မြသွေးနီနှင့် ဖိုးကျားဆင်စခန်းသွားတောလား

Number of View: 10829

 

ဒီရက်ပိုင်း မြသွေးနီစိတ်ထဲ မရိုးမရွဖြစ်နေခဲ့တယ်။ နေမထိထိုင်မသာဆိုတာ အဲ့တာကို ခေါ်မလားမသိ။ အခုလို ပွင့်လင်းရာသီမျိုးရောက်လာတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ။ ဟုတ်ပါတယ်။ အဲ့ဒီရောဂါက ခရီးထွက်ချင်တဲ့ ရောဂါ။ တကယ်တော့ နှစ်စဉ်ခရီးတစ်ကြိမ် မှန်မှန်ထွက်ဖြစ်သူ။ သို့ပေမယ့် မနှစ်က အကြောင်းကြောင်းတို့ မညီညွတ်တာကြောင့် ခရီးမထွက်ဖြစ်ခဲ့လိုက်။ ဒါကြောင့် ဒီရောဂါက ဒီနှစ်မှာ အညွန့်တလူလူနဲ့ လူကို လာကိုက်ဆွနေတာဖြစ်မယ်။ တကယ့်ကို နေမထိ ထိုင်မသာ။ အလုပ်ထဲမှာ နေ့စဉ် တနလာင်္က သောကြာ၊ မနက် ရှစ်နာရီခွဲကနေ ညနေငါးနာရီခွဲ။  နားရက် စနေ၊တနင်္ဂနွေဆိုပြန်တော့လည်း မိသားစုကိစ္စ၊ တစ်ပတ်စာ ရှင်းလင်းလျှော်ဖွတ်နဲ့ ၄၈နာရီဆိုတာ မလောက်ငှလို့ နောက်ရက်တွေထဲက နာရီတွေ ပြန်ချေးယူရမယ့်ပုံ။ ဆိုတော့ကာ လူက၊ အထူးသဖြင့်  စက်ရုပ်ဆန်နေတဲ့ စိတ်က ပုံစံခွက်ထဲ အသားတကျရှိနေရင်းက ငြီးငွေ့လာရော။ စိတ်တွေက ညောင်းညာနေတာ ကြာ.. ကြာလှပြီ။ မိသားစုခရီးသွားဖို့ အိမ်က လူကြီးကို ညှိကြည့်တော့ သူ့အလုပ်တွေက တကယ့်ကို ရက်ကြပ်။

ဒီလိုနဲ့ တစ်ရက်မှာ ရုံးကို အရင်အလုပ်မှာတုန်းက လုပ်ခဲ့ဘူးတဲ့ မောင်လေးတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ဆိုင်းမပါဗုံမဆင့်ပဲ ရောက်ချလာတယ်။ သူက သူ့ရဲ့မားကက်တင်း ကလေးမနဲ့ မိတ်ဆက်ပေးအပြီးမှာ ခရီးသွားလုပ်ငန်းကို သူ စပြီးလုပ်နေတယ်ဆိုတာ သိလိုက်ရတယ်။ အဲ့ဒီမှာ ရုံးသမားတွေအတွက် ပက်ဂေ့ခ်ျတိုးတွေ စီစဉ်ပေးနိုင်တယ်ဆိုပြီး ခရီးစဉ်စာရွက်တွေကို ချပြပေးတယ်။ နေ့ချင်းပြန် ခရီးတွေ ရှိတယ်တဲ့။ အဲ့ဒီမှာ မြသွေးနီရဲ့   နေမထိထိုင်မသာခရီးထွက်ချင်နေတဲ့ ပိုးတွေက ခန္ဓာကိုယ်အနှံ့   ပြန်ရုန်းကြွလာရတယ်။ သူတို့လည်း ပြန်သွားရော ထားခဲ့တဲ့ ခရီးစဉ်တွေကို ရုံးက ည်ီမတွေကို ပြောပြတော့ အားလုံးက မဆိုင်းမတွ “ သွားမယ်  သွားမယ် ” ဖြစ်ကုန်ကြရော။ ဒါနဲ့ ခရီးအတို၊ အရှည်တွေ ချပြီး စဉ်းစား၊ ညီမတွေနဲ့ ညှိကြည့်လိုက်တယ်။ နောက်ဆုံး အားလုံး တစ်ခါသော်မျှ မရောက်ဘူးတဲ့ နေ့ချင်းပြန် ခရီးစဉ်တစ်ခုကို ရွေးချယ်လိုက်ကြတယ်။

အဲ့တာကတော့ ပဲခူးတိုင်း “ ဖိုးကျားတောင်ခြေဆင်စခန်း”…။

ပုံမှန်ခရီးတွေနဲ့ ကွဲပြားနေယုံမျှမက၊ ဆင်တွေနဲ့ တွေ့ထိခွင့်ရမည့်အပြင် ရန်ကုန်ဧရိယာ အပြင်ဘက် နေ့ချင်းပြန် သဘာဝတောလမ်းခရီး၊ ဘယ်လောက်များ စိတ်ဝင်စားဖို့   ကောင်းလိုက်လေသလဲ။ ခရီးထွက်မယ့်နေ့ကို နိုဝင်ဘာလ(၁၀)ရက်၊ စနေနေ့ကို သတ်မှတ်လိုက်တယ်။ ခရီးစဉ်မှာ မိန်းကလေးချည်း(၆)ယောက် လွတ်လွတ်လပ်လပ် သွားချင်တာမို့ တိုးရ်ကုမ္ပဏီကို အမျိုးသမီးဂိုဒ်ပဲ ထည့်ပေးဖို့ တောင်းဆိုရတယ်။ စရန်ငွေ သပ်ပြီးချိန်မှာတော့ မြသွေးနီတို့(၆)ယောက်အဖွဲ့ ခရီးသွားဖို့ လိုတာတွေ ပြင်ဆင်ကြပါတယ်။

ခရီးမသွားခင် မြသွေးနီကလွဲလို့ ကျန်၅ယောက်မှာ ဗိုက်နာ၊ ခေါင်းမူး၊ အဆာမကြေစတဲ့ ရောဂါအသေးအမွှားလေးတွေ ကိုယ်စီဖြစ်နေကြတာမို့ စရန်ငွေသပ်ပြီးပြီ၊ ကျန်းမာရေး ဂရုစိုက်ကြပါဟယ်လို့ လောဆော်ရပြန်ပါတယ်။ အဲ့သည်၅ယောက်မှာ ပုံ့ပုံ့က လူကောင်ကသာ ကြီးတာ၊ သွေးပေါင်ခဏခဏကျပြီး ချူခြာလွန်းသူ၊ စုမွန်ကတော့ လူက အသေးဆုံး၊ တလောကတင် ဗိုက်တွေအောက်လို့ အတော်ခံလိုက်ရသေး။ သွယ်သွယ်ကတော့ သိပ်မကြာသေးခင်က ဆေးရုံက ဒုတိယအကြိမ်မြောက် ဆင်းလာရသူ။ ပိုပိုကလည်း ဟိုနားနာ သည်နားနာ ရှိတတ်သူ။ မိုးမိုးကြပြန်တော့ အဝေးသင်စာမေးပွဲအပြီး ခရီးတန်းထွက်မှာဆိုတော့ အားတွေများ နည်းနေမလား။ ဖြစ်ပုံက မြသွေးနီ ခေါင်သည်ကြီးသည်သာ အသက်အကြီးဆုံး၊ အကျန်းမာဆုံး။

