မြသွေးနီ၊ သောကြာညနှင့် ဟမ်ဘာမဂါ့တဂါ
Number of View: 10806
“ လာ… ဈေး..ခန ၀င်ဝယ်ရအောင်.. ”
“ဟင်…..”
ရုတ်တရက် လက်ကိုဆွဲပြီး အတင်းခေါ်သွားလို့ စူပါမားကက်တစ်ခုရဲ့ စစ်ဆေးဂိတ်ကနေ အထဲကို သူနဲ့အတူ ဘုမသိဘမသိနဲ့ မြသွေးနီရောက်ခဲ့ရတယ်။
“ ဈေးက ဒီညနေ ၀ယ်စရာမလိုဘူးလေ.. မနက်ဖြန် စနေဆိုတော့.. မနက်ဈေးကြမှ ၀ယ်မယ်ဆို”
ရုံးဖွင့်ရက်တွေမှာ ညနေရုံးဆင်းတိုင်း နှစ်ယောက်သား ၃၈လမ်း ညနေဈေးကနေ နောက်တစ်နေ့ အတွက် ဟင်းလျာဝယ်ခြမ်းပြီးမှ အိမ်ပြန်နေကြပါ။ ခြွင်းချက်အနေနဲ့ သောကြာညမျိုးဆိုရင်တော့ ပိတ်ရက်က စောင့်နေပြီမို့ အိမ်နားက ဈေးမှာပဲ မနက်ဘက် အေးအေးဆေးဆေး ၀ယ်ဖြစ်ပါတယ်။
“ အင်းပါ.. သား.. ခုနက ဖုန်းဆက်တယ်.. အဲ့တာလေး အကောင်အထည် ဖော်ပေးချင်လို့.. ”
သူ့အပြောကြောင့် မြသွေးနီရဲ့ မျက်ခုံးနှစ်ဘက်က အပေါ်ကို ရုတ်ချည်း မြင့်တက်သွားရတယ်။
သားဖြစ်သူ ရွှေနှုတ်တော်က တောင့်တသမျှ အချိန်မဆိုင်း ဖြည့်ဆည်းပေးသူမို့ တစ်ခါတစ်ခါ ဟန့်တားမိတဲ့ ကျွန်မမှာ ကြားက ပိတ်ပင်သူကြီး ဖြစ်မှန်းမသိ ဖြစ်နေရပါတယ်။
သူက စူပါမားကက်ရဲ့ အောက်ဆုံးထပ်မှာရှိတဲ့ မီးဖိုချောင်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ   ရောင်းချတဲ့ အခြမ်းကို ဦးတည်သွားပါတယ်။ ပြီးတော့ ဈေးဝယ်ခြင်းတောင်းတစ်ခုကို ဆွဲယူပြီး ကျွန်မလက်ထဲ ထည့်ပေးတယ်။ စိတ်က ပိစိလေးတိုချင်လာတာမို့ နှုတ်ခမ်းထော်လို့…
“ ဒီမယ်.. ရှင်တို့ရဲ့ စစ်ဆင်ရေးက ဘာဆိုတာကို  အရင်ဆုံး ကျွန်မကို သံတော်ဦး တင်ပါဦး.. ဘာမှန်းညာမှန်း မသိ.. သူများအနောက်က လိုက်လုပ်ရတဲ့အလုပ် အရမ်းမုန်းတယ်နော်..”
“ ဒေါ်မြသွေးနီရဲ့နောက်ကနေ ကိုယ် ခြင်းဆွဲလိုက်နေရတာ ကြာပြီ..၊ ဒီတစ်ခါ ကိုယ်ဝယ်တာကို သယ်ယုံပဲ ကူညီပေး”
လွန်ခဲ့တဲ နှစ်နှစ်ဆယ်လောက်က အပြုံးမျိုးနဲ့ ပြုံးစေ့စေ့နဲ့ပြောနေတာမို့ စိတ်က အလိုလို   ပျော့ပြောင်းသွား ချင်ပေမယ့်၊ ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း နှုတ်ခမ်းတင်းတင်းစေ့လျှက်က…
“ကဲ..ပြောပါ.. ဘာတွေ လုပ်ပေးမယ်လို့ သားတော်မောင်ရဲ့ တောင်းဆိုချက်ကို အာမဘန္တေ ခံလိုက်ပြန်သလဲ..”
