သက်ဝင်မဂ္ဂဇင်း၏ (၉)နှစ်မြောက်ပွဲ (အပိုင်း၁)

Number of View: 13958

“သက်ဝင်မဂ္ဂဇင်း၏ (၉)နှစ်မြောက်ပွဲ ဖန်တီးသူများနှင့်ပါဝင်တင်ဆက်သူများ”

ဖူးငုံမဂ္ဂဇင်း – teen Magazin ၏ (၉)နှစ်မြောက်ပွဲကို ၂၅.၉.၂၀၁၁ – တနင်္ဂနွေနေ့က “တော်ဝင်နှင်းဆီ” မှာ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ ပါတယ်။ အောင်မြင်စွာဆိုတဲ့ စကားလုံးကို သုံးရတာဟာ တခြားကြောင့် မဟုတ်ပဲ နှစ်ပတ်လည်နေ့တွေမှာ သူသူငါငါ ကျင်းပနေကျ လမ်းရိုးက တစ်မူခွဲထွက်ပြီး စာပေအနုပညာကို  အသွင်တစ်မျိုးနဲ့ တင်ဆက်ခဲ့ရာမှာ ခန်းမတစ်ခုလုံး အပြည့်အလျှံ အားပေးမှု ရရှိခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။

Literary Performance – ဆိုတဲ့ တက်ရောက်လာသူများ ကိုယ်တိုင် မဂ္ဂဇင်းတစ်အုပ်လုံးကို တစ်ခန်းချင်း၊ တစ်ခန်းချင်း ဖတ်နေရသလိုမျိုး ရသ၊ ဒီထက်ပိုထူးတာက တက်ရောက်လာတဲ့ ပရိသတ်များထဲမှ မည်သူမဆို မိမိရင်ထဲက အုံကြွတက်လာတဲ့ စကားလုံးများကို နှစ်သက်သလို ပုံစံဖြင့် ဖွင့်အံထုတ်ကာ တင်ဆက်ပေးနိုင်တဲ့ အခွင့်အရေးမျိုးကိုပါ ပေးထားတဲ့ ရသ၊ ဒီရသနှစ်မျိုးလုံးက တင်ဆက်သူများအတွက်ရော၊ တက်ရောက်လာ သူများအတွက်ပါ ထူးခြားတဲ့ စွဲဆောင်မှုတစ်ခု ဖြစ်စေခဲ့ပါတယ်။

ဒီပွဲလေးအတွက် teen မှ အယ်ဒီတာအဖွဲ့ဝင်များ၊ teen ၀ိုင်းတော်သားများ အားလုံး ပွဲမတိုင်မှီ သုံးပတ်လောက်ထဲက တက်တက်ကြွကြွ ကြိုတင်   ပြင်ဆင်ခဲ့ကြပါတယ်။ ထူးခြားတဲ့ အစီအစဉ်လေးကြောင့် ပါဝင်တင်ဆက်မယ့် teen ၀ိုင်းတော်သားတွေသာမက ပရိသတ်များပါ စိတ်ဝင်တစားနဲ့ ဒီပွဲကို ဆင်နွှဲဖို့ အားခဲထားခဲ့ကြပါတယ်။ teen အဖွဲ့သားများကတော့ ပွဲနေ့မတိုင်မီ တစ်ရက် ကြိုတင် ရီဟာဇယ် လုပ်ထားပေမယ့် စင်ပေါ်မှာ တင်ဆက်ရမယ့် အစီအစဉ်အတွက် စိတ်တွေကတော့ လှုပ်ရှားနေမိကြပါတယ်။ ကျွန်မကလည်း အဲ့ဒီနေ့အစီအစဉ်မှာ ညီမငယ် ဘလော့ဂါ မြလေးသျှင်နဲ့အတူ Blog Digest ကဏ္ဍကို တင်ဆက်ဖို့ တာဝန်ယူထားပါတယ်။

———@@@———-

အဲ့ဒီနေ့က အစီအစဉ်မစခင် နာရီဝက်စောပြီး ကျွန်မရောက်သွားချိန်မှာ ခန်းမထဲမှာ လူတွေတဖွဲဖွဲနဲ့ စည်ကားလို့တောင်နေပါပြီ။ အ၀င်အ၀ ဧည့်မှတ်တမ်းလေးမှာ လက်မှတ်ရေးထိုးပြီး အခန်းထဲ ရောက်ချိန်မှာတော့ ကျွန်မစိတ်ထဲ အတော်ကို လှုပ်ရှားလို့ နေပါပြီ။

၉နှစ်ပြည့် အနက်ရောင်တူညီ ၀တ်စုံများနဲ့ teen အဖွဲ့သားများက ခန်းမထဲမှာ မည်းမည်းလှုပ်နေပါပြီ။

