ဒီပို့စ်လေး ဖတ်မယ်ဆိုရင် ပထမပိုင်းကို ဒီနေရာလေးမှာ အရင် ၀င်ဖတ်ပြီးမှ ဒုတိယပိုင်းကို ဖတ်ရတာ ခြိတ်ဆက်မိမယ်ထင်ပါတယ်။
အဲ့ဒီနောက် ပုံနှိပ်ဘက်မှ ဆရာမခင်ဆုမြတ်ထွန်းက သူရဿဝါကို မေးခွန်း ထုတ်ပါတယ်။
“ နည်းပညာပိုင်းရော၊ ရသပိုင်းရော ပြောသွားပြီဆိုတော့ ဆရာသူရဿဝါက ဘာများ ဆွေးနွေးချင်ပါသေးလဲ”
သူရဿဝါက ဆရာမခင်ဆုမြတ်ထွန်းရဲ့ မေးခွန်းအပေါ် အခုလို အွန်လိုင်း အသုံးပြုမှုနဲ့ ပတ်သက်ပြီး အခုလို ဖြည့်စွက် ဆွေးနွေးပေးပါတယ်။
“ ကိုနေဘုန်းလတ်က Speedအကြောင်း ပြောသွားတယ်ပေါ့နော်၊ အဲ့ဒီ Speedရဲ့ အနောက်မှာ ကပ်ပါလာတာက Spaceပေါ့၊ အခုခေတ်က အရမ်းကို မြန်နေတယ်၊ အဲ့ဒီလို အရမ်းမြန်နေတဲ့ ခေတ်နောက်ကို လိုက်ဖို့ဆိုလို့ရှိရင် ကျွန်တော်တို့က ပေါ့ပါးနေရမယ်၊ ကျွန်တော်တို့က ဖြတ်ထိုးဥာဏ် သုံးရမယ်၊ နောက်တစ်ခုက စာအုပ်တွေ ဂျာနယ်တွေ ရေစိုရင် ပျက်စီးသွားနိုင်သေးတယ်၊ စာအုပ်တွေဆိုလည်း ဟောင်းသွား နိုင်သေးတယ်၊ ကျနော်တို့ကြတော့ Ebookတစ်ခု မှားပြီး ဖျက်မိတယ်ဆိုရင်တောင် Recovery Softwareရှိရင် ချက်ချင်း ပြန်ရှာလို့ရတယ်၊ ဒါလဲ အားသာချက်ပါ”
“စာရေးဆရာမ မသီတာ(စမ်းချောင်း)ကို
ရွှေအမြုတေမဂ္ဂဇင်းမှ ဆရာမသင်းပပက အင်တာဗျူးနေစဉ်”
“နောက် ဒီမိုခရေစီနိုင်ငံတစ်ခု တည်ဆောက်တဲ့နေရာမှာ အရေးပါတဲ့အချက် ၂ချက် ရှိတယ်။ Civil Society ဆိုတာရယ် Capacity Building ရယ်ပေါ့၊ အခုဆို Online ကနေ ပညာသင်လို့ရတဲ့ E Education တွေ အဲဒီစနစ်တွေလည်း ခေတ်စားလာပြီ။ အချိန်ကုန် လူပမ်းသက်သာလာမယ်၊ ဒါဟာ ကျွန်တော်တို့ တတ်နိုင်တဲ့ဘက်က Capacity Building ကို တည်ဆောက်နေတာပါဘဲ၊ နောက် အွန်လိုင်းမှာ Social Networkတွေ ရှိတယ်၊ ဥပမာ – Facebook၊ ရခိုင်အရေးကိစ္စတွေ၊ စက်ဆန်းမြို့နယ် ပေါက်ကွဲမှုတွေ၊ အဲ့ဒါတွေက Facebookမှာ ချက်ချင်း တက်လာတယ်၊ အဲ့ဒါတွေကနေ သတင်းတွေ မျှဝေရင်း မြန်မာတွေ အွန်လိုင်းမှာ စုစည်း၊ အလှူငွေတွေ ချက်ချင်းကောက်ခံ၊ ဒုက္ခသည်တွေဆီ ချက်ချင်း လက်ရောက် သွားလှူနိုင်ခဲ့တယ်။ ဒါဟာ တကယ်အကျိုးရှိတဲ့ Civil Society တစ်ခုကို ကျွန်တော်တို့ တည်ဆောက်နိုင်တာပဲဖြစ်တယ်။ ဒါကြောင့် အွန်လိုင်းကနေ ဒီမိုခရေစီစနစ်ကို တည်ဆောက်နိုင်တဲ့ Capacity Building နဲ့ Civil Societyကို အများကြီး အထောက်အပံ့ ပေးတယ်လို့ မြင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
((( လက်ခုပ်သံများ )))

“စာရေးဆရာမခင်သန္တာကို 5 Plus Chennalမှ
အင်တာဗျူးနေစဉ် ”
အဲ့ဒီမှာ ကြားခံဆွေးနွေးသူအဖြစ်ပါဝင်တဲ့ ဆရာမခင်သန္တာက “ ဆရာဝါရဲ့ စာအုပ်သယ်ဆောင်တဲ့ စနစ်လေးက ကောင်းလိုက်တာ၊ ဆရာ့ရဲ့ Memory Stickလေး ဗိုင်းရပ်စ်ကိုက်ရင်ရော ဆရာ…”ဆို ၀င်ထောက်ပါတယ်။
((( ရယ်သံ၊ လက်ခုပ်သံများ)))
ဆရာသူရဿဝါ တုန့်ပြန်လိုက်ပုံက -
“ ဆရာမ မသိဘူးလား၊ ဗိုင်းရပ်စ်ကိုက်ရင် ဒီမှာ Recovery Software ရှိပါတယ်၊ ချက်ချင်း ပြန်ရှာလို့ရပါတယ် ”
(((ရယ်သံ၊ လက်ခုပ်သံများ)))

“ စာရေးဆရာမလင်းစက်နွယ်အား
မီဒီယာတစ်ခုမှ အင်တာဗျုးနေစဉ်”
အဲ့ဒီနောက် ပုံနှိပ်ဘက်က ဆရာမ ခင်ဆုမြတ်ထွန်းကပဲ -
“ သတင်းတွေက Speed အရမ်းမြန်တဲ့အတွက် အချိန်နဲ့တပြေးညီ ဖတ်ရတယ်ဆိုတာကတော့ ဟုတ်ပါတယ်၊ ဒါပေမယ့် Citizen Journal သမားတွေက လေ့ကျင့်ထားတဲ့ မီဒီယာသမားတွေ မဟုတ်တာကြောင့် ဓာတ်ပုံတွေကို အွန်လိုင်းပေါ်တင်မယ်၊ သတင်းတွေကို စိတ်ခံစားချက်အတိုင်း တင်လိုက်ကြတယ်ဆိုတော့ အချိန်နဲ့အညီ အမြန်တက်လာတာတော့ မှန်ပေမယ့် နောက်ပိုင်းမှာ ပြည်သူတွေက ဒီသတင်းက မှန်သလား၊ မှားသလားဆိုတာ မသိနိုင်လို့ သတင်းရဲ့တန်ဘိုးတွေ လျော့လာတယ်၊ ဒါကြောင့် သတင်းတစ်ပုဒ်ရဲ့ ခိုင်မာမှုကို၊ မှန်ကန်မှုကို အွန်လိုင်းက ဘယ်လို ရယူမလဲဆိုတာ သိချင်ပါတယ်”
ဒီမေးခွန်းကိုတော့ ဘလော့ဂါနေဘုန်းလတ် ဖြေလိုက်ပုံက -
“ ကျွန်တော်သိသလောက်တော့ မဖော်ပြသင့်တဲ့ ဓာတ်ပုံတွေ ဖော်ပြနေတာ အွန်လိုင်းမှာတင် မဟုတ်ဘူးထင်တယ် ”
((((လက်ခုပ်သံများ))))

“စာရေးဆရာဝေမိုးနိုင်အား 5 Plusမှ
အင်တာဗျူးနေစဉ်”
ကိုနေဘုန်းလတ်က ဆက်ပြီး ပြောရာမှာ -
“ ဒီမေးခွန်းက ကောင်းပါတယ်၊ အခုလက်ရှိ ရင်ဆိုင်နေရတဲ့ ပြဿနာပေါ့၊ ခေတ်စနစ် တစ်ခုကနေတစ်ခု ကူးပြောင်းတဲ့ ကာလပေါ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတာမျိုးပါ၊ အခုမှ အသက်၀၀ရှူခွင့် ရချိန်မှာ လေကောင်းလေသန့်တွေချည်းပဲ မျှော်လင့်နေလို့ မရပါဘူး၊ အွန်လိုင်းမီဒီယာက ဒီပုံစံနဲ့ ဆက်လက် ရှင်သန်နေမှာပဲ၊ ဒါပေမယ့် အွန်လိုင်းမီဒီယာက စာဖတ်သူရဲ့ အားကို ပိုပြီးတော့ တိုးတက်စေတယ်”
“ဒီမိုခရေစီကို အဓိပ္ပါယ်ဖွင့်ဆိုမယ်ဆိုရင် ဒီမိုခရေစီစနစ်ဆိုတာ ပြည်သူလူထုရဲ့ အင်အားနဲ့ တည်ဆောက်ရတာ၊ ကျွန်တော် သတင်းတစ်ခု ဖတ်ရင် ဒီသတင်းက မှန်လား မမှန်လား ကျွန်တော့်မှာ ဆုံးဖြတ်နိုင်စွမ်းရှိတယ်၊ အဲ့ဒီတော့ အယ်ဒီတာ အဆင့်ဆင့်ဖြတ်ပြီး၊ နောက် စီစစ်ရေးကြီးကို ဖြတ်ပြီးတော့မှာ ကျွန်တော်တို့က ဖတ်ရမှာလား၊ သူတို့က ဘာလို့ ကျနော်တို့နေရာ ၀င်ပြီး ဆုံးဖြတ်ပေးနေရတာ လဲ၊ ကြားထဲက အဲ့ဒီလို ၀င်ပြီး ဆုံးဖြတ်ပေးနေတယ်ဆိုကတည်းက ပြည်သူလူထုရဲ့ စွမ်းအားအစစ်ကို သိနေလို့ပဲပေါ့ ..”
(((( လက်ခုပ်သံများ ))))

