အွန်လိုင်းပေါ် ကြုံလေသမျှ (၁)
Number of View: 29692
မြသွေးနီက အွန်လိုင်းမှာ စာရေးသူတစ်ဦးပါ။ အွန်လိုင်းပေါ် စာရေးသူမို့ အွန်လိုင်းပေါ်မှာ အကြောင်းအရာ မျိုးစုံနဲ့ တွေ့ကြုံခဲ့ပြီး၊ လက်ရှိမှာလည်း ပြုံးစရာ၊ ဟားတိုက်ရယ်စရာ၊ စိတ်မောစရာများနဲ့ ရံဖန်ရံခါ ရင်ဆိုင်နေဆဲဖြစ်ဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း အွန်လိုင်းသုံးနေမျှ ကာလပတ်လုံး မတူညီကွဲပြားတဲ့ အကြောင်းအရာ အမျိုးမျိုးနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ အိုင်တီပညာနဲ့ ပတ်သက်လာရင် မြသွေးနီက ဇီးရိုးနောလရှ်သမားပါ။ တစ်ခုခုကို ၀င်လိုက်လို့ Yes (or) No မေးလာရင်တော့ ရေးထားတဲ့ စာရဲ့ အဓိပ္ပါယ်ကို သိသိကြီးနဲ့ တစ်ခုခုမှားသွား၊ ပျက်သွားမှာ စိုးရိမ်စိတ်နဲ့ Yesလည်း မလုပ်ရဲ၊ Noလည်း မလုပ်နဲ့ နောက်ဆုံး Cancel ကိုပဲ ရွေးလိုက်တဲ့အထိ အိုင်တီပညာနဲ့ ပတ်သက်လာရင် သွေးကြောင်တတ်သူ တစ်ဦးပါ။
မြသွေးနီ အင်တာနက်ဆိုတာကြီးကို ၂၀၀၈ခုနှစ်လောက်မှာ လုပ်ငန်းခွင်မှာ စတင် သိခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အထက်လူကြီးဖြစ်တဲ့ မြသွေးနီရဲ့ စီနီယာ တွန့်တိုမှုကြောင့် အဲ့ဒီ အင်တာနက်ဆိုတာကြီးကို သိသာသိတယ်၊ တို့ထိခွင့် မရခဲ့ပါဘူး။ အဲ့ဒီခေတ်က စာရွက်စာတမ်းတွေကို Faxလို့ခေါ်တဲ့ စက်ပစ္စည်းနဲ့ ပို့နေချိန်ဆိုတော့၊ ကိုယ်ရိုက်လိုက်တဲ့ စာတွေကို ကွန်ပျုတာကြီးနဲ့ မောက်စ်ကလစ် တစ်ချက်နှိပ်ရုံနဲ့ ရှလွတ်ခနဲတောင် အသံတစ်ချက် မမြည်ပဲ ဟိုဘက်နိုင်ငံကို ရောက်သွားတယ်လို့ သိလိုက်ရတဲ့ နေ့က၊ မြသွေးနီတစ်ယောက် အီးမေးလ်ဆိုတာကြီးကို အင်မတန်မှ အံ့သြမင်တက် နေမိခဲ့ပါတယ်။
လက်ရှိ မြသွေးနီရဲ့ Gmail Accountက မောင်လေးက ဖွင့်ပေးထားတာ။ Facebook Account က သားတော်မောင် သားပြည့် ၃တန်းကျောင်းသားတုန်းက ဖွင့်ပေးထားတာ။ လက်ရှိအွန်လိုင်းက မြသွေးနီရဲ့ ၀က်ဘ်ဆိုက်က ချစ်ညီမ ချောက ဖွင့်ပေးထားတာ။ ဆိုတော့… အဘယ်မှာ မြသွေးနီရဲ့ လက်ရာ တစ်ခုမျှပင် မပါတာကို သတိချပ်မိကြမှာပါ။
မသိသူများက မြသွေးနီကို အထင်ကြီးလို့ ၀က်ဘ်ဆိုက်မှာ စာရေးနည်းတွေ လာလာမေးရင်ဖြင့်၊ ကိုယ်မသိ ကိုယ်မတတ်တာကို မပြောပြပဲ၊ သိသလောက် တတ်သလောက်လေးမျှနဲ့ ဆရာကလည်း လုပ်လိုက်ပါသေးတယ်။ အဲ့ဒီလိုသာ ဆရာကြီးသာ လုပ်တတ်တယ်၊ နည်းပညာ အသစ်အသစ်တွေ ပေါ်လာတာတွေ့ရင် လေ့လာဖို့ နေနေသာသာ၊ ရှိစုမဲ့စု အဟောင်းတွေကို New Version/ Update လုပ်ခိုင်းတာလေးမျှတောင် စိုးရိမ်စိတ် တထိတ်ထိတ်နဲ့ လုပ်သင့်မလုပ်သင့် အမြဲ ချီတုံချတုံ ဖြစ်နေတတ်သူက မြသွေးနီပါ။ ကူးခတ်လို့၊ လေ့လာလို့ မကုန်နိုင်တဲ့ နည်းပညာ ပင်လယ်ပြင်ကြီးမှာ မြသွေးနီတစ်ယောက် မြုပ်ချည်ပေါ်ချည်နဲ့ ယက်ကန်ယက်ကန်နဲ့ မနစ်ယုံလေးတမယ်သာ ကုးခတ်ရင်း အွန်လိုင်းမှာ စာတွေ ရေးဖြစ်နေပါတယ်။