ဒီကြားထဲ “ဆင် မစီးနဲ့၊ ဆင်တွေ တောစိတ်ဝင်လာရင် ကြောက်ဖို့ သိပ်ကောင်းတယ်” လို့ သတိဝိုင်းပေးကြ။ “ယောကျာ်းသား မပါဘဲ ဒီခရီးကို မသွားသင့်ဘူး” ဆိုတာက တစ်မျိုး။ “ဒီနယ်မြေက အညိုရောင်နယ်မြေ၊ တောလည်မသွားကြနဲ့၊ မအေးချမ်းဘူး၊ သွားစရာတွေ ဒီလောက်ပေါလျှက်နဲ့ ဘာလို့များ ဒီခရီးရွေးကြရလဲ” ဆိုတာက တစ်ဖုံ။ မြသွေးနီတို့ စိတ်တွေ ချီတုန်ချတုန်နဲ့၊ တောင်တွေး မြောက်တွေးနဲ့ ဖြစ်နေရပြီ။ ခရီးထွက်တိုင်း သူများ အစီအစဉ်အတိုင်း လိုက်ယုံပေမယ့်၊ ဒီတစ်ခါ မိန်းကလေးတွေချည်း၊ တစ်ခါမှမရောက်ဘူးတဲ့ ပဲခူးရိုးမထဲ၊ ကိုယ်တိုင်တာဝန်ယူ ဦးဆောင်သွားရမှာဆိုတော့ ပင်ကိုယ်က ဆုံးဖြတ်ချက်ခိုင်မာသူ   မြသွေးနီကိုယ်တိုင်တောင် အနည်းငယ် ဇဝေဇ၀ါဖြစ်နေရပြီ။

သို့ပေမယ့် ၆ယောက်လုံး သွားမယ်လို့ ဆုံးဖြတ်ချက်ချအပြီးမှာ ခရီးမထွက်ခင်တစ်ည ရုံးမှာ စုပြီး အိပ်ကြပါ တယ်။ ညီအစ်မတွေ ညစာအပြင်မှာ စုစားကြတယ်။ ပြီးတော့ ရှော့ပင်မောလ်တစ်ခုထဲ ၀င်မွှေကြတယ်။ ရုံးပြန်ရောက်တော့ ညကြီးမိုးချုပ် အွန်လိုင်းမသုံးစဖူးသုံးလို့   ဖေ့စ်ဘုတ်ပေါ်တက်ရင်း ခရီးထွက်မယ့်သတင်း တင်လိုက်ပါသေးတယ်။ လမ်းမှာစားဖို့ ဆွဲခြင်းတောင်းနှစ်လုံးအပြည့် စားစရာအစုံအလင်၊ ဆေးဝါးကအစ  ပြင်ဆင်ထားပြီးပါပြီ။ အဲ့ဒီည ရုံးမှာ ညီအစ်မတွေနဲ့ အိပ်ရတာ အင်မတန် ပျော်ဖို့ကောင်းလှပါတယ်။ တစ်ညလုံး မအိပ်ရအောင် အားလုံးကို လိုက်နှိုး၊ ဟာသတွေလုပ်နေတဲ့ မိုးမိုးကြောင့် မနက် ၃နာရီထဖို့ မြသွေးနီတို့တွေ အဲ့ဒီမနက် တစ်နာရီထိတိုင် အိပ်ဖို့ မနည်းကြိုးစားရပါတယ်။

မနက်(၄)နာရီခွဲတိတိမှာတော့ တိုးရ်ကုမ္ပဏီက လာခေါ်မယ့်ကားကို စောင့်ဖို့ မြသွေးနီတို့ အုပ်စု ရုံးအောက်မှာ အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ တအောင့်နေတော့ တစ်ဖွဲလုံး ခရီးစဉ်ရဲ့အစအဖြစ် ရန်ကုန်မြေကို ခွာဖို့ သွားနေတဲ့ ကားလေးပေါ်မှာ ရောက်နေကြပါပြီ။ မြသွေးနီတို့ရဲ့ ဖိုးကျားဆင်စခန်းခရီး အောင်မြင်စွာ စတင်နိုင်ခဲ့ပြီလို့ ပြောရင်လည်း မမှားပါဘူး။

ရန်ကုန်ကအထွက်မှာ ငါးနာရီသာသာ ရှိပါသေးတယ်။ မြသွေးနီတို့ စီးလာတဲ့ ကားလေးက ဟိုက်ဝေးအမြန်လမ်းမကြီးကို ရွေးချယ်လိုက်ပါတယ်။ ဒီလမ်းမကြီးကို သူများပြောနေတာသာ ကြားခဲ့ဘူးပြီး အခုမှ ကိုယ်တိုင်ကိုယ်ကျ သွားဖြစ်ခဲ့တာပါ။ ဖြောင့်တန်းပြီး ဖြူးနေတာမို့ လမ်းမကောင်းရင် ကားမူးတတ်တဲ့ မြသွေးနီအတွက် အင်မတန်မှကို အဆင်ပြေခဲ့ပါတယ်။ မနက်၆နာရီသာသာမှာ လမ်းမကြီးတလျှောက် မြူတွေပိတ်နေအောင်ကျနေတာ ကြုံရပါတယ်။ ကားသမားလည်း မီးကြီးဖွင့်ပြီး သတိထားမောင်းရပါတယ်။ ကားလေးက လေးညှို့က လွှတ်လိုက်တဲ့ မြှားတံလို ၀ှီးခနဲ မောင်းနေပါတယ်။ သိပ်မကြာခင် နေပွင့်လာချိန်မှာတော့   မြူတွေကွဲပြီး ၀န်းကျင်ကို ထင်ရှားစွာ မြင်လာရပါတယ်။ လှလိုက်တာ..။ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သွားတဲ့ မြင်ကွင်းရဲ့ဟိုးအဝေးဆီမှာ လှမ်းမြင်နေရတဲ့ ကြည်ပြာရောင် တိမ်အဆုတ်ဆုတ်တွေနဲ့ မိုးသားကောင်းကင်ကို နောက်ခံပြုလို့ မြစိမ်းရောင်ခြယ် ပဲခူးရိုးမတောင်စွယ်တောင်တန်းကြီးက မျက်စိတစ်ဆုံး ရှုမငြီးချင်စရာ။

နံနက်(၇း၃၀)နာရီမှာတော့ ၁၁၅မိုင်စခန်းကို ရောက်ခဲ့ပြီး မနက်စာစားကြပါတယ်။ မနက်စာကို အားပါးတရစားမယ်လို့ အားခဲထားတဲ့ မြသွေးနီတို့အဖွဲ့ နှစ်ဇွန်းအပြင်ပိုမစားနိုင်ပဲ ထားခဲ့ရတဲ့ ဈေးကြီးပေးစားရတဲ့ အရသာမဲ့မုန့်ဟင်းခါးဘိုးအတွက် ဒေါပွချင်ချင် ဖြစ်ကြရပါတယ်။ သို့သော် ခရီးထွက်ရင် လိုက်လျောညီထွေ စိတ်ထားတတ်ရမယ်၊ ကြုံလာသမျှ အခက်အခဲကို ကျော်လွှားနိုင်ရမယ်ဆို ခံယူထားတာမို့ အမှတ်တရ ဓာတ်ပုံလေးရိုက်ရင်း ကားပေါ်ပါလာတဲ့ မုန့်တွေကို ပျော်ပျော်ကြီး စားရင်း မနက် ၈း၀၀နာရီမှာ ခရီးဆက်ခဲ့ကြပြန်ပါတယ်။

 

