ပုံနှိပ်မီဒီယာနှင့်အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ (နောက်ဆုံးပိုင်း)

Number of View: 2150

နောက်ဆုံးအပိုင်းကို ဖတ်တော့မယ်ဆိုရင် ပထမပိုင်းဒုတိယပိုင်းနဲ့ တတိယပိုင်းကို အရင် ဖတ်ပါမှ လိပ်ပတ်လည် ခြိတ်ဆက်မိမှာမို့  အရင် ဖတ်ပေးကြည့်စေ ချင်ပါတယ်ရှင်..။

 

အဲ့ဒီနောက် အမျိုးသမီးပရိသတ်ထဲမှ (နောက်မှ အမည်သိရသူ   ဒေါက်တာ ညိုမီခိုင်သန်းလှိုင်)က မေးပါတယ်။ ဒီမေးခွန်းမေးစဉ်မှာ အသံအင်မတန် တိုးနေပြီး စင်ပေါ်က ကျွန်မတို့ အားလုံး အသံကို မကွဲပြားကြပါဘူး။ အဲ့ဒီမှာ စင်ပေါ် ဆွေးနွေးသူများရဲ့ အားနည်းချက်က အသံမကွဲပြားတဲ့အတွက်၊ သုံးနှုန်းလိုက်တဲ့ အင်္ဂလိပ်စကားလုံး ဝေါဟာရကို အကျွမ်းတ၀င် မရှိလိုက်တဲ့အတွက် ဘာမေးလိုက်တယ် ဆိုတာကိုလည်း မကွဲပြားခဲ့လိုက်ပါဘူး။

“ ပုံနှိပ်နဲ့ အွန်လိုင်းဆိုတာ Hands to hands လက်တွဲသွားရမယ့် သူတွေလို့   မြင်ပါတယ်၊ ပုံနှိပ်မီဒီယာမှာ Personalize လုပ်တာကို အလွယ်တကူသိနိုင်လို့ ထင်တယ်၊ ဘာလို့ဆိုတော့ ကျွန်မ ရွှေအမြုတေမဂ္ဂဇင်း ဖတ်နေတော့ ဆရာကြီးဦးဝင်းငြိမ်းဆီ စာတွေ ပို့တဲ့နေရာမှာ ဒါကို ပြောထားတာလည်း   တွေ့မိပါတယ်၊ အွန်လိုင်းမှာရော ဒီအတွက် ထိန်းကွပ်နိုင်သလား၊ ဘယ်လိုတွေများ လုပ်နိုင်မလဲ၊ သိချင်တာပါ”

အဲ့ဒီအထဲမှာမှ အင်္ဂလိပ်စကားလုံးတစ်ခု သုံးသွားတာကို ပါစင်နယ်လိုက်ဇ်လို့ ကျွန်မ ကြားမိလိုက်ပါတယ်။ အွန်လိုင်းဘက်ကို မေးတာ ဖြစ်တာတော့ သိလိုက်တဲ့အတွက် မြသွေးနီက အခုလို ဖြေဖြစ်ခဲ့ပါတယ်။

“ ဆွေးနွေးပွဲမှာ ပြောသွားတဲ့အတိုင်း တစ်ယောက်ချင်းရဲ့ စွမ်းရည်ပေါ် အခြေခံပါတယ်၊ စာဖတ်သူတွေ အဆင့်အတန်း မြင့်လာပါပြီ၊  တက်လာတဲ့ status တွေပေါ် ကြည့်ပြီး ဒါက ခိုးချတာလား၊ ဒါက ချဲ့ကားထားလား၊ ဒါက လန်ကြုတ်လုပ်ထားတာလား၊ ဒါက ဖွတာလား၊ ဒါက အမှန်အကန်လားဆိုတာ သိနိုင်ပါတယ်၊ ကောင်းတာမကောင်းတာကို ခွဲခြားနိုင်တဲ့ စာဖတ်သူများရဲ့ စွမ်းရည်မြင့်လာပါပြီ၊ အွန်လိုင်းမီဒီယာက စာဖတ်သူစွမ်းရည်ကို မြှင့်ပေးသလို၊ တချိန်ထဲမှာပဲ စာရေးသူများရဲ့ စွမ်းရည်ကိုပါ မြှင့်ပေးနိုင်မယ်လို့ ထင်ပါတယ်၊ ဒါကြောင့် ခုနက ပုံနှိပ်နဲ့ အွန်လိုင်း ပေါင်းစပ်နိုင်ဖို့ ဆရာများကို ကျွန်မပြောခဲ့ခြင်း   ဖြစ်ပါတယ်၊ ကျေးဇူးတင်ပါတယ်”

((( လက်ခုပ်သံများ)))

( ဆွေးနွေးပွဲအပြီးမှာ teen အယ်ဒီတာများမှ မေးသွားတာ ခိုးကူးစာပေ - Plagiarizeကို မေးတာမို့ အဖြေက လိုရင်းနဲ့ လွဲသွားပြီဆိုတာကို သိလိုက်ရလို့ အားနာမဆုံးဖြစ်ရပါတယ်။ ဘာသာရပ်ဆိုင်ရဝေါဟာရတွေက အလွယ်တကူ နားထဲသိဖို့ မလွယ်လှဘူးလို့ အယ်ဒီတာများက နှစ်သိမ့်မှ စိတ်ဖြေသာရာ ရခဲ့ပါတယ်။ အဲ့ဒီအတွက် တပါတည်း တောင်းပန်ရင်း မေးထားတဲ့   မေးခွန်းကို ဒီပို့စ်ကနေပဲ ဖြေပေးလိုက်ပါတယ်)

“ အွန်လိုင်းပေါ်က ခိုးကူးစာပေတွေကို ဘယ်လို ထိမ်းကွပ်မလဲလို့   မေးတာအတွက် ဒီကနေ သိသလောက် ဖြေပေးချင်ပါတယ်၊  အွန်လိုင်းပေါ်မှာ အဓိက ခိုးကူးမခံချင်ကြတာက ကိုယ်တိုင် ဖန်တီးရေးသားထားကြတဲ့ စာပေများ ဖြစ်ပါတယ်၊ နှစ်သက်လို့ ကူးပြီး ပြန်ဖော်ပြတာ ရှိသလို၊ သိသိချည်းနဲ့ ခေါင်းစဉ်ပြောင်း ကိုယ့်နာမည်တပ် ပြောင်ဖော်ပြတာမျိုးလည်း ရှိတတ်ပါတယ်၊ မူရင်းအားထုတ်သူကို လေးစားစွာနဲ့ ခွင့်တောင်းတာမျိုး၊ ခရက်ဒစ်ပေးတာမျိုးလည်း ရှိပါတယ်၊ Copy/Pasteနဲ့ အလွယ်ရလို့ အလွယ် ကူးကြတာပါ၊ အဲ့တာကို နည်းပညာနဲ့ Copy ယူလို့မရအောင် စာမျက်နှာတွေကို Lock ချထားလို့ ရပါတယ်၊ အွန်လိုင်းမှာ စာရေးနေကြတဲ့ ဘလော့ဂါတချို့ဆို သူတို့ရဲ့ စာမျက်နှာများကို Copyယူလို့ မရအောင် အဲ့ဒီလို လုပ်ထားပါတယ်၊ အဲ့ဒီနည်းနဲ့ ကာကွယ်နိုင်မယ် ထင်ပါတယ်၊ ရသဖြစ်စေ၊ သုတဖြစ်စေ၊ ဘာသာပြန်ဖြစ်စေ၊ နည်းပညာဖြစ်စေ ခိုးကူးရင် တချိန်ချိန်မှာတော့ သိတာပါဘဲ၊ ပုံနှိပ်လို နေရာမျိုးမှာတောင် ခိုးကူးသူတွေ ရှိနေသေးတာဆိုတော့ အွန်လိုင်းလို  လွယ်ကူမြန်ဆန်တဲ့ နေရာမှာလည်း ရှိနေနိုင်ပါတယ်၊ နောက်ပိုင်း Copy Right တွေ ပေါ်လာရင်တော့ ကာကွယ်လို့ ရသွားမယ် ထင်ပါတယ်”

