သြဂုတ်လ၊ teen Magazine၏ Blog Digest

Number of View: 1145

ပထမဦးစွာ ပြီးခဲ့တဲ့ ၂၈.၇.၂၀၁၂ရက်နေ့မှာ ကျင်းပခဲ့တဲ့ အပိုင်း(၄) ပိုင်းကို တင်ပေးနေရတဲ့အတွက် Blog Digestပို့စ်လေး လကုန်ပြီး တစ်ပါတ်ကျော် ဒီနေ့ကျမှ တင်နိုင်တာမို့ အဲ့ဒီနောက်ကျမှုအတွက် စာမူများ ခွင့်ပြုပေးခဲ့တဲ့ ဘလော့ဂါများကိုရော၊ Blog Digest ကဏ္ဍ မတင်သေးဘူးလားလို့   မေးနေကြသူများကိုရော ဒီနေရာကနေ ဦးစွာ တောင်းပန်ချင်ပါတယ်။

သြဂုတ်လ teen Magazine – ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းရဲ့ မျက်နှာဖုံးလေးကိုတော့ ချစ်စရာ   နုနယ်တဲ့ ၁၆နှစ်သမီး ဖူးငုံမလေး ရတနာနဲ့ အလှဆင်ထားပါတယ်။ ဒီတစ်လမှာထုံးစံအတိုင်းထိထိမိမိ ရှိလှတဲ့  အယ်ဒီတာ့အမှာစကား၊ ခရမ်းပြာထက်လူ၊ ဥက္ကာကိုကို တို့ရဲ့ ကဗျာရှည်၊ Echo Page ကဏ္ဍမှ Current ပဲ့တင်သံ သတင်းများ၊ ပြည်ပမှ စီလီဘရီတီ များရဲ့ Faces & Places ကဏ္ဍ၊ ဖန်တီးသူတို့ အပြောကဏ္ဍမှ   တေးရေးဆရာစိုးလင်းနဲ့ လူငယ် အဆိုတော်ဒီရေတိုးရဲ့ သီချင်း အကြောင်းနဲ့ ခံစားသူတို့ရဲ့ အမြင်၊ အဆိုတော်မိစန္ဒီရဲ့အလှအပရေးရာ၊ ဆရာ ရာပြည့်ရဲ့ ဂျက်စတင်ဘီဘာ ကိုယ်တိုင်ရေးတဲ့ သူ့အကြောင်း ဘာသာပြန် အခန်းဆက်၊ ၊ ငွေကြယ်ပွင့်တို့ရဲ့ အတိတ်ပုံရိပ်ကဏ္ဍမှ အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ရဲ့ငယ်ဘ၀ အကြောင်း ဖော်ပြထားပါတယ်။

ဒါအြပြင် အုတ်တစ်ချပ်သဲတစ်ပွင့်ကဏ္ဍမှ ခင်ဆုမြတ်ထွန်းရဲ့ လူငယ်ရှေ့ဆောင်အဖွဲ့(YIG) ပရဟိတအဖွဲ့အကြောင်း၊ သန်သူနဲ့စွမ်းသူ ကဏ္ဍအတွက် မြန်မာနိုင်ငံ မသန်စွမ်းသူများ အဖွဲ့ရဲ့အထွေထွေ အတွင်းရေးမှုးဖြစ်တဲ့ မျက်မမြင်တစ်ဦးဖြစ်သူ ကိုအောင်ကိုမြင့်အကြောင်း၊ သာမန်တို့ရဲ့အနာဂတ်အိပ်မက်ကဏ္ဍမှ ကျန်းမာရေးရေး NGOသင်တန်းမှ လူငယ်သုံးဦးရဲ့ အိပ်မက်များ၊ နေ၀သန်ရဲ့ The Next Star Myanmar အွန်လိုင်းသီချင်းဆိုပြိုင်ပွဲအကြောင်း၊ တင်တင်အေးရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုပြီး ပြုလုပ်ခဲ့တဲ့ လူငယ်များရဲ့ရင်တွင်းစကားဝိုင်းလေး စတဲ့ကဏ္ဍများကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

ဒီလ ဆောင်းပါးတွေကတော့ Experience Exchangeကဏ္ဍမှ  မိုးထက်ကျော်(ကွင်းကောက်)ရဲ့ ကျေးလက်မြန်မာ့ရှင်ပြုနားသပုံ အတွေ့အကြုံ၊ ဆရာဦးအေးချစ်ရဲ့ ဝေါဟာရမှော်ရုံတော၊ ဆရာဟန်ဇော်ရဲ့ အင်တာနက် အသုံးပြုမှု အခြေခံ ဆောင်းပါး၊ အယ်ဒီတာရဲ့ ကမ္ဘာကျော်ခဲ့တဲ့   နိုင်ငံသား လှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ မာတင်လူသာကင်းအကြောင်း၊   ကေကလေး၏ ဆရာမောင်ဝဏ္ဏ၀တ္တုအပေါ် ပြုံးစရာ ဖွဲ့ထားတဲ့ ဆောင်းပါး၊ ရဲစွမ်းနေရဲ့ ဒုတိယအတွေး၊ မင်းကိုဥာဏ်ရဲ့ ဖတ်ကြည့်ပါကဏ္ဍမှ စာရေးဆရာမြလှိုင်ရဲ့ ဘ၀နေ၀င်ချိန် ကိုယ်ရေး အထုပ္ပတ္ထိအညွှန်း၊ ခင်သန္တာရဲ့ ကိုယ်တွေ့ နေပြည်တော် ပုဂံခရီးဆောင်းပါးတို့နဲ့ ဝေေ၀ဆာဆာ ရှိလှပါတယ်။

