ကျွန်မနှင့်ကိန်းဂဏန်းများ (Tag Post)

Number of View: 6942

ကိန်းဂဏန်းတွေက ခေတ်ရဲ့သမိုင်းကို ထုဆစ်တယ်။ သမိုင်းဝင်ရက်စွဲတွေက ကိန်းဂဏန်းတွေနဲ့ပဲ ဖွဲ့တည်ထားတယ်။ ကြည်နူုးချမ်းမြေ့စရာ ရက်စွဲတွေ၊ အသွေးအသားထဲက မမေ့နိုင်တဲ့ ရက်စွဲတွေ၊ ပုဂ္ဂိုလ်ရေးအရမဟုတ်ပဲ တစ်ပြည်လုံးက တစ်ပြေးညီ အသည်းစွဲမှတ်မိနေကြတဲ့ ရက်စွဲတွေ၊ အဲ့ဒီလို မော်ကွန်းတင်ရမယ့် နေ့စွဲတွေက လူတိုင်းမှာ၊ နိုင်ငံတိုင်းမှာရှိတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုထားရတဲ့ ရက်စွဲတွေ ကမ္ဘာ့ပြက္ခဒိန်မှာ ရှိနေကြတယ်။

ဒီရက်ပိုင်း ကျွန်မနဲ့ ကိန်းဂဏန်းတွေ လုံးထွေး သတ်ပုတ်နေရတယ်။ သူတို့က ကျွန်မကို ဖိစီးနေကြတယ်။ ကျွန်မ တစ်ခါတစ်ခါ စဉ်းစားမိတယ်။ ကိန်းဂဏန်းတွေ ဘယ်ကများ စတင် ခဲ့ပါသလဲလို့။ ဘယ်သူကများ ဒီ ဂဏန်းတွေကို အငြိမ်မနေ စတင် တီထွင်ခဲ့ပါသလဲလို့။

ကျွန်မစဉ်းစား ကြည့်နေမိတယ်။ လူတိုင်း လူတိုင်းဟာ သူတို့ရဲ့ ဘ၀တွေမှာ ကိန်းဂဏန်းတွေနဲ့ မဖြစ်မနေ ပတ်သက်နေရတယ်။ ကိန်းဂဏန်းတွေနဲ့ မထိတွေ့မိတဲ့သူရယ်လို့ မရှိလောက်ဘူးလို့ ကျွန်မထင်တယ်။ တစ်ခြားမကြည့်နဲ့။ ကျွန်မတို့ မနက်အိပ်ရာထပြီ ဆိုကတည်းက ၆နာရီဆိုတဲ့ ဂဏန်းကို စကြည့်ရပြီ။ ပြီးရင် ထမင်းတည် ရတော့မယ်ဆိုလည်း ဆန်ဘယ်နှစ်ဘူး ချက်ရမယ်ဆိုပြီး ဒီဂဏန်းကိုဘဲ စပြီး စဉ်းစားနေရပြီ။ နောက်ဆုံးနေ၀င်လို့ ညအိပ်ရာ ပြန်ဝင်တာတောင် အနည်းဆုံး ဘုရားကို ဦးသုံးကြိမ်ချပြီး ဒီဂဏန်းနဲ့ပဲ တစ်နေ့တာကို အဆုံးသတ်ရတော့တာ။

ကျွန်မငယ်ငယ်က သချာင်္တော်တဲ့ထဲမှာပါတယ်ပြောလို့ရတယ်။ သချာင်္ဆိုရင် အမြဲ အမှတ်ပြည့်၁၀၀ မရတောင် ၉၅မှတ်အောက် မရောက်ခဲ့ဘူး။ ငယ်ငယ်တုန်းက ဒီကိန်းဂဏန်းတွေ အကြိမ်ကြိမ်   ပေါင်း၊ နှုတ်၊ မြှောက်၊ စားခဲ့တယ်။ ဓာတုဗေဒဘာသာရပ်ဆို အီကွေးရှင်းတွေ ညှိရတာ   ပျော်မှပျော်။ ဒါပေမယ့် အသက်တဖြည်းဖြည်း ကြီးလာလေလေ၊ ဒီကိန်း ဂဏန်းတွေကို   ကြောက်လာလေလေပဲ။ ဘာကြောင့် ကြောက်လာလည်းဆိုတာ ကိုယ့်ကိုယ်လည်း  မသိဘူး။   ကြောက်တဲ့စိတ်နဲ့ ဒီကိန်းဂဏန်းတွေကို ခေါင်းထဲ မထည့်ချင်တော့ဘူး။ ဒီတော့ ဆိုးကျိုးက ကျွန်မနဲ့ ပတ်သက်ဆက်နွယ်တဲ့ ကိန်းဂဏန်းတွေဆို နုတ်စာအုပ်လေးနဲ့မှတ်၊ အဲ့ဒီစာအုပ်လေးသာ   ပျောက်လို့ကတော့ သွားပေရော့၊ နံပါတ်အားလုံး။

