စားကြမယ်ဟေ့ ထမင်းပေါင်း

Number of View: 14932

ပြီးခဲ့တဲ့အပါတ် သောကြာနေ့တစ်ရက်၊ ရုံးဆင်းချိန် ၅နာရီခွဲလောက်။ ဘလော့ဂါ မမေဓာဝီဆီက ဖုန်းဝင်လာတယ်။ သီတင်းကျွတ် ကျောင်းပိတ်ရက်မှာ ယဉ်ကျေးလိမ်မာ(၉)ရက်စခန်းကို မမေတို့ရဲ့ May International Education ကျောင်းမှာ ဖွင့်မှာမို့ သားပြည့်များ တက်ချင်လေမလားဆို တကူးတကန့် ဖုန်းဆက်ပါတယ်။ တစ်နေ့ကပဲ သားပြည့်ကို သီတင်းကျွတ် ကျောင်းပိတ်ရက် ဆယ်ရက်မှာ အကျိုးရှိတာတစ်ခုခု လုပ်ပါလားလို့ ပြောခဲ့ဘူးတာမို့ ဒီသတင်းအတွက် ၀မ်းသာသွားမိရပါတယ်။ ဒါပေမယ့် ဇွတ်မတိုက်တွန်းချင်ပဲ၊ သားပြည့်ကိုယ်တိုင် စိတ်ပါမှ လုပ်စေချင်တာမို့ အိမ်ပြန်ရောက်လို့ သားပြည့်ကို မေးကြည့်ပြီးရင် ပြန်ပြောပေးပါ့မယ်လို့ မမေကို ပြန်ပြောဖြစ်ခဲ့ပါတယ်။ အိမ်ရောက်လို့ သားပြည့်ကို (၉)ရက်စခန်းဝင်မလား   မေးကြည့်တော့ မိချောင်းသားလေးက အမေဖြစ်သူကို   မေးခွန်းတွေ ဆက်တိုက်   ပြန်ထုတ်ပါတယ်။ အိမ်မှာ မိဘနဲ့သားသမီး ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း   မေးရဲပြောရဲအောင်   လေ့ကျင့်ပေးထားပါတယ်။ သားပြည့်ရဲ့ဗီဇစိတ်ကိုကလည်း သူလုပ်မယ့်အရာ တစ်ခုကို ကိုယ်တိုင် ဂဃနဏ သိချင်တဲ့ စိတ်ရှိတယ်။

သူမေးတာက မေမေ့က ဘယ်လိုသိလာတာလဲ၊ ဘယ်နှစ်ရက်တက်ရမှာလဲ၊ ဘယ်အချိန် တက်ရမှာလဲ၊ ဘာတွေ သင်မှာလဲ၊ တက်ပြီးဘာတွေ သိလာမှာလဲ၊ ဘယ်သူတွေ သင်မှာလဲ၊…။ သူ့မေးခွန်းတွေကို တန်းစီဖြေပေး အပြီးမှာတော့ တက်မယ်လို့ သူဆုံးဖြတ်လိုက်ပါတယ်။ အဓိကက သူ့ကို ၀ယ်ပေးထားတဲ့ ဗုဒ္ဓ၀င်စာအုပ်ထဲက အကြောင်းတွေကို နှိုက်နှိုက်ချွတ်ချွတ် ထပ်မံ သိခွင့်ရမယ်ဆိုတာကြောင့် စပ်စုသားပြည့်တစ်ယောက် အတွေ့အကြုံအသစ်အတွက် တက်ကြွသွားပါတယ်။ ဒါနဲ့ မြသွေးနီလည်း မမေဆီ ဖုန်းဆက်ပြီး တက်မယ်ဆိုတာ ကွန်ဖန်းလုပ်လိုက်ပါတယ်။ အားလပ်ချိန်တွေကို တန်ဘိုးရှိစွာ အသုံးချဖို့ အခွင့်အရေးကို ပေးခဲ့တဲ့ မမေဓာဝီကိုလည်း ဒီနေရာက  ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။

