာရေးရတာကို ပိုအားသန်ပြီး အွန်လိုင်းပေါ်က ဘလော့ဂါများရဲ့ လက်ရာမွန်တွေကို ပုံနှိပ်စာမျက်နှာပေါ်က စာဖတ်သူတွေဆီ ချပြချင်တဲ့စိတ်ကလည်း ကျွန်မရဲ့ ဘလော့ဂါမဖြစ်ခင်ကထဲက အပြင်းပြဆုံး   ဖြစ်နေဆဲ  အာသီသပါဘဲ။

အဆိပ်အတောက်ဖြစ်စေမယ့်၊ သူတစ်ပါး စိတ်ထိခိုက်စေမယ့် မည်သည့် စာမျိုးကိုမဆို  မရေးမိဖို့ အမြဲ ဂရုစိုက်ခဲ့ပြီး ဘလော့ဂါများကိုလည်း အမြဲတမ်း   လေးစားစွာ ပြောဆို ဆက်ဆံခဲ့ပါတယ်။ ကျွန်မတို့တွေက တကွဲတပြား တစ်နေရာစီကနေ အွန်လိုင်းမှာ လာဆုံတွေ့ကြရတာဟာ ရှေးရေစက်ကြောင့် များလားလို့ ကျွန်မ စဉ်းစားမိပါသေးတယ်။

အွန်လိုင်းစာရေးသက် အချိန်တိုတွင်းကို ပြန်ကြည့်လိုက်တော့ ချစ်ခင်လေးစား ဖွယ်ကောင်းတဲ့ ဘလော့ဂါများနဲ့ သိကျွမ်းခင်မင်ခွင့်ရခဲ့တာ၊ အွန်လိုင်းပေါ်မှာ ပိုမိုများပြားလာတဲ့ ဘလော့ဂါတွေရဲ့ မတူကွဲပြားတဲ့ ရသအဖုံဖုံကို ဖတ်ခွင့်ရနေ တာ အင်မတန်မှ နှစ်ထောင်းအားရ ဖြစ်မိရပြန်ပါတယ်။

အစိုးမရတဲ့ ဒီလောကကြီးထဲ ဘယ်အချိန်၊ ဘယ်အတိုင်းအတာအထိ စာတွေ ရေးခွင့်ရဦးမယ်ဆိုတာ ကျွန်မကြိုတင် မသိနိုင်ပါဘူး။ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှ ရေးနိုင်တဲ့ နောက်ဆုံးအချိန်အထိတော့ ကျွန်မစာတွေ ကြိုးစားရေးနေဦးမှာပါ။

ဘလော့ဂါများ အားလုံး၊ ပြင်ပမှ စာဖတ်သူများ အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများဖြင့် ပျော်ရွှင်စွာ စာတွေ   ရေးသားနိုင် ပါစေကြောင်း၊  ပျော်ရွှင်စွာ စာတွေ ဖတ်နိုင်ပါစေကြောင်း ယနေ့ကျရောက်တဲ့   “ အပြည်ပြည်ဆိုင်ရာ ဘလော့ဂ်နေ့ ” မှာ တောင်းဆုမွန် ချွေလိုက်ပါတယ်ရှင်။

( ဘလော့ဂ်နေ့အတွက် ပို့စ်ကို မနေ့ထဲက ရေးဖို့ပြင်နေခဲ့တာပါ။ အကြောင်းကြောင်းကြောင့် မနေ့က စာဘယ်လိုမှ  ရေးလို့ မရနိုင်ခဲ့တာမို့ ဒီနေ့ အလုပ်အားချိန်လေး  စောင့်ရင်းနဲ့ အခုအချိန်အထိ   ရောက်သွား ရကြောင်းပါရှင်..)

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ရာသီစာ. Bookmark the permalink.

