အိပ်မက်တို့ မြစ်ဖျားခံရာ (၃)

Number of View: 7902

 အိပ်မက်တို့ မြစ်ဖျားခံရာ (၃) အတွက် ဒီလထုတ် ဗြူတီမဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရတဲ့ “ကောက်ရိုးလေးတစ်မျှင် ” ဆိုတဲ့ ၀တ္တုလေးကိုပဲ ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒီဝတ္တုလေးက   မေလ ဆန်းတုန်းက မဂ္ဂဇင်းတိုက်ကို ပို့ထားခဲ့ပြီး ၀က်ဘ်ဆိုက်မှာတော့ မေလကုန်မှာ တင်ခဲ့ဖြစ်တဲ့ ၀တ္တုလေးပါ။

ဒီဝတ္တုလေး ရေးဖြစ်ဖို့ စေ့ဆော်ခဲ့တဲ့ အကြောင်းအရာ နှစ်ခုရှိခဲ့တာကို ပြောပြချင်ပါတယ်။

 

ထမအကြိမ်စေ့ဆော်မှု

ကျွန်မ လမ်းသွားရင် အရမ်းကို စူးစမ်းတတ်ပါတယ်။ လမ်းမှာ လှုပ်ရှားသွားလာနေကြတဲ့ လူထဲက လူတွေရဲ့ အပြောအဆို၊ အပြုအမူတွေကို က၊ျွန်မ အလွန်  စိတ်ဝင်စားပါတယ်။ ပတ်ဝန်းကျင် လေ့လာမှုအား ကောင်းလွန်းလို့ ကားနဲ့ တိုးခံရတာလည်း အကြိမ်ကြိမ်၊ ခလုတ်တိုက်လို့   ခြေသည်းတွေ ကျိုးပဲ့ရတာကလည်း အခါခါပါ။

 ကျွန်မရဲ့ ပင်ကိုယ်စိတ်က ဆင်းရဲသူ၊ နွမ်းပါးသူကို နှိမ့်ချဆက်ဆံရင် သဘောမကျတတ်ပါဘူး။ ဆင်းရဲနွမ်းပါး သူများထဲကမှ ကလေးသူငယ်များနဲ့ သက်ကြီးရွယ်အိုများကို အဆင်မပြေတာများ
တွေ့မြင်ရရင် စိတ်ထဲမှာ ဘယ်လိုမှ မကောင်းပါဘူး။ မျက်စိရှေ့မှောက် ရောက်လာရင် ကျွန်မ မျက်နှာလွဲ ခဲမပစ်တတ်တော့ နိုင်နင်းသလောက်လေး တစ်ခုခုတော့ ပေးလှူလိုက်ရမှကျေနပ် တတ်သူ ဖြစ်ပါတယ်။

ကျွန်မ သားပြည့်ကို စနေ တနင်္ဂနွေ သူ့ရဲ့ အင်္ဂလိပ်စာ သင်တန်းကျောင်းကို လိုက်ပို့ပေးဖြစ်ပါတယ်။ သားပြည့် သင်တန်းတက်ချိန် ၂နာရီမှာ ကျွန်မ ဈေးဝယ်စရာ ရှိရင်ဝယ်၊ မရှိရင် စာအုပ်ဆိုင်တွေဘက် တမေ့တမော ခြေဦးလှည့်တတ်ပါတယ်။ သားပြည့် ကျောင်းဆင်းချိန် နီးမှ ကျွန်မပြန်သွား ကြိုပါတယ်။ တစ်ရက်မှာ သင်တန်းနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ရှော့ပင်မောလ် တစ်ခုမှာ ကျွန်မအချိန်ဖြုန်းဖို့ စိတ်ကူးမိတာမို့ တစ်ဘက်ကားလမ်းမကို ကူးမလို့ လုပ်ပါတယ်။ အဲ့ဒီမှာ မလှမ်းမကမ်း ပေါ်တီကို အောက်ကို ကျွန်မအကြည့် ရောက်သွားချိန်မှာ ကျွန်မ   ခြေလှမ်းများက လမ်းမကူးနိုင်တော့ပဲ ပေါ်တီကိုအောက်ဆီ ခြေဦးလှည့်လိုက်မိပါတယ်။

