ခိုးလိုးခုလုဖြစ်နေလို့

Number of View: 31303

မရေးပဲ မနေနိုင်တော့တဲ့အဆုံး ရေးမိတာမို့ ၊ ကျွန်မရေးမိ အပြစ်ရှိတယ်လို့ ဆိုချင်လည်း ဆိုကြပါစေတော့..။

ပြီးခဲ့တဲ့ အပတ်ထဲမှာ ဂျာနယ်တစ်စောင် ကျွန်မဖတ်ဖြစ်လိုက်တယ်။ တိတိကျကျပြောရရင်တော့ Envoy Journal၊ အမှတ်စဉ် (၃၃)။ ဒီဂျာနယ်ရဲ့ စာမျက်နှာ (၁၀) မှာ ရေးထားတဲ့ အယ်ဒီတာတစ်ဦးရဲ့ ဆောင်းပါးကို ဖတ်လည်း ဖတ်ပြီးရော၊ “ သြော်… ငါတစ်ယောက်ထဲမှ မဟုတ်လေပဲ၊ ငါ့လို ကြုံတွေ့နေရတဲ့ မိဘတွေလဲ ရှိနေသေးတာပဲ ”..ဆိုတာ သိလိုက်ရပါတယ်။

အမှန်တော့ စိတ်ထဲမှာ ခိုးလိုးခုလု ဖြစ်နေခဲ့ရတာ အတော်ကို ကြာနေခဲ့ပြီ။ အဲ့ဒီ ခိုးလိုးခုလုက အစေ့က အပင်ပေါက်၊ အပင်ကနေ အရွက်အလက်တွေ ခက်ဖြာဝေလာတော့၊ ရင်ထဲမှာ အစိုင်အခဲတစ်ခု အဖြစ်နဲ့တောင်   ဖြစ်တည်နေခဲ့တာ၊ ကြာ.. ကြာပါရောလား။ ကြာဆို လွန်ခဲ့တဲ့ နှစ်နှစ်၊ သားပြည့်တစ်ယောက်  နှစ်တန်းကျောင်းသား ဖြစ်ကထဲကပေါ့။

ကျွန်မရင်ထဲက ခိုးလိုးခုလုတွေကို မပြောခင်၊ ကျွန်မတို့ မိသားစုရဲ့ တစ်နေ့တာ အချိန်ဇယားလေးနဲ့ အရင် ထိတွေ့ပေးချင်တယ်။ သားပြည့်က မနက် ၇း၃၀နာရီဆို ကျောင်းကားလာခေါ်တာနဲ့ ကျောင်းပါသွားလေပြီ။ ကျွန်မတို့ လင်မယားက မနက် ၈း၃၀နာရီဆို အိမ်ကနေ မိမိအလုပ်ကိုယ်စီရှိရာကို ထွက်ပြီ။ နေ့လည် သားပြည့် ကျောင်းပြန်လာချိန် ၂း၀၀နာရီမှာ အိမ်မှာ သူ့အဖိုးက ရှိနေတယ်။ အ၀တ်အစားလဲ၊ အနားယူ၊ မုန့်စား၊ ရုပ်ရှင်၊ ဘောလုံးပွဲ ကြည့်ချင်ရာကြည့်၊ အပြင်စာ ဖတ်ချင်ရာဖတ်။  ၃း၀၀နာရီဆို သားပြည့် အဖေနဲ့ အမေရဲ့ ရုံးကို ဖုန်းဆက်ပြီ။ ဒီနေ့ကျောင်းမှာ ထူးခြားတဲ့ ကိစ္စမှန်သမျှ ပြောပြ၊ ဆရာမမှာတာ၊ စာမေးပွဲနဲ့ ပတ်သက်တာ စသဖြင့်ပေါ့။

ဖုန်းပြောပြီးတာနဲ့  သူက စာကြည့်စားပွဲထိုင်ပြီ။ တစ်နေ့တာ သင်လာတဲ့ ကျက်စာ၊ တွက်စာတွေ အကြွေးမထားပဲ တစ်ထိုင်ထဲကျက်၊ အဖိုးဆီမှာ စာတွေအလွတ်ဆို။ ညနေ ၅း၀၀နာရီမှာ သူ စာကျက်တဲ့ ကိစ္စအ၀၀ ပြီးလေပြီ။ စာနည်းတဲ့ နေ့မျိုးဆိုရင်၊ အိမ်နားက သူငယ်ချင်းတွေနဲ့ တစ်နာရီလောက် ဘောလုံးကန်။ ပြီးရင် ရေမိုးချိုး၊ ထမင်းစားပြီး ညနေ ၆း၀၀နာရီဆို သူက အိမ်ကနေ ၅မိနစ်လမ်းလျှောက်ရင် ရောက်တဲ့ ကျုရှင်ကို အဖိုးဖြစ်သူနဲ့ သွားပြီ။ ဒီကျူရှင်က သူ သူငယ်တန်းလေးထဲက တက်လာတဲ့ ကျူရှင်။ အဓိကက သူ့ကို မပင်မပမ်းနဲ့ သွားလို့ရအောင် အိမ်နဲ့ နီးနီးနားနားမှာ ထားထားပေးခဲ့တာပါ။ သားပြည့် ကျူရှင်တက်ချိန်က ညနေ ၆း၀၀နာရီက ည ၈း၀၀နာရီ။ ကျူရှင်မှာ သင်လိုက်တဲ့ တစ်နေ့တာ ကျက်စာ၊ တွက်စာတွေ ဒုတိယမြောက် တစ်ခေါက်ပြန်လုပ်ပေါ့။ သားပြည့် ကျူရှင်တက်နေချိန်မှာ အဖေနဲ့အမေက ၆နာရီခွဲလောက် အိမ်ပြန်ရောက်ပြီး၊ နောက်တစ်နေ့ ထမင်းဘူးအတွက် ညဈေးကနေ ၀ယ်ခြမ်းလာတွေ ပြင်ဆင်နဲ့၊ သားပြည့် ကျူရှင်က ပြန်ရောက်ချိန် ၈နာရီနောက်ပိုင်းမှာ မိသားစု လူစုံတော့တယ်။ အဲ့ဒီအချိန်ကမှ စလို့ မိသားစု သုံးယောက် ပြန်ဆုံဖြစ်ကြတယ်။

ကျူရှင်ဆိုတာကိုသားပြည့်အတွက်၊စာတွေ ပြန်အံရွတ်နိုင်ဖို့၊ ကျောင်းစာကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပုံမှန် လုပ်သွားနိုင်ဖို့အတွက် ရည်ရွယ်ပြီး ထားခဲ့ပါတယ်။  ကလေးကို ဘာဖိအားမှ မပေးလိုပါဘူး၊ စာကို အကြွေးမထားပဲ၊ ပုံမှန်လုပ်သွားဖို့ကိုပဲ ဆရာမအနေနဲ့ ဆောင်ရွက်ပေးပါလို့ ကျူရှင်သင်တဲ့ ဆရာမကို သူငယ်တန်း၊ ကျူရှင် စအပ်ထဲကလည်း ပြောထားခဲ့တယ်။

စနေ၊ တနင်္ဂနွေ(၂)ရက်မှာတော့ ကျောင်းရော၊ ကျူရှင်ရော ပိတ်လေတယ်။ တစ်ပတ်စာ သင်ထားတဲ့ စာတွေကို၊ အမေနဲ့ ပြန်နွှေးတော့ သားပြည့်က စာတွေ (၃)ခေါက်လောက် ပြန်ကျက်မှတ်ပြီးသား ဖြစ်နေပြီ။ သူတို့ စာမေးပွဲတွေက တစ်လတစ်ခါ စစ်တာဆိုတော့၊ စာမေးပွဲ ဖြေကာနီး ဆယ်ရက်လောက်ဆို၊ တစ်နေ့တစ်ဘာသာ ပုံမှန် ပြန်ကျက်မှတ်ရင်းနဲ့ စာမေးပွဲမဖြေခင် ရီဗေးရှင်း နှစ်ခေါက်လောက် သူရသွားပြီ။ ဆိုတော့ လစဉ် စာမေးပွဲဖြေကာနီးတိုင်း သူက စာကို (၅)ခါပြန်လောက် ကျက်ပြီးသား၊ ရပြီးသား ဖြစ်လေပြီ။

သားပြည့်ကိုယ်တိုင်ကိုက စိတ်ပူတတ်သူ၊ စာအကြွေးမထားတတ်သူ၊ စာနဲ့ ပတ်သက်ရင် ဥာဉ်ကောင်းလေတော့ စာတွေကို ကျွန်မတို့က မတိုက်တွန်းရလေပဲ သူ့အသိစိတ်ဓာတ်နဲ့သူ ကျက်မှတ်တာမို့ သူ့ပညာရေးအတွက် ဘာဖိအားမှ မပေးလေပဲ စာမေးပွဲမှာ ထူးထူးချွန်ချွန် အောင်မြင်တာက ကျွန်မတို့အတွက် တကယ့်ကို ဘုရားပေးတဲ့ ဆုပါပဲ။

စနေ၊ တနင်္ဂနွေနေ့တိုင်း ကျွန်မတို့ လင်မယားနှစ်ယောက်လုံး သူနဲ့အတူ အချိန်ပြည့် နေပေးတယ်။ သူနဲ့ သွားတယ်၊ စားတယ်၊ ကစားတယ်၊ ကာရာအိုကေ ဆိုကြတယ်။ တစ်ဦးတည်းသော သားဖြစ်ပြီး၊ မိဘနှစ်ပါးလုံးက အချိန်အပြည့်အ၀ မပေးနိုင်လေတော့၊ ရတဲ့ အားလပ်ချိန်လေးမှာ သူ့ကို စိတ်ရော၊ လူရော ကျန်းမာဖွံ့ဖြိုးစေဖို့ ကျွန်မတို့ မိဘနှစ်ယောက်လုံး အမြဲ အားထုတ်ပါတယ်။

ကောင်းတာနဲ့၊ ဆိုးတာနဲ့ကိုလည်း သူ့အသက်အရွယ်၊ သူ့ကိုယ်ပိုင်ဥာဏ်နဲ့ ဆင်ခြင်ဆုံးဖြတ်တတ်အောင်၊ တစ်ဦးထဲသားမို့ အတ္တမကြီးအောင်၊ စာနာစိတ်ထားပြီး၊ အများနဲ့ လိုက်လျောညီထွေနေတတ်အောင်၊ မိမိကိုယ်ကိုမိမိ အားကိုးတတ်အောင် အတတ်နိုင်ဆုံး လေ့ကျင့်ပေးပါတယ်။

ကလေးကို စိတ်ခွန်အား ဖွံ့ဖြိုးစေချင်တာက အဓိကပါဘဲ။

တကယ်ပြောချင်တဲ့ နေရာက အခုမှ စမှာပါ။

သားပြည့် အခုတက်နေတဲ့ ကျောင်းက အစဉ်အဆက် စည်းကမ်းသေ၀ပ်မှု၊ အောင်ချက်ကောင်းမှုရှိတဲ့ အ.ထ.က   ကျောင်းကြီးတစ်ခုပါ။ ကျောင်းကို ပုံမှန် တစ်နှစ်ကို(၄)ကြိမ် ကျွန်မရောက်ပါတယ်။ ပထမတစ်ကြိမ်က ကျောင်းအပ်တဲ့နေ့၊ ဒုတိတစ်ကြိမ်က ကျောင်းစဖွင့်တဲ့နေ့၊ တတိယတစ်ကြိမ်က အောင်စာရင်း ကြည့်တဲ့နေ့၊ စတုတ္ထတစ်ကြိမ်က ပညာရည်ချွန် ဆုပေးပွဲနေ့။

နေ့တဓူဝ ကျောင်းပို့၊ ဆရာမနဲ့ ထိတွေ့ဖို့ ကျွန်မအခွင့်အရေး မရပါဘူး။ အဲ့ဒီလိုတွေ့ဖို့လည်း လိုအပ်တယ်လို့ ကျွန်မ လက်မခံထားခဲ့ဘူး။ ဒီလို အတန်းပိုင်ဆရာမနဲ့ အထိအတွေ့နည်းတဲ့ ကျွန်မအတွက် တခြားအမေတွေလို၊ သားပြည့်ရဲ့ အတန်းပိုင်ဆရာမနဲ့ ခင်မင် ရင်းနှီးမှုရှိမနေဘူးဆိုတာ အထူးပြောဖို့ လိုမယ် မထင်ပါဘူး။

သူငယ်တန်း၊ ပထမတန်းမှာ သားပြည့်တစ်ယောက် ထူးထူးချွန်ချွန်   အောင်မြင်ခဲ့တယ်။ ခြွင်းချက်အနေနဲ့ ဆရာမနှစ်ယောက်လုံးက ကျူရှင် လုံးဝမပြတဲ့ ဆရာမတွေ ဖြစ်နေခဲ့တယ်။

ဒုတိယတန်းမှာ စတွေ့တော့တာပါဘဲ။ ကျောင်းကျူရှင်တဲ့..။ အစဉ်အဆက် ပညာထူးချွန်သူများကို အတန်းသစ်မှာ ဆရာမတွေက သတိထားမိကြပါတယ်။ ဒီတော့ သားပြည့်ကို ကျောင်းကျူရှင်တက်ဖို့ ဆရာမက ပြောပါတယ်။ “ကျောင်းသားတစ်ယောက် အိမ်မှာ စနေ၊ တနင်္ဂနွေနေ့တိုင်း ဘာသာစုံ ကျောင်းက ဆရာမတွေ ကျူရှင် သင်မယ်၊ သားပြည့်လာတက်ပါ..” ဆိုပြောလာတယ်။ ကျူရှင်တက်ရမယ့် နေရာက အိမ်ကနေသွားရင် ၄၅မိနစ်လောက် ကားစီးရမယ်၊ ဒီထက်ဆိုးတာက ကျွန်မတို့ မိသားစုပိုင် စနေ၊တနင်္ဂနွေကို ကျွန်မတို့ ဖဲ့မပေးနိုင်ပါဘူး။ ဒီပိတ်ရက်၂ရက်ကိုတော့ အပြည့်အ၀ သားကို အနားယူစေချင်လှပါတယ်။

နေရာဝေးလို့ အပို့အကြို လုပ်ဖို့ အခက်အခဲရှိလို့၊ ကျူရှင်မတက်နိုင်ပါဘူးလို့ ဆရာမကို ပြောခိုင်းပေမယ့်၊ ဆရာမက နေ့တိုင်းတက်ဖို့ပဲ     ပြောနေတယ်ဆို ပြောလာလို့၊ ကျွန်မမှာ သားပြည့်လက်ဆွဲပြီး၊ ကျောင်းမှာ ဆရာမကို မတက်နိုင်ကြောင်း ပြောဖို့ လိုက်တွေ့ရပါသေးတယ်။ သားပြည့် သချာင်္စာအုပ်က ပုစ္ဆာတွေမှာ အမှတ် မခြစ်ထားတာ တွေ့လို့ မေးတော့ “ သချာင်္ ဆရာမက အိမ်မှာ ကိုယ့်အဖေအမေကို ပြန်စစ်ပြီး ခြစ်ခိုင်း ” ဆိုလို့ ကျွန်မမှာ အံ့သြမဆုံး ဖြစ်ရပါတယ်။ ကျောင်းကျူရှင် တက်တဲ့ ကလေးများရဲ့  စာအုပ်မှာတော့ အမှတ်များ အပြည့်နှင့်ပါ။

