အိပ်မက်တို့ မြစ်ဖျားခံရာ (၂)

Number of View: 6401

Youth Magazine မှ သရုပ်ဖော်ပုံ

အိပ်မက်တို့ မြစ်ဖျားခံရာ အမှတ်စဉ်(၂) အတွက် လတ်လတ်ဆတ်ဆတ် ထွက်ထားတဲ့ Youth Magazineက ကျွန်မရဲ့ Blog Postလေး တစ်ပုဒ်ကို  ကြားဖြတ် ဖော်ပြပေးချင်ပါတယ်။  ဒီပို့စ်လေးက ကျွန်မရဲ့ ပထမဆုံး ပုံနှိပ်စာအုပ်လေးဖြစ်တဲ့ “အိပ်မက်ကောက်ကြောင်း” ရသစာစုများ စုစည်းမှုမှာလည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။ Youth Magazine အယ်ဒီတာမှ ဒီစာမူလေးကို   နှစ်သက်လို့ ပြန်လည် ဖော်ပြချင်ပါတယ်လို့ ပြောလာတဲ့အတွက် Youth Magazineမှာ   နောက်ထပ်တစ်ကြိမ် ထပ်မံပါဝင်ခွင့် ရလိုက်တာကတော့ အမှတ်တရပါဘဲ။

ဒီပို့စ်လေးကို ရေးဖြစ်ဖို့ မြစ်ဖျားခံခဲ့ရတာကတော့ ကျွန်မလက်ရှိ နေနေတဲ့ အိမ်ကို ပြောင်းလာပြီး သုံးလေးလလောက်မှာပဲ စတည်ဖြစ်ခဲ့ပါတယ်။ ကျွန်မက စာရေးနေသူပီပီ ကျွန်မရဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတွေရဲ့စရိုက်နဲ့၊ သူတို့ရဲ့ဘ၀ကို စိတ်ဝင်စားမိပါတယ်။

ဒီဇာတ်လမ်းက ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဇာတ်လမ်းမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်တဲ့သူရဲ့ အပြုအမူက ကျွန်မအတွက် အင်မတန်မှကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သူက နာမည်ကျော် စီလီဘရီတီ တစ်ယောက်လည်း မဟုတ်ပါဘူး။ ငွေကြေးချမ်းသာတဲ့ လူကုန်ထံ တစ်ယောက်လည်း မဟုတ်ရပါဘူး။ ဘွဲ့တွေတစ်သီတစ်တန်းကြီး ရထားတဲ့ ပညာတတ်ကြီး တစ်ဦးလည်း မဟုတ်ရပါဘူး။

ဒါဆို.. ဒီလို လူတစ်ယောက်ကို ဘာလို့များ စိတ်ဝင်စားရသလဲလို့ မေးချင် လာပါလိမ့်မယ်။

သူက ပုခုံးနှစ်ဘက်ကြား ခေါင်းပေါက်နေတဲ့ သာမန်လူတစ်ယောက်ပါ။ သာမန်လူထဲမှာမှ သူက ပုံမှန်ထက် ဥာဏ်ရည်နိမ့်ပါးနေတဲ့ လူတစ်ယောက် ဖြစ်နေပြန်တယ်။ ဒါပေမယ့် ကျွန်မ စိတ်ကို ဆွဲကိုင်လှုပ်စေနိုင်တဲ့ သူရဲ့ အပြုအမူ၊ အနေအထိုင်၊ အပြောအဆိုတွေက  ဥာဏ်ရည်ပြည့်ဝနေတဲ့ ကျွန်မတို့လို သာမန်လူတွေတောင်မှ အမြဲ မလုပ်နိုင်တဲ့၊ အမြဲ မတွေးမိတတ်တဲ့ အလုပ်မျိုး၊ အတွေးမျိုး သူ့ဆီမှာ ရှိနေတာကို အံ့သြစွာ တွေ့သိလိုက်ရလို့ပါဘဲ။