လက်သစ်ကဗျာ ကဏ္ဍမှာတော့ ပင်ကိုယ်ကျော်၊ ကြယ်စင်ရောင် (ဘူမိ)၊   မြသရဖီကျော်၊ ခရမ်းပြာနေမင်း၊ မင်းထက်သားညီ (တောင်ငူ)၊ ၀င်းဧကရီခိုင်နဲ့   နေသန်တို့ရဲ့ ကဗျာများကို အားပါးတရ ဖော်ပြထားပါတယ်။

ဒီတစ်လ ရသ၀တ္တုများအတွက် လင်းဝေအိမ်၊ ငွေဇင်ယော်ဦး (မိုးကုတ်)၊ မှူးဆက်ပိုင် (ရွှေတောင်)၊ စောဝေ၊ အေဇင်၊  လင်းလက်တာရာ၊ မခိုင်၊ မြင့်မြတ်နိုင်နဲ့ ရာဇာမျိုး (အင်းကုန်း)တို့ရဲ့ ခံစားမှုရသ အဖုံဖုံကို   ပေးစွမ်းနိုင်တဲ့ အတွေးအရေးကောင်း ရသ၀တ္တုတိုများ ပါဝင်တာ တွေ့ရတာမို့ စိတ်ပါဝင်စားသူတိုင်း ဖတ်ကြည့်နိုင်ဖို့ လက်တို့လိုက်ရပါတယ်။

သြဂုတ်လ teen Magazineမှာ လစဉ်ပါဝင် ဖော်ပြပေးနေတဲ့ အွန်လိုင်းမှာ လက်စွမ်းပြနေကြတဲ့ ဘလော့ဂါများရဲ့လက်ရာများကို စုစည်းဖော်ပြပေးနေတဲ့   မြသွေးနီရဲ့ Blog Digest ကဏ္ဍကို ဆက်လက် တင်ပြပေးသွားချင်ပါတယ်။ ဒီကဏ္ဍလေးကို အခုနောက်ပိုင်းမှာ ဘလော့ဂါတွေရဲ့ ပို့စ်များ ဖော်ပြပေးယုံမျှ မဟုတ်ပဲ၊ ဘလော့ဂါများရဲ့ ကွဲပြားတဲ့ အမြင်လေးတွေကို သိနိုင်ဖို့ စာပေဆိုင်ရာ(သို့) ခေတ်နဲ့လျော်ညီတဲ့၊ ခေတ်ကတောင်းဆိုနေတဲ့  ပြင်ပ မေးခွန်း
လေးတွေကိုပါ မေးဖြစ်ခဲ့ပါတယ်။ ဒီလမှာတော့ စာတွေကို အွန်လိုင်းမှာ ဖတ်ရတာနဲ့ စာမျက်နှာပေါ် ဖတ်ရတာအပေါ် အမြင်နဲ့၊ ယနေ့ခေတ်လူငယ်တွေ စာဖတ်အား နည်းနေသလားဆိုတဲ့ မေးခွန်းများကို မေးဖြစ်ခဲ့ပါတယ်။

သြဂုတ်လ Blog Digest အတွက် “ teen Magazine ရဲ့ Blog Digest မှာ “ ကျွန်တော့် ကဗျာလေးကို ဖော်ပြမယ်လို့ သိရလို့ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်” လို့ပြောလာတဲ့ မလေးရှားက ဘလော့ဂါကဗျာဆရာတစ်ဦးဖြစ်သူ သော်ဇင်စိုးရဲ့ “ဒုက္ခတွေ အများကြီး လိုတယ်” ခေါင်းစင်ပေးထားတဲ့ ကဗျာတစ်ပုဒ်ကို ဖူးငုံတို့အတွက်   ရွေးထားမိပါတယ်။

ကဗျာ အမြည်းလေးကို ဖတ်ကြည့်ရအောင်နော်။

<စာမြည်း>

………….
……………..
………………….
ငါ့ကြောင့် တစ်ခြားသူ မနာကျင်စေချင်ဘူးကွယ်
ဒါကြောင့် တစ်ပါးသူတွေ ပိုနာကျင်ကုန်တယ်
ငါက အရိပ်နေနေအခက်ချိုးချိုးလူစားတော့ မဟုတ်ပါဘူး
သူက ငါ့အကျင့်ကိုသိလို့
အခက်အလက်တွေအားလုံး ကြွေပေးရှာတာပါ။

ညကတော့ အိပ်မက်ထဲမှာ
သေနတ်တစ်လက်ရတယ်
ဗင်းဆင့်လို ငါသေကြောင်းမကြံလိုက်မိဘူး
ငါ… သူများတွေကို လိုက်လိုက်ပစ်တယ်
ဒါပေမဲ့ ဘာကြောင့်မှန်းမသိပါဘူးကွယ်
ကျည်ဆန်တွေက လည်လည်ထွက်ပြီး
ငါ့ကိုငါပဲ ပြန်ပြန်မှန်ကုန်တယ်။
………….
……………..
………………….

