အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ် (Tag Post)

Number of View: 6671

အစ်မသက်ဝေ၏ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန် Tag Postအား ချစ်ခင်ခြင်းများစွာဖြင့် ရေးရန် မနေ့က တစ်နေ့လုံးအားယူခဲ့သော်ငြား၊  မြကျွန်ုပ် အလုပ်ရှုပ်နေလိုက်သည်မှာ ယခုတော့ ၂၈.၈.၂၀၁၃မှ ရေးနိုင်ချေပေပြီ။ သို့ကမို့ ကိုညီလင်းသစ်ခေါင်းစဉ်ပေးသကဲ့သို့  “အိတ်မှောက်သွန်ပစ်၊ နှစ်ဆယ့်ရှစ်” ဟုပင် ဘလော့ဂ် ခေါင်းစည်းကို ခွင့်မတောင်းပဲ ခပ်တည်တည် ,ယူကာ ကဗ္ဗည်း ထိုးလိုက်ရတော့၏။ (ကိုညီရေ… ခွင့်လွှတ်…)  :D

အနှီ Tag Postအတွက် အရေးတကြီးလိုအပ်သည့် ဓာတ်ပုံရိုက်ခြင်းအမှုအား မြကျွန်ုပ် သတိရချိန်အခါသမယသည် မြန်မာစံတော်ချိန်အားဖြင့် ယမန်နေ့ညက အချိန်၁၁နာရီပင် ထိုးချေရော့မည်။ 5 Plus Channel မှ ၉၄ပိုင်းတိတိ ရောက်နေပြီဖြစ်သော ကိုရီးယားနန်းတွင်း အခန်းဆက်ဇာတ်လမ်းတွဲကြီးကို ကြည့်ပြီးချိန်ဟု ဆိုလျှင်လည်း မမှားပါချေ။

အိပ်ရာဝင်ချေတော့မည်ဟု ခြင်ထောင်လေးမစဉ် မြကျွန်ုပ် စိတ်ဝယ် “အိတ်သွန်ဖာမှောက်” “အိတ်သွန်ဖာမှောက်”ဆိုသည့် စကားလုံး ရုတ်တရက် ၀င်ရောက်လာပြီးသကာလ၊ မှန်တင်ခုံပေါ်တွင် စံမြန်းနေသည့်၊ နှစ်ဝက်မျှမက သုံးနေသည်မှာ ကြာမြင့်နေပြီဖြစ်သည့် လက်ဆွဲအိတ်ကို ညာလက်ဖြင့် ကသောကမျော ဆွဲယူ၊ အခန်းထောင့်မှာ ထောင်လိပ်ထားသည့် သင်ဖျူးကို ဘယ်လက်ဖြင့် ဒရွတ်တိုက်ဆွဲ၊ အိမ်ရှေ့ခန်းသို့ ရုတ်ချည်းအသော့နှင်လိုက်သည်တွင် အိမ်ဦးနတ်သည်လည်း အိပ်ရာမှ လန့်ဖျတ်ထ၊ မြကျွန်ုပ်၏ အနောက်မှ ထပ်ချပ်မကွာ လိုက်ချလာလေ၏။

ဤသို့ မကြာခဏ ကြောင်တောင်တောင်အပြုအမူများ လုပ်လေ့ရှိသည့် မြကျွန်ုပ်၏စတိုင်ကို အသားကျ၊ နောကျေနေသည့် အိမ်ဦးနတ်လည်း အလိုက်တသိ ဘာမျှ မေးခွန်းမထုတ်ရဲ၊ မြကျွန်ုပ် လုပ်နေသည်ကို မနီးမဝေးမှ တစ်စုံတစ်ခုခု ရှာနေသလိုလို အသွင်ယူကာ အကဲခတ်နေချေသည်တမုံ့။ တစ်ခုခုလုပ်ချင်ပြီဆိုလျှင် ဘယ်ပတ်ဝန်းကျင်မှ မကြည့်ပဲ၊ မရရအောင် လုပ်တတ်သူဖြစ်လေရာ ဖျာကိုခင်း၊ လက်ကိုင်အိတ်၏ဇစ်ကိုဖွင့်၊ ရုတ်တရက် အိတ်ကို ဇောက်ထိုးကိုင် မှောက်ချလိုက်ရာ အိတ်အတွင်းမှ စုံစီနဖာ၊ တိုလီမုတ်စ၊ ကွိစိကွစများသည် သင်ဖျုးဖျာပေါ်သို့ ဖျောခနဲ ဖျောခနဲ ထွက်ကျလာတော့သည်။ ညအချိန်မတော် မြကျွန်ုပ်၏ အနှီသို့ လုပ်ဆောင်မှုကြောင့် အိမ်ဦးနတ်၏ မျက်လုံးများသည် ပြူးကျယ်ဝိုင်းစက်သွားလျှက်က မ၀ံ့မရဲလေသံဖြင့် “ အချိန်မတော်ကြီး ဘာပျောက်လို့လဲ၊ မထိတ်သာ မလန့်သာ ရှိလိုက်တာကွာ ”လို့ လေပြည်ပျော့လေးကို တုန်ချိစွာ သွေးရှာ၏။

