အကယ်ဒမီရှော့
Number of View: 17408
ဒီနားမှာ ဂျာနယ်ဆိုင်လေး ၃ဆိုင်ရှိတယ်။ နေ့စဉ်ထုတ်ဂျာနယ်မျိုးစုံကို ပုံမှန်ရောင်းတယ်။ ဈေးနီး၊ ကားဂိတ်နီး အချက်အချာကျတဲ့ နေရာဆိုတော့ ပုံမှန်ရောင်းနေရတာပါပဲ။
ဒါပေမယ့် ဒီနေ့ကတော့ ထူးတယ်။ ဘာလို့လည်းဆိုတော့ မနေ့ညကပဲ ၂၀၁၀ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကြီး ကျင်းပထားတယ်။ ဒါကြောင့် ဒီနေ့ မနက်ထွက်တဲ့ ဂျာနယ်တိုင်းလိုလိုမှာ အကယ်ဒမီသတင်းတွေက ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ အချပ်ပိုတွေနဲ့ ပလူပျံထွက်လာတယ်။
စောစောကပြောတဲ့ ဆိုင်၃ဆိုင်မှာလည်း ဒီနေ့မနက်ထွက်တဲ့ ဂျာနယ်အားလုံးကို ကိုယ်စီ တင်ထားကြတယ်။
မနက် ၁၁နာရီဝန်းကျင်မှာတော့ အသက်အကြီးဆုံးလူ၊ သူရောင်းတဲ့ဆိုင်မှာ အမျိုးသမီးတစ်ယောက်က ဂျာနယ်လာဝယ်တယ်။ အမျိုးသမီးက ဟိုဟိုဒီဒီ လှန်လှောကြည့်ရင်း ..
“ အကယ်ဒမီ သတင်းပါတဲ့ ဂျာနယ်ကောင်းကောင်းလေး တစ်စောင်လောက်၊ ဘယ်ဂျာနယ် ကောင်းမလဲ မသိဘူးနော် ”
“ အစ်မ ကြိုက်တာဝယ်ပါ၊ တစ်စောင်မှ ၅၀၀ကျပ်ပဲ ”
“ ဓာတ်ပုံတွေ ပိုများပြီး ဖတ်လို့ အကောင်းဆုံး၊ အရောင်းရဆုံး ဂျာနယ် ရွေးပေးပါလား။ ကျွန်မ နှစ်စောင်တောင်ယူမှာ “
“ အဲ… ဒါဆိုရင်တော့ ဒီဂျာနယ်ကိုယူ။ သူက စာရွက်သားလည်း ပိုကောင်းတယ်။ စာရွက် အရေအတွက်လဲ ပိုများတယ်။ ဓာတ်ပုံတွေကလဲ တခြားဂျာနယ်တွေထက်ကို စုံတယ်။ အင်တာဗျုးထားတာများ   ကောင်းမှကောင်းဗျာ။ အကယ်ဒမီမင်းသား အကြောင်းများ၊   ရေးထား မေးထား လိုက်တာများဗျာ.. တကယ့်ကို  နှိုက်နှိုက်ချွတ်ချွတ်၊ အကယ်ဒမီမှန်းထားပြီး မရလိုက်တဲ့ မင်းသား မျက်နှာများ သေချာကို အမိအရ ရိုက်ထားတာဗျ၊ ရောင်းမလောက်လို့ စောင်ရေအပို ကြိုမှာ ထားရတာ၊ ဒါပေမယ့် သူက တစ်စောင်ကို ၆၀၀ကျပ်နော် ”
အမျိုးသမီးလည်း ဂျာနယ်ရောင်းသူ အပြောကောင်းတာကြောင့် ဂျာနယ်ကို လှန်လှောလို့တောင် မကြည့်တော့ပါဘူး။ ငွေ၁၂၀၀ကျပ်ပေးပြီး ဂျာနယ်၂စောင် ၀ယ်သွားလေရဲ့။
အမျိုးသမီးလည်း ထွက်သွားရော ညာဘက်ဘေးဆိုင်က ဂျာနယ်ရောင်းသူ ကောင်လေးက..
