လိပ်ပြာ

Number of View: 1715

 အိပ်ခန်းထဲတွင် နာရီလက်တံ ရွေ့လျားနေသံ တချက်ချက် မြည်နေသည်မှအပ တိတ်ဆိတ်လို့နေ၏။ ဆယ်ပေပတ်လည် အခန်းကျဉ်းလေး အထဲအတွင်း ဖြာကျနေသည့် မီးချောင်းမီး အလင်းရောင်အောက်တွင် ကျွန်းကုတင်တစ်လုံး ရှိနေ၏။ ကုတင်ပေါ်တွင်ကား မျက်လုံးစုံမှိတ် လှဲလျောင်းနေသည့် အသက်၇၀ခန့် အမျိုးသမီး လူမမာတစ်ဦးသည်   အောက်စီဂျင်ပိုက်တပ်လျှက်၊ အကြောဆေးပုလင်း ချိတ်လျှက် ငြိမ်သက်နေသည်။ ကုတင်ဘေးရှိ ရှေးပွတ်လုံးတိုင်များနှင့် မှန်တင်ခုံပေါ်တွင်မူ ဆေးပုလင်းများ၊ ဆေးထိုးအပ်များ၊ ဂွမ်းထုတ်များ အစရှိသည့် ဆေးပစ္စည်းများဖြင့် ပြည့်နေလေသည်။ လူမမာနဘေး ခုတင်   ခေါင်းရင်းတွင်မူ သူနာပြုဆရာမတစ်ဦးသည် မဂ္ဂဇင်းအဟောင်းတစ်အုပ်ကို  ဖတ်နေလျှက်က၊ တစ်ချက်တစ်ချက်တွင် လူမမာကို လှမ်းကြည့်လိုက်၊ နေရာမှထလျှက် လူမမာ၏ လက်ဖျံ သွေးကြောကို စမ်းကြည့်လိုက်၊ ဒရစ်ပိုက်ကို စစ်ဆေးလိုက်နှင့် ရှိ၏။ ကုတင်ခြေရင်းတွင်မူ အသက်၅၀အရွယ်ခန့် အမျိုးသမီးတစ်ဦးသည် ခွေးခြေတစ်လုံးဖြင့် ထိုင်လျှက်က ဘုရားစာအုပ် သေးသေးလေးကို ဖွင့်ဖတ်လျှက်က ကုတင်ပေါ်မှ အမေအိုကို အာရုံစိုက်ပြီး နှုတ်မှ ဘုရားစာကို အသံတိတ် တတွတ်တွတ် ရွတ်ဆိုနေလေသည်။ ဤအမျိုးသမီးကြီးသည် လူမမာအမေအို၏  သမီးအကြီးဆုံး ဖြစ်သည်။

“ ဒင်… ဒင်..ဒင်…… ”

 ရှေးဟောင်း တိုင်ကပ်နာရီမှ ဒင်ခနဲ မြည်သံ ဆယ့်တစ်ချက်က တိတ်ဆိတ်နေသည့် ဧည့်ခန်းထဲမှာ ရှိနေကြသည့် လူများကို လှုပ်နှိုးလိုက်သလို ရှိ၏။ ဧည့်ခန်းထဲတွင် လူငါးယောက်သည် တစ်နေရာစီ ထိုင်လျှက် ငြိမ်သက်နေရာမှ အသက်ဝင်လာသည်။ အခန်းထဲက လူမမာအမေအို၏ အသည်းကြော် မြေးမ ဆယ်ကျော်သက်က နေရာမှ အသာထ၍ အိပ်ခန်းထဲသို့ ၀င်သွား၏။ ပြီးနောက် ကုတင်ခြေရင်းတွင် ဘုရားစာ ရွတ်ဆိုနေသည့် သူမ၏အမေဖြစ်သူ နဘေးတွင် အသာရပ်ရင်း ကုတင်ပေါ်မှာ တစ်လနီးပါးခန့် မျောနေသည့် သူမ၏ အဘွားဖြစ်သူကို စိတ်မကောင်းစွာဖြင့် ကြည့်နေလေ၏။ တိတ်ဆိတ်သည့် ညအချိန်ခါတွင်   ခွေးဟောင်သံ သဲ့သဲ့နှင့်အတူ ပရစ်သံစီစီတို့ ကြားနေရသည်။

ဧည့်ခန်းထဲတွင် လူမမာအမေအို၏ နံပါတ် နှစ်၊ သုံးနှင့် လေးမြောက်သမီး သုံးယောက်နှင့် သူတို့၏ ခင်ပွန်းများသာမက  ယနေ့ညနေတွင်မှ အမြန်ရထားဖြင့် နယ်မှ ရောက်ရှိလာသည့် အမေအို၏ အထွေးဆုံးသား အသက်သုံးဆယ်ခန့်အရွယ် လူငယ်တစ်ဦးနှင့် သူ၏ ဇနီးတို့လည်း ရှိနေ၏။ အသက်(၇၀)အရွယ် မိခင်ကြီး၏ နောက်ဆုံးအချိန်အတွက် သူတို့အားလုံး ယခုလို မိခင်ဖြစ်သူ၏ အိမ်တွင် တစ်စုတစ်ဝေးထဲ ရောက်ရှိနေကြခြင်း ဖြစ်သည်။