ဖုန်းဆက်ပြီးတအောင့်နေတော့ သားပြည့်က အမေ့နဘေးတိုးဝှေ့ဝင်လာပြီး “ အမေ.. သင်တန်း တက်တဲ့အတွက် သားကို ဆုပြန်ချ ” လို့ ပြောလာပါတယ်။ မြသွေးနီက အပေးအယူကိစ္စဆို မနှစ်သက်သူမို့ မျက်ခုံးတွန့်ခေါက်ချိုးရင် မျက်မှန်အပေါ်ကနေ ကျော်လို့ သားပြည့်ကို မျက်လုံးပြူး ကြည့်လိုက်မိပါတယ်။ သားပြည့်က သူ့လက်ချောင်းလေးနဲ့ မြသွေးနီရဲ့ မျက်လုံးနှစ်ခုကြားက တွန့်ခေါက်နေတဲ့ အကြောတွေကို နှိပ်လို့ ဖြေလျော့ပေးပါတယ်။ အဲ့ဒီအချိန်မှာပဲ ဘယ်အချိန်ထဲက အမေနဲ့သားကို စောင့်ကြည့်နေမှန်း မသိတဲ့ “ကလေးက ဘာပြောချင်တာလဲ အရင် နားထောင်လိုက်ပါဦးကွာ” ဆိုတဲ့ သားပြည့်ရဲ့ ဖခမည်းတော်ဆီက အသံက နားထဲ ဇောင့်ဆိုဝင်လာပါတယ်။

“ ထမင်းပေါင်း ”

“ ဘာရယ်…. ”

“ အေး.. ကောင်းတယ်..”

ထမင်းပေါင်း ဆိုတာက သားပြည့်ဆီက ထွက်လာတာဖြစ်ပြီး၊ မြသွေးနီက ဘာရယ်…လို့ မေးပြောပြောချိန်မှာ အိမ်က လူကြီးဆီက အေး.. ကောင်းတယ်..ဆို ကသောကမျော ၀င်ပြောတာ ကြားလိုက်ရတယ်။

“ သားကို ဒီ ပိတ်ရက်မှာ ထမင်းပေါင်းလုပ်ကျွေးပါ… နော် မေမေ.. မေမေ့လက်ရာတစ်ခုခု လုပ်မကျွေးတာ ကြာပြီ မေမေရာ..နော်”

“ ဟုတ်တယ်.. ဆိုင်မှာ စားရတာတွေက မတန်ဘူး.. တစ်ပွဲ ၁၅၀၀ဆို ပါလေရာလေးပဲ၊ သား အမေက မာစတာရှက်ဖ်ဟင်းချက်ပြိင်ပွဲတွေတွေ မလွတ်စတမ်းကြည့်နေတာ၊ ဒီလောက်ကတော့ ပါးပါးလေးပါ..”

အချင်းချင်း မျက်စိမှိတ် လက်မထောင်ပြရင်း လှမ်းကြပ်နေတဲ့ သားအဖကို   မြသွေးနီ မျက်စိထဲ မြင်နေရပေမယ့် တစ်ခါမှမလုပ်စားဘူးလေတဲ့ ထမင်းပေါင်းကို ဘယ်က စရမလဲဆိုတာ စိတ်ကူးထဲမှာတော့ အစရှာနေမိပါပြီ။