ဒီနေ့ခေတ်မှာ လူတိုင်း လူတိုင်းမှာ လက်ကိုင်ဖုန်းမရှိရင်သာ နေရမယ်၊ အနည်ဆုံး Gmail Address တစ်ခုတော့ ရှိနေတတ်ပါတယ်။ ဒီ့ထက်ပိုလာရင်တော့ Facebook, Skype, Twitter, MSN, Vzo စသဖြင့်တို့မှာလည်း အကောင့်တစ်ခုစီတော့ဖြင့် ရှိနေနိုင်ပါသေးတယ်။ ဒီထက် ထပ်မံပိုလာရင်တော့ဖြင့် ဆိုရှယ်ဆိုက် အသီးသီးမှာ Nick Name ခေါ်တဲ့ နာမည်ပြောင်အမျိုးမျိုးနဲ့ မန်ဘာဝင်ရင်း အွန်လိုင်း ယဉ်ကျေးမှုမှာ ပါဝင်စီးမျောကြပါတယ်။ ဒါကြောင့်မို့ များပြားလှစွာသော အကောင့်တွေ အလကားရတိုင်း ဖွင့်ကြရင်း User Name နဲ့ Password တွေ ရောထွေးမေ့လျော့ကုန်ပြီး ဟိုအကောင့်လည်း ဖွင့်မရ၊ ဒီအကောင့်လည်း ၀င်မရကိန်းတွေ ခဏခဏ ဆိုက်ရပြန်ပါတယ်။ အိမ်က ၅တန်းတက်မယ့် သားတော်မောင်တောင် ဒီနှစ် ဆမ်းမားစကူးလ်   နောက်ဆုံးရက်မှာ သူတို့သူငယ်ချင်းတွေ အချင်းချင်း Gmail/ Facebook Account တွေ အပြန်အလှန် ရေးမှတ်နေကြလို့ မြသွေးနီမှာ မျက်လုံးလေး ကလယ်ကလယ်နဲ့သာ ကြည့်နေမိပါတယ်။
နည်းပညာဆိုတာ သုံးတတ်ရင် အင်မတန်ကို ဆေးဖက်ဝင်သလို၊ မသုံးတတ် ရင်လည်း  ပေါ့စေလိုလို့ ဆေးထိုးကာမှ ဆေးမှင်ကြောင်ကြောင့် လေးနေတတ် ပါတယ်။
ခေတ်နဲ့အမှီ ဒရောသောပါးလိုက်နေရတဲ့ မြသွေးနီမှာလည်း Gmail (၃)ခု ရှိပါတယ်။ ပထမက ပါစင်နယ် Gmailအကောင့်ဖြစ်ပြီး ဒီမေးလ်က မိဘမောင်ဘွား ဆွေမျိုးများနဲ့ သုံးဖို့ပါ။ အဲ့ဒီမှာ Add လာရင် ကိုယ်မသိပဲနဲ့ လက်မခံပါဘူး။ ဒုတိယက အလုပ်နဲ့ပတ်သက်တဲ့ မေးလ်အကောင့်ပါ။ ဒီမေးလ်မှာတော့ အလုပ်နဲ့ သက်ဆိုင်သူများသာ ပါဝင်နေပါတယ်။   နောက်ဆုံးတစ်ခု myathwayyni@gmail.com ကတော့ အွန်လိုင်းမှာ စာရေးဖြစ်တော့မှ ဖွင့်ဖြစ်တာပါ။ ဒီအကောင့်မှာ Addလုပ်လာသမျှ လက်ခံဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒီမှာ Addလာသူများက   မြသွေးနီဆိုက်မှာ စာဖတ်သူ အများစု ဖြစ်နေနိုင်လို့ပါဘဲ။ အွန်လိုင်းပေါ်   ရောက်တိုင်း မဖြစ်မနေ အမြဲဖွင့်ဖြစ်တာ ရုံးမေးလ်နဲ့ Gtalkပါ။ ကျန်Account၂ခုက Gtalkကိုတော့ ရံဖန်ရံခါ အသုံးလိုမှသာ ဖွင့်ဖြစ်ပြီး သာမန်အားဖြင့် ၀င်လာတဲ့ မေးလ်ကိုသာ စောင့်ဖတ်လေ့ ရှိပါတယ်။
