ဧရာဝတီကို စောင့်ရှောက်ကြကုန်လော့…

Number of View: 65260


၂၃.၉.၂၀၁၁ မနက်ခင်းမှာ Gallery 65 ကို မြသွေးနီ ဒုတိယမ္ပိ   ခြေချမိခဲ့ ပါတယ်။ ဒုတိယမ္ပိလို့ ပြောရခြင်းက ပထမတစ်ကြိမ်၊ ၂၀၁၀ခုနှစ်   နွေရာသီ   ရေရှားပါးချိန် Heat Stroke ပြပွဲတုန်းက   ရောက်ခဲ့ဘူးသေး လို့ပါဘဲ။

ဧရာဝတီနဲ့ ပတ်သက်လို့ စိတ်ထဲ တအုံနွေးနွေးနှင့် ဖြစ်နေခဲ့ရတာ ကြာပါပြီ။ ဒီရက်ပိုင်း စာတွေမရေးနိုင်ပဲ ဧရာဝတီအတွက် ရေးကြတဲ့ ပို့စ်တွေကို အွန်လိုင်းပေါ်မှာရော၊ ပုံနှိပ်မီဒီယာတွေမှာပါ နေရာအနှံ့ ခြေဆန့်လို့ လိုက်ဖတ်ဖြစ်နေရင်း မြန်မာပြည်မှာ မွေးတဲ့ ဗမာတစ်ယောက်ပီပီ ခန္ဓာကိုယ်ထဲက သွေးတွေ ပူနွေးနေခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၅ရက်လောက်က ဧရာဝတီမြစ်ဆုံမှာ ရေအားလျှပ်စစ်ထုတ်လုပ်တာကို ကန့်ကွက်ဖို့ ၂၃.၉.၂၀၁၁ရက်နေ့မှာ  ဘလော့ဂါတွေအားလုံး တစ်ပြိုင်နက်ထဲ ပို့စ်တင်ရင်း ကန့်ကွက်ကြမယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်မ ခန္ဓာကိုယ်ထဲက ပူနွေးနေတဲ့ သွေးတွေ ဆူပွက်လာခဲ့ပါပြီ။ အမျိုးသားရေးကိစ္စမို့ အလှည့်ကျ မနွဲ့ချင်ပါဘူး။

ဧရာဝတီအတွက် ငိုကြွေးသံတွေ၊ ဧရာဝတီအတွက် တက်ခေါက်သံတွေ၊ ၊ ဧရာဝတီအတွက် နှမျောတသသံတွေ၊ ၊ ဧရာဝတီအတွက် ယူကြုံးမရသံတွေ၊ ၊ ဧရာဝတီအတွက် ကြိမ်းဝါးသံတွေ၊ ဧရာဝတီအတွက် ရတက်ဇောတွေ၊ ဧရာဝတီအတွက် သက်ပြင်းမောတွေက နေရာအနှံ့မှာ ပျံ့လွင့်နေပါတယ်။ အမိဧရာဝတီအတွက် သူ့ရဲ့ သားတွေ၊ သမီးတွေ စိတ်မအေးရတော့ပါဘူး။ အားလုံးဟာ အမိဧရာဝတီအတွက် ကာကွယ်ဖို့၊ တတ်နိုင်တဲ့ဘက်ကနေ အားလုံးဝိုင်းဝန်းဖို့ ၊ မဆွယ်ရ၊ မနှိုးဆွရပဲ အမိကို ချစ်တဲ့ အမျိုးသားရေး စိတ်ဓာတ်တွေ ကိုယ်စီကိုယ်ငှနဲ့  ကျရာနေရာကနေ ပါဝင်နေကြရပါပြီ။

၂၃ရက်နေ့ကလည်း တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ စာရေးဖို့ စိတ်ကူးထဲမှာ စကားလုံးတွေသာ ရှိနေခဲ့ပြီး လက်တွေ့မှာ ချရေးဖို့ အချိန်ဘယ်လိုမှ မရသေးပါဘူး။ ဖြစ်ချင်တော့  ပန်းချီ၊ ကဗျာ၊ ဓာတ်ပုံ၊ ကာတွန်း၊ ဂရပ်ဖစ် ဒီဇိုင်းစတဲ့ အနုပညာရှင် ၅၀ယောက်ရဲ့ ဧရာဝတီနဲ့ပတ်သက်ပြီး Gallary 65မှာ ခင်းကျင်းပြသမယ့်  “ The Sketch Of A River – Art Exhibition ” ပြပွဲကို ၂၂.၉.၂၀၁၁ နေ့မှာ စတင်ပြသမယ်ဆိုတာကို သိခွင့်လိုက်ရချိန်မှာတော့ စိတ်ထဲမှာ ၀မ်းသာစိတ်နဲ့အတူ ဒီပွဲကို မဖြစ်မနေ အရောက်သွားမယ်၊ တချိန်ထဲမှာပဲ ၂၃.၉.၂၀၁၁ နေ့ကြရင် ဒီပြပွဲမှာ ပြသထားတဲ့ အမိဧရာဝတီနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို ပြန်လည်မျှဝေမယ်လို့  ဆုံးဖြတ်လိုက် မိပါတယ်။

…………@@@…………

ပြပွဲမတိုင်ခင် ၂၂ရက်ညထဲက စိတ်က စောနေပါပြီ။ မဖြစ်မနေ ယူသွားရမယ့် ကင်မရာကို သေချာ အိတ်ထဲထည့်၊ ကလေးတွေ ပြောသလို၊ နက်ဖြန်ရောက်ဖို့ ဒီည စောစောအိပ်မှဆို စောစောအိပ်ရာဝင်ခဲ့ပါတယ်။ ရန်ကုန်မြို့ ဒဂုံမြို့နယ်   ယောမင်းကြီးလမ်းရှိ Gallary65ကို မနက်၁၀နာရီ ရောက်တော့ ခြံဝင်းထဲမှာတောင်   ပြပွဲလာသူတွေ   တော်တော်များများနဲ့ စည်ကားနေပါပြီ။ ဒီပွဲမှာ အနုပညာရှင် စုစုပေါင်း ၅၄ဦင်္းရဲ့ လက်ရာပေါင်း၁၄၂ခုကို တင်ပြထားပါတယ်။  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အနုပညာရှင်များ၊ စာပေ၊ ဂီတ၊ ရုပ်ရှင်နှင့် မီဒီယာများ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသားများ၊   ပြည်သူများ၊  တက်ရောက်သူ အလွှာအသီးသီးမှ စုစုပေါင်း နှစ်ထောင် နီးပါး လာရောက် ကြည့်ရှုကြတယ်လို့ သိရပါတယ်။

ပြပွဲ ၁၀နာရီ စမယ်ဆိုလို့ ၁၀နာရီ အရောက်လာခဲ့တဲ့ ကျွန်မ   နောက်ကျနေ   လေပြီ။ ခြံထဲမှာ ဆရာမျိုးမြင့်ညိမ်းကို   တွေ့လို့ သွားနှုတ်ဆက်ဖြစ်ပါတယ်။ ဆရာက “ အထဲမှာ လူတွေ   ပြည့်ကြပ်  သိပ်နေလို့    နောက်တစ်ခေါက် ထပ်လာပြီး ကြည့်မယ် ” လို့ ပြောပါတယ်။ ဆရာ့ကို   နှုတ်ဆက်ပြီး   ပြပွဲ အခန်းထဲ ရောက်တော့ ကဗျာရွတ်ဆိုသံနှင့်အတူ သတင်း၊ မီဒီယာများ၊ အနုပညာရှင်များ၊ ပရိသတ်များနှင့် အုံခဲနေတာ   တွေ့လိုက်ရပါတယ်။

ရုံးကို နေ့တစ်ဝက် ခွင့်ယူပြီး၊ ဒီပွဲလေးကို လစ်လာခဲ့ရတာမို့၊ ရတဲ့အချိန်လေးကို တန်ဘိုးရှိရှိ ကျွန်မအသုံးချရပါတော့တယ်။ ပြပွဲလာသူတွေ ကြားထဲ တိုးဝှေ့ရင်း ပြပွဲမှာတင်ထားတဲ့ ပန်းချီကားတွေ၊ ဓာတ်ပုံကားတွေကို တစ်ကားစီ သေချာ လိုက်ကြည့်ဖြစ်ပါတယ်။ ကျွန်မရင်ကို ရိုက်ခတ်မိစေတဲ့ ပုံများတွေ့ရင်တော့ ကျွန်မရဲ့ ကင်မရာမီးလေးတွေက တဖျတ်ဖျတ် လက်လို့သွားရတာပေါ့။