မြကျွန်ုပ်လည်း အိမ်ဦးနတ်၏ လေသံကြောင့် ရယ်ချင်စိတ်ကို ကြိတ်မှိတ်၊ ရုပ်ကို အတည်ပေါက်ဖမ်းကာဖြင့် “ဟိုပေါ်က ဖုန်းလေးတစိတ် လှမ်းပေးပေးပါ” လို့ ပြောလိုက်ရာ အိမ်ဦးနတ်မှာ ညအချိန်မတော် ဘယ်သူ့များ ဖုန်းဆက်လေဦးမည်လဲဟု ဇဝေဇ၀ါအတွေးတို့ဖြင့် စာအုပ်စင်ပေါ်တင်ထားသည့် လက်ကိုင်ဖုန်းကို လှမ်းယူပေးလေ၏။

သို့နှင့် ခင်းထားသည့် သင်ဖျူးဖျာပေါ်တွင် လက်ကိုင်အိတ်အတွင်းမှ ပစ္စည်းများကို အလျဉ်းသင့်သလို စု၊ ဖုန်းကင်မရာလေးဖြင့် တဖျတ်ဖျတ်ရိုက်ခြင်းအမှု ပြုနေသည့် သကာလ၊ စောဖေက နောကျေနေပြီးဖြစ်သည့် အိမ်ဦးနတ်မှာ ကနဦးအစမူလက စိုးရိမ်နေသည့် အလုံးကြီးသည် ဂလုခနဲကျသွားပုံရပြီး၊ အလိုက်တသိပင် မြကျွန်ုပ် ဓာတ်ပုံရိုက်နေစဉ် အလင်းရောင်ရလေအောင် နေရာဖယ်ပေးခြင်း၊ ပစ္စည်းများကို အဆင်ပြေစေရန် ဟိုသည်ကူရွှေ့ပေးခြင်း၊ ပို့စ်တင်ဖို့ မဟုတ်လား ဘာညာသာရကာပြောခြင်းဖြင့် အလိုက်တသိ ကူညီပေးချေ၏တမုံ့။

Exif_JPEG_420

“မောင်မင်း.. တော်တယ်” ဟု မချီးမွမ်းချင်၊ ချီးမွမ်းချင် ပုံစံမျိုးဖမ်းကာ အိမ်ဦးနတ်အား ချီးမွမ်းပြီးသကာလ၊ လက်စွဲတော် ကွန်ပျူတာလေးကို ဖွင့်၍ အနှီ မသက်ဝေ၏ tag post ကြီးအား ရေးရန်အစပြုလိုက်၏။ အိမ်ဦးနတ်လဲ အလိုက်တသိ ပန်ကာဖွင့်ပေးခြင်း၊ ကော်ဖီတစ်ခွက် လာချပေးခြင်းတို့ ပြုပြီးချိန်တွင် မြကျွန်ုပ်၏ Tag Postမှာ အတော်ပင်ခရီးပေါက်နေချေခဲ့ပြီတကား။

