အချစ်က စိမ်းစိမ်းစိုစို
Number of View: 6351
            “ မေမေ… သား မေမေ့ကို ပြောစရာရှိတယ်…”
      “ ထူးထူးဆန်းဆန်း ကျောင်းက ပြန်ရောက်လာချင်း အိကျီ င်္တောင်မလဲသေးပဲ  ဘာများ   ဖြစ်လို့လဲ သားရယ်၊ ဒီအမေနဲ့ဒီသား စကားပြောဖို့ နိဒါန်းတွေချီနေစရာ မလိုပါဘူး”
            “ သားအတွက် အရေးကြီးသလို၊ မေမေတို့အတွက်လဲ အရေးကြီးတဲ့ကိစ္စမို့လို့ပါ”
        “ သားပြောတာ နားထောင်ပြီး မေမေ စိတ်မဆိုးရဘူး.. နောက်.. မေမေ ၀မ်းမနည်းရဘူး   နော်..”
             “ သား ဒီလောက် စကားဦးသန်းနေရင် အရေးကြီးကိစ္စဆိုတာ သေချာပြီ”
             “ ဟုတ်တယ် အရေးကြီးတယ်မေမေ..၊ မေမေ.. သားမှာ ချစ်သူ ရှိနေပြီ ”
   အမေဖြစ်တဲ့ မေနှင်းရဲ့စိတ်ထဲ ဘယ်လို ဖြစ်သွားမယ်တော့ ကိုကျော်ဝေမသိ၊ ကိုယ်တိုင်ကတော့ နှမျောသလို၊ ၀မ်းနည်းသလို၊ ဝေခွဲမရတဲ့ ခံစားမှုတစ်ခု ချက်ချင်း   မွေးဖွားလာပြီး နေရာမှာ  ရပ်ဆိုင်းငြိမ်သက်သွားသလိုမျိုး ခံစားလိုက်ရတယ်။ စကားသံတွေ တစ်ခဏ တိတ်သွားတာကို ကိုကျော်ဝေ သတိပြုမိလိုက်တယ်။ ဘာတွေများ ဆက်ပြီး   ပြောကြမလဲဆိုတာ သိချင်တာမို့ ကိုကျော်ဝေ နားကို သေချာ စွင့်ထားမိလိုက်တယ်။
           “ ဟင်.. ဟုတ်လား… သား.. ကောင်မလေးက ဘယ်ကလဲ၊ ဘယ်သူလဲဟင်”
    “ သူက သားတို့ မေဂျာကပဲ..၊ သားထက် သုံးနှစ်ငယ်တယ်၊ သားတို့ ချစ်နေကြတာ   နှစ်နီးပါးရှိနေပြီ မေမေ..”
        “ သားကို မေမေနဲ့ဖေဖေ ဘယ်လို သူငယ်ချင်းပေါင်းပေါင်းတယ်၊ ဘာမဆို ပွင့်ပွင့်လင်းလင်း တိုင်ပင်ခွင့်ပေးထား တယ်ဆိုတာ သားသိတယ်နော်၊ အခု သားက မေမေတို့ မိဘတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်သလို ဖြစ်မနေဘူးလား သားရယ်၊ အခုလိုနှစ်နှစ်လောက် ကြာအောင်တွဲပြီးမှ ပြောပြတယ်ဆိုတော့ သားကို နားလည်မှုတွေ၊ လွတ်လပ်ခွင့်တွေ   ဖေဖေမေမေတို့ ပေးထားတာ အလကားဖြစ်သွားပြီပေါ့၊ ဒီလာက်ကြာအောင် ဖုံးထားပြီး အခုမှ ဖွင့်ပြောပြတာ ဘာပြဿနာတွေများ ရှိလာလို့လဲ သား”
       မေနှင်းရဲ့ ချက်ကျလက်ကျ စကားလုံးတွေက ကိုကျော်ဝေ့နားစည်ထဲအထိ တိုးဝင်လို့နေတယ်။ နားထောင်နေရင်း စိတ်ထဲမှာလဲ အတော်လှုပ်ရှားလို့လာတယ်။ သားဖြစ်သူ ဘယ်လိုများ တုန့်ပြန်လေမလဲလို့ ကိုကျော်ဝေ သိချင်လာတယ်။
         “ အာ… မေမေကလဲ… မေမေထင်သလို ထူးထူးခြားခြား ဘာပြဿနာမှ မရှိပါဘူး၊ သားလည်း ဖွင့်ပြောဖို့ အားယူနေရင်း ကြာသွားတာ၊ အမှန်က သားတို့က အားလုံး   ပြည့်စုံအောင် ပြင်ဆင်ပြီးမှ ဖွင့်ပြောမလို့ပါ”
    “ ကြည့်ရတာ…သားဆီ ဖုန်းခနခန ဆက်နေတဲ့၊ အိမ်ကိုလာဘူးတဲ့ ဟိုရှပ်ပလာ ရှပ်ပလာနဲ့   ကောင်မလေးများလား.. ”
        “ အာ.. မဟုတ်ပါဘူး မေမေရ.. သူက သား သူငယ်ချင်းပါ.. ”
     “ အင်း… ကိုယ်ချစ်တဲ့သူကို ကိုယ့်ဘာသာကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်   မေမေ တို့က ပေးထားတာ သား သိပါတယ်၊ မေမေတို့က သားရဲ့အချစ်ရေးကို ဘာဆိုဘာမှ မလွှမ်းမိုးဘူး၊ မချုပ်ချယ်ဘူး၊ အေး.. ဒါပေမယ့် သား မှတ်မိသေးရဲ့လားတော့ မသိဘူး၊ ဘယ်လို လက်တွဲဖော်မျိုးကို ဘ၀ခရီး တလျှောက်လုံးအတွက် ရွေးချယ်သွားသင့်တယ်ဆိုတာကိုတော့ သားကို မေမေ   ပြောပြထားပြီး သားပါ၊”
