သားပြည့်နဲ့ နွေရာသီရက်များ
ဇွန်လမရောက်ခင်ထဲက ရေးဖို့ရည်ရွယ်ထားပြီး အခုထိ မရေးဖြစ်သေးတဲ့ အကြောင်းအရာတစ်ခုကို ရေးဖို့ သတိရလိုက်မိပါတယ်။ အဲ့ဒါက ပြီးခဲ့တဲ့ ဧပြီ်လတုန်းက သားပြည့်အပါအ၀င် မြသွေးနီတို့ မိသားစုသုံးယောက် အတူတကွ တက်ခဲ့ကြတဲ့ ရေကူးသင်တန်းအကြောင်းပါ။ ဒီသင်တန်းကို တကယ်တမ်း တက်ခဲ့သူက သားပြည့်ဖြစ်ပေမယ့် ယောင်တောင်ကြောင်တောင်နဲ့သင်တန်းမတက်ပဲ ရေကူးဖြစ်ခဲ့သူက မြသွေးနီနဲ့ သားပြည့်တို့ ဖေဖေ၊ အိမ်ကလူကြီးပါ။ သင်တန်းမတက်ပဲ ရေကူးဖြစ်ခဲ့တယ်ဆိုတဲ့ စာဖတ်သူတို့ ဇဝေဇ၀ါ ဖြစ်သွားမယ်လို့ ထင်မိပါတယ်။ တကယ်ပါ။ နွေရာသီ Summer ရေကူးသင်တန်းကို တကယ့်ကို တက်တာမဟုတ်ပဲ တက်ဖြစ်ခဲ့တာပါ။ စားမြုံ့ပြန်ပြီးရေးရတာမို့ မေ့လျော့လာတတ်ပြီဖြစ်တဲ့ မှတ်ဥာဏ်များကို တစ်စချင်း ပြန်ဖြည် ပြန်ချည်ယူရင်း ရေးပြရရင်တော့ဖြင့်…….။
ရေကူးသင်တန်းတက်လျှင် ကောင်းမည်လော…
သားပြည့်ကို နွေရာသီကျောင်းပိတ်ရက်တိုင်း အင်္ဂလိပ်စကားပြော တက်စေခဲ့တာဖြင့် သူ သူငယ်တန်း ကျောင်းသားဘ၀ကနေ၊ အခု ငါးတန်းကျောင်းသားကြီး ဖြစ်တဲ့အထိပါဘဲ။ ဒါပေမယ့် လာမယ့်နှစ်မှာ အလယ်တန်းကို စလှမ်းရတော့မယ့် ငါးတန်းကျောင်းသားကြီး ဖြစ်လာတော့မှာမို့ ကျန်းမာရေးနဲ့ လျော်ညီမယ့် အားကစားတစ်ခုခု တက်စေဖို့ နွေရာသီကျောင်းပိတ်ရက် မတိုင်ခင်ထဲက သားအမိသားအဖ သုံးယောက် နဖူးတိုက်ဒူးတိုက် ဆွေးနွေးခဲ့ပါတယ်။ ဘောလုံးကန်တာက လွဲရင်၊ ကျန်အားကစား ဘာဆိုဘာမှ ၀ါသနာမပါတဲ့ သားပြည့်ကို အိမ်နဲ့အနီးဆုံး အောင်ဆန်းကွင်းမှာ တိုက်ကွမ်ဒို၊ ကရာတေးဒို တက်ဖို့တိုက်တွန်းပေမယ့်၊ ချရကန်ကျောက်ရတာတွေ မနှစ်သက်တဲ့ ကိုရွှေသားပြည့်က နောက်ဆုံး ရေကူးသင်တန်းတက်ဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်။
သားပြည့်ရဲ့ ဖခမည်းတော်ကလည်း သူ့လက်ထက်မှာ မတတ်ခဲ့တဲ့ ရေကူးကို သူ့သားလက်ထက်မှာ တတ်စေချင်ပုံရပြီး၊ သားပြည့်မေမေ မြသွေးနီကတော့ ငယ်စဉ် သုံးတန်းကျောင်းသူဘ၀က အမေ အတင်းတက်ခိုင်းခဲ့လို့ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ရေကူးသင်တန်းကို မဖြစ်ညစ်ကျယ် တက်ခဲ့ဖူးလေတော့ ရေကူးချန်ပီယံ ပုံစံဖမ်းပြီး သားပြည့်ကို ရေကူးသင်တန်းတက်ဖို့၊ ကိုယ်တိုင်ကူးတတ်ရင် ကိုယ့်အတွက် အသက်အန္တရာယ် ကာကွယ်ပြီးသားဖြစ်သလို၊ သူများရေနစ်တာ ကြုံရင်လည်း ကူညီကယ်ဆယ်နိုင်တယ်၊ နွေရာသီအားလပ်ရက်ကို အကျိုးရှိရှိ အသုံးချဖို့ နှစ်ယောက်သား ချော့မော့ပြောရပါတယ်။ သားပြည့် ကိုယ်တိုင်က ရေကြောက်တတ်သူဆိုတော့ သင်တန်းတက်ဖို့ ပထမပိုင်းမှာ ဇဝေဇ၀ါဖြစ်နေပေမယ့် သူဘောလုံးကစားတဲ့ အချိန်နဲ့ မတိုက်ရင် ပြီးရောဆို နောက်ဆုံးမှာ ရေကူးသင်တန်းတက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဖေအမေတူသား၊ သားတူအဖေအမေ
သားပြည့်တစ်ယောက် ရေကူးသင်တန်း တက်တာ မပြောခင်၊ သူ့ဖေဖေ၊ သူ့မေမေနဲ့တကွ သူပါ ရေကြောက်တတ်ပုံကို အရင် ပြောပြချင်ပါတယ်။ သားပြည့်ဖေဖေက ရေလုံးဝမှ မကူးတတ်ပါ။ ငယ်စဉ်ကထဲက ရေကို ကြောက်တတ်သူမို့ ကျန်ညီအစ်ကိုတွေ အားလုံး ရေကူးတတ်သော်ငြား သူကတော့ မကူးရေးချ မကူးတတ်ပါ။ ချောင်းသာလို ကမ်းခြေမှာတောင် သုံးလေးကိုက်ထက် ပိုပြီး ရေထဲ မဆင်းရဲသူပါ။ အလားတူ သားပြည့်မေမေကလည်း ခေသူမဟုတ်၊ ငယ်စဉ်တောင်ကျေး ကလေးဘ၀က သုံးတန်းအရွယ်က အမေ့ကို ကြောက်လို့ ရေကူးသင်တန်း သွားတက်ခဲ့ပေမယ့် ရေပြင်ကြီး မြင်တိုင်း မတရား ကြောက်နေခဲ့သူ၊ လက်ပစ်ကူး၊ ခွေးကူး မနည်းသင်ယူခဲ့ရပြီး ထူးထူးခြားခြား ရေမမွန်းတဲ့ ပက်လက်ကူးကျတော့ သူများကူးတာ ကြည့်ပြီး အမြန်တတ်ခဲ့လို့ အဲ့သည်တုန်းက သင်တန်းဆရာမရဲ့ အံ့အားသင့်မှုခံခဲ့ရသူ၊ သင်တန်းဆင်းချိန် ရေနက်ပိုင်း ကူးခိုင်းတာကို မကူးရဲလို့ ရေချိုးခန်းထဲ ပုန်းနေပြီး သင်တန်းဆင်းခဲ့သူ၊ အဲ့ဒီနောက်ပိုင်းထဲက ရေဆိုလို့ ယနေ့အသက်အရွယ် ရောက်သည့်တိုင် တစ်ခါဘူးမျှ မကူးဖြစ်ခဲ့သူ။ အနှီဖခင်မိခင်မှ ဖွားမြင်လာတဲ့ သားပြည့်တစ်ယောက် ရေကြောက်တတ်သည်မှာ ထူးပြီး မဆန်းတော့။
