ဇူလိုင်လ teen Magazineက ဆယ်တန်းကျောင်းသူ ချစ်စရာဖူးငုံမလေး “လ၀န်းကြယ်စင်” ရဲ့ မျက်နှာဖုံးလေးနဲ့ ထွက်လာခဲ့ပါပြီ။ စစချင်း အယ်ဒီတာ့အမှာရဲ့ နိုင်ငံသား တိုင်း ရင့်ကျက်တဲ့၊ ဆင်ခြင်တုံ တရားရှိတဲ့၊ လေးနက်တဲ့ အပြုမူ အပြောအဆိုများ၊ ခံယူချက်များ ရှိသင့်တာကို အယ်ဒီတာ့ ရှုထောင့်ကနေ ထိထိမိမိနဲ့ ဖော်ပြထားပါတယ်။ ကဗျာရှည်များ လစဉ်(၃)ပုဒ်စီ နေရာပေး ဖော်ပြနေကြအတိုင်း ကဗျာဆရာ တိုးနှောင်မိုး၊ လင်းလက်တာရာ၊ လင်းခါးတို့ရဲ့ ကဗျာများကို ဖော်ပြထားပါတယ်။ Echo Page ကဏ္ဍမှာတော့ ဒေါ်အောင်ဆန်းဆုကြည်ရဲ့ ပြည်ပခရီးစဉ် ပုံရိပ်များ၊ ဂရိတ်ဦးဖိုးစိန် နှစ်၁၃၀ပြည့်ပွဲအကြို ပြင်ဆင်မှု၊ ကချင်ဒေသ စစ်ဘေးသင့် ပြည်သူများအတွက် အနုပညာရှင်များရဲ့ ရန်ပုံငွေရှာဖွေပွဲ၊ ဆရာ ရာပြည့်ရဲ့ Justin Bieber အခန်းဆက် ဘာသာပြန်ဆောင်းပါး၊ အယ်ဒီတာ အဖွဲ့ရဲ့ ကမ္ဘာကျော်တဲ့ ကလေးအလုပ်သမားဆန့်ကျင်ရေး ဆောင်းပါးတို့ ပါဝင်ပါတယ်။
Interview ကဏ္ဍမှာတော့ ၂၀၁၂ ခုနှစ် ရွှေအမြုတေ စာပေဆု ပြိုင်ပွဲမှာ ရန်ကုန်မြို့ကြီးအကြောင်း ကဗျာရေးပြီး ကဗျာဆု ဆွတ်ခူးခဲ့တဲ့ ကဗျာဆရာ မောင်ရေချမ်းနဲ့ ကချင်ပြည်နယ် စစ်ဘေးသင့် ကလေးငယ်လေး တစ်ယောက်ရဲ့ ဘ၀ကို သေချာ စီကုံးရေးသားထားတဲ့ စာမူနဲ့ ၀တ္တုတိုဆု ရခဲ့တဲ့ စာရေးဆရာမ စပယ်ဖြုနုနဲ့ တွေ့ဆုံ မေးမြန်းထား ပါတယ်။
ဒါ့အပြင် “အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍ” မှ လူငယ် Crown Doctors လေးများရဲ့ ရန်ကုန်ကလေးဆေးရုံကြီးမှာ တက်ရောက် ဆေးကုသနေကြတဲ့ ဝေဒနာရှင် ကလေးငယ်များအတွက် နှစ်သိမ့် အားပေး အစီအစဉ် အင်တာဗျူး၊ လူငယ်ကြိုက်တေးသံရှင် Bobby Soxerနဲ့ အင်တာဗျူး၊ မော်ဒယ်လ်အေဂျင်စီ တင်မိုးလွင်၏ ဖက်ရှင်အမြင် အင်တာဗျူး၊ “သန်သူနဲ့ စွမ်းသူကဏ္ဍ” မှာ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်နေတဲ့ မော်ဒယ် ခင်ယွန်းယွန်းနဲ့ အင်တာဗျူး၊ လူငယ်စကားဝိုင်းမှ “ သူရဲကောင်းက အာဇာနည်လား၊ အာဇာနည်က သူရဲကောင်းလား” ဆိုတဲ့ ခေါင်းစဉ်အပေါ် ဆွေးနွေးချက်များ ပါဝင်ပါတယ်။
