အနီးမှုန်

Number of View: 17019

မဟေသီမဂ္ဂဇင်း၊ ၂၀၁၂ခုနှစ် – ဖေဖော်ဝါရီလ

မှတ်တိုင်မှာ ကားတွေ အုံခဲလျှက်ရှိနေသည်။ ခရီးသည်တွေ ပြည့်ကျပ်နေသည့် ကားတွေထဲကမှ သူမစီးရမည့် ကားနံပါတ်ကို  မျက်လုံးရှင်ရှင်ထားလျှက် လိုက်ရှာနေမိ၏။ ရုံးဆင်းချိန်မို့ မှတ်တိုင်မှာ ရှိနေသည့် လူပင်လယ်ကြီးကို ကြည့်ရင်း သက်ပြင်းမောတစ်ခုကို သူမ ခပ်ဖွဖွ ချလိုက်မိသည်။ လခထုတ်ရက်မို့များ လူတွေ ပိုများနေသည်လား မသိ။ အိမ်နှင့်ရုံး၊ ရုံးနှင့်အိမ် သုံးမှတ်တိုင်မျှသော  နိစ္စဓူဝ သွားနေရသည့် သည်ခရီးက ဘယ်တော့ဖြစ်ဖြစ် သူမနှင့် အသားမကျသလိုပင်။ အထူးသဖြင့် ရုံးဆင်းချိန် ငါးပိသိပ်ငါးချဉ်သိပ် ကျပ်ညပ်နေသည့် ကားပေါ် ချွေးနံ့ပေါင်းစုံ လှောင်အိုက်နေလျှက် စီးရသည်မှာ တဒင်္ဂသာဖြစ်သော်လည်း မနည်းအောင့်အည်း သည်းညည်းခံလျှက် စီးရသည်။

သုံးဆယ့်ကိုး ဟီးနိုးကားတစ်စီး မှတ်တိုင်သို့ တအိအိဖြင့် ရောက်လာစဉ်  ကျင့်သားရနေပြီးသည့် ခြေအစုံက ကားပေါ်သို့ သွက်သွက်လေး လှမ်းမိလျှက်သား ရှိ၏။ ကားပေါ် ရောက်ရောက်ချင်း မျက်လုံးအစုံက ရပ်ဖို့ နေရာယူရမည့် နေရာကို ဝေ့၀ဲကြည့်လိုက်မိသည်။  ကံအားလျော်စွာ ထိုင်စရာနေရာ မရသော်လည်း ကားအနောက်ဘက်   နှစ်ယောက်ထိုင်ခုံ   ဘေးနား    ကပ်လျှက် လူသွားလမ်း နေရာတွင် ရှားရှားပါးပါး   ခြေချစရာ   နေရာလေး  တစ်ခု တွေ့လိုက်ရသည်။ ကံမကောင်း အကြောင်းမလှသည့် ရက်မျိုးဆိုလျှင်  ခြေနင်းခုံတွင်တောင် ရပ်လျှက် စီးခဲ့ရဘူးတာမို့ သည်လို အခွင့်အရေးမျိုး လက်လွတ်မခံနိုင်ဘဲ အမြန်သွားရပ်လျှက် နေရာယူလိုက်မိ၏။

ပြူတင်းမှ တိုးဝှေ့ ၀င်လာသည့် လေကြောင့် အေးခနြဲဖစ်သွားကာ ပူအိုက်လှောင်နေသည်များ တခဏ သက်သာသွားရ၏။ ကားမထွက်မီ ထပ်မံတက်လာသည့် ခရီးသည်များကြောင့် မကြာခင် နေရာလပ်မရှိ   ပြည့်ကျပ်ညပ်သွား၏။ စပယ်ယာက ငရှဥ့်တိုး တိုးလျှက်က ခရီးသည်များကို နေရာချရင်း ကားခ လိုက်လံ ကောက်နေလေ၏။ သူမလက်ထဲတွင် ထမင်းချိုင့် ထည့်သည့် ခြင်းတောင်းက တစ်ဘက်၊ လွယ်ထားသည့် စလင်းဘက်အိတ်ကြီးက တစ်ဘက်မို့ ခေါင်းပေါ်က မမှီတမှီ လက်ကိုင်တန်းကို မနည်း လှမ်းကိုင်နေရသည်။ သည်လို ဘတ်စ်ကား စီးတိုင်း ပေမမှီ ဒေါက်မမှီ မွေးပေးခဲ့သည့် အမေ့ကို ငြူစူရမည်လား၊ လူနှင့် မမျှသည့် စလင်းဘက်အိတ် အကြီးကြီးတွေကိုမှ လွယ်ချင်မိသည့် ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမည်လား၊ အမြဲလိုလို ကျပ်ညပ်သပ်နေသည့် ခရီးသည်တင် ကားတွေကိုပဲ အမုန်းပွားရမည်လား အမြဲတွေးဖြစ်သည်။

ဘတ်စ်ကားက မှတ်တိုင်မှ ဘီးလှိမ့်၍ ကားစထွက်ချိန်တွင် သူမရပ်နေသည့် ခုံရှေ့ရှိ ပြူတင်းပေါက်ဘက် အခြမ်းတွင် ထိုင်နေသူက သူမနှင့် ကပ်လျှက်ထိုင်နေသည့် လူငယ်ကို ကျော်လွန်၍  သူမဆီ လက်လှမ်းလိုက်ရင်းက…

“  ခြင်းကိုပေး… ကိုင်ထားပေးမယ်…”

