အိပ်မက်တို့ မြစ်ဖျားခံရာ (၄)

Number of View: 3185

အိပ်မက်တို့ မြစ်ဖျားခံရာ(၄)အတွက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ၊ Beauty Maxမဂ္ဂဇင်း မှာ ဖော်ပြခံခဲ့ရတဲ့ “ ပင်ရှင်နာ ” ဆိုတဲ့ ၀တ္တုတိုလေးကို ရွေးချယ်ပေးချင်ပါတယ်။ ပင်စင်စား သက်ကြီးရွယ်အိုများအတွက် ပင်စင်လစာတွေ တိုးမြှင့်လိုက်ပြီလို့ တရားဝင်   ကြေညာလိုက်ချိန်မှာ ပင်စင်စားတစ်ယောက်ရဲ့သမီးဖြစ်တဲ့ ကျွန်မကို အချိန်အခါနဲ့ ကိုက်ညီစွာ ဒီဝတ္တုလေး   ရေးဖြစ်စေဖို့အတွက် တွန်းအားပေးခဲ့ပါတယ်။

ကျွန်မ ဖခင်က ကျန်းမာရေးဝန်ကြီးဌာနအောက်မှာရှိနေတဲ့ ဌာနတစ်ခုက အရာထမ်းတစ်ဦး   ဖြစ်ခဲ့ဖူးပါတယ်။ သူတို့ခေတ်ကာလက ဒီနေရာမှာ တာဝန်ထမ်းဆောင်ဖို့ စကာတင်   ရွေးချယ်ခြင်း ခံခဲ့ရပြီးတော့ အနောက်နိုင်ငံမှာ စကောလားရှစ်ခေါ်တဲ့ ပညာသင်ဆုနဲ့ ၃နှစ်ခန့် ပညာသွားရောက် သင်ယူခဲ့ရပါတယ်။ အမိမြန်မာပြည် ပြန်ရောက်ပြန်တော့ သူ့ဆေးရုံမှာ ဌာနအသစ်တစ်ခုဖွင့်လှစ်ပြီး လူနာတွေကို ရောဂါသက်သာရာ ရစေဖို့အတွက် တတ်ကျွမ်းလာခဲ့တဲ့ ပညာတွေနဲ့ လုပ်ငန်းနည်းပြဆရာအဖြစ် ပြန်လည်ကုသပေးတဲ့ ကုထုံးကို စတင်ခဲ့ပါတယ်။ သူ့ဌာနအပေါ်အင်မတန် သံယောဇဉ်တွယ်သူဖြစ်သလို၊ လူနာများ၊ လုပ်ဖော်ကိုင်ဘက်များရဲ့ ချစ်ခင်လေးစားမှုကိုပါ ရခဲ့ပါတယ်။

အချိန်မတိုင်ခင် ကျန်းမာရေးအခြေအနေကြောင့် လုပ်ငန်းကနေ ဆေးပင်စင်နဲ့ အနားယူပြီးချိန်မှာ မိသားစုရဲ့ စားဝတ်နေရေးအတွက် အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ သားမယားဝမ်းဝဖို့ ပင်ပမ်းစွာ ရုန်းကန်ကျော်ဖြတ်ခဲ့ရပါတယ်။   သားသမီးတွေရဲ့ကျောင်းစရိတ်၊ မိသားစုရဲ့ စာအိုးတွေနဲ့ နိစ္စဓူဝတက်နေခဲ့တဲ့ ကုန်ဈေးနှုန်းတွေကလည်း ပင်စင်စားတစ်ယောက်ဖြစ်တဲ့ အဖေ့ရဲ့နည်းပါးလွန်းတဲ့ ပင်စင်လစာကို ပျက်ရယ်ပြုနေပါတော့တယ်။ ပင်ပမ်းကြီးစွာနဲ့ အဖေနဲ့အတူ မိသားတစ်စုလုံး ကျော်ဖြတ်ခဲ့ရတဲ့ အချိန်ကာလတွေကို အခုအချိန်ခါမှာ ကျွန်မ   ပြန်ကို မတွေးချင်တော့ပါဘူး။

