ဤခရီး ဝေးလွန်းပါသလား

Number of View: 6288

1

ညနေစောင်း ရုံးဆင်းချိန်မို့ ရန်ကုန်မြို့လယ်လမ်းမတစ်လျှောက် လူစည်ကားနေပါတယ်။ မနက်ဖြန် ရုံးထမင်းဘူး ကျောင်းထမင်းဘူးအတွက် ညဈေးဝင်ပြီး ဟင်းလျာဝယ်ခြမ်းရဦးမှာမို့ ကျွန်မရဲ့ခြေလှမ်းတွေကို အရှိန်မြှင့်လိုက်ပါတယ်။ လမ်းမကြီးရဲ့ ထောင့်ချိုးအကွေ့ကိုရောက်ချိန် ညာဘက်က မာလကာသီးရောင်းသူရဲ့ ဈေးဆိုင်းထမ်းကို အရှောင်မှာ ကျွန်မရဲ့ဘယ်ဘက်က တစ်စုံတစ်ခုနဲ့ အမှတ်မထင် ၀င်တိုက်မိပါတယ်။

“အိုး” လို့ ကျွန်မနှုတ်က ထွက်သွားတဲ့ မရှေးမနှောင်းမှာပဲ “ဒေါ်ကြီး…ကန်တော့…ကန်တော့” ဆိုတဲ့ ကလေးတစ်ယောက်ရဲ့ အသံကို ကြားလိုက်ရတယ်။

ပီနံအိတ်ကို ပခုံးမှာတင်ပြီး ခါးကိုင်းညွတ်မတတ် ဆွဲလာတဲ့ ၁၀နှစ်အရွယ် ယောကျာ်းလေး တစ်ယောက်။ သူ့မျက်ဝန်းက ကျွန်မကို ၀င်တိုက်မိလို့ အားတုန့်အားနာဖြစ်နေတဲ့ပုံ။ အိတ်ထဲက မောက်လျှံထွက်နေတာက ရေသန့်ဘူးခွံအလွတ်တွေ။  သူလို လမ်းဘေးမှာ   ရေသန့်ဘူးခွံ လိုက်ကောက်တဲ့ ကလေးတစ်ယောက်က ကျွန်မကို အခုလို ယဉ်ယဉ်ကျေးကျေး   တောင်းပန်လိုက်တော့ အံ့သြသွားရတယ်။

ကလေးက အိမ်က သားဖြစ်သူ ခြောက်တန်းကျောင်းသားထက်တောင် ငယ်မယ့်အရွယ်။  ကလေးတွေကို စိတ်ဝင်စားတတ်သူပီပီ၊ ကျွန်မနဲ့ မလှမ်းမကမ်းကနေ သွားနေတဲ့သူ့ကို   ခေါင်းဖျားခြေအဆုံး မိန်းမတို့ရဲ့မျက်လုံးနဲ့ အကြမ်းဖျဉ်း အကဲခတ်မိလိုက်တယ်။

ကလေးတစ်ယောက်အနေနဲ့ အနည်းငယ် ရှည်သယောင်ရှိနေပေမယ့် သပ်ရပ်စွာ ဖြီးသင်ထားတဲ့ ဆံပင်၊ အရောင်လွင့်နေပေ မယ့် သေချာလျှော်ဖွတ်ထားပုံရတဲ့ အ၀တ်အစား၊ ဟောင်းနွမ်းပေမယ့် သန့်ရှင်းနေတဲ့ ရာဘာဖိနပ်အ၀ါ၊ နောက်… သူ့ရဲ့ဂရုဏာ သက်စရာ မျက်နှာလေး။ ကျွန်မကို   ကျော်တက်ပြီး အရှေ့ကနေလျှောက်သွားတဲ့ သူ့ကို စိတ်က မရည်ရွယ်မိပဲ လှမ်းခေါ်လိုက်မိတယ်။

“ဟိတ်..ကလေး… နေဦး..ခဏလေး..”