ပြောရရင် တရုပ်စာကြိုက်သူမို့ ထမင်းပေါင်းကို မြသွေးနီကိုယ်တိုင် အလွန် ကြိုက်ပါတယ်။ အသီးအရွက်၊ အသား သမမျှတပြီး အစပ်အဆီ မပါတာမို့ နှစ်နှစ်သက်သက်နဲ့ မကြာမကြာ ၀ယ်စားဖြစ်ပါတယ်။ စိတ်ကူးထဲ လုပ်နိုင်မလုပ်နိုင် စဉ်းစားတွက်ချက်ရင်း၊ အတွေ့အကြုံ အသစ်ကို လိုချင်တာက တစ်ကြောင်း၊ သိပ်ခက်ခဲမယ် မထင်တာကတစ်ကြောင်း၊  သားအဖနှစ်ယောက်ရဲ့  ပရီးမီးယားလိဂ်ဘောလုံးပွဲနဲ့ လုပြီး မြသွေးနီ စွဲစွဲလန်းလန်းကြည့်ဖြစ်တဲ့ မာစတာရှက်ဖ် ဟင်းချက်ပြိုင်ပွဲ အချိန်များတိုက်နေခဲ့ရင် မြသွေးနီကို ဦးစားပေး ကြည့်ခွင့်ပေးထားခဲ့တဲ့ ကျေးဇူးတွေ ရှိနေတာကတစ်ကြောင်း၊ သီတင်းကျွတ်၉ရက် ယဉ်ကျေးလိမ်မာသင်တန်း တက်တဲ့အတွက် ဒီလောက်တော့ လုပ်ပေးလိုက်ချင်တာကတစ်ကြောင်း၊ ကိုယ်တိုင် ထမင်းပေါင်းဆိုကတည်းက စားချင်စိတ်တွေ တဖွားဖွားပေါ်လာတာကတစ်ကြောင်း၊ အကြောင်းကြောင်းတွေ အခုလို တိုက်ဆိုင်လာတာကြောင့် ချက်ကျွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

 

သားပြည့်ရဲ့ ယဉ်ကျေးလိမ်မာသင်တန်းက မနက်(၈)နာရီက နေ့လည်(၁၂)နာရီ အထိပါ။ သားပြည့်ကို သင်တန်းပို့ပြီး အပြန်မှာ လင်မယားနှစ်ယောက် အိမ်နားက ဈေးမှာ ဈေးဝယ်ထွက်ခဲ့ပါ
တယ်။

ကြက်သား နည်းနည်း …

စိမ်းစိုလတ်ဆတ် အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

ငရုပ်ကောင်း၊ ငရုပ်ဆီ၊ ပဲငန်ပြာရည်၊ နှမ်းဆီ၊ ကော်မှုန့်…

ကြက်သားနဲ့ အသည်းအမြစ်နည်းနည်း၊ မုန်ညှင်းထုတ်၊ မုန်လာဥနီ၊ ရွှေပဲ၊ ဂေါ်ဖီ၊ ဘိုစားပဲ၊ ကြက်သွန်မြိတ်၊ မှိုခြောက်ပန်းခြောက်၊ ခရမ်းချဉ်သီး၊ ပဲပြား၊ ငုံးဥ၊ ပန်းပွင့်၊ ငရုပ်သီးစိမ်း၊ အရေးကြီးတဲ့ ကော်မှုန့်၊ ပဲငံပြာရည်၊ ငရုပ်ချဉ် စတာတွေကို ၀ယ်လိုက်ပါတယ်။

အိမ်ရောက်တော့ ဆီသတ်ဖို့ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါတယ်။ အချဉ်အတွက် ကြက်သွန်နီကို ပါးပါးလှီးရေဆေးပါတယ်။ ငရုပ်သီးစိမ်းကို ပါးပါးလှီးပါတယ်။

 ငုံးဥကို ပြုတ်ပြီး အခွံနွှာထားလိုက်ပါတယ်။ ပဲပြားကို ပါးပါးလှီးပါတယ်။

သားပြည့်အကြိုက်တွေ့စေဖို့ မုန်လာဥနီကို အရုပ်ပုံလေးတွေ ပုံဖော်လှီးထားလိုက်တယ်။

ဘိုစားပဲနဲ့ ဂေါ်ဖီ

မုန်ညှင်းထုတ်နဲ့ ပန်းဂေါ်ဖီ

လှီးထားပြီးသား အသီးရွက်စုံ

ပဲပြားကို ပါးပါးလှီးပါတယ်။ မှိုခြောက်ပန်းခြောက်ကို ရေစင်အောင်ဆေးပြီး
ပွလာအောင် ရေစိမ်ထားလိုက်ပါတယ်။ ခရမ်းချဉ်သီးလေးစိတ် စိတ်ထားလိုက်တယ်။ အသီးအရွက်တွေကို ရေစင်အောင်ဆေးပြီးမှ လှီးသင့်ပါတယ်။
လှီးပြီးသား အားလုံးကို ဇလုံ၊ လင်ပန်းသင့်ရာမှာ သူ့နေရာနဲ့သူ ထည့်ထားလိုက်ပါတယ်။