တယ်လီဖုန်း နံပါတ်တွေ မေ့တယ်။ မှတ်ပုံတင် နံပါတ်မေ့တယ်။ မယုံမရှိနဲ့ တစ်ခါတစ်ရံ ကိုယ့်မွေးနေ့ ကိုယ်မေ့တယ်။ ကိုယ့်ရုံးက လူကြီး ဖုန်းနံပါတ်မေ့တယ်။ ယုတ်စွအဆုံး ကိုယ့်ဖုန်း နံပါတ်တောင် မေးခံရရင် ၄နဲ့စသလား၊ ၅နဲ့စသလား ဇဝေဇ၀ါနဲ့။ လက်ကိုင်ဖုန်းတွေ   ပေါ်လာပြီးနောက်ပိုင်း နံပါတ်တွေကို နာမည်တွေနဲ့ ထည့်လို့ရ တော့ ကျွန်မအတွက် အကြိုက်ပဲပေါ့။ နံမည်တွေကိုတော့ ကျွန်မ မမေ့ဘူးရှင့်.. :)

နောက်.. ဂဏန်းတွေနဲ့ ပတ်သက်ရင် ဘယ်လောက် ဆိုးလာသလဲဆို စတိုးဆိုင်   တော်တော်များများက အရောင်းဝန်ထမ်းတွေလိုဘဲ တော်ယုံ ကိန်းဂဏန်းတွေကိုတောင် မြှောက်၊ စား၊ ပေါင်း၊ နှုတ်ရင် ဂဏန်းပေါင်းစက် အကူအညီ မပါဘဲ ကျွန်မ ဘယ်လိုမှ မရတော့ဘူး။

လူတွေမှာလည်း ကိုယ့်ဟာကိုယ် သတ်မှတ်ထားတဲ့ ကိုယ်ပိုင်ကိန်းဂဏန်းတွေ ရှိတယ်နော်။ ကျွန်မဆိုရင် ၅ ဂဏန်းပိုင်ရှင်။ ကျွန်မဘ၀ဟာ ၅ ဂဏန်းတွေနဲ့ အများဆုံး ပါဝင်ပတ်သက်ခဲ့တယ်။ ကျွန်မရဲ့ လပ်ကီးဂဏန်းဆိုလည်း မမှားပါဘူး။ ကိန်းဂဏန်းတွေက ကျွန်မတို့ဘ၀ကို လွှမ်းမိုးထားတယ်ဆိုတာတော့ လုံးဝ ငြင်းမရပါဘူး။

ကျွန်မ တစ်ခါတစ်ခါ ပေါက်ပေါက်ရှာရှာ တွေးကြည့်မိတယ်။ ဂဏန်းတွေရဲ့ တန်ဘိုး သတ်မှတ်ချက်က တော်တော်ထူးဆန်းပါလားလို့။ တခြားမကြည့်နဲ့။ ကျောင်းတွေမှာ ဘာသာရပ်တိုင်း အမှတ်ပြည့် ၁၀၀သတ်မှတ်ပြီး အမှတ်များများရလေတ်ာလေ။ ဒါပေမယ့် အဆင့်ကြတော့ သူနဲ့ ပြောင်းပြန်။ အနည်းဆုံးဖြစ်တဲ့ တစ်ရမှ အတော်ဆုံးတဲ့နော်။ သုညကို ကြည့်ဦးမလား။ တစ်လုံးထဲဆို တန်ဘိုးကို လုံးလုံးမရှိ။ တခြား ဂဏန်းတွေနဲ့ တွဲဖက်လိုက်ရော တန်ဘိုးတွေက မြင့်တက် သွားလိုက်တာ။ နောက် သုညက ပညာပြသေးတယ်။ ဘယ်လောက် တန်ဘိုးကြီးပါတယ်ဆိုတဲ့ ဂဏန်းတွေကို သူနဲ့ ပေးမြှောက်လိုက်ပြီးရင်တော့ သူ့လိုဘဲ တန်ဘိုးမဲ့ ကိန်းဂဏန်းတွေ ဖြစ်သွားစေပြန်ရော။