စာမေးပွဲနီးပြီဆို   ကျောင်းကျူရှင် ကလေးများက ဓမ္မာ့ဓိဋ္ဌာန် မေးခွန်းများ ရနေချိန်မှာ၊ သားပြည့်တို့လို ကျောင်းသားများကတော့ သင်သမျှ အစအဆုံးကျက် ဆိုတာကလွဲလို့ ဘာမှ မရပါဘူး။ ဒုတိယတန်းမှာ သားပြည့် အရင်လို အဆင့်တစ် မရတော့တာကတော့၊ ထူးပြောဖို့ လိုမယ် မထင်တော့ပါဘူး။ ဒါတောင် တစ်မှတ်၊ နှစ်မှတ်ကွာနဲ့ အဆင့်ငါးကနေ မကျော်လို့ ဆရာမက ကျူရှင်ဘယ်မှာ တက်နေလဲလို့ ခေါ်မေးတာ မကြာခဏ ခံရပါတယ်။

တတိယတန်းမှာတော့ ထုံးစံအတိုင်း ကျောင်းကျူရှင်မတက်လို့ ဆရာမက မကြည်ပါဘူး။ လူကောင်ထွားတဲ့၊ စကားကို လိပ်ပတ်လည်အောင် ပြောတတ်တဲ့ သားပြည့်တစ်ယောက် အတန်းခေါင်းဆောင်လုပ်ရပါတယ်။ စာအုပ်စာတမ်းတွေ ပို့ခိုင်းတဲ့ အတန်းရောက်အောင် ပို့ပေးရတယ်၊ ကျောင်းသန့်ရှင်းရေး ဦးဆောင် လုပ်ပေးရတယ်၊ အတန်းထဲမှာ အသံဝင်အောင် စာခေါ်ပေးရတယ်၊ စကားများသူ နာမည်မှတ်ပေးရတယ်၊  သား… ကျောင်းအလုပ်တွေနဲ့  စာတွေ မမှီဘူးဆိုပြီး အိမ်ရောက်ရင် တကုတ်ကုတ်စာတွေ ပြန်ကူးနေရတဲ့ သားပြည့်ကို “ဆရာမက သားကို အားကိုးတာ ၀မ်းသာစရာပါ သားရယ်” ဆိုပြီး ကျွန်မတို့မှာ အားပေးရပါတယ်။

ဒါပေမယ့် “ကျောင်းတွင်း ပူးပေါင်းဆောင်ရွက်မှုဆုကို   နေမကောင်းလို့ ကျောင်းတက်တောင် မမှန်တဲ့၊ သားတို့ အသင်းနေ့ဆို တံမြက်စည်း လှည်းဖို့ မနည်းပြောရတဲ့ ကောင်မလေးက ရသွားတာ ဘာဖြစ်လို့လဲဟင်” လို့ မေးလာတဲ့ သားပြည့်အမေးကို ဘယ်လို ဖြေရမလဲလို့ ကျွန်မတို့ ဦးနှောက် ခြောက်ခဲ့ရဘူးပါတယ်။ ဆရာမကိုယ်တိုင်က ကျွန်မကို “ ကလေးက ဥာဏ်လေးလဲ ကောင်းတယ်၊  အားလဲ ကိုးရတယ်၊  မိဘပံ့ပိုးမှု မတရား အားနည်းနေတယ်” လို့ ပြောတယ်ဆိုလို့ ကျွန်မမှာ ဆရာမပြောတဲ့ ပံ့ပိုးမှုဆိုတာရဲ့ အဓိပ္ပါယ်အတွက် စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒါနဲ့ တတိယတန်းမှာ အဆင့်(၁)ကနေ(၃)အတွင်း မချိတ်တော့လို့ စိတ်မကောင်းဖြစ်နေတဲ့ သားပြည့်ကို ဖြောင့်ဖျရပါတယ်။ စစ်မှန်တဲ့ အဆင့်ဆိုတာ သူများပံ့ပိုးမှုမပါဘဲ မိမိကိုယ်တိုင် အားထုတ်ခြင်းကမှ ရလာတဲ့အဆင့် ဆိုတာကို ငယ်ရွယ်သေးတဲ့ သားပြည့်ကို ကျွန်မတို့ နားဝင်အောင် ရှင်းပြထားရပါတယ်။

သားပြည့် အခု လေးတန်းရောက်နေပါပြီ။ ထုံးစံအတိုင်း   ကျောင်းအပ်ရက်၊ ကျောင်းစဖွင့်တဲ့ ရက်ကလွဲလို့ ကျောင်းကို ကျွန်မ မရောက်ပါဘူး။ ကျောင်းကျူရှင်ကိုတော့ မတက်ဘူးဆိုတာ စကထဲက အတန်းပိုင်ဆရာမကို ပြောထားလိုက်ပါပြီ။ တစ်နေ့ တစ်ဘာသာ တစ်နာရီ၊ တစ်လမှာ ရှစ်ရက်နဲ့ ဘာသာရပ်ဆရာမအားလုံးနဲ့ နှစ်သောင်းနီးပါး ကျူရှင်လခက လေးတန်းကလေး တစ်ယောက်အတွက် မလိုအပ်ဖူးဆိုတာထက်၊ ကလေးအတွက် ထိရောက်တဲ့ သင်ကြားမှုမျိုး မဟုတ်မှန်းသိရက်နဲ့၊ ဘာအတွက် အချို့မိဘများ သူတို့ ကလေးတွေကို ကျောင်းကျူရှင် ထားချင်နေရသလဲဆိုတာကို   ဗေဒင်မေးစရာတောင် မလိုပဲ သိနိုင်ပါတယ်။

“ ကျောင်းဖွင့်စက၊ ကျောင်းကျူရှင်တက်မယ့်သူတွေ အောက်ထပ် အခန်းလွတ်မှာ သွားစုပါလို့ ဆရာမပြောတော့ ထွက်လာလိုက်တာ လူတွေ အတန်းတ၀က်ကျော်တယ် မေမေ၊ နောက်မှ ၀ိုင်းတွေ ခွဲသင်ဖို့ နေရာတွေ သတ်မှတ်မလို့ ခေါ်တာလို့ သိရတယ် ” လို့ သားပြည့် ပြောပြတော့၊ တန်းခွဲ၅ခုက ကျူရှင်တက်မယ့် ကလေးတွေနဲ့ ဆရာမတွေ ရတဲ့ ကျူရှင်လခကို စိတ်ထဲကနေ တွက်ကြည့်နေမိတယ်။

တစ်ရက်.. လပါတ်စာမေးပွဲ ဖြေကာနီး၊ သားပြည့်စာကျက်နေတုန်း ကျွန်မနားထဲ ကြားလိုက်ရတာက လွဲနေတာမို့ သူ့စာအုပ် ယူကြည့်တော့၊ လောကဓံတရား(၈)ပါးကို ပါဋ္ဌိနဲ့ အနက်တွဲဆိုနေတာက အလွဲကြီး။ ဒါနဲ့ အိမ်မှာရှိတဲ့ အရှင်ဇနကာဘိဝံသရဲ့ စာအုပ်ကို ယူပြီး စစ်ကြည့်လိုက်တော့ လောကဓံတရား(၈)ပါးမှာ (၂)ပါးက ပါဋ္ဌိလို စာလုံးပေါင်း မှားနေယုံသာမက အနက်ပါ လုံးဝ လွဲနေတာ။ အရေးကြီးတဲ့ အပုဒ်ဆိုတော့ သားပြည့်ရဲ့ မျက်နှာက ပျက်နေပြီ။ မနက်ဖြန်ဆို စာမေးပွဲက စပြီ။ ဒီ စာရိတ္တ ဘာသာက နောက်ဆုံးနေ့ ဖြေရမှာဆိုတော့ အချိန်တော့ရသေးတယ်၊ သား မပူနဲ့ဆို အဖေနဲ့အမေ နှစ်ယောက်သား   အရှင်ဇနကာဘိဝံသရဲ့ လောကဓံတရား(၈)ပါးကို မိတ္တူကူး၊ ဆရာမနဲ့ ကျောင်းမှာ စာမေးပွဲမဖြေခင် သွားတွေ့ရပါတယ်။

မလာစဖူးရောက်လာတဲ့ ကျွန်မကို အတန်းပိုင် ဆရာမက အံ့သြသွားပုံရပါတယ်။ အတန်းပိုင်ဆရာမက သိပ္ပံသင်တာပါ။ မိတ္တူစာရွက်လေးပြပြီး လွဲနေတာကို ပြောပြတော့ ကံအားလျော်စွာ ဆရာမက စာရိတ္တသင်ဖူးခဲ့တော့ စာလုံးပေါင်းမှားနေတာရော၊ အနက်လွဲနေတာကိုပါ လက်ခံလိုက်ပါတယ်။ သက်ဆိုင်ရာ ဘာသာရပ် ဆရာမကိုလည်း ပြောပြပေးမယ် ပြောပါတယ်။ ညနေ သားပြည့် ကျောင်းက ပြန်လာလို့ ဘာထူးလဲမေးတော့ “ အခု သင်ထားတဲ့ အတိုင်းပဲဖြေ၊ မှားတာ မှန်တာ ဘာမှ ပြောမနေနဲ့လို့ ဆရာမက ပြောတယ်” လို့ ပြောလာပါတယ်။ သားပြည့်က “ ဒီအပုဒ် စာမေးပွဲမှာ ပါလာရင် သားဘယ်လိုဖြေရမလဲ ” လို့ ငိုမဲ့မဲ့နဲ့ မေးလာတော့ ကျွန်မစိတ်တွေ အတော့်ကို လေသွားရပါတယ်။ ဒါနဲ့ သားပြည့်ကို “ပါလာရင် အခု မေမေ အမှားပြင်ပေးထားတဲ့ အတိုင်းသာ ဖြေလိုက်၊ အမှတ်နည်းလဲ ပြဿနာမရှိဘူး၊ မှားနေတာကြီးကို သားကိုယ်တိုင် တွေ့ရက်နဲ့ ဖြေတာ မဖြစ်စေနဲ့၊ ကြားလား..” လို့ မှာရတယ်။

အဲ့ဒီ စာရိတ္တဖြေပြီးတဲ့ နေ့က သားပြည့် ရုံးကို ထုံးစံအတိုင်း ဖုန်းဆက်တယ်။ “ မေမေ.. ဟိုအပုဒ်ကြီး ပါလာတယ်၊ ကံကောင်းတာက နှစ်သက်ရာ သုံးပုဒ်ဖြေပါဆို မေးတာမို့လို့ သား အဲ့ဒီအပုဒ်မရွေးပဲ၊ ဒီပြင်အပုဒ်ပဲ ရွေးဖြေလိုက်တယ်” လို့ စိတ်လက်ပေါ့ပါးစွာ ပြောလာတာမို့  တော်သေးတာပေါ့လို့ စိတ်ထဲဖြစ်သွားရတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာလက စာမေးပွဲကို မြို့နယ်စစ်စစ်မယ်၊ အရင်လို တစ်လစာပဲ စာမေးပွဲမှာ မေးမှာမဟုတ်ပဲ၊ ကျောင်းစဖွင့်ထဲက ခြောက်လစာ စာတွေ အားလုံးထဲက မေးမယ်၊ အမှတ်တွေကို သူများကျောင်းက ခြစ်မယ်၊ မေးခွန်းတွေ ဘာမေးဆိုတာလည်း မသိရဘူးလို့ သိလိုက်ရတယ်။ လစဉ် စာမေးပွဲမှာ အမှတ်တွေ ကောင်းပေမယ့်၊ တစ်မှတ်ကွာ နှစ်မှတ်ကွာ၊ အဆင့်လေး၊ ငါးနဲ့ ကျေနပ်နေရတဲ့ သားပြည့် တစ်ယောက် ၀မ်းသာသွားတယ်။ သူက စာတွေ အားလုံး ဖွတ်ဖွတ်ညက်ညက် ရနေသူဆိုတော့ ဒီလိုမြို့နယ် စာမေးပွဲဆို၊ အစစ်အမှန် အမှတ်တွေ ရတော့မယ်ဆိုတာ သူသိတယ်လေ။ မြို့နယ်စာမေးပွဲ ဖြေပြီးတော့ သားပြည့်တစ်ယောက် စာများတဲ့ လူမှုရေးဘာသာကို ဘယ်သူမှ မရခဲ့ဖူးတဲ့၊ အမှတ်ပြည့် တစ်ရာရခဲ့တယ်။ အဆင့်လည်း ငါးကနေ နှစ်ကို တက်သွားတယ်။ အဆင့်တစ်နဲ့သူက တစ်မှတ်ပဲ ကွာတာမို့ သားပြည့် စိတ်အားတက်သွားရတဲ့ လပေါ့။

ဘောလုံးဝါသနာပါတဲ့ သားပြည့်တစ်ယောက် ကျောင်းပွဲအတွက် တိုက်စစ်မှူးအဖြစ် အရွေးခံခဲ့ရပြီး၊ သူတို့ကျောင်း ဒုတိယဆု ငွေတံဆိပ်ရခဲ့တာကို “ အားပေးတတ်သူများနှင့်”  ပို့စ်မှာ ကျွန်မ ရေးခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် ကျောင်းအတွက် ဘက်စုံထူးချွန်ဆုဖြေဖို့ အတန်းထဲက ရွေးချယ်တဲ့ သုံးယောက်ထဲမှာ သားပြည့် ပါဝင်ခွင့် မရခဲ့ဘူးဆိုတာ ကျွန်မ အထူးပြောဖို့ လိုမယ်မထင်ပါဘူး။

