လမ်းကလေး

Number of View: 15642

သူမက သိပ်ငယ်လွန်းတဲ့အရွယ်။ ပကတိ ဖြူစင်လွန်းလှတဲ့  နှင်းပန်းပွင့်ဖတ်လေးလို အတို့ထိမခံ၊ ဖြူဥနုဖတ်လို့။ လေယူရာပဲ ယိမ်းတော့မလို။ သစ်ရွက်လေးတွေကို လေပြည်နုအေးက ကြည်စယ်တာကိုတောင် သူမစိတ်လေးက သည်းသည်းလှုပ်ခတ်လို့။ သူမက စိတ်ကူးနဲ့ ၀မ်းနည်းတတ်၊ ၀မ်းသာတတ်သေးတယ်။ အတွေးထဲမှာ အိမ်မက်နန်းတော်ကြီး တည်ဆောက်နေတတ်သူပေါ့။ သူမက အရာရာကို ဖြူဖြူစင်စင် မြင်မိတယ်။ လောကကြီးရဲ့ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် နေရာတိုင်းက သာယာမှုအပေါင်းနဲ့ ခညောင်းသလို ထင်နေမိတာ။ သူမရဲ့မျက်နှာလေးမှာ အမြဲလိုလို အေးချမ်းမှုတွေ လွှမ်းခြုံလို့။ သူမရဲ့ နှုတ်ခမ်းထွေးထွေးလေးမှာ အမြဲအပြုံးပန်းတွေ တွဲရွဲခိုလို့။ သူမက အရာရာကို ရိုးဖြောင့်စိတ်နဲ့မြင်တတ်တဲ့ အချိန်မှာ ဒီလမ်းလေးနဲ့ စတင်ဆုံစည်းဖို့ ကံကြမ္မာက ဖန်တီးခဲ့လေတယ်။

 

ဘယ်သူကမှ သူမကို ဒီလမ်းလေးနဲ့ မိတ်ဆက်ပေးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ယောက်ကများ “ဒါဆို မင်းဘယ်လိုများသိခဲ့ရသလဲ”..လို့ အတင်းအကြပ်မေးလာမယ်ဆိုရင်တော့ ကံကြမ္မာက မိတ်ဆက်ပေးခဲ့တာလို့ပဲ သူမက ငိုမဲ့မဲ့နဲ့ ပြန်ပြောလိုက်ချင်မိတာ။

လမ်းကလေးက အဲ့ဒီအချိန်တုန်းက မထင်မရှားလေးပါ။ ဘာမှ ဟန်ဆောင်မှုတွေ၊ အဆင်တန်ဆာတွေ မရှိတဲ့ ရိုးရိုးသာမာန် လမ်းဆိုမှ လမ်းကလေးသာသာရယ်ပါ။ သူ့မှာ လမ်းတစ်လမ်းရဲ့ ဂုဏ်အင်္ဂါနဲ့ တူညီတာဆိုလို့ ဘာမှမရှိ။

 

သူ့ရဲ့ ဟင်းလင်းဖွင့်ထားတဲ့ အကြမ်းထည် လမ်းကလေးတစ်လျှောက် ကမူလေးတွေနဲ့ မြေနီသား ဖုံးလွှမ်းလို့။ လမ်းတစ်ဘက်တစ်ချက် ၀ဲယာမှာလည်း ကျိုးတိုးကျဲတဲ မြက်ပင်ငယ်များနဲ့၊ နွေရာသီမှာ ဒီလမ်းကလေးက ဖုံတွေနဲ့မို့ လူတွေက ကွေ့ရှောင်သွားချင်တာ။ မိုးရာသီဆိုလည်း ဗွက်တစိုစိုနဲ့ ဆိုတော့ ရံဖန်ရံခါသာ တစ်ချို့က ဖြတ်သွားပေမယ့် ဖြတ်သွားမိပြန်ရင်လည်း နောက်တစ်ကြိမ် ထပ်ပြီးဖြတ်လျှောက်ဖို့ ၀န်လေးခဲ့ကြတာ။  ဆောင်းရာသီလေးမှာတော့ မိုးတွင်းတစ်လျှောက် ရွာခဲ့တဲ့ မိုးရေအရှိန်နဲ့ သိပ်သည်းကျစ်လစ်နေတဲ့ နှင်းပွင့်တွေနဲ့ဝေေ၀ဆာနေတဲ့ မြေသားလမ်းလေးတစ်ခုပေါ့။ တကယ်တော့ ဒီလမ်းကလေးနဲ့ ဆုံတွေ့ဖို့ သူမ ဘာဆိုဘာမျှ အားထုတ်ခဲ့ခြင်း မရှိခဲ့ပါဘူး။

         