လတစ်လရဲ့ အစနဲ့အဆုံးတိုင်းမှာ ကိန်းဂဏန်းတွေနဲ့ ရင်ဆိုင်ရတာကိုလည်း ကျွန်မသိပ်မုန်းတယ်။ ကျွန်မရဲ့ တစ်လစာဝင်ငွေ ကိန်းဂဏန်းတွေက တစ်နှစ်ထက်တစ်နှစ် တိုးလာပေမယ့်၊ ကျွန်မရဲ့ စုဆောင်းနိုင်မိတဲ့ ငွေကိန်းဂဏန်းပမာဏတွေကတော့ တစ်နှစ်ထက်တစ်နှစ်ကို စိတ်ပျက်စဖွယ်   လျှော့ကျလာခဲ့ပါတယ်။ ကျွန်မရဲ့ ပိုက်ဆံအိတ်လေးက လဆန်းရက်ဆို မပိန်မဖောင်း၊ လကုန်ရက်ဆို ပြားချပ်ချပ် ပုံမှန်ဖြစ်နေရတာ ကြာလှပါပြီ။

ကျွန်မ အိပ်မက်တွေထဲမှာ ကိန်းဂဏန်းတွေ နောက်ကလိုက်လို့ ထွက်ပြေးရတယ်လို့လည်း မကြာခဏ မက်မိတယ်။ ဒီလိုနဲ့ ကျွန်မရဲ့ အသိစိတ်က ကိန်းဂဏန်းတွေကို ဂရုမထားမိအောင်   နေနေသလို မသိစိတ်ကလည်း ကိန်းဂဏန်းတွေကို ကြောက်ရွံ့နေမိတယ်။ အချိန်နာရီတွေက ကိန်းဂဏန်းတွေနဲ့ပဲ ပြဌာန်းထားပြီး နာရီ၊ မိနစ်၊ စက္ကန့် လက်တံတွေကလည်း သူ့တာဝန်သူ   ကျေပွန်စွာနဲ့ ကိန်းဂဏန်းတွေကို သယ်ဆောင်နေတာပဲ။ ကျွန်မက ဘာများ တတ်နိုင်ဦးမှာလဲ။ တကယ်တော့ ကိန်းဂဏန်းတွေရဲ့ ကောင်းမွေဆိုးမွေတွေကို လူတွေ ကိုယ်တိုင်က ဖန်တီးပြဌာန်းနေတယ်ဆိုတာ ကျွန်မတို့ သတိလွတ်နေကြတယ်။

ကိန်းဂဏန်းတွေထဲမှာမှ ကျွန်မမုန်းတဲ့ ကိန်းဂဏန်းတွေလဲ ရှိနေသေးတယ်။ တရားမ၀င် ချဲထီဂဏန်းတွေကို ကျွန်မသိပ်မုန်းတာပဲ။ အင်း.. တရားဝင်ထီကျပြန်တော့လည်း ထီလက်မှတ် တန်ဘိုးကိန်းဂဏန်းတွေက တရိပ်ရိပ် တက်လွန်းလို့ ထီမှန်မှန်မထိုးဖြစ်တာတောင် ကြာနေပါပြီ။