ဒါ.. အခု ကျွန်မ စိတ်ထဲ စွဲထင်နေတဲ့ အချက်အချို့ ရေးပြတာပါ။ ကျောင်းကျူရှင်တက်တဲ့ ကလေးတွေ အားလုံးကို အတန်းရဲ့ ရှေ့ဆုံးမှာ ထိုင်စေပြီးတော့၊ ကျန် ကလေးများက အနောက်မှာသာ ထိုင်စေတာ၊ (ကျောင်းစဖွင့်တုန်းက ဒုတိယလိုင်းမှာ နေရာရခဲ့တဲ့ သားပြည့်လဲ အတန်းရဲ့ နောက်ဆုံးခုံမှာ ထိုင်ရပါတယ်)၊ သီတင်းကျွတ်ကန်တော့ဖို့ ဆရာမက သူကြိုက်တဲ့၊ မကြိုက်တဲ့ ပစ္စည်းစာရင်းကို ကလေးတွေသိအောင်၊ ဒါ့ထက် မိဘတွေ သိအောင်၊ ရေးပေးတယ်ဆိုလို့  ကျွန်မမှာ မျက်လုံးတွေ ပြူးပြီးရင်း ပြူးရတာ ( အဲ့ဒါက ညီမတစ်ဝမ်းကွဲရဲ့သား တက်နေတဲ့ နာမည်ကြီးကျောင်းတစ်ကျောင်းက သတင်း) ၊ ကျောင်းမှာ ကလေးများနဲ့ ကျောင်းအပြိုင်တက်နေတဲ့ ကဲတဲ့၊ သည်းတဲ့ မိဘတွေရှိတယ်၊ ဆရာမစားဖို့ နေ့စဉ်မုန့်၊ ဟင်းယူလာပေးတဲ့ မိခင်တွေ၊ သူ့ဟင်းငါ့ဟင်း၊ သူ့မုန့်ငါ့မုန့် အလုအယက် ကျွေးရင်း စိတ်ဝမ်းတွေတောင် ကွဲကြတယ်ဆိုလို့ အဲ့ဒီလောက်တောင် လုံ့လစိုက်နိုင်တဲ့ မိဘမျိုးအတွက် အံ့သြမိရပြန်ပါတယ် (အဲ့ဒါက သူငယ်ချင်းမ တစ်ယောက်ရဲ့ သားတက်တဲ့ ကျောင်းက သတင်း)၊ နောက်……….၊ အများကြီး ရှိပါသေးတယ်၊ အဲ့ဒါတွေ ရေးပြရင်တော့ ဆုံးတော့မယ် မထင်ပါဘူး။

အချိန်တစ်ခုတုန်းက အစိုးရကျောင်းဆရာမတွေ ကျူရှင်ပြခွင့်   ပြင်းပြင်းထန်တန် တားမြစ်လိုက်ပါသေးတယ်။ အဲ့ဒီတုန်းကတောင် ကလေးတွေကို ကျူရှင်ကို လာရင်၊ လွယ်အိတ်မလွယ်ခဲ့စေပဲ၊   ကျောင်းစာအုပ်တွေကို တခြားအိတ်နဲ့ ထည့်ပြီး ကျူရှင်လာတက်စေတာ အခု ဒီပို့စ်ရေးရင်း ပြန်မှတ်မိနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့   ကျောင်းကျူရှင်တွေကို ပြောင်ပြောင်တင်းတင်းပဲ ပေးနေကြပြီး၊ ကျူရှင်အတွက် ကျောင်းသားလုရင်း ဆရာမအချင်းချင်း စကားများကြတယ် ဆိုတာမျိုး ကြားလာရတော့၊ ကျွန်မတို့ ငယ်ငယ်တုန်းက ဆရာမတွေ အိမ်မှာ နွေရာသီ အခမဲ့ စာသင်ပေးတာ၊ ကျောင်းစာအပြင် ဘာသာရေး၊ ယဉ်ကျေးမှုတွေကိုပါ သင်ပေးခဲ့တဲ့ နာသုံးနာ ပြည့်ဝတဲ့ ဆရာမများနှင့် သားပြည့်တို့ ခေတ်မှာ မကြုံတွေ့ ရလေတော့တာကို စိတ်မကောင်းကြီးစွာ ဖြစ်မိရပါတယ်။

Envoy Journal၊ အမှတ်စဉ် (၃၃) မှ ဆောင်းပါး

တကယ်တော့ ကျွန်မ စိတ်ထဲမှာ အစိုင်အခဲတွေ ဖြစ်တည်နေခဲ့တာ အတော့်ကို ကြာခဲ့ပါပြီ။ အစပိုင်းမှာ ပြောခဲ့သလို၊ အင်ဗွိုင်းဂျာနယ်မှာ ရေးထားတာဖတ်ပြီး၊ ကျွန်မ ဒီပို့စ်လေးကို ချရေးဖြစ်သွားတာပါ။

တန်းတူညီတူ ပညာရေးစနစ်မှာ သားပြည့်တို့လို ပညာကို ခွဲခြားသင်ယူခြင်း ခံနေရတဲ့ ကလေးများစွာ ရှိနေဦးမှာ မလွဲပါဘူး။ ဒီလို ခွဲခြား ဆက်ဆံတာဟာ ခွဲခြားခံရတဲ့ ကလေးတွေဘက်က ကြည့်ရင်၊ သူတို့ရဲ့ စိတ်နုနုလေးတွေကို ဖိနှိပ်ချိုးခံနေရ သလိုဖြစ်ပြီး၊ အရေးပေး ဆက်ဆံခံရတဲ့ ကလေးတွေဘက်ကို ကြည့်ရင်လဲ လွဲမှားသွာရနေတဲ့ အခွင့်အရေးအပေါ်မှာ သာယာတတ်သွားတဲ့ စိတ်တွေဝင်လာပြီး  သူတို့ရဲ့ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးတွေပါ ကျဆင်းသွားနိုင်ပါတယ်။

ကျွန်မရဲ့ မိခင်ကိုယ်တိုင် ကျောင်းဆရာမတစ်ဦး ဖြစ်ခဲ့သူပါ။ ဒါပေမယ့် ယနေ့ခေတ်မှာ နာသုံးနာပြည့်ဝတဲ့ ဆရာမ စစ်စစ်တွေ ရှိနေပေမယ့်၊ တကယ်ကို ရှားပါးလာခဲ့ပြီလို့ မိခင်ကြီးရှိစဉ်ထဲက ပြောဖူးပါတယ်။ မိဘ၊ ဆရာ၊ ကျောင်းသား မှန်ကန်တဲ့ နည်းလမ်းနဲ့ ပူးပေါင်းပါမှ အရည်အသွေးပြည့်တဲ့ ကျောင်းသားကောင်းများ ပေါ်ထွက်လာမှာပါ။ မဟုတ်ရင်တော့ ကျောင်းသားများ လက်ဝယ် ရရှိထားတဲ့ ဆုတံဆိပ်တွေ၊ ဆုကဒ်ပြားတွေဟာ စစ်မှန်တဲ့ ဆုတံဆိပ်တွေ မဟုတ်ပဲ၊ ဖန်တီးရယူထားတဲ့ ဆုတံဆိပ်များသာ ဖြစ်လာမှာပါ။ မိဘအချို့ကလည်း မသာယာသင့်တဲ့ အခွင့်အရေးပေါ်မှာ သာယာရင်း၊ ဂုဏ်ယူနေကြရင်း၊ သူတို့ကိုယ်တိုင် မစစ်မှန်တဲ့ ရလာဒ်တွေအပေါ်မှာ အသားတကျ ရှိနေကြတာဟာ သူတို့ ကလေးများအတွက်  တကယ့်ကို ရင်လေးစရာပါ။

ကလေးတွေဟာ နောင်အနာဂတ်ရဲ့ အညွန့်အဖူးလေးတွေပါ။ ကျွန်မတို့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို အသွင်သစ်ကူးပြောင်းတော့မယ်ဆိုရင် ဟိုး…ထိပ်ဆုံးတွေကနေ ကမ္ဘာကို ရင်ဘောင်တန်းဖို့ လုပ်နေတာထက်၊ အောက်ခြေ၊ အခြေခံကစလို့ အခုလို အခြေခံပညာအဆင့်မှာ လှိုက်စားနေတဲ့၊ အရိုးစွဲ စိတ်ဓာတ်တွေ၊ စံနစ်ဆိုးတွေ၊ အမူအကျင့်ဆိုးတွေ၊ ပညာကို ၀ယ်ယူရတဲ့ အဖြစ်တွေကနေ အရင်ဦးဆုံး ကင်းစင်အောင် လုပ်ဖို့ လိုအပ်လှပါတယ်။ တန်းတူညီမျှတဲ့ ပညာသင်ကြားခွင့်၊ အရည်အသွေး ပြည့်ဝတဲ့သင်ကြားမှုတွေနဲ့ လူငယ်လူရွယ်များ ပညာကို မှန်ကန်တဲ့ နည်းလမ်းများဖြင့် သင်ယူခွင့် အမှန်တကယ် ရစေချင်လှပါတယ်ရှင်။

“Educating the mind without educating the heart is no education at all.”— Aristotle —

“Education is not the answer to the question. Education is the means to the answer to all questions.”
– William Allin –

“The main part of intellectual education is not the acquisition of facts but learning how to make facts live.”
– Oliver Wendell Holmes–

“Getting things done is not always what is most important. There is value in allowing others to learn, even if the task is not accomplished as quickly, efficiently or effectively.”
– R.D. Clyde –


ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။

Share
This entry was posted in ခိုးလိုးခုလု. Bookmark the permalink.

71 Responses to ခိုးလိုးခုလုဖြစ်နေလို့

  1. ကိုယ်တိုင်လည်းဒါမျိုးကြုံကြိုက်ဖူးတာမို့ အစ်မရယ်
    ဘာပြောရမှန်းသိတော့ပါဖူး တကယ်ဖြစ်နေတာပါ တကယ်ဖြစ်နေရဲ့လေ
    နောက်မှပဲ ပို့စ်တပုဒ်ရေးပြီးပြောပြမယ်း)

  2. အဲဒီ ခိုးလိုးခုလု ကိစ္စကလည်း ဆယ်စုနှစ်တွေ လွန်ခဲ့ပါပြီ။ ဘယ်သူက ဘယ်သူ့ကို ဘယ်လို အပြစ်တင်ရမလဲတောင် မသိတော့ဘူး။ တကယ် မြေစာပင်ဖြစ်နေရတာ ကျတော့ နောင် တစ်ချိန် လူကြီးအဖြစ် အားကိုးမှီခိုရမယ့် ကလေးတွေ ဖြစ်နေတယ်..။

  3. ဒီပြဿနာတွေကတော့ တော်တော်ဆိုးတယ်..။ ကျွန်တော်ကိုယ်တိုင်လည်း ငယ်ငယ်က ခံစားခဲ့ရဖူးတယ်..။ အခုခေတ်လောက်တော့ မဆိုးသေးဘူးပေါ့လေ..။ အခုနောက်ပိုင်းတော့ ခဏခဏကြားရမြင်ရတာတွေ မျက်လုံးပြူးစရာတွေချည်းပဲဖြစ်နေရတယ်….. ဘာပဲပြောပြော.. သားပြည့်မှာ မှားတာမှန်တာကို အချိန်ပေးပြီး ပြင်ဆင်ထိန်းကျောင်းအချိန်ပေးနိုင်တဲ့ မိခင်တစ်ယောက်ရှိနေတော့ အားလုံးအဆင်ပြေမှာပါ..း))))…

    ခင်မင်လျက်
    နေ၀သန်

  4. ဝေ says:

    ခိုးလိုးခုလုတွေ အများကြီးကျန်သေးတယ် ညီမရေ…
    အမလည်း အက်ဆေးလေးတစ်ပုဒ်ရေးထားတယ်။
    မဂ္ဂဇင်းမှာ ဖော်ပြခွင့်တောင် ရပါ့မလားမသိ…

    • မြသွေးနီ says:

      မမဝေ…ရေးပါအစ်မ..။ ရေးမှ သိကြမှာမို့ မြသွေးတော့ အားပေးတယ်။

  5. ရတနာနွယ် says:

    မမရေ —- သိပ်မကြာသေးခင်ကပဲ နာမည်ကြီး အထက်တန်းကျောင်းမှာ တက်နေတဲ့ ရတနာ့ မောင်ဝမ်းကွဲလေး ကျောင်းကျူရှင် မတက်လို့ ဆိုပြီး အတန်းပိုင် ဆရာမက အမျိုးမျိုး အငြိုးထား ဒုက္ခပေးတယ် ၊ တစ်ရက် ကျတော့ အတန်းထဲကို လိုက်စစ်ရင်း ဆံပင်ရှည်နေလို့ ဆိုပြီး အိတ်ထဲမှာ ပါတဲ့ ကတ်ကြေးနဲ့ ဆံပင်ကို လေးကွက်ကြား ညှပ်လိုက်တယ် ၊ညှပ်လိုက်တဲ့ ဆံပင်တွေကို အတန်းထဲ လွှတ်ပစ်လိုက်ပြီး တစ်ခု မကျန် ပြန်ကောက်ခိုင်းတယ် ၊ ကလေးကို 9 တန်း 10 တန်း အတွက် အခြေခံ ခိုင်မာအောင် 8 တန်းကို ကျောင်းကျူရှင် မတက်ခိုင်းပဲ အပြင်နာမည်ကြီး ကျူရှင် ဆရာတွေ စီမှာ တက်ခိုင်းထားတာပါ – မောင်လေးဆို ရှက်လွန်းလို့ 1 ပတ်လောက် ဖျားသွားတယ် ကျောင်းမတက်ချင်တော့ဘူး ပြောနေလို့ မနည်းချော့မော့ထားရတယ် – တော်တော် နာသုံးနာ မပြည့်ဝတဲ့ ဆရာမတွေပါပဲ မမရယ်

  6. ဒီလို ဖြစ်တာ ဘယ်အချိန်က စခဲ့မှန်းတောင် မသိတော့အောင်ပဲ မမရေ..
    မွန်တို့ ငယ်ငယ်ကတော့ အထက ()စမ်းချောင်း ကျောင်းကို တက်ရဖို့ သူတို့အိမ်မှာ ဘာလိုသလဲ လာကြည့်ပါတဲ့..အဲဒါမှ အဲဒီကျောင်းကို ဝင်တက်ခွင့်ရတာ….
    ခုဆိုရင်ရေးပေးတဲ့အထိဆိုတော့ ပိုတောင်ဆိုးလာပြီပေါ့….
    နောက်ပိုင်းလည်း ပိုဆိုးဖို့ပဲ ရှိပါတော့တယ်……

  7. မမ
    ခိုးလို့ခုလုတွေ ညီမမှာလဲရှိတယ်..
    ရေးမယ်ဆိုပြီးရေးလိုက် ရပ်လိုက်နဲ့ အဟီးးး
    ခုတော့ ဆက်ရေးကြည့်လိုက်အုံးမယ်….
    မမနဲ့အဖော်ရတာပေါ့နော်..

    ချစ်ညီမ

    • မြသွေးနီ says:

      နှင်းရေ….
      ရေးစမ်းပါကွယ်…
      ဖတ်ချင်လွန်းလို့ပါ…

  8. ရွှေရုပ်လွှာ says:

    ကြာခဲ့ပါပြီ မမရယ်… သည်လိုကိစ္စတွေကပေါ့…
    အရုပ်ကိုယ်တိုင် သားပြည့်နေရာက ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ဖူးတာပေါ့…. မှတ်မှတ်ရရပါပဲ….
    ပိုဆိုးတာက အရုပ်တို့က တစ်ယောက်နှစ်ယောက်မဟုတ်ဘူး… အဖွဲ့လိုက်ဆိုတော့ အဖွဲ့လိုက်ကို လက်ညှိုးထိုးပြီး သူ့ကို မကောင်းပြောပါတယ်ဆိုပြီလူလည်ကောင်မှာ အပြောအဆိုခံခဲ့ရတာ.. မှတ်မိပါသေးတယ်….. ဒါတောင် အရုပ်တို့က မူလတန်းကနေ အလယ်တန်း ပြီးတော့ အထက်တန်းအထိ ပြီးဆုံးဆောင်နယ်မြို့ ကလေးက ကျောင်းမှာပဲ တက်ခဲ့ရတာကလား… တစ်မြို့ လုံးမှာ သည်လိုမျိုးအဖြစ်အပျက်က ရှာမှရှားဆိုတဲ့ ခေတ်ပါ….. အခုဆိုရင်တော့ သည်လိုမျိုးတွေက လက်ညှိုးထိုးမလွဲ မြင်နေရပြီ တွေ့နေရပြီ ကြားနေရပြီဗျာ….