ပြပွဲကို တက်ရောက်လာသူများရဲ့ နှုတ်ဖျားမှာ တရွရွ၊ တဖွဖွ ပြောနေကြတာက ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ…၊ အတောမသတ်ကြနိုင်ပဲ၊ အားမရနိုင်ကြပဲ၊ ဧရာဝတီအတွက် ရင်ဘတ်ကိုယ်စီနဲ့ ခံစားနေလိုက်ကြတာ။ ပြခန်းမ တစ်ခုလုံး “ ဧရာဝတီ ” ဆိုတဲ့ စကားလုံးတွေနဲ့ ပြည့်သိပ်လို့နေတယ်။

အားလုံးဟာ တူညီတဲ့ ခံစားချက်၊ တူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီပြပွဲကို   ရောက်လာကြတယ်။ သူတို့အားလုံးရဲ့ သွေးတွေဟာ တဖျစ်ဖျစ် ဆူပွက်နေ ကြပြီး ဧရာဝတီနဲ့ ထပ်တူ ပူဆွေး၊ သောကနဲ့ စွေးစွေးနီနေတယ်။

ပြပွဲက ဧရာဝတီရဲ့ ပုံရိပ်တွေက ကျွန်မကို ညှို့ယူ ဖမ်းစားထားပါပြီ။ ဧရာဝတီနဲ့ အတူ ကျွန်မစီးမျောလို့ သွားပါတော့တယ်။

…………@@@…………


ဒီနေ့ ၂၃.၉.၂၀၁၁ – သောကြာနေ့၊ အွန်လိုင်းပေါ်မှ ဘလော့ဂါများရဲ့  အမိဧရာဝတီအတွက် ရင်ကွဲသံတွေကို မိမိတို့ရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာ အသီးသီးပေါ်မှာ တပြိုင်နက်ထဲ ဖော်ကျူးနေကြပါပြီ။

ပူပူနွေးနွေး ကြည့်ခဲ့ရတဲ့ ဧရာဝတီပြပွဲက ပုံရိပ်တချို့နဲ့တကွ စာတချို့၊ ကဗျာစာပိုဒ် တချို့ကို ဖန်တီးသူများကို လေးစားစိတ်ဖြင့် ကျွန်မ   ပြန်လည် ဖော်ပြပေးချင်ပါတယ်။

ကမ္ဘာ့ အရှည်လျားဆုံး မြစ်ကြီး၅၀မှာ ပါဝင်သည့် ဧရာဝတီမြစ်ကြီး၏   မြစ်ဝှမ်း တစ်လျှောက်မှာ မြန်မာနိုင်ငံတွင် နေထိုင်သည့် တိုင်းရင်းသားမျိုးစုံတို့၏ ယဉ်ကျေးမှုများ ပေါ်ပေါက် ထွန်းကားခဲ့သည်။

မြန်မာပြည်မြောက်ဖျားမှာ လှဲလျောင်းသည့် ဧရာဝတီ၏ဦးခေါင်းပိုင်းသည် ကချင်၊ ရ၀မ်၊ လီဆူး အစရှိသည့်တိုင်းရင်းသားများ၏ နေအိမ်….။

အလယ်ပိုင်းဒေသကို ဖြတ်သန်း စီးဆင်းသည့် ဧရာဝတီ၏ ရင်ခွင်သည် ဗမာတိုင်းရင်းသားတို့၏ ပျော်မွေ့ရာ နေရာ….။

အိန္ဒိယသမုဒ္ဒရာကို မပွေ့ဖက်မှီ ဧရာဝတီ ရစ်နှောင်ဖွဲ့ခွေရာ   မြစ်ဝကျွန်းပေါ်   ဒေသသည် ကရင်၊ မွန်တိုင်းရင်းသားများ၏ ဇစ်မြစ်ဒေသ။

ဧရာဝတီသည် မတူညီသည့် တိုင်းရင်းသားများ တူညီစွာ မှီခိုနေထိုင်သော   မြစ်ဝှမ်းယဉ်ကျေးမှုတစ်ခု။

ဧရာဝတီ၏ ထူးခြားချက်က သူမကို မြန်မာပြည်သူတွေကသာ ပိုင်ဆိုင်ခြင်း   ဖြစ်သည်။

ဧရာဝတီကို ဘယ်အိမ်နီးချင်းနိုင်ငံနှင့်မှ ခွဲဝေမျှယူစရာ မလို၍ သူမကြောင့် အမုန်းမပွား ခဲ့ရသော မြစ်တစ်စီး။ ဧရာဝတီကို မြန်မာပြည်သူများသာ ဆက်လက် ပိုင်ဆိုင်စေချင်ပါသည်။

အင်မိုင်ခခေါ် မေခမြစ်နှင့် မလိခခေါ် မေလိခမြစ်တို့ ဆုံတွေ့ရာကို ဂျိန်းဖော ဘာသာစကားဖြင့် မလိဇွပ်ဟုခေါ်သည်။ မြစ်ဆုံဟု အဓိပ္ပါယ်ရသည်။ မြစ်ဆုံမှ အစပြု၍ ဧရာဝတီကို စတင်ခဲ့သည်။

ဧရာဝတီသည် မြန်မာ့ဘူမိသမိုင်းတွင် နှစ်ပေါင်း၁၅သန်းထဲက စတင်ပေါ်ပေါက် ခဲ့ကြောင်း မှတ်တမ်းများ ရှိသည်။ ဧရာဝတီသည် မိုင်ပေါင်း ၁၀၅၅မိုင် ဖြတ်သန်းစီးဆင်းကာ ပင်လယ်ဆီသို့ စီးဝင်လျှက်ရှိနေဆဲဖြစ်သည်။ ဧရာဝတီသည် အင်မိုင်ခခေါ်သည့် မေခမြစ်ဘက်မှ မိုင်၂၂၀ကျော် စီးဆင်းခဲ့ သည်။

မလိခူးခုံနော် ဒေသမှ မြစ်ဖျားခံလာပြီး နမ့်ကွီဟု ခေါ်ခဲ့ကြဘူးသည့်   မေလိခမြစ်သည် မိုင်၁၅၀ကျော် စီးဆင်းကာ ဧရာဝတီသို့   ပေါင်းစီးခဲ့သည်။ထိုသို့ ပေါင်းစုရာ မြစ်ဆုံတွင် ဧရာဝတီရေစီးကို တန့်၍ တမံတုတ်ကာ ဆည်လုပ်ဖို့ ကြံစည်နေကြသည်။

မြောက်ပိုင်း ကူမွန်တောင်တန်းမှ အင်ခိုင်ဘွန်တောင်တန်း၊ ဘွမ်ပတ်ဘွန်တောင်နှင့်    မွမ်းစီ-မာယူဘွန်တောင်တန်းတို့ သွယ်ယှက်ကာ ဧရာဝတီကို လက်နှစ်ဘက်နှင့် တားသလိုမျိုး တမံထိုးကြပေတော့မည်။

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းသည် မေခ-မေလိခမြစ်ဆုံ၏ အောက်ဘက် ၃မိုင်ခန့်အကွာ တန်ဖဲကျေးရွာအနီး၊ ဧရာဝတီမြစ်ပေါ်၌ တည်ရှိပြီး ဧရာဝတီမြစ် ကို တမံပိတ်၍ ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းကြီး တစ်ခု ဖြစ်သည်။ တမံမှာ ကွန်ကရစ်ကျောက်ဖြည့်တမံ အမျိုးအစားဖြစ်ပြီး တမံအလျား ၄၂၉၈   ပေ၊ တမံအမြင့် ၄၅၈ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၉၇.၈၈သိန်း ဧကပေ ရှိမည်။

ဤရေကာတာ ကျိုးပေါက်လျှင် မြစ်ကြီးနားမြို့တွင် ရေလှိုင်းအမြင့် ပေ ၄၀၀၊ ဗန်းမော်မြို့တွင် ရေလှိုင်းအမြင့် ပေ၃၀၀၊ စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း   ဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ၂၀၀မှ ၁၅၀၊ ပဲခူး ဧရာဝတီ၊ ရန်ကုန်တိုင်း ဒေသကြီးများတွင် ရေလှိုင်းအမြင့် ပေ၁၀၀ မှ ၁၅၀အထိ ရှိနိုင်သဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုသာ လွတ်နိုင်ပါသည်။