လူမမာအမေအိုမှာ လည်ချောင်းကင်ဆာ ရောဂါဖြင့် ပါရဂူများ လက်လျှော့လိုက်ရသဖြင့် အိမ်သို့ ပြန်ခေါ်ထားသူဖြစ်၏။ သူနာပြုဆရာမ ခေါ်ထားပြီး နေ့ညစောင့်နေခဲ့ကြသည်မှာ တစ်လနီးပါး ရှိနေခဲ့လေပြီ။ စီးပွားရေး ချောင်လည်သည့် ပြည်ပမှ ပြန်ရောက်ရှိလာသည့် ဒုတိယသမီးဖြစ်သူက ငွေကုန်ကြေးကျခံကာ တာဝန်ယူပြီး အမေအိုကြီး၏ ဝေဒနာကြောင့် မနာမကျင်ရလေအောင်၊ အသက်ဆက်   နေနိုင်အောင် အဖိုးတန်ဆေးများ ထိုးယူပြီး ယနေ့တိုင် အသက်ဆက်ထားခြင်း   ဖြစ်သည်။

လွန်ခဲ့သည့် နာရီဝက်ခန့်က သူနာပြုဆရာမကြီးက မိသားစုဝင်များ အားလုံးကို ခေါ်ပြီး ဆွေးနွေး စကားပြောခဲ့သည်။

“ အမေကြီးရဲ့ အခြေအနေက တစ်နေ့ထက်တစ်နေ့ ဆိုးလာတာ အားလုံး အသိပဲ၊ ဒီနေ့မှာ အတော့်ကို အားမရတော့ဘူး၊ သူ့သွေးပေါင်ချိန်တွေ၊ ခြေ လက်အနေအထားတွေ၊ အသက်ရှူနှုန်းတွေ၊ သူ့တုန့်ပြန်မှုတွေက အတော့်ကို ဆိုးရွားလာပြီ၊ ပြောရရင်တော့ သူ့မှာ ချိတ်ထားတဲ့ အောက်စီဂျင်တွေ၊ အဆက်မပြတ် ထိုးထားတဲ့ အသက်ကယ်ဆေးတွေရဲ့ ဆေးသက်ပဲ ရှိတော့တယ်၊ အမေကြီးကို ဒီတိုင်းဆက်ထားရင် သူ့ရဲ့ နောက်ဆုံးအချိန်ကို  ဆွဲဆန့်ယူထားသလို၊ သူမှာ ပင်ပမ်းခံစားနေရ လိမ့်မယ်၊ အမေကြီး ခံစားနေရာတာကို မြင်ရတဲ့ သားသမီးတွေအတွက်လည်း စိတ်မကောင်း   ဖြစ်ရလိမ့်မယ်၊ သူ့အတွက်  အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီပဲ၊ သူ့နောက်ဆုံး ခရီးကို သွားသင့်ချိန် ရောက်နေပါပြီ၊ အခု အငယ်ဆုံး သားဖြစ်သူလည်း   ရောက်လာပြီဆိုတော့ မိသားစုဝင်တွေလည်း စုံပြီ၊   မောင်နှမတွေ အားလုံး အမေကြီးရဲ့ နောက်ဆုံးခရီးအတွက် တိုင်ပင် ဆုံးဖြတ်စေချင်တယ် ”

သူနာပြုဆရာမကြီးရဲ့ စကားအဆုံးမှာတော့ သားသမီးများ အားလုံး တိတ်ဆိတ်လို့ သွားကြသည်။ သူနာပြုဆရာမကြီး အိပ်ခန်းထဲ   ပြန်ဝင်လာချိန်မှာတော့ မိသားစုဝင်တွေ အားလုံး   ခေါင်းချင်းဆိုင်   ဆွေးနွေးကြ၏။ ဘာသာရေးလိုက်စားသည့် အစ်မအကြီးဆုံးက “ အမေ သွားမယ့် နောက်ဆုံးခရီးကို ဖြောင့်ဖြူးစေချင်တယ်” ဟု ပြောလာတော့၊ ဒုတိယနှင့် တတိယညီမကလည်း “မကြီး သဘောတူရင် ညီမတို့လည်း မငြင်းလိုပါဘူး” ဟု ပြော၏။ အမေအိုနှင့် အတူနေသည့် စတုတ္ထသမီးငယ်က အိခနဲ မျက်ရည်များ ကျလာ၏။  အငယ်ဆုံး သားဖြစ်သူကတော့   ခေါင်းကို  ငိုက်စိုက်ချလျှက်က မျက်ရည်စများကို ခိုးသုတ်နေ၏။  သူတို့ အငယ်နှစ်ယောက်သည် အမြဲပင် အကြီးများ၏ ဆုံးဖြတ်ချက်ကို   ငြင်းဆန်ဘူးခဲ့သူများ မဟုတ်ခဲ့ချေ။ မလှမ်းမကမ်းမှာ ထိုင်နေကြသည့် သမက်များနှင့် ချွေးမတို့က စိတ်မကောင်းလှသော်လည်း ၀င်ရောက် မဆွေးနွေးပဲ အဝေးကသာ ထိုင်၍   မောင်နှမတစ်သိုက် ပြောနေသည်ကိုသာ နားစွင့်နေကြ၏။