အနှီသားပြည့်ကလည်း အဖေအမေခြေရာ ထပ်တူ နင်းမယ့်သူဆိုတော့ကာ၊ ငယ်ငယ်လေးထဲက ဗီဇက ပြပါတော့တယ်။ မသိတတ်ခင်အရွယ်က ရေချိုးချိန်တိုင်း ၀က်ဝက်ကွဲ ဆူပွက်အောင် အော်ငိုလို့။ သိတတ်ပြန်တော့ ရေတစ်ခါချိုးဖို့ ရေချိုးခန်းဝင်ဖို့ အမြဲအရှိန်ယူနေရသူ၊ သုံးတန်းကျောင်းသားအရွယ်အထိ ခေါင်းလျှော်ချိန်တိုင်း အမေလုပ်သူက မျက်နှာရေမစင်အောင် ဆိုင်မှာ လျှော်သလို ပက်လက်ကလေး လျှော်ပေးရပါတယ်၊ ချောင်းသာကမ်းခြေလို နေရာမျိုး အပန်းဖြေသွားတဲ့ လေးကြိမ်လုံး ကိုရွှေသားပြည့်က ရေထဲ မဆင်းရေးချမဆင်းပဲ ငါးကင်သည်တွေ ပတ်လည်ဝိုင်းလို့ ကမ်းပေါ်ကနေပဲ အကျအနထိုင်ပြီး အစား သောင်းကျန်းနေတတ်သူ။ သူ့ဆင်ခြေက ဆူနာမီလို လှိုင်းလုံးတွေ တက်လာရင် ပြေးချိန်မရမှာစိုးလို့ဆိုပဲ။
ဆုံးဖြတ်လိုက်ပြီ၊ ရေကူးမည်
အဲ့ဒီလို ရေကြောက်တတ်တဲ့ သားပြည့်တစ်ယောက် ဒီနွေရာသီ ရေကူးဖို့ ဆုံးဖြတ်ချက်ချလိုက်ချိန် ဖေဖော်ဝါရီလလောက်က စပြီး၊ အိမ်မှာ ခေါင်းကို ရေလောင်းချိုးတာ စပြီး လေ့ကျင့်ပါတော့တယ်။ အဲ့ဒီက တစ်ဆင့်တက်လို့ သားပြည့်ခမျာ အများနဲ့အတူ သင်ရရင် အရှက်တော်မကွဲရလေအောင် အိမ်က အနက် နှစ်ပေလောက်ရှိတဲ့ ပလပ်စတစ်ရေဇလုံကြီးထဲမှာ ရေထည့်ပြီး အိမ်တွင်းရေငုံ့ လေ့ကျင့်ပြန်တယ်။ ရေထဲမှာ အသက်ကြာကြာ အောင့်နိုင်အောင်လည်း တစ်နှစ်သုံးလေး ရေတွက်ပြီး လေထဲမှာ အသက်မရှူပဲ နေကာ လေ့ကျင့်ပြန်ပါတယ်။ ပွဲမ၀င်ခင် အပြင်က ကြိုတင် လေ့ကျင့်နေတဲ့ သားဖြစ်သူကို ကြည့်ပြီး ဖေဖေမေမေလည်း ရှေ့မှာ ချီးကျူး၊ ကွယ်ရာမှာ သနားနေမိတယ်။ နွေရာသီ ကျောင်းမြန်မြန်ပိတ်၊ သင်တန်းမြန်မြန်ဖွင့်ဖို့ ဖေဖေမေမေ စိတ်လောနေမိပြီ။ ပြောလို့မရ… မနှစ်က တိုက်ကွမ်ဒိုတုန်းကလို အပ်ပြီးမှ မတက်ချင်တော့ပါဘူးဆိုလို့ သင်တန်းကြေး၊ ၀တ်စုံကြေးတွေ ဆုံးသွားမှ။ ရုတ်တရက် စိတ်ပြောင်းသွားရင် မခက်ပေလားနော်။
ဒီလိုနဲ့ သင်တန်းကို အဖေရောအမေပါ လိုက်နိုင်အောင် ပိတ်ရက်တွေ များတဲ့ ဒုတိယအသုတ် နွေရာသီကျောင်းပိတ်ရက် ဧပြီလကို ရွေးပြီး အပ်လိုက်တယ်။ တနလာင်္က ကြာသာပတေး၊ တစ်ပတ်ကို လေးရက်၊ သင်တန်းချိန်ကိုတော့ ဖေဖေမေမေ ရုံးချိန်မှီအောင် မနက် ၇း၃၀နာရီကနေ မနက် ၉း၃၀အထိကို ရွေးလိုက်တယ်။ သင်တန်းအပ်ပြီးတာနဲ့ လိုအပ်တဲ့ ရေကူးအကျီ င်္၊ ရေကူးဘောင်းဘီ၊ ဦးထုတ်နဲ့ ရေကာမျက်မှန်၊ အဲ့တာတွေထည့်ဖို့ သားပြည့်ပူဆာတဲ့ အန်းဂရီးဘာ့ဒ်လွယ်အိတ် အပြည့်အစုံ သူ့စိတ် မငြိုငြင်ရလေအောင် အကုန်ဝယ်ပေးလိုက်တယ်။ သင်တန်းအတွက် သင်တန်းမစမှီ သားပြည့်နဲ့ ထပ်တူ ဖေဖေမေမေပါ စိတ်တွေ လှုပ်ရှားနေခဲ့ရတာပေါ့။
ကျော်ဖြတ်ခဲ့သောပထမနေ့
သားပြည့်တက်တာက ရေလုံးဝမှ မကူးတတ်သေးသူတွေအတွက် အခြေခံ ရေကူးသင်တန်းပါ။ အရင် အိုရီရင့်ရေကူးကန်ကို ကန်တော်ကြီးရေကူးကန်ဆို ပြန်အသစ်ဖွင့်ထားတာပါ။ သင်တန်း ပထမနေ့မနက်၊ သားအမိသားအဖ သုံးယောက်သား စိတ်တွေစောလို့ သင်တန်းကို အများထက် နာရီဝက်လောက် စောရောက်နေတယ်။ သားပြည့်တို့ သင်တန်းချိန်မှာ တက်ရောက်သူများက ၄၀ကျော်ရှိပြီး အငယ်ဆုံး တစ်တန်းကျောင်းသားအရွယ်ကနေ အသက် ၅၀ ၀န်းကျင် လူကြီးများအထိ ပါဝင်နေပါတယ်။ သင်တန်း ပထမနေ့ မစခင် လူစစ်၊ သွေးပူလေ့ကျင့်ခန်းစချိန်မှာ နွားနို့တစ်ခွက်ထဲ သောက်လာတဲ့ သားပြည့်တစ်ယောက် ဗိုက်တွေ ဆာလာသလို၊ ဖေဖေမေမေလည်း အစာအိမ်က ထကြွလာပြီမို့ အနားမှာ ရှိတဲ့ တစ်ဆိုင်ထဲသော မုန့်ဟင်းခါးဆိုင်လေးဆီကို ပြေးပြီး အရိုးများသော ချေးခါးသော လုပ်မနေနိုင်ပဲ မနက်စာလွှေးရပါတယ်။
ပထမနေ့မှာတော့ ခြေဖျားခပ်၊ အသက်ဝအောင်ရှူပြီး ရေအောက်ငုံ့၊ ရေထဲမှာ နှာခေါင်းက လေကို မှုတ်ထုတ်၊ ရေထဲက ခေါင်းပြန်ဖော် လေ့ကျင့်ခန်းကို စပါတယ်။ သင်တန်းစချိန်မှာ သားပြည့်ဖေဖေက ယူလာတဲ့ စာအုပ်တစ်အုပ်နဲ့ ဇိမ်ကျနေပေမယ့် မြသွေးနီမှာတော့ ဆရာသင်သမျှ ကုန်းပေါ်ကနေ စိတ်နဲ့ လိုက်ကူးနေမိပါတယ်။ တချိန်ထဲမှာ ငယ်စဉ်သင်တုန်းက နည်းစံနစ်တွေ အခုအခါ မမှတ်မိတော့တာပဲလား၊ အခုသင်နေတဲ့ ဆရာတွေက နည်းစံနစ်ပိုကောင်းနေသလား မသိပါဘူး၊ သူတို့ သင်ပေးနေတာ ကြည့်ရတာ တကယ့်ကို စံနစ်တကျ ရှိတယ်လို့ မြင်မိပါတယ်။ ရေထဲမှာ ဆရာ၊ ဆရာမနှစ်ယောက်စီနဲ့ ကုန်းပေါ်က ဆရာတစ်ယောက်၊ နောက် အရေးပေါ်ရေနစ်ရင် ကယ်ဆယ်ဖို့ လူတွေကလဲ ကုန်းပေါ်အဆင်သင့်ပါ။ သင်တန်းသားတွေကို စစချင်း သုံးပေ ရေအနက် အသွားအပြန် ကန်ရဲ့ အနံမှာပဲ သင်ပေးပါတယ်။ ငါးပေကနေ ကိုးပေအနက်မှာတော့ အပန်းဖြေလာကူးသူများ၊ အဆင့်မြင့် ရေကူးလာသင်သူများ ရှိပါတယ်။ ရေကူးကန်တ၀ိုက် ရေသံ၊ ဆရာများရဲ့ သင်တန်းပို့ချသံများနဲ့ ညံစီနေပါတယ်။