ဒါပေမယ့် တစ်နေ့မှာတော့ ဒီလမ်းကလေးနဲ့ သူမ ဆုံတွေ့ခဲ့ရပါတော့တယ်။ အဲ့ဒီအချိန်တုန်းက လမ်းကလေးမှာ လျှောက်လှမ်းမယ့်သူရယ်လို့ တစ်ယောက်မှ မရှိနေချိန်ပေါ့။ လျှောက်လှမ်းမယ့်သူ မရှိတဲ့ လမ်းကလေးဆီကို သူမကပဲ  ရောက်ရှိခဲ့တာလား၊ ဒါမှမဟုတ် ဒီလမ်းကလေးကပဲ သူမ လျှောက်လှမ်းမိဖို့ ဖြစ်တည်လာရတာလားလို့ အခုနေအခါ ပြန်စဉ်းစားမိရင် မကွဲပြားလှပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက ဒီလမ်းကလေးရဲ့ အရိုးခံ မထင်မရှားအနေအထားနဲ့ ပကတိအသွင်အပြင်ကပဲ သူမကို တွေ့တွေ့ခြင်း ချုပ်နှောင်ဖမ်းစားခဲ့တာ။

 

မြေသားလမ်းကလေးရဲ့ တစ်ဖက်တစ်ချက်က မြက်ပင်ငယ် စိမ်းစိုစိုလေးတွေ၊ စိမ်းလက်ခက်ဖြာနေတဲ့ ၀ါးပင်ပျိုတို့ရဲ့ အရွက်တွေအောက်က မြေနီလမ်းကလေးက သူမကို ဆွဲညှို့ယူထားပါပြီ။ သူမ တစ်လှမ်းချင်း ခြေချ လှမ်းမိလောက်အောင်ကိုပေါ့။ အစပိုင်းမှာ သူမရဲ့ ခြေလှမ်းလေးတွေက တွန့်ဆုတ်လျှက်၊ လမ်းလျှောက်တတ်ကာစ ကလေးငယ်တစ်ယောက်လို စမ်းတစ်ဝါးဝါးနဲ့။ သူမက စိုးတထိတ်ထိတ်နဲ့ လမ်းပေါ်ခြေချလို့ အသာအယာ လျှောက်ကြည့်မိတယ်။

 

ဖိနပ်မစီးထားတဲ့ သူမရဲ့ ခြေဖျားလေးတွေက အေးစိမ့်တဲ့မြေသားရဲ့ အထိအတွေ့ကြောင့် ပုခုံးလေးနှစ်ဖက်တောင် ကျုံ့သွားရလေတယ်။ အေးမြလတ်ဆတ်တဲ့ လေကို တစ်ချိန်ထဲမှာ အဆုတ်ထဲရောက်တဲ့အထိ ရှူရှိုက်လိုက်မိတယ်။ ပထမခြေလှမ်းအတွက် သူမအတော် အားယူခဲ့ရတယ်။ နောက်ခြေတစ်လှမ်း၊ နောက်ထပ်တစ်လှမ်း၊ နောက်… တဖြေးဖြေးနဲ့ လမ်းကလေးပေါ်မှာ ဖွဖွညင်သာ လျှောက်နေရင်း သူမရဲ့စိတ်ထဲ ကြည်နူးခြင်းနဲ့အတူ ချမ်းမြေ့မှုတို့က လွှမ်းခြုံလာလေတယ်။ ဒီလမ်းကလေးပေါ် လျှောက်ဖို့ အခွင့်အရေး ပေးခဲ့တဲ့ ကမ္ဘာလောကကြီးကို သူမက ကျေးဇူးတင်နေခဲ့သေးတာ။

 

ဒီလိုနဲ့ ဒီလမ်းကလေးရှိရာကို မကြာခဏဆိုသလို သူမ ရောက်နေမိတော့တယ်။ ဒီလမ်းကလေးပေါ်မှာ လျှောက်လှမ်းခွင့်ရနေတာကို ခင်တွယ်နှစ်ခြိုက်လာမိကာ လမ်းကလေးနဲ့ သူမကြား ပိုမိုရင်းနှီးလာသလို နွေးထွေးမှုမျိုး ခံစားလာရတယ်။ ဒီလိုနဲ့ လမ်းကလေးက သူမကို ဖမ်းစားထားလေတယ်။ လမ်းကလေးက သူမရဲ့ မျှော်လင့်ချက်တွေကို ဖူးပွင့်စေတယ်။ သူမရဲ့ အိပ်မက်တွေကို ရှင်သန်စေတယ်။ သူမဟာ လမ်းကလေးအတွက် ဘ၀တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့မယ်ဆိုရင် လမ်းကလေးဟာလည်း သူမရဲ့ အိမ်မက်ဖူး၊ သူမရဲ့သံစဉ်ချိုမြ၊ သူမရဲ့ ပွင့်ဖတ်လွှာ၊ သူမရဲ့ဝတ်ဆံမှုန်ပါ။

 

လမ်းကလေးတစ်လျှောက် ကျေးငှက်ကလေးတွေရဲ့ တေးသီကျူးသံနဲ့ လေပြည်လေညှင်းလေးတွေရဲ့ တီးတိုးသံသဲ့သဲ့က သူမကို စွဲဆောင်ယူနေတော့တယ်။ လမ်းကလေးကလည်း သူမ မလာခဲ့ရင် မျှော်နေတတ်ပြီ။ လမ်းကလေးက သူမကို လောကကြီးကို ရှုမြင်ပုံ ရှုမြင်နည်းတွေသင်ပေးတယ်။ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် ဘယ်ပုံဘယ်နည်း နေထိုင်ရမယ်ဆိုတာကို ပြောပြတယ်။ သူမကတော့ အမေးကြွယ်တဲ့ သာလိကာမလေးသက်သက်ပေါ့။ လမ်းကလေးက သိမ်မွေ့တယ်။ စိတ်ရှည်တယ်။ ဘာသာ မသိလိုက်ခင်မှာပဲ သူမနဲ့ လမ်းကလေးအကြား သံယောဇဉ်တွေက တစ်ရစ်ပတ်ပတ် တိုးမှန်းမသိ တိုးလာလေပြီ။ အဲ့ဒီအချိန်မှာ သူမ လုံးဝကို မစဉ်းစားခဲ့မိတာက လမ်းကလေးကရော သူမရဲ့စိတ်ကို မြင်နိုင်ပါ့မလား..ဆိုတာကိုပါ။