လေသံ ခပ်တင်းတင်းနှင့် ပြောသံ ကြားလိုက်ရအပြီး မည်သို့မျှ  ငြင်းဆန်ချိန် မရလိုက်ခင်လေးမှာပင် သူမ၏ လက်ဆွဲကြိမ်ခြင်းလေးက ပြောပြောဆိုဆို လှမ်းယူလိုက်သည့် သူ့၏ လက်ထဲသို့ ပါသွား၏။ သူမကပင်   ပေးလိုက်သည်လား၊ သူကပင် လှမ်းယူလိုက်သည်လား မကွဲပြားချေ။ သူမနှင့်များ သိနေသလားဟု စဉ်းစားကြည့်တော့လည်း တစ်ခါမှ သည်မျက်နှာမျိုး သိကျွမ်းဘူးခဲ့ခြင်းမရှိ။ တစ်လှေထဲစီး တစ်ခရီးထဲသွားသည့် ခရီးသွားအချင်းချင်း ကူညီပေးတာနေမှာဟု ဖြေတွေးတွေးလိုက်သည်။ ကားက မနိုင်ဝန်ထမ်းလျှက် မှတ်တိုင်မှ တရွေ့ရွေ့  ထွက်ခွာလာသည်။

ကားထဲ လူတွေနှင့် လှုပ်မရအောင် ပြည့်ကြပ်နေသည့် ကြားထဲက သူမ အတွေးတွေ ပျံ့လွင့်နေလိုက်သေးသည်။ သူမ စာမရေးဖြစ်တာ အတော်ကြာနေလေပြီ။ သည်ရက်ပိုင်း အလုပ်တွေများ၊ စိတ်တွေ ထွေနေတာမို့ ဘာစာမှ မည်မည်ရရ မရေးနိုင်သည်မှာ ကြာနေပေပြီ။ အိမ်ရောက်တော့လည်း အိမ်က ဗာဟရီရကိစ္စများနှင့် စာရေးဖို့ နေနေသာသာ ခေါင်းဦးနှင့်ခေါင်းအုံး ထိတာနှင့် အိပ်ပြီးသား ဖြစ်နေ၏။ အဖေက “ စာကို အချိန်တစ်ခု သတ်မှတ်ပြီး အလုပ်တစ်ခုလို သေသေချာချာရေး၊ ဒါမှ ရေးဖြစ်မှာ” ဟု ပြောသည်။ သူမကတော့ စာရေးတာ ဖီလင်မလာရင်ဖြင့် ဘယ်လိုမှ ရေးချလို့ မရပေ။ စာရေးရန် ပုံမှန်အချိန် သတ်မှတ်ဖို့ ဆိုတာကတော့ ဝေးစွ။

နောက်တစ်ခုက ကုန်ကြမ်း…၊ အခုအချိန်မှာ အလိုချင်ဆုံးအရာကို   ပြောပါဆိုလျှင် စာတွေရေးဖို့ ကုန်ကြမ်း ပေးနိုင်မယ့်သူ၊ ဒါမှမဟုတ် ကုန်ကြမ်းရှိနိုင်မည့်နေရာ ပြနိုင်မည့်သူ၊ ထိုသူတို့ကိုသာ သူမ   တွေ့ချင်နေမိပါသည်။  ရေးစရာကုန်ကြမ်း ရှားပါးနေတာကြောင့် စာမျက်နှာများပေါ် စာမရေးနိုင်သည်မှာ လ,တွေတောင် အတော်ကြာ နေခဲ့လေပြီ။ သူမက လူတွေ၏ စရိုက်ကို ဖော်ညွှန်းသည့်၊ လူထဲက လူတွေအကြောင်းကိုသာ ရေးချင်သူ။ စာရေးသက် သုံးနှစ်လောက် ရလာတော့ သူမရေးသမျှ ပတ်ဝန်းကျင်က အကြောင်းအရာတွေက အပ်ကြောင်းထပ်ကာ ကုန်သလောက် ရှိနေလေပြီ။ ဖန်တီးပြီး တည်ဆောက်သည့် စိတ်ကူးယဉ် ဇာတ်လမ်းတွေထက် လူထဲက လူတွေ၏ အကြောင်းအရာများကိုသာ သူမ ရေးချင်မိသည်။ မဂ္ဂဇင်းတွေထဲမှာ ကြိုကြားသာ ပါတတ်သည့် စာရေးဆရာမ လှလွန်းချိုဆိုသည်မှာ မည်သူမည်ဝါမှန်းတောင် ကြာလျှင် စာဖတ်သူတွေ သိကြတော့မည် မထင်ပေ။ သည်နေ့မနက် သူစာရေးနေသည်ကို သိသည့် မိတ်ဆွေတစ်ယောက်နှင့် ရုံးအလာ လမ်းမှာ တွေ့တုန်း “ စာတွေရေးတာ အဲ့ဒီလောက် အဆက်ပြတ်နေရင် သိပ်မကောင်းဘူးနော် ” ဟု ပြောတာ ကြားလိုက်ပြီးထဲက စိတ်ထဲ မရိုးမရွဖြစ်လာကာ သည်ညတော့ ဘယ်လိုပဲဖြစ်ဖြစ် စာလေးရအောင် ချရေးဦးမယ်” ဟု စိတ်ထဲ ကြိမ်းဝါးထား၏။

“ စိန်ပေါလ် ဆင်းမယ့်သူတွေ ရှေ့ထွက်ထား..”

စပယ်ယာ၏ အသံစူးစူးက အတွေးစတွေထဲကနေ သူမကို ရုန်းထွက်သွားစေ၏။ ထိုအချိန်တွင် သူမအကြည့်က ဟိုလူ ကိုင်ထားသည့် သူမ၏ လက်ကိုင်ခြင်းလေးဆီ ရောက်သွား၏။ အဲ့သည်မှာ သူမရင်ထဲ ထိတ်ခနဲ ဖြစ်သွားရ၏။ ဟိုလူ ကိုင်ထားသည့် သူမ၏ ခြင်းလေးထဲမှာ ထမင်းချိုင့်၊ ခေါက်ထီးနှင့်အတူ လက်ကိုင်ဖုန်းလေး ထည့်ထားမိသည်ကို သတိရလိုက်၍ ဖြစ်သည်။ ရုံးပေါ်က ဆင်းလာစဉ် အဖေ့ဆီက ဖုန်းဝင်လာသဖြင့် ဖုန်းပြောအပြီး အလွယ်တကူ ခြင်းတောင်းထဲ ထည့်ထားမိခြင်းဖြစ်သည်။ သူမခြင်းလေးထဲက လက်ကိုင်ဖုန်းလေးကို စိတ်ပူသွား၏။

