ရှုံးသူတို့ရဲ့မျက်နှာစာ

Number of View: 2204

မနေ့ညက မြန်မာနဲ့မလေးရှား U22ခြေစစ်ဘောလုံးပွဲကို အသည်းတထိတ်ထိတ်နဲ့ ကြည့်ခဲ့ရပါတယ်။ လှလှပပ ကြိုးကြိုးစားစား ကန်ယူပြီးနောက် ပွဲအပြီးသတ်မှာ မြန်မာက မလေးရှားကို ၂း၁နဲ့ အနိုင်ရပြီး ထိုက်ထိုက်တန်တန် အရှေ့တောင်အာရှရဲ့ ခြေစစ်ပွဲကို ပထမဆုံး အောင်မြင်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ အရှုံးအတွက် မလေးရှား အသင်းရဲ့ ဂိုးသမားလေး ကွင်းအလယ်မှာ ပစ်လဲပြီး ငိုနေတာတွေ့ရပါတယ်။ သူ့နဘေးမှာတော့ ကစားဖော်တစ်ဦးက   ကျောကိုပုတ်လို့ နှစ်သိမ့်ပေးနေတာ တွေ့ရပါတယ်။ အဲ့ဒီမြင်ကွင်းကို မြင်မိတော့ ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ကမ္ဘာ့ဖလားပွဲတုန်းက ကျွန်မရေးခဲ့တဲ့ ပို့စ်လေးတစ်ပုဒ်ကို ချက်ချင်း သတိရလိုက်မိပါတယ်။ အနိုင်ရသူများ ၀မ်းသာနေချိန်မှာ ရှုံးနိမ့်သူများရဲ့ခံစားချက်နဲ့ အရှုံးကို လက်ခံပုံ မတူညီ ကွဲပြားကြတာကို ဂျာနယ်များကရတဲ့ သတင်းတွေကနေ ကျွန်မ စာတစ်ပုဒ် ရေးဖြစ်ခဲ့တာကို ပြန်လည် ဖတ်ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။

 

