အချစ်.. ပြီးတော့…

Number of View: 13855

                 V day image

နေရာလေးတစ်ခု။ ဒီနေရာလေးမှာ မတူညီတဲ့ခံစားချက်တွေ အတူတကွ စုဝေးနေထိုင်ကြတယ်လို့ပဲ ပြောရမလား မသိ။ ခံစားချက်တစ်ခုချင်းစီရဲ့ သက်ရောက်မှုတွေက အချစ်ကို ပျော်ရွှင်၊ အံ့သြ၊ တက်ကြွ၊ သနား၊ ၀မ်းနည်းမှုတွေ ကိုယ်စီကိုယ်ငှ ပေးစွမ်းခဲ့ကြတာ။ မတူညီတဲ့ခံစားချက်တစ်မျိုးစီတိုင်း အချစ်ကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တာကတော့ သေချာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချစ်ကတော့ ကျေနပ်နေမိတယ်။ ပျော်ရွှင်နေမိတယ်။ ကြည်နူးနေမိတယ်။ ဟုတ်တယ်လေ။ ဒီလို ချစ်ခင်မြတ်နိုးနေမယ့်သူတွေ ၀ိုင်းဝိုင်းလည်နေတာကို ဘယ်သူက မနှစ်သက်ပဲရှိပါ့မလဲ။ တကယ်တော့ အချစ်ရဲ့အနားမှာ အခုလို ချစ်ခင်မြတ်နိုးတဲ့သူတွေ  ၀ိုင်းဝိုင်းလည်နေလိမ့်မယ်လို့ အချစ် တစ်ခါမှ မတွေးမိခဲ့။ မမျှော်လင့်မိခဲ့။

အချစ်ရဲ့ပုံစံကိုက နာမည်နဲ့လိုက်အောင် နုထွေးပြီး ချစ်ခင်နှစ်လိုဖွယ်ရာကောင်းနေတာကတော့ သဘာဝတရား က ဖန်းဆင်းပေးထားတာလို့ပဲ အချစ်က ပြောချင်တယ်။ အချစ်က လှသလောက် အယုံလွယ်တယ်။ ချောသလောက် ထုံအတယ်။ အဲ့ဒီအယုံလွယ်ပြီး ထုံအတဲ့အချစ်က ဘယ်သူ့ကိုမှ မဖြားယောင်းခဲ့ဘူး။ ဘယ်သူ့ကိုမှ အချစ်နားမှာနေပေးပါလို့ မတောင်းဆိုခဲ့ဖူးဘူး။ အချစ်ကို အမှန်တကယ်ချစ်တဲ့သူနဲ့သာ ဆုံဆည်းရပါလို၏လို့လဲ မတိုင်တည်ခဲ့ဖူးဘူး။ အချစ်ကို တွေ့လိုက်တဲ့ သူဟာ အချစ်ရဲ့လှပမှု၊ အချစ်ရဲ့ စွဲဆောင်မှုအောက်မှာ ရူးရူးမူးမူးဖြစ်ကြရတာတော့အမှန်။ ဘယ်ခံစားချက် ကမှ အချစ်ကို ကျောခိုင်းပြီး နေနိုင်တဲ့သူမရှိဘူး။

“ အချစ်ရေ… ရယ်စရာကောင်းတာလေးတစ်ခု ကိုယ်ပြောပြမယ်… တစ်ခါတုန်းက.. သိလား…”

တလက်လက်တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့၊ နှုတ်ခမ်းထောင့်စွန်းကို ကွေးညွတ်နေအောင် ပြုံးရယ်ရင်း သူက အချစ်ကို စကားစတယ်။ သူက ဒီလိုပါပဲ။ အချစ်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဘယ်သူ့ကိုမဆို သူနဲ့တွေ့ရင် ပျော်ရွှင်သွားစေ အောင် သူက စွမ်းဆောင်နိုင်တယ်။ သူက နာမည်နဲ့လိုက်အောင် အမြဲပြုံးပျော်ရွှင်နေတတ်ပြီး သူနဲ့တွေ့သူတိုင်းကို အပျော်တွေ ကူးစက်စီးဆင်းစေတဲ့အထိ ပျော်ရွှင်စေရတယ်။ အခုပဲ ကြည့်လေ။ သူက အစပျိုးယုံရှိသေး၊ အချစ်ရဲ့ မျက်နှာမှာ သူ့ဆီက အပျော်တွေ ကူးစက်လာလို့ အပြုံးရိပ်တွေ ယှက်သမ်းနေရပြီ။