အဲ့ဒီနောက် ပရိသတ်မှ လူငယ်မိန်းကလေး တစ်ယောက်က ၀င်ရောက်   ဆွေးနွေးရင်း ပုံနှိပ် မီဒီယာဘက်ကို မေးခွန်းမေးပါတယ်။

“ အွန်လိုင်းမီဒီယာဆိုတာကို နားလည်မှု နည်းနည်း လွဲနေကြတယ်လို့   မြင်ပါတယ်၊ အွန်လိုင်းမီဒီယာဆိုတာ ဖေ့စ်ဘုတ်တစ်ခုထဲ မဟုတ်ပါဘူး၊ နည်းပညာ ၀က်ဘ်ဆိုက်တွေ ရှိတယ်၊ ဖိုရမ်တွေ ရှိတယ်၊ ပါစင်နယ် ဘလော့ဂ်တွေ ရှိတယ်၊ ဖေ့စ်ဘုတ်က ပါစင်နယ်စာမျက်နှာပါ၊ သတင်း ၀က်ဘ်ဆိုက်တွေ ရှိတယ်၊ ပြည်သူတွေ လက်ထဲ အလွယ်တကူနဲ့ ရောက်နိုင်တယ်၊ နည်းနည်းများ အွန်လိုင်းမီဒီယာဘက်က ၀င်ပြောပေးသလိုများ ဖြစ်နေမလားမသိဘူး၊ နောက်..ခုန ပြောသွားတယ်၊ အယ်ဒီတာရဲ့ တာဝန်ယူမှု၊ ပရိသတ်အပေါ်ချပြမှု၊ အယ်ဒီတာက ဘာကြောင့် ဆုံးဖြတ်ပိုင်ခွင့် ရှိနေရတာလဲ၊ သူတို့မှာ ဦးနှောက်ရှိတယ်၊ သူတို့မှာ စွမ်းရည်ရှိတယ်၊ သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြီးတော့ သူတို့ဘာသာ ဖတ်ခွင့်ရှိတယ်၊ အဖွဲ့အစည်းတိုင်းပဲဖြစ်ဖြစ်၊ ဥပမာ နင်ရယ်၊ ငါရယ်၊ သူရယ် စာအုပ်ထုတ်ကြရာမှာပဲ ဖြစ်ဖြစ်၊  အယ်ဒီတာ ရှိပါတယ်၊ နည်းပညာ ၀က်ဘ်ဆိုက်တွေမှာလည်း အက်ဒမင်ဆိုတာ ရှိတယ်၊ ဒီကိစ္စက အကွပ်မရှိတဲ့ကြမ်း၊ ပေါက်လွတ်ပဲစား မရေးရအောင် အက်ဒမင်တွေ ရှိကြတယ်”

“နောက်တစ်ခုက အွန်လိုင်းမှာ စာအုပ်တွေ ထုတ်ကြတယ်၊ ထုတ်ကြတဲ့ အထဲမှာပဲ တာဝန်ယူစီစဉ်တဲ့ အယ်ဒီတာ ရှိတယ်၊ အဲ့ဒီထုတ်တဲ့ စာအုပ်တွေကို ဖတ်တဲ့ပရိသတ်တွေ Like ငါးထောင်ရသလား မေးခံရပေမယ့်၊  ဒီEbookတွေကို Download လုပ်ပြီး ဖတ်တဲ့သူ ငါးထောင်မကပါဘူး”

“နောက်တစ်ခု ရသပိုင်း ပြောသွားရာမှာ ငါတို့က အယ်ဒီတာ စားပွဲကို ဖြတ်လာတယ် ၊ နင်တို့က မဖြတ်လာရဘူး ပြောတာ ဒါသည် ပရိသတ်ရဲ့ ဆုံးဖြတ်ပိုင်ခွင့်မဟုတ်ဘူးလား၊  အယ်ဒီတာသည် နင်မဖတ်ပါနဲ့ဆိုရင် မဖတ်ရဘူးလား၊ ပရိသတ်က သူတို့ဘာသာ သူတို့ ရွေးချယ်ပိုင်ခွင့် မရှိဘူးလား၊ တစ်ခုမေးချင်တာက ပုံနှိပ်မီဒီယာဘက်က မြန်မာတနိုင်ငံလုံး အွန်လိုင်း သုံးလာနိုင်မှာကို ၀မ်းသာအားရ ကြိုဆိုပြီးတော့ ဒီမီဒီယာသည် အမှောင်ချထားခြင်း မရှိပဲနဲ့ အကုန်လုံးစီမှာ ပျံ့နှံ့ရောက်ရှိဖို့ ကိစ္စကို အယ်ဒီတာဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဖျက်လိုဖျက်စီး တားဆီးချင်ကြပါသလား၊ ဒါမှမဟုတ် အကုန်လုံး သတင်းအမှောင် လုံးဝမရှိရေး၊ ရှိရှိသမျှ လုံးဝFree၊ ဘယ်နေရာမှာ ဘာလေး ဖြစ်ပလေ့စေ၊ အကုန်သိရမယ်၊ ဆိုလိုတာက ..ဟိုမင်းသမီး ဘယ်သူနဲ့အိပ်နေတယ်ဆို အွန်လိုင်းမှာတက်လာတဲ့ သတင်းမျိုးကို ပြောတာ မဟုတ်ပါဘူး၊ ဒီလိုဟာမျိုးကိုပဲ ထောက်ပြပြီး နင်တို့က ဒီလိုပဲရှိတယ် အွန်လိုင်းမှာတက်နေတယ်၊ ဒါမျိုးကို ပြောတာမဟုတ်ပါဘူး”

“ တစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့ ဒီမိုခရေစီအရေးကို ဖော်ဆောင်တဲ့ အခါမှာ သတင်းအချက်အလက် အကုန်လုံးကို အလျဉ်းလိုချင်ကြပါသလား၊  ပုံနှိပ် မီဒီယာဘက်က အွန်လိုင်းမီဒီယာကို လုံးဝလက်မခံပဲနဲ့ ဒါမှမဟုတ်  မကြိုဆိုပဲနဲ့ ဒါမှမဟုတ် ငါတို့သည်ပင် နေရာယူမယ်၊ ကျန်တဲ့သူတွေ   နေရာမရှိရဘူး၊ ငါတို့သည်ပင် မိခင်၊ အဲ့တာကြောင့် ငါတို့ ကျေးဇူးရှိတယ်၊ ငါတို့ကသာ   ရှေ့ဆောင်လမ်းပြဆိုတဲ့  စိတ်ဓာတ်မျိုးတွေများ ပရင့်မီဒီယာဘက်မှာ ရှိနေသလား၊ အဲ့တာကို သိချင်ပါတယ်”

ဒီမေးခွန်းကို ပုံနှိပ်မီဒီယာဘက် ဆရာမခင်ဆုမြတ်ထွန်းက အခုလို ၀င်ဖြေပေးပါတယ်။

“ ကျွန်မတို့ အယ်ဒီတာစားပွဲ ဘာလို့ ဖြတ်တာလဲဆိုတော့ ကျွန်မတို့စာမူများ ဆရာ့စားပွဲက ဖြတ်လာရင်၊ ဆရာဖတ်ပြီးမှ စာမျက်နှာပေါ်ရောက်တဲ့အတွက် သိပ်ဂုဏ်ယူတာပဲ၊ အခု ဘလော့ဂ်တွေ ရေးနေသူတွေဟာလည်း ပရင့်ဘက်ကို   ရောက်လာတယ်၊ ဘာကြောင့်လဲ .. ဂုဏ်ယူချင်တာလေ၊ ကျွန်မတို့ မဂ္ဂဇင်းမှာ ဒီလိုမျိုး ဖြတ်သန်းလာပြီးတော့၊ အောင်မြင်လာပြီးတော့ စင်ပေါ်   ရောက်တယ်ဆိုတာ ကျွန်မတို့ ဂုဏ်ယူတာပါ၊ ဟုတ်ပါတယ်နော်” လို့   ဖြေပေးသွားပါတယ်။