ဘောလုံးပွဲတွေကို ယောကျာ်းလေးများသာ ရူးရူးမူးမူး နှစ်သက်တာမဟုတ်ပဲ မိန်းကလေးတွေပါ နှစ်သက်လာကြတာကို သတိထားမိကြမှာပါ။ ကျွန်မလည်း လိဂ်ပွဲတွေ၊ ကလပ်ပွဲတွေကို ရံဖန်ရံခါလောက် ပွဲဆူမှ ကြည့်ဖြစ်ပေမယ့် ၄နှစ်တစ်ကြိမ် ကြုံတောင့်ကြုံခဲ ကမ္ဘာဖလားပွဲကိုတော့ အလွတ်မခံပဲ ကြည့်ဖြစ်ခဲ့ပါတယ်။ ကျွန်မဟာ ဘောလုံးပွဲ ၀ါသနာကြီးသူ တစ်ယောက်မဟုတ်ပေမယ့် ဘောလုံးပွဲရဲ့ အသုံးအနှုန်းတွေနဲ့ စည်းမျဉ်းတွေနဲ့ ယဉ်ပါးသူတစ်ဦး   ဖြစ်ခဲ့ပြီး ဘောလုံးပွဲကပေးတဲ့ ရင်ခုန်ဖွယ် ထူးခြားတဲ့ရသကို စွဲမက်သူ မိန်းကလေးတွေထဲမှာတော့ တစ်ဦးအပါအ၀င်ပါ။ ဒီနှစ် ကမ္ဘာဖလားပွဲမှာ ပွဲမစခင်ကထဲက ကျွန်မနှစ်သက်တဲ့ စပိန်အသင်းကို အားပေးဖို့ ဆုံးဖြတ်ခဲ့ပြီး ကံအားလျှော်စွာ ကျွန်မအားပေးနေတဲ့ စပိန်အသင်းက အုပ်စုပွဲကနေ ကွာတားကိုကျော်ဖြတ်လို့ ၈.၇.၂၀၁၀နေ့မှာ ဂျာမဏီနဲ့ ကန်မယ့် ဆီမီး ဖိုင်နယ်အထိ တက်ရောက်လာလို့ အလွန်ပင် ၀မ်းသာမိခဲ့ရပါတယ်။ စပိန်အသင်းရဲ့ ရွှေခြေထောက်ပိုင်ရှင်   ဒေးဗစ်ဗီလာဟာ ယခု ၂၀၁၀ ကမ္ဘာဖလားပွဲမှာ စုစုပေါင်း ဂိုး၅ဂိုး အများဆုံးသွင်းထားသူအဖြစ် အခုအချိန်ထိ စံချိန်တင်ထားခံနေရသူပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲကာလကို ရောက်ရင်ဖြင့် ကမ္ဘာပေါ်က လူသား သန်းထောင်ချီတို့ဟာ ကမ္ဘာ့ဖလားဝေဒနာ စွဲကပ်ခြင်းခံကြရပြီး အပျော်လွန်သူတို့ ကပျော်၊ ၀မ်းနည်းပက်လက် ပူဆွေးသူက ပူဆွေးနဲ့ မအိပ်နိုင် မစားနိုင်ပဲ ကမ္ဘာ့ဖလားပွဲကိုက်ကြပါတော့တယ်။ ကျွန်မလည်း ပွဲစဉ်တော်တော်များများ ကြည့်အပြီးမှာတော့ ပို့စ်လေးတစ်ပုဒ် ရေးချင်လာမိပါတယ်။ ဒီပို့စ်လေး ရေးဖြစ်အောင် တွန်းအားပေးလာတာကတော့ အောင်ပန်းဆွတ်ခူး အနိုင်ရ သူတွေရဲ့ အောင်ပွဲတွေကြောင့်မဟုတ်ပဲ  ရှုံးနိမ့်ခဲ့ရသူတွေရဲ့ ကြေကွဲပဲ့တင်သံတွေကြောင့်ပါဘဲ။ ရှုံးသူတွေရဲ့ ကြေကွဲမှုတွေ၊ ရှုံးသူတွေရဲ့ ကြိမ်းဝါး သံတွေ၊ ရှုံးသူတွေရဲ့ မချိတင်ကဲရေရွတ်မှုတွေ၊ ရှုံးသူတွေရဲ့ မထိမ်းနိုင်တဲ့ မျက်ရည်တွေဟာ ဒီနှစ် ကမ္ဘာဖလားဖလားဘောလုံးပွဲကို ခတ်ပြင်းပြင်းလေး ရိုက်ခတ်သွားပါတယ်။ အရှုံးတွေကို စိတ်ဝင်စားတတ်တဲ့ မြသွေးနီတစ်ယောက် ရှုံးပွဲတွေကို ပြန်စဉ်းစားရင်း ပို့စ်လေး တစ်ပုဒ်လောက် ရေးချင် စိတ်ဖြစ်လာပါတယ်။ ဒါနဲ့ ဒီပို့စ်လေးကို နက်ဖြန် မနက်စောစောကန်မယ့် ဥရုဂွေးနဲ့ နယ်သာလန်ရဲ့ ဆီမီးဖိုင်နယ်ပွဲကို ကြည့်ဖို့ စောင့်နေရင်း ရေးလိုက်မိပါတယ်။

 

အာဂျင်တီးနားနဲ့ မာရာဒိုနာ။ မာရာဒိုနာနဲ့ အာဂျင်တီးနား ခွဲခြားလို့မရ တစ်သားထဲမြင်ခဲ့ကြရတာပါ။ ဒီနှစ်မှာတော့ ကမ္ဘာ့ဖလားကို အရယူမယ်။ ရခဲ့ရင် အ၀တ်မဲ့ ခန္ဓာကိုယ်နဲ့ လမ်းပေါ်မှာပြေးမယ်လို့ လွန်လွန်ကျုးကျူးကြွေးကြော်ထားတဲ့ မာရာဒိုနာက ဂျာမဏီကို ၄ဂိုးပြတ်ရှုံးနိမ့်လို့ ပွဲစဉ်က ထွက်လိုက်ရချိန်မှာ… “ အာဂျင်တီးနားပြည်သူတွေ ကြေကွဲနေသလိုမျိုး ကျွန်တော်လည်း   ကြေကွဲနေပါတယ်၊ ပွဲသိမ်းခရာအမှုတ်မှာ အာဂျင်တီးနား ရှုံးပြီဆိုတာ လက်ခံလိုက်ရတယ်၊ အာဂျင်တီးနား မဟုတ်သူတွေက အောင်ပွဲခံနေကြတယ်၊ ဒါကို ထိုင်ကြည့်နေရတာ အလွန်ခက်ခဲ လှပါတယ်၊ နည်းပြရာထူးက ထွက်သင့်မသင့်ကို စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ၊ သံယောဇဉ်ရှိလှတဲ့ အသင်းကို ထားခဲ့ဖို့ဆိုတာ လွယ်မှ မလွယ်တာဗျာ ”… တဲ့။ သူ့ရဲ့ ယုံကြည်မှုလွန်ကဲခြင်းတွေက သူ့ရဲ့ အရှုံးကို ပိုလို့ အရောင်တင်ပေးနေသလို..။