 လမ်းခရီးမှာ နောက်ရင်း၊စရင်း၊ အိပ်ငိုက်ရင်းနဲ့ “ဖိုးကျားဆင်စခန်းသို့” ဆိုရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်လည်းမြင်ရော ကျွန်မတို့အားလုံးရဲ့ခန္ဓာကိုယ်တွေ ထောင်မတ်ကုန်ကြပါတယ်။ လမ်းညွှန်ဆိုင်းဘုတ်ကနေ လမ်းကြောလေးအတိုင်း ၀င်လိုက်ပြီး မနက်(၉း၃၀)မှာတော့ ဖိုးကျားဆင်စခန်းကို စတင် ခြေချနိုင်ခဲ့ပါတယ်။ စခန်းလေးကို အကဲခတ်ကြည့်လိုက်တော့ သစ်တောထဲမို့လားမသိ အေးမြနေပြီး ကားလမ်းနလေး သစ်တောကြိုးဝိုင်းထဲမှာ သစ်လုံးဘန်ဂလို အိမ်လေးများနှင့်။ ဟိုနားသည်နား အလုပ်သမားများ အလုပ်လုပ်နေကြတာကို တွေ့နေရပါတယ်။  ထူးခြားတာ ရှူရှိုက်ရသည့်လေက သန့်စင်ပြီး အရသာရှိနေသလိုလို။

မန်နေဂျာအဘမှ ကျွန်မတို့ရောက်ချိန် နောက်ကျသွားတာမို့ ဆင်များ ရေချချိန်ပြီးသွားပြီလို့ သိရတဲ့အတွက် ဆင်တွေကို ရေအတူ ချိုးပေးခွင့် မရရှိခဲ့ပါဘူး။ ဆင်တွေကို ပုံမှန် မနက်(၈)နာရီ ရေချပေးပြီးမှ လုပ်ငန်းခွင်ပေးဝင်တာမို့ အဲ့ဒီအတွေ့အကြုံလိုချင်ရင် ညအိပ်နေပြီးမှ မနက်(၈)နာရီ ရေချချိန် သေချာမှီနိုင်မယ်လို့ သိရပါတယ်။ ဒါမှမဟုတ် မနက်(၈)နာရီမအမှီ ရန်ကုန်က ထွက်လာနိုင်ရင်လည်း မှီနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရေချဆိပ်မှာ လုပ်ငန်းခွင်ဆောင်လုပ်ရေးအတွက် သစ်ဆွဲပေးနေတဲ့ ဆင်နှစ်ကောင်ကို တွေ့ခွင့်ရခဲ့ပါတယ်။

ဆင်စီးတောလည်ထွက်ဖို့ ဆင်တွေ ကောက်ခိုင်းထားလိုက်တယ်လို့ မန်နေဂျာကြီးဆီမှ သိရပြီး တအောင့်နေတော့ ဆင်၅ကောင် ကျွန်မတို့ရှိရာ စုရပ်ကို ရောက်လာကြပါတယ်။ ခလောက်သံ တချွင်ချွင်နဲ့ နှာမောင်းလေးတွေ မြှောက်လို့ လှမ်းလာတဲ့ ဆင်တွေရဲ့မျက်နှာတွေက သူတို့ဆီအလည်လာတဲ့ ကျွန်မတို့တွေအတွက် ၀မ်းသာစဖွယ် ကြိုဆိုနေသလိုပါ။ သို့သော် ဆင်စီးမယ်ဟေ့လို့ ဟစ်ကြွေးလာကြတဲ့ ကျွန်မတို့အဖွဲ့ နင်လားငါလား ဆင်အကောင်လိုက်ကြီးလည်း မြင်ရော ခြေလှမ်းလေးတွေ ကိုယ်စီနောက်ဆုတ်သွားကြပါတယ်။ “အီး” “အား” “သမီး မစီးရဲဘူး” “ကြောက်တယ်” စတဲ့ အသံတွေ ထွက်လာကြပါတယ်။

မန်နေဂျာကြီးက…

 “ဆင်စခန်းရောက်ပြီး ဆင်မစီးဖြစ်ရင် ဘာမှ အဓိပ္ပါယ်မရှိဖြစ်မယ်၊ မကြောက်နဲ့၊ လာ.. ဒီကနေ တက်မယ်… ဟေ့… ဆင်ကို ဒီဘက်ကို ကပ်ပေးလိုက်”

မန်နေဂျာကြီးက ဆင်ပေါ်တက်ဖို့ ပြုလုပ်ထားတဲ့ လူတစ်ရပ်ကျော်ကျော် အမြင့်ရှိတဲ့ သစ်သားစင်လေးရဲ့ လှေကားထစ်အတိုင်း တက်သွားပေမယ့် သူ့အနောက်က ဘယ်သူမှ မလိုက်ကြ။ ကျွန်မတို့ တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လို့။


“ အို… ကြောက်တဲ့စိတ်တွေ ဖယ်..၊ ငါမှ မစရင် နောက်က တစ်ယောက်မှ လိုက်မှ မဟုတ်တော့ဘူး၊ ဒီခရီးလည်း ထမြောက်တော့မှာ မဟုတ်ဘူး၊ ဒီတော့ စိုးရွံ့စိတ်တွေ ဖယ်၊ ငါကိုယ်တိုင် အရင်တက် မယ်”

စိတ်နှလုံးဒုံးဒုံးချ အရှေ့ဆုံးကနေ ဆင်ပေါ်တက်ဖို့ ပြင်ရပါတယ်။ ဆင်တစ်ကောင်ကို လူနှစ်ယောက် စီးလို့ ရပါတယ်။ ဆင်ပေါ်မှာ လူထိုင်ဖို့ လုပ်ထားတဲ့ သစ်သားခွင်လေးကို မြင်အောင်   ပြောပြပါ့မယ်။ ခြေလေးချောင်းထောက် သစ်သားစားပွဲငယ်ကို စားပွဲရဲ့မျက်နှာပြင်  မပါဘဲ   မြင်ကြည့်ပါ။     အဲ့ဒီစားပွဲလေးကို မှောက်ရက်သား နှစ်လုံးပူးပြီး ဆင်ရဲ့ လည်ဂုတ်ပေါ် ခွတင်ထား လိုက်ပါတယ်။ သစ်သားခွင်လေးက အရှင်ပါ။ လှုပ်တုတ်တုတ်နဲ့ ဘယ်ညာနှစ်ဘက် ကျနေပါတယ်။ အဲ့ဒီအပေါ်မှာ ထိုင်ဖို့ ဆိုဖာဖုံလို အရာတစ်ခုကို တင်ထားပေးပါတယ်။ အဲ့ဒီဆိုဖာဖုံကလည်း အရှင်ပါ။ အဲ့တော့ လှုပ်တုတ်တုတ် ဆင်အရှင်၊ လှုပ်တုတ်တုတ် သစ်သားခွင်နဲ့ လှုပ်တုတ်တုတ်ဆိုဖာဖုံပေါ်မှာ လှုပ်တုတ်တုတ်လူ ထိုင်ဖို့က စစချင်းမှာ အတော့ကို မလွယ်တာပါ။