မြစ်ချောင်းများကိုပိတ်၍ ရေကာတာ တည်ဆောက်သည့်အခါ အတွေ့အကြုံ များ အရ မြစ်ကြေပိုင်းတွင် နွေအခါ ရေပါး၍ ရေထု ညစ်ညမ်းခြင်း၊ မိုးအခါ ဆည်ရေလွှတ်မှု မြင့်မား၍ စိုးရိမ်ရေမှတ် ရောက်ရှိခြင်းဟူသော ပြဿနာများ ကြုံတွေ့တတ်ရ သည်။

ရေကာတာ စီမံကိန်းများကြောင့် မြစ်ရေစီးကြောင်း ပြတ်တောက်ကာ ငါး၊ လင်းပိုင် အစရှိသော ရေသတ္တဝါများ၏ ရှင်သန် ကျင်လည်မှုအပေါ် အကျိုး သက်ရောက်လျက် အချို့ မျိုးတုန်း ပျောက်ကွယ်ခြင်း၊ အချို့  ရှားပါးခြင်း ဟူသော   ပြဿနာများလည်း ကြုံတွေ့ရဖို့ ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်

“ ဒီလိုအားလုံး လာရောက်ကြတဲ့အတွက် အင်မတန် ၀မ်းသာပါတယ်။   ပြပွဲတစ်ခုမှာတင် မဟုတ်ဘဲနဲ့ တကယ် ဧရာဝတီမြစ်ကြီး ရပ်တည်ရေး အတွက်၊ ထိန်းသိမ်းရေးအတွက်၊  အားလုံးကနေ စုစုစည်းစည်း လုပ်မယ်ဆိုရင် ဒီိကိစ္စဟာ ကျမတို့ရဲ့  ညီညွတ်ရေးအတွက်လည်း   ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ညီညွှတ်ရေးအတွက် ၀ိုင်းဝန်း လုပ်ဆောင်ကြပါ ”

“ကျမတို့အားလုံး ယုံကြည်တဲ့ ကိစ္စတစ်ခုကို အခြေခံပြီး ညီညွှတ်မှုယုနိုင်ရင် ကျမတို့အနေနဲ့တဖြည်းဖြည်း ညီညွတ်ရေး အခန်းကဏ္ဍဟာ များလာနိုင် ပါတယ်။ ကျမတို့ရဲ့မိခင် ဧရာဝတီမြစ်ကြီးကို အခြေခံပြီး   ပြည်ထောင်စု ညီညွှတ်ရေးကို လုပ်ဆောင်ဖို့ ကျမအနေနဲ့ ဆုတောင်းပါတယ်။ အားလုံးအနေနဲ့လည်း ဖြည့်ဆည်းပေးပါ ”

( Credit for Daw Aung San Su Kyi’s Photo & Dialogue by : ရွှေမြစ်မခမီဒီယာအုပ်စု )

——————–

(မောင်လင်းရိပ် – “ တစ်ခေါ်စာသောင်ပြင်ကိုဖြတ်ပြီး ကျွန်တော်အခု လှမ်းအော်လိုက်တယ် ” ကဗျာမှ…)

တဆိတ်ငြိမ်ပေးကြပါ။ ဆိတ်ငြိမ်ပေးကြပါ။ ဆိတ်ငြိမ်ပေးကြပါ။
ခင်ဗျားနားလည်သည်ဖြစ်စေ၊
နားမလည်သည်ဖြစ်စေ မြစ်မင်းရဲ့ စကားသံကို
နားထောင်ကြည့်ပါ

သူတစ်ခုခုပြောနေတယ်လို့ မီဒီယာမှာ၊
သဘာဝပတ်ဝန်းကျင်ဖိုရမ်တွေမှာ
ဆိုနေတာ၊ ချဲ့ကားနေတာလား
ကိုယ်တိုင်နားနဲ့ ဖမ်းယူကြည့်လိုက်ပါ

တဆိတ် ဆိတ်ငြိမ်ပေးကြပါ။
မြစ်ရေစီးသံမဟုတ်ပါ၊ မြစ်ကြီးရဲ့စကားသံလို့
သူတို့ဆိုနေကြလို့ပါ။

(မင်းထက်မောင်၏ “ ငါတို့၏ဧရာဝတီ ” ကဗျာမှ…)

ဧရာဝတီ ရှိကို ရှိရမယ်၊ ငါတို့ ရှိကို ရှိရမယ်။
ဧရာဝတီရှိမှ ငါတို့ရဲ့အသက်ဝိဥာဉ်ရှိလိမ့်မယ်။
ဧရာဝတီ ရှိကို ရှိရမယ်၊ ငါတို့ ရှိကို ရှိရမယ်
ဧရာဝတီရှိမှ ငါတို့ရဲ့ လွတ်လပ်တိုင်းပြည်ရှိလိမ့်မယ်

ငါတို့မသေ၊ ဧရာဝတီမသေ
ဧရာဝတီမသေ၊ ငါတို့မသေ
လာကြလေ လာကြလေ
ဝိုင်းကြဟေ ၀န်းကြဟေ

(မနော်ဟရီ ၏ “ ဧရာဝတီ”)

ငါ့အိပ်မက်တွေထဲ
အစဉ်သဖြင့် ရုန်းထရှင်သန်နေခဲ့သော အသက်ဝိညာဉ်
ငါရိုကျိုးချစ်မြတ်နိုးလွန်းစွာ စာဖွဲ့လို့ မမှီနိုင်ခဲ့သော အလှတရား
ငါ့သမ္မာတရားတို့နှင့် ငြိမ်းအေးစိမ်းစိုနေခဲ့သော ကောင်းကင်မြစ်တစ်စင်း
အခုတော့လည်း အလျှံတ၀င်းဝင်းတွေကြား တွန့်ကြေတောက်လောင်
တကယ်ဆို ဒါဟာလည်း တငွေ့ငွေ့မှောင်တဲ့ အရောင်တွေပါပဲ
ငါတို့ ဘယ်လို အရောင်ပြောင်းလိုက်ကြရမလဲ ။

(အိန္ဒြာ ၏ “ ဧရာဝတီ သူ စီးထွက်သွားခဲ့ပြီ ပင်လယ်ဆီ ” ကဗျာမှ …)

မြစ်မှာက ယူကျုံးမရစရာ သတင်းအချက်အလက်တွေချည်း
ဘောင်ဘင်ဆန်လို့

မြစ်မှာက သူ့ထက် မြစ်ဆန်ပြနေတဲ့ မြစ်အတုတွေကို
နာကျည်း စိတ်ကုန်ရလွန်းလို့
မြစ်မှာက အမှန်တရားဆိုတာ နှစ်ချို့အဆိပ်ဖြစ်နေမှန်း
သိရှိ လက်ခံလိုက်လို့…။

မြစ်ဟာ
ဧရာဝတီဟာ…
သူ့ကိုယ်သူ အဆုံးစီရင်ဖို့ဆိုပြီး
ပင်လယ်စီ ထွက်သွားခဲ့ပြီ….။


( မှိုင်း – ဆေး၂ ၏ “ အရွေ့ဧရာဝတီ ” ကဗျာမှ….)

ဒါဟာ အရွေ့ရဲ့ ပြယုဂ်တစ်ခုလား
ရာဇ၀င်သမိုင်းရဲ့အရွေ့
ခေတ်စနစ်ရဲ့အရွေ့
အရွေ့ …
အရွေ့ …
အရွေ့ …

အရွေ့ရှိမှ အလုပ်ဖြစ်တယ်ဆိုတဲ့
ရူပဗေဒ

အရွေ့များလွန်းလို့ အလုပ်မဖြစ်တော့တာ
လူမှုဗေဒ

ဧရာဝတီကို ရွှေ့ခဲ့ကြတော့
ဧရာဝတီကို ပြန်ရွှေ့ခဲတော့

ပွေ့ဖက်ထားတဲ့ ကမ်းပါးနှစ်ဖက်နဲ့
နှလုံးသားရဲ့ အကွာအဝေးမှာ
ခြေလှမ်းတွေ ပိုလာခဲ့ကြပြီ

ဧရာဝတီ…
ဘယ်အချိန်က စတင်ခဲ့လဲ မသိပေမယ့်
အခု…
သိတဲ့အချိန်ကပဲ ပြန်လည်စတင်လိုက်ကြပါစို့…။

( စောဝေ ၏ “ဧရာဝတီ ”  ကဗျာမှ…)

တို့မြေရဲ့ ကြက်သီးထဖွယ်
မျိုးချစ်စိတ်ကို တွေ့ချင်ရင်
ဧရာဝတီကို ငုံ့ကြည့်လိုက်ပါ

ထာဝရလက်လက်ထနေမြဲ
ဘယ်လောက်လှနေသလဲဆို

တိုင်းပြည်တစ်ပြည်ရဲ့ ရာဇ၀င်ကို
လက်ထပ်ပေါင်းဖော်ရမယ့် သတိုးသမီး
သူ့ဝမ်းမှာ သူရဲကောင်း မဟာသူရဲကောင်းတွေကို
အမြဲလွယ်ထား အမြဲမွေးဖွားစေခဲ့