ဘရာဇီးရဲ့ တိုက်စစ်မှူး ရိုနယ်ဒိုကတော့ နယ်သာလန်ကို ရှုံးနိမ့်ပြီး ပွဲက ထွက်ခွာခဲ့ရတဲ့ ဘရာဇီးအသင်းက အနီကဒ်အပြခံခဲ့ရတဲ့ မယ်လိုကို စိတ်ပူနေရှာပါတယ်။ လောလောဆည် သူ့ မွေးရပ်မြေ ဘရာဇီးကို ပြန်မလာသေးတာဟာ သူ့အသက်အတွက် လုံခြုံမှုပိုရှိလိမ့်မယ်တဲ့။ ကိုလံဘီယာက ကစားသမားတစ်ယောက် ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့  ပြည်တော်အပြန် လုပ်ကြံခံခဲ့ဘူးတာကို မှတ်မိလိုက်တယ်။ စာနာစိတ် ကင်းမဲ့သူတွေရဲ့ ဆိုးရွားတဲ့ ကြိုဆိုမှုတွေက အရှုံးသမားတွေကို ကြေကွဲစိတ်တွေကို မီးလောင်ရာလေပင့်နေသလိုပါဘဲ။ ဘရာဇီးရဲ့ နည်းပြ ဒွန်ဂါကတော့ “ တကယ်ပဲ ကျွန်တော်တို့ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်၊ ဒုတိယပိုင်းမှာ သူတို့ ကစားပုံကို ကျွန်တော်တို့ မမှီခဲ့ပါဘူး၊ ဒီလိုအရှုံးကို မမျှော်လင့်ထားပါဘူး၊ ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပါတယ်၊ သူတို့တကယ်ကောင်းခဲ့တာပါ ” လို့ မုဒိတာစကား ပြောခဲ့ပြီး အရှုံးကို ကျေကျေနပ်နပ်ခံယူသွားသူပါ။

၁၆သင်းရှုံးထွက်ပွဲစဉ်မှာ ပါရာဂွေးကို ပယ်နယ်တီလွဲကာ (၅-၃)နဲ့ ရှုံးနိမ့်ထွက်ခဲ့ရတဲ့ ဂျပန်က   ကျောနံပါတ်(၃) ကိုမာနိုရဲ့ အိမ်အပြန်ကို ၀ါကာရာမာခရိုင်မြို့တော်ဝန် က ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်မယ်လို့ သိရပါတယ်။ မြို့တော်ဝန်က “ သူဟာ ပယ်နယ်တီ လွဲချော်ခဲ့တာ မှန်ပေမယ့် ကျွန်တော်တို့ ဒေသခံလူထုကို အိပ်မက်နဲ့ စိတ်လှုပ်ရှားမှု   ပေးစွမ်းနိုင်ခဲ့သူပါ၊ အသင်းမှာ အကောင်းဆုံးပါဝင် ကစားခဲ့သလို ပထမဆုံးအကြိမ် ၁၆သင်း အဆင့်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လို့ ရှုံးနိမ့်ရပေမယ့်  ထိုက်တန်စွာ ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ရတာပါ”။ ကိုမာနို ကိုယ်တိုင်ကလည်း ရှုံးပွဲအတွက် ကွင်းထဲမှာပင် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီး သူ့ကို အသင်းတာဝန်ရှိသူများနဲ့ ကစားဖော်များက ၀ိုင်းဝန်းဖေးမ ဖျောင့်ဖျခဲ့ကြပါတယ်။ “ ပယ်နယ်တီ လွဲချော်ပြီးချိန်မှာ ကျွန်တော့် စိတ်ဓာတ်က သုညအမှတ်ထိ ကျဆင်းသွားတယ်၊ ကျွန်တော့်ကို အဖော်တွေအားလုံးက ၀ိုင်းဖြောင်းဖျလို့ အရှုံးကို ရင်ဆိုင်လာနိုင်တာပါ” ..လို့   ပြောပြတယ်။ နွေးထွေးတဲ့ ပတ်ဝန်းကျင်ရဲ့ စာနာမှုနဲ့ နားလည်ပေးခြင်းက အားမာန်တွေ တစ်ဖန် ပြန်လည် ရလာနိုင်စေပါတယ်။

