တနင်္ဂနွေရက်တွေ စိတ်ကူးပေါက်လာပြီဆိုရင် အိမ်မှာ နေ့စဉ်ပုံမှန်စားနေကြ ထမင်းဟင်းမဟုတ်ပဲ တစ်ခုခု လုပ်စားဖြစ်ပါတယ်။ အိမ်မှာ ကျွန်မ ဖေဖေနဲ့ ကျွန်မက သွေးတိုးသမား၊ သားပြည့်က အဖေတူ ဟင်းဂျီးများ ဆိုတော့ ရုံးဖွင့်ရက်၊ ကျောင်းဖွင့်တွေဆို ထွေလီကာလီ မချက်တော့ဘဲ ဖေဖေနဲ့ သားပြည့် စားနိုင်လောက်မယ့် ဟင်းပဲ ဦးစားပေးချက်ဖြစ်ပါတယ်။ အိမ်မှာ လူခွဲလည်း မထားလေတော့ တစ်ခါတစ်လေ ကိုယ်စားချင်တာလေးများဆို ပိတ်ရက် စနေ၊ တနင်္ဂနွေမှပဲ ချက်စားဖြစ်တာများပါတယ်။
အိမ်ကလူကြီးကတော့ ဟင်းဂျီးများသော်ငြား အထွန့်မတက်ရှာပဲ သူမစားချင်တဲ့ ဟင်းနေ့ဆိုရင် အိမ်မှာအမြဲရှိတဲ့ ကြက်ဥလေး ခွဲကြော်စားရင်စား၊ ဒါမှမဟုတ် လက်ဖက်လေး သုတ်စားရင်စားနဲ့ အပူမကပ် အလိုက်သိရှာပါတယ်။ အိမ်မှာ သူရော ကျွန်မပါ မီးဖိုချောင်ကို အဆင်ပြေသလို ၀င်ပါတယ်။ များသောအားဖြင့် သူ ဒီနေ့ချက်မယ်လို့ ပြောတဲ့နေ့တိုင်းဟာ ကျွန်မအတွက် သိန်းထီပေါက်တဲ့ နေ့ရက်များပါဘဲ။ သူက ဟင်းဆို စိတ်ရှည်လက်ရှည် ချက်တတ်သူပါ။ သူ့လက်ရာက အကောင်းကြီး မဟုတ်လှပေမယ့် ကျွန်မအတွက်တော့ နတ်သုဒ္ဒါပေါ့။ အဲ့သည်လိုနဲ့ ကျွန်မ ညာစားနေတာ ကြာပါပေါ့လား..။
သားပြည့်ကို သိပ်ချစ်တဲ့သူက ညအိပ်ရာဝင်လို့ သားပြည့် အိပ်ရာမှာ ခြင်ထောင်ဝင်ခုပေး၊ စောင်ဝင်ခြုံပေးရင်း ညစဉ် “ ဖေဖေ..သားကို ချစ်လား”
“သား..ဖေဖေကိုဘယ်လောက်ချစ်သလဲ”ဆို သားအဖနှစ်ယောက် အချစ်နလန် ထတိုင်း သူက သားပြည့်ကို မပျက်မကွက် မေးနေကြမေးခွန်းရှိတယ်။ “သား.. မနက်ဖြန် မနက်စာ ဘာစားချင်သလဲ” “ကျောင်းထမင်းဘူး ဘာဟင်း ထည့်ပေးရ မလဲ” ဆိုတာပဲပေါ့။
ကျွန်မကိုယ်တိုင်က ဟင်းဂျီးမများတတ်၊ မိဘကျွေးတာပဲ စားခဲ့သူဆိုတော့ သားအဖနှစ်ယောက်ရဲ့ အဲ့ဒီ အိပ်ရာဝင်တေးသံတွေကြောင့်
ကိုယ်စီစဉ်ထားတာက တစ်မျိုး၊ မနက်ဆို သူတို့စိတ်ကြိုက် လိုက်ချက်ရတာ တစ်မျိုးနဲ့ ၀ီစိကိစ္စတွေ များရပါတယ်။ ဒါကြောင့် သူတို့သားအဖနှစ်ယောက် အိပ်ရာထဲဝင်ရင် ကျွန်မက ဒီဘက်အိပ်ရာကနေ နားစွင့်ရင်း ကိုယ်စီစဉ်တဲ့ဟင်းပဲ အိုကေတယ်ဆိုတဲ့အသံ ကြားရပါစေ ဆုတောင်းနေမိတော့တာပေါ့။ မဟုတ်ရင် မနက်ကြ ကျောင်းကား ခွန်နှနာရီအမှီ အိမ်နားက ဈေးကို ပြေးဦး လွှားဦးတွေ ဖြစ်ရော။