လက်ရှိ မြကျွန်ုပ် အသုံးပြုနေသည့် သိုက်သမိုင်းအိတ်လေးကား အလျားတစ်ပေသာသာရှိပြီး အိတ်များစွာပါဝင်သည့် မြစိမ်းရောင်မင်းသမီးလေး၏ လက်ဆောင်တော်အိတ်ကလေးပင်။ လွယ်အိတ်များကို များသောအားဖြင့် ခပ်ကြီးကြီး၊ အရောင်မှိန်မှိန် နှစ်သက်တတ်၏။ ဤအိတ်ကလေး၏အရောင်က မြအကြိုက်အရောင်၊ ဆိုဇ်ကတော့ အနည်းငယ်သေးသည်။ သို့သော် ထုံးစံအတိုင်း အိတ်တစ်လုံးရပြီဆိုလျှင် အဲ့သည်တစ်လုံးကို နှစ်ပေါက်အောင် အမုန်းလွယ်၏။ ယခု ဤအိတ်သည်လည်း အနည်းလေး မရှိဘူးဆို နှစ်ဝက်ကျော်နေချေပြီ။  အိတ်လေးက သေးသော်ငြား အတွင်းမှာ အိတ်အကျယ်လေးလုံး၊ အိတ်အသေးလေးတစ်လုံး၊ ဖုန်းထည့်ရန် ဘေးကပ်အိတ်
သေးသေးလေးနှစ်လုံးပင် ပါသေးသည်။ အပြင်ဘက်တွင်လည်း အဖုံးနှင့်ဘေးအိတ်တစ်ခု ပါလေသေးရာ အင်မတန်မှပင် စုံစီနဖာထည့်တတ်သူ မြကျွန်ုပ်အတွက် အင်မတန်မှ အံဝင်ခွင်ကျ ဖြစ်လှချေ၏။

အနှီအိတ်အတွင်းမှ ပစ္စည်းပစ္စယာများအား ဖောက်သည်ချရလေသော် -

Exif_JPEG_420

၁။ မြစိမ်းရောင် ချည်ထည်ပိုက်ဆံအိတ် အစိမ်းလေး၊။ ဤအိတ်လေးသည်ကား ဗီယက်ကောင်းတို့မြေမှ ဘလော့ဂါ Rose of Sharon ရန်ကုန်ပြန်လာချိန် အခါသမယတုန်းက လက်ဆောင်ပေးထားသည့် အမှတ်တရအိတ်ကလေး။ ဤအိတ်လေးကို ကျွန်ုပ် အလွန်ပင် နှစ်သက်၏။ ပိုက်ဆံကို အရွက်လိုက်ဖြန့်ထည့်ရန် အနေတော်ဖြစ်သည်။ သို့သော် ပိုက်ဆံအိတ်ကလေး အမြဲမဖောင်းနိုင်ခြင်းကိုတော့ မြကျွန်ုပ် အလွန်ဝမ်းနည်းမိရသလို လက်ဆောင်ပေးသူကိုလဲ အားနာမိရချေ၏။

၂။ အညိုရောင် အိတ်လေးတစ်လုံး။ ဤအိတ်လေးထဲတွင် အိမ်သော့၊ ဘီဒိုသော့၊ ရုံးခန်းသော့၊ လော့ကာသော့ စသည့် သော့ပေါင်းသောင်းခြောက်ထောင်နှင့် ရေးပြီး စာမူတွေ၊ ရိုက်ပြီး ဓာတ်ပုံတွေ စုစည်း သိမ်းဆည်းထားတတ်သည့် မီမိုရီစတစ်ခ် နှစ်ချောင်း၊ ကတ်ရီဒါတစ်ချောင်းပါ ခိုအောင်းနေသည်မို့ မြကျွန်ုပ်အား လုပ်ကြံလိုလျှင် အနှီအိတ်လေး ဖျောင်လိုက်ယုံမျှနှင့်ပင် လုံလောက်ချေ၏။ (ဤကားအတွင်းစကား ပြောပြခြင်း)

၃။ သွင်းငွေနည်းနည်း၊ ထုတ်ငွေကြမ်းကြမ်းဖြင့် တောင့်ခံနေရသည့် ဘဏ်စာအုပ်လေး တစ်အုပ်မှာလဲ သနားစရာ။

၎။ ရုံးပြင်ကနားသွားလျှင် မဖြစ်မနေပြနိုင်ရန်အတွက် ဆောင်ထားရသည့် မြန်မာနိုင်ငံသားဟု သက်သေပြမည့်ကတ်။  နိုင်ငံကြီးသားကတ်။ သူ့ကို မပျောက်မရှရအောင် ထိမ်းသိမ်းရတာလဲ အလုပ်တစ်ခု။

၅။ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးကို ချုပ်ငြိမ်းခွင့်မပေးသည့်၊ မရှိမကောင်းရှိမကောင်းဟု ကင်ပွန်းတပ်ထားသည့် လက်ကိုင်ဖုန်းအစုတ်တစ်လုံး။