အသားဖြူဖြူ၊ အိကျီ င်္အဖြူနွမ်းနွမ်းနဲ့ ခပ်၀၀ အဘွားအိုတစ်ယောက်။ ဖွေးဖွေးဖြူနေတဲ့ ဆံပင်များကို ငယ်ထိပ်မှာ အထုံးလေးထုံးလို့။ ယောဂီတဘက်ကို ပုခုံးပေါ်တင်လို့။ ပဆစ်တုတ် ထိုင်လျှက်က သူ့ခန္ဓာကိုယ်ကို အရှေ့သို့ ငုံ့ကိုင်း၊ လက်တစ်ဖက်က ရှေ့ဖက်ကို ဆန့်တန်းလို့၊ ခေါင်းလေးက တဆတ်ဆတ်တုန်ခါကာ အလှူခံနေလေတာ။ ကျွန်မအိတ်ထဲ သီးသန့် အမြဲသိမ်းထားတတ်တဲ့ လက်ထဲက ငွေအကြွေစက္ကူများသိမ်းထားတဲ့ အကန့်လေးထဲ လက်က အလိုလို   ရောက်သွားပါတော့တယ်။ အဘွားရဲ့ လက်ထဲ အလှူငွေ ထည့်လိုက်ပြီးချိန်မှာ အဘွားမျက်နှာကို ကြည့်လိုက်တော့ မျက်လုံးအစုံ ပိတ်လျှက်။ အဘွားထိုင်ရာနေရာ   ပေါ်တီကိုအောက်မှာဆိုပေမယ့် အဘွားခန္ဓာကိုယ်တစ်ဝက်ကို နေရောင်က ထိုးနေလေပြီ။

ကျွန်မ မနေနိုင်တော့။

 “ အဘွား.. အရိပ်ထဲ နည်းနည်း တိုးရွှေ့ရအောင်.. နေအရမ်းပူနေပြီ ”

ကျွန်မ ပြောပြောဆိုဆို မနေနိုင်တော့ပဲ ဘေးနား နေရိပ်ရာကို အဘွားကိုယ် အလေးကြီးကို မလျှက်
ရွှေ့ပေးလိုက်တယ်။ အဘွားက မျက်လုံးလေး မှိတ်လျှက်က ခေါင်းလေးတရမ်းရမ်းနဲ့ ကျွန်မ လုပ်ပေးတဲ့အတိုင်း   နေရိပ်ရာမှာ ရွှေ့ထိုင်တယ်။

“ အဘွားက မျက်လုံးကွယ်နေတာလား ”

အဘွားက တုန်ခါနေတဲ့ ခေါင်းပဲ ညှိတ်ပြတယ်။

“ဒါဆို အဘွား ဒီကို အိမ်ကနေ ဘယ်လိုလာသလဲ”

အဲ့ဒီမှာ ကျွန်မ သတိမထားမိလိုက်တဲ့ ဘေးနားက ခပ်နွမ်းနွမ်း အမျိုးသမီးတစ်ယောက် ၀င်လာပြီး “ ကျွန်မတို့နဲ့ အတူတူလာတာ” လို့ ၀င်ပြောပါတယ်။    မျက်မမြင်အဘွားမှန်း သိလိုက်ရလို့ ပိုဂရုဏာသက်သွားပြီး ကျွန်မလက်က အိတ်ထဲ နောက်တစ်ကြိမ် ရောက်ပြီး ထပ်မံ လှူဖြစ်ပြန်ပါတယ်။

အဘွားနဲ့ လမ်းခွဲအပြီး ကျွန်မ ဈေးသွားဝယ်ခဲ့တယ်။ ဈေးဝယ်အပြီး သားပြည့် ကျောင်းချိန်အမှီ ကြိုဖို့ ကျွန်မ ပြန်လာခဲ့ပါတယ်။ အဲ့ဒီအပြန်လမ်းမှာ ပန်းခြံတစ်ခုနဘေးကနေ ကျွန်မဖြတ်ရပါတယ်။ အဲ့သည်မှာ အမှတ်မထင် မြင်ကွင်းက ကျွန်မ ခြေလှမ်းကို တုန့်ခနဲ ဖြစ်အောင် ဆွဲထားလိုက်ပါတယ်။ ခုနက မျက်မမြင် ခေါင်းတတုန်တုန်နဲ့ အဘွားက သူ့ကို ခေါ်လာပါတယ်ဆိုတဲ့ အမျိုးသမီးနဲ့အတူ ပန်းခြံဘေးက အုတ်ခုံလေးမှာ ထမင်းထိုင်စားနေတာကို တွေ့လိုက်ရလို့ပါဘဲ။ ထူးခြားတာက အဘွားက ခေါင်းလဲ မတုန်တော့၊ မျက်လုံးကလည်း ပကတိအကောင်း ဟိုသည်ကြည့်လျှက်။