<စာမြည်း>

ကဗျာလေးကို အစအဆုံးဖတ်ကြည့်ရင် မြသွေးနီလိုပဲ ကဗျာချစ်သူတွေလည်း   နှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဒီကဗျာရှည် အစကနေ အဆုံးကို  ဒီနေရာလေးမှာ သွားရောက် ဖတ်ရှုအားပေးနိုင်ပါတယ်။

၂၀၀၃ ခုနှစ်လောက်ထဲက ကဗျာတွေ စရေးခဲ့တယ်ဆိုတဲ့ ကဗျာဆရာ   သော်ဇင်စိုးက အားငယ်တတ်ပေမဲ့ ခေါင်းမာတဲ့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိပေမယ့် မာနကြီးတဲ့သူတစ်ဦးဖြစ်ပြီး တာရာမင်းဝေ၊ မင်းခိုက်စိုးစံ တို့ရဲ့ စာအုပ်များကို နှစ်သက်စွဲလန်းခဲ့သူ တစ်ဦးလို့ သိရပါတယ်။ ပြည်ပမှာနေစဉ် အထီးကျန်ဆန်မှုကို ဖြေဖျောက်ဖို့အတွက် အွန်လိုင်းမှာ ကဗျာတွေ စရေးဖြစ်ခဲ့သူ ဖြစ်ပြီး “ မြန်မာစကားလုံးဝ ပြောလို့ နားလည်မှာမဟုတ်တဲ့ ပတ်ဝန်းကျင်တစ်ခုရှိပါတယ်၊ ညညဆို ပုလင်းသံ သီချင်းသံ သဲ့သဲ့လေးတွေပဲ ပျံနေတတ်တဲ့ ကျွန်တော်တစ်ယောက်တည်းနေတဲ့ အခန်းလေးတစ်ခန်းလည်း ရှိပါတယ်၊ အဲဒီ အခြေအနေတွေက အွန်လိုင်းမှာ ကျွန်တော့် ခံစားမှုလေးတွေကို လူတွေ သိဖို့ အစပျိုးလိုက်တာပါ…”လို့ အွန်လိုင်းပေါ် ခြေချဖြစ်ခဲ့ပုံကို   ပြောပြပါတယ်။

အခုဖော်ပြထားတဲ့ကဗျာကို ကာရန်မဲ့ကဗျာလို့ သတ်မှတ်ထားတဲ့ ကဗျာဆရာသော်ဇင်စိုးက ဒီကဗျာလေးရဲ့ မြစ်ဖျားခံရာကို “ကျွန်တော်တို့ မလေးရှားမှာ အိုဗာစတေးဖြစ်နေတဲ့ လူတွေကို အင်မီးဂရေးရှင်းကို စာရင်းပေးပြီး ပါမစ်လုပ်ရမယ့် အခြေအနေမှာ ရေးဖြစ်ခဲ့တာပါ၊ လက်ရှိလုပ်နေရတဲ့ အလုပ်ကို စွန့်လွှတ်ရဖို့ သေချာသွားတယ်၊ မလေးငွေ ၅၀၀၀ လောက်ရှိတဲ့ ပါမစ်ကို လုပ်လို့ မနိုင်ဘူး၊ ချစ်လှပါတယ်ဆိုတဲ့ သူငယ်ချင်းတွေ ခရီးသွား လွဲဟန်ဖြစ်ကုန်တယ်၊ လူသုံးယောက် လုပ်ရမယ့်အလုပ်ကို လနဲ့ချီ တစ်ယောက်တည်း လုပ်လာရတယ်၊ Warehouse တစ်ခုမှာ အွန်လိုင်းတစ်ခုကနဲ့ အလုပ်အတွက် စကားပြောတာက လွဲလို့ လနဲ့ချီ တစ်ယောက်တည်း နေခဲ့တယ်၊ ချစ်သူရဲ့ အစွန့်အပြစ်ကို ခံထားရတယ်၊ ဒါပေမယ့် ကိုယ့်ကို အရမ်း နားလည်ပေးနေတဲ့ လူတစ်ယောက်နဲ့ မိသားစုတစ်ခုရှိတယ်၊ အဲ့ဒီအခြေအနေမှာ သူတို့ကို ကျွန်တော် မျက်နှာပူနေတယ်၊ အဲဒီ ခံစားမှုတွေကနေ ဒီကဗျာ ပေါက်ဖွားလာခဲ့ တာပါ..” လို့ ဘ၀ထဲက မွေးဖွားလာတဲ့ ကဗျာတစ်ပုဒ်ရဲ့အဓိပ္ပါယ်နဲ့ သူ့ဘ၀ သူ့ဒဿနများကို တံခါးဖွင့်ပြခဲ့ပါတယ်။

ဒီတစ်လ ဆောင်းပါးအဖြစ် စာပေချစ်မြတ်နိုးသူ တစ်ဦးဖြစ်တဲ့ ဘလော့ဂါ ညီမင်းခရဲ့လက်ရာတစ်ပုဒ်ကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။