စာချစ်သူများအတွက် စာကောင်းပေမွန်တွေ လမ်းညွှန်ပေးနေတဲ့ ဆရာမင်းကိုဥာဏ်ရဲ့ “ဖတ်ကြည့်ပါ” ကဏ္ဍ၊ ဆရာဦးအေးချစ် (EEAC) ရဲ့ In the Wiles of the Words ၊ “ဖန်တီးသူတို့ အပြော ကဏ္ဍ” မှ တေးသံရှင် မိုးမိုးရဲ့ “မဖြစ်ဘူး” ကိုယ်တိုင်ရေး သီချင်းအပေါ် ရေးသူ နားထောင်သူ တို့ရဲ့ အမြင်၊ ဆရာဟန်ဇော်ရဲ့ အင်တာနက် အသုံးပြုမှု အခြေခံ သုတ၊ သာမာန်တို့၏ အနာဂတ်အိပ်မက် ကဏ္ဍ၊ “ကိုယ်တွေ့ခရီး” ကဏ္ဍမှာ ခင်ဆုမြတ်ထွန်းရဲ့ တရုပ်ပြည်ခရီးစဉ် ဆောင်းပါးကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
Experience Exchange ကဏ္ဍမှာတော့ ဆရာမ နန်းကြာဖြူ (ဘားအံ)နဲ့ Thought Exchange ကဏ္ဍမှာတော့ ချယ်ရီချို(မုံရွာ)တို့ရဲ့ လက်ရာ အက်ဆေးများကို ဖော်ပြထားပြီး၊ လူငယ်များအတွက် “ရေးကြည့်ပါ ကဏ္ဍ” မှာတော့ ကချင်လေး(မန်း-ဆေး)ရဲ့ သူငယ်ချင်းသို့ အိတ်ဖွင့်ပေးစာ၊ “လက်သစ်ကဗျာ ကဏ္ဍ” မှာ သုစံ(ရွှေလှော်သား)၊ ဂျွန်မိုးနဲ့ သီရန်စုတို့ရဲ့ လက်ရာကဗျာများ ဖော်ပြခံထားရပြီး၊ ဒီလအတွက် မြနှောင်းညို၊ စပယ်ဖြူနု၊ လွန်းဆက်နိုးမြတ်၊ မြေမှုန်လွင်၊ ထော်ဦး (ဘားအံကွန်ပျူတာ)၊ ထန်၊ မေသင်္ကြန် (တပ်ကုန်း)နဲ့ မြသရဖီကျော်တို့ရဲ့ လက်ရာကောင်းများကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းဟာ ရသဦးစားပေး မဂ္ဂဇင်းဖြစ်သည့်အပြင်၊ လူငယ် လက်သစ်များစွာကို နေရာပေးထားတဲ့ မဂ္ဂဇင်းတစ်စောင်ဆိုရင်လည်း မမှားပါဘူး။ လူငယ်ကလောင်ရှင်များအပြင်၊ လက်သွေးလိုသူများအတွက် အဓိက နေရာပေးထားတာမို့ ဖူးငုံလူငယ်များကိုယ်တိုင် ဖတ်ရှုယုံမျှမက၊ သင့်လျော်တဲ့ ကဏ္ဍတွေမှာ ပါဝင်လက်သွေးနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
ဒီလထုတ် teen Magazineမှာ လစဉ်ပါဝင် ဖော်ပြပေးနေတဲ့ မြသွေးနီရဲ့ Blog Digest ကဏ္ဍအတွက် ရွေးချယ်ဖြစ်ခဲ့တဲ့ ဘလော့ဂါများရဲ့ လက်ရာများနဲ့လည်း တွေ့ထိပေးချင်ပါသေးတယ်။ ဒီလမှာတော့ ဘလော့ဂါတွေရဲ့ ကောင်းနိုးရာရာ စာစုများအပြင်၊ “စာပေလွတ်လပ်ခွင့်” အပေါ် သူတို့ တစ်ဦးချင်းစီရဲ့ ခံယူ ထင်မြင်ချက်များကိုလည်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ဇူလိုင်လ Blog Digestအတွက် ကဗျာကိုတော့ အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်မှာ နေထိုင်နေတဲ့ အွန်လိုင်းကဗျာဆရာ လင်းခေတ်ဒီနိုရဲ့ “နတ္တိကဗျာဆရာ” ဆိုတဲ့ ကဗျာရှည်ကို ဖော်ပြပေးနိုင်ခဲ့ပါတယ်။ “ပြည်ပကို ရောက်ပြီးနောက်ပိုင်း နှစ်အနည်းငယ် ကြာလာတာနဲ့အမျှ ပြည်ပရောက်သူတွေ ဖြစ်တတ်လေ့ရှိတဲ့ ကိုယ်နေရပ် ကိုယ့်ဒေသ ကိုယ့်အိမ့် ကိုယ့်အပေါင်းအသင်းတွေကို လွမ်းတတ်တဲ့ ထုံးစံအတိုင်း ကျွန်တော်လည်း ကျွန်တော့်အိမ်၊ ကျွန်တော့် ပတ်ဝန်းကျင်၊ ကျွန်တော့် အပေါင်းအသင်းတွေကို တမ်းတမိလို့ ရေးချလိုက်မိတဲ့ ကဗျာလေး တစ်ပုဒ်ပါ ” လို့ ဒီကဗျာကလေး မွေးဖွားဖြစ်ခဲ့ပုံကို လင်းခေတ်ဒီနိုက ပြောပြခဲ့ပါတယ်။ ကဗျာ အမြည်းလေးကို ဖတ်ကြည့်ရအောင်နော်။
<စာမြည်း>
မနက်ခင်း အာရုံ
အိပ်မှုန်စုံမွှား ဘုန်ကြီးကျောင်းသား
အော်နေတာက
“ ဗျိုးးး တော်းးးး ဆွမ်းးးးးးးးးး ”
ကြားလိုက်ရတဲ့ ကြေးစည်သံ တစ်ချက်
ဒီလို အလွဲနံနက်ခင်းနဲ့ နိုးထလာရ
မြောက်ဒဂုံ ၊ ၇ ၈ လမ်းဆုံ ၊
ဒေါ်ဂွက် ဗရာကြော် ၊ ခွါညိုမ မုန့်ဟင်းခါး
ချစ်စံဝင်း 45 ၊ 92 ၊ ဖာလာ ၊ ဆစ်ကနဲ
အညာသား ကဖီး
ကျွန်တော့်အရှေ့က ကျစိမ့်
နို့စိမ်း တစ်ပေါက် နှစ်ပေါက်
ဘေးနားက သကြားပလာတာစားရင်
နွားပလာတာ စားသလို ဖြစ်နေမလား
ဒီမနက် ၂၀၅ လိုင်းကား လူမချောင်ဘူး
အိတ်ကပ်ထဲက ၅၀ တန်
မိတ်အင် ဘားမား
တိတ်ပ် တစ်ချက် နှစ်ချက်လောက် ဆွဲစိထားတယ်
လွန်ခဲ့တဲ့ ၅ နှစ်
တချိန်တုန်း က
နထ္ထိ ကဗျာဆရာ ။
<စာမြည်း>
ကဗျာအမြည်းလေးပဲ ဖတ်ရတာ အားမရဘူးဆိုရင်တော့ အစကနေအဆုံး ဒီကဗျာရှည်ကို ဒီနေရာမှာ သွားရောက် ဖတ်ရှုအားပေးနိုင်ပါတယ်။
“ဖခင်ဖြစ်သူ ကိုယ်တိုင်က ကဗျာတွေ ချစ်မြတ်နိုးတတ်သူမို့ ဒိုင်ယာရီထဲ ဖခင်ရေးထားတဲ့ ကဗျာများကို ငယ်စဉ်ထဲက ဖတ်ရင်း သူ့ဆီမှာ ကဗျာပိုးတွေ ခိုအောင်းနေခဲ့ပြီး၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်တို့လို့ ကဗျာနုနုလှလှလေး တွေကိုပါ ဖတ်တတ်လာတယ်” လို့ ကဗျာတွေနဲ့ စတင် တွေ့ထိဖြစ်ပုံကို ပြောပြပါတယ်။ ပျော်ရွင်တဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ တမ်းတတတ်တဲ့ အခါ၊ စိတ်ရှုပ်ထွေးလာတဲ့အခါ ခံစားချက်တွေကို ကဗျာအဖြစ် ရေးချပြီး စိတ်ကို ဖောက်ထုတ်တတ်တဲ့ အကျင့်လေး ရလာတဲ့ လင်းခေတ်ဒီနိုက တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ကို နှစ်သက်သူမို့ ကဗျာတွေဖတ်ရင်း ရေးရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေ သူပါ။
