အစုန်မှာ အဆန်ဆင့်ပါလို့

Number of View: 8517

 Untitled

       “ အဖေကတော့ တကယ်ပဲဗျာ.. ကျွန်တော်အခုမှ ပြန်ရောက်တာ အင်္ကျီတောင်မလဲရသေးဘူး၊ ချိန်ပြီးပြီဆိုရင်လဲ ဘာလို့ ထပ်ချိန်စရာလိုသေးလို့လဲ၊ အဖေကလေ ကျွန်တော့်ကိုမှ မခိုင်းရရင်   ကျေကို မကျေနပ်ဘူး၊ အဖေက တစ်ခါတစ်လေ တကယ့်ကိုပဲ…”

           ငွေတိုးရဲ့ စကားလုံးတွေက ကျုပ်ရင်ထဲမှာ နင့်ခနဲကို ဖြစ်သွားရတယ်။ သူက ပြောပြောဆိုဆို အိပ်ခန်းထဲ ၀င်သွားပေမယ့် ကျုပ်မှာတော့ ၀ဲတက်လာချင်တဲ့ မျက်ရည်စတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ဖယ်ရှားရင်း ပရုပ်ဆီနံ့ လှောင်နေတဲ့ ကျုပ်ရဲ့အိပ်ခန်းလေးထဲ လှည့်ဝင်ခဲ့လိုက်တယ်။ ပြီးခဲ့တဲ့နှစ် လေတစ်ခါဖြတ်ပြီးထဲက ကျုပ်စိတ်တွေက အရင်လိုမဟုတ်၊ ပိုထိလွယ် ရှလွယ် ဖြစ်နေခဲ့တာ။ အိပ်ရာထဲ အသာကျောချ လှဲလိုက်တော့ မြေးတွေ အိပ်ရာပေါ် တက်ကစားထားလို့ သဲတရှပ်ရှပ်ဖြစ်နေတဲ့ အိပ်ရာခင်းရဲ့ အတွေ့ကို ရလိုက်ပေမယ့် အရင်လို ပုဆိုးအဟောင်းတစ်ထည်နဲ့ တဖုန်းဖုန်းမြည်အောင် သဲတွေကို ခါချပစ်လိုက်ချင်စိတ် ပျောက်ဆုံးနေ တယ်။ ဒါနဲ့ စိတ်ပြေလက်ပျောက် ခေါင်းအုံးဘေးမှာ ချထားတဲ့ တီဗွီရီမုဒ်နဲ့ တီဗွီကို လှမ်းဖွင့်လိုက်မိတယ်။ ကျုပ်မျက်လုံးတွေက တီဗွီမှန်သားပြင်ကို ကြည့်နေပေမယ့် ကျုပ်စိတ်တွေက ပျံ့လွင့်လို့နေတယ်။

           “ အင်း…. သည်းဖြူသာရှိရင် သူလုပ်ပေးရှာမှာ..”

           စိတ်တွေက ဒီနေ့မှ သည်းဖြူကို တမ်းတမ်းတတရှိနေလိုက်တာ။ အင်း…လာမယ့် တပို့တွဲဆိုရင် ကျုပ်အသက်က ခွန်နှစ်ဆယ့်သုံးနှစ်ရှိပြီဆိုတော့ သဲဖြူသာရှိရင် သူလည်း ခွန်နှစ်ဆယ်နားနီးပြီပေါ့။  သဲဖြူ တိမ်းပါးသွားကထဲက သားသမီးနှစ်ယောက်ကို အခုအချိန် အိုမင်းမစွမ်း အဘိုးကြီးအရွယ် ရောက်တဲ့အထိ ရင်အုပ်မကွာ ကျုပ်စောင့်ရှောက်ခဲ့တာပါ။ အခု သမီး ရွှေမိုးသည်းနဲ့ သားဖြစ်သူ မင်းငွေတိုးတောင် လူလတ်ပိုင်း အရွယ် ရောက်လို့နေပြီ။ သူတို့က မွေးတဲ့ ကျုပ်ရဲ့မြေး ဘုစုခရုတွေနဲ့ ပတ်လည်ဝိုင်းနေတတ်တဲ့ အဘိုး တစ်ယောက်အရွယ် ကျုပ် ရောက်နေခဲ့ရပြီ။

          တအောင့်နေတော့ ငွေတိုးက ဆူပုတ်နေတဲ့ မျက်နှာထားနဲ့ ကျုပ်အိပ်ခန်းထဲ ၀င်လာပြီး ကျုပ်လက်မောင်းပိန်ပိန်လေးကို သွေးပေါင်ချိန်တိုင်းကိရိယာက အ၀တ်စနဲ့ ရစ်ပတ်လိုက်တယ်။   လေအိတ်ဘုလေးကို ညှစ်လိုက်ချိန်မှာ တဖြည်းဖြည်းနဲ့ ကျုပ်လက်မောင်းမှာ တင်းကျတ်တဲ့ အတွေ့ကို ရလိုက်တယ်။

          “တစ်ရာ့နှစ်ဆယ်၊ ခွန်နှစ်ဆယ်”

          ငွေတိုးက နှုတ်က ပြောလိုက်ရင်း လက်က ပြောပြောဆိုဆို သွေးပေါင်ချိန်တိုင်း ကိရိယာကို ပြန်သိမ်းနေလျှက်က တစ်ဘက်ခန်းက မိန်းမဖြစ်သူကို သူ့အလုပ်အကြောင်းတွေ လှမ်းအော်ပြောပြနေတယ်။ အပေါ်သွေး တစ်ရာ့နှစ်ဆယ်၊ အောက်သွေး ခွန်နှစ်ဆယ်ဆို သွေးပေါင်က ပုံမှန်။ ငွေတိုးအခန်းထဲက ထွက်သွားတာနဲ့ တီဗွီခလုပ်ရော၊ ခေါင်းရင်းက အခန်းမီးကိုပါ လှမ်းပိတ်လိုက်တယ်။ အခန်းထဲမှောင်သွားချိန်မှာ အိပ်မပျော်နိုင်သေးပဲ ကျုပ်စိတ်တွေက ဟိုးအဝေးဆီကို ရောက်သွားတော့တယ်။

           သည်းဖြူ ကွယ်လွန်ချိန်က တကယ့်အရွယ်ကောင်း အသက်ငါးဆယ်သာသာ။ ကျုပ်အသက် ဘာရှိဦးမလဲ၊ အလွန်ဆုံး ရှိလှမှ ငါးဆယ့်ခြောက်ပေါ့။ တကယ့်ကို လုပ်နိုင်ကိုင်နိုင် စီးပွားရှာနိုင်တုန်းအရွယ်။ ကျုပ်နဲ့သည်းဖြူ အိမ်ထောင်ကျကာစက ဌာနတစ်ခုမှာ ကျုပ်က လုပ်ငန်းနည်းပြ ဆရာအဖြစ် ၀င်လုပ်နေချိန်ပေါ့။ ကံအားလျော်စွာနဲ့ ဌာနကပေးတဲ့ ပညာတော်သင် စကောလားရှစ်ရခဲ့တယ်။ နှစ်ဘက်မိဘ သဘောမတူတဲ့ ကြားက နာမည်နဲ့လိုက်အောင် အသည်းဖြူတဲ့ သည်းဖြူကို ကျုပ်ရအောင်ယူခဲ့တာဆိုတော့  ရှေ့ရေးအတွက် ညားကာစ ဇနီးသည်သည်းဖြူကို ထားခဲ့ပြီး ဌာနက စေလွှတ်တဲ့ အနောက်နိုင်ငံကြီးတစ်နိုင်ငံမှာ သုံးနှစ်လောက် ပညာတော်သင်သွားခဲ့ရသေးတယ်။

