ဥယျာဉ်မှူး၏ပန်းပျိုးလက်

Number of View: 6866

ပြီးခဲ့သည့် (၆၆)ကြိမ်မြောက် အာဇာနည်နေ့မတိုင်မီ ကျွန်မ၏စိတ်များ ချီတုံချတုံဖြစ်နေခဲ့၏။ အာဇာနည်နေ့ မတိုင်ခင် နှစ်ပတ်မျှအလိုလောက်က အာဇာနည်နေ့ ကျရောက်လျှင် မိသားစုနှင့်၊ အထူးသဖြင့် သားဖြင့်သူနှင့်အတူ အာဇာနည်ဗိမ္မာန်တွင် ကျဆုံးလေသော အာဇာနည်   ခေါင်းဆောင်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ၊ နိုင်ငံခေါင်းဆောင်ကြီးများ၏ ဂူဗိမ္မာန်သို့ သွားရောက်၍ အလေးပြုကြမည်။ အာဇာနည်နေ့၏ အနှစ်သာရကို သားဖြစ်သူ အလယ်တန်းကျောင်းသားအား ပထမဦးဆုံးအကြိမ် ထိတွေ့ပေးမည်ဟု ကြိုတင်ဆုံးဖြတ်ထား ခဲ့မိသည်။

 သို့သော် အာဇာနည်နေ့ရောက်ရန် တစ်ပတ်မျှအလိုတွင်မူ ဆရာရဲသျှမ်းမှ အာဇာနည်နေ့တွင်   ကျောက်တန်းစံပြကျေးရွာမှာရှိသည့် ဘုန်းတော်ကြီးပညာသင်ကျောင်းတစ်ခုတွင် အာဇာနည်နေ့ ဂုဏ်ပြုဟောပြောပွဲ ပြုလုပ်ပေးမည်၊ ဆရာမကြီး (ဒေါ်)ရွှေကူမေနှင်း၊ ဆရာမာန်(တောင်လုံးပြန်)နှင့် ဆရာလင်းသဏ်ညီတို့ ဟောပြောမည်၊ အာဇာနည်နေ့အတွက် ၄င်းကျောက်တန်းကျေးရွာလေး မှာပင်   အလေးပြုကြရန်လည်း စီစဉ်ထားသည်၊ မနက်ခွန်နှစ်နာရီ ရန်ကုန်ဘူတာကြီးမှ ရထားဖြင့် စထွက်မည်၊ လိုက်လိုပါက ကျွန်မတို့ မိသားစုသုံးယောက်လုံး လိုက်ပါနိုင်ရန် အသိပေးလာပါသည်။ ဆရာရဲသျှမ်း၏နေအိမ်က ကျွန်မတို့နေအိမ်မှ လမ်းလျှောက်ချိန် ဆယ်မိနစ်မျှသာ ကွာဝေးသဖြင့် ရံဖန်ရံခါ ဆရာအိမ်သို့ ကျွန်မတို့လင်မယားနှစ်ယောက် ရောက်ဖြစ်သလို၊ တစ်ခါတစ်ရံ အနီးအနားရှိ လက်ဖက်ရည်ဆိုင် တွင် ထိုင်ရင်း ဆရာ့ထံမှ စာပေရေးရာများ ပြောဆိုသိခွင့်ရ၏။

သို့နှင့် နောက်ဆုံးတွင် စာပေဟောပြောပွဲ ငတ်နေသည်ကတစ်ကြောင်း၊ အာဇာနည်နေ့တွင် ချစ်ခင်လေးစားရ သည့် ဆရာ ဆရာမများနှင့် ခရီးတိုတစ်ခု အတူထွက်ခွင့်ရမည့် အခွင့်အရေးကို လက်လွှတ်မခံလိုသည်ကတစ်ကြောင်း၊ ဘုန်းတော်ကြီးစာသင်ကျောင်းမှ ကလေးများကို စိတ်ဝင်စားသည်က တစ်ကြောင်းကြောင့် အာဇာနည်ဗိမ္မာန်ကို နောက်တစ်ရက်တွင်မှ သွားရောက်ရန် ဆုံးဖြတ်လိုက်ပြီး၊ အာဇာနည်နေ့တွင် က၊ျွန်မတို့ မိသားစုသုံးယောက် ရန်ကုန်ဘူတာကြီးသို့ မနက်ခွန်နှစ်နာရီတိတိတွင် ရောက်ရှိခဲ့လေသည်။

 ဆရာရဲသျှမ်းဦးဆောင်သည့် ကျွန်မတို့အဖွဲ့တွင် ဆရာမ မိချမ်းဝေ၊ ဆရာမသွေး(စစ်ကိုင်း)၊  ဆရာသင်းအောင်ပန်၊ ဆရာချစ်သွေးငယ်၊ ဆရာညိုရင့်နှင့်ကျွန်မ မြသွေးနီနှင့် သားဖြစ်သူ သားပြည့်တို့ လိုက်ပါလာခဲ့၏။ ဟောပြောမည့်ဆရာ ဆရာမများဖြစ်သည့် ဆရာမကြီး (ဒေါ်)ရွှေကူမေနှင်း၊ ဆရာမာန်(တောင်လုံးပြန်)နှင့် ဆရာလင်းသဏ်ညီတို့ကတော့ ကားလမ်းဖြင့် ကြိုတင်ရောက်နေမည်ဟုသိရ၏။ ဘူတာမှ ရထားအထွက်တွင် ခရီးမသွားရသည်မှာ နှစ်နှစ် နီးပါးဖြစ်နေသည့် ကျွန်မတို့ မိသားစုအဖို့ ရထားပြူတင်းမှ ၀င်လာသည့် လေပြည်နုအေးကို ရှူရှိုက်လိုက်ရယုံဖြင့်ပင် စိတ်ထဲ ကြည်လင်လန်းဆန်းလာရ၏။

ရထားပေါ်တွင် သားဖြစ်သူနှင့်အတူ ထိုင်လာရသဖြင့် လမ်းတလျှောက် အာဇာနည်နေ့နှင့် ပတ်သက်သမျှ အချက်အလက်များကို သားနှင့်အတူ အပြန်အလှန် မေးခွန်းထုတ် ဆော့ကစား လာရင်းဖြင့် ခရီးဆက်ခဲ့ကြ၏။ ဆရာရဲသျှမ်း၏ကျေးဇူးဖြင့် ကျွန်မတို့ သက်တောင့်သက်သာ ရထားဖြင့် နှစ်နာရီမျှ စီးပြီးလျှင် ပဲခူးတိုင်း၊ ကျောက်တန်း ဘူတာရှိ ကျောက်တန်း စံပြကျေးရွာလေးသို့ ရောက်၏။ အသင့်စောင့်နေသော ဆရာတော်၏ဒကာများမှ ကျွန်မတို့အဖွဲ့ကို ဘူတာတွင် ကားဖြင့်လာကြိုသဖြင့် ငါးမိနစ်သာသာမျှမောင်းလျှင် ရန်ကုန်မြို့မှ ၃၅မိုင်ကွာဝေးသည့် ဆရာတော် အရှင်ပညောဘာသ ဦးစီးနေသည့် ပန်းပျိုးလက်ဟု အမည်ရသည့် ဘုန်းတော်ကြီးစာသင်ကျောင်းသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လေ၏။ အချိန်က မနက်ကိုးနာရီမတ်တင်းရှိနေချေပြီ။

ကျောင်းဝန်းအတွင်းသို့ရောက်သည်နှင့် ကျောင်းဝင်းအနှံ့ကြားရအောင် ဖွင့်ထားသည့် အာဇာနည်နေ့အမှတ်တရ၊ အောင့်မေ့ဖွယ်၊ လွမ်းဆွတ်ဖွယ်ရာ သီချင်းသံက လေထဲ ပျံ့လွင့်လာသည်ကို အရင်ဆုံးကြားသိလိုက်ရသည်။ စိမ်းလန်းစိုပြေအရိပ်ရ အပင်ကြီးများ   ဝေေ၀ဆာဆာနှင့် ကျောင်းပရ၀ုဏ်က ကျွန်မတို့ကို အေးမြစွာဖြင့် စောင့်ကြိုနေ၏။ ရန်ကုန်မြို့ပြကြီးမှာ မရရှိ၊ မတွေ့ထိနိုင်သည့် အေးမြသန့်ရှင်းသည့်လေနှင့် သစ်ရိပ်ဝါးရိပ်   အေးအေး၏ အတွေ့က ရန်ကုန်မှ လာသည့် ကျွန်မတို့အတွက်တော့ တန်ဖိုး မဖြတ်နိုင်စရာပင်။ ကျောင်းထဲသို့ရောက်လျှင် အဖြူအစိမ်း ကျောင်းဝတ်စုံဝတ် ကျား/မကလေး အရွယ်စုံနှင့် ဆရာမများက ကျောင်းဝန်းထဲတွင် ဟိုသည်တစ်စ။

ကျန်သူများတော့ မသိ၊ ကျောင်းကြီးထဲ ရောက်သည်နှင့် ကျွန်မ၏ စိတ်ထဲတွင်မတော့ မြင်မြင်ရသမျှ သန့်ရှင်းနေ သလိုလို၊ ခံစားမှုတို့ လတ်ဆတ်နေသလိုလို အမှတ်ထင်ထင် ခံစားနေရ၏။ ကျွန်မတို့အဖွဲ့ကို ကျောင်းဝင်းအလယ်တွင် ရှိနေသည့် လေးဘက်လေးလံ အကာမဲ့ ဓနိမိုးတဲကြီးဆီသို့ ဦးတည်ခေါ်သွား၏။ တဲကြီးအတွင်းတွင် ပါလစ်ရောင် ပြောင်လက်တောက်ပနေ သည့် ယောကျာ်းကြီးနှစ်ဖက်မျှရှိ ကျွန်းစားပွဲတွင် ကျွန်မတို့ စာရေးဆရာအဖွဲ့ကို   နေရာချထား ပေး၏။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ ကျွန်မတို့ကဲ့သို့ရောက်ရှိနေကြသည့် အခြားဧည့်သည်များကိုလဲ စားပွဲအချို့တွင် ရှိနေသည်ကို တွေ့ရ၏။ ကျွန်မတို့ကို ပါးကွက်ပါးနှင့် အဖြူအစိမ်းဝတ် အထက်တန်းကျောင်းသူအရွယ် သမီးပျိုလေး နှစ်ယောက်က မနက်စာအဖြင့် မုန့်ဟင်းခါး၊ အကြော်စုံ၊ ကော်ဖီတို့ဖြင့် ဂရုတစိုက် ကျွေးမွေးလေ၏။ အာဇာနည်နေ့နှင့် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ပုံနှိပ်ထားသည့် စာအုပ်ပါးလေးကိုလဲ လူတိုင်း အားပေး၏။ မလှမ်းမကမ်းရှိ ဘန်ဂလိုတစ်ခုတွင် ဆရာတော်နှင့်အတူ ဧည့်သည်အချို့ စကားပြောနေကြသည်ကို လှမ်းမြင်နေရ၏။

IMG_20130719_120817ဗိုလ်ချုပ်အောင်ဆန်းဈာပနအားထုတ်လွှင့်နေစဉ်

ဆရာတော်၏ တဲမျက်နှာကျက်တွင် တီဗွီအပြားလေးတစ်ခု တတ်ဆင်ထားပြီး ထိုတီဗွီမှ အာဇာနည်နေ့သတင်းများ အဆက်မပြတ် ထုတ်လွှင့်ပေးနေသည်ကို တွေ့နေရ၏။ ပန်းပျိုးလက် ဘုန်းတော်ကြီးပညာသင်ကျောင်းဝန်း အတွင်းမှ အာဇာနည်နေ့၏ အငွေ့အသက်များသည် ကျွန်မတို့အားလုံး၏ စိတ်သန္တာန်တွင်းဝယ် ခိုဝင်ငြိတွယ်လာချေပြီ။