31 Responses to ဟက်ပီဘလော့ဂ်ဒေး

  1. မမမြသွေး
    ဘလော့ဒေးအမှတ်တရလေးကို ကြည်နူးစွာ ဖတ်ခဲ့ပါတယ်။ မိသားစုတာဝန်၊ အလုပ်တာဝန်တွေနဲ့ အချိန်မအားလပ်တဲ့ကြားထဲကနေ စာပေချစ်စိတ်လေးနဲ့ စာတွေရေးသားနေတာကို လေးစားမိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ညီအမတွေအတူတူ ချစ်ခင်စွာနဲ့ ဆက်လက်ချီတက်ကြဖို့ ဆန္ဒပြုပါတယ်။
    Happy Blog Day MaMa!
    ချစ်တဲ့
    ညီမသဒ္ဓါ

  2. ဟက်ပီးဘလော့ဒေးအမ…

  3. ပျော်ရွှင်ဖွယ်ကောင်းသော ဘလော့ဂ်ဒေးပါ မြသွေးနီရေ ။
    ရောင်စုံလေးတွေနဲ့ စာပေကိုခင်တွယ်စွာနဲ့ ရေးသားထားပြီး တမူထူးခြားတဲ့ ပို့စ်လေးကို ဖတ်သွားတယ်နော်။ ရတဲ့အချိန်လေးတွေမှာ စာကောင်းပေကောင်းတွေ ဆက်လက်ရေးသား မျှဝေနိုင်ပါစေကွယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

  4. angelhlaing says:

    Happy Blog day ပါမမရေ ..
    ယခုထက်ပို၍ ကောင်းမွန်သော စာပေးများ ဖန်တီးရေးသားရင်း
    စာပေလောကမှာ ထာဝရ တောက်ပမဲ့ ကြယ်တစ်ပွင့်အဖြစ် ရပ်တည်နိုင်ပါစေလို့
    ဆန္ဒပြုရင်း….
    ကောင်းသောနေ့လေး ဖြစ်ပါစေ မမ။

  5. အလင်းသစ် says:

    Happy Blog Day!!!!! ပါမမမြသွေးနီရေ။။။
    မမမြသွေးနီ နှစ်သက်မိတဲ့ ဘလော့လေးတွေထဲမှာ ပါဝင်ခွင့်ရတာကို ထီပေါက်သလို ဝမ်းသာမိပါတယ်။။ (အဟဲ..ထီတော့ တကယ်မပေါက်ဖူးဘူးနော်။။။)
    မမမြသွေးနီတစ်ယောက် ရင်ဘတ်နဲ့ထုဆစ်တဲ့ ရသစာပေတွေ ဖန်တီးရေးသားရင်း
    အောင်မြင်ခြင်း မနက်ဖြန်များကို ပိုင်ဆိုင်နိုင်ပါစေ….။။။။

  6. မြသွေးနီ says:

    ညီမသဒ္ဓါ >>> သေချာတာပေါ့ ညီမရယ်…။ ရှေ့သို့ အတူတူလှမ်းစို့…. :)

    ညီမမိုးငွေ့ >>> Happy Blog Day to you too ပါ ညီမရေ..

    အန်တီတင့်>>> အန်တီတင့်စာတွေ ကျွန်မဖတ်နေတာ ကြာခဲ့ပါပြီရှင်..။ ဆုမွန်အတွက် ကျေးဇူးတင်မိပါတယ်။

    ညီမ angelhlaing >>> ကျေးဇူးတင်ပါတယ်ညီမလေးရေ..။ ညီမလေးရဲ့ လက်ရာမွန်တွေကို အစ်မအမြဲဖတ်ဖြစ်နေပါတယ်ရှင်..။ စာတွေ အများကြီးဆက်ရေးပါနော်…။

  7. မြသွေးနီ says:

    အလင်းသစ်>>> စာတွေ ၀င်ဖတ်ဖြစ်နေတာ ကြာပါပြီ။ ဒီထက် စာတွေ အများကြီးရေးနိုင်ပါစေနော်..။ ဆုမွန်ချွေပေးတာကိုလည်း ကျေးဇူးတင်မိပါတယ်ရှင်…။

  8. ဘလော့ဂ်ဒေးပို့စ်လေးအားပေးသွားပါတယ် မမြသွေးနီရေ ဆက်လက်ပြီးချီတက်ကြပါစို့း)))

  9. ညီမ မြသွေးနီ ရေ

    ဘလော့ဂ် လေးနဲ့ ပတ်သက်လို့ ရလာတဲ့ ဘလော့ဂ် မိတ်ဆွေ တွေကို တန်ဘိုးထားသလို ဘလောဂ်လေး ထဲမှာ စာတွေရေးရတာဟာ စိတ်ကြေနပ်မှု့ တကယ်ကိုရစေပါတယ် ညီမ ဆုတောင်း အတိုင်း အမ တို့ အားလုံး ပျော်ရွှင်စွာ နွေးထွေးစွာ နဲ့ နှစ်ပေါင်းများစွာ…