စာပေလွတ်လပ်ခွင့် အပြည့်အ၀ရှိတဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်သူဖြစ်တာမို့ စာရေးသူတွေအတွက် စာပေလွတ်လပ်ခွင့်အပေါ် သူ့အမြင်ကို မေးကြည့်တော့ “ ကိုယ့်ရဲ့ အတွေးအခေါ်၊ အမြင်တွေကို လွတ်လပ်စွာ ရေးသား ထုတ်ဖော်နိုင်ဖို့ အတွက် လွတ်လပ်စွာ ရေးသားနိုင်ခွင့် ရှိခြင်းဟာလည်း သိပ်ကို အရေးကြီးတဲ့ အရာပါ၊ Human Rights တစ်ရပ် အနေနဲ့လည်း ကျွန်တော် မြင်ပါတယ်၊ စာပေလွတ်လပ်ခွင့်ရဲ့ နောက်မှာ ဖြစ်ပေါ်လာတဲ့ အသီးအပွင့်တွေကတော့ သိပ်ထွေထွေထူးထူး ပြောစရာလိုမယ် မထင်ဘူး၊ ကျဉ်းမြောင်းတဲ့ အသိုက်အမြုံထဲက ထွက်လာတဲ့ အပျံသင်ခါစ ငှက်ကလေးတွေလိုပါပဲ၊ လောကကြီးဟာ ဘာလဲဆိုတာ မြင်တတ်လာကြပါလိမ့်မယ် ” လို့ သူ့အမြင်ကို ပြောပြပေးခဲ့ပါတယ်။
ဒီတစ်လ အက်ဆေးလေးကိုတော့ အွန်လိုင်းဘလော့ဂါတွေကြားမှာ တုံးဖလားသူကြီးမင်းရယ်လို့ ဟာဒရ ရွှင်ပြုံးစေမယ့် ဘလော့ပို့စ်များကို ဇန၀ဥာဏ် ရွှင်ရွှင်နဲ့ ရေးတတ်တဲ့ အင်္ဂလန်နိုင်ငံမှာ နေထိုင်သူ့ ဘလော့ဂါ ကိုကိုမောင် (ပန်းရနံ့)ရဲ့ “တောင်တက်သူ” ဆိုတဲ့ အက်ဆေးလေးကို ရွေးထားခဲ့ပါတယ်။ “အဆင့်တစ်ခု ရဖို့ ကြိုးစားရင်း အဲဒီ အဆင့်ကို ရောက်သွားတိုင်း နောက်ထပ် အဆင့်တွေက စောင့်ကြိုနေတတ်တယ်၊ လူတွေရဲ့ ရည်မှန်းချက်နဲ့ လိုချင်တောင့်တမှုတွေဟာ ဘယ်တော့မှ ပြီးဆုံးသွားတယ် မရှိဘူးဆိုတဲ့ အခြေအနေကို ကိုယ်တိုင် တွေ့ကြုံခဲ့ပြီးနောက်ပိုင်း ဒီအက်ဆေးလေးကို ရေးဖြစ်ခဲ့တယ်လို့ ဘလော့ဂါ ကိုကိုမောင်က ပြောပြခဲ့ပါတယ်။ သူ့ရဲ့ အက်ဆေးလေးကို မြည်းစမ်းကြည့်ပေးပါဦး။
<စာမြည်း>
အတက်လမ်း။
ကြမ်းသည်။ ရမ်းသည်။ ဆူးရှိသည်။ ခလုပ်ရှိသည်။ ဘေးရှိသည်။ ဘယာပေါသည်။ အတွယ်ရှိသည်။ နွယ်ရှိသည်။ အမြှောင်ရှိသည်။ အကောင်ရှိသည်။ ထောင်ချောက်ရှိသည်။ တောင်စောက် ရှိသည်။ အတို့ရှိသည်။ အထောင်ရှိသည်။ အန္တရာယ်ရှိသည်။ ရန်စွယ်ရှိသည်။ သားကောင်ပေါသည်။ ကျားမြှောင် ပေါသည်။ တောအုပ်ရှိသည်။ သောနုတ်ရှိသည်။ အကြံတူ ရှိသည်။ ရန်သူရှိသည်။ တောချောက်သည်။ တောင်ချောက်သည်။ တစ္ဆေရှိသည်။ မှင်စာရှိသည်။ မှောင်သည်။ မဲသည်။ မိုက်သည်။ နက်သည်။ သို့သော်.. ထိုတောင်ကို တက်ကိုတက်ရမည်။
တောင်ထိပ်မှာ။
အလံရှိသည်။ တံခွန်ရှိသည်။ အသပြာရှိသည်။ ရတနာရှိသည်။ အလှရှိသည်။ ဘ၀ရှိသည်။ ကြည်နူးမှုရှိသည်။ ရည်စူးမှု ရှိသည်။ နန်းမြိုင်ရှိသည်။ ပန်းတိုင်ရှိသည်။ ရောင်နီဦး ရှိသည်။ ရောင်ခြည်ထူးရှိသည်။
<စာမြည်း>
