ကောက်ရိုးလေးတစ်မျှင်
Number of View: 17857
မွန်မွန်ဘတ်(စ)ကားပေါ်က ဆင်းလာသည်ကို မှတ်တိုင်ရှိ ကုက္ကိုပင်အကွယ်မှ ကျော်စွာ ကြည့်နေရင်း ကျေနပ်နှစ်သက်စိတ်ဖြင့် ပြုံးမိလေသည်။ ခါးလည်အထိ ရှည်လျားသည့် ဖြန့်ချထားသည့် ဆံပင်ကို နောက်ကျောသို့ ခါသိမ်းလိုက်ရင်း မွန်မွန်၏ မျက်လုံးအစုံက ပတ်ဝန်းကျင်ကို ဝေ့၀ဲ ရှာဖွေလိုက်သည်။ ကျော်စွာတစ်ယောက် မည်သို့မျှ မနေနိုင်တော့ဘဲ သစ်ပင်အကွယ်မှ ထွက်၍ ချစ်သူကို ကိုယ်ထင်ပြလိုက်သည်။ ကျော်စွာကို မြင်တော့ မွန်မွန်မျက်နှာတွင် အပြုံးတို့ဖြင့် ဖြာဝေသွားသည်။
“ ကို နောက်ကျနေပြီလို့ မွန်မွန် ထင်နေတာ.. တော်သေးတာပေါ့ ၊ မဟုတ်ရင် မှတ်တိုင်က လူတွေကြားထဲ ကို့ကို မွန်မွန်စောင့်နေရဦးမှာ ”
“ မွန်မွန်က ကို့ကိုပြန် စောင့်ရတဲ့ရက် ဘယ်နှရက်များ ရှိလို့လဲ..ကဲ.. ပြော”
“ဟုတ်ပါတယ်… မိန်းကလေးဆိုတာက ချိန်းထားရင် ချစ်သူကို ကိုယ့်ထက် အရင် ရောက်နေမှ ကျေနပ်တာမျိုး မဟုတ်လား ”
စကားတတ်တဲ့ မွန်မွန့်၏ခေါင်းကို ကျော်စွာက လက်ဖ၀ါးလေးဖြင့် အုပ်ဖိလိုက်သဖြင့် မွန်မွန်ဇက်ကလေး ပုသွားရသည်။
“ ကို.. မနက်စာ အိမ်က ဘာစားလာသေးလဲ ”
“ ဘာမှ မစားခဲ့ပေါင်၊ မွန်မွန်ပဲ မနေ့က ပြောတော့ အပျိုကြီးညီအစ်မဆိုင်မှာ မုန့်ဟင်းခါးကို ကြက်သွန်ကြော် လေးနဲ့ စားချင်ရဲ့ဆို ”
မွန်မွန် ကျေနပ်စွာ ပြုံးလိုက်ပြီး…
“ လိမ်မာတယ်… ပြောထားတာ မမေ့ဘူးပဲ ”
“ ကို့ချစ်သူ မှာထားတာပဲ၊ ဘယ်မေ့ပါ့မလဲ၊ ဘွားဘွားကတောင် သူကြော်ထားတဲ့ ထမင်းကြော် မစားသွားလို့ တပြစ်တောက်တောက် လုပ်နေသေးတယ် ”
“ဘွားဘွားဆိုလို့ ဘွားဘွားရော လက်မောင်းကိုက်တာ သက်သာရဲ့လားဟင်..၊ လာမယ့် တနင်္ဂနွေ ဘွားဘွားနဲ့တွေ့ချင်တယ် ကို…၊ ဘွားဘွားအတွက် မွန်မွန်ထိုးနေတဲ့ သိုးမွှေးတဘက်လေးလဲ အဲ့ဒီအချိန်ဆို ပြီးလောက်ပြီ”
“ အင်း… သက်သာပါတယ်၊ ဘွားဘွားကတောင် ငါ့မြေး နေ့တိုင်း စိတ်ရှည်ရှည်နဲ့ ဆေးလူးနှိပ်ပေးလို့ အခုလို သက်သာလာတာလို့တောင် ပြောနေသေးတယ်၊ မွန်မွန်ကိုလဲ ဘွားဘွားက မေးပါတယ်၊ ဟိုနေ့က အိမ်မှာ ထမင်းသုတ် လုပ်စားတော့တောင် ငါ့မြေးချွေးမလေးက ထမင်းသုတ်ကြိုက်တတ်တယ်လို့ ကို့ကို လာပြောနေသေးတယ် ”
မွန်မွန်နဲ့ ကျော်စွာတို့နှစ်ယောက် စကားတပြောပြောနှင့် လျှောက်လာရာ မကြာမီ သူတို့ စားနေကြ  မုန့်ဟင်းခါးဆိုင်ရှိရာဆီသို့ ရောက်လာကြသည်။ ဆိုင်ရှေ့ ပလက်ဖောင်းမှာ ခင်းထားသည့် စားပွဲခုံပုလေးတစ်လုံးကို ရွေးချယ်ပြီး နေရာယူလိုက်ကြသည်။
မွန်မွန်နဲ့ ကျော်စွာတို့ ချစ်သူနှစ်ယောက်ကို နှစ်ဘက်မိဘများ အသိအမှတ်ပြုထားပြီးဖြစ်ပြီး၊ လာမည့်နှစ်တွင် လက်ထပ်ဖို့ ရည်ရွယ်ထားပြီး ဖြစ်သည်။ တက္ကသိုလ် ကျောင်းသူဘ၀ထဲက ခိုင်ခိုင်မြဲခဲ့သည့် သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာကို မိဘများကပါ နားလည်လက်ခံပေးခဲ့ကြသည်။ မွန်မွန်က တစ်ဦးတည်းသောသမီး ဖြစ်သလို၊ ကျော်စွာကလည်း မိခင်ကြီးကွယ်လွန်သွားပြီးနောက် သားကို အလွန်ချစ်သည့် ဖခင်ကြီးနှင့်အတူ၊ မြေးကို အလွန်ချစ်သော အဘွားဖြစ်သူ၏ အသည်းကျော် ဖြစ်သည်။ ရုံးတက်ချိန် မနက်တိုင်း သူတို့နှစ်ဦး ကားဂိတ်တွင် ဆုံနေကြဖြစ်ပြီး၊ မနက်စာတစ်ခုခု စားပြီးပါက၊ မွန်မွန်ရုံးကို ကျော်စွာက လိုက်ပို့ပေးပြီးမှ သူ့ရုံးသို့ သွားလေ့ရှိသည်။ ညနေဆိုလျှင်လည်း အလားတူ ပြန်ဆုံလျှက် အတူတူ ပြန်ကြလေသည်။