  9. ပန်းချီ says:

    ချစ်တဲ့အစ်မရေ…
    ဒီဆောင်းပါးဖတ်ရင်း မောလိုက်၊ စိုးရိမ်လိုက်၊ မျက်ရည်ဝဲလိုက်ရနဲ့ အတော်ကိုခိုးလိုးခုလုဖြစ်ရတယ်။ ခုလောက်ဆိုးဝါးတဲ့ ကျောင်းကျူရှင်ဆရာမတစ်ချို့ရဲ့စည်းမဲ့ကမ်းမဲ့ ပညာရေးကိုခုတုံးလုပ်နေတာတွေကို ဘယ်ခုံရုံးတင်ပြီး၊ ဘယ်ဥပဒေနဲ့အရေးယူရမယ်မှန်းတောင် မသိတော့ဘူး။ အရည်အသွေး ပြည့်မီတဲ့ educational quotient တစ်ခုအတွက်တော့ ခုလိုပဲ ကလောင်သွားနဲ့ သပိတ်မှောက်ကြရုံ ကလွဲလို့ ဘာများထပ်ပြီးတတ်နိုင်ဦးမှာလဲလို့ တွေးမိသေးတယ်…။

    သားပြည့်လို လိမ္မာရေးခြားရှိတဲ့ သားလေးမျိုး အစ်မတို့ ပိုင်ဆိုင်ထားတာကတော့ တကယ်ပဲ ဘုရားပေးတဲ့ဆုလို့ပဲ ဆိုရမယ် မရေ။ သားပြည့်ကို အဲဒီလိုထိန်းကျောင်းပဲ့ကိုင်ပေးနိုင်တဲ့ အစ်မတို့မိသားစုလေးကိုလည်း လေးစားမှူပိုရပါတယ်း)

  10. နောင်ရိုး says:

    အင်း……………ဒါကတော့ ကျွန်တော်တွေ့ရသလောက်မှာ မြို့ပြရဲ့ ယဉ်ကျေးမှု့တစ်ခုလို့ပဲပြောပါရစေတော့ဗျာ နောက်ပြီး တစ်ချို့သော အယူအဆမှားနေတဲံ မိဘတွေရဲ့
    လိုက်လျောမှု့တွေကြောင့် ဒီလို့ဆရာဆ၇ာမတွေဟာ ပိုပိုပြီး ဆိုလာတာပါ
    ကျွန်တော်တို့ ငယ်ငယ်ကတက်ခဲ့တဲံ ကျောင်းက ဆရာမတွေကတော့ ဒီဆရာမတွေနဲံ ဆန့်ကျင့်ဖက်ပါပဲဗျာ…..မှတ်မှတ်ရရပါပဲ ကျွန်တော် ( ၉ ) တန်းတက်တဲံနှစ်ပေါ့ဗျာ ကျောင်းတက်နေရင်နဲံ စာက မလိုက်နိုင်တော့ဘူး စာမလိုက်နိုင်တော့ ကျောင်းနေရတာမပျော်တော့ဘူးပေါ့ စာမလိုက်နိုင်ဘူးဆိုတာကလဲ ကိုယ်ကိုတိုင်က စာကျက်ရမှာပျင်းလွန်းလို့ပါ အဲဒီတော့ ကျောင်းကိုမတက်ချင်တော့ဘူး
    အဲဒီ့မှာ ကျွန်တော်တို့ အတန်းပိုင်ဆရာမ ဒေါ်ကျင်အေးဆိုတာ နာမည်နဲံလူနဲံ အရမ်းကိုလိုက်ဖက်တယ်ဗျာ သူကကျွန်တော်ကျောင်းမတက်တော့ဘူးဆို ( ၁၀ ) ရက်လောက်မတက်တော့ အိမ်ကိုလိုက်လာတယ် သားဘာဖြစ်လို့ ကျောာင်းမလာတာလဲတဲ့
    ကျွန်တော်မတက်ချင်လို့ဆိုတော့ ကျွန်တော်ဆရာမ ဘာပြောတယ်မှတ်လဲ ..?
    ဒီတစ်နှစ်လေးတော့ ပြီးအောင်တက်ပါသားရယ် စာမလိုက်နိုင်ရင် ဆရာမဆီမှာလာနေပြီးကျက် စရိတ်ငြိမ်း သင်ပေးမယ်တဲ့ဗျာ….ကဲ အဲလိုဆရာမတွေလဲ အများကြီးကို ရှိပါတယ်

    ကျွန်တော်ပြောခဲံသလိုပေါ့ဗျာ မြို့ပြယဉ်ကျေးမှု့ရဲ့ ကျောင်းတွေရဲံ ဓနပြိုင်ဆိုင်မှု့တွေအောက်မှာ ကျောင်းသားလူငယ်လေးတွေ ဓါးစားခံဖြစ်ရတယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ………………………………………………………………………

  11. kiki says:

    ဟုတ်ပါရဲ့ နော် ..“ ဟိုး…ထိပ်ဆုံးတွေကနေ ကမ္ဘာကို ရင်ဘောင်တန်းဖို့ လုပ်နေတာထက်၊ အောက်ခြေ၊ အခြေခံကစလို့ အခုလို အခြေခံပညာအဆင့်မှာ လှိုက်စားနေတဲ့၊ အရိုးစွဲ စိတ်ဓာတ်တွေ၊ စံနစ်ဆိုးတွေ၊ အမူအကျင့်ဆိုးတွေ၊ ပညာကို ၀ယ်ယူရတဲ့ အဖြစ်တွေကနေ အရင်ဦးဆုံး ကင်းစင်အောင် လုပ်ဖို့ လိုအပ်လှပါတယ်။ ” ။ အဲဒါလေးကို အားလုံး သိကြဖို့  ၊ လုပ်ကြဖို့  အရေးကြီးတယ်..။

    ဒီ ခိုးလိုးခုလု က တကယ် ခံစားရတယ်…။

    ခုခေတ် အာစရိယဂုဏော အန္နန္ဓော.. များ အတွက် နာ သုံး နာကို “ အော့နှလုံးနာ ၊ စိတ်နာ ၊ဝေဒနာ” လို့ ပြောင်းရေးရတော့ မလိုပါပဲ လား။ ကိုယ်တို့ငယ်ငယ်တုံးက ကျူရှင်ဆိုတာ ဘာမှန်းမသိ ၊ ဆရာ ဆရာမ တွေ ဆိုလည်း တကယ့်ကို စိတ်ပါလက်ပါ သွန်သင်ဆုံးမ ခဲ့ကြတာလေ ။ ငါ့ဝမ်းပူဆာ မနေသာလို့  .. ဆိုတာကနေ စပြီး ..တစ တစ နဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပျက်စီးလာလိုက်ကြတာ … နေရာတကာ ခြအုံတွေချည်း ဖြစ်နေပါပြီ ။

  12. mgthant says:

    ကျတော်ကတော့ ကိုယ့်မူကို ကိုယ်မပျက်စေနဲ့လို့ အားပေးချင်တယ် အမ…
    နောက်ဆုံး ကျောင်းကပါ နှင်ထုတ်ခံရပါစေ… ငယ်တုန်းကတော့ ဒီလို ကိစ္စမျိုးနဲ့ ကျနော့်အမကျောင်းဆရာမနဲ့ ဘာသာရပ်ဆရာမတောင် စကားများခဲ့ကြဖူးသေးတယ်။
    အခုတော့ တူလေးတွေကို အမကိုယ်တိုင် အဲလိုကြပ်မတ်ပေးပါလို့ ပြန်သတိပေးနေရတယ်။ ဆရာမတွေ လုပ်တာကို ဆရာမဖြစ်ခဲ့တဲ့ ကျနော့်အမကိုယ်တိုင် မလွန်ဆန်နိုင်မှာစိုးလို့… ပါ။
    အခုလို ကိုယ့်မူနဲ့ကိုယ် ရပ်တည်တဲ့ အမ မြသွေးနီတို့ ဇနီးမောင်နှံကို ချီးကျူးပါတယ်။ ညီလေး သားပြည့်က အဖေအမေရတာ ကံကောင်းတယ်။ စနေ တနင်္ဂနွေ နှစ်ရက် ပြည့်ပြည့်၀၀ နားတဲ့ စနစ်ကိုလည်း အရမ်းသဘောကျတယ်။

  13. kohtut says:

    ကျနော်ကိုးတန်းနှစ် (2004-2005)က အပြင်မှာ ကျုရှင်တက်တယ်.. နောက်ကျတော့ ဆရာမဆီမှာ မတက်ရင် မရတော့တဲ့ထိဖြစ်လာတယ်.. ဘာဖြစ်လို့လဲဆိုတော့ ကျောင်းမှာ စာကို ဟုတ်တိပတ်တိ မသင်ဘူး။ စတိသင်တယ် ကျန်တာ လုပ်ချင်တာလုပ်ပဲ.. စာမေးပွဲရှိရင် ဆရာမကျုရှင်က ကလေးတွေက အဆင့် အပျံစား ကိုယ်ကတော့ နောက်ဆုံးမှာ ဘိတ်ချေး။ ဆရာမတွေက စာမေးပွဲနီးတာနဲ့ မေးခွန်းကို ကွက်တိပေးလိုက်တော့တာပဲ။ လုံးဝမလွဲဘူး..ကွက်တိ။အဲလောက်ဆိုးတယ်.. ပြောပြချင်တော့ဘူး… :(

  14. ni ni sann says:

    ဒီလိုအဖြစ်တွေ က ရန်ကုန်တင်မဟုတ်ဘူး နယ်တွေ ဘက်မှာရောရှိတယ် အမ ။

  15. K says:

    ခေတ်နဲ့ စနစ် အမြစ်ကနေ ပုပ်နေ လေ တော့.. ။
    တကယ်တော့လည်း ဆရာမ တယောက်ချင်း ရဲ့ စိတ်နေစိတ်ထား နဲ့လည်း ပတ်သတ်နေတာပါပဲ။
    အဲဒီ ဆရာမ တွေ ကိုယ်တိုင်က..ဘယ်လို မျိုး ရေခံ မြေခံ မှာ ဖွံ့ထွားလာခဲ့သလဲ ဆိုတာလည်း တွေးစရာ..ရင်လေးစရာ။

  16. ဆရာမရေ အဲဒီကိစ္စတွေကို ကြားကြားနေရတာ အတော်ကြီးကိုကြာနေပါပြီ။ ကြားရတိုင်းလဲ အတော်ကိုခံစားရပါတယ်။ ပညာရေးစနစ်ကြီးတစ်ခုလုံးက ရစရာကိုမရှိတော့တဲ့ အခြေအနေက အတော်ကြီးဝမ်းနည်းဖို့ကောင်းတယ်။ အဲဒါမျိုးတွေကြားရတိုင်းလဲ ငယ်ငယ်က သင်ခဲ့ရတဲ့ ဆရာ ဆရာမ တွေရဲ့ ကျေးဇူးတွေကို ပိုသိလာတယ်။ အရမ်းလဲလေးစားမိလာတယ်။ ဒီစနစ်ကြီးကိုပြင်ဖို့ကတော့ အဲဒီပျက်စီးနေတဲ့ ဆရာ ဆရာမတွေရဲ့ စိတ်ဓါတ်တွေကို အရင်ဆုံး ကြပ်မတ်ပြုပြင်ပြီးမှပဲ တခြားအဆင့်တွေကို ပြုပြင်နိုင်တော့မှာ….

  17. သိင်္ဂါကျော် says:

    တကယ် စိတ်ကုန်စရာပဲနော်..
    စားဝတ်နေရေး အတွက် ကျူရှင် ပြချင်တယ် ဆိုလည်း ပြကြပါ.. ဒါပေမယ့် အဲဒီလို ခွဲခြား ဆက်ဆံတာမျိုးတော့ မကြိုက်ဘူး..။ တော်သေးတယ်.. ဒီလို ဆရာမမျိုးတွေနဲ့ မကြုံခဲ့ရလို့ ..။ ငယ်ငယ်က တစ်ခါမှ ကျူရှင် မတက်ခဲ့ဖူး..၊ စာတစ်ခုကို နှစ်ခါပြန် အသင်ခံရမှာ မကြိုက်လို့လေ…။

  18. madyjune says:

    ကျွန်မကတော့ ကံကောင်းတယ်ပဲ ပြောရမလားမသိဘူး။ သူငယ်တန်းကနေ ငါးတန်းအထိ ဘာကျူရှင်မှ မတက်ခဲ့ရဘူး။ ၆တန်းကနေ ၉တန်းအထိက အဖေနဲ့ နိုင်ငံခြားလိုက်သွားလို့ သံရုံးမှာပဲ စာမေးပွဲဖြေရတယ်။ ၁၀တန်းဖြေခါနီးမှ မြန်မာပြည်ပြန်လာတော့ ဂိုက်တစ်ယောက်ခေါ်ပြီး စာတွေ မနည်းကျက်ရတယ်။ အနောက်တိုင်းက စာသင်ကြားမှုနဲ့ ပိုရင်းနှီးတဲ့ ကျွန်မအတွက် စာပိုဒ်တွေ အရှည်ကြီးတွေကို အလွတ်ကျက်ရတာ ဒုက္ခရောက်ခဲ့တယ်။

    အခုလည်း ကျွန်မက ပုဂ္ဂလိကကျောင်းမှာ စနေ၊တနင်္ဂနွေတက်တဲ့ ကလေးတွေကို ဂိုက်လုပ်ပေးနေတယ်။ အဲဒီ့ကျောင်းမို့လို့ပဲလား မသိဘူး။ စာသင်တာက ကျွန်မအမြင်တော့ မြန်မာကျောင်းနဲ့ သိပ်မကွာသလိုပဲ။ အငယ်တန်းတွေကိုတော့ ပိုအသေးစိတ်သင်ပေမယ့် အတန်းကြီးတွေကို ဒီအတိုင်း စာရှင်းပြ၊ မှတ်စုထုတ်ခိုင်းပြီး စာမေးပွဲမှာ ပါမယ့် မေးခွန်းပုံစံတောင် မသင်ပေးကြတော့ဘူး။ စာမေးပွဲမှာ ဘယ်လိုဘယ်လို မေးမယ် ဆိုတာပဲ ပြောတယ်။ အငယ်တန်းတွေလို worksheet တွေလဲ မပေးတော့ အခုတစ်ခေါက် စာမေးပွဲမှာ ၄တန်းသမားက အမှတ်သိပ်မကောင်းဘူး။ အစကတော့ ကျွန်မကလည်း တစ်နေ့သင်တဲ့စာကို ကျက်ခိုင်းပြီး ပြန်ဆိုခိုင်းတဲ့အဆင့်လောက်ပဲ လုပ်ပေးရပေမယ့် အခုတော့ ကိုယ်ကိုယ်တိုင် မေးခွန်းပုံစံစာရွက်ထုတ်ပြီး လေ့ကျင့်ခိုင်းရမလို ဖြစ်နေတယ်။