တစ်အောင့်နေတော့ အစ်မအကြီးဆုံးဖြစ်သူက အိပ်ခန်းထဲ ၀င်သွားပြီး သူနာပြုဆရာမကြီးကို “ မောင်နှမအားလုံး အမေ့ရဲ့ အသက်ကို အတ္တများနဲ့ ဆွဲဆန့်မထားတော့ပဲ အမေ့နောက်ဆုံးခရီးမှာ သက်သက်သာသာ သွားစေဖို့ သဘောတူ ဆုံးဖြတ်လိုက်ပါပြီ” ဟု ပြောလိုက်၏။ သူနာပြုဆရာမကြီးက လူနာမိသားစု၏ သဘောတူညီမှု ရအပြီးမှာ လူနာ၏ ခန္ဓာကိုယ်မှာ တပ်ဆင်ထားသည့် ပိုက်များ၊ အပ်များကို ငြင်ငြင်သာသာ ဖြုတ်လိုက်ပြီး လုပ်ဆောင်စရာ ရှိသည်များကို ဆက်လက် လုပ်ဆောင်တော့သည်။ အဲ့သည်နောက်တွင်တော့ အိမ်တစ်အိမ်လုံး တိတ်ဆိတ်လို့ သွားတော့၏။

အစ်မအကြီးဆုံးက ကက်ဆက်ခွေဖြင့် တရားတော်များကို အိပ်ခန်းထဲတွင် ဖွင့်စေ၏။ ကိုယ်တိုင်လည်း ကုတင်ခြေရင်းတွင် ထိုင်လျှက်က ဘုရားစာ ရွတ်ဆိုနေသည်။ ကျန်မောင်ညီမများကတော့ စစချင်း ခဏတာသာ အိပ်ခန်းထဲ ၀င်လာကြည့်သော်လည်း၊ စောင့်မကြည့်ဝံ့စိတ်၊ စိုးရိမ်စိတ်နဲ့အတူ ဧည့်ခန်း အပြင်မှာသာ ငြိမ်တိတ်စွာ ထိုင်လျှက် နောက်ဆုံး ကျရောက်လာမည့်အချိန်ကို  စိုးထိတ်စွာ   စောင့်စားနေကြတော့၏။ အိပ်ခန်းထဲတွင်တော့ လူမမာ အမေအိုကို မျက်ခြေမပြတ်   စောင့်ကြည့်နေသည့် သမီးကြီးနှင့် သူနာပြုဆရာမကြီးတို့ ရှိနေ၏။

တိတ်ဆိတ်နေသည့် ညယံတွင် တကျွတ်ကျွတ်နှင့် အိမ်မြှောင်စုတ်ထိုးသံ   ပေါ်လာပြီးနောက်၊ တိုင်ကပ်နာရီမှ ဆယ့်နှစ်ချက်တိတိ မြည်သံအပြီးတွင် သူနာပြုဆရာမကြီးမှ အမေအို ဘ၀တစ်ပါးသို့ ငြင်သာစွာ ကူးပြောင်းသွားပြီ   ဖြစ်ကြောင်းကို မိသားစုဝင်များသို့ အသိပေးလာသည်။

 စူးစူးဝါးဝါး အော်ငိုလိုက်သည့် တတိယသမီးနှင့် စတုတ္ထသမီးတို့၏ ငိုသံက ကျန်သားသမီးများ၏ ရှိုက်သံကို ဖုံးလွှမ်းသွားပြီး တိုက်ခန်းကျဉ်းလေးထဲတွင် ပဲ့တင်ရိုက်ခတ်သွား၏။

 

အမေအိုဆုံးပြီး နောက်တစ်နေ့တွင် သားသမက်များက အမေအို အလောင်းသယ်ယူရန်၊ သဂြိုလ်ရက် သတ်မှတ်ရန်၊           သတင်းစာတွင် နာရေးကြော်ငြာ ထည့်ရန်စသည့် နာရေးနှင့် သက်ဆိုင်သည့် အလုပ်များဖြင့် ရှုပ်နေချိန်တွင် ကျန်ရစ်သူ သားသမီးများမှ ဒုတိယသမီးနှင့် တတိယသမီး ဦးဆောင်၍ အမေကျန်ခဲ့သည့် အမေ့၏အတွင်းအပြင် ပစ္စည်းများအတွက် အလုပ် စပြီး ရှုပ်ရလေတော့သည်။

ဝတ်လုံတော်ရ ဖခင် သက်ရှိထင်ရှား ရှိစဉ်ကထဲက အမေ ချွေတာပြီး စုဆောင်းထားခဲ့သည့် ဘဏ်ထဲက ငွေလက်ကျန်ကို ထုတ်စစ်လိုက်တော့ ဆယ်ငါးသိန်းပင် မပြည့်ချင်တော့။   ပြည်ပမှ ရောက်လာသည့် ဒုတိယသမီးက  ဘဏ်ငွေလက်ကျန် ဆယ့်ငါးသိန်းအား နာရေးကိစ္စအ၀၀ သုံးနိုင်ရန် အစ်မကြီးဖြစ်သူကို ပေးရာ၊ အေးဆေးလွန်း၊ လောဘနည်းလွန်းသည့် အစ်မကြီးမှ “အမေ့ရဲ့ဘာပစ္စည်းကိုမှ မလိုချင်ဘူး၊ မကိုင်ချင်ဘူး၊ နင်တို့ဘာသာ ကြည့်လုပ်ကြ” ဟု ပြောသဖြင့် ဘယ်သူ ငွေကိုင်ပေးမလဲ မေးရာ၊ အံ့အားသင့်ဖို့ ကောင်းလှစွာ မည်သူမျှ မကိုင်ချင်တာကြောင့် နောက်ဆုံး အစ်မကြီး၏ သမီးဖြစ်သူအား ကိုင်စေ၍ ထိုငွေထဲမှ နာရေးကိစ္စအတွက် ကျသင့်ငွေကို စာရင်းနှင့်တကွ သုံးစေတော့သည်။

