ဤကဗျာရှည်ကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်

Number of View: 21362

“ဟိုရှေ့က ဆူဆူညံ
ဘာသံလို့မေး
မီးစက်သံ တဖုန်းဖုန်းနဲ့
မြို့ပြတဲ့လေး…”

အဲ့သည်လို စာချိုးမှ
ရတော့မယ့် မြို့ပြ
နဂိုကလို မလှပတော့
မျက်စိနှစ်လုံး ဖွင့်ချိန်ကစ
မျက်စိနှစ်လုံး ပိတ်ချိန်အထိ
ညှော်နံ့က တစီစီ
မီးစက်သံ တညံညံနဲ့
မီးခိုးငွေ့တွေ တွင်တွင်လွင့်ပါလို့
လေထုတွေလည်း
ပိတ်လှောင်လို့ နွမ်းညစ်ရပြီ။

ဟော… ကြည့်လိုက်
ပလက်ဖောင်းတလျှောက်
တရုပ် ယိုးဒယား၊ ကိုရီးယား ဂျပန်
ပြည်တွင်းဖြစ်ပါမကျန်
ဂျင်နရေတာမီးစက်
အကြီးသေးဆိုဒ်စုံ
မရှိရင်မဖြစ်
ခေတ်မမှီတော့မယ့်ပုံမျိုး
အပူခိုးတွေ လှိုင်လှိုင်ထုတ်လို့
ဒေါသတကြီး ဆူပွက်
အနေခက်ရပုံများ
“ မီးစက်နှိုးသံ တညံညံ
ရန်ကုန်ပလက်ဖောင်း ”
…လို့ ထပ်ပြီး စာချိုးရလောက်ရဲ့။

မီးမလာတဲ့ နေ့တွေ
မီးမလာတဲ့ ညတွေ
မီးမလာတဲ့ ရက်၊ လ၊ နှစ်တွေ
ဒါလားကွဲ့ မြို့ပြ
အစိုးမရတဲ့ သည်မီး
သည်းညည်း မခံနိုင်စရာ
သောမတ်အင်ဒီဆင်
သူမြင်ရင် ထိုင်ငိုလောက်ရဲ့။

ရေမရ မီးမလာ
မီးမလာ ရေမရ
ရေရ မီးကမလာ
တခဏမီးလာပြန် မီးအားကမပြည့်
အင်ဗက်တာချာဂျင်ဝေးလို့
ဒီသံသရာ အခါခါလည်ရင်းနဲ့
ချိုးရေမရှိ
သုံးရေမရှိ
သောက်ရေ ဗလာနတ္ထိနဲ့
အိုးထဲတောင်
ကျွမ်းထိုးကောင် မနေ၀ံ့တယ်
မှောက်လို့သာကြည့်။

နွေညကပူ
ရွှေလရောင် တိမ်အောက်လျိုးလို့
မှောင်ရိပ်နဲ့ မည်းမည်းမှာ
အဘွားလည်း မအိပ်နိုင်
ချွေးဖြိုင်ဖြိုင် တထိုင်ထိုင်နဲ့
စိတ်ဘ၀င် နင့်ကာညှိုး
သွေးတွေသာ ဆင့်ကာတိုး။

အဘိုးခမျာ
သနားစရာ အောက်စီဂျင်နဲ့
အသက်ကို ခဲယဉ်းရှူ
ကျန်းမာအောင် ကူနေရပါ့
မီးမလာ ကြာကြာပျက်တော့
နွမ်းလျှကာ အသက်ရှူခက်တယ်
မွန်းကြပ်လို့ ပူ။

သမီးလေးငယ်ငယ်
စကားကြွယ်ရှိသေး
ညအမှောင် ပူလှောင်အိုက်လို့
မအိပ်နိုင် ဆူညံပွက်တယ်
တက်ချက်မတတ် ဆူ၊
သူ့အမေ ပူကာ မငိုက်နိုင်ဘူး
စူးပစေ တဗျင်းဗျင်းကုတ်ဖဲ့လို့
မိတ်ဖုတွေ နီတာရဲနဲ့
ချော့ခြောက်ကာပူ။

အဖေဖြစ်သူ အလုပ်သွားဖို့
ကားခကိုယူ
အဲကွန်းဘတ်(စ)လေပူပူနဲ့
လူထူထူ ငပိသိပ်ကြောင့်
တမှိန်းပင် မယူလိုက်ရ
ဒေါသသာ ထူကာကြွရတယ်
စိတ်က ငြူစူ၊
အလုပ်ရောက်ချိန် မီးပျက်ပြန်တော့
ချွေးတဒီးဒီး သွန်ကာကျပြန်ပေါ့
ယပ်ကိုသာ တွင်တွင်ခပ်လို့ရယ်
မူးနောက်ကာပူ။