“ ကဗျာဆရာမ လွန်းဆက်ခိုင်မာ နှင့် ကဗျာဆရာ လွန်းဆက်နိုးမြတ်တို့ ဇနီးမောင်နှံ ”

“ ကာတွန်းဇော်မောင်လည်း တက်ရောက်ခဲ့သည် ”

အောက်တိုဘာလထုတ် teen Magazine   ကောင်တာ မှာ စိတ်ဝင်စားစွာနဲ့ အားပေးနေကြတဲ့ ပရိသတ်များနဲ့ အုံနေတာ   တွေ့ရပါတယ်။

မာမီးခေါက်ဆွဲ ကလည်း အသင့်စား ခေါက်ဆွဲဘူးလေးများနဲ့ ပရိသတ်ကို ဧည့်ခံနေသလို၊ Rich Café ကလည်း ကော်ဖီပူပူလေးများနဲ့ ပံ့ပိုးပေးနေ တာကို တွေ့ရပါတယ်။ Teen အဖွဲ့ဝင်များကလည်း ဧည့်သည်များကို ပျားပန်းခတ်မျှ ကြိုဆိုနှုတ်ဆက် ဧည့်ခံလို့။

ဆရာမ မသီတာ(စမ်းချောင်း)ကို ရောက်ရှိကြောင်း သတင်းပို့ရင်း တစ်နေ့ တစ်ခြား အလကားနေ ၀ိတ်တက်နေတဲ့ ခန္ဓာကိုယ်နဲ့ ယူထားတဲ့ ၀တ်စုံဆိုက်လေး သေးနေလို့ မ၀တ်လာဖြစ်တာကို မျက်နှာချိုသွေးရင်း   ပြောပြမိပါတယ်။

ရွှေအမြုတေမဂ္ဂဇင်း၊ ဖုးငုံ teen Magazine၊ အလင်းတန်းဂျာနယ်တို့ရဲ့ ပဲ့ကိုင်ရှင် ညီအစ်ကို သုံးယောက်လည်း ရောက်လို့ နေပါပြီ။

“ ဆရာမျိုးမြင့်ညိမ်း၊ ဆရာ ဆန်နီညိမ်း၊ ဆရာ ၀င်းငြိမ်း ”

ပရိသတ်ထဲ ကြည့်လိုက်တော့ ရွှေအမြုတေမှ စာရေးဆရာများ လို့တောင် ပြောလို့ရတဲ့  ဆရာမ စုမီအောင်၊ ဆရာသစ်ခက်အိမ်၊ ဆရာမ ဝေ (စီးပွားရေးတက္ကသိုလ်)၊ ဆရာမ အဖြူရောင် (ရွှေ)၊ ဆရာမင်းဝေဟင်၊ ဆရာမခင်သန္တာနဲ့ အခြား ကျွန်မ နာမည်နဲ့လူ မတွဲမိသူ  ရွှေမှ စာရေးဆရာ အတော်များများလည်း တက်ရောက်လာခဲ့တာ တွေ့ရပါတယ်။ ဆရာမ   ချောအိမာန်(မန္တလေး) ကိုတော့ ပွဲစနေချိန်မှ ရောက်နေတာ သိလိုက်ရပါ တယ်။

“ ရွှေအမြုတေမဂ္ဂဇင်းမှ စာရေးဆရာများ ”

ဒီနေ့ တင်ဆက်မယ့် အစီအစဉ်လေးကို ဆရာမ မသီတာ (စမ်းချောင်း) ဟားဗတ်(စ)တက္ကသိုလ် တက်ရာက်စဉ် ဆရာမကိုယ်တိုင် ပါဝင်ဆင်နွှဲခဲ့ဘူးတဲ့ Jane Unrue ရဲ့အစီစဉ်လေးကို ကျောရိုးယူပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။

“ မြသွေးနီ နှင့် ဝေ (စီးပွားရေးတက္ကသိုလ်) ”

ကဏ္ဍ ၁၅ခုမှာ ပါဝင်တင်ဆက်မယ့် အနုပညာရှင်များ၊ စာရေးဆရာများ အားလုံးကို နေရာသီးသန့် မထိုင်စေပဲ ပရိသတ်နှင့်အတူ တစ်လိုင်းစီရဲ့   ထောင့်အစွန်နေရာတိုင်းမှာ တစ်ယောက်စီ နေရာယူစေပါတယ်။ အစီအစဉ် တစ်ခု စတင်လို့ တင်ဆက်မယ့်သူ ကြေညာတာနဲ့ တင်ဆက်မယ့်သူများ အားလုံး ဂါရ၀ထားတဲ့ အနေနဲ့ မတ်တပ်ရပ်ပေးကြပါတယ်။

“ မြသွေးနီ ၊ မြလေးသျှင်၊ လင်းသိုက်ညွန့်(မြန်မာ့မြေ) ”