ဒီလို မေးလိုက်တာက သားပြည့်ရဲ့ဖခမည်းတော်က သားဖြစ်သူ ဘာကိုပဲဖြစ်ဖြစ် ဘယ်နေရာပဲ   ရောက်နေနေ၊ ဘယ်အချိန်မဆို တောင်းဆိုဆို၊ လုပ်လို့ လုံးဝမှ မဖြစ်နိုင်တာက လွဲရင် ကျန်တာ ဘာမဆို ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ပေး တတ်တယ်ဆိုတာကို အနှစ်နှစ်ဆယ်ကျော် လက်တွဲလာတဲ့ စောမေက နောကြေလို့ နေပါပြီ။ ကျွန်မကတော့ မိန်းမပီပီ နည်းနည်းများ စီးကပ်စေ့စပ်ချင်သလားမသိ။ အဲ့ဒီတော့ သားတော်မောင်က အမေက ခွင့်မပြုနိုင်ဘူးထင်တဲ့ ကိစ္စမှန်သမျှဆို ကျွန်မဆီမရောက်တော့ပဲ သူ့ဖခင်ဆီကနေ အကောင်အထည် ဖော်လေ့ရှိလို့  ပြီးဆုံးမှ ကျွန်မ သိရတဲ့အဖြစ် မကြာခဏ ကြုံတွေ့ရပါတယ်။
ကျွန်မရဲ့အမေးကို သားပြည့်ရဲ့အဖေက အပြောနဲ့ မတုန့်ပြန်ပဲ လက်တွေ့ သက်သေပြလိုက် ပါတယ်။ ကောင်တာတစ်ခုဝင် တစ်ခုထွက်နဲ့ သိပ်မကြာခင်မှာပဲ ကျွန်မရဲ့ လက်ကိုင်ခြင်းထောင်း အထဲမှာ ပစ္စည်းပစ္စယာများနဲ့ ပြည့်လုနည်းပါး ဖြစ်သွားပါပြီ။ ကျွန်မကတော့ အိမ်ထောင်ရှင်မပီပီ   ဈေးစစ်လို့မရတဲ့ စူပါမားကက်မှာ ဈေးဝယ်မိနေတာမို့ စတစ်ကာကပ်ထားတဲ့ ပစ္စည်းက   ဈေးနှုန်းတွေကို အလုအယက် စိတ်တွက် ပေါင်းမိရင်း မျက်လုံးတောင်   ပြူးချင်လာပါတယ်။  “ ဒါတွေအားလုံးကို ရှင် တာဝန်ယူမှာ သေချာပါတယ်နော် ” လို့ စိတ်မချသလို သူ့ကို မေးလိုက်ပါသေး တယ်။ သူက ခနိုးခနဲ့ ပြုံးရင်းက “ပါးပါးလေးပါ.. မိန်းမလဲ ဒိုင်ဗင်ထိုးချင် ၀င်ထိုးနော်..” လို့ သဘောကောင်းလှစွာနဲ့ ကျွန်မ၀ယ်လိုရာရှိရင် ၀ယ်ဖို့ သူက   ပြောလိုက်သေးပါတယ်။
ဈေးဝယ်ပြီး အပြန်မှာတော့ နှစ်ယောက်သား ၀ယ်ခြမ်းလာတာတွေ ခွဲဝေသယ်ရင်း ဆယ်မိနစ်လမ်းလျှောက်ရင် ရောက်မယ့် အိမ်ကို ပြန်နေကြအတိုင်း ကုန်းတံတားပေါ်ကနေ   ဖြတ်လာကြပါတယ်။ ကုန်းပေါ်ရောက်ချိန် သားဖြစ်သူကို သူက ဖုန်းလှမ်းဆက်ရင် သတင်း လှမ်းပို့လိုက်ပါသေးတယ်။
“ဟေ့.. သားရေ ဖေဖေတို့ ပြန်လာပြီ..၊ ကုန်းပေါ်ရောက်နေပြီ..၊ မင်း အမေလား.၊ အေးဆေးပါကွာ..၊ အဲ့ဒီလောက် မပူစမ်းပါနဲ့၊ တခြားသူမဟုတ်ဘူး.. ဖေဖေပါကွ..၊ အခုတောင် မင်းအမေကို အထုတ်တွေ ဆွဲခိုင်းထားတယ်.. ဟဟဟား…”
သူက ပြောပြောဆိုဆို ဖုန်းချလိုက်ရင်း “မင့် သားက မေမေ့လက်က အလေးအပင်တွေ ဆွဲလို့မရဘူး၊ နာကုန်မယ်..၊ အရမ်းမဆွဲခိုင်းနဲ့..တဲ့၊ အရေးတော်ပုံ မအောင်သေးခင် မေမေ စိတ်မဆိုးစေနဲ့..တဲ့ ” လို့ သားဖြစ်သူပြောတာကို ပြန်ပြောပြပါတယ်။
ကျွန်မလဲ လက်ထဲက အထုတ်တွေကြည့်ပြီး “ ကဲ.. ၀ယ်လာတာ စုံနေတာပဲ..၊ ဘာတွေများ အဆန်းထွင်လေဦးမလဲ” လို့ အားမတန်မာန်လျော့ လေသံနဲ့ မေးလိုက်ပါတယ်။
“ ကိုယ့်မိန်းမ..က  အကင်းပါးပါတယ်.. ဘာဖြစ်နိုင်မလဲ တွေးကြည့်..”
“““ ဟ မ်  ဘာ ဂါ ”””
 စောင့်စောင့်အောင့်အောင့်လေး အော်ပြောမိလိုက်တဲ့ ကျွန်မအသံကြောင့် သူ နည်းနည်းတောင် တွန့်သွားပါတယ်။
“ တော်တယ်ကွာ… ဒါကြောင့် စားဖို့သောက်ဖို့အတွက်ဆို ကိုယ်တို့ သားအဖ မင်းကို အားကိုးရတာ ”
“ဒါလောက်ကတော့ လူတိုင်းမှန်းနိုင်တာပေါ့၊ ဘာဂါလုပ်စားတဲ့ ပေါင်မုန့်တွေရယ်၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ဆလတ်ရွက်၊ မရောနိစ်၊ ငရုပ်သီးဆော့.. ဒါတွေ ၀ယ်လာတယ်ဆိုကတည်းက ဟမ်ဘာကာမှ လွဲပြီး ဘာဖြစ်နိုင်ဦးမလဲ..”
