ကြိုးညှိသံများနဲ့ သံစဉ်၃၅

Number of View: 9935

“ ကဗျာစာအုပ် ရှေ့၊ နောက်ကာဗာ ”

မနေ့က ကျွန်မ လေးစားချစ်ခင်ရတဲ့ ကဗျာဆရာမ ပန်ဒိုရာစီစဉ်တဲ့ “ ကြိုးညှိခြင်း” အမည်ရတဲ့ ကဗျာဆရာမ ၃၅ယောက်ရဲ့ ကဗျာစုစည်းမှု စာအုပ်မိတ်ဆက်ပွဲကို Home မှာ ၁၅.၈.၂၀၁၂ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ် ခဲ့ပါတယ်။

ဒီပွဲလေးကို ကျွန်မ အွန်လိုင်းမှာ သတင်း စပြီး ရကတည်းက စိတ်ရောက်နေခဲ့တယ်။ မဖြစ်မနေ သွားဖြစ်အောင် သွားမယ်လို့လည်း အားခဲထားတယ်။ စိတ်က ဘယ်လောက်များ အထိတောင် စောနေမိသလဲမသိ၊ ၁၅.၈.၂၀၁၂ ဗုဒ္ဓဟူးနေ့ကို အမြင်လွဲ၊ အကြားလွဲပြီး ၈.၈.၂၀၁၂နေ့က တစ်ခေါက် မှားပြီး သွားလိုက်မိသေးတယ်။

ကိုယ်တိုင်က ရသ၀တ္တုတွေ ရေးနေပေမယ့် ကဗျာတွေကို ကျွန်မ နှစ်သက်စွာ ဖတ်ဖြစ်တယ်။ ကဗျာဆိုတာ ကျွန်မအတွက် ခက်ခဲတဲ့၊ နက်နဲတဲ့၊ တန်ဘိုးထားရတဲ့ ဘာသာဗေဒတစ်ခုလို့ ခံစားရတယ်။ ကာရန်နဲ့၊ ကာရန်မဲ့၊   မော်ဒန်၊ အယ်လ်ပီ စတာတွေ ဘယ်လို ကွဲကွဲ၊ ကျွန်မက ဖတ်လိုက်လို့ ကျွန်မရဲ့ စိတ်နှလုံးကို ငြိတွယ်မိစေတယ်ဆိုရင် ဘယ်လို ကဗျာအမျိုးအစာကိုမဆို ကျွန်မ ဂရုတစိုက် ဖတ်ဖြစ်တယ်။ ဆရာဇော်ဂျီ၊ ဆရာတင်မိုး၊ ဆရာမ ကြည်အေးက အစပြုလို့ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)အလည်၊ အခုနောက်ပိုင်း ကာရန်မပါတဲ့ လွတ်လပ်တဲ့ ရေးဟန်၊ ရေးသဏ္ဍာန်တွေနဲ့ ရေးနေတဲ့ လူကြီး လူငယ် ကဗျာဆရာများ၊ ကဗျာဆရာမများအထိ၊ ကဗျာတွေကို ကျွန်မ စိတ်ဝင်တစား နှစ်သက်နေမိတယ်။