မြသွေးနီတို့နှစ်ယောက် သားတော်မောင်အကြောင်း သိလေတော့၊ သားပြည့် ရေကန်ထဲက လှမ်းကြည့်ရင် မမြင်နိုင်တဲ့ အကွယ်ကနေ ကြည့်ကြပါတယ်။ မဟုတ်ရင် ကိုရွှေသားပြည့်က မိဘအားကိုးနဲ့ သားဆက်မသင်ချင်ဘူးဆို အခက်တွေ့ရပါဦးမယ်။ စစချင်း ခြေခတ်တဲ့ လေ့ကျင့်ခန်းက ကန်ဘောင်မှာ ထိုင်လုပ်ရတာဆိုတော့ လွယ်ပါတယ်။ ဒါတောင် တစ်ခါခတ် အကြိမ်တစ်ရာဆိုတော့ ခြေပမ်းကျလာပြီး သားပြည့်မျက်နှာ ပျက်လာပါတယ်။ သွေးပူလေ့ကျင့်ခန်း လုပ်တုန်းက အကြောလျှော့တာတောင် ခါးကိုင်းမရအောင် တောင့်တင်းနေလို့ အဖေကို လေ့ကျင့်ခန်း လုပ်ရင်း လှမ်းကြည့်ပါသေးတယ်။ အဖေက ရသလောက်လုပ်၊ ရတယ်နဲ့ အားပေးရပါတယ်။ မြသွေးနီကတော့ အထွန့်မတက်ရဲအောင် မျက်နှာထားကို ဟန်လုပ်တင်းထားရပါသေးတယ်။
ခြေခတ်လေ့ကျင့်ခန်းပြီးတော့ ရေအောက်မှာ အသက်ရှူထိမ်းနိုင်ဖို့ လေရှူလေမှုတ် လေ့ကျင့်ခန်းလုပ်ရပါတယ်။ အိမ်မှာထဲက အသက်အောင့်လေ့ကျင့်ထားတော့ ဆရာက တစ်၊နှစ်၊ သုံးကို သုံးဆယ်အထိ ရေတွက်ပြီး ရေငုတ်တာတောင်၊ သားပြည့်က ရှည်ကြောပြီး ငါးဆယ်လောက်အထိ ပိုငုတ်နိုင်ခဲ့ပါတယ်။ ပထမနေ့ အပြီးမှာတော့ အိမ်အပြန်မှာ သားပြည့်ရဲ့ စိတ်ဓာတ်တွေ နောက်တစ်နေ့အတွက် အထူးတက်ကြွခဲ့လို့ အဖေရော အမေပါ သက်ပြင်းချနိုင်ခဲ့ရပါတယ်။ သင်တန်းချိန်ပြီးတာနဲ့ ကင်တင်းမှာ သူ့ကို မနက်စာကျွေး၊ နောက်တစ်နာရီမှာ နှစ်စဉ်တက်နေကြ နွေရာသီအင်္ဂလိပ်စာ သင်တန်းကျောင်းကို သားအမိသားအဖ သုံးယောက် အမှီ သုတ်ချေတင်ရပါတယ်။ လမ်းမှာ တစ်ခုခုဆို ကြောက်တတ် စိုးရိမ်တတ်တဲ့ သားပြည့်ကို သူ့ရဲ့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့တဲ့ ပထမနေ့ကို အားပေးရင် ဒုတိယနေ့အတွက် သားအမိသားအဖ သုံးယောက် အချင်းချင်း လက်ဝါးရိုက် အားပေးကြပါတယ်။
ဒူးကွေး လေမှုတ်ထုတ်
ဒုတိယနေ့မှာတော့ ရေထဲမှာ မျောတာကို စသင်ပါတယ်။ ဆရာ၊ ဆရာမနှစ်ယောက်က ရေထဲကနေ လက်ဖျားလေးကနေ တစ်ဆင့်စီ တစ်ဖက်ကန်ဘောင်ရောက်အောင် ဆွဲခေါ်သွားပေးပါတယ်။ အဲ့ဒီနေ့က ကန်တစ်ဖက်အဆုံးကို ရောက်လို့ ရေထဲ မတ်တပ်ရပ်ကာနီးရင် ရင် “ဒူးကွေးလေမှုတ်ထုတ်” ဆိုပြီး ဆရာတွေက ခန္ဓာကိုယ်အနေအထား မှန်ဖို့ သတိပေးပါတယ်။ တလှည့်ပြီးတလှည့် ကန်ရဲ့ အနံအတိုင်း ခေါက်ပြန်ကူးကြရပါတယ်။ ကန်ဟိုဘက်ဒီဘက်ထိပ်ဆိုရင် အသက်ရှူ သုံးဆယ်ရေတွက်နေစဉ်အတွင်း ရောက်ပါတယ်။ အသက် ငါးဆယ်အထိအောင့်နိုင်တဲ့ သားပြည့်တစ်ယောက် စိုးရိမ်စိတ်နဲ့ ကန်တ၀က်အရောက်မှာ မတ်တပ် ရပ်ပစ်လိုက်ပါတယ်။ဆရာက ခေါင်းကို ရေထဲ ပြန်ဖိ၊ ကျန်တဲ့ အနံကို ဆုံးအောင် ဆက်ကူးခိုင်းပါတယ်။ အဲ့ဒီနေ့ သင်တန်းချိန် မကုန်မချင်း သားပြည့်တစ်ယောက် ငါးခေါက်ထက်မနည်း ကူးရပါတယ်။ သားပြည့်မျက်နှာပျက်ချင်ချင် ဖြစ်နေတာကို အဖေအမေက အကွယ်ကနေ တွေ့နေရပါတယ်။ သူ့မျက်လုံးလေးတွေက ရေကန်ထဲကနေ အဖေအမေကို လှမ်းလှမ်းရှာနေတယ်။ သင်တန်းလွှတ်ချိန် အဖေဖြစ်သူ အ၀တ်အစား သွားလဲပေးတော့ “ ဒီနေ့ ရေကူးချိန် ကြာလိုက်တာ” ဆို မျက်နှာငယ်လေးနဲ့ ပြောပါတယ်။
ကဲ.. လာပါပြီ ကိုးပေ
ဒီနေ့မှာ ရေမျောခြေခတ် စသင်ပါတယ်။ လူကြီးတော်တော်များများက လိုက်နိုင်ပေမယ့် ကလေးများက ကြောက်စိတ်နဲ့ ကြိုးစားကူးကြပါတယ်။ သင်တန်းတက်တာမှ ၃ရက်ရှိသေး၊ စစချင်း ဆောက်နဲ့ထွင်းသလို သားပြည့်တို့ သင်တန်းသားတွေထဲက သားပြည့်အပါအ၀င် အငယ်ပိုင်း ၁၅ယောက်လောက် သင်တန်းအပြီး ဒဏ်ပေးခြင်းခံရပါတယ်။ ပြစ်ချက်က ကန်အနံ ဟိုဘက်ဒီဘက် အပြည့်ကို ပြောတဲ့အတိုင်း မကူးလို့၊ စကားများလို့ဆို သင်တန်းပြီးချိန်မှာ အဲ့ဒီ၁၅ယောက်ကို ပေးမပြန်ပဲ ကန်ဘောင်ပေါ်တက် တန်းစီခိုင်းပါတယ်။ ပြီးလဲပြီးရော ခေါ်သွားလိုက်တာမှ ဟိုး…အနက်ဆုံး ကိုးပေ။ သားပြည့်အပါအ၀င် ကလေးများအားလုံး အသည်းတွေ ထိတ်ကုန်ကြပြီ။ သားပြည့်မျက်နှာလည်း ဆီးစေ့လောက်သာ ရှိတော့တယ်။ မိဘတွေအားလုံးလည်း ၀ုန်းခနဲဆို ကိုးပေဘက်ကို လိုက်ကြရတော့တယ်။ ရေထဲမှာ ဆရာသုံးယောက် စောင့်နေတယ်။ အားလုံးတန်းစီ။ တစ်ယောက်စီ ကန်ဘောင်ပေါ်က ဒိုင်ဗင်ထိုးခုန်ချပြီး ရေမျောခြေခတ်နဲ့ ဟိုဘက်ရောက်အောင် ကူးခိုင်းတယ်။ သားပြည့်မပြောနဲ့ မြသွေးနီတောင် ရင်တွေ ခုန်လာပြီ။