ဧရာဝတီ
မြန်မာ့မြေပေါ်မှာ ဒီအမြဲမြစ်မရှိရင်
ကမ္ဘာကြီးက ဒီလောက်လှပါ့မလား။

ဧရာဝတီရဲ့ ရင်ငွေ့မှာ ကျွန်မတို့ မြန်မာပြည်သူပြည်သားတွေ အားလုံး ခိုလှုံရင်း အသက်ရှင်  ကြီးပြင်းခဲ့ကြတယ်။ ဧရာဝတီဟာ ဆန်စပါးတွေ စပါးတောင်လို ပုံအောင် စိုက်ပျိုးခွင့် ပေးခဲ့တယ်။ ဧရာဝတီမှာ သစ်ဖောင်၊ ၀ါးဖောင်တွေ   မျောခဲ့ကြတယ်။ ဧရာဝတီမှာ အစုန်အဆန်   ရောင်းဝယ်ဖောက်ကား ခဲ့ကြတယ်။ ဧရာဝတီမှာ ရေနေသတ္တ၀ါတွေ၊ ရှားပါးဧရာဝတီလင်းပိုင်တွေ   ပျော်မွေ့ခဲ့ကြတယ်။ ဧရာဝတီဟာ ကျွန်မတို့ရဲ့ ၀ိဥာဉ်ပါ။ ဧရာဝတီဟာ ကျွန်မတို့ရဲ့ စေတသိတ်ပါ။ ဧရာဝတီဟာ   မြန်မာပြည်သူပြည်သားတွေရဲ့ အထွဋ်အမြတ်ပါ။

ဧရာဝတီပျက်သုန်းရင် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေ ပျက်သုန်းမယ်။ သဘာဝပတ်ဝန်းကျင်ပျက်သုန်းရင် မှီတင်းနေထိုင်ကြရတဲ့ သက်ရှိတွေ ပျက်စီးကြရမယ်။ သဘာဝ ဘေးအန္တရာယ်ဆိုတာ မမြင်နိုင်၊ မမျှော်မှန်းနိုင်ပဲ ကြုံတွေ့ရတတ်တာမျိုးပါ။ ခေတ်မှီ တိုင်းပြည်ကြီးတွေမှာတောင် ဘယ်လောက် ကြိုတင်သိရှိပြီး ကာကွယ်ထားစေဦး ဖြစ်ပြီဆိုလျှင် ဘာမှ မလွန်ဆန်နိုင်ပဲ သေကြေပျက်စီး ဆုံရှုံးကြရတာကို မျက်မြင်ဒိဋ္ဌ ကျွန်မတို့ တွေ့နေကြရတာဘဲ။ မြစ်ဆုံမှာ ဆည်ဆောက်ပြီး ရေအားလျှပ်စစ် တစ်ဖက်နိုင်ငံကို   ရောင်းစားလို့ ဖြစ်ပေါ်လာမယ့် သဘာဝ ဘေးအန္တရာယ်နဲ့ ဘေးထွက်ဆိုးကျိုး ဆိုတာတွေကို မုချမလွဲမသွေ ကျွန်မတို့ ကြုံကြရဦးမှာပါ။ ရောင်းသူရှိလို့ ၀ယ်သူဆိုတာ ရှိနေတာပါ။ ကိုယ့်တိုင်းပြည်ရဲ့ အသက်သွေးကြောကို ကိုယ်တိုင် လက်ညှိုးထိုးရောင်းစား သင့်မသင့်ဆိုတာ   တော်ယုံ အသိဥာဏ်ရှိ သူတွေတောင် သိနိုင်ကြတာမျိုးပါ။ အတ္တတွေနဲ့ တစ်ဘို့ထဲ ကြည့်တတ်တဲ့ လူ့အန္ဓတွေကြောင့် ကျွန်မတို့ ပြည်သူတွေ ထပ်မံဒုက္ခ မရောက်စေချင်ပါဘူး။ စာနာစိတ်လေးနဲ့   တွေးဆပေးပါ။ အချိန်တွေ မှီပါသေးတယ်။

အမိဧရာဝတီအတွက် ကျွန်မတို့အားလုံး ၀ိုင်းဝန်းကြိုးစားကြမှ ရနိုင်မှာပါ။ တစ်ဦးတစ်ယောက်ထဲ ကာကွယ်လို့ မရပါဘူး။ သဲတစ်ပွင့်စီ စုပေါင်းရင် သဲသောင်ပြင်ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါဟာ တစ်ဦး၊ တစ်ယောက်၊ တစ်မိသားစုရဲ့ အရေးမဟုတ်ပါဘူး။ ကျွန်မတို့ မြန်မာအမျိုးသားတိုင်း၊ အမိမြန်မာမြေမှာ မွေးဖွားကြီးပြင်းခဲ့သူ ဗမာလူမျိုးတိုင်းရဲ့ အမျိုးသားအရေးပါ။ ဒီလို ဘေးအန္တရာယ် ဆိုးကျိုးတွေနဲ့ မြန်မာတစ်မျိုးသားလုံး ဒုက္ခတွေ့ဖို့ လက်ယပ်ခေါ်နေတဲ့ ဒီမြစ်ဆုံစီမံကိန်းကြီးကို ရပ်တန်းက ရပ်ဖို့ ဒီနေရာကနေ အလေးအနက် တောင်းဆိုလိုက်ပါတယ်…။

“သတိ”

အမေကို
သတ်သူ
မြေမြိုတတ်တယ်။
မမေ့ပါနဲ့
ဧရာဝတီဟာ
ရှင်တို့…
ကျွန်မတို့…
အားလုံးရဲ့ အမေ။

“ မြသွေးနီ ”

……………………………………………………………………………………………

“ ၀န်ခံချက်နှင့် ကျေးဇူးစကား ”

ယခုပို့စ်မှာ ဖော်ပြထာသည့် ပုံများကို Gallary65 မှ ပြသနေသော “ The Sketch Of A River – Art Exhibition ” မှ ရိုက်ယူ ဖော်ပြခြင်းဖြစ်ပြီး၊ ကဗျာများနှင့် အချက်အလက်အချို့ကိုတော့ “ မြစ်တစ်စီး၏ပုံရိပ် – ဧရာဝတီ ” စာအုပ်မှ ပြန်လည်မျှဝေလိုသော စိတ်ဖြင့် ထုတ်နှုတ်အသုံးပြုပါသည်။  Gallary65နှင့်တကွ ဖန်တီးသူ အနုပညာရှင်များ အားလုံးအား   လေးစားစိတ်ဖြင့် ကျေးဇူးအထူး တင်ရှိမိပါကြောင်း…။


ဆန္ဒနှင့်ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ. Bookmark the permalink.

68 Responses to ဧရာဝတီကို စောင့်ရှောက်ကြကုန်လော့…

  1. ဇင်အိ says:

    မမရေ…..ခုဆိုရင်ဧရာဝတီမြစ်ရေတွေက တကယ့်ကို သတ်သေဖို့များ ပင်လယ်ဆီ တွန်းထိုးပြီး စီးဆင်းနေကြပြီလားမသိဘူးနော်….ဧရာဝတီဘေးကင်းပါစေ…ချစ်တဲ့နိုင်ငံကြီးရှင်သန်ပါစေ………………

  2. ကိုယ်တိုင်သွားရောက်ပြီး ဓါတ်ပုံများကို စုံစုံလင်လင် ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်

  3. သေချာဖတ်မှတ်ရလို့ကျေးဇုးပါ အစ်မ
    အားတက်ပျော်ရွှင်မိတယ်
    လူတိုင်း ပြည်သူတိုင်းတသံတည်းထွက်စေချင်တယ်
    မြစ်မင်းဧရာဟာ ကျွန်တော်တို့ရဲ့ ပင်မအသက်သွေးကြောကြီးမို့ တန်ဖိုးထားကြစေချင်တယ်

  4. ဇင်အိ says:

    မမရေ…ခုဆိုရင် ဧရာမြစ်ရေတွေက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ပင်လယ်ဆီ အလုအယက်စီးဆင်း နေပြီလားမသိဘူးနော်…. သူတို့လဲလှောင်တိုက်ထဲမှာဘယ်နေချင်ပါ့မလဲ
    ချစ်သောဧရာဝတီဘေးကင်းပါစေ…. ချစ်တဲ့နိုင်ငံတော်ကြီးရှင်သန်ပါစေ….