           ပညာတော်သင်ပြန်လာတော့ လင်မယား ခွဲခွာနေရတဲ့ကြားက ရုံးစာရေးဘ၀နဲ့ ကျုပ်ကို သစ္စာရှိရှိ စောင့်နေတဲ့ သည်းဖြူကို အလုပ်က အနားယူခိုင်း၊ အိမ်ရှင်မတာဝန်ဝတ္တရား များကိုပဲ ဆောင်ရွက်စေခဲ့တယ်။ တစ်အိမ်လုံး သူ့ခြေသူ့လက်ပေါ့။ ကျုပ်ကလည်း ဘာမဆို သည်းဖြူလုပ်ပေးမှ ဘ၀င်ကျတာကိုဗျ။ သမီးကြီးရွှေမိုးသည်း မွေးပြီးချိန်မှာနှစ်ဘက်မိဘတွေ    ပြန်လက်ခံခဲ့တာမို့ ကျုပ်တို့ မိသားစုလေးအတော် ပျော်ရွှင်ခဲ့ရချိန်ပေါ့။

      သမီးကြီး သူငယ်တန်းတက်ချိန်မှာ သည်းဖြူက ကျုပ်အတွက် ဒုတိယသားလေး မင်းငွေတိုးကို မွေးပေး ခဲ့တယ်။ ငွေတိုးလေး လေးဘက်သွား လျှောက်တတ်ချိန်လောက်မှာ  ကျုပ်ဋ္ဌာနက အထက်လူကြီးနဲ့ ကျုပ် အဆင်မပြေ ဖြစ်လာတယ်။ သူ့ရဲ့ပညာပေးနှိပ်ကွက်မှုကို ဘယ်လိုမှ သည်းညည်း မခံနိုင်တော့တဲ့အဆုံး ကျုပ် အလုပ်ကနေ ဆေးပင်စင်တင်ပြီး အနားယူခဲ့တယ်။

           တတ်သမျှမှတ်သမျှလေး၊ အပေါင်းအသင်း မိတ်ဆွေတွေရဲ့ ဆောင်မမှုနဲ့ မိသားစုလေးယောက်ရဲ့ စားအိုးကို ကြပ်ကြပ်တည်းတည်းနဲ့ ကျုပ်တို့လင်မယား လက်ခြင်းခိုင်ခိုင်တွဲပြီး ကျော်ဖြတ်ခဲ့ရတဲ့ အချိန်ကာလ ရှည်ကြီးပေါ့။ အဲ့ဒီအချိန်မှာ  သည်းဖြူတစ်ယောက် ကြိုးစားခဲ့ပုံကို ကျုပ်မှတ်မိနေသေးတယ်။ ရှိစုမဲ့စုငွေလေးနဲ့ မှတ်စုစာအုပ်လေးတွေဝယ်၊ ကျက်မှတ်ပြီး အထက်တန်း ရှေ့နေစာမေးပွဲကို သည်းဖြူတစ်ယောက် ဖြေဆို အောင်မြင်ခဲ့တော့ ကျုပ်မှာဖြင့် သူ့ကို အံ့သြချီးကျုးမဆုံးပေါ့။  ဘ၀ရဲ့ ဒုတိယအရွယ်ကျမှ သည်းဖြူရဲ့ ကြိုးစားမှု၊ လုံ့လနှင့် ကံဇာတာတို့ ပေါင်းစုံပြီး   အောင်မြင်တဲ့ ရှေ့နေတစ်ယောက် ဖြစ်လာရတာက ကျုပ်တို့ မိသားစု စီးပွားရေးကို ပြန်ပြီး နလံထူလာစေခဲ့တယ်။ ဒီလိုနဲ့ သည်းဖြူအလုပ်တွေပိပြီး ပင်ပမ်းနေတာကို မကြည့်ရက်တဲ့ ကျုပ်လဲ မနေသာတော့ပဲ သူ့အလုပ်တွေကို ၀ိုင်းဝန်းကူညီ လုပ်ကိုင်ပေးရင်းနဲ့ အထက်တန်းရှေ့နေ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ပြန်သည်။

           ကျုပ်တို့ လင်မယားနှစ်ယောက် ဘ၀ရဲ့အလယ်လတ်ပိုင်းအချိန်ရောက်ကာမှ တက်ညီလက်ညီနဲ့ ရှေ့နေဘ၀မှာ ရပ်တည်အောင်မြင်လာခဲ့တယ်။ အဲ့ဒီအချိန်မှာ သမီးကြီးရွှေမိုးသည်းက တက္ကသိုလ်ကျောင်းသူ၊ သားငယ် မင်းငွေတိုးက ကိုးတန်းကျောင်းသား အရွယ်။ ကျုပ်တို့ မိသားစုအတွက် အပျော်ရွှင်ဆုံး အချိန်ကာလ များလို့ ပြောလို့ရတဲ့   ရွှေရောင်တောက်ပခဲ့တဲ့  နေ့ရက်များပေါ့။

           ကြိုတင်မှန်းဆမမြင်နိုင်တဲ့ ကံကြမ္မာက ပျော်ရွှင်နေတဲ့ ကျုပ်တို့ မိသားစုကို အမှတ်မထင် ၀င်ရောက် ထိုးနှက်ပြန်တယ်။ သည်းဖြူတစ်ယောက် နှလုံးရောဂါအခံနဲ့ အသက်ငါးဆယ်အရွယ်မှာ မမျှော်လင့်ပဲ ကွယ်လွန်ခဲ့လို့ ကျုပ်တို့ မိသားစုအငိုက်မိ ကြေကွဲခဲ့ရပြန်တယ်။ ဇနီးသည်းဖြူ မရှိတဲ့နောက် လွမ်းဆွတ်စိတ်တွေ ရှောင်ရှားချင်တာမို့ ကျုပ်ရှေ့နေအလုပ်ကို တစ်နှစ်လောက် ရပ်နားလိုက်သေးတယ်။ အဲ့ဒီအချိန်မှာ သမီးကြီးနဲ့ သားက အလုပ်ကိုယ်စီဖြစ်နေပြီမို့  ကျုပ်အတွက် ဘာဆိုဘာမှ စိတ်ပူစရာ မရှိတော့ပါဘူး။ ဒီသမီးနဲ့ ဒီသား အတွက် အဖေဆိုလဲဟုတ်၊ အမေဆိုလဲဟုတ် ကျုပ်တစ်ယောက်ထဲ ထိမ်းကျောင်းရင်း အေးအေးလူလူ နေနိုင်ခဲ့ ပါတယ်။