ကော်မှုန့်နဲ့သကြား

ကော်မှုန့်ကို သကြားအနည်းငယ်ရောလို့ ရေဖျော်ထားလိုက်ပါတယ်။
ကော်ရည်က မပျစ်မကျဲ ရှိသင့်ပါတယ်။

ကြက်အသည်းအမြစ်ပါးပါးလှီးနဲ့ ကြက်သားပြုတ်နွှာထား…

ကြက်သားကို အရိုးအသား နွှံပြီး ငံပြာရည်၊ ဂျင်း၊ ကြက်သွန်ဖြူနဲ့ ပြုတ်ပါတယ်။ နူးလာရင် အသားတွေကို အနေတော်အရွယ် မျှင်ထားလိုက်ပါတယ်။ အသည်းအမြစ်ကို ပါးပါးလှီးပါတယ်။ ကျန်တဲ့ ကြက်ပြုတ်ရည်နဲ့ ကြက်ရိုးကို ဟင်းချိုအတွက် နူးမြည့်နေအောင် မီးမြှင်းမြှင်းနဲ့ပြုတ်ထား လိုက့်ပါတယ်။

အားလုံးပြီးချိန်မှာ နာရီကြည့်လိုက်တော့ မနက်၁၁း၃၀နာရီသာသာ။ သားပြည့်အဖေက သားတော်မောင်ကို သင်တန်းသွားကြိုပြီ။ ထမင်းပေါင်းဆိုတာမျိုးက ပူပူနွေးနွေးစားရတာမျိုး။ သူတို့လာရင် မြန်မြန်လေး လုပ်ပေးလိုက်ယုံမို့ တစ်နေ့က သွားတက်ဖြစ်ခဲ့တဲ့ MMGရဲ့ (၃)နှစ်ပြည့် မဂ္ဂဇင်းကို ဖတ်ရင်း ထိုင်ခုံမှာ ငြိမ့်နေမိတယ်။

တစ်အောင့်နေတော့ ဖုန်းဝင်လာတယ်။ သားပြည့်က အူယားဖားယားအသံနဲ့ …

“ မေမေ.. သားတို့ ပြန်လာနေပြီ..၊ ဗိုက်မတရား ဆာလာတယ်..၊ ထမင်းပေါင်း အဆင်သင့် လုပ်ထားပေးပါနော်.. သား..ရောက်တာနဲ့ တန်းစားချင်လို့ပါ ..၊ ငါးမိနစ်ဆို ရောက်ပြီနော်မေမေ”

သားပြည့်ရဲ့ ငါးမိနစ်ဆို ပြန်ရောက်မယ်ဆိုတဲ့ စကားကြောင့် မြသွေးနီလက်ထဲက မဂ္ဂဇင်းစာအုပ်တောင် ပြုတ်ကျသွားရတယ်။ ဒါနဲ့ မီးဖိုချောင်ထဲ အမြန်ဝင်၊ ခါးမှာ မာစတာရှက်ဖ်ထဲကလို အပရွန်လည်း မ၀တ်နိုင်ပါဘူး၊ ရှက်ဖ်တွေလို ခေါင်းမှာ ဦးထုတ်လည်း မ၀တ်ပါဘူး၊ အပူခံ ပိတ်လက်အိတ်တွေလည်း မ၀တ်ပါဘူး၊ ဒိုင်လူကြီးမရှိတဲ့ သည်ပွဲကို တစ်ကိုယ်ထဲ အပြီ စကျဲရပါတော့တယ်။