ဆရာရဲသျှမ်းမှ ဆရာတော်ထံသို့ ကျွန်မတို့အဖွဲ့ ရောက်ရှိကြောင်း သတင်းသွားပို့၏။ တစ်ခဏနေတော့ သားတော်မောင်က ဆရာရဲသျှမ်း၏လက်ကိုင်ဖုန်းထဲမှ အာဇာနည်နေ့ ဥသြဆွဲသံကို Bluetooth *အီလက်ထရောနစ်သွားပြာဖြင့်  ကျွန်မ၏ဖုန်းထဲသို့ ကူးထည့်ပေး၏။ ရထားပေါ်တွင် လမ်းတလျှောက်လုံး သားဖြစ်သူကို အာဇာနည်နေ့အကြောင်း ပြောပြယုံသာမက၊ သူသိလိုသော   မေးခွန်းများကိုလဲ ဖြေပေးထားသဖြင့်၊ အာဇာနည်နေ့ ဥသြစွဲချိန် အလေးပြုကြရမည့် အစီအစဉ်ကို သူသိနေ၏။ အာဇာနည်နေ့၏အရှိန်က ကျွန်မသာမက သူ့ကိုပါ ရိုက်ခတ်နေပုံရသဖြင့် သားဖြစ်သူကို ကျွန်မခေါ်လာရကျိုးနပ်ပြီ။ ကျွန်မ ကျေနပ်စိတ်ဖြစ်နေမိ၏။

 မနက်စာစားပြီးနောက် ဆရာတော်က ဦးဆောင်ပြီး ကျောင်းဝင်းတစ်နေရာသို့ ကျွန်မတို့ကို   ခေါ်သွားပြန်၏။ အဆောက်အဦတစ်ခု၏နဘေးမှ အကွေ့လိုက်တွင် သစ်ရိပ်ဝါးရိပ်အောက် ကွင်းပြင်ထဲတွင် ဘွားခနဲ ကျွန်မမြင်တွေ့ လိုက်ရ၏။ ပန်းပွင့်လေးများ အစီအရီဖူးပွင့်နေကြသည့် ဥယျာဉ်ကြီးတစ်ခု။ သူတို့က သက်မဲ့ပန်းပွင့်လေးများမဟုတ်။ သနပ်ခါးအဖွေးသားနှင့် သက်ရှိအဖြူအစိမ်းဝတ် ကျောင်းသူကျောင်းသား အရွယ်စုံ။ အနှီပန်းပွင့်လေးများကို  ပြုစုပျိုးထောင်ပေးသည့် ဆရာမများနှင့်တကွ ငွားငွားစွင့်စွင့် ဝေေ၀ဆာဆာ ဖူးပွင့်နေသည်ကို   တွေ့မြင်လိုက်ရ၏။ ထိုဥယျာဉ်ထဲတွင် ကျွန်မတို့ထက် ကြိုတင်စော၍ ရောက်နေကြသည့် ဆရာမကြီး(ဒေါ်)ရွှေကူမေနှင်း၊ ဆရာမာန် (တောင်လုံးပြန်)၊ ကဗျာဆရာလင်းသဏ်ညီသာမက တခြားဧည့်သည်အချို့ကိုပါ တွေ့လိုက်ရ၏။

တစ်ခဏနေလျှင် ဆရာတော်မှ ပန်းပွင့်ကလေးများသို့ နံနက်ခင်းနှုတ်ဆက်စကားနှင့် အတူ၊ နေ့လည်စာစားပြီးချိန်တွင် အာဇာနည်နေ့ ဟောပြောပွဲရှိကြောင်း ပြောပြ၏။

IMG_20130719_100622ဆရာတော်မှ သြ၀ါဒပေးစဉ်…

ထို့နောက်တွင်တော့ ပန်းပွင့်ငယ်လေးများက ညီညာဖျဖျဘုရားဝတ်ပြုကြပြီး၊ ကျဆုံးလေပြီးသော   နိုင်ငံခေါင်းဆောင်ကြီးများကို အလေးပြုကြ၏။

IMG_20130719_100018 ညီညာဖျဖျဘုရားဝတ်ပြုစဉ်

IMG_20130719_100111

IMG_20130719_100721

IMG_20130719_100630

IMG_20130719_100228သစ္စာအဓိဌာန်ရွတ်ဆိုပြီးနောက် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုနေစဉ်…

ထိုနေ့မှာ အလှူရှင်အမျိုးသမီးတစ်ဦးမှ   မွေးနေ့အလှူဒါန အဖြစ် ကျောင်းအတွက် ရေသန့်စက် လာလှူသဖြင့် အလှူရှင်အတွက် ကလေးများမှ မေတ္တာပို့ပေးကြစဉ် ကျွန်မနှုတ်မှလဲ အာဇာနည်နေ့   မွေးဖွားသူ အလှူရှင်အစ်မအတွက် စိတ်ထဲမှ သာဓုနာနာခေါ်နေမိပါသည်။ အလှူရှင်မှ ကလေးများအတွက် စကားအနည်းငယ် ပြောပြီးလျှင် အင်မတန်မှ ချစ်ခင်ဖွယ်ရာကောင်းသော သူတို့လေးတွေ၏ အပြုအမူကို မြင်လိုက်ရပြန်၏။

မိန်းကလေးတစ်ဘက်၊ ယောကျာ်းလေးတစ်ဘက် ခွဲ၍ တန်းအရှည်လိုက် ညီညာသေသပ်စွာ တန်းစီလိုက်ကြ သည်။ တန်း၏ထိပ်တွင် အလှူရှင်အစ်မမှာ ရပ်စောင့်နေ၏။ ကလေးများကိုယ်စီ၏ လက်ထဲတွင် သူတို့ ခူးယူထားကြသည့် တောပန်းရိုင်းလေးများ တစ်ပွင့်စီ၊ တစ်ခိုင်စီ ကိုင်ထားကြ၏။