သို့နှင့် သူမ၏ ခြင်းကို ကိုင်ထားပေးသူအား တစေ့တစောင်း အကဲခတ်လိုက်မိ၏။ ပိတ်ဦးထုတ်ပျော့ အ၀ိုင်းတစ်လုံးကို ခပ်ငိုက်ငိုက်   ဆောင်းထားသည့် သူ့၏ လက်ချောင်းတွေက အငြိမ်မနေ၊ သူ့ပေါင်ပေါ် တင်ထားသည့် သူမ၏ ခြင်းကို လက်ဖြင့် ပိုက်လျှက်က လက်ချောင်းများကို စည်းချက်လိုက်သလို လှုပ်ခါနေ၏။ ခြေ၊ လက်တွေ ဂဏှာမငြိမ်သူများသည် တစ်စုံတစ်ခုခုကို ကြံစည်နေတတ်သူများဟု သူမ ကြားထားဘူးသည်။ သူဆောင်းထားသည့် ဦးထုတ်ကလည်း သူ့မျက်လုံးများ၏ ဦးတည်ရာကို မှန်းမရအောင် ဖုံးကွယ်ထားသလိုလို။ သည်ဦးထုတ်အောက်က မျက်လုံးများက သူမ၏ ဆွဲခြင်းထဲက ဖုန်းဆီများ ရောက်နေလေသလား။ သူ ၀တ်ထားသည့် တီရှပ် အညိုဖျော့ကလည်း ပုခုံးတွင် ချုပ်ရိုးများတောင်   ပြုတ်နေလိုက်သေးသည်။ ကိုယ်နှင့် မသိသည့် သူစိမ်း တစ်ယောက်ကို အခုလို တစ်ခါမှ စေ့စေ့ငင မကြည့်ခဲ့စဖူးချေ။ သူမနှင့် အနီးဆုံးမှာ ထိုင်နေသည့် ကောင်လေးကို ကျော်ပြီး ဒီလူက သူမ၏ လက်ဆွဲခြင်းကို တကူးတက လှမ်းယူလိုက်တာကိုက ထူးခြားသည်။ အကြံအစည် တစ်ခုခု ရှိနေနိုင်သည်ဟု သူမစိတ်ထဲ ထင့်ခနဲ ဖြစ်သွားရ၏။

ရုံးက ညီမတစ်ယောက် ကားကြပ်စဉ် ထိုင်နေသူက ထမင်းချိုင့် ကိုင်ထားပေးမည် ပြောပြီး ချိုင့်ပါ ယူဆင်းသွားတယ်ဟု ပြောပြဖူးတာ သတိပြန်ရ လိုက်သည်။ အခုဟာက ထမင်းချိုင့်သာမက ခေါက်ထီးတစ်လက် ပါနေသေးသည်။ ပိုဆိုးတာက သူမချွေးနည်းစာဖြင့် ခြစ်ခြုတ်ဝယ်ထားသည့် လက်ကိုင်ဖုန်းလေးက အဲ့သည်လူ ကိုင်ပေးထားသည့် ခြင်းတောင်းလေးထဲမှာ။ သူမ ဇောချွေးများ စိမ့်ထွက်လာ၏။ “ဘာလို့များ ဆွဲခြင်း လှမ်းတောင်းတုန်းက မငြင်းမိလိုက်တာပါလဲနော်” ဟု ကိုယ့်ကိုယ်ကို အပြစ်တင်နေမိ၏။ သူများကို ယိုးစွတ်တာ မဟုတ်ပေမယ့် သူမ ဖုန်းလေးအတွက် စိတ်တော့ပူနေမိပြီ။ သူမ၏ မျက်လုံးနှစ်လုံးလုံးကို အလွတ်မပေးတော့ဘဲ ဟိုလူ့ လက်ထဲက ဆွဲခြင်းဆီမှာသာ အာရုံ စူးစိုက်ထားလိုက်သည်။

——-@@@———

စိန်ပေါလ်မှတ်တိုင်မှာ ထပ်တက်လာသည့်  ခရီးသည်များကြောင့် ဘတ်(စ)ကားက စတော့ဂိတ် ရထားကုန်းကို ဦးမော့လျှက် ခက်ခဲစွာ တဖြည်းဖြည်း တက်နေရ၏။ ရပ်နေသည့်နေရာနှင့် ကပ်လျှက်တွင် ထိုင်နေသည့် ကိုရီးယားဒီဇိုင်းနှင့် ကောင်လေး၏ မျက်နှာကို အနောက်မှ အရှိန်ဖြင့် တိုးလိုက်သော ခရီးသည်ကြောင့် သူမ၏ စလင်းဘက်အိတ်ကြီးနှင့် ခပ်ကြမ်းကြမ်း သွား၍ ဖိမိ၏။ အားနာလွန်းမက အားနာသွားရသဖြင့် သူမက မျက်နှာငယ်လေးဖြင့် “ ဆောရီးနော် ” ဟု ပြောလိုက်မိသည်။ “ ရတယ်အစ်မ… ကိစ္စမရှိဘူး… ကားက အရမ်း ကျပ်နေတာကိုး ” လို့ ရေမွှေးရနံ့ သင်းသင်းပျံ့နေ သည့် ကောင်လေး၏ သိမ်မွေ့စွာ   ပြောလာသည့် အသံနှင့်အတူ   သူ့၏ နားလည်မှုနှင့် ကြည်စင်အပြုံးကို   ဖြူစင်ညီညာသည့် သွားဖွေးဖွေးလေး အောက်က မြင်လိုက်ရသည်။    ကောင်လေး၏ စာနာပေးမှုကို အသိအမှတ်မပြုပဲ မနေနိုင်အောင်   ဖြစ်သွားရကာ ကျေးဇူးတင် အပြုံးများဖြင့် ပြန်တုန့်ပြန်လိုက်မိ၏။