အဲ့ဒီမှာ အပြုံးအပျော်တွေကြားထဲမှာ အချစ်တွေ့လိုက်တာ ညှိုးနွမ်းနေတဲ့ မျက်နှာလေးတစ်ခု။ အချစ်ရင်ထဲ လတ်တလောပေါ်လာတဲ့ အပျော်ရိပ်တွေတောင် ဘယ်ရောက်လို့ ဘယ်ပေါက်သွားတယ်မသိ။ သူ့မျက်ဝန်းက မျက်ရည်ကြည်တွေ ၀ဲတက်လာတာ မြင်လိုက် ရတာနဲ့တင် အချစ်ကိုယ်တိုင် ငိုချင်စိတ်ပေါက်လာမိတယ်။ သူက အမြဲဒီလိုပါပဲ။ ဘယ်သူနဲ့ယှဉ်ယှဉ် အားငယ်နေတတ်တာ၊ ၀မ်းနည်းနေတတ်တာ သူ့ရဲ့မွေးရာပါဗီဇ။ မျက်နှာလေးက အမြဲ ညှိုးနွမ်းနေပြီး စိတ်မကောင်း ၀မ်းနည်းမှုတွေကို အမြဲတစေ ထွေးပိုက်ထားသူပေါ့။ ပျော့ညံ့တဲ့ အချစ်ကိုယ်တိုင်လဲ စိုလဲ့နေတဲ့ သူ့မျက်ဝန်းအောက်က အသနားခံအကြည့်တွေကြောင့် သူ့အပေါ် သနားကြင်နာစိတ်တွေ ယိုဖိတ်လာမိပြန်ရော။ အချစ်ရဲ့တုန့်ပြန်အကြည့်တွေကို သူသာ နားလည်မယ်ဆိုရင် အချစ်ရဲ့ ကြင်နာသနားတတ်တဲ့စိတ်တွေကို သူမြင်တွေ့ရမှာပါကွယ်။

ဟော… ဟိုက လာနေတဲ့ သူ..။ သူ.. သူက အချစ်အမြဲ အထင်ကြီး လေးစားရတဲ့သူပါလား။ သူ့ရဲ့အသိဥာဏ် ပညာနဲ့ ဆင်ခြင်တုံတရားတွေ၊ အမှားအမှန်အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်တဲ့ အရည်အချင်းတွေကို အချစ်အမြဲတမ်း တန်ဘိုးထားမိသူပါ။ သူ့ကိုမေးလိုက်ရင် ဘာမှမသိတာမရှိ၊ ချက်နဲ့လက်နဲ့ ပြန်ဖြေနိုင်လောက်အောင် အချက်အလက်တွေနဲ့ ပြည့်စုံသူပေါ့။ သူက အနေအထိုင်တည့်တံ့လွန်းတော့ အချစ်ကို ဂရုတောင်မှ ပြုမိရဲ့လားမသိ။ အဲ့သည်လောက် တည်ကြည်လွန်းပြန်တော့ အချစ်သူ့ကို လန့်မိတာ မဆန်းပါဘူး။ အခုပဲ ကြည့်လေ။ အချစ်ရဲ့ဘေးကနေ အချစ်ကို မရှိသလိုသဘောထားပြီး ဟန်ကြီးပန်ကြီးနဲ့ ဖြတ်လျှောက် သွားနေလိုက်တာ။ ဟွန့်… သူ့ရဲ့အကြည့်သူခိုး အချစ်နဲ့ပက်ပင်း တိုးမိလို့ကတော့ သူက ခေါင်းကြီးကို ငုံ့လို့။