ခရစ်သက္ကရာဇ် ၂၀၀၀ပြည့်ကာနီးတုန်းက ကမ္ဘာတစ်ခွင်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသေးတယ်။ ကမ္ဘာကြီးတစ်ခုလုံးက ကွန်ယက်တွေပဲ ပြုတ်ထွက်တော့မလိုလို၊ ကမ္ဘာကြီးတစ်ခုလုံးပဲ အမှောင်ကျသွားတော့မလိုလို၊ ကမ္ဘာကြီးရဲ့ သတင်းအချက်အလက်တွေပဲ   ပျောက်ဆုံးသွားတော့ မလိုလိုနဲ့  ကမ္ဘာတစ်ဝှမ်းလုံး ၂၀၀၀ခုနှစ် တင်းတင်းပြည့်မယ့် နောက်ဆုံးစက္ကန့်ကို စိုးတထိတ်ထိတ်   မျှော်ခဲ့ကြတယ်။ ဂဏန်းတွေက လူကို စိုးထိတ်စေပုံများ။

အခုလည်း ကြားနေရပြန်တယ်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ၂၁ရက်မှာ ကမ္ဘာပျက်ဦးမတဲ့။ အိမ်က သားတော်မောင် ငါးတန်းကျောင်းသား မောင်သားပြည့်က စိုးရိမ်တတ်သူဆိုတော့ အခုရက်ပိုင်း ညဘက် ဘုရားရှိခိုးရင် ကမ္ဘာမပျက်ပါစေနဲ့လို့ ဆုတောင်းတယ် ပြောလာလို့ ကျွန်မမှာ သက်ပြင်းများပင် ချမိပါတယ်။ စိတ်ထဲမှာတော့ လာပြန်ပြီ.. ဒီကိန်းဂဏန်းတွေဆို စိတ်ထဲ ရေရွတ်မိပြန်တယ်။

ဒီနေ့ ၁၂.၁၂.၂၀၁၂ ပြည့်နေ့ရက်။ တစ်သက်မှာတစ်ခါ ၁၂ဂဏန်းတွေ စုချိန်။ ဤစာကို(၁၂)ယောက်တိတိအား (၁၂)ကြိမ်တိတိဝေပါ။ အချိန်မီဝေပါက ဘာဖြစ်မည်၊ မဝေပါက မည်သို့ဖြစ်မည်ဆိုတဲ့ ရွှေပေလွှာတွေကလည်း ခေတ်မှီစွာ အွန်လိုင်းပေါ်အထိ တက်လာတာ   တွေ့ရတယ်။ ဖြစ်ချင်တာဖြစ် ဖေ့စ်ဘုတ်မှာ စောစောစီးစီး “၁၂.၁၂.၁၂ မှာ ဆုတောင်းပါ၏။ ရဟန်းသံဃာများနှင့်တကွ မြန်မာပြည်သူုပြည်သားများအားလုံး၊ တိုင်းရင်းသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..” လို့ ဆုတောင်းလိုက်မိတယ်။

နောက်တစ်ယောက်က လာပြောတယ်။ ကိုယ်အဖြစ်ချင်ဆုံးအရာကိုကို ဒီနေ့ ၁၂.၁၂.၂၀၁၂ – ၁၂နာရီတိတိမှာ လုပ်ဆောင်ရင် အောင်မြင်မယ်တဲ့။ အင်း.. အဲ့တာမှ ဂွကျပြီ။ ကိုယ်ဖြစ်ချင်တာတွေက အများကြီး။ ဆိုတော့ တပြိုင်ထဲလုပ်ဖို့က မဖြစ်နိုင်။ တစ်ခုခုကိုတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ လုပ်လိုက်ဦးမယ်ဆို လုပ်လက်စအလုပ်လေး ခဏရပ်။ ရုံးနဲ့အနီးဆုံး ထီဆိုင်ကို  နေ့လည် ၁၂နာရီ၁၂မိနစ်တိတိမှာ ခလုပ်မတိုက်ယုံ ချိန်ကိုက်ပြေး၊ အောင်ဘာလေ ထီ၁၂စောင်တိတိ ထိုးပစ်လိုက်တယ်။ မှတ်ကရော။ ထီဆိုင်မှာ ကိုယ့်လို ခပ်ချာချာ ခပ်ပြာပြာလူတွေက ကြိတ်ကြိတ်တိုးလို့။

သြော်.. ကိန်းဂဏန်းတွေရဲ့ ဖြားယောင်းမှုမှာ ကိုယ်တိုင် မျောပါခဲ့ပါပေါ့။

( ချစ်ခင်ရပါတဲ့ တီတင့်ရဲ့ Tagပို့စ်လေးကို လွန်ခဲ့တဲ့၂နှစ်က ရေးခဲ့ဘူးတဲ့ ပို့စ်အဟောင်းလေးနဲ့   ပြန်လည် ရောသမမွှေပါသည်။ )

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in Tag Post, ပြုံးထေ့ထေ့. Bookmark the permalink.