 ခေါ်သံကြောင့် ကလေးက ကျွန်မကို ရပ်စောင့်နေတယ်။ သူ့အနား ကျွန်မရောက်တော့ လမ်းအတူတူ ဆက်လျှောက်ဖြစ်ရင်း ကျွန်မနှုတ်က မေးခွန်းတချို့ လျှံကျလာတယ်။

“ ဘူးခွံတွေ တပုံကြီးပါလား… ဘယ်က ရလာတာလဲ..”

သူက ကျွန်မကို မျက်လုံးတစ်ချက်ဝင့်ကြည့်ပြီး -

“ ကောက်လာတာပါ…”

“ ဟုတ်လား…ဘယ်က ကောက်လာတာလဲ”

“ကောက်လာတာတော့ နေရာအနှံ့ကပါပဲ ”

မေးစရာမလိုပဲသိနေနိုင်တဲ့ ကျွန်မရဲ့မေးခွန်းတွေက အတော့်ကို အူကြောင်ကြောင်နိုင်လှပေမယ့်  ဒီကလေးကို ချဉ်းကပ်ဖို့ ဒီလိုမေးခွန်းမျိုးနဲ့ စလိုက်မိတယ် ထင်မိတာပါပဲ။

“ကောက်ရလာတာတွေ ပြန်ရောင်းတာပေါ့”

ကလေးက ခေါင်းညိတ်ပြတယ်။ ကျွန်မက သူ့ရဲ့ပုခုံးပေါ် ပီနံအိတ်ခွံအိတ်ထဲက   ပြူထွက်နေတဲ့   ရေဘူးခွံတွေကို ကြည့်ပြီး မေးမိတယ်။

“ ဟာ.. ဒါဆို တစ်နေ့တစ်နေ့ မနည်းဘူး ရမှာပေါ့..”

“ မရပါဘူး.. တစ်ဘူးငါးကျပ်နဲ့ အများဆုံးရရင် ငါးရာပဲရတာ”

ကျွန်မစိတ်တွက်နဲ့ ခန့်မှန်းတွက်ကြည့်လိုက်တယ်။ အလိုလေး.. တစ်နေ့ကို ဘူးခွံတစ်ရာတောင် သူကောက်ရတာပါလား။ ကျွန်မတို့ လမ်းအတူတူလျှောက်ရင်းက စကားအပြန်အလှန်   ပြောဖြစ်နေကြတယ်။ ဖြတ်သွားဖြတ်လာတွေက ကျွန်မတို့နှစ်ယောက်ကို အကဲခတ်အကြည့်နဲ့ ကြည့်သွားကြတယ်။

“ ဘယ်အချိန်တွေမှာ ကောက်တာလဲ ”

“ ကျောင်းဆင်းချိန် ပြီးတာနဲ့ မြို့ထဲထွက်လာပြီး လိုက်ကောက်တော့တာပဲ …”

ဒီဘူးခွံတွေ လိုက်ကောက်တဲ့ကလေးက ကျောင်းသားတစ်ယောက်လို့ သိလိုက်ရလို ကျွန်မရဲ့ စိတ်ဝင်စားမှု အရှိန်က ပိုမြင့်သွားရတယ်။ အခုမှတွေ့တဲ့ ကလေးတစ်ယောက်ရဲ့ဘ၀ကို မမေးသင့်မှန်းသိပေမယ့် ကျွန်မရဲ့သိချင်စိတ်ကနေ ရုတ်ချည်း တွန်းပို့ခြင်းခံလိုက်ရတာမို့    နှုတ်က မေးခွန်းတွေ ဆက်တိုက်ထွက်လာခဲ့တယ်။

 “ သားက ဘယ်နှတန်းလဲ၊  အဖေနဲ့အမေကရော ဘာလုပ်လဲ”

 “ ကျွန်တော်က ငါးတန်း၊ အဖေက ဘာမှမလုပ်ဘူး၊ အမေကတော့ ကျွန်တော်လိုပဲ လိုက်ကောက်တယ်..”