       “ ဟုတ်.. သား မှတ်မိသလောက် ပြောကြည့်မယ်၊ ရိုးသားရမယ်၊ သစ္စာရှိရမယ်၊ မိသားစုကို ချစ်ခင်တွယ်တာတတ်ရမယ်၊ ပညာတတ်ရမယ်၊ ကျန်းမာသန်စွမ်းရမယ်၊ ကျန်တဲ့ ရုပ်ရည်ချောမော ဖို့၊ ဥစ္စာပစ္စည်းကြွယ်ဝဖို့၊ အလိမ်မာ အိမ်ပါဖြစ်ဖို့တွေထက် ဒီအချက်တွေက ပိုပြီး အဓိကလဲကျ၊ အရေးလဲကြီးတယ်လို့ မေမေပြောဖူးတယ်လေ၊ ဒါပေမယ့် အခုခေတ်က မေမေတို့ခေတ်တုန်းကလို မဟုတ်တော့ဘူး မေမေရဲ့၊ အားလုံး တော်တော်များများက နားလည်သဘောပေါက်ကြပါတယ်၊    ”
    “ ခေတ်ကြီးက ပြောမရဘူး သားရေ၊ မေမေစိတ်ပူတာကို လွန်တယ် မထင်လေနဲ့၊ အခုပဲကြည့်၊ သားမှာ ချစ်သူရှိနေတာ အချိန်နောက်ကျမှ မေမေသိခွင့်ရတယ်၊  မေမေ လောဘကြီးတာ မဟုတ်ဘူးနော်၊ အခုလို သားမှာ ချစ်သူရနေတာကို အချိန်ကြာမှ သိခွင့်ရတော့ သားရွေးချယ်တဲ့ ချစ်သူအပေါ် မေမေက ဘာဆိုဘာမှ အကြံဥာဏ် မပေးနိုင်တော့ဘူး၊ ဒီတော့ သားရွေးချယ်တဲ့အပေါ် သားပဲ ဘ၀တလျှောက်လုံး   ကောင်းကောင်းဆိုးဆိုး လက်ခံယူရမှာနော်”
            “ ဟုတ်ကဲ့၊ သား သူ့ကိုပဲ လက်ထပ်ယူဖို့အထိ ဆုံးဖြတ်ထားပါတယ်၊”
      “ သားက ချစ်သူနဲ့ အခုလို တွဲသွားတွဲလာ နှစ်ရှည်လများ လုပ်နေတော့၊ မြင်သူတွေက မြင်မှာပဲ၊ ဒီခေတ်ကြီးက အရမ်းကို ထူးထွေဆန်းပြားတဲ့အရာတွေက အများကြီး၊ အရင်လို ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူလဲ ခွဲခြားမရတော့ပဲ ရောထွေးနေတဲ့ ကာလကြီး၊  သားတို့က ဘယ်လောက်ပဲ ရိုးသားပါစေဦးတော့ ပတ်ဝန်းကျင်က ဒီတိုင်းနေ မှာမဟုတ်ဘူး၊ စောင့်ကြည့်နေကြမှာ၊ မေမေတို့က လူမှုအသိုင်းအ၀န်းမှာ   နေနေကြတဲ့သူတွေ ဆိုတော့ ပတ်ဝန်းကျင်ကိုတော့ ဂရုမပြုပဲ   နေလို့ တော့မရဘူး၊ သားတို့ ရိုးရိုးသားသား ချစ်သူတွေဆိုပေမယ့် သူများက အုတ်ရောကျောက်ရော ထင်တာမြင်တာတော့ မေမေ မခံချင်ဘူး၊ တဘက် မိန်းကလေးကိုလဲ မေမေတို့က သားသမီးချင်းစာနာစိတ်ထားရမယ်၊ တကယ်တော့ မိဘတွေရဲ့ အသိအမှတ်ပြုမှုနဲ့အတူ သားတို့ စည်းကမ်းလေးနဲ့ တွဲသွားတွဲလာ လုပ်သင့်တယ် သား ..”
             “ ဟုတ်ကဲ့၊ ဒါကြောင့် မေမေ့ကို အသိပေးတာပါ၊ သားတို့မှာ ရည်ရွယ်ချက်တွေ ရှိပါတယ်၊ ရည်ရွယ်ထားတဲ့အတိုင်း ပြည့်ပြည့်စုံစုံ မဖြစ်သေးဘူးဆိုရင် မေမေတို့ စိတ်ပူရစေမယ့် ကိစ္စမျိုး၊ ဘာဆိုဘာမှ မဖြစ်စေရပါဘူးလို့ ကတိပေးပါတယ် မေမေ”
      သားဖြစ်သူ အခုလို ပြောတာ ကြားရတော့ ကိုကျော်ဝေတစ်ယောက် စိတ်ထဲ အတန်အသင့် အေးသွားရတယ်။ ဒါနဲ့ အခန်းထဲကို ၀င်လိုက်ရင်   ကောင်းမလားလို့   တွေးလိုက်မိ တယ်။ အဲ့ဒီအချိန်မှာ မေနှင်းရဲ့ မေးသံက ထပ်ထွက်လာပြန်တယ်။
                  “ဒါနဲ့ သား ကောင်မလေးက အေးအေးဆေးဆေးလေးပဲလား”
     “ သူက ရိုးရိုးအေးအေး ချောချောလေး၊ သားက ရုပ်ဆိုးဆိုးနဲ့ ချွေးမလှလှလေး ရှာပေးတယ်ဆို မေမေအံ့သြနေမှာ မြင်မိပါရဲ့၊ မေမေ မြင်ရင် သဘောကျမှာပါ၊..”
