လင်းလက်နေသည့် အို…၀ိဥာဉ်

Number of View: 4032

               စာရေးသူတစ်ယောက်ဖြစ်သော်လည်း ဆရာနှင်ကျွန်မ ဆုံဆည်းမှုက စာပေကိစ္စရပ်များမှ စတည်ခဲ့ခြင်းမဟုတ်။ ဆရာ့၏အမေရိကန်စကားပြောသင်တန်းတွင် တပည့်မတစ်ဦးအနေဖြင့် စတင်သိခွင့်ရခဲ့ခြင်းဖြစ်သည်။ ဆရာနှင့်ပတ်သက်သည့် အမှတ်တရများစွာက ကျွန်မရင်မှာအမြဲပင် လတ်ဆတ်လို့နေ၏။

                          ၁၉၈၉ ခုနှစ်၊ တနင်္ဂနွေတစ်ရက်၏မနက်ခင်း ။

          တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူဘ၀ (၁၉)နှစ် သမီးအရွယ်။ ဦးလေးဖြစ်သူ ဦးဆွေညို၏ ခေါ်ဆောင်လာမှုနှင့်အတူ အင်္ဂလိပ်စကားပြော သင်ယူရန်အတွက် ကျွန်မ သင်တန်းကျောင်းတစ်ခုသို့ရောက်ခဲ့သည်။ တိတ်ဆိတ်နေသည့် လမ်းသွယ်လေး၏ ဘေးလှေကားမှ စတက်လာကတည်းက အခြားသင်တန်းကျောင်းများနှင့်မတူ တစ်မူထူးခြားနေသည်ကို ကျွန်မ သတိထားမိလိုက်သည်။ လှေကားတလျှောက်နှင့် ၀ရန်တာတွင် စိမ်းစိမ်းစိုစို နွယ်ပင်များ၊ စိုက်ပျိုးထားသည့် သစ်ပင်ငယ် အချို့ကို တွေ့ရ၏။

  မီးဖိုချောင်၊ ထမင်းစားခန်းကို ဖြတ်ကျော်ပြီး စာသင်ခန်းထဲ ရောက်ချိန်တွင်   တွေ့လိုက်ရသည့် မြင်ကွင်းက ထူးခြားသည်ထက် ကျွန်မအတွက် အဆန်းတကြယ် ဖြစ်နေခဲ့သည်။ အသားလတ်လတ်၊ အသက်ငါးဆယ်ဝန်းကျင်၊ ပိရိတိကျသည့် နှုတ်ခမ်းအစုံမှ နှစ်လိုဖွယ်ရာ အပြုံးဖြင့် စားပွဲဆီမှ ဆီးကြိုနေသည့် မျက်နှာ။ အဲ့သည်တစ်ခဏတွင်းမှာ ဆရာ့ကို ကျွန်မစိတ်က လေးစားခင်မင် ရင်းနှီးသွားရသည်မှာ အံ့သြစရာ။ ကျွန်မတို့ ရောက်လာသဖြင့် ဆရာ့နဘေးနားတွင် ရှိနေကြသည့် ကျောင်းသူ၊ ကျောင်းသားအချို့ အသာဖယ်ခွာပေးကြသည်။ ဦးလေးမှ ကျွန်မကို အင်္ဂလိပ်စကားပြောသင်ရန် ဆရာ့ထံအပ်နှံပေးပြီး ပြန်သွားခဲ့သည်။ လူကြောက်တတ်သော ကျွန်မအကြောင်းကို ဦးလေးကပြောပြ၍ ဆရာက မကြောက်ဖို့နှင့် သင်တန်းအကြောင်း ပြောပြသည်။

          ထိုအချိန်ကာလက ကျောင်းပြင်ပသင်တန်းဆိုလျှင် အင်္ဂလိပ်စကားပြောသင်တန်း၊ LCCI မျှလောက်သာ   ပေါ်သေးသည်။  ကွန်ပြူတာသင်တန်းပင်လျှင် မထွန်းကားသေးချေ။ အင်္ဂလိပ်စာကို ကျွန်မ အလွန်စိတ်ဝင်စား သော်ငြား လေ့လာအားထုတ်မှု အင်မတန်မှ နည်းခဲ့သည်။ ထိုစဉ်အချိန်က အင်္ဂလိပ်စာကို ငါးတန်းတွင်မှ စတင်သင်ယူခွင့်ရသည့် ပညာရေးစံနစ်၏   နောက်ဆုံးနှစ် လက်ကျန်လေးတွင်  ကျွန်မ ဒယဥ့်တိုက် လိုက်ပါနေချိန်ဖြစ်၏။ အထက်တန်းကျောင်းသူဘ၀ ဘာသာရပ်များထဲတွင် သင်ယူရအပျော်ဆုံး ဘာသာက အင်္ဂလိပ်စာဖြစ်သော်လဲ ကျွန်မ၏ အင်္ဂလိပ်စာတတ်ကျွမ်းမှုက မီးကျိုးမောင်းပျက်သာသာ။ အင်္ဂလိပ်စာလုံး အသံထွက်များကို စိတ်ဝင်စားသည်။ အင်္ဂလိပ်ဘာသာဖြင့် သတင်းကြေငြာသည် ကို အားကျသည်။ ထို့ကြောင့် အင်္ဂလိပ်လို ပြောတတ်ချင်သည်။ အဖေရော၊ အမေပါ အင်္ဂလိပ်စကားကို ကျွမ်းကျင်ပိုင်နိုင်စွာ ပြောတတ်ရေးတတ်သော်လည်း ကျွန်မမှာမူ အဖေအမေတို့နှင့်   ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ကာ အင်္ဂလိပ်လို ပြောမည်ဆို လျှင် ရှက်ရွံ့တုန့်နေပြီး   ခွေးအကြီးလှည်းနင်းသလို အ..ထစ်၊ အ..ထစ်ဖြင့်။ အင်္ဂလိပ်စာ စကားပြော သင်တန်းများ တက်ခဲ့သော်လဲ ကိုယ်တိုင်ကိုယ်ကျ မပြောသဖြင့် ငွေကုန်၊ အချိန်ကုန်၊ လူပမ်းဖြစ်နေချိန် ဖြစ်သည်။