တကယ်တမ်း ပြောပြချင်တဲ့အရာက အခုမှစမှာပါ။ အစပိုင်းမှာ ပြောထားသလို Gtalk သုံးရတာ ပြုံးမိ ရယ်မိသလို၊ တစ်ခါတစ်ရံမှာလည်း စိတ်မောစရာလေးတွေ ကြုံရတဲ့ အကြောင်းပါ။ များသောအားဖြင့် Gtalkသုံးခြင်းက မြသွေးနီအတွက် စာရေးသူအချင်းချင်း ရင်းနှီးနွေးထွေးမှုများ   နှောင်ဖွဲ့လာသလို၊ စာဖတ်သူများနဲ့လည်း ခင်မင်ခွင့်၊ ဆွေးနွေးခွင့်တွေ ရစေပါတယ်။ သို့သော် အဲ့ဒီအထဲမှာမှ အုတ်ရော ကျောက်ရော   ရောပါလာတတ်သူ အနည်းစုရှိနေတတ်ပြီး သူတို့ကြောင့် ရယ်၊ ပြုံး၊ မော ကြုံရသမျှကို စာဖတ်သူတွေအတွက် ရေးပြချင်ပါတယ်။
“ အန်တီ… သမီးကို ကူပါဦး ”
တနင်္ဂနွေတစ်နေ့…၊ မြို့ထဲသွားရင်း တလက်စထဲ သားတော်မောင် အင်္ဂလိပ်စာကျောင်း ၀င်ကြိုတာ အချိန်ကြည့်တော့ ၁နာရီသာသာလောက် လိုနေတာနဲ့ မနေ့က တင်ထားခဲ့တဲ့ ပို့စ်လေး ကွန်မန့် ၀င်ဖတ်ဦးမယ်ဆို သားပြည့်တို့ ကျောင်းနားက အင်တာနက်ဆိုင် ၀င်ပြီး ထိုင်မိပါတယ်။ ဆိုင်ထဲမှာ လူသိပ်မများပေးမယ့်၊ အ၀င်အ၀နားက မိန်းကလေးတစ်ယောက် အနားက လွတ်နေတဲ့ စက်မှာ ၀င်ထိုင်မိပါတယ်။ အဲ့နောက် မောက်ဇီလာဖွင့်၊ www.myathwayni.com ရိုက်၊ မြသွေးနီ Websiteလေး တက်လာတာ အရသာခံ ကြည့်နေတုန်း၊ နားထဲ ကြားလိုက်ရတာက….
“ ဟင့်..ဟင့်…ရှလူး”
ပထမ ဟင့်..ဟင့်က ကြိတ်ရှိုက်သံဖြစ်ပြီး၊ နောက် ရှလူးက နှပ်ညှစ်သံ။ မြသွေးနီ နဘေးက ညီမငယ်ဆီက ထွက်ပေါ်လာတာ။  ဘယ်လို ဖြစ်ပါလိမ့်ဆို ကြည့်လိုက်တော့ အီးရားဖုန်းလို့ ခေါ်တဲ့ နားကြပ်ကြီးတပ်လျှက်၊ သူ့အရှေ့က ကွန်ပြူတာမှာက VZOဖုန်းပြောတဲ့ စခရင်၊ အဲ့ဒီထဲမှာက သူနဲ့ရွယ်တူ သကောင့်သားတစ်ယောက်၊ ကလေးမက Gtalkလည်း ဖွင့်ထားပြီး Gtalkကနေ စာရိုက်ပြီး VZO က သူ့ချစ်ချစ်နဲ့ အလွမ်းသယ်နေတယ်လို့ မြသွေးနီ   ကောက်ချက်ချလိုက်တယ်။ ဒီဘက်ခေတ်မှာ အွန်လိုင်းမှာ လူငယ်လေးတွေ စွဲစွဲလန်းလန်း ကြူနေကြတာမျိုး အတော် ခေတ်စားနေခဲ့တာ   မြသွေးနီ မြင်တွေ့နေရတယ်။  မြသွေးနီလည်း ဖွင့်ထားတဲ့ ၀က်ဘ်ဆိုက် တက်လာပြီမို့ ကွန်မန့်တွေ လိုက်ဖတ်ရင်း ကလေးမကို မေ့သွားတယ်။ အဲ့ဒီအချိန်မှာ –
“အန်တီ.. သမီးကို ကူပါဦး” ဆို ကလေးမက လှမ်းပြောတယ်။ “ သမီး မြန်မာစာ မရိုက်တတ်လို့ အန်တီရိုက်တတ်ရင် သမီး Gtalkမှာ ကူရိုက်ပေးပါလား”တဲ့။ မိန်းကလေးလဲ ဖြစ်ပြန်၊ အကူအညီတောင်းရင် လက်မနှေးပဲ ကူညီချင်တဲ့စိတ်ကြောင့် “ ပြော..ဘာရိုက်ပေးရမလဲ ” လို့ တုန့်ပြန်မိတယ်။
“ နင်လွန်နေပြီ.. ငါသည်းညည်းမခံနိုင်တော့ဘူး… အဲ့လိုရိုက်ပေးပါ အန်တီ ”
ပြောချလိုက်တဲ့ သူ့စကားကြောင့် မြသွေးနီ မျက်ခုံးတွေ အော်တိုမက်တစ် တွန့်ခေါက်ချိုးသွားရတယ်။ ဒါနဲ့ မရိုက်ခင်..