အဲ့ဒီမှာ ပုံနှိပ်မီဒီယာက ဆရာဝေမိုးနိုင်က ၀င်ရောက် ဆွေးနွေးပြန်ပါတယ်။

“ စောစောက ပြောတာ အယ်ဒီတာ တည်းဖြတ်ပြီးတော့မှ ပရိတ်သတ်ဆီ   ရောက်တယ်၊ ပရိသတ်မှာ ရွေးချယ်ပိုင်ခွင့် ရှိတယ်၊ အဲ့လို ဒီစာမူကို ဖတ်ပါလို့ ပြောတာ လက်မခံချင်ဘူးဆိုရင် ပရိသတ်ရဲ့ ရွေးချယ်ပိုင်ခွင့်အရပဲ မဂ္ဂဇင်းတွေကို မဖတ်ပါနဲ့လို့ ပြောချင်ပါတယ် ”

((( လက်ခုပ်သံများ)))

အဲ့ဒီနောက် “ဝေါဟာရမှော်ရုံတောမှာ” ဆိုတဲ့ ဆောင်းပါးကို teen Magazineမှာ ပင်တိုင်ရေးနေတဲ့ ဆရာဦးအေးချစ် (EEAC)က အခုလို မေးပါတယ်။

“ ဒီနေ့ပွဲမှာ ဘယ်လို မြင်လိုက်သလဲဆိုတော့ အားလုံးကဆက်နွယ်နေတဲ့ Talentတွေ ရှိနေကြပြီ၊ သို့သော်လည်း ရေရှည်အနာဂတ်အတွက်ဆိုရင်   နိုင်ငံရဲ့လက်ရှိအခြေအနေအရ ဘယ်လိုအခြေအနေမျိုးမှာမဆို လွတ်လပ်မှုရဲ့    နောက်ကွယ်မှာတန်ဘိုးဆိုတာ ရှိနေတယ်၊ လွတ်လပ်သလောက် တန်ဘိုးတွေ တချိန်ထဲမှာ တက်လာမယ်၊ အခု မြန်မာနိုင်ငံမှာ ပုံနှိပ်ရော၊ အွန်လိုင်းပါ အတုမြင်အတတ်သင် ကိုယ့်ကိုယ်ကို သင်ယူရင်းနဲ့ပဲ သွားနေကြရပါတယ်၊  သို့သော် နောင်တချိန် နိုင်ငံအတွက် တရားဝင် မီဒီယာဆိင်ရာ သင်တန်းကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များ ပေါ်ပေါက်ရေးကိစ္စမှာ ပညာရှိသတိဖြစ်ခဲ ဖြစ်မှာစိုးလို့၊ ယနေ့အချိန်အထိ ကျွန်တော် မှတ်သားမိသမျှ ၁၉၆၂ကနေ ယနေ့အထိ နှစ်၅၀အတွင်း မီဒီယာ၊ သတင်းဂျာနယ်နဲ့ ပတ်သက်လို့ သိသမျှပြောရင် ဆရာကြီးအိုးဝေဦးညိုမြ၊ ဆရာကြီးတက္ကသိုလ်ထင်ကြီး၊ အယ်ဒီတာချုပ် ဦးတင်စိန်တို့ တရားဝင်ကျောင်းများ ဖွင့်ခဲ့ဘူးတယ် အဲ့ဒီလို မြန်မာနိုင်ငံမှာ မီဒီယာကျောင်းများ တရားဝင် ဖွင့်နိုင်ရေးအတွက် ဆရာ ဆရာမတို့ဘက်မှာ ဘယ်လို အစီအစဉ်များ ရှိပါသလဲ၊ သိချင်ပါတယ်”

ဆရာဦးအေးချစ် မေးခွန်းကို အချိန်မရတော့တဲ့အတွက် ဆရာမခင်သန္တာက ၀င်ဖြေပေးပါတယ်။

“ အမှန်တော့ ကြားခံဆွေးနွေးသူဆိုတာ အဖြေ ၀င်ဖြေခွင့်မရှိပါဘူး၊ ဒါပေမယ့် ကျွန်မ နည်းနည်းလေး ကြားဝင်ချင်ပါတယ်၊ ကျွန်မတို့ အခု ဆွေးနွေးနေတဲ့ အပိုင်းလေးတွေမှာ အွန်လိုင်းမီဒီယာဘက်ကရော၊ ပုံနှိပ်မီဒီယာဘက်ကရော ကျွန်မတို့ သိပ်မသိပါဘူး၊ သိသလောက်လေး လူငယ်ပရိသတ်တွေအတွက် သိသလောက်လေး မျှဝေပေးတာပါ၊ ဆရာတို့က ကျွန်မတို့ထက် အများကြီး ပညာပြည့်ပါတယ်၊ စီနီယာကျပါတယ်၊  အခုလက်ရှိ နိုင်ငံတော် အကြီးအကဲတွေကတောင် မလုပ်နိုင်သေးတဲ့ အရာတစ်ခုကို ဘယ်လိုပြောရမလဲ ဆိုရင် အခုက ပြောင်းလဲတယ်၊ Change Changeဆို ပြောတယ်။ တကယ်တမ်းက အဲ့ဒီ Chageကို ကျွန်မတို့ မရောက်ကြသေးဘူး။ အဲ့ဒီတော့ နိုင်ငံတော်ကတောင် မစွမ်းဆောင်နိုင်ကြသေးတဲ့ ကိစ္စဆိုတော့ ကျွန်မတို့ ဥာဏ်မမှီဘူးလို့ ထင်ပါတယ်ဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ ”

အဲ့ဒီနောက် ကိုနေဘုန်းလတ်က ဆရာဦးအေးချစ်ကို ယခုလို ရှင်းပြပါတယ်။

 “ ဂျာနယ်လစ်ဇင်သင်တန်းတွေဆိုတာ အစိုးရအနေနဲ့ကို ဖွင့်ပေးရမှာပါ၊ အခုအချိန်မှာ ကျွန်တော်တို့က အခုမှ အပြောင်းအလဲကာလကို စနေတဲ့ချိန်ပါ၊ ဂျာနယ်လစ်ဇင်သင်တန်းတွေဆိုတာ အခုကျွန်တော်တို့ အွန်လိုင်းမှာမှ မဟုတ်ဘူး၊ တချိန်က ပရင့်မီဒီယာတွေမှာလည်း ရှိနေခဲ့ဖို့ ကောင်းတဲ့ ကိစ္စပါ။ အကောင်းဆုံးကတော့ Education System အပါအ၀င် Forceလုပ်နေတဲ့ ကာလ၊ ဒီဟာနဲ့ ပတ်သက်လို့ တက္ကသိုလ်ကြီးတွေပါ ရှိလာမယ်ဆိုရင်   ကောင်းသောအခြေအနေတစ်ခုပေါ့၊ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့က တတ်သလို လုပ်နေရတဲ့အနေအထားမျိုးပေါ့၊ အဲ့ဒီတော့ ဂျာနယ်လစ်ဇင်နဲ့ ပတ်သက်ပြီး အွန်လိုင်းမှာရှိတဲ့ ကျွန်တော်တို့ တချို့ လူငယ်တွေရော၊ ပရင့်မီဒီယာမှာရှိတဲ့ လူငယ်တွေရော တော်တော်လေးကို လုပ်နေကြပါပြီ။ အဲ့ဒီတော့ မီဒီယာတွေ အားနည်းချက်တွေ၊ ချို့ယွင်းချက်တွေ ရှိနေဦးမှာပဲ၊ ဆရာ ပြောသလို တက္ကသိုလ်ကြီးတွေ ရှိလာဖို့က ကျွန်တော်တို့အားလုံး ညီညွတ်ကြမှ ရမှာပါ”

(((လက်ခုပ်သံများ)))