သူ့ရဲ့ မြှောက်ပင့်သံအနောက်မှာ ကျွန်မ ဗျာများရတော့မယ်ဆို ဗေဒင်မေးမကြည့်ပဲ   သေချာသွား ပါပြီ။
“ ဟမ်ဘာဂါ ကျုပ်မှ မလုပ်တတ်တာတော်.. ”
“ မှန်တာပေါ့.. ဘယ်လုပ်တတ်ပါ့မလဲ.. အနောက်တိုင်းသားတွေရဲ့ အစားအစာကိုး…၊ သို့ပေမယ့် ကိုယ့်မိန်းမက တဲလင့်ရှိပါတယ်၊ ဟိုတစ်ခါ ဆူရှီတောင် အဲ့လိုမေးပြီး ရမ်းသန်းလုပ်ခဲ့တာတောင် အတော်စားလို့ ကောင်းခဲ့သေးတာပဲ၊ ကိုယ်တို့သားအဖ ဓာတ်ပုံရိုက်ပေးပါ့မယ်ကွာ၊ မင်းလဲ ပို့စ်အသစ်တွေ မရေးတာ ကြာပြီဆို၊ တစ်ပုဒ်လောက် ရေးလိုက်ပါလာ မိန်းမရာ”
သူက ကျွန်မရဲ့အညှာကို ကောင်းကောင်းသိပါတယ်။ ဒီဟမ်ဘာဂါလုပ်ဖို့ ပို့စ်တစ်ပုဒ်လောက် ဆိုတာနဲ့ မျှားရမယ်ဆိုတာ သူ ကောင်းကောင်းကြီး သိနေပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့မြှားချက်က ကျွန်မကို ဒါရိုက်ဟစ် ထိသွားပါတယ်။ မဂ္ဂဇင်းအတွက် ၀တ္တုတွေ အသစ်မရေးဖြစ်တာ အတော်ကြာနေခဲ့ပါပြီ။ ဘလော့မှာလဲ ကဗျာအတိုအစလေးတွေ တင်လိုက်၊ ရေးပြီးသား အဟောင်းတွေ ဆားပြန်ချက်လိုက်နဲ့ လုပ်နေတာ အတော်ကြာနေပြီ။ ဒီလို ပေါ့ပေါ့ပါးပါး ပို့စ်လေးတွေက စာရေးချင်စိတ် ပြန်ဝင်လာအောင် ချာဂျင်သွင်းပေး နိုင်တာမို့ စိတ်ထဲ တိတ်တိတ်လေး ကျေနပ်မိသွားတာ ၀န်ခံပါရစေ။ ဟမ်ဘာဂါဆိုတာ အားလုံးကို ပေါင်မုန့်နှစ်လွှာ ကြားထဲ အကုန်ထည့်လိုက်ရင် ဟမ်ဘာဂါဆိုတာကြီး ဖြစ်သွားတာပဲ၊ ဘာများခက်လို့လဲလို့ ကိုယ့်ဟာကို ဆုံးဖြတ်ရင်း တွေးလိုက်မိပါတယ်။ သို့သော် ဟန်ကိုယ်ဖို့ဆိုတဲ့အတိုင်း နည်းနည်းတော့ အထွန့် တက်လိုက်ပါတယ်။
“ ဘယ်တော့ လုပ်စားမှာလဲ.. ၊ အထဲမှာ ထည့်မယ့် အသားလဲ မပါဘူး ”
“ မနက်ဖြန် စနေမနက်စာ အဲ့ဒါကို ကော်ဖီပူပူလေးနဲ့ သောက်မယ်လေ၊ အသားပြားလုပ်ဖို့အတွက် ၀က်သား ကြိတ်ပြီးသားကို မနက်စောစော အိမ်နားကဈေးကနေ ကိုယ်ထ၀ယ်ပေးမယ်..၊ မင်းကို ကိုယ်ရော သားရော ၀ိုင်းကူပေးပါ့မယ်ကွာ..၊ သူစားချင်တာလေး လုပ်ပေးလိုက်စမ်းပါ၊ အပြင်မှာ ဘာဂါတစ်လုံး တစ်ထောင့်ငါးရာဆိုတာ တစ်ယောက်စာပဲစားလို့ရတယ်၊ အခုက စားပါလေ့.. အားပါးတရ.. ”
အိမ်ရောက်တော့ သားပြည့်က အဖေနဲ့အမေ လက်ထဲက အထုတ်တွေ ၀ိုင်းကူသယ်ရင်း ခုန်ဆွခုန်ဆွဖြစ်ပြီး ပျော်နေပါတယ်။ “မေမေ့ကို မပြောပဲ ဖေဖေ့ကို ပူဆာမိတာ မေမေ စိတ်မဆိုးနဲ့နော်၊ ဟီး… မေမေက အဲ့တာမျိုးတွေ မကြိုက်တော့ သား ပြောလိုက်တာနဲ့ ငြင်းမှာ သိနေလို့..” လို့ အမေမဆူခင် ဦးအောင် အမေ့နားကပ်လို့ လေပြေထိုးပါတယ်။ မြသွေးနီလဲ ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း ရုပ်တည်ကြီးနဲ့ နေနေတော့၊ သားပြည့်အဖေက အလိုက်တသိ “ သား.. မင်း.. ဒါဆို မေမေ ဘာဂါလုပ်နေတုန်း ဓာတ်ပုံတွေ သေချာရိုက်ပေးရမယ်နော်..” လို့လဲ   ပြောလိုက်ရော..