အသီးအရွက်များကို တစ်ခါကြော်ရင် တစ်ပန်းကန်စာသာ ကြော်ပါတယ်။
ဒါကြောင့် ထည့်မယ့် အမည်များကိုလည်း အနည်းငယ်စီသာ ထည့်ရပါမယ်။
စစချင်း ဒယ်အိုးထဲ ဆီတစ်ဇွန်းလောက်ထည့်လိုက်တယ်။
ကြက်သွန်ဖြူဆီသတ်ပြီးတော့ စိမ်းစော်နံတတ်တဲ့ ပဲပြားနဲ့ ခရမ်းချဉ်သီးကို
အရင်ထည့်ကြော်လိုက်တယ်။

နည်းနည်းမာတဲ့ ပန်းပွင့်၊ မုန်လာဥနီ ထပ်ထည့်တယ်။

ငုံးဥပြုတ်၊ ကြက်သားပြုတ်၊ ရွှေပဲ၊ မုန်ညှင်းထုတ် ထည့်တယ်။

 

ရေဖျော်ထားတဲ့ ကော်ရည်ထည့်လိုက်တယ်။

ပွက်လာချိန်မှာ ပဲငန်ပြာရည် ထည့်တယ်။

မွှေးနေအောင် နှမ်းဆီတစ်ပေါက်နှစ်ပေါက်လောက် ထည့်လိုက်တယ်။

အပေါ့အငန်အတွက် ကြက်သားမှုန့်နဲ့၊ ဆားကို သုံးတယ်။
အသီးအရွက်တွေကို နူးပြဲနေအောင် မကြော်ရပါ။
ကော်ရည်က ချက်နေရင်း ပြစ်လာရင် ကြက်ပြုတ်ရေလေးထည့်ပြီး အရည်ကျဲပေးပါတယ်။

အသီးအရွက်ကြော် ပွက်ထားချိန်မှာ ကြက်သွန်နီ၊ ငရုပ်သီးစိမ်းကို
ငရုပ်ချဉ်နဲ့ အချဉ်လုပ်တယ်။

ကြက်ရိုးပြုတ်ရည်ကို ကြက်သွန်မြိတ်၊ ငရုပ်ကောင်းခတ်လိုက်တော့
ထမင်းပေါင်းနဲ့ တွဲဖက်စားဖို့ ဟင်းချိုပူပူချိုချိုလေး တစ်ခွက်ပါရပြီပေါ့။

အသီးအရွက်ကြော်တွေ စိမ်းစိမ်းလေးနဲ့ ကျက်ရင်ဖြင့်
အနေတော်ခူးထားတဲ့ ထမင်းဖြူပေါ်မှာ
သီးရွက်စုံကော်ရည်ကြော်ကို လောင်းထည့်လိုက်ပါတယ်။

ငရုပ်ကောင်းမှုန့်လေး ဖြူးပြီးချိန်မှာတော့ အရသာရှိတဲ့
ထမင်းပေါင်းပူပူလေးတစ်ပန်းကန် ရပါပြီ။

ခဏနေတော့ ကြားရပါပြီ။ သားအဖနှစ်ယောက် ပြန်လာတာ။ လူမမြင်ရသေးခင် အသံက ဆူဆူညံလို့။

“စားမယ်… ဆာပြီ.. စားမယ်… နှစ်ပွဲစားမှာနော်… အဆင်သင့်ဖြစ်ပြီလား မေမေ ” ဆိုတဲ့ သားပြည့်အသံ။

“ မာစတာရှက်ဖ်ကြီး လက်စွမ်းပြတာကြည့်ဖို့ ဒိုင်နှစ်ယောက်လာပြီနော်..၊ မျက်နှာလိုက်မယ် မထင်လေနဲ့၊ မကောင်းလို့ကတော့ကွာ…..” ဆိုတဲ့ သားပြည့် ဖခမည်းတော်ရဲ့ ကလိတိတိ ရိတိတိအသံ။

ထမင်းစား စားပွဲဆီရောက်တော့ နှစ်ယောက်လုံးရဲ့ အသံတွေ တိတ်သွားရပါတယ်။  ချိန်ကိုက်ကြော်ထားတဲ့ ထမင်းပေါင်းနှစ်ပွဲက စားပွဲပေါ်မှာ အငွေ့တထောင်းထောင်း ထလို့။  ပြင်ထားတဲ့ ပန်းကန်ထဲက ပုံဖော်ထားတဲ့ မုန်လာဥနီကို မြင်ပြီး သားပြည့် အခုလို ထအော်ပါတော့တယ်။

“ ၀ါးးးးးးးး….. မိုက်လှချည်လား.. အသည်းနှလုံးလေးတွေ၊ လူပုံလေးတွေ၊ သစ်ပင်ပုံလေးတွေ..၊ စားတောင် မစားရက်တော့ဘူး မေမေရာ..”

သားပြည့်အဖေလည်း ဇာတ်ရည်လည်သွားပုံနဲ့…

“ တစ်မနက်လုံး မီးဖိုထဲမှာ မပြီးနိုင်မစီးနိုင် လုပ်နေတာ လက်စသတ်တော့ အဲ့တာတွေ  ပုံဖော် လှီးနေတာကို ”

သားပြည့်နဲ့ သူ့အဖေ အ၀တ်အစားတောင် မလဲနိုင်တော့ပါဘူး။ နေရာယူပြီး ပြင်ထားတဲ့ ထမင်းပေါင်းနှစ်ပွဲကို   ခေါင်းမဖော်စတမ်း စားပါတော့တယ်။ သူတို့နှစ်ယောက် တဒင်္ဂမျှ စကားမပြောနိုင်ကြတော့ပါဘူး။ စားနေတုန်းမှာပဲ …

“ မေမေ.. သားက ၁၀၅မှတ်ပေးတယ်.. ဖေဖေ.. ဖေဖေကရော ဘယ်နှစ်မှတ်ပေးလဲ ”
“ ဖေဖေက သားမေမေဆို အမြဲအမှတ်ပြည့် ပေးပြီးသား ”

သားအဖနှစ်ယောက် အတိုင်အဖောက်ညီညီနဲ့ မြှောက်ပင့်ပြောရင်းက “ နောက်တစ်ပွဲဆီ အဆင်သင့်..” ဆိုပြီး   အော်နေကြလို့ မြသွေးနီခမျာ ချွေးတလုံးလုံးနဲ့ အလျဉ်မီအောင်ကြော်လှော်ရ
ပြန်လေတယ်။

“ မေမေလည်း ၀င်စားလေ ”
“ တစ်ခါတည်း စားလိုက်လေ မိန်းမ.. ဆာရောပေါ့”

ပန်းကန်ထက်ဝက်ကျော်စားကုန်မှ သတိတရ မေးလာတာမို့ အမှန်တော့ စိတ်ဆိုးမယ်ဆို ဆိုးလို့ရပါတယ်။ သို့ပေမယ့် မြသွေးနီတစ်ယောက် စိတ်မဆိုးမိတော့ပါဘူး။ ပီတိဆိုတာမျိုးက စားလိုက်ရင် အားရှိပြီး၊ အလိုလို ၀နေတတ်တာမျိုး မဟုတ်ပါလား…။

တကယ်ပါ… မြသွေးနီရင်ထဲ ပီတိတွေနဲ့ ပြည့်သိပ်လို့…။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in သား, အတွေ့လေးရယ်တဲ့မှ အို..အကြုံ. Bookmark the permalink.

24 Responses to စားကြမယ်ဟေ့ ထမင်းပေါင်း

  1. မေဇင် says:

    ချစ်ဖို့ကောင်းတဲ့ မိသားစု အကြောင်းလေး နဲ့ ထမင်းပေါင်း လုပ်နည်းလေး မှတ်သားသွားပါတယ် အမရေ…

    သားပြည့်လေး ရဲ့ 9 ရက်စာ သင်တန်းအကြောင်လေးလဲ မျှော်နေမယ်နော်။း)

  2. ဒီ ထမင်းပေါင်း သေချာတယ် ဆိုင်တွေထက်ပိုပြီး အရသာရှိမှာ .. အချစ်တွေ မေတ္တာတွေ စေတနာတွေ ပြည့်နေတာကိုး ….း))))))))))))

  3. ၀ါးးး သားပြည့်နဲ့အပြိုင်တောင်လုစားချင်စိတ်ပေါက်လာပြီ…ထမင်းပေါင်းလေးက မွှေးနေမှာပဲနော်…။

  4. Ma Ei says:

    ဆရာမရေ . . . မုန်လာဥနီကို ပုံလေးတွေဖော်တာ ပြောပြပေးပါဦး . . . စိတ်ဝင်စားလို့ . . .