       သည်းဖြူကွယ်လွန်ပြီး တစ်နှစ်အကြာမှာ သမီးနှင့်သား တားမြစ်တဲ့ကြားက   ရှေ့နေ အလုပ်ကို ပြန်လုပ်ခဲ့တယ်။ အရင်လို တရားမ၊ ရာဇ၀တ်မရွေး အမှုများကို မလိုက်ဖြစ်တော့ပဲ၊ တိုက်ခန်းလေးဘာလေး အရောင်းအ၀ယ် စာချုပ်စာတမ်းဆိုင်ရာ တရားမမှုတွေကိုပဲ   အေးအေးလူလူ လိုက်ပါဆောင်ရွက်ခဲ့တယ်။ စာချုပ်တစ်ခု ငါးသောင်း ဆိုလဲဟုတ်၊ တစ်သိန်း ဆိုလည်းဟုတ်တဲ့ ဒီနေ့ခေတ်မှာ ကျုပ်သားသမီးတွေ အားမကိုးပဲ ကျုပ်ဝင်ငွေလေးနဲ့ကျုပ်   အေးအေးလူလူ နေနိုင်ခဲ့ပါတယ်။

           သည်းဖြူဆုံးပြီး တစ်နှစ်လောက်မှာ သမီးကြီးရွှေမိုးသည်းကို သူချစ်တဲ့သူနဲ့ လက်ထပ်ပေးခဲ့တယ်။  သမီးကြီးက အိမ်ထောင်ပြုပြီးချိန် အိမ်ခွဲနေချင်တယ်ပြောလာပေမယ့် ကျုပ်က“ အဖေသေမှ အိမ်ခွဲနေပါ ”  လို့ တစ်ချက်လွတ် ပိတ်ပြောထားတယ်။ သမီးကြီးလက်ထပ်လို့မှ မကြာသေး၊ အငယ်ကောင် မင်းငွေတိုးကလည်း မိန်းမခိုးပြေးပြီး သူ့ဖာသာသူ ရပ်ကွက်ငယ်တစ်ခုမှာ အိမ်ငှား အခြေချနေတယ်။ သားကို အိမ်ပေါ်ပြန်နေဖို့ စကားလမ်းကြောင်းပေမယ့် လူငယ်ဘာဝ လွတ်လပ်စွာ သီးခြားနေလိုသူမို့ သမီးကြီးတုန်းကလို ရာဇသံပေးဖို့ ကျုပ်အခွင့်မသာခဲ့ဘူး။ ဒီကောင်ကလည်း သူလုပ်ချင်တာရှိရင် တားမရစီးမရ ဇွတ်တိုးလုပ်တတ်တဲ့သူ။  သူတို့အိမ်လေးဆီ အလည်ရောက်တော့ ချို့ချို့တဲ့တဲ့ နေနေရပေမယ့်   ပျော်နေတဲ့ လင်မယားကို ကြည့်ပြီး အဖေတစ်ယောက်ဖြစ်တဲ့ ကျုပ် ၀မ်းသာဝမ်းနည်းပေါ့။

           ကံအားလျော်စွာ သားသမီးမြေးတွေနဲ့ စုစည်းနေချင်တဲ့ ကျုပ်ကို ကံကြမ္မာက မျက်နှာသာပေး လာတယ်။ ငွေတိုးမိန်းမ ကိုယ်ဝန်ရှိချိန် နာဂစ်မုန်တိုင်းက သူတို့ရဲ့ အိမ်လေးယိုင်နဲ့နဲ့ကို အမြစ်က ဖြိုချလိုက်ချိန် မှာတော့ ကျုပ် ဘယ်လိုမှ မနေနိုင်တော့ဘူး။ သားနဲ့ချွေးမကို ချက်ချင်း အိမ်ပေါ်ကို  ခေါ်တင်ထားလိုက် တော့တယ်။ ချွေးမ ကလေးမွေးပြီးချိန်မှာတော့ ကျုပ်တိုက်ခန်းကျဉ်းကျဉ်းလေးထဲမှာ သားသမီး၊ သမက်၊   ချွေးမ၊မြေးမမြေးထီးများနဲ့ စည်ကားသိုက်မြိုက်နေတော့တာပေါ့။ ကျုပ်ဇနီးဒေါ်သည်းဖြူ မပါဝင်နိုင်တော့တာက လွဲလို့  အလိုချင် အတောင့်တဆုံး မိသားစုအသိုက်အမြုံလေးနဲ့အတူ ရှိနေရတာကို သတိထားမိချိန်မှာတော့ ကျုပ်အသက်က ခွန်နှစ်ဆယ်နီးခဲ့ပြီ။ မိသားစုနှစ်စုနဲ့ အိမ်ခန်းလေးထဲ ကြပ်သိပ်နေပေငြား ကျုပ်ပျော်ရွှင်တယ်။ ကျေနပ်တယ်။ တီတီတာတာ မြေးများနဲ့ ကျုပ် ကလူကြည်ဆယ်နိုင်တယ်။

           ရွှေမိုးနဲ့ငွေတိုးက မောင်နှမနှစ်ယောက်ထဲဆိုတော့ ချစ်ကြပေမယ့်၊ ငယ်ငယ်ထဲက တစ်ယောက်ကို တစ်ယောက် အလျော့မပေးကြဘူး။ အဖေရှေ့မှာ ခွန်းကြီးခွန်းငယ် မဖြစ်ကြပေမယ့် သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စောင်နေကြတာကိုး မွေးထားတဲ့ ကျုပ် သိနေခဲ့တာပေါ့။ “ အဖေက အဖေ့သားဆို အမြဲတမ်း မျက်နှာလိုက် တယ်၊ မျှမျှတတမရှိဘူး” လို့ ရွှေမိုးက စကားနာထိုးတယ်။ “ အဖေ့သမီး စကားပြောရင် အရမ်းရင့်သီးတယ်၊ တစ်ခုခုဆို သားအလွန် မပြောနဲ့၊ ခုထဲက ကြိုပြောထားတယ်” လို့ ငွေတိုးက အတိုင်တော ထူတယ်။ “ အဖေက သေမင်းကို စောင့်နေတာပါ၊ မင်းတို့ မသေခင်လေးတော့ သင့်သင့်မြတ်မြတ်လေး နေကြပါကွာ” လို့ လေသံပျော့လေးနဲ့ ကျုပ်ပြောလိုက်ရင်တော့ နှစ်ယောက်လုံး ငြိမ်ကျသွားတယ်။