          အဲ့သည်မှာ ပြင်ပသင်တန်းများ တက်ခဲ့ဖူးသည့် ကျွန်မအတွက် လုံးဝခြားနားသည့် ဆရာ့၏ စာသင်ခန်းပုံစံ၊ သင်ကြားမှုအခြေအနေတို့က ကျွန်မအတွက် အထူးအဆန်းဖြစ်ခဲ့ရသည်။ သင်တန်းကြေး ကျပ်သုံးရာတစ်ကြိမ် ပေးသွင်းပြီး လျှင် ကာလအကန့်အသတ်မရှိ သင်တန်းကို တက်၍ရသည်။ သင်တန်းချိန်ကို မနက်ကိုးနာရီခန့်လောက်မှစ၍ ညနေငါးနာရီ မျှလောက်အထိအတွင်း နှစ်သက်ရာအဆင်ပြေရာအချိန် လာရောက် တက်နိုင်သည်။   ပြန်လိုသည့်အချိန်တွင် အသာ နှုတ်ဆက်၍ ထပြန်နိုင်သည်။ အချိန်နှင့်တက်၊ အချိန်နှင့်ဆင်းသည့် သင်တန်းကျောင်းများနှင့် ကွာခြားလှသည်။

      သင်တန်းသည် အမေရိကန်အင်္ဂလိပ်စကားပြော သင်တန်း ဖြစ်သဖြင့် လေယူလေသိမ်း မှန်ကန်စွာနှင့် ရဲရဲဝံ့ဝံ့ လွတ်လပ်ပေါ့ပါးစွာ ပြောရဲရေးကို အဓိကထားသည်။ သင်တန်းတွင် သင်တန်းသားတိုင်း အင်္ဂလိပ် နာမည် ကိုယ်စီရှိသည်။ ဆရာ ကျွန်မကို ပေးသည့်နာမည်က ရိုလန်ဒါ (Yolanda)။  သင်တန်းချိန် တစ်ပတ်ပြည့်လျှင် သင်တန်းတွင် အင်္ဂလိပ်လိုသာ   ပြောရမည်။   မြန်မာလိုပြောလျှင် တစ်ခွန်းပြောတိုင်း သတ်မှတ်ထားသည့် ဒဏ်ကြေးကို စားပွဲပေါ်မှ စုဗူးကြီးထဲ ထည့်ရမည် ဖြစ်သည်။ ထိုစုဗူးကြီးတွင် ဒဏ်ကြေးတွေ မထည့်ချင်သည့် နှုတ်ဆိတ်နေခဲ့သည့် ကျွန်မအား စီနီယာအစ်ကိုအစ်မများက စကားပြောလာစေရန် ၀ိုင်းဝန်းဖေးမခဲ့ကြရသည်။

          သင်တန်းသားတွေကလည်း အလွှာစုံလှသည်။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသား များ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ အရာထမ်းများ၊ ရဟန်းသံဃာများမှအစ အနုပညာသည်များအထိ ပါရှိ၏။ သင်တန်းမှာ အဆင့်တွေ မခွဲခြားထားပေ။

           ဆရာ့သင်တန်းကျောင်းသည် အခြားသင်တန်းကျောင်းများကဲ့သို့ ခုန်တန်းလျားရှည်များဖြင့် ခုံနံပတ်အလိုက်၊ အတန်းလိုက် စီတန်း၍ထိုင်ရသည့် သမရိုးကျစာသင်ခန်းမျိုးမဟုတ်။ စားပွဲများတွင် ၀ိုင်းပတ်ထိုင်ကာ အပြန်အလှန် အလွတ်တန်း စကားဝိုင်း ပြောရသည်။ ပန်းချစ်တတ်သည့်ဆရာက စားပွဲတိုင်း၏အလည်တွင် ရာသီအလိုက်ပန်းများသာမက၊ ရံဖန်ရံခါ တောင်ကြီးမှ မြေပြန့်သို့ တကူးတကန့် အလည်ရောက်လာသည့် ချယ်ရီပန်းများ၊ တစ်ခါတစ်ရံ မီးဖိုချောင်သုံး မုန်လာဖူး၊ မုန်ညှင်းရွက်များဖြင့် ပန်းအိုးများကို ဝေဆာနေအောင် ကိုယ်တိုင်ကိုယ်ကျ ထိုးထားတတ်သည်။ ကျွန်မအတွက်ကတော့ နေ့စဉ်ကျောင်းလာလျှင် ဘာပန်းတွေနှင့်များ ဆရာပန်းအိုး ထိုးထားမည်လဲကို ရင်ခုန်စိတ်လှုပ်ရှားမြဲဖြစ်ခဲ့သည်။

          ဆရာ့စာသင်ခန်းသည် ကျောင်းသားများဖြင့် အမြဲ ပြည့်နေ၏။ ဆရာ့စားပွဲနဘေးတွင် ဆရာနှင့် တရင်းတနှီး စကားပြောဆိုနေသော ကျောင်းသားများ မပြတ်ရှိသည်။ တစ်နေကုန် မနက်မှ ညနေအထိတိုင် ထမင်းဗူးဖြင့် တက်ကြသော ကျောင်းသားများလည်း ရှိ၏။ ဆရာ့ကျောင်းတွင် လူငယ်များအတွက် သင်ကြားမှုကို ခေတ်မှီသောနိုင်ငံတကာ ပုံစံဖြင့် ထားရှိသည်။ ဆရာ့ကျောင်းလာတက်ရသည်ကို ကျွန်မတို့ ဘယ်တော့မျှ မငြီးငွေ့၊ အလွန်ပျော်ကြသည်။ အင်္ဂလိပ်ဘာသာ စကားကို ကြက်တူရွေးနှုတ်တိုက်ချ သင်ကြားနေကြချိန်တွင်၊ ဆရာက ကျောင်းသူကျောင်းသားအချင်းချင်း အပြန်အလှန် ရင်းနှီးခင်တွယ်မှုမှတဆင့်၊ ရဲရဲဝံ့ဝံ့ မရှက်မကြောက် အပြန်အလှန် စကားပြောစေနိုင်သည့်အလေ့ကို အထူးအလေး ပေးသင်ကြားသည်ကို နောင်တွင် ကျွန်မသိလာရသည်။ အဲ့သည် အချိန်ကာလကတည်းက ဆရာက ယခုပြောပြောနေကြ သည့် ကျောင်းသားကို ဗဟိုပြုသည့် သင်ကြားရေးစံနစ်ကို စနေခဲ့ပြီးဖြစ်သည်။