အဲ့ဒီနောက် ဆရာဦးအေးချစ်က နောက်ဆက်တွဲအနေနဲ့ “ ပုံနှိပ်မီဒီယာနဲ့ အွန်လိုင်းမီဒီယာရဲ့ Skillတွေ အားလုံးပေါင်းစပ်လိုက်ရင် မီဒီယာလောက   အောင်မြင်တိုးတက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

(((လက်ခုပ်သံများ)))

အဲ့ဒီနောက် ကြားခံဆွေးနွေးသူ ဆရာမခင်သန္တာက နိဂုံးချုပ် ပြောပါတယ်။

“ တကယ်တော့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာဆိုတာ   ပြဒါးတစ်လမ်း သံတစ်လမ်းမဟုတ်ပါဘူး၊ အခုဒီမှာ အားပြိုင်ဆွေးနွေးနေကြတဲ့ ဆရာ၊ ဆရာမတွေကိုက ပုံနှိပ်စာမျက်နှာထက်မှာ ရေးနေကြသလို အွန်လိုင်း စာမျက်နှာတွေမှာလည်း ပရိသတ်တွေ အများကြီးရတဲ့ အထင်ကရ ဘလော့ဂါတွေပါ၊ အဲ့ဒီတော့ အွန်လိုင်းပေါ်မှာ စာမရေးကြသည့်တိုင်အောင် ကျွန်မတို့ စာရေးဆရာတွေ အင်တာနက်ကို မဖြစ်မနေ အသုံးပြုနေရပါတယ်၊  အဲ့တော့ အွန်လိုင်းလို့ပဲ ပြောပြော၊ ပုံနှိပ်လို့ပဲပြောပြော ကျင့်ဝတ်တွေ   စောင့်ထိမ်းရမှာကတော့ လူသားတွေရဲ့တာဝန်ပါ၊ အထူးသဖြင့် ပရိသတ်တွေကို အတွေးတစ်စ၊ အတွေးတချို့  ထည့်ပေးနိုင်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်”

“ အဲ့ဒီတော့ အွန်လိုင်းမီဒီယာက မွှေနှောက်စရာအများကြီးရှိတဲ့ ပင်လယ်ပြင်ကြီးလို့ တင်စားရင်၊ ပုံနှိပ်မီဒီယာဆိုတာလဲ  အဲ့ဒီ ပင်လယ်ပြင်ထဲကို စီးဝင်နေတဲ့ မြစ်တစ်စီးပါဘဲ၊ ကျွန်မ အမြင်လေးကို အနှစ်ချုပ်ကြည့်တာပါ၊ အဲ့လိုမဟုတ်လို့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာဟာ မျဉ်းပြိုင်တစ်ခုပါလို့   ပြောချင်ရင်လဲ တစ်မျိုးကောင်းတာဘဲ၊ မျဉ်းပြိုင်ရဲ့သဘော မျဉ်းပြိုင်ရဲ့ အလုပ်ကိုက ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့် သွားရတာလေ၊ အဲ့ဒီတော့ လမ်းခုလပ်မှာ မရှုပ်ဘူး၊ မငြိဘူးပေါ့၊ ကိုယ့်လမ်းကိုယ်သွားကြတာလေ”

“နောက်တစ်ခု ပြောချင်တာက အွန်လိုင်းရဲ့စာပေပဲဖြစ်ဖြစ်၊ ပုံနှိပ်ရဲ့ စာပေပဲဖြစ်ဖြစ်၊ စာပေအရေးသား နိမ့်ကျတာ၊ မြင့်တယ်ဆိုတာ စာရေးသူတွေနဲ့တင်ပဲ မသက်ဆိုင်ပါဘူး၊ စာဖတ်သူတွေနဲ့လည်း အများကြီး သက်ဆိုင်တယ်လို့ ကျွန်မထင်ပါတယ်၊ နောက်တစ်ခုပြောချင်တာက ကျွန်မတို့တတွေ ကမ္ဘာနဲ့အမှီ ရင်ဘောင်တန်းလို့ ခေတ်မှီတိုးတက်တဲ့   နိုင်ငံတစ်ခုဖြစ်ဖို့ လိုအပ်ပါတယ်။ လိုက်လဲလိုက်နေကြပါတယ်။ ဒါပေမယ့် တခါတရံကြတော့လဲ နောက်ကျန်နေတဲ့သူက အရှေ့ကို ရောက်နေကြဖို့   နေရာတစ်နေရာရာ ကြိုတင် ဦးထားသလိုဖြစ်တယ်လေ၊ ဥပမာ   ခေတ်မှီ နည်းပညာနဲ့ အိုင်ပေါ့တို့ လက်ပ်တော့တို့ တီထွင်ကြတယ်၊   နောက်ဆုံးတော့ တက်ပလက်ဆိုတဲ့ ကျောက်သင်ပုန်း ပြန်တီထွင်ကြတာပဲလေ၊ သူ့ရဲ့ အားနည်းချက်က ဘာလဲဆိုတာ အသီးသီး ရှိကြပါတယ်”

“ အဲ့ဒီတော့ အချုပ်ပြောရရင်တော့ အွန်လိုင်းကပေးတဲ့ နည်းပညာဆိုတာ   ပြည်သူတွေဆီကို အခုအချိန်အထိ တိုက်ရိုက်မရောက်သေးပါဘူး၊ထို့အတူ ပုံနှိပ်မီဒီယာနဲ့ ဝေးနေတဲ့ ပြည်သူတွေလဲ အများကြီး ရှိနေပါတယ်၊ ကျွန်မတို့ နိုင်ငံအနေနဲ့ အွန်လိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာ အားပြိုင်မှုကို အချိုးချပြောရရင်တော့ ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ လမ်းတွေနဲ့ ကျွန်မတို့ နိုင်ငံကို အသစ်ဝင်လာတဲ့ ကားတွေလိုပါဘဲ၊ ဘယ်သူဘယ်သူမှ မသာပါဘူး၊ အဲ့ဒီကားနဲ့ အဲ့ဒီလမ်းက ကွက်တိပဲ၊ အဲ့ဒီတော့  ယဉ်ကြောပိတ်ဆို့မှုတွေ မဖြစ်အောင်   ရှောင်ကွင်းမောင်းဖို့ ဆိုရင်တော့ အဲ့ဒီကားကို ကိုင်တွယ်မောင်းနှင်တဲ့သူမှာပဲ မူတည်တယ်၊ တာဝန်ရှိတယ်လို့  ကျွန်မထင်ပါတယ်၊ ဒါ.. အွန်လိုင်းနဲ့ ပုံနှိပ်နဲ့ ကြားကနေ ကျွန်မ ပြောနေတာပါ”

“ ဆက်လက်ပြီး teen Magazine နဲ့ ပတ်သက်တာ ဆက်လက်ပြောချင်ပါတယ်၊ ကျွန်မတို့ teen Magazine ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းမှာ ဒီလိုပွဲလေး ကျင်းပါတာ ဒါဆို တတိယမြောက် ရှိပါပြီ၊ တကယ်တော့ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းက ငွေကြေးအရ အတော်အရှုံးပေါ်နေတဲ့ မဂ္ဂဇင်းပါ၊ ဒါပေမယ့် လူငယ်တွေအတွက် ဆိုပြီးတော့ ဆရာတို့၊ ဆရာမတို့က သံယောဇဉ် မပြတ်နိုင်တာနဲ့ ဆက်ပြီး ထုတ်နေတာပါ၊ လူငယ်တွေအတွက်ဆိုတာ ပါးစပ်က ပြောတာ မဟုတ်ဘူးရှင့်၊ အခုဒီပွဲကို စီစဉ်တင်ဆင်တဲ့ ဆရာမလင်းစက်နွယ်ဆိုရင် ဖူးငုဆယ်ကျော်သက်မဂ္ဂဇင်းရဲ့စာဖတ်ပရိသတ်၊ အဲ့ဒီကနေ တဖြည်းဖြည်းနဲ့ စာရေးဆရာမဘ၀ကို ပိုင်ဆိုင်လာတယ်၊ ဒီနှစ် ရွှေအမြုတေစာပေဆုရတဲ့ စာရေးဆရာမ စပယ်ဖြူနုဆိုရင်လဲ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းရဲ့ ရင်သွေးလို့ ပြောလို့ရတယ်၊ ထို့အတူ  ဆရာနေဘုန်းလတ်၊ ဆရာမနန်းကြာဖြူ၊ ဆရာဝေမိုးနိုင်၊ ဆရာမ ခင်ဆုမြတ်ထွန်းတို့ဟာ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းရဲ့ အသီးအပွင့်များပါဘဲ”