ညီမင်းခက အင်တာနက်မှာ  စာတွေ စရေးဖြစ်ပုံကို “ အင်တာနက် သုံးဖြစ်စက ကျွန်တော်က ဘာမှ မလုပ်တတ်ဘူး၊ ကီးဘုတ်မှာ သဝေထိုးတောင် ဘယ်နေရာမှာမှန်း မသိဘူး၊ ဒီတော့ Chatting ဘက်ကို မရောက်လိုက်ဘူး၊ စာရိုက်ရတာ အရမ်း ပင်ပန်းတာကိုး၊ စာတွေ လိုက်ဖတ်ပြီး ဝင်လို့ရတဲ့ ဆိုက်မှန်သမျှ လိုက်ဝင်တယ်၊ နောက် နည်းနည်းကြာလာတော့ တစ်ချို့တွေရဲ့ ကိုယ်ပိုင် ဘလော့ဂ်တွေ တွေ့ပြီး၊ ကိုယ်လည်း အားကျလာတာနဲ့ အွန်လိုင်းမှာ ကိုယ်ပိုင်နေရာလေးတစ်ခု မရ ရအောင် လုပ်တယ်၊ လုပ်ထားမှတော့ စာရေးနိုင်ဖို့ ကြိုးစားရတော့တာပေါ့၊ နောက်ပြီး ကျွန်တော်တို့ လူငယ်တစ်ချို့ကိုလည်း နည်းနည်းပါးပါး ပြောချင်တာလည်း ပါတယ်၊ အားလုံးကို လိုက်ပြုပြင်လို့ မရနိုင်ပေမယ့် ကိုယ့်အမြင်လေးတွေကို လွတ်လွတ်လပ်လပ် ချပြချင်တာလည်း ပါတယ်၊ ဒါတွေ  အားလုံးက အွန်လိုင်းမှာ စာရေးဖြစ်ဖို့ စေ့ဆော်မှု ဖြစ်ချင်ဖြစ်မှာ။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး၊ ကိုယ်လုပ်နိုင်သလောက်  ကိုယ်ပြောနိုင်သလောက် လေး ပြောထားတာပါ ခင်ဗျာ” လို့ လူငယ်ပီပီ သူ့ရင်ထဲက အသံတွေကို ကြားလိုက် ရပါတယ်။ စာပေနယ်ပယ်မှာ ရသနဲ့သုတ ဘယ်စာပေက ပိုကောင်းတယ်ရယ်လို့ အမြဲ အငြင်းပွားနေရတဲ့ ကိစ္စကို သူဖတ်ထားတဲ့ စာတွေအပေါ် အခြေပြုလို့   ရေးပြထားတဲ့ ဘလော့ဂါ ညီမင်းခရဲ့ ဆောင်းပါးအမြည်းလေးကို ဖတ်ကြည့်ကြရအောင်နော်။

<စာမြည်း>

အင်တာဗျူးတစ်ခုမှာ ဆရာအောင်သင်းက  “ခုခေတ်လူတွေ စာမဖတ်ကြတာ မဟုတ်ပါဘူး၊ ဖတ်စရာတွေ လေ့လာစရာတွေ များလွန်းလို့ ရသစာတွေဖက် မလှည့်နိုင် ဖြစ်နေကြတာပါ” တဲ့။ ဒီနေရာမှာ ဆရာအတ္တကျော်ပြောတဲ့ စကားတွေကလည်း မှတ်သားစရာပါ၊

“သတင်း အလျှံပယ်ခေတ်မှာ သတင်းအချက်အလက်(information)နဲ့ အသိပညာ(knowledge)က တကယ့်ကို အလျှံပယ်ဖြစ်လာလို့ လူတိုင်းနီးပါး ရနိုင်တဲ့ အနေအထားမို့ သတင်းဆိုတာတွေက ရိုးအီပြီး တန်ဖိုးမဲ့လာပါတော့တယ်၊ အသိပညာကို လူတိုင်းရနိုင်ပေမယ့် လူတိုင်း မရနိုင်တာက ဥာဏ်ပညာ အမျှော်အမြင်(wisdom)နဲ့ အတွေးသစ် အမြင်သစ်(creativity)ပါပဲ။ အဲဒါကိုကျတော့ ဘယ်နည်းပညာကမှ စီမံပြုပြင် မပေးနိုင်တော့ပါဘူး၊ အသိပညာကနေ ဥာဏ်ပညာဖြစ်လာဖို့အတွက် အဆင့်တစ်ဆင့် လိုတယ်၊ အဲဒါက တွေးတောဆင်ခြင်မှု (Thinking and reflection)ပါပဲ”တဲ့။

အဲဒီစာပိုဒ်ကိုယ်၌က ကျွန်တော်တို့ကို တွေးတော ဆင်ခြင်စေမှုကို   ပေးနေတယ်လို့ ကျွန်တော်တော့ ထင်မိတာပါပဲ။ လောကမှာ ဘယ်အရာမဆိုပေါ့ဗျာ၊ ပေါလွန်း များလွန်းရင် တန်ဖိုးဆိုတာတွေ ယုတ်လျှော့တတ်လာတာ သဘာဝပဲ မဟုတ်လား။ နည်းပညာဆိုတဲ့   ခေတ်ကြီးထဲမှာ ကျွန်တော်တို့အတွက် (သို့မဟုတ်) ကျွန်တော်တို့ဆီမှာ ဘယ်အရာတွေ ရှားပါးခဲ့ပြီလဲ။ သုတကို သုတအဖြစ်လောက်နဲ့ပဲ ရပ်တန့်မနေစေဖို့ တွေးတောဆင်ခြင်မှုဆိုတာ အမှန်တကယ် လိုအပ်တဲ့ အရာတစ်ခုလို့ မယူသင့်ဘူးလားဗျာ။ သုတရော ရသပါ အရေးပါပုံကို ဆရာတွေလည်း အများကြီး ပြောခဲ့ကြပြီးပါပြီ။ ဒီမှာလည်း သောမတ်ဒီကွင်စီ (Thomas De Qumcy)ရဲ့ စကားကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

 “သုတစာပေသည် ပဲ့နှင့်တူသည်။ ရသစာပေကား လှော်တက် (သို့မဟုတ်) ရွက်နှင့်တူသည်။ သုတစာပေသည် တစ်ခုခုကို နားလည်စေခြင်း၊   ဆွေးနွေးခြင်း   ဖြစ်၏။ ရသစာပေသည် ပျော်ရွှင်မှု၊ ကရုဏာစိတ်၊ စာနာစိတ် စသည်တို့ကို ဖြစ်ပေါ်စေ၏”တဲ့။ 

<စာမြည်း>

ဒီဆောင်းပါးလေးကို  အစအဆုံး အားပေးချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ မှာ သွားရောက် အားပေးနိုင်ပါတယ်။

ညီမင်းခက “ ဒီဆောင်းပါးလေး စဖြစ်တာကတော့ ကျွန်တော် ဖတ်ခဲ့ရတဲ့ သုတ ရသဆိုင်ရာ ဆောင်းပါး တစ်ချို့ရယ်၊ ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တစ်ချို့ကနေ အစပြုခဲ့တယ် ထင်ပါတယ်၊ အဓိကကတော့ စာရေးတဲ့ သူတွေကိုရော၊ စာဖတ်တဲ့သူတွေကိုရော ပြောချင်တာ တစ်ချို့ ရှိခဲ့လိုပါပဲ၊ ကျွန်တော်ကိုယ်တိုင် မပြောတတ်တော့ ဆရာကြီးတွေရဲ့စကား ငှားပြောလိုက်တာပါ”လို့  ပြောလာတဲ့ ဘလော့ဂါညီမင်းခက  “  စာတွေကို စာမျက်နှာပေါ် ဖတ်ရတာကတော့ လုံးဝ သက်တောင့်သက်သာ ဖြစ်တယ်၊ အခုနောက်ပိုင်း စာကြည့်တိုက်မှာ ရှာမရတဲ့ ရသစာအုပ်တွေကို အွန်လိုင်းပေါ်မှာ တွေ့လာရတော့ ကွန်ပျူတာနဲ့ ဖတ်တတ်ဖို့ကိုလည်း ကြိုးစားနေပါတယ်” လို့ ပြောပြပြီး အွန်လိုင်းစာပေကို ရိုးရိုးကွန်ပျူတာစာပေလို့ နာမည်တတ်လိုက်ပါသေးတယ်။

အခုခေတ် လူငယ်တွေ စာဖတ်အားများ နည်းနေသလားလို့ သူ့ကို   မေးကြည့်မိတော့ “သူ့အဝန်းအဝိုင်းလေးနဲ့ သူတော့ ဖတ်နေကြပေမယ့် နည်းတာကတော့ နည်းနေတာပါပဲ၊ ဒီအထဲမှာမှ တစ်ချို့က ကိုယ်နဲ့ ဆိုင်တာလောက်ပဲ ဖတ်တာမျိုးတွေလည်း ရှိမှာပဲ၊ ကျွန်တော် ဆရာမြင့်သန်းပြောတဲ့ စကားကို သတိရမိတယ်၊ Kurt Vonnegutက   ပြောတယ်တဲ့၊ စာရေးတယ် ကဗျာရေးတယ်ဆိုတာကလည်း တစ်လောကလုံး အတွက် မဖြစ်နိုင်ဘူး၊ လူနည်းစု၊ လူတစ်စုအတွက်ပဲ၊ စိတ်တူသဘောတူ အမြင်တူတဲ့ လူတွေအတွက်ပဲတဲ့၊ ဒီအမြင်ကို ဆရာမရော လက်ခံလားမသိဘူး” လို့ မြသွေးနီကို မေးခွန်း ပြန်ထုတ်လိုက်ပါသေးတယ်။ ဘလော့ဂါညီမင်းခက သူ မြင်စေချင်တာ၊ သူ တွေးစေချင်တာ၊ သူသတိပြု စေချင်တာတွေကို စကားလုံးများကနေ တစ်ဆင့်၊ စာဖတ်သူ စာရေးသူများကို၊   ပြောပြသွားခဲ့တာတော့ သေချာပါတယ်။

ဒီတစ်လ Blog Digestကဏ္ဍလေးမှာ ပြီးခဲ့တဲ့ နှစ်လလောက်က ဖတ်ပြီး နှစ်သက်လို့ ခဲတို့ထားခဲ့တဲ့ စကာင်္ပူမှာ ရောက်ရှိနေတဲ့ မြင်းခြံသား ဘလော့ဂါခနွဲရဲ့ အတွေးကောင်းကောင်းနဲ့ ရေးဖွဲ့ထားတဲ့ ရသစာစုလေးကို   ဖော်ပြပေးချင်မိပါတယ်။

 <စာမြည်း>

“ဒီလိုကွ.. အုတ်ကြားမြက်ပေါက်ကို ငါနားလည်သလို အဆင်ပြေသလို ၀ါကျ ဖွဲ့ထားတာ အုတ်ကြားထဲတွင် မြက်ပင်ပေါက်နေသည်တဲ့၊ အဲဒါ လက်ခံလား”

“အင်း…”