အငွေ့တထောင်းထောင်း ထနေသည့် မုန့်ဟင်းခါးပူပူ နှစ်ပွဲရောက်လာတော့ နှစ်ယောက်သား ခေါင်းမဖော် စတမ်းစားကြတော့သည်။ ဟင်းရည်ပူပူနှင့် ငရုပ်သီးမှုန့်စပ်စပ်၏ အရှိန်ကြောင့် မွန်မွန် နှုတ်ခမ်းတ၀ိုက်တွင် ချွေးသီးများ စို့နေသည်ကို ကျော်စွာက တစ်ရှုးစက္ကူစဖြင့် အသာအယာ သုတ်ပေးလိုက်သည်။ ထိုအချိန်တွင် –
“ ကို.. ဟိုဘက်ကားလမ်းကို ကြည့်လိုက်၊ မွန်မွန်တို့ အဘွားမဟုတ်လား ”
“ အင်း.. ဟုတ်တယ် မွန်မွန်၊ ကိုတို့ အဘွားပဲ”
“ မွန်မွန်တို့အဘွား၊ ကိုယ်တို့အဘွား” ဆိုသည်က ကျော်စွာ၏ အိမ်က အဘွားမဟုတ်ဘဲ၊ မွန်မွန်တို့ ရုံးဆင်းရုံးတက်ချိန်တိုင်း လမ်းထောင့်က မီးစက်ကြီးနဘေးမှာ ထိုင်လျှက် ပိုက်ဆံအလှူခံတတ်သူ အဘွားကို ဆိုလိုခြင်းဖြစ်သည်။ ဆံဖြူကျိုးတိုးကျဲနှင့် ကွမ်းသီးလုံးလောက် ဆံထုံးလေးကို ငယ်ထိတ်မှာ ထုံးလျှက်၊ ဘယ်လက်ထဲ ပိတ်လွယ်အိတ်တစ်လုံးကိုင်ပြီး၊ ညာလက်က ၀ါးလုံးရှည်တစ်ချောင်းနှင့် ထိုအဘွားသည် သူတို့နှစ်ဦးနှင့် ရင်းနှီးနေလေပြီ။ မွန်မွန့်စိတ်ကိုက မရှိနွမ်းပါး သက်ကြီးရွယ်အို အဘိုးအဘွားများ တွေ့လျှင် နိုင်သလောက်လေး မလှူတမ်းပဲ မည်သို့မျှ မနေနိုင်ချေ။ ထို့ကြောင့် ငွေအကြွေစက္ကူလေးတွေ ရှိသမျှ သည်အဘွားကို လှူရန်တွက် သူတို့ စုထားဖြစ်ခဲ့ကြသည်။ ရံဖန်ရံခါ အိမ်ကအဘွားဆီက ကျော်စွာ တောင်းယူလာသည့် အင်္ကျီ်များ၊ အနွေးထည် များကို  သည်အဘွားအတွက် သူတို့ ပေးခဲ့ကြသည်။ ငွေပေးလှူပြီးတိုင်း “ ကျန်းမာချမ်းသာပါစေ၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ၊ လိုအင်ဆန္ဒ တစ်လုံးတစ်ဝထဲ ပြည့်စုံပါစေ၊ အိုအောင်မင်းအောင် ပေါင်းကြရပါစေ” လို့ ဆုပေးတိုင်း “နောက်ဆုံးဆု အမြန်ုဆုံး ပြည့်ရပါလို၏” လို့ ကျော်စွာက အမြဲ ပြောတတ်ပြီး၊  အဲ့သည်အချိန်ဆို မွန်မွန်က ကျော်စွာခါးကို လှမ်းဆွဲလိမ်နေကြဖြစ်သည်။ တွန့်လိမ်ကောက်ကွေးသွားသည့် ကျော်စွာ့ကို ကြည့်ပြီး မွန်မွန်သာမက အဘွားပါ ရယ်မိကြသည်။ သူတို့နှစ်ယောက်ကို အဘွားက ကောင်းကောင်း မှတ်မိနေပြီး၊ တစ်ရက်တစ်လေ ကျော်စွာတို့ ပျောက်နေခဲ့ရင်ဖြင့် နောက်တစ်နေ့တွင် အဘွားက သူ မျှော်နေမိသေးကြောင်း ပြောပြတတ်သည်။
ကားလမ်းမအကျယ်ကြီးမှာ ၀ါးလုံးလေးထောက်လျှက် ခါးတကုန်းကုန်းဖြင့် တရွေ့ရွေ့ လမ်းကူးလာသည့် အဘွားကို ကြည့်ပြီး ကျော်စွာတစ်ယောက် ဖြတ်သွားသည့် ကားများနှင့် အဘွားကို တိုးမိမှာ စိုးရိမ်ပြီး၊ ထိုင်ရမလို ထရမလို ဖြစ်သွားရသည်။
“ ကို… သွားခေါ်လိုက်ပါလား”
မွန်မွန်က ကျော်စွာ့ကို ပြောနေဆဲ အဘွားက တရွေ့ရွေ့ဖြင့် မွန်မွန်တို့  ရှိရာဘက်သို့ ကားလမ်း ကူးလာချေပြီ။ မုန့်ဟင်းခါးဆိုင် တစ်ဆိုင်ကျော်မှ ဖွင့်ထားသည့် လက်ဘက်ရည်ဆိုင်မှ ခင်းထားသည့် စားပွဲများတွင် တစ်စားပွဲပြီး တစ်စားပွဲ အဘွားတစ်ယောက် အလှူလိုက်ခံနေသည်ကို မွန်မွန်တို့ နှစ်ယောက်လုံး မြင်နေရသည်။
