သောကြာနေ့ တစ်ရက်၊ အချိန် နေ့လည် ၃နာရီလောက်မှာ မြသွေးနီရဲ့ မေးလ်မှာရော မြသွေးနီရဲ့ Facebookမှ Fan Pageမှာပါ “Interview Request from VOA ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အီးမေးလ်တစ်စောင်ကို တစ်ချိန်ထဲ လက်ခံရရှိခဲ့ပါတယ်။ VOAမြန်မာပိုင်း အစီအစဉ်ကဏ္ဍမှ Bloggerတွေ ပြောသမျှ အစီအစဉ်အတွက် အင်တာဗျုးချင်တဲ့အကြောင်း VOAမှ ကိုဇော်ဝင်းလှိုင် ပို့ထားတဲ့ မေးလ်ဖြစ်နေပါတယ်။ အင်တာဗျူးမယ့် ကိုဇော်ဝင်းလှိုင်ကို ဘာတွေမေးဖို့ စီစဉ်ထားလဲ၊ ဘယ်တော့ဗျူးမလဲ ဆိုတာကို ပြန်ပြီး မေးလ်နဲ့ အင်တာဗျူးမိပါတယ်။
အဲ့ဒီမှာ ကိုဇော်ဝင်းလှိုင်က -
- ဘလော့ ဘာကြောင့်ရေးဖြစ်တာလဲ/ ဘယ်အချိန်မှာ စရေးဖြစ်တာလဲ။
- ဘယ်လိုအကြောင်းအရာတွေကို ဦးစားပေး ရေးဖြစ်သလဲ။
- မကြာခင်က ဆုံးသွားတဲ့ ဆရာ လူထုဦးစိန်ဝင်းရဲ့ အကြောင်းကို အတော်လေး ဦးစားပေး ရေးထားလို့ အဲဒီအကြောင်းလေး မေးချင်တယ်။
– စာတွေကို ဘယ်အချိန်ကတည်းက ရေးလာတာလဲ။
- ဘလော့ရေးခြင်းရဲ့ ရည်ရွယ်ချက် စသဖြင့်ပေါ့။ နောက် မေးရင်း ပေါ်လာနိုင်တဲ့ အကြောင်းအရာလေး တခု နှစ်ခုလောက် ပါမယ်။ ဒါလောက်ပါပဲ။
-လို့ မေးလ် ပြန်ဝင်လာပါတယ်။ အွန်လိုင်းပေါ်မှာ စာတွေ ရေးဖြစ်နေတာနဲ့ ပတ်သက်ပြီး အဓိကမေးသွားမှာဖြစ်တာမို့ ချက်ချင်းပဲ မီးစိမ်းပြလိုက်မိပါတယ်။ ဒါပေမယ့် ချက်ချင်း အင်တာဗျူးလာမယ်လို့ မထင်ထားခဲ့ပါဘူး။ ရုံးချိန်မို့လို့ အလုပ်တွေနဲ့ လုံးထွေးရစ်ပတ်နေတုန်း အဲ့ဒီနေ့ညနေ ၄နာရီခွဲ ကျော်ကျော်လောက်မှာပဲ မြသွေးနီ လက်ကိုင်ဖုန်းထဲ အိုဗာစီး ဖုန်းဝင်လာပါတယ်။ ကိုဇော်ဝင်းလှိုင် ကိုယ်တိုင်ဆက်လာတာပါ။
အခုလို တိုက်ရိုက် နှုတ်နဲ့အင်တာဗျူးတာ အတွေ့အကြုံ ရှိခဲ့ဘူးပါတယ်။ အွန်လိုင်းရွှေဝတ္တု ဆုရချိန် ရွှေအမြုတေမဂ္ဂဇင်းရဲ့ One Minute အင်တာဗျူးနဲ့ City FMအတွက် အင်တာဗျူး လွှင့်ပေးဖို့တုန်းက ဆရာဦးဝင်းငြိမ်း၊ ဆရာမျိုးမြင့်ညိမ်းတို့ အစီအစဉ်နဲ့ အင်တာဗျူဝါ မခင်လေးမြင့်က မေးခဲ့ဘူးပါတယ်။ အဲ့သည်တုန်းက အင်တာဗျူးဖြေခဲ့တာမှာ ပထမဆုံး အတွေ့အကြုံဖြစ်တာရယ်၊ ဆရာတို့ အရှေ့မှာ လက်တန်းဖြေရတာရယ်ကြောင့် စိတ်အတော်လှုပ်ရှားခဲ့ပြီး၊ ပင်ကိုယ်က စကားပြောမြန်သူမို့ ပြန်ပြီး နားထောင်ရတဲ့အခါ စကားပြောအရမ်းကို မြန်နေပြီး အသံတွေ တုန်ခါနေခဲ့တာကို သိခဲ့ရပါတယ်။