“ အကိုကြီး.. ခင်ဗျားက တယ်ဟုတ်ပါလား၊ ဒီဂျာနယ်က ထွက်သမျှတွေထဲမှာ မစွံဆုံး ဂျာနယ်လေဗျာ။ သတင်းတွေ ဓာတ်ပုံတွေကလဲ ထူးမခြား နားတွေပါဘဲဗျာ၊ ခင်ဗျားတောင် မနက်က ဖတ်ပြီး လုပ်စားထားတဲ့ ဂျာနယ်ကြီး၊ ငါတော့ အစောင်အရေတွက် ပိုယူမိတာ မှားပြီလို့  ညည်းပြီးတော့”
ဘယ်ဘက်ဘေးဆိုင်က ဂျာနယ်ရောင်းသူကလဲ ..
“ အေးလေ.. ပုံမှန်ရောင်းဈေး ၅၀၀ကျပ်ပဲဟာ၊ အခု ခင်ဗျားက ၆၀၀ကျပ်တောင် တင်ရောင်းလိုက်သေး ”
ဒီတော့… ခုနရောင်းလိုက်သူက..
“ အဲ့ဒါ မင်းတို့ မှတ်ထားကွ၊ ငါ့လက်ထဲမှာ တခြား ဂျာနယ်အစောင်တွေက ၂စောင်လောက်ဘဲ ကျန်တော့တယ်၊ ဒီဂျာနယ်က အခု ဒီအချိန်ရှိတာတောင် ၁၀စောင်လောက် ကျန်နေသေးတယ်၊ ဒီလိုမှ မရောင်းရင် ကုန်မှာ မဟုတ်တော့ဘူး၊ လူတွေရဲ့စိတ်က ဒီလိုဘဲ၊ အပြောကောင်း ကောင်းလေး နဲ့ပြော၊ ဈေးပိုပေးရတယ်ဆိုရင် ပိုကောင်းတယ် ထင်တတ်တာ သဘာဝဘဲကွ၊ အထဲက စာတွေ အရည်အသွေး ကောင်းမကောင်း သူတို့ ဂရုမစိုက်တော့ဘူး၊ မယုံရင်ကြည့်.. သူအိမ်ရောက်ရင် သူဝယ်လာတဲ့ ဂျာနယ်က ပိုစုံတယ်၊ ပိုကောင်းတယ်ဆိုပြီး မပြောရင် ငါ့ဇက်လာဖြတ်၊ တန်ဘိုး ကြီးကြီး ပေးရရင် ကောင်းတယ်ထင်တတ်တဲ့ လူတွေရဲ့ စိတ်ကို ငါက အသုံးချပြီး ဒီဂျာနယ်ကို ရောင်းထုတ်လိုက်တာကွ၊ မယုံရင် မင်းတို့လဲ စမ်းကြည့်၊ အေး.. ဒါပေမယ့် အပြောလေးနဲ့ ရုပ်ခံကတော့ အကယ်ဒမီရှော့ ဖြစ်နေရမယ်နော် ”
ဒီတော့ သူ့ရဲ့ ရောင်းဖော်တွေက သူ့ကို အခုလိုပြောလိုက်တယ်။
“ ဟုတ်တယ်.. ဒီနှစ် ဇာတ်ဆောင်မင်းသားအတွက် အကယ်ဒမီက ဟိုမင်းသားမဟုတ်ပဲ ခင်ဗျား ရရမှာ.. ”
———————
( “ အိပ်မက်ကောက်ကြောင်း၊ ၂၀၁၀ ခုနှစ်၊ ဧပြီလ” မှာထည့်ခဲ့ဘူးတဲ့ ပို့စ်အဟောင်းလေးပါ။ လူရဲ့ ပင်ကိုယ်စိတ်ကိုက အကောင်း ကြိုက်တတ်ကြတယ်။ ဈေးပိုပေးရရင်   ကောင်းတယ် ထင်တတ်တယ်။ အပေါ်ယံ အရှိန်အ၀ါနဲ ဟိတ်ဟန်တွေကို ကြည့်ပြီး မှင်မောင်းကောင်းကာင်းနဲ့ ပြောရင်တော့ ကျသွားပြီသာမှတ်။  သွားရင်းလာရင်း ပို့စ်လေး တစ်ပုဒ်လက်ဆောင်ပေးတဲ့ ဂျာနယ်ရောင်းသူကို ကျွန်မ ကျေးဇူးတင်နေမိတယ်။ ဒီနှစ်အကယ်ဒမီဆုရှင်တွေက ပရိသတ်ဆန္ဒနဲ့ တစ်ထပ်ထဲမို့ ၀မ်းသာမိရပါတယ်။ )
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။
Share
This entry was posted in ပြုံးထေ့ထေ့. Bookmark the permalink.