ဆိုက်မှာ တင်ခဲ့ကထဲက စာဖတ်သူများရဲ့ အားပေးမှုကို ရခဲ့တဲ့ ဒီအက်ဆေးလေးကို အစအဆုံး အားပေးချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ မှာ သွားရောက် အားပေးနိုင်ပါတယ်။ ကိုကိုမောင်က အခုလို ပြောပြခဲ့ပါသေးတယ်။
“အစတုန်းက အပျင်းပြေသဘော ရေးခဲ့ပေမယ့် ရေးတာ နည်းနည်းကြာလာတော့ စာဖတ်သူတွေကို ဘယ်လိုမျိုးစာတွေက အမောပြေစေနိုင်သလဲဆိုတာ စဉ်းစားပြီး ဟာသဆန်ဆန်တွေ ရေးဖြစ်ခဲ့တယ်၊ ကိုယ်တိုင်လဲ မွန်းကြပ်နေတဲ့ ဘ၀ထဲမှာ နေနေရတာဆိုတော့ ရေးရင်းနဲ့ပြုံး ပြုံးရင်းနဲ့ရေး၊ ဖတ်သူတွေ ပြုံးနေတာမြင်ရရင် ထပ်ပြုံး၊ လွတ်လပ်ပေါ့ပါးတဲ့ ပြုံးစရာတွေကိုဘဲ များသောအားဖြင့် ရေးဖြစ်တော့တယ်။ တစ်ခါတစ်လေ ခံစားချက်တွေ များလာရင်တော့ ခံစားမှုဆန်ဆန်မျိုး ရေးဖြစ်တတ်ပါတယ်” လို့ ၂၀၀၈ ခုနှစ်လောက်ထဲက အွန်လိုင်းမှာ စာတွေ တစိုက်မတ်မတ် ရေးသားခဲ့တဲ့ ဘလော့ဂါ ကိုကိုမောင်က ပြောပြပါတယ်။ ကိုကိုမောင်ဟာ နိုင်ငံပေါင်းစုံက ဘလော့ဂါများ စုစည်းထားတဲ့ မြန်မာမုဒိတာလူငယ်များအဖွဲ့မှာလည်း တတ်နိုင်သလောက် ပါဝင် ဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။
စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး သူ့အမြင်ကိုတော့ “ မြန်မာမှာ စာပေလွတ်လပ်ခွင့်တွေ ဖြစ်သင့်တာ ကြာပါပြီ၊ အဖျက်ဖက် တွန်းအားပေးတဲ့ စာပေတွေက လွဲရင် အပြုသဘောဆောင်တဲ့ စာပေတွေ မှန်သမျှ လွတ်လွတ်လပ်လပ် ရှိသင့်တယ်လို့ မြင်မိပါတယ်၊ စာပေလွတ်လပ်မှုရဲ့ အသီးအပွင့်အနေနဲ့ကတော့ အားလုံး သိကြတဲ့အတိုင်းပါဘဲ၊ အတွေးအမြင် ဗဟုသုတတွေ တိုးပွါးလာကြမယ်။ အချင်းချင်း စာပေဆွေးနွေးမှုတွေ ကျယ်ပြန့်လာကြမယ်၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် စာပေရေးသားသူတွေ များလာမယ်၊ နည်းပညာဘက် စိတ်ပါဝင်စားသူတွေ များပြားလာမယ်၊ ဒါပေမယ့် ခက်တာက မြန်မာနိုင်ငံသား အများစုမှာ စာဖတ်ဝါသနာပါသူတွေ နည်းနေတာပါဘဲ၊ အဲဒီအတွက် တောရောမြို့ပါမကျန်ပေါ့ လူတွေ စာဖတ်လာချင်စိတ် ရှိလာအောင် အရင် လုပ်ရပါဦးမယ်။ ဒါမှ စာပေလွတ်လပ်မှုရဲ့ အသီးအပွင့်တွေ ပိုများလာမှာပါ” လို့ ပြောပြခဲ့ပါတယ်။
ဇူလိုင်လအတွက် ၀တ္တုတိုကိုတော့ အွန်လိုင်းမှာ စာရေးတာ သိပ်မကြာသေးပေမယ့် ၊ ရေးထားတဲ့ ပုဒ်ရေ မများသေးပေမယ့် တစ်ပုဒ်ဆို တစ်ပုဒ် သေချာအားစိုက်ရေးတတ်တဲ့ ဘလော့ဂါ မြတ်ပန်းနွယ်ရဲ့ မိခင်၊ ဖခင်ဖြစ်သူနဲ့ သမီးရဲ့ကြားက သုံးပွင့်ဆိုင် မေတ္တာတရားကို ဖော်ကျူးထားးတဲ့ “ကြမ္မာစေရာ” ဆိုတဲ့ ၀တ္တုလေးတစ်ပုဒ်ရဲ့ အမြည်းကို ဖော်ပြပေးချင်ပါတယ်။