 IMG_20130613_205810

ဒါပေမယ့် တစ်နေ့မှာတော့ ဒီလမ်းကလေးကို သူမလိုပဲ လျှောက်လှမ်းချင်သူတွေ ရှိနေပြီ်ဆိုတာ သူမ ထိတ်လန့်တုန်လှုပ်စွာနဲ့ သိခွင့်ရလိုက်ရတယ်။ အဲ့ဒီနေ့က လမ်းကလေးဆီ လျှောက်လှမ်းဖို့ ကြည်လင်တဲ့ စိတ်ကလေးနဲ့ တစ်လှမ်းချင်း လှမ်းလာတုန်း သူမရင်ထဲ ထိတ်ခနဲ ဖြစ်သွားရတယ်။ အလို… လမ်းကလေးပေါ်မှာ သူမ မဟုတ်တဲ့ တခြားလူတွေ လျှောက်နေပါရော့လား။ သူမများ မျက်စိအမြင် မှားနေလေသလား။ ရင်တထိတ်ထိတ် ခုန်နေလျှက်က လမ်းကလေးဆီကို သူမ စူးစိုက်ကြည့်လိုက်မိတယ်။  သေချာပါတယ်။ ဟိုးအဝေးပြပြမှာ သူမထက် အရင်ရောက်နှင့်လို့ လျှောက်လှမ်းနေတဲ့ သူတွေပါလား။

သူမ စိုးရိမ်လွန်းမက စိုးရိမ်သွားမိပေမယ့် တကယ်တမ်းကျတော့ လျှောက်နေသူရဲ့ ကြည်နူးရိပ်လွှမ်းခြုံနေတဲ့ မျက်နှာကို စာနာစိတ်နဲ့ မြင်လိုက်ရချိန်မှာတော့ သူမရဲ့ ခန္ဓာကိုယ်ကို လမ်းကလေး မတွေ့ခင် သစ်ပင်နံဘေးမှာ အမြန်ဝင်လို့ ပုန်းကွယ်နေလိုက်မိတယ်။ သူမစိတ်ထဲ ၀မ်းနည်းသလို၊ မလျှောက်နဲ့လို့ဘဲ ပြောလိုက်ချင်သလိုလို ဖြစ်နေခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမရဲ့ နှုတ်ခမ်းအစုံက အာစေးမိနေသလို။ တုံဏှိဘာဝေ။ သူမရဲ့ ရင်ထဲမှာတော့ ဘလောင်ဆူဝေလို့။  လမ်းလေးကလည်း သူ့ရဲ့ လမ်းကလေးပေါ် နင်းလျှောက်မယ့်သူတွေအတွက် ဟိုးအရင် သူမတုန်းကလိုပဲ ၀မ်းသာအားရ ရင်ဖွင့်ကြိုလို့။ သူမသာ မရှိရင် လမ်းကလေးလည်း မရပ်တည်နိုင်၊ မရှင်သန်နိုင်ဘူးလို့ သူမထင်ခဲ့တာ မှားနေပါရော့လား။ သူမ မဟုတ်သူတွေကိုလည်း လမ်းကလေးက ကြည်ဖြူစွာ လက်ခံလျှောက်ခွင့် ပေးနေတာပါပဲလား။ တကယ်တမ်း သူမ မေ့လျော့နေမိတာက သူမ မဟုတ်တဲ့သူတွေကလည်း သည်လမ်းကလေးပေါ်မှာ လျှောက်လှမ်းခွင့် ဘာလို့ မရှိနိုင်မှာလဲ ဆိုတာပါပဲ။

အဲ့ဒီနောက်မှာတော့ သူမက အတ္တနဲ့အတူ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာ ချလိုက်မိတယ်။ သူမ ဆက်လက်ပြီး ဘယ်လိုမှ ကြည့်နိုင်ဖို့ ခွန်အားမရှိတဲ့အဆုံး နောက်ဆုံးအကြိမ်အနေနဲ့ လမ်းကလေးကို အကွယ်ကနေ နှုတ်ဆက် အကြည့်တွေနဲ့ တစ်ဝကြီး ကြည့်နေလိုက်မိတယ်။  အဲ့ဒီနောက် လာရာလမ်းကို ပြန်လှည့်လို့၊ သူမရဲ့ လမ်းကလေးကို ကျောခိုင်းလို့၊ လေးပင်တဲ့ ခြေလှမ်းအစုံနဲ့ တစ်ရွေ့ရွေ့ ကျောခိုင်းထွက်ခွာ လာခဲ့မိတော့တယ်။ သည်လမ်းကလေးကို ပန်းလေးတစ်ပွင့်နဲ့တင်စားရမယ်ဆိုရင် သူမက ပွင့်ချပ်တွေအားလုံးထဲက ပွင့်ချပ်တစ်ခုသာသာပဲဆိုတာ သူမ ရိပ်စားမိလိုက်တယ်။ တကယ်တော့ လမ်းကလေးက ပန်းတစ်ပွင့် မဟုတ်ခဲ့ရပါဘူး။ သူမရဲ့ လှုပ်လီလှုပ်လဲ့ မျှော်လင့်ကြိုးတံတားလေးတစ်ခုသာပါ။