27 Responses to အကယ်ဒမီရှော့
  1. “အပြောကောင်းလေ ဈေးပိုရောင်းရလေ”
    “အပြောလေးနဲ့ ရုပ်ခံကတော့ အကယ်ဒမီရှော့ဖြစ်နေရမယ်”
    :)
    အဆင်ပြေပါစေခင်ဗျာ….
  2. မိစံ says:
    ဟုတ်တယ်နော်အစ်မ
    သတိထားရမယ်း)
    ညီမအတွက်တော့ ဒီပို့စ်က..တကယ့်သင်ခန်းစာပါ။
    ချစ်ခင်လျှက်
  3. မြတ်ပန်းနွယ် says:
    ဒါမျိုးလေး တစ်နေရာရာမှာ ဖတ်ခဲ့ဖူးပါတယ်လို့ဟာ အစ်မရေးထားပြီးသားလေးပဲ ဖြစ်နေတာကိုး။ :)
    ကိုယ့်အလှည့်ကျရင် အဲလိုလေး ဘတ်ကီးရိုက်မခံရအောင် သေချာသတိထားရမယ်။
    လေးစားစွာဖြင့်
    မြတ်
  4. ဟုတ်ပ. မှတ်သားဖို့ ကောင်းတယ်နော် အစ်မ. သေချာကြည့်ဝယ်ရမယ်..။
  5. အင်း… ဆရာမကိုလဲ အကယ်ဒမီပေးရမယ်ထင်တယ်..။ အကယ်ဒမီရှော့သတင်းထူးလေးနဲ့ ပညာပေးပို့စ်လေးတင်ပေးလို့…။
    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ
  6. mgmyo says:
    အဖွားကြီးသနားပါတယ် သူလည်း အကယ်ဒမီရှော့ နဲ့မိသွားတာပဲ :P
  7. အပြောကောင်းတဲ့လူတွေပိုပြီးကြောက်ဖို့ကောင်းတယ်
  8. AH says:
    သြော်… လူ၊ လူ၊ ဒါလေးဖတ်ရတော့လည်း Branded ပစ္စည်းတွေ ကို လူတွေ ဈေးကြီးကြီး ပေးဝယ်ကြတာ တန်ရောတန်ရဲ့လား လို့ တွေးမိလိုက်သေးတယ်။ တွေးစရာလေးရော၊ ပြုံးစရာလေးရော ပေးတဲ့အတွက် ကျေးဇူးပါခင်ဗျာ။
  9. sosegado says:
    အခြေခံ marketing ပေါ့
  10. ဈေးကြီးမှကောင်းတယ်ထင်ကြတယ်။ ကိုယ်လည်း အဲလိုလူပဲ။ :)
  11. Junemoe says:
    တိုတိုလေးနဲ့ ထိတဲ့ ပို့စ်လေးပဲ အမရေ..