“ ကို… တစ်ခါတစ်လေ ကြုံတောင့်ကြုံခဲ.. အဘွား ဒီဘက်ကို လာရင် မွန်မွန်တို့ မုန့်ဟင်းခါး ၀ယ်ကျွေးကြ ရအောင်နော်”
“ မွန့်မွန့်သဘောလေ… ကောင်းသားပဲ.. ”
ခဏနေတော့ မွန်မွန်တို့ရှိရာ စားပွဲနားသို့  အဘွားရောက်လာ၏။
“ အဘွား ”
ကျော်စွာ့ခေါ်သံကြောင့် အဘွား မျက်မှန်အောက်ကနေ လှမ်းကြည့်၏။ ကျော်စွာနှင့် နဘေးနားထိုင်နေသည့် မွန်မွန်ကို တွေ့လိုက်ရတော့ အရေးအကြောင်းများ စိတ်စိတ်ထနေသည့် အဘွား၏မျက်နှာပေါ်တွင် အပြုံးများ ဖိတ်လျှံသွားသည်။
“ အဘွား… ဒီမှာထိုင်ပါဦး.. မွန်မွန်တို့ အဘွားကို မုန့်ဟင်းခါး ကျွေးချင်လို့၊ အဘွား စားရမယ်နော် ”
မွန်မွန်က ပြောပြောဆိုဆို သူ့နဘေးက ထိုင်ခုံအလွတ်တွင် အဘွားထိုင်နိုင်ရန် တွဲပြီး နေရာချပေးလိုက်သည်။ အဘွားက ၀ါးတောင်ဝှေးကို စားပွဲမှာ မှီလျှက် ထောင်ထားသော်လည်း၊ လက်ထဲက လွယ်အိတ်ကိုတော့ ပေါင်ပေါ်တင်လို့ ထားလိုက်၏။
“ အဘွား.. ဘာနဲ့ စားမလဲ၊ သွားမကောင်းရင် ငါးဖယ်ကြော်လေးနဲ့ စားမလား”
မွန်မွန်မေးတာကို အဘွားက လက်ဖြင့် တားလိုက်ရင်း –
“ အဘွား ထမင်းစားလာတယ် မြေးရဲ့၊ မစားချင်ဘူး၊ မဆာပဲ စားရင် ပိုက်ဆံနှမျောစရာကွယ်”
“ တစ်ခါတစ်လေ စားတာပဲဟာ အဘွားကလဲ ”
“ ရေနွေးပဲ သောက်ချင်တယ်၊ မစားတော့ဘူး.. မစားတော့ဘူး”
ကျော်စွာက အဘွားသောက်ဖို့ ရေနွေးတစ်ခွက် ငှဲ့ပေးရင်း –
“ ဒါဆို အဖွားကို ကျွန်တော် မုန့်ဟင်းခါးဘိုး ပြီးရင် လှူမယ်”
အဘွားက “ သာဓု သာဓု သာဓု ” အစပြုလို့ ဆုတောင်းပေးနေကြအတိုင်း ဆုတောင်းပေးပြန်တော့  ကျော်စွာလည်း ၀တ္တရားမပျက် မွန်မွန်ကို စတော့သည်။ သည်တစ်ခါတော့ မွန်မွန်က ကျော်စွာ့ခါးကို ဆွဲမလိမ်တော့ဘဲ..
“ အဘွားဆုပေးတိုင်း သူက အသားယူပြောနေရတာကို အရသာတွေ့နေတယ်လေ” လို့ ရှက်ပြုံးဖြင့် ပြော၏။
အဘွားက မွန်မွန်တို့နှစ်ယောက်ကို ကြည့်ပြီး သွားကျိုးများ ပေါ်သည်အထိ ပြုံးနေ၏။ ထိုင်ခုံမှာ ထိုင်နေသည့် အဘွား၏ခါးက ထိုင်လျှက်ကပင် ကိုင်းနေလေပြီ။ နိုင်လွန်ကြိုးဖြင့် ချည်နှောင်ထားသည့် မျက်မှန်ကိုင်းကျိုး   အောက်တွင် အဘွား၏ မျက်ဝန်းများက ဝေေ၀၀ါးဝါး ရှိလှ၏။   ရေနွေးကြမ်းခွက်ကို ကိုင်ထားသည့် အဘွား၏လက်မှ လက်သည်းခွံများ ကြားတွင် ချေးညှော်များနှင့်။ အဘွားခြေထောက်ကို ကြည့်လိုက်တော့ မညှပ်တာကြာလှသည့် ခြေသည်းရှည်များနှင့် တုန်နဲ့နေသည့်   ခြေထောက်များကို သယ်ဆောင်လာသည့် သားရေဖိနပ် မြှီးပိုင်းပြတ်နှင့်။ အဘွား ၀တ်ထားသည့် ဆေးလိပ်မီးပေါက် ဗလပွအင်္ကျီနှင့် အရောင်မပေါ် ထမီတို့က နွမ်းဖတ်နေချေပြီ။ အဘွားငယ်ထိပ်က ကွမ်းသီးဖု ဆံထုံးလေးမှာ ရစ်ခွေပတ်ထားသည့် စပယ်ပန်းကုံးလေးကတော့ လတ်လတ်ဆတ်ဆတ် ရှိ၏။
“ အဘွားအကြောင်း ပြောပြပါလား၊ သမီးတို့ စိတ်ဝင်စားလို့”
မွန်မွန်က အဘွားအကြောင်းကို စပ်စပ်စုစု မေးခြင်းထက်၊ အဘွားနှင့် သူတို့နှစ်ဦး ပိုမိုရင်းနှီးလိုသည့်သဘော ပြလိုသည်ကို ချစ်သူဖြစ်၍ ကျော်စွာ ကောင်းကောင်း နားလည်လိုက်သည်။
“ အဘွား ဘယ်က စပြောရမလဲ”