“စာရေးဆရာမ ခင်ဆုမြတ်ထွန်းအား
For Infoရုပ်သံမှ အင်တာဗျူးနေစဉ်”
“ အဲ့ဒီတော့ ရေးကြပါ၊ အွန်လိုင်းမှာ ရေးကြပါ၊ ဒါပေမယ့် အခုအချိန်မှာ ပြည်သူလူထုကြီးက အမှောင်ထုထဲက လွတ်ကာစပါ၊ အသက်၀၀ ရှူကာစပါ၊ အခုချိန်မှာ သူတို့မှာ ဆုံးဖြတ်နိုင်စွမ်းတွေ အားနည်းကောင်း အားနည်းပါလိမ့်မယ်၊ လေကောင်းလေသန့်တွေထဲ အမှိုက်သရိုက်တွေ ရောပါနေတယ်ဆိုပြီးတော့ တံခါးကို ပြန်ပိတ်လိုက်မှာမျိုးကိုတော့ လုံးဝ လက်မခံနိုင်ပါဘူး၊ ပြည်သူလူထုရဲ့ စွမ်းအားတွေ မြင့်လာအောင် အွန်လိုင်းမှာ ရေးကြပါ၊ ဒီစာတွေက အဆိပ်အတောက် ဖြစ်တာတွေလား၊ ဒီသတင်းတွေက မှန်လား မမှန်ဘူးလား၊ ဒါတွေကို ကျွန်တော်တို့ ပြည်သူတွေ ကိုယ်၌ကိုက ဘာစီစစ်ရေးမှ မလိုပဲ၊ ဘယ်သူကမှ ဖြတ်တောက် တားဆီးတာ မလိုပဲနဲ့ ကျွန်တော်တို့ ပြည်သူတွေကိုယ်၌် ဖတ်ပြီး ဆုံးဖြတ်တယ်၊ အဲ့ဒီလို ဆုံးဖြတ်နိုင်တဲ့ အစွမ်းအစရှိအောင် ကျွန်တော်တို့ ၀ိုင်းပြီးတော့ ကြိုးစားကြပါ၊ ဒါဟာ ကျနော်တို့ ပြည်သူတွေရဲ့ တာဝန်ပါဘဲ၊ ကျေးဇူးတင်ပါတယ်”
(((( လက်ခုပ်သံများ))))

“စာရေးဆရာ ဘလော့ဂါ နေဘုန်းလတ်အား
ရွှေအမြုတေမဂ္ဂဇင်းမှ ဆရာမသင်းပပက အင်တာဗျူးနေစဉ်”
ကြားခံဆွေးနွေးတဲ့ ဆရာမခင်သန္တာက -
“ အမှိုက်သရိုက်တွေ မ၀င်အောင် ဘယ်လို Filterတွေ ခံမယ်ဆိုတာ ပုံနှိပ်ဘက်က ပြန်မေးပါဦး ”
ပုံနှိပ်ဘက်က မေးလာသူ မရှိခင်မှာပဲ ကိုနေဘုန်းလတ်က -
“ အမှိုက်သရိုက်တွေအတွက် Filterခံရမှာပေါ့၊ အမှိုက်သရိုက်ဆိုတာကလဲ တခြားတစ်ယောက်က ခံပေးတယ်ဆိုတာ ဘာမှကို သုံးလို့မရတဲ့ ဇကာကြီးမျိုး ခံနေရင်တော့ မဟုတ်သေးဘူးလေ၊ အကျိုးတကယ်ရှိမယ့် Civil Societyလို ကြားခံဆိုရင်တော့ တစ်မျိုးပေါ့။ အဲ့ဒီတော့ ပုံနှိပ်မီဒီယာဘက်ကို အဓိက ပြန်မေးချင်တယ်၊ Breaking News လိုဟာမျိုးပေါ့၊ မုန်တိုင်းတစ်ခုကျတော့မယ့် အခြေအနေမျိုးမှာဆိုရင် ကျွန်တော်တို့က မနက်ဖြန်မနက် ထွက်မယ့် သတင်းစာကို စောင့်ဖတ်ရမှာပေါ့၊ ဟုတ်လား… ဒါဆိုရင် ကျွန်တော်တို့ အွန်လိုင်းက သာနေပြီ၊
((( လက်ခုပ်သံများ ))))

“မြသွေးနီအား 5 Plusမှ အင်တာဗျူးနေစဉ်”
အဲ့ဒီနောက် ကိုနေဘုန်းလတ်က ပုံနှိပ်မီဒီယာဘက်ကို အခုလို မေးခွန်းထုတ်ပါတယ်။
“ပြည်သူလူထုဆီ လျှင်လျှင်မြန်မြန်နဲ့ ပေးပို့ရမယ့်သတင်းတွေကို ပြည်သူလူထုဆီ လျှင်လျှင်မြန်မြန်နဲ့ ရောက်အောင် ပုံနှိပ်မီဒီယာက ဘယ်လိုပုံစံမျိုးနဲ့ ကြိုးစားသွားမယ်ဆိုတာ သိချင်ပါတယ် ”
ပုံနှိပ်မီဒီယာဘက်မှ ဆရာမ ခင်ဆုမြတ်ထွန်းက -
“ အခုနောက်ပိုင်းမှာ Breaking Newsတွေအတွက် အွန်လိုင်းနဲ့ Co -Operate လုပ်လာပြီပေါ့နော်၊ မီဒီယာပိုင်းမှာ အွန်လိုင်းက ၀က်ဆိုက်တွေမှာ အချိန်နဲ့ တစ်ပြေးညီ ဖတ်လို့ရတာပေါ့နော်၊ ဒါပေမယ့် ဆက်လက်ပြီးတော့ Dataတွေကို တကယ့်ကို Analyse လုပ်တာ၊ တကယ့် အကျိုးအပြစ်တွေကို ဝေဖန် သုံးသပ်တာတွေကိုတော့ အွန်လိုင်းမီဒီယာပိုင်းမှာ ချက်ချင်းမရနိုင်ပါဘူး၊ ဒါတွေကိုတော့ ပုံနှိပ်မီဒီယာမှာ ချက်ချင်း ဖတ်ရမှာပါ၊ ခုနပြောတဲ့ Quality Productsပေါ့ ”

“ ဆရာဦးဝင်းငြိမ်း နှင့် ဆရာ ဆန်နီငြိမ်း ”
အဲ့ဒီနောက် ပုံနှိပ်မီဒီယာမှ ဆရာဝေမိုးနိုင်က အွန်လိုင်းမီဒီယာကို မေးပါတယ်။
“ ကျွန်တော် မေးချင်တဲ့ မေးခွန်းမမေးခင်မှာ ကျွန်တော်အွန်လိုင်းက ဆရာဆရာမတွေကို မေးချင်ပါတယ်၊ မီဒီယာက ပြည်သူလူထုကို အလုပ်အကျွေးပြုတယ်ဆိုတာ ဆရာဆရာမတို့ လက်ခံပါသလား ”
ဒီမေးခွန်းကို နှုတ်က မဖြေဖြစ်ခဲ့ပါဘူး။ အားလုံးသိပြီးသား မေးခွန်းဖြစ်နေ တာရယ်၊ ပရိသတ်များကို လေးစားသော အားဖြင့် အွန်လိုင်းဘက်က သုံးယောက်လုံး နှုတ်က မဖြေပဲ ခေါင်းသာ ညိတ်ပြလိုက်ပါတယ်။

“တက်ရောက်လာကြတဲ့ မီဒီယာများ သတင်းယူနေကြစဉ်”
ကြားခံဆွေးနွေးတဲ့ ဆရာမခင်သန္တာက “ လက်ခံပါတယ်တဲ့၊ ဆက်ပြောပါဆရာ” လို့ ပြောပါတယ်။ ဆရာဝေမိုးနိုင်က အခုလို ဆက်ပြောပါတယ်။
“ အွန်လိုင်းမီဒီယာက ပြည်သူလူထုကို ဘယ်လောက် အလုပ်အကျွေးပြုတယ်လို့ ယူဆပါသလဲ၊ ပြည်သူလူထုဆိုတဲ့ နေရာမှာ အင်တာနက် သုံးနေတဲ့ လက်တစ်ဆုတ်စာ လူတန်းစားတွေကို ပြောတာ မဟုတ်ပါဘူး၊ နိုင်ငံတ၀ှမ်းမှာ ရှိတဲ့ ပြည်သူတွေကို ပြောတာပါ ”
((((လက်ခုပ်သံများ))))
“ဘလော့ဂါနေဘုန်းလတ်မှ ဆွေးနွေးစဉ်”
ဆရာဝေမိုးနိုင်ရဲ့ အမေးကို ကိုနေဘုန်းလတ် ဘယ်လိုဖြေမယ်ဆိုတာကို မြသွေးနီရော၊ သူရဿဝါရော၊ ပရိသတ်ကြီးပါ အဖြေကို စိတ်ဝင်တစား နားစွင့်လိုက်ကြပါတယ်။
“ ကျွန်တော်တို့ တိုင်းပြည်ကြီး တစ်သက်လုံး ကွန်နက်ရှင် မကောင်းတော့ဘူးလို့ ယုံကြည်လို့လား”
(((( လက်ခုပ်သံများ ခန်းမတစ်ခုလုံး ပြည့်လျှံသွား ))))