Exif_JPEG_420

၆။ ထိုမှတဖန် အကြင်သူလက်ဆောင်ပေးခဲ့သည့် အနှစ်၂၀မျှ သက်တမ်းရှိနေသည့် လိပ်စာကဒ်ထည့်သည့် ဗူးပြားဟောင်းလေး။

၇။ ပူလောင်အိုက်စပ်တတ်သူ မြကျွန်ုပ်အတွက် မရှိမဖြင့်ဖန် (ယပ်တောင်)။

၈။ Making your breath fresh ဆို ညွှန်းထားတဲ့ Clorests အမည်ရ Cool Mint Coated Gum. သူ့ကိုလဲ မဖြစ်မနေ ဆောင်ထားတတ်သည်။

၉။ ကားမူးတတ်သူ မြကျွန်ုပ်အတွက် အမြဲဆောင်ရသည့် ရှူဆေးလေးတစ်တောင့်။

Exif_JPEG_420

၁၀။ ထိုနောက်တွင်ကား အလို… စက္ခုပါလ မျက်စိအကြောဖြေဆေးဗူးနဲ့ အနာဆေးထည့်ရန် ဗီတာဒိုင်းတစ်ဗူးပါလား။ သြော်… ဇရာ… ဇရာ…။ ထိုနှစ်ဗူးလုံး အသုံးမပြုတာ ကြာချေပြီိ။ သို့ဖြစ်၍ အိတ်ထဲတွင် သောင်တင်နေသည်မှာ ကြာလှချေပြီ။

၁၁။ မရှိမဖြစ် ဖုန်းဘက်ထရီကြိုး၊ စားလက်စ တစ်ခုသာကျန်သည့် ပီကေ၊ အတွင်းအိတ်တစ်ခုစီမှာ လိတ်ညပ်နေသည့် ၂၀၀ကျပ်တန် ၃ရွက်နှင့် ၅၀၀ကျပ်တန် ၁ရွက်။ ဘယ်ဘဝေဘ၀ါ ကာလများထဲက  အိတ်ထဲ စက်တော်ခေါ်နေသည်လဲ။ ယခုမှ သိချေသည်။

Exif_JPEG_420

၁၂။ အလှပြင်ပစ္စည်းဟု ပြော၍ရသည့် Now How ကရင်ပတ်ဖ်နှင့် Now How နှုတ်ခမ်းဆိုးဆေးတောင့်၊ ဘီးတစ်ချောင်း။ ဒါကတော့ ပုထုစဉ်မိန်းမသားမို့ လိုအပ်သည်ပဲ မဟုတ်ချေလော။

Exif_JPEG_420

၁၃။ ခေါက်သိမ်းထားသည့် မလိုအပ်တော့သည့် စာမူအတိုအထွာများနှင့် မ၀ဲသေးပဲ ရက်လွန်နေသည့် ဖိတ်စာများလဲ ထွက်လာသေး၍ အံ့သြနေရ၏တမုံ့။

၁၄။ မင်အနက်ရောင်နဲ့ အပြာရောင် ဘောပင်နှစ်ချောင်း။ ဤကား အော်တို၊ အော်ရှည်ရေးပေးရန် …. ဟု မထင်မှတ်စေလို။ အကြွေးစာရင်းများ အကြွေးမထားပဲ မှတ်ရန်အတွက်သာ။

Exif_JPEG_420
ဤတစ်ပေပတ်လည်အိတ်လေးသည် မနိုင်ဝန်ကို သနားစဖွယ် ထမ်းထားရချေသည်။ ယခုမူကား အနှီ အစ်မသက်ဝေ၏ ကျေးဇူးဖြင့် မြကျွန်ုပ် ၀ိတ်လျော့ဖြစ်သွားလေပြီ။ ဤကား ဤTag Post၏ ချစ်စရာ၊ ဤTag Postအပေါ် ကျေးဇူးတင်စရာပင်။ အဟောသုခံ ကောင်းလေစွတကား။

လက်ဆွဲပတ္တူအိတ်ထဲမှ ကွန်ပြူတာပိစိနှင့်တကွ၊ စာမူဖိုင်များ၊ ခေါက်ထီးတစ်လက် စသည်တို့ကိုမူ နောက်တစ်ချိန် အလျဉ်းသင့်မှ ပြောပြချေဦးမည်။

ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။

ဤတွင် မြကျွန်ုပ်၏ အိတ်မှောက်ရှင်းတမ်း  နိတ္ထိတံ၏။

(ဘလော့ရေးကာစ ကာလက “ အရူးလွယ်အိတ်” အမည်နဲ့ အလားတူပို့စ်မျိုး ရေးခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက လွယ်တဲ့အိတ်နဲ့၊ အိတ်ထဲပါတဲ့ပစ္စည်းတွေ သိချင်ရင်တော့ ဒီနေရာလေး မှာ ဖတ်ကြည့်ပေးကြပါဟု။ ဤကား စကားချပ်။ )

ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျကြပါစေ။

Share
This entry was posted in Tag Post. Bookmark the permalink.

19 Responses to အိတ်မှောက်သွန်ပစ် နှစ်ဆယ့်ရှစ် (Tag Post)

  1. သူသူ says:

    မမမြသွေးလည်း ခုမှပဲ အိတ်ရှင်းဖြစ်တော့တယ်….
    ယပ်တောင်ကလေးလည်း အမြဲပါသကိုး
    သစ်အစ်စ် မြန်မာပြည်ဆိုတော့ကာ
    ဆေးဝါးတွေလည်း ပါတယ်….
    ငါ့ မမ စုံနေတာပဲ :D

  2. ချစ်ကြည်အေး says:

    ရေးထားပုံကိုက အသွက်ကလေး။ ဖတ်ကောင်းကောင်းနဲ့ ဖတ်လိုက်တာ ဤတွင် မြကျွန်ုပ်၏ အိတ်မှောက်ရှင်းတမ်း နိတ္ထိတံ၏။ ဆိုမှပဲ ရပ်တော့တယ်။ ဟဟး)

  3. မိန်းကလေး ပီသတဲ့ အိတ်ကလေး…
    စာမူ အတိုအထွာတွေနဲ့ စာရေးသူ ပီသတဲ့ အိတ်ကလေး…
    အိတ်ကလေးကိုလည်း သဘောကျ… မြသွေးရဲ့ စာရေးဟန်ကိုလည်း သဘောကျ…
    ပျော်စရာ Tag Post လေးမှာ တတပ်တအား ပါဝင်ပေးတာ ကျေးဇူး ချစ်ညီမ… <3

  4. တင်မိုးမိုးခိုင် says:

    မှောက်ထားတာတွေ့သွားပါပြီ။
    :D

  5. ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။

    အဲဒီစကားလေးမှာရင်ထဲကိုငြိသွားတာပါပဲး)

    အိတ်မှောက်ပြီးသူ
    ဆုမြတ်

  6. မောင်မျိုး says:

    ယပ်တောင်လေးတွေ့ပြီး အစ်ကို တရုတ်သိုင်းကားထဲက မင်းသမီးတွေလို ယပ်တောင် ခပ်နေတဲ့ ပုံစံမြင်ယောင်သွားတယ် ဟဟားး :P

  7. Naw Phaw says:

    ဖျာလေးပေါ်ဖြန့်ချတာလေးကိုသဘောကျတယ်မြသွေးရေ…
    စုံနေတာဘဲနော်အိတ်ထဲမှာ… နောက်တခါတွေ့ရင် ယပ်တောင်လေးခဏငှားခပ်ဦးမှ :)

  8. အစ်မ မြသွေးရေ ….

    ဖတ်လို့ကောင်းလိုက်တာ အစ်မရေ …

  9. မြန်မာပြည်..ရဲ့သင်္ကေတ ယပ်တောင်လေးက ချစ်စရာ…
    နောက်တစ်ခါ ပြန်လာရင် မမဆီက အိတ်လေး ငှားဦးမယ် လို့ စိတ်ကူးထားတယ်မမ ..:D
    ငှားပါနော် ..:)

  10. Adora says:

    အေးချမ်းလိုက်တဲ့ အိတ်ကလေး အမရယ်။ ဖျာလေးနဲ့ ပထမဆုံးပုံက နှီးနဲ့ရက်တာလားမသိ အိတ်လေးထောင့်လေးကို နှစ်သက်သဘောကျစွာနဲ့ နှစ်ခါပြန်ကြည့်သွားပါကြောင်း။
    စကားမစပ် လာလည်တာကျေးဇူးနော်အမမြသွေး။