အရိုးခံ မေးလိုက်တဲ့ အဘွား၏ စကားကြောင့် မွန်မွန်က ဟက်ဟက်ပက်ပက် ရယ်ရင်းက-
“ အဘွားရဲ့အသက် ဘယ်လောက်ရှိပြီ၊ အဘွား ဘယ်မှာနေတယ်က စလို့၊ ဒီနားတ၀ိုက်မှာ အလှူခံဖြစ်နေ တဲ့အထိ ပြောပြပေးနော် ”
အဘွားက ပေါင်ပေါ်က လွယ်အိတ်လေးကို လက်ထဲ တင်းတင်းဆုတ်ကိုင်လိုက်ရင်းက –
“ အဘွားအသက်က လာမယ့် ပြာသိုလဆို ခြောက်ဆယ့်ရှစ်နှစ်ရှိပြီ”
ရှိရင်းစွဲအသက်ထက် ပိုအိုစာနေသည့် အဘွားက နှုတ်ခမ်းလေးတလှုပ်လှုပ်ဖြင့် ပြောပြလေသည်။
“ အဘွားက ရန်ကုန်တစ်ဘက်ကမ်း ဒလမှာနေတယ်၊ သဘောင်္စီးပြီး ရန်ကုန်ကို လာတာ၊ အဘွားမှာ ခန္ဓာကိုယ် လေတခြမ်းဖြတ်နေတဲ့ ညီမတစ်ယောက်ရယ်၊ နောက် သုံးတန်းတက်နေတဲ့ မြေးမတစ်ယောက် ရှိတယ်၊ သမီးနဲ့ သူ့ ယောကျာ်းက အလုပ်သွားလုပ်မယ်ဆို မြေးမ ငါးနှစ်သမီးလောက်ထဲက ထွက်သွားလိုက်ကြတာ ပြန်ကို မလာတော့ဘူး၊ ဒီတော့ အဘွားလည်း ၀မ်းရေးအတွက်   မြေးကျောင်းစာရိတ်အတွက်   ငွေရှာထွက်ရတော့တာ”
“ ဒါဆို အဘွား ဒီလို အလှူခံထွက်နေတာ ကြာပြီပေါ့” လို့ ကျော်စွာက မေးလိုက်တော့ –
“ ကြာလှပေါ့၊ အဘွားကို ဒီနားတ၀ိုက်မှာ ဘွားမှုံလို့ သိကြတယ်၊ အလှူရှင်တွေကလဲ ပုံမှန် လှူနေကြသူတွေပဲလေ ”
မွန်မွန်က “ အဘွား တစ်နေ့ကို ဘယ်လောက်လောက် အလှူခံလို့ရသလဲ” လို့ မေးတော့ “ စားပြီးသောက်ပြီး တစ်ထောင်လောက်တော့ ရပါတယ် ” လို့ ပြော၏။ သို့ဖြင့် ကျော်စွာက –
“ ခုနက မနက်စာ စားခဲ့တယ်ပြောတယ်၊ နေ့လည်စာရော အဘွားဘယ်မှာ စားသလဲ”
“ မနက်စာက ရန်ကုန်ဘက်ကမ်း မကူးခင် အိမ်မှာထဲက ညကျန် ထမင်းကြမ်းခဲကို ငပိရည်နဲ့ လူးပြီး စားလာပြီးသား၊ နေ့လည်စာကတော့ ဖြစ်သလို ၀ယ်စားတယ်၊ အသုတ်လေးတစ်ပွဲလောက်ဆိုလဲ ရတာပဲ၊ အများကြီးလဲ စားနိုင်တာမှ မဟုတ်တာ၊ အဘွားက ဆေးပေါ့လိပ်တော့ မသောက်ရမနေနိုင်ဘူး”
သွေးတိုးမှာစိုးသဖြင့် အိမ်က အဘွားကို အငန်တွေ ရှောင်ရန် တဖွဖွ သတိ   ပေးနေခဲ့သည့် ကျော်စွာတစ်ယောက်၊ မျက်စိရှေ့တွင် ထိုင်နေသည့် မနက်စာအဖြစ် ငပိရည်လူးစားလာသည့် အဘွားကိုကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိ၏။
မွန်မွန်က စိုးရိမ်စိတ်ဖြင့် ပြောမိ၏။
“ အဘွား သဘောင်္ပေါ်က ဆင်းရင်သတိထားနော်၊ ကုန်းပတ်ကို သေချာနင်းပြီးမှ ဆင်း၊ တစ်နေ့က ဂျာနယ်ထဲ ဖတ်လိုက်ရတယ်၊ ကုန်းပတ်ပေါ်က ခြေချော်ပြုတ်ကျလို့တဲ့၊ ရေနစ်သွားတာ”
“ အဘွားကို ရန်ကုန်ဘက်မှာ အလုပ်လာလုပ်တဲ့ ကောင်လေးတစ်ယောက်က နေ့တိုင်း သဘောင်္ကနေ ပွေ့ချီပြီး ချပေးတယ်၊ တစ်ခါတစ်လေဆို ဟောဟိုက ဘဏ်နားအထိတောင် ကုန်းပိုးခေါ်လာပေးသေးတယ် ”
အဘွား၏ ကြမ်းတမ်းလှသည့် ဘ၀ဖြတ်သန်းပုံများကို သိလိုက်ရသည့် အတွက် ကျော်စွာရော၊ မွန်မွန်ပါ ကြိတ်ပြီး သက်ပြင်း ချလိုက်မိသည်။ ကျော်စွာက အင်္ကျီအိတ်ကပ်ကို နှိုက်လိုက်သလို၊ မွန်မွန်ကလည်း သူ့၏ လက်ကိုင်အိတ်လေးကို ဖွင့်လိုက်သည်။ အဘွားအတွက် နှစ်ယောက်စလုံး ငွေလှူဒါန်းရန် ပြင်လိုက်စဉ်မှာပင် ညှိုးနွမ်း စုတ်ပြတ်နေသည့် လမ်းဘေး ကလေးငယ်တစ်ယောက် ကျော်စွာ့ အနားသို့ လက်ကလေး ဖြန့်လျှက် ကပ်လာ၏။
“ မနက်စာ ဘာမှ မစားရသေးလို့ နည်းနည်းပေးပါ..၊ ဗိုက်ဆာလို့ပါ ” ဟု တတွတ်တွတ် ရွတ်ဆိုနေစဉ် –