“ ကျွန်မတို့ ငယ်ငယ်ထဲက ကြားခဲ့ရတာ၊ လူငယ်တွေကို ပုခုံးပြောင်းတာဝန်လွှဲပေးမယ်လို့ ပြောတယ်၊ တကယ့်တကယ် ကျွန်မခံစားရတာ လူကြီးတွေက ပုခုံးပြောင်းတာဝန် ပေးသလိုလိုနဲ့ ပုခုံးကို ရောဖိထားသလို ခံစားရတယ်၊ လူငယ်တွေမှာရှိတဲ့ အရည်အချင်းကို စိတ်မချသေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လူငယ်တွေရဲ့ လုပ်ပိုင်ခွင့် ရပိုင်ခွင့် အစွမ်းအစ   ပြပိုင်ခွင့်တွေကို ထိမ်းချုပ်ထားတယ်၊ အခုဒီပွဲလေးကို ကျွန်မတို့ စီစဉ် ကျင်းပတာ ဆရာဦးဝင်းငြိမ်း၊ ဆရာမျိုးမြင့်ညိမ်း၊ ဆရာမ မသီတာ (စမ်းချောင်း)တို့ ဘာတစ်ခုမှ ဂိုဒ်လိုင်းမပေးပါဘူး၊ ဘာမှ ၀င်ရောက် မစွက်ဖက်ပါဘူး။ ဒီလူငယ်တွေ ရှိနေကြတယ်၊ ဒီပေါ်က ဖြစ်လာတဲ့ အကျိုးရလာဒ် အားလုံး ကိုယ့်ဟာကိုယ် ခံကြဆို တင်ပေးလိုက်တာပါ၊ ဆရာမ မသီတာဟာဆိုရင် ပရိသတ်ထဲမှာ ဂုဏ်ယူစွာနဲ့ မိန့်မိန့်ကြီး ထိုင်နေတယ်၊ ဘာမှ ၀င်မစွက်ပါဘူး၊ ဆိုလိုချင်တာက ဖူးငုံက လူငယ်တွအတွက် တကယ့်ကို  ဖွင့်ပေးထားတာပါ၊ ဒီပွဲ ကျင်းပရတဲ့ အကြောင်းရင်းကလဲ၊ စာမဖတ်ဖြစ်ရင်တောင် ဒီပွဲရောက်လာရင် ဒီပွဲရဲ့အတွေးတစ်စ၊ အမြင်တစ်စရသွားမယ်၊ နောက်ဆုံးတော့ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို တစ်ကြိမ်ဖြစ်ဖြစ် ဖတ်ဖြစ်မယ်လို့ တွေးမိတဲ့ အတွက် လုပ်တာပါ”

“ အဲ့တော့ ကျွန်မတို့ ပြောနေတဲ့ ပုခုံးပြောင်းတာဝန်ဆိုတာကလည်း ယူဖို့ ကျွန်မတို့မှာ ပုခုံးတစ်စုံရှိနေမှရမှာပါ၊ ကျွန်မတို့က ပုခုံးတစ်စုံရှိမနေပဲ တာဝန်သွားယူလို့ မဖြစ်နိုင်ဘူး၊ အဲ့ဒီလို ပုခုံးတစ်စုံ ရှိဖို့ဆိုတာ အသိပညာလည်း ကြွယ်ရပါမယ်၊ အတတ်ပညာဆိုတာကတော့ နောက်က လိုက်တာပါ၊ အဲ့ဒီအသိပညာတွေ ရှိဖို့၊ အထူးသဖြင့် ယနေ့ကြွလာတဲ့ လူငယ်ပရိသတ်ကို ဖိတ်ခေါ်ပါတယ်၊ ဖူးငုံက စာဖတ်ဝါသနာပါတဲ့သူ၊ စာရေးဝါသနာ ပါတဲ့သူများအတွက် ကဏ္ဍတွေ အများကြီး ဖွင့်ပေးထားပါတယ်၊ ဒါကြောင့် လူငယ်တွေ စာဖတ်ကြပါလို့ ပြောရင်းနဲ့ ကျွန်မတို့ ဆွေးနွေးပွဲကြီးကို နိဂုံးချုပ်ပါတယ်”

(((လက်ခုပ်သံများ)))

အဲ့ဒီနောက်ပါဝင်ဆွေးနွေးသွားတဲ့ ပရိသတ်များကို ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းစာအုပ်လက်ဆောင် တစ်အုပ်စီ  ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ဆရာဦးဝင်းငြိမ်းက ပါဝင်ဆွေးနွေးသူများကို အမှတ်တရ လက်ဆောင်များ တစ်ယောက်စီ ပေးအပ်ပါတယ်။

အဲ့ဒီနောက် ပါဝင်ဆွေးနွေးခဲ့သူ ပုံနှိပ်နဲ့ အွန်လိုင်းမှ ဆရာဆရာမများက အပြန်အလှန် ချစ်ခင်စွာ နှုတ်ဆက်ကြပါတယ်။ အမှတ်တရ ဓာတ်ပုံရိုက်ရင်းနဲ့   ဆွေးနွေးပွဲကို အောင်မြင်စွာ အပြီးသတ်ခဲ့ပါတယ်။

 ဆွေးနွေးပွဲက ပြီးသွားပေမယ့် ကျွန်မအဲ့ဒီနေ့ညက ရလိုက်တာလေးတစ်ခုကို စာဖတ်သူများကို ဆက်ပြောပြချင်ပါသေးတယ်။ ရသ၀တ္တုတွေ ရေးနေသူမို့   မြသွေးနီ တစ်ယောက် ဇာတ်လမ်းတစ်ပုဒ် လန်ကျုတ်လုပ်ရေးလိုက်တယ်လို့ မထင်လိုက်ပါနဲ့။ တကယ်အမှန် ကြုံတွေ့ခဲ့ရတာလေးပါ။

အဲ့ဒီနေ့ညက Oriental Houseမှာ ပါဝင်ဆွေးနွေးသူများကို ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းမှ ဆရာဆရာမတို့က အမှတ်တရ ညစာကျွေးပါတယ်။ ည၇နာရီခွဲ ၀န်းကျင်မှာ ကျွန်မနဲ့ ဆရာမ ခင်သန္တာ၊ ဆရာမ နန်းကြာဖြူတို့ သုံးယောက် အားလုံးကို နှုတ်ဆက်ပြီး စောပြန်ကြပါတယ်။ အပြန် မိုးတဖွဲဖွဲနဲ့ Oriental Houseရှေ့မှာ ကျွန်မတို့ ကားငှားကြပါတယ်။  ဆရာမခင်သန္တာနဲ့ ဆရာမ နန်းကြာဖြူတို့ နှစ်ယောက်က အင်းစိန်ဘက် အထိ ပြန်ရမှာမို့ အိမ်နီးတဲ့ ကျွန်မက အရင်ရောက်လာတဲ့ အငှားကားကို ဆရာမတို့ နှစ်ယောက်ကို ဦးစားပေးလိုက်ပါတယ်။

ဖြစ်ချင်တော့ နောက်မှတားတဲ့ ကျွန်မရဲ့ ကားက အရင် အဆင်ပြေသွားတာမို့ ဆရာမတို့နှစ်ယောက်ကို နှုတ်ဆက်ပြီး အငှားကားပေါ် တက်ခဲ့ပါတယ်။ ဆိုင်ကနေ ကျွန်မ အိမ်ကို ၁၀မိနစ်သာသာ ကားမောင်းရင် ရောက်ပါတယ်။ ကားအတွင်းမီး ဖွင့်ထားတာမို့ ကျွန်မကြည့်လိုက်တော့ ကားမောင်းသူက အသက် ၆၀ကျော်အရွယ် ရုပ်ရည်ကလည်း သန့်သန့်ပြန့်ပြန့်နဲ့။ ကားလည်းထွက်ရော ကားမောင်းသူက ကျွန်မ အဖေအရွယ်မို့ ညကြီးမိုးချုပ် ကားမောင်းနေသူ အဘကို မေးမိပါတယ်။

