အပိုင်း (၃) ကို ဖတ်တော့မယ်ဆိုရင် ပထမပိုင်း နဲ့ ဒုတိယပိုင်းကို အရင် ဖတ်ပါမှ လိပ်ပတ်လည် ခြိတ်ဆက်မိမှာမို့ အရင်ဖတ်ပေးကြည့်စေချင်ပါတယ်ရှင်..။
“ အွန်လိုင်းမီဒီယာဘက်မှ ၀င်ရောက်ဆွေးနွေးပေးတဲ့ ဘလော့ဂါနေဘုန်းလတ်၊ မြသွေးနီ၊ သူရဿဝါ ”
အွန်လိုင်းမီဒီယာမှ သူရဿဝါရဲ့ ဆွေးနွေးချက်အပေါ် ပုံနှိပ်မီဒီယာမှ ဆရာမ နန်းကြာဖြူက ယခုလို ပြန်လည်ဆွေးနွေးပါတယ်။
“ ကိုယ့်ကိုယ်ကို တာဝန်ယူတယ်ဆိုတာကတော့ မှန်ပါတယ်၊ ဒါပေမယ့် အွန်လိုင်းပေါ်မှာက လူတိုင်းက ကျွန်တော်ဘယ်သူဆိုတာကို မဖော်ပြထားပါဘူး၊ ဆရာတို့ကတော့ ဖော်ပြထားပေမယ့် တခြား မဖော်ပြထားသူတွေ ရှိနေတဲ့ အတွက် အန္တရာယ်ရှိနိုင်တဲ့ နေရာလည်းဖြစ်နေတယ်၊ အဲ့ဒီလို လွတ်လပ်စွာနဲ့ အန္တရာယ်ရှိနေတဲ့၊ ယဉ်ကျေးမှုနဲ့မလျော်ညီတဲ့ ပုံတစ်ပုံကို တင်လိုက်မယ်၊ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ မြန်မာယဉ်ကျေးမှုနဲ့ မညီတဲ့ ၀တ်စားဆင်ယင်မှုနဲ့၊ တင်တဲ့သူက ဘာရယ်မဟုတ် တင်လိုက်တယ်၊ ဒီပုံတွေကို တိုင်းတပါးက မြင်တဲ့အခါ၊ မြန်မာလူမျိုးတွေရဲ့ သိက္ခာကို ထိပါးစရာဖြစ်တယ်၊ အဲ့ဒီသတင်းမျိုးကို ဘယ်လိုကွန်ထရိုးလုပ်မလဲ”
ဒီတစ်ခါမှာတော့ အွန်လိုင်းမီဒီယာဘက်က မြသွေးနီက ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။
“ ဆရာမ ပြောတာလည်း မှန်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ အွန်လိုင်းမှာ လွတ်လွတ်လပ်လပ် ရေးကြတယ်၊ လွတ်လွတ်လပ်လပ် အမြင်တွေလည်း ချပြကြတယ်၊ လွတ်လွတ်လပ်လပ် ကွန်မန့်တွေလဲ ပေးကြတယ်။ အဲ့ဒီအခါမှာ ကျင့်ဝတ်နဲ့ မညီတဲ့ သတင်းတွေ တက်နေတာလည်း မှန်ပါတယ်၊ ကျွန်မက ဒါကို ဘယ်လို မြင်သလည်းဆိုတော့ ရေစီးကြောင်းရဲ့ သဘောလို့ မြင်ပါတယ်”
“ ရေစီးကြောင်းဆိုတာမျိုးက ရပ်တန့်မနေပါဘူး၊ ရေစီးကြောင်းဆိုတာမျိုးက စီးဆင်းနေတာမျိုးပါ၊ ဥပမာပြောရရင် ဟိုးယခင် ကျွန်မတို့ မိဘများရဲ့ လက်ထက်က ရင်ဖုံးလက်ရှည်၊ တစ်ပတ်လျိုဆံထုံးနဲ့ ၀တ်ဆင်ခဲ့ကြတယ်၊ ယနေ့ခေတ်မှာဝတ်စားဆင်ယင်မှုတွေ ပြောင်းလဲလာပါတယ်၊ ခေတ်နဲ့
လျော်ညီစွာ ခေတ်မှီ အ၀တ်အစားများကို ၀တ်ဆင်ကြသလို၊ ခေတ်လွန် သရုပ်ပျက် ၀တ်စားသူတွေလဲ ရှိနေတာပါဘဲ၊ အဲ့ဒီအထဲမှာမှ မြန်မာဝတ်စုံရင်ဖုံး၊ ထမီကို နှစ်နှစ်ခြိုက်ခြိုက် ၀တ်နေသူတွေလည်း ရှိနေပါသေးတယ်”
“ ဆိုလိုချင်တာက အွန်လိုင်းမီဒီယာ ဖွံ့ဖြိုးလာတာနဲ့အမျှ အွန်လိုင်းမီဒီယာ အပေါ်မှာ မှီခိုအားထားအသုံးပြုလာ သူတွေ ရှိလာကြသလို၊ အဲ့ဒီလူများထဲကပဲ ပုံနှိပ်စာမျက်နှာပေါ်များက ရသစာပေ၊ သုတစာပေတွေကိုလည်း တစွဲတလမ်း ဖတ်နေကြသူတွေ ရှိနေကြပြီး၊ စာဖတ်သူတွေ တစ်ခုခုရသွားစေချင်တဲ့ ဆန္ဒနဲ့ ရေးသားနေကြသူ တွေလည်း ရှိနေကြပါတယ်၊ အလားတူ အဲ့ဒီလူတွေထဲမှာလည်း ခုနလို သရုပ်ပျက်အ၀တ်အစား ၀တ်တဲ၊့ ကျင့်ဝတ်နဲ့ မလျော်ညီသူတွေလဲ ရှိနေနိုင်တာပါပဲ ”
“တစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်လဲ ဘယ်နေရာမှာမဆို အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲနေတတ်တဲ့ သဘောကို ကျွန်မတို့ လက်ခံနိုင်ရပါမယ်။ ဘယ်နေရာမှာမှ အားလုံးကောင်းတယ်၊ အားလုံး မှန်တယ်ဆိုတာ မရှိပါဘူး၊ ပြောရမယ်ဆိုရင် ပုံနှိပ်မီဒီယာမှာလဲ အပျော်ဖတ်စာပေတွေ အများကြီး ကြီးစိုးနေတာပဲ၊ ဒါက ဘာကို ဖော်ပြသလဲဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတာကို ဖော်ပြနေတာပါ၊ ဒါဟာဘာနဲ့တူသလဲဆိုတော့ ခွန်နဲ့အားနဲ့ သဘာဝကျကျ၊ လွတ်လွတ်လပ်လပ် ရေစီးအားကောင်းကောင်း စီးဆင်းနေရမယ့် ရေစီးကြောင်းတစ်ခုမှာ အမှိုက်သရိုက်တွေ ပိတ်ဆို့နေတာနဲ့ တူပါတယ်၊ ကျွန်မတို့ တိုင်းသူပြည်သားများဟာ နှစ်ကာလများစွာ အမှိုက်ဒိုက်သရိုက်တွေ ပိတ်ဆို့ခံထားရပြီး ဘာဆိုဘာမှ လွတ်လပ်စွာ စီးဆင်းခွင့် မရရှိခဲ့ပါဘူး”
“ဒါပေမယ့် အခုတော့ ဒီဒိုက်သရိုက်တွေ ရေစီးကြောင်းထဲက ဖယ်ရှားသွားပြီ ဆိုတော့ အနှစ်နှစ်အလလ ပိတ်ဆို့ခံထားရတာတွေလဲ ပြန်လည် စီးဆင်းခွင့်ရကာစ ကာလရောက်နေပါပြီ၊ ဒီတော့ စီးဆင်းခွင့်ရကာစ ဒီရေစီးကြောင်းထဲမှာ အမှိုက်ဒိုက်သရိုက်တွေ၊ ရောပါနေဦးမှာပါဘဲ၊ အဲ့တော့ အဲ့ဒီ အမှိုက်သရိုက်တွေ ကျွန်မတို့က ဖယ်ယူရမယ်၊ ဆည်ယူရမယ်၊ ကျွန်မတို့ရဲ့ ဥာဏ်ပညာနဲ့၊ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ တာဝန်ယူမှုနဲ့ စစ်ယူရပါမယ်”
“ကျွန်မဆို အွန်လိုင်းမှာ အလုပ်သဘောအရ အမြဲရှိနေရတယ်၊ အွန်လိုင်းကို သုံးနေရတဲ့အတွက် အွန်လိုင်းမှာ စာကောင်းပေမွန်တွေလည်း အများကြီး တွေ့တယ်၊ ခုနပြောသလို သရုက်ပျက်တွေ တာဝန်မယူပဲ ရေးနေတာတွေလည်း တွေ့တယ်၊ ဒီစာတွေ ကျွန်မ အချိန်ပေး မဖတ်ပါဘူး၊ အွန်လိုင်းကို အလုပ်တစ်ဖက်နဲ့ အသုံးပြုရတဲ့အတွက် အချိန်တွေ အများကြီးမပေးနိုင်ဘူး၊ ဒါကြောင့်မို့ ကျွန်မကိုယ်တိုင် တန်ဘိုးထားတဲ့ စာတွေပဲ ရွေးဖတ်ပါတယ်၊ အလားတူ တခြားစာဖတ်သူတွေလည်း သူတို့ရဲ့ စံနဲ့သတ်မှတ်ထားတဲ့ စာတွေပဲ ရွေးချယ်ပြီး ဖတ်သွားကြမယ်လို့ ကျွန်မထင်တယ်၊ အဲ့တော့ အွန်လိုင်းမီဒီယာက အခုမှ စဖွံ့ဖြိုးစအချိန်၊ နောက်ပိုင်းဆို အီလက်ထရောနစ် ဥပဒေတွေ ပေါ်လာလိမ့်မယ်၊ အဲ့ဒီ အခါကြရင် အဲ့ဒီ ပြဿနာတွေကို ထိမ်းချုပ်လာနိုင်မယ်၊ နည်းပါးသွားလိမ့်မယ်လို့ ထင်ပါတယ်၊ ကျေးဇူးတင်ပါတယ်”