          အင်္ဂလိပ်ဘာသာစကားသင်ပြသော ဆရာသည် တပည့်များကို အမျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်ရှိစေရန် အမြဲမပြတ် နှလုံးသွင်းစေသည်။ ကမ္ဘာ့နိုင်ငံများနှင့် အဆက်အသွယ်   ဖြတ်ထားခြင်းခံရသော အချိန်ကာလအတွင်းမှာပင်လျှင် တပည့်များ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာရပ်များနှင့် မျက်ခြေမပြတ်စေရန် နိုင်ငံရပ်ခြား မဂ္ဂဇင်းများ၊ ဂျာနယ်များ ဖြစ်သည့် Asia Week, News Week, Reader Digest, Timeစသည်တို့မှ ကမ္ဘာ့သတင်းများကို သင်ခန်းစာတွင် ဗဟုသုတအနေဖြင့် ထည့်သွင်းသင်ကြားရင်း သိနားလည်စေခဲ့သည်။ အင်္ဂလိပ်ဘမ်းစကားများ၊ ထူးခြားအသုံးအနှုန်းများ၊ အင်္ဂလိပ်သီချင်းများ၊ ဂိမ်းများဖြင့် မညည်းငွေ့ရအောင် သင်ပေးပါသည်။ အခါအားလျော်စွာ တပည့်များ ဒေသန္တရဗဟုသုတ ရစေရန်အလို့ငှာ ခရီးတို၊ ခရီးရှည်များကို ကိုယ်တိုင်ကိုယ်ကျ လိုက်ပို့ပေးသေးသည်။

          ဆရာ့၏ စာသင်ခန်းရောက်ပြီးလျှင် တစ်ခါတစ်ရံ အိမ်ပြန်ရန် မေ့နေတတ်ပြီး ကျောင်းမှာပင် တစ်နေကုန်သွား တတ်ပါသည်။ အခြားကျောင်းများကဲ့သို့ သင်တန်းဆင်းလက်မှတ် ဆရာ့ကျောင်းမှာ မပေးပါ။ ကျောင်းပျော်အောင် အဓိက ထားပြီးမှ အင်္ဂလိပ်စာကို   ပျော်ရွှင်လွတ်လပ်စွာ ကိုယ်တိုင်ကိုယ်ကျ သင်ယူလိုစိတ် ဖြစ်ပေါ်လာအောင်၊ အင်္ဂလိပ်စာကို မကြောက်ရွံ့အောင်၊ ဆရာကို ရဲရဲဝံ့ဝံ့တိုင်ပင် ဆွေးနွေးရဲအောင် လေ့ကျင့် ပေးသည့်ကျောင်းမှာ ထိုအချိန်က ဆရာ့၏ ကျောင်းတစ်ကျောင်းပင် ရှိမည်ထင်ပါသည်။

          ဆရာသည် ဆရာပီသ၏။ ခေတ်မှီ၏။ တပည့်လူငယ်များ၏ ခံစားချက်ကို နားလည် တန်ဘိုးထား၏။ သို့ဖြစ်၍ ဆရာ့ကို ဆရာလိုတစ်မျိုး၊ မိဘလိုတစ်ဖုံ တပည့်များက လေးစားကြသည်။ ချစ်ခင်တွယ်တာကြသည်။ ဆရာ့ကို ရင်းနှီးစွာ ရင်ဖွင့်တိုင်ပင်၍ အကြံဥာဏ်များတောင်းကြသည်။ ဆရာပြောပြသည်ကို အလေးထားနာယူကြ၏။ ဆရာသည် ကျွန်မတို့ အတွက် မိဘနှင့်တဂိုဏ်းတည်း ထားရသည့် ပုဂ္ဂိုလ်တစ်ဦးပင် ဖြစ်လာရသည်။ ထိုအချိန်ကာလက စာပေကင်ပေတိုင်ရုံးမှ ဆင်ဆာများ တင်းကြပ်လွန်းချိန်ဖြစ်သဖြင့် ဆရာသည် စာရေးခြင်းအမှုထက်၊ စာသင်ခြင်းမှာပင် တပည့်များဖြင့် ပျော်မွေ့နေခဲ့ သည်။

          တပည့်များအပေါ်၊ အထူးသဖြင့် လူငယ်များအပေါ်တွင် နားလည်ပေးနိုင်လွန်းသူ၊ လူငယ်များ၏ ရင်ဘတ်ကို ထိုးထွင်းမြင်နိုင်သူတစ်ဦးပင်။ ဆရာကောင်းဖြစ်သကဲသို့ မိဘလို၊ သူငယ်ချင်းလို၊ မိတ်ဆွေလို၊ ညီအစ်ကိုမောင်နှမလို ပုံသဏ္ဍန်အမျိုးမျိုးဖြင့် တပည့်များအတွက် စေတနာ၊ ၀ါသနာ၊ အနစ်နာ၊ အကြင်နာ ဟူသည့် နာ(၄)နာနှင့် ပြည့်ဝသည့်သူဟု ဆိုလျှင် မမှားချေ။ တပည့်များမှ ဆရာ့ထံ ရင်ဖွင့်ကြသည်။ တိုင်ပင်ကြသည်။ ဆွေးနွေးကြသည်။ တိုင်တည်ကြသည်။ ဆရာ့အနားတွင် အမြဲတစေ တပည့်များဖြင့် ၀ိုင်းရံနေခဲ့၏။ တပည့်များအား ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်ရန် အင်္ဂလိပ်စာ ထူးချွန်ထက်မြက်သူတွေ ဖြစ်စေချင်သော်လည်း နိုင်ငံခြားသားများအား အားမကျရန်၊ မျိုးချစ်စိတ်ရှိရန်၊ စိတ်ဓာတ်ခွန်အားများ ပြည့်ဝရန်၊မည်သည့်အရာမဆို လွယ်လွယ်နှင့် ဇွဲမလျှော့ရန်နှင့် အထူးသဖြင့် လူပီသရန်၊ လူ့တန်ဘိုးဆိုသည်မှာ ဘယ်အရာကို ခေါ်သည် ဆိုသည်ကို သိစေရန်အတွက် သူ့၏မေတ္တာရင်ငွေ့ဖြင့် တပည့်လူငယ်များကို နားလည်စေခဲ့ပါ၏။ တပည့်များအား ကျောသားရင်သား မခွဲခြားပဲ တစ်ပြေးညီ ကြင်နာစွာ ဆက်ဆံသဖြင့် တပည့်များအားလုံးက ဆရာလိုတစ်ဖုံ၊ ဖခင်တစ်ယောက်လိုတစ်မျိုးဖြင့်ပါ ဆရာ့ကို ချစ်ခင်တွယ်တာကြပါသည်။