စနေတစ်ည၊ သူတို့ သားအဖနှစ်ယောက် ထုံးစံအတိုင်း အိပ်ရာထဲမှာ နောက်နေ့ တနင်္ဂနွေ ဘာချက်စားရင် ကောင်းမလဲဆိုတဲ့ အစည်းအဝေး တိုးတိုးတိတ်တိတ် စကြရော။ ကျွန်မလည်း ထုံးစံအတိုင်း ဖတ်လက်စ စာအုပ်လေ လက်ကြားညှပ်ထားပြီး နားစွင့်ရင်းက တအောင့်နေတော့ နှစ်ယောက်သား ခြေဖော့ပြီး ကျွန်မ အိပ်ရာထဲဝင်ချလာလို့ လန့်ဖျတ်သွားရတယ်။ အဲ့ဒီမှာ သားပြည့်က မအေနား တိုးဝှေ့ဖက်ရင်း-
“ မေမေ.. မနက်ဖြန် ဆန်းဒေးဆိုတော့ မေမေ ချက်မကျွေးတာ ကြာပြီဖြစ်တဲ့.. အင်း… ငါးထမင်းစိမ့် ချက်ကျွေး ”
“ ဟမ်.. မေမေက မနက်ဖြန် ၀က်သားဟင်းချက်မယ်၊ ကန်စွန်းရွက်ချဉ်ရေ၊ ငပိတို့စရာဆို စီစဉ်ပြီးသားလေ”
“ မေမေကလည်း အဲ့တာတွေက တနလာင်္အတွက် ထားလိုက်လို့ရတာပဲ၊ သား စားချင်လို့ပါဗျာ”
“ကောင်းသားပဲ သမီးရဲ့၊ ဖေဖေလည်း ခံတွင်းပျက်နေလို့ ငါးထမင်းလေး စားချင်မိတယ်”
အဲ့ဒီမှာ တစ်ဘက်ခန်းက ကျွန်မ ဖေဖေကပါ ကြားသွားပြီး ၀င်ပြောလို့ ကျွန်မဖြင့် မျက်ခုံးတောင် တွန့်သွားရမိတယ်။
သားပြည့် အဖေကလည်း တပ်ကူရသွားလို့ အားရတဲ့ လေသံကြီးနဲ့ -
“ဟုတ်တယ်.. ဒေါ်မြသွေးနီရဲ့ ငါးထမင်းစိမ့် မစားရတာကြာပြီ၊ လုပ်ပါ.. ပရိသတ်က ဒီလောက် တောင်းဆိုနေတာ မူမနေပါနဲ့တော့၊ ဒီမယ် တစ်ချက်ခုတ် နှစ်ချက်ပြတ်ဗျနော်၊ ဓာတ်ပုံတွေ ရိုက်ထားရင် ပို့စ်တစ်ပုဒ်တောင် ရသေး”
သားပြည့်အဖေရဲ့ နောက်ဆက်တွဲ စကားက ကျွန်မရဲ့ တွန့်ခေါက်နေတဲ့ မျက်ခုံးကို ပြေလျော့သွားစေပါတယ်။ သူက ကျွန်မအကြောင်း နောကျေနေသူ ပီပီ စကားလေးနဲ့ မျှားလိုက်တာမှာ မြသွေးနီတစ်ယောက် တစ်ခါထဲ အရေးနိမ့်သွားရပါတယ်။ ဘလော့ဂါပီပီ မြင်မြင်သမျှ ဓာတ်ပုံရိုက်၊ စာရေးတင်နေတတ်တာ သူက ကောင်းကောင်း သိနေပြီလေ။ ဒါပေမယ့် ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း -
“ အင်းလေ.. အားလုံးက တောင်းဆိုနေမှတော့ ငြင်းရင် မကောင်းပေဘူး၊ ဒီက အဖျားပျောက်ထားတာ မကြာသေးဘူးဆိုတာ သိကြတယ်နော်၊ ဈေးလေးများ ၀ယ်ပေးမယ်ဆိုရင်ဖြင့် ချက်ကျွေးဖို့ အသင့်ဖြစ်ကြောင်းပါ ”
“ စိတ်ချ၊ မနက်ကျရင် ဖေဖေနဲ့သား လိုတာ ဈေးသွားဝယ်ပေးမယ်၊ မေမေ ချက်ဖို့သာ ပြင်ပေတော့”
သားပြည့်စကားအဆုံးမှာ သူ့ဖခမည်းတော်က အိပ်ရာဘေး စားပွဲပေါ်က မှတ်စုစာရွက်ယူပြီး လူလေးယောက်စာ ငါးထမင်းစိမ့် ညမနက်စာ စားဖို့အတွက် ၀ယ်ရမယ့် ပစ္စည်းပစ္စယာအမည်တွေ ကျွန်မကို မေးပြီး ချရေးပါတော့တယ်။
ငါးကြင်း – ၄၀ ကျပ်သား
ဂျူးမြစ် – ၂၅ ကျပ်သား
ခရမ်းချဉ်သီး – ၂၅ ကျပ်သား