“ အဘ အသက်ဘယ်လောက်ရှိပြီလဲ၊ ညဘက် ကားမောင်းတာ အန္တရာယ်မများဘူးလား ”

“ အသက်က ၆၅၊ ညဘက်က နေ့ဘက်လို မဟုတ်ဘူး၊ ကားကြောရှင်းတော့ အာရုံမနောက်ဘူး၊ အခုက နေ့ဘက် ယာဉ်ကြောတွေ ရှုပ်ထွေးလို့ မောင်းလို့ မကောင်းဘူး၊ ညဘက်က မောင်းလို့ ကောင်းတယ်၊ ည၁၀နာရီဆိုသိမ်းမှာ”

“ သြော်.. ဟုတ်ကဲ့..၊ ညဘက်ဆိုတော့ သတိထားပြီးတော့ မောင်းနော်အဘ ”

“အသက်ကြီးလာတော့ ဘာလုပ်လုပ် သတိထားရတာပေါ့၊ သမီးတို့က   ကျောင်းဆရာမတွေလား၊ ဧည့်ခံပွဲလုပ်တာလား”

ကျွန်မ ကားပေါ်တက်ကာနီး နှုတ်ဆက်လိုက်တာကို ကြားပြီး မေးပုံရပါတယ်။

“ မဟုတ်ဘူး အဘ၊ ကျွန်မတို့က စာရေးကြသူတွေမို့ ဆရာမလို့ ခေါ် တာပါ၊ ဆွေးနွေးပွဲအပြီး ညစာလာစားကြတာပါ  ”

“ သြော်.. စာပေဟောပြောပွဲလား၊ ကောင်းတယ် ကောင်းတယ် ဒါမျိုးတွေ လုပ်ပေးတာ”

“စာပေဟောပြောပွဲ မဟုတ်ဘူး အဘ၊ အင်တာနက်ကို အဘသိလား၊ ကွန်ပျူတာနဲ့ သုံးရတာလေ၊ အဲ့ဒီ အင်တာနက်မှာ စာရေးတဲ့သူနဲ့ စာအုပ်တွေမှာ စာရေးတဲ့ စာရေးဆရာတွေ ဆွေးနွေးကြတာ”

“ အင်တာနက်လား၊ ကြားတော့ ကြားဘူးတာပေါ့၊ မြေးအကြီးကောင်က ကွန်ပျူတာတက္ကသိုလ် ပထမနှစ် တက်နေတယ်၊ အိမ်မှာ သူနှိပ်နေတာပဲ၊ အခုခေတ်က ကွန်ပျူတာ နှိပ်တတ်မှ ခေတ်မှီတာကိုးနော်”

“ အဘက ခေတ်မှီသားပဲ၊ ဒါနဲ့ ကွန်ပျူတာကို အဘဘယ်လို မြင်သလဲ”

“ကွန်ပျူတာလား၊ ကွန်ပျူတာက လူက စက်ကို ခိုင်းပြီး ကိုယ်လိုတာကို များများရအောင် မြန်မြန်ပြီးအောင် သုံးတာပေါ့၊ အတတ်ပညာပေါ့၊ အခု အဘကားမောင်းတာလဲ အဘရဲ့ အတတ်ပညာပေါ့၊ ဒါကြောင့် အဘ မောင်းတဲ့ကား စီးပြီး သမီး လိုရာရောက်တာပေါ့၊ ခုန သမီးတို့ စားတဲ့ ဆိုင်နေရာက ကားပြတ်တယ်လေ၊ မိုးရွာနေတုန်း မြန်မြန် ကားငှားလို့ရတာ ကံကောင်းတယ်မှတ်”

“ ဟုတ်တယ်နော်၊ ကျွန်မဖြင့် မိုးလည်း ရွာနေတော့ ကားမရမှာ စိတ်ပူနေမိတာ ”

“ သမီးက စာရေးဆရာမဆိုတော့ ပြောရဦးမယ်၊ အဘလည်း စာဖတ်ဝါသနာပါတယ်၊အိမ်က အဘွားကြီးလည်း စာအုပ်တွေ ဖတ်တာပဲ၊ သားတွေရော၊ မြေးတွေရော စာအုပ်ဖတ်တယ်”

“စာဖတ်တာ ကောင်းတာပေါ့အဘ၊ အခုက စာသိပ်ပြီးတော့ မဖတ်ကြတော့လို့ ဆွေးနွေးပွဲမှာတောင် ပြောဖြစ်ခဲ့သေးတယ် ”

“ စာတွေက ခေတ်ကြောင့် အကြိုက်ချင်းတော့ မတူတော့ဘူးပေါ့၊ ဘယ်လိုပဲ ဖတ်ဖတ် ဖတ်နေရင်ကောင်းတာပဲ ”

ကျွန်မစိတ်ထဲ ဒီနေ့မှ ထူးထူးခြားခြား ဒီအဘနဲ့ လာတွေ့တာ အံ့သြသလိုတောင် ဖြစ်လာရပါတယ်။ အဲ့ဒီအချိန်မှာ ကားက ကျွန်မတို့အိမ်ဆီ ဦးတည်နေတဲ့ လမ်းရှည်အထဲကို ချိုးကွေ့လိုက်ပါတယ်။ အဲ့ဒီမှာ အဘပြောလာတဲ့ စကားကြောင့် ကျွန်မစိတ်ဝင်စားသွားရတယ်။

“ အဓိကက အသိပညာနဲ့ အတတ်ပညာ နှစ်ခုပဲ၊ သိပြီး မတတ်လဲ အလကားပဲ၊ တတ်ပြီးမသိလဲ အတူတူပဲ ဘာမှ မထူးဘူး၊ ကားမောင်းနည်းကို အဘစာအုပ်ထဲ ဖတ်ထားလို့ လက်ကိုင်ဘယ်လို ကိုင်ရမယ်၊ ဂီယာဘယ်လိုထိုးရမယ် သိနိုင်ပေမယ့် ကိုယ်တိုင် လက်တွေ့ မမောင်းရင် မောင်းတတ်မှာ မဟုတ်ဘူး၊ သိနေလို့ချည်း မဖြစ်သေးဘူး၊ သိတာလည်းသိ၊ တတ်အောင်လည်း လုပ်ဦးမှ သိသူတတ်သူ ဖြစ်မှာ”

အဘ စကားဆုံးချိန်မှာ  ကားက ကျွန်မအိမ်ရှေ့ နေရာကို ကျွမ်းကျွမ်းကျင်ကျင် ကွေ့ရပ်ပေးလိုက်တယ်။ ကျသင့်တဲ့ ကားခ တစ်ထောင့်ငါးရာအတွက် ငွေနှစ်ထောင်ထုတ်လိုက်ရင်း -

“အဘ စာတွေဖတ်တယ်ဆိုတာ ကျွန်မ ယုံသွားပြီ၊ ကဲ..အဘ.. ကျွန်မမှာ အကြွေငါးရာမရှိဘူး၊ အဘ ပိုတဲ့ ငါးရာကို ပြန်မအမ်းနဲ့တော့နော်၊ ဒီနေ့ အဘကားစီးရတာ ကျွန်မနှစ်ထောင်မက တန်သွားပြီ၊ မိုးတွေလည်း ရွာနေတယ်၊ ကားကို ဂရုစိုက်ပြီး မောင်းဦး အဘရေ”

အဘကို နှုတ်ဆက်ပြီး အိမ်လှေကားထစ်ဆီ  မိုးရေတွေကြောင့် ချော်မကျအောင် ဂရုတစိုက် သွားမိတယ်။ အလင်းရောင်ပျပျအောက်က လှေကားထစ်တွေကို တစ်ထစ်ခြင်း တစ်ထစ်ခြင်း ကျွန်မ မှန်မှန် တက်ခဲ့လိုက်တယ်။ ကျွန်မခြေလှမ်းတွေနဲ့ ထပ်တူ၊ ကျွန်မ စိတ်ထဲ ထပ်တလဲလဲ ရေရွတ်နေမိတာက ခုန ကားမောင်းတဲ့ အဘ နောက်ဆုံး ပြောသွားတဲ့  စကားလုံးတွေပါဘဲ။

 “သိသူတတ်သူ”
“သိသူတတ်သူ”
“သိသူတတ်သူ”

 ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in Teen Magazine (ဖူးငုံမဂ္ဂဇင်း). Bookmark the permalink.