“ သမီး Vzoပြောနေတဲ့ သူငယ်နဲ့ Gtalkထဲက သူငယ် အတူတူပဲလား” လို့ မေးမိတော့ “ Gtalkက သမီးချစ်သူပါ၊ Vzoကတော့ သမီး သူငယ်ချင်းပါ ”
“ ဟင်..ဒါဆို ခုနမျက်ရည်ကျနေတာက…. ”
“ Gtalkထဲက ချစ်သူကြောင့်ပါ၊ သူက အခုနောက်ပိုင်း နေတာထိုင်တာ မဟုတ်တော့ဘူး၊ သမီးအပေါ် ကတိတွေ ပျက်ပေါင်းလဲ များလှပြီ၊ စိတ်မထိမ်းနိုင်ပဲ မျက်ရည်ကျရတာပါ၊ သမီးက မြန်မာလို မရိုက်တတ်တော့ ဘားဂလှရှ်လို ရိုက်တယ်၊ သူက မဖတ်တတ်ဘူး မြန်မာလိုရိုက်လို့ ပြောတယ်၊ သူက မြန်မာလို ရိုက်တတ်တော့ သမီးကို တဖက်သတ် ပြောနေလိုက်တာများ အန်တီဖတ်ကြည့်၊ ဒါကြောင့် အကူညီတောင်းတာပါ အန်တီ.. ကူညီပါနော်..”
ချစ်သူကို နေတာထိုင်တာ မဟုတ်ဘူးဆို ပြောချင်နေတဲ့ ကလေးမက တချိန်ထဲမှာပဲ Vzoနဲ့ နောက်တစ်ယောက်ကို ရုပ်မြင်သံကြားလုပ်နေတာ မြသွေးနီ အံ့တွေသြပြီး လိုက်မမှီတော့ပါဘူး။ ဒါနဲ့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ ဒီဘက်ခုံကနေ ဟိုဘက်ခုံကို ခန္ဓာကိုယ်ကြီး လိမ်စောင်းလို့ သူပြောသလို-
““ နင်လွန်နေပြီ.. ငါသည်းညည်းမခံနိုင်တော့ဘူး… ”” လို့ လှမ်း ရိုက်ပေးလိုက်တယ်။
မြသွေးနီလည်း ကိုယ့်ဝက်ဘ်ဆိုက်ရဲ့ စာမျက်နှာမှာ ၀င်နေတဲ့ ကွန်မန့်တွေထဲမှာ ပြန်မျောနေတုန်း –
“ အန်တီ… သမီးကို ပြန်ကောနေပြန်ပြီ.. လုပ်ပါဦး..ရိုက်ပေးပါဦး…”
ကျွန်မလှမ်းကြည့်လိုက်တော့ “ နင်ကပဲ လွန်တယ်ပြောရသေးတယ်၊ ငါ ဒီမှာရှိနေပေမယ့် နင့်သတင်းတွေ အကုန်ကြားနေရတယ်..၊ မိန်းကလေးတန်မယ့် ငါမပြောလိုက်လိုက်ချင်ဘူး” လို့ ဟိုဖက်က ပြန်ရေးထားတာ။
မိန်းကလေးတန်မယ့်ဆိုတဲ့ စကားကြောင့် မိန်းမဖြစ်တဲ့ မြသွေးနီတစ်ယောက် မနေနိုင်တော့ ပြန်ပါဘူး..။ ဒါနဲ့ပဲ ကလေးမ ပြောပြသလို လိုက်ရိုက်ပေးမိပြန်တယ်။ (စကားချပ်။ တဖက်ကပြန်ပြောတဲ့ စကားကို မဖော်ပြတော့ပဲ ကလေးမလေးအတွက် မြသွေးနီ ရိုက်ပေးခဲ့တာတွေပဲ ဖော်ပြပါရစေ)
“ နင်.. မမိုက်ရိုင်းနဲ့နော်.. ငါက ဒီမှာ မိဘအသိုင်းဝိုင်းနဲ့ နေတာ”
“ နင်သာ.. အမိအဖိမရှိနဲ့ ငါ့မိဘကို စော်ကားတာ”
“ ဒီမှာ..”
“ နင်မှတ်ထား… နင့်ကို ……”
“ ငါ့ငယ်စာရင်းက ဖျက်လိုက်ပြီ”
“ အေး.. ဟုတ်တယ်..”
“ နင့်ထက်သာတာ ခေါင်းခေါက်ယူပြမယ် … သိလား”
“ နင့်အတွက် ကျခဲ့ရတဲ့ ငါ့မျက်ရည်တွေ…..”