သစ်သားစင်ပေါ်ကနေ ဆင်ရဲ့လည်ဂုတ်ကိုနင်းပြီး သစ်သားခွင်ထဲကို ၀င်ထိုင်ရပါတယ်။ လူရဲ့ခြေနှစ်ချောင်းက သစ်သားခွင်ရဲ့ခြေတစ်ချောင်းကို ခွလျှက်သားထိုင်ရပြီး ပြုတ်မကျအောင် အဲ့ဒီသစ်သားခွင်ရဲ့ခြေထောက်ကို ကိုင်ထားရပါတယ်။ ၀ိတ်ညီမျှသူနှစ်ယောက် ထိုင်မှ ဟန်ချက်ညီမှာမို့ မြသွေးနီနဲ့ မတိမ်းမယိမ်း ပုံ့ပုံ့က တစ်ဘက်က ၀င်ထိုင်ပါတယ်။ သူလည်း ဆင်ပေါ်မတက်ခင် ဘာအတွက်မှန်းမသိ၊ လက်အုပ်ကလေး တချီချီနှင့်မို့  ရင်တထိတ်ထိတ်ကြားက ပြုံးမိရပြန်ပါသေးတယ်။ မြသွေးနီတို့နှစ်ယောက်က ၀ိတ်များတာမို့ စီးတဲ့ဆင်ကလည်း အကြီးဆုံးဆင် ရွေးပေးထားပါတယ်။ သို့သော်ပါလာတဲ့ ဆင်ဦးစီးက ကလေးအရွယ်မို့ စိတ်ထဲ စိုးရိမ်မိရပြန်ပါတယ်။ မြသွေးနီတို့်ပြီးပြန်တော့ နောက်တစ်စီးမှာ ခန္ဓာကိုယ်သေးတဲ့ စုမွန်နဲ့မိုးမိုးက ဆင်အသေးဆုံးလေးပေါ် တက်ပါတယ်။ နောက်တစ်ကောင်မှာတော့ သွယ်သွယ်နဲ့ပိုပို။   နောက်တစ်ကောင်မှာ ဂိုက်မိန်းကလေးနှင့် ဆင်လုပ်သားတစ်ဦး။ မြသွေးနီတို့တွေအားလုံး ဆင်နဲ့တောလည်ထွက်ဖို့ အသင့်ဖြစ်နေကြပါပြီ။

 

မြသွေးနီတို့ဆင်က အရှေ့ဆုံးကနေ ဦးဆောင်ထွက်ပါတယ်။ အိပဲ့အိပဲ့ဆင်ပေါ်မှာ ဟန်ချက်ညီညီ ထိုင်နေရင်းကနေ ဓာတ်ပုံရိုက်ဖို့ အတော်ကြိုးစားယူရပါတယ်။ ဆင်မယဉ်သာလျှောက်နေတဲ့ ဆင်ကို ဆင်ဦးစီးလေးက နားရွက်အနောက်ကနေ ခြေထောက်လေးနဲ့ထိုးပြီး အသံတစ်မျိုးပြုလိုက်ရင် ဆင်က လမ်းလျှောက်နေရာက သူ့ခန္ဓာကိုယ်ကြီးနဲ့   ပြေးပါတော့တယ်။ မြသွေးနီတို့လည်း “အမယ်လေး.. မပြေးနဲ့.. ရပ်ရပ်” ဆို အော်မှ အရှိန်ပြန်လျော့ပါတယ်။ အားလုံး အသည်းတအေးအေး၊ ရင်တထိတ်ထိတ်နဲ့ ပျော်စရာပါ။

ညီမတွေနဲ့အတူ “ဆင်ပေါ်ရောက်ပြီဟေ့” လို့ အသည်းတအေးအေးကြားက ပျော်ရွှင်စွာ   အော်ခဲ့ကြပါတယ်။

ကျွန်မတို့အဖွဲ့ ဆင်နဲ့အတူ တောလမ်းလေးအတိုင်း ဖြတ်ကြပါတယ်။ ကုန်းတွေကို မော့တက်ရတယ်။ ကုန်းဆင်းတွေကို ခေါင်းဆိုက်ဆင်းကြရတယ်။ တောလမ်းအတိုင်းသွားရာက ချောင်းရိုးတစ်ခုတွေ့
ရပြီး ချောင်းထဲကနေ ဆင်နဲ့ ဖြတ်ကြပါတယ်။

ချောင်းထဲမှာ ဒေသခံတချို့ ရေချိုး၊ အ၀တ်လျှော်နေတာကို   တွေ့ရပါတယ်။   ချောင်းထဲကမှ တဆင့်  တောလမ်းအတိုင်း ရွာကိုဖြတ်လို့ ကတ္တရာလမ်းမပေါ် ပြန်တက်ကြပါတယ်။

လမ်းမပေါ် ရောက်တော့ မြသွေးနီတို့ဆင်က နောက်ဆုံးမှ ကျန်နေခဲ့ပြီ။ နေကျဲကျဲပူနေတာမို့ စီးလာတဲ့ဆင်ကို သနားစိတ်နဲ့ အားနာနေမိကြသေးတယ်။ လမ်းဘေးတလျှောက်မှာတော့   မြန်မာပြည်ရဲ့အဓိကကျတဲ့ အဖိုးတန် ကျွန်းသစ်စိုက်ခင်းတွေက တပြန့်တပြော။ မည်သူတွေပိုင်သလဲမသိ။ လမ်းမပေါ် ဖြတ်သန်းသွားလာနေတဲ့ ကားတွေက ဆင်ပေါ်က ညီမတွေကို ဓာတ်ပုံလှမ်းရိုက်၊ ညီမတွေက လက်ပြန်လှမ်းပြ။

အငြိမ်မနေနိုင်တဲ့ မြသွေးနီက ဆင်ဦးစီးလေးကို ဆင်စီးရင်း ကြုံတုန်းစပ်စုလိုက်သေးတယ်။ ဆင်ဦးစီးလေးနာမည်က စောမြင့်ဦး။ ကရင်ဗမာလူငယ်လေး။ အသက်က အခုမှ(၁၄)နှစ်။  မောင်နှစ်မလေးယောက်မှာ အကြီးဆုံးတဲ့။ ဆင်လေးကတော့ နာမည်က သိန်းညထွန်း၊ ဗုဒ္ဓသား၊ အသက်က(၁၃)နှစ်။ ဒီကြိုးဝိုင်းမှာပဲ မွေးကြတာ။ သူ့အဖေက ဆင်လုပ်သား။ ဒီဆင်က သူ့အဖေဆင်တဲ့။ ဆင်အပိုင်ပေါ့လို့မေးတော့ မဟုတ်ဘူးတဲ့။ ဒီဆင်ကို တာဝန်ယူ အုပ်ချုပ်ရတဲ့ ဆင်ဝန်ထမ်းပါတဲ့။

ဆင်တွေကို ညဘက် အိမ်မှာပဲ သိမ်းလားလို့ ရမ်းသမ်းမေးလိုက်တော့ “ဆင်တွေကို ညဆို တောထဲလွှတ်ထားတာ၊ မနက်မှ လိုက်ကောက်ကြတယ်၊ ခလောက်သံနားထောင်ပြီး အသံပေးခေါ်ရင် ပြန်လာကြတယ်၊ မနက် ဆင်ကောက်တာလိုက်ကြည့်ချင်တဲ့ ဧည့်သည်ရှိရင်လည်း ခေါ်သွားပေးတယ်” လို့ ပြောပြတယ်။ စပ်စုတတ်သူဆိုတော့ ညများအိပ်ဖြစ်ရင် လိုက်ကြည့်မိမလားတောင်မသိ။ ဆင်တွေကို ဧည့်သည်တွေအတွက် သီးသန့်ထားတာလာဆိုတော့ “မဟုတ်ဘူး၊ ဧည့်သည်တွေလာမှ အလုပ်ခွင်ကနေ ခေါ်လာတာပါ၊ အရင်က ဒီဝိုင်းမှာ ဆင်(၁၉)ကောင်ရှိတယ်။ လာခေါ်သွားတာ အခုတော့ (၉)ကောင်ပဲ ရှိတော့တယ်” လို့ ပြောပြပါတယ်။

ဆင်အဖွဲ့ စခန်းပြန်ရောက်တော့ မောရှာလာတဲ့ ဆင်တွေကို အဆာကျွေးကြပါတယ်။ မန်ကျည်းသီးကို လုံးထားတဲ့ အလုံးတွေကို တုတ်နဲ့ထိုးပြီး ကျွေးရတာပါ။ ဆင်နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ကြပါတယ်။


တအောင့်နေတော့ မန်နေဂျာကြီးက သဲချောင်းဘက် လမ်းလျှောက်မယ်ဆို ဦးဆောင်ပြီး   မြသွေးနီတို့တစ်ဖွဲ့လုံးကို သဲချောင်းဘက် ခေါ်သွားပါတယ်။ “သဲချောင်းလေးက ရေတွေက ကြည်တယ်၊ နိုင်ငံခြားသားတွေ  သိပ်သဘောကျကြတယ်၊ ချောင်းတလျောက် ရေစပ်စပ်မှာ လမ်းလျှောက်ကြတာ ပျော်ဖို့ ကောင်းတယ်” လို့ မန်နေဂျာကြီးက   ပြောပါတယ်။   နေ့ချင်းပြန် ခရီးဖြစ်တာမို့ ကျွန်မတို့ နားချိန်ထက် အချိန်ရှိတုန်း နောက်တစ်ခု ဆက်ကြပါတယ်။

မန်နေဂျာကြီးရဲ့ ဦးဆောင်မှုနဲ့ မြသွေးနီတို့အဖွဲ့ နေကျဲကျဲအပူမှာ ကတ္တရာလမ်းမှာ ချောင်းအကျော် ကုန်းတံတားလေး နဘေးကနေ ချောင်းနဖူးက အိမ်ခြေကျိုးတိုးကျဲတဲနဲ့ ရွာတန်းလေးရဲ့ လမ်းမြှောင်လေးကနေ တိုးဝှေ့ဝင်လာခဲ့ကြပါတယ်။

လမ်းတလျှောက် ရိုးသားတဲ့ မျက်နှာလေးတွေ၊ အပြုံးလေးတွေနဲ့ ဒေသခံ ကလေးတွေကို   တွေ့ရပါတယ်။

လျှောက်လာတာ ၁၅မိနစ်ကျော်တော့မယ်၊ ချောင်းနဲ့တူတာ တစ်ခုမှ မမြင်ရသေးတာမို့ ညီမတွေက မန်နေဂျာကြီးကိုဘယ်တော့ရောက်မှာလဲလို့ အော်မေးနေကြပါပြီ။ ရောက်တော့မှာ ရောက်တော့မှာ
နဲ့ ခေါ်လာလိုက်တာ နောက်ဆုံးချောင်းရဲ့ခါးလည်ဖြတ်လမ်းဖြစ်တဲ့ ခြုံတွေကြားထဲက တိုးဝှေ့ထွက်လိုက်မှ ကြည်လင်တဲ့ ရေတိမ်တိမ် စီးဆင်းနေတဲ့ ချောင်းတစ်ခုကို ဘွားခနဲ   တွေ့လိုက်ရပါတယ်။ မန်နေဂျာကြီးက ဖိနပ်ချွတ်လို့ ဦးဆောင်ကာ ချောင်းထဲ ဘာမပြောညာမပြော ဆင်းချသွားပါတယ်။

“ဆင်းခဲ့ကြ၊ ချောင်းထဲ လျှောက်မယ်၊ လျှောက်လို့ကောင်းလိုက်တာ၊ အေးသမှအေးနဲ့ ” ဆို အော်လည်း ခေါ်ရော ပုံ့ပုံ့၊ သွယ်သွယ်၊ မိုးမိုး၊ ပိုပို၊စုမွန်အပါအ၀င် မြသွေးနီနဲ့ ဂိုဒ်မိန်းကလေးပါ မကျန် အားလုံးတစ်ယောက်တစ်ပေါက် အသံတွေ ထွက်လာကြပါတယ်။ နေပူထဲက   လျှောက်လာကြသူများမို့ အခုလို ရေထဲ ဆင်းရမယ်ဆိုတော့ အားလုံးတွန့်ကြပြန်တယ်။ ဒါပေမယ့်လည်း မြို့မှာမရနိုင်တဲ့ ဒီလို ရှားပါးတဲ့ သဘာဝရဲ့အတွေ့အကြုံကို တကူးတကန့် လာယူကြတာ ဆိုပြန်တော့…။ မြသွေးနီလည်း ဘောင်းဘီခြေထောက်ကို လိပ်တင်၊ ဖိနပ်ချွတ်၊   ရှေ့ကနေ ချောင်းထဲ ဆင်းချလိုက်တော့ ကျန်သူအားလုံး အသီးသီး ချောင်းထဲ   ရောက်လာကြပါတော့တယ်။

စီးဆင်းနေတဲ့ ချောင်းရေရဲ့ အောက်ခြေမှာ အေးမြတဲ့ နုရှတဲ့ သဲမှုန်တို့ရဲ့ အတွေ့ကို ဖိနပ်မပါတဲ့ ခြေဖ၀ါးတွအားလုံး သိလိုက်ကြတယ်။ ချောင်းရိုးတလျှောက်   မြသွေးနီတို့အဖွဲ့   လျှောက်ခဲ့ကြတယ်။ မောရင် ရပ်ကြတယ်။ ဓာတ်ပုံတွေ ရိုက်ကြတယ်။

မိုးတွင်းဆို ဒီချောင်းရေက ဆင်တစ်ကောင်ဖြတ်လို့ မရလောက်အောင်တောင်   ရေစီးပြင်းထန်တယ် ဆိုပေမယ့် အခုအချိန်မှာတော့ အတိမ်ဆုံး ခြေမျက်စေ့လောက်ကနေ အနက်ဆုံး ခြေသလုံး အလယ်လောက် ထိသာ   ရှိနေပါတယ်။

မြသွေးနီ ရိပ်မိလိုက်တယ်။ ဒီချောင်းဆီ စလာခဲ့တဲ့ ကုန်းလမ်းရဲ့ ဆန့်ကျင်ဘက်လမ်း အတိုင်း ချောင်းထဲကနေ  ကတ္တရာလမ်းဘက်ဆီ   ပြန်လျှောက်နေပြီ ဆိုတာ။   ရေထဲမှာဆိုတော့ အနည်းဆုံး နာရီဝက်လောက် ပြန်လျှောက်ပေတော့။ ၀မ်းဗိုက်တွေလည်း ဟာစပြုလာပြီ။   လျှောက်ရင်းက နွမ်းလာကြပြီ။ အချင်းချင်းအားပေးလို့၊ အားမွေးကြလို့   ချောင်းရေအတိုင်း တရွေ့ရွေ့ ဆက်လျှောက်ကြတယ်။

ချောင်းလယ်တစ်နေရာ ရောက်တော့ သဲဝိုင်းလေးတစ်ခုနဲ့ အလယ်မှာ ရေကြည်လေးတွေ စုနေတာ တွေ့ရလို့ အနားမှာရှိတဲ့ ကလေးကို မေးကြည့်တော့ သောက်ရေကို ချောင်းရေထဲကနေ ကျင်ယူတာလို့ သိရတယ်။ ဒီချောင်းရေကို ရွာက သုံးရေအတွက်ရော၊ သောက်ရေအတွက်ပါ သုံးကြတယ်။ သဲရေကန်လေးတွေကို လူတွေသုံးနဲ့ နေရာနဲ့ ဝေးတဲ့ နေရာတွေမှာ ဟိုတစ်ခုဒီတစ်ခု တွေ့ရတယ်။