ပဲပုတ် – ၈ ချပ်
မြေပဲစိမ်း – ၅ ကျပ်သား
ရှောက်သီး – တစ်လုံး
ငရုပ်သီးခြောက်အတောင့်ရှည် – ၂ကျပ်ခွဲသား
ဟင်းခါးအတွက် ဘူးသီးတစ်စိတ်လောက်နဲ့ ပဲကြာဆံ၊ မှိုခြောက်ပန်းခြောက်ပါ ထည့်ရေးခိုင်းလိုက်တယ်။ ကြက်သွန်ဖြူဥတစ်လုံး၊ နံနံပင်၊ ငရုပ်သီး အကျက်မှုန့်၊ နှမ်းဆီနဲ့ ကြက်သားမှုန့်တို့ကတော့ အိမ်မှာ ရှိနေလို့ ထည့်မမှာ လိုက်တော့ဘူး။
နောက်တစ်နေ့ မနက် (၇)နာရီလောက်မှာတော့ သားအဖနှစ်ယောက် ၀ီရိယကောင်းကောင်းနဲ့ အိပ်ရာနိုးထပြီး၊ ခြင်းတောင်ဆွဲလို့ ဈေးစာရင်းနဲ့ လိုအပ်တာတွေ သွားဝယ်ချိန်မှာ ကျွန်မလည်း ကြိုတင်လုပ်လို့ ရတာလေးတွေ စလုပ်ထားလိုက်တယ်။
လေးယောက်စာ ဆန်ကို ချင်ခွက်လေးနဲ့ လေးဗူး၊ ရေစင်စင်ဆေးလို့ သတ်မှတ်ထားတဲ့ ရေထက် ဗူးဝက်လောက် ပိုထည့်ပြီး တည်ထားလိုက်တယ်။ ဟင်းခါးအတွက် ရေနွေး တည်ထားလိုက်တယ်။
ဆီချက်ချက်ဖို့နဲ့ အလွတ် ကိုက်တို့ဖို့ ကြက်သွန်ဖြူဥတစ်လုံးလေးတွေကို များများ အခွံနွှာထားလိုက်တယ်။ ကြက်သွန်ဖြူ ဥတစ်လုံးက ငါးထမင်းနဲ့လိုက်ပြီး ရှမ်းကြက်သွန်ဖြူ အမွှာကြီးတွေထက် ပိုအရသာ ရှိတယ်။
အခွံနွှာထားတဲ့ တစ်ဝက်ကို ပါးပါးလှီးပြီး ကြက်သွန်ဖြူဆီချက်ကို အရောင်ဝါ၀ါလေးရအောင် နနွင်းမှုန့်ပါယုံလေး ခပ်လို့ ကြော်ထားလိုက်တယ်။
နံနံပင်လေးကို အမြစ်တွေ အနာတွေ ဖယ်ပြီး ရေစင်စင် ဆေးထားလိုက်တယ်။
ရေနွေးဆူကာစ အချိန်မှာပဲ သားအဖနှစ်ယောက် ချွေးတလုံးလုံးနဲ့ ပြန်ရောက်လာတယ်။ သားပြည့် လက်ထဲမှာလည်း တိုလီမုတ်စတွေ ဆွဲလို့။ သားပြည့်အဖေက ဈေးခြင်းတောင်း ချတာနဲ့ ၀ယ်လာတဲ့ ငါးကြင်းကို အကြေးခွံချွတ်ပြီး နနွင်းလေး နယ်ပေးတယ်။
သူ ငါးကိုင်နေတုန်း ကျွန်မက ခရမ်းချဉ်သီးတွေကို ရေစင်စင်ဆေး၊ အိုးတစ်လုံးနဲ့ အလုံးလိုက် ထည့်ပြုတ် လိုက်တယ်။ ကျန်မီးတစ်ဖိုနဲ့ ငါးကြင်းခုတ်သားကို ငံပြာရည်၊ ကြက်သွန်ဖြူ ဓါးဖျားရိုက်လို့ ရေမြုပ်ယုံထည့် ပြုတ်ထားလိုက်တယ်။
အဲ့ဒီအချိန်မှာ ထမင်းခလုပ်က ချောက်ခနဲ တက်သွားတယ်။ ဇလုံ ကျယ်ကျယ်ပျံ့ပျံ့မှာ ထမင်းကို အအေးနည်းနည်း လျော့အောင် ဖြန့်ခင်း ထည့်ထားလိုက်တယ်။
တအောင့်နေတော့ ငါးပြုတ်အိုးက မွှေးလာတယ်။ ငါးပြုတ်နူးချိန်မှာ သားပြည့်အဖေက မျက်မှန်ကလေး ပင့်ကာပင့်ကာနဲ့ ငါးအရိုးနွှာပေးတယ်။ အရိုးနွှာပြီး အသားများကို ပန်းကန်တစ်ခုနဲ့ ထည့်ထားလိုက်တယ်။