  5. အစ်မရေ.. အခုလို မှတ်မှတ်ရရ ပန်းချီပြခန်းလေးမှ ပုံများအားလုံးကို ဖော်ပြပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကိုယ်တိုင် မသွားနိုင်ပေမယ့် အခုလို ကြည့်လိုက်ရတော့ ပြခန်းလေးကို ကိုယ်တိုင်ရောက်သွားသလို ခံစားရပါတယ်။
    ဒီအတွက်လည်း ဧရာဝတီ မြစ်ဆုံ စီမံကိန်းကြီး မလုပ်ဖြစ်အောင် ကျွန်တော်တို့ အားလုံးအနေနဲ့ ဝိုင်းဝန်း ကန့်ကွက်ကြရအောင်လားဗျာ။

    ခင်မင်စွာဖြင့်…
    ဇော်သိင်္ခ

  6. ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ကြည့်ခွင့်ရလို့ ကျေးဇူးပါ အစ်မရေ ။

  7. စန်းထွန်း says:

    မြသွေးရေ ..ခုလို စုံစုံလင်လင်လေးဖတ်ရ မြင်ရတော့ မြသွေးရဲ့  အားထုတ်မှုကို လေးစားသဗျား..

  8. ဓာတ်ပုံတွေကို ကွန်နက်ရှင်ကြောင့် မမြင်နိုင်ခဲ့ပါ ။ မျှဝေထားတာတွေကို အားရနှစ်သက်စွာ ဖတ်သွားပါတယ် …

  9. မေဇင် says:

    ကျေးဇူးတင်ပါတယ် အမ။ ဒီနေ့ စာတွေ လိုက်ဖတ်ရင်း မျက်ရည်ဝဲရင်း နဲ့မှာပဲ စာရေးတဲ့သူတွေရဲ့ စေတနာတွေကို ခံစားမိရင်း ပီတိလဲဖြစ်မိပါတယ်။

  10. Hmoo says:

    ဧရာဝတီကိုကာကွယ်သူများအတွက်ဂုဏ်ယူပါတယ်….

  11. ဧရာဝတီနဲ့ပတ်သက်ပြီး ကဗျာရော ပန်းချီးပြခန်းတွေပါ စုံစုံလင်လင်ဖော်ဖြပေးလို့ ကျေးဇူးပါ အမ…

  12. ဧရာဝတီရဲ့အရေးကို အနုပညာရှင်တွေပါ အားတက်သရော ပါဝင်လာတာ ကျေနပ်အားရစရာဘဲ
    ကိုယ်တိုင်တက်ရောက်ခွင့်မရပေမဲ့ အစ်မဖော်ပြပေးတာတွေကြည့်ပြီး အားရမိပါတယ်။
    ဧရာဝတီအရေးဟာ ပြည်သူလူထုအားလုံးရဲ့အရေးပါ။
    လူတစ်စုထဲက ဆုံးဖြတ်ရမဲ့အရေးမဟုတ်ပါဘူး
    အားလုံးစည်းလုံးညီညွှတ်စွာ ဧရာဝတီကို ကာကွယ်ရမှာပါ။

  13. khaymar says:

    ပုံတွေကြည့်ရင်း စာလေးတွေဖတ်သွားရတာ တော်တော်ကောင်းပါတယ်…
    ဒီလိုပွဲမျိုးတွေ လုပ်သင့်ပါတယ်…
    ကျေးဇူးပါ အစ်မ ………….

  14. စာတွေတော့ ဖတ်မရဘူးဖြစ်နေတယ် မမြသွေးရေ။ ပုံတွေ အားလုံးပွင့်တာ ၀မ်းသာစရာပဲ။ ကောင်းလိုက်တဲ့ပုံတွေဗျာ။ ပြင်းပြထက်သန်တဲ့ စေတနာ နဲ့ စိတ်ဓါတ်တွေကြောင့် ဖြစ်မယ်နော်။ အားရစရာ ကြီးပဲ။ ကျွန်တော်တို့ အမြဲ …ဒီလို ညီညွတ်သွားကြမယ်…။

    • မြသွေးနီ says:

      သူများတွေက စာတွေ ဖတ်လို့ ရတယ်တဲ့…
      ပုံက ကြာနေတယ်တဲ့…
      ကိုသတိုးရေ.. ကိုးနတ်ရှင်ကြောင့်မို့ ထင်ပါတယ်…။

  15. အမက ဧရာဝတီ ရေးတော့ ကျွန်တော်လဲ ရင်ထဲက သွေးတွေ ဆူပွက်လာလို့ ဒီကဗျာလေး ရေးလိုက်ပါတယ်..။

    “ ဧရာရှိုက်သံ ”

    ငါဟာ မြန်မာပြည်သားတွေအတွက် စီးဆင်းခဲ့တယ်…
    တောင်ပေါ်မြေပြန့် သားတွေရဲ့ ဘ၀ထဲမှာ နှစ်အသင်္ချေထဲက ဖြတ်သန်းစီးဆင်းခဲ့တယ်

    ငါဟာ ငန်းတစ်ကောင်လို နေ့ စဉ် တစ်လုံးထက်ပို ဥမပေးနိုင်ပေမဲ့
    ငါ့ကြောင့် ဒုက္ခရောက်ရသူဆိုတာ ရှိခဲ့သလား

    အခုတော့ လူတစ်စုက တိုင်းတစ်ပါးနဲ့ ပေါင်းပြီး
    ငါ့ခြေလက်တွေကို ဖြတ်တယ် ……ငါ…….မတုန်မလှုပ် ခေါင်းငုံ့ ခံခဲ့
    ငါ့အသွေးသားတွေကိုလှီးဖြတ်ယူလဲ ငါ…..ငြိမ်ငြိမ်လေးပဲ ခေါင်းငုံ့ နေခဲ့

    အခုတော့ ငါ့ရင်ကိုခွဲ ငါ့သွေးကြောတွေကို ဖြတ်တောက်ပိတ်ဆို့ ……ငါ့အသက်ကိုသတ်ပစ်ဖို့ အထိ သူတို့ ကြံနေပြန်ပြီ

    ငါ့မှာ ပြန်ခုခံဖို့ လက်တစ်စုံလဲမရှိတော့ ……….ငါ ဘယ်လိုခုခံရပါ့မလဲ
    ငါချစ်တဲ့ ပြည်သူတွေအတွက်ဆို ငါ….ပျော်ပျော်ကြီးအသေခံလိုက်ပါရဲ့

    သူတို့ မြေမှာ ဟိုးမြောက်ဖျားစွန်းရေခဲပြင်တွေ
    ဆီကနေ တောင်စဉ်တောတန်းတွေရစ်ပတ်
    ကျောင်းကန်ဘုရားတွေနဲ့ မြေပြန့် လွင်ပြင်ကိုဖြတ်ပြီး
    ရွှေတိဂုံကို ဦးတိုက်……..မြစ်ဝကျွန်းကို ပိုက်ကွန်တစ်ချပ်လိုယက်ဖြာရင်း
    ငါ ပင်လယ်ဝဆီ တစ်စိုက်မတ်မတ် စီးဆင်းခဲ့တာ
    နှစ်တွေ အသင်္ချေကြာခဲ့ပြီကော
    ဒီပြည်သူပြည်သားတွေအတွက်သာဆိုရင် ငါ့ဝိဥာဉ်ကို ငါကိုယ်တိုင်နုတ်ပေးချင်စမ်းပါရဲ့

    ခုတော့……….ငါနေတဲ့ ငါ့မြေကို သွေးစုပ်
    မသိမသာကော သိသိသာသာပါ ကျွန်လုပ်နေတဲ့……တစ်ပြည်သားတိုင်းတစ်ပါးအတွက်တော့………ငါ မသေပါရစေနဲ့ 

    ငါမသေချင်သေးဘူး ငါမသေချင်ဘူး ငါမသေပါရစေနဲ့ 
    ငါ့မြေက တစ်မျိုးသားလုံးအတွက်ပဲ ငါ ဆက်လက်စီးဆင်းပါရစေ
    ငါ့ကို ငါချစ်တဲ့ တောင်ပေါ်မြေပြန့် တိုင်းရင်းသားညီနောင်တွေနဲ့ အတူ ဆက်လက်ရှင်သန်ခွင့်လေးပေးပါ

