အိပ်မက်တို့ မြစ်ဖျားခံရာ (၁)

Number of View: 7680

ဒီကဏ္ဍလေးကို ခေါင်းစဉ်တစ်ခု သတ်မှတ်ပြီး ရေးမယ်ဆို စိတ်ကူးရှိနေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ကျွန်မတို့လို အွန်လိုင်းမှာ စာကို ၀ါသနာအရရော၊ ချစ်မြတ်နိုးလို့ရော မိမိရဲ့ ကိုယ်ပိုင်အချိန်တွေကနေ ဖဲ့ဝေပြီးတော့ တစိုက်မတ်မတ် ရေးနေကြသူများ ရှိနေကြပါတယ်။ အွန်လိုင်းပေါ် ကျွန်မတို့ စာရေးကြတဲ့အခါ၊ လွတ်လပ်တယ်၊ လွယ်လွယ်ကူကူ ရေးတင်လို့ ရတယ် ဆိုပြီးတော့ ပြီးပြီးရော မရေးကြပါဘူး။ စာတစ်ပုဒ်မွေးဖွားဖို့ စာရေးသူတိုင်း အားထုတ်သလို အားလုံးက ရင်နဲ့ခံစား ရေးကြပါတယ်။

ကိုယ်မွေးထုတ်ထားတဲ့ စာမူတွေအပေါ် ကွန်မန့်တွေ ဖတ်ရလို့ ပီတိခွန်အားတွေ ဖြစ်ရသလို၊ ကွန်မန့်တွေ မရလည်း ၀မ်းမနည်းကြပါဘူး။ ကျွန်မတို့ စာတွေကို ကွန်မန့်မပေးပဲ စောင့်ဖတ်နေကြတဲ့ Silent Readers တွေ ရှိနေတယ်ဆိုတာ သူတို့ချန်ခဲ့တဲ့ ခြေရာတွေကနေ ကျွန်မတို့ သိထားလို့ပါဘဲ။ နောက်ပြီး စာဖတ်သူတွေက တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့   မြန်မာလူမျိုးတော်တော်များများ၊ အရွယ်သုံးပါးမရွေး နှစ်ခြိုက်စွာ ဖတ်ရှု အားပေးနေကြတာမို့ အွန်လိုင်းမှာ စာရေးသူတွေက စာဖတ်သူတွေဆီကနေ စီးဖြာကျလာတဲ့ ပီတိတွေကို လက်ငင်း စားသုံးခွင့်ရနေကြပါတယ်။

အခုနောက်ပိုင်း အဲ့တာထက် ပိုလာတာက မဂ္ဂဇင်းစာမျက်နှာမှ အယ်ဒီတာများ ကိုယ်တိုင် အွန်လိုင်းစာရေးသူများထံ ဆက်သွယ်လာ၍ဖြစ်စေ၊ အွန်လိုင်း စာရေးသူများမှ စာမူများကို ရန်ကုန်ရှိ မဂ္ဂဇင်းတိုက်များသို့ ပေးပို့၍ဖြစ်စေ၊ အပြန်အလှန် ဆက်သွယ်တောင်းယူပေးပို့ရာမှ အွန်လိုင်းက စာမူများကို အနုပညာလက်ခနှင့်တကွ မဂ္ဂဇင်း အတော်များများမှာ တောင်းယူ   ဖော်ပြပြီး   နေရာရလာကြတာကို ၀မ်းသာစရာ တွေ့မြင်ရပါတယ်။

ကျွန်မသိသလောက် ဘလော့ဂါ အမျိုးသားထဲကဆို နေဘုန်းလတ်၊ သတိုး၊ ရန်အောင်၊ သူရဿဝါ၊   မြစ်ကျိုးအင်း၊ သက်တန့်ချို၊ မိုးကုတ်သား၊ ဘလော့ဂါ အမျိုးသမီးထဲကဆို နိုင်းနိုင်းစနေ၊ အိမ့်ချမ်းမြေ့၊ ပန်ဒိုရာ၊ ချစ်ကြည်အေး၊ ချော (အစိမ်းရောင်လွင်ပြင်)၊ ဖြိုးဖြိုး၊ သက်ဝေ၊ သိဂါင်္ကျော်၊ မယ်ကိုး၊ မေဓာဝီ၊ ခိုင်ဆုလတ်၊ နှင်းနဲ့မာယာ၊ မြတ်မွန်၊   မြသွေးနီ၊   နောက်… ကျွန်မ မသိလို့ ကျန်ခဲ့သူတွေ ရှိနေနိုင်ပါသေးတယ်။ အွန်လိုင်းက E-Magazine၊ E-bookတွေမှာသာမက၊ ပုံနှိပ်မဂ္ဂဇင်းများ ဖြစ်ကြတဲ့   ရွှေအမြုတေ၊ ရတီ၊ စတိုင်သစ်၊ မဟေသီ၊ မုခ၊ ရုပ်ရှင်တေးကဗျာ၊ Youth၊ teen၊ Look၊ Perfect၊ Beauty Max၊ Fashion Image စတဲ့ မဂ္ဂဇင်း စာမျက်နှာများပေါ်မှာ မှန်မှန် ရေးသားလာကြတာကို တွေ့ရပါတယ်။ ဘလော့ဂါများထဲကပဲ အွန်လိုင်းက စာရေးသူတွေကို စုစည်းလို့ Ebook အဖြစ်သော်လည်းကောင်း၊ လက်ရာစုစည်းမှု ပုံနှိပ်စာအုပ် အဖြစ်သော် လည်းကောင်း  အားထုတ်နေကြတာကို တွေ့ရပါတယ်။

ဒါဟာ ရသစာပေ ယခုထက် ပိုမိုကျယ်ပြန့် လာစေဖို့အတွက် အင်မတန်ကောင်းတဲ့ အကိုင်းအခက်တစ်ခု ဖြစ်သလို စာဖတ်သူတွေ အတွက်ရော၊ ရွေးချယ်ခွင့်အသစ် အသစ်တွေ ရရှိလာသလို၊ စာရေးသူတွေ အတွက်ပါ အိပ်မက်တွေ ဖူးပွင့်ခွင့် ရရှိလာနေကြတာပဲလို့ မြင်ပါတယ်။

 ကျွန်မ ဒီပို့စ်ရဲ့ ခေါင်းစဉ်ကို “မဂ္ဂဇင်းစာမျက်နှာပေါ်မှ ဘလော့ဂ်ပို့စ်များ” ဆို ခေါင်းစဉ် တပ်မယ်လို့ စဉ်းစားထားခဲ့တယ်။ ဘာလို့ဆိုတော့ စာမျက်နှာပေါ် ခြေချခဲ့သမျှ ၀တ္တုတော်တော်များများက ကျွန်မရဲ့ဘလော့ဂ်မှာ   ရေးပြီး အွန်လိုင်းစာဖတ်သူများ အားပေးခဲ့ပြီးမှ မဂ္ဂဇင်းစာမျက်နှာပေါ်   ရောက်တဲ့စာမူက အများစု ဖြစ်နေလို့ပါဘဲ။

 ဒါပေမယ့် ပြန်စဉ်းစားကြည့်လိုက်တော့ အွန်လိုင်းပေါ်မရောက်ပဲ စာမျက်နှာပေါ် ရောက်ခဲ့တဲ့ စာမူများလည်း ရှိနေပြီး၊ စာမျက်နှာပေါ် မရောက်ပဲ အွန်လိုင်းမှာပဲ ရှိနေတဲ့ နှစ်သက်မိတဲ့ ဘလော့ဂ်ပို့စ်များလည်း ရှိနေနိုင်တာမို့ ခေါင်းစဉ်ကို မူလရည်ရွယ်ထားသလို မပေးတော့ပဲ “ အိပ်မက်တို့ မြစ်ဖျားခံရာ” ဆို ခေါင်းစဉ်ရွေးလိုက်မိပါတယ်။

ကျွန်မရေးခဲ့သမျှ စာများအားလုံးက ကျွန်မအမြဲတမ်း စွဲမက်စွာ မက်နေခဲ့တဲ့ အိပ်မက်များရဲ့ အသီးအပွင့်များပါဘဲ။ ဒီအိပ်မက် တစ်ခုချင်းဆီကို မက်နိုင်ဖို့အတွက် ကျွန်မရဲ့စေတသိတ်ကို လှုံ့ဆော်ပေးခဲ့တာ (သို့မဟုတ်) ကျွန်မရဲ့အတွေးတွေကို ကွန့်မြူးစေဖို့ (သို့မဟုတ်) ကျွန်မရဲ့ စိတ်၊ ရင်၊ ထိုမှတဆင့် လက်ဖျားကနေ စကားလုံးလေးတွေ စီတန်းချရေးနိုင်ဖို့ တွန်းအားပေးစေတဲ့ မူလအကြောင်းရင်း အခြေခံတွေ ရှိခဲ့ပါတယ်။ သူတို့က သက်ရှိလူ၊ တိရစ္ဆာန်၊ ဒါမှမဟုတ် အရာဝတ္တု၊ အဖြစ်အပျက်၊ ဒါမှမဟုတ် သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျွန်မရဲ့ စာနာစိတ်၊ သနားစိတ်၊ အားကျစိတ်၊ ဒေါသစိတ်၊ ၀န်တိုစိတ်၊ မချိတင့်ကဲစိတ်၊ ၀မ်းသာဝမ်းနည်းစိတ်၊ ကြည်နူးဝမ်းမြောက်စိတ်၊ မျှဝေခံစားလိုစိတ်တွေကနေ ယိုဖိတ်စီးဆင်းလာ ခဲ့ပါတယ်။ ကျွန်မ ပတ်ဝန်းကျင်မှာ နိစ္စဓူဝ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေ ထဲကနေ ကျွန်မရေးဖို့ ကုန်ကြမ်းတွေ ရရှိခဲ့ပါတယ်။

ကွယ်လွန်သွားပြီဖြစ်တဲ့ ကျွန်မရဲ့ဆရာကြီး လူထုဦးစိန်ဝင်းနဲ့ ကျွန်မ၊ ဆရာကြီး မကွယ်လွန်ခင် တစ်နှစ်လောက်က စကားပြောဖြစ်ခဲ့ပါတယ်။ ဆရာကြီးကို ကျွန်မ သမီးတပည့်တစ်ယောက် အနေနဲ့ ပြောမေးမေးဖြစ်ပါတယ်။

“ဆရာ… ဆရာစာတွေ တစ်နေ့ ဆောင်းပါးနှစ်ပုဒ်လောက်ရအောင် ဘယ်လိုများ   ရေးသလဲဟင်၊ ဆရာရေးသမျှ အကြောင်းအရာတွေကလည်း မထပ်စေရဘူး၊ ဖတ်လို့လည်း ကောင်းမှကောင်းပဲ”

ဆရာက ပြုံးယုံပြုံးပြပါတယ်။ ကျွန်မက ဆက်ပြီး -

“ သမီးရဲ့ အားနည်းချက်က စာရေးရင် စိတ်ကူးနဲ့ ဖန်တီးပြီး ရေးရတာ ခက်နေတတ်တယ်၊ တကယ့် အဖြစ်အပျက် တစ်ခုခုအပေါ် အခြေခံပြီးမှ သမီး ရေးလို့ အဆင်ပြေတယ်၊ ဥပမာ – ကျေးလက်ဒေသအကြောင်း၊   မြစ်ဝကျွန်းပေါ် တံငါသည်တွေအကြောင်း သိပ်ရေးချင်မိတာပဲ၊ ဒါပေမယ့် အဲ့ဒီဝန်းကျင်တွေက သမီးအတွက် အရမ်းစိမ်းနေတယ်၊ စာတွေထဲ ဖတ်ဖူးပေမယ့် ဘယ်လိုမှ စိတ်ကူးနဲ့ ဖန်တီးရေးဖွဲ့လို့ မရဘူး၊ ကုန်ကြမ်းတွေ ဘယ်က ဘယ်လို ရှာရမလဲဆရာ”

ကျွန်မရဲ့ အလောတကြီး အမေးကို ဆရာက အခုလို သေချာဖြေပေးပါတယ်။

“ ခရီးများများ ထွက်ပေး၊ ဒါမှ အဆင်မပြေရင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်သိတာလေးကိုပဲ အခြေခံရေး၊ သရုပ်မှန်ရေးသူဆိုတာ အကြောင်းအရာ တစ်ခုကို မသိပဲနဲ့ ဖြီးဖြန်းမရေးနဲ့၊ အဲ့တာက ကိုယ့်ကိုယ်ကို လိမ်သလို၊ စာဖတ်သူကိုလည်း လိမ်တာ၊ ကုန်ကြမ်းတွေက ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာပဲ ရှိနေတယ်၊ အဲ့တာကို မြင်အောင်ကြည့်၊ ကြည့်ပြီးရင် စိတ်ထဲ ကိုယ်တိုင်ဝင်ပြီး ခံစား၊ ပြီးရင် ချရေးလိုက် ” လို့ ပြောခဲ့တယ်။

ဆရာ့စကားက ကျွန်မရဲ့ တွေဝေနေတဲ့၊ ဒွိဟဖြစ်နေတဲ့၊ အားမလို အားမရ ဖြစ်နေတဲ့ စိတ်တွေကို ဖယ်ရှားပစ်စေပြီး ရှေ့ဆက် မက်ရမယ့် အိပ်မက်တွေအတွက် ခွန်အားရရှိစေခဲ့ပါတယ်။

အွန်လိုင်းမှာ စာမရေးခင် လွန်ခဲ့တဲ့ ၂၂နှစ်ကာလတုန်းက ပုံနှိပ်စာမျက်နှာမှာ ကျွန်မ ကလောင်သွေးခဲ့ဘူးတယ်။ မှတ်မှတ်ရရ (၃)ပုဒ်ပေါ့။ အဲ့ဒီနောက်ပိုင်း ကျွန်မစာတွေ လုံးဝမှ မရေးဖြစ်တော့ပါဘူး။ စိတ်တွေကို အကျဉ်းချ ခံထားရမှတော့ စာတွေလည်း ရေးချင်စိတ် ကုန်ခမ်းနေခဲ့ရတဲ့ ကာလတွေပေါ့။

အိပ်မက်တို့မြစ်ဖျားခံရာအတွက် ဆယ်ကျော်သက်အရွယ်တုန်းက   ပေဖူးလွှာ မဂ္ဂဇင်း၊ ကလောင်ငယ် စာမျက်နှာမှာ ပွဲဦးထွက် ဖော်ပြခံခဲ့ရတဲ့ ကဗျာလေး တစ်ပုဒ်နဲ့ စဖွင့်ပေးချင်ပါတယ်။

ဒီကဗျာလေးကို ရေးချိန်မှာ ၁၉၉၀၊ ကျွန်မအသက်(၁၉)နှစ်၊ အဲ့ဒီတုန်းက မဂ္ဂဇင်းဆိုတာ လက်ချိုးရေတွက်ရင် လက်ငါးချောင်းသာသာလောက် ရှိတဲ့ အချိန်။ ပေဖူးလွှာမဂ္ဂဇင်းကို ဖတ်အပြီး “ကလောင်ငယ်စာမျက်နှာ”  ဆို ၀ါသနာရှင်တွေအတွက် ဖွင့်ပေးထားတဲ့ ကဏ္ဍတစ်ခုသွားတွေ့တယ်။ ဒီကဗျာ ပို့ပေးပြီး သိပ်မကြာခင်မှာ ဖော်ပြခံခဲ့ရတယ်။ ပထမဆုံးရတဲ့ စာမူခကို ကျွန်မအဘွား ဒေါ်မြသွေးကို သွားကန်တော့တော့ အဘွားမျက်ရည် လည်နေခဲ့တာ မှတ်မိနေသေးတယ်။

“ စာရွက်သားတွေတောင် ၀ါကျင်နေလေပြီ ”

အဲ့ဒီကဗျာ ရေးတဲ့အချိန်တုန်းက ကျွန်မ စိတ်ထဲ ပီဘိလူငယ်တစ်ယောက်ပီပီ ခံစားချက်တွေ အများကြီး ပြည့်သိပ်နေခဲ့တယ်။ ၁၉၈၈ ခုနှစ်ကာလ၊ အရေးအခင်းကြီးမှာ လူငယ်ကျောင်းသူတစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင် မဟုတ်ပေမယ့် ကျွန်မ နှမ်းတစ်စေ့အဖြစ် ပါဝင်ဖြစ်ခဲ့တယ်။ အရေးအခင်း   နောက်ပိုင်း ကျွန်မတို့ လူငယ်တွေ အနာဂတ်မဲ့သလို ဖြစ်ရတယ်။ ပညာတွေ ကဆင့်ကလျား သင်ခဲ့ရတယ်။ မိသားစုနဲ့ ခွဲခွာသူတွေ ခွဲခွာသွားရတယ်။ လူငယ်တွေဆို မလှုပ်ရဲအောင် ဖိနှိပ်ခံခဲ့ရတယ်။ ဘာဆိုဘာမှ လွတ်လပ်မှု မရှိတော့ဘူး။

လူငယ်ဆိုတာ လွတ်လပ်တယ်၊ ပွင့်လင်းတယ်၊ မဟုတ်မခံစိတ်ဓာတ် ရှိတယ်၊ ဖိနှိပ်တာ မခံတတ်ဘူး၊ မတရားမှုကို ရွံရှာတယ်။ လူငယ်တွေရဲ့ဆန္ဒကို ထိန်းချုပ်ထားခံခဲ့ရပေမယ့် အဲ့ဒီတုန်းက လူငယ်တိုင်းရဲ့ ရင်ထဲမှာ အလျှံတညီးညီး တောက်လောင်နေခဲ့တဲ့ ယုံကြည်ချက်၊ ခံယူချက်တွေ ကိုယ်စီနဲ့ မွန်းကြပ်နေခဲ့ကြတယ်။

အဲ့ဒီ ခံစားချက်တွေကနေ “ ကဗျာသည်မရဲ့သက်ပြင်း”ဆိုတဲ့ ကဗျာတစ်ပုဒ် ကျွန်မကို ရေးဖွဲ့ဖြစ်စေခဲ့တယ်။

 ဒီကဗျာက ကျွန်မတစ်ယောက်ထဲရဲ့ စိတ်ခံစားချက်မဟုတ်၊ ကျွန်မလို လူငယ်တိုင်းရဲ့ ရင်ထဲက မွန်းကြပ်နေတဲ့အသံတွေကို ကိုယ်စားပြုတဲ့ စိတ်အားလုံးရဲ့ ကဗျာလို့ ယုံကြည်ခဲ့တယ်။ နောက်… ဒီကဗျာက ကျွန်မရဲ့ ပထမဦးဆုံးသော ပုံနှိပ်စာမျက်နှာပေါ်က  စာမူတစ်ပုဒ် ဖြစ်လာခဲ့တယ်။

၂၀၁၁ခု၊ နိုဝင်ဘာလမှာ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့တဲ့ teen Magazineရဲ့ “လွတ်လပ်မှု၊ ငြိမ်းချမ်းရေးနဲ့ အနုပညာ   ဆွေးနွေးပွဲ” မှာ ပရိသတ်တစ်ယောက်အနေနဲ့ ဒီကဗျာကို ရွတ်ဆိုဖြစ်ခဲ့တယ်။ အသက် ၁၉နှစ်အရွယ် မိန်းမပျိုတစ်ယောက်ရဲ့ ကဗျာက ကလေးဆန်ချင် ဆန်နေပေ လိမ့်မယ်။ ဒါပေမယ့် အရိုးသားဆုံး စကားလုံးတွေနဲ့ ဖွဲ့သီထားတဲ့ ရင်ထဲက ကဗျာတစ်ပုဒ်ပေါ့။

 ဒီကဏ္ဍလေး အသက်ဝင်ဖို့ အကြံပြုခဲ့ဘူးတဲ့ ဆရာမမေငြိမ်းကို ဒီနေရာကနေ   ကျေးဇူးမှတ်တမ်းတင်ပါရစေ..။

အမှတ် ၁၀၇၊ ၁၉၉၀ ခုနှစ်၊
စက်တင်ဘာလ၊ ပေဖူးလွှာမဂ္ဂဇင်း

 ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ. Bookmark the permalink.

14 Responses to အိပ်မက်တို့ မြစ်ဖျားခံရာ (၁)

  1. ကူးကူးလှိုင် says:

    19 နှစ်သမီးအရွယ် ရေးထားတဲ့ ကဗျာလေး အရမ်းကောင်းတယ်အစ်မရေ ခံစားချက်တွေကို ထွင်းဖေါက်မြင်လိုက်ရသလိုပါပဲ…

  2. သိင်္ဂါကျော် says:

    “ ခရီးများများ ထွက်ပေး၊ ဒါမှ အဆင်မပြေရင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်သိတာလေးကိုပဲ အခြေခံရေး၊ သရုပ်မှန်ေရးသူဆိုတာ အကြောင်းအရာ တစ်ခုကို မသိပဲနဲ့ ဖြီးဖြန်းမရေးနဲ့၊ အဲ့တာက ကိုယ့်ကိုယ်ကို လိမ်သလို၊ စာဖတ်သူကိုလည်း လိမ်တာ၊ ကုန်ကြမ်းတွေက ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာပဲ ရှိနေတယ်၊ အဲ့တာကို မြင်အောင်ကြည့်၊ ကြည့်ပြီးရင် စိတ်ထဲ ကိုယ်တိုင်ဝင်ပြီး ခံစား၊ ပြီးရင် ချရေးလိုက် ”
    ဆရာကြီး ပြောတာလည်း မှတ်သား သွားပါတယ်..

    ၁၉ နှစ်က ရေးတဲ့ ကဗျာ ပေမယ့်လည်း တကယ့် ကဗျာကောင်းလေးပါ..။

    • mamyathway says:

      Commentတွေ့လိုက်မှ ပုံနှိပ်စာမျက်နှာပေါ်မှာ ရေးနေတဲ့ သိင်္ဂါကျော် ကျန်ခဲ့မှန်း သတိထားမိတယ်။ မေ့ကျန်မှုအတွက် ခွင့်လွှတ်ပေးဖို့နဲ့ ..နာမည်လည်း ထပ်ဖြည့် ထားလိုက်ပါတယ်။

  3. ohnmarsann says:

    I Do Like & Love U & All Ur Lovely ” Poems & Novels !!! “, & So Crazy On All !!! Ahh !!! U Are So ” Respectful Lady ” For Me & I Wanna Get ” Ur Lovely Behave Or Action !!! “.Cause,I Do Wanna Get Or Write Like U !!!! But,Now Or In This Present Time,Could Not Get !!! Cause,I Did Feel ” So Many Sadness & Personal Feeling For My Separated Lovely Family Life By My Beloved Husband !!! “. Ok,So Thanks For All Ur ” Posted Poems & Novels On f/b “. Let Me Get & Share To Other Who Are Like Me, So Crazy On ” Reading “. Ok ? U Agree ?

    • mamyathway says:

      စာတွေ ဖတ်ပေးနေတာ ကျေးဇူးအများကြီးတင်ပါတယ် မဥမ္မာ။ အခုအချိန်ထိ ကျွန်မမှာလည်း လိုအပ်ချက်တွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်မလည်း ကျွန်မဘ၀အတွက်၊ မိသားစုအတွက် ကြိုးစားရုန်းကန်နေရဆဲပါဘဲ။ ပြည့်စုံကုံလုံတယ်ဆိုတာ ဘယ်နေရာမှာမှ မရှိနိုင်ဘူးဆိုတာ ကျွန်မတို့ လက်ခံထားပေမယ့် တစ်ဖက်ကလည်း အသက်ရှင်နေထိုင်စဉ်မှာ အကောင်းမွန်ဆုံး ရှင်သန်နေထိုင်သွားနိုင်ဖို့တော့ ကြိုးစားနေမှာဘဲပေါ့နော်။

      စာရေးခြင်းကတော့ ကျွန်မရဲ့ မွေးရာပါ ၀ါသနာပါ။ ကျွန်မဆိုက်မှာ တင်ထားတဲ့ မည်သည့်စာကိုမဆို လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ရှင်..။ အဲ့ဒီအတွက်လည်း ကျွန်မက မဥမ္မာကို ကျေးဇူးတင်နေ မိမှာပါရှင်။

  4. ချစ်ကြည်အေး says:

    ၁၉နှစ်သမီးရဲ့ ကဗျာလေးကို သဘောတကျ ဖတ်သွားတယ် မြသွေးရေ….။ ဘယ်မှာပဲ ဖြစ်ဖြစ် ခံစားလို့ ရသမျှ စာတွေ ဆက်ရေးနေကြတာပေါ့း))))

  5. ၁၉ နှစ်အရွယ် မိန်းမပျိုလေး တစ်ယောက်ရဲ့ မွန်းကျပ်မှုတွေကို ဒီနေ့အထိ ဆက်ပြီး ခံစားလို့ ရနေသေးတယ်၊း) နှစ်တွေသာ ပြောင်းသွားပေမယ့် ပိတ်လှောင်ခံထားရတဲ့ ‘လူငယ်ခြေကျ’တွေ အများကြီးပဲ ရှိနေသေးတယ် မဟုတ်လား…၊ အိပ်မက်တို့ မြစ်ဖျားခံရာကို အတူတကွ ဆန်ပြီး လိုက်လာခဲ့ပြီ မမြသွေးနီရေ…။

  6. ၁၉ နှစ်သမီး ကဗျာလေးက တစ်ကယ်ကိုလေးစားစရာ အပြည့်နဲ့ပါပဲမမရေ..