IMG_20130719_101803အပြစ်ကင်းသည့် ပန်းပွင့်လေးများ…

IMG_20130719_101856သမီးပေးမယ့် ပန်းကလေး…

IMG_20130719_102923သမီးတို့ရဲ့ ပန်းလက်ဆောင်…

IMG_20130719_102836ပန်းလေးတွေက တန်ဘိုးမကြီးပေမဲ့ မွေးနေ့ရှင်က တန်ဘိုးထားရှာ…

IMG_20130719_102854အပြုံးပန်းတဝေေ၀

တန်ဖိုးမရှိသော်လဲ သူတို့လေးတွေ၏ မွှေးပျံ့သည့် စေတနာများထုံမွှမ်းထားသည့် တစ်ပွင့်စီ တစ်ခိုင်စီမျှသောပန်းများ၊ ထို့ပြင် ဆုတောင်းသံချိုလေးများဖြင့်  စေတနာပြန်လည် တုန့်ပြန်ပုံမှာ ကာရကံရှင်မဆိုစထား က၊ျွန်မတို့ နဘေးမှကြည့်နေသူများပင် ကြည်နူးမှုများ ကူးလူးလာရ၏။  တစ်ခဏအတွင်း အလှူရှင်၏နဘေးတွင် ပန်းပွင့်များ မောက်လျှံသွား၏။ အလှူရှင်မျက်ဝန်းတွင်လဲ အမှတ်မထင် ပန်းပွင့်လေးများ၏ တုန့်ပြန်မှုကြောင့် ကြည်နူးမျက်ရည်များ   ဝေ့လို့လာသည်ကို   တွေ့မြင်ရလေ၏။

ဆရာတော်က ကျွန်မတို့ စာရေးဆရာအဖွဲ့အတွက် ဘန်ဂလိုတဲတစ်ခုတွင် နေရာချပေးထားသည်။ ထိုဘန်ဂလိုတွင် မိမိနှစ်သက်ရာ အသင့်ဖျော်ကော်ဖီ၊  လက်ဖက်ရည်တို့လိုသလို သုံးဆောင်နိုင်ရန် ပြင်ဆင်ပေးထားသည်။ အင်တာနက်သုံးနိုင်ရန် ၀ိုင်ဖိုင်လျို့ဝှက်နံပတ်ကို တဲအ၀တွင် ထင်ရှားစွာ ရေးပေးထားသည်။ မည်သူမဆို အင်တာနက် ချိတ်ဆက်သုံးနိုင်သည်။

IMG_20130719_103142၀ိုင်ဖိုင်ဖရီးဧရိယာ

ဆရာရဲသျှမ်းပြောပြ၍ ကျောင်းဝန်းကျင်သို့ ကျွန်မကြည့်မိ၏။ ဆေးလိပ်မသောက်ရ ဧရိယာ၊ အမှိုက်ကင်းစင်ရေး ဧရိယာအဖြစ် ဤကျောင်းဝန်းအတွင်းကို သတ်မှတ်ထားသည်။ သန့်ရှင်းသန့်ပြန့်၍ အမှိုက်တစ်စမျှ မရှိသည့် ကျောင်းဝင်းကို တွေ့ရ၏။

IMG_20130719_103829အမှိုက်ကင်းစင်ဧရိယာသတ်မှတ်ထားသည့် ကျောင်းဝန်း

ဤကျောင်းဝန်းအတွင်းတွင် အမှိုက်ပုံးများကို အရောင်ခွဲခြား၍၊ ပြန်လည်အသုံးချ၍ရသည့် အမှိုက်နှင့် အသုံးချ၍မရသည့်အမှိုက်ဟူ၍ ခွဲခြား စွန့်ပစ်ရသည်။ သို့ကြောင့် ကျောင်းဝန်းထဲ စစချင်းရောက်ချိန်တွင် ကျွန်မစိတ်အတွင်း အေးမြသန့်ရှင်းနေသည်ဟု ခံစားနေမိခြင်းဖြစ်သည်။ ဆရာရဲသျှမ်းပြောပြသည်ကို နားထောင်အပြီး ကျွန်မ၏သားသည် လက်ထဲမှ တစ်ရှူးစက္ကူစကို အမှိုက်ပုံးအတွင်းသို့ သွား၍ ပစ်လိုက်သည်ကို ကျွန်မ မြင်လိုက်ရ၏။

IMG_20130719_103159အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်တတ်အောင် လေ့ကျင့်ပေးထား…

အချိန်က တဖြည်းဖြည်း နီးကပ်၍ လာချေပြီ။ မနက် ၁၀နာရီ၃၅မိနစ်တွင် ကျွန်မတို့ စာရေးဆရာအဖွဲ့ ဘန်ဂလိုအတွင်းတွင် ဥသြဆွဲသံနှင့်အတူ အလေးပြုရန်အဆင်သင့်ပြင်၍ ရင်ခုန်စွာဖြင့် အသင့်ရှိနေခဲ့သည်။ သားဖြစ်သူကို ကြည့်လိုက်တော့ သူ့အဖေ၏နဘေးတွင် လက်တစ်ဘက်က လက်သီးကလေးကို ကျစ်ကျစ်ဆုတ်လျှက်၊ ကျန်လက်တစ်ဘက်က ဥသြဆွဲသံလွှင့်မည့် ဖုန်းကို အသင့်အနေအထား ကိုင်ထားလျှက်။ ၁၀နာရီ၃၇မိနစ်တိတိ တွင် ကျောင်းဝန်းအတွင်း ဥသြဆွဲသံ ပေါ်ထွက်လာပြီး၊ သွားလာနေသူ ကျောင်းသား၊ ရဟန်း၊ ဧည့်သည်များအားလုံး နေရာတွင် ငြိမ်သက်စွာ ရပ်လျှက်က အလေးပြုကြ၏။

IMG_20130719_103826အာဇာနည်ခေါင်းဆောင်ကြီးများအား အ….လေး…ပြု…

IMG_20130719_103822အလေးပြုစဉ် မျက်ဝန်းများမှ ခိုတွယ်မျက်ရည်စများ….