“ နင် အခု ဒီနေရာက ထွက်သွားစမ်း၊ ငါရှိတဲ့ နေရာဆို နင် တကောက်ကောက် လိုက်နေတာပဲ၊ သောက်ကောင်လေးတွေ၊ သောက်ကျင့်က မကောင်းဘူး၊ ငါလို အဖွားကြီးရဲ့ စားခွက်ကို လာလာလုနေတယ် ”
ခြင်္သေ့တစ်ကောင်ကဲ့သို့ ရုတ်ချည်း ခွန်အားပြည့်လျှက်က လက်ညိုးငေါက်ငေါက် ထိုးယုံမျှမက၊ နဘေးနားချထားသည့် ၀ါးတောင်ဝှေးဖြင့် ကောင်ကလေးကို ချိန်ရွယ်လျှက် အော်ပြောနေသည့် အဘွား၏ မထင်မှတ်ပဲ ပြောင်းလဲသွားသည့် အမူအရာ၊ အပြောအဆိုကို ကြည့်လျှက်၊ မွန်မွန်နှင့်ကျော်စွာ မင်တက်အံ့သြ သွားရသည်။ အထူးသဖြင့် မွန်မွန်တစ်ယောက် အဘွား၏အော်ပြောသံကြောင့် တခြားစားပွဲမှ လူများ ၀ိုင်းကြည့်နေသည့်အတွက် မျက်စိမျက်နှာ ပျက်နေလေချေပြီ။ ထို့အတူ  မွန်မွန်ရင်ထဲက အဘွားအပေါ်မှာ ထားရှိသည့် သဒ္ဒါစိတ်က အဘွား၏ အော်ဟစ်သံအောက်တွင် ရုတ်ချည်းပင် ပါးလျသွားတော့၏။
“ တစ်နေ့က လက်ထဲရှိတဲ့ နှစ်ထောင်နီးပါးကို နင့်အစ်ကို ငါ့ဆီက အဖမ်းအစီးတွေရှိတယ် ပြောပြီး ညာယူ သွားတယ်၊ နင်တို့ သေရင် ငရဲလားမယ့် ကောင်တွေ၊ သေချင်းဆိုးနဲ့ သေမယ့်ကောင်တွေ ”
မွန်မွန်တစ်ယောက် အမှတ်မထင် ပြောင်းလဲသွားသည့် အခြေအနေကြောင့် ကျော်စွာ့လက်ကို တို့လို့ ပြန်ဖို့ လောဆော်နေလေပြီ။ မုန့်ဟင်းခါးဖိုး ရှင်းနေတဲ့ ကျော်စွာ့နားအနား ကပ်လျှက် –
“ ကို… အဘွားက မမိုက်ဘူး၊ မွန်မွန် အဲ့လိုမျိုး လုံးဝမထင်ထားဘူး၊ ဘာမှ လှူမနေနဲ့တော့”
မွန်မွန့် တားမြစ်စကားကြောင့် ကျော်စွာတစ်ခဏ လက်တုန့်သွား ရသော်လည်း ခေါင်းကို ခါယမ်းလျှက်က ချက်ချင်းပင် လက်ထဲက နှစ်ရာကျပ်တန် တစ်ရွက်ကို အဘွားလက်ထဲ ထည့်ပေးလိုက်ပြီး မွန်မွန့် လက်ကိုဆွဲလျှက် နေရာမှ ထွက်ခဲ့၏။
ကျော်စွာ့လက်ထဲ ယက်ကန်ယက်ကန်ပါလာသည့် မွန်မွန်က တစ်ဘက် ကားလမ်းသို့  ရောက်လျှင်ရောက်ချင်း –
“ ကိုကလေ တကယ်ပဲ..၊ ပြောနေရက်က ပေးလိုက်တယ်၊ မွန်မွန်စိတ်ထဲ ကုသိုလ်ယူဖို့ဟာ အခုတော့ မနက်စောစောစီးစီး အကြည်ဓာတ်လေးတောင် ပျက်သွားရပြီ ”
“ မဟုတ်ဘူး မွန်မွန်ရဲ့..၊ ကို ပြောပြမယ်၊ လူဆိုတာ သူတို့ ကြီးပြင်း ရှင်သန်ရတဲ့ ပတ်ဝန်းကျင်ကို လိုက်လို့ သူတို့ရဲ့ ပင်ကိုယ်စိတ်ပေါ်မှာ တစ်စုံတစ်ခု စိုးရိမ်ထိတ်လန့်လာပြီဆို ရုတ်ချည်း ကာကွယ်ဖို့ တဒင်္ဂ အရောင်ပြောင်းသွားတတ်ကြတယ်၊ ဇောလို့ ခေါ်မလားပဲ၊ အဲ့ဒီအချိန်မှာ သူတို့ စိတ်ထဲ ဘာဆိုဘာမှ မသိတတ်ကြတော့ဘူး၊ တဒင်္ဂအခြေအနေကို ဘယ်လိုကာကွယ် ကျော်ဖြတ်ကြရမလဲလို့ စဉ်းစားချိန်တောင် မရှိလိုက်ပဲ တုန့်ပြန်မိတတ်ကြတယ် ”
ကျော်စွာ ပြောပြနေသည်ကို မွန်မွန် ငြိမ်သက်၍ နားထောင်နေမိ၏။
“ အိမ်က အဘွားတောင် တစ်ရက်က ကို့အတွက် သူ စားစေချင်လွန်းလို့ သေချာ ကြော်ပေးထားတဲ့ ပုဇွန်ကြော်ကို၊ ဖေဖေက သူမရှိတုန်း သူ့သူငယ်ချင်းတွေ အိမ်လာချိန်မှာ အကုန် ချကျွေးလိုက်လို့ အဘွားတစ်ယောက် အကြီးအကျယ် ဒေါသူပုန် ထဘူးတယ်၊ ကို သိတတ်စကထဲက ဖေဖေ့ကို ဘွားဘွား ဒေါသနဲ့ အော်ဘူးတာ ဒီတစ်ခါပဲ တွေ့ဘူးသေးတယ်”
မွန်မွန်အတွေးထဲ ကျော်စွာ့အဘွား၏ ဒေါသထွက်နေမည့် မျက်နှာကို စိတ်ကူးထဲ ပုံဖော်ကြည့်မိလိုက်၏။