“ဆိုတော့ကွာ.. မြက်ပင်ရဲ့ အဓိက ရယ်ရွယ်ချက်ကတော့ အပင်ဖြစ်တဲ့အတွက်   ကြောင့် ရှင်သန်ဖို့လိုအပ်တယ်၊ အဲဒီအခါမှာ သူ ရှင်သန်ကြီးထွားဖို့ အတွက် အတားအဆီးတွေ အများကြီးကြုံရတယ်ကွ၊ သူထိုးထွက်မယ့် လမ်းမှာ အုတ်တွေ က တားဆီထားတယ်၊ ဒါပေမယ့် သူက အဲဒါကို ထိုးထွက်လာနိုင်တယ်၊ သူ့ရဲ့ ခွန်အားတွေ အများကြီးသုံးရတယ်ကွ၊ တခြား မြက်ပင်တွေလိုမျိုး သာမန်အား အင်  နဲ့ မရဘူးကွ၊ အဲဒီအချိန်မှာ သူဟာ သာမန် အပင်လိုမျိုး လေရဲ့  အငွေ့ အသက်ကို အရင်မခံစားရဘူး၊ သာမန်မြက်ပင်က   ပျော့တဲ့ မြေကြီးကို ထိုးထွက် လိုက်တာနဲ့ လေနဲ့ ထိတွေသွားပြီကွ၊ အဲဒါ သာမန်မြက်ပင်ရဲ့   အောင်မြင်မှုပဲ။  အဲ…အုတ်ကြားထဲက မြက်ကျတော့ မရတော့ဘူး၊ မြေကြီးကို ထိုးထွက်ပြီးတာ နဲ့ တွေ့ရတာက အုတ်၊ လေမဟုတ်ဘူး၊ အဲဒါကိုပဲ အုတ်ကို ဆက်ဖောက်ရတယ်၊ အကြိုအကြားပေါ့ကွာ၊ လိုက်ရှာရတယ်၊ အဲ့ဒါတွေပြီးတော့မှ သူက လေကို ရှုရှိုက် ရတယ်၊ အဲဒီအချိန်က အုတ်ကြားမြက်ပေါက်ရဲ့   အောင်မြင်မှုပဲ၊ ဒါတောင်မှ အပေါ်ကို မထိုးထွက်နိုင်ပဲ ကျဆုံးသွားတဲ့ အပင်တွေလည်း ရှိမှာပဲ၊ မင်း စဉ်းစား ကြည့်စမ်း၊ လေကို ရှုရှိုက်ဖို့ သူ အချိန်နောက်ကျပေမယ့် အဲဒီအချိန် မှာ ဖြစ်နေတဲ့ သူ့ရဲ့အောင်မြင်မှုအတွက် ပီတိကို မင်းခံစားကြည့်စမ်း၊ ကြက်သီး တဖြန်းဖြန်း ထဖို့ကောင်းတယ် “

“ဒါပေမယ့်.. ငါထင်တာက ဘယ်သူမှ အဲလိုမတွေးပဲ..ဖြစ်စဉ်ကိုပဲ စဉ်းစားကြ တယ်  ထင်တယ်၊ အဲဒါကြောင့်မို့ ပြောတာလားမသိဘူး”

“အေးကွာ.. မင်းခုနပြောသလို ဖြစ်စဉ်ကို ပြန်စဉ်းစားကြည့်ရအောင်၊ ဘယ်မြက် ပင်ကတော့ ခက်ခက်ခဲခဲနဲ့ ရုန်းထွက်ပြီးတော့မှ ရှင်သန်ချင်မှာလည်းကွာ၊ သူများတွေလိုမျိုး သာမန်ပေါ့ပေါ့ပါးပါးလေးနဲ့ပဲ ရှင်သန်ချင်တာပေါ့၊ ဟုတ်ပြီ၊ အုတ်ကြားထဲမှာ မြက်ပေါက်နေလို့၊ ခုနက ပြောသလို ဖြစ်စဉ်ကို ပြန်ပြီး စဉ်းစား ကြည့်ရအောင်ကွာ၊ ဒါပေမယ့် မြက်က မျိုးစေ့က ပေါက်တာလား၊ အပင်ပေါက် ကနေပွားတာလား သေချာတော့ ငါမသိဘူး၊ အပင်ပေါက်က   ပေါက်တာပဲဖြစ်   ဖြစ်၊ မျိုးစေ့က ပေါက်တာပဲဖြစ်ဖြစ် အဲဒီအုတ်နားလေးမှာ   ဖြစ်နေလို့ပေါ့ကွာ၊ မလွန်ဆိုင်နိုင်တဲ့ ပတ်ဝန်းကျင်လို့ပဲ ပြောရမှာပေါ့၊ သူရှင်သန်ရမှာကိုက အဲ့ဒီလို ပတ်ဝန်းကျင်ဖြစ်ဖို့ ကံပါလာလို့ပေါ့၊ အဲဒါကို အုတ်ကြား ထဲမှာမှ မြက်ပေါက်ရ   လေခြင်း၊ မတန်လိုက်လေခြင်းဆိုပြီး   နှိမ့်ချတာတော့ မသင့်တော်ဘူးထင်တယ် ကွာ၊ ဥပမာကွာ.. ငါတို့လောကကြီးက   ဟောဒီ မြက်ခင်းပြင်ကြီး ဖြစ်ခဲ့တယ်ဆို ပါတော့၊ ဘ၀တွေက   မြက်ပင်ကလေးတွေပေါ့ကွာ၊ အဲဒီမှာ ကံ၊ကံ၏ အကျိုး   ကြောင့် ချမ်းသာတဲ့ သူတွေရှိတယ်၊ ဆင်းရဲတဲ့သူတွေရှိတယ်၊ ဒါပေမယ့် ဆင်းရဲ တဲ့ကလေးက ချမ်းသာတဲ့လူတွေနဲ့ ပေါင်းဖက်မိကြမှာပဲ၊ သူငယ်ချင်းတွေ ဖြစ်ကြ မှာပဲ၊ အဲ့ဒါကို အုတ်ကြားမြက်ပေါက်လို့ ပြောလို့မရဘူးကွ၊ ဘာလို့လဲဆိုတော့ ဆင်းရဲတဲ့ ကလေးရဲ့ ပတ်ဝန်းကျင်က ချမ်းသာတဲ့ ပတ်ဝန်းကျင် မဖြစ်နိုင်ဘူးလို့   ပြောလို့မရဘူး၊ ငါဆိုရင် ဆင်းရဲတာပဲ၊ ဒါပေမယ့် မင်းတို့နဲ့ သူငယ်ချင်း   ဖြစ်တာ ကို အုတ်ကြားမြက်ပေါက်လို့ ပြောမလား”