(((လက်ခုပ်သံများ)))

“ပုံနှိပ်မီဒီယာဘက်မှ ပါဝင်ဆွေးနွေးခဲ့တဲ့
ခင်ဆုမြတ်ထွန်း၊ ဝေမိုးနိုင်(မုံရွာ)၊ နန်းကြာဖြူ(ဘားအံ)”
အဲ့ဒီနောက်မှာ အွန်လိုင်းမီဒီယာဘက်က ကိုနေဘုန်းလတ်က အခုလို ပုံနှိပ်မီဒီယာဘက်ကို မေးခွန်းထုတ်ပါတယ်။
“ ခေတ်က တိုးတက် ပြောင်းလဲနေတယ်ပေါ့နော်၊ မြန်မာနိုင်ငံမှာ တချို့ ဂျာနယ်တွေ အွန်လိုင်းပေါ်တင်ပြီး ၀က်ဘ်ဆိုက်တွေ ဖွင့်လာကြတယ်၊ ကျွန်တော်သိသလောက် နိုင်ငံတကာမှာလည်း သတင်းကုမ္ပဏီကြီးတွေက စဉ်းစားနေကြပြီ၊ အခုဆို ပုံနှိပ်သတင်းဂျာနယ်တွေရဲ့ စောင်ရေတွေ ကျလာကြတယ်၊ ပရင့်မီဒီယာကနေ အွန်လိုင်းမီဒီယာဘက်ကို ဘယ်လို ကူးကြမလဲဆို စဉ်းစားလာကြတယ်၊ အဲ့ဒီတော့ ဆရာဆရာမတို့ ပုံနှိပ်မီဒီယာ ဘက်ကရော ခေတ်ရဲ့ ပြောင်းလဲမှုမှာ ဒီပုံနှိပ်မီဒီယာဆိုတဲ့စာရွက်ပေါ်မှာ ပုံနှိပ်ရတာကို လုံးဝ ပျောက်မသွားအောင် ထိမ်းသိမ်းထားကြမှာလား၊ ဒါမှမဟုတ် ခေတ်နဲ့အတူ လိုက်လံ ပြောင်းလဲမယ်ဆိုရင်လည်း ဘာတွေများ ပြင်ဆင်ထားပါသလဲ သိချင်ပါတယ်”
ကိုနေဘုန်းလတ်ရဲ့ မေးခွန်းကို ပုံနှိပ်မီဒီယာဘက်မှ ဆရာမနန်းကြာဖြူက အခုလို ပါဝင်ဆွေးနွေးခဲ့ပါတယ်။
“ ပုံနှိပ်စာမျက်နှာက ထွက်ပေါ်လာတာ ကြာပါပြီ၊ သူက မိဘလို့ ပြောလို့ရပါတယ်၊ ဖန်သားပြင် စာမျက်နှာဆိုတာကတော့ နောက်မှ ထွက်ပေါ်တာပါ၊ သားသမီးပါဘဲ၊ သားသမီးဆိုတာက မိဘမရှိပဲ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး၊ အဲ့ဒီသဘောပါဘဲ”
(((လက်ခုပ်သံများ)))
ကိုနေဘုန်းလတ် မေးတဲ့မေးခွန်းနဲ့၊ ဖြေတဲ့ အဖြေကလွဲနေပေမယ့် ပရိသတ်က ဆရာမနန်းကြာဖြူ အဖြေကိုတော့ သဘောတွေ့သွားကြပါတယ်၊ အဲ့တာကို သိပုံရတဲ့ ဆရာမခင်ဆုမြတ်ထွန်းက အခုလို ၀င်ဖြည့်စွက်ပြောပါတယ်။ ကိုနေဘုန်းလတ် အပါအ၀င် ကျွန်မနဲ့ သူရဿဝါပါ အဖြေကို စိတ်ဝင်စားစွာ စောင့်နေမိပါတယ်။
“ ပုံနှိပ်နဲ့ ဖန်သားပြင် တွဲလာတယ်ဆိုတဲ့သဘောက စာအုပ်တွေ၊ ဂျာနယ်တွေကို ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေအတွက် လွယ်ကူစွာ ဖတ်နိုင်ဖို့ ရောက်လာတယ်ပဲ မြင်ပါတယ်၊ နောက်တစ်ခုကတော့ ဆိုရှယ်နက်ဝေါ့ကင်းပါ၊ ဆိုရှယ်မီဒီယာရယ်လို့လဲ မဟုတ်ပါဘူး၊ အွန်လိုင်း မီဒီယာရယ်လို့လည်း မဟုတ်ပါဘူး၊ ဘာလို့လည်းဆိုတော့ သတင်းတွေကို လွတ်လွတ်လတ်လတ် ရေးသားခွင့်ဆိုတာက အားနည်းတဲ့ ကျွန်မတို့ နိုင်ငံလို အာဏာရှင်စနစ်အောက်ရောက်ခဲ့တဲ့ နိုင်ငံငယ်များမှာ သတင်းတွေကို လူတွေက မှန်မမှန်ဆိုတာထက်၊ မြန်မြန်သိချင်လာတဲ့အတွက် ဒီလို အွန်လိုင်းမီဒီယာက အားကောင်းတာပါ၊ ပုံနှိပ်မှာက သတင်းတခု စနစ်တခုကို ကိုယ်တိုင် သုံးသပ်ချက်တွေနဲ့ သတင်းဆောင်းပါးတွေကို စနစ်တကျ ဖော်ပြကြတာပါ၊ ဒါကြောင့် နောက်ပိုင်းမှာလည်း တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပုံနှိပ်မီဒီယာက အားကောင်းနေဦးမှာပါ ”
ဆရာမခင်ဆုမြတ်ထွန်း ၀က်ရောက်ဆွေးနွေးပေမယ့် ကိုနေဘုန်းလတ်မေးတဲ့ ဘာတွေ ပြင်ဆင် ထားကြသလဲဆိုတဲ့ မေးခွန်းအပေါ် ဒီတစ်ခါလည်း အဖြေမရပြန်ပါဘူး။ အဲ့ဒီ အဖြေမထွက်လာခင်မှာပဲ ပုံနှိပ်မီဒီယာက ကိုဝေမိုးနိုင်က အခုလို အွန်လိုင်းဘက်ကို အခုလို ထပ်မံ မေးခွန်း ထုတ်လိုက်ပါတယ်။
“ ပုံနှိပ်မီဒီယာမှာဆိုရင် ၀တ္တုကောင်းတစ်ပုဒ်၊ ဆောင်းပါးကောင်း တစ်ပုဒ် ပေါ်ထွက်လာပြီဆိုရင် အမျိုးသားစာပေဆုက စလို့ စာပေဆုတွေ ရှိတယ်၊ ဒီလိုဆုရ စာပေဆိုပြီးတော့လည်း အကြိမ်ကြိမ် ပုံနှိပ်ဖော်ပြခံရတယ်၊ အွန်လိုင်းပေါ်မှာ ကဗျာတွေ၊ စာတွေက ကောင်းတယ်ပဲထားဦး၊ ဘယ်လောက် တန်ဘိုးထား ခံနေရသလဲ ”
ဒီမေးခွန်းကိုတော့ မြသွေးနီ ဖြေဖြစ်ခဲ့ပါတယ်။
“ ဒီမေးခွန်းကို ကျွန်မဖြေချင်ပါတယ်၊ ပုံနှိပ်မီဒီယာဆိုတာက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာလောက်ထဲက သန္ဓေတည်ခဲ့တာပါ၊ ကျွန်မတို့ အွန်လိုင်း မီဒီယာကတော့ ကမ္ဘာမှာတောင် ၁၉၆၈ခုနှစ်မှ ကွန်ပျူတာ စတင် သုံးစွဲနိုင်ခဲ့တယ်၊ အဲ့ဒီနောက် ၁၉၆၉ မှာ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှာ ကွန်ယက်တွေကို စတင် စမ်းသပ်ခဲ့တယ်၊ အင်တာနက်တောင် မခေါ်သေးဘူး Arpanetလို့ပဲခေါ်သေးတယ်၊ ၁၉၇၀မှာ အင်တာနက်ဆို စတင်ပြောင်းလဲ သုံးစွဲခဲ့ပြီး ကွန်ယက်တွေကို နိုင်ငံတကာနဲ့ စတင် ခြိတ်ခဲ့တယ်”
“ ကမ္ဘာမှာ အင်တာနက်ကို ၁၉၇၀ထဲက စသုံးခဲ့ပေမယ့် ကျွန်မတို့ မြန်မာမှာ အင်တာနက်ကို ၂၀၀၅ခုလောက်ကမှသာ သေချာ စသုံးနိုင်ခဲ့တယ်၊ အဲ့တော့ အချိန်ကာလကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ကျော်လောက်ထဲက ထွန်းကားခဲ့တဲ့ ပုံနှိပ်မီဒီယာ၊ အင်တာနက်ကို ကမ္ဘာနဲ့ နှစ်၃၀ကျော်လောက် နောက်ကျပြီးမှ ဒီမှာ သုံးခွင့်ရတဲ့ အချိန်၊ အချိန်ကာလအားဖြင့် အချိုးအဆက အရမ်းကို ကွာဟနေပါတယ်၊ ဆိုလိုတာက ကျွန်မတို့က အခုအချိန်မှာ ဖြတ်သန်းခဲ့တဲ့ သမိုင်းနဲ့ ကြည့်မယ်ဆိုရင်၊ အချိန်ကာလအရ နှိုင်းယှဉ်မယ်ဆိုရင် ပုံနှိပ်ကို မယှဉ်နိုင်ဘူးဆိုတာ မှန်ကောင်းမှန်ပါလိမ့်မယ် ”