    ငါစီးဆင်းရာ တောင်ပေါ်မြေပြန့်  အညာတစ်ကြော ရေစုန်ရေဆန်တလျှောက်
    လှပစွာကနေတဲ့  ၀ါးညှပ်အကတွေ ငါကြည့်ပါရစေ
    လှပစွာကနေတဲ့ ဒုံးယိမ်းအကတွေ ငါကြည့်ပါရစေ….
    လှပစွာကနေတဲ့ .ဦးရွှေရိုးနဲ့ ဒေါ်မိုးအကတွေ ငါကြည့်ပါရစေ
    ငါ့နံဘေးမှာ ရိုးရာအငွေ့ သက်တွေထုံမွှမ်းနေတဲ့ ရှမ်းအိုးစည်သံနဲ့ အကတွေ ဆီမီးခွက်အကတွေ..ဓနုပလောင်အကတွေ ငါဆက်ကြည့်ပါရစေ
    ငါချစ်တဲ့ အမိမြန်မာပြည်တည်ရှိနေသမျှ ငါလဲ အတူတကွ ဆက်လက်ရှင်သန်စီးဆင်းပါရစေ
    စည်ဗျောသံ နှဲသံ အမျှဝေသံ သာဓုသံတွေ…….ငါ ဆက်လက်ကြားပါရစေ. ငါကြားပါရစေ..ငါကြားးပါရ…ငါကြား…….ငါ….င…….။ ။

    • မြသွေးနီ says:

      ကျော်သူရေ…
      ကဗျာလေးဖတ်ပြီး ကြက်သီးတောင်ထမိပါတယ်..။
      ကျေးဇူးအများကြီးတင်ပါတယ်ရှင်…။

  16. hTuT says:

    ဧရာ = ၀မ်းစာ / ၀တီ = နတ်သမီး …. တိုင်းသူပြည်သားတွေရဲ့ ၀မ်းစာရေးအတွက် အသက်သွေးကြောပမာအရေးကြီးလို့ .. ဧရာဝတီလို့ ခေါ်ခဲ့ကြသတဲ့ အစ်မရေ … ။

  17. sosegado says:

    “ The Sketch Of A River – Art Exhibition ”
    ပုံတွေကို စာအုပ်ထုတ်လျှင် ဝယ်ချင်ပါသည်။

    • မြသွေးနီ says:

      ကိုဆိုစီရေ….
      သူတို့က ပြပွဲမှာ အလကား ဝေတာပါ…။
      မြသွေးမှာ တစ်အုပ်ရှိပါတယ်…။
      ကိုဆိုစီဖတ်ချင်ရင် ပေးပါ့မယ်..။ 🙂

  18. ရတနာနွယ် says:

    အမေ ဆိုတာ သားသမီးစီက ပြန်မမျှော်လင့်တတ်ကြပါဘူး
    ဒီလိုပဲ — ဧရာဝတီဆိုတဲ့ အမေကလည်း ဘာလုပ်လုပ် ငြိမ်ခံနေမှာပဲလေ
    ဒါပေမယ့်
    မိခင်ကို ကိုယ်တိုင်သတ်ပြီး အသက်သွေးကြောကို ဖြတ်တောက်တဲ့ သူတွေကိုတော့
    သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်တွေက လက်ပိုက်ကြည့်နေမယ် မထင်ပါဘူး

  19. ဓာတ်ပုံတွေအစုံအလင်နဲ့အသေးစိတ်ရှင်းပြသွားတဲ့အတွက် ကျေးဇူးပါ မြသွေးရေ။ မြန်မာပြည်သူ ပြည်သားများအားလုံးချစ်တဲ့ ခင်တဲ့ မြတ်နိုးတွယ်တာတဲ့ မြစ်ဧရာ ထာဝရအေးချမ်းစွာစီးဆင်းနိုင်ပါစေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  20. အစ်မရေ

    အားရ ဂုဏ်ယူ ကျေနပ်မိတယ်။
    တမျိုးမတူတဲ့ ရသပေးထားတာလေး နှစ်သက်တယ်ဗျာ။

    ချစ်ခင်စွာဖြင့်
    ကိုရီး{ကိုကြီး}

  21. တကယ့်ကို ဆိုးရွာတဲ့ စီမံကိန်း
    ကိုယ့်မိခင်ရဲ့ အသက်အသွေးကို
    ကိုယ်တိုင်ဖောက်ထုတ်နေကြပါရောလား

    ဤဧရာဝတီ မြစ်ဆုံစီမံကိန်းအား လုံးဝကန့်ကွက်ရှုတ်ချသည်။ အတူပါဝင် လက်တွဲကြပါစို့

  22. ညီမ မြသွေး ရေ

    အပင်ပန်းခံပြီး အားလုံး ဖတ်ရအောင် ကျိုးစားပေးတဲ့ ညီမ ကို ကျေးဇူး အများကြီး တင်ပါတယ်

    ချစ်တဲ့
    အမရွှေစင်

    • မြသွေးနီ says:

      အစ်မရွှေစင်ရေ…
      မနက်က ၅နာရီထိုးကာနီးမှ အိပ်ရတယ်…
      ပို့စ်တင်တော့လည်း ပုံတွေများနေလို့ မတက်မှာ စိတ်ပူရသေးတယ်…
      တော်ပါသေးရဲ့… အစစ အဆင်ပြေလို့….
      အမျိုးသားအရေးပေမို့ ပင်ပမ်းရတယ် မထင်မိပါဘူး အစ်မရေ….။
      ဧရာဝတီကို ချစ်တာကိုး..နော်…။

  23. ရင်နာစရာကြီးပါရှင်….
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါသည်..။

  24. ကိုယ်တိုင် တက်ရောက်ခွင့်မရပေမယ့် စုံစုံလင်လင်လေးဖတ်ရ ကြည့်လိုက်ရလို့ စိတ်ထဲမှာ ကျေနပ်အားရမိပါတယ်။ စေတနာနဲ့ ဖော်ပြပေးတဲ့ မမြသွေးနီကို အထူးကျေးဇူးတင်ပါတယ်နော်…
    စုချစ်

  25. ပြပွဲကို ဓါတ်ပုံတွေကတဆင့် ကြည့်ခွင့်ရလို့ ကျေးဇူးပါဆရာမရေ။ ဧရာဝတီ အမြဲရှင်သန်နေပါစေ။ မြန်မာပြည်သူပြည်သားတွေလဲ ဧရာဝတီနဲ့အတူ ငြိမ်းချမ်းကြပါစေရှင်။

  26. စာဖတ်ရင်း ကြက်သီးတွေလည်း တဖြန်းဖြန်းထမိ စာလည်းဆုံးရော မျက်ရည်တွေလည်း ၀ဲမိတယ်။ ပြောချင်တာတွေက များပြီး ဘာပြောရမယ် မသိတော့ဘူးဗျာ…။ ရင်ထဲဆို့ပြီး ကျန်ခဲ့တယ်………။
    ဧရာဝတီမိခင် ရှေ့ရာဇ၀င် ဆက်လက်စီးဆင်းနိုင်ပါစေဗျာ…။

    ဂျွန်မိုး (အဖြူလေး)

  27. ကိုယ်တိုင်ရောက်ပြီး သွားကြည့်နေရသလို ခံစားမိပါတယ်ရှင် ။

    ကျေးဇူးတင်ပါတယ် မ..ရေ

  28. jasmine says:

    အမမြသွေးနီရေ
    ဧရာဝတီနဲ့ပတ်သက်တဲ့ဓါတ်ပုံ ပန်းချီကားတွေနဲ့ဝေေ၀ဆာဆာ
    ဖော်ပြပေးလို့ကျေးဇူးတင်ပါတယ်…အမဆီကစားစာအရေးအသား အတုယူရပါမယ်
    ဧရာဝတီ သန့်ရှင်းစွာနဲ့ ဆက်လက်စီးဆင်းနိုင်ပါစေ။
    ချစ်တဲ့ jasmine

  29. မနွယ် says:

    တို.များရဲ. ဧရာဝတီ ခြောက်ခန်းမယ်ဆိုရင် တွေးကြည်.ရင်တောင်ရင်နာစကြီးပါ။

ဲမြစ်မင်း ဧရာအမြဲစီးဆင်းနိုင်ပါစေ။

  30. ei ei says:

    Thank you sis .after read your notes really want to cry sis .I already shared at facebook

  31. မမရေ….အခုလိုမျိုး ကြည့်ရှုခွင့်ရအောင် တကူးတကရိုက်ယူလာခဲ့ပြီး ဖော်ပြပေးတာကို ကျေးဇူးအများကြီးတင်ပါတယ်။

    “သတိ”
    အမေကို
    သတ်သူ
    မြေမြိုတတ်တယ်။
    မမေ့ပါနဲ့
    ဧရာဝတီဟာ
    ရှင်တို့…
    ကျွန်မတို့…
    အားလုံးရဲ့ အမေ။

    အမေ့ကိုသတ်ဖို့ ကြိုးစားနေတဲ့သူမှန်သမျှ ရပ်တန်းက ရပ်ပါလို့ တောင်းဆိုလိုက်ပါတယ်။

  32. seesein says:

    ဓါတ်ပုံတွေ ကြည့်ခွင့်ရလို့ ၀မ်းသာပါတယ်
    ဧရာ အရေး အတွက် ရတက်မအေးကြသူ
    အားလုံးထဲမှာ ပါဝင်နေသူတယောက်ပါ

    ခင်မင်တဲ့
    seesein

  33. kay says:

    မမြသွေးနီ .. မညီးရအောင်.. တင်ပြ ထားတဲ့..ဂလာရီ အသေးလေး ကို.. ထပ်ဆင့် ငေးရင်း.. ကျေးဇူးတင် ခင်မင်မိပါကြောင်း နှုတ်ဆက်ပါရစေ..