တင်ဆက်မယ့်သူ စင်မြင့်ထက်ရောက်ရင်တော့ ခုနလပ်သွားတဲ့ နေရာကို ဒုတိယတင်ဆက်မယ့် သူက ၀င်နေရာယူပေးရပြန်ပါတယ်။ ဒီလိုနဲ့ ၀င်ရိုးလေး လည်နေသလို တင်ဆက်မယ့် ကျွန်မတို့ဟာ အစီအစဉ်အတိုင်း အနောက်မှ အရှေ့သို့ တဖြည်းဖြည်း နေရာယူ ထိုင်ကြရပါတယ်။

“ ချစ်သုဝေလည်း မိခင်အတူ တင်ဆက်ရန် နေရာယူစဉ် ”

အခမ်းအနားတွေမှာ မရှိမဖြစ် ထားတတ်တဲ့ အခမ်းအနားမှူးကို ကျွန်မတို့ရဲ့ အစီအစဉ်မှာတော့ မထားထားပါဘူး။ အခမ်းအနားပုံစံမဟုတ်ပဲ စာအုပ် တစ်အုပ် ဖတ်နေသလို ရသမျိုး ပေးမှာဖြစ်တဲ့အတွက် စာအုပ်တစ်အုပ်ရဲ့ အဖွင့်မှာ မပါမဖြစ်ပါရတဲ့ “ မာတိကာ ” ကို ဖတ်ပြတဲ့ ပုံစံနဲ့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

“ မသန်ပေမယ့် စွမ်းသူများ ”

“ မာတိကာ” ဟာ တင်ဆက်မယ့် အနုပညာရှင်၊ စာရေးဆရာများ၊ အင်တာဗျူဝါများရဲ့ စာပေခရီးအကျဉ်းကို တင်ဆက်နေတဲ့ ကဏ္ဍတိုင်းမှာ ပရိသတ်ကို ဖတ်ပြပေးပါတယ်။

“ မြလေးသျှင်၊ မြသွေးနီ၊ လင်းစက်နွယ်၊ ညီမင်းညို ”

“ မာတိကာ ” ကို ဖတ်ပေးသူ က  ကဗျာများ၊ ၀တ္တုတိုများ အရေးကောင်းသူ စာရေးဆရာ ညီမင်းညိုရယ်ပါ။ မာတိကာအဖြစ် ပရိသတ်ကို ထိမ်းကာ အောင်မြင်စွာ တင်ဆက်သွားနိုင်တာကို တွေ့ရပါတယ်ရှင်။ ( ဒီပွဲအပြီးမှာတော့ ဆရာမာတိကာရယ်လို့   သေချာပေါက် နာမည်ကြီး သွားခဲ့ပါပြီ။ )

ပရိသတ်စုံချိန် နေ့လည် တစ်နာရီခွဲခန့်မှာတော့ Literary Performance လို့ အမည်ပေးထားတဲ့ Living Magazine ရဲ့ အစီအစဉ်ကို စတင်ပါတော့တယ်။ ဂီတမိတ်အဖွဲ့ကနေပြီး Teen မဂ္ဂဇင်းမှာပါဝင်တဲ့ ကဏ္ဍတစ်ခုစီရဲ့   ခေါင်းစဉ် များနဲ့ သီကုံးထားတဲ့ တူရိယာမဲ့ သီဆိုခြင်းနဲ့ စတင် ဖွင့်လှစ်ခဲ့ပါတယ်။

“ ဂီတမိတ်ရဲ့  အကာပလာ တင်ဆက်မှု ”

အဲ့ဒီနောက် “မာတိကာ” အဖြစ် ဆောင်ရွက်မယ့် ဆရာညီမင်းညိုက “ ကျွန်တော်ဟာ မာတိကာပါ ” ဆိုပြီး တက်ရောက်လာသူများကို ဒီနေ့ တင်ဆက်မယ့် အစီအစဉ်များနဲ့ မိတ်ဆက်ပေးပါတယ်။ ၁၀မိနစ်စာ ကဏ္ဍတစ်ခုစီ တင်ဆက်ပြီးချိန်တိုင်းမှာ  တက်ရောက်လာသူ ပရိသတ်များ ကိုယ်တိုင် ပူးပေါင်းပါဝင်မယ့် အစီအစဉ်အတွက် ၅မိနစ်စီ အချိန်ပေးပါတယ်။ အဲ့ဒီ ၅မိနစ်ဟာ ပရိသတ်များရဲ့ ကိုယ်ပိုင်အချိန်ပါပဲ ဆိုတာကို ရှင်းပြပေးပါတယ်။

“ မာတိကာ ဆရာညီမင်းညို ”