    အဲဒီ့ကလေးတွေဆိုရင် ကြားရက်တွေမှာ မြန်မာကျောင်းတက်၊ ကျူရှင်တက်၊ ပိတ်ရက်ကြရင် အင်္ဂလိပ်ကျောင်းတက်၊ ကျူရှင်တက်နဲ့ တစ်ပတ်မှာ တစ်ရက်ပဲ ကျူရှင်မသင်တဲ့ရက်ရှိတယ်။ သူတို့တွေ ကျွန်မတို့ ငယ်ငယ်တုန်းကလောက် မလွတ်လပ်တော့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရတယ်။

  19. ခေတ်ကြီးကိုက ခေတ်ပျက်ကြီးဖြစ်တာကိုး ၊

  20. မမြသွေးနီရဲ့ ပို့စ်ရော ကွန်မန့်တွေမှာ ဝေမျှကြတဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေရော ဖတ်ပြီး တော်တော်မော သွားတယ်၊ ဆရာ၊ ဆရာမတွေက ခေတ်ကျပ်ကြီးထဲမှာ အဆင်ပြေအောင် သူ့နည်း၊ သူ့ဟန်နဲ့ ကျူရှင်ပြပြီး ငွေရှာတဲ့အထိ ကျနော် နားလည်ပေးလို့ ရပါသေးတယ်၊ ဝန်ထမ်းအားလုံးက ဒီလိုပဲ ရှာနေကြတဲ့ ခေတ်မဟုတ်လား၊ လခက လောက်မှ မလောက်နိုင်ဘဲ..၊ ဒါပေမယ့် ကိုယ့်ဆီမှာ ကျူရှင်မတက်တဲ့ ကျောင်းသားကို ရန်သူလို သဘောထား၊ ခွဲခြား ဆက်ဆံတာတော့ ဆရာဆိုတဲ့ ဂုဏ်ပုဒ်နဲ့ မထိုက်အောင်ကို အတော့်ကို စိတ်ဓါတ်သိမ်ဖျင်းပြီး စာရိတ္တ နုံနဲ့ရာ ကျလွန်းတယ်ဗျာ၊ သားပြည့်လို ထူးချွန်၊ မှန်ကန်တဲ့ ကျောင်းသားတွေအဖို့ ဒီလို ဆရာမတွေနဲ့ ကြုံကြိုက်ရတာ စိတ်မကောင်းပါဘူး၊ မမြသွေးနီတို့ မိဘနှစ်ပါးက တည့်မတ်အောင် ပံ့ပိုးပေးနိုင်တဲ့ ခွန်အားနဲ့ သတ္တိ ရှိလို့ပဲ တော်တော့တယ်….။

  21. Junemoe says:

    အဲ့လို ခိုးလိုးခုလု အဖြစ်တွေက ကျွန်တော်ငယ်ငယ်က ခဏခဏ ကြုံခဲ့ဖူးပါတယ်။
    မှတ်မှတ်ရရ (လုံးဝကိုမမေ့နိုင်တဲ့ )အဖြစ်က လေးတန်းတုန်းကပေါ့။ သူငယ်တန်းကနေ တတိယတန်းအထိ တန်းခွဲ (၂) ခန်းရှိရာမှာ ကျွန်တော်က တန်းခွဲ(B)။ ပညာရည်ထူးချွန်ဆုပေးတိုင်း အဆင့်(၁) ကနေ မဆင်းခဲ့ပါဘူး။
    ဒါပေမယ့် စတုတ္ထတန်းရောက်တဲ့အခါမှာ တန်းခွဲနှစ်ခုပေါင်းပြီး တစ်ခုတည်းလုပ်လိုက်ပါတယ်။ တန်းခွဲ(A)က အဆင့်(၁) ရတဲ့ ကောင်မလေးရဲ့ အမေက အတန်းပိုင်ပါ။
    သူနဲ့ကျွန်တော် မသိမသာလေးရော၊ သိသိသာသာရော ပြိုင်ကြပါတယ်။ လပတ်စာမေးပွဲဖြေတိုင်း ကျွန်တော် အဆင့်(၁) မရတော့ပါဘူး။ အဆင့်(၁) ဆိုတာ ကျွန်တော့်အတွက် မဟုတ်ခဲ့တော့ပါဘူး။ အရမ်းဝမ်းနည်းလို့ အိမ်ကိုပြောတော့ အဖေနဲ့အမေက ကိုယ်တိုင်ကြိုးစားယူတာမျိုးပဲ ကြိုက်တယ်လို့ အားပေးခဲ့ပါတယ်။
    ကျွန်တော်ကံကောင်းတာက အမေက ကျောင်းဆရာမပါ။ ငယ်ငယ်ကတည်းက ကျူရှင်မထားပါဘူး။ သူကိုယ်တိုင် စာသင်ပေး၊ မရှင်းတာ ရှင်းပြပေး၊ စာမေးပွဲနီးရင် မေးလာနိုင်မယ့် မေးခွန်းပုံစံတွေ ထုတ်ပေးပြီး ဖြေခိုင်းနဲ့ (တစ်ကျောင်းနဲ့တစ်ကျောင်း မေးခွန်းပုံစံ မတူပါဘူး) ဘာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။ အဆင့်(၁) ရသူလို မေးခွန်းတိုက်ရိုက်မရတာကလွဲလို့ပေါ့လေ။
    စတုတ္ထတန်း ပညာရည်ချွန်ဆုပေးတဲ့အခါ ကျွန်တော် ဒုတိယပဲ ရပါတယ်။ အဆင့်(၁) ရသွားတဲ့ ကောင်မလေးကတော့ ၅ နှစ်ဆက်တိုက် (၁) ရတယ်ဆိုတဲ့ဆုကို ထပ်မံရရှိသွားပါတယ်။
    အဲဒီအဖြစ်အပျက်လေးကတော့ ဘ၀မှာ မမေ့နိုင်စရာပါ။ နောက်ထပ်လည်း ကြုံတွေ့ရတဲ့ ခိုးလိုးခုလုတွေ အများကြီးပါပဲလေ။

    ခင်လျက်

  22. အမမြသွေးရဲ့ ခိုးလို့ခုလု အကြောင်းကစိတ်ဝင်စားဖို့အတော်ကိုကောင်းတာပဲ
    ကိစ္စတွေကို ကြားကြားနေရတာ အတော်ကြီးကိုကြာနေပါပြီဗျာ စိတ်မကောင်းတာကလွှဲပြီး
    ဘာမှကိုမလုပ်နိုင်ဘူး—အုပ်ချုပ်သူ တွေနဲ့အများဆုံးဆိုင်တဲ့ကိစ္စပါပဲ
    တိုင်းပြည်ကိုက ဒီလိုတွေဖြစ်နေတာလေ

  23. ဒီလို ကိစ္စတွေကို ကြားကြားနေရတာ အတော်ကြီးကိုကြာနေပါပြီအမရေ
    ကြားရတိုင်းလဲ စိတ်ထဲက ဘ၀င်မကျဖြစ်နေရတယ်
    အုပ်ချုပ်သူ ကသိနေပေမယ့်လဲ ဘာကိုမျှ အရေးတယူမရှိတော့
    ပျက်စီးနေတဲ့ ဆရာ ဆရာမတွေရဲ့ စိတ်ဓါတ်တွေကို ပြုပြင်ဖို့မလွယ်ပါဘူး
    သားပြည့်လိုပဲ ဂျက်လဲကြီးပြင်းခဲ့ရတာပါ
    သားပြည့်ကဖိုးဖိုးရှိလို့တော်သေးတယ် ဂျက်ကငယ်ငယ်ကတဲက
    တစ်ယောက်ထဲနေရတာများတယ်….

  24. “ပါလာရင် အခု မေမေ အမှားပြင်ပေးထားတဲ့ အတိုင်းသာ ဖြေလိုက်၊ အမှတ်နည်းလဲ ပြဿနာမရှိဘူး၊ မှားနေတာကြီးကို သားကိုယ်တိုင် တွေ့ရက်နဲ့ ဖြေတာ မဖြစ်စေနဲ့၊ ကြားလား..” တစ်ဖက်က ဘယ်လိုပဲ အမှားတွေကျူးလွန်နေပါစေ ကိုယ့်ဖက်က အမှန်ကိုအမှန်သိအောင် ကလေးကို ပြောပြတာ မှန်ကန်တဲ့ ဖြေရှင်းနည်းလေးမို့ သဘောကျတယ် မြသွေးရေ။ သားပြည့်ဟာတစ်ဦးတည်းသော သားဖြစ်ပေမယ့် မိဘရဲ့
    စံနစ်တကျ သွန်သင်ဆုံးမမှုအောက်မှာ အဖက်ဖက်မှာ လိမ္မာရေးခြားရှိတယ်။
    အလားတူဖြစ်ရပ်တွေကို မကြာခနမြင်တွေ့ ကြားနေရတယ် ညီမရေ။ ဝါဝါရဲ့ ပို့စ်မှာလည်း ကျောင်းအပ်တာနဲ့ ပတ်သက်ပြီး ဖတ်ခဲ့ဘူးတယ်။
    ညီမရဲ့ပို့စ်ဟောင်းတွေပြန်ဖတ်ရင်း ရင်ထဲ ခိုးလို့ခုလု ဖြစ်မိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  25. Bear nectar says:

    စာရချင်ရင် ကျူရှင် လာခဲ့လို့တောင် ပြောတဲ့ လူတွေ ရှိပါတယ်..ဘုရားစူးပါစေရဲ့ ကျွန်မဆီ ရောက်လာတဲ့ ကျောင်းသားတစ်ယောက်ဆို အခု ၈ တန်း..ဖိတ်စာတောင် ကောင်းကောင်း မဖတ်နိုင်ပါဘူး….အအောင်ပေးစနစ်နဲ့ ကျူရှင်စနစ်တွေကြောင့် ကလေးတွေရဲ့ အခြေအနေက ပိုဆိုးလာတယ် ထင်တယ်..

  26. အစ်မရေ….သားလေးကို ဆုရတာ မရတာ၊အမှတ်နည်းတာ၊မနည်းတာထက် မှန်ကန်တဲ့နည်းလမ်းတွေ
    နဲ့ပဲသင်ကြားဆုံးမပေးတာ သိပ်ကောင်းတယ်ဗျာ…၊အတန်းထဲမှာ ရသင့်ရထိုက်တဲ့ ဆုတွေမရ ရင်လည်း ဝမ်းမနည်းတတ်အောင် ပြောပြပေးနော်……။သူ့ဆရာမတွေကိုတော့ ရိုက်သတ်ဖို့ပဲကောင်း
    တယ်…၊တကယ်…..၊ကလေးတွေအတွက် ဒေါသထွက်လို့….။နောက်တစ်ခုက ဒီလိုအဖြစ်တွေကို
    တစ်တိုင်းတစ်ပြည်လုံးသိအောင် (နာမည်တွေမထည့်ပဲနဲ့၊တော်ကြာပိုအငြိုးထားနေဦးမယ်….)ဒီပို့လေး
    ကို ဂျာနယ်ထဲထည့်သင့်တယ်ထင်ရဲ့ဗျ….။

  27. မိစံ says:

    ခိုးလို့ခုလုပါပဲအစ်မရေ..
    ဒီဆရာတွေကိုယ်တိုင်ကိုက.တစ်ချိန်တုန်းက
    ကျောင်းသားဖြစ်ခဲ့ဘူးတာပဲလေ
    ဒါတွေကို.သိသိရက်နဲ့.ကိုယ်ချင်းမစာ
    ဒီလိုပြုရက်တာကို..မစဉ်းစားတတ်အောင်ပါပဲရှင်
    စေတနာဆရာမဟုတ်တော့ပဲ.
    အသပြာဆရာလုံးလုံးဖြစ်အောင်
    ကိုယ်တိုင်ဖန်တီးနေကြတာပါ။
    ဘာပဲဖြစ်ဖြစ်..“ဘယ်သူမပြု.မိမိမှုပါပဲ”
    တစ်နေ့နေ့..အငြိမ်းစားယူပြီး
    ဒီကလေးတွေရှေ့.ကန်တော့ခံတဲ့အခါ..
    ကိုယ့်လုပ်ရပ်တွေအတွက်
    ရှက်မိကြမယ်ထင်ပါတယ်။

  28. မိုးခါး says:

    သနားတယ် မမရေ .. မိဘတွေကိုရော ဆရာတွေကိုရော ခေတ်ပျက်ကြီးမှာမှ ကျောင်းသားလာဖြစ်ရတဲ့ ကလေးတွေကိုရော .. ဟင်းးးး

  29.ွGreenery says:

    ကျနော် လည်း ညီမလေးတစ်ယောက်နဲ့ ပတ်သတ်ပြီး အဲလိုမျိုးကြုံတွေ့ ဘူးတယ်။
    လုံးဝလက်မခံနိုင်လို့ ကျောင်းအုပ်နဲ့ အတန်ပိုင်ဆရာမကိုသွားတွေ့ ပြီး နေပြည်တော်ပညာရေးဌါနကို
    တိုင်စာပို့ မယ်ဆိုမှငြိမ်သွားတယ်။ပညာရေးစနစ်ကိုကကျူရှင်တက်ရင်အာင်မယ်ဆိုတဲ့စနစ်ဖြစ်နေတာ။

  30. ကလေးတွေရဲ့  ပညာရေးအတွက် ရင်မောရပါတယ် အစ်မရယ်။
    နယ်တွေမှာဆိုလည်း ဘ က ကျောင်းတွေကနေ အတန်းကြီးလို့ အထက်တန်းကျောင်းပြောင်း ရတဲ့အခါ အဲဒီလိုကိစ္စတွေ၊ ဟိုကြေးဒီကြေးတွေကြောင့် ကလေးတွေ တအားမျက်နှာငယ်ရတယ် ဆိုတာတွေ ပြန်ကြားရတယ်။

  31. ဆရာမရေ.. အမြဲရောက်ဖြစ်ပေမယ့် မမန့်ဖြစ်ခဲ့ဘူး.. ဒီစာကိုဖတ်မိမှ အိမ်မက်ငယ်ငယ်က ကျောင်းသူဘဝကို ပြန်သတိရပြီး တခြားသူတွေမှာ လဲ ဖြစ်နေတာပဲ ပိုတောင်ဆိုးသေးလို့ သိရတော့တယ်… အိမ်မက်လဲ ပို့စ်တစ်ခုလောက်ရေးဦးမယ်.. ရေးမယ်လို့ စိတ်ကူးထားတာ ကိုယ့်ဆရာ အကြောင်းရေးတာ ကောင်းပါ့မလားလို့ စဉ်းစားနေတာ..ဒါပေမယ့် အမှန်တရားကို အမှန်အတိုင်းရေးမယ်လို့ ဆရာမပို့စ်လေးကို ဖတ်ပြီး ဆုံးဖြတ်ချက်ချသွားတယ်..မိခင်ကောင်း ဆရာမကို လဲ ချီးကျူးလေးစားပါတယ်..
    ခင်တဲ့
    အိမ်မက်စေရာ

  32. မပြောပါနဲ့ အမရယ်…ညီမတို့ သွားလှူနေကျ မိဘမဲ့ကျောင်းက ကလေးတွေတောင် ကျောင်းကျူရှင်ယူရတယ်…။ကျောင်းစရိတ်တောင်အနိုင်နိုင်ဖြစ်နေတဲ့ကြားက ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်က မတက်မနေရတဲ့ဗျာ…….။ ခုခေတ်ဆရာတွေက ကလေးတွေအပေါ်စေတနာမရှိကြတော့တာ ၀မ်းနည်းစရာပဲ…….။

  33. blackroze says:

    အမရေ..ရေးသာရေးပါ..
    အခုလိုအဖြစ်အပျက်တွေဘယ်လောက်များ..ပေါများနေလဲဆိုတာ
    တလောကလုံးကိုသိစေချင်တယ်..
    ပစ်ပစ်တို့တွေလည်းနောင်မကြာခင်မှာ..
    အခုလိုအဖြစ်တွေနဲ့ ဆုံကြမှာဘဲလေ..
    တတ်နိုင်ရင်လေ..တနိုင်ငံလုံးသိအောင်တောင်
    ရေးစေချင်တာအမရေ..
    တခါတလေ..ရန်ကုန်ဖုန်းဆက်မိရင်..
    တူတွေ..တူမတွေအကြောင်းတွေ..မောင်လေးသေးသေးလေး
    အကြောင်းတွေပြန်ကြားရရင်တကယ်ကိုဒေါသထွက်မိတယ်
    ကျောင်းတက်နေရတာလား..
    ကျူရှင်ဘဲတက်နေရတာလားဆိုတာတောင်
    မသိတော့ပါဘူးအမရယ်..