“အခုဆို ပုံနှိပ်က နာမည်ရ စာရေးဆရာများကိုယ်တိုင် အွန်လိုင်းမီဒီယာမှာ ၀က်ဘ်ဆိုက်တွေနဲ့ စာတွေ ရေးလာကြတယ်၊ အခု ဒီစင်ပြင်ပေါ်က ဆရာဝေမိုးနိုင်၊ ဆရာမလင်းစက်နွယ်တို့ဆို အွန်လိုင်းပေါ်မှာ စာတွေ ရေးလာကြတယ်၊ ဖေ့ဘုတ်မှာလည်း ဆရာတို့တွေ ရှိနေပါတယ်၊ ပုံနှိပ်မှာ ပါပြီးတဲ့ ၀တ္တုတွေကို ၀က်ဘ်ဆိုက်ကနေ ပြန်ပြီးဖော်ပြကြတယ်၊ ဆရာတို့ကိုယ်တိုင် အင်ဖော်မေးရှင်းတွေ မျှဝေတယ်၊ အဲ့ဒီတော့ ဆရာတို့ ပုံနှိပ်မီဒီယာကပါ အွန်လိုင်းမီဒီယာကို လိုအပ်လို့ အသုံးပြုလာတယ်ဆိုတာကို နားလည်နေမယ်လို့ ကျွန်မ ထင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ”
(((လက်ခုပ်သံများ)))
ဆရာနေဘုန်းလတ်က တဘက်က မေးခွန်းရဲ့ ဆိုလိုရင်းကို ပေါ်လွင်အောင် အခုလို ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။
“ ဆရာတို့က ပုံနှိပ်မှာ ဆုတွေဘာတွေ ရတယ်ပေါ့နော်၊ ကျွန်တော် အွန်လိုင်းမှာ ၀တ္တုတစ်ပုဒ်တင်လိုက်ရင် ပရိသတ်တွေဆီက ကွန်မန့်တွေ ကျွန်တော်တို့ဆီ ချက်ချင်း ပြန်ရတယ်၊ ကျွန်တော်တို့ရဲ့ ဘလော့ဂ်တွေမှာ လူဘယ်နှယောက် ၀င်ဖတ်သွားတယ်၊ အဲ့ဒီလူတွေက ဘယ်နိုင်ငံတွေကနေ လာဖတ်ကြတယ်၊ ကျွန်တော် တင်တဲ့ ၀တ္တုကို ဖတ်သူအရေအတွက် ဘယ်လောက်ရှိသလဲ၊ အဲ့ဒီလို စာဖတ်သူတွေရဲ့ တုန့်ပြန်မှုကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ကျနော်တို့ ရတယ်။ အဲ့ဒီတော့ ဒီလိုမျိုး ပရိသတ်နဲ့ စာရေးဆရာကြားမှာ နွေးထွေးမှုတစ်ခုရတယ်၊ အင်တာကွန်နက်ရှင်ခေါ်တဲ့ အပြန်အလှန် ဆက်ဆံမှုက အရမ်းမြန်တယ်၊ အဲ့တော့ ဒါတွေက ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဘယ်ဆုနဲ့မှ မလဲနိုင်ပါဘူး”
(((လက်ခုပ်သံများ)))
ကိုနေဘုန်းလတ်ရဲ့ အဖြေအတွက် မြသွေးနီနဲ့ သူရဿဝါတို့ပါ လက်ခုပ် ကျယ်ကျယ်လေး တီးလိုက်မိပါတယ်။ ဒီအခါမှာ ပုံနှိပ်မီဒီယာဘက်မှ ကိုဝေမိုးနိုင်က အခုလို ထပ်မံဆွေးနွေးပြန်ပါတယ်။
“ စာဖတ်သူတွေ ကွန်မန့်ပေးတဲ့ နေရာမှာ အွန်လိုင်းက မြန်တယ်ဆိုတာ လက်ခံပါတယ်၊ ဒါပေမယ့် အဲ့ဒီ ဝေဖန်ချက်တွေထဲမှာ ဓမ္မာ့ဓိဌာန် ကျကျ ဝေဖန်ချက်ကတော့ တော်တော်နည်းပါတယ်၊ အချို့က တအား မြှောက်ပင့်ထားတယ်၊ တချို့က စုတ်ပြတ်သတ်နေအောင် ဝေဖန်ထားတယ်၊ တချို့က လျော့တိ လျော့ရဲ၊ ပြောချင်သလို မပြောချင်သလို ဝေဖန်ထားတယ်၊ တချို့ကြတော့ အကောင်းပြောနေတာလား၊ ရွဲ့နေတာလား၊ ဖဲ့နေတာလား၊ စောင်းနေတာလား ဘာမှကို ဝေခွဲလို့ မရပါဘူး၊ ပုံနှိပ်မှာကျတော့ ဝေဖန်ရေးရှိတယ်ဆိုပေမယ့် ဒီဝေဖန်ရေးစာမူက အယ်ဒီတာ စားပွဲကို ဖြတ်ရတယ်၊ အယ်ဒီတာက ဒီဝေဖန်ရေးက ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာလား၊ အပြုသဘောစေတနာနဲ့ ဝေဖန်တာလားစတဲ့ စာမူကို ခွဲခြားပြီးမှ စာမျက်နှာပေါ်တင်ခဲ့တယ်၊ ဝေဖန်ရေးမှာဆိုရင်တော့၊ ကွန်မန့်မှာ ဆိုရင်တော့ ပုံနှိပ်က အားသာမယ် ထင်ပါတယ်”
(((လက်ခုပ်သံများ)))
ဒီတစ်ခါမှာတော့ အွန်လိုင်းမီဒီိယာက ဆရာသူရဿဝါက အခုလို ၀င်ရောက် ဆွေးနွေးခဲ့ပါတယ်။
“ ဒါဆိုရင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တဲ့စာတွေက အယ်ဒီတာစားပွဲဖြတ် စီစစ် ဖြတ်တောက်ပြီးမှ ပုံနှိပ်စာမျက်နှာပေါ်ရောက်တယ်၊ ကျနော်တို့ အွန်လိုင်းမှာကျတော့ Reality အစစ်အမှန် ပရိသတ်ပေးတာ ချက်ချင်းရတယ်၊ ဒါဆို မဂ္ဂဇင်းမှာကျတော့ အတုတွေရတာ ဖြစ်နေတာပေါ့…”
(((လက်ခုပ်သံများ)))
အဲ့ဒီနောက် သူရဿဝါမှ ဆက်ပြီး ဆွေးနွေးပြန်ပါတယ်။
“ ကွန်မန့်ဆိုတာ စာရေးသူရဲ့ ပင်ကိုယ် အကျင့်စရိုက်နဲ့ပဲ ဆိုင်တယ် ထင်ပါတယ်၊ သူကြိုက်ရင် ကြိုက်ကြောင်း ကျွန်တော်တို့ ချက်ချင်းသိရတယ်၊ မကြိုက်ရင် မကြိုက်ကြောင်းလဲ ချက်ချင်းသိရတယ်၊ သူ အူလည်လည် ရေးခဲ့ရင် ကျနော်တို့လည်း အူလည်လည် ကျန်ခဲ့တယ်၊ ဒါပေမယ့် အဲ့တာက ကျနော်တို့ တကယ့်အစစ်တွေကို ချက်ချင်းရတာ၊ ဆရာပြောသလို ပုံနှိပ်မှာမှာကျတော့ ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်တဲ့ စာတွေကို မဂ္ဂဇင်းပေါ်မှာ အယ်ဒီတာစားပွဲ ဖြတ်ပြီးတော့မှ ကျွန်တော်တို့ဆီ ရောက်တာဆိုတော့ ကျနော်တို့ အစစ်တွေ မရဘူးပေါ့..”
(((လက်ခုပ်သံများ)))
သူရဿဝါရဲ့ဆွေးနွေးချက်အပေါ် ဆရာဝေမိုးနိုင်က သူ့အမြင်ကို အခုလို ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။
“ ဆရာတို့ အစစ်တွေရတယ်ဆိုတဲ့ အထဲမှာမှ နာမည်မဖော်ပဲနဲ့ ရေးသူတွေလဲ ရှိပါတယ်၊ ဆရာမ မသီတာရေးခဲ့တဲ့ ကလစ်တစ်ချက် အသက် တစ်ချောင်းဆိုတဲ့ ဆောင်းပါးလဲ ရှိပါတယ်၊ အွန်လိုင်းကို တင်ဖို့ ကလစ်တစ်ချက် နှိပ်လိုက်တာနဲ့ နောက်ကွယ်မှာ အဖြစ်အပျက်မျိုးစုံ ဖြစ်သွားနိုင်ပါတယ်၊ ဒီကွန်မန့်ဟာ စိတ်ထိခိုက်စရာဆိုရင် နိုင်ငံတကာမှာဆို သေကြောင်းကြံတဲ့အထိတောင် ဖြစ်ကြပါတယ်၊ အစစ်ဆိုပေမယ့် စာရေးသူတွေကိုတော့ နှောက်ယှက်နိုင်တယ်လို့ ထင်ပါတယ် ”
အဲ့ဒီနောက် ပုံနှိပ်မီဒီယာဘက်က ဆရာမခင်ဆုမြတ်ထွန်းက အခုလို ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။
“ တစ်ခုခုတင်ရင် Likeလုပ်ကြတယ်ပေါ့၊ ဥပမာ – စာမဖတ်သေးဘူး ခင်မင်မှုနဲ့ Like လုပ်ကြတယ်၊ ကိုယ်တင်လိုက်တာမှ စက္ကန့်ပိုင်း ရှိသေးတယ်၊ ဘာမှတောင် မဖတ်ရသေးပဲ Like လုပ်ကြတယ်ဆိုတော့ ဒါကြီးက စိတ်အနှောက်အယှက်ပါ၊ ကျေနပ်စရာ မကောင်းပါဘူး”
(((လက်ခုပ်သံများ)))