 “ ခုန အဘွားကြတော့ အသက်ကလဲ ကြီးနေပြီ၊ စားဝတ်နေရေး တာဝန်ကို အရွယ်နဲ့ မမျှအောင် တာဝန်ယူနေရတယ်၊ သူ့မှာရှိတဲ့ တာဝန်တွေက သူ့ကို ဇောကပ်စေပြီး အဲ့ဒီဇောနဲ့ ခုနကောင်လေးကို အော်ဟစ်မိလိုက်တာပါကွာ..၊ သက်ကြီးရွယ်အို မရှိနွမ်းပါးသူကို နိုင်သလောက်လေး ကူညီနေတာနဲ့တင် ကိုတို့ ကုသိုလ်ရနေပြီလေ၊ ကိုယ်တို့အတွက် ဘာမှ မဖြစ်စလောက်   ငွေအကြွေလေးတွေက သူတို့အတွက် အများကြီး အထောက်အပံ့   ဖြစ်နိုင်တယ်၊ မွန်မွန် စိတ်ထဲမှာ ဘာမှ ထားမနေနဲ့နော်.. ဟုတ်လား.. ”
“ဒါဆိုသူက ဘာလို့ ကြမ်းကြမ်းတမ်းတမ်း စကားလုံးတွေ သုံးရသလဲနော်၊ မွန်မွန် လုံးဝမှ မမျှော်လင့်ထားဘူး”
“ရုတ်တရက်မို့ မွန်မွန် လန့်သွားတာပါ၊ ကြမ်းကြမ်းတမ်းတမ်း ပြောတာကတော့ကွာ၊ သူနေထိုင်ရာ ကြီးပြင်းရာ ပတ်ဝန်းကျင်နဲ့ ဆိုင်တာပါ၊ သူ့စိတ်နဲ့တော့ တိုက်ရိုက် အချိုးမကျလှပါဘူး၊ ကိုတို့သာ သူ့နေရာမှာဆို၊ သူ့ထက်တောင် အော်ဟစ်ပြောဆို မိနိုင်တာပဲနော်၊ သူ့ရဲ့ ပကတိ အခြေအနေတွေကပဲ သူ့ကို ဒီလို ပြောမိ အော်မိဖို့ တွန်းပို့ခဲ့တာပါ”
ကျော်စွာ့ ဖျောင့်ဖျစကားက မွန်မွန်၏ ရှုပ်ထွေးနေသော စိတ်ကို အနားသတ် ပြီးဆုံးစေလိုက်သည်။ မွန်မွန့်စိတ်ထဲတွင် ခုနကလို အစိုင်အခဲလိုက် မဖြစ်တော့သော်လည်း၊ ရှင်းလင်းသွားသည်အထိတော့  မဖြစ်ခဲ့ပါချေ။
နောက်တစ်နေ့မနက် ရုံးလာချိန် မီးစက်ကြီးနား အရောက်မှာတော့ ထိုင်နေကြနေရာတွင် အဘွားကို သူတို့နှစ်ယောက် တွေ့လိုက်ရ၏။ ကျော်စွာက မွန်မွန်ကို မသိမသာ အကဲခတ်ကြည့်၏။ အဘွား၏ မျက်ဝန်းများနှင့် မွန်မွန်ဆုံလိုက်ချိန်မှာတော့ မွန်မွန်လက်များက သီးသန့်သိမ်းထားသည့် လက်ကိုင် အိတ်ထဲက ငွေအကြွေများကို  အလိုလို နှိုက်မိလျှက်သားရှိ၏။
ဝေသီမျက်ဝန်းအစုံထဲက အားကိုးမှု၊ စောင့်မျှော်မှုနှင့်အတူ၊ ဤမျက်ဝန်းပိုင်ရှင်၏ အရွယ်နှင့် မအပ်စပ်သည့် ဖိအားများကိုပါ မွန်မွန် အသေအချာ တွေ့လိုက်ရချိန်မှာတော့ မည်သို့မျှ ဥပေက္ခာပြုနိုင်စွမ်း မရှိတော့ပါချေ။ မွန်မွန်တို့အတွက် ဘာမှ မဟုတ်လောက်သည့်   ငွေအကြွေစလေးက အဘွားတို့လို လူမျိုးတွေအတွက်   ကောက်ရိုးလေးတစ်မျှင် ဖြစ်နိုင်သည်ကို မွန်မွန် ခံစားသိလိုက်ရသည်။   ကောက်ရိုးမျှင်လေး များစွာထဲက တစ်မျှင်မျှလောက် မွန်မွန် ဖြစ်ခွင့်ရသည်ကို မွန်မွန် မကျေနပ်သင့်ပေဘူးလား။
“ သာဓု သာဓု သာဓု ကျန်းမာချမ်းသာပါစေ၊ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပါစေ၊ လိုအင်ဆန္ဒ တစ်လုံးတစ်ဝထဲ ပြည့်စုံပါစေ၊ အိုအောင်မင်းအောင် ပေါင်းကြရပါစေ”
ထုံးစံအတိုင်း အဘွားက ဆုပေးချိန်၊ အဘွားကို ချစ်တတ်သည့် ကျော်စွာတစ်ယောက် အရင်လို မွန်မွန်ကို မစ မနောက်ဖြစ်တော့ပေ။ ဆိတ်ဆိတ်ကလေးသာ ငြိမ်နေလိုက်မိ၏။ မွန်မွန့်စိတ်ထဲတွင် လတ်တလော ခံစားနေရသည့် ခံစားချက်လေးများ သူ့ကြောင့် ပွန်းပဲ့သွားမည်ကို ကျော်စွာ စိုးထိတ်မိလှပါသည်။
Beauty Magazine
No. 151, September 2012
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
Share
This entry was posted in ၀တ္ထု. Bookmark the permalink.