<စာမြည်း>
ထိုညက ရင်ငြိမ်း အိပ်လို့မပျော်ခဲ့ပါ။ မေမေ့အခန်း မီးပိတ်ထားပေမယ့် မေမေလည်း အိပ်ပျော်မည် မဟုတ်ပါ။ ဖေဖေရော ရင်ငြိမ်းဆုံးဖြတ် ချက်လေးကို စောင့်ပြီး ရင်မောကာ အိပ်မပျော်နိုင်ပဲ ဖြစ်နေရှာမည်လား။ ဖေဖေ့မျက်နှာလေးသည် ရင်ငြိမ်းအတွက် အလွန်ချောမောပြီး ဖေဖေ့ မျက်ဝန်းများတွင် ကြင်နာတတ်သော အရိပ်ယောင်များကို အပြည့် တွေ့နေရသည်။ ချိုသာလှသော ဖေဖေ့ စကားသံလေးများကလည်း ရင်ငြိမ်း နားထဲကကို မထွက်။ ဒီလို မေတ္တာတရား ကြီးမားသည့် အသွင်နဲ့ ဖေဖေက မေမေ့ကို ဘာလို့များ ထားခဲ့ရက်တာပါလိမ့်။ မေမေ့အကြောင်း တွေးမိပြန်တော့ မျက်ရည်တွေကျရပြန်သည်။ မေမေက သူ့ဘဝတစ်ခုလုံးကို ရင်းကာ ရင်ငြိမ်းကို ပြုစုပျိုးထောင်ခဲ့သည်။ ရင်ငြိမ်းသည်သာ မေမေ့ဘဝ။ ရင်ငြိမ်းသည်သာ မေမေ့အသက်၊ မေမေ့မျှော်လင့်ချက်ဖြစ်ခဲ့ရသည် မဟုတ်လား။ ပူလောင်လှသော ရင်တွင်းမီးကို ငြိမ်းအေးစေသည့် သမီးမို့ ရင်ငြိမ်းလို့ပင် အမည်ပေးခဲ့သေးသည်။
ဖေဖေနဲ့မေမေကြား မေတ္တာလွန် ဆွဲနေရပါပြီ။
ညသည် နက်သထက် နက်လာသည်။ ဖေဖေ့မျက်နှာတစ်လှည့်၊ မေမေ့ မျက်နှာတစ်လှည့် ရင်ငြိမ်း မြင်ယောင်မိသည်။ ဖေဖေ့ မေတ္တာကို ခံစားကြည့်ချင်သည်။ မေမေ့ကိုလည်း မထားခဲ့ရက်။ ဖေဖေက ပြောသွားသည်။ “မေမေနဲ့ ဆယ့်ခြောက်နှစ်ကျော်ကြာ နေလာပြီးပြီပဲ သမီးရယ်၊ ဖေဖေနဲ့ ငါးနှစ်လောက်တော့ နေပါ” တဲ့။ ငါးနှစ်ဆိုတာ ဘဝကြီးတစ်ခုလုံးနဲ့ ယှဉ်လျှင် တိုတောင်းသော အချိန်ကာလ တစ်ခုဖြစ်သလို ရှည်လျားသော အချိန်ကာလတစ်ခုလည်း ဖြစ်နေပြန်သည်။ ငါးနှစ်အတွင်းမှာ ဘာတွေဖြစ်လာနိုင်လဲ။ မေမေနဲ့ တစ်သက်လုံးနေမှာမို့ ဖေဖေနဲ့ ငါးနှစ်လောက်တော့ နေဖူးသင့်တယ် မဟုတ်လား။
<စာမြည်း>
မြတ်ပန်းနွယ်ရဲ့ လက်ရာကို အစအဆုံး အားပေးချင်သူများဒီနေရာလေးမှာမှာ ၀င်ရောက် အားပေး ဖတ်ရှုနိုင်ပါတယ်။
မြတ်ပန်းနွယ်က ဒီဝတ္တုလေးကို “လူတစ်ယောက်ဟာ တစ်စုံတစ်ရာကို မလုပ်ခင် ဖြစ်ပေါ်လာနိုင် တဲ့ ကောင်းကျိုး ဆိုးကျိုးကို ခံစားချက် ပဓာနမထားဘဲ အပြန်ပြန်အလှန်လှန် စဉ်းစားတတ်စေဖို့၊ တကယ်လို့ အမှားတစ်ခုကို မသိလိုက်မသိဖာသာပဲဖြစ်စေ၊ သိသိနဲ့ဖြစ်စေ ကျူးလွန်မိပြီး သွားရင်လည်း ကိုယ်လုပ်လိုက်တဲ့ အမှားရဲ့ဒဏ်ကို တာဝန်သိစိတ်နဲ့ ခံယူတတ်စေဖို့ဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အသိအမြင်လေးတစ်ခုကို သတိပြုမိစေချင်တဲ့ သဘောလေးနဲ့ ရေးခဲ့တာဖြစ်ပါတယ် ” ၀တ္တုလေး ရေးဖြစ်ခဲ့ပုံကို ပြောပြခဲ့ပါတယ်။