( Facebookမှာ Likeလုပ်ကြတာနဲ့ ပတ်သက်ပြီး ကျွန်မ ၀င်ရောက် ဆွေးနွေးချင်ပေမယ့် အချိန်မရတော့လို့ ဆွေးနွေးခွင့်မရခဲ့ပါဘူး။ အဲ့ဒီအတွက် သီးသန့်ဆောင်းပါး တစ်ပုဒ် နောက်ပိုင်း ရေးပါ့မယ် )
အဲ့ဒီနောက် အချိန်အတိုင်းအတာအရ ကြားခံဆွေးနွေးသူ ဆရာမခင်သန္တာမှ ပရိသတ်ဘက်မှ မေးစေဖို့ အလှည့်ပေးလိုက်ပါတယ်။ အဲ့ဒီအခါမှာ ပရိသတ်ဘက်က ဂျာနယ်လစ်တစ်ဦးလို့ ယူဆရတဲ့ လူငယ် အမျိုးသမီး တစ်ယောက်က အခုလို မေးခဲ့ပါတယ်။
“ ဒီနေ့ ကျင်းပပြုလုပ်တဲ့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာ အားပြိုင်ပြုလုပ်တဲ့ ပွဲမှာ ကြွရောက်လာကြတဲ့ စာချစ်သူတွေ စာဖတ်သူတွေကို Live Message ပေးနေတာပေါ့နော်၊ အဲ့လိုနေရာမှာ ပုံနှိပ်မီဒီယာမှာ ထုတ်ဝေလိုက်မယ်ဆိုရင် ပရိသတ်ဘက်ကနေ ကာကွယ်ပေးမယ့် အယ်ဒီတာ စားပွဲဆိုတာ ရှိပါတယ်၊ အွန်လိုင်းမီဒီယာဘက်ကလည်း ကျွန်မတို့ စာချစ်သူတွေ၊ စာဖတ်ပရိသတ်တွေကို အဖက်ဖက်က ကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်ထားတာတွေ ရှိမယ်ဆိုရင် သိချင်ပါတယ် ”
အဲ့ဒီ မေးခွန်းကိုတော့ မြသွေးနီက ဖြေဆိုပေးခဲ့ပါတယ်။
“ အခုအွန်လိုင်းမှာ ကျွန်မဆိုရင် ပါစင်နယ်ဘလော့ဂ်ဆိုတဲ့အတွက် ကျွန်မကိုယ်တိုင်ရေးတယ်၊ ကျွန်မ ၀က်ဆိုက်ကို ကိုယ်တိုင် ထိမ်းချုပ်တယ်၊ မဟုတ်တာရေးရင် အဲ့ဒီသူကို Blockလုပ်လို့ရတယ်၊ ဘမ်းလို့ရတယ်၊ တချို့ ဆိုရှယ်ဝက်ဆိုက်တွေအတွက် လူငယ်တွေ အများစု မန်ဘာဝင်ပြီး အသုံးပြုကြတယ်၊ အဲ့ဒီဆိုက်တွေမှာ ဆိုက်အက်ဒမင် ရှိတယ်၊ ကျွန်မ အရင်က Save The Aged သက်ကြီးရွယ်အို စောင့်ရှောက်ရေးနဲ့ ထောက်ပံ့ရေး ပရဟိတအသင်းမှာ Site Admin တာဝန် ကျွန်မ ယူခဲ့ရဘူးတယ်၊ Adminအနေနဲ့ အွန်လိုင်းမှာ Standby နေရတယ်။ ဆိုက်မှာ တက်လာတဲ့ ပို့စ်တွေ၊ ကွန်မန့်တွေကို ကွန်ထရိုးလုပ်ထားတယ်၊ ဒီလို လုပ်ထားတဲ့အတွက် အဖွဲ့ရဲ့ချမှတ်ထားတဲ့ မူဝါဒနဲ့ မလျော်ညီတာတွေ တက်လာလို့ ရှိရင် သူတို့ တင်တာနဲ့ တက်ခွင့်မပေးထားပါဘူး၊ အက်ဒမင်တွေ ဖတ်ပြီး Approveလုပ်မှသာ စာမူတွေ ဖော်ပြခွင့်ရကြပါတယ်”
“ အလားတူ ကွန်မန့်တွေကိုလဲ ကွန်ထရိုး လုပ်လို့ရပါတယ်၊ ပရိတ်သတ်ပေးတဲ့ ကွန်မန့်တွေဟာ ရိုင်းပြတဲ့ ကွန်မန့်တွေ ဖြစ်ခဲ့ရင် ဖျက်လို့ရတယ်၊ တချိန်ထဲမှာပဲ ကွန်မန့်ပေးတဲ့ အီးမေးလ်လိပ်စာကိုလဲ ရထားတယ်၊ အဲ့တော့ သူတို့ကို အီင်္းမေးလ်က ဆက်သွယ်လို့ရတယ်၊ ဆိုက်မှာ Sign Up လုပ်ရင် ပါစင်နယ် အချက်လက်တွေ ဖြည့်ရတယ်၊ ဒီတော့ ကျွန်မတို့က သူတို့ကို တစ်ဦးချင်း ဆွေးနွေးခွင့်ရှိတယ်၊ ဒါက လောလောဆယ် အွန်လိုင်းမီဒီယာ စဖွံ့ဖြိုးလာချိန်မှာ လုပ်ထားနိုင်တဲ့ အနေအထားတွေပါ၊ နောက်ပိုင်း ဒီထက်ပိုပြီး ပိုဖွံ့ဖြိုးလာရင် ဒီထက် ပိုအားသာတဲ့ မီဒီယာဥပဒေတွေနဲ့ Softwareတွေ ရေးဆွဲပြီးတော့ ကျွန်မတို့ ပိုပြီး ထိမ်းချုပ်လာနိုင်မယ် ထင်ပါတယ်၊ ကျေးဇူးတင်ပါတယ် ”
((( လက်ခုပ်သံများ)))
( Facebookဆိုတာကိုပဲ အွန်လိုင်းမီဒီယာလို့ တော်တော်များများက ထင်နေကြပါတယ်၊ တကယ်တော့ Facebookဆိုတာ Social Page/ Social Network ပါ၊ ဒီ လူပေါင်းသောင်းခြောက်ထောင်နဲ့ Social Facebookမှာတောင် ကိုယ့်ရဲ့Wallကို သူများCommentမပေးနိုင်စေအောင် ထိမ်းချုပ်တာ၊ Facebook Adminကို Reportတက်ပြီး ကိုယ်မနှစ်သက်သူကို ကိုယ့်Accountမှာ လာနှောက်ယှက်တာကို ရပ်တန့်နိုင်တာ၊ ကိုယ်စုဆောင်းထားတဲ့ ပုံတွေကအစ အများမမြင်နိုင်အောင် ထိမ်းချုပ်နိုင်တာ၊ Security Level အဆင့်ဆင့် မြှင့်လို့ရတာ၊ စသဖြင့် ကာကွယ်နိုင်တဲ့ နည်းပညာတွေ ရှိနေပါတယ်။ ဒါကို ဆွေးနွေးပွဲမှာ ပြောဖို့ အချိန်မရခဲ့လိုက်ပါဘူး၊ ဒါကြောင့် ဒီမှာပဲ တလက်စထဲ ထည့်ရေးလိုက်ပါတယ်)
အဲ့ဒီနောက်မှာ ခုနက ပြောလက်စ ပရိသတ်ထဲမှ လူငယ်အမျိုးသမီးကပဲ ဆက်မေးပြန်ပါတယ်။
“ အွန်လိုင်းမီဒီယာအခုမှ ဖွံ့ဖြိုးတာမှန်ပါတယ်၊ ခုန ဆရာနေဘုန်းလတ်တို့၊ ဆရာသူရဿဝါတို့ ပြောသလို လွတ်လွတ်လပ်လပ် ရေးတဲ့အတွက် ပရိသတ်အတွက်က မဖတ်သင့်တဲ့စာမျိုးဆို တိုက်ရိုက်ခံစားရမှာပါ၊ အဲ့တာကို သိချင်ပါတယ်”
အဲ့ဒီမေးခွန်းကိုမှာ ကြားခံဆွေးနွေးတဲ့ ဆရာမခင်သန္တာက -
“ အဲ့တာက ခုန တစ်ဖက်နဲ့တစ်ဖက်ပြောသွားတဲ့ မေးသွားတဲ့အထဲမှာ ပါပြီးသား ဖြစ်သွားတာမို့ ဖြေဖို့မလိုတော့ဘူးလို့ ထင်ပါတယ်” လို့ ပြောခဲ့လို့ အဖြေထပ်ပြီး မပေးခဲ့ရပါဘူး။
အဲ့ဒီနောက် ပရိသတ်ထဲမှ လူငယ်ယောကျာ်းလေး တစ်ဦးက -
“ ဒီနေ့ပွဲမှာဆွေးနွေးသွားတဲ့ နှစ်ဖက်လုံး ဘယ်သူမှ မနိုင်သလို မရှုံးဘူးလို့ မြင်ပါတယ်၊ ဒါပေမယ့် ကျနော်ပြောချင်တာက စာရေးနေသူနဲ့၊ ပုံနှိပ်ကနေ ဘလော့ဂါကနေ စာဖတ်နေတဲ့ စာဖတ်နေသူတွေရဲ့ ကြားထဲမှာ၊ ကျနော်တို့လို စာရေးဝါသနာပါတဲ့ လူတွေရှိနေပါတယ်၊ စာရေးနေသူတွေက စာမူတွေကို ပုံနှိပ်မီဒီယာက မဂ္ဂဇင်းတိုက်ကို သွားပို့တာနဲ့ ဒီအွန်လိုင်းပေါ်မှာ သူရေးထားတဲ့ စာကို တင်လိုက်လို့ သူရေးထားတဲ့ စာကို ကြိုက်တဲ့သူအနေနဲ့၊ စာရေးဆရာဖြစ်ဖို့၊ စာပေနယ်မှာ သူခွန်အားတွေရဖို့ အွန်လိုင်းမီဒီယာအနေနဲ့ ဘယ်လိုမျိုး အခွင့်အလမ်းတွေ ပေးနိုင်မလဲ သိချင်ပါတယ်”
ဒီမေးခွန်းအတွက် မြသွေးနီက ဖြေဖြစ်ခဲ့ပါတယ်။