ပင်စင်လစာ မဖြစ်စလောက်နဲ့ မလောက်မငှတဲ့ အခြေအနေမှာ အရေးတကြီး နာမကျန်းဖြစ်လာရင်ဖြစ်စေ၊ မဖြစ်မနေအသုံးစရိတ် ကြီးကြီးမားမား လိုလာရင်ဖြစ်စေ ဒီပင်စင်စာအုပ်လေးက ကြိုတင်ငွေထုတ်ပေးသူထံ အချိန်ကာလတစ်ခုအထိ သွားရောက် ခိုအောင်းနေရတတ်ပါတယ်။ အလုပ်ထဲမှာ အချိန်တွေ၊ ဘ၀တွေ ရင်းနှီးမြုပ်နှံခဲ့သူတစ်ယောက် အတွက် ထိုက်တန်တဲ့ ပင်စင်လစာက မဖြစ်စလောက် ဒီငွေလေးပဲလားလို့ ကျွန်မ   တွေးတတ်လာချိန်မှာ နောင်တစ်ချိန် ကျွန်မဘ၀ရဲ့ အသက်မွေးမှုလမ်းကြောင်းကို  ဘယ်လိုရွေးချယ်ရမယ်ဆိုတာ ကျွန်မ သေချာစဉ်းစားမိတတ်လာခဲ့တယ်။

 ဒီဝတ္တုတိုလေးက အဖေ့လို ပင်စင်စားလူကြီးတွေရဲ့ ဘ၀များစွာကို ကိုယ်စားပြုချင်တဲ့အတွက် ရေးဖြစ်ခဲ့တာပါ။ ဘ၀နေ၀င်ချိန်အရွယ်မှာ မဖြစ်စလောက် ပင်စင်လစာလေးကနေ ပင်စင်လစာတွေ တိုးမြှင့်ပေးတော့မယ်ဆိုတော့ သူတို့ရဲ့အပျော်တွေ ကျွန်မရင်ထဲ ကူးလူးလာခဲ့ပါတယ်။

ဒီဝတ္တုလေး ရေးခဲ့တာ နည်းနည်းကြာခဲ့ပါပြီ။ အခုလက်ရှိမှာတော့ ကျားကြီးတော့ခြေရာကြီး ဆိုသလို၊ တိုးပေးထားတဲ့ ပင်စင်လစာကို တရိပ်ရိပ်တက်နေတဲ့ ကုန်ဈေးနှုန်းက လက်ပြကျော်ဖြတ်ခြင်း ခံနေရဆဲပါဘဲ။

ဒီဝတ္တုတိုလေး အစအဆုံးကို အောက်က ခေါင်းစဉ်လေးမှာ Click နှိပ်ပြီး ဖတ်ကြည့်နိုင်ပါတယ်ရှင်။

ပင်ရှင်နာ

 

 

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကြပါစေ။

Share
This entry was posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, အိပ်မက်တို့ မြစ်ဖျားခံရာ. Bookmark the permalink.

One Response to အိပ်မက်တို့ မြစ်ဖျားခံရာ (၄)

  1. blackroze says:

    မကြီးမြသွေးရေ
    ပစ်ပစ်လည်း ပင်စင်ယူပြီးအိမ်မှာနားနေတဲ့ သူငယ်ချင်းတယောက်ရဲ့အဖေကို
    တွေ့ဖူးတယ်..
    အဲဒီဦးလေးကြီးဆို စကားပြော်ဖော် အရမ်းလိုချင်တာ..
    သူငယ်ငယ်က အကြောင်း
    သူ့တာဝန်ထမ်းဆောင်ခဲ့တဲ့မြို့တွေအကြောင်း
    အရမ်းပြောပြချင်တာ
    နားထောင်ပေးရင် ပျော်နေရော…

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>