  34. ma thet says:

    အစ်မရေ.. ညီမ လဲ အဲဒီလိုမျိုးအခု ကြုံနေရတာ။ကျွန်မ က ပြည်ပ ရောက်နေတော့  ပိုတောင်ဆိုးနေတယ်။ သားနဲ့  ဖုန်းပြောတိုင်း အတန်းပိုင်ဆရာမက မိဘလာမတွေ့ ရင် အမြဲ နောက်တန်းမှာထားတယ်။ကျောင်းကျူရှင် မယူလို့  အမြဲအဆူခံရတယ်။လို့ ပြောတယ် ။

  35. ကျနော်ကတော့ (၂)ပိုင်း မြင်ပါတယ် …
    နံပါတ်(၁) ကျောင်းဆရာ ဆရာမလို့ ခေါ်ကြတဲ့ ပညာရေးဝန်ထမ်းတွေရဲ့ လစာနဲ့ ခေတ်ရဲ့ ကုန်ကျစရိတ်တွေပါ၊ ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းတက်နေတဲ့ နိုင်ငံတစ်ခုက ကျောင်းဆရာ ဆရာမတွေ ပညာရေးဝန်ထမ်းတွေရဲ့ ဘ၀ကို စာနာမိပါတယ်၊ အထက်တန်းပြ ဆရာမ တစ်ဦးရဲ့ လစာဟာ ဥပမာ အားဖြင့် သူ့မှာ သားသမီး သုံးယောက် ရှိခဲ့မယ်၊ အကြီးဆုံး ဆယ်တန်းဖြစ်ခဲ့ရင် အဲဒီ ကျောင်းသားအတွက် ကျူရှင်လခ ပေးဖို့ သူ့လစာဟာ လုံလောက်ရဲ့လား လို့ စဉ်းစားမိပါတယ် …
    နံပါတ်(၂)က ပညာရေးစနစ်ပါ၊ မြန်မာနိုင်ငံမှာ စာမေးပွဲကို ကျော်နိုင်မှ အတန်းတက်လို့ ရတဲ့ ပညာရေးစနစ်ကို ကျင့်သုံးပါတယ်၊ ဥရောပနဲ့ အနောက်အုပ်စုဝင် နိုင်ငံတွေမှာ စာမေးပွဲဆိုတာ (၉)တန်း ရောက်မှ အစစ်ခံရပါတယ်၊ အဲဒီတော့ သူတို့မှာ ကျူရှင်ဆိုတာနဲ့ ကြက်တူးရွေး စကားသင်သလို စိတ်မပါပဲ စာကျက်ရတာမျိုး မရှိပါဘူး၊ အရည်အချင်းရှိလာဖို့ စာမေးပွဲနည်းနဲ့ မလုပ်ပဲ တခြားပုံစံနဲ့ လုပ်ကြပါတယ်၊ မြန်မာပြည်မှာလည်း အဲလို ဖြစ်စေချင်ပါတယ် …

    နောက်တစ်မျိုး ကျနော် စဉ်းစာမိတာက `ဖိအား´နဲ့ မောင်းနှင်းခြင်းဆိုတဲ့ အစမ်းသပ်ခံ ပညာရေးစနစ်ပါ၊ ဒီစနစ်ဟာ ပုံစံခွက်ဆန်တဲ့ အတန်းပညာကိုပဲ ဦးစားပေးပြီး အသိပညာ ကြွယ်ဝမှုအတွက် ကြောက်စရာပါ ….

    အမနဲ့ အတွေးချင်း မတူတာများရှိခဲ့ရင် ခွင့်လွှတ်ပါ အမ …

  36. angelhlaing says:

    မမရေ တစ်ကယ်လဲ ခိုးလုခုလု ဖြစ်စရာပါလားနော်…
    ဘာပြောရမှန်း မသိအောင်ပါပဲ…..

  37. ဘေဘီ says:

    အမရေ….
    ကျမလည်း ဒီလိုခိုးလို့ ခုလုတွေ အများကြီးမှ တကယ့်အများကြီးပါ
    ကျမသမီးလေး မြန်မာပြည်မှာ ကျောင်းတက်ခဲ့တုန်းက ၉လစလုံး
    ဆရာမကို လက်ဆောင်ပေးရတယ်။ ပေးချင်လို့ ပေးရတာ မဟုတ်ဘူး
    ဆရာမတွေက တောင်းတာပါ။ ဘယ်ဖိနပ်တို့ ဘယ်အိတ်တို့ဆိုပြီး
    နာမည်တပ်ပြီးကိုတောင်းတာပါ။ မနှစ်က ကျမတူမလေးတယောက်
    ၉တန်းကျသွားတယ်။ အတန်းပိုင်ဆရာမနဲ့ ကျူရှင်မတက်လို့တဲ့ ကျမတူမလေးက
    နှစ်စဉ် ဆုယူနေကျ ကလေးလေးမို့ ဒါတမင်ချိုးတာဆိုတာ သိလို့ အဖြေလွှာတောင်း
    ကြည့်တာ မပေးဘူး။ တချို့ကလေးတွေကိုဆို ကျောင်းလာမတက်နဲ့ ထွက်သွားလို့တောင်
    ပြောသတဲ့။ ခုလည်း ကျမတူမလေးတယောက် ဆယ်တန်း အတန်းပိုင်ဆရာမစီမှာ
    ကျူရှင်တက်ရပါတယ်။ တနှစ်စာ ၆သိန်းပါ။ အဲ့ဒီအပြင် စာတွေ မရဘူး ဂိုက်ထားပါဆိုပြီး
    ဆရာမကိုယ်တိုင်က လှမ်းပြီး ဆက်သွယ်ပေးလို့ ဂိုက်ကိုပါ တနှစ်စာ ၄သိန်းနဲ့ ငှါးထားရပါတယ်တဲ့
    ကျမက ဘာလို့ လုပ်ရတာလည်းဆိုတော့ မလုပ်လို့မှ မရတာ သမီးတယောက်ထဲမဟုတ်ဘူးတဲ့
    အဲ့လိုမတက်ရင် စာမေးပွဲကျတာက ခံနိုင်တယ်။ လူတွေေ၇ှ့ မှာ ဆဲဆိုတာက သမီးရှက်တယ်တဲ့
    စိတ်ပျက်မိပါတယ်။ ကျမ မေမေလည်း အထက်တန်းပြ ဆရာမတယောက်ပါပဲ။ ကိုယ့်ရပ်ကွက်တင်မကဘူး၊ တခြားရပ်ကွက်က ကလေးတွေ( ငွေချို့တဲ့)ကိုပါ အခမဲ့ ကျူရှင်သင်ပေးပြီး၊ ခုဆို လုပ်ငန်းခွင်တောင် ၀င်နေနိုင်တဲ့လူတွေ တပုံကြီးပါ။

  38. စန်းထွန်း says:

    အိမ်နားက ကလေးလေးတွေ အတန်းပိုင်ဆရာမ ကျူရှင်ပေးတဲ့ စမ်းချောင်းကို မိဘတွေက လိုက်ပို့ ပေးရတယ်..မတက်ရင် စာမေးပွဲကျမှာတဲ့…ကျူရှင်ယူစရာမလို ကျောင်းမှာ အချိန်ပိုတွေ ခေါ်သင်၊ သူသင်မယ် ငါသင်မယ်နဲ့  စာသင်ဖို့  ဖိုက်ကြတဲ့ ထ၂ ပုသိမ်က ဆရာမတွေကို သတိရမိတယ်..ထိုင်ရာက မထရ ကျူရှင်ပြီး ကျူရှင်နေရတဲ့ ခုခေတ်ကလေးတွေကိုလည်း သနားမိတယ်…

  39. သားပြည့်နဲ့ ညီမအဖြစ်နဲ့က ထပ်တူပါပဲ။ ပြောရင်းတောင် မျက်ရည်ကျချင်တယ်။ မခံချင်ဖြစ်လွန်းလို့ ….။ ဒီလိုအဖြစ်မျိုး တက္ကသိုလ်အထိ ခံစားခဲ့ရတယ်။ ငယ်တုန်းကလည်း အမေအဖေက ကျောင်းကို မလိုက်ကြသလို ၊ အတန်းပိုင်ဆရာမ ဘယ်သူမှန်းတောင်မသိခဲ့ကြဘူး။ အဲ့ဒီတုန်းက ခံစားရတာတော့ အခုတွေး အခုရင်ထဲနာတယ်။ ဒါပေမယ့် အခုတော့ သိပ်မတွေးတော့ပါဘူး။ ဒါတွေပါ ပြုပြင်ဖို့ လိုနေတယ်ဆိုတာ မမပို့စ်က မီးမောင်းထိုးပြလိုက်တာပါပဲ။

    ခင်တဲ့
    မေသိမ့်

  40. အောင်ပြည့် says:

    ညီလဲဖြစ်ဖူးတယ်ဗျ ညိ 6တန်းတုန်းကပေါ့ ညီတို့အတန်းပိုင်က သချာင်္သင်တယ်လေ အဲဒါသူ့ဆီမှာကျူရှင်တက်ဖို့ပြောတယ်ဗျ ညီတို့က ဆရာမအိမ်နဲ့ဝေးလို့မတက်ဘူး အဲဒါနဲ့အတန်းထဲမှာပြသနာရှာလာတယ်ဗျ ပြီးတော့ သချာင်္ဆိုတာတွက်စာပါ ဦးဏှောက်နဲ့စဉ်းစားပြီးတွက်ရတာပါ ဒါပေမဲ့အဲဒီဆရာမက ညီတို့က အတန်းဆို လိုက်ရွတ်ခိုင်းတယ် တနည်းအားဖြင့်အလွတ်ကျက်ခိုင်းတယ်ဗျ
    ပြီးတော့ ညီ့ရဲ့ ညီမလေး ကအခုဆိုရင်နယ်မြို့လေးတစ်မြို့ကကျောင်းတစ်ကျောင်းမှာ သူငယ်တန်းတက်နေပါတယ် စာကိုလဲအရွယ်နဲ့မလိုက်အောင်ကြိုးစားတယ် ဒါနဲ့ပထမအစမ်းစာမေးပွဲဖြေတယ်အဲဒီစာမေးပွဲမှာ ကလေးမလေးတစ်ယောက်က န်ေမကောင်းလို့အန်ချလိုက်တယ်တဲ့ အဲဒီနော်ကတော့ သူ့ကိုအိမ်ကလာခေါ်သွားတယ် ပြီးတော့ စာမေးပွဲပြီးတဲ့အချိန်ကျမှပြန်လာပြီးဖြေတယ်တဲ့ အဲဒီကလေးမလေးက ဆရာမသမီးပါ ပြီးတော့ ရီပို့ကဒ်ထွက်လာတော့အဲဒီကလေးမလေးကအဆင့်နှစ်ရတယ်ဗျ ပြီးတော့အဆင့်တစ်ကလဲဆ၇ာမသမီးတဲ့
    အဲလိုတွေဖြစ်ပျက်နေကြတယ်ဗျ စိတ်ပျက်စရာပဲ နိုင်ငံတော်အစိုးရကဘယ်လောက်ပဲအကောင်းလုပ်ပေးလုပ်ပေးမလိုက်နာတဲ့သူတွေရှိနေတော့ကာ

  41. sosegado says:

    မှားနေပါတယ် ဆိုပေမဲ့
    တစ်ခါတစ်လေ မှားတဲ့ဘက်က နေကြည့်ကြပါ
    ဘာကြောင့်မှားလဲဆိုတာ အဖြေထွက်လာပါလိမ့်မယ်
    ဇစ်မြစ် Root cause ကို မပြောင်းမချင်း ကိုယ့်အမှား သူ့အမှားတွေပါပဲ၊
    ကျနော်မှာ ဆရာ ဆရာမ လုပ်နေတဲ့ သူငယ်ချင်း ဆယ်ယောက်မက ရှိပါတယ်၊
    ခင်ဗျားတို့တွေမှာလည်း ရှိမယ်ထင်ပါတယ်
    တွေးကြည့်ကြပေါ့ ငါ ပညာရေး ဝန်ကြီးဖြစ်ခဲ့ရင် ဘာလုပ်မလဲ?