“ ဆရာကျော်ဇင်ကိုကို၊ ကိုမင်းကိုနိုင်၊ ဆရာမင်းလူ၊ ဆရာစိုးသော်တာ”
“အဲ့ဒီလိုတော့ မယူဆပါဘူး၊ တစ်ချိန်ချိန်မှာ ကွန်နက်ရှင် ကောင်းတဲ့ အချိန်တော့ ရောက်လာမှာပါ၊ ဒါပေမယ့် အဲ့ဒီလို ကွန်နက်ရှင် ကောင်းတယ်ဆိုတိုင်းလဲ တစ်နိုင်ငံလုံးကို ပျံ့နှံ့မယ်ဆိုတာက နည်းနည်းတော့ ခက်ခဲမယ် ထင်ပါတယ်”
“ ကျွန်တော့်ကို မေးခွန်းမေးတာဆိုပေမယ့် ကျွန်တော်ကပဲ ပြန်မေးလိုက်မယ်၊ ရှေ့ဆက်သွားရမယ့်လမ်း၊ ကျွန်တော်တို့က အနာဂတ်ကို မျှော်ပြီး ကြည့်တဲ့အခါမှာ အခုလက်ရှိ အနေအထားလေးကိုပဲ ကြည့်ပြီးတော့ ပြောရင် နည်းနေလိမ့်မယ်၊ လူဦးရေသန်း၆၀မှာ အင်တာနက် သုံးနိုင်သူ ၁သိန်းလောက်ပဲရှိနေတယ်၊ ဒါက တကယ့် ခက်ခဲတဲ့ ပြဿနာ မဟုတ်ဘူး၊ ကျွန်တော်တို့က အဓိက ထစ်နေကြတာက ကြားက အကာအရံ အများကြီး၊ အတားအဆီးတွေကြားက တိုးနေရလို့၊ အသားကျနေကြလို့၊ အရမ်းကြီးကြာမှပဲ ဖြစ်လာတော့မယ် ထင်နေကြတာ..”
((((လက်ခုပ်သံများ))))

“ဘလော့ဂါသက်တန့်ချို၊ ဘလော့ဂါအန်တီတင့်”
“ တကယ်တမ်းက တစ်နိုင်ငံလုံးအတိုင်းအတာ ကွန်နက်ရှင်ရဖို့၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက်သုံးနိုင်ဖို့၊ တစ်နိုင်ငံလုံးအတိုင်းအတာ သတင်းအချက်အလက် ပျံ့နှံ့ဖို့ကိစ္စက သိပ်ပြီးတော့ မကြာတော့တဲ့ အချိန်အတွင်းမှာ ဒီလို အခြေအနေမျိုးတွေ ဖြစ်လာမယ်လို့ ယုံကြည်တယ်၊ အွန်လိုင်းမီဒီယာဆိုတာ အခုမှ မွေးဖွားကာစအချိန် ရောက်နေတာပါ၊ အဓိကက တဆင့်ပြီးတဆင့် ပြောင်းလဲနေတယ်၊ ကလေးတစ်ယောက်ကို မင်း ငယ်သေးတယ်၊ လိုအပ်ချက် ရှိနေသေးလို့ ရှေ့က ဒီလိုမျိုး ကာထားမယ်ဆိုရင် ကျွန်တော်တို့အတွက် အများကြီး နစ်နာမယ့် သဘောတွေ ရှိတယ်”
“နောက်.. ခေတ်ရဲ့ပြောင်းလဲမှု၊ ဟိုးအရင်တုန်းက ကျောက်တုံးကြီးတွေ သယ်မပြီး ကျောက်ချပ်တွေပေါ် ကျောက်စာတွေ ထွင်းရေး၊ နောက် အုတ်ခွက် စာတွေ၊ ပေစာတွေဖြစ်လာ၊ အဲ့ဒီကနေ စာရွက်တွေပေါ်လာပြီး စာရွက်တွေ ပေါ်မှာရေးကြတယ်၊ ဒါတွေက ကြားခံတွေ သုံးပြီး တစ်ဆင့်ပြီး တစ်ဆင့် ပြောင်းလဲလာတာပါ၊ ကြားခံဆိုတာ မီဒီယာပါ၊ ကျွန်တော်တို့က ဘာကို သယ်ဆောင်ကြမလဲ၊ စာတွေကို ဆက်လက် ထိန်းသိမ်းမှာလား၊ စာအုပ်တွေကို ဆက်လက် ထိန်းသိမ်းမှာလား…”
(((( လက်ခုပ်သံများ))))
“ အနှစ်သာရကို ထိန်းသိမ်းမှာလား၊ ပုံသဏ္ဍာန်ကို ထိန်းသိမ်းမှာလား…”
((((လက်ခုပ်သံများ))))

“ပန်ဒိုရာ၊ မြသွေးနီ၊ အန်တီတင့်”
အနှစ်သာရကို ထိမ်းသိမ်းတယ်ဆိုရင် အွန်လိုင်းပေါ်ကနေလဲ အနှစ်သာရရှိတဲ့ စာတွေ ဖတ်နေနိုင်ပါတယ်။ ဦးမင်းလူရဲ့ “အချစ်ဟု အဓိပ္ပါယ် သက်ရောက်ခြင်း မရှိစေရ” ဆိုတဲ့ ၀တ္တုလေးကို ကျွန်တော် မနေ့ညက အွန်လိုင်းပေါ်မှာ ဖတ်ခဲ့ရတယ်၊ အပြင်မှာ ဖတ်သလိုပဲ ခံစားမှုတစ်ခုကတော့ ကျွန်တော်ရခဲ့တာပဲ၊ ဆိုလိုတာက ဘယ်မီဒီယာဖြစ်ဖြစ် မီဒီယာတစ်ခုကို သုံးပြီးတော့ ပြည်သူဆီကို ပို့ဖို့က အဓိကကျပါတယ်၊ ပရင့်မီဒီယာချည်းသုံးမှ စာကောင်းပေကောင်း ဖြစ်တာမဟုတ်ပါဘူး၊ အွန်လိုင်းမီဒီယာသုံးလဲ စာကောင်းပေကောင်း ဖြစ်တာပါဘဲ၊ မီဒီယာဆိုတာက အသုံးချတဲ့ ကြားခံပစ္စည်းပဲ၊ ကျွန်တော်တို့ ပြောချင်တာ၊ ခံစားနေတာ၊ အနုပညာတွေကို ပြည်သူ လက်ထဲရောက်အောင် လုပ်ဖို့က ပိုအရေးကြီးပါတယ် ”

“ကိုမင်းကိုနိုင်နှင့် ဆရာမ မသီတာ(စမ်းချောင်း) စကားလက်ဆုံ ”
ကိုနေဘုန်းလတ်ပြောတဲ့အပေါ် ပုံနှိပ်မီဒီယာဘက်မှ ဆရာမနန်းကြာဖြူက အခုလို မေးခွန်းထုတ်ပါတယ်။
“ ကျောက်စာဆိုတာမျိုးက နှစ်တွေကြာ၊ ခေတ်တွေ ရွေ့လျားလာတာနဲ့အမျှ သမိုင်းဝင်ပစ္စည်းများအဖြစ် တန်ဘိုးရှိလာကြတယ်နော်၊ ဆရာတို့ ဖန်သားပြင် စာမျက်နှာတွေကရော..”
(((( လက်ခုပ်သံများ))))
အဲ့ဒီ မေးခွန်းကို အွန်လိုင်းမီဒီယာက သူရဿဝါက အခုလို ဖြေပေးခဲ့ပါတယ်။
“ ပုံနှိပ်မီဒီယာမှာ စာတွေက တန်ဘိုးရှိတဲ့စာတွေ ဖြစ်လာကြတယ်၊ ဘာလို့ ဖြစ်လာကြလဲ၊ ရေးလို့ ဖြစ်လာကြတာ၊ အွန်လိုင်းမှာက အခုမှ စရေးကြတယ်၊ ပရင့်နဲ့ အွန်လိုင်း သက်တမ်းက အများကြီးကို ကွာဟနေတယ်၊ ကွန်နက်ရှင်တွေ ခက်ခဲပါတယ်လို့ ပြောနေတဲ့ကြားထဲက အခုလိုမျိုး ဆရာမတို့ ပုံနှိပ်သမားတွေနဲ့ မျက်နှာချင်းဆိုင် ထိုင်ပြောနိုင်ဖို့ဆို ဒီစင်မြင့်ပေါ် ရောက်နေရတယ်၊ ဒါကို ကြည့်ခြင်းဖြင့် အချိန်တိုအတွင်း အွန်လိုင်းသမားတွေ ဘယ်လောက် ကြိုးစားနိုင်လို့ ဒီလို အခွင့်အရေးမျိုး ရတယ်ဆိုတာ သိနိုင်ပါတယ်”
((((လက်ခုပ်သံများ))))