ဘလော့ဂါ ပန်ဒိုရာက ၂၀၀၇ခုနှစ်ထဲက အွန်လိုင်းမှာ ကဗျာရေးခဲ့သူ တစ်ယောက်ပါ။ ချစ်စရာ ပန်းချီပုံလေးတွေ ကိုယ်တိုင် ရေးဆွဲတတ်သလို၊ ကဗျာတွေကို စိတ်ကူးကောင်းကောင်း၊ ရှုထောင့်ကောင်းကောင်းကနေ လွတ်လပ်ပွင့်လင်းစွာ ရေးတတ်သူတစ်ဦးလည်း ဖြစ်တယ်။ သူရေးသမျှ ကျွန်မ မလွတ်စတမ်း စောင့်ဖတ်ဖြစ်ခဲ့တယ်။ အခု အဲ့ဒီ ပန်ဒိုရာက ကဗျာချစ်မြတ်နိုးသူ ကဗျာဆရာမတစ်ယောက်ပီပီ အသက်အရွယ် ၆၀တန်းလောက်   ရောက်နေကြပြီဖြစ်တဲ့ ကဗျာဆရာမခင်ဝင်းသစ်၊ ဆရာမ ငြိမ်း(ဒဿန)၊ ဆရာမ မအိ၊ ဆရာမခင်မြဇင်၊ ဆရာမ မရီဝေတို့ကနေ စလို့ ဆရာမ မေငြိမ်း၊ ဆရာမခက်မာ၊ ဆရာမ စုမီအောင်၊ ဆရာမ မနော်ဟရီ၊ ဆရာမ ရှင်ဒေ၀ီ၊ ဆရာမ ကြည်မွေ့အိမ်၊ ဆရာမအိန္ဒြာတို့အလည်၊   အခုမျိုးဆက်သစ် လူငယ် ကဗျာဆရာများ ဖြစ်ကြတဲ့  ညိုပြာဝိုင်၊ မယ်ယွေး၊ နေအေဒီ၊ မွန်းသူအိမ်တို့အထိ စုံလင်အောင် စုစည်းပြီး An Anthology of Myanmar Women Poets ဆိုပြီး ကဗျာဆရာမ(၃၅)ယောက် ပါဝင်တဲ့ “ကြိုးညှိခြင်း” ကဗျာစာအုပ်ကို စီစဉ်ထုတ်ဝေ နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ မြန်မာအမျိုးသမီး ကဗျာဆရာမ (၃၅)ယောက်ရဲ့ ကဗျာစာအုပ် မိတ်ဆက်ပွဲလေးမှာ ဆရာမ သင်းသင်းသာက အခမ်းအနားမှူးလုပ်ခဲ့ပြီး ကဗျာဆရာမ တစ်ယောက်ချင်းစီနဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့တယ်။

“ ကဗျာဆရာသစ္စာနီ”

ကဗျာဆရာသစ္စာနီက အဖွင့်အမှာစကား ပြောကြားပေးခဲ့တယ်။

“ကဗျာဆရာမ မအိ”

ဒီစာအုပ်အတွက် ကဗျာတွေ စုစည်းပေးခဲ့တဲ့ ကဗျာဆရာမ မအိကလည်း အမှတ်တရ စကားပြောခဲ့တယ်။

“စီစဉ်သူ ပန်ဒိုရာ”

စီစဉ်သူ ဘလော့ဂါ ကဗျာဆရာ ပန်ဒိုရာ ကိုယ်တိုင် ဒီစာအုပ်လေး စီစဉ်ဖြစ်တဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်ဖြစ်ခဲ့ပုံ၊ ပါဝင် အကြံပေးသူ၊ ကူညီပေးသူ၊   ကျေးဇူးတင် ထိုက်သူများကို အပိုအလိုမရှိ   ပြောကြားသွားခဲ့တယ်။

“ကဗျာဆရာဇေယျာလင်း”

ကဗျာဆရာ   ဇေယျာလင်းကလည်း မုဒိတာအားပေးစကား  ပြောပေးခဲ့တယ်။ သူ့ ကဗျာတွေ နှစ်သက်ခဲ့သူ   တစ်ယောက်မို့ သူ့ကို အခုလို အရှင်လတ်လတ်   မြင်ခွင့်ရလိုက်တာ အတော့်ကို ၀မ်းသာမိတယ်။ သူပြောခဲ့တဲ့ “စည်းတွေကို တွန်းဖို့ ကိုယ်တိုင် ကြိုးစားရမယ်”ဆိုတာလေးကို အတော် သဘောကျမိခဲ့တယ်။

“The Ladies Journalပါ သူမ၏ ကဗျာအား
ရွတ်ဖတ်နေသည့် ကဗျာဆရာမ မရီဝေ”

