မြသွေးနီနှင့် ရွှေမြန်မာဥယျာဉ်မိသားစု အင်တာဗျူး
Number of View: 13316
တစ်နေ့မှာ ကျွန်မဆီ အကောင့်တစ်ခု Add ထားပါတယ်။  လက်ခံလိုက်ပြီး သိပ်မကြာခင်မှာပဲ ခိုင်လေးဆိုတဲ့ ညီမတစ်ယောက်    ရွှေမြန်မာဥယျာဉ်မိသားစု Ning Site ကနေ အင်တာဗျူးအတွက် ဆက်သွယ်လာပါတယ်။ ညီမခိုင်လေးက လွန်ခဲ့တဲ့ရက် အတော်ကြာကြာ ကထဲက အင်တာဗျူးအတွက် ကျွန်မဆီ မေးလ်ပို့ထားတယ် ပြောပေမယ့် ဘာကြောင့်မှန်း မသိ၊ ကျွန်မ မရရှိခဲ့ပါဘူး။ ဒီတစ်ခါတော့ Gtalkမှာ လူကိုယ်တိုင် တွေ့ပြီဆိုတော့ သူမရဲ့ မေးခွန်းလေးတွေနဲ့ အစီအစဉ်လေးတွေကို  ပြောပြပါတယ်။
Ning Site အင်တာဗျူးတွေနဲ့ ကျွန်မ ကျွမ်းဝင်ခဲ့ဘူးပါတယ်။  ပထမဦးဆုံး   ချောကလက်မြို့တော်မှာ ကျွန်မ အင်တာဗျူးတစ်ခါ   ဖြေပေးခဲ့ဘူးပါတယ်။   နောက်ထပ် အမှတ်ရစရာ တစ်ခုက ကျွန်မ
Save The Aged သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေး ပရဟိတအဖွဲ့
မှာ ယခင်က သတင်းနှင့်ပြန်ကြားရေး တာဝန်ခံအဖြင့် ပါဝင်ဆောင်ရွက်ခဲ့စဉ်မှာ ကိုယ့်ကိုယ်ကို အင်တာပြန်ဗျူးခဲ့သလို၊ အဖွဲ့မှာ တက်တက်ကြွကြွနဲ့ ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့ဝင်များအတွက် အင်တာဗျူးပေါင်း အပုဒ်(၂၀)တိတိ  ကျွန်မ ကိုယ်တိုင် ဗျူးခဲ့ဘူးပါတယ်။
Ning Site အင်တာဗျူးတွေမှာ မန်ဘာတွေများလှတာမို့   မေးခွန်းအဖြေတွေကို အမြဲ သေချာ ဂရုပြု ဖြေဆိုပေးခဲ့ဖြစ်ပါတယ်။ အခု ရွှေမြန်မာဥယျာဉ် မိသားစုက အင်တာဗျူးကိုလည်း ကျွန်မ အချိန်ပေးပြီး သေချာ ဖြေဆိုပေးခဲ့ဖြစ်ပြန်တယ်။ ကျွန်မရဲ့အဖြေ တစ်စိတ်တစ်ပိုင်းက စာဖတ်သူတွေအတွက် တစ်စုံတစ်ခု ရသွားချင်မှ ရသွားနိုင်ပေမယ့်၊ ကျွန်မရဲ့ ခံယူချက်နဲ့ ကျွန်မစိတ် တစိတ်တစ်ဒေသကိုတော့ စာဖတ်သူတွေ ဖတ်မိသွားနိုင်လိမ့်မယ်လို့ ကျွန်မ ထင်မိပါတယ်။
“ မြသွေးနီနှင့် ရွှေမြန်မာဥယျာဉ်မိသားစု အင်တာဗျူး”