ဟောဟိုမှာ လည်ပင်းဖက်လာသူနှစ်ယောက်။ သူတို့နှစ်ယောက်က အမြဲ တစ်ပူးတွဲတွဲ။ တစ်ယောက်က အချစ်ကိုသာ ပိုင်ဆိုင်ခွင့်ရမယ်ဆို သူ့မှာရှိသမျှ စည်းစိမ်တွေ ပုံအောပစ် လိုက်မယ်တဲ့။ အချစ်အတွက်ဆို ဘာမဆို လိုအပ်တာ ဖြည့်ဆည်းချင်သူတဲ့။ သူပိုင်ဆိုင်သမျှ အားလုံးက အချစ်အတွက်ပါတဲ့။ ပစ္စည်းဥစ္စာဆိုတာကလည်း ဘ၀မှာလိုအပ်တာမို့ အချစ်မှာ သူ့ရဲ့ပြည့်စုံကုံလုံမှုတွေကို တွေ့ရပြန်တော့ သူပြောတာပဲ ဟုတ်နိုးနိုးဖြစ်နေရပြန်ရော။ ကျန်တစ်ယောက်ကတော့ စိတ်ရင်းလေးဖြူစင်ပေမယ့် သူလိုချင်တာဆိုဇွတ်။ ဘယ်သူ့မျက်နှာမှ မထောက် အရယူတတ်သူ။ သူ့ကိုယ်သူ ကိုးကွယ်တဲ့လူစားမျိုး။ သူတို့နှစ်ယောက်ဆုံရင် အချစ်ကို သူသာရထိုက်တယ် ငါသာရထိုက်ဆိုပြီး တကျက်ကျက်ဖြစ်နေကြတာ နားကို ငြီးရောပဲ။

အချစ်တစ်ယောက် မျက်စိလည်လမ်းမှားပြီး သူတို့အားလုံးရှိနေတဲ့ကျွန်းလေးကို စရောက်လာပြီး သိပ်မကြာခင်မှာပဲ သူတို့အားလုံးနဲ့ သိကျွမ်းခဲ့ရတာပါ။ ဒီလိုနဲ့ သူတို့အားလုံးက အချစ်ရဲ့ နဘေးနားမှာ အမြဲတ၀ဲလည်လည် ရှိနေကြတော့ တယ်။ သူတို့အားလုံး အချစ်နဲ့အတူရှိနေချိန်ကို အချစ်ကိုယ်တိုင်က ကျေနပ်တယ်။ ဒါပေမဲ့ အချစ်ရဲ့အနားကို ချဉ်းကပ်လာ ကြတဲ့ သူတို့ထဲကတစ်ဦးဦးကို ရွေးချယ်ဖို့ အချစ်တစ်ခါမှ စိတ်မကူးမိဘူး။ သူတို့အားလုံး အချစ်အတွက် အချစ်ရဲ့အနား ရှိနေကြရင် ပြည့်စုံနေပြီလို့ အချစ်ကိုယ်တိုင် ထင်နေမိတာ။  အချစ်ကိုယ်တိုင်က သာယာနေတာလား၊ ကျေနပ်နေတာလား၊ ဝေခွဲမရဘူး။ ပြောရရင် ဒီကျွန်းလေးပေါ်မှာ မတူညီတဲ့ ခံစားချက်ရောင်စုံများနဲ့အတူတူ အချစ်ရှိနေတာပါ။

ဒီလိုနဲ့ တစ်နေ့မှာတော့ မမျှော်လင့်ပဲ အချစ်တို့နေထိုင်တဲ့ ကျွန်းလေးဆီကို ကြေညာချက်တစ်ခု ဆိုင်းမဆင့်ဗုံမဆင့် ရောက်လာတယ်။

 “ အရေးပေါ်ကြေညာချက်… ဒီကျွန်းလေးဟာ မကြာခင် ပင်လယ်အောက်ကို နစ်မြုပ်တော့မယ်၊ ဒါကြောင့် ဒီကျွန်းပေါ်မှာ ရှိသူအားလုံး အမြန်ဆုံး ထွက်ခွာကြပါ”