ကျွန်မရဲ့ ပင်ကိုယ် စိတ်အခံက စောစောတုန်းက  ကျွန်မပေးဆပ်ခဲ့ မိတဲ့   စေတနာသန့်သန့်အပေါ် ရုတ်ချည်း ဖုံးအုပ်သွားတယ်။ ကျွန်မ ခြေထောက်တွေ အဘွားဆီ လှမ်းမလို့ လုပ်စဉ်မှာပဲ အဘွားက အကူအညီမပါ ထိုင်ရာက ပုံမှန်အတိုင်း ထကာ၊ ချိုင့်ထဲက ထမင်းစေ့လက်ကျန်များကို အနားက ခိုများအား သေချာ ကျဲပက် ကျွေးလို့။

ကျွန်မ စိတ်ကို လျော့ချလိုက်တယ်။ အဘွား ကျွန်မကို မမြင်အောင် တစ်ဘက်လမ်းကို ကူးပြီး ကျွန်မ ပြန်ခဲ့မိတယ်။

 

ဒုတိယအကြိမ်စေ့ဆော်မှု

ကျွန်မ ရုံးသွားတိုင်း ရုံးနားက ကားမှတ်တိုင်နားမှာ အလှူခံနေတတ်တဲ့ အမေကြီး တစ်ယောက်ကို သတိထားမိတယ်။ အမေကြီးကို ရုံးတက်ရက် နေ့စဉ်နီးပါးလောက် ကျွန်မ လှူမိတယ်။ အမေကြီးကို မတွေ့တဲ့နေ့ဆို နောက်နေ့ ကျွန်မတွေ့ရင် မေးမိတယ်။ အမေကြီးကလည်း ကျွန်မကိုမဆုံမိရင်
တွေ့တဲ့အခါ မေးတတ်ပြန်တယ်။ မှတ်မှတ်ရရ အမေကြီးကို ကျွန်မ အနွေးထည် တစ်ထည် လှူခဲ့ဘူးတယ်။ ကျွန်မရုံးပြန်ချိန်ဆို ရုံးလာရာလမ်းနဲ့ ဆန့်ကျင်ဘက် အပေါ်လမ်းကနေ ပြန်ရတာမို့ အမေကြီးနဲ့ ကျွန်မနေ့စဉ် ရုံးကိုလာတဲ့ မနက်ပိုင်းမှာသာ တစ်ကြိမ်   တွေ့ခွင့်ရပါတယ်။ အမေကြီးဘေးမှာ လွယ်အိတ်တစ်လုံး အမြဲရှိတယ်။ တောင်ဝှေးရှိတယ်။ အမေကြီး ခါးက ကိုင်းနေတယ်။

တစ်နေ့၊ ကျွန်မ နေ့လည်တစ်နာရီလောက် အမှတ်မထင် ရုံးအောက်ကိုဆင်းဖို့ ကိစ္စတစ်ခု ပေါ်လာ တယ်။ ရုံးအောက်ကနေ ငါးမိနစ်လောက် လျှောက်ခဲ့အပြီးမှာ ခုနက အမေကြီးကို ကျွန်မ မမျှော်လင့်ထားတဲ့ အနေအထားနဲ့ ကျွန်မ တွေ့လိုက်ရတယ်။ အမေကြီးက ထမိန်စွန်တောင်ဆွဲလို့ ၊  နွမ်းပါးတဲ့ ဆယ်နှစ်ခန့် ကလေးငယ်တစ်ယောက်ကို လက်ညှိုးငေါက်ငေါက် ထိုးလျှက်က ပါးစပ်က အယုတ်တ္တ အနတ္တတွေ ဆဲဆိုနေတာ။ ကျွန်မမှာ အံ့သြမင်တက်လို့ပေါ့။