အို.. ဒီကလေးက ငါးတန်းကျောင်းသားတစ်ယောက်ပါလား၊ အဖေက ဘာမှမလုပ်ဘူးဆိုတော့ ၀တ္တုတွေထဲကလို အရက်တောထဲ မွေ့လျော်နေသူကြီး ဖြစ်နေမှာပေါ့။ ကျွန်မအတွေးကို ကလေးက ရိပ်စားမိလေသလားမသိ။

“ အဖေက အရင်က ဆိုက်ကားနင်းတယ်၊ ကားတိုက်ခံရလို့ ခြေထောက်ထိသွားထဲက ဘာမှ မလုပ်နိုင်တော့ဘူး၊ အိမ်မှာ ဒီတိုင်းပဲ နေနေရတာ”

တက်တက်စင်လွဲသွားတဲ့ ကျွန်မရဲ့အတွေးကြောင့် ကလေးကို ကျွန်မ အင်မတန်မှ အားနာသွားရတယ်။ ၀တ္တုထဲက ဇာတ်လမ်းတွေထက် အပြင်က လက်တွေ့ဘ၀တွေက ပိုလို့တောင် ဇာတ်နာနေသေးတာကို ကျွန်မ နားနဲ့စပ်စပ် ကြားသိလိုက်ရတယ်။ ကျွန်မတို့နှစ်ယောက် တဖြည်းဖြည်းလျှောက်လာကြရင်းက ကျွန်မ ဆက်မေးမိပြန်တယ်။

“ သားမှာ မောင်နှမ ဘယ်နှယောက် ရှိသလဲ”

“ ငါးယောက်ရှိတယ်၊ ကျွန်တော်က အကြီးဆုံး”

ဘုရားရေ.. ဒါဆို သူ့အောက်က အငယ်တွေက ဘုစုခရုတွေပဲပေါ့။ ယုံကြည်ချက်အပြည့်နဲ့ သူ့ကိုယ်သူ အကြီးဆုံးလို့ ပြောလိုက်တဲ့ ကလေးရဲ့သနားကမားမျက်နှာလေးကို ကျွန်မကြည့်ရင်း သက်ပြင်းမောချလိုက်မိတယ်။ အရွယ်နဲ့မမျှတဲ့ အိမ်တာဝန်ကို ယူနေရတဲ့ လူမမယ်ကလေး တစ်ယောက်။

“ သား ဘယ်မှာနေလဲ၊ ကျောင်းတစ်ဖက်နဲ့ဆိုတော့ ဘူးခွံတွေ ဘယ်လိုကောက်သလဲ”

“ ဒေါပုံမှာနေတာ၊ ကျောင်းက နေ့လည် တစ်နာရီဆင်းတယ်။ ကျောင်းဆင်းတာနဲ့ အိမ်ပြန် အိကျီ င်္လဲပြီး စကောက်တော့တာပဲ၊ ညရှစ်နာရီလောက်မှ အိမ်ကိုပြန်တယ်၊ အဲ့လောက်   ကောက်တာတောင် တစ်ခါတစ်လေ နှစ်ရာ သုံးရာလောက်ပဲ ရတယ်၊ ကိုယ့်ဟာကိုယ် လိုက်ရှာကောက်ရတဲ့နေ့တွေဆို ပိုက်ဆံရနည်းတယ်၊ ဆိုင်တွေက သိမ်းပေးထားတဲ့ ဘူးခွံတွေ ရတဲ့နေ့ဆို ၀င်ငွေမဆိုးဘူး”

ဆယ်နှစ်အရွယ်ကလေးက အိမ်အတွက် ပိုက်ဆံရှာ၊ ၀င်ငွေအကြောင်းတွေ ပြောပြနေတာကို ကျွန်မ တအံ့တသြ နားထောင်နေရတယ်။ သူ့ပုံစံက သိမ်ငယ်မှုမရှိဘူး။ သူလုပ်ရမယ့် တာဝန်တစ်ခုကို သူ သေသေချာချာ လုပ်နေသလိုမျိုး။ ညရှစ်နာရီမှ မြို့ထဲကနေ ဒေါပုံကို ပြန်မယ့် ဒီကလေးကို ကျွန်မ စိတ်ပူလာပြန်တယ်။ ဒါနဲ့ “ဒေါပုံဆိုတော့ ဘတ်စ်ကားစီးရင် သိပ်တော့ မဝေးဘူးပေါ့နော် ” လို့ ပြောလိုက်မိတယ်။