             အခန်းထဲက သားဖြစ်သူရဲ့စကားသံကြောင့် နားစွင့်နေလျှက်က အဖေတူသားအတွက် ကိုကျော်ဝေ နှုတ်ခမ်းကို တွန့်ကွေးသွားအောင် ပြုံးမိသွားရတယ်။
             “ ဟဲ့.. ဒီကလေး.. မကြီးမငယ်နဲ့ အမေကို လာမဖက်နဲ့၊ သွား.. ရည်းစားတောင် ရနေပြီ၊ အရင်လို အမေကို ညာချွဲဖို့ ခွင့်မပြုတော့ဘူး”
          “ မေမေကလဲ.. သားလေးတစ်ယောက်ထဲ ရှိတဲ့ဟာကို၊  မေမေ.. အဓိက အရေးကြီးတဲ့   နှစ်ချက် ကျန်နေသေးတယ်၊ အဲ့ဒီနှစ်ချက်လုံးကတော့ မေမေကူညီပေးမှကို ရမှာ”
             သားရဲ့စကားသံက သိချင်စိတ်က နှိုးဆွလာတာမို့ ကိုကျော်ဝေတစ်ယောက် နားကို တံခါးနံရံနဲ့ အလိုလို ကပ်မိရက်သား ဖြစ်သွားတယ်။
            “ သူ့မိဘတွေက သားကို တွေ့ဖူးချင်လို့တဲ့၊ အဲ့ဒါ သား..  မနက်ဖြန်နေ့လည် သူ့မိဘတွေ အိမ်ကို မဖြစ်မနေ သား သွားတွေ့ရမယ် ”
                “ ဟင်.. ဟုတ်လား”
             ကိုကျော်ဝေ စိတ်ထဲ မေနှင်းရဲ့မျက်နှာ ဘယ်လိုဖြစ်သွားမလဲဆိုတာ မှန်းမြင်လိုက်မိတယ်။
     “ဟုတ်တယ်၊ သားတို့ အတူတွဲသွားနေတုန်း သူ့အစ်ကို တွေ့သွားတယ်လေ၊ နောက် သူ့မိဘတွေလဲ သိသွားတော့တာပေါ့၊ အဲ့ဒါ သား မနက်ဖြန် သူတို့အိမ်သွားရင် ဘာတွေ   ပြင်ဆင်သွားရမလဲ၊ ဘာဝတ်သွားရင် ကောင်းမလဲ၊ မေမေ အကြံပေးပါဦး”
             “ သား.. စိတ်တွေ အရမ်းမလှုပ်ရှားနေနဲ့ဦး၊ မေမေ သားကို အကြံဥာဏ် ဘာမှမပေးခင် ဒီကိစ္စကို မင်းဖေဖေကို အရင်ပြောပြဖို့ လိုသေးတယ်”
            “ ဟုတ်တယ်၊ ကျန်တဲ့ နောက်တစ်ခဆိုတာက အဲ့ဒါပဲ မေမေ၊ ဖေဖေ့ကို သားကြောက်တယ်၊ အဲ့တာ မေမေ နားဝင်အောင် ဖေဖေ့ကို ပြောပြပေးပါနော်”
   “ဖေဖေ..”ဆိုတဲ့ အသံက ကိုကျော်ဝေရဲ့ တုန့်ဆိုင်းနေတဲ့ ခြေအစုံကို အသက်ပြန်ဝင် လာစေတယ်။ တံခါးအနားက ချက်ချင်းခွာလို့ အိမ်အပေါ်ထပ် လှေကားအတိုင်း ခပ်သုတ်သုတ်လေး သူဆင်းခဲ့လိုက်တယ်။ လှေကားမှာ ဆုံမိတဲ့ ယောက္ခမကြီးကိုတောင် နှုတ်မဆက်ဖြစ်လိုက်တော့ဘူး။ ကိုယ်တိုင်ဖြေရှင်းရမယ့် ပုစ္ဆာတစ်ပုဒ်အဖြေထုတ်ဖို့ တာဝန်ကို မေနှင်းက သူ့ဆီ လွှဲပြောင်းပေး လိုက်မှန်း သိလိုက်ရတယ်။ ရုတ်တရက် အပြောင်းအလဲတစ်ခုကို လက်ခံဖို့ရာ ကိုကျော်ဝေ့ စိတ်တွေက အဆင်သင့်မဖြစ်သေးဘူး။ သူ့စိတ်တွေကို အမြန်ဆုံး တည်ငြိမ်သွားဖို့ရာ ကိုကျော်ဝေ  အိမ်ရှေ့မှာ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေဆီ ဦးတည်လိုက်တယ်။ အိမ်ရှေ့မြေနေရာ အပိုလေးမှာ သစ်ပင်စိုက်ဝါသနာပါတဲ့ မေနှင်းအမေနဲ့အတူ သူကိုယ်တိုင် အရိပ်တကြည့်ကြည့်နဲ့ စိုက်ပျိုးခဲ့ရတဲ့ ပန်းပင်လေးတွေ၊ သီးပင်စားပင်လေးတွေကို ခြံလေးခတ်လို့ စိုက်ပျိုးထားတဲ့ ဥယျာဉ်နေရာလေးကိုပေါ့။
           ပိန်းပန်းစင်တွေကို ရေစလောင်းလိုက်တယ်။ ရေပိုက်ကထွက်လာတဲ့ အေးမြတဲ့ရေရဲ့ ခံစားမှုက လတ်တလော ပူနွေးနေတဲ့ သူ့ရင်ထဲအထိ စီးဆင်းလို့ ၀င်လာစေချင်မိတယ်။  တအောင့်နေတော့ သူ့နဘေးကို မေနှင်းက ပြုံးပြုံးလေးနဲ့ ရောက်ချလာတယ်။
             “ကိုတော့ ချွေးမရတော့မယ်”
             “ဟုတ်လား… ဘာဖြစ်လို့လဲ”