         အသက်လေးဆယ်တန်းကျော်လာတဲ့ သူတို့မောင်နှမ နှစ်ယောက်က အခုအချိန်အထိ တစောင်းဆေးနဲ့ မျက်ချေး၊ မတည့်အတူနေနေကြပေမယ့် သူတို့မောင်နှမအချင်ချင်း သိပ်ချစ်တယ်။ အဖေအိုကြီး ကျုပ်ကိုလည်း သူတို့ ချစ်ကြမယ်လို့ ကျုပ်ထင်မိတာဘဲ။ ကျုပ်မှာတော့ သူတို့တွေ ဘယ်အရွယ်ရောက်ရောက် ကလေးများ လိုပဲ ထင်နေကြတာကလား။ သူတို့ကလည်း အဖေနဲ့များဆို တကယ့် ကလေးဆိုးကြီးများလိုပါဘဲ။ ရွှေမိုးစိတ်က သူ့အဖေ့အပေါ်၊ မိသားစုအပေါ် လုပ်ပေးစရာရှိတာမှန်သမျှ တာဝန်ကျေအောင် ဆောင်ရွက်ပေးနေပေမယ့် သူ့ပင်ကိုယ်ပုံစံက အဖေနှင့်ဖြစ်စေ၊ သူ့ယောကျာ်းနှင့်ဖြစ်စေ၊ သူ့သားသမီးများနဲ့ဖြစ်စေ ရင်းရင်းနှီးနှီး မနေတတ်သူ။ ယုတ်စွအဆုံး အသက်ကြီးမှရလာတဲ့ အခါလည်အရွယ် သားလေးကိုတောင် မြှူတာဘာညာ သိပ်မတွေ့ရဘူး။ သူ့မောင်ဖြစ်တဲ့ ငွေတိုးနဲ့လည်း ဘာသိဘာသာ နေတတ်တယ်။ ချစ်ခြင်းမေတ္တာကို မဖော်ထုတ်ပြတတ်သူ။

      ငွေတိုးကတော့ ဇွတ်တရွတ်သမား။ သူလုပ်ချင်တာကို ဖြစ်အောင်လုပ်တတ်သူ။ သူ ပြောချင်တာဆို တားမရစီးမရ ပြောချတတ်သူ။  ကလေးတစ်ယောက် အဖေ ဖြစ်နေတာတောင် တစ်ခါတစ်ခါ ကလေးဆန်ချင် နေသေးသူ။  ရွှေတိုးက ငယ်ငယ်လေးထဲက တဇွတ်ထိုးလုပ် တတ်တယ်။ သူ့ကို ဂရုစိုက်မှ ကျေနပ်တယ်။ သူလုပ်ချင်တာဆို   ဖြစ်အောင်လုပ်တတ်တယ်။ သူ့ကို ချီးမွမ်းမှ သဘောကျတယ်။ ကျုပ်ရင်ခွင်ထဲ အခုအချိန်အထိ တိုးဝှေ့ဝင်ချင် ၀င်နေတတ်တဲ့သူ။ ငယ်စဉ်ကထဲကနေ အခုအချိန်အထိ ကွဲပြားတဲ့ စရိုက်အောက်မှာ မောင်နှမနှစ်ယောက် ချစ်ကြပေမယ့် တကျက်ကျက် ရှိနေခဲ့ကြတယ်။

         သားမက်နဲ့ ချွေးမက အေးအေးဆေးဆေး နေတတ်သူတွေမို့လို့သာ မိသားနှစ်စုနဲ့ ဒီအိမ်ခေါင်းလေးထဲ ကျုပ်နေနေလို့ ရနေတာ။ မြေးတွေကလည်း ကျုပ်အတွက် အသက်ရှည်ဆေးတွေပါဘဲ။ တီတီတာတာ ပြောတတ်တဲ့အရွယ်ရောက်နေတယ် ငွေတိုးရဲ့ သမီးလေးကတော့ ကျုပ်အသည်းပေါ့။ ကျုပ်ကိုယ်တိုင်ကတော့ သည်းဖြူရှိကတည်းက အစဉ်အဆက် လုပ်ပေးခဲ့ရတဲ့ အမှုသည်များအတွက် မိသားစုရှေ့နေလို ဖြစ်နေတော့၊ ဘာပဲဖြစ်ဖြစ် ဒီအလုပ်လေးတွေ ရှိနေသရွေ့တော့ ကျုပ်စိတ်တွေ မလေနေတော့ဘူးပေါ့။ ကျုပ် စာချုပ်စာတမ်း ရေးလို့ရနေတဲ့ ပိုက်ဆံလေးနဲ့ ကျုပ်ဘာသာ စားချင်ရာစား၊ လှူချင်ရာလှူ၊ ကျွေးချင်တာကျွေး လုပ်နေနိုင်တာမို့ ဒီပညာကို သင်ပေးခဲ့တဲ့ ဇနီးသည် သည်းဖြူကို အဖန်ဖန်အခါခါ ကျေးဇူးတင်နေမိတယ်။

      တစ်ရေးအိပ်မောကျနေတဲ့ ကံကြမ္မာက ကျုပ်ကို တဖန်ပြန်ထိုးနှက်ပြန်လေတယ်။ တစ်မနက်ခင်းမှာ၊ အိပ်ရာကနိုးချိန် ကျုပ်ခန္ဓာကိုယ်တစ်ခြမ်းလုံး လှုပ်လို့ မရတော့ဘူး။ ကပ်လျှက်ရှိတဲ့ ငွေတိုးတို့ အိပ်ခန်းနံရံကို လှုပ်လို့ရသေးတဲ့ ခြေတစ်ဖက်နဲ့ ကန်ကျောက် နှိုးရတယ်။ မိသားစုဝင်အားလုံး ကျုပ်ကုတင်အနား ရောက်လာ ချိန်မှာတော့ ၀မ်းနည်းစိတ်တွေကို ကျုပ် မြိုချပစ်လိုက်ရတယ်။ ကျုပ်မသေချင် သေးဘူး။ ဒါပေမယ့် သေမင်းက ခေါ်ချင်နေပြီလားမသိ။ အင်္ဂလိပ်ဆေး၊ မြန်မာတိုင်းရင်းဆေးနဲ့ ဖိဖိစီးစီး ကုသပြီး သုံးလလောက်အကြာမှာတော့ ခန္ဓာကိုယ်လေတစ်ခြမ်းဖြတ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့သော်ငြား၊ ဆေးကုသစဉ်က ကုန်ကျငွေများ နှင့် ယခင်လို စိတ်ရောကိုယ်ပါ သွားလာခွင့်တွေ ကျုပ်မှာ  ဆုံးရှုံးကုန်ခမ်းခဲ့ရတယ်။ ကျုပ်မှာ သွေးတိုးရောဂါက အမြစ်တွယ်နေပြီလေ။ ကံမကောင်းရင် နောက်တစ်ကြိမ်   လေထပ်ဖြတ်နိုင်တဲ့ အခွင့်အလမ်းက ကျုပ်မှာ ရှိနေပြီ။ သေမင်းက ကျုပ်ကိုခေါ်ယူဖို့ အသင့်စောင့်နေပြီ။