ဒီလို လူတစ်ယောက်ကို အခြေပြုလို့ ကျွန်မ စာတစ်ပုဒ်   ရေးဖြစ်သွားခဲ့တယ် ဆိုတာကို စာဖတ်သူတွေကို အခုလို ပေးသိခွင့်ရလို့ ကျွန်မ   ကျေနပ်မိတယ်ဆိုတာ ၀န်ခံချင်ပါတယ်။

ဒီပို့စ်လေးကို တစ်ရက်ထဲနဲ့ ကျွန်မအပြီး ရေးဖြစ်ခဲ့ပေမယ့် ပို့စ်ခေါင်းစဉ်လေးအတွက်တော့ ကျွန်မ နှစ်ပတ်လောက် အချိန်ယူခဲ့ရပါတယ်။ စာမူလေးက သိပ်မရှည်တဲ့အတွက်  အစအဆုံး ကျွန်မ ပြန်ဖော်ပြပေးလိုက်ပါတယ်။

တမူးသာ

“အိပ်မက်ကောက်ကြောင်းမှ သရုပ်ဖော်ပုံ”

ကျွန်မ ဒီလမ်းလေးထဲကို ပြောင်းလာစကထဲက သူ့ကို သတိထားနေမိတာ။ သူ့ပုံစံက ထူးခြားတယ်။ ထူးခြားတဲ့ သူ့ အပြုအမူ တွေကလည်း သူ့ကို ပိုဂရုပြုမိစေတယ်။ ဒါကြောင့် သူ့လှုပ်ရှားမှုတွေကို အိမ်ရှေ့ ၀ရန်တာကနေ စောင့်ကြည့်ကြည့်နေမိတာ ကျွန်မအတွက် တာဝန်တစ်ခုလို   ဖြစ်နေခဲ့တယ်။

သူ့နာမည်ရင်းကိုတော့ ကျွန်မ မသိဘူး။ ဒါပေမယ့် သူ့ကို လူတွေက ကင်ပွန်းတပ်ထားတာက
“ ဘိုးတော် ”။ ဘိုးတော်လို့ ပြောလိုက်ရင် ဒီနားတစ်ဝိုက်မှာ ကလေးကအစ ခွေးအဆုံး သူ့ကို မသိတဲ့သူ မရှိဘူး။ သူ့အသက်က သုံးဆယ့်ငါးနှစ်ဝန်းကျင်လောက်။ သူ့အရပ်က ခတ်ပြတ်ပြတ်၊ ရှိလှမှ လွန်ရော ငါးပေပေါ့။ သူက ဆံပင်ကို အမြဲခပ်တိုတို ညှပ်ထားလေ့ရှိတယ်။ သူ့ပါးစောင်မှာ ကွမ်းတစ်ယာ အမြဲ ငုံလျှက်ဘဲ။ သူက ကျွန်မတို့ အိမ်နဲ့ မျက်စောင်းထိုးက   ဖြတ်လမ်းတိုလေးထဲမှာ နေတာ။

သူက အ၀တ်အစားလည်း သပ်သပ်ရပ်ရပ် ၀တ်တတ်တယ်။ သူ့အိမ်ကလည်း မရှိမရှားထဲကပါဘဲ။ ဒါပေမယ့် တစ်ခုရှိတာက သူက သိပ်အဆိုးအ၀ါးကြီး မဟုတ်လှပေမယ့် သူ့စိတ်က မကျန်းမာလှဘူး။ သူက ဘယ်သူ့ကိုမှလည်း အနှောက်အယှက် မပေးဘူး။ စာရေးစာဖတ်လည်း တတ်သူဆိုတော့ သူ့စိတ် မကျန်းမာတာ မွေးရာပါ မဟုတ်ဘူးလို့တော့ ထင်ရတာဘဲ။ ကျွန်မလည်း သူ့အကြောင်းကို ဒီထက်ပိုမသိပါဘူး။ ကျွန်မက သူ့အကြောင်းထက် သူ့ရဲ့ အပြုအမူတွေကို ပိုစိတ်ဝင်စားမိတာပါ။