ခိုင်လေး တာဝန်ယူထားတဲ့ အင်တာဗျူး အစီစဉ်လေးကို တင်ဆက်ဖို့ အလှည့်ကြလို့ လာပြန်ပါပြီရှင်။ ဘယ်သူကို မေးမြန်းရမလဲလို့ စီစဉ်တော့ ခိုင်လေး လေးစားအားကျရတဲ့ မမတစ်ယောက်ကို မေးမြန်းဖို့   ရွေးချယ်လိုက်မိပါတယ်။ မမကို အဆက်သွယ်လုပ်ဖို့    ကြိုးစားရချိန်မှာ ခိုင်လေး ကမ်းလှမ်းချက်ကို လက်ခံဖို့ဆိုတာ ခိုင်လေး အကောင့်လေးကို လက်ခံမှ   ဖြစ်မှာလေ။   မျှော်လင့်ခြင်း များစွာနဲ့ မမအကောင့်လေးကို addလိုက်မိတယ်။  မမက   ပြန်လည် လက်ခံလိုက်ချိန်မှာ အရမ်းကို   ပျော်မိတယ်ဆို ပိုတယ်လို့ ထင်ကြပါလိမ့်မယ် ။
မမကို အင်တာဗျူးလုပ်ချင်တဲ့ အကြောင်းလေး ပြောတော့ သဘောကောင်း   ဖော်ရွေတဲ့  မမက  ခိုင်လေးမေးတဲ့ မေးခွန်းလေးတွေကို စိတ်ရှည်စွာ  အချိန်ပေး ပြန်ဖြေပေးခဲ့တဲ့အတွက် ဆရာမမြသွေးနီကို   ရွှေမြန်မာဥယျာဉ်မိသားစုဝင်တွေအတွက် အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။
 မမရေ မင်္ဂလာပါရှင်။ ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ်မိသားစု အတွက် အင်တာဗျူးလေး လုပ်ချင်လို့ပါရှင်။
မင်္ဂလာပါ ညီမ။
ပထမဆုံး မမရဲ့ မိသားစုလေးနဲ့ မိတ်ဆက်ပေးပြီး အခု လောလောဆည်  မမ ရှင်သန်နေတဲ့ အကြောင်းအရာလေးကို သိပါရစေ။
 ကျွန်မက တွယ်တာချစ်ခင်ရတဲ့၊ ကျွန်မကို တွယ်တာချစ်ခင်တဲ့ သာမန် မိသားစုဘ၀လေးကို ကျွန်မ တည်ဆောက်ခွင့် ရထားပါတယ်။   ဒီမိသားစုလေးမှာ မိသားစုဝင် သုံးယောက်လုံး အပြန်အလှန် လေးစားစိတ်၊ တန်ဘိုးထားမှုနဲ့ ရှင်သန်ရပ်တည်နေပါတယ်။
 မမ ဘလော့ဂါ စာရေးသူတစ်ယောက် ဖြစ်လာခဲ့ပုံလေးကိုလဲ
ပြောပြပေးပါအုံးနော် ။
အွန်လိုင်းပေါ် စာမရေးခင် တက္ကသိုလ်ကျောင်းသူဘ၀ ၁၉၉၀လောက်မှာ   ပေဖူးလွှာမဂ္ဂဇင်းမှာ ကဗျာ၊ ၀တ္တုတိုလေးတွေ သုံးပုဒ်လောက် ဖော်ပြခံခဲ့ရဘူးပါတယ်။ အဲ့ဒီနောက်ပိုင်း မရေးဖြစ်တော့ပဲ စာတွေသာ တွင်တွင်ဖတ်ခဲ့ပါတယ်။ အွန်လိုင်းမှာ စာတွေ ရေးလို့ရတယ်လို့ သိလာချိန်မှာ စာရေးချင်စိတ်တွေ ပြန်ရုန်းကြွလာပြီး ၂၀၀၉ခုနှစ်  အောက်တိုဘာလမှာ အွန်လိုင်းမှာ စတင်ရေးဖြစ်ခဲ့တာ အခုအချိန်ထိပါဘဲ။
 ဘလော့ဂါ တစ်ယောက်က မဂ္ဂဇင်းစာမျက်နှာတွေပေါ်က စာရေးဆရာတွေထက် ပိုပြီးဝေဖန်ခံရတယ်နော် မမ။ ကော်မန့်တွေမှာ တချို့ကော်မန့်တွေက ဝေဖန်တယ်ဆိုတာထက် ပုဂ္ဂိုလ်ရေးထိခိုက်ပြီး စာရေးချင်စိတ်တွေ ပျောက်ဆုံးကုန်တဲ့အထိ ဆိုးတဲ့ ကော်မန့်တွေကို မကြာခဏ ဆိုသလို တွေ့နေမြင်နေရပါတယ် မမ ။ မမရော ဒါမျိုးတွေကို ကြုံခဲ့ရဘူးလား မမ။ အဲဒီလို ကြုံခဲ့စဉ် မမ ဘယ်လို စိတ်မျိုးထားခဲ့တယ်ဆိုတာလေးကို တက်သစ်စ ဘလော့ဂါလေးတွေ အတုယူရအောင် ပြောပြပေးပါအုံးနော် ။