“““ ဝေးးးး..”””” လို့ အော်လိုက်ပြီး “ စိတ်ချလိုက်ပါ မေမေရာ.. ရှယ်ကို ရိုက်ပေးမယ် ” ဆိုပြောရင်း သူ့ဖခမည်းတော်ကို လက်မခိုးထောင်ပြလိုက်တာကို  ကျွန်မ မျက်မှန်ထောင့်ကနေ မြင်ဖြစ်အောင် မြင်မိလိုက်ပါတယ်။
ရက်သတ္တတစ်ပတ်ရဲ့ နေ့တစ်နေ့စီမှာ သောကြာနေ့ညဆို မြသွေးနီ အရမ်းပျော်ပါတယ်။ ဘာလို့ဆိုတော့ ကျွန်မအလုပ်က နေ့စဉ် တနလာင်္မနက် ၈း၃၀နာရီကနေ ညနေ ၅း၃၀နာရီအထိ တက်ရပေမယ့်၊ စနေနဲ့ တနင်္ဂနွေ နှစ်ရက် ပုံမှန်ပိတ်တာမို့ သောကြာညနေရောက်တာနဲ့ ပိတ်ရက်တွေ လာတော့မှာမို့ ပျော်မိပါတယ်။ ပိတ်ရက်တွေကို သူများတွေက ဘယ်လို ကုန်ဆုံးသလဲမသိ။ မြသွေးနီမှာတော့ ပိတ်ရက်တွေဆို အိမ်ထဲမှာ ငြိမ်ငြိမ်လေး နေနေချင်စိတ်က ပိုများပါတယ်။
အခုရက်ပိုင်း ပိတ်ရက်တွေမှာတော့ သားပြည့်ရဲ့ နွေရာသီဇာတ်လမ်းထဲမှာ နစ်မြုပ်နေ ရပါတယ်။ နွေရာသီဇာတ်လမ်းဆိုတာက နွေရာသီကျောင်းပိတ်ရက်တိုင်း သူစောင့်မျှော်နေတဲ့၊ သူ စိတ်ဝင်စားတဲ့ အင်္ဂလိပ်စာသင်တန်းကို သူငယ်တန်းထဲက မပျက်မကွက်တက်ခဲ့တာ အခုဆိုရင် Level 5အထိရောက်ခဲ့ပါပြီ။ ဒီနှစ်မှာ BCက စာမေးပွဲတစ်ခု ဖြေဆိုဖို့အတွက် ကျောင်းစာအုပ်တွေ လိုင်ဘရီက ငှားဖတ်ဖို့၊ BCနဲ့အိမ် ခေါက်တုန့်ခေါက်ပြန် ကူးနေလေတော့ ပိတ်ရက်ဆိုရင် သူ့အနားက တစ်ဖ၀ါးမှမခွာ ရှိနေမိပါတယ်။
အစားပုတ်တဲ့ သားပြည့်တစ်ယောက် ကျောင်းပိတ်ရက်ရှည်ကြီးမှာ စိတ်တိုင်းကျ သူစားချင်တာများ ကို ရှာဖွေ၊ မှာကြား စားပါတယ်။ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေဆိုရင် တစ်ရက်ရက်တော့ မိသားစုတွေ တစ်ခုခု အပျော်လုပ်စားဖြစ်ကြပါတယ်။
အမှန်တော့ မြသွေးနီကိုယ်တိုင်က အဲ့ဒီ ဟမ်ဘာဂါလို ဘိုစာတွေကို မဖြစ်မနေ ကြုံကြိုက်လို့ သူများကျွေးရင် စားဖြစ်တာကလွဲလို့၊ ကိုယ်တိုင် တစ်ခါမှ ၀ယ်စားကြည့်ဖို့ စိတ်ကူးဖူးခဲ့တာ မဟုတ်။   ပြန်ပြီး စဉ်းစားကြည့်ရင် ဟမ်ဘာဂါနောက်ဆုံး စားဖြစ်ခဲ့တာ အခုဆိုရင် ဆယ်နှစ်တောင်   ကျော်နေခဲ့ပြီလားမသိ။ ကိုယ်တိုင်က အဲ့တာမျိုးတွေထက် လမ်းဘေးက မုန့်ဟင်းခါးပူပူလောလော၊ လက်သုတ်စုံ ဆိုတာမျိုးတွေ မက်မက်စက်စက် ကြိုက်တာမို့ ဒီတစ်ခေါက် လုပ်စားမယ့်မုန့်က ကျွန်မနဲ့ အတော့်ကို အလှမ်းကွာဝေးတယ်လို့ ပြောမယ်ဆိုပြောလို့ရပါတယ်။