          ထိုသို့သောဆရာသည် ခေတ်စံနစ်၏ ဆိုးမွေကြောင့် လက်ကိုင်ချိုင်းထောက် အကူအညီဖြင့်သာ ရပ်တည်သွားလာနိုင်သည့် မသန်မစွမ်း ဒုက္ခိတတစ်ဦးဖြစ်သည်။ ညာလက်ဖြင့်စာမရေးနိုင်တော့သည် အချိန်မှစ၍ ဘယ်လက်ဖြင့် စာရေးကျင့်ခဲ့ သည်။ သို့သော် သူ့စိတ်သည် သူ့၏ ပြင်ပအသွင်အပြင်နှင့် ဆန့်ကျင်လျှက် သံမဏိလို ခိုင်မာသည်။ ဤမျှ ယုံကြည်ချက်ကို မသွေဖီပဲ ခိုင်ကျည်သောစိတ်ရှိသည့် ဆရာသည့် နူးညံ့သော သနားကြင်နာတတ်သော နှလုံးသားရှိသူလည်း ဖြစ်ပြန်သေးသည်ကို ဆရာကိုယ်တိုင် လိုက်ပါခဲ့သော သင်တန်း၏ ခရီးစဉ်တစ်ခုတွင် ကျွန်မ ကိုယ်တွေ့ ကြုံခဲ့ရသည်။

           “လူအများ၏စရိုက်သဘာဝကို သိချင်လျှင် ခရီးအတူတူ ထွက်ကြည့်လိုက်ပါ” ဟူသော ဆိုရိုးစကား ရှိသည်။ ဆရာ့၏ တပည့်များအပေါ်ထားရှိသည့် စေတနာ၊မေတ္တာနှင့် အနစ်နာကို ကျွန်မတို့ ကျောင်းအဖွဲ့   ချောင်းသာကမ်းခြေသို့ အပျော်ခရီး ထွက်ချိန်မှာ သေသေချာချာ ကျွန်မ သိခွင့်ရလိုက်၏။ ထိုအချိန်ကာလက ချောင်းသာဆိုသည်မှာ ယခုလို ထွန်းကားတိုးတက် ရန်နေနေသာသာ၊ မည်သူမျှ အပမ်းဖြေရန် ပင်လယ်ကမ်းခြေတစ်ခုဟု မသိကြသေးသည့် အချိန်ကာလဖြစ်သည်။ ချောင်းသာမှာ တာဝန်ကျသည့် ဆရာ့၏တပည့်တစ်ယောက် စီစဉ်ပေးမှုဖြင့် ချောင်းသာသို့ ပုသိမ်၊ မောင်းဘိမှတဆင့် သွားဖြစ်ခဲ့ကြသည်။ ဆရာ့၏စကားအရ ပြောရလျှင် ထိုစဉ်က ချောင်းသာသည် “ပကတိအလှတရားများနှင့်   ချောင်းသာ” ဖြစ်ခဲ့ချိန်ဖြစ်သည်။ ကျောင်းသူကျောင်းသား အဖွဲ့ဝင်(၇၀)ခန့် နှစ်ထပ်သဘောင်္ကြီး စင်းလုံးငှားပြီး တပျော်တပါး သွားခဲ့ကြ သည်။ ကျွန်မ၏ အသက်(၁၉)နှစ်ခန့်လောက်ကဖြစ်၍ ကျွန်မတို့ သူငယ်ချင်းမများအဖွဲ့က အသက်အငယ်ဆုံးဟု တောင် ပြော၍ရသည်။ သဘောင်္ဦးပိုင်းတွင် အိပ်ခန်းအလွတ် အပိုတစ်ခန်းပါသဖြင့် ဆရာနှင့်သူ၏မိသားစုအား   ကျောင်းသားကြီးများက အိပ်ခန်းတွင် အိပ်စေသော်ငြား ဆရာက မအိပ်ပေ။ ကျောင်းသူ၊   ကျောင်းသားများနည်းတူ ကုန်းပတ်ကြမ်းခင်းပေါ်၌သာ မိသားစုနှင့်အတူ အိပ်ပြီး ကျွန်မတို့  မိန်းကလေးအငယ်များကို အိပ်ခန်းထဲမှာ လုံခြုံစွာ အိပ်စေပါသည်။ ဆရာ့၏ အခွင့်အရေး မယူတတ်သည့်စိတ်၊ တပည့်များအပေါ် ညှာတာတတ်သည့် စေတနာကို မျက်ဝါးထင်ထင် ကျွန်မတွေ့ခဲ့ရသည်။