  10. ဘလော့ဂ်ရေးဖော်တွေ ပုံနှိအ်စာမျက်နာထက်ကို ရောက်သွားတိုင်း ဝမ်းသာပီတိ ဖြစ်ရတာဟာ နီးစပ်ရာ သံယောဇဉ်လို့ပဲ ဆိုရမယ်ထင်ပါရဲ့။

    စာအရေးကောင်းတဲ့ အစ်မမြသွေး စာပေနယ်မှာ ဒီ့ထက်ပိုပြီး အောင်မြင်လာပါစေလို့ ဆုတောင်းပေးပါတယ်။ ရသစာပေတွေကိုလည်း စိတ်မလျှော့ဘဲ တစိုက်မတ်မတ် ဆက်ရေးပါအုံး။

  11. ပန်းချီ says:

    မမရေ…
    ပျော်ရွှင်သော ဘလော့ဂ်နေ့လေးဖြစ်ပါစေနော်..။ ခင်မင်စရာသိပ်ကောင်းတဲ့၊ စာကောင်းပေမွန်တွေလည်း အများကြီးရေးနိုင်တဲ့ မမမြသွေးနီရဲ့ နှစ်သက်မိတဲ့ ဘလော့ဂ်စာရင်းထဲပါဝင်ခွင့်ရတာကို အထူးပဲ ကျေးဇူးတင်ဝမ်းသာမဆုံးပါဘူးရှင်..။

    နောင်နှစ်ပေါင်းများစွာတိုင် ဘလော့ဂ်ပင်လယ်ကြီးထဲမှာ မမရဲ့စာတွေလည်းရှင်သန်စီးမျောနိုင်ပါစေလို့ ဆုမွန်ကောင်းခြွေလိုက်ပါတယ်း)

    လေးစားချစ်ခင်စွာ

  12. sosegado says:

    လာဖတ်သွားပါတယ်၊
    စာတွေများများရေနိုင်ပါစေ၊
    ကိုယ်မရေးနိုင်လို့။

  13. ဘလော့ဒေးအမှတ်တရပို့စ်လေး ဖတ်သွားပါတယ်။ ရဟန်းတော်များလုပ်တဲ့ပရဟိတထက် လူတွေလုပ်တဲ့ပရဟိတက ပိုပြီးတော့ ခက်ခဲမယ်ထင်ပါတယ်။ မြသွေးနီရဲ့ပရဟိတလုပ်ငန်းအတွက် များစွာဂုဏ်ယူပါတယ်…

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

  14. အမရေ
    အမရဲ့ဘလော့(ဂ်)မှာ စာလာအဖတ်နိုင်ပေမဲ့
    အမ ရဲ့ အိပ်မက်ကောက်ကြောင်းစာအုပ်လေးကိုတော့ ဖတ်ဖြစ်နေပါတယ်
    ဒီထက်ပိုပြီး စာတွေရေးနိုင်သလို ၀ါသနာပါတဲ့ ပရဟိတ အလုပ်တွေကိုလည်း အများကြီးလုပ်ဆောင်နိုင်ပါစေနော်…

  15. ပျော်ရွင်ဖွယ်ဘလော့ဒေးလေးပါအစ်မရေ….။ကျွန်တော့်ဘလော့လေးကို တခုတ်တရဖော်ပြပေးတာ
    ကျေးဇူးတင် ဝမ်းသာရပါတယ်ခင်ဗျား…၊အစ်မဖြတ်သန်းခဲ့ရတဲ့ ဘလော့ကနဦးအစကာလတွေကိုလည်း
    ဖတ်သွားပါတယ်ခင်ဗျား…..။

  16. အရင်တုန်းက စာရေးကာစအချိန်တွေကို သတိရမိတယ် အစ်မရေ။
    ဘာမသိညာမသိနဲ့ ဗျာများခဲ့ရချိန်တွေပေါ့
    ဘလောဂ့်လေးက မကြာခန ပျက်တတ်လို့ ဟိုပြောင်းဒီပြောင်း
    ဟိုလူမေး ဒီလူမေး…
    အခက်အခဲတွေများစွာကြားထဲကနေ ဘလောဂ့်သက်တမ်း ၂နှစ်ပြည့်တော့မယ်နော်။
    ရှေ့ဆက်ပြီး ဘလောဂ်ဇာတ်ခုံမှာ တစ်ထောင့်တစ်နေရာက ပါဝင်အားဖြည့်ပြီး စည်ပင်ဝေဆာတဲ့ ဘလောဂ့်ဇာတ်ခုံကြီး ဖြစ်လာနိုင်ဖို့ ပါဝင်ကြဦးစို့ရဲ့နော်။