သားပြည့်ကိုယ်တိုင်က ကျွန်မလိုပဲ အစားကြီးသူ။ သူက သွားရည်စာမုန့်တွေထက် အဲ့ဒီလို အရသာရှိတဲ့ ဗိုက်ပြည့်တဲ့ အစာအစားမျိုးကို အားပါးတရ အ၀အပြဲစားချင်တာ။ ဒီတော့ ဆိုင်မှာ သွားစားတာထက် အခုလို အိမ်မှာ လုပ်စားတော့ ငွေကုန်ကြေးကျဖြစ်တဲ့အပြင်၊ ဘာပဲဖြစ်ဖြစ် အခုလို ပိတ်ရက်မှာ တစ်ခါမှ မလုပ်ဖူးတဲ့ အစားအစာကို စမ်းသပ်လုပ်ကြည့်လို့ အဆင်ပြေရင်၊ နောက်ပိုင်း မိသားစုအတွက် လုပ်စားစရာ အစားအစာတစ်မျိုး တိုးလာတာလဲ အမြတ်ပဲပေါ့လို့ ကျွန်မတွေးမိပါတယ်။
ဒီနေ့က သောကြာနေ့၊ အချိန်က ညဆယ်နာရီသာသာ ရှိနေပါပြီ။ သားပြည့်က ထုံးစံအတိုင်း မအိပ်ခင် ကျွန်မတို့ရဲ့ အိပ်ရာထဲမှာ သူ့အဖေနဲ့လုံးထွေး၊ စကားတွတ်ထိုးလို့။ မြသွေးနီကတော့ ဘုရားခန်းထဲက ကွန်ပြူတာခုံမှာ မဂ္ဂဇင်းတစ်ခုအတွက် အက်ဆေးတစ်ပုဒ်ကို မုဒ်သွင်းလို့   ရေးနေတယ်။ တအောင့်နေတော့ ဘုရားခန်းအ၀က အရိပ်မြင်လိုက်ရလို့ ကျွန်မ လန့်ဖျတ်သွား တယ်။ ကြည့်လိုက်တော့ သားအဖနှစ်ယောက်။ လိုက်ကာစအသာမလို့ တစ်ယောက်ခါး တစ်ယောက်ဖက်၊ ပြုံးစေ့စေ့ မျက်နှာပေးနဲ့ ကျွန်မအနား ချွတ်နင်းလို့ ရောက်လာတယ်။ သွားပြီ။ ကျွန်မ သိလိုက်တယ်။ ဒီည ဒီအက်ဆေး အဆုံးသတ်လို့ ရတော့မှာ မဟုတ်ဖူးဆိုတာကို။
“ မိန်းမရေ… ကိုယ်တို့ သားအဖ ဗိုက်အရမ်းဆာလာလို့ ဟမ်ဘာဂါကို မနက်အထိ မစောင့်နိုင်တော့ဘူးကွာ၊ ဒီည လုပ်စားရအောင်.. နော်..”
ဒါက အဖေလုပ်သူရဲ့ တောင်းပန်တိုးလျိုးသံ..။
“ဟုတ်တယ် မေမေရာ၊ သားတို့လဲ ၀ိုင်းကူမယ်၊ ဖေဖေကလဲ ကော်ဖီဖျော်ပေးမယ်တဲ့ ”
ဒါက အစားပုတ်သားပြည့်ရဲ့ ဆာလောင်မွတ်သိပ်နေတဲ့အသံ။
“ အထဲမှာ ညှပ်ဖို့အသားက မနက်ဈေးကျမှ ၀ယ်ရမှာလေ ..၊ ဘာဂါက အသားမပါရင် စားမကောင်း ဘူးနော်”
 ဒါက စာဆက်ရေးချင်နေတဲ့ မြသွေးနီရဲ့ မြန်မြန်ဆန်ဆန် ဆင်ခြေ။
 “ မေမေ.. သားအတွက် အရေးပေါ်စားဖို့ ၀ယ်ထားတဲ့ ကြက်ပြားရှိတယ်လေ၊ အဲ့တာကို   ကြော်ထည်ြ့ပီး စားမယ်လေ မေမေရာ..”
တညီတညာလေသံတွေက သူတို့သားအဖ အိပ်ရာထဲမှာ သေချာတိုင်ပင်ပြီးမှ  ထွက်လာတယ် ဆိုတာ သေချာနေတော့ ပွဲက သိမ်းလေပြီ။   မြသွေးနီရဲ့ လက်ချောင်းလေးတွေက ကွန်ပျူတာက Ctrl ခလုတ်နဲ့ S ခလုပ်ကို   နှိပ်လိုက်မိလျက် သားဖြစ်သွားတယ်။ မြသွေးနီကို အဖေနဲ့သား   နှစ်ဘက်ပိတ်ညှပ် ဆွဲမလို့ မီးဖိုချောင်ဆီ   ခေါ်လာချိန်မှာတော့ မီးဖိုချောင်က နာရီက  ည၁၁နာရီ ထိုးဖို့ ၁၅မိနစ်တိတိကို ပြနေပြီ။
 မီးဖိုချောင်နံရံပေါ်က အိမ်မြှောင်လေးက စုတ်ထိုးလိုက်တယ်။
 “ ကျွတ်… ကျွတ်..ကျွတ်..”