“ဆရာမျိုးမြင်ညိမ်းနှင့် ကိုမင်းကိုနိုင်”
အဲ့ဒီမှာ ကိုနေဘုန်းလတ်က ဆက်ပြောပါတယ်။
“ တန်ဘိုးက ၂မျိုးရှိပါတယ်၊ ကျောက်စာတွေကို တန်ဘိုးထားကြတာ မှန်ပါတယ်၊ ဒါပေမယ့် တချို့တန်ဘိုးတွေက ပြတိုက်ထဲမှာ ထားသင့်တယ်၊ တချို့က မထားသင့်ဘူး၊ ဒီတော့ ကျွန်တော်တို့က ပြတိုက်ထဲမှာ ထားသင့်တဲ့ တန်ဘိုးကို ပြတိုက်ထဲမှာပဲ ထားရပါမယ်၊ အခုအချိန်ထိ ကျောက်ချပ်ကြီးတွေ ရွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘာက အဓိကကျလဲဆိုတော့ တန်ဖိုးရှိတဲ့ သမိုင်းဝင်စာတွေက ဘယ်မှာရေးရေး ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး၊ ဒါက ငြင်းလို့မရပါဘူး၊ အသုံးချမှုအပိုင်းမှာလဲ လျှင်မြန်မှု၊ ပေါ့ပါးမှုစတဲ့ တန်ဘိုးတွေအရ ကျနော်တို့ရဲ့ အွန်လိုင်းမီဒီယာက စာတွေမှာ တန်ဘိုးရှိတဲ့ စာတွေ ရှိနေနိုင်တာပဲ၊ တန်ဖိုးဆိုတာက တစ်ခုကတစ်ခုကို ခြေဖျက်တဲ့ သဘောတရားမျိုး မဟုတ်ဘူး၊ ဟိုဘက်က တန်ဘိုးကလဲ သူ့ဟာသူ ရှိနေမှာပဲ၊ အလားတူ ကျွန်တော်တို့ရဲ့ အွန်လိုင်းက စာပေတွေဟာလဲ တန်ဘိုးတခုနဲ့ တည်ရှိနေမှာပါ ”
(((( လက်ခုပ်သံများ))))

“စာရေးဆရာမ စုသဲမွန်နဲ့ စာရေးဆရာဟန်ဇော်”
ဒီတစ်ခေါက်မှာတော့ အွန်လိုင်းမီဒီယာက ပုံနှိပ်ဘက်ကို မေးခွန်း ပြန်စပြီး မေးစေပါတယ်။ ဒီမေးခွန်းအတွက် မြသွေးနီက မေးခဲ့ပါတယ်။
“ ကျွန်မက စာရေးဝါသနာပါသလို၊ စာဖတ်ဝါသနာပါသူ တစ်ဦးပါ၊ အိမ်မှာ ကျွန်မသား ၁၀နှစ်သားကနေ ကျွန်မအဖေ ၇၆နှစ်အရွယ်အထိ တစ်အိမ်လုံး စာဖတ်ကြပါတယ်၊ စာပေချစ်မြတ်နိုးစိတ် ရှိသူများပါ၊ ကျမကိုယ်တိုင် စာတွေကို အွန်လိုင်းမှာရော ပုံနှိပ်မှာပါ နှစ်နှစ်သက်သက် ဖတ်ပါတယ်၊ အဲ့ဒီမှာ ကျွန်မ စိတ်မကောင်းစရာတစ်ခု သွားတွေ့တယ်၊ ကျွန်မတို့ အိမ်နားမှာ စာပေ ချစ်မြတ်နိုးတဲ့ မိသားစုဖွင့်ထားတဲ့ စာအုပ်အငှားဆိုင်လေး ရှိတယ်၊ အဲ့ဒီမှာ ကျွန်မ အမြဲ စာအုပ်ငှားဖတ်တယ်၊ အဲ့ဒီဆိုင်မှာ ဂန္တ၀င်စာအုပ်တွေ၊ စာရေးဆရာကြီး ဆရာမကြီးများရဲ့ တန်ဘိုးရှိတဲ့ စာအုပ်တွေကို ဟိုး အခန်းရဲ့ အတွင်းပိုင်းမှာ ထားတယ်၊ အရှေ့မျက်နှာစာမှာတော့ ခေတ်ပေါ်စာပေ၊ အပျော်ဖတ် ဆူလွယ်နတ်လွယ်စာပေတွေ ထားတယ်၊ ဒီဆိုင်မှာ ဖတ်နေကြဆိုတော့ တစ်နေ့ ကျမ မေးမိတယ်၊ စာဖတ်သူ အခြေအနေ ဘယ်လိုရှိလဲဆိုတော့ အခြေအနေ မကောင်းဘူးတဲ့၊ တကယ့် စာဖတ်သူ မရှိဘူးတဲ့၊ ခေတ်ရဲ့ လိုအပ်ချက်ပဲ ပြောမလား၊ လူငယ်တွေက စာဖတ်အား နည်းသွားကြပြီ၊ အရုပ်များများ အရောင်များများနဲ့ စာအုပ်တွေငှားပြီး အရုပ်တွေပဲ ကြည့်ချင်ကြတော့တယ်၊ ဒီတော့ ကျွန်မမေးချင်တာက အွန်လိုင်းမပေါ်ခင်ထဲက အခြေခိုင်ခဲ့တဲ့ ပရင့်မီဒီယာမှာ တန်ဘိုးရှိတဲ့ ဆရာဆရာမကြီးများရဲ့ ရသစာပေတွေထက် ဘာလို့ အပျော်ဖတ်စာပေတွေ ကြီးစိုးနေပါသလဲ”
“စာရေးဆရာမအဖြူရောင်(ရွှေ)နှင့်
ဘလော့ဂါ၊ ကဗျာဆရာ မောင်ရေချမ်း”
မြသွေးနီမေးခွန်းကို ပုံနှိပ်ဘက်မှ ဆရာမနန်းကြာဖြူက -
“ ဆရာမပြောတာက အဓိက စာဖတ်ခြင်း အားနည်းတာပါ၊ ဒီနေ့ ခေတ်လူငယ်တွေက စာအုပ်တွေထက် ဂျာနယ်တွေ ဖတ်ကြတယ်၊ ဂျာနယ်ဆိုင် သွားလေ့လာတော့လည်း ဂျာနယ်တောင်မှ ရုပ်ပုံများတဲ့ ဂျာနယ်တွေ ဖတ်လာတယ်၊ အဓိက စာဖတ်အား နည်းလာကြတယ်။ စာဖတ်အားနည်းတာ ပုံနှိပ်နဲ့လည်း မသက်ဆိုင်ဘူး၊ အွန်လိုင်းနဲ့လည်း မဆိုင်ပါဘူး”
(((( လက်ခုပ်သံများ))))
ဆရာမနန်းကြာဖြူရဲ့ အဖြေကို အားမရတဲ့ မြသွေးနီက မေးခွန်းတစ်ခု ထပ်မေးလိုက်ပါတယ်။
“ ဒါဆိုရင် ကျွန်မတစ်ခု သိချင်တယ်၊ အွန်လိုင်းစာပေက လက်တစ်ဆုတ်စာ အွန်လိုင်း အသုံးပြုသူများအတွက်ပဲ၊ ပုံနှိပ်စာပေကတော့ တစ်ပြည်လုံးမှာရှိတဲ့ အောက်ခြေလူတန်းစားအထိ ပျံ့နှံ့တယ်လို့ အရှေ့မှာလည်း ပြောသွားတယ်၊ ပြည်သူကို အောက်ခြေအထိ အကျိုးပြုတယ်ဆိုရင် မြန်မာပြည်က Best Seller တစ်ယောက်ရဲ့ စာအုပ်ဟာ ဘာလို့ လူဦးရေသန်း၆၀အတွက် အများဆုံးအုပ်ရေ ၅၀၀၀လောက်ပဲ ထုတ်နိုင်ရတာလဲ ”
((((လက်ခုပ်သံများ))))
ဒီမေးခွန်းကိုတော့ ဆရာဝေမိုးနိုင်က အခုလို ဖြေခဲ့ပါတယ်။
“ အဲ့ဒါကတော့ ခေတ်စနစ်နဲ့ ဆိုင်တယ်လို့ ထင်ပါတယ်၊ လွန်ခဲ့တဲ့ နှစ် ၅၀.. ၆၀လောက်ထဲက အမှောင်ချထားပြီး စာအုပ်စာပေကို ပျော်မွေ့တဲ့ နှလုံးသားမရှိအောင် လုပ်ထားခဲ့လို့ ဒီလိုအခြေအနေမျိုး ရောက်တယ်လို့ ထင်ပါတယ် ”
((((လက်ခုပ်သံများ))))