26 Responses to ပုံနှိပ်မီဒီယာနှင့်အွန်လိုင်းမီဒီယာ အားပြိုင်ဆွေးနွေးပွဲ (နောက်ဆုံးပိုင်း)

  1. မမရေ နောက်ဆုံးအပိုင်းလေးကိုလည်း သေချာဖတ်သွားပါတယ်
    နောက်ဆုံးတော့လည်း ပုံနှိပ်ရယ်အွန်လိုင်းရယ်ဆိုတာ ခွဲလို့မရပါဘူးနော်
    အဘပြောသွားတဲ့အရာလေးကလည်း သိပ်မှန်တာပဲနော်

    ကျေးဇူးပါမမရေ…..

  2. K says:

    တကယ်တော့..အဲဒီ ကားမောင်းတဲ့ ဦးကြီးကို စာပေစကားနိုင်လုပွဲ ကို ဖိတ်ပြီး စကားပြောခိုင်းရမှာ-း)

  3. ကူးကူးလှိုင် says:

    အစ်မမြသွေးရဲ့ ပို့စ်က “သိသူတက်သူ” နဲ့အဆုံးသတ်လိုက်တော့ ကောင်းတယ်ဆိုတာထက် ပိုပြီး ပြည့်စုံသွားတယ် အစ်မရေ…

  4. အမမြသွေးရေ။
    အားလုံးအတွက် ဂုဏ်ယူပါတယ်။
    အားလုံး သိသူတတ်သူတွေ ဖြစ်နိုင်ကြပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ်။

  5. ဒီပို့စ်မှာ မှတ်စရာတွေ အများကြီးရတယ်အစ်မ.။ ကျေးဇူးအရမ်းတင်ပါတယ်.။ အဲဒီလိုပဲ တစ်ခါတစ်လေ.
    မထင်မှတ်သူတွေဆီက မှတ်သားစရာတွေအများကြီးရတတ်တယ်.။

  6. angelhlaing says:

    ဆွေးနွေးပွဲရော..နောက်ဆုံးပိတ် အသိတ၇ားလေးရော…. စွဲညှိစရာပါပဲမမရေ..

  7. အော်.. လှေကားကနေ အိမ်ပေါ်တက်သွားလို့ပဲ “သိသူတက်သူ”ဖြစ်သွားသလား မသိဘူးနော်.. :P
    “သိသူတတ်သူ” ပါ….

    အပြီးအထိ မျှော်မျှော်ပြီး ဖတ်လိုက်ရတာ ကျေးဇူးတင်ပါတယ် မမြသွေးနီး)

  8. စာဖတ်သူတို့အပေါ် စေတနာအရင်းခံပြီး ပြီးပြည့်စုံအောင် ရေးသားခဲ့တဲ့ ပို့စ်အတွက် ချီးကျူးပါတယ် မြသွေးရေ။ အဆုံးသတ်နိဂုံးပိုင်းအပြင် အပိုဆုလေးပါ ဖတ်သွားရလို့ ကျေးဇူးပါနော်။
    စာပေဝါသနာရှင်များအားလုံး သိသူတတ်သူများဖြစ်နိုင်ကြပါစေလို့-
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  9. ဆွေးနွေးပွဲ အစအဆုံးထိ ဖတ်ပြီး ညလေးတစ်ယောက်တော့ ဗဟုသုတမြောက်များစွာ ရသွားပါတယ် မမရေ … ကားဆရာ အဘပြောသလို ( သိသူတတ်သူ )ဖြစ်အောင် ကျင့်ကြံရမယ် …. နောက်ပြီး ကြားခံဆွေးနွေးပေးတဲ့ ဆရာမခင်သန္တာပြောသလိုပဲ ပရိသတ်တွေကို အတွေးတစ်စ၊ အတွေးတချို့ ထည့်ပေးနိုင်တဲ့ စာရေးဆရာ တစ်ယောက်ဖြစ်ဖို့ ပိုအရေးကြီးတယ်လို့ ထင်ပါတယ် ဆိုတဲ့အတိုင်း အကျိုးရှိတဲ့ စာပေတွေကို ရေးသားနိုင်တဲ့သူတစ်ယောက်ဖြစ်အောင် ညလေး အများကြီး ဆက်လေ့လာသင်ယူရအုံးမယ် မမ … :)

  10. ဆရာမရေ…
    ဇာတ်သိမ်းမှာ ကားမောင်းသမားလူကြီးနဲ့ 
    တွေ့ ဆုံတာလေးက ဖတ်ရတာ အရသာ ရှိပါတယ်…
    သဘောထား ကွဲလွဲခွင့် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ…
    Blog Digest လေးကို ကွန်မန့့်ပေးဖို့ အတွက် စောင့်မျှော်နေကြောင်းပါ….:D

  11. ချစ်ကြည်အေး says:

    အားလုံးကောင်းပါသည်ခင်ဗျားလို့ပဲ ပြောခဲ့တော့မယ် မြသွေးရေး) အစ အဆုံး စိတ်ရှည်လက်ရှည် လူကိုယ်တိုင်နားထောင်နေရသလို ရေးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ညီမ….

  12. ဆရာမရေ… ဆွေးနွေးသွားခဲ့ကြတဲ့ အကြောင်းအရာတွေက စာဖတ်ပရိသတ်တွေအတွက်တော့ လိုလေသေးမရှိပါပဲ…။ ဗဟုသုတတွေလဲ အများကြီးရပါတယ်…။
    ဆရာမတို့ ဆွေးနွေးသွားကြသလိုပဲ စာဖတ်ပရိသတ် လက်တစ်ဆုပ်စာ ၅၀၀-ခန့်ထက်များလာအောင် အွန်လှိုင်းမီဒီယာနဲ့ ပုံနှိပ်မီဒီယာပေါင်းပြီး စာပေချစ်မြတ်နိုးတဲ့မျိုးဆက်တွေ များများမွေးထုတ်ပေးနိုင် ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါရစေ….။

    ကလောင်အစွမ်းဖြင့် လောကကြီးပိုလှအောင် ခြယ်သပေးနိုင်ပါစေဟု…..။
    ချယ်ရီမြေ

  13. သိပ်ကို တော်ကြတဲ့ သူတွေပါပဲ…
    ဆွေးနွေးချက်တွေကို အားရနှစ်သက်မိပါတယ်ဗျာ…

  14. ပရိသတ်မှ လူငယ်မိန်းကလေး ရဲ့ မေးခွန်းတွေကို သဘောကျတယ်။
    အွန်လိုင်းသမားတွေရဲ့ ရင့်ကျက်မှုကိုလည်း သဘောကျတယ်။
    ခုံကလေးနဲ့ စင်ရှေ့မှာ ထိုင်နားထောင်ရသလိုဖြစ်အောင် ရေးပေးတဲ့ အစ်မမြသွေးကိုလည်း သဘောကျတယ်။