သဲရေကန်ကို ချောင်းရဲ့ လူသုံးနည်းပြီး ရေတိမ်တဲ့   နေရာမှာတူးကြတယ်။ ချောင်းထဲက သဲတွေကို လက်နဲ့ယက်ဖယ်လို့ အချင်းတစ်ပေလောက်ရှိတဲ့ စက်ဝိုင်းပုံသဏ္ဍာန်ရတဲ့အထိ သဲဘောင်လေးတွေနဲ့ မံထားကြတယ်။ ပြီးရင် သဲကန်လေးထဲက ရေတွေကုန်လုနီးပါး ခပ်ထုတ်လိုက်တယ်။ ပြီးမှ အောက်ခြေကနေ တဖြည်းဖြည်း ချောင်းရေက ပြန်စိမ့်ဝင်လာတယ်။ စိမ့်ဝင်လာတဲ့ စစ်ပြီးသား ကြည်လင်အမှိုက်ကင်းပြီး အေးနေတဲ့ သဘာဝချောင်းရေကို ဒီရွာက လူတွေ သောက်ကြရတယ်။

 ဒီရေကန်လေးတွေက နေရာအတည်တကျ မရှိကြဘူး။ ပျက်စီးသွားလိုက် ပြန်လုပ်လိုက်နဲ့ သဘာဝမိုဘိုင်းသောက်ရေကန်လေးတွေပေါ့။

ဆက်လျှောက်နေရင်းက ချောင်းအကွေ့တစ်နေရာအရောက် ဘွားခနဲ ကုန်းတံတားဖြူဖြူကို လှမ်းမြင်လိုက်ရပါတယ်။ ခုန မြသွေးနီကြိုတွက်ထားတာနဲ့ ကွက်တိပါဘဲ။ စစချင်းဖြတ်ခဲ့တဲ့ ကုန်းတံတားလေးဆီ ချောင်းအတိုင်း ပြန်လျှောက်နေခဲ့တာ။ “ဟာ.. စထွက်ခဲ့တဲ့နေရာပဲ၊ ဒါမှန်းသိ အခုလို နောက်ပြန် ပြန်လျှောက်မနေပါဘူး ခုနထဲက ဂုံးတံတားပေါ်ကနေ ချောင်းထဲ ခုန်ချလိုက်ပါတယ်” လို့ မောနေတဲ့ကြားက ပြောလိုက်တဲ့ သွယ်သွယ်ကြောင့် အားလုံး ရယ်မိကြပါတယ်။ မန်နေဂျာကြီးကိုလည်း “ အဘ.. လမ်းတွေ အကြာကြီး လျှောက်ခိုင်းလို့ ဗိုက်တွေ မတရားဆာနေကြပြီ၊ နေ့လည်စာ အမျာကြီးစားမိရင် အဘကြောင့်ပဲ” လို့ ၀ိုင်းပြောကြပါတယ်။

 

စခန်းကို ပြန်ရောက်တော့ မန်နေဂျာကြီးကို သစ်လုံးအိမ်တစ်အိမ်လောက်မှာ ရေစိုအ၀တ်တွေ လဲရင်း ခေတ္တနားခွင့်ပြုဖို့ ခွင့်တောင်းကြည့်ပါတယ်။ သဘောကောင်းတဲ့ မန်နေဂျာကြီးရဲ့ ခွင့်ပြုချက်နဲ့ အိမ်လေးထဲမှာ နာရီဝက်မျှ အမောဖြေ နားရင်း၊ လဲလျောင်းခွင့်ရကြပါတယ်။

 

 တအောင့်နေတော့ နေ့လည်စာအဆင်သင့်ဖြစ်ပြီဆို အကြောင်းကြားလာတာမို့ ပင်မဆောင် ထမင်းစားခန်းဆီ အဖွဲ့လိုက်ချီတက်ကြပါတယ်။ ပုံ့ပုံ့နဲ့သွယ်သွယ်က ဇွန်းခရင်းနဲ့တောင် အားမရလို့ လက်ဆေးစားပါတယ်။ မိုးမိုးကတော့ ဆာနေတဲ့ စိတ်ကို မထိမ်းနိုင်လို့ အရင်ချပေးတဲ့ ပဲဟင်းချိုကို တစ်ဇွန်းပြီးတစ်ဇွန်း ခပ်သောက်တယ်။ ထမင်းပူပူ ဟင်းပူပူနဲ့ စေတနာပါပါချက်ထားတဲ့ အတွေ့အကြုံရှိတဲ့ စားဖိုမှုးလက်ရာ ထမင်းဟင်းတွေက နေ့လည်စာအတွက် ကျွန်မတို့တစ်ဖွဲ့လုံး   ကျေနပ်မှု အပြည့်အ၀ရစေခဲ့ပြီး၊ မနက်က ၁၁၅မိုင်မှာ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတဲ့ မနက်စာမုန့်ဟင်းခါးကိုပါ မေ့သွားစေခဲ့ပါတယ်။

ထမင်းစားအပြီး သဘောကောင်းတဲ့၊ ဖော်ရွေတဲ့ မန်နေဂျာအဘနဲ့ စကားပြောဖြစ်ပါတယ်။ အဘက Seamanလှဝေ ဆိုတဲ့ကလောင်နဲ့စာတွေအများကြီး ရေးခဲ့ဘူးတဲ့၊ နိုင်ငံတကာအတွေ့အကြုံ၊ ဟိုတယ်အတွေ့အကြုံ အများကြီးရှိနေတဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေတာ အံ့သြစဖွယ် သိခဲ့ရပါတယ်။ ကမ္ဘာအနှံ့ပတ်လာခဲ့ပေမယ့်၊ သားသမီးတွေ ပြည်ပမှာ အထိုင်ကျနေပေမယ့်   မြန်မာပြည်ကို ချစ်တဲ့စိတ်၊ သဘာဝကို ခင်တွယ်တန်ဖိုးထားတဲ့စိတ်နဲ့ သူ့အသက်   ခြောက်ဆယ်ကျော်ချိန်မှာ ဒီလိုတောထဲမှာ အပူအပင်မရှိ လာရောက် လုပ်ကိုင်ဖြစ်နေတာ ကိုလည်း သိခဲ့ရပါတယ်။ တကယ့်ကို ပကာသန ဘာဆိုဘာမှမရှိပဲ သာမန်တောသားတစ်ဦးလိုပုံစံနဲ့ မန်နေဂျာတစ်ဦးအဖြစ်တာဝန်ယူ လုပ်ကိုင်နေတဲ့ သူ့အပြောနဲ့ သူ့အသွင်အပြင်က ထပ်တူကျနေပါတယ်။

 

 “ ဖိုးကျားတောင်ခြေဆင်စခန်း” ဟာ ရန်ကုန် အဝေးပြေးလမ်းမိုင်က စတွက်ရင် (၁၇၃)မိုင် ခရီးရှိတယ်။ ပဲခူးတိုင်းရဲ့ မြောက်ဘက်၊ တောင်ငူမြို့ရဲ့ အနောက်မြောက်ဘက်၊ သာဂရရွာရဲ့ အနောက်ဘက် ၁၀မိုင်မှာ နှုံးမြောင်ဆိုတဲ့ အိမ်ခြေ(၆၀)သာရှိတဲ့ ရွာကလေးရှိတယ်။ ဗမာနဲ့ ကရင်လူမျိုး နေထိုင်ကြတယ်။ များသောအားဖြင့် သစ်လုပ်သားတွေ ဖြစ်ကြတယ်။