အမှတ်မထင် ကြေညာချက်ကြောင့် အချစ်အပါအ၀င် အားလုံး ထိတ်လန့်ကုန်တော့တယ်။ ကျွန်းပေါ်မှာ ရှိတဲ့သူတိုင်း ချက်ချင်းပဲ အသက်ဘေးကလွတ်ဖို့ သူတို့ရဲ့လှေအသီးသီးနဲ့ ကျွန်းလေးကနေ စတင်ထွက်ခွာဖို့ ပြင်ဆင်ကြတော့တယ်။ ဒါပေမဲ့ သူတို့အားလုံးနဲ့ဆန့်ကျင်စွာ အချစ်က တည်ငြိမ်လွန်းနေတယ်။ အချစ်က နောက်ဆုံးမှ ရောက်လာသူဆိုပေမယ့် ဒီနေရာလေးကို အင်မတန်မှ သံယောဇဉ်ကြီးသူ။ ဒီနေရာလေးကို ရင်နဲ့အမျှတန်ဘိုးထားသူ။ သူတို့အားလုံးနဲ့ ဆုံဆည်းခဲ့ရတဲ့ သည်ကျွန်းပေါ်ကနေ တစ်လက်မမျှ မခွာချင်တဲ့သူ။ မကြာခင် ရေမြုပ်တော့မယ့် ကျွန်းကို စွန့်ခွာပြေးမယ့်အစား သူတို့အားလုံးနဲ့အတူတူ လက်တွဲပြီး ဖြစ်လာသမျှ ရင်ဆိုင်ဖြေရှင်းလိုက်ချင်တဲ့စိတ်တွေက အချစ်ရဲ့ရင်ထဲ ကြီးစိုးလို့နေတယ်။ ခံစားချက် မျိုးစုံနဲ့ ရောထွေးနေခဲ့ရတဲ့ ဒီကျွန်းလေးကို ရုတ်တရက်ခွဲခွာဖို့ အချစ်မှာခွန်အားမရှိဘူး။ ဒါပေမယ့် အချစ်နဲ့ဆန့်ကျင်လွန်းစွာ အားလုံးက အသက်ဘေးလွတ်ဖို့ အသီးသီး ထွက်ခွာနေလိုက်ကြတာများ။ အချစ်ကို ဘယ်သူမှ သတိမရကြဘူး။ အရင်က အချစ်ရဲ့နဘေးနားမှာ ၀ိုင်းဝိုင်းလည်နေသူ တွေ ဘယ်ရောက်ကုန်ကြပြီလဲ။

ဒီကျွန်းလေးကနေ အချစ်က မစွန့်ခွာချင်သလို၊ စွန့်ခွာဖို့၊ရာလည်း အခြားသူတွေလို ပိုင်ဆိုင်တဲ့လှေမရှိပြန်ဘူး။ ဒါနဲ့ အချစ်လည်း ခေါင်းမာမာနဲ့ ဒီကျွန်းလေးပေါ်မှာပဲ နေလို့ ရသမျှ နောက်ဆုံးအချိန်အထိ နေမယ်လို့ဆုံးဖြတ်ပြီး ပေကပ်နေနေလိုက်တာ ကျွန်းလေးရေမြုပ် ကာနီး နောက်ဆုံးမိနစ်ရောက်လာချိန်အထိပဲ။ အဲ့ဒီအချိန်မှာ အချစ်က အားကိုးစိတ်နဲ့ စမ်းသပ်မှုတစ်ခုကို စိုးထိတ်စွာ စတင်လိုက်တယ်။  ကျွန်းလေးကနေ ထွက်ခွာဖို့ လှေကို ပြင်ဆင်နေ တဲ့  ချမ်းသာကို လှမ်းခေါ်လိုက်တယ်။

“ ချမ်းသာရေ…. အချစ်…မင်းရဲ့လှေနဲ့အတူ လိုက်ပါရစေကွယ်… ချမ်းသာပဲ အချစ်ကို ချစ်လှချည်ရဲ့ဆို.. ချမ်းသာပိုင်ဆိုင်သမျှက အချစ်အတွက်ပဲဆို”

အဲ့ဒီမှာ ချမ်းသာဆီက မတင်မှတ်ထားတဲ့ တုန့်ပြန်မှုကို ရလိုက်တယ်။

“ ဆောရီး အချစ်ရယ်… ကိုယ့်လှေထဲမှာ ကိုယ့်ရဲ့ တသက်တာ စုဆောင်းထားတဲ့ ကျောက်မျက် ရတနာတွေ၊ အဖိုးတန်ပုလဲတွေနဲ့ ပြည့်နေပြီကွဲ့၊ မင်းအတွက် ကိုယ့်လှေမှာ နေရာမပေးနိုင်တာ စိတ်မကောင်းပါဘူုးကွယ်”

ချမ်းသာရဲ့စိတ်ကို သိလိုက်ရလို့ အချစ် အံ့သြမင်တက်သွားရတယ်။ အချစ်ရဲ့မာနတွေက လွန့်ခနဲ ရုန်းကြွတက်လာတယ်။ ဒါပေမဲ့ လက်မလျော့ချင်သေးပဲ ချမ်းသာရဲ့ဘေးနားက လှေပေါ်မှာ ရှိနေတဲ့ အတ္တကို အချစ်က လှမ်းအော်မေးလိုက်ပြန်တယ်။

“ အတ္တရေ… ငါ့ကလွဲလို့ အချစ်ကို ဘယ်သူမှ မချစ်ရဘူးဆို  အတ္တပြောခဲ့ဘူးတယ်လေ… အချစ်ကို ကယ်ပါဦး ကွယ်..”