“ မေးခွန်းအတွက် ကျေးဇူးတင်ပါတယ်၊ ပြီးခဲ့တဲ့ ရွှေအမြုတေ စာပေဆုပေးပွဲမှာ ကဗျာဆုရသွားတဲ့ ရန်ကုန်ကဗျာ ရေးသူ မောင်ရေချမ်းဟာ အွန်လိုင်းမှာလဲ ဘလော့ဂါတစ်ယောက်ပါ၊ Facebookမှာလည်း ရေးပါတယ်၊ တိုက်တိုက်ဆိုင်ဆိုင် သူ့စာမူကို ကျွန်မတောင် ကျွန်မတာဝန်ယူထားတဲ့ အွန်လိုင်းက ဘလော့ဂါတွေရဲ့လက်ရာစာမူတွေကို ဖော်ပြပေးနေတဲ့ teen Magazineက Blog Digestကဏ္ဍအတွက် နှစ်သက်လို့ ဖော်ပြဖို့ မောင်ရေချမ်းကို ဆက်သွယ်ဖြစ်ခဲ့ပါသေးတယ်၊ သူက ကျွန်တော် teen Magazineကို ပို့လိုက်ပြီတဲ့၊ teenက ကဗျာရှည်တွေ ဦးစားပေးဖော်ပြနေတယ်၊ အခုလို teenအတွက် တိုက်ရိုက်ပို့လဲ ပို့ပါ၊ အလွန်ကောင်းပါတယ်လို့ ပြောခဲ့တယ်၊ အွန်လိုင်းမှာ ရေးခဲ့တဲ့ ဒီကဗျာက ရွှေအမြုတေစာပေဆုရသွားတော့ ကာယကံရှင်တော့မသိဘူး၊ ကျွန်မ အရမ်းဝမ်းသာခဲ့မိတယ်၊ အရမ်းလည်း ကျေနပ်မိတယ်”
“ ဘာကြောင့်လည်းဆိုတော့ အွန်လိုင်းပေါ်မှာ ကဗျာရေးတဲ့ လူငယ်ကဗျာဆရာတစ်ယောက်ဟာ ပုံနှိပ်စာမျက်နှာပေါ် ခြေချခွင့်ရသွားပါပြီ၊ ဒါကြောင့် ခုန စာရေးချင်နေတဲ့ ၀ါသနာရှင်များကလည်း မဂ္ဂဇင်းတိုက်တွေကိုလဲ စာမူတွေ ပို့ပါ၊ တချိန်ထဲမှာပဲ အွန်လိုင်းမှာလည်း မိမိတို့ရဲ့ လက်ရာများကို သူငယ်ချင်းမိတ်ဆွေများကို မျှဝေပေးနိုင်တဲ့ အခွင့်အရေးတွေကို ဖန်တီးယူကြပါ၊ ကျေးဇူးတင်ပါတယ်”
((( လက်ခုပ်သံများ)))
အဲ့ဒီနောက် စာရေးဆရာ ချမ်းထက်ဟန်မှ သိလိုသည်များကို အခုလို မေးပါတယ်။
“ ကျွန်တော်က မေးတာထက် ကျွန်တော်အမြင်ကို ပြောချင်တာပါ၊ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာမှာ ခုန ပုံနှိပ်မီဒီယာက အုပ်ရေ ၅၀၀၀ထက် ပိုမရိုက်ရဘူး ပြောတယ်၊ အဲ့တာကို ကျွန်တော် မေးချင်ပါတယ်၊ အွန်လိုင်း မီဒီယာမှာရော အုပ်ရေ ၅၀၀၀ ကုန်နိုင်ပါ့မလား၊ အဲ့ဒီတော့ နှစ်ခုလုံးကို မျှစဉ်းစားရင် ပုံနှိပ်ရော အွန်လိုင်းရော ၂ခုလုံးရဲ့ မီဒီယာ ကျဆုံးခြင်းလို့ မြင်တယ်၊ ရသကျဆုံးခြင်းလို့ မြင်တယ်၊ ရသစာပေကို ရေးတဲ့အပိုင်းမှာထက် ဖတ်တဲ့သူ နည်းပါတယ်၊ အဲ့ဒီအတွက် ပုံနှိပ်ကရော အွန်လိုင်းကပါ ဖတ်တဲ့သူ များလာအောင်၊ အဲ့ဒီထက် ပိုမြင့်တက်လာအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လို စွမ်းဆောင်ကြမလဲဆိုတာ ဆွေးနွေးပေးစေလိုပါတယ်”
((( လက်ခုပ်သံများ)))
ပုံနှိပ်မီဒီယာမှ ဆရာချမ်းထက်ဟန် မေးခွန်းက နှစ်သက်စရာပါ။ အဖြေကိုတော့ ပုံနှိပ်မီဒီယာဘက်မှ ဆရာဝေမိုးနိုင်က စတင်ဖြေကြားပေးပါတယ်။
“ စောစောက ကျနော်ပြောသလိုပဲ ခေတ်စနစ်ကြောင့် စာဖတ်အား ကျဆုံးခဲ့တယ်လို့ မြင်ပါတယ်၊ စာဖတ်အား ပြန်တိုးတက်လာဖို့ လူကြီးတွေ အားလုံးမှာ တာဝန်ရှိတယ်၊ ဘာကြောင့်လဲဆိုတာ့ သူများနိုင်ငံတွေမှာဆိုရင် ငယ်စ်င်္ထဲက အတန်းအလိုက် မဖြစ်မနေ ဖတ်ရမယ့် စာအုပ်တွေ ပြဠာန်းထားပါတယ်၊ ဒီစာအုပ်တွေ မဖတ်ရင် စာသင်တာ အဆင့်မမှီဘူးလို့ သတ်မှတ်ထားတာမျိုးတွေ ရှိတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ မရှိဘူး၊ ပြီးတော့ စာဖတ်နှုန်းတက်လာအောင်၊ ကလေးတွေ စာဖတ်ချင်လာအောင် မတိုက်တွန်းဘူး၊ သူတို့ ကိုယ်တိုင်လဲ စာမဖတ်ကြဘူး၊ အဲ့ဒီအတွက် စာဖတ်နှုန်းမြင့်တက်ဖို့ဆိုရင် နိုင်ငံတော်က စလို့ လုပ်ပေးသင့်တယ်လို့ ယူဆမိပါတယ်၊ ပညာရေးဝန်ကြီးဋ္ဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ပူးပေါင်းပြီး ကလေးသူငယ်ကစလို့ မဖတ်မဖြစ်ပုံစံနဲ့ လုပ်မယ်ဆိုရင် ကလေးများ စာဖတ်ချင်စိတ် ရှိလာမယ်လို့ ကျွန်တော်မြင်ပါတယ် ”
အွန်လိုင်းမီဒီယာဘက်မှ သူရဿဝါကလည်း -
“ အွန်လိုင်းမီဒီယာမှာတော့ ရသစာပေဖွံ့ဖြိုးရေးအတွက် အွန်လိုင်း စာပေပြိုင်ပွဲတွေ အားစိုက် လုပ်ပေးနေကြပါတယ်၊ ပုံနှိပ်က ရွှေအမြုတေ ဆုပေးပွဲလို အွန်လိုင်းက စာရေးသူတွေအတွက်လဲ အွန်လိုင်းရွှေဝတ္တုဆုပေးပွဲ ဆိုပြီး ကျင်းပပေးနေပါတယ်၊ မမြသွေးနီတို့ဆို အွန်လိုင်းက ဆုရခဲ့သူဖြစ်ပါတယ်၊ ရသစာပေကို အွန်လိုင်းမှာ ဖွံ့ဖြိုးဖို့ ကိုယ်နိုင်သလောက် စွမ်းအားလေးတွေနဲ့ ဥပမာ- ဆိုရှယ်ဆိုက်လေး တစ်ခုဆိုလည်း သေးသေးလေးပေမယ့် သူနဲ့ ထိုက်တန်သလောက် ရသသတ္တုတိုပြိုင်ပွဲတွေ လုပ်ပေးနေကြပါတယ်”
((( လက်ခုပ်သံများ)))
ကြားခံဆွေးနွေးတဲ့ ဆရာမခင်သန္တာက – “ ဆရာမမြသွေးနီ ရခဲ့တဲ့ သမီးရဲ့ မျက်လုံးလေးဆိုတဲ့ ၂၀၁၁၊ ဧပြီလမှာ ကျင်းပခဲ့တဲ့ အွန်လိုင်းရွှေဝတ္တုတို ပြိုင်ပွဲဆုက ပုံနှိပ်က ဆရာများ၊ အယ်ဒီတာများ ကိုယ်တိုင် ပါဝင် ရွေးချယ်ပေးခဲ့တာပါ၊ နှစ်ဘက်ချပြောမယ်ဆိုရင်တော့ ကြားထဲမှာ အချိတ်အဆက်ရှိနေပါတယ်လို့ ပြောချင်တာပါ ” လို့ ၀င်ရောက် ပြောပါတယ်။
မြသွေးနီမှလည်း ထပ်မံဖြည့်စွက် ဆွေးနွေးခဲ့ပြန်ပါတယ်။
“ အဲ့ဒီတုန်းက ပြိုင်ပွဲကို အွန်လိုင်းမှာ စာဖတ်သူတိုင်း သိကြမှာပါ၊ ဘလောဂါ့မြစ်ကျိုးအင်း၊ သူက ကြိုးစား အကောင်ထည်ဖော် ကျင်းပပေးခဲ့တာပါ၊ ပြိုင်ပွဲဝင်စာမူတွေကို သတ်မှတ်ထားတဲ့အဖွဲ့ဝင်များ စီစစ်ပြီးတော့ ဇကာတင် စာမူများကို ပုံနှိပ်မီဒီယာက ဆရာဦးဝင်းငြိမ်း၊ ဆရာနေ၀င်းမြင့်၊ ဆရာမခင်ခင်ထူး၊ ဆရာမ နုနုရည်(အင်းဝ)တို့က ရွေးချယ် စီစစ်ပေးပါတယ်၊ ဆရာဆရာမများက အွန်လိုင်း စာရေးသူများကိုလည်း အားပေးခဲ့ကြတယ်။ ကျွန်မတို့ကလဲ အရမ်းကို ၀မ်းသာမိတယ်၊ ကျွန်မတို့ အွန်လိုင်းမှာ အဲ့ဒီလို ရွေးချယ်ဆုံးဖြတ်ပေးနိုင်တဲ့၊ အရည်အသွေးရှိတဲ့ ဆရာဆရာမတွေ အရမ်းကို လိုအပ်နေပါတယ်”