 

အသင်းကို ၂၀၀၇ခုနှစ်ထဲက စတင် ကိုင်တွယ်ခဲ့တဲ့ တောင်ကိုရီးယားအသင်းရဲ့ နည်းပြ အသက် ၅၅နှစ်အရွယ် ဟူဂျန်မိုကတော့ သူ့အသင်းကို ၁၆သင်းအဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့် ဥရုဂွေးကို ၂ဂိုး၁ဂိုးနဲ့ ရှုံးနိမ့်ပြီးချိန်မှာ ရာထူးကနှုတ်ထွက်ကြောင်း မီဒီယာတွေကို အသိပေးခဲ့ပါတယ်။ “ လာရာလမ်းအတိုင်း ပြန်သွားဖို့ ဆန္ဒရှိလို့ နှုတ်ထွက်ခဲ့ရတာပါ၊ လူတိုင်းက အနာဂတ်အတွက် ပြင်ဆင်ရပြီး ကျွန်တော်လည်း ကိုယ့်ရဲ့အနာဂတ် ပြင်ဆင်ဖို့ အချိန်တန်လို့ အခုလို နှုတ်ထွက်ရတာပါ၊ ကျွန်တော် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်” လို့  ပြောခဲ့တာက သံဝေဂရဖွယ်ပါ။

 

 

၁၆သင်းအဆင့်မှာ ဘရာဇီးကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကထွက်ခဲ့ရပေမယ့် ချီလီလက်ရွေးစင် အသင်းရဲ့ ပြည်တော်ပြန်ခရီးကို သမ္မတကြီးပီယာနီနှင့်တကွ ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုကာ သမ္မတရဲ့နန်းတော်မှာ ဂုဏ်ပြု ဧည့်ခံခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ်၊ ချီလီမှာ အိမ်ရှင်နိုင်ငံ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပွဲမှာ ချီလီအသင်းက တတိယဆု ရရှိခဲ့ဖူးပြီးသားပါ။   အောင်ပွဲရခဲ့ဖူးပေမယ့် အရှုံးကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုခြင်းဖြင့် ရှုံးသူတွေရဲ့ စိတ်ဓာတ်ခွန်အားတွေကို အကောင်းဆုံး ရောက်အောင် တစ်ဖန်ပြန်လည် တည်ဆောက်   ပေးလိုက်ပုံဟာ တကယ့်ကို  ကြည်နူးစရာပါဘဲ။

ကျွန်မ ဖတ်ထားဖူးတာ တစ်ခုမှာတော့ ၁၉၃၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲမှာ (၄-၂)နဲ့ အီတလီကို ရှုံးခဲ့ရတဲ့ ဟန်ဂရေရီက ဂိုးသမားက “ ငါ့ဘ၀မှာ အခုလို အရှုံးအတွက် ဂုဏ်ယူမိတဲ့ ဖီလင်မျိုး တစ်ခါမှမရခဲ့ဘူး ” လို့ သူ့ကစားဖော်တွေကို ပြောပြတော့ အားလုံးက တစ်ဖက်အသင်းကို ရှုံးနေတဲ့ကြားက ဂုဏ်ယူနေတဲ့ သူ့ကို နားမလည်နိုင်ကြဘူး။ သူက ဆက်ပြောတယ် “ ငါ .. လူ ၁၁ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်လိုက်တယ်လေ ”တဲ့။ ဟုတ်ပါတယ်။ ဗိုလ်လုပွဲ ကျင်းပကာနီး နာရီပိုင်းအလိုမှာ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီး မူဆိုလိုနီက သူ့ကစားသမားတွေကို ကြေးနန်း တစ်စောင် ပို့ပေးခဲ့တယ်။ ကြေးနန်းမှာရေးထားတာက “ Win Or Die” တဲ့။  နိုင်ရင်နိုင်၊ မနိုင်ရင် အသေပဲလို့ ရာဇသံပေးလိုက်တာပေါ့။ တကယ်တော့ ဟန်ဂရေရီဂိုးသမားက ရှုံးရင်   သေဒဏ်သင့်တော့မယ့် အီတလီအသင်းသားတွေကို လူတိုင်းလိုချင်တဲ့ အနိုင်ကို စွန့်ပြီး ကယ်တင်ခဲ့တာပါ။

 

 