“ ကျွန်တော်က လမ်းလျှောက်ပြန်တာ၊ ဘတ်စ်ကားစီးရင် ညရှစ်နာရီဆို ဘယ်ကားစီးစီး တစ်ရာပေးရတော့ လမ်းပဲ လျှောက်ပြန်တယ် ”

ခြေတိုအောင် ရန်ကုန်မြို့ထဲရဲ့လမ်းမတလျှောက် အားရအောင်မွှေပြီးမှရလာတဲ့ ရေသန့်ဘူးခွံ   ရောင်းရငွေငါးရာ။ အိမ်အပြန် ကားခတစ်ရာ ကုန်သွားမှာစိုးလို့ ရန်ကုန်မြို့ထဲကနေဒေါပုံကို လမ်းလျှောက်ပြန်တဲ့ ဆယ်နှစ်အရွယ်ကလေးရဲ့ တာဝန်သိစိတ်။ ကျွန်မရဲ့ မသိသားဆိုးဝါးလွန်းတဲ့ အမေးကြောင့် ကလေးကို အင်မတန်မှ အားတုန့်အားနာ ဖြစ်သွားမိတယ်။

ကလေးက အတူတူ လျှောက်နေရာက ကျွန်မကို လမ်းခွဲဖို့ ဟန်ပြင်နေလေပြီ။ သူက တစ်ဘက်ကားလမ်းမကြီးဆီသို့ လမ်းဖြတ်ကူးဖို့ ဦးတည်လိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်မလက်က အလိုလို လက်ကိုင်အိတ်ကို ဖွင့်ပြီးသားဖြစ်နေတယ်။ ပိုက်ဆံအိတ် ပြားချပ်ချပ်ထဲက တစ်ထောင်တန်တစ်ရွက်ကို ကျွန်မထုတ်ယူလိုက်တယ်။ ကျွန်မ ဒီကလေးကို ဂုဏ်ပြုတဲ့အနေနဲ့ မုန့်ဘိုးလေး နိုင်သလောက် ပေးကိုပေးလိုက်ချင်မိတယ်။ ကလေးက ကားလမ်းဖြတ်ကူးကာနီး ကျွန်မကို အသာနောက်ပြန် ငဲ့ကြည့်လိုက်တယ်။ ကလေးရဲ့မျက်ဝန်းနဲ့ ဆုံလိုက်ချိန် ဒုတိယံမ္ပိ ကျွန်မ အားတုန့်အားနာဖြစ်သွားရတယ်။ သမာအာဇီဝနဲ့ အရွယ်နဲ့မမျှ အိမ်တာဝန်ကို မျှဝေယူနေရတဲ့ ဒီဘူးခွံကောက်တဲ့ကလေးရဲ့ ရိုးသားစွာ တာဝန်ယူချင်စိတ်ကို ဘာမဟုတ်တဲ့ ငွေတစ်ထောင်ကျပ်နဲ့ ကျွန်မ ဖျက်လိုဖျက်စီး လုပ်သင့်ပါသလား။ ဒီငွေတစ်ထောင်က ဒီကလေးကို စော်ကားသလိုများ   ဖြစ်နေလေမလား။ ကျွန်မစိတ်တွေ ဝေခွဲမရ။ ချီတုံချတုံနဲ့။ ဘာပဲဖြစ်ဖြစ် ကလေးနဲ့ လမ်းမခွဲခင် တစ်ခုခုတော့ ကျွန်မ လုပ်ပေးလိုက်ချင်တယ်။

လက်ထဲက တစ်ထောင်ကျပ်ကို ကျွန်မအိတ်ထဲ ပြန်ထည့်လိုက်ပေမယ့် ကားလမ်းဖြတ်ကူးဖို့   ပြင်နေတဲ့ ကလေးကို ကျွန်မလှမ်းခေါ်လိုက်တယ်။ ကျွန်မ ခေါ်သံကြောင့် ကလေးက ကျွန်မဘက်   ပြန်လှည့်လာတယ်။

“ သား… ဘာစားထားသလဲ… ဗိုက်ဆာနေတယ်မဟုတ်လား ”