စိတ်ရဲတဲ့ မကြောက်တတ်တဲ့ ကလေးများက ခုန်ချပြီး ရသလောက် ကူးတော့တာပဲ၊ မရလဲ ရေထဲက အသင့်စောင့်နေတဲ့ ဆရာမတွေက လက်ကိုဆွဲလို့ ဟိုဘက်ရောက်တဲ့အထိ ခေါ်ပေးကြတယ်။ သားပြည့်အလှည့်မှာတော့ ရေထဲ ခုန်ချဖို့ကို ကြောက်ပြီး ကန်ဘောင်ပေါ် တွန့်ဆုတ်တွန့်ဆုတ် အားယူနေတာနဲ့ ရေထဲမရောက်တော့ အားလုံးက ရယ်မိကြပါတယ်။ ရေထဲကနေ ဆရာက ခုန်ချဖို့ခေါ်လေ သူက ရှေ့တိုးလိုက် နောက်ဆုတ်လိုက်နဲ့ တွန့်နေလေ။ ရယ်သံတွေကြောင့် သားပြည့်တစ်ယောက် ရှက်ပြီး မျက်ရည်တွေ စီးကျလာပါတော့တယ်။ အဖေလုပ်သူက မကြည့်ရက်တော့ “သွားလိုက်ဦး” ဆို မြသွေးနီကို သားတော်မောင်ဆီ တွန်းလွှတ်ပါတယ်။ ဒါနဲ့ အနားမှာ သွားချော့ခြောက်ရင်း ကူးခိုင်းရပါတယ်။ ဒီလိုနဲ့ ယက်ကန်ယက်ကန်နဲ့ တစ်ဖက်ကမ်းကို ရောက်လာပါတယ်။ ကလေးတို့ ဖေဖေကတော့ သူ့သားဒုက္ခကို မကြည့်ရက်လို့ ယောင်လည်လည်နဲ့ လက်ဖက်ရည်ဆိုင်ဘက် ထွက်သွားပြီ။
ကူးနေတုန်း ရေထဲမှာ ကြောက်စိတ်တွေ ကြီးစိုးပြီး တတ်ထားတဲ့ ရေကာမျက်မှန်တွေလဲ ရေထဲမှာ ဆွဲဖြုတ်၊ ဦးထုတ်တွေ ဆွဲချွတ်လို့ ဆရာက ရေမကူးပဲ ဘာတွေလုပ်နေတာလဲလို့ အော်လို့ သူ့ကို သနားတဲ့ကြားက ရယ်မိရပါသေးတယ်။ ပြီးတော့ ဆရာက ရဲတင်းသွားအောင် ၉ပေရေအနက်ထဲ ဒိုင်ဗင်ထိုး မကူးစေတော့ပဲ ခြေစုံခုန်ချပြီး ခွေးကူးနဲ့ ကိုယ်ဖော့နည်းကို တစ်ယောက်စီ သင်ပေးပြန်ပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီ ခွေးကူးကိုယ်ဖော့နည်းက သားပြည့်နဲ့ အနည်းငယ် အံဝင်ခွင်ကျ ဖြစ်သွားတယ်။ မထင်မှတ်ပဲ ခွေးကူးနဲ့ ရေထဲ မမြုပ်အောင် ကိုယ်ဖော့နည်းကို သူသိသွားတယ်။ ဒါပေမယ့် ၉ပေ ရေအနက်ကိုတော့ သူကြောက်နေပြီ။ အဲ့ဒီနေ့က နာရီဝက်လောက် အချိန်ပို ဒဏ်ပေးလိုက်တာ အင်္ဂလိပ်စာကျောင်းတောင် နောက်ကျသွားခဲ့ရတယ်။
အဖေချစ်တဲ့ အမေတူသား
လေးရက်မြောက်နေ့မှာ လက်ပစ်ကူး စသင်တယ်။ ဆရာက သင်တန်းစထဲက “ ဒီဘက်မှာ ပြီးရင် အားလုံး ကိုးပေသွားကြမယ် ”လို့ ကြိုပြောလို့ သားပြည့် မျက်နှာအတော်ပျက်နေပါပြီ။ သင်တန်းပြီးလို့ အချိန်ပိုမှာ အားလုံး ကိုးပေသွားချိန်၊ သားပြည့်တစ်ယောက် အ၀တ်လဲခန်းထဲ မယောင်မလည် ၀င်သွားပါတယ်။ အဖေလုပ်သူက သားပြည့်ပျောက်သွားလို လိုက်ရှာတော့ အ၀တ်လဲခန်းမှာ သူက ရေတောင် ချိုးနေပြီ။ ကိုးပေကို သွားမကူးချင်ဘူးတဲ့။ မြသွေးနီလဲ အထဲဘာဝင်လုပ်ပါလိမ့်ဆို မျှော်နေလိုက်တာ ပြန်ထွက်လာတော့ ကိုယ်တော်က ပြန်ဖို့ အ၀တ်အစားတောင် လဲပြီးနေပြီ။ လမ်းမှာ မြသွေးနီတစ်ယောက် သားပြည့်ကို လေပြည်ထိုးရပြီ။ “တစ်ခုခုကို လုပ်ရင် ဖြစ်မြောက်အောင် လုပ်မှ မေမေကြိုက်တာ သားသိတယ်မဟုတ်လား၊ ကိုယ့်ထက်ငယ်တဲ့ ညီ၊ ညီမလေးတွေတောင် ကူးရဲသေးတာ၊ သား.. စိုးရိမ်စိတ်တွေကို လျှော့လိုက်၊ မင်း.. ယောကျာ်းမဟုတ်ဘူးလား၊ မေမေ့သား မခံချင်စိတ်ရှိပါတယ်” ဆို ချော့၊ ခြောက်၊ မြှောက်ရတော့တယ်။ သားပြည့်မျက်နှာ ကြည့်လိုက်တော့ သွေးဆုတ်လို့၊ မျှော်လင့်ချက် တော်တော်နည်းနေပြီ။
အတွေးတွေ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သုံးတန်းကျောင်းသူလေး တစ်ယောက် ရေအနက်ထဲ မကူးရဲလို့ အိမ်သာထဲ ၀င်ပုန်းနေခဲ့တာ မြသွေးနီတစ်ယောက် နှုတ်ကနေ ရွတ်လိုက်မိတယ်။
“ သြော်… အမေတူသား…၊ မဟုတ်တာမှ လာတူရတယ်လို့” ….။
အရေးပေါ်အစည်းအဝေးခေါ်
အဲ့ဒီနေ့က သားပြည့်အိမ်ပြန်ရောက်သွားချိန် ဖေဖေနဲ့ မေမေက ဖုန်းနဲ့ အရေးပေါ် မီတင်ထိုင်ရတယ်။ ဒီတစ်ခါ အရင် နွေရာသီ တိုက်ကွမ်ဒိုတုန်းကလို ဆုတ်ပြန်ဆန်ပြုပ် အဖြစ်မခံချင်တော့။ ဖေဖေကတော့ စိတ်လျှော့ချင်ပြီ၊ ဇွတ်အတင်း မလုပ်ပါနဲ့ကွာတဲ့။ မေမေက ဇွဲကောင်းသူဆိုတော့ ဥာဏ်နီဥာဏ်နက် ထုတ်ရလေတယ်။ မြသွေးနီအကြံ တစ်သိန်းတော့ မတန်ပါဘူး၊ သုံးသောင်းတော့ ထွက်သွားတယ်။ အစီအစဉ်က ရေကူးကန်မှာ ညနေပိုင်း ရေပြန်ကူးရင်း သားပြည့်နဲ့အတူ ရဲတင်းသွားအောင် ရေကူးလေ့ကျင့်ပေးဖို့ မန်ဘာကဒ်တစ်လစာ သုံးသောင်းလုပ်လိုက်တယ်။ “အကြောပြေ အချဉ်ပြေ ရေလေးပြန်ကူးရင်းနဲ့ သားပြည့်ကို ရေနဲ့ ယဉ်ပါးအောင်လုပ်ပေးမယ်၊ တစ်လက်စထဲ ဖေဖေလည်း ကျန်းမာရေးလုပ်တယ် သဘောထားပြီး၊ ရေလိုက်ကူး၊ မေ…တတ်သလောက် သင်ပေးပါ့မယ်” လို့ ဖျားယောင်းစည်းရုံးပြီးတဲ့ သကာလ၊ ဖေဖေမေမေနှစ်ယောက်စာ ရေကူးအ၀တ်တွေ အပြေးအလွှားသွားဝယ်၊ ညနေ ရုံးဆင်းချိန်ဆို သားအမိသားအဖ သုံးယောက် ရေကူးကန်ကို ပြေးကြပြီပေါ့။
တစ်ကြော့ပြန်ညနေပိုင်း