“ဟာကွာ..မင်းကလည်းမဆိုင်တာပဲ”



 <စာမြည်း>

ဘလော့ဂါ ခနွဲရဲ့ လက်ရာအစအဆုံးကို အားပေးလိုသူများ  ဒီနေရာလေးမှာ  ၀င်ရောက် ဖတ်ရှုနိုင်ပါတယ်။

အုတ်ကြားမြက်ပေါက် စာစုလေးအပေါ် “ ကျွန်တော့်ရဲ့ အတွေးစသက်သက်သာ   ဖြစ်ပါတယ်” လို့ ပြောထားတဲ့၊ လူတန်းစားခွဲခြားတာတွေ   နှိမ်ချပြောဆိုတာတွေကို မနှစ်သက်တဲ့ ခနွဲက မြေကြီးမှာ ကပ်ပေါက်ရတဲ့   သေးငယ်တဲ့ မြက်ပင်လေးများရဲ့ အုတ်ကြားထဲက လူးလွန့်ထိုးထွက်လာရတဲ့ အားမာန်ကို ခက်ခက်ခဲခဲနဲ့ ဘ၀ကို ရုန်းကန်ဖောက်ထွက် အောင်မြင်ခဲ့ကြရတဲ့ အုတ်ကြားမြက်ပေါက် လူ့ဘ၀တွေနဲ့ ကိုယ်စားပြုလို့ သူမြင်လိုက်မိတဲ့ ရှုထောင့်ကနေ အတွေး  ကောင်းကောင်းနဲ့ ရေးဖွဲ့ထားပါတယ်။

အွန်လိုင်းပေါ်မှာ စာရေးတာ၊ စာဖတ်တာနဲ့ ပတ်သက်လို့ “ အွန်လိုင်းမှာပဲ ဖတ်ဖတ်၊ စာမျက်နှာပေါ်မှာပဲ ဖတ်ဖတ် မိမိရွေးချယ် ဖတ်တဲ့ စာအမျိုးအစားပေါ်မူတည်ပါတယ်၊ အွန်လိုင်းမှာက တည်းဖြတ်သူက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တယ်၊ ပရိသတ် လက်ခံခံ မခံခံ ရေးလို့ရတယ်၊   ပြောလို့ရတယ်၊ စာမျက်နှာပေါ် ရောက်လာတဲ့ စာတွေကတော့ အဆင့်ဆင့် ဖြတ်သန်းပြီးမှ ရတယ်၊ ပရိသတ်က လက်မခံရင် နောက်တစ်ခေါက် ထပ်ရေးဖို့ ထပ်တိုးလို့ မရနိုင်တော့ဘူး၊ ဒါက တန်ဘိုးရှိသလို တစ်ဖက်မှာလည်း ၀ါသနာရှင်တွေ စာမျက်နှာပေါ် ခြေချဖို့ ခက်ခဲသွားစေတယ်လို့ ကျွန်တော်ထင်တယ်” လို့ ပြောလာတဲ့ ခနွဲက “ ကျွန်တော်က စာမျက်နှာပေါ်မှာ စာတွေ ဖတ်ရတာကို ပိုပြီး နှစ်သက်ပါတယ်ခင်ဗျာ ” လို့ ပြောပြခဲ့ပါတယ်။

လူငယ်ဘလော့ဂါတစ်ယောက် ဖြစ်တာမို့ ခေတ်လူငယ်တွေ စာဖတ်အား နည်းတယ်လို့ သုံးသပ်နေကြတဲ့အပေါ် သူ့အမြင်ကို “ အခုခေတ်လူငယ်တွေ အရမ်းကို စာဖတ်အားနည်းပါတယ်၊ ဖတ်ြကရင်လည်း ချစ်ကြိုက်မုန်းကွဲနဲ့ စိတ်ကူးယဉ်စာပေတွေပဲ ဖတ်ကြတာ များပါတယ်၊ အဲ့ဒီအတွက်ကို တစ်ခုခု လုပ်သင့်တယ် မြင်မိပါတယ်၊ ကိုယ်တိုင်အနေနဲ့ကတော့ နည်းပညာကောလိပ်က စာကြည့်တိုက်အတွက် ဝယ်ထားတဲ့ စာအုပ်များ လှူဒါန်းခဲ့သလို၊ သူငယ်ချင်းများကိုလည်း လှူဒါန်းကြဖို့ ဆော်သြခဲ့ပါတယ်ခင်ဗျာ ” လို့ ပြောပြခဲ့တဲ့ ခနွဲက စာဖတ်တာ၊ စာအုပ်တွေ ဝယ်ပြီးစုဆောင်းရတာ ဝါသနာပါသူလို့လည်း သိရပါတယ်။