အေးအေးဆေးဆေး နေတတ်သည့် မောင်ငယ်လေးက သူ့အစ်မကြီးအား “ မကြီး   ငွေမကိုင်တာ ကောင်းတယ်၊ မကြီးသာ မသိတာ သူတို့ညီအစ်မတွေက အရင်ထဲက ငွေကြေးကိစ္စတွေ ရှုပ်နေတာ၊  ကျွန်တော်လည်း ဦးနှောက်စားလွန်းလို့ ၀င်ကိုမပါဘူး” လို့ တိုးတိုးတိတ်တိတ်   ပြောလာ၏။   မောင်ငယ်လေး၏ဇနီးကလည်း အမေဖြစ်သူ ဆုံးပြီးချိန်မှ စ၍ မိသားစုအတွင်းရေး မသာမယာ ရှိနေတာကို အကဲခပ်နေတာမို့   မောင်ငယ်ဖြစ်သူမှာလည်း မိန်းမအလစ်တွင်မှ အစ်မကြီးအနားကို ကပ်ရဲ၏။

အဲ့သည်မှာ တစ်စခန်းထလာတာက တတိယသမီး။ သူက ဘဏ်ငွေ လက်ကျန်   လျော့နည်း နေသည်နှင့်ပတ်သက်ပြီး အမေဖြစ်သူနှင့် အတူနေသူ အငယ်ဆုံး သမီးကို မောင်နှမအားလုံးရှေ့တွင် စောဒကတက်ရင်း သူတို့ နှစ်ယောက်သား ခွန်းကြီးခွန်းငယ် စကားများကြ၏။  အမေ ဆေးရုံမတက်ခင်၊ ကင်ဆာရောဂါဟု သိပြီးနောက် သူဆုံးပါးသွားခဲ့လျှင် အစဉ်အဆက် အတူနေလာသော   နွမ်းပါးသည့် သမီးငယ်တို့ မိသားစုကို လက်ရှိနေသည့် တိုက်ခန်းပေးရန် သမီးကြီးဖြစ်သူအား သေချာမှာခဲ့သည်ကို မောင်နှမများ အားလုံးအသိ ဖြစ်သည်။

“ အမေ့ကို အိမ်ပြန်ခေါ်လာချိန်ရက်မှာတောင် လူမမာကို အကြောင်းပြပြီး မလိုအပ်ပဲ လေအေးပေးစက်တွေ တတ်ခဲ့တာ၊ ရေခဲသေတ္တာ အသစ်လဲတာ၊ ဧည့်ခန်းကို ကြမ်းခင်းပါကေးတွေ ခင်းပစ်တာ ဘယ်ငွေတွေနဲ့ လုပ်ခဲ့တာလဲ ” လို့ထောက်ပြပြီး “ ဒီတိုက်ခန်းရမှာ သေချာလို့ အမေမသေခင် လူမမာမှ အားမနာ အမေ့ငွေနဲ့ တိုက်ခန်းကို အားပါးတရ ပြင်ခဲ့တာမဟုတ်လား” လို့ အစ်မကြီးကို တိုင်ပြီး အမေ့အလောင်းပင် မြေမချရသေး၊ တတိယသမီးနှင့် အငယ်ဆုံးသမီးတို့ မခေါ်မပြောနိုင်သည့် အခြေအနေသို့   ရောက်သွားတော့သည်။

အမေက အဖေရှိစဉ်က စီးခဲ့တဲ့ ဆလွန်းကားနောက်ယက်လေးကို နံပါတ်အနီ လဲစေပြီး၊ တတိယသမီး၏ ယောကျာ်းကို ပေးမောင်းခဲ့သည်။ စစမောင်းချင်း အုံနာခ မှန်မှန်အပ်ပေမယ့် နောက်ပိုင်း အပ်တလှည့် မအပ်တလှည့်   ဖြစ်လာတာကို သားသမီးတွေ မသိအောင် အမေက ဖုံးဖိခဲ့ပေမယ့် အတူနေ သမီးငယ်က ရိပ်စားမိတာမို့ ညီအစ်မနှစ်ယောက် စကားများကြချိန်မှာ အဲ့သည်ကိစ္စများကို အငယ်မကလည်း   ဖော်ထုတ်ပြောပြန်တာမို့ ရန်ပွဲအရှိန်က   မြင့်ခဲ့ရပြန်၏။

အမေ့ဘီဒိုဖွင့်လို့  အတွင်းပစ္စည်း ဘာတွေများ ကျန်သေးလဲလို့ စစ်လိုက်တော့ ဘီဒိုထဲ စုထားသည့် အသုံးအဆောင် တိုလီမုတ်စများက လွဲ၍ အမေဆုံးတော့ နားက ဖြုတ်ထားသည့် စိန်နားကပ်တစ်ရံသာ ကျန်တာ တွေ့ရပြန်တော့ အမေ့အတွင်း ပစ္စည်းတွေ ဘယ်သူ သိလည်းမေးတော့ သိသူ တစ်ယောက်မျှမရှိ။ ဘီဒိုသော့ အမေသာ ကိုင်တာလို့ သိရပြန်၏။