“ ငယ်စဉ်ကတည်းက စာရေးတာကို တော်တော်လေးပဲ ခုံမင်နှစ်သက်မိခဲ့ ပါတယ်၊ စာတကယ်ရေးဖြစ်တဲ့ အချိန်ကျတော့လည်း ကိုယ်ရေးထားတဲ့ စာလေးတွေကို ကိုယ်တစ်ယောက်တည်း အတွက်သာမက အခြား စာဖတ်သူတွေနဲ့ အတူတူ ဝေမျှခံစားချင်စိတ်၊ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေကို ဝေဖန်ထောက်ပြ ပြောဆို ပေးစေချင်တဲ့ စိတ်လေးတွေ ဖြစ်ပေါ်မိတယ်။ ဒါကြောင့်မို့ www.myatpannwe.com ဆိုတဲ့ ကိုယ်ပိုင် နေရာလေးတစ်ခု ဖန်တီးပြီး စာတွေ စရေးဖြစ်ခဲ့ပါတယ်” လို့ အွန်လိုင်းပေါ် ခြေချဖြစ်ပုံကို ပြောပြပေးခဲ့ပါတယ်။
စာပေလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး “ လွတ်လပ်ခွင့်ဆိုတာက အတားအဆီးမရှိတော့တဲ့ သဘောဖြစ် လို့ အတွေးအခေါ်တွေ ဆန္ဒရှိသလောက် ကွန့်မြူးဖြန့်ကျက်ခွင့် ရနိုင်တယ်လို့လည်း ဆိုလိုနိုင်သလို အစည်းအကြပ် မရှိတော့တဲ့အတွက် အကျိုးမပြုတဲ့ စာပေတစ်ချို့လည်း ပေါ်ပေါက်လာနိုင်ပါတယ်၊ စာပေလွတ်လပ်ခွင့်ကို အခြေခံပြီး အများပြည်သူကို မျက်စိဖွင့် နားဖွင့်ပေးမယ့်၊ အကျိုးရှိစေမယ့် စာပေတွေ၊ ဆောင်းပါးတွေ၊ လူသိ နည်းနေသေးတဲ့ သမိုင်းဖြစ်ရပ်တွေကို လွတ်လွတ်လပ်လပ် သီးပွင့်ဝေဆာစေချင်ပါတယ်” လို့ သူ့အမြင်ကို လူငယ်ပီပီ အခုလို ပြောပြပေးသွားပါတယ်။
၂၀၁၂ခုနှစ်၊ မေလ(၂၈)ရက်က ကျင်းပခဲ့တဲ့ ရွှေအမြုတေစာပေဆုပေးပွဲမှာ ဖူးငုံမဂ္ဂဇင်း၊ ဖေဖော်ဝါရီလမှာ ဖော်ပြခဲ့တဲ့ အွန်လိုင်းမှ လူငယ် ဘလော့ဂါ ကဗျာဆရာ မောင်ရေချမ်းရဲ့ “ရန်ကုန်” ကဗျာလေးက ကဗျာဆု တိုက်တိုက်တန်တန် ဆွတ်ခူးသွားခဲ့တာ ၀မ်းသာစရာပါ။၊ ဘလော့ဂါများ၊ စာရေးဝါသနာပါသူဖူးငုံများ၊ ဖူးငုံမဂ္ဂဇင်းသို့ လွတ်လပ်စွာ စာမူများ တိုက်ရိုက်ပေးပို့ပြီး မိမိတို့ရဲ့ကလောင်ကို သွေးနိုင်ကြပါတယ်။ ဒီတစ်လ Blog Digest ကဏ္ဍ မှာ ဖော်ပြပေးခဲ့တဲ့ ဘလော့ပို့စ်များနဲ့အတူ ဘလော့ဂါများရဲ့ စာပေလွတ်လပ်ခွင့်အပေါ် ကွဲပြားတဲ့ အမြင်တွေကိုလည်း ဖူးငုံချစ်သူတို့ နှစ်သက်မိကြမယ် ထင်ပါတယ်။