ဒီရွာလေးမှာ ဧရိယာ၂၀ဧက ရှိပြီး၊ ဟိုတယ်ဧရိယာက ၁၂ဧကရှိတဲ့ “ ဖိုးကျားတောင်ခြေ ဆင်စခန်း”ကို ၂၀၀၂ ခုနှစ်မှာ စပြီးတည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလမှာ Asia Green Travels and Toursကို ငှားပြီးချိန်မှာ ခရီးသွားများ စတင်ရောက်လာခဲ့တယ်။   ဆောင်းရာသီနဲ့ နွေဦးရာသီများမှာ ဧည့်သည်အလာများပြီး နိုင်ငံခြားသားအများစု လာလည်ကြတယ်။ ယခင်က ဆင်၁၉ကောင်ရှိခဲ့ပေမယ့် အခုအခါ ဆင်၉ကောင်သာ ရှိတော့တယ်။ အကြီးစားမွမ်းမံပြင်ဆင်မှုတွေကို အခုအခါမှာ လုပ်နေပြီးတော့ ဆင်ဦးရေ ၂၅ကောင်အထိတိုးဖို့ အစီအစဉ်ရှိတယ်။ လက်ရှိ သစ်လုံးဘန်ဂလို ၇ ဆောင်(၁၄ခန်း) ရှိပြီး၊ ထပ်မံ၍ ၅ဆောင် (၁၀ခန်း)   တိုးချဲ့နေတာကိုလည်း တွေ့ရတယ်။ ဆင်ထိမ်းတွေက မြန်မာ့သစ်တောဝန်ကြီးဌာနက ခန့်ထားတဲ့ ၀န်ထမ်းတွေဖြစ်တယ်။

 

တည်းခိုခန်း(၂ယောက်ခန်း/၁ရက်) နှုန်းထားတွေက -
ပြည်တွင်း -   ၅၀,၀၀၀ ကျပ်
နိုင်ငံခြားသား – US$ 80/-

ဆင်အသုံးပြုမှု၊ ဆင်နှင့်ဆိုင်ရာ -
ပြည်တွင်း -   ၁၀,၀၀၀ ကျပ်
နိုင်ငံခြားသား – US$ 50/-

 … လို့ သိရပါတယ်။

ဆင်နဲ့ပတ်သက်တဲ့ ဆင်စီးပြီးတောလည်ထွက်မယ်။ ဆင်တွေကို ရေချိုးပေးကြမယ်၊ ဆင်တွေ စွမ်းရည်သရုပ်ပြပွဲရှိမယ်၊ ဆင်မပါပဲ တောလည်ထွက်လို့ရမယ်။ ချောင်းရိုးတလျှောက် လမ်းလျှောက်လို့ရမယ်.. စတဲ့ ၀န်ဆောင်မှုတွေကို ခရီးသွားတွေအတွက် ၀န်ဆောင်မှုပေးနေတယ် လို့ သိရပါတယ်။

နာရီကို ကြည့်လိုက်တော့ ၁နာရီခွဲခန့် ရှိနေပြီ။ ပြန်ထွက်ဖို့ အချိန်ကျပြီ။ မန်နေဂျာကြီးနဲ့ စကားပြောကောင်းနေတာကို ရပ်လို့ မန်နေဂျာကြီးကို ကျေးဇူးစကား၊   နှုတ်ဆက်စကားပြော အပြီးမှာ ဖိုးကျားဆင်စခန်းက မြသွေးနီတို့ ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။ မနက်က စီးခဲ့တဲ့ဆင်လေးတွေကို နှုတ်ဆက်ချင်ပေမယ့် တွေ့ခွင့် မကြုံတော့ပါဘူး။ ဒီနေရာလေးကို မိသားစုနဲ့ ညအိပ်ခရီး တစ်ခေါက်လောက် ထပ်လာဖြစ်ဦးမယ် ထင်မိပါတယ်။

 

အပြန်လမ်းမှာ မြသွေးနီတို့အားလုံး ထမင်းလုံးစီရင်း ငိုက်လာလိုက်တာ တောင်ငူမြို့ထဲ ကားဝင်လာမှ နိုးပါတော့တယ်။ ပထမဆုံး တောင်ငူမြို့ ကောင်းမှုတော်ဆုတောင်းပြည့်ဘုရားကြီးကို ၀င်ရောက်ဖူးမျှော်ကြပါတယ်။

အဲ့ဒီနောက် တောင်ငူ ရွှေဆံတော်ဘုရား။
အဲ့ဒီနောက် မြစည်းခုံဘုရား။

ဘုရားသုံးဆူဖူးအပြီး ကေတုမတီဟိုတယ်မှာ ဓာတ်ပုံဝင်ရိုက်ကြမယ်လို့ အလာခရီးတုန်းက   ပြောကြပေမယ့် တကယ်တမ်းကြတော့ နေပူလွန်းတာမို့ မရိုက်ဖြစ်ကြတော့ပါဘူး။ အပြန် (၁၁၅)မိုင်ရောက်ရင် နောက်ဆိုင်တစ်ဆိုင်မှာ အအေးလေးဘာလေးဝင်သောက်ကြမယ် စိတ်ကူးပေမယ့် ၁၁၅မိုင်ရောက်ပြန်တော့လဲ ရန်ကုန်အမြန်ပြန်ရောက်ချင်တဲ့ စိတ်တွေများနေတာမို့ ကားပေါ်က မဆင်းဖြစ်တော့ပါဘူး။ “ Home sweet home, there’s no place like home ” မဟုတ်ပါလား။

ညအချိန်တောင် ကာဗွန်ဒိုင်အောက်ဆိုဒ်ရနံ့ လှိုင်လှိုင်ထနေတဲ့ ကားတွေနဲ့ ကြပ်ပိတ်ညပ်နေတဲ့ ရန်ကုန်မြို့ကြီးက မြသွေးနီိတို့အဖွဲ့ကို ညနေ ၆း၃၀နာရီတိတိမှာ စောင့်ကြိုလို့ နေပါတယ်။ သွားချင်တဲ့၊ သွားသင့်တဲ့ခရီးတစ်ခုကို သွားခဲ့ပြီးပြီ။ စိတ်တွေလည်း အတန်အသင့် ပိုပြီးလတ်ဆတ်လာသလို ခံစားမိရတယ်။ အားလုံးက ကိုင်ရိုက်ထားသလို ညောင်းညာနေကြတယ်။ ဒါပေမယ့် တစ်ခါမှ မမြည်းစမ်းဘူးသေးတဲ့ သဘာဝ အရသာစစ်စစ်ကို မြည်းစမ်းခွင့် ရလိုက်တဲ့အတွက် ကျွန်မတို့အားလုံး ကျေနပ်နေမိကြတယ်။

တကယ်ပါ.. သင့်စိတ်တွေ ညောင်းညာထုံထိုင်းလာပါသလား၊ မိတ်ကောင်းဆွေကောင်းများနဲ့ ခရီးတစ်ခုသာ သွားကြည့်လိုက်ပါ။

ဆန္ဒနဲ့ဘ၀ တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ. Bookmark the permalink.

20 Responses to မြသွေးနီနှင့် ဖိုးကျားဆင်စခန်းသွားတောလား

  1. မေဇင် says:

    တောင်ငူမှာ ကျောင်း 3 နှစ်တက်ခဲ့ပြီး ဖိုးကျားတောထဲ သွားမယ်လို့ သူငယ်ချင်းတွေ အကြိမ်ကြိမ်စပ်ခဲ့ကြပေမယ့်…မရောက်ဖြစ်ခဲ့ဘူး။ ခုတော့ ပြန်ပြီး အားခဲထားပြီ အမ ရေး))

    • Sandy says:

      အဲ့ဒီ ဖိုးကျားဆင်စခန်းကို တိုက်ရိုက်ဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်လေးများ မသိဘူး လား အမရယ်….အမ ခရီးကို ကြည့်ပြီး သူငယ်ချင်းတွေသွားချင်လာလို့…ဒီ တစ်ပါတ်သွားမလို့…ဖုန်းနံပါတ်လေးများ ရှိရင် မျှပါဦး အမရယ်…

      • mamyathway says:

        Virgin Land Travels & Tours
        Tel: 01-861 0252, 09 520 2643, 09 4200 58725
        ..ကို ဆက်သွယ်မေးကြည့်ပါ ညီမရေ..
        အဆင်ပြေပါစေနော်..