ဆရာမ မသီတာ(စမ်းချောင်း)ရဲ့ ကိုယ်ရေးအကျဉ်းကို မာတိကာ ဖြစ်သူ ဆရာ ညီမင်းညိုက ဖတ်ပြအပြီးမှာ  ဆရာမ မသီတာ(စမ်းချောင်း)က teen မဂ္ဂဇင်းရဲ့ ပထမစာမျက်နှာဖြစ်တဲ့၊ ကိုယ်တိုင်ပုံဖော်ရေးနေတဲ့ “ Message to Teen ” ကို အချက်အလက်များနဲ့   ပြောပြပေးသွားပါတယ်။

“ ဆရာမ မသီတာ (စမ်းချောင်း) ”

အဓိက ခြုံပြောပြရင်တော့ “ လူငယ်တွေဟာ လူကြီးတွေရဲ့ ဆုံးမ သွန်သင်မှုတွေ၊ လမ်းညွှန်မှုတွေနဲ့ ကြီးပြင်းလာကြတာ မှန်ပေမယ့် အချို့သော လူကြီးတွေ ကိုယ်တိုင်က လူငယ်တွေအတွက်   နေရာမပေးနိုင်ပဲ၊ လူငယ်တွေရဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသဖို့ ခွင့်အရေး မပေးတာကို တွေ့နေရတယ်။ လူငယ်တွေအတွက်   နေရာတစ်ခု ဆိုတာ ရှိကိုရှိနေရမယ်။ ဒါကိုလည်း လူကြီးတွေက ဖန်တီးပေးရမယ်။ ဒါမှ လူငယ်တွေဟာ သူတို့ရဲ့ ပင်ကိုယ် အစွမ်းအစတွေကို ထုတ်ဖော်ခွင့်ရလာမယ်။ Teen မဂ္ဂဇင်းဟာ မည်သည့် လူငယ်များရဲ့ လတ်ဆတ်တဲ့ လက်ရာများကိုမဆို လက်စွမ်းပြခွင့်ရအောင် ကဏ္ဍမျိုးစုံ ဖွင့်လှစ်ပေးထားတဲ့၊ အကျိုးအမြတ်လုံးဝ   ရှေ့ရှုမထားတဲ့ လူငယ် ဆယ်ကျော်သက်များအတွက် သာမက   နှစ်ဆယ်ကျော်သက်၊ သုံးဆယ်ကျော်သက်များအတွက်ပါ ရည်ရွယ်ထားတဲ့ စာပေ မဂ္ဂဇင်းစစ်စစ် တစ်အုပ်ဖြစ်တယ်။ ဒီနေ့ အစီအစဉ်တိုင်းမှာ ပူးပေါင်းပါဝင်မယ့် ပရိသတ်အတွက် ၅မိနစ်အချိန်လေးဟာ လူငယ်များရဲ့ ရင်ဘတ်ထဲက အသံ စစ်စစ်တွေကို နားထောင်ပေးချင်လို့ လုပ်တာဖြစ်တယ်” လို့ ပြောသွားပါတယ်။ ( ဖော်ပြချက်သည် ၏ သည် မရွေ့ မဟုတ်ပဲ၊ ကျွန်မ မှတ်မိသလောက် အနီးစပ်ဆုံး   ပြန်တင်ပြတာပါ။ ကိုယ်တိုင်ပါဝင်နေရသူမို့ အချက်အလက်   မှန်သမျှ ခေါင်းနဲ့သာ မှတ်ထားရတာမို့ တစ်စုံတစ်ရာ မှားယွင်းပါက ကျွန်မ အားနည်းချက်မို့ ကြိုတင် တောင်းပန်ထားပါရစေရှင်။)

ဆရာမ မသီတာ(စမ်းချောင်း)ရဲ့  “ Message to Teen ” အပြီးမှာတော့ လက်ခုပ်သံတွေ ညံသွားပါတယ်။ အဲ့ဒီနောက် ပရိသတ်ထဲမှ ဆရာရန်ငြိမ်းသူ (တန့်ဆည်)က ပွဲဦးထွက် ပါဝင် ဆွေးနွေးပါတယ်။

“ ဆရာရန်ငြိမ်းသူ (တန့်ဆည်) ”

မဂ္ဂဇင်းရဲ့ ပထမစာမျက်နှာ အယ်ဒီတာ့အမှာစကား အပြီးမှာတော့ အစီအစဉ်(၂)ကို ဆက်လက် စီးမျောဖို့ မာတိကာဖြစ်သူ ဆရာညီမင်းညိုက “ Cover Story ” ကို ပါဝင် အကောင်အထည်ဖော် တင်ဆက်မယ့် သရုပ်ဆောင် ချစ်သုဝေနဲ့ ဓာတ်ပုံ အောင်ကျော်မိုး (New Image) တို့ရဲ့ အနုပညာလှုပ်ရှားမှု အကျဉ်းကို ဖတ်ပေးပါတယ်။ အဲ့ဒီနောက် Stage ပေါ်မှာ မဂ္ဂဇင်းကာဗာအတွက် ဓာတ်ပုံရိုက်ကြပါတယ်။

“ Cover Story သရုပ်ဖော်စဉ် ”