    အိပ်မက်ကောက်ကြောင်းထဲမှာ ဖတ်ပြီးကတည်းက ကြိုက်နေတာ
    လူဆိုတာ အကောင်းပဲကြိုက်… အကောင်းပဲအပြောခံချင်… ဒါမဲ့ ကိုယ်တိုင်ကျ လုပ်တာ ပြောတာ မကောင်းတာတွေ အများကြီးပဲနော် အမ…
    ခင်မင်လျက်
    Junemoe
  12. အဲဒါမျိုးဆန်ဆန် documentary တစ်ခု ကြည့်ဖူးတယ် မမြသွေးနီ…၊
    တစ်မျိုးနဲ့တစ်မျိုး ဈေးနှုန်း အတော်လေး ကွာတဲ့ ဝိုင် ၃ ပုလင်းကို ဈေးနှုန်းတွေ ကပ်ထားတဲ့ ပုလင်းတွေနဲ့ ချပေးပြီး လူတွေကို မြည်းခိုင်းတယ်၊ အားလုံးလိုလိုက ဈေးအကြီးဆုံး ဝိုင်က အကောင်းဆုံးပဲလို့ မှတ်ချက်ပေး ကြတယ်၊ ပြီးတော့ အဲဒီဝိုင် ၃ မျိုးကို မူလပုလင်းတွေကို မပြဘဲ ခွက်တွေထဲ ထည့်ပြီး မြည်းခိုင်းတော့ အကောင်းဆုံး ဆိုတဲ့ အဖြေက တစ်ယောက်တမျိုး ဖြစ်သွားရော..၊ နောက်ဆုံး အဲဒီဝိုင် ၃ မျိုးကိုပဲ ခွက်တွေထဲထည့်၊ သက်ဆိုင်ရာ ခွက်အသီးသီးရဲ့ အနောက်မှာ ဝိုင်ပုလင်းတွေကို နေရာလဲပြီး ချထားလိုက်တယ်၊ ဈေးပေါတဲ့ ဝိုင်ခွက်ရဲ့ အနောက်မှာ ဈေးအကြီးဆုံး ဝိုင်ပုလင်းကို ချထားလိုက်တယ်၊ အားလုံးရဲ့ အဖြေက တညီတညွတ်တည်း အဲဒီ ဈေးအပေါဆုံး ဝိုင်ဟာ အကောင်းဆုံးပါပဲ-တဲ့..၊း)
    လူရဲ့ စိတ်ဟာ ဈေးကြီးလေလေ၊ ကောင်းလေလေလို့ ထင်ကြတာ တကယ့်ကို အမှန်ပါပဲဗျာ…။
  13. ကူးကူးလှိုင် says:
    အပြောကောင်း ဈေးပိုကြီးရင် ကောင်းတယ်ထင်ပြီး ၀ယ်ဖြစ်သွားတာများတယ်အစ်မရေ သတိထားရမယ့်အချက်ထဲမှာပါသွားပြီ…
  14. :)… ရွှေအမြုတေမှာ ဖတ်ခဲ့ဖူးတဲ့ လက်ဖက်ခြောက်နှစ်ပုံခွဲရောင်းတဲ့ ကောင်လေးတစ်ယောက်ကို သွားသတိရတယ်.. လူတွေကလည်း လူတွေလေ… ရောင်းသူကလည်း ရောင်းသူ.. ဘာပြောရမယ်တောင်မသိဘူး.. ကိုယ်ကိုယ်တိုင်လည်း ဒီလိုဖြစ်မလားပဲ…
    ခင်မင်လျက်
    နေ၀သန်
  15. angelhlaing says:
    တစ်ကယ်ကို ဆင်ခြင်စရာ အသိတရား တိုးရပါတယ်မမရေ…
  16. ဘဝတခုလုံး အကယ်ဒမီရှော့တွေချည်းပဲးP
    ကိုယ်သာမင်းသား
    ကိုယ့်ဘဝက ကိုယ်ကတဲ့ဇာတ်မဟုတ်ပေလားဗျာ
  17. အပြောကောင်းတဲ့သူက ဈေးရောင်းတာဘဲဖြစ်ဖြစ် ဘယ်နေရာမှာဖြစ်ဖြစ် နှာတစ်ဖျားသာသလိုဘဲနော်
    လူတွေကလည်း အပြောကောင်းသူနောက်ကို ကောက်ကောက်ပါတတ်ကြတယ်။
    ဒီပိုစ့်လေးကတော့ လူတွေရဲ့ သဘောသဘာဝကို ကွက်ကွက်ကွင်းကွင်းဖော်ပြပေးတဲ့ ပိုစ့်လေးပါဘဲ။
    ဖတ်လို့သိပ်ကောင်းတယ်။
  18. blackroze says:
    ဟုတ်တယ်အမရေ
    တချို့တွေကငွေပိုပေးရမှ ကောင်းတာလို့
    ထင်ကြတဲ့သူတွေ..