          ထိုစဉ်အချိန်အခါက ချောင်းသာသည် မည်သည့် အပမ်းဖြေလာခရီးသွားမျှ မရှိသေးသည့်အချိန်။ ကမ်းခြေကို မျက်နှာပြုထားသည့် ဓနိမိုးအိမ်လေးများတွင် တည်းခိုရသည်။ ကျွန်မတို့ မိန်းကလေး အငယ်အုပ်စုကို ဓနိမိုးအိမ်အတွင်းမှာ အိပ်စေပြီး ဆရာနှင့်ဇနီးက ကျွန်မတို့ကို စောင့်ရှောက်ကာ တဲအိမ်လေး၏ အရှေ့ ရေကပြင်လေးတွင် ပင်လယ်လေဒဏ်ကို ကြံ့ကြံ့ခံ၍ အိပ်၏။ ကျွန်မတို့ ကျောင်းသူများမှာ အိမ်ခန်းအတွင်းမှ နေ၍ အပြင်တွင် အိပ်နေကြသည့် ဆရာတို့ မိသားစုအား သနားအားနာမဆုံး   ဖြစ်နေရသလို ဆရာ၏နွေးထွေးသည့်   မေတ္တာဖြင့် တပည့်များအား စောင့်ရှောက်မှုကို မျက်ဝါးထင်ထင်   တွေ့သိလိုက်ရပြန်ပါသည်။ ထိုမျှမကသေး ပင်လယ်ကို မမြင်ဘူးကြသည့် ရန်ကုန်မြို့သူ၊ မြို့သားများဖြစ်၍ ဆရာက ပင်လယ်ထဲ ရေဆင်းကူးချိန် အပျော်လွန်အန္တရာယ်မဖြစ်အောင် သူကိုယ်တိုင် မသန်မစွမ်းနှင့်   ရေထဲလိုက် ဆင်းရင်း တပည့်များကို အန္တရာယ်မဖြစ်အောင် မျက်စိအောက် စောင့်ရှောက်ခဲ့ပြန်၏။

    ချောင်းသာမှ ပြန်သည့်နေ့တွင် သဘောင်္ဆိပ်ဆင်းရန် ကားက မလွယ်ကူလှသဖြင့်   ယောကျာ်းလေးများ အားလုံး သစ်လုံးတင်ထရပ်ကားဖြင့် သဘောင်္ရှိရာ မောင်းဘိဆိပ်ကမ်းသို့ အရင်သွားစေပြီး၊ ဆရာနှင့် မိသားစုမှ ကျန်မိန်းကလေး ကျောင်းသူများအဖွဲ့နှင့်   နောက်တစ်ခေါက် ကားပြန်လာအကြိုကို ချောင်းသာမှ စောင့်ကြ၏။ သို့သော် ကားက ပြန်ရောက်သင့်သည့် အချိန် ကျော်လွန်သည့်တိုင် ပြန်ရောက်မလာခဲ့ပေ။ မကြာခင် ကျောင်းသားများစီးနင်းလိုက်ပါလာ သည့်ကား လမ်းခုလပ်တွင် မှောက်သည့်သတင်းက ရွာထဲသို့ ရောက်လာ၏။ ဆရာလည်း တုန့်ဆိုင်းမနေတော့ပဲ သက်ဆိုင်ရာများဆီ ၀င်ပြောပြ၍ အကူညီတောင်းသဖြင့် အာတီကားကြီး တစ်စီးရလိုက်၏။ သို့ဖြင့် ကျန်သည့် မိန်းကလေးများအားလုံး ကားပေါ်တက်စေပြီး ချောင်းသာမှ ကားမှောက်ရာ နေရာသို့ ထွက်ခွာခဲ့ကြသည်။

          ခရီးတစ်ဝက်ရောက်ချိန် အရှေ့တွင် ယောကျာ်းလေးများ စီးသွားသည့် ထရပ်ကားကြီး လမ်းနဘေးရှိ ချောက်ကမ်းထဲ သို့ တစ်ဝက်ဇောက်ထိုး တန်းလန်းကျနေလျှက် တွေ့ရ၏။ ဆရာ မဆိုစထားနှင့် ကျွန်မတို့ မိန်းကလေးများအားလုံး မြင်ကွင်းကို ကြည့်၍ စိုးရိမ်လန့်ဖြတ်ကုန်၏။ ဆရာမှ ကျောင်းသားအဖွဲ့ခေါင်းဆောင်အား တပည့်များ အထိအခိုက် ရှိမရှိ မေးရာ ကံအားလျော်စွာ ဒူးပွန်း၊ လက်ပွန်းနှင့် အပြင်းထန်ဆုံး ခေါင်းပေါက်သူသာ ရှိသည်ဟု သိလိုက်ရသည်။   ကျောင်းသားများထဲမှ ပါလာသည့် ဆရာဝန်များက ဆေးထည့်ပေးထားသည်ဟု   ကျောင်းသားကြီးများက ရှင်းပြပါသည်။ သို့သော် ဆရာ့၏မျက်နှာတွင် စိုးရိမ်စိတ်များက   ပြည့်လျှံနေဆဲ။ ကျောင်းသားများကို ချက်ချင်းစုဝေးစေပြီး ကိုယ်တိုင် လူစစ်ဆေး၏။ တစ်ဦးချင်းစီ ဒဏ်ရာရမရ သေချာအသေးစိတ်စစ်ဆေးကာ မေးမြန်း၏။ ဤသို့ စစ်ဆေးစဉ် ကျောင်းသား အချို့ လျော့နေသည်ကို သိလိုက်ရသည်။