တစ်ဘက်မီးဖိုက ခရမ်းချဉ်သီး ပြုတ်ထားတာ အခွံတွေ အက်ကွဲလို့ လိပ်လာရင်ဖြင့် ခရမ်းချဉ်သီးပြုတ်အိုးကို အအေးခံလို့ ခရမ်းချဉ်သီးများကို အခွံနွှာရပါတယ်။ အခွံမပါတဲ့ အနှစ်များကိုတော့ ဇွန်းနဲ့ ထိုးခြေလို့ ကြေလောက်ပြီဆိုရင် အိုးတစ်လုံးမှာ ဆီပါလေရာလေးထည့်၊ ဆီပူလာရင် ခြေထားတဲ့ ခရမ်းချဉ်သီးတွေကို ကြေသည်ခပ်ကြေအောင်၊ အဓိကက အစိမ်းနံ့ ပျောက်အောင် မီးအေးအေးနဲ့ ချက်ပေးပါတယ်။ အရသာ ဘာမှမထည့်ပါဘူး။
ခြေစက်နဲ့ ခြေရင် ပိုမြန်၊ ပိုကြေညက်မှာ သိပေမယ့် ကျွန်မကတော့ လမ်းရိုးအတိုင်း လက်နဲ့သာ မွှေပြီး ခြေပါတယ်။ ခရမ်းချဉ်သီး အနှစ်တွေ ကြေသွားရင် မီးဖိုကချလို့ အအေးခံထားလိုက်ပါတယ်။
အဲ့ဒီအချိန်မှာ သားပြည့်အဖေက ငါးအရိုးနွှံပြီးလို့ ဂျူးမြစ်တွေကို ရေဆေး သန့်စင်နေလေပြီ။
ဝယ်လာတဲ့ ရှောက်သီးလေး သူ့အနား မယောင်မလည်နဲ့ ကျွန်မသွားချတော့ တတ်လည်းတတ်နိုင်တယ်ဆိုတဲ့ အကြည့်နဲ့ မျက်လုံး ၀င့်ကြည့်လျှက်က အလိုက်သတိ ရှောက်သီးကို လှီး၊ စိတ်ပေးပါတယ်။
အဲ့ဒီအချိန်မှာ ကျွန်မက ဘူးသီးဟင်းခါးအိုးကို နွှံထားတဲ့ငါး တစ်ဇွန်းစာလောက် ယူထည့်၊ မှိုခြောက် ပန်းခြောက်ခပ်၊ ဆူပွက်လာတော့ ငရုပ်ကောင်းခပ် ချထားလိုက်တယ်။
တအောင့်နေတော့ အကြော်၊ အညှော်တွေ လုပ်တော့မှာမို့ သားပြည့်နဲ့ သူ့အဖေကို မီးဖိုထဲက ကျွန်မ ထွက်ခိုင်းလိုက်တယ်။ ခုန ကြက်သွန်ဖြူဆီချက် လှယ်ထားတဲ့ ဆီလက်စ ဒယ်အိုးလေးကို မီးဖိုပေါ်ပြန်တင်၊ ဆီထပ်ထည့်ပြီး ပဲပုတ်ပြားကို မတူးအောင် မီးမြှင်းမြှင်းလေးနဲ့ ကြော်လိုက်တယ်။
တလက်စတည်း ဒယ်အိုးဆီလက်ကျန်မှာ ငါးထမင်းနဲ့ တွဲစားဖို့ ၀ယ်လာတဲ့ မြေပဲစိမ်းကို ခုနလိုပဲ မတူးသွားအောင် မီးမြှင်းမြှင်းလေးနဲ့ ကြော်၊ ကျက်တော့ အအေးခံပြီး မပျော့သွားအောင် ဖန်ပုလင်းလေးထဲ ထည့်၊ လေလုံအောင် ပိတ်ထားလိုက်တယ်။
လက်ကျန်ဆီနဲ့ ၀ယ်လာတဲ့ ငရုပ်သီးခြောက်အတောင့်ရှည်ကို ဆီပူထိုး ကြော်လိုက်တယ်။ သူ့ကိုလည်း ခုန မြေပဲလိုပဲ မပျော့သွားအောင် ပုလင်းတစ်လုံးထဲ ထည့်ပိတ် ထားလိုက်တယ်။
နောက်ဆုံး ဒယ်အိုး ဆီပူဖင်ကပ်မှာ ငရုပ်သီး အကျက်မှုန့်ကိုထည့်၊ ဆားနည်းနည်း ဖြူးလို့ အစပ်ကြိုက်သူ ကျွန်မနဲ့ သားပြည့်အဖေအတွက် ငရုပ်သီးမှုန့် ဆီကြော်လေး လုပ်ထားလိုက်တယ်။