    အဲလိုလူတွေဘဲအညာခံရတာများတယ်
  19. စန်းထွန်း says:
    လူ့ ဘဘောကို ကွက်ကွက်ကွင်းကွင်းမြင်ရလို့  ကြိုက်မိတယ်..ကိုယ်လည်းတူတူပါပဲ..
  20. ဟုတ်ပ ဟုတ်ပမမရေ လူတွေက အဲလိုသာပြော သဘောတွေကိုကျလို့
    တကယ့်အကယ်ဒမီရှော့ပဲ ..း)
    သဘောကျတယ်
    ချစ်တဲ့
    မဒိုးကန်
  21. kokosein says:
    ပညာပေးစာပိုဒ် ကိုဖတ်သွားပါတယ်။
  22. မင်းဝေဟင် says:
    ဟုတ်တယ်ဆရာမရေ…..။လောကမှာအကယ်ဒမီရှော့တွေက တစ်နေ့ထက်တစ်နေ့များများလာတယ်။
  23. အပြောကောင်းကောင်းနဲ့ ဈေးတင်ရောင်းရင် ဝယ်လိုအား ကောင်းတယ်တဲ့လား..
    ဟေဟေ့..ပြန်ရင်တော့ ဈေးကွက်စီးပွားရေးလေးလုပ်ဦးမယ်.. :)
  24. ပန်းချီ says:
    မူယာမာယာတွေ ပိုလွန်းတယ်…ဟန်ဆောင်လိမ်ညာတာတွေကို လျှော့ဦးကွယ်း)) အကယ်ဒမီရှော့တွေကို အဲဒိသီချင်းလေးဆိုပြချင်ထာ… :D
  25. ဆန့်တွေးကြည့်ရင် စောင်းပြောနေသလိုပဲ။ ကျွန်တော်တို့ ကိုယ်တိုင်၊ ကျွန်တော်တို့ ၀န်းကျင် အားလုံးရဲ့ နာမည်ရှေ့မှာ အကယ်ဒမီ တပ်လို့တောင် ရချင်ရနိုင်ရဲ့ နော်။ ထပ်ကွမ်းအနည်းအများသာ ကွာချင်ကွာကြမှာ မဟုတ်လား။း)
  26. အကယ်ဒမီဆုရနိုင်လောက်တဲ့ အရည်အချင်းနဲ့
    ဟန်ပန်အပြည့်နဲ့ ဂျာနယ်ရောင်းသွားတဲ့သူ
    သူ့ကိုပဲ ………. အကယ်ဒမီ ပေးသင့်တာ.. :)
  27. TTSweet says:
    အဟောင်းပေမဲ့ မဖတ်ရသေးတော့ အသစ်ပဲ။ သူပြောတာလဲ မှန်သားပဲ။ တစ်ခါတစ်လေလူတွေက ဈေးကြီးရင် ကောင်းတယ်ပဲ ထင်ကြတာ။ မြသွေးရေးတာလေးတွေ အားလုံး စိတ်ဝင်စားဖို့ ကောင်းတယ်။
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>