“တက်ရောက်လာသူများမှ လက်မှတ်ရေးထိုးကြစဉ်”
ဒီတစ်ခါမှာ ပုံနှိပ်မီဒီယာဘက်က နန်းကြာဖြူကပဲ အွန်လိုင်းကို မေးခွန်းထုတ်ပါတယ်။
“ အခု အွန်လိုင်းမှာ ပုံနှိပ်စာပေ ပျံ့နှံ့လာပြီ၊ ပုံနှိပ်စာပေက လွယ်လွယ်ကူကူ လက်ဆောင်လဲ ပေးလို့ရတယ်၊ နောက် အခုက အွန်လိုင်းမှာ စာလုံးပေါင်းတောင် မှန်အောင် မပေါင်းတတ်သူတွေက အွန်လိုင်းမှာ စာရေးဆရာလို့ ပြောနေကြတယ်၊ နောက်ပြီးတော့ သူတို့ပြောကြတယ်၊ အွန်လိုင်းပေါ်မှာ လူညီလို့ရင်ဤကိုကျွဲ ဖတ်လို့ရပါတယ်တဲ့၊ အဲ့ဒီအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာစာ၊ မြန်မာစကား၊မြန်မာစာပေ အဆင့်အတန်း နိမ့်ကျပါလိမ့်မယ်၊ စာအုပ်ကို ထိန်းသိမ်းတာ မဟုတ်ဘူး စာပေကို ထိမ်းသိမ်းတာဆိုတော့ အဲ့တာနဲ့ ပတ်သက်ပြီးလဲသိချင်ပါတယ်”

“အွန်လိုင်းမီဒီယာမှ သုံးယောက်”
ဒီမေးခွန်းကိုတော့ အွန်လိုင်းမှ သူရဿဝါက ဖြေပါတယ်။
“ အွန်လိုင်းမီဒီယာမှာ စာလုံးပေါင်းအမှားတွေကို ဂရုစိုက် ရေးကြပါတယ်၊ အဲ့လို ရေးနေပေမယ့် စာလုံးပေါင်းအမှားတွေလဲ ရှိနိုင်ပါတယ်၊ အဲ့လိုပဲ ပုံနှိပ်မီဒီယာမှာလဲ စာလုံးပေါင်းအမှားတွေ ရှိနေတာပါဘဲ၊ အွန်လိုင်းမှာ ကျွန်တော်တို့ ကိုယ်တိုင် ဂရုစိုက် ရေးပါတယ်၊ စာရေးတယ်ဆိုထဲက ၀ါသနာရှင်ပဲဖြစ်ဖြစ် တကယ့်ကို ၀ါသနာပါလို့ စိတ်နှစ်ရေးကြသူများပါဘဲ၊ ပြင်ပ မဂ္ဂဇင်းတွေ စာအုပ်တွေမှာ စာလုံးပေါင်းမှန်တယ်ဆိုတာက ကြားထဲက Proof Readerရဲ့ ကျေးဇူးလား၊ ဒါမှမဟုတ် စာရေးသူက စာလုံးပေါင်း လုံးဝကို မမှားတာမျိုးလား သိချင်ပါတယ် ”
(((( လက်ခုပ်သံများ))))

“တစ်ကောင်ထဲ ဒါပေမယ့်ခြင်္သေ့
စာရေးဆရာမကြီးစမ်းစမ်းနွဲ့(သာယာဝတီ) – ၀ဲဘက်ပုံ”
ပုံနှိပ်မီဒီယာက နန်းကြာဖြူက ပြန်ဖြေရာမှာ -
“ ကျွန်မက ဒါကို အားသာချက်လို့ပဲ ထင်ပါတယ်၊ ဥပမာ – ကျွန်မ မှားခဲ့တယ်ပေါ့နော်၊ Proof အယ်ဒီတာက ပြင်ပေးမယ်၊ စာလုံးပေါင်း စီစစ်ပြီး အဆင့်ဆင့် ကျော်ဖြတ်ပြီးတော့မှ စာဖတ်သူဆီရောက်တာပါလို့ ပြောချင်ပါတယ် ”
အဲ့ဒီအဖြေအပေါ် အားမရလို့လားမသိ ကိုနေဘုန်းလတ်က အခုလို ၀င်ဆွေးနွေးပါတယ်။
“ အားသာချက်လို့ ကျနော်က မထင်ဘူး၊ ပိုပြီးတော့တောင် အားနည်း သွားနိုင်သေးတယ်၊ ကိုယ်က အယ်ဒီတာတွေ ရှိလို့ဆိုပြီး စာလုံးပေါင်းကို ဂရုမစိုက်တော့ပဲ ရေးချင်သလို ရေးလာနိုင်တယ်၊ စာလုံးပေါင်း မှားတယ်ဆိုတာ အွန်လိုင်းပေါ်မှာသာ မဟုတ်ပါဘူး၊ ဆရာလူထုဦးစိန်ဝင်းတောင်မှ သူ့နာမည်ကို လူထုကို ဂျာနယ်တစ်စောင်က ထဆင့်ထူရေးနှစ်ချောင်းငင်နဲ့ ထူတာမျိုး တွေ့ရသေးတာပဲ၊ ပြောချင်တာက ပရင်မီဒီယာမှာလဲ မှားကြပါတယ်၊ နောက်တစ်ခုက စာဖတ်သူက ပြည်သူပါ၊ စာဖတ်သူက ဆုံးဖြတ်သွား ပါလိမ့်မယ်။ စာဖတ်သူက ဒီလူက ဘာတွေ ရေးနေတယ်ဆိုတာ ဖတ်ပြီးတော့ ဒီလူက ဘာလဲဆိုတာ ကောက်ချက်ချပြီး နေရာပေးနိုင်ပါတယ်၊ ကျွန်တော်တို့ ရေးနေသမျှကပဲ ကျွန်တော်တို့ကိုယ်ကို ကျွန်တော်တို့ ပြဌာန်းနေတာပါဘဲ၊ ပုံနှိပ်ပဲဖြစ်ဖြစ် အွန်လိုင်းဖြစ်ဖြစ် သူရေးနေတဲ့ အရေးအသားပေါ်မှာ သူ့ဟာသူ အကျိုးခံစားရပါလိမ့်မယ် ”
“ ဘလော့ဂါ ကိုရီး (နောက်တန်းအစွန် ရုပ်ခန့်ခန့်နှင့်)”
အဲ့ဒီမှာ သူရဿဝါကလည်း ၀င်ဆွေးနွေးပါတယ်။
“ အခု အွန်လိုင်းမှာဆိုပါတော့.. ကျွန်တော်စာရေးတယ်၊ ကျွန်တော့်စာကို လူ၅၀ဖတ်ပြီးသွားပြီ၊ အဲ့ဒီမှာ တစ်ခုခု အချက်အလက် မှားနေလို့ စာဖတ်သူက Commentမှာ လာပြောတယ်၊ ကျွန်တော်ပြင်လိုက်ရင် ၅၁ယောက်မြောက်က စပြီး အမှန် ဖတ်သွားနိုင်တယ်၊ ဆရာမတို့ ပုံနှိပ်မှာကြတော့ မှားနေရင် ကျွန်တော်တို့လို ချက်ချင်း မပြင်နိုင်ဘူးနော်၊ နောက်တစ်ကြိမ် ထွက်မှ အမှားပြင်ဆင်ချက် ထည့်နိုင်တယ်နော်၊ အဲ့တာလေးသိချင်ပါတယ်”
(((( လက်ခုပ်သံများ))))
သူရဿဝါရဲ့ အဲ့ဒီ မေးခွန်းလေးကိုတော့ ပုံနှိပ်မီဒီယာက ဆရာမ နန်းကြာဖြူက အခုလို ဖြေပေးပါတယ်။