22 Responses to ကောက်ရိုးလေးတစ်မျှင်
  1. ချစ်ကြည်အေး says:
  2. ကောက်ရိုးမျှင်လေးတစ်မျှင်ဖြစ်ခွင့်ရချင်ပါတယ်မမရေ..။
    ဖတ်ရတာ စိတ်မကောင်းလိုက်တာ။
    ချစ်တဲ့
    ညီမသဒ္ဓါ
  3. အဲဒီလို သက်ကြီးရွယ်အိုတွေ လမ်းဘေးရောက်နေတာ မြင်ရရင် စိတ်မကောင်းဘူး။ အေးအေးဆေးဆေး ဘ၀ကို ဖြတ်သန်းရမဲ့ အချိန်မှာ လောဘဒေါသတွေနဲ့ ပြည့်နှက်နေတယ်။ တကယ် စိတ်မကောင်းစရာပါ။
  4. ဖတ်ရင်းနဲ့ရင်ထဲမှာ အရောင်တွေ အများကြီးဖြတ်ပြေးသွားတယ်…။ ဒါမျိုးမြင်ကွင်းတွေ မမြင်ချင်ဘူးဗျာ…။ ကျွန်တော်တို့နိုင်ငံကြီး လူတန်းစေ့နေနိုင်တဲ့တနေ့ကို အမြဲမျှော်လင့်နေမိတယ်…..
    ခင်မင်လျက်
    နေ၀သန်
  5. မမရေ ဒိုးကန်လဲ အဲလိုခံစားရလွန်းလို့ တတ်နိုင်သလောက်ကုသိုလ်ပြူမိပေမယ့် တခါတလေ စိတ်ထဲအဲလိုကွက်ကွက်သွားမိတယ် . မနည်းပြန်ပြန်ဖျောက်ယူရတယ်
  6. susu says:
    ‌ကောင်းလိုက်တါမြ‌သွေး‌ရေ…ရင်ထဲကိုဒက်ထိဝင်သွားတာဘဲ..အပြင်မှာအဲလိုအဖြစ်မျိုး‌တွေ
    တကယ်ကြုံဖူးထား‌တော့..မွန်မွန်ဖြစ်သလိုမျိုး‌စေတနာကွက်ဖူးတယ်..ခုလို‌ကျော်စွာ့‌နေရာက‌နေပြီး
    မြ‌သွေးရဲ့အမြင်‌လေးကိုဖတ်လိုက်ရတာရင်ထဲမှာတကယ်ကို ‌ကျေနပ်နှစ်သက်မိပါတယ်…‌ကောက်
    ရိုး‌လေးတမျှင်ဖြစ်ခွင့်ရတာကိုဂုဏ်ယူတတ်‌အောင်‌ပေးစွမ်းတဲ့အတွက်‌ကျေးဇူးတင်ပါတယ်…။
  7. ဟုတ်တယ်နော် လှူတယ်ဆို စိတ်ပြတ်မှပဲကိုယ်လှူလိုက်တဲ့ပစ္စည်းက လှူဒါန်းမှုမြောက်မှာလေ…။ ညီမကတော့စိတ်ထဲ လှူချင်တဲ့ စိတ်စေတနာမရှိရင် လှူကိုမလှူတော့တာ…။
  8. ညီရဲ says:
    ပိုစ့်လေးကို ဖတ်ကြည့်မိပြီး စိတ်မကောင်း ဖြစ်မိတယ်… သက်ကြီးရွယ်အိုတွေကို ခုလို အခြေအနေမျိုးတွေနဲ့ မြင်ရတိုင်း စိတ်မကောင်း ဖြစ်မိတယ်…
  9. ဟုတ်ပါ့အစ်မရယ် မွန်မွန်ဖြစ်သလိုမျိုး မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်
    ဒါပေမဲ့ ကျော်စွာလို စိတ်မျိုး၊ အတွေးမျိုး မထားနိုင်ခဲ့ဘူး။
    သူ့လိုစိတ်လေးထားတတ်အောင် ကြိုးစားရဦးမယ်။
    ဖတ်ပြီး ရင်ထဲကို ထိသွားတယ် အစ်မရေ…
  10. အတိတ်ကံအကျိုးပေးလို့ ဆိုရမလား မြသွေးရေ။ လူချင်းတူပေမယ့် အခြေအနေခြင်းကွာခြားနေတဲ့ လောကီလူသားများပါ။ ဇာတ်လမ်းလေးဖတ်ရတာ ခံစားရတယ်။
    အုတ်တစ်ချပ်သဲတစ်ပွင်ြ့ဖစ်ပါစေ စေတနာသုံးတန်ပြတ်သားရင် စစ်မှန်တဲ့အလှူတစ်ခုပေါ့။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
  11. ကူးကူးလှိုင် says:
    ဟုတ်တယ်နော် မြို့ထဲမှာ အဲလိုတွေ တွေ့ရတာ စိတ်မကောင်းစရာတွေပဲလေ တတ်နိုင်သလောက်တော့လှူဖြစ်ပါတယ် အစ်မရေ…
  12. အဲသည့်အဘွားရဲ့ အကြောက်တရားကို ဖေါ်ပြနိုင်ရင် ပိုပြီးကောင်းမယ်နော် အမ ……….သူ့အနောက်မှာ ရှိနေတဲ့ သူ့ရဲ့ စိတ်ဖိအား ကို ပေါ့……………………
    သံစဉ်ကြုံဖူးပါတယ် …. ကျိုက်ခေါက်ဘုရားပွဲမှာ ကားလမ်းပေါ်မှာ ၀မ်းလျားမှောက်ပြီး ဖယောင်းတိုင်နဲ့ မှောက်ပြီးတောင်းနေတဲ့ အမေအိုကြိးတစ်ယောက် ……….အရမ်းသနားလွန်းလို့ မုန့်လဲ ၀ယ်ပြီးပေး .ပိုက်ဆံလဲပေးပေါ့ …………….