ဖေဖေက မီးဖိုထဲ ၀င်လာပြီး “ မကျက်သေးဘူးလား… ဆာနေပြီနော်” လို့ လာစတယ်။ ကြည့်လိုက်တော့ အားလုံး အရံသင့်ဖြစ်နေပြီ။ မီးဖိုထဲက စားပွဲပေါ်မှာ လုပ်ပြီးသားများက အစီအရီ။ ဖေဖေ့ကို ၅မိနစ်စောင့်လို့မှာလိုက်ပြီး၊ အိမ်ရှေ့က သားအဖကို လှမ်းအော်ခေါ်လိုက်တော့ မီးဖိုချောင်ထဲ အပြေးရောက်လာကြတယ်။
ထမင်းနယ်ကာနီးမှ ကြော်ထားတဲ့ ပဲပုတ်ပြား မထောင်းရသေးတာကို သတိရတယ်။ သားပြည့်က “ ဒါလေးများ.. သား ထောင်းပေးမှာပေါ့” ဆို အားပါးတရ ပဲပုတ်ပြားကို မှုန့်ညက်နေအောင် ငရုပ်ဆုံနဲ့ ထောင်းပေးတယ်။ သူက ကူလုပ်ပေးချင်နေတာဆိုတော့ ပဲပုတ်တွေ ငရုပ်ဆုံအပြင်ကို လွင့်မစင်လေအောင် အဖေဖြစ်သူက ငရုပ်ဆုံနှုတ်ခမ်းကို လက်ဝါးနဲ့ ကာပေးရတယ်။ ထမင်းထဲ ထည့်နယ်ဖို့ ပြင်ဆင်ထားတဲ့ အမယ်များက ညမနက်စာမို့ ညစာအတွက် တစ်ဝက်ခွဲ ဖယ်သိမ်းထားလိုက်တယ်။
ကဲ… ငါးထမင်း စပြီး နယ်လို့ ရချေပြီ။ သားအမိသားအဖ သုံးယောက် ရလာမယ့် ရလဒ်ကို လက်တွေ့ သုံးသပ် ချင်နေကြပြီ။ အသင့်ဆောင်ထားတဲ့ တစ်ခါသုံး လက်အိတ်အပါးလေးကို ကျွန်မရဲ့ လက်နှစ်ဘက်မှာ စွတ်လိုက်တယ်။ ခုန ဖြန့်ထားတဲ့ ထမင်းဇလုံကို ယူလိုက်တော့ အပူအရှိန်က တစ်ဝက်လောက် လျော့သွားပြီ။ ရေအနည်းငယ် ပိုထည့်တည်ထားလို့ ထမင်းက ဆန်လုံးမပျက်၊ ပျော့ပျော့ပျောင်းပျောင်းနဲ့ နယ်လို့ ကောင်းတဲ့ အနေအထားပေါ့။
သားပြည့်နဲ့ သူ့အဖေက ကျွန်မ ပြောတဲ့အတိုင်း ထမင်းဇလုံထဲကို တစ်မျိုးစီထည့်ပေးတယ်။ ပထမ ထမင်းထဲကို ဆားသင့်ယုံ ဖြူးလိုက်တယ်။ ပြီးတော့ နွှံထားတဲ့ ငါး၊ ခရမ်းချဉ်သီးချက်၊ ပဲပုတ်ထောင်း၊ ကြက်သားမှုန့် နည်းနည်း၊ နှမ်းဆီ.. အားလုံးကို ဖြန့်ပြီး ဖြူးထည့်လိုက်တယ်။
ပြီးတာနဲ့ သားပြည့်အဖေက ထမင်းဇလုံ ငြိမ်အောင် လက်နှစ်ဘက်နဲ့ကိုင် ထိန်းပေးတယ်။ ကျွန်မက လက်နှစ်ဘက်နဲ့ ထမင်း နွေးနွေးကို အဆာပလာတွေနဲ့ သမသွားအောင်၊ အထက်အောက်၊ ဘယ်ညာ၊ စိတ်ရှည်လက်ရှည် နယ်လိုက်တယ်။ ထမင်းနဲ့ အဆာတွေ တစ်သားထဲ ဖြစ်သွားချိန်မှာ ထမင်းက စီးပိုင်ပြီး မွှေးရနံ့တွေ ထွက်လာပါတယ်။
ဘေးမှာ ကြည့်နေတဲ့ သားပြည့်တစ်ယောက် မနေနိုင်တော့ပဲ “မေမေ .. သား အရသာ မြည်းပေးမယ်.. နည်းနည်းခွံ့” ဆို တောင်းဆိုလာပါတယ်။ လက်ဖျားလေးနဲ့ နယ်ထားတဲ့ ထမင်းစအနည်းငယ် ခွံ့ပေးလိုက်တော့ မျက်တောင်လေး စင်းပြီး ဇိမ်ယူ မြုံ့ပြနေတဲ့ သားပြည့်မျက်နှာကြောင့် ကျွန်မတို့ မီးဖိုလေးထဲ ရယ်သံတွေ ပျံ့သွားပါတယ်။