ချစ်သုဝေဟာ teen Magazineရဲ့ မျက်နှာဖုံးရှင်အဖြစ်  ၂၀၀၃ ခုနှစ် ဧပြီလထုတ်မှာ ပါဝင်ခဲ့သူဖြစ်ပြီး မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခဲ့စဉ်က သူမဟာ အဆိုတော်တောင် မဖြစ်သေးခဲ့ပါဘူး။ အခုအချိန်မှာတော့   အောင်မြင် ထင်ရှားတဲ့ အနုပညာရှင် တစ်ယောက်ဖြစ်နေပါပြီ။

“ ဓာတ်ပုံအောင်ကျော်မိုး(New Image) နှင့် ချစ်သုဝေ ”

ပရိုဂျက်တာပေါ်က လှပတဲ့ သူမရဲ့ ပုံရိပ်တွေနဲ့အတူ teen မဂ္ဂဇင်းရဲ့ ပထမဆုံးစာအုပ်လေးမှာ ကာဗာအဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ အကြောင်းကို သူမရဲ့ ရှတတ နောက်ခံအသံလေးနဲ့အတူ တင်ဆက်ခဲ့ရာမှာ တက်ရောက်လာသူများ   နှစ်သက်ခဲ့ကြပါတယ်။

ပရိသတ်အတွက် တစ်လှည့်ပေးတဲ့ ၅မိနစ်အချိန်မှာတော့ ပရိသတ်ထဲမှာ   ရောက်ရှိနေတဲ့ teen Magazineမှ ဆရာမနန်းကြာဖြူက ပါဝင်   ဆွေးနွေးပါတယ်။

“ ဆရာမနန်းကြာဖြူ ”

အဲ့ဒီနောက် ပရိသတ်အတွက် ကျန်တဲ့ မိနစ်မှာ စာရေးဆရာရဲသျှမ်းက ကဗျာတစ်ပုဒ် ရွတ်ဆို ပါဝင်ခဲ့ပါတယ်။

“ ဆရာ ရဲသျှမ်း “

အဲ့ဒီနောက် ဆရာမာတိကာမှ စာရေးဆရာ မြေမှုန်လွင်ရဲ့ စာပေသမိုင်းအကျဉ်း ကို ဖတ်ပြပြီးနောက် “ စာရေးဆရာ မြေမှုန်လွင်၊ သားစိုး၊ ဒေးဗစ်ဘေတာ ” တို့က ဆရာမြေမှုန်လွင်ရဲ့ “ သာရေး၊ နာရေး ” ကဗျာကို အသံဖိုင်ဖြင့် ဖွင့်ပြတင်ဆက်ပြီး ဖတ်ပြရာ ပရိသတ် အကြိုက်တွေ့ပြီး လက်ခုပ်သြဘာသံများ ညံသွားရပြန်ပါတယ်။ ဆရာမြေမှုန်လွင်ဟာ နိုင်ငံကျော် အဆိုတော်သားစိုးရဲ့ ညီဖြစ်ပါတယ်။ ပရိသတ်ထဲ အသာလေး ပုန်းနေတဲ့ ဆရာမြေမှုန်လွင်ကို  စာဖတ်သူများ မြင်ဘူးအောင်ဖော်ပြလိုက်ပါတယ်။

“ မြေမှုန်လွင်နှင့် ဆရာ မင်းလူ ”

နောက်ခံ အသံပြုလုပ်ချက်၊ ကဗျာဖတ်သူရဲ့ အသံအနေအထား၊ ပရိုဂျက်တာမှာ တင်ပြတဲ့ နောက်ခံပုံများ.. အားလုံး ဟန်ချက်ညီညီ   ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ အသက်ဝင်လာတဲ့ ကဗျာတစ်ပုဒ်ကို ကျွန်မတို့ အားလုံး ထိတွေ့ခွင့် ရလိုက်ပါတယ်။

“ အဆိုတော်သားစိုးနှင့် ဇနီး ”

၅မိနစ်ဆိုတဲ့ ပရိသတ်များရဲ့အချိန် ပြန်ရောက်လာပြီလို့ ဆရာမာတိကာက ကြေညာပေးပြန်တော့ ပါဝင်တင်ဆက်ချင်သူတွေရဲ့ တပြိုင်နက် လက်ညိုးလေးတွေ ထောင်လာတာ တွေ့လိုက်ရတာမို့ တက်ရောက်လာသူ ပရိသတ်နဲ့ Living Magazine တစ်သားဖြစ်သွားပြီဆိုတာ တက်ရောက်လာသူများရော၊ တင်ဆက်သူများ ကိုယ်တိုင်ရောပါ အသိအမှတ်   ပြုလိုက်ရပါပြီင်္။ ပရိသတ်ထဲမှ လူငယ်တစ်ယောက်က ကဗျာရွတ်ဆိုပါတယ်။