သူမ မထင်ထားခဲ့ပါဘူး။ လေမလာ မိုးရိပ်မဆင်ပဲ ရုတ်တရက် တိမ်ပြာတွေက အငြိုးတစ်ကြီးနဲ့ လမ်းကလေးအပေါ် ထစ်ချုန်းမိုး ရွာချလေတယ်။ သူမရဲ့မိုးကောင်းကင်က သူမရဲ့ အိမ်မက်နန်းတော်ထဲမှာ ပြိုလဲခဲ့တယ်။ လမ်းကလေးပေါ်မှာ အသားတကျ လျှောက်လှမ်းနိုင်ပြီလို့ စိတ်ဒုန်းဒုန်းချကာမှ။ ခြေဖ၀ါးတွေ သွေးခြေဥအောင် လျှောက်ခဲ့တဲ့ သူမရဲ့ခြေရာ ဖွဖွလေးတွေက ဒီလမ်းကလေးပေါ်မှာ တံဆိပ်ခတ်နှိပ်ပြီးသားဆိုတာ လမ်းကလေး မသိလေရော့သလား။ လမ်းကလေးပေါ် လျှောက်လှမ်းကြသူတွေရော သူမနဲ့ လမ်းကလေးရဲ့ သံယောဇဉ်တွေကို မသိခဲ့ကြဘူးတဲ့လားလို့ အတ္တတွေပြည့်လျှံစိတ်နဲ့ သူမနာကျည်းကြေကွဲမိရပြန်တယ်။

ဒီလိုနဲ့ လမ်းကလေးနဲ့ လမ်းခွဲခဲ့ရပေမယ့် လမ်းကလေးရဲ့ သတင်းတွေ သူမ အမြဲတမ်းနားစွင့်နေခဲ့ပါတယ်။ လမ်းကလေးရဲ့အနားကို ရောက်ခဲ့ပေမယ့် သူမ ဖြတ်မလျှောက်ဖြစ်တော့ပါဘူး။ လမ်းကလေးတစ်လျှောက် ပျော်ပျော်ကြီး   လျှောက်လှမ်းနေကြသူတွေကို အဝေးကနေပဲ မုဒိတာစိတ်နဲ့ တွေတွေငေးလို့။ သူမနဲ့လမ်းကလေး ဝေးကွာခဲ့ချိန် ကာလတွေမှာ လမ်းကလေးက ပိုပြီး လမ်းတစ်ခုနဲ့ တူအောင် ပီပြင်လာခဲ့တာကပဲ သူမအတွက် ကျေနပ်မှုတစ်ခုဖြစ်စေခဲ့တယ်။

လမ်းကလေးက အရင်လို ဖုံတစ်လိမ်းလိမ်းနဲ့ မြေနီလမ်းလေးမဟုတ်တော့။ လမ်းဘေး ၀ဲယာတစ်လျှောက် စိမ်းစိုသစ်ပင်တန်းတွေက အုပ်ဆိုင်းဝေဖြာလို့။ လမ်းကလေးက အရင်ကလို အထီးမကျန်တော့၊ ခြောက်သွေ့မနေတော့။ ဖြတ်သန်းသွားလာသူတွေ တစ်ဖွဲဖွဲနဲ့ စည်ကားလာခဲ့ပြီ။ သူမကတော့ အဝေးတစ်နေရာကနေ လမ်းကလေးအတွက် ဂုဏ်ယူနေမိသေးတာ။ ဟိုးတစ်ချိန်က လမ်းကလေးအတွက် ရူးသွပ်နေတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို လမ်းကလေးမေ့နေရင်လည်း သူမ မမှုတော့ပါဘူး။ လမ်းကလေး အခုလို သက်ဝင်ပျော်ရွှင်နေတာ သူမငေးနေရင်း ကြည်နူးကျေနပ်မိ နေပြန်တော့ သူမကိုယ် သူမ အံ့တွေသြနေမိပြန်ရော။