ကျွန်မအနေနဲ့ကတော့ အခုအချိန်အထိ ထူးထူးခြားခြား   ဝေဖန်ခံရတာမျိုး မရှိသေးပါဘူး။ အပြုသဘောနဲ့ ဝေဖန်တာမျိုးကို စာရေးသူများကလည်း လက်ခံသင့်ပြီး၊ ဝေဖန်သူ ကိုယ်တိုင်ကလည်း  ပုဂ္ဂိုလ်ရေး   ဝေဖန်မှုမျိုးထက် ရေးထားတဲ့ စာအပေါ်မှာ စေတနာနဲ့   ဝေဖန်တာမျိုး ဖြစ်သင့်ပါတယ်။
 ဇာတ်လမ်း၊ ကဗျာ၊ ဆောင်းပါးတစ်ခုကို ရေးတော့မယ်ဆို စိတ်ကူးတွေကို ဘယ်လို အစတည်တယ်ဆိုတာလေးလဲ ပြောပြပေးပါအုံး မမ။
စိတ်ကူးယဉ်ဇာတ်လမ်းတွေ ရေးရတာ ကျွန်မအတွက် ခဲယဉ်းလှပါတယ်။ ကျွန်မရဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေက ကျွန်မရဲ့ စိတ်နှလုံးကို ရိုက်ခတ်လာပြီဆို၊ အဲ့ဒီအပေါ်မှာ အခြေပြုပြီး ကျွန်မစာတွေ    ရေးဖြစ်ခဲ့တာ များပါတယ်။ စိတ်ကူးထဲမှာ   သေချာတွေးလို့ ၀သွားပြီဆိုရင် ကွန်ပျူတာနဲ့ လက်တမ်း ချရေးလိုက်တာပါဘဲ။  စိတ်ကူးတဲ့ အချိန်က ချရေးလိုက်တဲ့ အချိန်ထက် ပိုကြာမြင့် တတ်ပါတယ်။
  မမ ဘယ်ချိန်တွေမှာ စာရေးတတ်လဲ။
စိတ်ကူးထဲမှာတော့ အမြဲ ရေးနေမိတတ်ပါတယ်။ လက်နဲ့ ချရေးဖြစ်တာကတော့ လူခြေတိတ်တဲ့ ညပိုင်းတွေမှာပါ။ တိတ်ဆိတ်နေတဲ့ အချိန်မှာ စာရေးရတာ ပိုအရသာ တွေ့တတ်ပါတယ်။
 မျှဝေခံစားမှုဆိုတဲ့ စကားလေးက ယနေ့ အင်တာနက်အတွက် မိတ်ဖိတ်စကားလေးလို့ ဆိုခဲ့မယ်ဆိုရင် မမ လက်ခံနားလည်တဲ့ မျှဝေခံစားခြင်းဆိုတဲ့ အဓိပ္ပာယ်လေးကို သိပါရစေရှင်။
မျှဝေခံစားခြင်းဆိုတာ မိမိရဲ့ (ဒါမှမဟုတ်) မိမိသိရှိလာတဲ့ အကြောင်းအရာတွေကို အခြားသူများသို့ ပေးသိစေခြင်းလို့ အဓိပ္ပါယ်ဖွင့်ရမယ် ထင်ပါတယ်။ နည်းပညာတွေ ထွန်းကားလာတဲ့အခါမှာ အွန်လိုင်း အသုံးပြုသူတွေ ပိုမို များပြားလာပါတယ်။ ကွန်ယက်တွေကလည်း ပိုမို ကျယ်ပြန့်လာပါတယ်။ အခု Facebookမှာ ရေးထားတာတွေဆို  Like တစ်ခါနှိပ်ယုံ၊ Share တစ်ခါနှိပ်ယုံနဲ့ ဖောဖောသီသီ ပျံ့နှံ့နိုင်ပါတယ်။ အင်တာနက်ကနေ မိတ်ကောင်းဆွေကောင်းတွေလည်း ရလာနိုင်ပါတယ်။ သုတ၊ ရသ၊ ဗဟုသုတ၊ နိုင်ငံရေး  အကုန်မျှဝေသိရှိနိုင်ပါတယ်။ ဒါပေမယ့် ပြန်လည် မျှဝေရာမှာတော့ မူရင်းအားထုတ်သူရဲ့ နာမည်၊ လင့်ခ်နဲ့တကွ ခရက်ဒစ်ပေးပြီး လိပ်ပြာသန့်စွာ မျှဝေပေးသင့်ပါတယ်။