“ အချစ်ရယ်… မင်းကို ကိုယ့်လှေပေါ်တင်ရင် ကိုယ်လှေလှော်တဲ့အခါ တစ်ယောက်စာ ပိုလှော်ရမယ်၊ ကိုယ့်ရဲ့ စားနပ်ရိက္ခာတွေ မင်းကို ဝေမျှကျွေးရမယ်၊ ဒါကြောင့် မဖြစ်နိုင်ပါဘူးကွယ်.. အတိတ်ကို အတိတ်မှာသာ ထားလိုက်ပါ တော့”

အတ္တရဲ့အဖြေကြောင့် အချစ် စိတ်တွေ မတရားတိုသွားရတယ်။ တကယ်တမ်းကျတော့ အတ္တကလဲ အားမကိုးရ၊ ငါတစ်ဘို့ထဲ ကြည့်သူပါလားလို့ တွေးမိလိုက်တယ်။ အဲ့ဒီအချိန်မှာ ကျွန်းလေးက ကြေညာချက်ထဲကအတိုင်း တဖြည်းဖြည်းနဲ့ ပင်လယ်ရေအောက်ထဲ နစ်မြုပ်နေတာကို အချစ် သတိပြုမိလိုက်တယ်။ အချိန်မရှိတော့တာမို့ အချစ်လဲ နောက်တစ်ယောက်ဖြစ်တဲ့ ၀မ်းနည်းကို ခပ်သုတ်သုတ်လေး လှမ်းမေးလိုက်မိပြန်တယ်။

“ ၀မ်းနည်းရေ… အချစ်ကိုမှမရရင် သေရမှာဆိုပြီး ငိုကြွေးခဲ့တာ မမေ့ဘူးဆိုရင် အချစ်ကို လှေနဲ့ခေါ်သွားပေးပါလားကွယ်…၊ မဟုတ်ရင် အချစ် ပင်လယ်ရေအောက်ထဲ မြုပ်ရ ပါတော့မယ်”

“ အို..အချစ်ရေ…  အချစ်က အဲ့ဒီလိုပြောလာတာ ကြားရတော့ ၀မ်းနည်းလိုက်တာ…၊ ကိုယ့်ကိုယ်ကိုတောင် သေမလားရှင်မလား မပြောနိုင်လို့ ၀မ်းနည်းကြေကွဲနေရတဲ့အထဲ၊ မင်းကို ဘယ်လိုလုပ် ခေါ်သွားနိုင်ပါ့မလဲကွယ်”

မျက်ရည်တလည်လည်နဲ့ပြောနေတဲ့ ၀မ်းနည်းကို ကြည့်ပြီး အချစ် အတော့်ကို စိတ်ပျက်သွား ရတယ်။ ဒီလိုပုံစံမျိုးနဲ့ ဘယ်လိုမှ အားကိုးလို့ရမှာ မဟုတ်ဘူးဆိုတာ သေချာနေပြီ။

ဒါနဲ့ အချစ်လဲ စိတ်ပျက်လက်ပျက်ရှိနေတုန်း ရယ်မောသံတွေ ညံစီနေတဲ့ လှေတစ်စီးတွေ့လို့ လှမ်းကြည့်လိုက်တော့ ပျော်ရွှင်ကိုတွေ့လိုက်ရတယ်။

“ ပျော်ရွှင်ရေ…ပျော်ရွှင်… အချစ်ကို ကယ်ပါဦးကွယ်… ပျော်ရွှင်ကိုပဲ အချစ် အားကိုးရတော့မှာပါ..”