၃၅ယောက်သော ကဗျာဆရာမများထဲမှ ဆရာမ မေအောင်လင်း၊ ဆရာမ စုမီအောင်၊ ဆရာမ မရီဝေ၊ ဆရာမ သန့်စင်အေးတို့က ကဗျာရွတ်ကြတာကို နားထောင်ခွင့်ရခဲ့ပါတယ်။ ဆရာမ မြတ်ကတော့ ကဗျာမရွတ်ပဲ ဆရာသစ္စာနီ  ပြောခဲ့တဲ့ အမှာစကားပေါ်မှာ ပြန်လည် တုန့်ပြန် ပြောခဲ့တာ ကို တွေ့ရပါတယ်။

အချိန်က နေ့လည် ၂နာရီက စလိုက်တာ ၄နာရီကျော်လာခဲ့ပါပြီ။ အချိန် အကန့်အသတ်နဲ့ရအောင် ထွက်လာခဲ့ရတာမို့ ကျန်ကဗျာဆရာမများ ကဗျာရွတ်ဆိုတာကို နားထောင်ခွင့် မရခဲ့လိုက်ပါဘူး။ ကျွန်မတို့ရဲ့ ကဗျာဆရာမ ပန်ဒိုရာကို အသာနှုတ်ဆက်ခဲ့ပြီး နားထောင်နိုင်ခဲ့သလောက်လေးနဲ့ပဲ ကိုယ့်ကိုယ်ကို နှစ်သိမ့်ပြီး ပြန်ခဲ့ပါတယ်။ ဒါကြောင့် ကဗျာဆရာမတွေအားလုံး ကြိုးညှိခြင်း ကဗျာကို တစ်ပိုဒ်စီ ၀ိုင်းရွတ်ဆိုကြတာ နားထောင်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။

“ ဆရာမပန်ဒိုရာ လက်မှတ်နှင့်အတူ ကဗျာစာအုပ်ပါ
ကဗျာဆရာ(၃)ယောက်၏ ကွဲပြားအမြင်”

ဒီပွဲလေးမှာ မဂ္ဂဇင်းတွေမှာ ရေးနေတဲ့ ကဗျာဆရာမများအပြင်၊ အွန်လိုင်းမှာ ရေးနေတဲ့ ကဗျာဆရာမများပါ ပါဝင်နေပါတယ်။ ဆရာမမေငြိမ်း၊ ဆရာမ ခက်မာ၊ ဆရာမ အိန္ဒြာ၊ ဆရာမ မှူးဒါရီတို့က ပြည်ပမှာ ရှိနေတာမို့ မတက်ရောက်နိုင်ပေမယ့် ကျန်တဲ့ ကဗျာဆရာမများ တက်ရောက် လာကြတာ တွေ့ရပါတယ်။   ကျွန်မ ကဗျာဆရာမတချို့ရဲ့ အမှတ်တရ လက်မှတ်လေးများ ရယူဖြစ်ခဲ့ပါတယ်။ ကျွန်မနဲ့ ကျွန်မအဘိုးကို တွဲဖက်လို့ သိနေတဲ့ ကဗျာဆရာမကြီးများကိုလည်း တလေးတစား   နှုတ်ဆက်ဖြစ်ခဲ့ ပါတယ်။

“ကဗျာဆရာမတချို့၏ အမှတ်တရလက်မှတ်များ”