နယ်ထားပြီးသား ငါးထမင်းစိမ့်ကို ခြောက်သွေ့တဲ့ အိုးသန့်သန့်တစ်လုံးမှာ ဖိထည့်ထားလိုက်ပါတယ်။ ကျွန်မက မောလို့ မစားချင်သေးပေမယ့် ဖေဖေနဲ့ သားပြည့်တို့ သားအဖက ငါးထမင်းစိမ့် စားချင်နေကြပြီ။
သေချာ ပြင်ဆင်ပေးမှ စားလို့ ပိုစွဲဆောင်မှု ရှိမှာဆိုတော့ ကိုယ့်ဟာကို ခူးစားတော့လို့ ပြောလို့မရ။ ဒီတော့ ပြီးဆုံးတဲ့အထိ ပြင်ပေးဖို့ သုံးယောက်စာ ပန်းကန်ပြားသုံးချပ် စင်ပေါ်က လှမ်းယူလိုက်တယ်။
အနေတော် ပန်းကန်းလုံးထဲကို ခုန ငါးထမင်းနယ် ဖိသိပ်ထည့်လိုက်တယ်။ ပြီးရင် ပန်းကန်လေးလုံးကို ပန်းကန်ပြား အလည်တည့်တည့် မှောက်ချလိုက်တယ်။ ထမင်းခုံးခုံးလေးပေါ်ကို ကိုက်တို့ဖို့ ကြက်သွန်ဖြူနဲ့အတူ ကြက်သွန်ဖြူဆီကျက်၊ နံနံပင်လေး ဖြူး၊ ပန်းကန်ပတ်ပတ်လည် ဘေးနေရာပိုလေးမှာတော့ မြေပဲကြော်၊ ဂျူးမြစ်၊ ငရုပ်သီးအတောင့်ကြော်၊ ရှောက်သီးစိတ်လေးနဲ့ ၀ိုင်းပတ်လို့ အခုလို အလှဆင်လိုက်တယ်။
ငါးထမင်းစိမ့် ပြင်ထားတာကြည့်ပြီး သားပြည့် နှုတ်က အခုလို အသံထွက်လာတယ်။
“ ၀ိုးးးး မိုက်တယ် မေမေရာ”
ကျွန်မဖေဖေနဲ့အတူ သားပြည့်တို့ သားအဖ သုံးယောက်သား ထမင်းစားပွဲမှာ ငါးထမင်းစိမ့်ကို ခေါင်းမဖော်စတမ်း စားနေကြတယ်။ ကျွန်မက မောမောနဲ့ သူတို့စားတာကြည့်ပြီး ၀နေလေပြီ။
ဘူးသီးဟင်းခါး ပူပူလေး ခပ်ပေးနေတဲ့ ကျွန်မကို ပလုတ်ပလောင်း စားနေတဲ့ သားပြည့်က လောဘတကြီးနဲ့ အခုလို လှမ်းပြောလိုက်တယ်။
“ မေမေ.. သား မ၀သေးဘူး၊ သားအတွက် နောက်ထပ် လှလှလေးတစ်ပွဲ အဆင်သင့် ကြိုလုပ်ထားပေးပါ ”
ကျွန်မ လှည့်လည်း ကြည့်လိုက်ရော ပြုံးမိသွားတယ်။ ဘာလို့ဆိုတော့ ကျွန်မဖေဖေနဲ့အတူ၊ သားပြည့်အဖေကပါ ကျွန်မကို လက်ညှိုးတစ်ချောင်းစီ ထောင်ပြလို့။
(ကျေးဇူးစကား – ငါးထမင်းစိမ့် လုပ်စားတတ်အောင် လက်တွေ့လုပ်ပြပြီး ကျွေးခဲ့ဘူးတဲ့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဘက်တစ်ဦး ဖြစ်ခဲ့ဘူးတဲ့ ညီမ နန်းဝိုင်းမောင်မောင်ကို ကျေးဇူးမှတ်တမ်း တင်ချင်ပါရစေရှင်။)
ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

































မမရေ
နေခြည့်ဆိုဒ်လေးထဲက Feedမှာ ပို့စ်အသစ်လေးတွေ့လို့ ၀င်ဖတ်လိုက်တာ
ဟီး ဖတ်လို့ကလည်းကောင်းတယ်မမ ၁၂နာရီဆိုတော့ ထမင်းကလည်းစားနေပြီ
စားနေတဲ့ထမင်းချိုင့်တောင်မှ စားပွဲချပြီး ပြီးအောင်ဖတ်ရတယ်မမရေ
မမချက်တဲ့ ငါးထမင်းဆိမ့်တောင် စားချင်လာပြီ..