လည်ချောင်းကွဲမတတ် ပျော်ရွှင်ကို အော်ခေါ်ပေမယ့် အချိန်တိုင်း ဘာမဆို ပျော်ပျော်လေး နေနေ တတ်တဲ့ ပျော်ရွှင်ကတော့ ခေါ်မကြားအော်မကြား အပျော်လွန်နေတာမို့ အချစ်ရဲ့ခေါ်သံကို မကြားလိုက်ပါဘူး။

အဲ့ဒီအချိန်မှာ ရုတ်တရက်အသံတစ်ခုကို အချစ် ကြားလိုက်ရတယ်။

“ အချစ်ရေ… ဒီကိုလာ.. ကိုယ်..မင်းကို ခေါ်သွားပေးမယ်…”

တည်ငြိမ်တဲ့ ခိုင်မာတဲ့ ခေါ်သံကြောင့် အချစ် အတိုင်းမသိ ၀မ်းသာပျော်ရွှင်သွားရတယ်။ လှမ်းကြည့်လိုက်တော့ လှေတစ်စီးပေါ်မှာ တည်ကြည်တဲ့ရုပ်သွင်နဲ့ ထူးခြားသူတစ်ဦး။ အချစ်က လက်ကမ်းပေးလာတဲ့ သူ့ရဲ့လက်ကို တင်းတင်းဆွဲဆုပ်ယူလိုက်ရင်း လှေပေါ်ကို ခုန်တက်လိုက် တယ်။ လှေပေါ်ရောက်တော့ သူ့ထက်အရင်ရောက်နေတဲ့ အသိဥာဏ်ကို တွေ့လိုက်ရ လို့ အချစ် ၀မ်းသာသွားရတယ်။ ဒါနဲ့ အချစ်က အသိဥာဏ်ကို လှမ်းမေးလိုက်တယ်။

“ အသိဥာဏ်ရေ… သူက ဘယ်သူလဲ… အချစ် သူ့ကို မသိပါလား…၊ အသိဥာဏ်ကရော ဘယ်တုန်းထဲက လှေပေါ် ရောက်နေရတာလဲ”

“အချစ်က အချစ်ရဲ့ဝန်းကျင်က တခြားခံစားချက်တွေအပေါ် အာရုံရောက်နေလို့ သတိမပြုမိတာပါ၊ သူက ကိုယ့်တို့ရဲ့အမြဲတမ်း မိတ်ဆွေကောင်းတစ်ယောက်၊ တကယ်တော့ သူက ကိုယ်တို့တွေနဲ့ အမြဲတမ်းအတူတူ ရှိနေသူ တစ်ယောက်ပါ”

“တကယ်….”

အချစ် တအံ့တသြဖြစ်နေမိတယ်။ အချစ်နဲ့အမြဲတမ်းအတူရှိနေသူကို အချစ်ဘာလို့ မသိရတာ ပါလိမ့်။ အသိဥာဏ်က ပြုံးပြီး ထပ်ပြောလိုက်မှ အချစ်က သူ့ဘ၀မှာ အမှန်တကယ် အရေးကြီးတဲ့အရာ၊ အမှန်တကယ် လိုအပ်နေတဲ့အရာက ဘာလဲဆိုတာကို သိသွားရတယ်။

“အချစ်ရဲ့… သူ့နာမည်က အချိန်တဲ့၊ အချိန်ကာလကသာ အချစ်ရဲ့တန်ဘိုးကို သိနားလည်နိုင်စွမ်း ရှိတယ်ကွဲ့…”

အချစ် စိတ်ထဲ သိမ့်ခနဲဖြစ်သွားရတယ်။ လုံခြုံမှုတစ်ခုကို ပိုင်ပိုင်နိုင်နိုင် ရရှိလိုက်သလို သေချာမှု တစ်ခုကပါ ဒွန်တွဲလာတယ်ဆိုတာ အချစ် ခံစားမိလိုက်တယ်။ အချိန်နဲ့အချစ် လက်ဖ၀ါးချင်း မြဲမြဲဆုတ်ကိုင်ထားလိုက်မိတယ်။ ကျွန်းကလေးက ပင်လယ်ရေအောက် တဖြည်းဖြည်း နစ်မြုပ်သွားတာကို အချစ်တို့နှစ်ယောက်လုံးနဲ့အတူ အသိဥာဏ်ရော  မြင်နေရတယ်။ ဒီကျွန်းလေးနဲ့ အတူ စွန့်ခွာရမယ့်သူတွေကိုပါစွန့်ခွာရင်း အချစ်အတွက် တကယ်တမ်းက ဘာကို လိုအပ်တယ် ဆိုတာ သိခွင့်ရခဲ့လို့ အချစ် ကျေနပ်နေမိတယ်။

လှေကလေးက တရွေ့ရွေ့နဲ့ ပင်လယ်ထဲမှာ သွားနေတယ်။ လှေပေါ်မှာတော့ အသိဥာဏ်က လှေကို ပဲ့ကိုင်လို့။ အခုတော့ အချိန်ရဲ့ရင်ခွင်ထဲမှာ အချစ်က ရဲဝံ့စိတ်ချစွာဖြင့်…။ သူတို့သွားနေတဲ့ ဘ၀မြို့လေးဆီသို့….။

ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေ။

Share
This entry was posted in ရာသီစာ, အသိသစ်တံခါးချပ်များ. Bookmark the permalink.