လေးရာကို တစ်ထုတ်
တစ်ထုတ်မှာ ငါးတိုင်
ခပ်ယိုင်ယိုင်သာ အထွန်းခံတဲ့
သည်ဖယောင်းတိုင် ဆီမီးတောင်
ခေတ်ကြပ်မှာ မြိုင်မြိုင်မထွန်းနိုင်ဘူး
ချွေးတစိုစို စိတ်တိုတိုနဲ့
လိုချင်တာကို လေးဖြူလို
ဟစ်အော်ကာ ဆိုလိုက်ချင်ရဲ့
“ အလင်းရောင်….
သန်းခေါင်ယံ ညနက်ထဲ….
ကြယ်စင်များလဲ မလင်းလက်…
အလင်းရောင်….” ။

မြို့လည်း မြို့အလျှောက်
ကျေးလက်လည်း ကျေးလက်အလျှောက်
မနက်ပျက်တယ်
နေ့လည်ပျက်တယ်
ညပျက်တယ်
နေ့လုံးပေါက် ပျက်တယ်
ညလုံးပေါက် ပျက်တယ်
အပျက်တရား နေ့စဉ်ရှု
အဲ့လိုသာ မှန်မှန်ပျက်တယ်
မီတာခက မပျက်မကွက်တက်
အချိန်မှန်မှန် ဘီလ်ကထွက်။

နွေအခါ ဧရာဟု ဟိုတယ်မှာ
ဘီယာတွေ မသောက်နိုင်ပါဘူး
ပလီပလာနဲ့ စေတနာစကား
“ကျွန်တော်တို့ကလည်း မီးမှိတ်
ဖယောင်းတိုင်နဲ့ နေပါ” ဆိုပြီး
မလာတဲ့မီး အတင်းမှိတ်ခိုင်းနေပြန်တော့
အူထဲက ရုန်းကြွ
သန်းခြောက်ဆယ် အော်ရယ်သံ
ရုန်းရုန်းညံလို့။

ပိုလျှံမဂ္ဂါဝပ်တွေ
ပေါပေါလောလောပေးလှူ
အခုမှ ပြန်ဝယ်ယူမယ်ဆိုတာမျိုး
အခုတစ်မျိုး တော်ကြာတစ်မျိုး
မရိုးရတဲ့ ပုံပြင်တွေကို
အသားမကျနိုင်
သည်းညည်းပင် ခံမရတော့တာမို့
ဖယောင်းတိုင် ကိုယ်စီဆွဲ
မိုးနတ်မင်းကို တိုင်တည်တဲ့ပွဲ။

နွေနေအပူ
ဟိုး…အရင်လို
လွန်ဆွဲယူလို့ မရတော့
မိုးကခေါင် သီးမအောင်
မိုး…မိုး…ဘာလို့မရွာ
ဖား…ဖား…ဘာလို့မအော်
စဉ်းစားစရာမလို
ဆင်းရဲခြင်း လွတ်ကင်းအောင်
လမ်းပြမဆောင်ခင်
အင်ဗက်တာ ဂျင်နရေတာ
ချာဂျာ ဖယောင်းတိုင်
နှစ်ပါးသွား အိုက်စပ်ညများ
ကင်းဝေးအောင် အရင် မဆောင်ရင်ဖြင့်
အရည်မပျော်တဲ့ ဖယောင်းလူသားတွေ
အလျှံရှိသမျှ
တညီးညီးလောင်ကျွမ်းခံရင်း
အစွမ်းကုန်
တောက်ပပြနေယုံပေါ့။        ။

Share
This entry was posted in ကဗျာ. Bookmark the permalink.

27 Responses to ဤကဗျာရှည်ကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ရေးသည်

  1. ချစ်ကြည်အေး says:

    ဟဟဟားးးတိုက်ဆိုင်လိုက်တာ မြသွေးရယ်….။ ဒီကဗျာလေးနဲ့ တို့ ခံစားချက်တွေး))))
    ဤကဗျာရှည်ကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ဖတ်သွားသည်း)

  2. အရမ်းကောင်းတယ် ဆရာမ။သက်ဆိုင်သူတွေ စွမ်းဆောင်ပေးနိုင်သူတွေ ဒီကဗျာလေးကို ဖတ်မိရင်အရမ်းကောင်းမှာပဲ။
    မြန်မာပြည်ကြီးတိုးတက်ပြီး လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနိုင်ပါစေလို့ ဆုတောင်းပေးနေပါတယ်။

    လေးစားချစ်ခင်လျက်

    လွင်ပြင်လှိုင်းငယ်

  3. saundoo says:

    နေ့ လည်ခင်းရေးရင်
    သဘာဝ နေ အလင်းက ဖယောင်းတိုင်ထက် ပိုလင်းတယ်
    ငွေကုန် သက်သာစေတယ်
    မျက်စိ အားစိုက်ရလည်း သက်သာတယ်

း-)

    ;-P

    • saundoo says:

      အပေါ်က ကော်မန့် က စတာနော်

      ကဗျာကို ရင်ထဲက ဖတ်သွားပါတယ်

  4. အရင်လိုပဲ မဟုတ်လားးးး၊
    အဆင်ပြေရဲ့လားးး၊
    ဖယောင်းတိုင်လေးနဲ့လေ …

    ကဗျာလေး ဖတ်ကောင်းတယ် အစ်မရေး)

  5. ညီမလေးလည်း မမရဲ့ရင်ထဲကစကားသံတွေလေးတွေကို ခံစားချက်အတူတူ. မို့
    ဖယောင်းတိုင်မီးလေးနဲ့ ဖတ်သွားပါတယ်။ ငုံ့ကြည့်လိုက်တော့ ဖယောင်းစက်တွေက
    နှလုံးသားထဲထိ တောက်လောင်လို့…
    ချစ်တဲ့
    ညီမသဒ္ဓါ

  6. ကောင်းလိုက်တဲ့ ကဗျာ..၊ မျက်မှောက်ကို လက်ထောက်ချလိုက် သလိုပါပဲ မမြသွေးနီရေ..၊

    ၂၁ ရာစု ရောက်နေပြီ၊ သူများတွေက အိုင်တီခေတ်ထဲ အလုအယက် တီထွင်နေကြချိန်မှာ ကျနော်တို့က မီးကလေး မှန်မှန်ရဖို့ကိုပဲ တောင်းနေရတုန်း…။

  7. လက်တွေ့ကျကျဖယောင်းတိုင်မီးနဲ့ရေးတဲ့ ဖယောင်းတိုင်ထွန်းပြီးနေရတဲ့ ဘဝတွေအကြောင်း… ရင်ထဲကိုတိုက်ရိုက်ထိတယ်….

  8. naychi says:

    ကဗျာရှည်လေး အရမ်းကောင်းတယ်မမရေ

  9. ဖြစ်ပျက်နေတာတွေ အားလုံးကို ပါအောင်.မှန်အောင်ရေးဖွဲ့နိုင်တဲ့ ငါ့အစ်မအတွက်စကားကတော့ “ဟိုက်ရှားဘား……..မှန်လှချည်လား” …
    မွန်းကြပ်မှုများစွာနဲ့ ဖတ်သွားပါတယ်အမရေ…..

  10. ကိုယ်ချင်းစာတယ် ရာသီပူပူမှာ အဲ့လို ဒဏ်တွေ ခံရတာမသက်သာ ရန်ကုန်မှာ ၂ လလောက်တစ်ခါနေဖူးတာ ရေကို ၆ ထပ်ကိုဆွဲပြီး ချိုးရတဲ့အဖြစ် တော်တော့ဟဲ့ မီးး(

  11. AH says:

    ရန်ကုန်လေထုကတော့ သန့်စင်ရေးလုပ်ဖို့ရမလွယ်… မီးရေးထင်းရေးကျပြန်တော့လည်း ပိုက်ဆံထည့်တော့မှ ပိုက်ထဲကရေထွက်…. ဖယောင်းတိုင်ဈေးက ခေါင်ခိုက်… မတ်တပ်စာသာရှာလို့ရပြီး တုန်းလုံးစာမရှိတဲ့ လူတွေရဲ့ဘ၀…. မီးကပါ ဆိုးဆိုးလာဆိုလေတော့… အင်း… ဘာမှ ထပ်ရေးတော့ပါဘူး။ ကဗျာလေးကတော့ တစ်ကယ့်ကို အသက်ဝင်ပါတယ် အစ်မ မြသွေးနီ ခင်ဗျာ။

  12. လသာည says:

    ရင်ကိုထိရှလှတဲ့ ဤကဗျာရှည်ကို ဖယောင်းတိုင်မီးဖြင့် ညီမလည်း ဖတ်သွားပါသည်

  13. ညီရဲ says:

    မီးမရှိရင် ဒီဘက်ခောတ်မှာ နေရထိုင်ရတာ လုံးဝ အဆင်မပြေနိုင်ဘူး… မီးလေးမှန်မှန်ရဖို့ အမြဲ ဆုတောင်းနေမိတယ်…

  14. tg says:

    ပြည်သူတွေ စိတ်ရှည်လက်ရှည် နားလည်သည်းခံပြီး စောင့်နေခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ တနှစ်ပြီး တနှစ် နွေရောက်မှာကို ကြောက်တဲ့စိတ်တွေ ၀င်လာတာ သဘာဝရာသီဥတု ပူတဲ့ ဒဏ်တခုထဲကြောင့်မှ မဟုတ်တာပဲ။