       မသိချင်ယောင်ဆောင် မေးလိုက်တော့ မေနှင်းက သားတော်မောင် ပြောပြသမျှ သူ့ကို ဇာတ်စုံခင်းပြလေတယ်။ သူ့နားထဲ မေနှင်းအသံအစား စိတ်အားထက်သန်စွာနဲ့ ပြောပြနေတဲ့ သားဖြစ်သူရဲ့ စကားသံတွေကို ပြန်ကြားနေမိတယ်။ အဲ့ဒီ အခိုက်အတန့်မှာပဲ ကိုကျော်ဝေရဲ့ စိတ်တွေက ဟိုးလွန်ခဲ့တဲ့ အချိန်ကာလတစ်ခုကို ပြန်လည်ဆွဲခေါ်သွားခြင်း ခံလိုက်ရတယ်။
     ကျော်ဝေ့ စိတ်ထဲ ထိတ်နေမိတယ်။ မေနှင်းရဲ့အမေကို တွေ့ဖို့ မေးနှင်းအိမ်ကို သွားနေတာဖြစ်တယ်။  မေနှင်းက  “အမေ့ကို ဖွင့်ပြောပြလိုက်ပြီ၊ အမေက တွေ့ချင်တယ်၊ ခေါ်ခဲ့ပါ” ဆိုလို့ သူ့စိတ်တွေ စိုးရိမ်နေခဲ့ရပြီး တစ်ညလုံးလဲ အိပ်မပျော်ခဲ့ဘူး။
     “မေနှင်းအမေက တောသူပီပီ ဘွင်းဘွင်းရှင်းရှင်း ပြောတတ်ပေမယ့် စိတ်ရင်း ကတော့ ကောင်းတယ်၊ မေနှင်းကို ပညာတတ်တစ်ယောက် ဖြစ်လာအောင် အဖေ ဆုံးပါး သွားကထဲက တစ်ယောက်ထဲ အပင်ပမ်းခံ ရှာဖွေကျွေးမွေးခဲ့ရတာ၊ ကို့အကြောင်းတွေကို   မေနှင်းက အမေ့ကို ပြောပြထားပြီးသားမို့ အမေကိုယ်တိုင်ကလဲ ကို့ကို တွေ့ချင်နေတာပါ၊  တစ်ခုပဲရှိတယ်၊ မေနှင်းနဲ့မလိုက်ဘူး ရုပ်ဆိုးတယ်လို့များ ပြောချလိုက်ရင် အမေ့ကို စိတ်မဆိုးရဘူးနော်”
        မေနှင်းက သူ့စိတ်ကို ပေါ့ပါးသွားအောင် ပြောနေတယ်။ မေနှင်းက တကယ်တမ်းလဲ ရုပ်ရည် ချောမောပြေပြစ်သူ တစ်ယောက်မို့ သူလို ရွက်ကြမ်းရည်ကျို ရုပ်ရည်ရှိသူကို   မေတ္တာတုန့်ပြန်ခဲ့ချိန်မှာ အတော့်ကို အံ့သြခဲ့ရပါတယ်။  မေနှင်းကို သူချစ်တယ်။ တန်ဘိုးထားတယ်။ မေနှင်းကို တစ်ဘ၀စာ လက်တွဲဖို့အထိ စဉ်းစားခဲ့တာကို ပြန်တွေးမိတော့ ခွန်အားတွေ ပြန်ပြည့်လာသလို ခံစားလိုက်ရတယ်။
   မေနှင်းရဲ့လက်ဖျားကို ဆုတ်ကိုင်ရင်း လျှောက်လာခဲ့ပေမယ့် သူ့လက်ဖ၀ါးက စိတ်လှုပ်ရှားနေလို့လားမသိ၊ ချွေးစေးတို့နဲ့ စိုစွတ်လို့နေတယ်။
        “ လက်ဖျားတွေက အေးစက်နေတာပဲ၊ အဲ့လောက်ကြီး စိုးရိမ်မနေနဲ့လေ၊ အမေက ကို့ကို မြင်ရင် ချစ်မှာပါ၊ သူကိုယ်တိုင်က ကို့ကို တွေ့ချင်တယ်လို့ ပြောလာလို့   မေနှင်းလဲ   ပေးတွေးသင့်ပြီ ထင်မိလို့ပါ” လို့ မေနှင်းက အားပေးစကား ပြောလာတော့   ကျော်ဝေ့စိတ်တွေ အတန်အသင့် သက်သာရာ ရသွားရတယ်။
            သစ်ပင်ပန်းပင်တွေ စိမ်းစိမ်းစိုစို အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ခြံဝင်းလေးတစ်ခုထဲက အုတ်ခံ ပျဉ်ထောင်အိမ်လေးဆီ ရောက်တော့ မေနှင်းက သူ့ကို ဧည့်ခန်းက ထိုင်ခုံမှာ ထိုင်ခိုင်းပြီး အခန်းထဲ ၀င်သွားတယ်။ ရိုးရှင်းတဲ့ သာမန်အိမ်ခန်း တစ်ခုရဲ့ အပြင်အဆင်က လွဲလို့ ကျန်တာကို သတိမပြုမိနိုင်ပါဘူး။ ကျော်ဝေ့ရင်တွေ ခုန်နေတယ်။ တအောင့်နေတော့ မေနှင်းက “လာ.. အမေ အခန်းထဲမှာ စောင့်နေတယ် ”ဆိုပြီး သူ့လက်ကို ဆွဲလို့ လာခေါ်တယ်။  “အထဲဝင်လို့   ဖြစ်ပါ့မလား မေနှင်းရယ်” လို့ သူ နောက်တွန့်စိတ်နဲ့ ထိုင်ရာကမထပဲ ပြောလိုက်မိတယ်။   မေနှင်းရဲ့ချစ်သူဆိုပေမယ့် အခုမှ ရောက်ဖူးတဲ့ အိမ်တစ်အိမ်ရဲ့ အတွင်းခန်းထဲကို လိုက်ဝင်ဖို့အထိ သတ္တိတွေ ကျော်ဝေ့မှာ မရှိပါဘူး။
            “  မေနှင်းက အထဲကို ညာခေါ်တယ် ထင်နေလို့လား..”