သြဂုတ်လ teen Magazineမှာ ပါဝင်မယ့် ဘလော့ဂါများရဲ့ နာမည်များကို ၀မ်းမြောက် ဂုဏ်ယူစွာဖြင့် ကြိုတင် ပြောပြထားချင်ပါသေးတယ်။
ကဗျာ – သော်ဇင်စိုး
အက်ဆေး – ညီမင်းခ
ရသစာစု – ခနွဲ
(ဤပို့စ်တွင် ဖော်ပြထားသော ဓာတ်ပုံများအားလုံးကို ဇူလိုင်လထုတ် ဖူးငုံမဂ္ဂဇင်းမှ ကူးယူ ဖော်ပြပါသည်။ မူရင်းဓာတ်ပုံပညာရှင်များအား ဤနေရာမှ Credit ပေးပါရစေရှင်။ )
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။










လာရောက်ဖတ်ရှုသွားပါတယ်ဆရာမ။ ကျွန်တော့်နာမည်ထည့်မထားလို့ တော်သေးရဲ့။ ထည့်ထားနေမှာစိုးလို့ ပြောဖို့ ကြည့်လိုက်တာ။
မင်္ဂလာပါ ဆရာမ…:D
တကယ်တော့ ဒီလမှာ စာမူပါချင်နေတာပါ…
ဘာကြောင့်လဲဆိုတော့ ခင်မင်နေတဲ့ အစ်မမြတ်ပန်းနွယ်နဲ့  teen မှာ ဆုံခွင့်ရချင်သလို
ရွှေအမြုတေ စာပေဆုရတဲ့သူတွေကို အင်တာဗျူးမယ်ဆိုတာ ထင်နေမိတဲ့အတွက်ကြောင့်ပါ…။
ဒီတစ်ကြိမ် ပါလာတဲ့ စာမူက တစ်နှစ်လောက် စောင့်လိုက်ရပါတယ် ဆရာမရေ…
အဲဒီ အချိန်တုန်းက ပုံနှိပ်လောကထဲက တကြော့ဝင်လာနိုင်ဖို့ အရေး ကြိုးစားလိုက်ရတာ
ဖတ်ဖတ်ကို မောရောပဲ ဆရာမ…
teen က စင်တင်ပေးတဲ့အတွက်လည်း အတိုင်းမသိ ၀မ်းသာမိပါတယ်…
တခြားလူတွေကိုလည်း teen မှာ ကလောင်သွေးကြဖို့  ဖိတ်ခေါ်ချင်ပါတယ်…
ဝမ်းသာစရာကြိး….:):)
ဒီတစ်ခါ ဖူးငုံလေးကို မျှော်လိုက်ရတာ တော်တော်မောသွားတယ်..
ထွက်လာတော့လည်း တကယ်ကောင်းတဲ့ လက်ရာရှင်တွေနဲ့ စုစည်းထားတော့ အမောပြေရတယ်ဗျာ။
ကျေးဇူးပါ အမရေ…
ခင်မင်လေးစားလျက်
jUNEMOE
ကျေးဇူးတင်ပါတယ် အမ မြသွေး။
အက်ဆေးတိုတစ်ပုဒ်အနေနဲ့ ဖော်ပြခွင့်ရလို့လဲ ကျေးဇူးတင်ပါတယ်။
အမ.. အားလုံးအဆင်ပြေပါစေ။
စုံလင်လှတဲ့ teen Magazine
အစဉ်အားပေးလျှက်ပါ…….
မလေး
blog digest မှာပါဝင်ခွင့်ရတဲ့ ဘလော့ဂါတွေအားလုံးအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်ရှင်.။
အရာအားလုံးအောင်မြင်ကြပါစေ။
မမမြသွေးလည်း ချမ်းမြေ့ပျော်ရွှင်ပါစေ။
ချစ်တဲ့
ညီမသဒ္ဓါ
တစ်လထက်တစ်လ အရောင်အသွေးစုံလာတဲ့ ဖူးငုံကလေးက မိုးရေစက်တွေနဲ့ လန်းဆန်း လှပလို့ဘဲနော်။
ဒီထက်ဒီထက်သော ရောင်စုံပန်းကလေးများနဲ့ အမြဲတမ်း ဝေဆာနိုင်တဲ့ ဖူးငုံဖြစ်ပါစေ.. ဒီလ ဖူးငုံထဲပါဝင်သူများ၊ ရွှေဆုရကြသူများ အားလုံးအတွက် ဝမ်းသာဂုဏ်ယူပါတယ်။
Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog