စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်နှင့်ဆရာမ မသီတာ(စမ်းချောင်း)

Number of View: 9120

မည်သည့်မိတ်ဆက်ပွဲ၊ ဧည့်ခံပွဲများ၊ အခမ်းအနားများကိုမဆို အလုပ်နှင့် ပတ်သက်လျှင်ဖြစ်စေ၊ မိသားစုနှင့် ပတ်သက်လျှင်ဖြစ်စေ များသောအားဖြင့် ကျွန်မရှောင်ရှားလေ့ ရှိသည့်အတွက် လူမှုရေးတာဝန်မကျေသူ တစ်ဦးဟုပင် သတ်မှတ်ကြမည် ထင်သည်။  သို့သော် စာတွေ   ပြန်ရေးပြီး နောက်ပိုင်း စာအုပ် မိတ်ဆက်ပွဲများ အတန်အသင့် တက်ရောက်တတ်လာသည်။ စာအုပ်မိတ်ဆက်ပွဲများတွင် ကျွန်မလေးစားနှစ်သက်ရသည့် စာရေးဆရာများကို အရှင်လတ်လတ်   မြင်တွေ့ခွင့် ရသည့် ကျေနပ်စိတ်ကလေးဖြင့် ကျွန်မ တက်ရောက်ဖြစ်ခဲ့သည်က များသည်။ အထူးသဖြင့် ယခုနောက်ပိုင်း Home Media Center မှာ ပြုလုပ်သည့် စာအုပ်ပွဲများဆိုလျှင် ရောက်ဖြစ်တာများခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်နေ့ နေ့လည်(၂)နာရီတွင် “ငါတို့စာပေ” မှ စာရေးဆရာမ မသီတာ(စမ်းချောင်း)၏ “စမ်းချောင်း အင်းစိန် ဟားဗတ်” ဆိုသည့် ၀တ္တုစာအုပ်မိတ်ဆက်ပွဲ ကျင်းပခဲ့သည်။ ပွဲမတိုင်ခင် တစ်ပတ်ခန့်ကပင် ဖိတ်စာကို အွန်လိုင်းပေါ်တွင်ဖတ်လိုက်ရသည်။ စာအုပ်နာမည်က ကျွန်မကို ထိုစဉ်ကတည်းကပင် စွဲဆောင်ခဲ့သည်။ နောက်သုံးလေးရက်နေတော့ ငါတို့စာပေစာအုပ်တိုက်မှ စာရေးဆရာမြေမှုန်လွင်ပေးလိုက်သည့် စာအုပ်မိတ်ဆက်ပွဲဖိတ်စာကို ကျွန်မ   မောင်လေးထံမှ တဆင့် လက်ခံရရှိခဲ့၏။ အစ်ကိုကြီးကဲ့သို့ ချစ်ခင်လေးစားရသည့် ပန်းချီဆရာ   မြင့်မောင်ကျော်၏လက်ရာ ဖိတ်စာလေးက ကျွန်မကို စာအုပ်မိတ်ဆက်ပွဲသို့ ဆက်ဆက်တက်ရောက်ဖြစ်ရန် တွန်းပို့လျှက်ရှိသည်။

“ငါတို့စာပေမှ ထုတ်ဝေသူဆရာမြေမှုန်လွင်နှင့်စာရေးဆရာညီမင်းညို”

မိတ်ဆက်ပွဲနေ့က တစ်ပတ်လုံးရဲ့ပထမနေ့ရက် တနလာင်္နေု့ဖြစ်သည်မို့ အလုပ်တွေကို မနက်ပိုင်းမှာ အပြတ်ဖြတ်ထားရသည်။ ကျွန်မနေ့လည်စာ ထမင်းစားပြီးချိန်ပင် တစ်နာရီခွဲရှိနေလေပြီ။ ရုံးမှ ဆယ့်ငါးမိနစ်မျှလမ်းလျှောက်လျှင် ရောက်သည့် Homeကို ရောက်တော့ နှစ်နာရီတိတိ။ ဆရာညီမင်းညိုမှ အခမ်းအနားပင် စတင်နေချေပြီ။ စာအုပ်တစ်အုပ်ကို အမြန်ဝယ်ယူအားပေးလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ လူတွေ ထိုင်ခုံအပြည့်။

ခပ်လှမ်းလှမ်း စာအုပ်စင်နားမှာ ဆရာမင်းထင်ကိုကိုကြီး ရပ်နေသည်ကို   တွေ့လိုက်ရသည်။ ဆရာရွှေညာခိုင်စိုးက ကင်မရာကြီးတလွယ်လွယ်နှင့်။ စာနယ်ဇင်းများ၊ မီဒီယာများ၊ စာရေးဆရာများရောက်နှင့်ပြီး ဖြစ်တာကို သတိထားမိလိုက်သည်။ ထုံးစံအတိုင်း ဟိုဟိုသည်သည် မတ်တပ်ရပ်နေလျှက်   ယောင်နနဖြစ်နေတုန်း ဆရာမသန္တာခင်တို့ ရွှေအဖွဲ့ကို   တွေ့လိုက်ရသည်။ ဆရာမက လှမ်းခေါ်သဖြင့် သူတို့အဖွဲ့နှင့် ကပ်လျှက်အခြမ်းမှာ ထိုင်ခုံတစ်ခု လွတ်နေတာ ညွှန်ပြ၍ ၀င်ထိုင်လိုက်သည်။ တအောင့်နေတော့ ဘေးမှလူများ ထွက်သွားစဉ် ဆရာမခင်ဆုမြတ်ထွန်း ကျွန်မဘေးကို ရောက်လာသည်။ ကျွန်မရှေ့မှာ ဆရာမယုယ၊ ဘေးအခြမ်းကခုံမှာ ဆရာမအဖြူရောင်(ရွှေ)၊ ဆရာမမီမိုး (ပွဲပြီးလို့   နှုတ်ဆက်မယ်လုပ်တော့ ဆရာမီမိုးက လှစ်ခနဲပျောက်သွားသဖြင့် နှုတ်ဆက်ခွင့် မရခဲ့လိုက်)၊ ဆရာမ စုသဲမွန်၊ ဆရာမင်းဝေဟင်၊ ဆရာထွန်းတောက်ထွဋ်၊ ဆရာမောင်ရေချမ်း၊ ကျွန်မမျက်လုံးထဲ မြင်မိသလောက်၊ သိသလောက် လိုက်ကြည့်မိသည်။

ဆရာညီငယ်လေးက ဧည့်ခံကြိုဆိုရေး တာဝန်ယူထားသည်လားမသိ၊ အားနာစရာ   ကောင်းလောက်အောင် ကျွန်မတို့ကို လက်ဘက်ရည်၊ မုန့်၊ တစ်ရှူးကအစ လိုလေသေးမရှိ လိုက်ဝေပေးသည်။

“စာချစ်သူများအတွက် အမှတ်တရလက်မှတ်ရေးထိုးပေးစဉ် ”

နောက်ကျောတွေသာ မြင်ရသဖြင့် အရှေ့မှာ လူကြီးများထဲမှာ မည်သူတွေ ရောက်နေမှန်း ခန့်မှန်းလို့မရ။ ရှပ်အင်္ကျီအဖြူရောင်၊ တိုင်းရင်းဖြစ်လုံခြည်အဖြူရောင်ဖြင့် ဆရာမ မသီတာ(စမ်းချောင်း)ကို အရှေ့ဘက်   ဘေးနားမှာ ထိုင်နေတာ တွေ့ရသည်။ တစ်ခဏနေတော့ ဆရာမအနောက်ဘက် လျှောက်လာချိန် လက်ပြနှုတ်ဆက်ဖြစ်ရင်း စာအုပ်မှာ အမှတ်တရ လက်မှတ်ထိုးခိုင်းဖြစ်သည်။ စကားပြောကောင်းသည့် ဆရာညီမင်းညိုက ဆရာမမသီတာအကြောင်း အကျဉ်းချုပ်ပြောပြအပြီးမှာ ဆရာဦးဝင်းတင် (ဟံသာဝတီ)ကို အမှတ်တရစကားပြောပေးဖို့ ဖိတ်ကြားသည်။ ဆရာဦးဝင်းတင်မှ စကားပြောနေစဉ် မီးပျက်သွားတာမို့ စကားသံတွေ အနောက်ဘက်နားဆီမှာ  မသဲကွဲတော့။ ပူလှောင်အိုက်လာသဖြင့် လက်ထဲရှိရာ စာရွက်အပိုင်းအစများဖြင့် ယပ်ခတ်နေကြသည်။ ခနနေ မီးစက်မောင်းလို့ မီးချောင်းတွေ ပြန်လင်းလာသည်။

“ဆရာမ မသီတာ(စမ်းချောင်း)နှင့် ဟံသာဝတီဦးဝင်းတင်”

 အခမ်းအနားမှူးဆရာညီမင်းညိုမှ မီဒီယာများ စာပေအသိုင်းအ၀ိုင်းကို   စောင့်ရှောက်သောအားဖြင့် စာအုပ်မိတ်ဆက်များကို သေသေချာချာ   နေရာပေး   ဖော်ပြပေးစေလိုကြောင်း ပြောကြားပြီး အမှတ်တရစကားထပ်မံပြောကြားဖို့အတွက် ဆရာမကြီးစမ်းစမ်းနွဲ့(သာယာဝတီ)အား ဖိတ်ခေါ်ခဲ့ပါသည်။ ဘ၀တက္ကသိုလ်ဟု ခေါ်သည့် နရသိန်ကို ရောက်ခဲ့ဘူးသည့် ဆရာမကြီးမှ မုဒိတာစကား   ပြောကြားပေးပါသည်။ “ထောင်နဲ့ပတ်သက်လို့ ထောင်ကျဘူးသူတိုင်း ဆူးလေးတွေကိုယ်စီ ရှိကြတယ်၊ ကိုယ်တိုင်တော့ အခုထိ နှုတ်လို့ မရနိုင်သေးဘူး၊ မသီတာက ဆူးကြီးတစ်ချောင်းကို  ဒီစာအုပ်နဲ့   နှုတ်လိုက်တယ် ထင်ပါတယ်” ဟု ပြောသွားခဲ့သည်။

“ဆရာမ စမ်းစမ်းနွဲ့(သာယာဝတီ)နဲ့ ဆရာမဒေါ်ခင်ခင်ဝင်းတို့နှင့်အတူ”

ထို့်နောက် ဆရာမင်းလူမှ အမှတ်တရစကားပြောကြားပေးပါသည်။ ဆရာမှ စစချင်း “အိုဘာမား   မြန်မာပြည်လာမယ်ပြောနေတာ ဘယ်ရက်မှန်း အခုထိ ဘယ်သူမှ   သေချာမသိသေးဘူး၊ ကြည့်ရတာ ဗီဇာမရပုံပဲ၊ ဘယ်ရမလဲ နာမည်က အိုဘားမားဖြစ်နေတာကို၊ ဘားမားဖြစ်နေတော့ ဘယ်ဗီဇာချပေးမလဲ၊ အိုမြန်မာဆိုရင်တော့ ရရင်ရမှာ” ဟု ထုံးစံအတိုင်း အသော့အထေ့များနဲ့ စဖွင့်ရင်း ဆရာမ မသီတာအတွက် အမှတ်တရစကားများ ပြောသွားခဲ့သည်။ ဆရာမင်းလူပြောပြသည့်   ထောင်နှင့် ဆက်စပ်ပြီး အဲ့သည်အပေါ်  ခွဲခြားစိတ်ဖြာထားသည့် လူတန်းစား အမျိုးမျိုးကိုလည်း သိခွင့်ရလိုက်သည်။

“ 5 Plus မှ အင်တာဗျူးစဉ် ”

ဆရာမင်းလူအမှတ်တရ စကားပြောအပြီးမှာ မီးပြန်လာသည်။ ဆရာမ မသီတာ(စမ်းချောင်း)မှ “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်” စာအုပ်ပါ အပိုင်းတစ်ပိုင်းစီမှ စာပိုဒ်တချို့ကို   ကောက်နှုတ် ဖတ်ပြသွားခဲ့သည်။ အင်းစိန်အပိုင်းမှ “ပီတိနှင့်သောကအရော၊ ဂွဒ်မောနင်း” ကို ဖတ်ပြချိန်တွင် ကာယကံရှင် ဆရာမတော့မသိ ကျွန်မမှာ ကြက်သီးမွေးညင်းများ ထလျှက်က ရင်ထဲတွင် နင့်ခနဲ ဆို့ခနဲခံစားမိ၏။

“ဆရာမ မသီတာ(စမ်းချောင်း)မှ စာအုပ်ပါစာပိုဒ် အချို့ကို ဖတ်နေစဉ်”

အပိုင်းသုံးပိုင်းလုံး ဖတ်အပြီးတွင် ပရိသတ်မှ မေးလာသည်များကို ဆရာမမသီတာမှ ပြန်ဖြေ၏။ ပရိသတ်တစ်ဦး၏ “ ဒီစာအုပ်ကို မိဘကို ပေးဖတ်ဖြစ်လား” ဆိုတဲ့ မေးခွန်းအတွက်  အဖြေကို ဆရာမမှ ပွဲကိုတက်ရောက်လာသည့် မိခင်ဖြစ်သူအား ဖြေကြားစေရာ ဆရာမ၏မိခင်မှ အပြုံးမျက်နှာဖြင့် “ ဒီဝတ္တုကို ဟားဗတ်မှာ ရေးစဉ်ကတည်းက ဖတ်ခဲ့ပြီးပါပြီ၊ အဲ့တုန်းက မျက်ရည်တွေကျခဲ့ရပါတယ်၊ အခုတော့ ၀မ်းမနည်းဘူး၊ သနားပဲသနားမိတယ်၊ မတရားခံရတာမို့လို့ပါ ” လို့ ပြောပြပါတယ်။

“ ဆရာမ မသီတာ(စမ်းချောင်း)၏ မိခင်မှ ပြောကြားစဉ်၊
ဆရာမ၏ဖခင်မှ ဇနီးသည်ကို ကြည့်လျှက်”

ပွဲအပြီးမှာ ဆရာမနှင့် ဆရာမမေမေတူတူရှိစဉ် ပြန်ရန်နှုတ်ဆက်ရင်းမှ “ အမေလည်း ဆရာမလို သမီးမျိုးရတာ သိပ်ဂုဏ်ယူဖို့ကောင်းတယ်၊ ဆရာမလည်း ဒီလိုနားလည်ပေးတဲ့ အမေမျိုးရတာ သိပ်ကံကောင်းတယ်” ဟု မနေနိုင်တော့ပဲ ပြောဖြစ်ခဲ့ပါသည်။ အမှန်တကယ်လည်း ဆရာမ မသီတာ   ထောင်မကျခင်နှင့် ထောင်ကျနေစဉ်ကာလများတွင် မိဘနှစ်ပါးမှ နားလည်မှု၊ ယုံကြည်ချက်၊ ခံယူချက်အပြည့်ဖြင့် လိုအပ်သမျှကို ပံ့ပိုးပေးခဲ့သည်အား စာအုပ်ထဲတွင် ဖတ်ရှုခွင့်ရခဲ့ပါသည်။ ဆရာမတို့ သားအမိကို ကြည့်ပြီး ကျွန်မမှာ ကွယ်လွန်သွားရှာသည့် မိခင်ကြီးအား အင်မတန်မှကို လွမ်းဆွတ်နေမိပါသည်။

ထိုနေ့၊ “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်” စာအုပ်မိတ်ဆက်ပွဲနေ့တွင် ကျွန်မသိသမျှ ပြောရလျှင် ဆရာမ မသီတာ(စမ်းချောင်း)၏ မိဘနှစ်ပါး၊ ဟံသာဝတီဦးဝင်းတင်၊ ဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဆရာမင်းလူ၊ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာမီးပွား၊ ဆရာမောင်လွင်မွန်(ကသာ)၊ စာရေးဆရာမ ဂျုး၊ ဆရာမခင်ပန်းနှင်း၊ ဆရာမသင်းသင်းသာ၊ ဆရာမမီမိုး၊ ဆရာမလင်းစက်နွယ်၊ ရွှေနှင့် teen Magazineမှ ဆရာဆရာမများ၊ မီဒီယာများ၊ ဂျာနယ်များတက်ရောက်ခဲ့ကြသည်။

 ညနေ အိမ်ပြန်ရောက်သည်နှင့်လုပ်စရာအိမ်ကိစ္စများကို အမြန်ဆုံး ဖြတ်ပြီးသည်နှင့် ည၈နာရီခန့်မှ စတင်၍ “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်” စာအုပ်ကို အမှာစာမှစတင်ကာ နောက်ဆုံးစာမျက်နှာအထိ တထိုင်ထဲ လက်က မချနိုင်ပဲ ဖတ်ဖြစ်ခဲ့သည်။ အစအဆုံး ဖတ်ပြီးချိန်မှာတော့ အချိန်က ညဆယ့်နှစ်နာရီနီးပါး ရှိနေခဲ့သည်။

ဤစာအုပ်မှ ကျွန်မ မသိရသေးသည်များကို သိခွင့်ရလိုက်သည်။ ကျွန်မ မသေမချာ သိထားသည်များကိုလည်း ပိုမိုပြည့်စုံအောင် သိခွင့်ရလိုက်သည်။ ထို့ထက်တမူ ခံယူချက်၊ ယုံကြည်ချက်ကို မည်သည့်အကြောင်းနှင့်မျှ မသွေဖီပဲ ကြံ့ခိုင်သည့် ဇွဲဖြင့်   ကျော်ဖြတ်ခဲ့သည့် မိန်းမပျိုတစ်ယောက်၏ ခိုင်ကြည်သည့် စိတ်ဓာတ်ကိုလည်း အံ့ဘနမ်း သိခွင့်ရလိုက်သည်။ ၈၈ခုနှစ်ကာလ၊ ကျွန်မ ပီဘိတက္ကသိုလ် ပထမနှစ်ကျောင်းသူအရွယ် ရှိဦးမည်။  ရှပ်အိကျီ င်္၊ ယောပုဆိုးဖြင့် ဆရာမ မသီတာ(စမ်းချောင်း)၏ ပုံရိပ်များကို  စိတ်ကူးဖြင့်   ကောက်ကြောင်းဖော်မိသည်။ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်၊ ရန်ကုန်ပြည်သူ့   ဆေးရုံကြီး၊ မြို့တော်ခန်းမ၊ ကုန်သွယ်ရေး၊ ရန်ကုန်တက္ကသိုလ်၊ ဗိုလ်အောင်ကျော်အုတ်ဂူ၊ ကျွန်မ၏ နောက်ကြောင်းပြန် အတွေးများက ဤစာအုပ် ဖတ်အပြီး ပြန်လည်၍ သစ်လွင်လတ်ဆတ်လို့ ရင်ထဲကျဉ်တက်လာရ၏။ ၀ိပဿနာတရား ထောင်ထဲတွင်  ရှုမှတ်သည့်နေရာအရောက်တွင် ကျွန်မ အသက်ပင်မရှူမိတော့ပဲ ဖတ်နေမိတော့သည်။ စာအုပ်ထဲမှ ဇာတ်ကောင်သည် ကျွန်မကို ပူးကပ်နေလေပြီ။

ဤစာအုပ်တွင် မြန်မာ့အရေးသာမက ကမ္ဘာတ၀ှမ်း အပြောင်းအလဲ   ဖြစ်စဉ်များကိုလည်း  ထိတို့ရေးပြထားသည်။ ဤစာအုပ်တွင် ဆရာမ မသီတာ(စမ်းချောင်း) သည် မြန်မာနိုင်ငံ၊ အင်းစိန်အကျဉ်းထောင်အတွင်းမှ ငရဲခန်းများတွင် အာဏာရှင်များနှင့် ၄င်းတို့၏ဆေးစက်ကျရာ   ပျော်မွေ့အသုံးတော်ခံနေကြသူများ၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုကို ခံနေကြရသည့်   မြန်မာနိုင်ငံ၏အကျဉ်းထောင်ထဲမှ အကျဉ်းသားများ၏ အဖြစ်မှန်များကို ကိုယ်တွေ့ဖြင့် ယှဉ်ရေးထားယုံမျှမက၊ မြန်မာနိုင်ငံအရပ်ရပ်တွင် ရှိနေကြသည့် အကျဉ်းထောင်များထဲမှ မတရားသဖြင့် ဖမ်းစီးခံထားရသည့်သူများ အားလုံးအတွက် ကိုယ်စားပြုချင်သည်ကို တွေ့ရသည်။

ဤစာအုပ်ပါ အမှာစာများမှ နှစ်သက်မိသည်များအား ကောက်နှုတ်၍ စာမြည်းအဖြစ်   ဖော်ပြပေးချင်မိပြန်သည်။

ဟံသာဝတီဦးဝင်းတင်၏အမှာမှ -
သူ့စာအုပ်နိဂုံးပိုင်းတွင် မသီတာက “အင်းစိန်ထောင်မှ လွတ်မြောက်လာသော်လည်း ပိုပြီး ကျယ်ဝန်းသည့် မြန်မာနိုင်ငံအကျဉ်းထောင်ထဲက မထွက်နိုင်ပဲ ဖြစ်ရပြန်ပါသည်” လို့ ရေးထားတယ်။ အကျဉ်းထောင် ပရ၀ဏ်တွေကို ကျဉ်းအောင်၊ မြောင်းအောင်၊   သေးအောင်၊ ငယ်အောင် ချုံ့ပစ်ဖို့ ကျွန်တော်တို့ ကြိမ်တို့ကြရပါတယ်။ မသီတာရဲ့ ဒီစာအုပ်ဟာ “ကြိမ်တစ်တို့” ဖြစ်ပါတယ်။ မသီတာလို နိုင်ကျဉ်းဟောင်း၊ ကလောင်အပေါင်းတို့ “ကြိမ်တို့”တွေ   ပြောင်ပြောင်လက်လက်   မွေးထုတ်နိုင်ကြပါစေ။

ဆရာမျိုးမြင့်ညိမ်း၏အမှာစာမှ -
လူတိုင်းဟာ လွတ်လပ်မှုကို လိုချင်ကြတယ်။ လွတ်လပ်ခြင်းအရသာကို မလွတ်လပ်တော့တဲ့ အချိန်မှာမှ သိပါတယ်။ အဲ့ဒီလိုပါပဲ။ မလွတ်လပ်ခြင်းရဲ့ ခါးသီးမှုများကို လွတ်လပ်ချိန်မှာ ပိုပြီး သိပါတယ်။ ဒီစာအုပ်ကို သူရေးဖို့ အချိန်ကာလ ၇နှစ်မျှ စောင့်ဆိုင်းခဲ့ရပါတယ်။ အဲ့ဒီ ၇နှစ်လုံး သူ့ရင်ထဲမှာ တနုံ့နုံ့ ကြိတ်မှိတ် ခံစားခဲ့ရတာပါ။ ဒါတွေကို သူက ဘယ်သူကိုမှ မပြောပဲ ရင်ထဲမှာ သိမ်းထားခဲ့တာပါ။ သူ့လိုပဲ   မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးမှာ ရှိနေတဲ့၊ ရှိနေခဲ့တဲ့ အကျဉ်းသား အားလုံး ခံစားတွေ့ကြုံ ရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေပါပဲ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၏အမှာစာမှ -
သာမန်ကြည့်မယ်ဆိုရင်တော့ ဓမ္မစာပေရေးသားနေတဲ့ ရဟန်းတော်တစ်ပါးနဲ့ နိုင်ငံရေး မကင်းတဲ့ ထောင်တွင်းအတွေ့အကြုံဆိုတာ ဘာမှမဆိုင်၊ မပတ်သက်လှဘူးလို့ ထင်ရပေမယ့်   ထောင်တွင်းမှာ အကျဉ်းကျခံနေရသူတစ်ဦးက တစ်နေ့မှာ နာရီ(၂၀)ခန့်လောက် ၀ိပဿနာတရားကို အားထုတ်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေ့ရတော့ ကိုယ်နဲ့ဆီဆိုင်ပတ်သက်သလို အတော်လည်း စိတ်ဝင်တစား ဖြစ်သွားပါတယ်။

“ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် စာအုပ်မှ
ဆရာမ မသီတာ(စမ်းချောင်း)၏ အမှတ်တရလက်မှတ် ”

 

“ဆရာမ မသီတာ(စမ်းချောင်း)နှင့်တကွ စာရေးဆရာများနှင့် အမှတ်တရ”
ဓာတ်ပုံ – ဆရာမခင်သန္တာ

 ကျွန်မ ဤစာအုပ်ကို ဖတ်နေစဉ် နှလုံးခုန်သံ တဒိန်းဒိန်း မြန်လာသည်အထိ စိတ်လှုပ်ရှားရသည်။ ဒေါသစိတ်ဖြင့် ဖတ်ရင်း အံကြိတ်မိရသည်။ ကြက်သီးမွေးညင်း ထလာသည်အထိ ခန္ဓာကိုယ်မှ သွေးတွေ ဆူပွက်လာရသည်။ ဇာတ်ကောင်မှ ချက်ကျလက်ကျ တုန့်ပြန်   ပြောဆိုသည့် နေရာအရောက်တွင် ကျေနပ်အားရသည့် စိတ်တွေ ဖြစ်လာရသည်။ ခံယူချက်ကို မသွေဖီပဲ တုန့်ပြန်နေသည်များကို ဖတ်ရသော် အားကျမိစိတ် ဖြစ်ရပြန်သည်။ ထိုမှတဖန် တချို့စာမျက်နှာများသည် ဖတ်ရင်းမှ အသံထွက် ရယ်မိစေသည်။ တချို့စာမျက်နှာများသည် ဖတ်ရင်းမှ မျက်ရည်တို့ အလိုလို စိမ့်ထွက်လာစေပြန်သည်။ ၀ိပဿနာတရား ရှုမှတ်သည့်နေရာ အရောက်တွင် အေးချမ်းမှု၏ ၀င်ပေါက်တစ်ခုကို ကိုယ်တိုင်ရှာဖွေတွေ့မိလိုက်သကဲ့သို့ ကိုယ်တိုင် ခန္ဓာတွင် အေးချမ်းမှုရလာရသည်။

စဖတ်သည်မှစ၍ အဆုံးသတ်သွားသည်အထိ ရေငတ်မွတ်နေသူ ရုတ်တရက်   ရေသောက်ခွင့် ရလိုက်ဘိ သကဲ့သို့ တထိုင်တည်း အလောတကြီးဖြင့် ဤစာအုပ်ကို ကျွန်မ ဖတ်မိခဲ့သည်။ သေချာပါသည်။ သိပ်မကြာမီ ရက်များအတွင်း  နောက်ထပ်တစ်ကြိမ် ကျွန်မ ထပ်ဖတ်ပါဦးမည်။ နောက်ထပ် တစ်ကြိမ်တွင်မတော့ ဤစာအုပ်ကို စိတ်အေးလက်အေး အရသာခံပြီးမှ ထပ်မံဖတ်ရှုရန် ကျွန်မ၏ စိတ်ထဲ   တေးထားလိုက်မိပါသည်။

ဝန်ခံချက် ။ ပုံအချို့ကို ဆရာမ မသီတာ(စမ်းချောင်း)၏ ဖေ့စ်ဘုတ်စာမျက်နှာမှ အသုံးပြုပါသည်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ, နှစ်သက်စရာသူတို့စာ. Bookmark the permalink.

12 Responses to စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်နှင့်ဆရာမ မသီတာ(စမ်းချောင်း)

  1. ဆရာမရေ…………….ဒီဆောင်းပါးလေးဖတ်ခွင့်ရလိုက်တဲ့အတွက် အထူးကို ကျေးဇူးတင်ရှိမိပါတယ်။ ကျွန်တော်ကိုယ်တိုင် အင်မတန်တက်ရောက်နားဆင်ချင်ပါလျက်နဲ့ အခွင့်မသာလိုက်တဲ့ပွဲလေးအကြောင်းဖတ်ရှုခွင့်ရလိုက်တဲ့အတွက်ဆရာမကို အထူးကျေးဇူးတင်မိပါတယ်။ စာအုပ်လေးကိုလဲ ခုထိ မုံရွာမရောက်သေးတာမို့ မဖတ်ရသေးတော့ ဖတ်ချင်စိတ် တအားဖြစ်နေမိပါတယ်

  2. nyein nyein says:

    ဆရာမ ဆောင်းပါးလေး ဖတ်ပြီးတော့ အဲ့စာအုပ်လေးကို အရမ်းဖတ်ချင်လာပြီ။သွားဝယ်ပြီး ဖတ်အုံးမယ်။

  3. ဖတ်ချင်လိုက်တာ မမရေ…:)

  4. မဖတ်ရသေးဘူး ညီမ ရေ … ဖတ်မယ် ဝယ်မယ်

    ချစ်တဲ့
    အမရွှေစင်

  5. စိတ်ဝင်တစားနဲ့ အလွန်ဖတ်ချင်မိနေတဲ့ စာအုပ်ကလေးပါပဲ။ မကြာခင် ဖတ်ရတော့မယ် ထင်ပါတယ်။

    “ထောင်နဲ့ပတ်သက်လို့ ထောင်ကျဘူးသူတိုင်း ဆူးလေးတွေကိုယ်စီ ရှိကြတယ်၊ ကိုယ်တိုင်တော့ အခုထိ နှုတ်လို့ မရနိုင်သေးဘူး၊ မသီတာက ဆူးကြီးတစ်ချောင်းကို ဒီစာအုပ်နဲ့ နှုတ်လိုက်တယ် ထင်ပါတယ်”

    ………ဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) ရဲ့ ရင်ထဲက နုတ်ဖယ်ပစ်နိုင်မယ့် ဆူးတစ်ချောင်း အကြောင်းကိုလည်း စိတ်ဝင်စားနေမိပြန်ပါတယ်။

    ခင်မင်သော သတိုး

  6. ဆရာမရေးထားတာလေးဖတ်ပြီး မိုးနတ်လဲသိပ်ဖတ်ချင်ပါတယ်….
    ရအောင်ဝယ်ဖတ်မယ်နော်….မမ..
    စာမြည်းလေးတွေဖတ်ရရုံနဲ့ ဖတ်ချင်စိတ်က ပြင်းပြနေပြီ…..

  7.ုkyaw min tun says:

    ဟုတ်ကဲ့ ကျေးဇူးပါဘဲဗျာ—ဒီစာအုပ်ကို online ပေါ်မှာ ရှာဖတ်လို့ရမလား သိရင် ပေးကြပါအုံး။ဖတ်ချင်လွန်းလို့ပါဗျာ။

    ကျေးဇူးတင်ပါတယ်

  8. အခုလို ပွဲမျိုးလေးတွေအကြောင်း အမမြသွေးနီ ပြန်,ပြန် ရေးပြတာ တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ အဝေးမှာ ရှိနေသူ တစ်ယောက်အတွက် ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ရသလို ကွက်ကွက်ကွင်းကွင်း မြင်ရစေတယ်၊ တခါတရံ ဂျာနယ်တွေထဲမှာ ပါတတ်ပေမယ့် သတင်းအနေနဲ့ အကျဉ်းချုံးမို့ အခုလိုမျိုး မစုံလင်ပါဘူး၊ ကျေးဇူးစကား ထပ်ဆိုရင်း နောင်ကိုလည်း အလျင်းသင့်သလို ဝေမျှပါဦးလို့ တိုက်တွန်းပါရစေဗျာ…။

  9. Ei Phyu says:

    ဆရာမ မသီတာ(စမ်းချောင်း) ရဲ့စာအုပ်ကိုမဖတ်ရသေးပေမယ့်
    အမရဲ့ ဆောင်းပါးကို ဖတ်ရတာနဲ့တင် ကြက်သီးထမိပါတယ်။။
    စာအုပ်ကောင်းလေးကို ညွှန်းပေးတဲ့အမကို အရမ်းပဲကျေးဇူးတင်ပါတယ်။
    ဖတ်ဖြစ်အောင်ကို ဖတ်လိုက်ပါ့မယ်..အမရေ..

  10. အမမြသွေးနီ တင်ပြထားတာနဲ့ အခုချက်ချင်း ထဖတ်ချင်စိတ်တောင် ပေါက်သွားပြီ။
    စမ်းချောင်း အင်းစိန် ဟားဗက်ဆိုတော့ ဇာတ်ကွက် သုံးမျိုးလောက်တော့ အနည်းဆုံး ရှိမှာသေချာတယ်။

  11. အစ်မ စာဖတ်ရင်း ကျနော် ခုတင် အဲ့စာအုပ်ဖတ်ချင်စိတ်ဖြစ်မိတယ်ဗျာ ဘဘဦးဝင်းတင်ရဲ့ ဘာလဲဟဲ့ လူ့ငရဲ ဖတ်ရတုန်းက ခံစားချက်မျိုးပေါ့ လူကြုံကောင်းရင် မှာအုံးမယ် ကျေးဇူး အများကြီးတင်တယ် အစ်မရေ့ ။

  12. ကိုစု says:

    ဖတ်ပြီးသွားပေမယ့်ရင်ထဲမှာစွဲကျန်နေဆဲပါ..အမေစု အိမ်ရှေ့ကဖြတ်တိုင်းကြည့်မိတယ် ဆရာမကိုများတွေ့မိမလားလို့..အရမ်းလေးစားပါတယ်..နိုင်ငံသားကောင်းတစ်ယောက်ဖြစ်နိုင်ပါစေ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>