  34. မြသွေးနီ says:

    လာရောက် စာဖတ်ပေးကြတဲ့ ဧရာဝတီချစ်သူများ အားလုံးကို လေးစားစွာ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင်..။ မြသွေးနီလည်း ဒီနေ့တစ်နေ့လုံး ဘလော့ဂ်တခွင် လှည့်လည်ပြီး စာတွေဖတ်နေမိပါတယ်။ ဧရာဝတီအပေါ်ထားတဲ့ တူညီဆန္ဒတွေကြောင့် စာတွေ ဖတ်နေရင်း အချိန်ကုန်မှန်းတောင် မသိလိုက်ရပါဘူး။ အားလုံးပဲ ဧရာဝတီအတွက် ဆုတောင်းကြစို့လားနော်…။

  35. ပြပွဲအကြောင်းပြည့်ပြည့်စုံစုံသိရလို့ကျေးဇူးတင်ပါတယ်။

    လက်ရာပေါင်းစုံနဲ့ စကားလုံးပေါင်းစုံကို မြင်ရဖတ်ရတာ
    စိတ်လှုပ်ရှားမိပါရဲ့

  36. မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ်၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်ပါစေ …

  37. ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

  38. ဧရာဝတီအကြောင်း ပြည့်ပြည့်စုံစုံလေး သိလိုက်ရတော့
    ပိုလို့တောင်..၀မ်းနည်းလာမိတယ်ဗျာ.

    (ဒုတိယ)

  39. အမရေ
    ပန်ချီကားတွေ၊ဓာတ်ပုံတွေတ၀ကြီးကြည့် သွားပါတယ်..
    ဧရာဝတီ သဘာဝအတိုင်းပဲ လှပါစေလို့ 
    ဆုတောင်းရင်……..ဆက်လက်ကန့် ကွက်ကြပါစို့ 

  40. အမရေ…
    ဓါတ်ပုံတွေ ကြည့်ရတာ အားကျရလိုက်တာ။ အခုလို အပင်ပန်းခံ တင်ပြပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော်လဲ အဲဒီစီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်။

    ခင်မင်လျှက်

  41. kiki says:

    “သတိ”
    “အမေကို
    သတ်သူ
    မြေမြိုတတ်တယ်။
    မမေ့ပါနဲ့
    ဧရာဝတီဟာ
    ရှင်တို့…
    ကျွန်မတို့…
    အားလုံးရဲ့ အမေ။”

    ရင်ဘတ်ထဲထိ စူးစူးနစ်နစ်ဝင်သွားစေပါတယ် မမြသွေးနီ ရေ..
    ပင်းချင်ယောင်ဆောင်ရင်း တကယ်ပင်းသွားကြသူကြီးများ အတွက် ၊ .. ..ပြင်းထန်သောသတိပေးလိုက်ခြင်းပါပဲ..
    အမိဧရာတီ ကမ္ဘာတည်သ၍ ရှင်သန် စီးဆင်းနိုင်ပါစေ။

    ခင်မင်စွာ
    မကိ ။

  42. Angel Shaper says:

    ဖတ်ရတာ… အားရ ဂုဏ်ယူမိပါတယ်။
    ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

  43. blackroze says:

    အမရေ
    စာတွေ ကဗျာတွေဖတ်ပြီး
    မျက်၇ည်တောင်ဝဲမိတယ်အမရေ
    တနိုင်ငံလုံးခံစားချက်ခြင်းထပ်တူကျနေပြီ

  44. SOE MOE KYAW says:

    ဖတ်ရတာ… အားရ ဂုဏ်ယူမိပါတယ်။
    ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
    ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။
    Reply ရင်ဘတ်ထဲထိ စူးစူးနစ်နစ်ဝင်သွားစေပါတယ် မမြသွေးနီ ရေ..
    ပင်းချင်ယောင်ဆောင်ရင်း တကယ်ပင်းသွားကြသူကြီးများ အတွက် ၊ .. ..ပြင်းထန်သောသတိပေးလိုက်ခြင်းပါပဲ..
    အမိဧရာတီ ကမ္ဘာတည်သ၍ ရှင်သန် စီးဆင်းနိုင်ပါစေ။အမရေ…
    ဓါတ်ပုံတွေ ကြည့်ရတာ အားကျရလိုက်တာ။ အခုလို အပင်ပန်းခံ တင်ပြပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ ကျနော်လဲ အဲဒီစီမံကိန်းကို လုံးဝကန့်ကွက်ပါတယ်။

  45. phyo phyo says:

    မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
    ဧရာဝတီ အမြဲ ရှင်သန်ပါစေ။
    အစ်မ ရေ ပြပွဲက ပုံတွေကြည့်ခွင့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ်။

  46. သဒ္ဓါလှိုင်း says:

    မမ..
    ဓါတ်ပုံပြပွဲလေးကို ကိုယ်တိုင်လာပြီး ကြည့်ရသလို ခံစားခဲ့ရတယ်။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအတွက် အားလုံးတူညီ လက်တွဲပြီး ကာကွယ်မယ်ဆိုရင် ကယ်တင်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။
    ချစ်တဲ့
    ညီမသဒ္ဓါ

  47. အမေ့ကိုသတ်သူ မြေမြိုပါစေ…
    မြစ်ဆုံရေကာတာစီမံကိန်းအား အပြတ်အသတ်ကန့်ကွက်ပါတယ်…
    ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

  48. ညီရဲ says:

    တဆိတ်ငြိမ်ပေးကြပါ။ ဆိတ်ငြိမ်ပေးကြပါ။ ဆိတ်ငြိမ်ပေးကြပါ။
    ခင်ဗျားနားလည်သည်ဖြစ်စေ၊
    နားမလည်သည်ဖြစ်စေ မြစ်မင်းရဲ့ စကားသံကို
    နားထောင်ကြည့်ပါ

    ဒီကဗျာ စာသားလေး ကြိုက်တယ် အစ်မ… ဟုတ်တယ် ဧရာဝတီ အကြောင်းသိသည် ဖြစ်စေ မသိသည် ဖြစ်စေ သတင်းစကားတွေကို နားထောင်ကြည့်သင့်တယ်။ ဒီပုံ ဒီစာတွေ ကဗျာတွေ ကြည့်ရုံနဲ့ တင် ဧရာဝတီကို ချစ်မြတ်နိုးသင့်တယ်။ ဒီမြင်ကွင်းတွေ နောက်ရှိမှ ရှိပါတော့မလားဆိုတဲ့ အသိနဲ့ ပေါ့။ တကယ်လဲ စိုရိမ်မိပါတယ်။ ဧရာဝတီဘေးမှာနေ မြစ်ရေသောက်ကြီးပြင်းခဲ့တဲ့ သူအတွက်တော့ သူဟာ ကျွေးအမေ တစ်စင်းပါပဲ…
    ဒါကြောင့်လဲ ကန့် ကွက်နေရတာပါ…

  49. မမြသွေးနီရေ.. မသွားနိုင်တဲ့ လူတွေအတွက် Gallery 65 က ပုံတွေ၊ ကဗျာတွေကို (မနက် ၅ နာရီအထိ) အိပ်ပျက် ခံပြီး အခုလို ပြန်မျှဝေတာ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ..၊ သိချင်,ကြည့်ချင် နေတဲ့ အချိန်မှာ တွေ့လိုက်ရလို့လည်း ဝမ်းသာမိပါတယ်၊ တသဘောတည်း ရှိတဲ့ ရင်ထဲကနေ နောက်ထပ်တစ်သံ ထပ်တိုးခဲ့ပါတယ်၊ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ဆန့်ကျင် ကန့်ကွက်ပါတယ်..။