           မေနှင်းက သဘောတကျ သူ့ကို စလိုက်ရင်းက “ အမေက ဒူးနာနေလို့ အပြင် မထွက်နိုင်လို့ပါ၊ ကဲ.. အမေရေ အသံလေးပြုဦး၊ မဟုတ်ရင် အထဲကို ၀င်တော့မှာ မဟုတ်ဘူး” လို့လဲ ပြောလိုက်ရော အသံလုံးကြီးကြီးနဲ့ မေနှင်းအမေရဲ့ အသံကို ကျော်ဝေကြားလိုက်ရတယ်။
                 “ အေးလေ၊ အခုမှ အိမ်ကို စရောက်တော့ အထဲဝင်ဖို့ ရွံ့နေမှာပေါ့၊ အမေ့ဒူး နာနေလို့ ထမရလို့ပါ၊ အထဲမှာ အေးအေးဆေးဆေး စကားပြောကြတာပေါ့၊ အထဲကို ၀င်ခဲ့ချေ”
             စေးစေးပိုင်ပိုင်နဲ့ ပီပီသသပြောလိုက်တဲ့ အသံကြောင့် ကျော်ဝေ ထိုင်ရာက ဆတ်ဆို ထလိုက်မိတယ်။ မေနှင်းရဲ့အနောက်ကနေ မ၀ံ့မရဲ ခြေလှမ်းတွေနဲ့ လိုက်ဝင်သွားမိတယ်။ အခန်းထဲမှာ ပြုတင်းပေါက်ကျယ်ကျယ်ကြောင့် လင်းချင်းလို့နေတယ်။ နံရံမှာ မေနှင်းဖေဖေနဲ့   မေမေရဲ့ အဖြူအမည်းဓာတ်ပုံကို ဘောင်သွင်းချိတ်ထားတယ်။ တစ်ယောက် အိပ် ကုတင်တစ်လုံး နံရံအတွင်းဘက်မှာ ခင်းထားတာကို တွေ့ရတယ်။ သနပ်ခါးတုံး၊ ကျောက်ပြင်တစ်ချပ်နဲ့ မှန်တစ်ချပ် ထောင်ထားတာကိုလည်း ကုတင်ခြေရင်းမှာ တွေ့ရတယ်။ ဒီထက်ပိုပြီး ကြည့်ခွင့် မရလိုက်ခင်မှာ ပြူတင်းပေါက် ရှေ့တည့်တည့်နေရာမှာ သင်ဖျူးတစ်ချပ်ခင်းထားပြီး အဲ့ဒီမှာ အသားညိုညို၊ ၀၀၊ ဆံထုံးလေးကို ငယ်ထိပ်မှာ ထုံးထားပြီး ထိုင်နေတဲ့ မေနှင်းရဲ့ အမေကို တွေ့လိုက်ရတယ်။ ချည်ထည်ဘလောက်စ် အိကျီ င်္ပွပွလေးနဲ့ ပွင့်ရိုက်ထမီ ခပ်လတ်လတ် ကို အမေက ၀တ်ထားတယ်။ အမေ့ဘေးက ဆေးလိပ်ခွက်ထဲမှာ   ပြောင်းဖူးဖက်လိပ်   ဆေးပေါ့လိပ်နဲ့ မီးခြစ်ကို တွေ့ရတယ်။
           “ ထိုင် ထိုင်”
          အမေ့ရဲ့အရှေ့ သင်ဖျူးဖျာပေါ်မှာ ၀င်ထိုင်လိုက်ရင်း ကျော်ဝေ ခေါင်းကို ငုံ့ထားလိုက်မိတယ်။
   “ သမီးမေနှင်း.. လက်ဖက်ကလေး သွားသုပ်ချေပါလား၊ အမေတို့ စကားပြောရင်း သမီးကို   စောင့်မယ် ”
       ကျော်ဝေ ထိတ်ခနဲ ဖြစ်သွားရပြန်တယ်။ “ ဒါဆို.. မေနှင်း လက်ဖက်သွားသုပ်လိုက်ဦးမယ်၊ အမေနဲ့ အေးအေး ဆေးဆေး စကားပြောနေဦးနော်” ဆိုပြီး ပြောလာတော့ ကျော်ဝေ့စိတ်ထဲ မတော်ရသေးတဲ့ ယောက္ခမကြီးနဲ့ နှစ်ယောက်ထဲ နေခဲ့ရမှာကို မ၀ံ့မရဲဖြစ်သွားမိတယ်။ အခန်းထဲက မေနှင်းထွက်သွားတာနဲ့…
         “ အဖေနဲ့အမေ ကွယ်လွန်သွားပြီ၊ အခု အစ်မတွေနဲ့ နေနေတယ်ဆို”
     “ ဟုတ်ကဲ့၊ ကျွန်တော်ဆယ်တန်းအောင်ချိန်မှာ မတော်တဆ ကားတိုက်မှုနဲ့ ကွယ်လွန်သွား ခဲ့တာပါ၊ အခုတော့ အိမ်ထောင်သည်အစ်မ မိသားစုနဲ့ အတူနေနေပါတယ် ခင်ဗျာ”
     “အင်း… သားအကြောင်း မေနှင်းပြောပြထားလို့ အမေလဲ အတော်အတန်သင့် သိနေပါပြီ၊ သားက မေနှင်းကို စောင့်ရှောက်ပေါ့၊ မျက်နှာကြည့်ရတာ ရိုးသားတာမို့ အမျိုးကောင်းသားလေး ဆိုတာ မြင်လိုက်တာနဲ့ သိတယ်၊ အပြန်အလှန် တန်ဖိုးထားကြပေါ့၊ ဘ၀တစ်လျှောက်လုံး လက်တွဲရမှာဆိုတော့ စိတ်ဆန္ဒတွေ မစောကြနဲ့၊ နှစ်ယောက်သား တိုင်တိုင်ပင်ပင်နဲ့ ပြည့်စုံအောင် ကြိုးစားပြင်ဆင်ကြပေါ့၊”
         ကျော်ဝေ့ရင်ထဲ လှိုက်ခနဲ ၀မ်းသာသွားရတယ်။