ဘာလို့မှန်းမသိ၊ ကျွန်မရှေ့က သွားနေတဲ့ လူတစ်သူကို အကာကွယ်ယူလို့ ကျွန်မကိုယ်ကို အမေကြီး လှမ်းမမြင်နိုင်အောင် ကွယ်ဝှက်သွားလိုက်တယ်။ အမေကြီးရဲ့ အရွယ်နဲ့မမျှတဲ့ တင်းမာတဲ့၊ ကြမ်းတမ်းတဲ့ စကားသံတွေက ကျွန်မ နောက်ကို ကပ်လိုက်လာတယ်။

 

ဒီအကြောင်းအရာလေးနှစ်ခုက ကျွန်မစိတ်ကို တနုံ့နုံ့ ဖြစ်စေတယ်။ ရက်အတော်ကြာတဲ့အထိ စိတ်ထဲမှာ မရှင်းဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကျွန်မစိတ်တွေ သက်သာရာရဖို့ ဖြောင့်ဖျ စကားတွေကို  ကြားရပြီးချိန်မှာတော့  “ကောက်ရိုးလေးတစ်မျှင်” ၀တ္တုကို ကျွန်မ ချရေးဖြစ်ခဲ့ရပါတယ်။  လှူတဲ့အခါ စိတ်ဖြတ်ဖို့၊ လှူတတ်ဖို့၊ လှူတဲ့အချိန် စိတ်ထားမှန်ဖို့ လိုတာကို သိလာရပြီး ကိုယ်တိုင်လည်း ကြိုးစားအားထုတ်မိတတ်လာပါတယ်။

 


Beauty Magazine

No. 151, September 2012

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ. Bookmark the permalink.

11 Responses to အိပ်မက်တို့ မြစ်ဖျားခံရာ (၃)

  1. sosegado says:

    တစ်ခါတစ်လေမှာ ရေးဖြစ်တဲ့ အကြောင်းလေးတွေက ပိုပြီးစိတ်ဝင်စားစရာကောင်းပါတယ်၊

  2. အမမြသွေးရေ
    ဂျက်လဲ ရန်ကုန်မှာကျောင်းခဏတက်တဲ့အချိန် အဲလိုအဖွားအိုတွေမြင်ခဲ့ဖူးတယ် နှစ်တွေကြာခဲ့ပြီ
    အမရေးတာလေးဖတ်မိပြီးပြန်သတိရမိတာ ရန်ကင်းက သူငယ်ချင်းတွေက ကျွန်မကိုအရမ်းပြောတယ် သူတို့လိမ်ညာနေတာလို့ သူတို့က နယ်ခံ(အိမ်ရှင်) တွေလေ သိတာပေါ့ နယ်ကလာတဲ့ကျွန်မတို့ဘယ်သိပါ့မလဲ အားလုံးမဟုတ်ပေမယ့် အဲလိုလိမ်ညာတာတွေ
    ခုထိရှိနေသေးတယ်ပေါ့နော်

  3. ကူးကူးလှိုင် says:

    ဒီလိုအဖြစ်အပျက်တွေက ဒီရန်ကုန်မှာ တော်တော်များများတွေ့လာရတယ်အစ်မရေ…

  4. ဖြစ်မယ်လို့ ထင်မထားမိတဲ့ဖြစ်ရပ်အချို့တွေ ဖြစ်လာရင် သိပ်အံ့သြဖို့ ကောင်းတာပဲနော်…