ထိုအချိန် မောင်နှမတွေထဲတွင် အချောင်လည်ဆုံးဖြစ်သည့် ပြည်ပမှာနေသည့် ဒုတိယသမီးက တစ်စခန်းထပြန်၏။ အမေဆေးကုသဖို့ စတင် မကျန်းမာစဉ် အချိန်က စပြီး၊  ပြည်ပမှ သူလွှဲပို့ထားသည့် ငွေစာရင်းနှင့်တကွ အမေ့နောက်ဆုံး အချိန်အထိ သူကျခံထားရသည့် ကုန်ကျစရိတ် စာရင်းများကို တကုတ်ကုတ် ပြုစုပြီး မောင်နှမတွေထံ တင်ပြတော့သည်။ သူတင်ပြသည့် စိုက်ထားငွေပမာဏက ဘဏ်လက်ကျန်ငွေ ဆယ့်ငါးသိန်းကနေ ရက်လည်ပြီး အသုံးစရိတ်လက်ကျန်ငွေ နှုတ်ဦးတော့ မလောက်ငှသည့်အပြင်၊ အနည်းဆုံး ဆယ်သိန်းလောက် ထပ်ဆောင်းရဦးမည့်သဘောဖြစ်နေသည်။

သမီးအကြီးဖြစ်သူလည်း သူ့အောက်က ညီမ လုပ်ပုံကြောင့် စိတ်အတော် ပျက်သွားရသည်။ မောင်နှမများထဲတွင် သူမက အတတ်နိုင်ဆုံး၊ အချမ်းသာဆုံးဆိုတာ အားလုံးသိထားသည်မို့ ယခုလို လုပ်လာမည်ဟု မထင်မိလိုက်ပေ။ သူမနှင့် ညီမအငယ်ဆုံး သည်ရက်အတွင်း လုံးထွေးရှိလျှက် တီးတိုးသဖန်းပိုး လုပ်နေကြပြန်တော့ ကျန်မောင်နှမများက သူတို့နှစ်ဦး ပေါင်းလို့ စာရင်းတွေ ကုလားဖန်ထိုးနေတာများလားလို့ တွေးနေမိကြလေပြီ။

အလောင်းမြေချသည့် နေ့မှာတော့ သမီးကြီးနဲ့ သားထွေးကလွဲလို့ ကျန်ညီအစ်မများရဲ့ စူးစူးနစ်နစ်၊ အော်ဟစ်ငိုယိုသံက အသုဘရှုလာသူ လူအပေါင်း၏ ဂရုဏာအကြည့်အောက် ဖုံးလွှမ်းသွားစေသည်။

ရက်လည်အပြီး ညနေတွင်        ဧည့်ခန်းထဲ၌ မောင်နှမများ အားလုံး စုံစုံညီညီ ရှိနေကြ၏။ အိမ်ခဏ   ပြန်သွားသည့် အစ်မကြီးက သူတို့ အားလုံးကို စုစည်းပြီး စောင့်နေရန်ပြောသဖြင့် သူတို့အားလုံး စောင့်နေကြခြင်း ဖြစ်သည်။ သည်ညနေမှာ မောင်နှမများ အားလုံးအတွက် အမွေခွဲခြမ်းပေးဖို့  အစ်မကြီးကို အားလုံးက တောင်းဆိုထားကြပြီး၊ အစ်မကြီး၏ ဆုံးဖြတ်ချက်အတိုင်းပင် လိုက်နာမည်ဟု သူတို့အားလုံး ဆုံးဖြတ်ထားကြ၏။  မကြာခင် အစ်မကြီး ရောက်လာ၏။ အစ်မကြီး နေရာမှာ ထိုင်အပြီး တစ်ခန်းလုံး တိတ်ဆိတ်သွား၏။

“ လက်ရှိ အမေ့တိုက်ခန်းကို အမေ့နဲ့ အစဉ်တစိုက် အတူနေခဲ့တဲ့အပြင်၊ အမေ့ဝေရာဝစ္စတွေကို မငြီးမငြူ လုပ်ပေးခဲ့တဲ့ အငယ်မကို ပေးလိုက်ပါ၊ ဒါဟာ အမေ မသေခင်ကထဲက အမေ့ဆန္ဒအတိုင်းမို့ ကျန်သူအားလုံးလဲ ဒီဆုံးဖြတ်ချက်ကို လက်ခံစေချင်တယ် ”

အစ်မကြီးစကားအဆုံးမှာ ညီမငယ်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး၊ တတိယညီမ၏ နှုတ်ခမ်းနှစ်လွှာက တင်းတင်းစေ့သွား၏။ အစ်မကြီးက သူ့စကားကို ဆက်၏။

“ ကားကိုတော့ ညီမလတ်ယောကျာ်းက လက်ရှိ မောင်းနေလက်စတော့ ညီမလတ်ယူပါ ”

ညီမလတ်ရဲ့ အလိုကျ မျက်ဝန်းတွေက ခပ်လှမ်းလှမ်းမှာ ထိုင်နေသည့် သူ့ယောကျာ်းဆီ  ရောက် သွား၏။ အစ်မကြီးက စကားဆက်ပြန်၏။

“အမေ့စိန်နားကပ်ကိုတော့ မိန်းမယူတုန်းက မင်္ဂလာတောင်   ကောင်းကောင်း မွန်မွန်   ဆောင်ပေးခွင့် မရလိုက်တဲ့ မောင်လေးကို   ပေးချင်တယ်”

ဂရုဏာမျက်ဝန်းနဲ့ မောင်ငယ်ထံ လှမ်းကြည့်ပြီး ပြောလိုက်တဲ့ အစ်မကြီးရဲ့ စကားကြောင့် ကျန်ညီအစ်မ အားလုံး   အံအားသင့်သွားရသည်။ အမေရဲ့ ခဲသားရောင်ထနေသည့် စိန်နားကပ် တန်ဘိုးမည်မျှ ကြီးသည်ကို သူတို့အားလုံး သိကြလေသည်။ အစ်မကြီးက ဆက်ပြီး ပြော၏။