နောက်ထပ်စာမျက်နှာတစ်ခုဖြစ်တဲ့ “ အုတ်တစ်ချပ်သဲတစ်ပွင့် ” နှင့် “ သန်သူနှင့် စွမ်းသူ ” ကဏ္ဍများကို တင်ဆက်မယ့် “ခင်ဆုမြတ်ထွန်း၊ သင်းပပ” တို့ရဲ့ စာပေပရိုဖိုင်းကို မာတိကာဖြစ်တဲ့ ဆရာညီမင်းညိုက ဖတ်ပြပေးပါတယ်။ အဲ့ဒီနောက် teen မဂ္ဂဇင်း၊ “ သန်သူနှင့်စွမ်းသူ ” ကဏ္ဍမှာ ဖော်ပြပေးခဲ့ဘူးတဲ့ ပရိသတ်ထဲမှ မသန်ပေမယ့် စွမ်းသူ “ မမေဇင်အောင်” ကို စင်ပေါ်ဖိတ်ခေါ်ပြီး အင်တာဗျူးအစီအစဉ်လေး လုပ်ပါတယ်။

“ ခင်ဆုမြတ်ထွန်း၊ မေဇင်အောင်၊သင်းပပ၊ ကိုစိုင်းနောင် ”

“ မမေဇင်အောင်”ဟာ လက်ရှိ ရွှေမင်းသား အကျိုးဆောင် လုပ်ငန်းမှာ ကွန်ပြူတာအော်ပရေတာ တာဝန်ကို ထမ်းဆောင်နေသူ၊ ဘ၀ကို အလျှော့မပေးတဲ့ မသန်ပေမယ့် စွမ်းသူတစ်ဦးဖြစ်ပါတယ်။ အဲ့ဒီနောက် မိုင်စုဗူးအွန်လိုင်းပရဟိတအဖွဲ့မှ ကိုစိုင်းနောင်ကို  “ အုတ်တစ်ချပ် သဲတစ်ပွင့် ” ကဏ္ဍအတွက် အမေးအဖြေများ လုပ်ကြပါတယ်။ ဒီအစီ အစဉ်လေးမှာလည်း ပရိသတ်များရဲ့ လက်ခုပ်သံတွေ အများကြီး ရခဲ့ပါတယ်။

“ မမေဇင်အောင် နှင့် ကိုစိုင်းနောင် ”

အဲ့ဒီနောက် မာတိကာ ဆရာညီမင်းညိုက ဆရာမစပယ်ဖြူနု၊ ဆရာမ လင်းစက်နွယ်၊ ဆရာမ မြရည်ဝင်းတို့ရဲ့ စာပေပရိုဖိုင်းကို ပရိသတ်အား အသိပေးပါတယ်။

“ လင်းစက်နွယ် နှင့်  မြရည်ဝင်း ”

အဲ့ဒီနောက် လင်းစက်နွယ်က ညီမဖြစ်သူ မြရည်ဝင်းနဲ့အတူ စပယ်ဖြူနုရဲ့ “ လွမ်းတမှုန်ရီ ” ၀တ္တုတိုလေးကို ဇာတ်ကောင်နေရာက ခံစားပျော်ဝင် ဖတ်ပြပေးသွားပါတယ်။ မြန်မာပြည်မှာ နေခဲ့ဘူးတဲ့ ဂျပန်အဖွားအို တစ်ယောက်နဲ့ ဂျပန်ပြည်မှာ တွေ့ရင်း သံယောဇဉ် တွယ်မိကြတဲ့ မြန်မာမလေးနဲ့ ဂျပန်အဖွားအို၊ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက စစ်ဆိုတာ မကောင်းဘူး၊ စစ်ပွဲတစ်ပွဲအတွက် ရင်းနှီးစတေးလိုက်ရတာဟာ လူသားတွေရဲ့  အသက်ဝိညဉ်တွေချည်းသာ မဟုတ်ပဲ၊ အသက်ရှင် ကျန်ရှိနေလျှက် ကြေကွဲနေရတဲ့ ဘ၀တွေကိုပါ   မြင်သာစေခဲ့ရပါတယ်။

“ ယုယ (ဆရာမင်းလူ၏သမီး) ၊ မြသွေးနီ ၊ စပယ်ဖြူနု ”

ထူးခြားတာက ဇာတ်လမ်းထဲက ဂျပန်အမေအိုရဲ့ နေရာကို စာရေးသူ စပယ်ဖြူနု ကိုယ်တိုင် နောက်ခံအသံနဲ့ ပါဝင် တင်ဆက်ထားတာမို့ ပရိသတ်အတွက် ရသ၀တ္တုကောင်းလေး တစ်ပုဒ်ကို ထိုင်ရာမထ နားဆင်ခွင့် ရလိုက်ရပြန်ပါတယ်။

“ တက်ရောက်လာသူ ဧည့်သည်များ၊ ဆရာဖေမြင့် -(ညာအစွန်) မှာ ထိုင်နေသူ ”

( ပုံတွေများတဲ့အတွက် Loading ကြာမှာ စိုးရိမ်လို့ နှစ်ပိုင်းခွဲတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျေးဇူးပြု၍ ဒုတိယပိုင်းကို ဆက်လက်စောင့် ဖတ်ပေးပါရှင်..)