“ ခုန ဆရာမေးသွားတဲ့ မေးခွန်းလိုပေါ့၊ ပုံနှိပ်စာပေနဲ့ အွန်လိုင်းစာပေကို ဘယ်လိုပေါင်းစည်းပေးမလဲ၊ ရသစာပေကို ဒီထက် ပိုမို ပေါ်ထွန်းလာစေဖို့ဆိုရင် ကျွန်မက ပုံနှိပ်က အယ်ဒီတာအဖွဲ့ဝင်များ၊ ဆရာ ဆရာမများကို အွန်လိုင်းစာပေကိုလည်း ပစ်မထားပါနဲ့၊ အွန်လိုင်းပေါ်က အမှန်တကယ် အရည်အသွေးရှိတဲ့ ကလောင်တွေကိုလဲ မြေတောင်မြှောက်ပေးဖို့ ဒီနေရာကနေ ပြောချင်ပါတယ်ရှင့်”
( ကြားခံဆွေးနွေးတဲ့ ဆရာမခင်သန္တာက အွန်လိုင်းကတော့ ပုံနှိပ်ကို ဒူးစပြီး ထောက်နေပြီလို့ ကျီဆယ်ပါတယ်။ ကျွန်မကတော့ ဒါကို ဒူးထောက်တယ်လို့ မမြင်ပါဘူး၊ အွန်လိုင်းမှာ စာရေးသူတွေအားလုံး စာပေ ချစ်မြတ်နိုးစိတ် တစ်ခုထဲနဲ့ ၀ါသနာအရင်းခံပြီး ရေးသားနေကြတာပါ။ ရသစာပေကို ပုံနှိပ်ရော အွန်လိုင်းမှာပါ ဖွံ့ဖြိုးဖို့ဆိုရင်၊ အဲ့တာက စာရေးသူတိုင်းရဲ့၊ စာဖတ်သူတိုင်းရဲ့၊ အယ်ဒီတာတိုင်းရဲ့ ရင်က စေတနာ အမှန်တကယ် ထက်သန်တယ်ဆိုရင် အပြန်အလှန် လှိုက်လှဲစွာ ကြိုဆိုကြရမယ်လို့ မြင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ပါပဲ၊ သြဂုတ်လ ရွှေအမြုတေမဂ္ဂဇင်းမှာ အွန်လိုင်းက ရသပိုင်းကို ပိုင်ပိုင်နိုင်နိုင် ရေးဖွဲ့တတ်တဲ့ ဘလော့ဂါမြစ်ကျိုးအင်းရဲ့ စာမူ ဖော်ပြခြင်း ခံခဲ့ရတာကို ၀မ်းမြောက်စွာ တွေ့ရပါတယ်။ အလားတူ အခြား ရသရေးနေကြတဲ့ ဘလော့ဂါများလည်း ပုံနှိပ်မဂ္ဂဇင်းများမှာ ပါဝင်နေရာရနေပြီဆိုတာကို တွေ့နေရပါတယ်။ ဒါက အွန်လိုင်းက ရသစာပေတွေကို ပုံနှိပ်က အသိအမှတ်ပြုလာတဲ့ သဘောလို့ မြင်ပါတယ်)
အပြီးသတ် အပိုင်း(၄)မှာ ပရိသတ်များဆက်လက် ပါဝင်ဆွေးနွေးတာကို ဆက်လက် စောင့်ပေးပါရန်။ ဒီနေ့မှာပဲတင်လို့ရရင် ကြိုးစားတင်ပေးသွားပါ့မယ်။
အသံဖိုင်နားထောင်တဲ့ အခါမှာ တချို့နေရာတွေမှာ အသံမကွဲပြားလို့ ရုံးက ညီမလေးများကို အကူအညီတောင်း နားထောင်စေရပါတယ်။
နားမကောင်းတော့ တချို့နေရာတွေမှာ အသံဖမ်းထားတာတွေကို အတတ်နိုင်ဆုံး နားထောင်ပေမယ့် ဘယ်လိုမှ မရလို့ လက်လျော့ ချန်ခဲ့ရတဲ့ စာကြောင်းတစ်ကြောင်းတစ်လေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မူလဆိုလိုရင်းကို မပျက်စေဘူး၊ မထိခိုက်စေဘူးလို့တော့ ထင်မိပါတယ်။ ပါဝင်ဆွေးနွေးသူများထဲမှ လိုအပ်နေတာများရှိရင်လည်း ကျွန်မကို ပြောပေးကြပါ။ ပြန်ဖြည့်၊ ပြင်ပေးပါ့မယ်။
ဓာတ်ပုံများကို teen Magazine၊ စာရေးဆရာမ ဆရာမခင်သန္တာ၊ ဆွေးနွေးပွဲတက်ရောက်လာသည့် Facebookမှ မိတ်ဆွေများ၏ ပုံများကို အသုံးပြုထားပါသည်။ မူရင်းအားထုတ် ရိုက်ကူးသူများအား ရင်မှ ကျေးဇူးတင်စွာဖြင့် CREDITပေးပါရစေ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
















အစ်မ မြသွေးနီ အခုလို ပြည့်ပြည့်စုံစုံ ပြန်သိရအောင် တင်ပေးနေတာကို အရမ်းကျေးဇူးတင်ပါတယ်…
မမရေ တတိယပိုင်းလေးကိုလည်း သေသေချာချာဖတ်ရှုသွားပါတယ်
အရမ်းလည်းကောင်းပါတယ်..ဒါပေမယ့်
နေခြည် တစ်ခုတော့ထင်မြင်မိပါတယ် ဒီဆွေးနွေးပွဲလေးဟာ ပုံနှိပ်နဲ့အွန်လိုင်းအတွက် ကောင်းသောအကျိုးတစ်ခုပဲဖြစ်ပေါ်လာစေချင်ပါတယ်…သူ့ပြိုင်ကိုယ်ပြိုင် အားပြိုင်တာမျိုးတော့မဖြစ်စေချင်ပါဘူး…
ခု တတိယပိုင်းကို ဖတ်သွားရတာတွေက ပုံနှိပ်က အွန်လိုင်းကို တိုက်ခိုက်သလိုခံစားရပါတယ်
ခွဲခြမ်းစိတ်ဖြာမှု သတ်မှတ်ချက်ရှိလို့သာပါပဲ တကယ်တော့ ယခု ပုံနှိပ်သမားတွေလည်း အွန်လိုင်းပေါ်မှာ ခြေချနေကြတယ်ဆိုတာ အားလုံးအသိပါပဲ
နောက်တစ်ချက်ကတော့ အွန်လိုင်းကတော့ ပုံနှိပ်ကို ဒူးထောက်နေပြီဆိုတဲ့ အသုံးအနှုန်းပေါ့ ဆရာမခင်သန္တာ ဆွေးနွေးသွားတာပါ
မမရဲ့ဖြေဆိုပုံလေးနှင့်တကွ နေခြည့်ရဲ့ခံယူချက် ထပ်တူကျနေလို့ ကျေနပ်အားရမိပါတယ်။
ဒူးထောက်တယ်လို့မခေါ်ပါဘူး…အရာရာမှာ တိုးတက်ချင်တဲ့ဆန္ဒရှိသူတွေဟာ ပညာရှာရာ သူတောင်းစားပမာဆိုသလိုပါပဲ..
အွန်လိုင်းပေါ်မှာ ၀ါသနာအလျောက် အနုပညာချစ်စိတ်ရှိကြပြီး စာရေးနေသူတွေဟာ ပုံနှိပ်မှာ ဖော်ပြမခံရပေမယ့်လည်း သူတို့အတွက် အွန်လိုင်းကရလာတဲ့ ကွန့်မန့်တွေဟာ ပီတိတွေပါ နောက်တခုကတော့ သူတို့အများစုရဲ့ခံယူချက်တွေဟာ ထမင်းမစားရရင်နေပါစေ စာရေးနေရရင်တော်ပြီဆိုတဲ့ လူမျိုးတွေပါပဲ…
ဆရာဝေမိုးနိုင်ကဆိုပါတယ် ကွန့်မန့်တွေဟာ အစစ်ဆိုပေမယ့် တချို့က ပြောချင်သလို မပြောချင်သလို…တချို့က မြောက်ပင့်ရေးသားကြတာမျိုး…စသဖြင့်ပေါ့ ဆွေးနွေးခဲ့တာ
အဲ့ဒီဆရာပြောသွားတာတွေက မှန်တယ်ဆိုပေမယ့် ဒါဟာ အစစ်လို့ယူဆမိပါတယ်
လူ၁၀၀ရှိရင် ၁၀၀လုံးကတော့ အကောင်းမလာနိုင်ပါဘူး..ဒါပေမယ့် လက်ရှိဖြစ်ပေါ်လာတဲ့စိတ်လေးကို ရခဲ့တာအမှန်ပါဘဲ…ပုံနှိပ်ပေါ်ကစာတွေကို လူတွေဖတ်ပြီး တိတ်တိတ်လေးဝေဖန်တာကို ဘယ်သူမှမသိနိုင်ပါဘူး ဒါကြောင့် အွန်လိုင်းကွန့်မန့်ပေါ်က အဆိုးအကောင်းတွေဟာ စာရေးသူတွေအတွက်တော့ ပြင်ဆင်မှုတစ်ခုနဲ့ ကြိုးစားမှုလို့ပဲထင်ပါတယ် ဒါဟာ ကျဆုံးသွားရမယ့်အရာမဟုတ်ဘူးလို့ထင်ပါတယ်
မမရေ ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်နော်…..