“ ဆရာတို့ အွန်လိုင်းမှာက ပြင်ရတာ မြန်တာ ဟုတ်ပါတယ်၊ ဒါပေမယ့် ပုံနှိပ်စာမျက်နှာမှာက ဘယ်သူအမှား ရေးတယ်ဆိုတာ သိနိုင်တယ်၊ ဖန်သားပြင်မှာက ဘယ်သူဘယ်ဝါဆိုတာကို မသိနိုင်ဘူး၊ ဒါကြောင့် ဖတ်သူက တကယ် တန်ဘိုးထား ဖတ်တာလား၊ အပျော်တမ်းဖတ်တာလား မသိနိုင်ဘူး၊ အွန်လိုင်းမှာက လမ်းကြုံလဲ ဖတ်ချင်ဖတ်သွားမှာပေါ့၊ ပုံနှိပ်မှာ ဖတ်တာကတော့ ဒီဆရာကို လေးစားသောအားဖြင့် ဖတ်တာပေါ့၊ အွန်လိုင်းမှာက ဘယ်သူဘယ်ဝါဆိုတာ မသိရဘူး၊ အမှားတွေ ရေးတာလဲ ရှိနေတယ်၊ အွန်လိုင်းမှာ အမှားတွေ ရေးထားရင် ဘယ်သူရေးတယ်ဆိုတာ ရှာလို့မရဘူး၊ အမှားပါလို့ ပြောရင် လက်မခံဘူး၊ သူ့ကို ပြင်ဆင် စီစစ်ပေးမယ့်သူမရှိဘူး”
ဆရာမနန်းကြာဖြူရဲ့ ဆွေးနွေးချက်အပေါ် သူရဿဝါက -
“ အဲ့တာက ကိုယ့်ကိုယ်ကို တာဝန်ယူရပါမယ်၊ ကျွန်တော် ဂျာနယ်အတွက် ဆောင်းပါးတစ်ပုဒ် ရေးတယ်ပေါ့နော်၊အဲ့ဒီမှာ စီစစ်ရေးက မလွတ်တော့ အယ်ဒီတာကို ခေါ်ပြီး ခံဝန်လက်မှတ်ထိုးခိုင်းတယ်၊ အဲ့ဒီတော့ ရေးတာက ကျွန်တော်၊ တာဝန်ယူရတာက အယ်ဒီတာ ဖြစ်မနေဘူးလား၊ အွန်လိုင်းမှာ မှားရင် ကျွန်တော်တို့ ချက်ချင်း ဝေဖန်ခံရတယ်၊ ကိုယ့်ကိုယ်ကို တာဝန်ယူမှုအပိုင်းကြတော့ ကျွန်တော်တို့က အားသာပါတယ် ”
(((လက်ခုပ်သံများ)))
သူရဿဝါရဲ့ပြောကြားချက်ကို ပုံနှိပ်မီဒီယာက ဆရာမနန်းကြာဖြူက ဘယ်လိုဘယ်ပုံ တုန့်ပြန်မယ်ဆိုတာ အပိုင်း -၃ မှာ ဆက်ဖတ်ပေးပါ။
ဖြစ်နိုင်ရင် အပိုင်းတွေ မခွဲပဲတင် အစအဆုံးအပြီးအထိ တင်ချင်ပါတယ်။ ဒါပေမယ့် Laptopနဲ့ အသံဖိုင်နားထောင်လိုက်၊ Desktop နဲ့ စာချမှတ်လိုက်၊ ပြီးတော့ ပြောတာတွေ မလွတ်စေဖို့ အချောသတ် စာပြန်ရိုက်ရတာ Typingနှေးသူ လက်ကွက်အလွတ်မရသူ ကျွန်မအတွက် တကယ့်ကို မလွယ်လှပါဘူး။ ပုံတွေကလည်း လိုက်လံစုဆောင်းပြီး ဆိုက်ပေါ် တင်နိုင်လောက်တဲ့ အရွယ်အစားတွေ ပြန်ချုံ့ရပါတယ်။ အင်တာနက် သုံးခွင့်ရချိန်လေးမှာ စာနဲ့ပုံတွေအားလုံး အွန်လိုင်းပေါ် ချောချောမောမော တက်ဖို့ အားထုတ်ရပါတယ်။
နားမကောင်းတော့ တချို့နေရာတွေမှာ အသံဖမ်းထားတာတွေကို အတတ်နိုင်ဆုံး နားထောင်ပေမယ့် ဘယ်လိုမှ မရလို့ လက်လျော့ ချန်ခဲ့ရတဲ့ စာကြောင်းတစ်ကြောင်းတစ်လေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မူလဆိုလိုရင်းကို မပျက်စေဘူး၊ မထိခိုက်စေဘူးလို့တော့ ထင်မိပါတယ်။ ပါဝင်ဆွေးနွေးသူများထဲမှ လိုအပ်နေတာများရှိရင်လည်း ကျွန်မကို ပြောပေးကြပါ။ ပြန်ဖြည့်၊ ပြင်ပေးပါ့မယ်။
ဒီပို့စ်လေးက အွန်လိုင်းမှာ စာရေးနေသူများ ဖတ်သင့်တဲ့ ဆွေးနွေးပွဲတစ်ခု ဖြစ်တယ်လို့ မြင်တဲ့အပြင်၊ ကျွန်မ ချစ်ခင်လေးစားရတဲ့ ဘလော့ဂါများကပါ ဆွေးနွေးပွဲမှာ ပြောခဲ့တာတွေ သိချင်ကြပါတယ်လို့ တောင်းဆိုလာတာကြောင့် မရေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ ကြားက ရေးဖြစ်ခဲ့ရတာပါ။
အွန်လိုင်းမှာ စာရေးနေသူတွေ၊ အွန်လိုင်းမှာ စာဖတ်နေသူတွေ၊ အွန်လိုင်းကို အသုံးပြုနေသူတွေ၊ တစ်ယောက်ယောက်ဖတ်မိရင်ပဲ တစ်စုံတစ်ခု (သို့) တစ်စုံတစ်ခုထက် ပိုရသွားမယ် (သို့) အွန်လိုင်းမှာ စာရေးနေကြသလို ပုံနှိပ်မှာပါ အားထုတ် စာရေးနေကြတဲ့ ကျွန်မတို့ သုံးယောက်ရဲ့ ခံယူချက်လေးတွေကို သိသွားမယ်ဆိုရင် ကျွန်မ အားထုတ်ရကျိုးနပ်သွားပါပြီ။
တတိယပိုင်းက နောက်ဆုံးအပိုင်းလည်း ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ပတ် တနလာင်္နေ့မှာ တင်ပေးနိုင်ဖို့ကို ကြိုးစားပါ့မယ်ရှင်။
ဓာတ်ပုံများကို teen Magazine၊ စာရေးဆရာမ ဆရာမခင်သန္တာ၊ ဆွေးနွေးပွဲတက်ရောက်လာသည့် Facebookမှ မိတ်ဆွေများ၏ ပုံများကို အသုံးပြုထားပါသည်။ မူရင်းအားထုတ် ရိုက်ကူးသူများအား ရင်မှ ကျေးဇူးတင်စွာဖြင့် CREDITပေးပါရစေ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။