ည.. အိမ်ရောက်တော့ ဆရာမုတ်သုန်ရဲ့ မျက်နှာဖုံးသရုပ်ဖော်ပုံလေးနဲ့ “ကြိုးညှိခြင်း” ကဗျာစာအုပ်လေးကို ကျွန်မ  တစိမ့်စိမ့် ဇိမ်ယူ ဖတ်မိပါတယ်။ ကဗျာဆရာမ (၃၅)ယောက်လုံးအတွက်  တစ်ဦးချင်းစီရဲ့ရုပ်ပုံ အတွင်းသရုပ်ဖော် စကက်ခ်ျတွေကို စီစဉ်သူ ပန်ဒိုရာကိုယ်တိုင်   ရေးဆွဲထားတာ နှစ်သက်စရာပါ။ ကဗျာချစ်သူတိုင်း မလွတ်စတမ်း ၀ယ်သိမ်းထားချင်စရာ သပ်ရပ်တဲ့ အပြင်အဆင်နဲ့သာမက၊ ကဗျာ တစ်လုံးချင်း၊ တစ်လိုင်းချင်း၊ တစ်ပိုဒ်ချင်းဆီက စိတ်နှလုံးကို   ကျေနပ်နှစ်သိမ့်မှု၊ ခံစားမှု အပြည့်အ၀ ရရှိစေခဲ့ပါတယ်။

“ ကဗျာဆရာမများ အမှတ်တရ”

ဘလော့ဂါ ပန်ဒိုရာစီစဉ်တဲ့ ကဗျာဆရာမ၃၅ယောက်ရဲ့  “ကြိုးညှိခြင်း” ကဗျာ စာအုပ်လေးက မြန်မာပြည်က ကဗျာဆရာမများအတွက် မှတ်တိုင်တစ်ခု   ဖြစ်ယုံမျှမက၊ ကဗျာရေးသူများနဲ့ ကဗျာချစ်သူများရဲ့ ရင်ထဲက သံစဉ်များကို အလိုက်သင့် ကြိုးညှိပေးသွားမယ်လို့ ရင်မှ ယုံကြည်စွာ….၊ ယုံကြည်လျှက်….။

( ကဗျာချစ်တဲ့ ပရိသတ်တစ်ယောက်အနေနဲ့ ဒီပို့စ်လေးကို  ရေးဖြစ်တာပါ။  ဒီပို့စ်လေး ရေးဖြစ်အောင် ခွင့်ပြုပေးတဲ့ ဆရာမ ပန်ဒိုရာကို ကျေးဇူးတင်စွာ…)

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

 

Share
This entry was posted in ကဗျာ, အတွေ့လေးရယ်တဲ့မှ အို..အကြုံ. Bookmark the permalink.

10 Responses to ကြိုးညှိသံများနဲ့ သံစဉ်၃၅

  1. ohnmarsann says:

    အမရေ..စာအုပ်ရဲ.ခေါင်းစဉ်ကကို..စွဲဆောင်မှုအပြည်.ရှိတာပဲ..ဗျာ..နော်…ကောင်းလိုက်တာ..
    ဒီလောကကြီး ( သတ္တ..လောကကြီး ) ထဲမှာ..အရာခပ်သိမ်းအတွက်…နေရာတိုင်းအတွက်..
    သက်ဆိုင်တဲ.ကြိုးတွေကိုသူ.နေရာနဲ.သူညှိယူရတယ်..နော်အမ…..
    သံစဉ်ကောင်းကောင်းလေးတွေရရှိဖို.တူရိယာမျိုးစုံမှာ..ကြိုးလေးတွေကိုညျိယူရသလိုပဲ…နော်…
    ဘာသာရေး…လူမှုရေး..စီးပွားရေး…မိဘနဲ.သားသမီး..ဆရာနဲ.တပည်. ….လင်နဲ.မယား…မောင်နဲ.နှမ…နေရာတိုင်းအတွက်ပေါ.နော်…
    .ကျေးဇူးတင်ပါတယ်..ဗျာ..နော်..အမ…နောင်လည်း..အမညီမလေးကို..
    ဒီလိုလေးပဲ..ဝေမျှပေးပါအုံးနော်..အမ……

  2. မမရေ ပို့စ်လေးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
    မှန်တယ်မမ ကဗျာဆိုတာ နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကလာခဲ့ကြတာပါ
    ရေးမူတွေ ကာရန်၊ ကာရန်မဲ့ နဘေ စသည်တွေကွဲပြားနေပေမယ့် တခါတခါ ရင်ထဲကစကားလုံးလေးတွေ နက်ရှိုင်းပြီဆို ကဗျာလေးတွေအသက်ဝင်နေတတ်တယ်လေ
    ကဗျာတွေကို ချစ်တယ်ဆိုတာသိရလို့ ကျေးဇူးပါမမ