  5. စေတနာသုံးတန်ပြတ်သားစွာနဲ့ လှူခဲ့တဲ့အလှူလေးအတွက် ကုသိုလ်ကနေ အကုသိုလ်ဖြစ် မသွားစေဘို့ တစ်ခါတစ်ရံ ဥပက္ခောပြုရတဲ့အကြောင်းလေးတွေပေါ့ မြသွေးရေ။ သွေးနဲ့ကိုယ် သားနဲ့ကိုယ်တည်ဆောက်ထားတဲ့ ပုထုဇဉ်လူသားမို့ မလိုဒေါသ လိုလောဘဆိုတာ ရှိစမြဲပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  6. အဲ့ဒါအမှန်ဆုံးပဲမမရေ
    အလှူအကြီးကြီးမှမဟုတ်ဘူး…လမ်းတွေ့လို့ ဒုက္ခရောက်သူကို
    လှူချင်စိတ်လေးဖြစ်လာတာရယ်၊ လှူပြီး ပီတိဖြစ်ရတာရယ်၊ လှူတဲ့အချိန်မှာ သန့်ရှင်းစင်ကြယ်နေတာရယ်တွေက စေတနာသုံးတန် ဧကန်ပေါ့မမရဲ့
    ကောင်းလိုက်တာနော်မမ
    နောက်ထပ်လည်း အများကြီးလှူနိုင်ပြီးတော့
    စိတ်တွေလည်း ကြည်လင်လန်းဆန်းနိုင်ပါစေနော်မမ။

  7. ကိုယ်က သနားစိတ်၊ ကူညီလိုတဲ့စိတ်၊ လူသားဆန်တဲ့ စိတ်နဲ့ ကူညီပြီးကာမှ အဲဒီလူတွေက ကိုယ့်ကို လိမ်သွားတာပါလားလို့ သိလိုက်ရတဲ့အခါ ရတဲ့ခံစားမှုက တကယ့်ကို မအီမသာကြီးပါပဲ၊ ခံစားချက်တွေ တစ်ခုမက စုပေါင်းနေတဲ့ စိတ်မျိုးလို့ ပြောရမယ် ထင်တယ်နော်…၊

    ကျနော်လည်း အဲဒီလိုမျိုး တစ်ခါ၊ နှစ်ခါလောက် ဖြစ်ဖူးတယ် အမမြသွေးနီရ..၊ တော်တော်လေး ခံရခက်ပါတယ်၊ လှူတဲ့အခါ စိတ်ကိုပိုင်းဖြတ်ပြီး လှူလိုက်တာ အကောင်းဆုံးပါပဲဗျာ…။

  8. may.nge says:

    မြတ်မွန်ဆိုတာ စာတစ်ပုဒ်ဘဲရေးပြီး ဆုရထားတာ။
    နောက်ပိုင်းသူဘယ်မှာရေးတော့လို့လဲ။
    အဲဒီတစ်ပုဒ်ကလဲ မြစ်ကျိုးအင်း ရေးပေးလို့မြတ်မွန်ဆိုတာ နာမည်ကြီးလာတာ။
    ဒီလိုလူမျိုးတွေရဲ့စာကိုများတလေးတစား စာအုပ်ထုတ်နေလိုက်တာ။
    ကိုရန်အောင် ၊ မြတ်မွန်ဆိုတဲ့ဘလော့မှသွားကြည့်ရဲ့လား။ ၃လတောင်ရှိပြီ။ စာမရေးတာ။ ရေးစရာမှမရှိတာ။ မအားလို့မဟုတ်ဘူး။ ရေးစရာမရှိလို့ မရေးတာ။
    သက်တံဆယ်စင်းတဲ့။ ရယ်ချင်တယ်။
    သူ့ထက်စာရေးကောင်းတဲ့သူတွေ အများကြီး။
    ကိုရန်အောင်ကို ဘာတွေများပူဇော်ပသထားလို့လဲ။
    အိမ့်ချမ်းမြေ.ရဲ့စာတွေလဲ ဖတ်မကောင်းပါဘူး။
    လျှောက်ရေးထားတာ။ ဘာ ရသမှ မရှိဘူး။
    ကိုရန်အောင် မတရားလုပ်လွန်းတယ်။
    မြစ်ကျိုးအင်းဆိုစာမရေးတာ တလရှိပြီ။ မအားတာ မဟုတ်ဘူး။ သူ့ကိုယ်သူ ဆရာကြီးဆိုပြီး တင်ချင်တဲ့အချိန်မှတင်တာ။
    ကိုရန်အောင်ကို အရင်က အရမ်းအထင်ကြီးလေးစားပါတယ်။ ခုတော့ အံ့ဩမိတယ်။
    ကိုယ်နဲ့ရင်းနှီးတဲ့သူတွေဘဲ စာအုပ်ထုတ်ထားတာ။ ဒါကောင်းလား။
    ကျန်တဲ့တော်တဲ့ ဘလော့ဂါမောင်နှမတွေ ဘယ်လောက်ခံစားရမလဲ။ နားလည်ပေးပါ။
    မြတ်မွန်ဆိုတာ မြစ်ကျိုးအင်းနဲ့ချစ်သူတွေလေ။ မဖော်ချင်ပါဘူး။။ ဖော်ရလောက်အောင်ဖြစ်လာတာကိုး။ မြတ်မွန်ဆိုတာ မြစ်ကျိုးအင်းကြောင့်ဖြစ်လာတာ။ ဒါဘဲပြောချင်တယ်။