သို့ပေမယ့် သူမ စိတ်တွေက မအေးချမ်းနိုင်ပါ။ ကောင်လေး၏နံဘေး ထိုင်နေသည့် ဟိုလူ၏လက်ထဲမှ သူမ၏ဖုန်းလေး ရှိနေသည့်  ခြင်းလေးဆီကို စိတ်ပြန်ရောက်သွားရပြန်သည်။ စိတ်ထင်လို့လားမသိ၊ သူ၏ မျက်လုံးများက သူမ၏ ခြင်းတောင်းထဲကိုပဲ ကြည့်နေသလိုလို။ လူတွေအတိုး အနောက်ခဏ လှည့်မိလိုက်စဉ် အခိုက်အတန့်လေးမှာများ ဆွဲခြင်းထဲက ဖုန်းကို အမြန် နှိုက်ယူထားပြီး နေလေလျော့သလား။ သူမခြင်းလေးက ကြိမ်ဖြင့် စိတ်စိတ်ယက်ထားသည့် ကြိမ်ခြင်းတောင်းလေးမို့ အထဲက ဖုန်းကို လှမ်းမြင်လို့ မရနိုင်တာခက်နေ၏။

လူတွေ ကျပ်သိပ်နေမိသည့် ကားကိုမှ ရွေးစီးမိသည့် ကိုယ့်ကိုယ်ကို သူမအခါခါ အပြစ်တင်နေမိသည်။ အခုတော့ သူမမှာ ဥစ္စာပျောက်ငရဲရောက်ကိန်း ဆိုက်နေလေပြီ။ ကားက သိမ်ဖြူဈေးမှတ်တိုင်မှာ ရပ်လိုက်၏။  ခရီးသည်တွေက ခရီးဝေးသွားမည့်သူ များနေသည်မို့ အဆင်းနည်းနည်း၊ အတက်များများ ဖြစ်နေသဖြင့် ပိုကျပ်သိပ်လာ၏။ ကားက မှတ်တိုင်မှ   ပြန်ထွက်လာလေပြီ။ ရှေ့စာတိုက် မှတ်တိုင်ကျော်လျှင် သူမ ဆင်းရမည့်   လေးလမ်းမှတ်တိုင် ရောက်တော့မည်။

သူမ ဆက်တိုက် တွေးနေမိသည်။ စာတိုက်မှတ်တိုင်က ကားပြန်ထွက်ချိန်တွင် သူမဆွဲခြင်းကို ဟိုလူ့ဆီက ပြန်တောင်းပြီး ဆင်းရန် ရှေ့သို့ ကြိုတင် တိုးထွက်ထားရမည်။ ဆွဲခြင်းပြန်ယူချိန် ခြင်းထဲ၌ လက်ကိုင်ဖုန်းလေး ပါမပါကိုပါ မမေ့မလျော့ စစ်ရမည်။ သူမ စိတ်တွေက သူမကို သတိပေးခေါင်းလောင်း ပြန်တီးပေးနေသည်။ ဦးထုပ်ငိုက်ငိုက်   အောက်စိုက် ဆောင်းထားသည့် ဟိုလူကတော့ သူမ၏ ကြိမ်ခြင်းတောင်းကို ပိုက်လျှက် သူ့လက်ချောင်းများကို မညောင်းညာသည့်အတိုင်း တလှုပ်လှုပ်နှင့် စည်းချက်လိုက် မပျက်ပေ။ သည်တော့ သူမ မျက်လုံးတွေကလည်း သူ့၏ လှုပ်ရွနေသည့် လက်ချောင်းများကို  မနှစ်မြို့သည့်ကြားက မလွတ်တမ်း ကြည့်နေမိရ၏။

စာတိုက်မှတ်တိုင်တွင် ရပ်ရန် ကားကို အရှိန်လျှော့လိုက်ချိန်၊ ပုခုံးပေါ်မှ   လျောကျနေသည့် စလင်းဘက်အိတ် ကြိုးကို ပုခုံးပေါ်သို့ သူမ ဆွဲတင်လိုက်သည်။ ထိုအချိန်မှာပင် သူမ၏ ခြင်းတောင်းကို ယူထားပေးသူက ရုတ်တရက် အမှတ်မထင် ၀ုန်းဆို ထလိုက်လျှက်က …

“ ဟေ့ကောင်… မင်းဘာလုပ်တာလဲ… ”

ရုတ်တရက်အဖြစ်ကြောင့် သူမထိတ်လန့်သွားရ၏။ ပြောပြောဆိုဆို သူ့နံဘေး၊ သူမရှေ့တွင် ထိုင်နေသည့်  ကိုရီးယားဒီဇိုင်းနှင့် ကောင်လေး၏  အိကျီ င်္ရင်ဘတ်ကို   ဆွဲကိုင်ရင်း မထူလိုက်၏။ သူ့ဘယ်လက်ထဲမှာက သူမ၏ ကြိမ်ခြင်းတောင်း၊ သူ့ညာလက်ထဲမှာက နီရဲသည့် မျက်နှာနှင့် မျက်စိမျက်နှာ ပျက်နေသည့် ကောင်လေး။ သူမ မနေနိုင်တော့ပေ။ သူ့လက်ထဲက ကြိမ်ခြင်းတောင်းကို ဘာမှ ပြောမနေတော့ဘဲ ဆတ်ခနဲ လှမ်းယူလိုက်မိ၏။ သူက ခပ်ကြမ်းကြမ်း မျက်နှာပေါ်တွင် နှုတ်ခမ်းတစ်ခြမ်းကို တွန့်ုပြုံးပြုံးလျှက်က…

“ လွယ်ထားတဲ့ အိတ်ကိုလည်း ပြန်ကြည့်ဦး…” ဟု သူမကို လှမ်းပြော၏။ ချိုင်းအောက် ညှပ်လျှက်ရှိသည့် လွယ်ထားသည့် သူမ၏အိတ်ကို ကြည့်လိုက်တော့….