အခုလို စိတ်ရှည်လက်ရှည်နဲ့ တင်ပေးတာ ကျေးဇူးအများကြီးတင်တယ် မမြသွေးနီရေ..
ကိုယ်တိုင်မရောက်လိုက်ပေမယ့် ရောက်ဖူးသလို၊ ပရိသတ်ထဲ ကိုယ်တိုင်ဝင်ထိုင်ပြီး နားထောင်နေရသလို၊ တစ်ဖက်က မေးလိုက်တဲ့ မေးခွန်းတွေက ကိုယ့်ဆီကို တိုက်ရိုက်ဝင်လာပြီး ကိုယ်သာဆို ဘယ်လို ပြန်ဖြေမယ်ဆိုတဲ့ ခံစားချက်တွေနဲ့အတူ အသက်ဝင်လာသလို ခံစားလိုက်ရတယ်.
နောက်တင်မယ့် အပိုင်းတွေကို မျှော်နေပါတယ်.
Y.
အပေါ်က ကိုရန် ပြောသလိုပါပဲ။ ကိုယ်တိုင်နားမထောင်ရပေမဲ့ နားထောင်ရသလိုပဲ။ မေးခွန်းတွေကလဲ ကောင်းသလို တုန့်ပြန်အဖြေတွေကလဲ အားရစရာကောင်းပါတယ်။ ခုလို ပြည့်ပြည့်စုံစုံ ဖတ်ရတာ ကျေးဇူးတင်တယ် မမြသွေးရေ … ။ ဒီပွဲကို စောစောက သိရင် ကိုယ်တိုင် လာနားထောင်ပါတယ်။
ဆရာမရေ …
အပင်ပန်းခံပြီး တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
ကျွန်တော်လည်း ဆရာမလို စာနာပါတယ်
ဘာလို့လည်းဆိုတော့ ကျွန်တော်လည်း
ရီကောဒင်းကို စာနဲ့ ပြန်ရေးဖူးတယ်
ဘလော့ဂါလေးယောက် ဆွေးနွေးတဲ့စကားတွေကိုပါ
ရေးလာရေးလာတာနဲ့ စိတ်မရှည်တော့တာနဲ့
ဒီအတိုင်းထားလိုက်တော့တယ်
တကယ်ကျေးဇူးတင်ပါတယ်
ဖြစ်နိုင်ရင် ရန်ကုန်ထိလာပြီး အားပေးလိုက်ချင်တာ
အခုလို တစ်ဆင့်ခံ ကြည့်လိုက်ရတဲ့အတွက်
ဆရာမကို တကယ်ကျေးဇူးတင်မိပါတယ်
ဆရာမရေ…
ဆရာ ဝေမိုးနိုင် စကားကိုပဲ ထောက်ခံပြီး ပြောကြားပါရစေ…
ဆရာမရဲ့ အမြင်ဘက်ကနေ ချိန်ခွင်လျှာ တစ်ဖက်စောင်းနင်းတဲ့ အရေးအသားတွေ တွေ့ နေရပါတယ်…
အပြစ်တင်တော့ မဟုတ်ရပါ..ဒီလို အရေးအသားမျိုးက ကျွန်တော်ဆိုရင်လည်း ရေးမှာပါ…
ဒါပေမဲ့ ဆရာမရေ….
ဒီဆွေးနွေးပွဲအကြောင်းကို ဖတ်ရတာ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ရသလို ရင်တထိတ်ထိတ်နဲ့ ရယ်ပါ…
ဆရာမ နန်းကြာဖြူရဲ့ အပြောက ကိုယ်တိုင်မထင်မှတ်ထားတဲ့ အပြောမို့  သဘောကျမိသလို ပါဝင်အားဖြည့်ကြသူများလည်း တော်တော်အပြောကောင်းတာကို တွေ့ ရှိလိုက်ပါရဲ့…
သည်းထိတ်ရင်ဖို နောက်ဆုံးအပိုင်းကို ရင်တမမနဲ့  စောင့်မျှော်နေပါကြောင်း ပြောကြားရင်း….
ကျွန်တော့်အမြင်အနေနဲ့  ကိုယ့်စာကို ကျယ်ပြန့် စေလို့  မီဒီယာ နှစ်ခုစလုံးမှာ ရေးသားနေဖြစ်ပါကြောင်း ပြောကြားပါရစေ…
စာရေးတဲ့ သူတိုင်း ကိုယ့်စာကို လူတွေများများ ဖတ်စေချင်တယ်မို့ လား ဆရာမရဲ့…
ကျန်းမာ ချမ်းသာပါစေ….
ထော်ဦး
(အပေါ်က ကွန်မန့် က ရေးထားတာ မှားနေလို့  ပြန်ဖျက်ပေးပါ ဆရာမ)
ဆရာထော်ဦးရှင်…
အမြင်တွေ လွတ်လပ်စွာချပြကြတာမို့ ချိန်ခွင်လျှာ တစ်ဘက်စောင်းနေတယ်လို့ မမြင်မိပါဘူး။ အဲ့လိုသာဆို ဆွေးနွေးပွဲတက်ခဲ့သူဆိုရင် (သို့) အသံဖိုင်ကို သေသေချာချာ နားထောင်ဖြစ်သူဆိုရင် တစ်ဘက်စောင်းနေတဲ့ ချိန်ခွင်လျှာလို့ မှတ်ယူနိုင်တာတွေကို တွေ့နိုင်ပါလိမ့်မယ်။ ဒါကလည်း လွတ်လပ်တဲ့ အမြင်များကို ခံယူချက်များကို သိခွင့်ရလိုက်တာပါဘဲ။ ဒါကြောင့် မလိုအပ်တဲ့၊ အဓိကမကျတဲ့၊ ဖော်ပြဖို့မလိုတဲ့ အချက်တွေက လွဲရင် အမှန်တကယ် စင်ပေါ်မှာ ဆွေးနွေးခဲ့တာတွေထဲက အဓိကကျတာတွေကို တင်ပြပေးထားတာပါ။ ပုံနှိပ်ဘက်က ပါဝင်ခဲ့တဲ့ ဆရာ ဆရာမများရဲ့ ဆွေးနွေးချက်များကလည်း အင်မတန်ကောင်းမွန်လှပါတယ်။
ကျွန်မကတော့ ပုံနှိပ်ရော၊ အွန်လိုင်းရဲ့ အားသာချက်များကိုပါသိထားသလို၊
အားနည်းချက်များကိုလည်း သိထားတာမို့ အခွင့်ရေးပေးသမျှ နှစ်ခုလုံးမှာ
စာတွေ ကြိုးစားရေးသွားမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် လွတ်လပ်စွာ သဘောကွဲလွဲလို့ ရပါတယ်ရှင်။
အပိုင်း၁ ၂ အားလုံးကို ဖတ်သွားပါတယ်။
ဆွေးနွေးချက်တွေက အတုယူစရာပါ။ လူပရိသတ်များစွာရှေ့မှာ တစ်ဖက်က မထင်မှတ်ဘဲ မေးလာတဲ့ မေးခွန်းတွေကို အခုလို အချက်ကျကျ ဖြေနိုင်ကြတာကို တွေ့ရတော့
အတော်လေး အားကျမိတယ်။
ဘာဘဲ ပြောပြော ကျနော်ကတော့ အွန်လိုင်းကနေ ပုံနှိပ်စာအုပ်တွေ ဒေါင်းလုပ်ဆွဲပြီး ဖတ်ခွင့်ရတာနဲ့တင် နှစ်ဖက်လုံး ကျေးဇူးများလှပါပြီ။
အပိုင်း ၃ ကိုလဲ ဆက်လက် စောင့်ဖတ်နေပါမယ်။
အမမြသွေး အဆင်ပြေအောင်မြင်ပါစေ။
တစ်ကယ်ကောင်းတယ်မမရေ… ခုလိုခက်ခက်ခဲခဲ စုံစုံလင်လင် ပြန်လည်တင်ပေးလို့ ကျေးဇူးပါမမ
မ ရေ….
ခုလိုသေချာရေးပေးထားတာ ကျေးဇူးတင်ပါတယ်..
မေးခွန်းတွေကော အဖြေတွေကော အရမ်းကောင်းပါတယ်…
အားပြိုင်ဆွေးနွေးတယ်ဆိုတာတောင်မှ အွန်လိုင်းဘက်က အခြေအနေတွေကို
ရှင်းပြနေရသလို ဖြစ်နေတယ်နော်..
အွန်လိုင်းမီဒီယာရဲ့ ကနဦးအစ သမိုင်းဝင်မှတ်တမ်းတစ်ခုကို ကျေနပ်စွာဖတ်သွားပါတယ်။
ဒီစာကို ရှဲမယ်နော်..
တကယ့်ပညာရှင်တွေပြောသွားတာပါပဲလား.။ စကားက တစ်လုံးဆိုတစ်လုံး သိသိသာသာကို ထိတယ်နော်.။ အစ်မ.။လေ့လာမှတ်သားသွားပါတယ်.။ အပိုင်း (၃) မျှော်နေပါမယ်.။
ဒီအပိုင်းကိုလည်း သဘောကျတာပဲ ညီမရေ။ အွန်လိုင်းရဲ့ ကဏ္ဍကို ပုံနှိပ်ဘက်က ထဲထဲဝင်ဝင် မသိကြသေးတာတွေအပေါ် အွန်လိုင်းဘက်က ၃ယောက် ရပ်တည်ပြောခဲ့ကြတာတွေဟာ သိတ်ကို ကောင်းပါတယ်။ ဆက်ပြီး စောင့်ဖတ်နေမယ် မြသွေးရေး)
ခုလို တကူးတက အပင်ပန်းခံပြီး ဝေမျှပေးတဲ့ အစ်မကို ကျေးဇူးအထူးတင်မိပါတယ်… တတိယပိုင်းကို မျှော်နေပါ့မယ် အစ်မ…
မမရေ … ဒီပွဲလေးကို ညလေးလည်း အရမ်းကို တက်ချင်ခဲ့တာ … အလှူခရီးစဉ်လေးနဲ့တိုက်နေတော့ မလိုက်ခဲ့ရဘူး … ဒီပိုစ့်လေးကိုဖတ်ရင်း ကြက်သီးတွေ ခဏခဏထတယ် … အပြိုင်အဆိုင်ဆွေးနွေးလိုက်တာများ … ညလေးအတွက်လည်း ဗဟုသုတရဖွယ်တွေဖြစ်စေတယ် … တတိယပိုင်းလေးကိုမျှော်နေမယ်နော် …
စိတ်ဝင်တစား စောင့်ဖတ်နေပါတယ် မမြသွေး။ အွန်လိုင်း မောင်နှမတတွေ တကယ် တာဝန်ကျေလိုက်ကြတာ အားကျစရာပါပဲ။ ဆရာ နေဘုန်းလတ်ရဲ့ စကားတွေက ထိမိတာသွား လိုက်တာ…။ အပိုင်းစုံရင်တော့ အားလုံး ကူးယူ သိမ်းထားရမယ်။
ခင်မင်သော သတိုး
မမရေ
ဒုတိယပိုင်းလေးလည်း ဖတ်သွားပါတယ်
မှတ်သားစရာလေးတွေလည်းတွေ့ရပါတယ်
အဲ့ဒီထဲမှာပြောသွားတဲ့ စာလုံးပေါင်းအကြောင်းလေးရယ်…နောက်တခုက ပုံနှိပ်ပေါ်မှာ ရေးခဲ့တဲ့စာကို ရေးသူနဲ့အယ်ဒီတာကြား တာဝန်ယူမှုလေးတွေက သဘောကျစရာကောင်းလှပါတယ်
နောက်ဆုံးအနေနဲ့ခြုံကြည့်လိုက်ရင်တော့ အွန်လိုင်းမီဒီယာဖြစ်ဖြစ် ပုံနှိပ်မှာဖြစ်ဖြစ်