  3. အမမြသွေးရေ အဲဒီစာအုပ်လေးကိုဖတ်ချင်မိတယ် လိုလဲလိုချင်တယ်
    မမြင်ဖူးတဲ့ ဆရာမတွေ(တစ်ချို့)မြင်လိုက်ရလို့ ၀မ်းသာနေမိတာပါ

  4. နာမည်သာ ကြားဖူးထားတဲ့ ဆရာမတွေကို အခုလို တစုတစည်းထဲ မြင်တွေ့ရတာ ဝမ်းသာစရာပါပဲ..၊ စာအုပ်ကလေးက အဖုံးကအစ သပ်သပ်ရပ်ရပ်နဲ့ ချစ်စရာ ကောင်းတယ်၊ ကဗျာရွတ်သံတွေ နားထောင်ခွင့် ရချင်လိုက်တာ…၊ ပြန်လည် ဝေမျှတဲ့အတွက် ကျေးဇူးပါ မမြသွေးနီရေ…။

  5. လူစုံတက်စုံ အင်အားကောင်းကောင်းနဲ့ ကြိုးညှိကြတဲ့ ကဗျာသံစဉ်လေးတွေကို နားထောင်ခွင့်ရတာ ကံကောင်းလိုက်တာ… အစ်မကြောင့် ခုလို ပွဲမျိုးကို ကိုယ်တိုင်မရောက်ပေမဲ့ ရောက်သွားသလို ခံစားရတာ။
    ခုလို ကဗျာဆရာမတွေ အများကြီးနဲ့ ထုတ်တဲ့စာအုပ်မျိုး အရင်က မရှိခဲ့ဖူးဘူး
    တကယ့်ကို မှတ်ကျောက်တစ်ခုပါဘဲ..
    စာအုပ်လေး ဝယ်သိမ်းထားပါဦးမယ်။

  6. ဝမ်းသာ ကြည်နူးစရာ…မြင်ကွင်းလေးနဲ့အတူ ..စာအုပ်လေး လိုချင်မိတယ်…မမရေ။

  7. ပန်ပန့်ဘလော့မှာဖတ်ပြီးပေမယ့် ထပ်ဖတ်သွားတယ် မြသွေးရေ။ ကဗျာဆရာတွေ စုစုစည်းစည်းနဲ့ အားကျ ကြည်နူးစရာကောင်းလိုက်တာ။ စာအုပ်ထဲက ကဗျာလေးတွေဖတ်ချင်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  8. အစ်မရေ့….

    မပန်တို့အတွက် လက်ခုပ်တီးပြီး အားပေးသွားကြောင်းပါဗျာ……..။

    ခင်မင်ခြင်းအားဖြင့်….
    ဏီလင်းညို

  9. မမြသွေးနီရေ

    လာရောက်အားပေးတဲ့အတွက်ရော စာအုပ်လေးကို သေသေချာချာဖတ်တဲ့အတွက်ရော အခုလို အမှတ်တရလေး ရေးပေးတဲ့အတွက်ရော ကျေးဇူးအများကြီးတင်ပါတယ်..

    ခင်မင်စွာ

    ပန်ဒိုရာ

  10. ခနွဲ says:

    ကဗျာဆရာမတွေကို ကြားသာ ကြားဖူးတာ အခုလို မြင်ရတော့ ဝမ်းသာမိပါတယ်ခင်ဗျာ…။ ကဗျာစာအုပ်ကိုလည်း ရှာဖွေပြီး ဖတ်လိုက်ပါဦးမယ်ခင်ဗျာ….
    လေးစားစွာဖြင့်
    ခနွဲ

Leave a Reply

Your email address will not be published. Required fields are marked *