          ဆရာ၏မျက်နှာတွင် ကြေကွဲရိပ် ချက်ချင်းပင်ဆင်လာ၏။ ကျောင်းသားကြီးများမှ “လျော့နေသူတွေ ရှိနေပါတယ် ဆရာ၊ သူတို့ ရွာထဲရောက်နေလား မသိဘူး” ဟု ပြောရာ ဆရာက လူအကောင်ထည်လိုက် မမြင်ရသရွေ့ မယုံဘူး၊ အခု သွားရှာပြီးခေါ်လာ” ဟုပြောကာ စိုးရိမ်ပူပန်စိတ် အထင်းသားဖြင့် ပြော၏။ သို့ဖြင့် လျော့နေသည့် ကျောင်းသားများကို လူခွဲ၍ တောထဲဝင်ကာ တကြော်ကြော်ခေါ် ရှာကြ၏။ နှလုံးရောဂါအခံရှိသည့် ဆရာကား စိုးရိမ်စိတ်ဖြင့် နှလုံးအောင့်လာရာ အတူပါလာသည့် တပည့်ဆရာဝန်မလေးမှ နေရာတွင်ပင် ဆရာ့အား ဆေးကုရလေသည်။ မကြာခင် ပျောက်နေသည့် ကျောင်းသားများ ရှာဖွေသူများနှင့်အတူ ပြန်ပါလာ၏။ ဖြစ်ပုံမှာ စူးစမ်းတတ်သည့် လူငယ်ဘာဝ တောထဲတွင် အလည်လွန်နေကြခြင်း ဖြစ်သည်။ အဲ့သည်တော့မှ ဆရာလည်း မျက်ရည်လည်သည့် မျက်ဝန်းများဖြင့် ပြန်ပြုံးရယ်လာနိုင်ပြီး ပျောက်နေသည့် တပည့်သားများအား တစ်ယောက်ချင်းဆီ ရင်ခွင်ထဲ ပွေ့ဖက်ကာ စိတ်ဒုံးဒုံးချရပါတော့၏။ အဲ့သည်နောက် ကျွန်မတို့စီးလာသည့် အာတီကားကြီးတစ်စီးထဲတွင် ဆရာနှင့်တကွ ကျောင်းသူ၊ ကျောင်းသား၊ ခရီးဆောင် အိတ်များအားလုံးနှင့် ကြပ်ညပ်ပျော်ရွှင်စွာဖြင့် တိုးဝှေ့ထိုင်ကြရင်း သဘောင်္ရှိရာ   မောင်းဘိဆိပ်ကမ်းသို့ တရွေ့ရွေ့မောင်းပြီး ပြန်လာရသည်ကို ယခုစာရေးနေရင်းပင်   ပြန်လည်မြင်ယောင်နေမိပါသည်။ ရန်ကုန်ပြန် ရောက်၍ နောက်တစ်နေ့ ကျောင်းတွင်   ချောင်းသာခရီးသွားခဲ့သည့် အတွေ့အကြုံကို သင်ခန်းစာအဖြစ် ပြန်လည်သင်ကြားချိန် ကျွန်မတို့အားလုံး ဆရာ့၏တပည့်များအပေါ်ထားသည့် နွေးထွေးသည့်၊ ကြီးမားသည့် မေတ္တာကို တစ်ဖန်ပြန်လည် ရရှိကြပြန်ပါသည်။

          ဆရာ့သင်တန်း မတက်ဖြစ်တော့ကတည်းက ဆရာနှင့်အဆက်သွယ်   ပြတ်သွားလိုက်သည်မှာ နှစ်ပေါင်းများစွာ။ ကျွန်မပင် အိမ်ထောင်ကျ၍ သားတစ်ယောက် မိခင်ဖြစ်နေခဲ့ပြီ။ စာတွေ မသင်နိုင်တော့သော်လည်း ဆရာ၏ တန်ဖိုးရှိသော၊ ခွန်အားရှိသော စာများကို စာအုပ်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းစာမျက်နှာများတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဖတ်ခွင့်ရခဲ့ သည်။ ဆရာ့တပည့် တော်တော်များများကတော့  ကမ္ဘာနေရာ အနှံ့အပြားတွင်   နိုင်ငံတကာဖြင့် ရင်ဘောင်တန်း အလုပ်လုပ် နေကြသူအများစု ဖြစ်နေလေပြီ။ အလျဉ်မပြတ်ရေးသားနေသည့် ဆရာ့ထံတွင် တပည့်ဟောင်းများ ဆရာ့ထံ လာရောက် ရင်ဖွင့်ကြဆဲ၊ အကြံဥာဏ်တောင်းနေကြဆဲဆိုတာကို ဆရာ၏စာများထဲ ဖတ်လိုက်ရနေပြန်တော့ ကျွန်မစိတ်ထဲ ဆရာ့ကို သွားတွေ့ချင်စိတ်များ တဖွားဖွား ဖြစ်လာခဲ့ရ၏။

          တစ်နေ့ သားဖြစ်သူနှင့်အတူ ဆရာ့ထံ ကျွန်မရောက်ခဲ့သည်။ ဆရာ့အိမ်လေးက အရင်အတိုင်း အပြောင်းမလဲ ရှိလျှက်။ ပြောင်းလဲသွားသည်က တပည့်များဖြင့် အမြဲတစေ စည်ကားနေတတ်သည့် ဆရာ့အိမ်သည် တိတ်ဆိတ်ငြိမ်သက် လျှက်။ ဧည့်ခန်းထဲတွင် ခင်းထားသည့် တစ်ယောက်အိပ်ကုတင်လေးပေါ်တွင် အောက်စီဂျင်ပိုက်နှာခေါင်းတွင် ချိတ်လျှက် လှဲလျောင်းကာ ရန်ကုန်နွေကို အပမ်းတကြီး အံတုနေရရှာသည့် ဆရာ့ကို မြင်သောအခါ ၀မ်းသာဝမ်းနည်း ကျွန်မဖြစ်ရ၏။ သည်လို ကျန်းမာရေးအခြေအနေနှင့် စာတွေ စဉ်ဆက်မပြတ် အရှိန်အဟုန်ကောင်းကောင်းဖြင့် ရေးသားနိုင်သည့် ဆရာ့၏ စာပေအပေါ် တာဝန်ကျေမှုကို ကျွန်မအံ့သြလွန်းမက အံ့သြမိရ၏။  နှစ်ကာလပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း မြင်မြင်ချင်း ကျွန်မ မည်သူဆိုသည်ကို မှတ်မိကာ ရိုလန်ဒါဟူသည့် သူကိုယ်တိုင်ပေးထားခဲ့သည့် နာမည်ကို မမေ့မယွင်း ခေါ်ခဲ့သည့်  ဆရာ့အား ဦးခိုက်ရင်း တပည့်တစ်ယောက်၏ တာဝန်မဲ့မှုအတွက် ကျွန်မ မျက်ရည်ကျခဲ့ရသည်။ ဆရာနှင့် ရှေးဖြစ်ဟောင်းများ ပြောရင်း ကျွန်မ စာတွေ   ရေးဖြစ်နေသည်ကို ပြောမိရာ၊ ဆရာ့မျက်နှာပေါ်မှ တပည့်အတွက် ၀မ်းသာသည့်၊ ကျေနပ်သည့် အပြုံးရိပ်ကို ယခုတိုင် ကျွန်မ မြင်ယောင်မိနေသေးသည်။