  17. ဗညား says:

    ဟက်ပီးဘလောဒေးပါ အမရေ . . .း)

  18. မချောနဲ့ အတူတူရေးဖက်မို့ ဒီလောက် စာအရေးကောင်းတာကိုး။

    ပျော်ရွှင်ချမ်းမြေ့နိုင်ပါစေ။ အကျိုးပြုစာတွေ များများ ရေးနိုင်ပါစေ။

    မေတ္တာဖြင့်

  19. မြသွေးနီ says:

    ကိုသက်တန့်ချို >>> သက်တန့်ရွာသူကြီးရေ.. ကျေးဇူးတင်ပါတယ်ရှင်..။

    အစ်မရွှေစင်ဦး >>> မှန်ပါတယ်အစ်မရေ..။ ညီမတို့တွေ အတူတကွပေါ့နော်…။ :)

    ကိုမြစ်ကျိုးအင်း >>> အမှန်ပါဘဲ။ အဲ့ဒီအတွက်လည်း ပီတိဖြစ်ရပါတယ် မြစ်ရေ…။ စာတွေလည်း ကြိုးစားရေးပါ့မယ်။ LOOK မှာ Blogger များရဲ့ စာမူများကို ဖတ်ရလို့ ၀မ်းသာပီတိဖြစ်ရပါတယ်ရှင်..။

    ညီမမိုးပန်းချီ >>> ဘလော့ဂ်ပင်လယ်ကြီးမှာ အတူတကွ ကူးခတ်ကြပါစို့နော်။ ဒါပေမယ့် အစ်မက ရေမကူးတတ်သေးဘူး ညီမလေးရဲ့..။ :)

    ညီမ ခရမ်းပြာကျူးလစ် >>> စာအုပ်ဖတ်ပေးတာ ကျေးဇူးတင်မိပါတယ် ညီမရေ..။ ညီမလေးပေးတဲ့ ဆုနဲ့ ပြည့်ချင်ပါတယ်ရှင်..။

    မောင်ညိမ်းနိုင် >>> သိခွင့်ရတာ ၀မ်းသာပါတယ်။ စာတွေလည်း ဖတ်ဖြစ်ပါတယ်ရှင်..။ ဆက်လက် အရှိန်မပျက် ရေးပေးပါ မောင်လေးရေ။

    ချော(အစိမ်းရောင်လွင်ပြင်) >>> ချောရေ..။ “ အမေပြောတဲ့ အမောပြေဆိုတာ …” ဘယ်သူ့မျက်နှာမှ မဟုတ်ဘူး..။ အစ်မတို့ စိတ်အား၊ လူအားနဲ့ အချိန်ပေး မွေးဖွားထားရတဲ့ ဒီဘလော့ဂ်လေးတွေရဲ့ မျက်နှာဘဲ မဟုတ်ပါလား ချောရေ….။ ကဲ… တို့အားလုံး အတူတူ ဒီဘလော့ဂ် ဇာတ်ခုံကြီးပေါ်မှာ ကလိုက်ကြစို့ရဲ့…။ :P

    ကိုဗညား ( လင်းခေတ်ဒီနို) >>> ဆုမွန်ချွေပေးတာကျေးဇူးတင်ပါတယ်ရှင်..။ ကဗျာတွေ အများကြီး ဆက်လက်မွေးဖွားနိုင်ပါစေနော်..။

    အင်္ဂါမောင် >>> ဆုမွန်ချွေပေးတာကျေးဇူးတင်ပါတယ်ရှင်..။ ဆက်လက် ကြိုးစားသွားပါ့မယ်..။

  20. ပျော်ရွှင်သော ဘလောဂ်နေ့ပါ ဆရာမ ရေ….

    စာတွေအများကြီး ဆက်ရေးနိုင်ပါစေ… လို့..