          ဒီတော့ ကျုပ်မှာ အချိန်ပြည့် ဂရုတစိုက် နေနေရတယ်။ ကျုပ်အလုပ်တွေကို လုံးဝ ရပ်လိုက်ရတယ်။ ကျုပ်အချိန်နဲ့ စားရတယ်။ အချိန်နဲ့ အိပ်ရတယ်။ အချိန်နဲ့ ဆေးသောက်ရတယ်။ အချိန်နဲ့ သွေးပေါင်ချိန်ရတယ်။ အဲ့ဒီလို အခြေအနေနဲ့ ကျုပ်ရဲ့နိစ္စဓူဝ ကိစ္စအထွေထွေကို မိသားစုတာဝန်၊ ကလေးတာဝန်များ၊ အလုပ်တာဝန် တွေ ပိနေကြတဲ့ ရွှေမိုးနဲ့ ငွေတိုးတို့ အဆင်ပြေသလို တာဝန်ယူဆောင်ရွက်ပေးနေပေမယ့် ရံဖန်ရံခါ သူတို့ စိတ်မရှည်ပေးတာကို ကျုပ်နားလည်ပေးနိုင်ပါတယ်။ လေဖြတ်ဘူးတဲ့ လေသမားဆိုတော့ ကျုပ်စိတ်တွေက အရင်လို မဟုတ်တော့ဘူး။ လေသမားတွေရဲ့ ထုံးစံအတိုင်း စိတ်မကောင်းတာများ မြင်ရ ကြားရရင် ထစ်ဆို ငိုချင်သလိုလို ၀မ်းနည်းသလိုလိုနဲ့ စိတ်တွေက ချိနဲ့နဲ့။

   ရွှေမိုးက ရုံးအလုပ်တစ်ဘက်နဲ့ သူ့ကလေး ကျောင်းကိစ္စတွေနဲ့ လုံးချာလည်လိုက်နေသလို၊ ငွေတိုးကလည်း သူ့ကိုယ်ပိုင်ဗီဒီယို ဖြန့်ချီရေး လုပ်ငန်းလေး အောင်မြင်လာကာစမို့  နေ့ရောညပါ အားစိုက် လုပ်နေရ ပြန်တာမို့ သူတို့ ကျုပ်ကို ဂရုမစိုက်အားကြပေမယ့် ကျုပ်လည်း မြေးတွေနဲ့ နေတတ်သလို နေခဲ့ပါတယ်။ ကျုပ် ဘာစားချင်တယ်၊ ကျုပ် ဘယ်သွားချင်တယ်ဆိုတာမျိုး တစ်ခါမှ မပူဆာခဲ့ဘူးပါဘူး။ ကျုပ်အသက်က အိုပယ်၊ မီးစာကုန်ဆီခမ်းချိန် ရောက်နေပြီလေ။ ကလေးတွေ တာဝန်နဲ့ ဒီနေ့   ခေတ်ကာလကြပ်ကြီးမှာ ရုန်းကန်နေရတဲ့ သားနဲ့သမီးတွေကို ကျုပ်ကြောင့် ၀န်ထုတ်ဝန်ပိုး မဖြစ်စေချင်ဘူး။ ကျွေးတာစား၊ လိုအပ်လို့ လုပ်ပေးတာ လောက်ပဲ ခံယူလိုက်တယ်၊ မလုပ်ပေးလို့လဲ  တတ်နိုင်သမျှ ဘာဆိုဘာမျှ မတောင်းဆိုချင်တော့။

        အဲ.. ခြွင်းချက်အနေနဲ့ ကျုပ်မဖြစ်မနေ သားနဲ့သမီးကို တောင်းဆိုမိတာ တစ်ခုတော့ရှိတယ်။ အဲ့တာက ညအိပ်ရာဝင်ကာ နီးတိုင်း သွေးပေါင်ချိန် တိုင်းပေးဖို့ပါဘဲ။ ကျုပ်ပြနေတဲ့ဆရာဝန်ကြီးက ညစဉ် သွေးပေါင် ချိန်ခိုင်းတယ်။ သွေးတက်နေခဲ့ရင် သူပေးထားတဲ့ ဆေးကို ကျုပ်သောက်ရတယ်။ မတက်ရင်တော့ မနက် အိပ်ရာနိုးလာချိန် သူသတ်မှတ်ပေးထားတဲ့ ဆေးကို   နေ့စဉ် ပုံမှန်သောက် ရတယ်။ ဒီတော့ ကျုပ်ကို သွေးပေါင် ညစဉ်ချိန်ဖို့ သွေးပေါင်တိုင်းကိရိယာနဲ့ ဆရာဝန်သုံးနားကြပ် ၀ယ်ထားရတယ်။ ရွှေမိုးနဲ့ ငွှေတိုးတို့က သွေးပေါင် ချိန်နည်းကို ဆရာဝန်ဆီက သင်ယူထားကြတယ်။ ရွှေမိုးက အိမ်မှာ အမြဲရှိတတ်သူဆိုတော့ သူက များသော အားဖြစ် ချိန်ပေးတာများတယ်။ ငွေတိုး အိမ်ပြန်စောတဲ့ ညများနဲ့ ကြုံရင်တော့ ငွေတိုးကိုပဲ ချိန်ခိုင်းဖြစ်တယ်။ အတ္တကြီးတယ်ပဲဆိုဆို ကျုပ် အသက်ရှည်ရှည် နေချင်သေးတယ်။

         ခန္ဓာကိုယ်လေတစ်ခြမ်း ဖြတ်ထားဖူးတာမို့ ကျုပ်အဲ့ဒီလို ထပ်ဖြစ်မှာ သိပ်စိုးရိမ်မိတယ်။ အငြိမ်မနေ တတ်သူမို့ လေဖြတ်ချိန် အိပ်ရာထဲ မလှုပ်မယှက် လဲနေရတုန်းကများ၊ စိတ်ဓာတ်အတော့်ကို ကျမိတယ်။ သေချင်ရင်လည်း ငေါက်ခနဲသာ သေလိုက်ချင်မိတယ်၊   နောက်တစ်ကြိမ် အိပ်ရာထဲ ကျောပူနာထအောင် အိပ်နေရ တာမျိုးတော့ ကျုပ်အတော့် ရွံ့သွားမိပြီ။ ဒီတော့ ကျုပ် တစ်ညမပျက် သွေးပေါင်ချိန်ပြီးမှ အိပ်တယ်။ သွေးပေါင် မချိန်ပြီးသရွေ့ ကျုပ်အိပ်မပျော်နိုင်ဘူး။ အဲ့တာကိုပဲ စိတ္တဇလို့ ကျုပ်ကို သူတို့ ထင်နေသလား မသိပါဘူး။