  2. sosegado says:

    ဆင်စီးဘူးတဲ့အတွေ့အကြုံ့ကနည်းတာမဟုတ်ဘူး၊ ခရီစဉ်လေးကို စိတ်ဝင်စားဖွယ်ရေးထားပြီး မျှဝေပေးတာကျေးဇူးပါပဲ။

  3. ရှုခင်းလေးတွေလဲလှ ၊ ဆင်ကလဲ တော်တော်စီးကောင်းမဲ့ပုံဘဲ။ အားကျလိုက်တာ။
    ဆင်တွေက ကြံမစားတော့ဘူးလား မမမြသွေးနီ။
    ဆင်အကြောင်းသိကောင်းစရာလေးများ ဖတ်သွားတယ်။
    ဘုရားလဲဖူးခွင့်ရတဲ့အတွက် ကျေးဇူးပါ မမ။

  4. ကူးကူးလှိုင် says:

    စိတ်တွေလန်းဆန်းစေတဲ့ ခရီးတစ်ခုပဲနော် အစ်မ လှော်ကားမှာတော့ ဆင်စီးဖူးတယ် ခဏလေးပဲ အပျော်ပေါ့…

  5. တကယ့်ကို ပျော်စရာကြီးပါလား အမမြသွေးနီ၊ နေ့ချင်းပြန် ခရီးပေမယ့် ရှားပါးတဲ့ အတွေ့အကြုံတစ်ခုမို့ တန်ပါတယ်…၊ ဆင်တွေက စိတ်ဝင်စားဖို့ကောင်းတဲ့ သတ္တဝါထဲမှာ ပါတယ်၊ အထူးသဖြင့် သူတို့ရဲ့ မှတ်ဥာဏ်…၊

    နောက်တစ်ခါ မိသားစုနဲ့ သွားဖြစ်ရင်တော့ သားပြည့်ဆို အတော်ပျော်မှာ..၊း) ဓါတ်ပုံတွေ ဝေဝေဆာဆာနဲ့ မျှဝေတာ ကျေးဇူးပါဗျာ…။

  6. အစ်မတို့က ဆင်စီးခဲ့ပြီကိုး.. မြင်းရံဖို့ဘဲ လိုတော့တယ်း))
    ဆင်ရော လူရော ဓာတ်ပုံတွေ အများကြီး တစ်ဝကြီးကြည့် စာတွေ တစ်ဝကြီးဖတ်ပြီးတဲ့နောက် ကိုယ်တိုင် ဖိုးကျား ဆင်စခန်းထဲ ရောက်ပြီး ပြန်လာရသလိုပါလားနော်။
    ငယ်တုန်းကတော့ ဆင်စီးဖူးတယ် ငြိမ့်ငြိမ့်လေးနဲ့စီးလို့ကောင်းတယ်။
    ဓာတ်ပုံတွေ လှတယ် အစ်မရေ စိတ်ဝင်စားစရာဘဲ။ မပျက်စီးသေးတဲ့ ပတ်ဝန်းကျင်သဘာဝကတော့ တကယ့်ကို အဖိုးတန်ပါဘဲ။ စိတ်လည်း ကြည်လင်စရာကောင်းတယ်နော်။

  7. ရောက်ဖူးချင်လိုက်တာ ဆရာမရေ ။

  8. ပဲခူးရိုးမထဲက ဆင်တွေချင်းအတူတူ ကိုယ်တွေတုန်းကကျတော့ တက်စီးဖို့နေနေသာသာ သူတို့အထက် လေညာကရောက်မှာတောင် ကြောက်နေရတယ်… ရတနာတန်းဝင်ဆိုတော့ ပစ်ခွင့်ကလည်းမရှိ… လူနံ့ရပြီး လိုက်များလိုက်ရင် … ဟီးဟီး… မတွေးရဲဘူး… တစ်လနီးပါး ကိုယ့်အလုပ်ကတစ်ဖက်…သူ့ကြောက်ရတာတစ်ဖက်နဲ့…. အိပ်ရေးပျက်ခဲ့ရတဲ့ ပဲခူးရိုးမထဲက စွယ်နီ၊ခွာလိမ် ဆင်ကြီးကို ပြန်သတိရမိတယ်…

  9. မိစံ says:

    ကိုယ်တိုင်ရောက်သွားသလိုဘဲခံစားလိုက်ရတော့
    တကယ်ရောက်ဖြစ်သွားရင်တောင် အံ့သြမိမယ်မထင်တော့ပါဘူးရှင်း))

  10. ပုံတွေ လာကြည့်သွားပါတယ်… အရမ်းကောင်းတယ် အစ်မ..

  11. ဖတ်လို့ အရမ်းကောင်းတယ်…ဗဟုသုတွေ အများကြီးရခဲ့ပါတယ်…

  12. ဆင်တစ်ခါမှ မစီးဖူးဘူး။ ခပ်ညိမ့်ညိမ့်နဲ့ စီးလို့ ကောင်းလောက်တယ်။
    သဘာဝတောတောင်အလှအပတွေကို ကိုယ်တိုင်သွားရောက်ခံစားခဲ့တာဆိုတော့
    စိတ်ကတော့ လန်းဆန်းတက်ကြွနေမှာ သေချာတယ်။
    အမြဲတမ်းတော့ တောထဲတောင်ထဲ မနေချင်ပါဘူး။ တစ်ခါတစ်လေ အဲဒီလို နေရာမျိုးတွေကို အလည်အပတ်သွားချင်တယ်။ ကျေးငှက်မြည်သံ သစ်ရွက်ခတ်သံ လေပြေတိုးသံစတဲ့ သဘာဝ တေးသွားလေးတွေနဲ့ နွယ်မြစ်သစ်ပြင် အနံ့အသက်လေးတွေက ကြည်နူးစရာ အရမ်းကောင်းလောက်တယ်။

  13. mayzon says:

    မမ……မေဇွန့်ကို အဲ့ဒိ tour company ဖုန်းနံပါတ်လေးပေးပါနော်……အရမ်းသွားချင်တယ်…:P

  14. Hlaing Myoe says:

    VERY GOOD EXPERIENCE… GOOD SHARE…THANKS

  15. oburma says:

    ဆင်ပေါ်မှာ တက်စီးနေတဲ့ပုံက…..မထိတ်သာ မလန့်သာ ပါကလားနော်..
    ပြုတ်ကျမှ ဖြင့်……ဆရာမရယ်….

    ဟူး………………………………..မောသဘ…!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

  16. မုံရွာကနေတဆင့် အလောင်းတော်ကဿပ သွားရောက်ဖူးခဲ့တုန်းက ဆင်စီးဘူးတယ် မြသွေးရေ။
    အခုလို တောတောင်ထူထပ်ပြီး ရှုခင်းကောင်းတဲ့နေရာလေးတွေ အခွင့်အခါသင့်တဲ့အခါ သွားရတာပျော်စရာပဲနော်။ ဗဟုသုတတွေ ယူသွားတယ် မြသွေးရေ။ ခရီးမထွက်ရတာကြာလို့ ညောင်းညာလာပြီ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  17. ဆရာမရဲ့စာကိုဖတ်မိပြီး ဆင်စခန်းကိုအလည်သွားချင်မိပါတယ်.ဖြစ်နိုင်ရင်ဆင်စခန်းကိုသွားဖို့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်လေးသိချင်ပါတယ်ရှင်..

    • mamyathway says:

      Virgin Land Travels & Tours
      Tel: 01-861 0252, 09 520 2643, 09 4200 58725
      ..ကို ဆက်သွယ်မေးကြည့်ပါ ညီမရေ..
      အဆင်ပြေပါစေနော်..

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>