ဥသြဆွဲသံအပြီး ဖွင့်လိုက်သည့်  သီချင်းသံက ကျွန်မတို့အားလုံး၏ စိတ်နှလုံးကို ဆွဲကိုင် လှုပ်လိုက်၏။

          ရာဇ၀င်… အထုပ္ပတ္ထိလည်း ရှိရမယ်…
          မော်ကွန်းလည်းထိုးလောက်တယ်…
          မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်…

အလေးပြုနေကြစဉ် အသည်းနုနုနှင့်စာရေးဆရာများမို့ အားလုံး၏ မျက်ဝန်းတွင် မျက်ရည်ကြည် ဥများ   အသီးသီး ခိုတွယ်လျှက်။

တစ်ခဏနေလျှင် ဆရာတော်ရှိရာ ဘန်ဂလိုလေးတွင် ကျွန်မတို့ စာရေးဆရာများအဖွဲ့ စုဝေးမိကြ၏။ ဆရာတော်ကို သိလိုသည်များ မေးမိ၏။

IMG_20130719_105144ဆရာတော်မှ ရှင်းလင်းပြောပြစဉ်…

ဤဝေဋ္ဌုဝန်ဘုန်းကြီးကျောင်းသည် သက်တမ်း တစ်ရာကျော်နေသည့် ကျောင်းတော်ကြီးဖြစ်၏။ ဤကျောက်တန်း ကျေးရွာလေးသည် ပဲခူးတိုင်းအတွင်းရှိ၍ လူဦးရေ နှစ်သောင်းကျော်ရှိ၏။ ၂၀၀၄ခုနှစ်မှ စတင်၍ ဆရာတော်မှ ဘုန်းတော်ကြီးပညာသင်စံနစ်ကို စတင်ခဲ့သည်။ ရွာအနီးအနားမှ ဆင်းရဲသည့် ကလေးငယ်များနှင့် ကချင်၊ ရှမ်းပြည်နယ်တို့မှ မိဘမဲ့ ကလေးငယ်များ၏ ဘ၀လူနေမှု အဆင်ပြေစေရန်   ကျောင်းတော်တွင် အတန်းပညာ သင်ကြားပေး ခဲ့ခြင်းဖြင့် စခဲ့သည်။ ယခုအခါ   ကျောင်းသား ၄၀၀ကျော်ရှိနေပြီး၊ ၂၀၀ကျော်မှာ သူငယ်တန်းမှ စတုတ္ထတန်းအထိဖြစ်ပြီး၊ ကျန်၂၀၀ကျော်ဖြစ်သည့် ပဉ္စမတန်းမှ သတ္တမတန်းအထိ ကျောင်းသား များအား အစိုးရ အထက်တန်းတွင် ဆက်လက် ပညာသင်ကြားနိုင် ရန် ထောက်ပံ့ပေးလျှက်ရှိ၏။

IMG_20130719_120730မည်သည့်အရာမှ မတည်မြဲ…

ဤကျောင်းမှ တက္ကသိုလ်ပညာရေး ဆက်လက်ဆည်းပူးနိုင် သူများ ပေါ်ထွက်ခဲ့သည်။ ၂၀၀၄ခုနှစ်က ကျောင်းသား ၁၈၇ယောက်ဖြင့်စတင်ခဲ့ရာမှာ ယခု ၂၀၁၃ ခုနှစ်တွင် ၄၃၅ယောက်အထိ ပညာသင်ကြားပေးလျှက် ရှိ၏။ ဤဘုန်းတော်ကြီး စာသင်ကျောင်းတွင် ရသ၊ သုတ အဖြာဖြာပါဝင်သည့် စာအုပ်ကောင်းများစွာ ရှိသည့် စာကြည့်တိုက်တစ်ခုလဲ ရှိသည်။ ကွန်ပျုတာ၊ အင်တာနက်များကိုလဲ   ကျောင်းသူ/ကျောင်းသား များ လေ့လာသင်ယူနိုင်ရန်အတွက် ကွန်ပျူတာခန်းလဲ စီစဉ်ထားသည်။

 ဆရာတော်က ယုံကြည်ထား၏။ ပညာတတ်မြောက်မှ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်နိုင်မည်ဖြစ်ပြီး၊ ထိုသည်ကပင် ကလေးများ၏ အနာဂတ်အတွက် သော့ချက်ဖြစ်သည်။ ပန်းပျိုးလက်သည် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း၌ တည်ရှိနေသော်လည်း လူမျိုး၊ ဘာသာမရွေး လက်ခံ သင်ကြားပေးလျှက်ရှိ၏။  ပို၍ ထွန်းလင်းတောက်ပသည့် လူ့အဖွဲ့အစည်းနှင့်အတူ၊ ငြိမ်းချမ်းသည့်လူ့ဘောင်ကို တည်ဆောက်နိုင်ပြီး အရည်အသွေးရှိသည့်ဘ၀များကို ပျော်ရွှင်စွာ တည်ဆောက်နိုင်လိုခြင်းသည် ဆရာတော်၏ ခံယူချက်ဖြစ်သည်။ ကလေးသူငယ်များ တန်းတူညီမျှ အခွင့်အရေးရရှိရန်နှင့် ကာကွယ်စောင့်ရှောက်ခွင့်၊့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုခွင့်ရရှိနိုင်ရေးသည် ဆရာတော်၏ ရည်မှန်းချက်ပင်ဖြစ်သည်။ စာပေ ချစ်မြတ်နိုးသူတစ်ဦးဖြစ်သည့်အလျှောက် စာရေးလိုသူ မည်သည့်စာရေးဆရာကိုမဆို   ကျောင်းတော်တွင် လွတ်လပ်စွာ လာရောက်တည်းခို၍ စာလာရေးနိုင်ကြောင်း ပြော၏။