သြော်… ဒီ..အိမ်မြှောင်နှယ်.. ငါ့ကို  သရော်များနေလေသလား…။
သတိပေးကြေညာချက်။
ဤသို့ အချိုးမကျ တစ်ခါဘူးမျှ လုပ်မစားဖူးတဲ့ အနှီဟမ်ဘာဂါကို လုံးဝမှ လုပ်မစားပါလို့ ဆုံးဖြတ်နိုင်ပါမှ စာရှုသူများ အောက်မှ စာများကို ဆက်လက် ဖတ်ကြပါရန်… :)
ကဲ.. ဟမ်ဘာဂါအော်ပရေးရှင်းကြီး စလိုက်ကြရအောင်နော်။
ရေခဲစေတဲ့ သေတ္တာထဲက၊ ကြောင်အိမ်ထဲက ရှိသမျှ ဆွဲထုတ်လိုက်တယ်။ ခရမ်းချဉ်သီး၊ ဆလတ်ရွက်၊ ကြက်သွန်နီ၊ သခွားသီး၊ ရှိတာအကုန်ထွက်။
ဝယ်လာတဲ့ မရောနိ(စ)နဲ့ ချီလီဆော့။
ပေါင်မုန့်။ ဒီပေါင်မုန့်က အခရာ။ သူမပါ ဘာဂါမဖြစ်။
ကြက်ပြားကို ဆီလေးနဲ့ထည့်ကြော်လိုက်တယ်…
ရေဆေးထားတဲ့ ခရမ်းချဉ်သီးနဲ့ အခွံခွာပြီးသား ကြက်သွန်နီကို ပါးပါးလှီးလိုက်တယ်။ သခွားသီးကို အတွန့်လေးတွေရအောင် အခွံခွာပြီးသားကို ခက်ရင်းနဲ့ အမြှောင်းလိုက် ခြစ်ချပြီးမှ လှီးတော့ အခုလို အနားအတွန့်လေးတွေရရော…။ အကြံမပိုင်လား :)
သားပြည့်က ဆလတ်ရွက်တွေကို ရေဆေးပေးတယ်။ အခု   နောက်ပိုင်း အသီးအရွက်တွေက ကျန်းမာရေးနဲ့  ညီညွတ်အောင် ရေနိုင်နိုင်ဆေးစားမှ။
အားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့ ပေါင်မုန့်နှစ်လုံးကို ဆွဲယူပြီး အရင် ကပ်ကြည့်လိုက်တယ်။ မဟုတ်သေးပါဘူး။ နှစ်လုံးကပ်လိုက်တော့ ဘုတ်ပွကြီး ဖြစ်နေပြီ။ “ မိန်းမရယ်.. ပေါင်မုန့်တစ်လုံးကို ပိုင်းလိုက်ရမှာလေ၊ ဒီမှာ.. ကြည့်..” ဆို ဇိုးဇိုးဇတ်ဇတ် ပေါင်မုန့်အောက်ခြေနားကနေ ဓားနဲ့ပိုင်းပြလိုက်တယ်။ မဆိုးဘူးပဲ။   ပေါင်မုန့်ပိုင်းလေးတွေ ရပြီ။
အဲ့ဒီမှာ သားပြည့်က “ မေမေ… ဘာဂါက မာဂျရင်းသုတ်ရသေးတယ် မဟုတ်လား.. ” ဆို ပြောလာ လို့ မြသွေးနီလဲ နဝေတိမ်တောင်ဖြစ်ပြီး မာဂျရင်းကို မွှေနှောက်ရှာမိပါတယ်။ သေချာတယ်။ မာဂျရင်းက အိမ်မှာ နတ္တိ မရှိ။ “ အို.. ဘာဖြစ်သေးလဲ.. ထောပတ်မပါလဲ မရောနိ(စ်)နဲ့လဲ စားလို့ ရမှာပါ၊ “ခုမှတော့ ဆေးမမှီတော့ဘူး သားရေ..၊ မေမေတို့ ရမ်းတုတ်၊ ရမ်းလုပ်ကြတာပေါ၊့ အဲ့ဒီ ဟမ်ဘာဂါဆိုတာကြီး မေမေမစားဖြစ်တာ နှစ်နှစ်ဆယ် လောက်တောင် ရှိနေပြီသားရေ၊ မေမေ လုပ်တဲ့ဟာက ဟမ်ဘာဂါတောင် မမည်ဘူး ထင်ပါရဲ့” လို့ပြောတော့ “ ဒါဆို ဒီညစားရမှာ မေမေ့ရဲ့ ဟမ်ဘာမဂါ့တဂါပေါ့ ” တဲ့။ သားပြည့် နာမည်ပေးကောင်းပုံက။
ကဲ.. သုတ်လေရော့ မရောနိ(စ်)။
ပေါင်မုန့်ပေါ် ကြက်ပြားကြော်တင်ပြီး၊ ငရုပ်သီးဆော့လေးဖြန်းလိုက်တယ်။
အဲ့ဒီအပေါ်ကနေ သားပြည့်ရေဆေးပေးထားတဲ့ ဆလတ်ရွက်ကို တင်လိုက်ပါတယ်။ (သူ့ခမျာ ဒါတစ်ခု ကူပေးထားတာ။ အဲ.. ဓာတ်ပုံလဲ လက်စွမ်းပြထားပေးပါသေးတယ်.. :)
 အဲ့ဒီအပေါ်က ခရမ်းချဉ်သီးအကွင်းလိုက်နဲ့ သခွားသီးအကွင်းလိုက်ကို တင်လိုက်ပြီး၊ ငရုပ်သီးဆော့ ထပ်ဖြန်း လိုက်တယ်။ လုပ်ချင်သလို လုပ်နေတာ…  :) ။ အဲ့ဒီအပေါ်ကနေ မရောနိ(စ)သုတ်ထားတဲ့ ကျန်ပေါင်မုန့်တစ်ခြမ်းကို အုပ်လိုက်ပါတယ်။
ဝါးးးးးးး အရသာဘယ်လို နေတယ်မသိ။  ဟမ်ဘာဂါနဲ့ တူသလိုလိုတော့  ရှိသွားပြီ။
သားအမိသားအဖ သုံးယောက်၊ ဘာဂါတစ်လုံးစီနဲ့ စကားမေးတောင်မရ.. :)
မယုံမရှိနဲ့.. သားပြည့်က ဒါမျိုး၂လုံးတောင် စားတာ.. :)
သားပြည့်က “ဂျမ်ဘိုဘာဂါလုပ်ပေး မေမေ ” ဆိုတာနဲ့ အဆာပလာတွေကို   နှစ်ပြန်ထည့်လုပ်ပေး လိုက်တယ်။ မှတ်ကရော…။
စားလက်စာ ဘာဂါ
The last bite.