    အပြန်လမ်းကျတော့ အဲသည့်အဘွားကြီးကို အမှတ်မထင်ပြန်တွေ့လိုက်တယ် ။ အကြော်ဆိုင်မှာ လူကြီးတစ်ယောက်နဲက ရယ်ရယ်မောမောစကားပြောရင်း စားသောက်နေတာ …….
    စိတ်ထဲမှာ ကိုယ်ပေးထားတဲ့ ပိုက်ဆံကို သွားပြန်ယူလိုက်ချင်တယ် ………… ကျော်စွာလို စိတ်မထားနိုင်ခဲ့တာပေါ့နော် ……………….
    ပြီးမှ အမေက ထားလိုက်ပါဆိုတော့ မှ ထားပြီး……ပြန်လာတာ အခုထိ အမှတ်တရ ရှိနေတုန်းပါဘဲ မရေ………….
  13. အစ်မရေ … မွန်မွန်လို စိတ်ထားမျိုးရှိတဲ့သူတောင် တစ်ခါတလေမှာ အထင်မှားလောက်စရာ၊ စေတနာကွက်ချင်စရာ အဖြစ်မျိုးကြုံခဲ့ရရင် သာမန်လူများအဖို့တော့ ပိုဆိုးမှာပေါ့နော်။ ဒါပေမဲ့ အဲဒီလို ကြုံရတဲ့အခါမျိုးမှာ ကျော်စွာလို အတွေးမျိုးကို တွေးခဲ့မယ်ဆိုရင် … ကောက်ရိုးတစ်မျှင်အဖြစ် စိတ်ထား တတ်အောင် လမ်းပြပေးတဲ့ပို့စ်လေးအတွက် ကျေးဇူးပါနော်။ 🙂
  14. သမာရိုးကျဖတ်နေကြ ဇာတ်လမ်းလေးကနေ
    လူတွေရဲ့ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့
    လျှပ်တစ်ပျက် စိတ်အခြေအနေလေးကို ဖွဲ့ ထားတာ
    ထိမိပေါ်လွင်လွန်းတယ်
  15. တခါတလေအဲလိုမျိုးလေးခံစားဖြစ်တတ်ပါတယ်
    ခုတော့ အရမ်းကို ကိုယ့်ကိုကိုယ်ပြန်ထိန်းနေတယ်
    တခါတလေ အောင်မြင်ပြီး တခါတလေ မအောင်မြင်ဘူးဖြစ်နေတယ်အမမြသွေးရေ—-
  16. အစ်မ..သမီးလေ အဲ့လိုဖြစ်ဖူးပါတယ်……ရွှေသံလွင်မှာတုန်းက ဖြစ်ခဲ့တာပါ….အမရဲ့ post လေးကို တန်ဖိုးထားမိပါတယ်……..ကိုယ့်ကိုကိုယ်မှားမှန်းလည်း သိပါပြီ…..(စိတ်မကောင်းဘူး အမရယ်.)
  17. shwe yoke lwar says:
    ထားရမယ့် စိတ်ကလေးကို မမပြောပြသွားတယ်….. 🙂
  18. Pingback: အိပ်မက်တို့ မြစ်ဖျားခံရာ (၃) |
  19. စန္ဒကူးမေ says:
    မရိုမသေ… သူတောင်းစားခွက်ပျောက်မှာကြောက်တဲ့အကြောက်တရား ဆိုတဲ့စကားကို အခုမှပိုနား လည်လာမိတယ်… ကိုယ့်စားခွက်လေးနေရာကျင်းလေးကိုတော့ defense လုပ်ကြမှာသဘာဝပါဘဲ… အဲဒီနေရာလေးဖတ်မိတော့ အဘွားရဲ့နေရာဝင်ကြည့်ပီးအတော်လေးခံစားမိတယ်….
    အရေးအသားလဲအရမ်းကောင်းသလိုရင်ထဲနင့်နေအောင်စွဲကျန်ခဲ့ပါတယ်မမရေ….
  20. ကောင်းလိုက်တဲ့ စာလေး….စာဖတ်သူကိုပါ စိတ်ထား ထားတတ်အောင် သင်ပြပေးသွားတာ….
    အိပ်မက်တို့မြစ်ဖျားခံရာ (၃) ကနေ ဒီကိုလိုက်လာတာ အစ်မမြသွေးရေ….
    စာကောင်းပေမွန်တွေ အများကြီးဆက်ရေးနိုင်ပါစေ…. 🙂
  21. အရမ်းကြိုက်ပါတယ် ဆရာမ ..
    ကိုယ်ကိုယ်တိုင်လည်း အလုပ် ၁ ဖက်နဲ့အတူ လူမှုရေးလုပ်ငန်းလေးတွေ လုပ်ကိုင်နေသူဆိုတော့ လှူဒါန်းခြင်းအပေါ် ထားရှိရမယ့် စိတ်ထားကို သဘောပေါက်ထားသူမို့ ဆရာမ ဆိုလိုရင်းကို နားလည် လက်ခံပါတယ် …
    လှူဒါန်းနေတဲ့အချိန်မှာ ဖြစ်တည်နေတဲ့ စေတနာ၊သဒ္ဓါတရားသာလျှင် ပဓာနပါ …း)
  22. ဝေခွဲရခက်တဲ့အကြောင်းအရာတစ်ခုတော့ရင်ထဲရောက်သွားတာဘဲအစ်ရေ
Leave a Reply
Your email address will not be published. Required fields are marked *