              “ ကျွန်တော်ကို အခုလို လက်ခံပေးလို့ အမေ့ကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် မေနှင်းကို တကယ်မြတ်နိုးမိလို့ လက်ထပ်ဖို့အထိ ရည်ရွယ်မိတာပါ၊ အမေက အခုလို တွေ့ချင်တယ်ဆိုပြီး   မေနှင်းက ပြောလာတော့ တကယ့်ကို ၀မ်းသာမိရပါတယ်၊ ကျွန်တော့်ကို အမေ့သား တစ်ယောက်အဖြစ် သတ်မှတ်ပြီး ဆုံးမသွန်သင်ပေးဖို့ အမေ့ကို အပ်ပါတယ်”
    အမေက ခေါင်းလေးတညိတ်ညိတ်နဲ့ ပြုံးလိုက်တော့ ဆေးပေါ့လိပ်ဂျိုးကပ်နေတဲ့ သွားလေးတွေကို မြင်ရတယ်။ အမေ့မျက်နှာက လောကဓံကြောင့် အရေးအကြောင်းတွေ ထနေပေမယ့် ကြည်စင်လို့နေတယ်။
        “လောကဓံကြောင့် အမေက ရှိရင်းစွဲအသက်ထက် ပိုပြီး အိုစာချင်နေပြီ၊ ခေါင်းက ဆံပင်တွေလဲ တော်တော်များများ ဖြူနေပြီ၊ ထသွားထလာ အရင်လို မဖျတ်လတ်ချင်တော့ဘူး၊ အခုအချိန်မှာ သားတို့သမီးက နုနယ်ပျိုမြစ်မှုကို တန်ဖိုးထားသလို အမေ့အတွက်လဲ ဒီအရေပြားပေါ်က အရေးအကြောင်းတွေ၊ ဒီဆံပင်ဖြုတွေကို တန်ဖိုးထားတယ်။ လင်ယောကျာ်း မရှိတော ဒီသမီးအတွက် ရုန်းကန်ခဲ့ ပေးဆပ်ခဲ့လို့ တန်ပြန်ရခဲ့တာတွေပေါ့၊   ပြောရရင် မိသားစု အတွက် ပေးဆပ်ခဲ့တဲ့အရာတွေပေါ့၊ ဒါတွေအားလုံးက အမေတစ်ယောက်ထဲ မဟုတ်ပါဘူး၊ အမေနဲ့အတူ မေနှင်းလဲ ပိုင်ဆိုင်တယ်၊ ဒါက မိန်းမတိုင်း ပိုင်ဆိုင်ခွင့်ရကြတဲ့ ဘ၀ရဲ့ အနှစ်သာရတွေပေါ့ ”
     အမေပြောတဲ့ စကားတွေကို ကျော်ဝေ သေချာနားထောင်နေတုန်း မေနှင်းက လက်ဖက်သုတ်ပန်းကန်နဲ့ ရေနွေးဘမ်းကိုင်ပြီး အခန်းထဲ ပြန်ဝင်လာတယ်။ အဲ့ဒီအချိန်မှာတော့   ကျော်ဝေတစ်ယောက် နေရတာ အတော့်ကို သက်တောင့်သက်သာ ဖြစ်နေခဲ့ပြီ။ အမေက ဆက်ပြောတယ်။
                 “သမီးလဲ ထိုင်နားထောင်”
          မေနှင်းက သူ့ဘေးမှာ အသာဝင်ထိုင်လိုက်တယ်။ နှစ်ယောက်သား အမေ ပြောမယ့်စကားကို နားစွင့်ထားလိုက်ကြတယ်။
      “ မေနှင်း အဖေရှိတုန်းကလဲ မိသားစုကို ဦးဆောင်ပြီး ရိုးရိုးသားသား ရှာဖွေကျွေးမွေးခဲ့တယ်၊ အဲ့သည်တုန်းကတော့ အမေက သမီးအဖေအနောက်ကနေ လိုအပ်တာ ပါရမီဖြည့်ရင်း သမီးကို ပြုစု စောင့်ရှောက်ရတာပေါ့၊ အမေအရွယ်ကောင်းတုန်း လင်ယောကျာ်း ကွယ်လွန်သွားခဲ့ပေမယ့် တစ်ပင်လဲလို့ တစ်ပင်မထူပဲ ဒီသမီးအတွက် အမေ့ဘ၀ကို ပေးဆပ်ခဲ့တယ်၊ လင်ယောကျာ်းဆိုတာ ဘုရားတစ်ဆူဂူတစ်လုံးလို့ ဆိုစကားရှိတယ်မဟုတ်လား၊ အမေတို့ မိန်းမတွေက ကိုယ်တိုင် မျိုးစေ့ချရတယ်၊ ကိုယ်တိုင် ပျိုးထောင်ရတယ်၊ မပြီးသေးဘူး ကိုယ်တိုင် ရိပ်သိမ်းရပြန်သေးတယ်၊ ဒါက မိန်းမတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေပဲ၊ နှစ်ယောက်သား အပြန်အလှန် တာဝန်ကျေဖို့ လိုတယ်”