အဘိုးလည်း အသံဗလံတွေကြောင့် တစ်ရေးနိုး  မြေးနဲ့အတူ ဘာဂါ ထပြီး စားနေရပြီ။
ည ၁၁နာရီ ကျော်နေပြီ။ အိမ်တစ်အိမ်ထဲမှာတော့ ညအချိန်မတော် လူလေးယောက်ဟာ ဟမ်ဘာဂါ တစ်လုံးစီနဲ့ အားပါးတရ ဇိမ်ကျနေကြတယ်ဆိုရင်ဖြင့် ယုံနိုင်ပါ့မလား..။
သြော်.. သောကြာညမှာ ရမ်းသမ်းလုပ်စားခဲ့တဲ့ မြသွေးနီရဲ့ ဟမ်ဘာမဂါ့တဂါ….။
မိသားစုနဲ့ အတူတကွ မှတ်မှတ်ရရ ကိစ္စများကို အမှတ်တရအနေနဲ့ ရေးဖြစ်ခဲ့ပါတယ်။
ရေးဖြစ်ခဲ့တဲ့ အလားတူပို့စ်များကို အားပေးချင်ရင်ဖြင့်-
စားကြမယ်ဟေ့ထမင်းပေါင်း
မြသွေးနီနှင့် မိသားစုငါးထမင်းစိမ့်
နင်လားဟဲ့ ဆူရှီ.. ငါလားဟဲ့ မြသွေးနီ
ရေခဲကမ္ဘာသို့ မမြင်ဖူး မူးမြစ်တို့ရဲ့ တစ်သောင်းသုံးထောင်
နိဗ္ဗာန်ပွဲဈေးသည်ကျွန်မနဲ့ ကာတွန်းည
ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကျကြပါစေ။
Share
This entry was posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ. Bookmark the permalink.
19 Responses to မြသွေးနီ၊ သောကြာညနှင့် ဟမ်ဘာမဂါ့တဂါ
  1. May Zin says:
    Really love to read abt ur family!
    Happy family ever :)
  2. ပန်းအိ says:
    အမမြသွေး .. လုပ်ကျွေး…ဟိဟိ
    အမရေ ပို့စ်လေးကလည်းကောင်း…မဂါ့တဂါလေးကလည်း ဟင်းးးးးးး…ယမ်း..ယမ်း..ယမ်း
    တွဲလက်ညီတဲ့ မိသားစုဘ၀လေး ချမ်းမြေ့စရာလေးပါ အမမြသွေး :)
  3. ဖတ်လို့ကောင်းလိုက်တာ မ ရေ…
    ဘာဂါ ကလည်း လှ …
    ပျော်စရာ ညလေး တစ် ည :))
  4. mayzon says:
    ဂလု…ရှလွတ်…..ရှလပ်……ပြက်ပြက်ပြက်…..
    (၀င်နှိုက်ခြင်း)……….
    အဟဲ.