ပြိုင်ပွဲဆိုရင် အားကစားပွဲတွေမှ မဟုတ်ပါဘူး။ စာမေးပွဲတွေပဲဖြစ်ဖြစ်၊ တခြားဘယ်လို ယှဉ်ပြိုင်ပွဲမျိုးတွေပဲဖြစ်ဖြစ်၊ ပုထုဇဉ်ဆိုတာမျိုးက ယှဉ်ပြိုင်ရင် အနိုင်ရချင်ကြသူချည်းပါဘဲ။  အနိုင်မရချင်သူဆိုတာ မရှိပါဘူး။ ဒါကလည်း သဘာဝကျပါတယ်။ ဒါပေမယ့် ယှဉ်ပြိုင်တိုင်း အနိုင်ရကြဖို့ အရေးကြီးသလို ရှုံးနိမ့်လာချိန်မှာလည်း အရှုံးကို မှန်မှန်ကန်ကန်နဲ့ ကျေကျေနပ်နပ် လက်ခံနိုင်ဖို့ကလည်း အလွန် အရေးကြီးလှတယ်လို့ ထင်မိပါတယ်။ ငါတို့ အနိုင်ရအောင် ကြိုးစားရမယ်လို့ ကြွေးကျော်ထားသလို၊ ငါတို့ ရှုံးများ ရှုံးနိမ့်ခဲ့ရင် အရှုံးကိုဘယ်လို ရင်ဆိုင်ကြမလဲဆိုတာကိုလည်း ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။

မှတ်မှတ်ရရ ကျွန်မ တက္ကသိုလ် ပထမနှစ်က စာမေးပွဲကျရှုံးတဲ့ အရသာကို တစ်ပါတ်လောက် လူးလူးလှိမ့်လှိမ့် ခံစားခဲ့ရဘူးပါတယ်။ ကျွန်မတစ်သက် စာမေးပွဲတစ်ခါမှ မကျရှုံးခဲ့ဖူးပါဘူး။   အောင်ရင်လည်း အမြဲ ထူးထူးချွန်ချွန်နဲ့ အောင်မြင်နေကြမို့ အရှုံးရဲ့အရသာဆိုတာ ဘယ်လိုနေ မယ်လို့ တစ်ခါမှ မြည်းစမ်းခွင့်မကြုံခဲ့ပါဘူး။ အောင်စာရင်းကြည့်ချိန်မှာ ကိုယ့်နာမည် မပါလာလို့ ရလိုက်တဲ့ ခံစားချက်က အလူးအလှိမ့်ပါဘဲ။ မမျှော်လင့်ထားတဲ့အတွက် ရလာတဲ့အရှုံးက ခါးသီး စူးရှလွန်းလှပါတယ်။ အိမ်ထဲက အိမ်ပြင်မထွက်ရဲ၊ ကျောင်းလည်း ပြန်မတက်ရဲနဲ့ အရှက်တောထဲ နစ်မွန်းပြီး ကိုယ့်ကိုယ်ကို စိတ်ပျက်ဝမ်းနည်း ကြေကွဲခဲ့ရဘူးပါတယ်။ တစ်ပါတ်နေလို့   နောက်ဆက်တွဲ အောင်စာရင်းတွေထွက်လို့ ကိုယ့်နာမည်ပါလာမှ ကျောင်းလခ ဘယ်လိုကနေ ဘယ်လို တစ်လစာ သွင်းဖို့ မေ့ကျန်နေခဲ့လည်းမသိ၊ ထွက်ထွက်ချင်း   အောင်စာရင်းမှာ မပါဘဲ   နောက်ဆက်တွဲ ဆပ်ပလီကြွေးကျန် စာရင်းနဲ့၊ ဂုဏ်ထူး၂ဘာသာနဲ့ အောင်စာရင်းထွက်ခဲ့ရလို့ ငိုရရယ်ရအခက် ကြုံခဲ့ရဘူးပါတယ်။ ဒါက ကျွန်မကိုယ်တွေ့ အရှုံးတစ်ခုကို ခါးသီးစွာ ရင်ဆိုင်ခဲ့ရတာပါ။

 