ကျွန်မ ဒီလမ်းထဲ ပြောင်းလာပြီး သိပ်မကြာခင်မှာဘဲ သူ့ကို ဘာလို့ လူတွေက ဘိုးတော်လို့ ခေါ်သလဲဆိုတာ သိလိုက်ရတယ်။ သူက မနက်ခြောက်နာရီလောက်ဆို လမ်းထိပ်က သုံးပေလောက် အမြင့်ရှိတဲ့ အုတ်ခုံလေးရဲ့ နံရံမှာ မြေဖြူခဲနဲ့ တဘောင်ဘိုလို စာချိုးလေးတွေ တစ်နေ့တစ်မျိုး မရိုးရအောင် ရေးတတ်တယ်။ ဥပမာ–“မမင်းဖြူမှန်မှန်ပြော”…တို့၊ “ရွှေပြည်တော်   မျှော်လေတိုင်းဝေး”..တို့၊ “လူသာလာပါ၊ပြသနာမခေါ်ခဲ့နဲ့”…တို့၊ “ရွှေတံခါးကြီး ဖွင့်ပါဦး.”…တို့ စသဖြင့် တစ်နေ့တစ်မျိုး သူရေးတယ်။

မနက် ဈေးသွားဈေးလာ အိမ်ရှင်မအချို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်တဲ့ လူကြီးလူငယ် အချို့ ဒီအုတ်ခုံလေးနားက   ဖြတ်သွားရင်၊ ဘိုးတော်ရေးထားတဲ့ အုတ်ခုံပေါ်က စာကြောင်းလေးတွေကို မဖတ်ဘဲကို မနေနိုင်ကြပါဘူး။ တချို့က ရပ်ပြီး ဖတ်သွားတယ်။ တချို့ အိမ်ရှင်မများဆို   ဈေးဝယ်မယ့် ပိုက်ဆံအိတ်လေးထဲက စာရွက်ပိုင်းလေးတွေ ထုတ်ထုတ်ပြီး ကူးမှတ်နေ လိုက်တာများ အဲ့ဒီအုတ်ခုံလေး ရှေ့မှာ လူကို စည်ကားနေရော့ဘဲ။ သူတို့ မပြောနဲ့ ကျွန်မတောင် မနက် အိပ်ရာနိုးတာနဲ့ ဒီနေ့ ဘိုးတော် ဘာတွေများ ရေးထားမလဲဆိုပြီး မပျက်မကွက် ဖတ်တတ်တဲ့ အကျင့်ရနေပြီ။

နေ့လည် တစ်နာရီလောက်ဆိုရင်တော့ ဘိုးတော်ရဲ့ နေကသိုဏ်းရှုချိန်ပါဘဲ။   နေ့ခင်းမွန်းလွဲ   နေပူနေချိန်ဆို သူက အုတ်ခုံလေးပေါ် ထိုင်ပြီး ကျဲကျဲတောက်နေတဲ့ နေမင်းကြီးကို တင်ပလ္လင်ခွေ ထိုင်ပြီး မမှိတ်မသုံ ကြည့်တော့တာပါဘဲ။ သူ အဲ့ဒီလို တစ်ခါတစ်ခါ ကြည့်ရင် အနည်းဆုံးတော့
တစ်နာရီဘဲ။ မျက်တောင်မခတ်ဘဲ ကြည့်နေလိုက်တာ ချွေးတွေ တစ်လုံးလုံး သူ့နားထင်က ယိုစီးကျနေပေမယ့် သူက မမှုပါဘူး။ သူ အဲ့ဒီလို ကြည့်ပြီးသွားရင် သူ့အနားကို   စောင့်နေကြတဲ့သူ အချို့ ၀ိုင်းလာကြပြီ။ သူတို့က ဘိုးတော် အတိတ်ကောက်ပေးပါဆိုရင် ဘိုးတော်က ခါးပုံကြားထဲက ကွမ်းထုတ်ပြီး တမြံ့မြုံ့ဝါးလျှက်နဲ့ “ ဟေး..ဟေး.. ငါရေးချင်တာ ငါရေးတာ၊ မင်းတို့ဘာသာ မင်းတို့ အရူးထနေကြ၊ ငါ့လာ အမှုမပတ်နဲ့” လို့ သူက ပြန်ပြောတတ်သေးတယ်။ တချို့ကလည်း “ဘိုးတော်ကို ဦးနှောက် သွားမစားကြပါနဲ့ကွာ၊ သူ့ဘာသာ   နေစမ်းပါစေ” လို့ တားကြတယ်။