  42. ကျောင်းဆရာမ လစာနဲ့မလောက်လို့ ကျူရှင်ပြရတာ နားလည်ပေးလို့ရပါတယ်
    ကိုယ်ချင်းလဲစာလို့ရပါတယ်.
    ကျူရှင်ပြတာက ဝမ်းရေးကြောင့်ပြရတာပါ။ လစာနဲ့ မလောက်လို့ ကျူရှင်ပြတာ ဒါဟာ အပြစ်တင်စရာ မဟုတ်ပါဘူး.. ကိုယ်တိုင်လည်း ဆရာမ လုပ်ခဲ့ဖူးပါတယ်။
    ဒါပေမဲ့ ကိုယ့်ကျူရှင်ကို မတက်တဲ့ ကျောင်းသားတွေကို အခြားကျောင်းသားတွေနဲ့ တန်းတူရည်တူ မဆက်ဆံတာ စေတနာ မထားတာတွေကတော့ အဲဒီဆရာမရဲ့ စိတ်နေစိတ်ထား၊ သဘောထားရင့်ကျက်မှုနဲ့သာ ဆိုင်ပါတယ်။ ဒီကိစ္စတွေကျတော့ အထက်က လူတွေနဲ့ ဘယ်လိုမှ မဆိုင်ပါဘူး လူတစ်ဦးချင်းစီရဲ့ စိတ်နေစိတ်ထားနဲ့သာ သက်ဆိုင်တာပါ။
    လူတိုင်းက ဆရာဆရာမဆိုရင် လေးစားကြတယ်. ချစ်ခင်ကြတယ်. အဲဒီလေးစားချစ်ခင်မှုနဲ့ လိုက်ဖက်အောင်လည်း ဆရာဆရာမတွေဘက်က မြင့်မြတ်တဲ့ စေတနာမျိုးထားနိုင်ရမှာပါ။ ကျူရှင်မသင်နဲ့ မပြောပါဘူး သင်ပါ။ ဒါပေမဲ့ ငါ့ကျူရှင်မတက်ရင် ငါ့ရန်သူဆိုတာ ဆရာဆရာမတွေအတွက် မဖြစ်သင့်ပါဘူး.. သူလည်း ကိုယ့်အတန်းမှာတက်နေတဲ့ကလေးဘဲ. လူတိုင်းတော့ ကိုယ့်ကျူရှင်ဘယ်တက်နိုင်ပါ့မလဲနော် ရန်ကုန်လို ဒီလောက်ကျယ်တဲ့မြို့မှာ ဝေးဝေးလံလံ ကျူရှင်သွားဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူနိုင်ပါဘူး။ ကိုယ့်အတန်းက ကလေးတိုင်ကို ကျူရှင်တက်တက် မတက်တက် တစ်ပြေးတည်းဆက်ဆံရမှာပါ။ ကိုယ်တိုင်လည်း ကျောင်းသားဘဝက အဲဒီ ကိစ္စမျိုး ကြုံခဲ့ဖူးပါတယ်။ မျက်နှာလိုက်တယ်ဆိုတဲ့ကိစ္စတွေကတော့ နေရာတိုင်းမှာ အများအားဖြင့် ရှိကြပါတယ်. ကျောင်းသားတိုင်းလည်း ကြုံဖူး ခံစားဖူးကြမှာပါ။ ဖွင့်ပြောတာနဲ့ မပြောတာဘဲ ကွာမှာပါ။ ဘာဘဲဖြစ်ဖြစ် ပညာရေးလောက ကောင်းဖို့အတွက် အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြတဲ့ စာတွေ ဆောင်းပါးတွေ တကယ်ကို လိုအပ်ပါတယ်။ ဒါမှလည်း ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး ပြုပြင်သင့်တာ ပြုပြင်နိုင်မှာပါ။

  43. မချော ပြောသလိုပဲ။ အပြင်မှာ တချို့ ဆရာမတွေ့ရှိတယ်။ ကျောင်းမှာလည်းသင်တယ်။ အပြင်မှာလည်း သင်တယ်။ နှင်းတို့ ကိုးတန်း၊ ဆယ်တန်းလောက်က အဲ့ဒီလိုမျိုးတက်ခဲ့ရတယ်။ ဘယ်သူဆီမှာပဲ တက်တက် သိပ်ပြီးတော့ ပြဿနာ မရှိဘူး။ အရင်ကပေါ့လေ။
    အခုကျတော့ အဲ့လို မဟုတ်တော့ဘူး။ မြို့ပေါ်ဒေသတွေမှာ ပိုပြီးတာ ဖြစ်တာ များလာတယ်။
    ကလေးဆိုတဲ့ သဘာဝမျိုးက ထိခိုက်လွယ်တယ်။ အရင်အတန်းတွေတုန်းက အဆင့် ကောင်းကောင်းနဲ့ အောင်ထားတဲ့ ကလေးတွေအတွက် ဒါမျိုးတွေက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေတယ်။ ဆင်ခြင်ကြစေချင်ပါတယ်။

  44. မိုးစက်ပွင့် says:

    မ ရေ …….. ပညာရေးလောကအကြောင်း ဖတ်ရတာ ရင်မောစရာကြီးပါလားနော်… ငယ်ငယ်တုန်းက တွေ့ခဲ့ကြုံခဲ့ဖူးတဲ့ နာသုံးနာပြည့်တဲ့ဆရာကြီးတွေ ဆရာမကြီးတွေကို သတိရရင်း စိတ်ထဲက အကြိမ်ကြိမ် ဂါရ၀ပြုမိပါတယ်။ သူတို့လည်း ချမ်းသာကြတာတော့မဟုတ်ပေမဲ့ ရရကောင်းစေလို့ ဘယ်တုန်းကမှ မပြောခဲ့ မပြုမူခဲ့ကြပါဘူး။

    “အမှတ်မရချင်နေ အမှန်ကိုပဲကိုဖြေခဲ့ ” လို့ ပြောတာလေးကို အရမ်းသဘောကျနှစ်သက်မိတယ်။ စာရိတ္တမဏိုင် ( ဏအောက်က စာလုံးရှာမရလို့) အတော်ယိုင်နေတဲ့ ဒီနေ့ခေတ်ကြီးမှာ ……. အမေ ၁၀၀မှာ ဘယ်နှစ်ယောက်လောက် အဲ့လိုပြောကြမလဲလို့ စစ်တမ်းကောက်ကြည့်ချင်ပါရဲ့။

    အပေါ်မှာ သူများတွေ ပြောကြသလိုပဲ ဂျာနယ်တစောင်စောင်ကို ပို့စေချင်ပါတယ်။

  45. Pinkgold says:

    ကျောင်းဆရာ / ဆရာမတွေသာ အစိုးရကပေးတဲ့ လခတွေ ၀မ်းစာလောက်အောင် ရကြရင် ဒီပြသနာတွေလည်း အနည်း အကျဉ်းတော့ ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ

  46. ဘာနေ says:

    အရသာ တွေ့လို့ လောဘတက်မိရာကနေ
    ထိန်းမနိုင် သိမ်းမနိုင် ဖြစ်ပြီး ရုပ်ပျက် ဆင်းပျက်ကို ဖြစ်သွားကြတာလို့
    ယူဆမိပါတယ် ….။ သင်ပြတဲ့ ဆရာတွေမှာ ပြည့်ဝတဲ့ စိတ်ထား ပိုင်ဆိုင်ဖို့ လိုတာပါ ..
    ခုခေတ် ဖြစ်နေတဲ့ ဆရာ .ဆရာမတွေ ( စည်းမစောင့်သော သူများ ) ကိုပြင်လို့ ရချင်မှ ရပါလိမ့်မယ် ..။ ဒါပေမဲ့ နောက်တက် ကလေးတွေ ၊ ကျောင်းသားကျောင်းသူတွေကို တတ်နိုင်သလောက် စာပေက ဖြစ်ဖြစ် ၊ ထိတွေ့ဆက်ဆံရင်းကဖြစ်ဖြစ် စာရိတ္တ မြှင့်တင်ပေးဖို့ လိုပါတယ် …။ ဒါမှ လိုချင်တဲ့ အရည်အချင်းပြည့် သူများအဖြစ် တခေတ် ပြန်လည်လာမှာပါ …။ ဆရာ ရယ် ၊ ကျောင်းသားရယ် ၊ မိဘရယ် ဆိုတဲ့ ဆက်နွယ်မှုမှာ ပညာ့တန်ဖိုး ပေးချေမှုအတွက် စေတနာပါတဲ့အရာသာ စားရသုံးရ အဝင်ဖြောင့်တာပါ ။ စေတနာမပါတာတွေဟာ ကိုယ့်ကိုယ်ထိမဲ့ အရာတွေပါလားဆိုတာ မသိသ၍ ဆက်ပြီး မိုက်မြဲမိုက်နေကြအုံးမှာပါ …။ အဲ့ဒီ အပြုအမူတွေနဲ့ သူတို့လုပ်ရပ်တွေအတွက် နောင်တ ဆိုတာကို နောက်မှ သူတို့ကိုယ်တိုင် ပုံဖော်ကြမဲ့သူတွေလို့ ယူဆမိပါတယ် ။ ကျနော်တို့အားလုံး ကိုယ်စီမှာ ကိုယ်ကိုယ်တိုင် ပြုပြင်ရင်း ကိုယ့်ပတ်ဝန်းကျင်ကိုလည်း တတ်နိုင်သလောက် မြှင့်တင်ဖို့ လိုပါတယ် ။ စနစ်ကြောင့် ..၊ ခေါင်းဆောင်ကြောင့် ၊ တိုင်းပြည်အခြေအနေကြောင့် ဆိုတာတွေ မှန်ပေမဲ့ အဲ့ဒီဆင်ခြေအစား ပိုထိရောက်တာကို လုပ်ပေးဖို့ လိုပါတယ် ။ ဆင်ခြေပေးတာ လွယ်ပါတယ် စပြီးပြောင်းလဲအောင်လုပ်ဖို့ဆိုတာ ခက်တာပါ ။ အမှန်တော့ ပညာရေးအသိတွေ ၊ စာရိတ္တအသိတွေကို လူတိုင်းမှာရှိတဲ့ အသိတွေထဲ ထပ်ပြီး ပေါင်းစပ်ပေးဖို့လိုတာပါ ။ ကျူရှင်ပြစားနေတဲ့ သူတွေ (အမ တင်ပြထားတဲ့ ဆရာဆရာမတွေလိုမျိုး )ကိုတော့ ကိုယ်တိုင် … မရှက်တတ်ရင် မပြုမပြင်ပဲ လျှောက်မြဲအတိုင်း ဆက်လျှောက်ပေါ့လို့သာ ပြောချင်မိပါတယ် ..။

    ကျေးဇူးတင်ပါတယ် အမ .. ..
    ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ ..

  47. စိတ်မကောင်းစရာပဲ လက်ရှိဖြစ်ပျက်နေတဲ့ ပညာရေးစနစ်ကို ပို့စ်က အချက်လက်ပြည့်စုံစွာနဲ့ ဖော်ပြလိုက်တာပဲ ။ ဒီခေတ်ကြီးမှာ ဒီလိုမျိုးတွေ ဖြစ်နေတာ ကျနော်တို့ လူကြီးတွေက နားလည်လက်ခံလို့ရပေမယ့် ( မခံချိ မခံသာဖြစ်စွာနဲ့ပေါ့ ) သားပြည့်တို့လို အညွန့်တလူလူနဲ့ ခလေးတွေအတွက်တော့ ရင်လေးစရာပဲ ဒါပေမယ့် ပတ်တမြားမှန် နွံ့မနစ်ပါဘူး အစ်မရယ် သားပြည့် က နောက်ကျောလုံလုံနဲ့ သူ့ဘ၀တစ်လျှောက်လုံး သူလိပ်ပြာသန့်နေလိမ့်မယ် ။

  48. ဖူးဖူးလေး says:

    ဟုတ်တယ်.. မကြီးရေ… ညီမလဲ သမီးလေးကျောင်းထားရမယ့်အရွယ် ရောက်တော့မယ်… တွေးပြီး စိတ်ညစ်လိုက်တာနော်

  49. မမလှ says:

    ဟုတ်တယ်.. အိမ်က တူမ လည်း လက်ရှိ အဲဒီလို ရင်ဆိုင်နေရတယ်။ ကလေးတွေအတွက်စိတ်မကောင်းဘူး။
    နင်တို့တွေကို ကျွမ်းပြန်သွားအောင်လုပ်ပစ်မယ် လို့ပြောတဲ့ ဆရာမတွေတောင်ရှိပါသေးတယ်။

  50. ညီရဲ says:

    ခောတ်ကိုက ကျူရှင်ခောတ်ဖြစ်နေတော့ ခက်သားလား အစ်မရယ်…
    ဟိုတလောကဘဲ သူငယ်ချင်း တစ်ယောက်က သူ့ တူမ အတွက်နဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ ရန်ဖြစ်လာတယ်တဲ့လေ…
    ခုနှစ်သူငယ်တန်းတက်မဲ့ကလေးတွေ အေခန်းလိုချင်ရင် တစ်သောင်းခွဲ ယူလာခဲ့ဆိုလို့ လေ…
    အစ်မကတော့ လိမ္မာပြီး စာတော်တဲ့ သားတစ်ယောက် ရထားတာ တော်တော်လေး ကံကောင်းတယ် ပြောရမယ်နော်… ခုတိုင်းလေဘဲ ထိန်းပေးထားနိုင်ရင် နောင်ဘဝရဲ့ အဆုံးအဖြတ်ဖြစ်တဲ့ စာမေးပွဲရောက်ရင် အစ်မသားက သူ့ နေရာမှန်ကို ပြန်ရောက်သွားမှာပါ… ခုကြားဆင့်တွေက ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့်လို့ ကလေး စိတ်ဓာတ်ကျမသွားဖို့ တော့ လိုမယ် အစ်မ…

  51. ယနေ့ခေတ် ပုံဖော်ထားတဲ့ပညာရေးစနစ်အရ မူကြိုကစလို့ ဘွဲ့ရတဲ့အထိ ကျူရှင်ယူမှ စာမေးပွဲအောင်မယ်ဆိုတဲ့ဝါဒရဲ့နောက်ကွယ်မှာ ကလေးတွေရဲ့ စာရိတ္တတွေလဲ ရစရာမရှိအောင်ကို ရိုက်ချိုးခံနေရပါပြီ ဆရာမရေ..။ ဆရာမသားအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒီပို့စ်လေး မဂ္ဂဇင်းတစ်ခုခုမှာထည့်ရင် သိပ်ကောင်းမှာပဲဆရာမရေ…။

    ချမ်းမြေ့ပါစေကြောင်း
    ချယ်ရီမြေ

  52. မမ မမရဲ့ ခိုးလို့ခုလုက ကလေးတွေမှမဟုတ်ဘူး
    လူကြီးတွေလဲ ဖြစ်ကြတယ်…
    မြန်မာပြည်ပညာရေးစနစ်အတွက် ရင်လေးရတယ်အမရယ်….
    ဒါက သူငယ်ချင်းရဲ့ ဖေ့ဘုတ်ပေါ်က ခိုးလို့ခုလုလေ

    “””I’ve got very disappointed today ..My borother (KOMOE) did’nt reach for 2nd yrs B-tech Marks .he’s just pass the exam for 2nd yrs ..This is my Big hope from him ..He is sooo bright but not now !!!! Life is like a raggae one beat off one beat on !!!”””””

    this is someone comment from f.b…. might be something went wrong… not your bro; mistake …အန်တီ သီတာရေ ပြောပေးပါဦးနော်ထပ်တူထပ်မျှ ၀မ်းနည်း ကြေကွဲရပါကြောင်း နည်းပညာဝန်ကြီး၏ လုပ်ရပ် အမှားကြောင့် မကျသင့်သော ကျောင်းသား သန်းပေါင်း များစွာ ကျရှုံးရပါသည်။ အပြင်မှ ကျောင်းသားများအား ၀င့်ခွင့်စာမေးပွဲ ဖြင့် သွင်းပြီး ကျောင်းတွင် လက်ရှိသင်ကြားနေသော ကျောင်းသားများအား မြောင်းထဲရောက်အောင် ကန်ထုပ်လုက်သော တရားမျှတခြင်း ကင်းမဲ့လှသည့် အောင်စာရင်း အား ကန့်ကွက် ပါသည်။
    အများလည်း ထိုသို့  တစ်သဘောတည်း ဖြစ်လိမ့်မည်ဟုယုံကြည်မိပါသည်။ အရည်အချင်းရှိ မှ အောင်ခြင်းကို ပေးမည်ဆိုလျင်လည်း အရည်အချင်းပြည့်ဝသော ဆရာများ ထားပေးရန်လို အပ်ပြီး လက်တွေ့ပစ္စည်း ပြည့်စုံအောင်လည်း
    လုပ်ဆောင်ပေးရန်လိုအပ်လှပါသည် ။ သို့ သော် နောက်ဆုံးတွင် မှ ကပ်ကာ ပြောင်းလဲလိုက်သော ကပေါက်တည့် ကပေါက်ချာ အောင်စာရင်းအား လက်မခံနိုင်ပါ။ သို့ ပါသဖြင့် ယခု ထွက်ပြီးသော အောင်စာရင်းအားရုတ်သိမ်းပြီး ပြန်လည်သုံးသပ်ပေးစေလို ပါသည်။ ကျွန်တော် သီဟပါ မန်းလေးနည်းပညာတက္ကသိုလ် မြို့ပြ ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော် ရိုးရိုးအောင် ဖြင့် အောင်စာရင်းတွင်ပါလာပါသည်။ကျွန်တော်လည်း မကျေနပ်နိုင်ပါ ။ကျွန်တော်တို့  ကျောင်း မြိုံပြ မေဂျာ ဒုတိယနှစ် ဖြေဆို သူ ၂၃၀ကျော်တွင် ၃၀သာ ဘီတက် ပါပြီး ဆက်လက်တက်ခွင့် ရပါမည် ။ကျရှုံးကျောင်းသား များနှင့် ထပ်တူ ၀မ်းနည်းကြေကွဲ ဖြစ်ရကြောင်း ပြောကြားလို ပါသည်။

    • မြသွေးနီ says:

      မလွယ်ပါလား နှင်းရေ….
      တကယ့်ကို ခိုးလိုးခုလုဖြစ်ရပါတယ်….