ထို့နောက် ကလေးများ နေ့လည်စာ စားရန်အတွက် ထမင်းစားခန်းမကြီးသို့ ဆရာတော်နှင့် အတူတကွ ကျွန်မတို့ ရောက်ခဲ့ရ၏။ ထမင်းစားခန်းမသို့မ၀င်မီ ခန်းမအ၀လှေကားထစ်များ နဘေးတစ်ဘက်တစ်ချက်တွင် တွေ့လိုက်ရ သည်များက ကျွန်မ၏ စိတ်နှလုံးကို သိမ်းကြုံးဆွဲငင် ယူလိုက်ပြန်၏။ ညီညီညာညာ စံနစ်တကျ သေသေသပ်သပ် စီတန်းချွတ်ထားသည့် ကလေးစီး ဖိနပ်လေးများ။ အရောင်အသွေးစုံ ဆိုက်စုံ ရာဘာဖိနပ်နွမ်းနွမ်းလေးများ၊ တွတ်ပီဖိနပ်ဟု ခေါ်သည့် တန်ဖိုးနည်း ပလတ်စတစ်လည်ရှည်ဖိနပ်လေးများ။

IMG_20130719_112621စည်းကမ်းတကျ နေရာတကျ ချွတ်…..

IMG_20130719_112647တန်ဘိုးရှိသည့် စိတ်ဓာတ်လေးများကတော့ ဖိနပ်တစ်ရံချင်းစီတွင်…

ဤချွတ်ထားသည့် ဖိနပ်များအထဲတွင် တန်ဖိုးရှိသည့် ဖိနပ်များတစ်ရံမျှ မပါဝင်ချေ။ သို့သော် တန်ဘိုးရှိသည့် စိတ်ဓာတ်၊ တန်ဘိုးရှိသည့် စိတ်ဓာတ်လေးများကတော့ ဖိနပ်တစ်ရံချင်းစီတွင် ကိန်းအောင်း၍နေသည်ကို ဤသို့ညီညီညာညာ စီထားသည့် ဖိနပ်လေးများက သာဓက ပြနေလေသည်။

IMG_20130719_112806အလှူရှင်သို့ မေတ္တာပို့…

ထမင်းစားခန်းမဆောင်ထဲ ၀င်လိုက်သည်တွင် ခုံတန်းလျားရှည်တွင် ကလေးများအားလုံးထိုင်လျှက်။ တစ်ဦးချင်းစီ၏ရှေ့တွင် ဟင်းခွက်လေးများပါဝင်သည့် စတီးထမင်းပန်းကန်တစ်ချပ်စီ။ ပန်းကန်တွင်းမတော့ ပဲကုလားဟင်းရည်ဆမ်းထားသည့် ထမင်းတစ်ပုံ၊ ဘဲဥချဉ်ရည်ဟင်းက တစ်လုံး၊ တုတ်ထိုးသကြားလုံးတစ်ခုစီ ထည့်လျှက်။

IMG_20130719_112826အ၀စား လိုသလောက်ယူ….

ထမင်းနှင့် ပဲဟင်းရည်က  လိုသလောက် လိုက်ထည့်ပေးသည်။ ကလေးများကား မြိန်ရည်ယှက်ရည် စားနေကြ၏။ ကလေးများပီပီ အပူအပင်ဘာမျှ မရှိ။ လက်ရှိစားနေသည့် ထမင်းပန်းကန်ပေါ်တွင် သာ အာရုံထားလျှက်။  အပြစ်ကင်းစင်သည့် မျက်ဝန်းတောက်တောက်ကလေးများက ချစ်ခင်နှစ်သက် သနားဖွယ်ရာ အတိ။

IMG_20130719_112841ကျန်းမာပါစေ..ချမ်းသာပါစေ..ဆထက်တိုး လှူဒါန်းနိုင်ပါစေ….

IMG_20130719_112941မခွဲမခြား တစ်သားတည်း….

နဘေးနားတွင် ရှိနေသော သားဖြစ်သူက “မေမေ.. သနားစရာနော်”ဟု ပြောလာ၏။ ငယ်ရွယ်နုနယ်သေးသည့် သား၏စိတ်ထဲ ထိုမျှလောက် စာနာခံစားပေးတတ်ရင်ဖြင့် ကျွန်မအတွက် ဒီနေ့ခရီးက လုံလောက်နေပါပြီ။

ထို့နောက် ဆရာတော်ဆွမ်းစားချိန်တွင် ကျွန်မတို့ ခေတ်မှီသေသပ်သည့် ကျောင်းဆောင် တစ်ခုတွင် ခေတ္တအနားယူခွင့်ရခဲ့၏။ ထို့နောက် မနက်စာစားခဲ့သည် ဘန်ဂလိုတဲထဲတွင် ကျွန်မတို့အဖွဲ့ နေ့လည်စာစားကြပါသည်။ ဆရာတော်၏ကျောင်းမှ ဘဲဥဆီပျံဟင်းကတော့ ကျွန်မအတွက် မမေ့နိုင်စရာပင်။

ထမင်းစားပြီး တအောင့်နေလျှင် စာပေဟောပြောပွဲစ၏။ ခန်းမအတွင်း၌ ကျောင်းသူကျောင်းသား များ အားလုံး နေရာယူထားကြလေပြီ။ အနီရောင်နောက်ခံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံကို ရေးဆွဲထား၏။ (၆၆)နှစ်မြောက် အာဇာနည်နေ့အမှတ်တရ စာပေဟောပြောပွဲဟုလည်း နဖူးစည်းတွင် ရေးထိုးထားသည်။

IMG_20130719_130254အာဇာနည်နေ့စာပေဟောပြောပွဲ….