နောက်..ညနေ ခြောက်နာရီ နောက်ပိုင်းဆိုရင်တော့ ဘိုးတော်တစ်ယောက်   ပေါက်တူးတစ်လက်၊   ဂေါ်ပြားတစ်ချောင်း၊ နှီးတောင်းတစ်လုံး၊ အုန်းလက် တံမြက်စည်းရှည်တစ်ချောင်းနဲ့ လမ်းတစ်လမ်းလုံးကို သန့်ရှင်းရေး စလုပ်ပြီ။ ကျွန်မတို့ လမ်းက ဖြတ်လမ်းတိုလေးပေမယ့် ကိုက်ငါးဆယ်လောက် အရှည် ရှိမယ်။ ဘိုးတော်က လမ်းသန့်ရှင်းလုပ်ရင် ဘယ်တော့မှ ပြီးကပြစ် မလုပ်ဘူး။ ပထမဆုံး ရိုးတံရှည် အုန်းလက်တံမြက်စည်းနဲ့ လမ်းဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်အထိ စိတ်ရှည်လက်ရှည် စိမ်ပြေနပြေလှဲတော့တယ်။ အမှိုက်တွေကို နီးစပ်ရာနေရာတွေမှာ တစ်ပုံစီပုံ၊ မီးရှို့တန်ရှို့၊ ဆာလာအိတ်နဲ့ ထည့်ပြီး လမ်းထိပ် အမှိုက်ပုံမှာ သွားစွန့်ပစ်တန် ပစ်တယ်။ လမ်းပေါ်မှာ ခဲလုံးတွေရှိရင် ဖယ်ရှားပေးတယ်။ ချိုင့်ခွက်တွေရှိရင် သူ့နှီးတောင်း အစုတ်လေးနဲ့ မြေကြီးတွေ ရှာဖွေသယ်ပြီး ဖို့ပေးတယ်။ ပြီးရင်တော့ ရေပုံးအစုတ်လေးနဲ့ ဘုံဘိုင်ရေခံပြီး တစ်လမ်းလုံးကို ရေဖြန်းတော့တာဘဲ။ ဒီလိုနဲ့ နားနားပြီး လုပ်လိုက်တာ ည ဆယ်နာရီကို ထိုးရောဘဲ။ လမ်းလေးတစ်ခုလုံး သန့်ရှင်းပြောင်လက်သွားတော့မှ သူ့ရဲ့ တစ်နေ့တာ ဆောင်ရွက်မှု အ၀၀ကို ရပ်တော့တယ်။