    အချိန်က မနည်းတော့ဘူး။ ခုနကတင် သမီး ရွှေမိုသည်းက ကျုပ်ကို သွေးပေါင် ချိန်ပေးခဲ့ပြီးပြီ။ သွေးပေါင်ချိန်က ပုံမှန်ဆိုလို့ ဆေးသောက်စရာ မလိုတော့။ ဒီည သားမက်ဖြစ်သူ သူ့ရွာကအပြန် သယ်လာတဲ့ ငါးရံ့ခြောက်မီးဖုတ် ဆီဆမ်းလေးနဲ့ ထမင်းစားတာ နည်းနည်း များသွားလို့လား မသိ။ မျက်လုံးက စင်းကျနေ လေပြီ။ ရွှေမိုးကို ကြည့်လိုက်တော့ သူက သားဖြစ်သူ မနက်ဖြန် ဖြေမယ့် စာမေးပွဲအတွက် ဆူလိုက်ဆဲလိုက် စာသင်လိုက်နှင့်။ အိပ်မယ်ဆို အိပ်လို့ရပေမယ့် ကျုပ်မအိပ်ချင်သေးဘူး။ ညဘက် အားဆေးလည်း သောက်ပြီးပြီ။ အံကပ်နဲ့ အာခံတွင်းလည်း ဆေးကြောပြီးပြီ။

           ငွေတိုးရဲ့သမီး ငါးနှစ်အရွယ် မြေးမလေးက ကျုပ်အခန်းထဲ ၀င်ချလာပြီး ကျုပ်ကုတင်ဘေးနား လာရပ်ပြီး “ဘိုးဘိုး… အိပ်သေးဘူးလား” လို့ လာမေးတယ်။ ဒီမြေးမလေးက ကျုပ်အသည်းအိုးလေး။ ကျုပ်အနား အခုလိုပဲ ကပ်ပြီး ချွဲနွဲ့နေကျ။ “ဗျာ… ဘိုးဘိုးမအိပ်သေးပါဘူးဗျ” လို့ ပြောရင်းက နံရံက နာရီကို လှမ်းကြည့် လိုက်တော့ ညကိုးနာရီထိုးဖို့ ငါးမိနစ်သာသာ။ “မြေးလေး အိပ်ချိန်ရောက်ပြီလေ …အိပ်တော့” လို့ပြောတော့ ခေါင်းလေးခါယမ်းလို့ “ ဟင့်အင်း… မီးမီး.. ဖေဖေ့ကို စောင့်နေတာ” လို့ ပြောတယ်။ ချွေးမဖြစ်သူက အခန်းထဲ ၀င်လာပြီး မြေးလေးကို လာခေါ်တာမို့ “ ငွေတိုးပြန်လာရင် အဖေ့ အခန်းထဲ လွှတ်လိုက်ဦး” လို့ မှာမိတယ်။

        အိပ်ရာထဲ လှဲအိပ်နေရပေမယ့် ကျုပ်အိပ်လို့ မပျော်နိုင်သေးဘူး။ ဆယ်နာရီတောင် ထိုးတော့မယ်။ ကလေးတွေ အိပ်သွားတော့ အိမ်က တိတ်ဆိတ်သွားတယ်။ ရွှေမိုးက မီးဖိုထဲမှာ နောက်တစ်နေ့မနက် သူ့ယောကျာ်းထမင်းဘူးအတွက် တချွတ်ချွတ်နှင့် ကြိုတင် ပြင်ဆင်နေပုံရသည်။ အသက်ကြီးလာတော့ အအိပ်အနေလဲ နည်းလာတယ်။ ချွတ်ခနဲအသံကြားရရင် မျက်လုံးတွေကြောင်ပြီး တော်တော်နဲ့ ပြန်အိပ် မပျော်ချင်တော့ဘူး။ ငွေတိုးတစ်ယောက် အခုတစ်လော အိမ်အပြန် သိပ်နောက်ကျတယ်။ ပြောပြန်ရင်လည်း သူက အလုပ်တွေ ဘယ်လို ညဥ့်နက်တဲ့အထိ လုပ်ရတယ်၊ အဖေမသိပဲ ကျွန်တော့်ကို မပြောပါနဲ့ဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်ဦးမယ်။ သားသမီးတွေ အသက်ကြီးလာပေမယ့် မိဘဆိုတာမျိုးက သူတို့ သားသမီးများဆို ကလေးလို့သာ ထင်တတ်ကြတာကလား။

      တစ်အောင့်နေတော့ စကားပြောသံတွေနဲ့အတူ တံခါးဖွင့်ပေးသံပါ ကြားလိုက်ရတယ်။ အင်း… ငွေတိုး အိမ်ပြန်ရောက်လာပြီပဲ။ ကျုပ် ညတိုင်းချနေကျ သက်ပြင်းကို အသာအယာ ဖွဖွချလိုက်မိတယ်။ ချွေးမဆီက “အဖေက ပြန်ရောက်လာရင် သူ့ဆီ လာတွေ့ဦးတဲ့” လို့ ပြောလိုက်သံ ကျုပ်ကြားလိုက်ရတယ်။ တစ်ခဏနေ တော့ ငွေတိုး ကျုပ်ကုတင်နဘေး ရောက်လာတယ်။

          “ အဖေ… ဘာဖြစ်လို့လဲ”

         “ ငါ့ကို သွေးပေါင် ချိန်ပေးစမ်းပါဦးကွာ”

         “ ဟင်.. ဒီအချိန်အထိ အဖေ့သမီးက မချိန်ပေးဘူးလား”

            ငွေတိုးအသံအဆုံး မီးဖိုထဲက ကြားလိုက်ပုံရတဲ့ ရွှေမိုးက -

    “ ရှစ်နာရီလောက်ထဲက ချိန်ပေးထားပြီးသား၊ သွေးပေါင်ချိန်က ပုံမှန်ပဲ” လို့ လှမ်းပြောလိုက်တယ်။

            အဲ့ဒီမှာ ကျုပ်မျှော်လင့်ထားသလိုပါဘဲ ငွေတိုးပါးစပ်က ကျွတ်ခနဲမြည်လျှက်-

    “ ကျွတ်… အဖေကလည်းဗျာ.. . အဲ့ဒီလို ခဏခဏ လုပ်တယ်၊ ချိန်ပြီးသားကိုပဲ ထပ်ချိန်ခိုင်းနေပြန်ပြီ၊ သားအခုမှ အပြင်က ပြန်လာတာ သိရက်နဲ့၊ ဒီမှာ အ၀တ်တောင် မလဲရသေးဘူး ”

           “ ငါ..ခေါင်းလေးနည်းနည်း လေးချင်လာသလိုမို့ပါကွာ”

             မီးဖိုထဲက ရွှေမိုးလည်း ကျုပ်အခန်းဝ ရောက်လာတယ်။

             “ အဖေ.. သွေးပေါင် သမီးချိန်ပေးထားလည်း အဖေ အမြဲနီးပါး ငွေတိုးကို ပြန်ချိန်ခိုင်းတယ်၊ အဖေက သမီးချိန်ပေးတာကို မယုံကြည်ဘူးလား၊ ဒါဆို နောက်ဆို အဖေ့သားကို အိမ်စောစော ပြန်လာလိုင်း၊ သူ့ကိုပဲ ချိန်ခိုင်း”

    ရွှေမိုးက မျက်နှာမကောင်းလှပဲ ၀င်ပြောပြီး နေရာက လှည့်ထွက်သွားတယ်။ “မဟုတ်ပါဘူးသမီးရယ်” လို့ စိတ်ထဲကသာ ကျုပ် ပြောလိုက်နိုင်ပါတယ်။ ကျုပ်ရင်ထဲ ဘာရယ်မှန်းမသိ တအိအိနဲ့  ခံစားလာရတယ်။