ဒီတစ်ခေါက်မှာလည်း ချက်ချင်း မီးစိမ်းပြလို့ သိပ်မကြာခင် ဖုန်းခေါ်လာတာမို့ ထိတ်ခနဲ ဖြစ်သွားရပြန်ပါသေးတယ်။ အင်တာဗျူးက ကျွန်မအထင် ၅မိနစ်သာသာ ရှိမယ်ထင်ပါတယ်။ ကံကောင်းချင်တော့ ရွှေမြန်မာဥယျာဉ် အင်တာဗျူး ရေးဖြေထားတာ သိပ်မကြာသေးတော့ မေးလာတဲ့ မေးခွန်းများကို ချောချောမွေ့မွေ့ ဖြေဆိုနိုင်ခဲ့လို့ ဂုဏ်ထူးမထွက်ပေမယ့် စာမေးပွဲတော့ အောင်ပြီလို့ ကိုယ့်ကိုယ်ကို အားပေးမိပါတယ်။ အသံရဲ့ မြန်နှုန်းကိုလည်း သတိထားပြီး ဖြည်းဖြည်းမှန်မှန် ဖြေဆိုခဲ့ပါတယ်။ ကြိုတင်ပြောထားလို့ ဆရာကြီး လူထုဦးစိန်ဝင်းအကြောင်းလည်း မေးမယ်ဆိုတာ သိထားပေမယ့် တကယ်တမ်း မေးလာချိန်၊ အဖြေရဲ့ အဆုံးသတ်ကာနီးမှာ မျက်ရည်တွေ စိမ့်ကျလာပြီး အသံတွေ မနည်း ထိမ်းဖြေဆိုခဲ့ရပါတယ်။
“ စာတွေကို ခုံမင်နှစ်သက်စွာ ဖတ်ရင်း စာတွေရေးလာဖြစ်သလို၊ စာတွေကို ရေးနိုင်တဲ့ နောက်ဆုံး အချိန်အထိ ကြိုးစား ရေးသွားချင်ပါတယ်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟ ၀န်ခံထားသူ စာရေးဆရာမ မြသွေးနီရဲ့ဘလော့ အကြောင်း တင်ပြပေးထားပါတယ် ” လို့ VOA မှ ကိုဇော်ဝင်းလှိုင်က VOA Website မှာ ဖော်ပြပေးထားပါတယ်။
မြသွေးနီနဲ့ VOAအင်တာဗျူးကိုတော့ ဒီနေရာလေးကနေ နားဆင်နိုင်ပါတယ်။
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ဒေါင်းလုပ်လုပ်ချင်ရင်တော့ ဒီနေရာလေးမှာ ရယူနိုင်ပါတယ်။
အင်တာဗျူးထုတ်လွှင့်တဲ့ တနင်္ဂနွေညမှာ စောင့်နားထောင်ခဲ့ပေမယ့် လိုင်းမမိတဲ့အတွက် အသံတွေ ကြည်လင်ပြတ်သားမှု မရှိခဲ့ပါဘူး။ ဒီနေ့မနက် ရုံးရောက်ရောက်ချင်း မေးလ်ထဲမှာ ကိုဇော်ဝင်းလှိုင် ပို့ပေးထားတဲ့ အသံဖိုင်လေးကို ရရှိခဲ့ပါတယ်။ အဲ့ဒီတော့မှပဲ ကြည်လင်ပြတ်သားစွာနဲ့ နားထောင်လို့ ရပါတော့တယ်။
ကိုဇော်ဝင်းလှိုင်၊ မခင်ဖြူထွေးနဲ့တကွ VOA၀ိုင်းတော်သားများကို ရင်မှ ကျေးဇူးမှတ်တမ်း တင်ပါရစေ။
(အမှန်တော့ ဒီပို့စ်လေးကို မနေ့ထဲက တင်ဖို့ဖြစ်ပေမယ့် ကွန်နက်ရှင်တွေ မတရားနှေးကွေးနေတာကြောင့် ဒီနေ့မှ တင်နိုင်ပါတော့တယ်။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲ ကျကြပါစေ။











နားထောင်သွားပြီ မြသွေးရေ ဆန္ဒအတိုင်း အခွင့်အရေးပေးနေသမျှ အဆုံးတိုင် စာကောင်းပေကောင်းတွေရေးရင်း စာဖတ်သူတို့အတွက် မျှဝေနိုင်ပါစေ။ ဘလော့လေးကို အမြဲတန်း ရှင်သန်ခွင့်ပေးနိုင်ပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစ်မရေ VOA မှာလွှင့်တုန်းက နားမထောင်လိုက်ရဘူးသိလား ခုမှ နားထောင်အုံးမယ်နော် …
နားထောင်သွားလိုက်အုံးမယ်
နားထောင်ပြီးပြီ ညီမ…
ဆရာကြီး လူထုဦးစိန်ဝင်းအကြောင်းလည်း ပြောနေရင်း ညီမ အသံလေး တိမ်သွားတာ သတိထားလိုက်မိတယ်…
ဟုတ်တယ်အစ်မသက်ဝေရယ်…