“ နှမျောလွန်းတယ်…”
“ ငါ့ကို တသက်စာ မေ့လိုက်တော့”
လေ့ကျင့်ထားတဲ့ မြသွေးနီရဲ့ မြန်မာလက်ကွက်တွေက ကလေးမလေး ခေါ်ပေးသလောက် ကီးဘုတ်ခလုတ်တွေ အပေါ်မှာ တဗြောင်းဗြောင်းနဲ့ ပြေးနေတယ်။ ခါးကလည်း တခြမ်းလိမ် ရိုက်ပေးနေရလို့ အတော်ကို ညောင်းညာနေပါပြီ။ စိတ်ထဲမှာလည်း ဘ၀င်မကျသလိုလို၊ အသည်းတွေ ကလီစာတွေ ယားကျိကျိ ဖြစ်လာသလိုလိုနဲ့။ ကလေးမလေးဆီက ရှိုက်သံတွေ ပြင်းထန်လာပြီ။ မျက်ရည်၊ နှပ်ရည်တွေ သုတ်ရင်းက ကလေးမလေးက မြသွေးနီအတွက် စာတစ်ကြောင်း ထပ်ပြီး ခေါ်ပေးပြန်တယ်။
“ နင့်ကို… တူးတူးခါးခါး မုန်းတယ် ”
“ ငါ့ဘ၀မှာ နင်သေသွားပြီ..”
နောက်ဆုံး စာလုံးရိုက်အပြီးမှာ မြသွေးနီ ရပ်မှ ဖြစ်တော့မယ်ဆိုတာ   တွေးလိုက်မိတယ်။ ဒါနဲ့ ခါးအညောင်းဆန့်ရင်း ကွန်မန့်တွေ ဖတ်လို့မပြီးသေးတာ အသာထား၊ ၀င်ထားတဲ့ ၀က်ဘ်ဆိုက်ကို ကမမ်းကတမ်း  လော့ဂ်အောက်လုပ်၊ နာရီဝက်တောင်မှ မရှိသေး၊ တစ်ခါထဲ အပြီးအပိုင် စက်ကနေ ထွက်လိုက်ပါတယ်။
ကလေးမလေးက “ အန်တီကို ကျေးဇူးတင်ပါတယ်၊ သမီး နောက်တစ်ယောက်ကို အကူအညီ တောင်းကြည့်ဦးမယ် ” ဆိုပြီး မပြီးသေးသော ဇာတ်လမ်းကို ဆက်ရန် ပြင်ဆင်နေပါတယ်။
မြသွေးနီလည်း အူတွေယားလာတာမို့ “ အွန်လိုင်းသုံးမယ်ဆိုရင် Vzoတွေ ပြောနေမယ့်အစား၊ အနည်းဆုံး ကိုယ့်အားကိုယ်ကိုးပြီး ကျွမ်းကျွမ်းကျင်ကျင် စာရိုက်တတ်အောင် လေ့ကျင့်ပြီးမှ သုံးသင့်တယ်” လို့ အသက်ဆယ့်ရှစ်နှစ်တောင် မကျော်ချင်သေးတဲ့ သူမလေးကို   ပြောချင်တာတောင် မပြောနိုင်တော့ပဲ စကားလုံးတွေ ဂလုခနဲ ကြိတ်မှိတ် မြိုချရင်း၊ အင်တာနက်ဆိုင်ထဲက ဒရောသောပါး အပြေးထွက်ခဲ့ရကြောင်းပါ။
စိတ်မောစရာလေး တစ်ခုပေါ့..။
( နောက်ပိုင်း အွန်လိုင်းပေါ် မြသွေးနီ ကြုံသမျှ ပြုံး၊ ရယ်၊ မောဖွယ်ရာများကို အလျဉ်းသင့်သလို ထပ်မံ   ဖောက်သည်ချပေး သွားချင်တာမို့ ခေါင်းစဉ်ကို “ အွန်လိုင်းပေါ်ကြုံလေသမျှ (၁) ” လို့ တတ်လိုက်ရပါကြောင်း)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
Share
This entry was posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ. Bookmark the permalink.
38 Responses to အွန်လိုင်းပေါ် ကြုံလေသမျှ (၁)
  1. ကိုယ်ရိုက်လိုက်တဲ့ စာတွေကို ကွန်ပျုတာကြီးနဲ့ မောက်စ်ကလစ် တစ်ချက်နှိပ်ရုံနဲ့
    ရှလွတ်ခနဲတောင် အသံတစ်ချက် မမြည်ပဲ ဟိုဘက်နိုင်ငံကို ရောက်သွားတယ်လို့
    သိလိုက်ရတဲ့ နေ့က၊ မြသွေးနီတစ်ယောက် အီးမေးလ် ဆိုတာကြီးကို အင်မတန်မှ
    အံ့သြမင်တက် နေမိခဲ့ပါတယ်။
  2. မေဇင် says:
    အင်တာနက်ဆိုင်မှာ ကြုံရတာလေးက ရီချင်စရား))
    မြင်ယောင်နေမိတယ်။
    အကူအညီတောင်းရဲတဲ့ ကလေးမလေးကိုလဲ အံ့သြမိပါတယ်။
  3. Cho Thae San says:
    ညလေး တို့လို ဆိုင်မှာ နေတဲ့သူအဖို့တော့ မရိုးနိုင်တဲ့ ဇာတ်လမ်းတွေကို ပုံစံပြောင်းပြီး ကြားနေရတာပါပဲ.. မမရယ်..