ဟိုနေရာလေမမ…ဒေါ်မြသွေးနီရေ လို့ အော်တဲ့နေရာလေးကို သဘောကျတယ်မမ
ပြီးတော့ မင်းအတွက် ပို့စ်တစ်ပုဒ်တောင်ရသေးဆိုတာလေ..ဟဲ အတူတူပဲပေါ့ ပြုံးပြီး အသံတွေတောင်ထွက်ပြီး ရယ်မိတယ်မမရေ
ကျေးဇူးပါမမ
မမတို့မိသားစုဘဝပျော်ရွှင်စရာလေးပါ။ သားပြည့်လေးကလဲ လိမ္မာလိုက်တာ။
ကြုံရင်တော့ မမရဲ့ငါးထမင်းဆိမ့်လေး စားချင်တယ်။းD
အစ်မရေ အစ်မတို့မိသားစုအကြောင်းဆို အမြဲတမ်းကို ပိတီအပြည့်နဲ့ ဖတ်ရတာချည်းပဲ အရမ်းသဘောကျတယ် အဲလို မိသားစုလေးနွေးနွေးထွေးထွေးနဲ့စားရတာဆိုတော့ ငါးထမင်းစိမ့်က ပိုလို့အရသာကောင်းနေမှာပါနော်…
မမ..
ငါးထမင်းစိမ့် အရမ်းကြိုက်တဲ့ သဒ္ဓါတော့ နှစ်ပွဲစားမယ်။ စာလေးဖတ်လိုက် ဂလုမြည်လိုက်.. ထပ်ဖတ်လိုက် ဂလုမြည်လိုက်နဲ့ပဲ စာတစ်ပုဒ်လည်း ပြီးရော. ဗိုက်လည်း တင်းပါရောလားးး
မေတ္တာတွေနဲ့ ပြည့်သွားပြီ မမရေ..
ချစ်တဲ့
ညီမသဒ္ဓါ
မမရေ … အလွန်ပျော်ရွှင်ခဲ့ရသော စူပါဆန်းဒေးလေးဖြစ်ခဲ့မှာပေါ့နော် … ပျော်စရာကြီး … မမရဲ့လက်ရာ ငါးထမင်းစိမ့်လေးလည်း စားချင်လိုက်ပါဘိ …
စမ်းလုပ်ကြည့်ဦးမယ် မမရေ….. ပဲပုတ်၊ ဂျုးမြစ် တော့ ဒီမှာ အလွယ်မရဘူး။ ပဲပုတ် မပါရင်တော့ အရသာက လိုမယ်ထင်တယ်နော်။ ဒါမယ့် စမ်းကြည့်ဦးမယ်း)
အတော်ပဲ ..
ငါးထမင်းနယ် လုပ်စားရရင် ကောင်းမလား စဉ်းစားနေတာ ..
ဒါပေမယ့် ဘယ်နားက စလုပ်ရမှန်းမသိ ဖြစ်နေတာနဲ့ .. ကျေးကျေး မမ ..း))
ငါးထမင်းရဲ့ နှစ်သက်ဖွယ်အရသာရော
မိသားစုလေးရဲ့ ကြည်နူးဖွယ် အရသာလေးပါ ပေါင်းစပ်လို့ တကယ့်ကို ချိုမြိန်ဖွယ်ရာ ထမင်းပွဲလေးပါလားနော်။
မမ
အာလူးလေးပါပြုတ်ပြီးထည့်လေ ပိုစိမ့်တယ်။
ညီမလဲ ဒီမှာ ခဏခဏ လုပ်စားဖြစ်တယ် သိလား။။။
ဘယ်အချိန်ပဲ စားစား မရိုးဘူး အရမ်းအရသာရှိတယ်။
ညီမ
နှင်း
မိသားစုတစ်စုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ နားလည်မှု အလိုက်သိမှုလေးတွေနဲ့ ဖွဲ့တည်ထားတဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုလေးရဲ့ ထမင်းစားပွဲဝိုင်းလေးကို အလည်ရောက်ခဲ့တယ် မြသွေးရေ။ အေးချမ်းတဲ့မိသားစုလေးအဖြစ် ထာဝရရပ်တည်ပိုင်ဆိုင်ခွင့်ရပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မကြီးမြသွေး
မိသားစုထမင်းဝိုင်းလေးကိုလည်းအားကျတယ်..
ငါးထမင်းလည်းစားချင်တယ်…
ခင်တဲ့ ပစ်ပစ်
ဖတ်ရင်းနဲ့ ဂလု၊ ဂလုကိုဖြစ်လို့
မမမြသွေးရေ..