ဒါပေမယ့် လောကကြီးက သူ့ရဲ့ ကဝေအတတ်နဲ့ လှည့်ဖျားတတ်ပြန်ပါသေးတယ်။ သူမရဲ့ လမ်းကလေးပေါ်မှာ  အငြိုးတကြီးနဲ့ ဖျက်လိုဖျက်စီး နင်းလျှောက်လာတဲ့သူတွေကို တွေ့သိလိုက်ချိန်မှာတော့ သူမတန်ဖိုးထားတဲ့ လမ်းကလေးအတွက် စိုးရိမ်စိတ်နဲ့ ကြေကွဲခဲ့ရပြန်ပါတယ်။ လမ်းကလေးပေါ်ကို တိမ်မည်းညိုတွေက အုပ်မိုးထားတယ်။ မာယာများတဲ့ ခြေထောက်တွေရဲ့ အကြိမ်ကြိမ် ဖြတ်နင်းခြင်းကို လမ်းကလေး ခံနေရတယ်။ လမ်းကလေးကတော့ ပကတိအရိုးခံစိတ်နဲ့ မသိရှာပါဘူး။ သူ့ကို အသုံးချနေသူတွေအတွက် ပျော်ပျော်ကြီး လည်စင်းပေးလို့။ လမ်းကလေးအတွက် သူမ စိုးရိမ်တကြီး ဖြစ်နေမိတယ်။

သူမ ဆုတောင်းတယ်။ ဆုတောင်းခဲ့တယ်။ မပြည့်ခဲ့ပါဘူး။ လမ်းကလေးအတွက် စိုးရိမ်ပူပန်နေမိတဲ့ သူမကို လမ်းကလေး က မသိခဲ့ရှာပါဘူး။ လမ်းကလေးသိအောင်လည်း သူမက အားမထုတ်နိုင်ခဲ့၊ အားထုတ်ခွင့်မရခဲ့ပါဘူး။  သူမဟာ သထ္ထိမရှိခဲ့သူ တစ်ယောက်လို့ လမ်းကလေးက ဆိုလာခဲ့မယ်ဆိုရင်လည်း သူမကလည်း လမ်းကလေးကို ဥပေက္ခာလမ်းကလေးလို့သာ နာမည်ပေးလိုက်ချင်မိပါတယ်။ သူမ တိုးတိတ် ကြေကွဲနေတာကို လမ်းကလေး မသိစေချင်ဘူး။

လူတွေ စည်ကားဖြတ်လျှောက်တာ ခံနေရပေမယ့် လမ်းကလေးမှာ အထီးကျန်နေရတာ။ လမ်းကလေးကို စည်းမဲ့ကမ်းမဲ့ အသုံးပြုကြတာ။ သူ ခွင့်ပြုလျှောက်ထား သူတွေရဲ့ ကြမ်းတမ်းခြေရာတွေကို လမ်းကလေးက ကြိတ်မှိတ် ခုခံနေရရှာတာ။ သူမ မကြားချင်လျှက် ကြားနေရတယ်။ သူမ မမြင်ချင်လျှက်က မြင်တွေ့နေရတယ်။ သူမမှာ ကြေကွဲနေယုံမှတစ်ပါး၊ ဆုတောင်းနေယုံမှ တစ်ပါး အခြားမရှိ။ သူမ ဝေးလွင့်ခဲ့တယ်။ ဟိုး အဝေးကြီးဆီ။ လမ်းကလေးနဲ့ ပြန်မဆုံနိုင်မယ့် ဟိုးအဝေးကြီးဆီ။

အချိန်ကာလ အပိုင်းအခြားတွေက အခြေအနေတွေကို ပြောင်းလဲနိုင်စေခဲ့တယ်။ သူမလည်း လမ်းအသစ်လေးတစ်ခုမှာ ခြေချခွင့် ရနေခဲ့လေပြီ။ ဘ၀လမ်းခရီးတစ်လျှောက်မှာ လမ်းခရီးအမျိုးမျိုးကို ကိုယ်တိုင် ရွေးချယ်ကျော်ဖြတ်ခွင့် ရှိတယ်ဆိုတာ သူမ တဖြည်းဖြည်းနဲ့ သိလာလေပြီ။ ဟိုး…. အရင်က လမ်းကလေးတစ်ခုရဲ့ပုံရိပ်ကို သူမဘ၀က ဘယ်တော့မှ ပယ်ဖျက်နိုင်ခဲ့မှာ မဟုတ်ပေမယ့် လမ်းကလေးနဲ့ သူမက အကွာကြီး ကွာဝေးခဲ့ပြီဆိုတာ သူမ လက်ခံထားမိပြီးလေပြီ။

အဲ့ဒီအချိန်မှာပဲ လမ်းကလေးရဲ့ ကောင်းမွန်တဲ့ သတင်းတွေကို သူမ ပြန်ကြားရလေပြီ။ သူမရဲ့လမ်းကလေးက ဟိုးအရင်ကလို ၀ါးပင်ရိုင်းတွေနဲ့ မြေနီလမ်းလေး မဟုတ်လေတော့။ လမ်းကလေးပေါ်မှာ မာယာတွေနဲ့  နိုင်လိုမင်းထက် နင်းချေမယ့် သူတွေလည်းမရှိတော့။ လမ်းကလေးက သစ်ပင်ပန်းမာလ်တွေနဲ့ လှပစိမ်းစိုလန်းဖြာနေတဲ့ ခေတ်မှီပန်းခြံတစ်ခုရဲ့ အလည်မှာ သက်ဝင်ကြွရွစွာ ရှိနေလေပြီ။  သန့်ရှင်းလှပတဲ့ ကြာအပေါင်းတို့ ပွင့်ဝေနေတဲ့ ရေကန်သာလေးတစ်ခုကလည်း လမ်းကလေးကို အဖော်ပြုနေလေပြီ။ လာရောက်သူတို့ အပန်းဖြေ အနားယူနိုင်ဖို့ လမ်းနံဘေး တစ်ဖက်တစ်ချက်မှာ ချစ်စဖွယ် ခုံတန်းလေးများနဲ့ ပဏ္ဍံရနေလေပြီ။ လမ်းနံဘေး ၀ဲယာတစ်လျှောက်နဲ့ လမ်းကလေးတစ်လျှောက် ကြွေကြနေတဲ့ ပန်းပွင့်တို့ရဲ့ သင်းမွှေးရနံ့နဲ့အတူ ပွင့်ဖတ်ပွင့်လွှာတို့ကလည်း လမ်းကလေးကို  ရွှေဝါရောင် ကထ္ထီပါကော်ဇော ခင်းပေးထားသလိုနှယ်။