    • Yan says:

      >may.nge ရေ…

      မအိမ့်ချမ်းမြေ့ရဲ့ ဒီပို့စ်လေးမှာလည်း ညီမ ဒီလိုကော်မန့်လည်း ရေးသွားခဲ့တယ်နော်.

      http://www.ainchannmyay.com/?p=1546#comments

      အဲဒီ့မှာ အကြောင်းပြန်ပေးခဲ့တဲ့အတိုင်းပဲ ညီမကို ပြန်ရေးပေးလိုက်ပါတယ်. ညီမ တစ်ခုခု မကျေနပ်ရင် ကိုယ့်ဘလော့ဂ်ရဲ့ ပို့စ်လေးမှာ လာပြောလို့ရပါတယ်. ကြားထဲက စာရေးသူတွေနဲ့ စာဖတ်သူတွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်လို့ပါ ညီမ.

      ********************

      >may.nge ရေ…

      စာရေးသူနဲ့ ကိုယ်ရေးကိုယ်တာကို တွဲတော့ မမြင်စေချင်ပါဘူး. လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိပါတယ်.

      may.nge အနေနဲ့ သဘောကျတဲ့ ဘလော့ဂါစာရေးဆရာတွေ ရှိရင်လည်း ကျွန်တော့်ကို ပြောပြပေးပါ. ကျွန်တော် ဆက်လက်ထုတ်ဝေသွားမယ့် အစီအစဉ်တွေရှိပါသေးတယ်.

      စာရေးတာမှာ တစ်ချို့က မကြာခဏ ရေးထုတ်နိုင်တယ်. တစ်ချို့ကတော့ တစ်ခါတလေမှပဲ ရေးနိုင်ကြတယ်.

      ခဏခဏ ရေးထုတ်နိုင်တိုင်း စာကောင်းတစ်ပုဒ် မဖြစ်နိုင်သလို တစ်ခါတလေမှ ရေးနိုင်ကြပေမယ့်လည်း စာညံ့တစ်ပုဒ် မဖြစ်နိုင်ပါဘူး.
      ကျွန်တော်ဆို တစ်လမှ တစ်ပုဒ်ကိုတောင် အနိုင်နိုင် တင်နေရပါတယ်. ဒါပေမယ့် ကျွန်တော် တင်လိုက်တဲ့ အပုဒ်တိုင်းအတွက် အကောင်းဆုံးဖြစ်အောင် ကျွန်တော်အားထုတ်မှု ပြုပါတယ်.
      ကျွန်တော်တို့မှာ စားဝတ်နေရေး၊ ပညာရေး၊ မိသားစုရေး စသည်ဖြင့် ရုန်းကန်လှုပ်ရှားနေရတဲ့ အချိန်တွေလည်း အများသားပါ. ရံဖန်ရံခါ အားလို့ စာလေးရေးမယ်ဆိုရင်တောင် လူမှုရေး ကိစ္စလေးတွေ ပါလာတတ်ပါသေးတယ်. ဒါကြောင့် စာဖတ်သူအနေနဲ့ စာရေးသူရဲ့ ပို့စ်လေးတွေကို မကြာခဏ ဖတ်နေချင်ပေမယ့် စာရေးသူတွေဖက်မှာလည်း အချိန် အကန့်အသတ်တွေ၊ ခံစားချက် အနိမ့်အမြင့်တွေ ရှိနေတတ်ကြပါသေးတယ်. အဲဒါကို နားလည်ပေးစေချင်ပါတယ် may.nge ရေ..