“ ဘုရားရေ… လုပ်ပါဦး… ကျွန်မအိတ် ခွဲခံထားရပြီ…”

သူမ၏ စူးစူးရှရှ အော်သံကြောင့် တစ်ကားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားရ၏။ ကိုရီးယား ဒီဇိုင်းကောင်လေး၏ လက်ထဲမှာတော့ သူမအိတ်ကို ခွဲထားသည့် မြိနေအောင် သွေးထားသော ဒင်္ဂါးပြားတစ်စေ့။ ရပ်နေရင်း လွယ်ထားသည့် သူမ၏အိတ်ကို ခုံမှာ ထိုင်နေလျှက်က ကျကျနန ခွဲထားခြင်းပင်။ အိတ်၏ အောက်ခြေတွင် လေးလက်မလောက် သေသေသပ်သပ် ပြဲနေသည့် ခွဲနေရာမှ တစ်ပိုင်းတစ်စ ပြူထွက်နေသည့် ပိုက်ဆံအိတ်လေး။ တိတိကျကျ   ပြောရလျှင် ရုံးဆင်းကာနီးလေးတင်မှ ထုတ်လာသည့် လစာငွေ ထည့်ထားသည့် လက်ကိုင်ပိုက်ဆံအိတ်ငယ်လေး။

ကားကတော့ စာတိုက်မှတ်တိုင်တွင် ဘီးလေးဘီးလုံး ရပ်ထားလိုက်ရလေပြီ။ ခရီးသည်တွေက ရဲစခန်းပို့ဖို့ တစ်ယောက်တစ်ပေါက် ဆူညံစွာ ပြောနေကြ၏။ သူမ ထူပူသွားလျှက်က ဘာမပြော ညာမပြော ကျပ်ညပ်နေသည့် လူတွေကြားထဲ တိုးဝှေ့ထွက်ရင်း ကားပေါ်က အပြေးဆင်းခဲ့၏။ ကတ္တရာလမ်းပေါ် ခြေချမိသည်နှင့် နောက်ကြောင်းကို လှည့်ပင်မကြည့်တော့။ တချိုးထဲ သုတ်ချေတင်ကာ နောက်တစ်မှတ်တိုင်မှာ ရှိနေသည့် သူမအိမ်ဘက်သို့ ရင်တွေ တဒိန်းဒိန်းခုန်လျှက်က သွက်သွက်လေး   လျှောက်လာမိတော့သည်။ နောက်မှာ ဘာတွေ ဖြစ်ကျန်နေခဲ့သည်ကို  သူမ လုံးဝမျှ မသိချင်တော့။

ထူထူပူပူဖြင့် ခြေလှမ်း ဆယ်လှမ်းမျှ လှမ်းပြီးချိန်တွင် သတိရသွားလျှက်က လက်ကိုင်ကြိမ်ြခင်းလေးထဲ အမြန် ငုံ့ကြည့်လိုက်မိ၏။ သူမ၏   နိုကီယာဖုန်းစုတ်လေးက ထမင်းချိုင့်နှင့် ခေါက်ထီးကြားတွင် ပုံမပျက် ရှိနေလျှက်။ တချိန်ထဲမှာပင် ကျေးဇူးစကားလေးတောင် မပြောခဲ့မိလိုက်သည့် အဖြစ်ကို သတိပြုမိရကာ သူမစိတ်ထဲ ဟိုလူ့ကို အားတုန့်အားနာ   ဖြစ်သွားရသည်။

အိမ်သို့ အမြန်လျှောက်နေရင်းက ဟိုလူ၏ မျက်နှာကြမ်းကြမ်းနှင့်အတူ  ဂဏှာမငြိမ်သည့် လက်ချောင်းများ၊ ထို့အပြင် လုံးဝမှ မထင်ထားမိသည့်   ရေမွှေးရနံ့ သင်းပျံ့နေသည့် ကိုရီးယားဒီဇိုင်းနှင့်   ကောင်လေးနှင့် သူ့ လက်ထဲမှ ထက်မြိနေသည့် ဒင်္ဂါးတစ်စေ့တို့က တစ်လှည့်စီ  ဝေ့ကာဝဲကာဖြင့် သူမ၏ မျက်ဝန်းထဲတွင် ကြီးစိုးနေတော့သည်။

——-@@@——-

လှလွန်းချို ပြုံးလိုက်မိ၏။ ခြေလှမ်းတို့ကို စိတ်စိတ်လှမ်း လိုက်သည်။ လမ်းလျှောက်ရသည်မှာ ပေါ့ပါးသွက်လက် နေသလိုလိုတောင် ထင်မိ၏။ သူမ ကုန်ကြမ်းတစ်ပုဒ် ရလိုက်လေပြီ။ ဘတ်စ်ကားပေါ်မှာ ခရီးသည် တစ်ယောက် ခြင်းတောင်းကိုင်ပေးဖို့ လှမ်းတောင်းလိုက်စဉ်က စတင်လို့ တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် မောင်းနှင်လာစဉ်အတွင်း တဒင်္ဂဖြစ်သွားသည့် သူမ၏ စိတ်ခံစားချက်လေးအပေါ် ဆင့်ပွားကာ ဇာတ်လမ်းလေးတစ်ပုဒ်ကို စိတ်ကူးထဲမှာ ရုတ်တရက် ရေးဖွဲ့လိုက်နိုင်ခဲ့ပြီ။

တစ်ခါတစ်ခါ အဝေးကြီးကို လမ်းမျှော်ကြည့်ရင်း အနီးအနား ပါတ်ဝန်းကျင်၌ ရှိနေတတ်သော အရာများကို သူမက သတိလက်လွတ် ဖြစ်နေမိတတ်၏။ တကယ်တော့ ဝေးဝေး သွားရှာနေစရာမလို။ အခုဘဲကြည့်၊ သွားရင်းလာရင်းနဲ့ကပင် လူတွေထဲက လူတွေထဲမှာ စာရေးဖို့ ကုန်ကြမ်း ရလိုက်လေပြီ။ ၀တ္တုခေါင်းစဉ်လေးကိုတော့ စိတ်ကူးထဲက ဇာတ်လမ်းလေးနှင့်ရော၊ သူမ၏ လက်ရှိ အခြေအနေနှင့်ပါ လျော်ညီသည်ဟု ထင်မိသည့် ခေါင်းစဉ်လေး   ရွေးကာ ပေးလိုက်မည် စိတ်ကူး၏။