  5. စားကောင်းမယ့်ပုံပဲ…။ ဖေ့ဘ ခဏ၀င်ရင်း အဲ့ဒီကနေ…ဒီရောက်လာတာ…။
    ထမင်းမစားခင်စာအရင်ဖတ်၊ ပုံတွေကြည့်ပြီးတော့ ဗိုက်ဆာသွားတာအမှန်ပဲ အစ်မရေ့…။
    ပျော်စရာ သီတင်းကျွတ်ရက်တွေကို ပိုင်ဆိုင်ခဲ့တယ်ဟုတ်…။

    ခင်မင်ခြင်းအားဖြင့်….
    ဏီလင်းညို

  6. သားပြည့်နဲ့ အကိုကိုယ် အားကြထှာနော်…. ဗိုက်တောင် ဆာလာပြီမမရေ….:)

  7. phyophyo says:

    အစ်မက အချက်အပြုတ်လည်းတော်လိုက်တာ။
    သားပြည့်တော့ အမေ့ကို ချစ်လိုက်မယ့်ဖြစ်ခြင်း။
    သားပြည့်အဖေကတော့ ပိုပြီး ချစ်လိုက်မယ့်ဖြစ်ခြင်း။
    စားချင်လိုက်တာ။
    လုပ်စားကြည့်ဦးမယ်အစ်မရေ

  8. မိုးစက်ပွင့် says:

    အမြင်လည်းလှ၊ အရသာလည်းရှိ၊ ကျန်းမာရေးနဲ့လည်းညီတဲ့ ထမင်းပေါင်းလေးမို့ အမြဲကြိုက်ပါသည်….. ဥနီလေးတွေလှီးထားတာ ချစ်စရာ … :D

  9. သူ့ထမင်းပန်းကန် တဝက်ကျော်ကုန်မှ သတိရတဲ့ လူကြီးကို စိတ်မဆိုးနိုင်တာလေး ဖတ်ပြီး သဘောတွေ ကျလိုက်တာ..၊း)

    ချစ်စရာကောင်းအောင် ပူဆာတတ်တဲ့ သားရယ်၊ ချင့်ချိန်ပြီး အလိုလိုက်တတ်တဲ့ အမေရယ်၊ သားနဲ့ဇနီးအကြားမှာ မျှမျှတတ နေရာယူထားတဲ့ အဖေရယ်… ပြီးတော့ အငွေ့တစ်ထောင်းထောင်း ထနေတဲ့ ထမင်းပေါင်းရယ်…. ဒီပို့စ်လေး ဖတ်အပြီးမှာ အစာအိမ်က အစာခြေရည်တွေကော၊ နှလုံးသားက ကြည်နူးမှုတွေပါ ယိုစီး သွားခဲ့တယ်…။း)

  10. Leo says:

    အချစ်တွေ မေတ္တာတွေအပြည့်နဲ့ ထမင်းပေါင်းလေးကို အားပေးသွားပါတယ် အစ်မရေ။ ဗိုက်ချက်ခြင်းဆာလာပြီဗျ။
    (လီယို)

  11. ကူးကူးလှိုင် says:

    ဘာလေးချက်ချက် အစ်မက လူရော စိတ်ရော အာဟာရဖြစ်စေအောင် စွမ်းဆောင်နိုင်လိုက်တာ ဖတ်ပြီး အစ်မနဲ့အတူ ကြည်နူးပျော်ရွှင်သွားရပါတယ်…

  12. စားချင်တယ်။ ထမင်းပေါင်းအကြိုက်ဆုံး။ :)
    ပျော်ရွှင်စရာ မိသားစုဘဝလေး ၊
    တမ်းတမိတယ်။