ဟုတ်ကဲ့ခင်ဗျ။ ဝေဖန်ထောက်ပြသွားတာ ကျေးဇူးအများကြီးတင်ရပါတယ် မနေခြည်သစ်နွယ်(ပြည်)ခင်ဗျား
အစကတော့ ဒီပွဲနဲ့ပတ်သတ်ပြီး ဘယ်လို ကွန်မန့်မျိုးကို မှ ပြန်မရေးဘူးလို့ဆုံးဖြတ်ထားတာပါ။
တတိယပိုင်းမှာပုံနှိပ်က အွန်လိုင်းကိုတိုက်ခိုက်သလိုခံစားရပါတယ်ဆိုတော့ ဘယ်စာသားကများတိုက်ခိုက်နေပါသလဲလို့မေးချင်မိပါတယ်။
အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ပုံနှိပ်ဘက်ကဆွေးနွေးသူများအားလုံးမှာ တစ်ဖက်ကို တိုက်ခိုက်ချင်တဲ့စိတ် လုံးဝမရှိပါဘူး။ ကျွန်တော်ကပြောတာဆိုတော့ ယုံချင်မှလည်း ယုံကြပါလိမ့်မယ်။ မယုံလည်းမတတ်နိုင်ပါ။ ကျွန်တော်တို့က အပြုသဘောထောက်ပြတာလောက်ပဲရှိပါတယ်။ ဒါတောင်မှ ပညာရှင်အမြင်မျိုးတွေမဟုတ်ဘဲ ကိုယ်မြင်တာလေး၊ ကိုယ်သိတာလေးကို ထောက်ပြကြတာပါ။ ပွဲမစခင်ကဆို ဒီလောက် အချေအတင်ငြင်းကြ၇လိမ့်မယ်လို့ကို မထင်ထားခဲ့ကြပါဘူး။ ဒါပေမယ့် စင်ပေါ်မှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့အခြေအနေတွေအရ လိုက်လျောညီထွေ ကျင့်သုံးသွားရတာပါ။
ပုံနှိပ်သမားတွေလဲ အွန်လိုင်းမှာ ခြေချနေတယ်ဆိုတာကို လက်ခံပါတယ်။ ကျွန်တော်ကိုယ်တိုင် ဘလော့ဂ်တစ်ခုတည်ဆောက်ပြီးစာတွေရေးဖြစ်နေသလို တခြား စာရေးဆရာ၊ ဆရာမတွေဟာလည်း အွန်လိုင်းဘက်ကို ခြေဆန့်လာတာ အားလုံးအသိပါ။ တကယ်တော့ ကျွန်တော်တို့အမြင်မှာ ဒီလို တစ်ဖက်တည်းကို တစ်ယူသန်နဲ့ ပြောနေရတာမျိုးကို သဘောမကျလှပါဘူး ။ဘာကြောင့်လဲဆိုတော့ ပုံနှိပ်မီဒီယာကိုရော၊ အွန်လိုင်းမီဒီယာကိုေ၇ာ….. ဘယ်တော့မှ ပစ်ပယ်လို့မရဘူးဆိုတာ ယုံကြည်လို့ပါ။
ကွန်မန့်အစစ်ဖြစ်ကြောင်းနဲ့ပတ်သတ်ပြီးတော့ ပြောထားတာကိုတော့ ဆွေးနွေးချက်ထဲမှာကို ကျွန်တော်တို့ ဖြည့်စွက်ပြောထားပြီးသားဖြစ်ပါတယ်။ မကျေနပ်နိုင်သေးဘူးဆိုရင် ဆရာမ မသီတာ (စမ်းချောင်း)ရဲ့ ကလစ်တစ်ချက်အသက်တစ်ချောင်းဆိုတဲ့ဆောင်းပါးလေးကို ဖတ်ရှုပေးပါလို့ပြောချင်ပါတယ်ခင်ဗျ။
ကျေးဇူးပါ
အစ်မရေ ဖတ်ရတာ အားရလိုက်တာ နှစ်ဘက်လုံးက ဆွေးနွေးချက်တွေ အကုန်ကြိုက်ပါတယ် ( ဒူးထောက်တယ်လို့ ကောက်ချက်ချလို့ မရပါဘူး အွန်လိုင်းမှာ စာရေးသူတွေအားလုံး စာပေ ချစ်မြတ်နိုးစိတ် တစ်ခုထဲနဲ့ ၀ါသနာအရင်းခံပြီး ရေးသားနေကြတာပါ။ ရသစာပေကို ပုံနှိပ်ရော အွန်လိုင်းမှာပါ ဖွံ့ဖြိုးဖို့ဆိုရင်၊ အဲ့တာက စာရေးသူတိုင်းရဲ့၊ စာဖတ်သူတိုင်းရဲ့၊ အယ်ဒီတာတိုင်းရဲ့ ရင်က စေတနာ အမှန်တကယ် ထက်သန်တယ်ဆိုရင် အပြန်အလှန် လှိုက်လှဲစွာ ကြိုဆိုကြရမယ်လို့ မြင်ပါတယ်။ ) အစ်မအမြင်ကို ထောက်ခံပါတယ်…
အွန်လိုင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်သမျှကို တိကျစွာဖြေပေးတဲ့ အစ်မမြသွေးနီ၊ ကိုနေဘုန်းလတ်နဲ့ ကိုသူရဿဝါ တို့ အားလုံးကို ကျေးဇူးတင်ပါတယ်..
Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog
ခုလို ပြန်တင်ပေးပါ ကျေးဇူးပါ.. ဖတ်ရတာ အားရပါတယ်..
တကယ်တော့ ပုံနှိပ်ရော.. အွန်လိုင်းရော.. နှစ်ခုလုံးက သူ့နေရာနဲ့သူ အရေးပါတာပါပဲ..
အွန်လိုင်းကတော့ ဒူးထောက်လာပြီ… ဆိုတဲ့ အသုံးအနှုန်းက အတော်လေး ကသိကအောက် ဖြစ်မိပါတယ်။ ဆရာမခင်သန္တာအနေနှင့် ပုဂ္ဂိုလ်ရေးအရ အင်မတန် ရင်းနှီးနေတယ်ဆိုရင်တောင်မှ ဒီလို အခြေအနေမှာ ဒီလို စကားလုံး သုံးပြီး ကျီစယ်တာကို အနည်းငယ်တော့ စိတ်ကသိကအောက် ဖြစ်ရပါတယ်။ တစ်ဖက်က အားသာချက်ကို အလေးထား အားကိုးတယ်ဆိုတာ လူတော်တွေရဲ့ လုပ်ရပ်တစ်ခုဆိုတာ မေ့များ မေ့လျော့သွားရော့သလားတော့ မပြောတတ်ပါဘူး။ အမှန်က ပုံနှိပ်စာရေးဆရာတွေဟာ အနှစ်နှစ် အလလ ကြိုးစားပြီးမှ စင်ပေါ်ကို ထင်ပေါ်လာရတဲ့ တကယ့် ဝါရင့် စာရေးဆရာတွေပါ။ အွန်လိုင်း စာရေးဆရာတွေဆိုတာကတော့ စာပေကို ချစ်တဲ့စိတ်ကလေးနဲ့ ကိုယ့်ထူးကိုယ်ချွန် စာပေလေးတွေ ရေးနေကြတဲ့ တက်သစ်စ ကလေးတွေ များပါတယ်။ တက်သစ်စလေးတွေ အရေးများတဲ့ အွန်လိုင်းစာပေကို ဝါရင့် စာရေးဆရာကြီးတွေက အထင်သေးကောင်း သေးပါလိမ့်မယ်။ သေချာတာက တက်သစ်စကလေးတွေဟာ ဝါရင့်ကြီးတွေရဲ့ လက်ရာကို ဘယ်လိုမှ မယှဉ်နိုင်သေးဘူးဆိုတာ သေချာပါတယ်။ အွန်လိုင်း စာရေးဆရာအနေနဲ့ အများဆုံး ဝါရင့်လှမှ ၁၀ နှစ်ပါပဲ။ ဝါရင့်တွေကို မမီနိုင်ပါဘူး။ ဒါပေမယ့် ဝါရင့် စာရေးဆရာကြီးများကိုယ်တိုင် ဒီဖက် ခေတ်ကြီးထဲမှာ အွန်လိုင်းက တစ်ချို့သော ဆောင်းပါး၊ စာတမ်း၊ မှတ်တမ်း စတာတွေကို လေ့လာနေကြရပြီဆိုတာ ဝန်ခံရပါလိမ့်မယ်။ မလေ့လာဘူးဆိုရင် ဝါဘယ်လောက်ပဲ ရင့်ရင့် တစ်ချိန်ချိန်မှာ နောက်ကျကျန်နေခဲ့မှာ အသေအချာပါ။ တစ်ခြားနေရာက လေ့လာမယ်လို့တော့ ဆင်ဝှေ့ရန်ရှောင် မဖြေစေလိုပါ။ သေချာတာ အွန်လိုင်းလောက် အလွယ်တကူ ပြည့်စုံတဲ့ အချက်အလက် မရှိနိုင်ဘူးလို့ ယူဆပါတယ်။ (ရုပ်သံ အချက်အလက်ပိုင်းမှာတော့ ပုံနှိပ်ထက် လုံးဝ အပြတ်အသတ် အားသာချက် တစ်ခု ဖြစ်လို့ ထည့်မပြောတော့ပါဘူး။) အထက်က ပြောခဲ့တာ သုတပိုင်းနည်းနည်းဆန်ပါလိမ့်မယ်။ ရသပိုင်း ပြောရမယ်ဆိုရင်လည်း ကျနော်က ဘောလုံး ဝါသနာပါသူတစ်ယောက်ဆိုတော့ ဘောလုံးဝက်ဘ်ဆိုက် အချို့က ဥပမာလေးတွေပဲ ပြောချင်ပါတယ်။ တစ်ချို့ ဝါသနာရှင်များရဲ့ ခံစားချက် ဆောင်းပါးတွေဟာ နာမည်ကြီး အားကစားဂျာနယ်တွေမှာ ရေးနေတဲ့ ဝါရင့်ကြီးတွေထက် စူးရှ လှပတဲ့ ခံစားချက်ကလေးတွေ ထုတ်ဖော် ချယ်သ နိုင်ခဲ့ကြတယ်ဆိုတာ မျက်မြင် ကိုယ်တွေ့ပါ။ တစ်ချိန်ချိန်မှာ လေ့လာအားကောင်းတဲ့ တက်သစ်စ အွန်လိုင်း စာရေးဆရာလေး တစ်ယောက်က ဝါရင့် သမ္ဘာရင့် ကြီးတွေရေးခဲ့တဲ့ ပုံနှိပ်စာအုပ်ထက် အောင်မြင်ကျော်ကြားတဲ့ ကမ္ဘာသိ ဝတ္ထုတို တစ်ပုဒ်လောက် ပေါ်ထွက်မလာဘူးလို့ ဘယ်သူကများ ပြောရဲမှာတဲ့လဲ။ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အွန်လိုင်းဆိုတာ လူနည်းစု အတွက် ဖြစ်နေသေးပေမယ့် နောင် အနာဂါတ်မှာ အိမ်တိုင်း ကိုယ်စီ အွန်လိုင်း ချိတ်ထားနိုင်တဲ့ ခေတ်တစ်ခုကိုသေချာပေါက် ရောက်လာမှာပါ။ (ဘယ်လောက်စောင့်ရမယ်တော့မသိ။) စားပွဲပေါ် ဖြတ်ခဲ့ရတယ်ဆိုတာ ပုံနှိပ်မှာမှ မဟုတ်ပါဘူး။ ဘလော့ဂါ ကိုယ်တိုင်က ကိုယ့်သိက္ခာကို စောင့်ထိန်းသောအားဖြင့် ကိုယ့်စာကို ကိုယ်ကိုယ်တိုင် စာတည်း လုပ်ရပါတယ်။ Dailymail, The Sun တို့လို အွန်လိုင်း မီဒီယာတွေမှာ (သတင်းစာတစ်ပိုင်း) အွန်လိုင်း အယ်ဒီတာတွေ ရှိမှာပါ။ အွန်လိုင်း မီဒီယာရဲ့ ပြည့်စုံမှု အပိုင်းမှာတော့ http://en.wikipedia.org ဆိုက် တစ်ခုတည်းနဲ့တင် လုံလောက်လိမ့်မယ်လို့ ယူဆမိပါတယ် ခင်ဗျာ။ ကျနော်ကိုယ်တိုင် စာအုပ်စာပေကို မြတ်နိုးသူ တစ်ယောက်ဖြစ်ပါတယ်။ ကျနော့် ဒေသမှာ စာကြည့်တိုက် တစ်ခု ကိုယ်တိုင် လှူဒါန်းထားပါတယ်။ ဒါပေမယ့် အားမနာတမ်း ပြောကြစတမ်း ဆိုရင်တော့ နောင်တစ်ချိန်ချိန်မှာ ပုံနှိပ်စာအုပ် မဖတ်တဲ့ ပညာရှင် ထွက်ပေါ်လာနိုင်စရာ အကြောင်းရှိပေမယ့် အွန်လိုင်းမီဒီယာနဲ့ ကင်းတဲ့ ပညာရှင်တွေ ထွက်ပေါ်လာဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်းပါ ခင်ဗျာ။
ဆရာမ နန်းကြာဖြူနဲ့ အမမြသွေးတို့ရဲ့ဆွေးနွေးချက်လေးကိုလဲအလွန်ပဲသဘောကျမိတယ်
ကဗျာတွေကိုချစ်တတ်သူတစ်ယောက်အနေနဲ့
ဒီလောက်ပဲ နားလည်ခဲ့ပါတယ်
အွန်လိုင်းနဲ့ ပတ်သက်သမျှကို ဖြေပေးတဲ့သူတွေနဲ့အတူ အခုလို အချိန်ပေးပြီး ပြန်ရေးပေးတဲ့ ညီမ မြသွေးကို ကျေးဇူးတင်ပါတယ်…
ဟိုဘက်ဒီဘက် ဆွေးနွေးချက်တွေကို ဖတ်ရတာ ဗဟုသုတ တကယ်ကို ရခဲ့ပါတယ် အစ်မ… အွန်လိုင်းကို ကိုယ်စားပြုပြီး တိတိကျကျ ပြန်ချေပပေးနိုင်တဲ့ အစ်ကို အစ်မတွေကိုလဲ ချီးကျူး၊ ကျေးဇူးတင်နေမိပါတယ်….
အစ်မ မမြသွေးရေ ကျေးဇူးတင်ပါတယ်။
မီးပူတိုက်နေတာ စိတ်မဖြောင့်ဘူး။ ပြေးဖတ်လိုက် အလုပ်လုပ်လိုက်နဲ့။
အစ်မဖြေခဲ့တာလေးတွေ ကောင်းပါတယ်။ အလုပ်တစ်ဘက်၊ စာရေးရနဲ့ ဘလောဂ့်မှာလည်း တင်ပေးရ။
အလုပ်တွေကမလွယ်ဘူး။ မိသားစုအလုပ်ကတစ်ဘက်နဲ့။ အလုပ်တွေလုပ်နိုင်လို့ လေးစားချီးကျူးမိပါတယ်။
စာတွေကိုဖတ်လိုက်ရင် စာရေးတဲ့သူရဲ့ အားထုတ်မှုနဲ့ စေတနာကို သိနိုင်ပါတယ်။
စာရေးချင်တဲ့သူတွေ စာတွေရေးနိုင်ပါစေပေါ့။
စာဖတ်ချင်သူတွေလည်း စာတွေဖတ်နိုင်ပါစေပေါ့။
အွန်လိုင်းမီဒီယာသမားအိမ်မှာ စာကြည့်တိုက် အငယ်စားမျိုး ရှိနေနိုင်သလို ပုံနှိပ်မီဒီယာသမားအိမ်မှာလဲ အင်တာနက် ရှိနေနိုင်တာမို့….
ဘယ်စာရေးဆရာရဲ့ ဘယ်စာအုပ် ထွက်နေပြီတဲ့ ဆိုပြီး စာအုပ်အငှားဆိုင်ကို အပြေးသွားနေတဲ့ အွန်လိုင်းမီဒီယာသမားရှိသလို ဘရိတ်ကင်းနယူးစ်ကတော့ ဘယ်ဝက်ဘ်ဆိုဒ်မှာ တက်နေပြီတဲ့ဆိုပြီး မျက်နှာမသစ်ခင် အင်တာနက် အရင်ဖွင့်ကြည့်နေတဲ့ ပုံနှိပ်မီဒီယာသမားလဲ ရှိနေနိုင်တာမို့…
အွန်လိုင်းပေါ် စာတင်ရပြီးရော ဖြစ်ကတတ်ဆန်း စာတွေရေးနေတဲ့ အွန်လိုင်းသမားရှိနိုင်သလို စာအုပ်ဖြစ်ပြီးရော အရည်မရ အဖတ်မရ စာအုပ်မျိုးရေးသားနေတဲ့ ပုံနှိပ်သမားလဲ ရှိနေနိုင်တာမို့….
အကိုးအကား ကျမ်းခိုင်မှု ကျမ်းခန့်မှုအတွက် ပုံနှိပ်မီဒီယာက အားသာသလို
သတင်းအင်ဖော်မေးရှင်း မြန်ဆန်မှု၊ အချိန်နဲ့တပြေးညီ တင်ပြနိုင်မှု၊ တိုက်ရိုက် တင်ပြနိုင်မှု အပိုင်းမှာတော့ အွန်လိုင်းက ရာနှုန်းပြည့် အားသာနေသာမို့….
နေရာတိုင်းမှာတော့ ကောင်းကျိုး ဆိုးပြစ် အားသာချက် အားနည်းချက် ရှိနေကြမှာပါဘဲ။
အခုလို ဆွေးနွေးလေးဖတ်ရတာ အတော်လေး အားရကျေနပ်မိတယ် အမမြသွေး။
ရင့်ကျက်မှုတွေ၊ တိကျသေချာမှုတွေနဲ့ အမေးအဖြေတွေအတွက် ကျေးဇူးပါ မြသွေးရေ…..
ခုမှပဲ ဖတ်သွားပါတယ်
ကျေးဇူးပါပဲ
အစအဆုံး တစ်ခေါက်ပြန်ဖတ်သွားတယ် မြသွေးရေ။ အဲဒီနေ့က နားထောင်တဲ့ကြားက လွတ်သွားတာလေးတွေ အခုပြန်ဖတ်မိသလို သုံးသပ်ချက်လေးတွေရေးထားတဲ့ ကွန်မန့်တွေလည်း ကောင်းတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အပိုင်း (၁) ကနေ (၃) ထိ ဖတ်ပြီးသွားပြီ..
အရမ်းကောင်းတဲ့ Debate လေးပါ ဆရာမ..
နောက် အပိုင်း ကိုလဲ အချိန်ပေးပြီး လာဖတ်ပါဦးမယ်
မမမြသွေးရေ…
ကိုယ့်အစ်မခုလို တပင်တပန်းတင်ပေးနေတာ ကျေးဇူးများလှပါပြီ မရေ..။ ဆက်ရန်ကို မျှော်နေပါဦးမယ်။
မမရေ … ခုလို ပြည့်ပြည့်စုံစုံပြန်လည်ဖော်ပြပေးတာ ကိုယ်တိုင်ဆွေးနွေးပွဲတက်ရောက်နေရသလိုပါပဲ …
ကျေးဇူးများကြီးတင်ပါတယ်နော် …
အချိန်မရလို့ အပိုင်းလေးကိုတော့ နောက်နေ့မှပဲ ဖတ်တော့မယ်။ မေးသမျှ ဖြေသမျှတွေထဲမှာ နှစ်ထောင်းအားရမိတာလေးတွေ ရှိသလို စိတ်ကို ကသိကအောက် ဖြစ်စေတာတွေလည်း တွေ့ရတယ်။
သို့ပေမယ့် ပြောတဲ့သူတွေကလည်း ပြောပြီးပြီဆိုတော့ ထပ်ပြီး အကျယ်မချဲ့လိုတော့ပါ။
အမေးအဖြေတွေထဲက ပယ်သင့်တာကို ပယ်ပြီးယူသင့်တာကို ယူသွားပါကြောင်းးးးးးး
အွန်လိုင်းကိုယ်စားပြု မေးဖြေ ဆရာဆရာမများအား ဒီနေရာမှ ကျေးဇူးတင်ရှိပါကြောင်းးးးး
ဆန္ဒမွန်ဖြင့်…………လွမ်းနောင်။
Pingback: ပုံနှိပ်မီဒီယာနှင့်အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ (နောက်ဆုံးပိုင်း) |
အစ်မရေ
ဆွေးနွေးပွဲက တော်တော်ကို ကျယ်ပြန့်တယ်ဆိုတာ တစ်ပိုင်းပြီးတစ်ပိုင်း ဖတ်လေ ပိုသိသာလေ ဖြစ်ရတယ်
ဒီလိုဆွေးနွေးနိုင်ဖို့လည်း တော်တော်ကို ကြိုးစားထားကြတာတွေ့ရတယ်။
နားထောင်သူတွေအတွက်လည်း နားထောင်ကောင်းသလို ဖတ်သူတွေအတွက်လည်း ပြန်ဖတ်ရတာ သိပ်ကောင်းပါတယ်။
မေးခွန်းတစ်ခုကို ဘယ်လိုဖြေမလဲလို့ စိတ်ဝင်တစား ဖတ်နေရတာကိုက အရသာ..