          အဲ့သည်နောက်ပိုင်း ဆရာ့အိမ်သို့ ကျွန်မ ရံဖန်ရံခါရောက်ခဲ့ရာ ဆရာမှ စာရေးသူတစ်ယောက်ရဲ့ ထားရမယ့်စိတ်၊ ကျင့်ဝတ်နှင့် ခံယူချက်များကို ပြောပြခဲ့သဖြင့် ယခုအခါ စာရေးဖြစ်နေသော ကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်သည့် ဆရာ့၏ စကားလက်ဆောင်များ   ဖြစ်လာခဲ့ရသည်။  စာများကို အွန်လိုင်းတွင်သာမက၊ စာမျက်နှာများပေါ်မှာပါ ပြန်လည်ရေးသားဖို့ တိုက်တွန်းခဲ့သည်။ ဆရာ့ကို ဆရာ့၏အထုပ္ပတ္ထိရေးဖို့ အစီအစဉ်ရှိမရှိ၊ ရှိပါက ဆရာနှုတ်မှ   ပြောသည်ကို လိုက်ရေးမှတ်ပေးရန် အတွက် ကျွန်မတာဝန်ယူပေးချင်ကြောင်း ပြောခဲ့သေးသည်။

     “သမီး..ဆရာက ဘယ်လိုပုဂ္ဂိုလ်မျိုးမို့ အထုပ္ပတ္ထိရေးစရာ လိုရမှာလဲကွယ်..၊   ရေးစမ်းပါလေ့ မောင်ဖုန်းမော်တို့လို အာဇာနည်မျိုးရဲ့အထုပ္ပတ္ထိကို၊ ဆရာက မလိုပါဘူးကွယ်” ဟူသည့် ဆရာ့၏တုန့်ပြန်စကားကြောင့်  ဆရာ့အပေါ် ကျွန်မ၏ လေးစားစိတ်တို့က ထပ်ဆင့်ပိုကဲရပြန်သည်။

          တစ်ရက် ဆရာ့ထံ ကျွန်မ၏ “အိပ်မက်ကောက်ကြောင်း”စာစုများစုစည်းမှု စာမူ တစ်ထပ်ကြီးဖြင့်  ရောက်သွားခဲ့သည်။ ကျွန်မ အွန်လိုင်းတွင် ရေးထားသည် စာစုများစုစည်း၍့ အမှတ်တရ စာအုပ်တစ်အုပ်ထုတ် မည်ဖြစ်သဖြင့် ဆရာမှ ဖတ်ကြည့် ပေးပြီး သင့်လျော်ပါက အမှာစာရေးသားပေးပါရန် မ၀ံ့မရဲ ခွင့်တောင်းမိသည်။ မ၀ံ့မရဲဟု သုံးနှုန်းရသည်မှာ ဆရာကဲ့သို့ တိုင်းသိပြည်သိ စာရေးဆရာတစ်ဦးထံ တပည့်တစ်ယောက် ၀ါသနာအရ ရေးထားသည့် စာများအတွက် အမှာစာ တောင်းရ သည်မှာ  အင်မတန်မှ စိတ်ထဲ မ၀ံ့မရဲစိတ်ဖြင့် စိုးရိမ်ခဲ့မိပါသည်။

        သုံးလမျှအချိန်ယူဖတ်ပြီးချိန် အမှာစာယူရန် ဆရာ့ထံ ကျွန်မ ထပ်မံရောက်ခဲ့ရပြန်သည်။ ဆရာပေးသည့် လက်ရေးသေးသေးချွန်ချွန်လေးများဖြင့် ရေးထားသည့် အမှာစာကို ဖတ်ရင်း ဒုတိယအကြိမ် ကျွန်မ ဆရာ့ရှေ့တွင် မျက်ရည်ကျရပြန်သည်။ ဆရာ့အမှာစာသည် ကျွန်မအတွက် တန်ဘိုးမဖြတ်နိုင်သည့် ဆရာ့၏ ဒုတိယမြောက် လက်ဆောင်တစ်ခု ဖြစ်ခဲ့ရသည်။ အိပ်မက်ကောက်ကြောင်းစာအုပ်ထွက်ချိန် ဆရာ့ထံ စာအုပ်လက် ဆောင်သွားပေးရာ ကျန်းမာရေးအခြေအနေကြောင့် ပြင်ပဧည့်သည်များ တွေ့ခွင့်မရှိသဖြင့် ဆရာနှင့်တွေ့ခွင့် မရခဲ့သည်မှာ နောက်ဆုံး ဆရာကွယ်လွန်သည့်အချိန်အထိပင် တွေ့ခွင့်မရလိုက်တော့ချေ။ ဆရာ့နောက်ဆုံးခရီးကို လိုက်ပို့ပေးဖြစ်ရင်း ကျွန်မရင်ထဲ အတိုင်းအဆမဲ့ ကြေကွဲနှမျောမိခဲ့ရ၏။

          ဆရာသည် တစ်ခေတ်မှာ တစ်ယောက်သာ ရှိနိုင်သော လူစားမျိုးဖြစ်သည်။ ကျွန်မတို့ အားလုံးအား အကြောက်တရား ကင်းမဲ့စေရန်၊ အမှန်တရားကို ချစ်မြတ်နိုးတတ်စေရန်၊ လွတ်လပ်မှုကို တန်ဖိုးထားတတ်စေရန်၊ ကလောင်သွားထက်ထက်ဖြင့် ညွှန်ပြခဲ့သည်။ တိုင်းပြည်အတွက် အစားထိုးမရနိုင်တော့သည့်  ကြွေလွင့်သွားသည့် သက်တမ်းရင့် ကြယ်တစ်စင်းအဖြစ် ဆရာ့ကို တင်စားချင်ပါသည်။ ဆရာမရှိတော့သော်ငြား ဆရာ၏   ကောင်းမွန်သည့် သမိုင်းကြောင်းသည် ဆရာ၏စာပေ၀ိဥာဉ်နှင့် အတူ ကျွန်မတို့၏၀န်းကျင်တွင် အမြဲရှင်သန် တည်ရှိနေပါဦးမည်။

ဒီနေ့ဟာ ဆရာကြီးလူထု(ဦး)စိန်ဝင်း ကွယ်လွန်ခဲ့တာ (၁)နှစ်တင်းတင်း ပြည့်တဲ့ နေ့ဖြစ်ပါတယ်။