ရေကူးကန်ရောက်တော့ ညနေ၆နာရီ၊ ညနေပိုင်း အပန်းဖြေ ရေလာကူးသူများနဲ့ စည်ကားနေပါတယ်။ မိဘတွေနဲ့အတူတူ ရေကူးရမယ်ဆိုတော့ သားပြည့်လည်း စိတ်လက် ကြည်လင်နေပါတယ်။ သားပြည့်ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ သိထားတဲ့ ဖေဖေမေမေ နှစ်ယောက်၊ ရေထဲမှာ အားပေးရင်း၊ ချော့မော့ရင်း ကူးစေပါတယ်။ မြသွေးနီလည်း အနှစ်နှစ်အလလက သင်ထားခဲ့ဘူးတဲ့ ရေကူးအခြေခံလေးနဲ့ ရေပြန်စမ်းကူးကြည့်လိုက်၊ အဖေလုပ်သူကို လှမ်းသင်ပေးလိုက်၊ သားပြည့်ကို အားပေးရင်း ကူးခိုင်းလိုက်နဲ့ အနားရတယ်ကို မရှိပါဘူး။ ပက်လက်ကူး ခေါက်တုန့်ခေါက်ပြန် ကူးပြီး ဆရာစွမ်းပြနေတဲ့ မေမေ့ကို ကြည့်ပြီး သားပြည့်နဲ့ သူ၏ဖေဖေတို့ ပါးစပ်အဟောင်းသား ဖြစ်နေကြပေမယ့် မြသွေးနီက လုံးဝမှ ဘ၀င်မမြင့်မိပါဘူး။ ငယ်စဉ် ကလေးဘ၀တုန်းက တတ်ထားတာလေး ပြန်နွှေးရင်း ကူးလို့ ရသေးတော့ အဘိုးပြောဘူးတဲ့ ကားမောင်းသင်၊ စက်ဘီးစီးသင်၊ ရေကူးသင်တာမျိုးက တစ်ခါ တတ်ထားပြီးရင် ဘယ်တော့မှ မမေ့ဘူးလို့ ပြောခဲ့ဘူးတာ သွားသတိရမိလိုက်တယ်။
မြသွေးနီတစ်ယောက် မနက်ပိုင်း သင်တန်းမှာ ဆရာတွေ သင်ထားတုန်း ကုန်းပေါ်ကနေ မှတ်ထားသမျှတွေကို ပြန်အသုံးချပါတယ်။ “ ဒူးကွေး လေမှုတ်ထုတ်” ဆို သင်တန်းဆရာစတိုင်နဲ့ သားအဖနှစ်ယောက်ကို မောင်းနေတဲ့ မြသွေးနီရဲ့ အသံကို အဲ့ဒီအချိန် ကန်ထဲမှာ ရေကူးနေသူတိုင်း ကြားရပါလိမ့်မယ်။ အချိန်ပြည့် ရေကူးလေ့ကျင့်မနေပဲ ရေထဲမှာ နေရဲနေဖို့ သားအမိသားအဖ သုံးယောက် ကလိလိုက်ထိုးတန်း ကစားကြပါတယ်။ အမေနဲ့သား ရေကူးပြိုင်ပြီး အဖေကဒိုင်လုပ်ပေးပါတယ်။ ဒီလိုနဲ့ သုံးယောက်သား ရေထဲမှာ ပျော်နေကြပြီ။ ကန်ပိတ်ချိန် ည ၆နာရီ၊ ၀ီစီမှုတ်မှာ ရေထဲက တက်ကြပါတယ်။ သားပြည့်လည်း အနံကို အပြည့်နီးပါး လက်ပစ်ကူးနိုင်လာလို့ ၀မ်းသာပြီး နောက်နေ့မနက် သင်တန်းချိန်အတွက် စိတ်တွေ ပြန်ကြည်လင်လာပါတယ်။ အဲ့ဒီနေ့က ဖေဖေမေမေသားပြည့် သုံးယောက် ထမင်း အရမ်း စားကောင်းကြတယ်။ ခြေသလုံးတွေကို ဦးစိုင်းဒဏ်ကြေလိမ်းဆေး လူးအိပ်ရတယ်။ ခေါင်းအုံးနဲ့ ခေါင်းဖိတာနဲ့ တုန်းခနဲ အိပ်လိုက်တာ၊ မနက်လည်း လင်းရော တစ်ရေးပါပဲ။
သားပြည့်ကုသိုလ်၊ ကျွန်မကုသိုလ်
နောက်နေ့မနက် သုံးပေမှာ လက်ပစ်ကူးချိန် သားပြည့် အတော်လေး အဆင်ပြေခဲ့ပေမယ့်၊ ကိုးပေး သွားကျင့်မယ်ဆိုတာနဲ့ မျက်နှာပျက်ပြန်တယ်။ အခုနောက်ပိုင်း ကိုးပေနေ့တိုင်း သွားရတော့ ရှောင်လွှဲမရတော့ဘူးဆိုတာ သူသိလာတယ်။ သူ့ကို ရေကာမျက်မှန်မတတ်တော့ပဲ ကူးစေတယ်။ မဟုတ်ရင် မျက်မှန်ထဲ ရေ၀င်တာကို သူ့စိတ်က ရောက်နေတော့ ရေကူးရာမှာ စိတ်မရောက်ဖြစ်နေတယ် ထင်မိတယ်။ တိုက်ဆိုင်တာလားမသိ၊ မျက်မှန်ချွတ်လိုက်တော့ ရေအနက်မှာ ရေကူးတာ နည်းနည်းအဆင်ပြေလာတယ်။ ကြောက်စိတ်လဲ ထိုက်သင့်သလောက် လျော့သွားတယ်။
ဖြစ်ချင်တော့ ညနေဖက် မိသားစု ရေလာကူးချိန်၊ သင်တန်းက ကာယဆရာ ဆရာဇော်နဲ့ ကန်ထဲမှာ ဆုံတယ်။ “ ရေကူးမရဲလို့ လာကျင့်ပေးတာ ဆရာ” လို့ အဖေဖြစ်သူက ပြောတော့ ဆရာဇော်က သားပြည့်ကို ခေါ်ပြီး ကိုယ်တိုင် လေ့ကျင့်ပေးတယ်။ “သားပြည့်ကူးတာက နည်းစံနစ်မှန်တယ်၊ရေကူးတာ လှတယ်၊ ကြောက်စိတ်များနေလို့ မတတ်တာ၊ သူ့လောက် စနစ်မမှန်သူတွေတောင် ကူးတတ်သွားတာပဲ” လို့ ပြောတော့ သားပြည့်ရော ဖေဖေမေမေပါ အားတွေ ရှိသွားကြတယ်။ အပြန်မှာ သင်တန်းမှူးဆရာနဲ့လည်း တွေ့တော့ စိတ်အေးအေးနဲ့ ကူးဖို့ အားပေးတယ်။ သင်တန်းမှူးက အာဆင်နယ်ဘောလုံးအသင်း အကျီ င်္အမြဲဝတ်ထားတဲ့ ဘောဝါသနာအိုးဆိုတော့၊ မြသွေးနီ ရေချိုးနေချိန် သူတို့သားအဖနဲ့ ဆရာနဲ့ ဘောလုံးအကြောင်း ဖောင်ဖွဲ့ပြောရင်း သားပြည့်ကို ရင်းနှီးချစ်ခင်လာပါတယ်။
ဒီလိုနဲ့ ညနေတိုင်း သားပြည့်က သူ့ကိုချစ်တဲ့ ဆရာဇော်နဲ့ ရေကူးကျင့်၊ မြသွေးနီက သူ့အဖေကို ရေကူးသင်နဲ့ ကူးလာလိုက်တာ၊ သားပြည့်လည်း ၇ ပေအနက်မှာတောင် လက်ပစ်သွားကူးရဲတဲ့အဆင့် ရောက်လာသလို၊ သူ့ဖေဖေလည်း အတော်အသင့် လက်ပစ်ကူးတတ်တဲ့အထိ အမြတ်ထွက်လာတယ်။ မနက်ပိုင်း သင်တန်းချိန်မှာလည်း သားပြည့်တစ်ယောက် ငါးပေ၊ ခွန်နှစ်ပေ၊ ကိုးပေ.. ကြိုက်တဲ့နေရာမှာ ရေနက်ထဲ ခုန်ချ ကူးရဲလာလို့ သင်တန်းဖော်တွေ၊ မိဘတွေ အံ့သြကုန်ကြတယ်။ အင်း.. ဖေဖေမေမေ ပင်ပန်းခံရကျိုး နပ်ပြီပေါ့။
စံချိန်ယူပြီ