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in Teen Magazine (ဖူးငုံမဂ္ဂဇင်း). Bookmark the permalink.

22 Responses to သက်ဝင်မဂ္ဂဇင်း၏ (၉)နှစ်မြောက်ပွဲ (အပိုင်း၁)

  1. ချစ်ကြည်အေး says:

    အိုးးး ဖတ်ရတာနဲ့တင်ကို ပျော်စရာကြီး။ ရန်ကုန်မှာ ရှိနေရင် သေချာပေါက် တက်ဖြစ်မှာပဲ။ ဒုတိယပိုင်း မျှော်နေပါတယ် ညီမရေ…

  2. အမှတ်တရာ ပုံရိပ်လေးတွေကို စုံစုံလင်လင် ကြည့်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်မရေ..

  3. ပုံလေးတွေ ကြည့်လိုက် စာလေးတွေ ဖတ်လိုက်နဲ့ ဖတ်လို့ ကောင်းကောင်းနဲ့ စိတ်ဝင်တစားဖတ်လာလိုက်တာ ဒုတိယပိုင်းဆက်လက်တင်ပေးပါမယ်အရောက် ဆတ်တငန့်ငန့် ကြီးဖြစ်သွားတယ် အမရေ။ ဒုတိယပိုင်းကို စောင့်မျှော်နေပါတယ်။

    မိုးမြင့်တိမ်

  4. 8Yar says:

    ဟိုက်ရှားပါး … အစ်မ မြသွေးနီက ခန့်ချောကြီးပဲ။ အခုမှမြင်ဖူးတော့တယ်။ Teen Magazin ၏ (၉)နှစ်မြောက်ပွဲ လေးအောင်မြင်သွားလို့ ဂုဏ်ယူပါတယ်ခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။

  5. jasmine says:

    ဖတ်ရတာ ကြည့်ရတာအလွန်တန်ဖိုးရှိပြီးကိုယ်တိုင်ရောက်သွား
    သလိုခံစားရပါတယ်…အမမြသွေးနီကလဲ အတော်ကိုကြည့်ကောင်းတာပဲ
    အသားလဲဖြူပုံရတယ်…..တခြားစာရေးဆရာမတွေကလဲအားလုံးလိုလို
    ခပ်ငယ်ငယ်လှလှလေးတွေပါပဲ….
    ဒုတိယပိုင်းကိုမျော်နေပါတယ်
    ချမ်းညေမ့စွာနဲ့ ဆက်လက်ပြီးစာတွေအများကြီးရေးနိုင်ပါစေရှင်။
    ချစ်တဲ့ jasmine

  6. ဖတ်ရတာ စိတ်ဝင်စားဖို့ကောင်းလိုက်တာ။
    ကိုယ်တိုင်ရှိရင် ရောက်ဖြစ်မှာသေချာတယ်။
    Teen မဂ္ဂဇင်း အောင်မြင်တိုးတက်ပါစေ။

  7. ဆူးသစ် says:

    တော်တော်ခမ်းနားတာပဲ။ မဂ္ဂဇင်းလောကမှာတစ်နေရာရဖို့ဆိုတာမလွယ်ပါဘူး။ ဒီအတွက်ဂုဏ်ယူပါတယ်။

  8. စာရေးသက်တော်တော်ကြာပြီလို့ထင်ပါတယ်။ ကျွန်တော့်ဘလော့ကိုလင့်ချိတ်ထားလို့ကျေးဇူးတင်ပါတယ်။

  9. ဒုတိယပိုင်းကို စောင့်မျှော်နေပါတယ်နော်..
    ပျော်စရာကောင်းတဲ့အပြင် တမူထူးခြားတဲ့ ပွဲပါပဲ။
    “ အုတ်တစ်ချပ်သဲတစ်ပွင့် ” နှင့် “ သန်သူနှင့် စွမ်းသူ ” ကဏ္ဍများအရောက်မှာ ပီတိမျက်ရည်ဝဲမိတယ်။

  10. phyo phyo says:

    teen မဂ္ဂဇင်း ၉နှစ်မြောက်ပွဲကို ကိုယ်တိုင်ရောက်ရသလိုပဲ။
    အစီအစဉ်တင်ဆက်ပုံကောင်းလိုက်တာ။
    ဒုတိယပိုင်း စောင့်ဖတ်ဦးမယ်နော် အစ်မရေ။
    အစ်မပြောတဲ့နည်းအတိုင်း ကြိုးစားကြည့်နေတာ။ :)