ဒီပို့စ်လေးရေးအပြီး နယ်သာလန်နဲ့ ဥရုဂွေးရဲ့  အကြိုဗိုလ်လုပွဲ အပြီးမှာတော့ နယ်သာလန်က   ဥရုဂွေးကို  (၃-၂) နဲ့ အနိုင်ရကာ ဗိုလ်လုပွဲကြီးကို တက်ရောက်သွားခဲ့ပါပြီ။ မနက်ဖြန် စိတ်လှုပ်ရှား ဖွယ်ရာ အလွန်ကောင်းမယ့် စပိန်နဲ့ ဂျာမဏီ ပွဲအပြီးမှာ ကမ္ဘာ့ဖလားကြီးကို ဘယ်သူက ဆွတ်ခူးရ ယူလို့ ဘယ်သူက ရှုံးပွဲအတွက် မချိတင်ကဲ ကြေကွဲရဦးမလဲဆိုတာ………။

တကယ်တော့ အရှုံးဆိုတာမျိုးကလဲ ကိုယ်တိုင်အရှုံးကို ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံရှိသူတွေက  သူတစ်ပါးရဲ့ အရှုံးကို ပိုလို့ စာနာ နားလည်ပေးတတ်မယ် ထင်ပါတယ်။ ဆန့်ကျင်ဖက်   ပြန်တွေးကြည့်မိပြန်တော့လည်း အနိုင်အမြဲရနေသူတွေက သူတို့ရဲ့ ကောင်းမွန်ခဲ့တဲ့ အစဉ်အလာ၊ သူတို့ရဲ့ ယုံကြည်မှု လွန်ကဲတဲ့ အတ္တကြောင့် မကြာခဏ အရှုံးတွေကို ရနေသူတွေထက် အရှုံးကို ရင်ဆိုင်ရမှာ ပိုလို့တောင် စိုးရွံ့နေကြမလားလို့ တွေးမိပါတယ်။ အောင်ပွဲတွေ ဆက်တိုက်ရခဲ့တာ ဒီတစ်ကြိမ် ရှုံးတာလေးလောက်နဲ့များ မမှုရေးချ မမှုလို့ မာန်တင်းဟန်တင်းပြောနေပေမယ့် သူတို့ရဲ့ အရှုံးက အဖတ်ပြန်ဆည်လို့ မရတော့ပါဘူး။ ဒီလို လူမျိုးတွေကတော့ ရလာတဲ့ အရှုံးတွေကြောင့် နလံမထူနိုင်အောင် ဗုန်းဗုန်း လဲကျသွားတတ်ပါတယ်။

ရှုံးနိမ့်နေသူတွေကို ရေနစ်ရာ ၀ါးကူထိုးမယ့်အစား အရှုံးကြောင့် ကြေကွဲနေသူတို့ရဲ့ အရှုံးကို ရင်ဖွင့်စာနာပေးဖို့ လိုအပ်လှပါတယ်။ သူတို့ကို နွေးထွေးစွာ ဖေးမပေးရပါ့မယ်။ သူတို့မှာ ထွက်ပေါက်ရှိသင့်ပါတယ်။ သူတို့ကို နောက်ထပ်တစ်ကြိမ် ထပ်မံ အခွင့်အရေးတွေ ရလာအောင် ဖန်တီးပေးရပါမယ်။ အရှုံးတွေကနေပဲ ပြန်လည် အားမာန်တွေရ၊ အောင်ပွဲတွေ တည်ဆောက်နိုင်တယ်ဆိုတာ၊ အရှုံးတွေရဲ့ဇစ်မြစ်ကို  ရှုံးသူတွေ သေချာ သိနားလည်ရင် အနာဂတ်ရဲ့ အောင်ပွဲတွေက လက်တစ်ကမ်းမှာ ရောင်နီနဲ့အတူ စောင့်ကြိုနေကြမှာ မုချမလွဲပါ။

 ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ရာသီစာ. Bookmark the permalink.

16 Responses to ရှုံးသူတို့ရဲ့မျက်နှာစာ

  1. တစ်ခြားသူတွေမှာ ရှုံးနိမ့်ခြင်းတွေခံစားနေရတဲ့အခါ နှစ်သိမ့်နားလည်ကိုယ်ချင်းစာနိုင်ပေမယ့် တစ်ခါတစ်လေကျရင် ကိုယ့်အရှုံးကိုယ် လက်မခံချင်တဲ့အထဲမှာ ညလေးလည်း ပါနေတယ် မမရေ … ရှုံးနိမ့်ခြင်းတွေကို လက်ခံသင်ခန်းစာယူနိုင်ဖို့ ညလေးလည်း လိုအပ်နေသေးတယ်ဗျာ … :)

  2. phyophyo says:

    မူဆိုလီနီ ရဲ့ Win or Die ဖတ်ပြီးလန့်သွားတာပဲ။
    မသိသေးတဲ့ ဗဟုသုတတွေ အတွက် ကျေးဇူးအများကြီးတင်ပါတယ် အစ်မ မမြသွေးရေ။