တစ်ခါကလည်း လွတ်လပ်ရေးနေ့အတွက် ကလေးတွေကစားဖို့ မတိုင်ခင်ညမှာ ဘိုးတော်တစ်ယောက် သူ့လမ်းလေးကို သ နေလိုက်တာများ၊ နောက်တစ်နေ့ နာရီပြန် တစ်ချက်လောက်အထိကို မပြီးနိုင်တော့ဘူး။ အိမ်တစ်အိမ်က လူတစ်ယောက်က သူ့တံမြက်စည်းသံ တရှဲရှဲကို နားမခံသာတော့ဘဲ “ ခင်ဗျားက လဲဗျာ.. မပြီးနိုင်မစီးနိုင်နဲ့၊ အိပ်ချိန်ဗျ၊ အိပ်လို့ကိုမရဘူး၊ ရပ်ပါတော့ ” လို့ ထပြော တယ်။ ဒီတော့ ဘိုးတော်က “နားမခံသာလည်း မတတ်နိုင်ဘူးဗျာ၊ ခင်ဗျား တစ်ယောက်ထဲ မအိပ်ရသေးတာ မဟုတ်ပါဘူး၊ ကျုပ်လည်း မအိပ်ရသေးပါဘူး၊ ခင်ဗျားနဲ့ကျုပ် မအိပ်ရတာထက် နက်ဖြန် ကလေးတွေ ကစားရင် ခလုပ်မထိ ဆူးမငြိဘို့က ပိုအရေးကြီး တယ်ဗျ၊ အေးဗျာ.. ခင်ဗျား နားမလည်လို့ ပြောတာပဲ၊ ဗွေမယူတော့ပါဘူး” လို့ ကွမ်းတမြုံ့မြုံ့ တံမြက်စည်းအလှဲ မပျက်ပြန် ပြောလေတယ်။ ဟိုလူလည်း နောက်ဆုံးတော့ လက်လျှော့ပြီး အိမ်ထဲ ၀င်သွားရတယ်။

တချို့က သူ့ကိုပြောတယ်။ “ ဘိုးတော်.. ခင်ဗျား အမှိုက်တွေ လှဲလည်း နေတိုင်း   ပြန်ပွတာပါဘဲဗျာ၊ ဒီလမ်းထဲ ဗန်ဒါပင်တွေလည်း ပေါတော့ ခင်ဗျား ဒီအမှိုက်တွေ လှဲလို့ကို ကုန်နိုင်မှာ မဟုတ်ဘူး ” လို့ပြောတော့ ဘိုးတော်က “ အေးဗျ.. ကျုပ်သိတယ်၊ ဒါပေမယ့် သန့်ရှင်းသပ်ယပ်နေတဲ့ လမ်းလေးပေါ်မှာ   လျှောက်ရတာလောက် ကောင်းတဲ့ အရသာ ဘယ်မှာမှ မရှိဘူး၊ ကျုပ်က လူတွေကို အဲ့ဒီအရသာ ခံစားစေချင်တာဗျ ” လို့ ပြောတတ်တယ်။

ဘိုးတော်က တစ်ခါတစ်ရံ အရက်လေး မှီဝဲတတ်တယ်။ ဒါပေမယ့် သူက ဘယ်တော့မှ ပုံမပျက်ဘူး။ ရုပ်ပျက်ဆင်းပျက် မူးနေတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ သူ့ရဲ့ နေ့စဉ် အလုပ်တွေကို ပုံမှန်လုပ်နေတာဘဲ။ တစ်ခါက လူငယ် တစ်ဦးက “ ဘိုးတော်.. ဒီနေ့ ရှပ်မဆွဲထားသေးပါလား၊ လာလေဗျာ၊ ကျွန်တော် ဒကာခံပါ့မယ်” လို့ ပြောတော့ “ မင်းကွာ.. ငါက ၀ါတွင်းသုံးလလုံး ယမကာ မမှီဝဲဘူးကွ၊ မင်းတို့လည်း ဒီသုံးလတော့ မသောက်သင့်ဘူးနော် ” လို့ ပြောလို့ ဟိုလူခမျာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားသေးတယ်။

တစ်ချို့အိမ်တွေက ဘိုးတော်အတွက် ဆေးလိပ်တို့၊ ကွမ်းယာတို့ ပေးတယ်။ ဒါမျိုးဆိုရင်တော့ သူယူတယ်။ အဲ… ပိုက်ဆံတော့ သွားမပေးလေနဲ့။ သူက စိတ်ကို ဆိုးတော့တာ။ “ လူတွေများ မသိဆိုးဝါးနိုင်လွန်းတယ်၊ ဒါကြောင့် မရှိတာထက် မသိတာက ပိုခက်တယ်” ဆိုပြီး တဖျစ်တောက်တောက်ကို ပြောနေတော့တာ။