 “ ဒီနေ့စာရင်းအရ ရက်လည်အပြီးမှာ အသုံးစရိတ်အားလုံး နှုတ်အပြီး လက်ကျန်ငွေ ခွန်နှစ်သိန်းနီးပါး ရှိတယ်၊ အဲ့တာကို ချောင်လည်တဲ့ ဒီက ညီမကြီးက လက်ခံပေးပါ၊ ဒါ့အပြင် ညီမကြီး နှစ်သက်တဲ့ ဒီအိမ်မှာရှိတဲ့ အဖေအမေရဲ့ ရှေးဟောင်းပရိဘောဂတွေကို ညီမကြီး ယူပါ၊ မကြီး အခုလို ခွဲဝေပေးတာကို မမျှတဘူး မထင်ကြပါနဲ့၊ အားလုံး လက်ခံပေးပါ၊ မကြီးအတွက် ဘာမှ မလိုပါဘူး၊ မကြီးက မချမ်းသာပေမယ့် ချောင်လည်ပါတယ်၊ မကြီး မောင်ညီမတွေ အဆင်ပြေဖို့ အရေးကြီးတယ်၊ အမွေကိစ္စနဲ့ မောင်နှမတွေ အချင်းချင်း စိတ်ဝမ်းကွဲကြမှာ မကြီး မဖြစ်စေချင်ဘူး၊ သေသွားတဲ့ အမေလည်း အဲ့လိုသာဆို စိတ်ဖြောင့်မှာ မဟုတ်ဘူး”

အစ်မကြီး ဖြစ်သူရဲ့ တိကျပြတ်သားတဲ့ စကားအဆုံးမှာတော့ အားလုံး တိတ်ဆိတ်လို့ သွားတော့၏။ အငယ်ဆုံးမောင်လေးက -

“ မကြီးက ကိုယ့်အတွက်ကြတော့ ဘာမှလဲ မစဉ်းစားဘူး၊ အဲ့လိုတော့ မဟုတ်သေးဘူးထင်တယ် ” ဟု ၀င်ပြောရာ ညီမငယ်လေးကလည်း ရှိုက်သံဖြင့် “ အင်းလေ..” ဟု ၀င်ပြော၏။ ကျန်ညီမများကတော့ ဆိတ်ဆိတ်သာ   နေနေလေသည်။

ဘာလိုလိုနှင့် မိခင်ကြီး ကွယ်လွန်ခဲ့သည်မှာ တစ်လရှိခဲ့လေပြီ။ အမေဖြစ်သူ၏  တစ်လပြည့်ဆွမ်းကို မိခင်ကြီး ရှိစဉ်က မိသားစုအစဉ်ဆက် ကိုးကွယ်ခဲ့သည့် ဆရာတော်ဘုန်းဘုန်း၏ ကျောင်းမှာ လှူဒါန်းရန် စီစဉ်ခဲ့ကြသည်။ အလှူချိန် ပြီးဆုံး၍ ဧည့်ရှင်းသွားချိန်တွင် ဆရာတော်မှ   မောင်နှမမိသားစုများ အားလုံး သူ့ရှေ့မှောက်သို့ စုရုံးစေ၏။ သူတို့အားလုံး ဆရာတော်အား ၀တ်ပြုအပြီးတွင် ဆရာတော်မှ သမီးအကြီးဖြစ်သူအား စာအိတ်လေးတစ်အိတ် ထုတ်ပေး၍ အသံထွက်ကာ ဖွင့်ဖတ်စေ၏။

ဇဝေဇ၀ါဖြင့် စာအိတ်ကို ဖွင့်နေသော အစ်မကြီးထံ အားလုံး၏ အကြည့်တို့ ရောက်နေကြသည်။ အစ်မကြီး ဖြစ်သူ၏ လေးလေးမှန်မှန် စာဖတ်သံက လွဲ၍ ဘုန်းတော်ကြီး၏ အခန်းထဲတွင် တိတ်ဆိတ်လို့   နေတော့သည်။

သမီးကြီး….

မောင်ညီမတွေကြောင့် မေမေ့သမီးကြီး အခုလောက်ဆို စိတ်ပင်ပမ်း   နေလောက်ရောပေါ့၊ အမေ မရှိတော့ပေမယ့် မောင်နှမတွေကို အမေကဲ့သို့ပဲ သမီးကြီးက ဆုံးမသွန်သင်ပေးပါ၊ အမေ ခြိုးခြံစုဆောင်းထားတဲ့ လက်ကျန် လက်ဝတ်လက်စားလေးကို ဆရာတော်ထံ အပ်နှံထားပါတယ်၊ အဲ့ဒါကို သမီးကြီးက ထုခွဲရောင်းချပြီး ဆရာတော်ရဲ့ ကျောင်းဝန်းထဲမှာ ဇရပ်တစ်ဆောင်ကို  စီစဉ်ဆောက်လုပ်ပြီး ကွယ်လွန်သူအဖေ အမေနာမည်နဲ့   ရေစက်ချ လှူဒါန်းပေးပါ၊ အဖေနဲ့ အမေ ရောက်ရာဘုံဘ၀က သမီးကြီးအတွက် သာဓုခေါ်ပါ့မယ်၊ ဘာသာရေးစိတ်ဝင်စားတဲ့ အမေ့သမီးကြီးလည်း သံသရာပါမယ့် ဘုရားအလုပ်တရားအလုပ်အတွက် နောင်တချိန် ဒီဇရပ်လေးမှာ တရားအားထုတ်နိုင်တာပေါ့၊ ဒါဟာ ဘယ်သားသမီးကိုမှ မပေးခဲ့တဲ့ သမီးကြီးအတွက် အမေ့ရဲ့ အကောင်းဆုံး အမွေပါ၊ သမီးကြီးကို အစစ ကျေးဇူးတင်ပါတယ်ကွယ်…