                “ ကဲ.. အစ်မ ချိန်ပေးပြီးပြီဆိုရင်လည်း အဖေ… အိပ်တော့၊ အချိန် မနည်းတော့ဘူး”

            ခေါင်းရင်းမီးခလုတ်ကို ငွေမိုးက လှမ်းပိတ်ပေးပြီး ကျုပ်အခန်းထဲက လှည့်ထွက်သွားတယ်။ ကျုပ်နားထင်မှာ တထိတ်ထိတ်နဲ့ သွေးတွေခုန်လာသလိုလို။  အခုမှ သွေးတွေများ တကယ် တိုးလာနေလေ သလား မသိပါဘူး။ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားမိတယ်။ အသက်ခွန်နှစ်ဆယ်ကျော် အဖေအိုကြီးကျုပ် သူငယ်များ ပြန်လေသလား၊ ဒါမှမဟုတ် အလိုက်ကန်းဆိုးမသိ သားသမီးတွေကို ခိုင်းနေမိတာလား။ ဟင့်အင်း.. ကျုပ် သမီးတွေ သားတွေရဲ့ ဂရုစိုက်ခံချင်နေမိတာပါ။ မီးအမှောင်ထဲမှာ ခြင်ထောင်အမိုးပျပျကို ကြည့်နေရင်း မေးခွန်းတွေနဲ့ လုံးထွေးရစ်ပတ်နေတုန်း ကျုပ်နားထဲ တစ်ဘက်အခန်းက သား ငွေတိုးရဲ့အသံက ၀င်လာတယ်။

                       “ ဖေဖေ့သမီးလေး ဖေဖေ့ဆီလာပါဦး”

      “ သမီး.. ဖေဖေခေါ်နေတယ်လေ.. လာပါဦးကွယ်၊ ဖေ့သမီးကို အမောပြေ အာဘွားပေးချင်လို့ပါ”

                       “ သမီး.. ဖေဖေ ခေါ်နေတယ်လေ”

    “ကိုကလဲ အသံပြဲကြီးနဲ့… တိုးတိုးပြောတာမဟုတ်ဘူး.. တစ်ဘက်ခန်းက အဖေအိပ်မရ ဖြစ်နေပါဦး မယ်”

     “မင်းရဲ့သမီးက အခုမှ လက်တောက်လောက်လေး ရှိသေးတယ်.. ပေကပ်ကပ်နဲ့ လုပ်နေတာကြည့် ”

          “ သြော်.. ကိုက တစ်နေ့လုံး အလုပ်မှာပဲ၊ နောက် ညဆိုလည်း ညဥ့်နက်မှ ပြန်လာတော့ သမီးက မကပ်တာလဲ ပြောမနေနဲ့လေ၊ ကဲ.. သမီး ဖေဖေ့ဆီ ခဏသွားလိုက်နော် ”

     သားဖြစ်သူနဲ့ ချွေးမတို့ အပြန်အလှန် ပြောနေတာကို နားမစွင့်ပဲနဲ့ ကျုပ်ကြားနေရတယ်။ မြေးမက သူ့အဖေအနား ရောက်သွားပြီလား မသိဘူး။ အဲ့ဒီမှာ မြေးမရဲ့အသံတိုးတိုးလေး ထွက်လာတာကို ကျုပ် နားမစွင့်ပဲ ကြားလိုက်ရတယ်။

          “ ဖေကြီး… ဘိုးဘိုးကြီး သနားပါတယ်၊ ညဘက် ဘိုးဘိုးကြီး မအိပ်သေးလို့ မီးမီး သွားမေးတိုင်း အမြဲ ဖေကြီးကို စောင့်နေတယ်လို့ ပြောတယ်၊ ဒီကောင် နောက်ကျလိုက်တာ.. လမ်းမှာ ဘာများဖြစ်နေလဲမသိဘူးဆို အမြဲပြောတယ်”

      “ အင်းလေ… အဖေက စိတ်ပူနေတာနေမှာပေါ့၊ အဲ့ဒါကို ကိုက သွားအော်နေသေးတယ်၊ အစ်မက လုပ်ပေးပြီးပေမယ့် အဖေက ကိုဂရုစိုက်တာကိုလဲ ခံချင်လို့ နေမှာပေါ့..”

    မြေးလေးနဲ့ချွေးမအသံတိတ်သွားတော့ ငွေတိုး ဘာများပြောလာလေမလဲလို့ ကျုပ်နားစွင့်လိုက် မိတယ်။ ဒါပေမယ့် ကျုပ်ကြားလိုက်ရတာက စကားကြွယ်တဲ့ မြေးမလေးဆီက။

       “ ဖေကြီး… မီးမီးကို ကတိပေး၊ ဖေကြီးလည်း ဘိုးဘိုးကြီးလို အသက်ကြီးလာရင် သွေးတိုးရောဂါ မဖြစ်ပါဘူးလို့..”

        “ ဟ..ဖေကြီးသမီးက အခုထဲက ဖေကြီးကို စိတ်ပူနေပါလား”

  “ဟင့်အင်း.. စိတ်ပူတာမဟုတ်ပါဘူး၊ မီးမီး အသက်ကြီးလာလို့ ဖေကြီးလိုမျိုး အိမ်ပြန်နောက်ကျခဲ့ရင်၊ ဘိုးဘိုးကြီးလို ဖေကြီး စိတ်ညစ်နေရမှာစိုးလို့ပါ…”

          ကျုပ်… ကျုပ်လေ ငွေတိုးရဲ့ နှုတ်က ဘာများ ပြန်ပြောလိက်လေမလဲလို့ နားစွင့်နေခဲ့ပေမယ့် ကျုပ်သာ အိပ်ပျော်သွားတယ်၊ နောက်ထပ် ဘာဆိုဘာသံမှ မကြားလိုက်ရပါဘူး။

      အဲ့ဒီညက ကျုပ် အိပ်လို့ ကောင်းကောင်း မပျော်ခဲ့ဘူး။ ဒါပေမယ့် မနက်ဘက်မှာ သက်ကြားအိုတို့ရဲ့ ထုံးစံအတိုင်း ကျုပ်စောစော နိုးနေတယ်။ ထူးထူးခြားခြား ဒီမနက် ကျုပ် အိပ်ရာနိုးလာတော့ နေမြင့်မှ အိပ်ရာထ တတ်တဲ့ ငွေတိုးတစ်ယောက် နိုးနှင့်နေပြီ။ မနက်တိုင်း အသင့်ပြင်ထားတဲ့ ကော်ဖီနဲ့မုန့်ကို တစ်ဦးထဲထီးထီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ ကျုပ် စားနေကျပါ။ ဒီမနက်တော့ ထူးထူးခြားခြား ကျုပ်နဲ့အတူ မနက်စာ ထမင်းစားပွဲမှာ ငွေတိုးရော၊ မြေးမလေးပါ ထိုင်လို့။