ကျွန်မနှုတ်က မရည်ရွယ်ထားတဲ့ စကားလုံးတွေ ထွက်ကျလာတယ်။ ကလေးရဲ့မျက်လုံးလေးက ၀င်းလက်သွားပြီး “ဟုတ်ကဲ့.. ကျွန်တော် ဗိုက်ဆာနေတာ ဒေါ်ကြီးက ဘယ်လိုသိသလဲ” လို့ သူ့ဝမ်းဗိုက်လေးကို ပွတ်လျှက်က မေးလာတယ်။

“ ဒေါ်ကြီးမှာ သားအရွယ် သားလေးတစ်ယောက်ရှိတယ်လေ.. ဒါကြောင့် သိတာပေါ့..”

ကလေးက ပြုံးတယ်။ သူ့အပြုံးက နွမ်းနွမ်းလေးရယ်။ ကျွန်မ ကလေးကို ဦးဆောင်ပြီး ပလက်ဖောင်းဘက် ပြန်ခေါ်လာတယ်။ ရန်ကုန်မြို့ရဲ့ ညနေပလက်ဖောင်းတွေက   ဈေးဆိုင်များနဲ့   ခြေချင်းလိမ်လို့။

“ ကဲ… သား ဘာစားချင်သလဲ ပြော… ကြိုက်တာ အ၀စား”

 ကလေးက ပလက်ဖောင်းတလျှောက်မှာ ရှိနေတဲ့ စားစရာဆိုင်တွေကို ဝေ့၀ဲကြည့်တယ်။ ပလက်ဖောင်းပေါ်က စားစရာ ဆိုင်ငယ်မျိုးစုံက ပခုံးပေါ် ပီနမ်အိတ်အိတ်ကြီး လွယ်ထားတဲ့ ကလေးအတွက် ရွေးချယ်ရခက်စေသလားမသိ။ အဆုံးမှာတော့ ကလေးက မလှမ်းမကမ်းမှာရှိတဲ့ ဆိုင်းထမ်းနဲ့ရောင်းတဲ့ လက်သုတ်စုံသည်ကို ရွေးလိုက်တယ်။

“ ကြာဇံသုတ်စားမယ် ဒေါ်ကြီး၊ ချဉ်ငန်စပ်လေး စားချင်တာ၊ တစ်ပွဲဆို ၀ပါပြီ…”

ကျွန်မက ဈေးသည်ကို ကလေးအတွက် အသုတ်တစ်ပွဲပြင်ခိုင်းပြီး၊ ပါဆယ်နှစ်ပွဲကို အချဉ်ရည် သီးသန့်အိတ်နဲ့ ထည့်ခိုင်း လိုက်တယ်။

“ သား…အိမ်အတွက် ယူသွားနော်…၊ ညီလေး ညီမလေးတွေကို ကျွေးပေါ့”

“ ကျေးဇူတင်ပါတယ် ဒေါ်ကြီး”

ကလေးက ကြာဇံသုတ်ကို ပလုတ်ပလောင်းစားလျှက်က ကျေးဇူးစကားဆိုနေတာကို ကျွန်မ ဂရုဏာသက်စွာ ကြည့်နေ မိတယ်။ အသုတ်သုံးပွဲဖိုး ကိုးရာကျပ်ကို ကျွန်မရှင်းပေးလိုက်တယ်။ ကလေးက သူ့ဘူးခွံထုတ်ကြီးကို ရတနာထုတ်ကြီးအလား ဆိုင်ရဲ့ထိုင်ခုံနဘေးမှာ တယုတယ ထားပြီး ကြာဇံသုတ်ကို မြိန်ရည်ယှက်ရည်နဲ့စားတယ်။ ကျွန်မ ကလေးကို နှုတ်ဆက်ဖို့ အချိန်တန်ပြီ။

“ သား… အခု ငါးတန်းဆိုတော့ စားကြိုးစားနော်… ဆယ်တန်းအောင်သွားရင် သားအခုလို ပင်ပင်ပမ်းပမ်း မလုပ်ရ တော့ဘူးပေါ့… ပညာတတ်ကြီးဖြစ်အောင် ကြိုးစားရမယ်နော်”