သူမစဉ်းစားမိသည်။ အမှန်တကယ် အပြင်မှာသာ စိတ်ကူးထဲက ဇာတ်လမ်းလို သူမ ကြုံခဲ့ရမည်ဆိုလျှင် သူမ ဘာဆက်လုပ်မည်နည်း။ မဟုတ်မခံစိတ် ရှိသူပီပီ၊ ဇာတ်ကောင် မိန်းကလေးလို ကားပေါ်က သူမ ဆင်းမပြေးဖြစ်မှာကတော့   သေချာပါသည်။

(မဟေသီမဂ္ဂဇင်း၊ ၂၀၁၂ခုနှစ် – ဖေဖော်ဝါရီလ)

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ၀တ္ထု. Bookmark the permalink.

34 Responses to အနီးမှုန်

  1. hTuT says:

    ၃၉ ကားကြီးကို စာရေးဆရာမ လှလွန်းချိုနဲ့ အတူတူ လိုက်စီးလိုက်ရသလိုပါပဲ .. :)
    တခါတည်း မျောပါသွားတယ် … ။

  2. ချစ်ကြည်အေး says:

    ကောင်းလိုက်တဲ့ အတွေးလေး ညီမမြသွေးရေ။
    ညီမသာဆို အဲလို ဆင်းမပြေးမှာ ယုံပါတယ်။ ခြင်းကိုင်ပေးသူကို ကျေးဇူးစကား ဆိုအုံးမှာ။ အိတ်ခွဲတဲ့ ကောင်လေးကို ရဲက ဘယ်လို အရေးယူမလဲ တိုင်ချက် ဖွင့်အုံးမှာ။
    အင်းးးအနီးမှုန်နေတဲ့ အဖြစ်တွေကလည်း အများသားရယ်….

  3. သီသီထွန်း says:

    မမြသွေးနီရေ
    ခရီးသွားနေလို့အခုမှစာကြွေးတွေအတိုးချဖတ်ရတယ်
    လူတွေရဲ့စိတ်ကို ကွက်ကွက်ကွင်းကွင်းပေါ်အောင်ရေးထားတာသဘောကျတယ်
    ဇာတ်သိမ်းအလှည့်လေးကြောင့်အဆုံးသတ်ကလှသွားသလိုပဲ

  4. ဘာနေ says:

    ကားမှတ်တိုင် ကားစောင့်ရတဲ့ ဒုက္ခ
    ကားကြပ်တဲ့အချိန် တိုးစီးရတဲ့ ဒုက္ခ
    တခါတခါ ပျော်ဖို့ ကောင်းသလို တခါတခါ စိတ်ပျက်ဖို့ ကောင်းပါသည်
    အမ တင်ပြသလို အထင် အမြင်နဲ့ လက်တွေ့ဟာ တခါတခါ မတူတတ်ဘူး ဗျ
    အများစုက ကူညီတတ်တယ်လို့ ထင်မိပါတယ် ..း)
    သို့သော် အချောင်သမားတွေက ပိပိရိရိ အကွက်ကျအောင် လုပ်တတ်တယ်ဗျ
    သတိထားနေရင် သိသာပါတယ် .. ဘယ်လိုလူတွေလဲဆိုတာ ..

  5. htunmin says:

    pertty nice story,
    keep it up
    regards
    ko htun min(dubai)
    note:if i have free time i will read ur blog.

  6. blackroze says:

    ဟုတ်တယ်အမရေ
    ညီမတို့တွေကတခါတလေ…အနီးမှုန်လွန်းတတ်ကြတယ်..

  7. မိန်းမသားတစ်ယောက်ကိုယ့်ရှေ့ (အထူးသဖြင့်လူအရမ်းကြပ်တဲ့ ဘတ်စ်ကားပေါ်)လာရပ်နေတာ ဒီတိုင်းကြည့်နေတတ်တဲ့ ခပ်ချောချောကောင်လေးတွေ အရမ်းများလာတယ်( ဘတ်စ်ကားပေါ်)

  8. မမရေ.
    ဘတ်စ်ကားစီးရတာလေးကို လွမ်းမိသွားတယ်။ ကိုယ်ပတ်ဝန်းကျင်ကို အနီးမှုန်နဲ့ မကြည့်ဖို့ သတိထားမိလိုက်ပါတယ်။
    ချစ်တဲ့
    ညီမသဒ္ဓါ

  9. ghost min says:

    ဒီမိုကရေစီအကြောင်းပြောချင်ရင် ဆိုကရေးတီ၊ပလေတိုး၊အရစ်တိုတယ် စာအုပ်တွေနဲ့စာကြည့်တိုက်ထဲမှာထိုင်နေလို့မရဘူး
    လူတွေနဲ့အတူလိုင်းကားတိုးစီးရမယ်တဲ့လေ

  10. jasmine says:

    လူတွေတော်များများ အနီးမှုန်နေကြတာပါ
    ကိုယ့်ကိုကိုယ်မသိရှိနေတာ….
    ထင်မှတ်ထားတာနဲ့ မထင်မှတ်ထားတာတွေလဲလွဲ
    နေတတ်တယ်နော်….အဲတာလေးတွေကို အားလုံးမြင်သာအောင်
    ရေးပြတဲ့ အမမြသွေးနီကိုတော့ တစ်ကယ်လေးစားမိပါတယ်ရှင်…
    ကျွန်မလဲ အဲလိုမျိုးရေးတတ်ချင်ပါတယ်။