မမ ဘ၀မှာ အဖြစ်ချင်ဆုံး ဆိုတဲ့ အရာကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပြီးပြီလား မမ။
ကျွန်မ အဖြစ်ချင်ဆုံး စာရေးသူတစ်ယောက် ဘ၀ကိုတော့ အခုအချိန်မှာ လှမ်းခွင့်နေပြီလို့ ထင်မိပါတယ်။
မမရဲ့ ရင်နှစ်သည်းချာလေးအတွက် မမ ထားရှိတဲ့ မိခင်တစ်ယောက်ရဲ့   မျှော်လင့်ချက်လေးကို သိခွင့်ရမလား မမ။
 အများကြီး မမျှော်လင့်ထားပါဘူး။ အခြေခံကျတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ဘ၀ကို  ကိုယ့်ဒူးကိုယ်ချွန်ပြီး ရိုးသားစွာ ကျော်ဖြတ်နိုင်ဖို့ပဲ မှာကြားထားပါတယ်။
 မမ ခံယူထားတဲ့ ဘလော့ဂါ တစ်ယောက်ရဲ့ စိတ်ဓာတ်လေးကို လည်း သိပါရစေ။
  ကျွန်မ ခံယူထားတာကတော့ ဘလော့ဂါမှ မဟုတ်ပါဘူး၊ စာရေးသူတိုင်း မိမိရေးတဲ့စာကို မိမိ တာဝန်ယူရပါမယ်။ မိမိရေးတဲ့ စာဟာ စာဖတ်သူ  ပေးလိုက်ရတဲ့ အချိန်နဲ့ ထိုက်တန်တဲ့ စာမျိုး၊ အဆိပ်အတောက် မဖြစ်စေမယ့် စာမျိုးဖြစ်ရပါမယ်။
 မဖြစ်နိုင်ဘူးဆိုတာ မကြိုးစားလို့ပါပဲ ဆိုတဲ့ စကားလေးအပေါ် မမ အမြင်လေးကို သိပါရစေ ။
 ခြေတစ်လှမ်း စတင်လှမ်းဖို့ ခြေဖ၀ါးတောင် မကြွပဲနဲ့ ခရီးက   ဝေးလိုက်တာလို့ ငြီးငြူနေမယ့်အစား၊ အခုချက်ချင်းပဲ ခြေလှမ်းတစ်လှမ်း စတင်လှမ်းလိုက်ပါ။ ပန်းတိုင်က ကျွန်မတို့ကို စောင့်နေပါလိမ့်မယ်။
  ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်က ဘယ်အရာလို့ မမ သတ်မှတ်ထားပါသလဲရှင်။
ပျော်ရွှင်မှုရဲ့ လျို့ဝှက်ချက်က စာနာစိတ်ဖြင့် ရိုးသားစွာ   နေထိုင်ခြင်းလို့ မြင်ပါတယ်။ မိမိရဲ့ ကောင်းမွန်သော လုပ်ဆောင်ချက်တိုင်းသည်လည်း မိမိရဲ့ ပျော်ရွှင်မှုပါဘဲ။ မိမိကိုယ်တိုင်   ပျော်ရွှင်နိုင်မှ အခြားသူတွေကိုလဲ အပျော်တွေ ကူးစက်မျှဝေနိုင်မှာပါ။
 ဘ၀မှာ အခက်ခဲဆိုတဲ့ အရာကို လူတိုင်းကြုံတွေ့ ခံစားဖူးမယ်လို့ ထင်ပါတယ်။ အဲဒီလို အခက်ခဲတွေ စိတ်ဓာတ်ကျစရာတွေကို ရင်ဆိုင်ရချိန်မှာ မမ ဘယ်လို စိတ်ထားမျိုးတွေနဲ့  ကြံ့ကြံ့ခိုင် လျှောက်လှမ်းခဲ့တယ် ဆိုတာလေးကိုလဲ ပြောပြပေးပါနော်။