  5. သက်ဆုံးတိုင် says:
    သားအဖနှစ်ယောက် ဆရာမ မြသွေးနီကို အသားပြားလိုဘဲ ပေါင်မုန့်နှစ်ခုက ညှပ်လိုက်တာပေါ့။
    ဟားဟား အိမ်မြှောင်စုတ်ထိုး စီးပွါးတိုးပေါ့ ဆရာမရဲ့။
    သခွါးသီးလုပ်ပုံ အိုင်ဒီယာမိုက်တယ်။ အရမ်းလှတယ်။
    သားလေးက အများကြီးကူညီပေးတယ်နော်။ သားလိမ္မာလေး။
    ခင်မင်စွာဖြင့်
    သက်ဆုံးတိုင်
  6. ကူးကူးလှိုင် says:
    အစ်မတို့ မိသားစုအမှတ်တရလေးတွေ ဖတ်ရတာ စိတ်ချမ်းသာတယ်…
  7. ပျော်စရာမိသားစုကလေး..ဟမ်ဘာမဂါတဂါဆိုပေမယ့် မိသားတစ်စုရဲ့ ချစ်ခင်စည်းလုံးမှုကြောင့်မုန့်ကလေးကပိုပြီးမရသာရှိသွားတပေါ့ အစ်မရယ်
  8. ပစ်ပစ် says:
    လုပ်နည်းကိုသေချာ မှတ်သွားတယ် မကြီးမြသွေးရေ
    ပစ်ပစ်အလှည့်ကျ၇င်လည်း
    အဲလိုလက်စွမ်းပြလို့ရအောင်
    ကြို မှတ်ထားတာ…ဟီးးးးးးးးးးး
  9. Ham Burger လာစားတယ် မြသွေးရေ…
    သောကြာနေ့ညတွေမှာ ဘာလုပ်လုပ် ပျော်တယ်… Friday night is always young… လေ…
    မနက်ဖြန်ည ဘာလုပ်စားမလဲ စောင့်နေမယ်နော်….း-)
  10. မောင်မျိုး says:
    ဒီပို့စ်ဖတ်ပြီး မှန်တာဝန်ခံရရင် အဲ့လို မိသားစုလေး ရှိချင်တယ် :)
  11. ရွှေအိမ်စည် says:
    အခုမှ ဘာဂါဆီကို ရောက်တာ နာတာပဲကွာ
    ကုန်ပြီလားတောင် မသိဘူး
    ဖတ်ရတာ ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ရွှင်လာတယ်..။
    မမ မိသားစုလေးက ပျော်စရာလေးရယ်…။
    ချစ်ခင်ကြည်နူးမှုလေးတွေ ပြည့်နေတယ်… :)
  12. ဒီပို့(စ်)လေးဖတ်ပြီး
    အစ်မမြသွေးနီနဲ့ ရဲ့ မိသားစုလေးက အေးအတူပူအမျှနဲ့
    ပျော်ရွှင်စရာမိသားစုလေးပဲ။
    ခောတ်နဲ့အမှီ ပွင့်လင်းပြီး နားလည်ပေးနိုင်တဲ့ အမေနဲ့အဖေ ရှိတာ
    သားပြည့် အတွက် ကံကောင်းဆုံးပဲ သိလား
  13. စားချင်စရာ ဟမ်ဘာဂါပဲရယ်…
    အရင် သူများနိုင်ငံမှာ အလုပ်လုပ်တုန်းက ညပိုင်းပြန်လာချိန်တစ်ခါတစ်လေဆို ထမင်းမစားချင်တဲ့အခါ အဲ့သဟာမျိုး တစ်လုံးဝယ်စား(တစ်ကျပ်ခွဲပေးရတယ်) ပြီး ရေသောက်အိပ်ပလိုက်မိတာ…
    ခုတော့ အစ်မလိုပဲ မစားဖြစ်တာ တော်တော်ကြာပြီရယ်…
    ပြီးတော့ ကျွန်တော်က အဲ့သလိုအစားအစာတွေထက် မုန့်ဟင်းခါးတို့၊ တို့ဟူးသုပ်တို့လို အစားမျိုးတွေကို ပိုကြိုက်တာ… :P
    ခင်မင်ခြင်းအားဖြင့်…
    ဏီလင်းညို
  14. ဗိုက်ထဲက တဂွီဂွီမြည်ကုန်ပြီ မမရေ … ပိုစ့်လေးဖတ်ရင်း မမတို့မိသားစုအပျော်လေး ကူးစက်သွားတယ် … နက်ဖြန်ကျ ဟမ်ဘာဂါလုပ်မစားဖြစ်ရင်တောင် ၀ယ်စားဖြစ်အောင်စားရမယ် … သွားရေကျသွးပြီ … :P
  15. စန်းထွန်း says:
    အမေရိကန်အစားအစာထဲမှာ ဟမ်ဘာဂါနဲ့  ဟော့ဒေါ့ပဲ စားလို့ ရတယ်..မိသားစုတွေ တပျော်တပါး စားကြတာ ပျော်စရာကြီး..
  16. တိမ်လွှာ says:
    သွေးး
    သခွားသီးလုပိထားတဲ့ပုံလေးကြိုက်ပ
    အိမ်ကသားသားလဲကြိုက်တယ်..ဘာဂါကို
    ဒါမဲ့မလုပ်ကျွေးဖြစ်ပါဘူး
    သမီးလဲသေချာမလုပ်တတ်ဘူးး….:)
    မကောင်းရင်လဲဂျီးကျအုံးမယ်လေ
  17. တိမ်လွှာ says:
    သွေးး
    သခွားသီးလုပိထားတဲ့ပုံလေးကြိုက်ပ
    အိမ်ကသားသားလဲကြိုက်တယ်..ဘာဂါကို
    ဒါမဲ့မလုပ်ကျွေးဖြစ်ပါဘူး
    သမီးလဲသေချာမလုပ်တတ်ဘူးး….:)
    မကောင်းရင်လဲဂျီကျအုံးမယ်လေ….:P
  18. တိမ်လွှာ says:
    သွေးး
    သခွားသီးပုံလေးကြိုက်ပ..
    သားသားလဲကြိုက်တယ်…ဘာဂါ
    ဒါမဲ့သမီးလဲသေချာလုပ်တတ်လို့
  19. mupaing says:
    ထပ်တူခံစားပျော်မိပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>