  11. အဲဒါပြောတာပေါ့ အပေါ်ယံ ကြည့် ပြောမရဘူးဆိုတာ အဲလို တွေ တွေ့ဘူးတယ်

  12. ဟုတ်ပါတယ် အစ်မရေ…တစ်ကယ်တော့ အပေါ်ယံအခွံတွေကြောင့် လူတွေရဲ့ အတွင်းစိတ်ကို မြင်နိုင်ဖို့ ခက်ခဲပါတယ်။ ခုခေတ်ပိုဆိုးပေါ့။ မျက်နှာဖုံးတွေကို မကြည့်ပဲ အတွင်းစိတ်ကိုကြည့်နိုင်ဖို့သာ အရေးကြီးပါတယ်။

    ခင်တဲ့ (ဖိုးကြယ်)

  13. ဇာတ်လမ်းလေးဆုံးသွားတော့ ခေါင်းစဉ်လေးကို တစ်ချက်ပြန်ကြည့်မိတယ်။ ပေးထားတဲ့ ခေါင်းစဉ်လေးနဲ့ ဇာတ်လမ်းလေးက လိုက်ဖက်ညီမှုရှိသလို ချပြထားတဲ့ အကြောင်းအရာလေးကလဲ လူတွေကြားထဲမှာ ဖြစ်ပျက်နေတတ်တဲ့ တကယ့်သရုပ်မှန်ကို ချပြထားတာပါ။ ဇာတ်လမ်းလေး ကောင်းသလို အရေးအသားလေးလဲ ညက်တော့ ဖတ်ရတာ တကယ်ကိုဖြစ်နေတဲ့ အတိုင်းထင်မြင်မိပါတယ်။ လူတွေကြားထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူတွေရဲ့စိတ်တွေကို လှလှပပလေးချယ်မှုန်းပြထားတာလေး ။ တောင်းမှာအကွပ် လူမှာအ၀တ်ဆိုပေမယ့်လဲ ဒီခေတ်ကြီးထဲမှာ အ၀တ်အစားကိုကြည့်ပြီး စိတ်တွေကို ခန့်မှန်းလို့ မရနိုင်တော့တာ၊ လူတွေရဲ့စိုးရိမ် ကြောင့်ကြစိတ်တွေကြောင့် တစ်ခါတစ်ရံမှာ အမှန်တရားကနေသွေဖီသွားတာ ဒီဇာတ်လမ်းက ပေးချင်တဲ့ မက်ဆေ့ခ်ျလို့ ထင်မြင်မိပါတယ်။ နောက်ထပ်နောက်ထပ် စာကောင်းပေမွန်တွေ ဆက်လက်ရေးသားနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်။

    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

  14. ko2 says:

    အလို … ဖတ်ရတာလည်း ရင်တထိတ်ထိတ်နဲ့ …

  15. mgthant says:

    Bravo Sis… very very good

  16. မမရေ….လူ့လောကထဲမှာ ဖြစ်တတ်တဲ့ သဘာဝလေးကို ရေးဖွဲ့ပြထားတာ ဖတ်လို့ကောင်းပ….တကယ်တော့ လူတွေ အနီးမှုန်တတ်ကြာတာ အဲဒီတစ်နေရာထဲတင်မဟုတ်လောက်ဘူး။ နေရာတော်တော်များများမှာ အနီးမှုန် ဖြစ်ဖြစ်နေတတ်ကြတယ်လို့ ညီမလေးတော့ ထင်မိတာပဲ။း)))

    ခင်မင်လေးစားစွာ
    ဂျင်း

  17. ညီမကတော့ အဝေးမှုန်တယ်..bus ကားစီးရင်တော့ လူကြောက်ရတာတစ်မျိုး အိတ်ခွဲမယ့်လူကြောက်ရတာတစ်မျိုးနဲ့ 
    အမရေးတဲ့စာလေးဖတ်ပြီး ပိုသတိထားမိသွားတယ်

  18. ညီရဲ says:

    ဟုတ်တယ် အစ်မ ကျွန်တော် ကျွန်တော်ဆိုရင်လဲ ကျေးဇူးတင်စကားလေးတော့ ပြောဖြစ်ခဲ့မှာပါ…
    စိန်ကဲ ရွှေကဲထက် လူကဲ ခတ်ဖို့ က ပိုခက်တယ်ဆိုတာ တကယ်တော့ အမှန်ပါလေ…

  19. လသာည says:

    ဘေးလူရဲ့ အကျင့်စရိုက်ကို သူနေပုံထိုင်ပုံ၊ ဥပဓိရုပ်တွေနဲ့ ဆုံးဖြတ်မိတာ ခဏခဏပါပဲ..။ တကယ်သတိထားစရာ ဇာတ်လမ်းလေးပါ။

  20. ပေးသွားတဲ့ မက်ဆေ့ဂ်ျလေးက အရမ်းကိုလှပါတယ် မမရေ။ တစ်ခါတစ်ရံ ကိုယ်မထင်ထားတဲ့သူတွေက ကိုယ့်ကိုကူညီတဲ့သူတွေ ဖြစ်နေတာ ညီမလေးလည်း ကြုံဖူးတယ်။ အင်း မမပေးတဲ့ ခေါင်းစဉ်လေးနဲ့ စာလေးနဲ့က တကယ်ကိုလိုက်ဖက်ပြီး ၊ အရေးအသားလေးကလည်း တကယ်ကို ပရိုပါပဲ မမရေ။

    ခင်တဲ့
    မေသိမ့်

  21. အလင်းသစ် says:

    အင်..ရေးသွားတာလေး မိုက်တယ်။။။ ဘတ်စ်ကားနံပါတ်က ၃၉ ဆိုတော့ ဟို ၃၉ ဗိုက်ပူကြီးတွေကို
    သတိရတယ် ဟီးးးးးးးးးး။။ ကိုယ့်ကိုကိုယ် ဝဋ်ခံဖို့ စီးရတဲ့ ကားတွေလေ။။ တဒုံးဒုံးနဲ့ နားအုံတွေတောင် ကွဲမလားမှတ်ရ..အရပ်နဲ့မလွတ်တော့လေ။။။