  7. အမမြသွေးနီရဲ့ကဗျာတွေစာတွေကိုလာရောက်
    အားပေးသွားပါတယ်။အမဆီကိုပထမဆုံးလာလည်
    သွားပါတယ်နော်အားပေးလျက်

  8. တန်ဘိုးရှိလှတဲ့ ဆရာကြီးရဲ့ စကားတွေဖတ်ခွင့် မှတ်သားခွင့်ရလို့ ကျေးဇူးပါ မြသွေးရေ။
    အသက်ငယ်စဉ်ထဲက စာပေဘက်မှာ ရင့်ကျက်ခဲ့တာ ချီးကျူးပါတယ်။ အမြဲအားပေးနေတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  9. ကြည်ဖြူတော့ တကယ်လေးစားအားကျမိပါတယ်..။ ပထမဆုံးရေးဖူးတဲ့ ၀တ္ထုတစ်ပုဒ်ဟာ ပထမဆုံးဝယ်တဲ့ externel hardisk ပျက်သွားတဲ့အထဲ ပါသွားလေတော့ စိတ်ဓါတ်ကျပြီး ခုချိန်ထိ မရေးဖြစ်တော့ပါဘူး..။ ဒါပေမယ့်လည်း ခုလို ကလောင်သစ်တွေကို အားပေးတဲ့စာလေးတွေ ဖတ်ခွင့်ရပြန်တော့ စိတ်လေးက ပြန်လည်နိုးထလာတတ်ပြန်ရောရှင်။

  10. ပန်းချီ says:

    မမမြသွေးရေ..
    ဒီကဏ္ဍလေးက ချစ်စရာပါ။ စိတ်သွားတိုင်းကိုယ်ပါ စာမရေးနိုင်တဲ့ ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်ပြီး စိတ်အကျဉ်းကျသလို ခံစားနေရတာ ကြာပြီမရေ။ ကဗျာစပ်ကြည့်ဦးမှပဲ မမလို ကဗျာကောင်းတစ်ပုဒ် ထွက်လိုထွက်ငြား :)

  11. ဆရာကြီးဦးစိန်ဝင်းရဲ့ စကားတွေထဲမှာ စာရေးသူတွေအတွက် တကယ့်ကို မှတ်သားစရာပါဘဲ အစ်မရေ..
    “သရုပ်မှန်ရေးသူဆိုတာ အကြောင်းအရာ တစ်ခုကို မသိပဲနဲ့ ဖြီးဖြန်းမရေးနဲ့၊ အဲ့တာက ကိုယ့်ကိုယ်ကို လိမ်သလို၊ စာဖတ်သူကိုလည်း လိမ်တာ ” ဆိုတဲ့စကားတွေက စာရေးသူတွေကို အသိတရားတွေ ပေးနေပါတယ်။
    စာရေးသူကိုယ်တိုင်ရဲ့ သက်ပြင်းကို အခြေခံထားတဲ့ ၁၉နှစ်သမီးရဲ့ ကဗျာလေးကလည်း အသက်ငယ်ငယ်နဲ့ ကလောင်သွားထက်မြက်မှုကို ဖော်ပြနေတာပါဘဲ။

  12. လွန်ခဲ့တဲ့ ၂နှစ်လောက်က အိမ်ပြန်တော့ အဖေ့ စာအုပ်စင်ကနေ ဒီကဗျာလေး ဖတ်ဖူးပါတယ် … ။
    ကဗျာဆရာနာမည်ကို သတိထားမိတော့ လိုင်းပေါ်က စာတွေရေးတဲ့ အစ်မ မြသွေးနီ နဲ့  နာမည်ချင်းတူတယ် ထင်နေတာ …. ။

    အခုမှ သိရတယ်ဗျာ … အစ်မရဲ့ ကဗျာလေးကို …. ။

    အမြဲအားပေးလျှက်

    မောင်ဘုန်း

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>