  13. မောင်လင်းသစ်တို့တော့ ကိုယ်တိုင် ချက်မတတ်လို့… ချက်တတ်သူများ
    ပြောပြတာ သေသေချာချာ မှတ်သားသွားပါတယ်ဗျာ…. ချက်စားဖို့တော့ဟုတ်ဘူးဗျို့…
    သူများကို ဆရာလုပ်ချင်လို့… :P :P

  14. ချစ်စရာကောင်းတဲ့မိသားစုလေး ထာဝရ ပျော်ရွှင်ပါစေရှင်
    ထမင်းပေါင်းလေးသုံးဆောင်ခဲ့ပြီး
    အိမ်က ကိုလွင်ပြင်အတွက်ပါဆယ်ဆွဲလိုက်ပါတယ်အမရေ
    ချစ်တဲ့ jas

  15. အပေါ်ကတစ်ယောက် ပါဆယ်ဆွဲလာတာလေး အ၀တီးသွားတယ် ။ကျေးဇူးပါ ဆရာမ

  16. ဘာပြောရမှန်းမသိအောင် ပီတိတွေ ထည့်ထားတဲ့ ထမင်းပေါင်းကို ငေးခဲ့ပါတယ် …

  17. TTSweet says:

    မြသွေးရဲ့ ထမင်းပေါင်းက စာကောင်းမဲ့ပုံပဲ။ အိမ်ကသမီးလဲ ထမင်းပေါင်းကြိုက်လို့ အိမ်မှာ မကြာခဏချက်စားဖြစ်ပါတယ်။

  18. mayzon says:

    ချက်စားမယ် မရေ……ထမင်းပေါင်းဆို အဖေရော.အမေရော.အချစ်ရော အကုန်ကြိုက်တယ်..
    ဥနီပုံဖေါ်ပုံလေး တင်ပေးပါလားဟင်.
    ချစ်တဲ့. ညီမလေး
    မေဇွန် (STA)

  19. Thiri says:

    ဗိုက်တောင်ဆာလာပြီ…:)

    နေကောင်းလား…အမ….သတိရတယ်နော်

  20. Latt Latt says:

    ချက်နည်းလေးမှတ်သွားပါတယ်။ မုန်လာဥပုံဖော်တာလေးတင်ပေးအုံးနော်

  21. မေတ္တာနဲ့ ကြော်ကျွေးတဲ့ ထမင်းပေါင်းက ဘယ်ဆိုင်က ထမင်းပေါင်းယှဉ်နိုင်ပါ့မလဲလေ နော်။
    သားပြည့်မပြောနဲ့ ဒီကတောင် စားလိုက်တာ ဗိုက်ထဲက အသံတောင် မြည်လာတယ်။
    ဂွီတဲ့..း))
    စားချင်လိုက်တာ ခုနေများစားရရင် တစ်ပန်းကန် ဘယ်လောက်မလဲ
    အဲလေ ဝိတ်လျော့နေပါတယ်ဆိုမှ :P

  22. blackroze says:

    ချစ်စရာကောင်းတဲ့မိသားစုလေးရဲ့
    ထမင်းဝိုင်းလေးကို မျက်စိထဲပုံဖော်ကြည့်သွားတယ်မကြီးေ၇

  23. စန်းထွန်း says:

    ချစ်ခြင်းမေတ္တာတွေ ထည့်ကြော်ထားတယ့် ထမင်းပေါင်းလေးက အရသာရှိမှာ အသေအချာပဲ..ချက်စားဦးမယ်..

  24. ထမင်းပေါင်းလုပ်ပုံလုပ်နည်းလေးတွေဖတ်ပြီး ရင်ထဲမှာနွေးထွေးကြည်နူးမှုလေး ခံစားလိုက်ရတယ် မြသွေးရေ။ ဒီလိုမိသားစုမျိုး ပိုင်ဆိုင်ခွင့်ရတာလည်း ကံကောင်းခြင်းတစ်မျိုးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>