ပန်းပျိုးလက်၏ပိုင်ရှင် ဆရာတော်ဒေါက်တာပညောဘာသမှ ပန်းပျိုးလက်စတင်ခဲ့ပုံ အကျဉ်းကို   ပြောပြခဲ့၏။ ဤကျောင်းတော်စတင်ခဲ့ချိန်က ဤနေရာသည် လူသူအရောက်အပေါက် နည်း၏။   တောလမ်းများကို မနည်းထွင်ခဲ့ရသည်။ ထိုစဉ်က ရေလမ်းနှင့်မီးရထားလမ်း နှစ်မျိုးသာ သွား၍ ရခဲ့သည်ဟု သိခဲ့ရ၏။ ဆရာတော် ပြည်ပတွင် ပီအိတ်ခ်ျဒီဘွဲ့ကို ရယူခဲ့စဉ် ဤကျောင်းကို အဝေးမှ(၇)နှစ်အုပ်ချုပ်ခဲ့၍ ယခုအခါ ဆရာတော်ကိုယ်တိုင် ဖိဖိစီးစီးဖြင့် အုပ်ချုပ်နိုင်ခဲ့သည်မှာ (၂)နှစ်ရှိပြီဖြစ်သည်။

IMG_20130719_105810ပန်းပျိုးလက်ပိုင်ရှင်

ဗုဒ္ဓ၀ါဒသည် အမှန်အတိုင်း ရှုမြင်တတ်အောင် ကြည့်သော ၀ါဒဖြစ်သည်။ သို့သော် ပညာဥာဏ်ဖြင့် ကြည့်မြင်တတ်ရန်လို၏။ ဤကျောင်းတော်ကို တည်ထောင်ရခြင်းမှာ နွမ်းပါးကလေးငယ်များ၊ မိဘမဲ့ကလေးငယ်များကို ပညာတတ်စေလိုသည်။ ပညာတတ်မှ ကြီးပြင်းလာချိန်တွင် အသိတရား ရှိ၍ ဘ၀မြင့်မည်။ ကလေးများ သမိုင်းကြောင်းတွေ သိဖို့လဲ လိုသေးသည်။ သို့အတွက် အာဇာနည်နေ့ စာပေဟောပြောပွဲ ကျင်းပပေးရခြင်းဖြစ်သည်။ ၁၉၆၆ ခုနှစ်မှ ယနေ့အထိ   မြန်မာနိုင်ငံ၌ သမ္မတ(၈)ဦးရှိခဲ့သည်။ ဒါလေးတွေကအစ ကလေးများ သိနေရမည်။ သမိုင်းကို အမှားရေးခြင်းသည် ယဉ်ကျေးမှုအကြမ်းဖက်ခံရခြင်းပဲဟု ဆရာတော်က မိန့်သွားခဲ့သည်။

မတူတာတွေကို လက်ခံနိုင်ခြင်းက ဒီမိုကရေစီဖြစ်ပြီး ငါနဲ့မတူငါ့ရန်သူဟု သတ်မှတ်လျှင် ဘယ်တော့မှ ဒီမိုကရေစီဆိုတာကို ရနိုင်မှာ မဟုတ်ပါဘူးဟုဆို၍ သင်ပုန်းတစ်ချပ်တွင် လူနှစ်ယောက်က အင်္ဂလိပ်ဂဏန်းတစ်လုံးကို မိမိမြင်ရာ အမြင်အတိုင်း 6 နှင့် 9 ကွဲပြား   ပြောဆိုနေသည်ကို ပုံဆွဲ၍ ရှင်းပြ၏။ ဆရာတော်၏ ဒီမိုခရေစီအပေါ် ခံယူချက်ကို ကျွန်မတို့   မြင်သိကြားနာခွင့်ရလိုက်၏။

IMG_20130719_152905ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စာပေဟောပြောပွဲတက်ရောက်စဉ်

အဲ့သည်နောက် ကျောင်းဆရာမတစ်ဦးဖြစ်ခဲ့သူ ဆရာမကြီး (ဒေါ်)ရွှေကူမေနှင်းက စာပေဟောပြော ပွဲကို သဘာ၊ ၀ါ၊ စေတနာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ဟောသွားရာ ကလေးများသာမက လူကြီးများပါ သဘောကျကျေနပ်ရလေ၏။ ထို့နောက် အဆိုတော်ကြီး မေလှမြိုင်၏ အာဇာနည်နေ့သီချင်း တစ်ပိုဒ်ဖြင့် သီဆိုအဆုံးသတ်ခဲ့ရာ လက်ခုပ်သံများ ဝေေ၀ဆာ သွားရသည်။ ဒုတိယမြောက်တွင် ကဗျာဆရာလင်းသဏ်ညီမှ ကဗျာဆရာ ခေတ်လင်းသစ်(ထီးချိုင့်) ရေးခဲ့သည့် “မမေ့နဲ့၊ ဘယ်တော့မှ မမေ့နဲ့” ဆိုသည့်ကဗျာနှင့် ကဗျာဆရာ ခရမ်းပြာထက်လူ၏ “ ဦးအောင်ဆန်း၊ ဂဋ္ဌုန်ဦးစော၊ မေလှမြိုင်နဲ ငါမင်းကို သတ်ချင်တယ်” ကဗျာကို ခံစားချက်ပြည့်ဝစွာ၊ အသံအနိမ့်အမြင့် အဝေ့အ၀ိုက်များဖြင့် ခံစားစီးဝင် ရွတ်ဆိုသွားသည်မှာ ကြက်သီးမွေးညင်းများပင် ထရချေသည်။ ဆရာလင်းသဏ်ညီအပြီးမှာ ဆရာမာန်(တောင်လုံးပြန်)က “ခေတ်ပြိုင် သရော်စာများ” ခေါင်းစဉ်ဖြင့် ဆက်လက် ဟောပြောခဲ့၏။ ဆရာဟောပြောနေစဉ် ထက်ဝက်မျှ အချိန်မှာပင် ကျွန်မတို့ အလာတုန်းက အဖွဲ့သည် ညနေရထားမှီစေရန်   ကျောက်တန်း ဘူတာသို့ အချိန်မီ ပြန်ပြေးရလေသည်။ ဘူတာတွင် ရထားစောင့်ရင်း ကျွန်မတို့ အမှတ်တရ ဓာတ်ပုံရိုက်ဖြစ်ကြသေးသည်။