နွေးထွေးတဲ့ မိသားစုထမင်းဝိုင်းကို မမြင်ရပဲနဲ့တောင် အရေးအသားနဲ့တင် ကြည်ကြည်နူးနူး ခံစားရပါတယ်။
ချက်နည်းလည်းမှတ်သွားပါတယ် မရေ.. ပိတ်ရက်မှာလုပ်စားရစရာတစ်ခုတိုးလို့ ကျေးဇူးတင်ပါတယ် မ
အစ်မရေ— ဖတ်နေရင်းကို စားချင်လာတယ်
အားတဲ.နေ.လုပ်စားမယ် ။ နည်း ရပြီ ။ ကျေးဇူး မ
စားချင်ထှာမမမြသွေနီရာ….ရှလွှတ်….
အရမ်း သဘောကျပါတယ်…
မိသားစုလေးကိုရော…
ငါးထမင်းစိမ့် လေးရော…
thasnk you so much.your fish cooked rice.
တကယ့်ကို ချစ်စရာ မိသားစုလေးပါပဲဗျာ..၊ ငါးထမင်းဆိမ့် ဘယ်လိုဖြစ်လာတာလဲ ဆိုတာ အစကနေ ပြောသွားတော့ ဖတ်ရသူတွေပါ တပြုံးပြုံးနဲ့..၊ အမမြသွေးနီကို ပို့စ်တစ်ပုဒ် ရမယ်လေ ဆိုပြီး အကိုက လှမ်းပြီးချည်လိုက်တာ သဘောကျတယ်၊ မိဘကို ကူညီတဲ့ သားပြည့်ကလည်း လိမ္မာလိုက်တာ..၊ မေတ္တာတွေ အပြန်အလှန်နဲ့ တစ်ယောက်တစ်လက် ကူပြီးချက်တဲ့ ငါးထမင်းဆိမ့်က အရသာရှိမှာ အသေအချာပဲဗျို့..၊ သွားရည်တွေကျရင်း ဖတ်သွားပါကြောင်း…။း)
မမ.. ရေ အရမ်းကြိုက်ပေမယ့် တခါမှ မလုပ်စားဖူးဘူး.. အခုတော့ ကိုယ်တိုင် လက်စွမ်းပြကြည့်လိုက်အုံးမယ် ..ကျေးဇူးပါ..မမ
မမရေ… ငါးထမင်းစိမ့်နဲ့ ဘူးသီးဟင်းခါးလေးရော၊ ပျော်ရွှင်ကြည်နူးဖွယ် မိသားစုလေးအကြောင်း ကိုရော အားကျ နှစ်သက်စိတ်နဲ့ ဖတ်ရှုသွားပါကြောင်း။
မိသားစုတွေ အတူတူချက်ပြုတ်ကြတဲ့ ငါးထမင်းစိမ့်လေးက ချစ်ခြင်းမေတ္တာတွေ ထည့်လောင်းထားလို့  အရသာရှိရှိ စားကောင်းနေမှာ သိပ်သေချာတယ်…
ပျော်စရာ မိသားစုဘ၀လေးတွေကို မြင်ရတာ ကြည်နူးမိတယ်။
ငါးထမင်းဆိမ့်ကလေးကလဲ တကယ့် လျာရည်ကျချင်စရာကြီး။း)
I’M SO INTEREST TO MAKE GOOD MEAL FOR MY FAMILY,THANKS ALOT PAR
BE HAPPY & HEALTHY WITH THE FAMILY
Next time you do it, pls share one for me.
I want to eat.
ဒီပိုစ့်လေး ဖတ်ပြီး ၀မ်းသာ ၀မ်းနဲ မျက်ရည်ဝဲသွားတယ် ညီမရေ..
ဝမ်းသာတာကတော့ ညီမတို့ မိသားစုလေးရဲ့ ချစ်စရာ ရင်းနှီးမှု့လေးတွေကို နွေးထွေးစွာ
ခံစားရလို့၊ ၀မ်းနဲတာကတော့ ဘယ်တော့မှ ပြန်မဆက်နိုင်အောင် တစစီကွဲကြေသွားတဲ့ ကိုယ့်ဘ၀လေးကို ပြန်သတိယစေလို့ပါ။ ညီမ စာလေးတွေ အမြဲလာဖတ်ဖြစ်တယ်နော်…
ဖတ်ရင်းနဲ့ ဗိုက်တောင်ဆာလာတယ်…
အရေးသားလဲကောင်း ဟင်းချက်လဲကောင်း…
မိသားစုဘ၀လေးကလဲနွေးနွေးထွေးထွေးနဲ့ တိုးဝှေ့ဝင်စားပစ်လိုက်ချင်တာ…
အရမ်းကို စားကောင်းမှာပဲနော် နောက်မှအိမ်မှာ လုပ်စားကြည့်တော့မယ် ကျေးဇူးပါ