    ချစ်တဲ့..
    မလေး

  21. အမမြသွေးနီရေ ကျွန်တော့်ရဲ့ ဘလော့ဒေးနဲ့ မွေးနေ့ပွဲပို့စ်မှာ အမတို့နဲ့ ခင်ဖြစ်ခဲ့ပုံတွေကို နာမည်နဲ့ ထည့်ရေးထားပါတယ်… မချောတို့နဲ့တွဲပီးတော့ပေါ့.. အမရဲ့ နောက်ထပ်စာမျက်နှာပေါ်က စာတွေကို ဆက်လက်စောင့်မျှော်လျှက်ပါ….

    ခင်မင်စွာဖြင့်

    ကိုကိုးအိမ်(မန္တလေး)

  22. 9POPCO®N says:

    ဘုန်းဇင်ဦးကို FB မှာ share လိုက်ပါပြီ .. အမရေ… ။

  23. မမမြသွေးရေ

    နောက်ကျမှ လာနှုတ်ဆက်ရတာခွင့်လွှတ်ပါ။ စာပေနယ်ထဲ အောင်မြင်ပြီးရင်း အောင်မြင်ပါစေလို့ ဆုမွန်တောင်းပါတယ်ရှင်။

    Happy Blog Day!!!

    ခင်တဲ့
    မေသိမ့်

  24. မြသွေးနီ says:

    အိမ့်ချမ်းမြေ့ >>> မလေးရေ.. ကျေးဇူးအများကြီးတင်ပါတယ်နော်…။

    ကိုကိုးအိမ်(မန္တလေး) >>> ကိုကိုးရေ..၊ မွန်မြတ်တဲ့ မွေးနေ့အလှူအတွက် သာဓုခေါ်ပါတယ်ရှင်။ Blogspot က မနေ့ကဘဲ ၀င်လို့မရတော့ပြန်လို့ ဒီကနေဘဲ wish လုပ်လိုက်ပါတယ်နော်..။

    9POPCO®N >>> ထွဋ်ရေ…။ ဟိုအရင်အချိန်တွေ ပြန်သတိရတယ်ဟာ…။

    မေသိမ့်သိမ့်ကျော် >>> ရပါတယ်ညီမလေးရေ..။ ဆုမွန်အတွက် ကျေးဇူးတင်ပါတယ်ရှင်..။ MOBA လည်း ဆထက်တိုး အောင်မြင်ပါစေရှင်…။

  25. မမ မြသွေးနီ ရေ
    မမ ရဲ့ ရွှေအွန်လိုင်း ၀တ္ထုတို ဆုရ တဲ့ စာကိုလဲ ဖတ်ဖူးပါတယ်..အခြားလဲ အများကြီး အားတိုင်းလာဖတ်ဖြစ်ပါတယ် ဒီထက်အများကြီး ဆက်လက်အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်နော်
    လေးစားအားကျလျှက်

  26. မြသွေးနီ says:

    ဒီကောင်မလေး*>>> ညီမလေးရေ…။ စာတွေဖတ်ပေးနေတာ ကျေးဇူးတင်ရပါတယ်။ အစ်မဆိုက်မှာ လင့်ခ်လည်း ချိတ်ထားလိုက်တယ်နော်..။

  27. aungmin says:

    အရေးအသားအရမ်းကောင်းပါတယ်ခင်ဗျာ

  28. မမပျော်ရွှင်စွာ စာအမြဲရေးနိုင်ပါစေ ။ နှစ်သက်စွာ အားပေးနေသူပါး)

  29. ရွှေရုပ်လွှာ says:

    သည်လိုနေ့မျိုးရှိတာကို ခုမှပဲ သိရတော့တယ် မမရယ်…..

  30. barnay says:

    ဘလော့ဂါနေ့ ပြီးရင် ဘလော့ဖတ်သူနေ့ လာမယ် ..း)
    လာဖတ်သွားပါတယ်ဗျာ .. save the aged မှာလည်း ဖတ်ရပါတယ် ..
    ပျော်ရွှင်ပါစေ အမ ..

  31. nyalaycho says:

    မမမြသွေးနီရဲ့ အတွေ့အကြုံလေးတွေက တကယ်တော့ ညလေးတို့ blogger အသစ်တွေအတွက် ဗဟုသုတလည်းရ.. အားလည်းရှိရပါတယ်.. မမ .. ခုလိုဖတ်ခွင့်ရတာကို အရမ်းလည်း ၀မ်းမြောက်မိပါတယ်.

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>