IMG_20130719_160618ပဲခူး၊ ကျောက်တန်းဘူတာမှာ အမှတ်တရ
( ၀ဲမှယာ – မြသွေးနီ၊ ညိုရင့်၊ ဆရာချစ်တိုးနွယ်၊ ဆရာရဲသျှမ်း၊ ဆရာသင်းပန်အောင်၊
ဆရာမ မိချမ်းဝေ)

အပြန်ခရီးနှစ်နာရီအချိန်တွင် ဆရာမမိချမ်းဝေနှင့် ကျွန်မ စကားလက်ဆုံကျလိုက်သည်မှာ ရန်ကုန်ဘူတာ ၀င်သည်အထိပင် စကားပင် မပြတ်တော့ချေ။ ဆရာရဲသျှမ်း၏ကျေးဇူးဖြင့် ကျွန်မတို့မိသားစု အာဇာနည်နေ့ကို ချစ်ခင်လေးစားရသည့် စာရေးဆရာများနှင့်အတူ တန်ဘိုးရှိစွာ ဖြတ်ကျော်ခွင့်ရခဲ့သည်။ ကျွန်မ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပါချေ။

ညဘက် အိမ်တွင် သားဖြစ်သူက သူ၏  တစ်နေ့တာခရီး အတွေ့အကြုံကို စိတ်အား ထက်သန်စွာဖြင့် အဘိုး ဖြစ်သူအား ပြန်လည် ဖောက်သည်ချ၏။ သားအား နှုတ်က တတွတ်တွတ်ပြောနေခြင်းထက် လက်တွေ့ဘ၀များနှင့် လက်တွေ့ကျကျ ထိတွေ့ခွင့်   ပေးလိုက်နိုင်သဖြင့်လည်း ကျွန်မကျေနပ်ရ၏။

ဥယျာဉ်မှူးကောင်း၏ လက်ထဲတွင် မှန်မှန် ရေလောင်း၊ ပေါင်းသင်ခြင်းဖြင့် ရှင်သန်ကြီးထွားရသည့် ပန်းပင်လေး များမှ လန်းဆန်းမွှေးပျံ့ ရနံ့မွှေးကြူသည့် ရောင်စုံပန်းပွင့်ငယ်များ ပွင့်လန်းလာ သည်မှာ မထူးဆန်းပေ။ မျိုးစေ့မှန်လျှင် အပင်သန်ချေမည်။ ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ ဦးစီးသည့် ပဲခူးတိုင်း၊ ကျောက်တန်း၊ အမှတ်(၁၇)ရှိ ဝေဠုဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ပန်းပျိုးလက်)မှ အနာဂတ်၏ပဲ့ကိုင်ရှင်လေးများ  မပေါ်ထွန်းလာပါဟု မည်သူပြောနိုင်ပါ့အံ့နည်း။

ဆရာမကြီး(ဒေါ်)ရွှေကူမေနှင်း စာပေဟောပြောပွဲတွင် ရွတ်ပြသွားသည့် လောကသာရ ဆုံးမစာထဲက  ကန်တော်မင်ဆရာတော်၏ စာချိုးလေးကို ကျွန်မ စိတ်ဝယ် ဖွဖွရွတ်ဆိုနေမိပါသည်။

“မိဘဆရာ၊ စကားနာ၍၊ ကျမ်းစာသိမြင်၊ တတ်အောင်သင်လော့၊
ပေါ်လွင်မပြု၊ ကောင်းရာတုလျက်၊ ကောင်းမှုမြတ်နိုး၊
ကောင်းအောင်ကျိုး၍၊ ကောင်းကျိုးကိုယ်၌ တည်စေမင်း..”

 

[၁၉.၇.၂၀၁၃ - အာဇာနည်နေ့တွင် ပဲခူးတိုင်း၊ ကျောက်တန်းစံပြကျေးရွာရှိ ပန်းပျိုးလက် ဘုန်းတော်ကြီးပညာသင်ကျောင်း၌ ပြုလုပ်ခဲ့သည့် စာပေဟောပြောပွဲသို့ စာရေးဆရာများနှင့်အတူ လိုက်ပါသွားသည့် ခရီးတိုလေးအား  အမှတ်တရ ပြန်လည်ရေးဖွဲ့ပါသည်။  ]

****

ပန်းပျိုးလက်ပရဟိတဘုန်းတော်ကြီးစာသင်ကျောင်း၏ ဖေ့ဘုတ်စာမျက်နှာ

- လိပ်စာ -
ပန်းပျိုးလက် ပရဟိတကျောင်း
အမှတ်၁၇၊ ဝေဠုဝန်ဘုန်းတော်ကြီးသင်ပညာရေး၊
ကျောက်တန်းစံပြကျေးရွာ၊ ပဲခူးတိုင်း၊။

****

 ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in အတွေ့လေးရယ်တဲ့မှ အို..အကြုံ. Bookmark the permalink.

3 Responses to ဥယျာဉ်မှူး၏ပန်းပျိုးလက်

  1. sosegado says:

    ဖတ်ခါစက သန်လျှင် ကျောက်တန်းနဲ့ မှားချင်ပါသေးသည်၊
    တန်ဖိုးရှိတဲ့ ပွဲဆစ်ပွဲကို သွားရောက်ခဲ့သည်ကို ဝေမျှသည့်အတွက် ကျေးဇူးပါ

  2. ကူးကူးလှိုင် says:

    ဆရာတော်လို ပန်းပျိုးလက်ပိုင်ရှင်တွေ အများကြီး ပေါ်ထွန်းလာပါစေလို့ ဆုတောင်းပါတယ်အစ်မရေ ဝေမျှပေးတာ ကျေးဇူးပါ…

  3. တကယ့်စံနမှုနာယူစရာကောင်းတဲ့ အနာဂတ်ပျိုးခင်းပါပဲ အစ်မရေ………
    ဆရာတော်ကို ချီးကျူးလေးစားမိပါတယ်…….
    ပျိုခင်းတခုလုံးအေးချမ်းသာယာပါစေဗျာာာ

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>