  အမေစကားတွေကြောင့် ကျော်ဝေနဲ့မေနှင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိသွားရတယ်။  အမေ့လို ရိုးရိုးသားသား တောသူတောင်သားတစ်ယောက်က အခုလိုမျိုး တန်ဘိုးရှိတဲ့စကားလုံးတွေ ကြွယ်ကြွယ်၀၀ ပြောတတ်လိမ့် မယ်လို့ သူတို့နှစ်ယောက်လုံး ထင်မထားခဲ့မိဘူး။ အတွေ့အကြုံနဲ့ ရင်းပြီး ပြောလာတဲ့ အမေ့ရဲ့စကားတွေက သူတို့နှစ်ယောက် ရှေ့ဆက်ရမယ့် ဘ၀ခရီးအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ တစ်ဘ၀စာ အားမာန်တွေ ဖြစ်ခဲ့ရတယ်။ အမေ့ကို ခွင့်တောင်းပြီး သူတို့နှစ်ဦး လက်အုပ်မိုး ကန်တော့တော့ အမေ့ရဲ့ ဆုပေးသံက နှစ်ယောက်လုံးရဲ့ ရင်ထဲအထိ စိမ့်ဝင်လို့ သွားတယ်။
    ကိုကျော်ဝေရဲ့ အတွေးတွေ တစ်သီကြီး ပျံ့လွင့်သွားလိုက်မိတယ်။ မေနှင်းရဲ့ စိတ်လိုလက်ရ ပြောစကားကို သေသေချာချာ နားစိုက်ထောင်နေရင်း တစ်ယောက်ထဲ ကျိတ်ပြုံးနေမိတာမို့ မေနှင်းသူ့အနားက ဘယ်အချိန်နှုတ်ဆက်ပြီး ထွက်သွားမှန်းကိုတောင် သတိမထားဖြစ်ခဲ့ဘူး။ မိဘတိုင်း ရှောင်လွှဲလို့မရနိုင်တဲ့ အချိန်ကို သူတို့နှစ်ယောက် ကိုယ်တိုင် ရောက်နေပြီဆိုတာ  မေနှင်းကိုယ်တိုင်လဲ သူ့လိုပဲ သိနေလိမ့်မယ်လို့  ကိုကျော်ဝေ   တွေးမိလိုက်တယ်။
            ပိန်းပန်းစင်တွေကို ရေလောင်းပြီး ရေစိုအ၀တ်အစားတွေလဲဖို့ အိမ်ထဲဝင်မလို့ လုပ်ချိန်မှာ သူ့ဆီကို မေနှင်းရဲ့အမေ၊ သူ့ယောက္ခမကြီး တလှုပ်လှုပ်နဲ့ ဦးတည်ပြီးလာနေတာ ကိုကျော်ဝေ   တွေ့လိုက်ရတယ်။ ဇရာရဲ့ အရိပ်အငွေ့တွေ အများကြီးလွှမ်းခြုံနေပေမယ့် ကြည်စင်တဲ့မျက်နှာနဲ့ အားမာန်က ဝေသီမျက်ဝန်းမှာ အတိုင်းသား ပေါ်နေတယ်။ “ အမေ.. ရေတွေနဲ့ ချော်လဲမယ်နော်… သတိထား” လို့ လှမ်းပြောလိုက်မိတယ်။ အသက်ခွန်နှစ်ဆယ်ကျော်အရွယ် အရေးအကြောင်း လှိုင်လှိုင်ထနေတဲ့ အမေရဲ့မျက်နှာပြင်မှာ သူ့အတွက် နှစ်သိမ့်အပြုံးတွေ လွှမ်းခြုံနေတာကို ကိုကျော်ဝေ့ ရင်ထဲ အလိုလို ခံစားသိရှိလို့နေတယ်။
         “ ပန်းတွေက ငါ့သား မှန်မှန် ရေလောင်းပေါင်းသင်လို့ ထင်ပါရဲ့၊ စိမ်းစိုပွင့်လန်းနေလိုက်တာ ”
    “ဟုတ်တယ်နော် အမေ၊ အပင်ပေါက်လေးကနေ အရိပ်တကြည့်ကြည့်နဲ့ အခုလို ရှင်သန် သီးပွင့်လာဖို့ ကျွန်တော်တို့ ပျိုးထောင်လာခဲ့ရတာ၊ အခုလို မြင်ရတော့ တကယ့်ကို ပီတိဖြစ်ရတယ်၊ တကယ်တမ်းက အတွေ့အကြုံရှိတဲ့ အမေက ကျွန်တော့်ကို ဘယ်လို စိုက်ပျိုးရမယ်   ပြုစုစောင့်ရှောက်ရမယ်ဆိုတာကို နည်းလမ်းညွှန်ပြပေးလို့ အခုလို စိုက်ပျိုးနိုင်တာပါ၊ အမေ့ ဥယျာဉ်လေးကို အခုလို စိမ်းစိုလန်းဆန်းနေအောင် ဆက်လုပ်ပေးနိုင်လို့ တော်ပါသေးရဲ့၊ မဟုတ်ရင် အမေ့ကိုရော မေနှင်းကိုပါ ကျွန်တော် အားနာရနေရမှာ ”
    “အားနာစရာ မလိုပါဘူးသားရယ်၊ အမေကိုယ်တိုင်က ယုံကြည်စိတ်ချလို့ သားလက်ထဲ ထည့်ခဲ့တာပေါ့၊ အမေတို့ အဘိုးအဘွားတွေ လက်ထက်ထဲက မျိုးစေ့ကနေ ရှင်သန်ကြီးထွား လာဖို့အတွက် ရေလောင်းပေါင်းသင် ကျီးမထိုးအောင် စိုက်ပျိုးလာခဲ့ကြရတာ၊ သီးချိန်တန်သီးမယ် ပွင့်ချိန်တန်ပွင့်မယ်၊ ဒါ..သဘာဝပဲပေါ့သားရဲ့၊ ဒီဓလေ့ကို မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်း မျှဝေခဲ့ကြတာပေါ့၊ ကောင်းမွန်တဲ့ အလေ့အထတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ လက်ဆင့် ကမ်းနိုင်ဖို့က နောင်အစဉ်အဆက်အတွက် တကယ့်ကို အရေးကြီးတယ် သားရဲ့၊ မျိုးစေ့မှန်မှ အပင်သန်တယ်ဆိုတာကို သားလဲ ကြားဘူးမှာပေါ့၊ အခု သားလက်ထက်မှာလဲ သားက မြေးလေးကို ဒီအသိတွေ တဖန်ပြန်လက်ဆင့်ကမ်းရမှာ၊ ဒါဟာ ဥယျာဉ်မှူးကောင်းတွေရဲ့တာဝန်သိတတ်မှုပဲပေါ့”