သားပြည့်တစ်ယောက် ညနေတိုင်း ဆရာဇော်နဲ့ ရေကူးလေ့ကျင့်ရင်း၊ ဒိုင်ဗင်လေ့ကျင့်ရင်း တစ်ညနေတော့ ဆရာဇော်က သားပြည့်ကို ပြောတယ်။ “ မင်းကူးတာ အတော်ဟုတ်နေပြီ၊ ဒီညနေ စံချိန်ယူ လေ့ကျင့်မယ်၊ စံချိန်မှီရင် သင်တန်းဆင်းချိန် ပြိုင်ပွဲထဲ ထည့်ပေးမယ်၊ ဆုရရ မရရ အတွေ့အကြုံရတာပေါ့၊ ၀င်ပြိုင်”လို့ ပြောလာတယ်။ ဒါနဲ့ သားပြည့်လည်း စံချိန်ယူဖို့ လေ့ကျင့်ရင်း ရေကူးကန်အနံတစ်ခေါက်ကို (၁၂) စက္ကန့်နဲ့ ကူးလာနိုင်တယ်။ ဒါနဲ့ မနက်ပိုင်း သင်တန်းချိန်၊ သင်တန်းဆင်း ပြိုင်ပွဲအတွက် စံချိန်ယူဖို့တစ်ယောက်စီ ကူးခိုင်းပြန်တော့ သားပြည့်တစ်ယောက် အသက် ၁၀နှစ်တန်းမှာ (၈) စက္ကန့်နဲ့ စံချိန်မှီပြန်လို့ ပြိုင်ပွဲမှာ ပါဝင်ခွင့်ရလာခဲ့တယ်။
ရေကူးကြောက်တဲ့ သားပြည့်တစ်ယောက် အခုလို အဆင့်ရောက်လာတာကို သူကိုယ်တိုင်ရော၊ ဖေဖေမေမေရော၊ ဆရာများပါ အံ့သြကြရတယ်။ ဒါပေမယ့် သူ့ကိုယ်သူ လုံးလုံးလျားလျားတော့ ယုံကြည်စိတ်မရှိသေးတာ အမေဖြစ်သူက သိနေပါတယ်။
ပြိုင်ပွဲနေ့
သားပြည့်သာမက ဖေဖေမေမေပါ စိတ်အတော်လှုပ်ရှားနေပြီ။ ဖေဖေမေမေက မပြိုင်စေချင်ပေမယ့်၊ သားပြည့်ကိုယ်တိုင်က ဆရာဇော်ကို အားနာတာတစ်ကြောင်း၊ အတွေ့အကြုံ ရချင်တာတစ်ကြောင်း မိဘတွေ မတိုက်တွန်းပဲ ပြိုင်ပွဲကို သူကိုယ်တိုင် ပါဝင်ခဲ့တယ်။ ဖေဖေမေမေကတော့ စိတ်အေးအေးထားဖို့၊ ဆုမရလဲ ကိစ္စမရှိဘူး၊ စိတ်တွေ အရမ်းမလှုပ်ရှားဖို့ ညထဲက မှာထားခဲ့ပါတယ်။
ပြိုင်ပွဲမနက်မှာ ကန်မှာ သင်တန်းသားများ၊ မိဘများ၊ ဆရာများနဲ့ စည်ကားနေပြီ။ ဆရာဇော်က သားပြည့်ကို အားလာပေးတယ်။ ဘယ်လို ဘယ်ပုံကူးဖို့ သေချာမှာတယ်။ သားပြည့်ခြေဖျားလက်ဖျားတွေ ရေထဲမဆင်းရသေးဘူး အေးစက်နေပြီ။ အဲ့ဒါနဲ့ ဆန့်ကျင်စွာ နဖူးတ၀ိုက်မှာတော့ ဇောချွေးတွေက အကင်းလိုက်သီးလို့။ သက်တန်းအလိုက် အသက်အငယ်ဆုံးကနေ စပြိုင်ကြတယ်။ ဒီလိုနဲ့ သားပြည့်တို့ ၁၀နှစ်တန်း ရောက်လာတယ်။ မေမေလည်း ထိုင်ခုံကနေ သားပြည့်ကို မမှိတ်မသုန်ကြည့်တယ်။ ဖေဖေက ကင်မရာနဲ့ ရှေ့နားကနေ သွားချိန်တယ်။ အဲ့ဒီအချိန်မှာ သားပြည့်က ဖေဖေမေမေအတွက် ရေကူးချန်ပီယံ တစ်ယောက်လိုပါပဲ။
တာထွက် ၀ီစီမှုတ်ချိန်၊ ရေထဲကို သားပြည့်နဲ့အတူ ပြိုင်ဖက်များက ၀ုန်းခနဲ ရေထဲကို ဒိုင်ဗင်ထိုး ကူးကြတယ်။ လက်ခုပ်သံ အော်ဟစ်အားပေးသံတွေက သားပြည့်စိတ်ကို အဆမတန် လှုပ်ရှားစေတယ်။ မေမေလည်း လက်သီးကို ဆုတ်လို့ အားယူထားတယ်၊ စိုးရိမ်စိတ်တွေက မတရား ကြီးစိုးကုန်တယ်။ လူတွေက ပတ်ပတ်လည်ကနေ အော်ဟစ် အားပေးကြတယ်။ လက်ပစ်ကူးရင်းက လက်လွှဲရမှာ သားပြည့် မေ့ကုန်တယ်။ သားပြည့်စိတ်ထဲ ခွေးကူးကူးတာ ၀င်လာတယ်။ ရေမနစ်ပေမယ့် လက်ပစ်မလွှဲမိပဲ ခွေးကူးနဲ့ ရေထဲမှာ ယက်ရင်း ကူးနေမိတယ်။ “လက်လွှဲ..လက်လွှဲ..လက်လွှဲလေ” လို့ လူတွေကြားထဲက ဖေဖေ့အော်သံကြားလိုက်ရတယ်။ အသံကြောင့် လက်ပြန်လွှဲလိုက်ပေမယ့် အတူ ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် ၃ဦးက တစ်ဖက် ကန်ဘောင်ပေါ် ရှေ့ဆင့်နောက်ဆင့် ရောက်သွားတာ တွေ့လိုက်ရတယ်။ ပြိုင်ပွဲကော်မတီဝင် ဦးလေးကြီးတစ်ယောက်က သားပြည့်ကူးတဲ့ ကန်ဘောင်ဘေးကနေ တောက်လျှောက်လိုက်ပြီး အားပေးတယ်။ နောက်ဆုံးတော့ သားပြည့်က နောက်အကျဆုံး ပန်းဝင်လေတယ်။
အားပေးနှစ်သိမ့်
သားပြည့် ကန်ဘောင်ပေါ်ရောက်တာနဲ့ သူ့သူငယ်ချင်းတွေ အနားမှာ ၀ိုင်းလာပြီး အားပေးတယ်။ လူအုပ်ထဲကနေ သားပြည့် မျက်လုံးတွေ ဟိုရှာ သည်ရှာနဲ့။ လူအုပ်ထဲက တိုးထွက်လိုက်ပြီး ဆန့်ကမ်းလာတဲ့ လက်နှစ်ဖက် ကြားထဲ သူ့တစ်ကိုယ်လုံးကို ပစ်ဝင်လိုက်မိတယ်။ ကမ္ဘာပေါ်မှာ အကျယ်ဆုံးနဲ့ အနွေးထွေးဆုံး ရင်ခွင်တစ်ခု။ မြသွေးနီ သားပြည့်ကို တင်းတင်းဖက်ထားလိုက်တယ်။ သားပြည့်ရဲ့ ရေစိုအ၀တ်တွေက မေမေ့အကျီ င်္တွေကို ကူးစက်စိုစေတယ်။ မေမေ့ရဲ့ နားလည်နှစ်သိမ့်မှုတွေကလည်း သားပြည့်ကို ပြန်လည် ကူးစက်သွားစေတယ်။
“ သားအကောင်းဆုံးလုပ်ခဲ့တာပဲ၊ အတွေ့အကြုံရတာပေါ့၊ နောက်တစ်ခါဆို ပြိုင်ပွဲဝင်နိုင်ဖို့ ဘယ်လို ပြင်ဆင်ရမယ်ဆိုတာ သားသိပြီပေါ့”
မေမေ့စကားအဆုံး သားပြည့်က ခေါင်းအညိမ့်၊ ကွက်တိလေးပါပဲ၊ ဖျတ်ခနဲ မီးလက်သွားလို့ ကြည့်လိုက်တော့ သားပြည့်ဖေဖေ။ အပြုံးတဝေေ၀နဲ့ ကင်မရာကြီးကို ချိန်ပြီး ရိုက်နေလိုက်တာလေ။ သားအမိနှစ်ယောက် အိုက်တင်လုပ်ချိန်တောင် မရလိုက်ဘူး။
ပုဆိုးစ၀တ်နေရတဲ့(၅)တန်းကျောင်းသားမောင်သားပြည့်
ဆန္ဒနှင့်ဘ၀တစ်ထပ်ထဲကျကြပါစေ။






























ရေတောင်ကူးတတ်ချင်လာပြီ..