သူကပြောသေးတယ်။ “လူတွေက ငါ့အုတ်ခုံမှာ ရေးထားတဲ့စာတွေတော့ အငမ်းမရ ဖတ်ကြ၊ ကူးယူကြ၊ ငါ နေကသိုဏ်းရှုရင် ငါ့ကို အတိတ်တွေ   ကောက်ခိုင်းကြနဲ့၊ လမ်းကို ငါ အမှိုက်သရိုက် လှဲကျင်းရင်တော့ ငါ့အနားကို ဘယ်သူမှကို မလာကြဘူး၊ လူတွေ… လူတွေ… တော်တော် တရားကျဖို့ ကောင်းတယ်” တဲ့။

လူအားလုံးက ကိုယ့်ကိစ္စကိုယ်စီနဲ့ အလုပ်များနေကြတာ များတယ်။ သူ့လိုမျိုး ဘယ်သူမှ လိုက်လုပ်တာလည်း မတွေ့ရဘူး။ သူ့လုပ်ရပ်တွေက ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်စေဘူး။ အဲ့ဒါကိုကပဲ သူ့ကို လူတွေက စိတ်ဝင်စားနေရတာ။ သူဘာလုပ်လုပ် မျက်လုံး ဒေါက်ထောက် ကြည့်နေပြီး တံဆိပ်တွေ လိုက်ကပ်နေကြတော့တာ။ ဘာဘဲဖြစ်ဖြစ် ဘိုးတော်ကတော့ ၀ထ္ထရားမပျက် သူ့အလုပ်သူ လုပ်နေတာပါဘဲ။ မနက်တိုင်း အုတ်ခုံလေးမှာ   ရေးနေကြအတိုင်း စာလေးတွေ ရေးတယ်။ နေ့လည်ဆို သူ့ဟာသူ   နေကသိုဏ်းရှုပြီ။ ညနေဆိုရင်လည်း သူ့အုန်းတံမြက်စည်း အရှည်ကြီး တရှဲရှဲ လှဲမပျက်ပါဘဲ။

သူ့ကို ဘယ်သူကမှ မခိုင်းပါဘူး။ သူကလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။

Youth Magazine
Volume :7, No. 9, September 2012

 

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ. Bookmark the permalink.

11 Responses to အိပ်မက်တို့ မြစ်ဖျားခံရာ (၂)

  1. Cho Thae San says:

    “ လူတွေများ မသိဆိုးဝါးနိုင်လွန်းတယ်၊ ဒါကြောင့် မရှိတာထက် မသိတာက ပိုခက်တယ် ”
    တကယ် ဟုတ်တယ်နော်…မမ

  2. ကောင်းလိုက်တာမမရေ
    လူတွေကို အသိပညာတစ်ခုတိုးစေတဲ့ စာလေးနော်

  3. ကူးကူးလှိုင် says:

    ဖတ်ပြီးလို့ထပ်ဖတ်လဲ အရမ်းကောင်းနေတာပါပဲ…

  4. Saw Tu Tu James says:

    အားလုံ သူအလုပ်သူလုပ်နေတယ်လို့ သတ်မှတ်ရပါမယ်။ ကျနော်ကျောင်းသားဘ၀( ဒသ၁နိက ပါမောက္ခ ဆရာ ဦးခင်မောင်ဒင် )သူတောင်းစားတွေ ပလပ်စတစ်ကောက်သူတွေ ကူညီလို့ ကိုယ်ဖြစ်ခြင်သလောက် မပြောင်းလဲတဲ့အခါ ဘ ၀င်မကျ မကျေနပ်ဖြစ်ရပါတယ် …ဆရာက ..မောင်တူး .(.သူ့ အလုပ် သူလုပ်ပါစေတဲ့ ) နားမလည်ခဲ့ဘူး ။ ဆရာရေ အခုဆရာလဲမရှိတော့ဘူး …ကျနော်နားလည်ပါပြီ။ သူ့ အလုပ်သူ လုပ်ပါစေ..ကောင်းကင်နိုင်ငံမှဆရာ့ ကို အလွမ်းပြေ..