  53. အင်း…..ကျနော်လည်း ရန်ကုန်မြို့ရဲ့ အထင်ကရ ကျောင်းကြီးတစ်ကျောင်းမှာ
    ပညာသင်ကြားရင်း ကိုယ်တိုင်ကြူံခဲ့ရပါတယ် ။
    လူဂုဏ်တန်သားသမီးအများအပြားရှိတဲ့ အဲဒီကျောင်းမှာ……သာမာန်အစိုးရ၀န်ထမ်းရဲ့သားသမီးဖြစ်တဲ့အတွက်…
    ဆရာ၊ဆရာမ(တော်တော်များများ )တွေရဲ့
    လူတန်းစားခွဲခြားဆက်ဆံမှုများကို ရင်ဆိုင်ခံစားရဖူးပါတယ်

  54. သားပြည့်လေးကစာတော်ပြီး ကြိုးစားတဲ့ခလေးမို့ တော်သေးတာပေါ့နော်… သာမန်အရည်အချင်းလောက်နဲ့ခလေးသာ ဆို နောက်တတန်းတောင် တက်လို့ရပါ့မလားး(

  55. သိပ်မှန်တဲ့ပို့စ်လေးတခုပါပဲ အမရေ..
    ဒီအဖြစ်အပျက်တွေက ညီမတို့ငယ်စဉ်အချိန်ကတည်းကနေ ခုထိပါပဲလား..
    အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မထားရင် အခွင့်ရေးမရဘူးဆိုတာ တကယ့်လက်တွေ့ပါပဲ။
    ကျိုးနေပြီဖြစ်တဲ့ ဒီခေါက်ရိုးကို ဘယ်လိုပြန့်အောင်ဖြန့်ရပါ့..း(

  56. Me Me says:

    ဟုတ်ပါတယ် အမရေ…ခုတလော ဒီသတင်းတွေပဲ ကြားနေရတယ်…ဆရာမတွေ ဆရာမ စိတ်ဓာတ်မရှိကြတော့ဘူး…………တကယ့်ကို အသိဥာဏ်မဲ့နေကြပီ….

  57. Me Me says:

    ဒီသတင်းတွေ ကြားရတာ ရင်နာတယ်…မီတို့ ငယ်ငယ်က ဒါတွေ မရှိခဲ့ဘူး…အခုခေတ်သစ် ဆရာမတွေ လက်ထက်ရောက်မှ ဒါတွေပဲ ကြားနေရတယ်……………..

  58. ဆရာမရေ ကျွန်တော်တို့ လင်မယားက ကလေးယူဖို့ ကြိုးစားနေကြတုန်းပါ…ဒီပိုစ့်ဟာ ကျွန်တော်တို့လို ကလေးမရသေးတဲ့ ဇနီးမောင်နှံတွေအတွက် တွေးတောစဉ်းစားဆင်ခြင်မှုတွေ တသီတတန်းကြီးပေးနိုင်ပါတယ်ခင်ဗျာ…မြန်မာနိုင်ငံပညာရေးစနစ်ဟာ အားလုံးဝိုင်းဝန်းစဉ်းစားပြီး အဖြေတစ်ခုထုတ်နိုင်ဖို့တော့ လိုအပ်နေပြီထင်ပါတယ်…

  59. ရတနာ says:

    ငယ်ငယ်လေးကတည်းက ဒီလိုအဖြစ်ပျက်တွေ ခဏခဏ ကြုံဖူးခဲ့တယ်။
    ရတနာလည်း ကျောင်းကျူရှင်ဆိုတာကို တစ်ခါမှ မတက်ဖူးတာမို့ ကျောင်းမှာတော့ ဘယ်တော့မှ အဆင့်မကောင်းဘူး။ ဒါပေမယ့် မြို့နယ်ရည်ချွန်တွေဖြေရတော့မယ်ဆိုရင်တော့ သူတို့ကျူရှင်က အဆင့်၁ရတဲ့သူတွေကို မရွေးရဲကြပါဘူး။ ကျောင်းမှာ အဆင့်ဘယ်လောက်ရရ မြို့နယ်ဆုလေးရတာပဲဆိုပြီး ရှာကြံဂုဏ်ယူခဲ့ရတဲ့ ကလေးဘဝပါ။ :)

  60. wmn says:

    thanks sayama.

  61. စံပယ် says:

    ဟုတ်တယ်အမရယ်
    အမျိုးသားကျောင်းရဲ့ ပညာရေးစနစ် ဆိုးရွားနေတာ အနှစ်၂၀ ကျော်ပြီ
    ပိုပို ခြစားလာတယ်
    ခုချိန် ဘွဲ့ရပြီးသား လူတွေမှာတောင် ခံပြင်းတဲ့စိတ်တွေ မမေ့နိုင်တဲ့ ဆရာ ဆရာမဆိုးတွေ ရှိတယ်
    ခုခေတ် ကလေးတွေဆို ပိုသနားစရာကောင်းတာပေါ့

  62. john says:

    comment တွေအားလုံးသူရှုထောင့်နဲ့သူမှန်ကြပါတယ်၊ ဒါပေမဲ့ဘယ်သူမှမကြည့်သေးတဲ့ရှုထောင့်တစ်ခုကပြောရရင် အခုခေတ် မိဘတွေဟာသားသမီး ပညာရေးကိုမျက်ခြေပြတ်လွန်းတယ်ထင်ပါတယ်၊ study guide ငှားပြီး homework ကူလုပ်ခိုင်းတာဟာ တကယ်တော့မိဘကိုယ်တိုင်လုပ်ရမဲ့အလုပ်ပါ။ မိဘကငွေရှာနေရလို့သားသမီးပညာရေးကို guide နဲ့လွှဲထားရတယ်ဆိုတာ ကလေးကို ကိုယ့်အားကိုယ်မကိုးချင်အောင်အကျင့်ဖျက်သလိုဖြစ်နေပါတယ်၊ “မိဘနှစ်ပါးလုံးက အချိန်အပြည့်အ၀ မပေးနိုင်လေတော့၊” ဆိုတဲ့စကားကြောင့်ကျွန်တော်ဒီလိုပြောတာပါ၊ ငွေရှာရလို့သားသမီးကိုအချိန်မပေးနိုင်တာ အခုခေတ်မိဘအများစုရဲ့လိုအပ်ချက်ပါ၊ မိဘတွေကိုအပြစ်ဆိုလို့မရပေမဲ့ အဲဒါစနစ်ရဲ့အပြစ်။

  63. john says:

    မျက်နှာလိုက်တာထက်ပိုဆိုးတာတစ်ခုရှိသေးတယ်၊ အဲဒါက အမှားတွေသင်တဲ့ကိစ္စပါ။ ပညာတတ်တဲ့မိဘများ ကျောင်းစာအုပ်ကျူရှင်စာအုပ်တွေကို သေသေချာချာစစ်ကြည့်ကြပါလို့အကြံပေးချင်ပါတယ်။ အထူုးသဖြင့်အင်္ဂလိပ်စာပါ၊ ဒီလိုအမှားတွေသင်တာ အတန်းငယ်တုံးမှာမသိသာပေမဲ့ နဲနဲကြီးလာရင်အခြေခံအမှားတွေခိုင်သွားေ၇ာ၊ ဆယ်တန်းမှာ မအောင်ပဲ “တစ်” နေကြတာ အဲဒီအခြေခံအမှားတွေခိုင်ပြီးစာမလိုက်နိုင်တော့တာပါ၊ အခုခေတ် (current generation) ဆရာတွေကိုယ်ကိုယ်တိုင်က အခြေမခိုင်တာလား၊ ပေါ့ဆတာလားတော့မသိဘူး၊ အမှားတွေ သင်တတ်တယ်၊ မိဘတွေသားသမီးကိုဆရာတွေနဲ့လွှတ်မထားကြပါနဲ့၊ ကိုယ်တိုင်လေ့လာပြီး ကျောင်းစာအုပ်ကျူရှင်စာအုပ်တွေကို သေသေချာချာစစ်ကြည့်ကြပါ။

  64. mon says:

    ကျူရှင်မတက်တဲ့ ကျောင်းသားတွေကိုဆို ဘယ်လိုနှိပ်ကွပ်ရမလဲ ၊ ဘယ်လို အရှက်ခွဲရမလဲ ၊ဘယ်လို နှိပ်စက်ရမလဲ ဆိုတဲ့  အတတ်ပညာများစွာ တတ်နေကြပါပီ
    အဲဒါ မြို့ ကြီးရော မြို့ လေးတွေမှာပါ ဖြစ်နေတဲ့ အဖြစ်အပျက်ပါ
    အမ post ကို ကြိုက်လွန်းလို့ မှန်လွန်းလို့ share သွားပါတယ်…
    ကျောင်းမှာကျတော့ စာကိုမသင် ။ခုနောက်ပိုင်း ကျူရှင်မှာပါ မသင်တော့ဘဲ အနီးကပ်ကျမှ မေးခွန်းပေးမယ် ဆိုပီး တစ်လကို နှစ်ရက်လောက်တောင် ဖြစ်ဖြစ်မြောက်မြောက်မသင်ဘဲ လခကို ပုံမှန်ယူပါတယ်
    နောက်ပိုင်းပိုဆိုးတာက မေးခွန်းပေးရင် ကျောင်းသားတွေ တွက်နည်းမေးမှာစိုးလို့ လားမသိ ၁ မှတ်တန်တွေ ဆိုရင် အဖြေကို နှုတ်တိုက်ချပေးတဲ့ အထိ ဆိုးဝါးလာပါတော့တယ် ( သင်္ချာ မှာပေါ့ )
    နံပါတ် ၁ က ( a ) နံပါတ် ၂ က ( c ) ဆိုပီးတော့ပါ..ဒိထက်ဆိုးတဲ့ အဖြစ်တွေလည်း အများကြီးပါ ရေးလို့ ကုန်နိုင်မယ် မထင်တော့ပါဘူး ကျောင်းသားမိဘတိုင်း နားလည်ကြပါလိမ့်မယ်
    ဒါပေမယ့်လည်း အမရေ အဲလို အကျင့်ပျက် ဆရာမတွေ ရှိတာ အဲ့ ဒိ အကျင့်ကိုဖျက်ပေးနေကြတဲ့  မိဘတွေလည်းရှိနေလို့ ပဲလို့  ညီမတော့ မြင်ပါတယ်.. ဒါတွေကို သိရက်နဲ့ ခွင့်ပြုထားတဲ့ ကျောင်းအုပ်တွေမှာလည်း အများကြီး တာဝန်ရှိပါတယ်…

  65. white says:

    ပညာရွှေအိုး လူမခိုး။ But ရွှေအိုးရှိမှ ပညာရ ခေတ်ကြီး ။ :(

  66. စံရဲကျော် says:

    ဘယ်နိုင်ငံက နည်းပညာကျောင်းသားတွေက ဘာတီထွင်လိုက်တယ်ဆိုတာ ကျွန်တော်တို့နိုင်ငံအတွက်တော့ မဟုတ်ခဲ့ပါဘူး … ဘာကိုမှ တတ်မြောက်အောင်မသင်ပေးတဲ့ မြန်မာနိုင်ငံရဲ့ပညာရေးဟာဆိုရင် အရမ်းကို နိမ့်တယ်ပြောရမှာပဲလေ ….. ဘွဲ့လက်မှတ်တစ်ခုရရင်တောင် ငုတ်တုတ်မေ့နေရတဲ့ နိုင်ငံမှာ လူလာဖြစ်ရတဲ့ ဘ၀ကိုက ဆိုးလှပါတယ်ဗျာ …..

    • waimin says:

      အဲ့ဒါဆိုမင်း မြန်မာနိုင်ငံမှာမနေနဲ့ ဒိပြင်နိုင်ငံသွားပြီးကျွန်သွားခံလေ
      ကိုယ့်မွေးတဲ့ကျေးဇူးရှင်နိုင်ငံကိုတော့မစော်ကားပါနဲ့

  67. waimin says:

    အန်တီအဲ့လိုပြောတာတော့မကောင်းပါဘူး အန်တီမကျေနပ်ရင် အဲ့ဒိမကျေနပ်တဲ့ဆရာမနဲ့
    သွားရှင်းပါလား တိုင်လို့ရတဲ့နေရာတွေလဲအများကြီး (ဆရာမတွေ) ဆိုပြီး ၀ါးလုံးရှည်နဲ့တော့
    အကုန်မပြောပါနဲ့လား ကောင်းတဲ့ဆရာမတွေလဲအများကြီးရှိပါတယ် ကျတော်အမေလဲဆရာမပဲ
    ကျတော်လဲကျောင်းတက်ခဲ့တာပဲ ကျတော်တက်တဲ့ကျောင်းမှာဆိုဘာမှအဲ့လိုပြသနာမရှိပါဘူး
    အန်တီစကားကို အဲ့လိုလက်လွတ်စပယ်မပြောပါနဲ့ အဲ့လိုလုပ်တဲ့ဆရာမနဲ့ဒဲ့ရှင်းပါ
    ပုဆိုးကြားကတော့လက်သီးပြမနေပါနဲ့

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>