  22. အဖြစ်အပျက်လေးက ကိုယ်တိုင်လည်း ကြုံခဲ့ဖူးတဲ့ ပုံစံမျိုးလေးမို့
    ကိုယ့်ကိုယ်ကိုလည်း တခါတခါမှာ အနီးမှုန်တတ်မှန်း သတိထားလိုက်မိတယ်။
    ပြီးတော့လည်း လူတွေကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်သင့်တာ ဒီပိုစ့်လေးက သတိပေးနေသလိုပါဘဲ။
    ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ မယုံကြည်သင့်သလို ဘယ်သူ့ကိုမှလည်း အပေါ်ယံကြည့်ပြီး အထင်မသေးသင့်ဘူး ဆိုတဲ့ သင်ခန်းစာလေးပါ ရလိုက်ပါတယ်။

  23. ကိုကိုကျော်သူ says:

    good , i like it

  24. ဒီကောင်မလေး* says:

    ဟုတ်ပ မမ ရေ
    လိုင်းကားစီးလို့ ကြပ်တဲ့ ဒုက္ခ အပြင် အဲ့ဒီရန်တွေကလဲ အမြဲ ပူပန်နေရတယ်..း(

  25. junemoe says:

    ဖတ်ရတာ အရမ်းကို အားရတယ်ဗျာ။
    တကယ်တမ်း ကိုယ်သံသယဖြစ်တဲ့သူက ကျေးဇူးတင်ရမယ့်လူဖြစ်နေတယ်။
    အပေါ်ယံအရေခြုံထားတဲ့လူတွေကိုလည်း အထင်မကြီးဖို့နဲ့ စုတ်ပြတ်နေပေမယ့် အထင်မသေးမိဖို့.. သေချာရေးပြသွားတယ်။ အရမ်းလည်းသေသပ်တယ် အမရေ..။

    အဖြူလေး (junemoe)

  26. 8Yar says:

    အစ်မမြသွေးနီရေ ၀တ္ထုလေး လာဖတ်သွားပါတယ်ခင်ဗျာ။ အရေးအသားတွေ အရမ်းကောင်းတယ်ဗျာ။ လေးစားပါတယ်ခင်ဗျာ။

  27. အာ မမရဲ့ ခါးပိုက်နှိုက်မြင်ရင်တော့စွတ်မအော်နဲ့
    မဒိုးကန်အဖေရဲ့သူငယ်ချင်းဆရာဝန်တစ်ယောက် သူများခါးပိုက်နှိုက်တာမြင်လို့ အော်လိုက်တာ
    လည်ပင်းကို ဆယ်ပြားစေ့နဲ့လှီးသွားတာ သွေးကြောပြတ်ပြိး သေပါရောလား
    နောက်ပြီး သူတို့ကမှတ်ထားတတ်တယ် ..
    မဒိုးကန်ကတော့သတ္တိကကောင်းပြီးသားဘာမှတ်လဲ
    အဲလိုဖြစ်ကြည့်ပါလား ဟင်း
    အာပြဲကြိးနဲ့ကိုအော်ငိုပစ်မှာ ဟီးးဟီး )

  28. အစ်မရေ။ ကောင်းလွန်းလို့ ဘာပြောရမယ်တောင်မသိတော့ဘူး။ ဒါကြောင့်လည်း ဆု ရ တာနေမှာ။

  29. Ya Min Tun (DAMCO) says:

    မမြသွေး လာရောက်ဝင်ဖတ်သွားပါတယ်…..ယမင်းတို့လည်းအနီးမှုန်နေတာ…ဘယ်လောက်များနေပြီလဲလို့…တွေးမိပါတယ်…..

  30. sosegado says:

    အထင်နဲ့အဖြစ်က တစ်ခြားစီဖြစ်သွားတတ်တာကိုပြလိုက်သလိုပါပဲ၊
    39 ကားစီးဘူးတယ် ကြည့်မြင်တိုင် ဘက်ကိုသွားသွားနေတုန်းက မမှားဘူးဆိုရင်ပေါ့။

  31. ထီးကြည်နုအောင် says:

    အမရေ………… အလည်တစ်ခေါက်လာရောက်လို့ ၀င်ဖတ်သွားတယ်နော်………….. အရမ်းကောင်းပါတယ်……….. ညီမတို့လည်း လိုင်းကားစီးနေကြရတဲ့သူတွေဆိုတော့…….. သတိထားစရာပေါ့………………….
    အမ စာတွေ အများကြီးဆက်လက်ရေးသားနိုင်ပါစေ…….
    ခင်မင်ခြင်းများစွာဖြင့်…………………

  32. thiha says:

    စိတ်ဝင်စားစွာ ဖတ်သွားပါတယ်ဗျာ။

  33. ဟုတ်တယ်ဆရာမရေ လူတွေ့ရင် အထင်တွေအမြင်တွေနဲ့ မဆုံးဖြတ်မိအောင် ကိုယ့်ဟာကိုယ်အမြဲသတိထားရတယ်။ အထင်အမြင်တွေက လူတွေနဲ့ဆက်ဆံတဲ့နေရာမှာ filter ဖြစ်သွားတတ်လို့။

  34. TTSweet says:

    မမြသွေးရေ
    သိပ်ကောင်းတဲ့ ၀ထ္ထုလေး။ ပေးချင်တဲ့ message လေးလဲ ကောင်းတယ်။ ငယ်ငယ်က (တက္ကသိုလ်တက်တုံးက ) ဘတ်စကားတိုးစီးရလွန်းလို့ ခဏခဏ ခါးပိုက်နှိုက်ခံရတယ်။ တစ်ခါတစ်လေများ တွေးမိတယ်။ ခါးပိုက်နှိုက်တွေက ငါ့များ သူတို့ဖောက်သည်ထင်နေလားမသိဘူးလို့။ လူကပဲ နမော်နမဲ့နဲ့ ခါးပိုက်နှိုက်ချင်စဖွယ်ရုပ် ပေါက်နေလားမသိပါဘူးး)

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>