မြသွေးလေ ဆရာအကြောင်း တွေးမိပြောမိတိုင်း ၀မ်းနည်းစိတ်တွေ အလိုလို ဖြစ်လာရတယ်။ ဆရာအကြောင်းကို ဆရာမရှိတော့မှ အခုလို ပြောပြနေရတာ တကယ် စိတ်မကောင်းဘူး။
နားထောင်ပြီးသွားပြီ မမရေ … စာရေးတဲ့သက်တမ်းနုနယ်သူ ညလေးအဖို့တော့ မမက ညလေးရဲ့စံပြ ဆရာလည်းဟုတ် … အစ်မလည်းဟုတ်တယ်ဗျာ … မမရဲ့စာတွေကို မပြတ်တမ်းဆက်လက်အားပေးနေမယ်နော် …
မမရဲ့ဆန္ဒအတိုင်း စာတွေကို ရေးနိုင်တဲ့နောက်ဆုံးအချိန်ထိ ရေးနိုင်ပါစေ။
ဗဟုသုတနဲ့ ရသ.သုတတွေနဲ့ စာဖတ်သူများအပေါ် လွှမ်းခြုံခွင့်ရပါစေ.။
စာပေနယ်ပယ်လေးမှာ ချမ်းမြေ့စွာနဲ့ လျှောက်လှမ်းနိုင်ပါစေ.။
ချစ်တဲ့
ညီမသဒ္ဓါ
မမရေ တိုက်ရိုက်နားမထောင်လိုက်ရလို့ ခုမှနားထောင်ရတယ်.. စာရေးသူတစ်ယောက် လိုက်နာဖို့ အကြောင်းအရာလေးတွေကို မှတ်သားခွင့်ရလို့ ကျေးဇူးပါမမရေ..
မမ နားထောင်သွားတယ်။ မမရဲ့ သဘောထားလေးတွေ သဘောကျတယ်။
အစ်မ မမြေသွေးရေ
မပြတ်လှုပ်ရှားသက်ဝင်နေတဲ့မမြသွေးရဲ့ စာပေလမ်းကြောင်း အတွက်ဂုဏ်ယူပါတယ် ။
အလုပ်တွေ(စာပေအလုပ်)တွေအများကြီးဆက်လုပ်သွားနိုင်ပါစေ။
ခုလည်း အင်တာဗျူးလေးနားထောင်နေတာ။
ဟုတ်တယ်။ ဖြေသွားတာ အေးအေးဆေးဆေးလေးနဲ့ စုံတယ်။
အစ်မရေ ဆက်လျှောက် မနားတမ်းလျှောက် … ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လျှောက်ပါပေါ့။
မမဖြေထားတာလေးတွေကို သဘောကျမိပါ၏
ရှေ့ဆက်ပြီးအောင်မြင်မှုတွေနဲ့အတူလျှောက်လှမ်းနိုင်ပါစေရှင်
ဒီမှာတော့ စကားပြောနှုန်းက ပုံမှန်ပဲ ဖြစ်သလို အသံလည်း မတုန်ပါဘူး မမြသွေးနီရေ..၊ အဲ.. ဆရာကြီး အကြောင်းပြောတဲ့ ခဏလေးက လွဲလို့ပေါ့လေ၊ စာတွေရေးနေတဲ့ စာချစ်သူတစ်ဦး အကြောင်း တစွန်းတစ သိခွင့်ရလိုက်တဲ့ အင်တာဗျူးလေးပါပဲဗျာ…။
ရှေ့ဆက် စာတွေအများကြီး ရေးနိုင်ပါစေ အစ်မရေ …
Congratulation ပါ အမ မြသွေး။
အင်တာဗျူးဖိုင်လေးကို အစအဆုံး သေသေချာချာ နားထောင်သွားပါတယ်။
ဒီထက်မက ရသစာပေတွေ များများ ဖြန့်ဖြူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
VOA မှာလွှင့်တုန်းက မသိလိုက်ဘူးအမရေ
ခုတော့သေချာနားထောင်လို့ရပါပြီ—-
ဒီထက်မက စာတွေဆက်လက်ရေးသားနိုင်ပါစေလို့ဆုတောင်းမေတ္တာပို့ခဲ့ပါတယ်ရှင်
ခုတော့ အင်တာဗျူးလေးနားထောင်လိုက်ဦးမယ် ကွန်မက်က အရင်ရေးတာပါ
အသံအနှေးအမြန် အတော်ပါပဲ မမြသွေးရေ.. နားထောင်လို့ကောင်းတယ်..
ကျွန်မလည်း တခါက ဆရာဦးစိန်ဝင်းရဲ့ FMA တပည့်တဦးပါ…. ရန်ကုန်မှာတုန်းက ဆရာ့ဆီ မကြာခဏနှုတ်ဆက် ဂါရ၀ပြုဖြစ်ပေမဲ့ နယ်ကိုရောက်သွားပြီးနောက်ပိုင်းတော့ အသွားအလာကျဲပြီး နောက်ဆုံး အဝေးကနေပဲ သတိရနေဖြစ်ခဲ့တဲ့ တပည့်မိုက်တဦးပေါ့….