  4. ကူးကူးလှိုင် says:
    နောက်ဆုံး အစ်မမပြောလိုက်ရတဲ့စကားလေးကို ပြောစေချင်လိုက်တာနော်…
  5. ဟုတ်တယ်ဆရာမရေ။လူငယ်တော်တော်များများ(အားလုံးကိုမဆိုလိုပါ)က ကျူတာလောက်ပဲ အင်တာနက် အသုံးဝင်တယ်လို့ထင်နေကြတာ။လေ့လာစရာတွေအများကြီးကို မလေ့လာကြဘူး
    ၇ီစရာဆိုလို့ ကောင်မလေးတစ်ယောက်နဲ့ အွန်လိုင်းမှခင်ဖူးတယ် ဒါနဲ့သူက လူပျိုလားမေးတော့
    အမှန်အတိုင်းပဲ အိမ်ထောင်နဲ့ပါလို့ဖြေတော့ အိမ်ထောင်က အွန်လိုင်းမှကျတာလား အပြင်မှာ ကျတာလားတဲ့ အပြင်လို့လဲ ပြောတော့ အိမ်ထောင်ရှိရင် ဘာလို့ အွန်လိုင်းတက်တာလဲတဲ့။သူနဲ့တွေ့မှပဲ အိမ်ထောင်ရှိသူ အွန်လိုင်းမတက်ရဘူးဖြစ်တော့မယ် ဟိ။အွန်လိုင်းမှာလဲ အိမ်ထောင်ပြုလို့ရလား မေးစရာတစ်ခုတော့ရလိုက်ပါတယ်။နောက်ပိုင်းဆရာမ ကြုံသမျှ ပြုံးစရာ ရီစရာ ရင်မောစရာလေးတွေကို မျှော်နေရင်းစောင့်ဖတ်ပါဦးမယ်။
    လေးစားချစ်ခင်လျက်
    လွင်ပြင်လှိုင်းငယ်
  6. blackroze says:
    အွန်လိုင်းကတော့အဲလိုဘဲမကြီးရေ..
    မကြီးအကောင့်လေး ပစ်ပစ်အက်ထားတယ်နော်..
    • မြသွေးနီ says:
      ညီမပစ်ပစ်ရေ..
      မမြသွေး gtalkကို မနက်ထဲက တက်နေတာ အခုထိကို မရသေးဘူး..။
  7. soung choco says:
    စာသားလေးတွေရေးတာလှတယ်…ပေါ့ပါးတယ်..ဆွဲဆောင်မှူ့ရှိတယ်လိုက်ခ်ပါတယ်
  8. ငိုရခက် ရယ်ရခက်ပါလား ညီမရေ… ဟီးဟီး
  9. AH says:
    အင်း… တစ်ခါတစ်လေတော့လည်း ကူညီရင်း ကူညီရင်းနဲ့ သပွတ်အူထဲ ကိုပါ ၀င်မိရက်သွားဖြစ်ဖြစ်သွားတတ်လို့… အဲ့ဒါမျိုးဆိုရင် သားသားကြောက်ကြောက်… 😛
  10. မမရေ အရမ်းကောင်းပါတယ် ပညာပေးလေးပေါ့
    နေခြည်လေးလည်း ပညာပေးကဗျာလေးတပုဒ်ရေးသေးတယ်
    မမ ကောင်မလေးကိုမှာချင်သလိုပေါ့ ချက်တာမချက်တာနောက်ထား လက်ကွက်လေးကိုတော့ မြန်အောင်လေ့ကျင့်ပါဆိုတာလေ
    မမ…နောက်တပိုင်းမျှော်နေမယ်နော်။
  11. Yan says:
    ဒိုင်ယာလော့ဂ်လေးတွေကို ဖတ်နေချိန်မှာ တခွိခွိဖြစ်နေလို့ ကိုယ့်ကိုယ်ကိုတောင် ပြန်သတိပေးရတယ်။
    မမြသွေးနီရဲ့ ဟာသဥာဏ်ကတော့ ရွှင်ပါ့ဗျား…း)
    တိတ်ကဲ. Sis…
    Y.
  12. shwe yoke lwar says:
    အင်း… ကြုံဘူးတယ်ပေါ့ မမရယ်… ခဏခဏရယ်နဲ့မှပဲ.. 😀
  13. မိုးစက်ပွင့် says:
    (၂)(၃)(၄) တွေကို စောင့်မျှော် အားပေးနေမယ်နော်…..