  3. AH says:

    သွားလေသူကြီး ကင်မ်ဂျုံအီးလ် ကတော့ ၂၀၁၀ ကမ္ဘာ့ဖလားကနေ ထွက်လိုက်ရတဲ့ သူ့အသင်းကို ဘယ်လို နှိပ်ကွပ်သလဲတော့ မသိ။ ဘာပဲပြောပြော ယူ၂၂ ခြေစစ်ပွဲအောင်သွားလို့ အစ်မလိုပဲ ကျွန်တော်လည်း ထပ်တူ ထပ်မျှ ပျော်ရွှင်မိပါတယ် ခင်ဗျာ။

  4. ချစ်ကြည်အေး says:

    အရှုံးတွေကို ကြေကြေနပ်နပ် လက်ခံနိုင်ဖို့၊ အနိုင်ကို မုဒိတာပွားနိုင်ဖို့ တကယ်ပဲ လိုအပ်ပါတယ် ညီမရေ။ ဒိုင် ခေါက်ဆွဲမစားဖို့လည်း လိုတာပေါ့ နော်း)))) နောက်တား)

  5. angelhlaing says:

    အနိုင်၊ အရှုံးတွေကြားထဲမှာ ပွဲကြည့် ပရိသတ်လဲ ဖတ်ဖတ်ကို မောလို့ ..အဟိးး အော်ရ ဟစ်ရ..အားပေးရလို့ အဟီးး..:):)

  6. မမြသွေးနီရဲ့ ဒီပို့စ်လေး ဖတ်နေရင်းနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားက ပုံရိပ်တွေ ပြန်မြင်လာမိတယ်၊ ကမ္ဘာ့ဖလားတိုင်း လိုလိုကတော့ စိတ်ခံစားမှုတွေ အမြဲပေးနေကြပါပဲဗျာ၊ ပြောရရင် လူတင် မကပါဘူး၊ ရေဘဝဲတောင် ပါလိုက်သေးတယ် မဟုတ်လား..၊း) မြန်မာအသင်း ခြေစစ်ပွဲ အောင်သွားတဲ့ သတင်းကြားတော့ ဝမ်းသာမိတယ်၊ အောင်ပွဲတွေနဲ့ ဝေးနေတာ ကြာပြီ မဟုတ်လား…၊

    စကားမစပ်.. ကျနော်တို့ အားပေးတဲ့ အသင်းချင်းတော့ တူနေပြီဗျို့…။း)

  7. အစ်မပိုစ့်ဖတ်ပြီး ကမ္ဘာ့ဖလားကို ပြန်သတိရသွားတယ်. ၂၀၁၄ကျရင် ရင်ခုန်ရဦးတော့မယ် အဲခါကျ စာပြန်ရေးကြတာပေါ့နော်.. ဒီတစ်ခါတော့ ရေဘဝဲမပါရင် ပွဲစည်ပါ့မလားမသိဘူး ရင်ခုန်ဖို့:P
    အကောင်းဆုံးခန့်မှန်းသွားတဲ့ ရေဘဝဲလေးကလည်း ကမ္ဘာ့ဖလားအတွက် ဇာတ်လိုက်ဖြစ်ခဲ့တယ်နော်..
    နိုင်သူတွေ ပျော်ပေမဲ့ရှုံးသူတွေကလည်း တကယ်ကို သနားစရာကောင်းပါတယ်။ လက်တစ်ကမ်းအလိုမှာ ဆုံးရှုံးရတာတွေက ပိုပြီး ခံစားရတယ်။

  8. KT says:

    Ama yay…..
    No offense, I would like to point out one thing. What Mussoloni said in 1938 world cup “Vincere o morire”, he didn’t mean win or die. Its literally mean “win or die” but it was actually a Fascist slogan used in Italy at the time meaning basically “Victory or bust!” or something like “win or die (trying)”.
    What Antal Szabo said was just an excuse or might be he honestly believed that is “Win or die!”
    But if you watch this video clip, you can see none of those goals were cheap.
    http://www.youtube.com/watch?v=E6F7USHshyM

    • mamyathway says:

      အခုလိုပြောပြတာ ကျေးဇူးပဲKTရေ…။
      အစ်မ ယူကျူ့လည်း ကြည့်လိုက်ပါဦးမယ်…။

  9. အမမြသွေးက ဘော်လုံးကိုလေ့လာအားအတော်ကောင်းတာပဲ
    အရှုံးဆိုတာမျိုးကလဲ ကိုယ်တိုင်အရှုံးကို ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံရှိသူတွေက သူတစ်ပါးရဲ့ အရှုံးကို ပိုလို့ စာနာ နားလည်ပေးတတ်မယ်—ဟုတ်တယ်အမရေ
    ကျန်းမာရေးမကောင်းတဲ့သူကလဲ ကျန်းမာခြင်းအရသာကိုသူများထက်ပိုပြီးသိသလို
    ဒုက္ခရောက်ဖူးတဲ့သူကလဲ ဒုက္ခဆိုတာဘာလဲ?
    သူက သူများထက်ပိုပြီးသိတယ်
    တချို့တွေက ကျန်းမာရေးကောင်းတယ် အချိန်တွေပိုတယ်
    ကျန်းမာရေးမကောင်းတဲ့ သူရဲ့ခံစားချက်ကိုနားမလည်ဘူး—

  10. ဟုတ်တယ်ဆရာမရေ နိုင်သူတွေကပျော်နေပေမယ့် ရှုံးတွေကတော့ ငိုနေရတာ။

  11. Junemoe says:

    အရှုံးဆိုတာကို ကိုယ်တိုင် ခံစားဖူးသူမှ တစ်ဖက်သားရဲ့ ခံစားမှုကို ကိုယ်ချင်းစာ နားလည်စာနာပြီး ဖေးမပေးနိုင်လိမ့်မယ်လို့ ယုံကြည်တယ် အမ။
    အမြဲအနိုင်ရသူဟာ အစဉ်အနိုင်လိုချင်နေပြီး အရှုံးကိုလည်း ရဲရဲရင့်ရင့် လက်ခံနိုင်စွမ်းရှိမှာမဟုတ်ဘူး။
    ကျွန်တော်တော့ အနိုင်တွေထက် အရှုံးတွေကိုပဲ (များသောအားဖြင့်) ကြုံတွေခဲ့ရ၊ ကြုံတွေ့နေရဆဲမို့ ကိုယ်ချင်းစာနိုင်တယ်။

    ခင်မင်လေးစားလျက်
    ဂျွန်မိုး

  12. Junemoe says:

    စကားမစပ် အမရေ…
    ဖူးငုံ July က ခုထိ ဘာလို့ ထွက်မလာသေးတာလဲဟင်… မန်းလေးက စာအုပ်ဆိုင်တွေကို နေ့တိုင်း ဖုန်းဆက်မေးနေတာ ကြာတော့ သူတို့ ရိုက်ချင်စိတ်ပေါက်နေပြီလား မသိ.. :)
    မန်းလေးကိုများ မဖြန့်တော့တာလားလို့ စိတ်ပူပြီး အသိတစ်ယောက်ကို ရန်ကုန်က စာအုပ်ဆိုင်တွေမှာ လိုက်ကြည့်ခိုင်းထားတာ သူလည်း မအားတာနဲ့ မကြည့်ဖြစ်သေးဘူးတဲ့လေ…
    ဖူးငုံကို ဖတ်ချင်လှပြီ… မျှော်ရလွန်းလို့ မောလှပြီ အမရေ… :)

    • mamyathway says:

      ဟုတ်တယ် ဂျွန်မိုးရေ။
      ဖူးငုံ ဒီလ ထွက်ဖို့ နည်းနည်း နောက်ကျနေတယ်လို့ သိရပါတယ်။
      ထွက်တာနဲ့ အသိပေးပါ့မယ်နော်။

  13. blackroze says:

    ဟုတ်တယ်..မကြီးမြသွေးရေ
    လူတွေဟာအနိုင်ဆိုတာကို
    လွယ်လွယ်နဲ့လက်ခံနိုင်ကြပေမဲ့
    အရှုံးဆိုတာကိုတော့လက်မခံချင်ကြဘူး..
    တခါတလေ အရှုံးနဲ့ ပြန်အနိုင်ယူလိုက်ရတာ
    မျိုးတွေလည်းရှိတတ်ပါတယ်..
    ပစ်ပစ်လည်း ဘောလုံးဝါသနာပါတယ်..
    ကလပ်အသင်းဆိုရင်ချယ်ဆီး
    နိုင်ငံအသင်းဆိုရင် အီတလီပေါ့..

  14. Latt Latt says:

    အရှုံးတွေနည်းနိုင်သမျှနည်းကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>