      ဒီစာအုပ်ထုတ်ဝေရာမှာ ရင်းနှီးသူတွေချည်းပဲ ဆွဲတင်သွားတယ်ဆိုတာကိုတော့ ၀မ်းနည်းစွာနဲ့ ကျွန်တော်ငြင်းရပါလိမ့်မယ်.

      ဒီစာအုပ်လေးထဲက စာရေးသူအချို့ဟာ ကျွန်တော်နဲ့ စကားတောင် စေ့စေ့ မပြောခဲ့ဖူးကြပါဘူး.
      အခု စာအုပ်လေးထဲမှာ ပါဝင်တဲ့ စာရေးဆရာ ဘလော့ဂါများဟာ မပါဝင်ဖြစ်သေးတဲ့ ဘလော့ဂါတွေထက် ပိုတော်နေ တတ်နေလို့ မဟုတ်သလို ပိုညံ့နေ ချာနေတာလည်း မဟုတ်ကြပါဘူး.

      စာရေးသူတစ်ယောက်ရဲ့ စာတစ်ပုဒ် ကောင်းခြင်း မကောင်းခြင်းဆိုတာ ချိန်ခွင်လျှာညှိလို့ရတဲ့ ကုန်ပစ္စည်းတစ်ခု မဟုတ်ပါဘူး. တက္ကသိုလ်ဘုန်းနိုင်ဟာ မောင်စိန်ဝင်းထက် ပိုပြီးတော်တယ်. ဆရာဇော်ဂျီရဲ့ ကဗျာတွေဟာ မောင်ချောနွယ်ထက် ပိုပြီး ကလပ်စစ်ဖြစ်တယ်လို့ တသမတ်တည်း ပြောလို့မရပါဘူး. ရေးပုံရေးဟန်တွေ ကွဲပြားကြသလို စာဖတ်သူရဲ့ ခံစားချက် အတွေးအမြင်လေးတွေပေါ်မှာလည်း မူတည်တတ်ကြပါတယ်.

      ဒီစာအုပ်ထုတ်ဝေလိုက်တဲ့အတွက် စာဖတ်သူတွေဆီက ပြန်ရလာမယ့် အသိအမှတ်ပြုခံရမှုကလွဲလို့ တစ်ခြားအကျိုးအမြတ် တစ်စုံတစ်ရာ မရှိပါဘူး.

      စာအုပ်ထုတ်ဝေရတာဟာ ဈေးကွက်ပေါ် မရောက်ခင်ကတည်းက ငွေကြေးအမြတ်အားဖြင့် ရှုံးနေပြီးသားဆိုတာ may.nge ကိုယ်တိုင် စာအုပ်ထုတ်ဝေရေးဖက် ကွင်းဆင်းလေ့လာကြည့်ရင် သိနိုင်ပါလိမ့်မယ်.

      ကဲ. ကျွန်တော့်ကော်မန့်ရှည်သွားပြီဗျာ. မမြသွေးနီရဲ့ ပို့စ်လေးနဲ့ မသက်ဆိုင်တဲ့နေရာမှာ ဒါတွေ ရှင်းပြပြောဆိုနေရတာ သူ့ကို မလေးမစားလုပ်ရာကျပါတယ်. ဒီပို့စ်လေးကို လာခဲ့လိုက်ပါ. ကျွန်တော် အားလုံးသိအောင် ပြန်ရှင်းပြပေးပါမယ်.

      http://yanaung.blogspot.com/2012/09/blog-post.html

      ခင်မင်လေးစားလျက်

      ရန်အောင်.

  9. မြင်ဘူးတယ် အစ်မရယ် .. စိတ်ထဲ မကောင်းသလို စိတ်လည်း တိုမိသားရယ် ..တတ်နိုင်ဘူးပေါ့နော် ..

  10. အစ်မရေ
    စာတစ်ပုဒ်ရေးဖို့ လုံလောက်တဲ့ စေ့ဆော်မှုတွေကအများကြီးလိုတယ်နော်.
    စေ့ဆော်မှုတွေများလာတော့လည်း စာလေးတစ်ပုဒ်ဖြစ်လာရော..
    ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာတတ်တာ စာရေးဖို့အကောင်းဆုံးကုန်ကြမ်းတွေပါဘဲ..

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>