သမီးရဲ့မေမေ

စာဖတ်အပြီးမှာတော့ အမေဖြစ်သူ ဆုံးကတည်းက မောင်နှမတွေအကြား ခိုင်ခိုင်ထားခဲ့ရတဲ့ အစ်မကြီး၏ မျက်ရည်စက်များ တစ်ပေါက်ချင်း ကျလာရတော့သည်။ အနားမှာ ထိုင်နေသည့် မောင်ငယ်လေးက အစ်မကြီးဖြစ်သူ၏ မျက်ရည်စက်များအတွက် စိတ်မကောင်း   ဖြစ်ရသော်လည်း ရွှင်လန်းသည့် မျက်ဝန်းများဖြင့် အစ်မကြီး၏ လက်ကို တင်းတင်း လှမ်းဆုတ်ကိုင်လိုက်၏။

ထိုအချိန်တွင် အ၀ါရောင် လိပ်ပြာလေးတစ်ကောင်သည် ထိုင်နေကြသည့် သူတို့ အားလုံး၏ အနားတ၀ိုက်တွင် ဝေ့၀ဲပျံနေလေ၏။  မောင်ငယ်လေးက လိပ်ပြာလေးကို ကြည့်လျှက်   တွေးကောင်းသည် မတွေးကောင်းသည်ကို မစဉ်းစားမိတော့ပဲ “ သားသမီးတွေကို စိတ်မချလို့ အမေ့ဝိဥာဉ်များ လိပ်ပြာသဏ္ဍာန်နဲ့ လာကြည့်နေတာလား” ဟု တွေးနေမိ၏။

ဆရာတော်က နဘေးစားပွဲပေါ်တွင် တင်ထားသည့် လက်တစ်ဝါးစာ ယွန်းအစ်သေတ္တာလေးကို ယူလိုက်ပြီး အစ်မကြီးဖြစ်သူ၏ လက်သို့ လှမ်းပေးလိုက်သည်။ ယွန်းအစ်သေတ္တာလေးကို အစ်မကြီး လှမ်းဖွင့်လိုက်ချိန်တွင် ဘုန်းကြီးကျောင်းခန်းထဲတွင်   ကျောင်းသွပ်မိုးအပေါ်သို့   ကြွေကျနေသည့် ရွက်ခြောက်ကြွေသံများမှအပ တိတ်ဆိတ်လို့ သွား၏။

ယွန်းသေတ္တာလေး အထဲမှ ပစ္စည်းများကို အစ်မကြီးက အများရှေ့မှောက်တွင် တစ်ခုချင်း ထုတ်ကြည့်လိုက်ရာ ရွှေဘီးက တစ်ချောင်း၊ အရည်လဲ့နေသည့် ပတ္တမြားလည်ဆွဲတစ်ကုံး၊ စိန်ဆံထိုးတစ်ခု၊ တွယ်ခြိတ်ဖြင့် တွယ်ထားသည့်   ရွှေကြယ်သီး ငါးလုံး၊ ရွှေပွတ်လုံးလက်ကောက် သုံးကွင်းနှင့် ရွှေကွပ်ထားသည့် စတစ်ကော်လံ စိန်ကြယ်သီးနှစ်လုံး ရှိနေသည်ကို တွေ့ရ၏။

 “ ကဲ… ကွယ်လွန်သူအတွက် ရည်စူးပြီး  ရေစက်ချကြရအောင်… ”

ဆရာတော်၏ တိုက်တွန်းသံကြောင့် အားလုံး လက်အုပ်ချီလိုက်ကြသည်။    ထိုအချိန်တွင် ဝေ့ကာဝဲ ကာ ပျံသန်းနေသည့် လိပ်ပြာငယ်လေးသည် အစ်မကြီး၏ ညာဘက် ပုခုံးပေါ်သို့ ဆင်းသက် နားလိုက်သည်ကို ဆရာတော်အပါအ၀င် အစ်မကြီးနှင့်တကွ အခန်းတွင်းရှိ အားလုံးသော လူအများ သတိပြုလိုက်မိ၏။

အစ်မကြီး၏ မျက်ဝန်းမှ မျက်ရည်ကြည်တို့ တလိမ့်လိမ့်ဖြင့် ပါးပြင်ပေါ်သို့ ကျဆင်းလာ၏။ အခန်းထဲရှိ လူတိုင်း၏စိတ်ထဲတွင် မိမိခံစားချက်များနှင့်ထပ်တူ၊ မိမိ၏ အတွင်းမနော လိပ်ပြာလေးများ ကိုယ်စီကိုယ်ငှ ၀ဲပျံနေကြသော်ငြား ထိုစိတ်လိပ်ပြာလေးများ၏ အရောင်အဆင်းများ ကတော့ဖြင့် တစ်ယောက်နှင့် တစ်ယောက် မတူညီ ကွဲပြား   ခြားနားနေပေလိမ့်မည်။

မောင်ငယ်လေးမှ အခန်းတွင်း ဝေ့၀ဲကြည့်လိုက်ချိန်တွင် ရေစက်ချဖန်ခွက်ကို ကိုင်ထားသည့် အစ်မကြီး၏ မျက်ရည်များ အိုင်ထွန်းနေသည့် မျက်ဝန်းအစုံနှင့် မျက်နှာ၊ ကြမ်းပြင်သို့ တွင်တွင်ငုံ့ထားသည့် ကျန်အစ်မဖြစ်သူတို့၏  ဦးခေါင်းများကို တွေ့ဖြစ်အောင်   တွေ့လိုက်ပါသေးသည်။

InStyle Magazine
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ။

 

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။

 

Share
This entry was posted in ၀တ္ထု. Bookmark the permalink.