    ဖယောင်းတိုင်တောင် ချွေတာပြီး မှောင်ထဲမှာပဲ ကွန်မန့်ပေးဖို့ လုပ်ရင်း ဘက်ထရီအားကုန်သွားလို့ မီးလာတဲ့ထိစောင့်ပြီး ပြန်လာရေးတာပါ။ 🙂

  15. အမမြသွေးရဲ့ ဆန္ဒနဲ့ထပ်တူပါပဲ
    အဲလိုလေးသာမရေးတတ်တာ
    ပြည်သူတွေရင်ထဲလဲ တူတူပါပဲ
    လျှပ်စစ်ဝန်ကြီးတွေဘာလုပ်နေတယ်မသိ

  16.ှဆရာမခင်ဗျား။
    ခေတ်နဲ့အမီ အနုပညာလက်ရာတစ်ခု ဖန်တီးနိုင်လိုက်တာကို လေးလေးစားစားချီးကျူးမိပါတယ်ခင်ဗျာ။

  17. စန်းထွန်း says:

    မီးမလာ၊ ရေမလာ၊ ပူလောင်အိုက်စက်တဲ့ ညတွေ…
    ဤကဗျာရှည်ကို ဖယောင်းတိုင်မီးဖြင့် ကျွန်ုပ်ဖတ်သည်..

  18. ကဗျာလေးက သိပ်ပီပြင်တာပဲ.. မီးအမြန်ပြန်လာစေဖို့ ညတိုင်းဆုတောင်းပေးနေပါတယ်.. မမမြသွေးနီ.. မြန်မာပြည်ကြီး.. ရွှေရောင်တ၀င်းဝင်း.. မီးလင်းလင်းနဲ့ အစဉ်ထာဝရ လှစေချင်တာပါပဲ..

  19. sosegado says:

    ရှိတ်စပီယားကို သတိရသွားတယ် မီးခွက်နဲ့စားရေးလို့
    ကလေးတစ်ယောက်ကပြောတယ်
    မီးမလာလို့ဆန္ဒပြရရင်
    ကျနော်တို့ရွာမှာ မီးကြိုးတောင်မရှိပါဘူး
    ဖယောင်းတိုင်လည်းမရှိပါဘး
    ကဲ………..

  20. blackroze says:

    အမရေ
    ဒီကဗျာလေးဖတ်ပြီးတော့
    ရန်ကုန်ရဲ့မြို့ပြညတွေကိုကွက်ကွက်ကွင်းကွင်း
    မြင်ယောင်သွားတယ်အမရေ….
    တတ်နိုင်တဲ့သူတွေကမီးစက်တညံညံ
    အလယ်လတ်သမားတွေက အင်ဗာတာလေးခပ်မှိန်မှိန်
    အခြေခံလူတန်းစားတွေကတော့
    ဖယောင်းလေးမှိတ်တုတ် မှိတ်တုတ် နဲ့..
    စိတ်မောရပါတယ်အမရေ
    ဘယ်အချိန်မှာများခေတ်မှီတဲ့နိုင်ငံတော်ကြီး
    ဖြစ်လာမလဲမသိဘူးနော်..

    အမအဆင်ပြေရင် ညီမ ကိုမေးလ်လေးအက်ပေးပါလားအမ
    blackroze.flower@gmail.com
    အမဂျီမေးလ် ညီမ မသိလို့ပါ..

  21. လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက မီးစက်က မီးခိုးငွေ့တွေ ရှူခဲ့ဖူးပါရဲ့ အစ်မရယ်။ ဘယ်တော့များမှ ကာဗွန်မိုနောက်ဆိုဒ်တွေ ကာဗွန်ဒိုင်အောက်ဆိုဒ် တွေက လွတ်ပါ့မလဲလို့တွေးရင်း..

    ညီမ
    ဝသုန်

  22. shwe yoke lwar says:

    အူထဲက ရုန်းကြွ
    သန်းခြောက်ဆယ် အော်ရယ်သံ
    ရုန်းရုန်းညံလို့။ 🙂

  23. သီဟ(puchong-tesco) says:

    share သွားတယ်ဗျာ။

  24. min nyinyi says:

    အရမ်းကောင်းတဲ့ကဗျာလေးပါ…..

  25. Pingback: မြသွေးနီနှင့် အွန်လိုင်းစာပေဆွေးနွေးဝိုင်း |

  26. tinnaingsoe says:

    ဒီကဗျာလေး…အရမ်းကြိုက်တယ်….

Leave a Reply to သဒ္ဓါလှိုင်း Cancel reply

Your email address will not be published. Required fields are marked *