တစ်ကြိမ်လဲကျတိုင်းမှာ လူးလဲထရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတစ်ကြိမ် ရရပါတယ်။ အကြိမ်ကြိမ် လဲကျတိုင်း ရရှိခဲ့တဲ့ ဒဏ်ရာ အမာရွတ်တွေက ဘ၀နဲ့၊ အတွေ့အကြုံများနဲ့ရင်းပြီး ရခဲ့တဲ့ တစ်သက်စာ ဆုတံဆိပ် များပါဘဲ။ အမာရွတ်တစ်ခုခြင်းစီမှာ ကိုယ်တိုင် အောင်မြင်စွာ   ဖြတ်ကျော်ခဲ့ရတဲ့ အကြောင်းရင်းတွေ ရှိနေပြီး၊ နောက်ပြန်လှည့်ကြည့်တဲ့ အချိန်တိုင်းမှာ ခွန်အားတွေ ဖြစ်စေရပါတယ်။
 အွန်လိုင်း ရွှေဝတ္တုတိုဆုလေးကို ပိုင်ဆိုင်ရခဲ့စဉ်က မမရဲ့ ရင်တွင်း အပျော်လေးတွေကို ပြန်လည် မျှဝေပေးပါဦးရှင်။
အွန်လိုင်းရွှေဝတ္တု “ပထမဆု” ရရှိခဲ့ချိန်က ပျော်ရွှင်ခဲ့ရပါတယ်။ စာပေနယ်က အစဉ်အလာရှိသူ၊ လေးစားရတဲ့ စာရေးဆရာကြီး၊ ဆရာမကြီးများ ကိုယ်တိုင် ရွေးချယ်ပေးခဲ့တာမို့ ဒီဆုကို အလွန် တန်ဖိုးထားမိပါတယ်။
လုံးချင်းစာအုပ်လေး တစ်အုပ်အဖြစ် ပထမဆုံး ပုံနှိပ်ဝတ္တုလေးဖြစ်တဲ့ “အိပ်မက်ကောက်ကြောင်း” ဆိုတဲ့ စာအုပ်လေးကို   မြင်လိုက်ရစဉ် ငါကိုယ်တိုင်ရေးတဲ့ စာပေမှတ်တိုင်လေးဆိုတဲ့ အသိနဲ့ ခံစားရတဲ့ ခံစားချက်လေးကိုလဲ သိပါရစေ မမ။
အိပ်မက်ကောက်ကြောင်း” စာအုပ်ကို အွန်လိုင်းမှာ   ရေးဖြစ်ခဲ့တဲ့ ရသစာစုများနဲ့  စုစည်းခဲ့ပါတယ်။ ဒီစာအုပ်လေးက ကုန်လွန်ခဲ့တဲ့ ကျွန်မရဲ့ ညတွေတိုင်းမှာ အမြဲကြီးစိုးခဲ့တဲ့ အိပ်မက်ကလေးပါ။ ပထမ ခြေလှမ်းဖြစ်တဲ့ ဒီအိပ်မက်ကလေး သက်ဝင်လာချိန်မှာ အတိုင်းမသိ ပီတိဖြစ်မိရပါတယ်။
နောက်ထပ် စာပေလှုပ်ရှားမှုများ ရှိဦးမယ်ဆိုရင်လည်း   ပြောပြပေးပါဦး။
 လက်ရှိ “ teen Magazine – ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်း ” မှာ အွန်လိုင်းက ဘလော့ဂါများရဲ့ လက်ရာမွန်များကို Blog Digest ကဏ္ဍကနေ လစဉ် ဖော်ပြပေးနေဖြစ်ပါတယ်။ ပုံနှိပ်မဂ္ဂဇင်းအချို့မှာလည်း ၀တ္တုတိုလေးတွေ ကြိုကြား ရေးနေဖြစ်ပါတယ်။ ဒီနှစ်ထဲမှာပဲ ကျွန်မရဲ့ ဒုတိယခြေလှမ်းဖြစ်မယ့် “အသိသစ်တံခါးချပ်များ” စာအုပ်ထွက်ဖို့   ပြင်ဆင်နေပါတယ်။ တတိယခြေလှမ်းအနေနဲ့က မဂ္ဂဇင်းဝတ္တုတိုများ စုစည်းပြီး ထွက်ဖို့ စီစဉ်ထားပါတယ်။
 ခိုင်လေးတို့လို ၀ါသနာရှင် စာရေးသူတွေအတွက် မမရဲ့ အားပေးစကား လက်ဆောင်လေးကိုလဲ ကြားပါရစေ မမ။