        ကိုကျော်ဝေ ရင်ထဲက နှစ်နှစ်ခြိုက်ခြိုက် ပြုံးရင်း အမေ့ကို ခေါင်းညိတ်ပြလိုက်မိတယ်။ အမေက ဘာကို ဆိုလိုချင်တယ်ဆိုတာကို ကိုကျော်ဝေ ကောင်းကောင်း မှန်းဆနိုင်လိုက်တယ်။ သိပ်မဝေးတော့တဲ့ သူရဲ့  လက်ဆင့်ကမ်းပေးရ တော့မယ့် အချိန်ကို ရောက်လာတော့မယ်ဆိုတာ သတိပြုမိလိုက်တယ်။
     အမေ့ပခုံးကို ဖေးမရင်း အိမ်ထဲ ပြန်ဝင်လာတော့ မေနှင်းက သားရဲ့ရှပ်အိကျီင်္အသစ်တစ်ထည်ကို မီးပူတိုက်ပေးနေတာ တွေ့ရတယ်။ သားကတော့ မေနှင်းနဲ့ ခပ်လှမ်းလှမ်းမှာ စာဖတ်နေရင်း ၀င်လာတဲ့ ကိုကျော်ဝေ့ကို ခပ်ဝှက်ဝှက် လှမ်းပြီးကြည့်တယ်။ သားဖြစ်သူနဲ့ မျက်လုံးချင်းအဆုံမှာ  “မေနှင်း သားကို မနက်ဖြန်သွားဖို့အတွက် လိုအပ်တာ ပြင်ဆင်ပေးလိုက်ပါ၊ သားရဲ့ ချစ်သူကို ကိုတို့လဲ တစ်ရက် ခေါ်တွေ့ကြတာပေါ့” လို့ ပြောလိုက်မိတယ်။ သက်ပြင်းလေး ကြိတ်ချလိုက်တဲ့ မေနှင်းကို ကိုကျော်ဝေ မြင်ဖြစ်အောင် မြင်လိုက်မိတယ်။ “ သားရေ.. ဖေဖေရေချိုးပြီးရင် သားနဲ့ဖေဖေ အေးအေးဆေးဆေး စကားပြောရအောင်ကွာ.. သား.. ဖေဖေ့အခန်းထဲကို လာခဲ့ဦး”လို့ သားကိုပါ သူ တဆက်ထဲ လှမ်းပြောလိုက်တယ်။
      သားရဲ့  မျက်နှာပေါ်မှာ လင်းခနဲ လက်ခနဲ ပေါ်ထွက်လာတဲ့ ၀မ်းသာအပြုံးကို   မြင်လိုက်ရတဲ့တစ်ခဏ၊ ကိုကျော်ဝေ့ ရင်ထဲက စိုက်ပျိုးထားတဲ့ စိမ်းစိုနေတဲ့ အပင်လေးတွေက တအိအိနဲ့ ယိမ်းနွဲ့လှုပ်ရှားသွားတော့တယ်။ သားကို သူ ဖခင်တစ်ယောက်အနေနဲ့ ရင်းနှီးစွာ   နွေးထွေးစွာ ပြောဆိုဖို့ အချိန်တန်ခဲ့ပြီလေ။
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
Share
This entry was posted in ၀တ္ထု. Bookmark the permalink.
4 Responses to အချစ်က စိမ်းစိမ်းစိုစို
  1. ကူးကူးလှိုင် says:
    အချစ်က စိမ်းစိမ်းစိုစို ဆိုတဲ့အတိုင်း ဖတ်ပြီး တကယ်ကို စိမ်းလန်းအေးချမ်းမှုတွေ ရပါတယ်အစ်မ တစ်ချိန်ချိန်ကြုံတွေ့ရမဲ့ အဖြစ်တွေအတွက် မိဘတွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေပေါ့နော်…
  2. ပန်းပျိုးလက်မှန်ခဲ့လို့ ထင်ပါရဲ့မမရေ.. တစ်ကယ့်ကို စိမ်းစိမ်းစိုနေတဲ့ အချစ်တွေက ရင်ထဲထိအောင် စိမ့်ဝင်လျှက်….ပါပဲမမ။
  3. အိုးးးးးးးးးးး
    အမရေ….ဖတ်ရတာ ရင်ထဲ အေးချမ်းပြီး တကယ်ပဲ စိမ်းစိမ်းစိုစိုရှိလိုက်တာ…:)
    ဟိုတပတ်က မဖတ်ဖြစ်ပဲ ကျန်နေခဲ့လို့ ခုမှ တခါတည်း စာကြွေးလာဆပ်
    သွားတယ် မ ရေ…..
    ခင်မင်လေးစားအားကျလျက်
    မိုးနတ်
  4. အချစ်ဆိုတာထက်….မေတ္တာတရားတွေ၊ ရင့်ကျက်သိမ်မွေ့မှုတွေ…တာဝန်ယူလိုမှုတွေ..လက်ဆင့်ကမ်းပေးလိုမှုတွေ မြင်လိုက်ရတယ် မမ..။
    ဒါလေးကို အပင်လေးတစ်ပင်နဲ့ နှိုင်းသွားတာ သဘောကျတယ်.. :)
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>