ဆရာကြီးလူထုဦးစိန်ဝင်း၏ သမီးဖြစ်သူ ဒေါ်ချောအိဝင်းဇော်မှ ကွယ်လွန်ခြင်း ၁နှစ်ပြည့် အမှတ်တရ ဆောင်းပါးများ စုစည်းမှုစာအုပ်အဖြစ် “ လူထုစ်န်ဝင်း (သို့မဟုတ်) အလံမလှဲစတမ်း” စာအုပ်ကို ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်တွင် ဖော်ပြပါရှိခဲ့သည့် ကျွန်မရေးဖြစ်ခဲ့သည့်   ဆောင်းပါးအား၊ ယနေ့ကျရောက်သည့် ဆရာကြီးကွယ်လွန်သည့် ၁နှစ်ပြည့်နေ့ရက် ၁၇.၆.၂၀၁၃ရက်နေ့တွင် ဆရာကြီးအား သတိရခြင်းများစွာဖြင့် အမှတ်တရ ပြန်လည်   ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

ထိုစာအုပ်တွင် ၂၀၀၆ ခုနှစ်၊ မေလ၂၃ရက်နေ့ထုတ် International Heral Tribune သတင်းစာတွင် ဆရာလူထုစိန်ဝင်းကိုယ်တိုင် ရေးသားထားသည့် “Burmese People can’t wait longer” ဆောင်းပါးအပါအ၀င် ဓမ္မဓူတအရှင်ဆေကိန္ဒ၊ ဟံသာဝတီဦးဝင်းတင်၊   မောင်မိုးသူ၊ ထက်မြက်၊ ခင်ဆွေဦး၊ မောင်စွမ်းရည်၊ ညီပုလေး၊ ဇော်နောင်၊ ဖိုးသံ(လူထု)၊ မိုးဝေး၊ သန်းမြင့်အောင် Phillip Tseng (New York)၊ သိန်းတန်၊ ဂုဏ်ထူးဦးသိန်းနိုင်၊   ပြည်သူ့ရဲဘော်မျိုးထွဋ်၊ လွှတ်တော်ရှေ့နေတစ်ဦး (မန္တလေး)၊ ကိုကြီးတင်၊ ဇော်ဝင်းကို၊ လှကွန့်၊ လှတင်ဝင်း၊   အောင်ကျော်ဆန်း၊ လှိုင်း(လှမြင့်)၊ မြင့်ထွန်း (Quality)၊ နိုင်သစ်နီ၊ အောင်စိုးမိုး၊ ရှင်အေး (အင်န်ဂျလာ)၊ မြသွေးနီ၊ အောင်ထွန်းဦး၊ သမီး (၀င်းမော်ဦး)၊ နန်းမူ၊ Julie Hann၊ Mavis (Myintzu)နှင့် နေထွန်းနိုင်တို့ပါ ပါဝင်ရေးသားထားသည်။

ဤစာအုပ်ရောင်းချရငွေ အားလုံးကို “လူထုစိန်ဝင်း ပညာသင်ဆု ရန်ပုံငွေ”အတွက် ထည့်ဝင် လှူဒါန်းသွားမည်ဟု သိရသည်။

 

“ တော်ဝင်နှင်းဆီတွင် ၁၆.၆.၂၀၁၃က  ပြုလုပ်သည့် နှစ်ပတ်လည်ပွဲ
ခန်းမအ၀င်မှ ဆရာ့ပုံရိပ်”

 “ဟံသာဝတီဦးဝင်းတင်၊ ဓမ္မဓူတအရှင်ဆေကိန္ဒ၊ မောင်မိုးသူ”

“Junior Magazineမှ မအေးအေးပြုံးမှ
လူထုစိန်ဝင်းပညာသင်ဆုအကြောင်း ရှင်းပြနေစဉ်”

“ဆရာလူထုစိန်ဝင်း၏စာအုပ်များ ရောင်းချခဲ့သည်”


“ ရွှေတောင်ခေါက်ဆွဲဖြင့်ဧည့်ခံ”

“စာရေးဆရာဆရာမ မိချမ်းဝေ၊ ညီမချောအိဝင်းဇော် (လူထုစိန်ဝင်း၏သမီး)နှင့် မြသွေးနီ”

“ဆရာ့ကို လေးစားချစ်ခင်ကြသည့် ဆရာ့၏သားတပည့်များ
အမှတ်တရ အတူတကွ”

 (၀န်ခံချက်။ Title Imageလေးအား ဆရာ့၏ဗီနိုင်းပုံမှ ယူငင်အသုံးပြုခဲ့ပါသည်။ မူရင်းရေးဆွဲသူအား  ဤနေရာမှ လေးစားစွာဖြင့် Credit ပေးပါသည်။)

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in အက်ဆေး/ ရသစာတမ်း, လေးစားထိုက်သူများ. Bookmark the permalink.

5 Responses to လင်းလက်နေသည့် အို…၀ိဥာဉ်

  1. Latt Latt says:

    နှမြောတသမိပါတယ်။ ဆရာ့ ပညာတွေ သင်ယူခွင့် ရခဲ့ရင်ကောင်းမှာပဲ။

  2. mayzon says:

    တိုင်းပြည်အတွက် အစားထိုးမရနိုင်တော့သည့် ကြွေလွင့်သွားသည့် သက်တမ်းရင့် ကြယ်တစ်စင်း

  3. သိပ်ကိုလေးစားမြတ်နိုးစရာကောင်းတဲ့ ဆရာတစ်ယောက်ပါပဲ အမ –
    ဆရာ့စာတွေဖတ်ပြီး အားကျနေခဲ့ရတာ.. ဆရာ့စာတွေဖတ်ပြီး အားတွေတက်ခဲ့ရတာ.. ဒီစာလေးဖတ်လိုက်ရတော့ ဆရာ့ရဲ့ စိတ်ကိုပါ အသေးစိတ်မြင်ခွင့်ရသွားတယ်.. ကျေးဇူးပါ အမ

    ခင်မင်လေးစားလျက်
    ဂျွန်မိုး

  4. ဆရာစစ်စစ်ဖြစ်သော သက်တမ်းရင့်ကြယ် ဆရာကြီးလူထုစိန်ဝင်းအား ဦးညွှတ်ခဲ့ပါတယ် …

  5. Pingback: rr2erl

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>