8 Responses to ကျွန်မနှင့်ကိန်းဂဏန်းများ (Tag Post)

  1. တော်လိုက်တဲ့ မြသွေးရေ အကွက်ကိုစေ့နေတာပဲ လိုက်မမှီတော့ဘူးး)
    ထီထိုးဘို့ သတိမရလိုက်ဘူးလေ။ မြသွေးထိုးတဲ့ ထီလေး ဆုကြီးပေါက်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။
    ဒီပို့စ်လေးကို ဖတ်ပြီး ဖတ်ဘူးသလိုလို မဖတ်ဘူးသလိုလိုနဲ့ အဆုံးသတ်မှပဲ သဘောပေါက်တော့တယ်း)
    တဂ်ပို့စ်လေးကို မဖြစ်မနေရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။
    မိသားစု စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  2. “၁၂.၁၂.၁၂ မှာ ဆုတောင်းပါ၏။ ရဟန်းသံဃာများနှင့်တကွ မြန်မာပြည်သူုပြည်သားများအားလုံး၊ တိုင်းရင်းသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ..” လို့ ဆုတောင်းလိုက်မိတယ်။

    ဆရာမနဲ့ ထပ်တူ ဆန္ဒပြုခဲ့ပါတယ်ဗျာ ။

  3. နေ့စဉ်နေ့တိုင်း ပါဝင်ပတ်သက်နေရတဲ့ ကိန်းဂဏန်းတွေအားလုံးကို စီပြီးရေးသွားတာ အရမ်းဖတ်လို့ကောင်းတာပဲ။း)

  4. ကိန်းတွေရဲ့ ကိန်းကြီးခန်းကြီး ဆက်ဆံထိန်းချုပ်မှုကို ရှောင်ပေမယ့် ကိန်းတွေက တိုက်စားနေတာ ဘ၀မှာ …

  5. ကူးကူးလှိုင် says:

    အစ်မရေ သိန်း 1500 ဆုကြီးပေါက်ပါစေ ပေါက်ရင် မုန့်ဖိုးပေးရမယ်နော်…း)))

  6. ထီဆုကြီးပေါက်ပါစေ မမမြသွေးနီ။
    လရိပ်တော့ ထီဆုသေးပေါက်တယ်။
    ရေးသွားတာလေးတွေကြိုက်တယ်။
    ဒီနိုင်ငံမှာတော့ ၄ နဲ့ ၁၀ကို မကြိုက်ကြဘူး။ အသံထွက်မကြိုက်လို့လေ။ အမှန်တော့ ဘာမှလဲ မဆိုင်ဘူး။ သူ့ဟာသူ သေနေ့ရောက်ရင် သေမှာဘဲ။ ၁၀ကိုပိုမကြိုက်ဘူးထင်တယ်။ လေယာဉ်ဈေးက ၁၀ ရက်နေ့ဟာပေါတယ်။
    မြန်မာမှာတော့ ၄ ၊ ၈ ၊ ၁၃ ၊ ၁၇ ၊ ကိုမကြိုက်ကြဘူးနော်။ အတိုက်အခံများလို့တဲ့။ ဒီဂဏန်းသမားတွေက အောင်မြင်ရင်လဲ ဒိတ်ဒိတ်ကျဲဘဲ။

  7. မမရေ ..ထီပေါက်ရင် ညီမလေးကိုလည်း မုန့်ဖိုးပေးရမယ်နော် .. :D

  8. Khin Myint Yi says:

    ထီဆုကြီးပေါက်ပါစေ မမမြသွေးနီ။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>