ချစ်ဖို့ကောင်းလိုက်တဲ့ မိသားစုလေး
သားပြည့်ကလဲ တော်လိုက်တာ ရေ ဒီလောက်ကြောက်တတ်တဲ့ ကလေးက ရေကူးပါဝင်ပြိုင်နိုင်လာတယ်။
အမရေ…နောင့် တို့တုန်းက ရေကူးသင်တန်းတက်တာကို ဖတ်ရင်းနဲ့ သတိတွေရလာတယ်။ အလုပ်တွေ ရှုပ်နေတာနဲ့ မကူးဖြစ်တာကြာပြီ။ ဒီပိုစ့်လေး ဖတ်ပြီး ရေကူးချင်စိတ်တွေ အတော်လေးပေါက်လာတယ်။ နောက်နေ့တွေကြရင် ရေ ကူးဖို့ အချိန်လေး ပြန်ပေးဦးမှ။
ခုတော့ သားအမိ သုံးယောက်လုံး ရေကူးတတ်သွားပြီပေါ့နော်။ ကောင်းလိုက်တား))
သားပြည့်လေးအကြောင်းဖတ်သွားတယ် မြသွေးရေ။
ကြည်နူးနေတဲ့မိဘတွေရဲ့စိတ်ကိုမှန်းဆလို့ရပါတယ်။
ပျော်ရွှင်တဲ့မိသားစုလေးကိုမြင်ရတိုင်းလည်းပီတိဖြစ်မိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သိပ်ကိုအားကျစရာကောင်းတဲ့မိသားစုဘ၀လေးပဲ . . . ။
ရေတောင်ကူးချင်လာပြီဗျို့…
အမတို့ မိသားစုလေးက အရမ်းနွေးထွေးတာပဲနော်…. တစ်ခါမှ မမြင်ဖူးသေးဘူး ဒီလို မိသားစုလေးကို… သိပ်ကို ချစ်ဖို့ကောင်းတဲ့ ဖေဖေ၊ မေမေ ကို ရထားတာ သားပြည့် ကံကောင်းတယ်ဟေ့…
ခင်မင်လေးစားလျက်
ဂျွန်မိုး
ဒီပိုဒ့်လေးဖတ်ပြီးရေကူးလေ့ကျင့်လို့ရပါပြီရှင်
ရေကန်သာလိုပါတော့သည်
ချစ်စရာကောင်းပြီး နားလည်မှုရှိတဲ့မိသားစုလေး
အမြဲပျော်ရွှင်ကြပါစေလို့
မိသားစုဘ၀လေးကို ထပ်တူခံစား ပျော်ရွှင်စွာနဲ. ဖတ်သွားခဲ့ပါတယ်……..။
အားကျစရာကောင်းတဲ့ မိသားစုကလေးအကြောင်းကို ဖတ်သွားပါတယ် ခင်ဗျာ။ အင်း.. ဒါလေးကို ဖတ်ရင်းနဲ့ မြို့ပြယဉ်ကျေးမှု့တိုးတက်လာတာလေးကို ဆက်တွေးမိတယ်.. ကျွန်တော်က ဧရာဝတီတိုင်းသား… ရေကြီးချိန်ဆို လှေကလေးကို လှော်မည်ဆိုပြီး မြစ်ရိုးလျှောက် လျှောက်သွားတာ မှတ်မိသေး။ သပြေသီးမှည့်တွေကို အပင်ပေါ်တက်ခူးစရာကိုမလိုတာ၊ ရေကြီးတော့ သပြေသီးမှည့်တွေက ရေမြုပ်နေတဲ့ အပင်တွေနားလှေလှော်သွားပြီး လက်နဲ့ ခူးရုံပဲ။ ရေကူးသင်တယ်ဆိုကာ လှေပေါ်ကနေ ကန်ချတာ… ရွာက ခွေးတစ်ကောင်ရယ်၊ ကျွန်တော်ရယ်ကို လှေပေါ်ကနေကန်ချ၊ ခွေးတောင်ကူးနိုင်သေးတာ မင်းက ဘာမို့လို့ ရေထဲမြုပ်ရမှာလဲဆိုတော့ ခွေးကူးလောက်ကတော့ ရေကူး တက်သပေါ့လေ.. လှေနားကပ်ပြီး လှေဘောင်ကိုင်လိုက်ရင် တက်မနဲ့ ထိုးချတာ ခံရသေးသဗျ။ ဒီတော့ ဘယ်လိုဖြစ်ဖြစ် အသက်မသေအောင်တော့ ရေကူးနိုင်သပေါ့လေ။ ခုလိုမျိုး ဆရာနဲ့ ဘာနဲ့ သင်ရတာကတော့ ရေကြောင်း တက္ကသိုလ်ရောက်မှပေါ့လေ.. ရေမှ မကူးတတ်ရင် သင်္ဘောနဲ့ ပါတ်သတ်တာတွေ ဆက်သင်လို့မှ မရပဲကိုး။ ဒီလိုမျိုး ခေတ်တွေပြောင်းလာတော့ အရာရာလည်း ပြောင်းလာတာကို လက်ခံရတယ်။ လက်မခံရင်လည်း ခေတ်နောက်မှာ ချန်ခဲ့ရမှာပဲကိုး။
ဒီလိုမိသားစုလေးကိုတော့ ကျွန်တော် တစ်ကယ်ပဲ အားကျမိပါတယ်။ ခုချိန်ထိ သံယောဇဉ်အသစ်ကလေးအတွက် မပြင်ဆင်ရသေးပေမယ့် ရင်သွေးရတနာရလာရင်ဖြင့် မမြသွေးနီတို့လိုမျိုး သိုက်သိုက်ဝန်းဝန်း၊ ချိုမြိန်တဲ့ မိသားစုလေးတစ်ခု တည်ဆောက်ချင်လှပါတယ်…..
မကြီးမြသွေး
မကြီးတို့ မိသားစုဘဝလေးက ချစ်စရာလေးနော်
ပစ်ပစ်လည်း 10တန်းလောက်ကရေကူးသင်တယ်
ကူးလည်းကူးတယ်..
အခုတော့မကူးတာကြာပေါ့
ကူးတောင်မကူးတတ်တော့ဘူးလေ..
ဟိုတလောက သူငယ်ချင်းတယောက်နဲ့ရေ ကူးကန်သွားတာ
ရေစိမ်ပြီးဘဲပြန်ခဲ့ရတယ်..ဟီးးး
ရေမကူးတက်သူမို့ ရင်ခုန်စွာ ဖတ်ရတယ်မမ
))
အားပေးကူညီပေးတဲ့မိဘနှစ်ပါးရဲ့ အေးရိပ်မှာ သားပြည့်တစ်ယောက် ချမ်းမြေ့ပါစေ
ဒီလိုနဲ့ ရေကူးတတ်သွားမှာပါ အစ်မမြသွေးနီ
း)
ငယ်ငယ်က အကိုဝမ်းကွဲတစ်ယောက်ရေနစ်ဖူးတဲ့အဖြစ် (ကြာကန်ထဲ) ကနေ ရေကူးခွင့်ပိတ်ပင်ခံခဲ့ရ ဖူးတယ် ဒါပေမယ့် ပေပေတေတေနေတတ်တဲ့ မောင်ဘကြိုင်ကတော့ သူငယ်ချင်းတစ်သိုက်နဲ့ ထားဝယ်မြစ်ဖျားပိုင်းမှာ တံတားပေါ်ကနေ ဒိုင်ဗင်ထိုးတတ်သွားတာပါပဲဗျာ….. တခါတခါ အိမ်နားက ဒေါ်ကုလားဖြူ မြင်ပြီး ပြန်တိုင်ရင် အရိုက်ခံရသေးး)း)
ခွေးကူး ဝက်ကူး ပလက်ကူး ကနေ လက်ပစ်ကူး ကူးနည်းစုံတတ်သွားတာပါပဲ
ကလေးက ငယ်သေးလို့ပါ ယောက်ျားဗီဇဆိုတာမျိုးက အတန်းထဲမှာ ကိုယ့်အဖော်တွေရဲ့ စွမ်းဆောင် နိုင်မှုကိုကြည့်ပြီး ပေါ်တတ်တာမျိုးကိုး…..