 

ဘယ်အရာမှ အမြဲတည်မြဲ မနေနိုင်ဘူးဆိုတာ သူမ သက်ဝင်ယုံကြည်လာမိပြီ။ လမ်းကလေးမှာ စိတ်ချရတဲ့ အဖော်မွန်တွေ ရှိနေလေပြီ။ လမ်းကလေးအတွက် အမြဲထာဝရ ဂရုတစိုက်နဲ့ လက်တွဲ လျှောက်လှမ်းပေးမယ့်သူတွေ ရှိနေပြီဆိုတာ ၀မ်းမြောက်စွာ သူမတွေ့မြင်သိရလေပြီ။ လမ်းကလေးရဲ့ ပတ်ပတ်လည် သာယာစိုပြေလှတဲ့ ရှုခင်းတွေကလည်း လမ်းကလေးရဲ့ ပကတိ အရှိတရားကို ဖော်ညွှန်းပေးနေသလိုပါဘဲ။ နေ၀င်မိုးချုပ်ပြီးရင် အရုဏ်ဦးရောင်ခြည်ကို တွေ့ရတတ်တယ်။ မုန်တိုင်းပြီးရင် လေပြည်လေညှင်းတို့ လာလေ့ရှိတယ်။ အခုတော့ သူမရဲ့လမ်းကလေးက လောကရဲ့အလှကို ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆင်ယင်ခွင့်ရနေရှာပါပြီ။ လမ်းကလေးရဲ့အပေါ် သူမရဲ့ ဖြူစင်ဝမ်းသာပီတိက တကယ့်ကို အနှိုင်းအဆမဲ့။

 

သူမရဲ့ ဟိုးတစ်ချိန်တုန်းက လမ်းကလေးကို သူမဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။

လမ်းကလေး
အလှမ်းဝေးပေမယ့်
ချမ်းအေးပါစေ…

…………………….

” လူတိုင်းမှာ ကိုယ်စီကိုယ်ငှ လျှောက်ခဲ့ဘူးကြတဲ့ လမ်းကလေးတွေ ရှိခဲ့ဘူးကြမှာပါ”

…………………….

( ၂၀၁၃ ခုနှစ်၊ ဇွန်လထုတ် Halo Magazine မှာပါခဲ့တဲ့ အက်ဆေးလေးပါ။ ပို့စ်အဟောင်းလေးတစ်ပုဒ်လဲ ဖြစ်ပါတယ်။ )

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in အက်ဆေး/ ရသစာတမ်း. Bookmark the permalink.

28 Responses to လမ်းကလေး

  1. အက်ဆေးလည်း ကောင်းတယ်၊ ပုံတွေလည်း အရမ်းလှတယ် အမ …

  2. aungminoo says:

    အမရေ ဖတ်သွားပါတယ်ဗျ..။

  3. rose says:

    You are so talented, sis!! Even though the concept of the essay is only about the lane, your choice of words and writing attract me most :))

  4. လမ်းကလေးပေါ် လျှောက်နေခဲ့တဲ့ “သူမ” ရဲ့ဘေးမှာ တိတ်တဆိတ် လိုက်ပြီး လျှောက်သွားတယ်၊ လျှောက်ခဲ့ကြဖူးတဲ့ လမ်းကြီး၊ လမ်းငယ် အသွယ်သွယ်တွေ ကြားမှာ တချို့လမ်းကလေးတွေက အခုလိုပဲ ကျနော်တို့ရဲ့ နှလုံးသားအထိကို ဖောက်သွားကြတယ်၊ တခါတလေမှာ လမ်းကလေးက ပို့ပေးမယ့် ခရီးဆုံး မှတ်တိုင်ထက် လမ်းကလေး ကိုယ်တိုင်က ပိုပြီး လွှမ်းမိုး အရေးပါနေတတ်တာ တွေးမိသွားတယ် မမြသွေးနီရေ..၊ ဒီအက်ဆေးလေး ကိုယ်တိုင်ကိုက အဆုံးထိကို လျှောက်ချင်မိတဲ့ လမ်းကလေး ပါပဲဗျာ။

  5. jasmine says:

    အမမြသွေးပြောသလိုပါပဲ
    လူတိုင်းတော့လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးတွေရှိစမြဲပါ
    သတိရသင့်တဲ့လမ်း မေ့ထားတာကောင်းတဲ့လမ်း
    ကိုယ်စီကိုယ်ဌပေါ့နော်….
    လူတိုင်းအတွက် လမ်းကောင်းလေးတွေသာဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း
    ချမ်းမြေ့စွာနဲ့စာတွေရေးနိုင်ပါစေရှင်။

  6. လမ်းကလေးထက်ကနေ….လမ်းကလေးရဲ့မလှမ်းမကမ်းကနေ…လမ်းကလေးရဲ့ဝေးရာကနေ ရှုထောင့်အမျိုးမျိုးက ခံစားချက်အမျိုးမျိုးလေးကို ရေးဖွဲ့ထားတာနှစ်သက်ဖို့ကောင်းတယ် အစ်မရေ….