  50. ၀ါဝါ says:

    မသိသေးတာတွေ ပိုပြီး သိလာရပါတယ်။ ပြည်သူ့ တစ်ယောက်အနေနဲ့ ခံစားချက်ကို ပြောရရင်တော့ ရေကာတာ မဆောက်တာ အကောင်းဆုံးပါဘဲ။

    ဧရာဝတီ မြစ်ဝမှာ ရေကာတာဆောက်မှာကို လာရောက် ကန့် ကွက်သွားပါတယ်။

  51. သိဂီၤ says:

    ဆရာမေရ……….
    ဓာတ်ပုံတွေဝေဆာစွာနဲ့ ရေးသားထားလို့ အရမ်းကိုကျေးဇူးတင်ပါတယ်….
    ဖတ်ရင်းနဲ့ ၀မ်းနည်းမိတယ်..ဒီကဗျာလေးက ရင်ကိုထိချက်ပြင်းလွန်းပါတယ်……

    “သတိ”

    အမေကို
    သတ်သူ
    မြေမြိုတတ်တယ်။
    မမေ့ပါနဲ့
    ဧရာဝတီဟာ
    ရှင်တို့…
    ကျွန်မတို့…
    အားလုံးရဲ့ အမေ။
    “ဧရာဝတီ မြစ်ရေတွေ ထာဝရ စီးဆင်းပါစေ”

  52. မမရေ..ဧရာဝတီ ကမ္ဘာတည်သရွေ့ထာဝရတည်ရှိနေပါစေလို့ပဲ ဆုတောင်း ပြုမိပါတော့တယ် ။ ဘာမှ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရတော့တယ်။

  53. မရောက်နိုင်တဲ့သူတွေအတွက် ပုံတွေ၊ ကဗျာတွေ တင်ပေးလို့ ကျေးဇူးပါ အစ်မမြသွေးနီ။
    အမေကို သတ်တာမှ လည်မျိုဖောက်သတ်နေတာပါ။
    မြစ်ဆုံဆည် ဗျူဟာစီမံကိန်းကို အပြင်းအထန် ကန့်ကွက်ပါတယ်။

  54. ဒီပြပွဲလေးကို
    မမနဲ့အတူ လိုက်ပြီး ကြည့်ခွင့်ရသလိုပါပဲ….
    မိုင်ပေါင်းများစွာ ဝေးနေပေမယ့်
    မမရဲ့ ကျေးဇူးကြောင့် မမနဲ့ ထပ်တူခံစားပြီး ကြည့်ခွင့်ရလိုက်ပါတယ်…
    ပြည်တွင်းကနေ အားကြိုးမာန်တက် ကြိုးစားနေတဲ့ မမတို့ကို အားကျတယ်….
    အဝေးကြီးကနေ ဘာမှ မလုပ်ပေးနိုင်လို့လဲ ဝမ်းနည်းရတယ်….

    ညီမ
    နှင်း

  55. မမမြသွေးရေ…
    အရှုပ်တွေလုပ်နေရလို့ နောက်ကျမှာရောက်လာပါတယ်။ ဓါတ်ပုံတွေအများကြီးကြည့်လိုက်ရလို့ ကျေးဇူးလည်းတင်၊ ဝမ်းသာပီတိလည်း ဖြစ်ရပါတယ်။ ဧရာဝတီထာဝရ စီးဆင်နေစေဖို့ ထပ်ဆင့်ဆုတောင်းခဲ့ပါတယ်။
    ဧရာဝတီ ကျန်းမာပါစေ။
    ဧရာဝတီ ချမ်းသာပါစေ။
    ဧရာဝတီ ဘေးရန်ခပ်သိမ်းကင်းငြိမ်းပါစေ။

    ချစ်တဲ့…

  56. ဟူးးးးးးးးးးးးးဖတ်ရတာရင်နာလိုက်တာ ..
    ကန့်ကွက်တယ် အသွေးအသားထဲကနေ နှလုံးသားထဲကနေ နာကျင်စွာကန့်ကွက်တယ်

    မဒိုးကန်

  57. ထီးကြည်နုအောင် says:

    တို့ချစ်တဲ့ ” ဧရာဝတီ ” အမြဲထာဝရ စီးဆင်းနိုင်ပါစေ…………

    ခင်မင်ခြင်းများစွာဖြင့်……….

  58. Rocker77 says:

    အမရေ
    အားပေးသွားပါတယ်။
    ဧရာဝတီ ငြိမ်းချမ်းပါစေလို့လည်း ဆုတောင်းနေမိပါရဲ့………..

  59. ဘေဘီ says:

    မြစ်ဆုံ ရေကာတာစီမံကိန်းကို ကန့်ကွက်ပါတယ်။
    ဧရာဝတီ အဓွန့်ရှည်ပါစေ။

  60. Harry Lwin says:

    ကျနော်တို့အားလုံး တတ်စွမ်းသမျှ ဧရာဝတီကို ဝိုင်းဝန်းကာကွယ်ကြပါမယ် …. ကျနော် ကဗျာချစ်သူ ကနေ အားလုံးဝိုင်းရေးထားတဲ့ ဧရာဝတီအတွက် ကဗျာ Ebook လေးတခု လုပ်နေပါတယ် … ပြီးရင် ပေးပါ့မယ် … တတ်နိုင်သလောက် ဖြန့်ဝေပေးပါ မမြသွေး …

  61. သိပ်တာဝန်ကျေတဲ့အစ်မမြသွေးပဲ။ တစ်တပ်တစ်အား ၀ိုင်းဝန်းကူညီလက်တွဲ ပြီး ကိုယ့်ရဲ့ အသက်သွေး ကြောကို ကယ်တင်ကြပါစို့ ဗျာ။

  62. တရုတ်နိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ ယန်စီမြစ်နဲ့မြစ်ဝါမြစ်တို့မှာ ဖြစ်ပေါ်ခံစားနေရတဲ့ အနေအထားတွေကိုထောက်ပြီး တရုတ်က ကုမ္ပဏီအနေနဲ့လည်း ကိုယ်ချင်းစာပါ။ ပြည်တွင်းကကုမ္ပဏီ အနေနဲ့လည်း ကိုယ်ချင်းစာပါ။ ကိုယ်ကျိုးပဲမကြည့်ကြပါနဲ့။ ဧရာဝတီမြစ်ဟာ တကယ်တော့ သဘာဝ သယံဇာတများစွာကို ဖန်တီးပေးနေတဲ့ မိခင်မြစ်ကြီးပါ။

    ဆရာ ဦးထွန်းလွင်(မိုး/ဇလ)ပြောသလိုပေါ့…။

    ဆရာ. အမေက ဆုံမဖူးပါတယ်တဲ့ “အိမ်ဘေးနားက ကလေးတွေ အရိုက်ခံနေရတာမြင်ရင်

    ကိုယ့်အိမ်က ကလေးတွေ လိမ်မာရပါလိမ့်မယ်”တဲ့

    အရမ်းကောင်းတဲ့စာသားလေးနဲ့ အယူ အဆလေးပါ။

    ဧရာဝတီ မြစ်ဆုံမှာ ရေကာတာ တည်ဆောက်မယ့် မြစ်ဆုံ စီမံကိန်းကို
    ကျွန်တော်လုံးဝ ကန့်ကွက်ပါတယ်…။အားလုံးကလည်းကန့်ကွက်ဖို့ လိုအပ်ပါတယ်။

    အစ်မရေ ဒါလေးက ကျွန်တော်ဖတ်ထားတဲ့ပို့စ်နဲ့ နားထောင်ထားတဲ့စာပေဟောပြောပွဲတွေထဲက
    ကြိုက်တာလေးတွေကို စုပြီး ဧရာဝတီကိုကာကွယ်မယ့် ပို့စ်တွေ စာတွေ ကဗျာတွေမှာ ကျွန်တော်
    ပေးနေတဲ့ကော်မန့်လေးပါ..။
    လေးစားပါတယ်ဗျာ…။ကျွန်တော်လည်း ဒီ့ထက်ပိုလုပ်နိုင်အောင် အနုပညာနဲ့ ကြိုးစားပါဦးမယ်..။
    ကျေးဇူးတင်ပါတယ် အစ်မရေ..။

  63. လေးစားပါတယ် ခင်ဗျား …
    အားလုံးရဲ့ သစ္စာတရားကို မြင်တွေ့ခဲ့ရတာပါ …
    အမြဲအမှတ်ရနေပါ့မယ် …

Leave a Reply

Your email address will not be published. Required fields are marked *