11 Responses to လိပ်ပြာ

  1. အများရှေ့မှာကျ ငိုကြီးချက်မနဲ့ ဂရုဏာသက်အောင် ငိုတတ်ကြတယ်။ ပြီးရင် နောက်ကွယ်မှာ ကိုယ့်အတွက် ဘာကျန်မလဲဆိုတာ ဘာရမလဲဆိုတာကို မက်မောနေကြတဲ့ မျက်ဝန်းတွေက အပြည့်။ ဒါတွေက ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဖူးတယ်။ တကယ်တော့ အမွေဆိုတာ ထိုက်သူစံကြရတာပါ။
    အဖေ အမေရှိစဉ်က စိတ်ချမ်းသာအောင်မထားခဲ့ဘဲ၊ ရေဝေးရောက်မှ သတိလစ်မတတ် အော်ဟစ်ငိုယိုတတ်ကြတာတွေက တကယ်စိတ်ပျက်စရာပဲ။
    အမကြီးက စိတ်နေမြင့်တော့ ရလိုက်တဲ့ အမွေကလည်း သူများနဲ့မတူတဲ့ ထူးကဲတဲ့ အမွေလေးပဲ။
    တကယ်ကောင်းတဲ့ ဝတ္ထုလေးတစ်ပုဒ်ပါပဲ အမရေ။

    ခင်မင်လေးစားလျက်
    ဂျွန်မိုး

  2. ဖတ်လို့ ပြီးခါနီးလေ ခံစားမှုက ပိုလာလေဘဲ။ မိသားစု ညီအစ်ကို မောင်နှမတွေကြားထဲ အခုလို ပြဿနာတွေက စိတ်မချမ်းသာစရာပါ။

    အမကြီးလို လူရှိလို့ တော်သေးတယ်။ နို့မဟုတ်ရင် သေဆုံးသူ မိခင်ကိုမှ အားမနာ။

  3. I can’t keep my tears. :’(

  4. Latt Latt says:

    ဖတ်လို့ကောင်းတဲ့စာလေးပါ

  5. Thet Mar says:

    အရမ်းကောင်းတဲ့ ပို့ စ်လေး

  6. ကူးကူးလှိုင် says:

    လက်တွေ့ဘ၀ထဲက သင်ခန်းစာယူစရာ တကယ့်အနှစ်လေးပါအစ်မရေ…

  7. အမေထားခဲ့တဲ့ စာလေးကို ဖတ်ရတာ နင့်ကနဲ ဖြစ်သွားတယ်..၊ မောင်နှမတွေကို မျှမျှတတ ဖြစ်စေချင်တဲ့ စိတ်နဲ့ အမကြီးက ကြိုးစားခဲ့သလို အဲဒီလို စိတ်ထားမျိုး ရှိတဲ့ သမီးကြီး အကြောင်းကို အမေက တဖန် ကြိုသိပြီး ကျေးဇူးတင်၊ စီစဉ်ထားခဲ့တာကလည်း ဇတ်ကို အဆုံးထိ သယ်သွားခဲ့တယ်..၊ မမြသွေးနီရဲ့ ဝတ္ထုလေးက ဝန်းကျင်မှာ ကျနော်တို့ ကြုံတွေ့ရလေ့ ရှိတဲ့ အဖြစ်အပျက်တွေကို ကြေကြေကွဲကွဲနဲ့ ပြောပြသွား ခဲ့တယ်…။

  8. angelhlaing says:

    ရင်ထဲနင့်လိုပါပဲ မမ..ပညာယူစ၇ာလေးမို့ ကျေးဇူးပါ မမရေ..

  9. သဘောတကျ ဖတ်ရှုသွားပါတယ်ဆရာမ

  10. blackroze says:

    အမရေ..
    တန်ဘိုးအရှိဆုံးကို အမကြီးအတွက် ထားပေးခဲ့တာဘဲ..

  11. ချစ်ကြည်အေး says:

    အင်း ရင်မောစရာ အမွေကိစ္စတွေကို အေးအေးဆေးဆေး ကိုင်တွယ်ဖြေရှင်းသွားတဲ့ အစ်မကြီးလို သမီးတွေ တွေ့ဖူးတယ်။ အလောင်းမှ မြေမကျခင် အမွေလုနေကြတဲ့ မောင်နှမတွေမျိုး လည်း တွေ့ဖူးတယ်။ သေတဲ့လူကတော့ အသေဖြောင့် မဖြောင့် ပြောတတ်ပါဘူး။ သဘောကျတယ် မြသွေးရေ….။ ဖြစ်တတ်တဲ့ သဘာဝတွေကို ခုလိုလေး ရေးထားတာ….

    ဒီနေ့မှ အဆုံးထိ ဖတ်လို့ရတယ်၊ မြင်ရတယ် မြသွေးရေ…..ဘာလို့လဲ မသိဘူး…..

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>