   ကျွန်မရဲ့ဆရာကြီး လူထု(ဦး)စိန်ဝင်းက “ စာကောင်းကောင်း   ရေးနိုင်ချင်ရင် စာတွေများများ ဖတ်ကြည့်ပါ။ စာတွေများများ ရေးကြည့်ပါ။   ခေတ်ကို မျက်ခြေပြတ် မခံပါနဲ့။ မိမိပတ်ဝန်းကျင်ကို လျစ်လျူရှု မထားပါနဲ့၊   ရေးစရာတွေက ပတ်ဝန်းကျင်မှာပဲ ရှိနေတတ်ပါတယ် ” လို့ မှာကြားဘူးပါတယ်။ စာဖတ်နာလေ စာရေးရာမှာ များစွာ အထောက်အကူ   ပြုလေပါဘဲ။ မျက်စိကိုဖွင့် နားကိုစွင့်ထားစေချင်ပါတယ်။ ရပ်တန့်မနေပဲ ဇွဲရှိရှိနဲ့ အရှိန်မပျက် သွားပါလို့ ကိုယ်တွေ့နဲ့ရင်းပြီး စကားလက်ဆောင် ပါးချင်မိပါတယ်။
 ခိုင်လေးတို့  ရွှေမြန်မာဥယျာဉ်အပေါ် မမရဲ့ အကြံပြုချက်လေး   ပြောပြပေးပါအုံးနော်။
 အဖွဲ့ဝင်တွေအများကြီးနဲ့ အောင်မြင်နေတဲ့ ရွှေမြန်မာဥယျာဉ်မှာ လူငယ်တွေအတွက် ရသ၊ သုတ၊ ဗဟုသုတ၊ ပျော်စရာတွေအပြင်၊ စာဖတ် သူတွေအတွက် အသစ်အသစ်တွေ ဖန်တီးပေးနေတာ သဘောကျမိပါတယ်။ ဆိုက်ရဲ့ Main Pageကို ယခုထက် ရှင်းလင်းတဲ့ နေရာချမှုနဲ့၊ စာဖတ်လို့   ကောင်းမယ့် အရောင်လေးနဲ့ မြင်ရမယ်ဆိုရင် မန်ဘာတွေ အသုံးပြုရတာ၊ ရှာဖွေရတာ ပိုမိုလွယ်ကူ အဆင်ပြေမယ်လို့ မြင်မိပါတယ်။
 အခုလို မအားလပ်တဲ့ ကြားက အချိန်ပေးဖြေကြားပေးတဲ့ မမကို ခိုင်လေးတို့ ရွှေမြန်မာဥယျာဉ်မိသားစုမှ အထူး ကျေးဇူးတင်ပါတယ်ရှင်။
 ကျွန်မကလဲ အခုလို အင်တာဗျူးဖို့ ဆက်သွယ်လာတဲ့ ညီမ ခိုင်လေးကိုရော၊ ရွှေမြန်မာဥယျာဉ်က Site Adminများနဲ့တကွ၊ မန်ဘာများ  အားလုံးကို ကျေးဇူးအထူးတင်မိပါတယ်။
မမမြသွေးနီရဲ့စာတွေ ဖတ်နိုင်မယ့်၊ မမကို ဆက်သွယ်လို့ ရနိုင်မယ့် နေရာလေးတွေပါ။
Website : www.myathwayni.com
Facebook Fan Page : မြသွေးနီ
Email : myathwayyni@gmail.com
အွန်လိုင်းရွှေဝတ္တုပထမဆုရစာမူနှင့်ဒိုင်အဖွဲ့၏မှတ်ချက်များ : သမီးရဲ့မျက်လုံးလေး
ပထမခြေလှမ်း၏မြစ်ဖျားခံရာအစး အိပ်မက်ကောက်ကြောင်း
teen Magazineမှာ ရေးသားဖြစ်နေတဲ့ဘလော့ဂါများ၏လက်ရာများ : Blog Digest
အင်တာဗျူးလေးကို ကျွန်မ၀က်ဘ်ဆိုက်မှာ အမှတ်တရ ပြန်လည်ဖော်ပြရင်း သိမ်းဆည်းမိခြင်းပါ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။
Share
This entry was posted in မြသွေးနီ. Bookmark the permalink.