အွန်လိုင်းမှာ အခုနောက်ပိုင်း လူငယ်လက်သစ်များစွာ စာရေးသား လာတာကို တွေ့ရပါတယ်။ ဒီလမှာ ရွေးချယ်ဖော်ပြထားသူများဟာလည်း   အမှန်တကယ် စာပေကို ချစ်မြတ်နိုးတဲ့ လူငယ်များဖြစ်နေတာကို သတိထားမိကြမှာပါ။ လူငယ်ဆိုတာ ရဲရင့်တယ်၊ ပွင့်လင်းတယ်၊ မဟုတ်ရင် မခံတတ်ဘူး၊ အမြင်စူးရှတယ်၊ အမှန်တရားကို ချစ်မြတ်နိုးတတ်သူများ   ဖြစ်ကြပါတယ်။ လူငယ်ဘလော့ဂါများ ရေးသားတဲ့ စာတွေဟာ သူတို့ကိုယ်တိုင် စိတ်နဲ့၊ ကိုယ်နဲ့ ရင်းယူပြီးမှ ရေးသားခဲ့တဲ့ စာတွေဆိုတာကို သူတို့နဲ့ ပြောဖြစ်ခဲ့တဲ့ စကားများကို ကြည့်လို့ သိနိုင်ပါတယ်။ ဒီလ ဖော်ပြပေးခဲ့တဲ့ လူငယ် ဘလော့ဂါများရဲ့ အတွေးကောင်းကောင်း အရေးကောင်းကောင်း လက်ရာများကို  ဖူးငုံစာဖတ်သူတို့ နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

စက်တင်ဘာလ teen Magazineမှာ ပါဝင်မယ့် ဘလော့ဂါများရဲ့ နာမည်များကို ၀မ်းမြောက် ဂုဏ်ယူစွာဖြင့် ကြိုတင် ပြောပြထားချင်ပါသေးတယ်။

ကဗျာ – မိုဃ်းဝေ
ရသစာစု – ခိုင်စိုးလင်း
ဝတ္တု – ပန်းနွယ်

 ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in Teen Magazine (ဖူးငုံမဂ္ဂဇင်း). Bookmark the permalink.

11 Responses to သြဂုတ်လ၊ teen Magazine၏ Blog Digest

  1. မမရေ အားပေးဖတ်ရှုသွားပါတယ် ဂုဏ်လည်းယူပါတယ် ဖူးငုံမဂ္ဂဇင်းစာမျက်နှာပေါ်မှာ ဖော်ပြခံထားရတဲ့ စာရေးသူတွေအတွက်ပါ
    ခုလို ရေးသားပေးတဲ့ မမကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

  2. တစ်ကယ်ကောင်းတဲ့ ရသစာပေလေးတွေ ပါပဲမမရေ..

  3. ဆရာမရေ…
    teen ဆွေးနွေးပွဲမှာ ကျွန်တော့်ကို သတိတရ မေးဖော်ရတဲ့ ဆရာမကို ကျေးဇူးတင်မိပါတယ်…
    Blog Digest ကဏ္ဍကနေ စာကောင်းပေကောင်းလေးတွေ မျှဝေပေးနိုင်ပါစေ….
    ဘလော့ဂါများအားလုံးလည်း မဂ္ဂဇင်း စာမျက်နှာပေါ် အခြေချလာနိုင်ကြပါစေ…
    htaw oo
    http://htawooblogspot.com

  4. သော်ဇင်စိုး says:

    ကျေးဇူးပါအမ.. ဖူးငုံမဂ္ဂဇင်းနဲ့အတူ Blog Digest ကဏ္ဍ ထာဝရ ရှင်သန်ပါစေ..
    အမလည်း အစစအရာရာအဆင်ပြေပါစေ..

  5. ကူးကူးလှိုင် says:

    အစ်မက ရွေးတတ်လိုက်တာ အုတ်ကြားမြက်ပေါက် ကို ကြိုက်တယ်အစ်မ…

  6. ခနွဲ says:

    ကျွန်တော့် ပိုစ် ကို ရွေးချယ်ဖော်ပြတဲ့အတွက် ကျေးဇူးပါ ဆရာမ ။ အမြဲအားပေးလျှက်ပါ.

  7. ညွှန်းထားတဲ့စာတွေကို လိုက်ဖတ်ပါဦးမည်။။

  8. Teen Magazine ရဲ့ Blog Digest တွေကို ရှင်သန်ခွင့်ပေးထားသူများနဲ့ ပုံနှိပ် အွန်လိုင်း စာရေးသူအပေါင်း စာဖတ်သူတို့အတွက် စာကောင်းပေကောင်းတွေ ကိုယ်စိတ်နှစ်ပါး အေးချမ်းစွာနဲ့ ဆက်လက် ရေးသားဖြန့်ဝေနိုင်ကြပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

  9. Blog Digest မှာပါဝင်ခွင့်ရတဲ့ စာပေချစ်မြတ်နိုးတဲ့ စာပေသမားများနဲ့ဘလော့ဂါများအတွက်
    ဝမ်းသာဂုဏ်ယူမိပါတယ်။ ဖန်တီးပေးနေသော မမလည်း ချမ်းမြေ့ပျော်ရွှင်ပြီး အသစ်အသစ်သော
    ရသများကို ပုံဖေါ်နိုင်ပါစေ။
    ချစ်တဲ့
    ညီမသဒ္ဓါ

  10. ကြည်နူး ဂုဏ်ယူ အားကျသွားပါတယ် ဆရာမ ။

  11. ကျေးဇူးစကား ပြောဖို့ နောက်ကျသွားတာ ခွင့်လွတ်ပါ ခင်ဗျာ၊
    ဆရာမလည်း ဒီထက်မက စာကောင်းပေကောင်းတွေ ရေးသားနိုင်ပါစေလို့။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>