  11. အားပါး
    အပြာရောင်တီရှပ်ကလည်း ယူနီဖောင်းဖြစ်သလို ခရမ်းရောင်ဖက်ရှင်ကလည်း ယူနီဖောင်းများလားလို့ ထင်မိတာ။
    မြလေးသျှင်ကိုမြင်ဖူးသွားပြီ
    အစ်မကိုတော့ ထူးပြီး မပြောတော့ပါဘူး .. အရင်ကတည်းက သိပြီးသားမို့း)
    စာရေးဆရာ၊ ဆရာမတွေ စုံစုံလင်လင်မြင်ရတာ ပျော်စရာကြီး
    ချစ်သုဝေလေးကလည်း ချစ်ဖို့ကောင်း.. ငယ်ငယ်လှလှလေး
    Teen မဂ္ဂဇင်းရဲ့ ၉နှစ်ပြည့်က ဘယ်လိုပွဲတွေနဲ့မှ မတူအောင် ထူးခြားတယ်နော်
    ဆရာမ မသီတာကို ချီးကျူးမိပါတယ်
    Teen မဂ္ဂဇင်း ဒီထက် အောင်မြင်ပြီး နှစ်ပေါင်းများစွာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်

  12. တကယ့်ကို တမူထူးခြားပြီး ဆန်းသစ်တဲ့ တင်ဆက်မှုပါပဲ၊ သမားရိုးကျ ပုံစံ စင်ပေါ်က လူတွေက ဖတ်၊ ပြော.. စင်အောက်က ပရိသတ်တွေက နားထောင်.. ပုံစံမဟုတ်ဘဲ ခန်းမထဲမှာ ရှိသူ ဘယ်သူမဆို ပါဝင်နိုင်အောင် လုပ်ထားတာ နွေးထွေးလိုက်တာ..၊ မမြသွေးနီက အစီအစဉ် အလိုက် အသေးစိတ် ရေးပြလို့လည်း ကိုယ်တိုင် တက်ရသလိုပါပဲ၊ ဒုတိယပိုင်းကို စောင့်နေပါတယ်…။

  13. အစ်မရေ၊ ဒုတိယပိုင်း မျှော်နေမယ်နော်။

  14. မမြသွေးနီရေ..
    ပုံတွေအတော်များတယ်နော်…ကွန်နက်ရှင်နဲ့ အတော်ကြိုးစားပြီးတင်ရမှာပဲ..မရေ

  15. ညီရဲ says:

    ထူခြားတဲ့ ပွဲလေးပဲနော် အစ်မ…
    စာတွေဖတ်လိုက် ပုံတွေကြည့်လိုက်နဲ့ အားလုံးကို လေ့လာသွားပါတယ်…
    ဒုတိယပိုင်းကိုလဲ စောင့်ဖတ်ဦးမယ် အစ်မရေ…

  16. ကျေးဇူးချစ်မရေ..
    အဲဒီလိုပွဲမျိုး တက်ဖူးချင်လိုက်တာ..
    ဒုတိယဓာတ်ပုံထဲက ဦးထုတ်နဲ့ဦးလေးက စာရေးဆရာ ဦးကျော်ဇောဟိန်း(ဒေါပုံ)မလားဟင်။

    • မြသွေးနီ says:

      ဟုတ်တယ်ညီမရေ..။ ဦးထုတ်နဲ့တစ်ယောက် ဆရာကျော်ဇောဟိန်း (ဒေါပုံ) ပါ။ စာတွေလာဖတ်ပေးတာ ကျေးဇူးတင်ပါတယ်နော်။

  17. teen says:

    ချစ်သုဝေရဲ့ မျက်နှာဖုံးက ၂၀၀၃ ခုနှစ် ဧပြီလထုတ်မှာ ပါခဲ့တာပါ။ ဖူးငုံက ၂၀၀၂ အောက်တိုဘာမှာ အမှတ်စဉ် ၁ စထွက်ပါတယ်။ ချစ်သုဝေဟာ မျက်နှာဖုံး ပါစဉ်က အဆိုတော် မဖြစ်သေးပါဘူး။

    • မြသွေးနီ says:

      ဟုတ်ကဲ့..။ လွဲနေတဲ့ အချက်တွေ ပြန်ပြင် ထားလိုက်ပါတယ်ရှင်..။ အခုလို ပြန်ပြင်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်..။

  18. ကျေးဇူးအထူးတင်ပါတယ် မြလေးသျှင်…………………………………………………………………………………….ကိုယ့် ကာတွန်းလေးကို အားပေး ဓာတ်ပုံ ရိုက်ပြီး အင်တာနက်ပေါ် တင်ပေးလို့ လေ။ ကာတွန်းH M W

  19.့ ကာတွန်း-့H M W says:

    အော်………….ညီမလေး ဆက်လက်ကြိုး စားပါ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>