    ခင်တဲ့(ဖိုးကြယ်)

  7. ကျွန်တော်လျောက်ခဲ့ ဖူးတဲ့  လမ်းကလေးကတော့  ခရောင်းလမ်းလိုပဲ ကြမ်းတမ်းခတ်ထန်ခဲ့ ရတယ်
    ဒါပေမယ်..အဲဒီလမ်းလေးကိုပဲ သတိရနေတယ်.

    လမ်းလေးကို ပြန်ငေးကြည့် တော့ 
    ဒဏ်ရာတွေနဲ့ ပေါ့ …
    ဒဏ်ရာတွေ ထွေးပိုက်
    ခပ်မိုက်မိုက်ပဲ မေ့ ပစ်လိုက်တယ်..

  8. angelhlaing says:

    လှလိုက်တဲ့အတွေးနဲ့ ရေးဖွဲ့မှုလေးပဲမမရေ..အားကျလိုက်တာလို့…:)
    လျှောက်ခဲ့ဖူးတဲ့လမ်း…တွေထဲက တစ်ချို့လမ်းတွေ ပြန်မလျှောက်ချင်တော့ဘူး…

  9. စန်းထွန်း says:

    အတွေးကောင်းသလို အရေးကောင်းပါပေတယ်

  10. သာယာလှပလို့ အကောင်းဘက်ဆီ ပြောင်းလဲလာတဲ့ လမ်းကလေးအတိုင်း လိုက်လျှောက်ရင်း ဖြတ်လျှောက်ခဲ့ဖူးတဲ့ လမ်းများစွာဆီ စိတ်ရောက်မိပြန်ရဲ့…။

  11. ညီရဲ says:

    လမ်းလေးက သူမကို ဆွဲဆောင်သွားနိုင်သလို …
    ဒီအက်ဆေးလေးကလဲ ကျွန်တော်ကို့ ဆွဲခေါ်သွားနိုင်ခဲ့တယ်…
    ဖတ်ပြီး တွေးစရာတွေ များခဲ့ရတယ်…
    လူတွေက လမ်းဆိုတာကို သုံးရုံသုံးပြီး ပြန်လှည့်မကြည့်ချင်ကြဘူး…
    အထက်ကို ရောက်ဖို့ နင်းတက်ပြီးရင် ပြန်မကြည့်ချင်သူတွေလိုပေါ့…
    တွေးစရာတွေ အများကြီးနဲ့ ပြန်သွားရတယ် အစ်မ…

  12. လူတိုင်းမှာ ဒီလိုလမ်းကလေးတွေ တွေ့နိုင်ကြပေမယ့် ( ဘယ်အရာမှ အမြဲ တည်မြဲ မနေနိုင်ဘူးဆိုတာ သူမ သက်ဝင်ယုံကြည်လာမိပြီ ။ ) လို့ သတိပြုမိအောင် သတိမထားနိုင်ကြတာကို သတိပေးနေသလိုခံစားရပါတယ် …

  13. အဲဒီလို အရေးအသားမျိုးလေးတွေ ရေးတတ်ခြင်တယ်။ ပါရမီကပါအုံးမှပေါ့နော်။
    အက်ဆေးလေး ဖတ်ရတာ အသက်ဝင်တယ် ပုံလေးတွေနဲ့ အံဝင်တယ် မြသွေးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  14. အက်ဆေးလှလှလေးတစ်ပုဒ်ကို လာခံစားသွားပါတယ်အမ…

  15. phyophyo says:

    အစ်မရေ အစ်မလျှောက်ခဲ့ဖူးတဲ့လမ်းကလေးထဲလျှောက်ကြည့်လိုက်တာ။
    ပျော်ရွှင်ကြည်နူးလိုက်၊ စိုးရိမ်ပူပန်လိုက်နဲ့
    အက်ဆေးလှလှလေးတစ်ပုဒ်ပေါ့။
    ရေးတတ်လိုက်တာ။

  16. JM says:

    တော်တော်လေး ကောင်းတဲ့ အက်ဆေးလေး အမရာ။
    အသက်ဝင်လိုက်တာ…. ကိုယ်တိုင် လျှောက်နေရသလို ခံစားရတယ်..။

    ခင်လျက်
    အဖြူလေး (junemoe)