ကလေးက တွေခနဲ တစ်ချက်တော့ ဖြစ်သွားသေးတယ်။ ဒါပေမယ့် ကလေးက ခေါင်းလေး ညိတ်ပြတယ်။ ရတဲ့လခလေးနဲ့ ရန်ကုန်မြို့ကြီးရဲ့ တရိပ်ရိပ်မြင့်တက်လာတဲ့ ကုန်ကျစရိတ်တွေကို မနည်းကျားကန်နေရတဲ့ ဘွဲ့ရပညာတတ်ကျွန်မရဲ့စကားက ကလေးအတွက် မုသားများ
ဖြစ်နေလေမလား။ ကျွန်မ မသိ။ လတ်တလော ဒီကလေးကို ကျွန်မနှစ်သိမ့်ပေးနိုင်တာက ဒီထက် မပိုနိုင်တော့ပေမယ့် ကျွန်မ လုပ်ပေးလိုက်နိုင်တာလေးအတွက်တော့ ကျွန်မ ကျေနပ်သည်။

ခက်ခဲပင်ပမ်းစွာနဲ့ ရုန်းကန်နေရတဲ့ ဘ၀တွေ ကျွန်မတို့ပတ်ဝန်းကျင်မှာ များစွာရှိနေပါလား။ ဒီကလေးလို ဘ၀မျိုးတွေနဲ့ ဆုံရပြန်တော့ ကိုယ့်ရဲ့သောက၊ ဒုက္ခဆိုတာ ဘာမျှမဟုတ်တော့။ ကျွန်မတို့က ကိုယ့်ရဲ့သားသမီးများအတွက် ဇောတွေကပ်ပြီး ကောင်းပေ့ညွန့်ပေ့တွေ   ရွေးချယ်နေချိန်မှာ၊ ဒီလိုကလေးများကတော့ ရွေးချယ်မှုမဲ့စွာ သူတို့ဘ၀လေးတွေ ရပ်တည်ဖို့ အတွက် ကူသူကယ်သူမဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လို့ ခွန်အားတွေ   မွေးယူနေကြရတာ။

အရွယ်နဲ့မမျှတဲ့ ဘ၀ရဲ့အားမာန်တွေ၊ တာဝန်သိတတ်မှုတွေ၊ ယုံကြည်ချက်တွေရှိနေတဲ့ ဒီလို ကလေးများစွာရဲ့ အနာဂတ်ခရီး ကို မှန်းမြင်ကြည့်မိတော့ တကယ့်ကို မရေမရာ။ မသေချာ။ ကျွန်မတို့ကရော ဒီလိုကလေးမျိုးကို ဘယ်လို ဖေးမပေးကြမလဲ။ ကျွန်မတို့ကိုယ်တိုင်ကရော ရုပ်အားသာမက စိတ်အားပါ ကြံ့ခိုင်မှုရှိနေပါရဲ့လား။ မသေချာ။ ကျွန်မ မသေချာပါ။

ကျွန်မတို့ တစ်ယောက်တစ်လက် ၀ိုင်းဝန်းကူကြမယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူးဆိုတဲ့ စိတ်နဲ့၊ ဟိုး….အဝေးကို မှန်းမျှော်လို့ တွေးကြည့်မိလိုက်တယ်။

ဤ…ခ….ရီး….ဝေး….လွန်း…ပါ….သ…..လား….။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in အသိသစ်တံခါးချပ်များ, လေးစားထိုက်သူများ. Bookmark the permalink.

13 Responses to ဤခရီး ဝေးလွန်းပါသလား

  1. ကူးကူးလှိုင် says:

    လက်တွေ့ဘ၀လေး အကြောင်းဖတ်သွားတယ်အစ်မ တန်ဖိုးချင်းတူတူ ပေးပုံလေးက သင်ခန်းစာယူစရာလေးပါအစ်မရေ…