  14. အစ်မမြသွေးရေ … အစ်မကို ကိုယ်ချင်းစာမိပါတယ်။ ငြင်းရမှာလည်း အခက်၊ ကူညီမိပြန်တော့လည်း ကိုယ်ပါ သူတို့အရှုပ်ထုပ်ထဲ ရောယောင်ပါမိသလို ဖြစ်နေတော့ စိတ်ရှုပ်စရာလည်း ကောင်းပါတယ်။ ညီမလည်း အဲဒီလိုအဖြစ်မျိုးနဲ့ ခပ်ဆင်ဆင် ကြုံဖူးတယ်။ ညီမကမှ ပိုဆိုးတာ။ ဟိုဘက်က စာရိုက်ပေးတဲ့ သူက ကိုယ့်ကိုတောင် ပြန်ပြီး ရန်လုပ်နေလို့ နောက်ဆို မကူညီရဲတော့ဘူး ဖြစ်သွားတယ် အစ်မရေ … 😀
  15. ရန်ကုန်ပြန်တုန်း ခဏမှာပဲ သူငယ်ချင်းရဲ့အင်တာနက်ဆိုင်ကို ခဏသွားလည်တုန်း ကြုံခဲ့ရသေးတာကော အစ်မရေ.. နရင်းတီးချင်တဲ့စိတ်ကိုချိုးနှိမ်ပြီး အသာလေး ပြန်ခဲ့ရတယ်…
  16. မိစံ says:
    “အန်တီ..သမီးကိုကူပါဦး”း)
    အသံထွက်ပြီးတော့တောင်..ရယ်မိပါတယ် 😀
  17. yeemon says:
    ဟားဟား ။ ရီ၇တယ် ။ ဟုတ်တယ် ။ တက် သစ် စ လူငယ် တွေ အချိန် ကို အကျိုးဂှိတဲ. နေရာ မှာသုံးစေချင်တယ် ။ ( ၂ )ကို မျှော် နေ မယ် နော် ။ 🙂
  18. zawzaw says:
    အမရေ ကျွန်တော်လဲ ဒီလိုတွေကြုံးဖူးတယ် တကယ်ရီစရာကောင်းတယ်
  19. ပြုံးစိစိကြီးဖြစ်နေတယ်…
  20. ဖတ်ရတာ ရယ်ရပေမယ့် ကလေးတွေ အတော်ခက်တာပဲ…:P
  21. အမ…
    သူကြီးကို ကယ်ပါဦး။။ အဲ အဲ။။။ ယောင်ကုန်ပါပြီ။
    အဲဒီကလေးမ အကောင့်နာမည် သိလား အမ။ တော်ကြာ သူကြီးမင်းအကောင့်ထဲက ဟို တစ်ယောက်များ ဖြစ်နေမလားလို့။း)
  22. ညီရဲ says:
    ဒီဘက်ခေတ်မှာ ဒီလိုကောင်မလေးတွေကလဲ အများသားလား အစ်မရေ…
  23. လုပ်ရမှာ အပျင်းဆုံးတော့ အင်တာနက်မှာ ကျူရတာကိုပဲ… မြင်လည်းမြင်မိတယ်… ဒီနေ့ခေတ်လူငယ်တွေ… လိုင်းကမကောင်းတော့ ဘာမှလုပ်စရာမရှိ… ရတဲ့ဟာနဲ့ပဲ ချတ်ကြ၊ ခင်ကြ၊ ချစ်ကြ… ကွဲကြပေါ့လေ.. အချိန်တွေ သိပ်နှမြောဖို့ကောင်းတယ်နော်… ဒီလိုအချိန် သူများနိုင်ငံက လူငယ်တွေများ ကြိုးစားနေကြပြီလေ… ကျွန်တော်တို့နိုင်ငံ နောက်ကောက်ပိုကျလာလိမ့်မယ်…
    ခင်မင်လျက်
    နေ၀သန်
  24. သိင်္ဂါကျော် says:
    ဟိုနေ့ထဲက တွေ့နေတာ ဒီနေ့မှ လာဖတ်နိုင်လို့..
    ရုံးခန်းထဲမှာ ကြိတ်ရယ်နေရတယ်..
    ခုခေတ်မှာ gtalk တင် မကတော့ဘူး.. တစ်ခွန်းနှစ်ခွန်း ပြောပြီးတာနဲ့ vzo chat ရအောင် ဆိုပြီး လုပ်ကြတာလေ..