း)
    မလေး

  15. ကွန်ပြူတာပိတ်ပြီး အိပ်ခါနီး သူငယ်ချင်းတစ်ယောက် share လာတဲ့ ဆွေးနွေးပွဲ လင့်ခ် ကို
    တွေ့ လို့ ဖတ်လိုက်တာ ၁နာရီခွဲလောက် အချိန်ကုန်သွားတယ် ။
    တကယ်ရလိုက်တာက ဆရာမ ကားစီးတုန်းကပြောသလို (၂၀၀၀ မကတန်တယ်) ၂နာရီစာမက ရလိုက်တယ်။နောက်ဆက်တွဲကားစီးတဲ့အတွေ့ အကြုံလေးပါရေးထည့်ပေးသွားတဲ့အတွက်လည်း
    ကျေးဇူးတင်ပါတယ်ဗျာ ။

  16. ကွန်ပြူတာပိတ်ပြီး အိပ်ခါနီး သူငယ်ချင်းတစ်ယောက် share လာတဲ့ ဆွေးနွေးပွဲ လင့်ခ် ကို
    တွေ့ လို့ ဖတ်လိုက်တာ ၁နာရီခွဲလောက် အချိန်ကုန်သွားတယ် ။
    တကယ်ရလိုက်တာက ဆရာမ ကားစီးတုန်းကပြောသလို (၂၀၀၀ မကတန်တယ်) ၂နာရီစာမက ရလိုက်တယ်။နောက်ဆက်တွဲကားစီးတဲ့အတွေ့ အကြုံလေးပါရေးထည့်ပေးသွားတဲ့အတွက်လည်း
    ကျေးဇူးတင်ပါတယ်ဗျာ ။

  17. ညီမ မြသွေးရေ

    မတက်ရောက်နိုင်သူတွေ အတွက် စေတနာ အပြည့်နဲ့ ပြည့်ပြည့်စုံစုံ ရေးပေးသွားတာ ကျေးဇူး အများကြီးတင်တယ် ညီမ ရေ အားလုံးပြီးမှ ဘဲ မန့်သွားတယ်နော်

    ချစ်တဲ့
    အမရွှေစင်

  18. AH says:

    နောက်ဆုံးပိုင်းအထိပါ ဖတ်သွားပြီ အမရေ.. ကျေးဇူးပါ ခင်ဗျာ

  19. MgMyo says:

    ပရိသတ်မှ လူငယ်မိန်းကလေး ရဲ့ မေးခွန်းတွေကို သဘောကျတယ်။ ဒါပေမယ့် ပြန်ဖြေထားတဲ့ အဖြေတွေကို သဘောမကျဘူး မာရေကြောရေ နိုင်တယ်လို့ ခံစားရတယ် ။

    အပိုင်းအားလုံးဖတ်ပြီး အတွေးဝင်သွားတာကတော့ ပရင့်မကလို့ ပရင့်အဘတွေမှာပဲရေးရေး ဒီနေရာမှာ သမာနဲ့ဝါပဲ ပြောရမလား ရင့်ကျက်မှုတွေနဲ့ တိကျတဲ့ အဖြေတွေ မေးခွန်းတွေ ထိထိရောက်ရောက် ပြောသွားပေးကြတဲ့ အွန်လိုင်းဘက်က အစ်ကိုတွေနဲ့ အစ်မကို ကျေးဇူး အများကြီးတင်ပါတယ် ။

    သိသူတတ်သူး) ကိုယ်က သိသူလား တတ်သူလား သိအောင်တတ်အောင်လုပ်အုံးမှပဲ :P

    • ပရိသတ်မိန်းကလေးရဲ့အမေးကို မာရေကျောရေ ဖြေခဲ့တယ်ဆိုတာ ကျွန်တော်တို့ ပရင့်ဘက်က နှစ်ယောက် (ခင်ဆုမြတ်ထွန်းနဲ့ ကျွန်တော်)ကို ပြောတာပေါ့လေ။
      ကိုမောင်မျိုးကို ပြောချင်တာတစ်ခုရှိတယ်။အဲဒီ ပရိသတ်မိန်းကလေးက ပွဲမှာ ဘယ်လိုလေသံမျိုးနဲ့ ဘယ်လိုပုံစံမေးသွားတယ်ဆိုတာလေးကို တစ်ချက်လောက် လာကြည့်စေချင်တယ်။ ဘေးနားမှာ မဂ္ဂဇင်းအယ်ဒီတာတွေ အများကြီးရှိနေလျက်နဲ့ နင်တစ်လုံး၊ ငါတစ်လုံးတွေ သုံးပြီး ဘယ်လိုပုံစံမေးသွားတယ်ဆိုတာ ပွဲမှာလာကြည့်စေချင်တယ်။ အွန်လိုင်းဘက်က ဆရာတစ်ယောက်ကတောင် ပြောသေးရဲ့။ ဒီလိုမေးလာတာကို ဒီလိုပဲတုံ့ပြန်သင့်တယ်လို့ ။
      ကျေးဇူးပါ။

  20. atn says:

    အယ်ဒီတာ တည်းဖြတ်ပြီးတော့မှ … ဖတ်ရပါတယ်ဆိုတဲ့… ထီလာစစ်သူရဲ့ ကဗျာမျိုးကိုတော့ ကျုပ် ဘယ်တော့မှ မဖတ်ဖူးဗျာ…

  21. ကျေးဇူးတင်တယ်အစ်မရေ……နောက်ဆုံးပိတ် အိတ်နဲကလွယ်ပဲ။။။။အဆုံးပိုင်းက မှတ်စရာတွေ တွေးစရာတွေ တသီကြီး ပါလာတယ်။ အပြန်အလန်ဆွေးနွေးခဲ့တဲ့ ဆရာဆရာများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းးးးးးးး

  22. ပန်းချီ says:

    မမမြသွေးရေ..
    နောက်ဆုံးပိတ်ဆိုတော့ အိတ်တစ်လုံးနဲ့ကို လာဖတ်ပါတယ်။ အကုန်အိတ်ထဲထည့်သွားလို့ရအောင် :)

    ပန်းတိုင်ချင်းတူကြတဲ့ ပုံနှိပ် နဲ့ အွန်လိုင်းက ဆရာ၊ ဆရာမတွေ တစ်ယောက်ကွက်လပ် တစ်ယောက်ဖြည့်ဆည်းရင်း အောင်အောင်မြင်မြင် လက်တွဲပြီး ပန်းတိုင်ကိုချီတက်သွားနိုင်ဖို့ ဒီဆွေးနွေးပွဲက အများကြီး အထောက်အကူပြုမယ်လို့ ယုံကြည်နေပါတယ် မရေ။ ဆွေးနွေးပွဲ အဆုံးအထိ ရေးသားတင်ပြပေးတဲ့ ကိုယ့်အစ်မကို ကျေးဇူးအများကြီးတင်ပါတယ်။

    နှစ်ဖက်စလုံးက ဝင်ရောက်ဆွေးနွေးပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမ များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

    လေးစားချစ်ခင်စွာဖြင့်
    မိုးပန်းချီ

  23. ပုံနှိပ်နဲ့ အွန်လိုင်းဆွေးနွေးပွဲကနေ ကိုယ်မသိတာတွေ အများကြီး သိလိုက်ရတယ်။
    ဆွေးနွေးသွားတဲ့သူအားလုံးဟာ ချက်ကျလက်ကျနဲ့ ချက်ခြင်းကို ပြန်လှန်ဆွေးနွေးနိုင်တာကို တွေ့ရတယ်။
    အရမ်းကောင်းတဲ့ ဆွေးနွေးပွဲတစ်ခုလို့ မြင်ပါတယ်။
    ကားမောင်းတဲ့ အဘကလည်း တော်တော်လေး စာဖတ်တယ်နော်။
    သူ့အပြောလေးတွေ သဘောကျတယ်။

  24. ဆွေးနွေးပွဲကို ကိုယ်တိုင်မတက်ရောက်လိုက်ရပေမယ့် အစ်မပြန်လည်ရေးသားမျှဝေတာ ဖတ်လိုက်ရတဲ့အတွက် ကျေးဇူးပါ အစ်မ..။ ဇာတ်သိမ်းပိုင်းအထိ စောင့်မျှော်ဖတ်ရှုသွားပါတယ်နော့

  25. မနွယ် says:

    “သိသူတတ်သူ”
    “သိသူတတ်သူ”
    “သိသူတတ်သူ”

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>