ဖတ်ပြီး မျက်ရည်ဝဲမိတယ်။ မေမေ့ကို သတိရလိုက်တာ ..
ကြည်နူးစရာမိသားစုဘ၀လေးပါပဲ။လွင်ပြင်ကတော့ ငယ်ငယ်ကတည်းက ရေကူးတတ်ပါတယ်
ဝမ်းကွဲအကိုတွေက ရေထဲကန်ကန်ချပြီးသင်ပေးတာပါ ဟိ။
ကျွန်တော် ရေမကူးတတ်ဘူး။ ဒါပေမယ့် ရေအရမ်းကူးချင်တယ်။ ဆရာမရဲ့ ဒီပို့စ်လေးဖတ်ပြီး ပိုပိုပြီး ကူးချင်စိတ်တွေ ရွစိတက်လာပါတယ်
မမ … သားပြည့်လေးအတွက် အင်အားဖြစ်စေတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ အားပေးမှုတွေ … နွေးထွေးမှုတွေကို ညလေးတို့ဆီပါ ကူးစက်ပီတိဖြစ်ပြီး နွေးထွေးစေတယ် … မမတို့မိသားစုလေးကို အားကျပြီး လေးစားတယ်ဗျာ …
အစ်မရေ ညီမလဲ ရေမကူးတတ်ဘူး အဲဒီတော့ ရေဆိုအရမ်းကြောက်တတ်တာပေါ့ ခု အစ်မပို့စ်လေး ဖတ်ပြီး ရေကြောက်စိတ်တောင်မဖြစ်ပဲ ကူးချင်စိတ်တွေပေါ်လာတယ်သိလား…
ချစ်စရာ ကောင်းသလို ပျော်စရာလည်း ကောင်းတဲ့ မိသားစုကလေး…၊
သားပြည့်က တကယ်တော်တဲ့ လူငယ်လေးပါပဲ၊ အကျိုးသင့် အကြောင်းသင့် ရှင်းပြရင် သင်ကြား ချင်စိတ်ရှိတဲ့ ကလေးဖြစ်လို့ အခုလို ဦးဆောင် လမ်းပြပေးနိုင်တဲ့ မိဘတွေနဲ့ နေရတာ ကံကောင်း တာပေါ့၊ ကျနော့်တုန်းကတော့ အင်းယားမှာပဲ သူငယ်ချင်းတွေနဲ့ ကူးရင်း တတ်ခဲ့ရလို့ အခု သားကိုတော့ ဆရာနဲ့ သင်ခိုင်းထားတယ်ဗျ၊ သူကတော့ ရေထဲရောက်ရင် ပြန်မတက်ချင်တဲ့ အစားထဲမှာ ပါတယ်၊ အခုလို မိသားစု ပို့စ်လေးတွေက အမြဲပဲ ဖတ်ချင်စရာ ကောင်းလှပါတယ် မမြသွေးနီရေ…။
အမလေးနော်
အစအဆုံး သူတို့မိသားစုနဲ့ ရေလိုက်ကူးရတာ မောထှာ
စာရေးကောင်းတော့ ချစ်စရာ သားပြည့်လေးနဲ့ ချစ်စရာမိသားစုလေးက အထင်းသားပါဘဲ။
ကလေးကို အားပေးအားမြှောက်သိပ်လုပ်တတ်ကြတယ်
တော်လိုက်တဲ့ အဖေနဲ့ အမေ.
ညီမတို့ကျတော့ ရေချောင်းဘေးမှာ ကြီးတာမို့ ရေကောင်းကောင်းကူးတတ်ပေမဲ့ ရေကူးကန်ထဲကူးရတဲ့ အတွေ့အကြုံတော့ မရှိဘူးရယ်။
အစ်မရေးတာဖတ်ပြီး ကိုယ်တိုင်ရေကူးသင်နေရသလို ခံစားရတယ်။
Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog
တော်တော်ရှည်ရှည်ကို ရေးနိုင်ပါပေတယ်ဗျာ။ ကိုယ်ငယ်ငယ်က ရေကူးသင်တုန်းက အဖြစ်တွေလည်း ပြန်မြင်ယောင်လာမိတယ်။ သူများ ဘလော့ဂ်ကို လိုက်မလည်ဖြစ်တာ တော်တော်ကြီးကို ကြာသွားပါပြီ။ ရေးလည်း မရေးဖြစ်လို့ပေါ့။ သူများတွေ ရေးထားတာ မြင်တော့လည်း အားကျမိပါတယ်။ စာရေးတယ်ဆိုတာလည်း ရေကူးရသလိုပါပဲ၊ ရေထဲမရောက်ခင်တော့ ချမ်းတာလိုလို ကြောက်တာလိုလိုနဲ့၊ ရေထဲရောက်တော့လည်း ခွေးကူးပဲဖြစ်ဖြစ် လက်ပစ်ကူးပဲဖြစ်ဖြစ် တစ်နည်းနည်းနဲ့တော့ ကူးဖြစ်သွားတယ်။
ရသ၊ သုတ နှစ်ဖြာသောအဟာရဖြင့် ဆက်လက် ဝေငှနိုင်ပါစေ။
ကိုပီကေ…
မင်္ဂလာပါ။ စာတွေ လာဖတ်ပေးလို့ အရမ်းဝမ်းသာမိပါတယ်။
အွန်လိုင်းမှာ ကျွန်မစာတွေ မရေးခင်က ကျွန်မ ကိုပီကေဆိုက်မှာ စာတွေ အမြဲလာဖတ်ဖြစ်ခဲ့ပါတယ်။ အွန်လိုင်းမှာ စာတွေ ရေးဖြစ်ဖို့ ကျွန်မကို တွန်းအားပေးခဲ့တဲ့၊ အားကျမိတဲ့ ဘလော့ဂါထဲမှာ ကိုပီကေရဲ့စာတွေလဲ ပါဝင်ပါတယ်။ ဒါကြောင့် ကိုပီကေလင့်ခ်ကိုလည်း ကျွန်မဆိုက်မှာ စကတည်းက ခြိတ်ထားခဲ့ပါတယ်။ အဲ့ဒီတုန်းက အွန်လိုင်းစာမျက်နှာပေါ် စာရေးကောင်းသူတစ်ဦး ပျောက်သွားခဲ့လို့ အင်မတန် နှမျောမိခဲ့ပါတယ်။ အခုစာတွေ ပြန်ရေးနေတာ တွေ့ရလို့ ၀မ်းသာရပြန်တယ်။
စာတွေ စဉ်ဆက်မပြတ် ကျန်းမာ ချမ်းသာစွာ ရေးနိုင်ပါစေရှင်။
အမမြသွေး အရေးအသားနောက် လိုက်ပြီး ရေကူးနေတာ။ နဲနဲမောသွားတယ်။
ရေကူး သင်ချင်စိတ်တောင် ပေါက်လာပြီ။ လုံးဝ မကူးတတ်ဘူး။ စမ်းကူးကြည့်ရင်တောင် ဆယ်ပေလောက်ဆို ဟောဟဲ ဟောဟဲဘဲ။ ကူးနည်းမမှန်တာလေ။
ရေကူးတာက အကောင်းဆုံး အားကစားတစ်ခုပါဘဲ။ တတ်ထားသင့် ပုံမှန်ကူးနေသင့်ပါတယ်။
မမရေ စာလေးဖတ်ပြီး ပျော်တယ်
ကိုယ်တိုင်ဝင်ကူးနေရသလိုပဲ ခံစားရတယ်..
ဒီနွေးထွေးတဲ့မိသားစုလေးကို အရမ်းအားကျတယ်ဗျို့..
မမ မြသွေးနီရေ…အေးချမ်းပျော်ရွှင်နေတဲ့ မိသားစုလေးရဲ့ စည်းလုံးချစ်ခင်မှုကို အားကျ နှစ်သက်စိတ် နဲ့ ဖတ်ရှုသွားပါတယ်။ အထူးသဖြင့် သားပြည့်လေးရဲ့ မိဘတွေရဲ့ သင်ကြား လမ်းညွှန်မှုကို နာခံ မှတ်သားလွယ်တဲ့၊ ကြိုးစား သင်ယူတတ်တဲ့ စိတ်ဓာတ်ကလေးကို ချီးကျူးမိပါကြောင်း။