  25. tg says:
    ဟုတ်ပါ့… အားနာပေမယ့် ရယ်လိုက်ရသေးတယ်… ဟဲဟဲ.. ဟုတ်တယ်.. ဒါက သူတို့ အရှုပ်ထုပ်ထဲ ယောင်တောင်ပေါင်တောင် ပါရတာ… ကျမဆို တော်တန်ရုံ ဂျီတော့ခ်မှာ သိတဲ့သူတွေပဲ လက်ခံဖြစ်တာတောင် ကိုယ့်လာ add ရင် သိလို့များလားလို့ အားနာတာနဲ့ လက်ခံပြီး ကိုယ့်သိလို့လား မေးလိုက်တော့ ဒီခေတ်ကြီးထဲ သိမှ စကားပြောကြတာ မဟုတ်ဘူးတဲ့… ကိုယ်လည်း သူတို့ကို လိုက်မမီတာနဲ့ပဲ ပြန်ဖြုတ်လိုက်ရတယ်… နောက်တယောက်က အစ်မ၀မ်းကွဲတယောက်ရဲ့ အကောင့်နဲ့ ၀င်လာတော့ အစ်မပဲ အောက်မေ့ပြီး စကားပြန်ပြောတော့ သူက ကိုယ့်ကို ပြန်ဟောက်နေသေးတယ်။ ကိုယ် ခေါ်လိုက်တဲ့ အိမ်နံမယ်ကို သူ မသိဘူးလေ….။ ကလေးတွေနဲ့ တူပါတယ်.. လူမမြင်ဘူး လူမသိဘူးဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောနေတာတွေကိုတော့ တကယ်စိတ်ကုန်တယ်….။ နောက်တော့မှ အစ်မရဲ့ အကောင့်က သူကိုယ်တိုင် ၀င်မရတော့တာတဲ့… 🙂
  26.ွှအွန်လိုင်းနဲ့ မကင်းနိုင်တဲ့ ခေတ်လူငယ်တွေရဲ့ ဒုက္ခကလဲ ဘေးကလူတောင် မနေရပါလား..း))
    အိမ်မက်စေရာ
  27. တဖြည်းဖြည်း ဖတ်လာရင်းနဲ့ ပြုံး၊ ပြုံးရာကနေ ရယ်သွားရတဲ့ ပို့စ်ပါပဲဗျာ..၊
    တဖက်က ကောင်လေးက ဘာတွေများ ပြန်ပြောခဲ့မလဲလို့ ခန့်မှန်းရင်း အမမြသွေးနီရဲ့ တရစပ် လက်ကွက်တွေအောက်မှာ ထွက်ကျလာတဲ့ စကားလုံးတွေကို ပြုံးဖြီးဖြီးနဲ့ ဖတ်နေမိတယ်..၊ ခါးကြီး လိမ်ပြီး စာရိုက်နေရတဲ့ မြင်ကွင်းကိုပါ မြင်မိတော့ ပါးစပ်ပိတ် မရတော့ဘူး…။းD
  28. အရမ်းမိုက်တယ်..ချစ်မ..
    အားပေးလျှက်..
  29. ခနွဲ says:
    ဟုတ်ပါ့..အစ်မရေ….
    ကြုံတွေ့ရသော ပြဿနာပေါင်းများထဲမှ တစ်ခု ပေါ့…..
    လေးစားစွာဖြင့်….
    ခနွဲ(မြင်းခြံ)
  30. ဆရာမရဲ့ စာတွေကို မဖတ်ဖြစ်တာကြာပြီ
    အခုမှ ပြန်တွေ့ရတယ်
    နောက်ဆိုစောင့်မျှော်အားပေးနေမှာပါ
  31. ဦး Zin says:
    ဆရာမ မျက်နှာလိုက်တယ်၊ ဦးဇင်းတို့အတွက်ကျမပါဘူး။ စိတ်ဝင်စားစရာကြောင်းလေး အခုမှဖတ်မိတာ ကျေနပ်လို့ရေးသွားတာပါ။ အားပေးလျှက်.
  32. ဟိုတလောက အင်တာနက်မှာ ဖတ်လိုက်ရတဲ့ ကာတွန်းလေးတောင် သတိရသွားတယ်
    ဘုန်းကြီးနာမည်ကို မိန်းလေးနာမည်ထင်ပြီး ကျူနေတဲ့ဟာလေးလေ.. ဟိဟိ
    ခုခေတ်များ တကယ်ကို မလွယ်ဘူး ကျူမယ်ဆိုတာကြီးဘဲ..
    လိုက်တောင် မမီတော့ဘူး…
    အဲဒီကောင်မလေးသာ အစ်မစာ ဖတ်မိလို့ကတော့ ငါတော့ အကူအညီတောင်းမိတာ ဒီအန်တီ စာရေးစရာ ဖြစ်သွားတာကိုးလို့ တွေးနေတော့မယ်ထင်တယ်နော် :P:P
  33. လာရောက်အားပေးသွားပါတယ်နော်။ ဆက်လက်ကြိုးစားပါ…
  34. သီဟ(puchong-tesco) says:
    ရယ်သွားတယ်ဗျာ….
  35.ွှTain hlwar says:
    သွေးး……
    ဟာသပါလားးးးနော်
    အသစ်ဆန်းလေးးးဖတ်ပြီရီရတာပေါ့:P
    ကောင်းပ
  36. Pingback: အွန်လိုင်းပေါ်ကြုံလေသမျှ (၂) |
Leave a Reply
Your email address will not be published. Required fields are marked *