  5. Saw Tu Tu James says:

    သူရဲ့ ကောင်းတဲ့အလုပ် အပြုမူ အကျင့်ကိုတော့ ကျနော် ဖေးကူပြီ အများကောင်းဖို တို့ ပေါင်စို့ ။ လမ်းပြီးရင် ရပ်ကွက် ပြီး၇င် မြို့ ပြီးရင်..ပြီးရင်…. (နေပူထဲထိုင်နေလို့ …ထီးစောင်းပေးမဲ့အထဲတော့ မပါဘူးနော်)

  6. မုန်းသခင် says:

    ကျေးဇူးတင်ပါတယ် မမ သူတာဝန်လို့ မမှတ်ယူပဲ သူအလုပ်သူလုပ်နေတဲ့ သူတစ်ယောက်သူကိုအတုခိုးပြီ လူတစ်ယောက်ဆီက နေထိုင်သွားရင်
    အရမ်းကောင်းမယ်နော်….

  7. ni ni win says:

    ရိုးရိုးလေးပဲ။ ဒါပေမဲ့ ရောက်တယ်။ ဒီဆောင်းပါးလေးဖတ်ပြီး ဆရာတော်အရှင်ဇနကာဘိဝံသ ရဲ့ဆုံးမစကားတစ်ခုကိုသွားသတိရမိတယ်။ * မရှိတာထက် မသိတာခက်တယ်၊ မသိတာထက် မကျင့်တာခက်တယ်၊ မကျင့်တာထက် မယုံတာခက်တယ်။* ကဲ…ညီမရေ၊ ဒို့များလည်း တစ်ဖက်တစ်လမ်းကနေ ဘိုးတော်ကို ကူညီဖို့ အမှိုက်ထွက်ကောက်ကြပါစို့။

  8. စန်းထွန်း says:

    ဘိုးတော်လိုလူကတောင် လူ့ လောကကြီးကို ကောင်းကျိုးပြုသေးတယ်..တကယ့်ကောင်းတဲ့ ပို့ စ်ကလေး

  9. သူစိတ်ကျန်းမာရေးမကောင်းတာကအကောင်းဘက်ကိုပိုများတဲ့အတွက်ကုသိုလ်ပိုရတာပေါ့အစ်မရယ်။ နေကိုတစ်နာရီထိုင်ကြည့်တာကတော့တော်တော်မလွယ်တဲ့အလုပ်ပါဘဲ။ဒါပေမဲ့သူ့စိတ်ကလေးကအ မြဲဖြူနေတာကိုတော့ဒီစာဖတ်ရင်းသဘောပေါက်မိတယ်။လောကမှာစိတ်ကျန်းမာရေးမကောင်းပေမယ့်လူသာမန်တွေထက်ပိုပြီးမြင့်မြတ်တဲ့သူတွေအများကြီးပဲလို့ကျွန်တော်နားလည်ရပါတယ်အစ်မ။ပို့စ် ကောင်းလေးတစ်ပုဒ်ပါ။

  10. တစ်ကယ့်ကောင်းတဲ့ အတွေးလေးပဲမမ…
    အုတ်တစ်ချက်..သဲတစ်ပွင့်ဖြင့်..
    လောကကို အလှဆင်သူ….

  11. zwe lwin says:

    အံ့သြဖို့လည်းကောင်းတယ်။ ကြည်နူးဖို့လည်းကောင်းတယ်။ တက္ကသိုလ် ပထမနှစ်မြန်မာစာမှာ အရူးအသုဘက သူကြီးအသုဘထက် ပိုစည်တဲ့အကြောင်း ဖတ်ဖူးတယ်ခင်ဗျ။ လုံးလုံးကို မေ့ထားခဲ့တော့ ဘယ်သူရေးတာမှန်း အစပြန်ကောက်လို့မရဘူးဖြစ်နေတယ်။ ဒီဘိုးတော်ကလည်း အဲဒီထဲက အရူးလိုပါပဲလား။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>