14 Responses to အချစ်.. ပြီးတော့…

  1. ကျစ်ကျစ်လစ်လစ်နဲ့ ထိမိတဲ့ စာစုလေး……၊

    အချိန်ရယ်၊ အသိဉာဏ်ရယ်၊ အချစ်ရယ်… ပြီးပြည့်စုံတဲ့ ပေါင်းဖက်မှုက လှေကလေး တစ်စင်းနဲ့အတူ…၊ သဘောကျစွာနဲ့ ဖတ်သွားခဲ့တယ် အစ်မမြသွေး..။း)

  2. sosegado says:

    အချစ်ရဲ့… သူ့နာမည်က အချိန်တဲ့၊
    တင်ပြပုံကောင်းပါသည်

  3. Adora says:

    အမ မမြသွေးက ဗယ်လင်တိုင်းအမှီ အချစ်အကြောင်းရေးတာပေါ့လေ။ အချိန်ရယ်၊ အသိညဏ်ရယ်၊အချစ်ရယ် အကြောင်းကို ကြည်ကြည်နူးနူးဖတ်သွားပါတယ်အမရေ

  4. အချိန်က အမြဲ အနားရှိပြီး အရာရာတိုင်းကိုလည်း နားလည်နိုင်တယ်ဆိုတာတကယ်ပါပဲ..

  5. အတွေးကောင်းတယ် မြသွေးရေ… ဒီကနေ့ ဘလော့ရွာကို ပြန်ရောက်လာတာ လာရကျိုးနပ်သွားပြီ …

    မေတ္တာဖြင့်
    တီတင့်

  6. ပန်းဝင်သူ အချိန်။
    အချိန်ကို အရေးကြီးမှန်းသိပေမဲ့ စိတ်က အချိန်နောက် မလိုက်နိုင်သေးဘူး ဖြစ်နေတယ် အမမြသွေးရေ။

  7. တိမ်လွှာ says:

    သွေးးးးးးးးးးးးး
    အချစ်ထဲမှာမျှောပါသွားးးသလိုလို…ပဲ
    ကောင်းလိုက်တဲ့စိတ်ကူးးးးးးးးးးးးးးး

  8. ရင်လှိုင်း says:

    အချစ် ရဲ့တန်ဖိုးကို အချိန်က သာ နားလည်ပေးနိုင်တာပေါ့နော်။

  9. ဂျွန်မိုး says:

    ချစ်စရာကောင်းတဲ့ စာမူလေး။
    အရမ်းသဘောကျတယ် အမ။ စာကောင်းလေးအတွက် ကျေးဇူးပါ။

    ချစ်ခင်လေးစားစွာဖြင့်
    ညီမငယ်

  10. မမရေ.
    နေကောင်းပါတယ်.။ အမြဲသတိရနေတာပါ.။
    ဘ ကုန်းရွာလေးမှာ ပြန်ဆုံကြရအောင်လေ..

    ချစ်တဲ့
    ညီမသဒ္ဓါ

  11. အရမ်းထိမိတဲ့ ပို့စ်လေးပါအစ်မ
    အခုမှလာဖတ်ဖြစ်တော့တယ်း)

  12. သဘောကျ နှစ်သက်စွာ ဖတ်သွားခဲ့တယ်ရှင့်။

  13. zinmay says:

    အသိဥာဏ်၊ အချစ်နဲ့ အချိန် .. ဟုတ်ကဲ့ သေချာဖတ်သွားပါတယ်ဆရာမရှင့် .. အမြဲအားပေးလျှက်ပါ။..

  14. lusoelay says:

    အင်း……..ကျွန့်တော့်ကောင်မလေးက အချိန်ကိုသတိမရသေးဘူး……..သူကအတ္တနဲ့ပဲရွှက်လွှင့်နေတာလေ..တားတားကိုကူကြပါဦး……….

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>