  17. လမ်း ..
    လမ်းတွေ လျှောက်ခဲ့ဖူးပါတယ်။ ညီမအတွက်တော့ မှတ်မှတ်ရရဖြစ်စရာ လမ်းတွေ တစ်ခုမှ မကျန်ရစ်ခဲ့ဘူး အစ်မရယ်
    ဆူးတွေ ခင်းတဲ့လမ်း ၊ မာယာတွေပြည့်နေတဲ့လမ်း၊ အဲဒီလမ်းပေါ်မှာ လျှောက်လာတဲ့သူကို နာကျင်ထိခိုက်စေတဲ့ ဆူးညှောင့်ခလုတ်တွေ ပြည့်နေတဲ့လမ်း..
    လမ်းကလေးကို ကောင်းစေချင်လို့ မြေဖို့၊ လမ်းရှင်း ၊ တံတားဆောက် လုပ်ခဲ့ပေမဲ့ စေတနာအကျိုးပေး ပြန်မခံစားရတဲ့လမ်းမျိုးလည်း ရှိတတ်ပါသေးတယ်။
    အဲဒီလိုလမ်းတွေကိုတော့ ဘယ်သောခါမှ ထပ်မလျှောက်ဖြစ်တော့ဘူးအစ်မရယ်..
    ဆိတ်ဖလူးနံ့သင်းတဲ့ မြေနီလမ်း ခပ်ရိုးရှင်းရှင်းကလေးကိုတော့ လရောင် ပြာလဲ့လဲ့အောက်မှာ တခါတရံတော့ လျှောက်ချင်မိသား..

  18. ကျနော်လည်း လမ်းကလေး အကြောင်းရေးခဲ့ဖူးတယ် အစ်မ။ အရေးအသား အစ်မကို မမှီပေမယ့် ရင်ဘတ်ချင်း တူမယ်လို့ ခံစားမိတယ်။

    ချမ်းမြေ့ပါစေဗျာ။

  19. အက်ဆေးရေးတာ ပညာပါတယ်လို့ ကျွန်တော်နားလည်ခဲ့ဖူးပါတယ်။ အစ်မက အဲဒီပညာတွေကို တတ်မြောက်ပြီးသားလို့လည်း ဒီအက်ဆေးဖတ်ပြီး အတွေးဝင်မိပါတယ်။ ရေးလက်ကောင်းပိုင်ရှင်နဲ့တွေ့ရတာ ၀မ်းသာမိပါတယ်။ စာပေလောကမှာ အက်ဆေးကောင်းကောင်းရေးတတ်တဲ့လူ ရှားတယ်လို့ ကျွန်တော်မြင်မိပါတယ်။ အဲဒီလိုပဲ သူများသိပြီးသားပေမယ့် အကြောင်းအရာတစ်ခုကို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတတ်သူ ဒီဘက်ခေတ်မှာ နည်းနည်းတော့ ရှားလာပြီလို့လည်း ထင်မိပါတယ်။ ကျွန်တော်လည်း လက်ချိုးရေလို့ရတဲ့ အက်ဆေးအရေအတွက် ရေးခဲ့ဖူးပါတယ်။ ထပ်ရေးနိုင်အောင်လို့တော့ ကြိုးစားနေဆဲပါ။ ကြိုဆိုမိသလို ရေးဖော်တစ်ယောက်လို သဘောထားပြီး ၀မ်းလည်းသာမိပါတယ်။

  20.း)
    တခါတခါလည်း ကိုယ်လျှောက်နေတဲ့လမ်း ဘာလမ်းမှန်း မသိပေါင်း)
    အက်ဆေးလေးကောင်းတယ် အစ်မရေ

  21. သီသီထွန်း says:

    လမ်းကလေးနဲ့အတူ မျောပါသွားလိုက်တာ။
    တော်ပါသေးရဲ့ လမ်းကလေးက အဆုံးသတ်မှာ အကောင်းဆုံးအနေအထားနဲ့ ကျန်ခဲ့လို့။
    လမ်းကလေးရဲ့သူမကိုလည်း သနားစိတ်နဲ့ချစ်မိတယ်။
    ကျွန်မမှာလည်းလမ်းကလေးတစ်ခုရှိခဲ့ဘူးတယ် မမြသွေးနီ။

  22. လမ်းကလေး အတိုင်းဆက်လျှောက်ပါ

  23. လမ်းကလေးကို အဝေးကနေ ငေးကြည့်သွားပါတယ် အစ်မမြသွေးနီ ။

  24. htay says:

    လမ်းကလေးကိုတော့ကြိုက်တယ်၊

  25. Greenery says:

    လျှောက်ခဲ့တဲ့လမ်းကလေးကခုချိန်ထိတော့ချောမွေ့ ခဲ့ပါတယ်။
    လမ်းကလေးကိုကြိုက်တယ်။

  26. maythetmg says:

    အ၇မ်းကိုကြိုက်ပါသည်။
    အရာရာဟာပြောင်းလဲနေတတ်ပါတယ်
    အားလုံးဟာသူ့သဘောနဲ့သူပဲရှိနေတတ်တယ်
    အားပေးပါတယ်ရှင်

  27. အရိပ်စစ် says:

    အရမ်းကြိုက်တယ် လမ်းကလေးးးးး

  28. mupaing says:

    အမှတ်တရ များစွာထဲက တစ်သက်စာ အမှတ်တရ တစ်ခုကို
    လာအားပေးသွားပါတယ်..အစ်မ…။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>