25 Responses to မြသွေးနီနှင့် ရွှေမြန်မာဥယျာဉ်မိသားစု အင်တာဗျူး
  1. ဆရာမရေ…
    အင်တာဗျူးလေးကနေ စာရေးနည်းတွေ ယူသွားပါတယ်…
    ဆရာမရဲ့ နောက်ထွက်မယ့် စာအုပ်မှာ ကျွန်တော့်ကွန်မန့် လေးတွေကိုလည်းမြင်ချင်သား…
    အဆင်ပြေမယ်ဆိုရင် စာအုပ်မှာပါမယ့် ပို့ စ်လေးတွေရဲ့ လစ်ကို replyပြန်ထားပေးပါလား…
    2ပုဒ်3ပုဒ်လောက် ပေါ့ ဆရာမ…
    အောင်မြင်ပါစေ ဆရာမရေ…
  2. blackroze says:
    အမရေ
    အားကျတယ်…
    ညီမလည်းဟိုမရောက်ဒီမရောက်စာလေးတွေဘဲရေးရင်း
    ဘလော့ဂါတယောက်ဘဝခံယူထားတာ
    အမရေးတဲ့ စာလေးတွေဖတ်ပြီးအရမ်းအားကျမိတယ်
  3. naychi says:
    မမ
    အင်တာဗျူးလေးကို ဖတ်လိုက်ရတာ အရမ်းအရသာရှိတယ်မမ
    ပြီးတော့ မမရဲ့စိတ်တွေနဲ့ နေခြည်လေးရဲ့စိတ်တွေ အများအားဖြင့် အရမ်းတူနေတယ်လေ
    မမရဲ့အမြင်တွေ…နောက်ပြီးတော့ ဆရာလူထု(စိန်ဝင်း)က မမကို ပြောခဲ့တယ်ဆိုတဲ့စကားကတဆင့်
    မမကိုပြောခဲ့တယ်နော်….ခု မမရဲ့အင်တာဗျူးလေးကတဆင့် နေခြည်လေးကိုပြောလိုက်သလိုပါပဲ
    စာများများရေးကြည့်ပါ….စာများများဖတ်ကြည့်ပါ….နောက်တခုကတော့ အမြဲတမ်းစာတွေရေးရင်
    စာရွက်နဲ့မရေးဖြစ်ဘဲ စိတ်ကူးထားတာလေးတွေကို ကွန်ပျူတာရှေ့ရောက်မှ လက်တန်းချရေးပုံလေးတွေ…အတူတူဖြစ်နေတယ်နော်
    မမ ရှေ့ဆက်ပြီး အောင်မြင်မှုတွေလျှောက်လှမ်းနိုင်ပါစေနော်
    ချစ်တဲ့နေခြည်လေး
  4. Yan says:
    စာရေးသူတိင်း မိမိရေးတဲ့စာကို မိမိ တာဝန်ယူရပါမယ်။ မိမိရေးတဲ့ စာဟာ စာဖတ်သူ ပေးလိုက်ရတဲ့ အချိန်နဲ့ ထိုက်တန်တဲ့ စာမျိုး၊ အဆိပ်အတောက် မဖြစ်စေမယ့် စာမျိုးဖြစ်ရပါမယ်။
    အဲဒီ့အဖြေလေးကို ကျွန်တော်သဘောကျလိုက်တာ.
    ဖြေသွားတာလေးတွေ ပညာသားပါတယ်. Good Job, Sis! ;)
    Y.
  5. ညီမက ဖြေတတ်လိုက်တာ… ညီမ ဖြေထားတဲ့ အဖြေလေးတွေ အားလုံးကို သဘောကျ နှစ်သက်မိပါတယ်…း))
  6. အင်တာဗျူးလေး လာဖတ်သွားတယ် အစ်မရေ.. ဖတ်ပြီးတော့ စာရေးဖို့ အားတွေလည်းဖြစ်လာရတယ်။
  7. မမရေ … သေသေသပ်သပ်နဲ့ဖြေသွားတဲ့ မမအဖြေတွေကို နှစ်သက်မိပါတယ် … ညလေးက စာတွေရေးချင်စိတ်ရှိပေမယ့် မရေးဖြစ်ခဲ့ဘူး … Save the Aged ဆိုက်ထဲက မမရဲ့ပိုစ့်လေးတွေကို ဖတ်ပြီး မမရဲ့အားပေးမှုကြောင့် ခုဆိုစာလေးတွေ အစပျိုးပြီးရေးဖြစ်နေပြီ … မမကိုလည်းအားကျတယ် … အတုလည်းယူပါတယ် … အမြဲတမ်းလည်း မမစာတွေကို အားပေးဖတ်ရှုနေမယ်နော် …
  8. သတိရလို့လာလည်၊လာဖတ်သွားပါတယ်။
    ဒီထက်မက ……အောင်မြင်ပါစေ။
  9. ကူးကူးလှိုင် says:
  10. အပါ says:
    ကျွန်မ ခံယူထားတာကတော့ ဘလော့ဂါမှ မဟုတ်ပါဘူး၊ စာရေးသူတိုင်း မိမိရေးတဲ့စာကို မိမိ တာဝန်ယူရပါမယ်။ မိမိရေးတဲ့ စာဟာ စာဖတ်သူ ပေးလိုက်ရတဲ့ အချိန်နဲ့ ထိုက်တန်တဲ့ စာမျိုး၊ အဆိပ်အတောက် မဖြစ်စေမယ့် စာမျိုးဖြစ်ရပါမယ် လို့အစ်မဖြေခဲ့တာ သဘောကျပါတယ်။
    အဲ့ဒါအမှန်တရားပါ အစ်မရေ…ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့စာကို တာဝန်ယူနိုင်ရပါမယ်။
  11. အပါ says:
    အစ်မရေ…ဘယ်သူပဲဖြစ်ဖြစ် ကိုယ်ရေးတဲ့စာအပေါ်မှာ တာဝန်ယူရပါမယ်ဆိုတာ အမှန်ပဲအစ်မရေ။ ကျွန်တော်လည်း ကိုယ်ရေးတဲ့စာကို အချိန်ပေးဖတ်တဲ့သူအတွက် အလဟဿအချိန် မဆုံးရှုံးသွားစေချင်ပါဘူး။ အကျိုးရှိတဲ့စာမျိုးပဲရေးချင်ပါတယ်။ ဘာပဲပြောပြော ဟာသပဲဖြစ်ဖြစ် သုတ ရသပဲဖြစ်ဖြစ် အသိတစ်ခုခု ဗဟုသုတ တစ်ခုခုတော့ ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
  12. ချစ်ကြည်အေး says:
    မေးခွန်းလေးတွေရော မြသွေးပြန်ဖြေသွားတာလေးတွေပါ သိတ်ကောင်းပါတယ်။ နှစ်သက်သဘောကျစွာ ဖတ်သွားပါတယ် မြသွေးရေ…။ ဆက်လက်အောင်မြင်ပါစေ….း))))
  13. အမေးနွားကျောင်းသား အဖြေဘုရားအလောင်းဆိုတာ ဒါမျိုးကို ပြောတာထင်ပါ့။း)
    မေးတဲ့သူလဲ မေးတတ် ဖြေတဲ့သူလဲ ဖြေတတ်နဲ့။
    ဖတ်ပြီး အားကျသွားပါတယ် အမ။
  14. လေးစားစွာနဲ. ဖတ်ရှု.မှတ်သားခဲ့ပါတယ်….။
    ပျော်ရွှင်မှုရဲ့ လျို့ဝှက်ချက်က စာနာစိတ်ဖြင့် ရိုးသားစွာ နေထိုင်ခြင်းလို့ မြင်ပါတယ်။ ဒီအဆိုကို လေးနက်စွာ ခံယူလိုက်နာမိပါတယ်….။
  15. မမရေ…လာရောက်အားပေး ဖတ်သွားပါတယ်။ နောက်ထွက်လာမဲ့ စာအုပ်အတွက်လည်း
    အများကြီး မျှော်လင့်နေပါတယ်။
    ခင်မင်စွာဖြင့်
    အလွမ်းမြို့
  16. စန်းထွန်း says:
    ဆရာကြီး စကားကို မှတ်သားရတော့ စာတွေ ပိုဖတ်ရမယ်လို့  တေးသွားတယ် အမရေ
  17. ဆရာမရဲ့ ရင်ထဲကအဖြေစကားတွေက ကျွန်တော်တို့လိုကလောင်သစ်သွေးနေတဲ့ သူများကို အားတက်စေပါတယ်။
  18. ဘဘလူထုဦးစိန်ဝင်းပြောတာလေး သဘောကျမိတယ်ဆရာမ။
  19. sosegado says:
    စာအုပ်ထွက်ရင်ပြောပါ
  20. အမမြသွေးအဖြေတွေထဲက အများကြီးရလိုက်တယ်
  21. ဖြေထားတဲ့ အဖြေတွေကို အားကျနှစ်သစ်စွာ ဖတ်ရှုမိပါကြောင်း
    congratulation ပါ အစ်မရေ..
  22. တကယ်လေးစားအားကျမိပါတယ်.. မမမြသွေးနီလို ဘလောဂ့်ဂါကောင်းတစ်ယောက်ဖြစ်ဖို့ အများကြီး ကြိုးစားရဦးမယ်ထင်ပါတယ်.. အစဉ်အမြဲ အားပေးလျက်ပါရှင်.. :)
  23. Online Community အပေါ် အစ်မရဲ့ ခံယူချက်ကို လေးစားမိပါတယ် ခင်ဗျာ …
  24. တိမ်လွှာ says:
    သွေးးးးး
    ဒီ့ထက်မက…အောင်မြင်ပါစေ
  25. မင်္ဂလာပါ အစ်မ
    အစ်မရဲ့ စိတ်သဘောထား တစိတ်တပိုင်းကို လာဖတ်သွားပါတယ်။
    ခင်မင်လေးစားစွာဖြင့်
    ဆန္ဒနဲ့ဘ၀ ထပ်တူကျလိုသူ..
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>