            ငွေတိုးက ကျုပ်ရှေ့က ကော်ဖီပန်းကန်ထဲ ကော်ဖီဖြည့်ပေးရင်း “အဖေကြိုက်တတ်တဲ့   နွားနို့စိမ့်စိမ့်လေးနဲ့ ကျွန်တော်ဖျော်ထားတာ” လို့ ပြောလာတယ်။ ထူးထူးဆန်းဆန် မလုပ်စဖူးမို့ ကျုပ် မျက်မှောင်တွေတောင် ကျုံ့သွားရတယ်။ ရွှေမိုးကလည်း  အရင်လို စားစရာကို ထမင်းအုပ်ဆောင်းအောက် ထားထားပေးယုံ မဟုတ် “အဖေကြိုက်တဲ့ ပေါင်မုန့်မီးကင်   ထောပတ်သုတ်လေး သမီးလုပ်ထားတယ်” ဆို ၀င်ပြောပြတယ်။ ငွေတိုးရဲ့ ကော်ဖီလေးက စိမ့်ချိုနေတယ်။ ရွှေမိုးရဲ့ ပေါင်မုန့်မီးကင်ကလည်း မီးသင်းနံ့လေးက ကျုပ်နှာဖျားမှာ   မွှေးပျံ့နေတယ်။ ပေါင်မုန့်မျက်နှာပြင်မှာ ပါးပါးလေးသုတ်ထားတဲ့ ထောပတ်ရဲ့အရသာကလည်း ဒီနေ့မှ ကျုပ်ရဲ့ လျှာဖျားထဲ ပိုစိမ့်နေသလိုလို။

        ကျုပ်အသည်းကျော် မြေးမလေးက သူ့အဖေ ငွေတိုးကိုတစ်လှည့်၊ အဘိုးဖြစ်တဲ့ ကျုပ်မျက်နှာကို တစ်လှည့် ရွှန်းရွှန်းစားစားနဲ့ ကြည့်နေလိုက်တာများဗျာ…. ။

Image5214<၂၀၁၃၊ ဇူလိုင်လ၊ ရတီမဂ္ဂဇင်းနှင့် အွန်လိုင်းရသစာစုများ စုစည်းမှုဖြစ်သည့် မိုင်တိုင်နှစ်ဆယ်စာအုပ်တွင် ပါဝင်ခဲ့သည်။>


ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ပုံနှိပ်စာမျက်နှာပေါ်မှစာမူများ, ၀တ္ထု. Bookmark the permalink.

11 Responses to အစုန်မှာ အဆန်ဆင့်ပါလို့

  1. ကူးကူးလှိုင် says:

    အစ်မရယ် ပေးထားတဲ့ခေါင်းစဉ်နဲ့ အရမ်းကိုလိုက်ဖက်လှပါတယ် အရမ်းလဲသဘောကျတယ်အစ်မ အသက်ကြီးလာတဲ့ မိဘတွေအပေါ် ကိုယ်ချင်းစာတရားထားပြီး နွေးထွေးဖို့ သင်ခန်းစာလေး…

  2. တိမ်လွှာ says:

    သွေးးးးရေ
    အရမ်းကောင်းတာပဲ

  3. Ma Ei Kme says:

    တအားကောင်းတာပဲ အစ်မရေ . . . ဇာတ်လမ်းအစကနေ အဆုံးထိ မျောသွားတာပဲ . . .

  4. ထပ်ပြီးဖတ်ဖြစ်ပါတယ် ။ သံယောဇဉ်အဖွဲ့ဟာ စိတ်ချမ်းမြေ့စရာ …

  5. ကိုယ်ချင်းစာစိတ်ကလေး ၀င်သွားတယ်။
    နင့်နင့် သည်းသည်းပါပဲ အမရယ်။

  6. မောင်မျိုး says:

    တော်ပါသေးရဲ့ဗျာ ပျော်စရာ စိတ်ချမ်းသာစရာလေးနဲ့ ဇတ်သိမ်းပေးလို့ စာရေးသူကို ကျေးဇူးတင်ပါတယ်ဗျာ ။

    အဖိုးကြီးဖြစ်မှာတောင် ကြောက်လာပြီ ။

  7. mayzon says:

    ပျော်စရာနဲ့ ဇာတ်သိမ်းပေးတာ ကျေးဇူးတင်ပါတယ်အစ်မရေ.ကိုယ်ချင်းစာပါတယ.်
    ဖေကြီးလည်း အဲ့လိုပဲ..5 မိနစ်တခါသွေးပေါင်ချိန်တယ်… တခါတလေ ပိုလိုက်တာလို့ ထင်မိပါတယ်.
    ခုတော့…….:(
    ကျေးဇူးပါ မရေ……..

  8. အစ်မရေ.. မိုင်တိုင်နှစ်ဆယ်မှာ ဖတ်ပြီးသားပေမင့် အခုထပ်ဖတ်ရတော့လည်း မျက်ရည်တွေ ဝဲတက်လာခဲ့ရတယ်။ အရင်တစ်ခါ ဖတ်တုန်းကနဲ့မတူဘဲ ရင်ထဲမှာ နာကျင်ဝမ်းနည်းနေတာကတော့ အခုတလော အိမ်ကိုလွမ်းနေတဲ့စိတ်ကြောင့်ပါ။ အစ်မဝတ္တုကလေးက လွမ်းသူကို ပိုပြီး အလွမ်းပူမိစေတယ်။ ဒီဝတ္တုလေးကို အစ်မရေးသမျှထဲမှာ အကြိုက်ဆုံး ဖြစ်သွားပြီ အစ်မရေ။

  9. KhineKhine says:

    ဆရာမ! ဆရာမရေးထားတာ အရမ်းကြိုက်သွားပြီ…. ဖတ်လို့ကောင်းလို့ ဆက်ဖတ်ရင်း ဖတ်ရင်း နောက်ဆုံးပြီးကာနီးမှ အဆုံးထိဖတ်မိမှန်းသတိထားမိတော့တယ်… :D

  10. SYW says:

    အမ ရေးထားတာလေးအရမ်းကောင်းတယ်နော်။
    အဖေနဲ့အမေတူတူဘဲနော်။ တစ်ဂိုဏ်းထဲ ထားရမယ်။
    ညီမလဲ ကြိုးစားဖို့လိုသေးတယ်။ အဝေးမှာနေရပေမဲ့ အမေအမြဲပြောတယ်။
    အမေမရှိတော့ရင် မလိမ္မာတဲ့သမီးအတွက်ဆုံးရှုံးမှုဘဲတဲ့။
    တကယ် ဝမ်းနည်းမိတယ် ၊ တခါတလေ အမေ့ကို ပြန်ပြန်ပြောမိတယ်။
    ခဏခဏရှိခိုးတောင်းပန်တာထက် ပြန်မပြောမိအောင်နေရမယ်နော်။ အမေအသက်ကြီးပြီ။

  11. NandaHlaingWin says:

    Very Very Very nice

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>