  11. အားရပါးရပဲအစ်မရေ ဖျာပေါ်ကိုတောင်မှောက်ချပစ်လိုက်တယ် …း)) မသက်ဝေတဂ်ပို့စ်ကြောင့် ခုတော့ ဘလော့ဂါအားလုံးလိုလို အိတ်တွေရှင်းသွားပြီမဟုတ်လား…။ အစ်မစာမတင်တာကြာပြီ အလုပ်ရှုပ်နေတယ်ထင်တယ် မချောလည်းပျောက်ချက်ကောင်းနေတယ် အစ်မနဲ့တွေ့ရင် သူ့ကိုလည်း အိတ်ရှင်းလိုက်ပါဥင်္ီးလို့ပြောလိုက်ပါဥင်္ီး..။

  12. ဟားဟားဟား.. အစ်မရဲ့ ဒီပို့စ်ရေးဟန်ကို သဘောကျပြီး ရယ်လိုက်ရတာ…၊းD မြကျွန်ုပ် ဓါတ်ပုံရိုက်ဖို့ ပြင်နေတုန်းမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ အစ်ကို့ပုံကိုလည်း မြင်ယောင်ကြည့်ပြီး ရယ်ချင်စရာ…၊

    ရိုးရိုးရှင်းရှင်းနဲ့ အသုံးဝင်တဲ့ ပစ္စည်းလေးတွေက သင်ဖျူးဖျာလေးရဲ့ နောက်ခံ အငွေ့အသက်နဲ့ ပေါင်းလိုက်တဲ့အခါ ချစ်စရာ ကောင်းသွားတော့တယ်…။

    (ပို့စ်ခေါင်းစဉ် ငှားခအနေနဲ့ ရန်ကုန်ရောက်ရင် မုန့်ဟင်းခါးတစ်ပွဲ ဝယ်ကျွေးရမယ်…)းP

  13. အိတ်သွန်ဖာမှောက်ပို့ ပြင်ဆင်ခန်းကိုဖတ်ပြီး အသံထွက်အောင် ရယ်မိတယ် အစ်မမြသွေးနီး)

  14. စိတ်ကူးလေး ကောင်းတယ်ဗျာ … Tag Post တွေ အားလုံး ကို လိုက်ဖတ်ဦးမယ်ဗျာ … :)

  15. Moonlithouse says:

    အမေနဲ့တူတယ် ၊ ယပ်တောင်ပါလို့ ။ အမေက အိုက်တတ်လို့ဟုတ်ဘူး ၊ ယပ်တောင်ကိုကြိုက်တာ။
    လရိပ်အိတ်ကိုမမှောက်ဘဲ အမေအိတ်ကိုမှောက်ကြည့်ရင် ပိုရီရမယ်ထင်တယ် ၊ ဟိဟိ။

  16. စန်းထွန်း says:

    ရေးပုံသွက်သွက်နဲ့  ဖတ်လို့  ကောင်းနေရာက

    ဤရက်ပိုင်းအတွင်း ဘလော့ဂါများ အိတ်မှောက်လတ္တံ့။ အားလုံး၏ အိတ်ချောင်အတွင်းရှိ အမှိုက်သရိုက်များ ရှင်းလင်းကြလတ္တံ့။

    ဆိုတာလေး သဘောကျသွားတယ်..

  17. ပီကေကိုလည်း သဘောကျတယ်..
    compact နဲ့ နှုတ်ခမ်းနီတောင့် အဆင်တူကိုလည်း ကြိုက်တယ်…
    ကိုမော်ကြီး အရမ်းလန့်နေတဲ့ အခန်းကို သဘောအကျဆုံးပဲရယ်…

  18. အမမြသွေးရဲ့ အိတ်မှောက်အကြောင်းဖတ်ရတာ စွန့်စားခန်းတို့ စုံထောက်ခန်းတို့ ဖတ်ရသလိုပါဘဲလား။ အမမြသွေးတို့နှစ်ယောက် တွဲဖက်ညီပုံများ ကြည်နူးမိသလိုလိုတောင် ခံစားမိတယ်။ တကယ်လဲ လိုက်ဖတ်တဲ့ စုံတွဲပေဘဲ။

    ထာဝရပျော်ရွှင်နိုင်ပါစေ။

  19. Pingback: rr2erl

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>