မိမိတို့ကိုယ်တိုင်ရဲ့ တဦးချင်းဆီရဲ့ လိုအပ်ချက်တွေကို သတိထားရမယ့်အပြင် မီဒီယာနဲ့ ပုံနှိပ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် အကောင်းဆုံးဖြစ်မယ်လို့ ထင်မိပါတယ်
မမရေ အပင်ပန်းခံပြီး အခက်အခဲတွေကြားက တင်ပေးတဲ့မမကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ဆွေးနွေးကြတဲ့သူတွေတော့ တော်တော်လေးကို အားထုတ်ထားတာ တွေ့ရတယ်
ဖတ်လို့လည်း သိပ်ကောင်းတာဘဲ..
မိမိတာဝန်ကျရာ ဘက်ကနေ ဆွေးနွေးရတာဖြစ်တဲ့အတွက် ပုံနှိပ်ဘက်က ဖြစ်စေ အွန်လိုင်းဘက်က ဖြစ်စေ.. ကိုယ့်ရပ်တည်တဲ့ဘက်ရဲ့ အားသာချက်တွေကို ချပြရတာ ထုံးစံဘဲမို့ တစ်ဖက်ဖက်ကို နာစေရယ်လို့ ပြောကြတယ်လို့ မမြင်မိပါဘူး။
နှစ်ဖက်စလုံးမှာ အားသာချက် အားနည်းချက်တွေ ရှိတာပါဘဲ..
အဲဒီအားနည်းချက်တွေကို ပြုပြင်နိုင်ရင် ကောင်းမွန်တဲ့ မီဒီယာတွေ ဖြစ်လာနိုင်တာမို့ ဒီလို အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတွေကို လှိုက်လှဲစွာ ကြိုဆိုပါတယ်.။
ခုခေတ်မှာ အွန်လိုင်းသမားတွေလဲ ပုံနှိပ်လောကကို တိုးဝင်နေပြီဖြစ်သလို ပုံနှိပ်လောကက လူတွေကလည်း ပိုပြီး ကျယ်ပြန့်တဲ့ အွန်လိုင်းလောကကို တိုးဝင်နေကြပါပြီ။ နှစ်ဖက်စလုံးဟာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဖြစ်နေကြပြီလို့ မြင်ပါတယ်။
ဆရာမ ချော( အစိမ်းရောင်လွင်ပြင် ) ပြောတာကို လေးနက်စွာ ထောက်ခံပါကြောင်း
အေးအေးဆေးဆေးသာရေး အစ်မရေ …
စိတ်ရှည်ရှည်ထားပြီး
စောင့်ဖတ်ပါ့မယ်။
“ အဲ့ဒါကတော့ ခေတ်စနစ်နဲ့ ဆိုင်တယ်လို့ ထင်ပါတယ်၊ လွန်ခဲ့တဲ့ နှစ် ၅၀.. ၆၀လောက်ထဲက အမှောင်ချထားပြီး စာအုပ်စာပေကို ပျော်မွေ့တဲ့ နှလုံးသားမရှိအောင် လုပ်ထားခဲ့လို့ ဒီလိုအခြေအနေမျိုး ရောက်တယ်လို့ ထင်ပါတယ် ”
အဲဒါ မနန်းကြာဖြူပြောတဲ့စကားမဟုတ်ဘူးဗျ ဆရာမ။ ကျွန်တော်ပြောခဲ့တာပါ။
ကဲ…ကြည့် အွန်လိုင်းမှာ မူပိုင်ခွင့် ပြဿနာပေါ်လာပြီ။း)
ှဆရာမရေ……….ကျွန်တော်တော့ပထမပိုင်းတင်လိုက်ပြီ။ ပြောသွားခဲ့တာတွေ အပြည့်အစုံ အတိအကျနီးပါးတင်လိုက်တယ်။ သုံးပိုင်းခွဲတင်မယ်စိတ်ကူးတယ်ဗျ။ ပထမပိုင်း အားသာချက်ပြောတာတွေ တစ်ပိုင်း၊ မေးခွန်းမေးတာ တစ်ပိုင်း၊ beat question နဲ့ပ၇ိသတ်တစ်ပိုင်း သုံးပိုင်းခွဲလိုက်တယ်ဆရာမ။
ကောင်းပါတယ်ဆရာ..။
အမှန်တကယ် ဆွေးနွေးခဲ့ကြတာများဖြစ်လို့ စာဖတ်သူတွေ ဖတ်ပြီး သိနိုင်တာပေါ့။
ကျွန်မစာကြောင်းပြန်ဖြည့်ပေးထားပါတယ်ရှင်။ အခုလို အသိပေးတာ ကျေးဇူးတင်ပါတယ်။
နောက်အပိုင်းတွေကိုလည်း မျှော်နေပါတယ် ခင်ဗျာ…
ဖတ်သွားပါသညိ ကျေးဇူးတင်ပါသည်
စာရေးသားတာတွေလည်းကောင်း နှစ်ဖက်စလုံး အပြောလည်းကောင်းကြတော့
ပြီးပြည့်စုံတဲ့ အားပြိုင်ပွဲလေးလို့ ဆိုရမဲ့အစား ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲလေးလို့ပဲ ပြောလိုက်ပြီ မြသွေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အစ်မရေ ဖတ်ရတာ ဗဟုသုတတွေတိုးရပါတယ် တကယ်က လူကိုယ်တိုင် လာအားပေးချင်ခဲ့တာပါ ရုံးက ဆန်းဒေး တစ်ရက်ပဲပိတ်တော့ မလာနိုင်ဘူးဖြစ်သွားတယ်…
မမမြသွေးရေ…
တော်တော်လေးအားထုတ်ပြီး ပြန်တင်ပေးနေတာကို ကျေးဇူးအများကြီးတင်ပါတယ်။ တတိယပိုင်းကို စောင့်မျှော်နေပါတယ်။
လေးစားချစ်ခင်သော..
ကျေးဇူးတင်လိုက်တာ အစ်မရေ ဖတ်ရတာ အရသာလည်းရှိတယ် အားပြိုင်ပွဲမှာ ၀င်ပြီးဆွဲရသလိုလိုနဲ့း)
ကိုယ်က အွန်လိုင်းက မို့လားမသိ အွန်လိုင်းဘက်က ဆွေးနွေးကြတာလေးကို ပိုခိုက်တယ် ဟာသညဏ်လေးပါပြီ ပိုပြီး ထိရောက်တဲ့ စကားတွေပြောနိုင်တယ် လို့ထင်တယ် ကိုနေဘုန်းလတ် အဖြေတွေ သဘောကျလိုက်တာ ။
ကိုနေဘုန်းလတ်ရဲ့ စကားတွေက အမေးတွေ အဖြေတွေက တကယ်ပဲ မာန်ပါလှသလို
ချက်ကျလက်ကျလည်းရှိတယ်။ ဆွေးနွေးပွဲ အပိုင်းသုံးကို မျှော်နေပါကြောင်းးးး
အစ်မရေ ခုမှ လာဖတ်နိုင်တော့တယ်။
စကား လက်တမ်းချပြောကြဖို့က တကယ်မလွယ်ဘူးနော်။ ပါဝင်ဆွေးနွေးနိုင်တဲ့သူတွေကို ချီးကျူးမိတယ်။ လေးစားပါတယ်။ အချက်အလက်တွေက ကိုယ်တောင်မတွေးထားမိတာတွေဖတ်လိုက်ရတယ်။ အပိုင်း ၃ မျှော်နေမယ်နော်။
အလုပ် သိပ်လုပ်နိုင်တဲ့အစ်မ မမြသွေးရေ အများကြီး ကျေးဇူးတင်ရပါတယ်။
Pingback: ပုံနှိပ်မီဒီယာနှင့်အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ (တတိယပိုင်း) |
အင်္ဂါနေ့တောင် ရောက်လာပြီ….အပိုင်း ၃ က တက်မလာသေးဘူးနော် အမမြသွေး
မမြသွေးနီရေ
လုံးဝကို မသိလိုက်တာဗျာ သိရင် လာလိုက်ပါတယ် ဘာဘဲဖြစ်ဖြစ် ကျွန်တော်ကတော့ အွန်လိုင်းမီဒီယာဘက်ကနေ အခုလို ဖြေကြား တုံ့ပြန်ကြတာကို အားရမိတယ်။ ကျေနပ်မိတယ်။ အားလုံးကိုလည်း လေးစားတယ်။ သူ့ဘက် ကိုယ့်ဘက် အားသာမှု အားနည်းမှု ရှိနိုင်ပေမဲ့ ဒီနေ့ခေတ်ကြီးမှာ အွန်လိုင်းဆိုရင် Update၊ Fresh၊ Newest၊ Latest ဆိုပြီး အစရှိသဖြင့်ပေါ့ လူတိုင်းက အထင်တကြီး လေးစားပြီး အွန်လိုင်းနောက်ကို လိုက်လာနေကြပါပြီ သတင်းမှား သတင်းတု တွေ ရှိတယ်ဆိုပေမဲ့ ဝေဖန်ပိုင်းခြားရတာလည် လွယ်ကူနေပါပြီ ဒါတင်မဟုတ်ဘူး ဖုန်းအင်တာနက်စံနစ်ကြောင့် ဖုန်းအင်တာနက် အစွမ်းကြောင့် တောနယ်တွေပါ အွန်လိုင်းကို တီးခေါက်လာနိုင်ကြပါပြီ အထိုက်အလျှောက် ခေတ်ကြီးကြောင့် အားနည်းနေသေးတယ် ဆိုပေမဲ့ လက်ရှိ ခေတ်ကြီးကြောင့်ဘဲ တန်ပြန်တွန်းအားတွေက ပိတ်ပင်တားဆီးမှုတွေကို တွန်းလှန်နေကြလို့ ကျွန်တော်တို့ အွန်လိုင်းဘက်တော်သားတွေအတွက် အလေးချိန်က ပြောနေစရာမလိုဘဲ သာနေပါပြီ။
မမြသွေးနီရေ
ဒီလို တွေ့ဆုံပွဲလေးဟာ မလုပ်သင့်ဘူးဆိုပေမဲ့ လုပ်လိုက်မှ ဖြစ်မဲ့အနေအထားကလည်း ရှိနေပြန်တယ် မဟုတ်လား။ ကျွန်တော့် အမြင်ကနေ ပြောချင်တာကတေ့ တကယ်တော့ ရိုးရိုးလေးပါ ပုံနှိပ်မီဒီယာပိုင်းက အွန်လိုင်းမီဒီယာကို အားကိုးနေသူတွေ ဘယ်လောက် ရှိနေလဲ အားမကိုးသူ ဘယ်လောက် ရှိနေလဲ ဆိုတာပါဘဲ။
မမြသွေးနီရေ
ဂျာနယ် အရမ်းဖတ်တဲ့ ကျွန်တော့် အမေက နေ့တိုင်းမေးတာ တစ်ခု ရှိတယ် “အဲဒါ ဘာလဲ ဆိုတော့ ဒီနေ့ အင်တာနက်မှာ ဘာထူးလဲ” တဲ့။
အားပေးလျက်
မှူးသခင်
Pingback: ပုံနှိပ်မီဒီယာနှင့်အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ (နောက်ဆုံးပိုင်း) |