  2. Suon won says:

    … သမာအာဇီဝနဲ့ အရွယ်နဲ့မမျှ အိမ်တာဝန်ကို မျှဝေယူနေရတဲ့ ဒီဘူးခွံကောက်တဲ့ကလေးရဲ့ ရိုးသားစွာ တာဝန်ယူချင်စိတ်ကို ဘာမဟုတ်တဲ့ ငွေတစ်ထောင်ကျပ်နဲ့ ကျွန်မ ဖျက်လိုဖျက်စီး လုပ်သင့်ပါသလား။ ဒီငွေတစ်ထောင်က ဒီကလေးကို စော်ကားသလိုများ …. ဒီအပိုဒ်လေးက … ရင်ထဲကို … အထိ နဲ့ အသိ … လေးတွေပေးဝေသလိုပါပဲ … အစ်မ …

  3. ဦးအောင်မြင့် says:

    မျက်လုံးထဲ ကွင်းကွင်းကွက်ကွက်မြင်လာအောင် ရေးဖွဲ့ထားတာ ကောင်းလှပါတယ် မိမိရင်ထဲက ခံစားမှုကို ပေါ်လွင်အောင်တင်ပြပုံက ပီပြင်လှပါတယ် ကြိုက်တယ်ဗျာ…

  4. အဲဒီလို ဘ၀တွေ အများကြီးပါ…. ဒါပေမယ့် အဲဒီလို ဂရုတစ်စိုက်နဲ့
    “သား ဗိုက်ဆာနေလားလို့ ” ဂရုဏာနဲ့ မေးနိုင်တဲ့လူကတော့ ရှားမှာ..

  5. moewaitaw says:

    ဒီခရီး ဝေးလွန်းလှပါတယ် အမရယ်……

  6. min thein says:

    တနေ့တနေ့ ပိုက်ဆံသိန်းချီသုံးနေသူတွေရဲ့ဘ၀ ပိုက်ဆံတစ်ရာကိုနှမျှောပြီး မြိုထဲကနေ ဒေါပုံကို လမ်းလျှောက်ပြန်ရတဲ့ ဘ၀…. အော်လုချင်း တူပါလျက်နဲ့ ဘာလို့များ ဒီလောက်တောင်ကွာခြားသွားရပါလဲ… လောကကြီးရယ်… မတရားလိုက်ပါဘိ…..

  7. ရင်မှာနာကျင်ရပါတယ်ဗျာာာာ

  8. စန်းထွန်း says:

    အရွယ်နဲ့ မလိုက်အောင် တာဝန်သိတတ်တဲ့ ကလေးနဲ့  ပိုက်ဆံမပေးတော့ဘဲ မုန့် ကျွှေးလိုက်တဲ့သူ…ရင်ထဲထိတယ်…

  9. ပိုက်ဆံ ပေးလိုက်တာထက် … ပိုပြီး ထိရောက်တဲ့ ၊ အသုံးကျတဲ့ နည်း နဲ့ …

    စာနာနားလည်ပေးလိုက်တာ က ကလေး ရဲ့ စိတ်ထဲမှာ ပိုပြီး ကောင်းတာ တစ်ခု ဖြစ်မယ် လို့

    ဆရာမ ကဲ့သို့ … တွေးယူကျေနပ်မိပါကြောင်း …

  10. တိမ်လွှာ says:

    သွေးးးးးးးး
    ဖတ်ပြီးးရင်ထဲမကောင်းဘူးး

  11. ပစ်ပစ် says:

    ဒီလိုခရီး ဝေးတယ် မကြီးရေ…
    ဖတ်ပြီးရင်ဆို့ ရပါတယ်…

  12. ဖြူနှင်းဖွေး says:

    အစ်မရဲ့ပိုစ့်လေးတွေဖတ်ပြီး ကိုယ့်ထက်ချို့ငဲ့သူတွေကို ကူညီဖို့အားဖြစ်စေပါတယ်အစ်မရေ…
    အရင်ကလည်းကူညီပေမယ့် စေတနာကို အလွဲသုံးစားလုပ်ပြီး အခွင့်အရေးယုကြတဲ့သူတွေကြောင့်
    နောက်တွန့်မိခဲ့တာပါ ခုအစ်မ စာတွေဖတ်ပြီး စိတ်အားပြန်တက်ရပါတယ် ကျေးဇူးပါ…..

  13. Pingback: rr2erl

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>